Friday, August 16, 2024

မီးလျှံ နဲ့ ရေသီတာ



 

❝ မီးလျှံ နဲ့ ရေသီတာ ❞

မန္တလေးမြို့ က အပြင် ကို ထွက် ၊ ရေတံခွန်တောင် ကို သွားတဲ့ ကားလမ်း နံဘေးနား ၊ လယ်ကွင်း ကြား မှာ စာသင်ကျောင်းကလေး တစ်ကျောင်း ရှိတယ် ။

အနန္တမေတ္တာ လို့ အမည်ပေး ထားတဲ့ စာသင်ကျောင်းဆောင်လေး က အသစ် ကျပ်ချွတ်ပါ ။ မကြာခင် က မှ မချမ်းမြေ့ က ဆောက်ပြီး လှူထားတာ ။ ကျောင်းကလေး မှာ မူလတန်း ကျောင်းသား ၇ဝ ခန့် ရှိတယ် ။ ဆရာမ က သုံးယောက် ရှိတယ် ။ ဆရာမလေး တွေ အတွက် လခ ကို လည်း မချမ်းမြေ့ က ပဲ ပေးထားတယ် ။ ကျောင်းကလေး ရဲ့ အထွေထွေ ကုန်ကျစရိတ် ကို လည်း မချမ်းမြေ့ က ပဲ ကျခံပေးတယ် ။

သည် ကျောင်းကလေး အတွက် တော့ မချမ်းမြေ့ ဟာ ဒဏ္ဍာရီ ထဲ က နတ်မိမယ် တစ်ပါး လို ဖြစ်နေတယ် ။

ယခု မှ မချမ်းမြေ့ ရဲ့ အသက် ဟာ ၂၈ နှစ် သာ ရှိသေးတယ် ။ သူ ဘာကြောင့် လုပ် နေတာလဲ ၊ ဘယ်အချိန် ထိ လုပ်မှာလဲ ၊ စိတ် ရှိတုန်း တစ်ခဏ ထ လုပ်ပြီး အဖျားရှူး သွားမှာလား ၊ ငွေ တွေ မတရား ချမ်းသာ လို့ ဒါန လုပ်နေသလား ။ တွေးစရာ တွေ က အများကြီးပါ ။

မချမ်းမြေ့ ကို တွေ့ ပြီး သိချင်တာ တွေ မေးတယ် ။ မန္တလေးသူ မို့ သူ့ ကိုယ် သူ နာမ်စား ကျွန်တော် သုံးပြီး မချမ်းမြေ့ က ပြောပြတယ် ။

မေမေ ဆုံး သွားတော့ အဖေ က ကျွန်တော့် ကို ငွေ အရင်းအနှီး ထုတ်ပေးတယ် ။ ဝယ် ဆောက် ရောင်း လုပ်တယ် ။ မြေကွက် ဝယ်ရောင်း လုပ်တယ် ။ သူငယ်ချင်း တွေ နဲ့ အထည် အရောင်းအဝယ် လုပ်ငန်းရှယ်ယာ ဝင်ပြီး စပ်တူ လုပ်ကြတယ် ။

အလုပ် ပင်ပန်းတဲ့ အခါ မန္တလေးမြို့ အပြင်ဘက် ရှုခင်းလေးတွေ လှတဲ့ နေရာ သွားလေ့ရှိတယ် ။ တစ်နေ့တော့ ရေတံခွန်တောင် ကို သွားတဲ့ လမ်းဘေး မှာ ဆွမ်းခံ ပြန် လာတဲ့ ကလေး တွေ ချော်လဲ ၊ ဆွမ်းဟင်းခွက် တွေ မှောက် နေတာ တွေ့တယ် ။ ဘယ်ကလဲ မေးရင်း ကန်လည်ကျောင်း က လို့ သိရတယ် ။ ဘုန်းကြီးကျောင်း မှာ ကလေး တွေ ကို စာသင် ပေး နေတာ တွေ့တယ် ။ စိတ် ထဲ မှာ သာမန်ကာလျှံကာ ပဲပေါ့ ။ အားတဲ့အခါ ဗလာစာအုပ်ကလေး သွား လှူလိုက် ၊ ကျောင်းသားတွေ လှူလိုက် နဲ့ ဘုန်းကြီး နဲ့ ရင်းနှီး သွားတယ် ။ ၂ဝဝ၃ ခုနှစ် လောက်ကပေါ့ ။

အမေ ဆုံးပြီး လေးလမြောက် မှာ ဘုန်းကြီးကျောင်း ကို ဆွမ်းသွား ကပ်တော့ စာသင်ပေး နေကျ ဆရာမလေး မလာတော့ဘူး လို့ သိရတယ် ။ လာ ရတာ သိပ် ဝေးလို့ ဆရာမလေး မလာနိုင်တော့တာတဲ့ ။ အချိန် က နိုဝင်ဘာလလယ် ၊ ကလေးတွေ စာမေးပွဲ ဖြေရတော့မယ် ။ စာ သင်မယ့် ဆရာမ က မရှိဘူး ဖြစ်နေတယ် တဲ့ ။ ဒါနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်ချက် ချလိုက်တယ် ။ စာမေးပွဲ အတွက် ဖြင့် မပူပါနဲ့ ၊ တပည့်တော် လာ သင်ပေးပါမယ် လို့ ။

အဲသည်တုန်း က ကလေး က ၅၀ လောက် ရှိတယ် ။ အတန်း က အတန်းစုံ ။ သူငယ်တန်း ကနေ လေးတန်း အထိ ရှိတယ် ။ ကျောင်းကလေး က ဘက ကျောင်း ရဲ့ လက်အောက်ခံပါ ။ ကွေ့ကြီးကုန်းရွာ အောင်ကမ္ဘာအေး ဘက ကျောင်း နဲ့ တွဲပြီး စာမေးပွဲ ဝင် ဖြေရတာ ။

ကျောင်း လို့ သာ ခေါ်ရတာ စာသင်ဖို့ နေရာ လည်း ကောင်းကောင်းမွန်မွန် မရှိဘူး ။ မိုး မရွာ ရင် သစ်ပင် အောက်မှာ ဘလက်ဘုတ် ထောင်ပြီး သင်တာပေါ့ ။ နေပူ ၊ မိုး ရွာ တဲ့အခါတော့ ဘုန်းကြီးကျောင်း ထဲ ဝင် သင်ရတယ် ။

သင်လိုက်မိတော့ ကလေး တွေ က ဆရာ ကို ရိုသေ လေးစားကြတာ ၊ ပညာ ကို မက်မက်မောမော လိုလိုလားလား ကြိုးစားကြတာ ကို တွေ့တယ် ။ သင်ရင်း သင်ရင်း နဲ့ သူတို့ ကို သံယောဇဉ် ဖြစ်သွားတယ် ။ ဒါနဲ့ အဲသည်မှာ စာသင်ကျောင်း ဆောက်ပြီး လှူ လိုက်တယ် ။ ဆယ့်ရှစ်သိန်းခွဲကျော် ကုန်တယ် ။ ပြီးတော့ ဘွဲ့ရပြီးသား ဆရာမ သုံးယောက် ကို လည်း ခန့်လိုက်တယ် ။ ဆရာမ တွေ အတွက် လစဉ် လခ လည်း ကျွန်တော် က ပဲ ပေးပါတယ် ။ ဆရာမ တွေ က ဒေါ်စောအိအိဖြိုး ၊ ဒေါ်အိအိမွန် ၊ ဒေါ်မြင့်မြင့်ဝင်း တဲ့ ။ သူတို့ ကို ကျွန်တော် ပေးတဲ့ လခ ဆိုတာ သူတို့ အတွက် ဘာမှ မဖြစ်လောက်ဘူး ။ သူတို့ မိဘ တွေ က လည်း တတ်နိုင်တယ် ။ ဝါသနာ ၊ စေတနာ နဲ့ လာ သင် နေကြတာ ။ ကျွန်တော် တို့ မိသားစု က လည်း အမေ ဆုံး သွားတော့ အဖေ ရယ် ကျွန်တော် ရယ် နှစ်ယောက် တည်း ပဲ ရှိတာ ။ အဖေ က ကျွန်တော် လုပ်တာ ကို အားပေး ပါတယ် ။ အဖေ့ ဆီ က ငွေ တော့ ထပ် မယူဘူး ။ ကျွန်တော် လုပ် နေတဲ့ လုပ်ငန်း က ရတဲ့ ငွေ နဲ့ ကျောင်းကလေး အတွက် လိုအပ်မယ့် ဆရာမ လခ ၊ ကလေး တွေ အတွက် စာအုပ် ခဲတံ စာရေးကိရိယာ ၊ ကျောင်း အတွက် လိုအပ်မယ့် ပရိဘောဂ အသုံးစရိတ် တွေ ပေးရတာ ။ တစ်လ ကို ငါးသောင်းကျော် ခြောက်သောင်း ရှိတယ် ။

ရွာ မှာ က ကလေး မွေး လာရင် ဘုန်းကြီးကျောင်း ပို့ ၊ ရေးတတ် ဖတ်တတ် ရင် ရပြီ ။ မြို့ နဲ့ လည်း သိပ် မဝေးတော့ ကိုးနှစ် ၊ ဆယ်နှစ် အရွယ် ဆိုရင် ဝပ်ရှော့ပ် တို့ ၊ သံပန်းတံခါး တို့ မှာ ထမင်းစား ပညာသင် ထည့် လိုက်တော့တာ ။ မိန်းကလေး ဆိုရင် လည်း ကောက်စိုက် ၊ ပျိုးနုတ် ဒါမှမဟုတ် မြို့ သွားပြီး စက်ချုပ် ၊ ပန်းထိုး ။

ကျွန်တော် က မျိုးဆက် တစ်ဆက် ကို upgrade ( အဆင့်တိုးမြှင့် ) လုပ်ပေး ချင်တယ် ။ ရွာ က ကလေး တွေ ကို တိုက်ကြီး နဲ့ နေ ၊ ကားကြီး တဝီဝီ စီး နိုင်အောင် တော့ ကျွန်တော် လုပ် မပေးနိုင်ဘူးပေါ့ ။ ဒါပေမဲ့ ပညာ တတ်မယ် ၊ အတတ်ပညာ နဲ့ အသက်မွေး ဝမ်းကျောင်း နိုင်မယ် ။ ထမင်း တစ်လုတ် အတွက် နေပူ မိုးရွာ ထဲ မှာ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက် နေရတယ် ဆိုတာ မဖြစ်စေချင်ဘူး ။ ဆင်းရဲ တဲ့ ဘဝ က နေ နည်းနည်းကလေး သက်သာ တဲ့ ဘဝလေး ကို ပြောင်းနိုင် သလောက် ပြောင်းပေး ချင်တာပါ ။

ပညာမဲ့ တဲ့ သူ ဟာ ဆင်ခြင်တုံတရား မရှိဘူး ။ ပညာတတ် တဲ့ သူ က ဆင်ခြင်တုံ တရား ရှိတယ် ။ သည် မျိုးဆက်ကလေး တစ်ခု ဟာ ဆင်ခြင်တုံတရား ရှိတဲ့ သူ အသိ အမြင် တိုးတက်တဲ့ သူလေး တွေ ဖြစ်လာမယ် ဆိုရင် ကျွန်တော် ကျေနပ်ပြီ ။

ကလေး မိဘတွေ နဲ့ တော့ ကျွန်တော် ရင်ဆိုင် ရတာပေါ့ ။ အချို့ မိဘ က ဆရာမ ဘာမှ မသိဘူး ။ တစ်နေ့ လုပ် မှ တစ်နေ့ စား ရတာ တဲ့ ။ ကလေး ကို ဝပ်ရှော့ပ် ပို့ချင် လို့တဲ့ ကျောင်း လာ နုတ်တယ် ။ သုံးနှစ် ပညာသင် ထမင်းကျွေး ထားရမှာ ဆိုတယ် ။ ကျွန်တော် က ဝပ်ရှော့ပ်ပညာ ဆိုတာ အချိန်မရွေး သင်လို့ ရပါတယ် ။ ကလေး က ပညာရေး စိတ်ဝင်စား နေချိန် ကျွန်တော် က လည်း ကူညီနိုင်သေးတဲ့ အချိန် မှာ ကျောင်းဆက် ထားပေးပါ ပြောရတယ် ။ ကလေး မိဘ က တော့ ဝပ်ရှော့ပ် က ခေါ်တုန်း ခေါ် ခိုက် ထည့် လိုက်ချင်ပုံပဲ ။ ကျွန်တော် သင်ပေး နေတဲ့ ပညာ ကို စိတ်ဝင်စားပုံ သိပ် မရပါဘူး ။

စောစောစီးစီး ကျောင်း ထုတ်ပြီး လုပ်ငန်း ထဲ သွင်း လိုက်ရင် လုပ်ငန်း အတွေ့ အကြုံ ရသေးတယ် လို့ ပြောကြတယ် ။ ကျွန်တော် က လည်း သူတို့ ကို ပညာ တတ်ဖို့ လိုတယ် ။ တွေးတတ် ခေါ်တတ် တာ ဘာညာ ဆိုပြီး ဖိသာ ပြော နေရတာ ၊ တစ်ခါ တလေ တော့ ကိုယ် က ညာ သလိုများ ဖြစ်နေသလား လို့ လိပ်ပြာ မလုံဘူး ။ သူတို့ ရှေ့ မှာ တော့ ကိုယ် က မားမားမတ်မတ် နဲ့ ဟီးရိုး ပေါ့ ။ ကျွန်တော် သာ ပညာ မတတ် ခဲ့ရင် ခင်ဗျားတို့ ကလေးတွေကို ယခု လို စာ သင်ပေး နိုင်မှာ မဟုတ်ဘူး လို့ ကလေး မိဘတွေ ကို လျှောက်သာ ပြော နေရတာ ။ ကျွန်တော် ကိုယ်တိုင် က မိဘ ထုတ်ပေး ထားတဲ့ ငွေ အရင်းအနှီး ရှိလို့သာ ။ ကျွန်တော့် ပညာ ကျွန်တော့် ဘွဲ့တွေ နဲ့ စီးပွား ရှာ ရရင် အခု ကျောင်းကလေး အတွက် လည်ပတ်ဖို့ ငွေ လုံလောက် မှာ မဟုတ်ပါဘူး ။

ဒါပေမယ့် ပေါ့လေ ..  ၊ ဆရာဖေမြင့် ရဲ့ နှလုံးသား အာဟာရ စာအုပ် ထဲ မှာ ပါ သလိုပေါ့ ။ ပင်လယ်ကမ်းခြေ သောင်စပ် မှာ လာ တင်တဲ့ ကြယ်ငါးတွေ အများကြီး ။ တစ်ကောင် ကောက် ယူပြီး ပင်လယ် ထဲ ပြန်ပို့ ပေး နိုင်ရင် တစ်ကောင် ရဲ့ အသက် ကို ကယ်တင်နိုင်တယ် ဆို သလိုပေါ့ ။ အားလုံး ကို မကယ်တင် နိုင် တောင် မှ ကလေး ၇ဝ လုံး ဘွဲ့ရ ပညာတတ် မဖြစ်ပေမယ့် ငါးယောက် ခြောက်ယောက် တော့ ဘွဲ့ရတန် ကောင်း ရဲ့ ဆိုပြီး လုပ် နေတာ ။

ကလေးတွေ ကို ကျောင်းပညာ တင် မကဘူး ။ တွေးခေါ် စဉ်းစားဆင်ခြင် တတ်အောင် သင် ပေးတယ် ။ လူမှုဆက်ဆံရေး တတ်အောင် ဖတ်ဖူးတာတွေ ပြောပြတယ် ။ သူတို့ နိုင်ငံ ဆိုတာ သူတို့ ပတ်ဝန်းကျင် လယ်တောလေး ပဲ ဆိုတဲ့ အဆင့် က နေ ပိုပြီး ကျယ်ပြန့် လာအောင် ပြောပြတယ် ။ သူတို့ ကို ကျောင်းစာ သင် သလို မသင်ဘူး ။ ဝတ္ထုပုံပြင်လေး တွေ ပြောပြတယ် ။ ပုံပြင် တစ်ပုဒ် ပြောပြ ပြီးရင် သူတို့ အမြင် ရှုထောင့် တွေမေးတယ် ။ အမျိုးစုံ ထွက်လာတာ စိတ်ဝင်စားစရာပါပဲ ။

ကလေးတွေ ကျောင်း ပျက် ရင် ကျွန်တော် က အိမ် အထိ လိုက် သွားတယ် ။ နေမကောင်း ရင် ဆေးခန်း လိုက် ပို့ရတယ် ။ သူတို့ လေးတန်း အောင် ရင် လည်း ကျွန်တော် စရိတ် ခံပြီး မြို့ကျောင်း ဆက် ထားပေးမယ် လို့ ပြောထားတယ် ။

ကျွန်တော် အမေ ဆုံးခါစ က စိတ်ဓာတ် ကျ သွားတယ် ။ သေခြင်းတရား ကို ကွက်ကွက်ကွင်းကွင်း မြင် လိုက်ရတယ် ။ ကိုယ် ယူ ထားတဲ့ ဘွဲ့တွေ က လည်း ဘာမှ သုံး မရသေး ။ စိတ် က လေလေကြီး ဖြစ် နေတယ် ။ သည် ကလေးတွေ နဲ့ တွေ့ တော့ မှ ဘဝ က အဓိပ္ပာယ် ရှိလာတယ် ။ မန္တလေးမြို့ကြီး ထဲ မှာ ကျွန်တော် က ဘာမှ မဟုတ်ဘူး ။ ကလေးတွေ အတွက် ကျ တော့ အဓိက လူ ဖြစ်နေတာ တွေ့ရတော့ ကိုယ် ဟာ အသုံးဝင် တဲ့ လူသား ပဲ လို့ ကိုယ့် ကိုယ် ကိုယ် မြင် သွားတယ် ။ ကိုယ့် အတွက် အလှကုန် ပစ္စည်း တစ်သိန်းဖိုး ဝယ် သုံးလိုက်တာ ဘာမှ မပေါက်ဘူး ။ ဒါပေမယ့် ကလေး တွေ အတွက် သုံး တော့ သည် တစ်သိန်း ဟာ တော်တော် ထိရောက်တာ တွေ့ရတယ် ။

လူမှုရေးလုပ်ငန်း တွေ မှာ ငွေ လိုအပ်တာ မှန်ပါတယ် ။ ငွေ ရှိမှ လုပ်နိုင်တာ တော့ မဟုတ်ဘူး ။ အခု ကျွန်တော် နဲ့ တွဲလုပ် နေတဲ့ ဆရာမ တွေ လိုပေါ့ ။ လုပ်အား နဲ့ ဝင် လုပ် လို့ လည်း ရနိုင်တာ မြင် လာတယ် ။ မြန်မာပြည် တစ်ဝန်းလုံး မှာ ကျွန်တော် တို့ လို လုပ် နေတဲ့ လူငယ် တွေ ၊ အားလပ်ချိန် မှာ စေတနာ့ဝန်ထမ်း လုပ် နေသူ တွေ ၊ ကိုယ့် ပတ်ဝန်းကျင် ကောင်းအောင် ကိုယ် နိုင်သလောက် လုပ် နေသူတွေ အများကြီး ရှိမှာပါ ။

ကျွန်တော့် အတွက် တော့ သည် လုပ်ငန်း က challenge ( စိန်ခေါ်မှု ) ပဲ ။ မျိုးဆက် တစ်ခု ကို တကယ်ပဲ upgrade လုပ်နိုင်မှာလား ။

ဒါ ခဏတစ်ဖြုတ် လုပ် ရမယ့် အလုပ် မဟုတ်ဘူး ။ ပညာရေး ပန်းတိုင်ကြီး ကို ဝုန်းခနဲ ရောက်သွား မှာ မဟုတ်ဘူး ။ အချိန် အများကြီး ပေးရဦးမယ် ။ ရေရှည် ဆက် လုပ်ဖို့တော့ ဆုံးဖြတ်ထားပါတယ် ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment