Tuesday, August 6, 2024

အောင်သင်း အကြိုက်ဆုံးဝတ္ထုတို ( ချစ်သေးရဲ့လား နွဲ့ငယ် )


 

◾အောင်သင်း အကြိုက်ဆုံးဝတ္ထုတို

❝ ချစ်သေးရဲ့လား နွဲ့ငယ် ❞

ဒေါက်တာငွေစိုး သည် ကလောင်သစ် တစ်ဦး မဟုတ်ပါ ။ “ ဆေး ကု၍ မရပါ နှင့် အခြား ကဗျာများ ” စာအုပ်ကြောင့် လူသိ များပြီး ရသစာပေ စာရေးဆရာ တစ်ယောက် ဖြစ်ခဲ့ ပြီးပါပြီ ။ ယခု ဝတ္ထုတို ကို ရေးစ ပြုလာ ပါပြီ ။ သူ ၏ ကဗျာ စာအုပ် မှ “ ကလေးဆေးရုံ မှာ နိုက်ဂျူတီ ” ၊ “ နာ့စ်မလေး တွေ ” ၊ “ အယားဖုတွေ ” ဟူသော ကဗျာလေးများ ကို ကျွန်တော် အလွန် နှစ်သက် မိပါသည် ။ “ ရင်ငြိမ်ဆေး ” ဆိုသော ကဗျာ ထဲ မှ “ မသေပါရစေ နဲ့ ၊ နေရအောင် လုပ်ပေးပါ ။ မနေပါရစေ နဲ့ ၊ သေရအောင် လုပ်ပေးပါ ” စသော စကားလုံးလေးများ ကို ဆိုလျှင် ကျွန်တော် အလွန် သဘော ကျ ချီးကျူး မိပါသည် ။

သူ ၏ ကဗျာများ သည် များသောအားဖြင့် လက်တွေ့ ဆန်သည် ။ ရှုထောင့်သစ် မှ ထွန်းလင်း ပြတတ်သည် ။ သရော်သံ ပါတတ်လေ့ ရှိသည် ။ သို့သော် မုန်းတီးသံ ၊ အာဃာတသံ ပါလေ့ မရှိ ။ လောက သဘာဝ ၊ လူ့ သဘာဝ ကို ဖော်ပြ၍ ချွတ်ယွင်းချက်များ ၊ ပျော့ညံ့ချက်များ ကို မေတ္တာ ပါသော ၊ ကရုဏာ ပါသော စိတ် ဖြင့် ထောက်ပြခြင်း ဖြစ်သည် ။ ထို့ကြောင့် သူ ၏ သရော်သံ တို့ ကို ကြားရသည် မှာ နှစ်လိုဖွယ်ရာ ဖြစ်လာလေ့ ရှိသည် ။

ယခု ဤ ဝတ္ထုတို “ ချစ်သေးရဲ့လား နွဲ့ငယ် ” တွင် လည်း ထိုကဲ့သို့သော သရော်သံ ၊ ရယ်သွမ်းသွေးသံ တို့ ကို ကြားရနိုင်သည် ။

ဤ ဝတ္ထုတို ၌ ပါသော အတွေ့အကြုံ အကြောင်းအရာ တို့ကို ကျွန်တော် တို့ လို လူမျိုး တွေ့ကြုံ၍ စာ တစ်ပုဒ် ရေး ရလျှင် ရသစာတန်းငယ် Essay တစ်ပုဒ် သာလျှင် ဖြစ် လာဖို့ ရှိသည် ။ ဝတ္ထုတို တစ်ပုဒ် ဖြစ်လာနိုင်မည် မဟုတ် ပါ ။ ဒေါက်တာငွေစိုး က တော့ ဝတ္ထုတို တစ်ပုဒ် ဖြစ်အောင် ဖန်တီး လိုက်သည် ။

ဤ ဝတ္ထုတို ၏ အာဘော် ကို အထူး စူးစမ်း ရှာဖွေ ကြည့် နေစရာ မလိုပါ ။ ရေးသူ ကိုယ်တိုင် က ဝတ္ထု နိဂုံး တွင် အတိအလင်း ပြောထားပြီး ဖြစ်ပါသည် ။

      “ စိတ်ကူး နှင့် လက်တွေ့ တို့သည် များသောအားဖြင့် ဆန့်ကျင် ဝေးလံကြ၏ ” ။

ဤ အချက် မှာ ဝတ္ထု ၏ ပဓာန အာဘော်ပင် ဖြစ်ပါသည် ။

ဤ အာဘော် အတွေးအခေါ် မှာ ဆန်းသည် မဟုတ် ပါ ။ ကျွန်တော်တို့ လည်း တွေးမိဖူးကြသည် ပင် ဖြစ်ပါသည် ။ ဝတ္ထု တစ်ပုဒ် ရေးရာ၌ ဘယ်သူ မှ မတွေးခဲ့ဖူးသော အတွေးမျိုး ကို ရ မှပဲ ဝတ္ထု ရေးတော့မည် ဆိုလျှင် ဘယ်တော့ မှ ရေးဖြစ်ကြတော့မည် မဟုတ်ပါ ။ ရသစာပေ တစ်ခု တွင် တွေ့ရလေ့ ရှိသော အချက် မှာ အတွေးအခေါ်သစ် မဟုတ် ပါ ။ အတွေ့အကြုံသစ် ၊ ခံစားမှု အသစ် သာ ဖြစ်တတ်ပါ သည် ။ ယခု ဒေါက်တာငွေစိုး ၏ ဝတ္ထု တွင် သူ ၏ အတွေ့ သစ်ကလေး တစ်ခု မှ ရလိုက်သော ခံစားမှု အသစ် ကို ကျွန်တော့် အား မျှဝေလိုက်ခြင်း ဟု ဆိုနိုင်ပါသည် ။

ဤ ဝတ္ထုတိုကလေး ၏ ဇာတ်လမ်း ကို ရေးပြပါ ဆို လျှင် ရေးပြရန် အတော်လေး ခက်ပါသည် ။ ဇာတ်လမ်း ကို ရေးပြရန် ခက်သော်လည်း အဖြစ်အပျက်များ ကိုကား ပြော ပြနိုင်ပါသည် ။ ဤသို့ ဖြစ်ပါသည် ။

စာရေးသူ ဒေါက်တာငွေစိုး က စာနုစာနွဲ့လေးများ ကို ဖတ်ရင်း ၊ တေးနုတေးဖွဲ့လေးများ ကို နားထောင်နေရင်း စိတ်ကူးနုနုလေးများ ဝင်ပြီး ဝတ္ထု ရေးချင်စိတ် ပေါက် နေမိ သည် ။ ထိုအချိန် တွင် ဇနီးသည် က မီးဖို ထဲ တွင် ဆီထမင်း ထိုး နေသည် ။ ထုထောင်း ကြော်လှော် နေသည် ။ ထိုအခိုက် အကြော်သည် တစ်ယောက် လာ သောကြောင့် ဒေါက်တာ ငွေစိုး က အကြော်သည် ကို လှမ်း ခေါ်လိုက်၍ အကြော် ဝယ် သည် ။ အကြော်ထုပ် ပေးသော စက္ကူအိတ် ကို အမှတ်မထင် ကြည့် လိုက်သည် ။ အခြေအနေ မပြေလည်သော ချစ်သူ နှစ်ဦး တို့၏ အပြန်အလှန် ပေးစာများ ဖြစ်နေသည် ကို တွေ့ရသည် ။ ဒေါက်တာငွေစိုး က သူတို့ နှစ်ဦး အပြန်အလှန် ပေးကြသော တစ်ပိုင်းတစ်စ စာလေး နှစ်စောင် ကို ကြည့်ရင်း သူတို့ချင်း ဘယ်လို ဆက် ဖြစ် ကြလေသလဲ ဟု စိတ်ကူး ကြည့် မိသည် ။ ဝတ္ထုဇာတ်လမ်း တစ်ပုဒ် ဆင် နေမိသည် ။ ထိုအခိုက် ဇနီးသည် က မီးဖို ထဲ က ထွက် လာပြီး စာ နှစ်စောင် ကို တွေ့လိုက်သော အခါ သူတို့ နှစ်ဦး ညား သွားပြီး ကြပြီဖြစ်ကြောင်း ချက်ချင်းကောက်ချက် ချသည် ။ ဦးစံရှား ကဲ့သို့ ကျိုးကြောင်း ရှင်းပြ လိုက်သည် ။ ထိုကဲ့သို့ လက်တွေ့ ကျကျ ကောက်ချက် ဆွဲ ပြလိုက်သော အခါ ဒေါက်တာငွေစိုး ၏ စိတ်ကူးနုနုလေးများ လည်း ပျောက်ပျက် ကုန်တော့သည် ။ ဝတ္ထု ရေးစရာ ဘာမျှ မကျန်တော့ ။ ထိုကဲ့သို့ ဝတ္ထု ရေးစရာ ပျောက် သွားကြောင်း ကို ဒေါက်တာငွေစိုး က ဝတ္ထုတို တစ်ပုဒ် လုပ် ပစ်လိုက်သည် ။

ဤသည်တို့ မှာ အဖြစ်အပျက်များ ဖြစ်ပါသည် ။ သို့ဖြစ်လေရာ ဇာတ်လမ်း မှာ ပြန်လှန် ပေးစာတွင် ပါသော မောင် နှင့် နွဲ့ငယ် ချစ်သူ နှစ်ဦး တို့ ၏ ဇာတ်လမ်း လား ၊ ဒေါက်တာငွေစိုး နှင့် ဇနီးသည် တို့ ၏ ရုံးအားရက် တစ်နေ့တာ ဇာတ်လမ်း လား ၊ ဝတ္ထု ရေးရန် စိတ်ကူး နေစဉ် ဝတ္ထု မရေးနိုင်ဘဲ ဖြစ်သွားသော စာရေးဆရာ တစ်ယောက် ၏ ဇာတ်လမ်း လား ၊ သို့မဟုတ် ဝတ္ထု မရေးနိုင်တော့ ကြောင်း ကို ဝတ္ထုတို တစ်ပုဒ် ဖြစ် လာအောင် ပြန် ဖွဲ့ လိုက်နိုင် သော စာရေးဆရာ တစ်ယောက် ၏ ဇာတ်လမ်း လား ။ ခွဲခြား မရနိုင်အောင် ရှိနေပါသည် ။ ထို့ကြောင့် ဤ ဝတ္ထုတို ၏ ဇာတ်လမ်း ကို ရေး ပြရန် ခက်သည် ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။

••••• ••••• •••••

ဝတ္ထု ၏ အာဘော် ဆီ သို့ ရောက်အောင် တစ်စချင်း တဖြည်းဖြည်း သယ်ယူ သွားပုံမှာ နှစ်လိုဖွယ် ဖြစ်ပါသည် ။ အကွက် ချပြီး အဖြစ်အပျက်များ စီစဉ်တင်ပြ သွားပုံ မှာလည်း သပ်ရပ်ပါသည် ။

စိတ်ကူးလောက ၊ အနုအနွဲ့လောက တွင် ဘယ်လောက်ပင် ပျော်မွေ့မိန်းမူး နေ သော်လည်း လက်တွေ့  လောက ကို လုံးဝ မျက်ကွယ် ပြု၍ မရနိုင်ပုံ ကို အမှတ်မထင် သွင်းယူ လိုက်ပုံမှာ ဝတ္ထု ၏ အာဘော် ကို အထောက်အပံ့ ဖြစ်စေသည် ဟု ယူဆ မိပါသည် ။

ရှေးဦးစွာ စိတ်ကူးလောက ၊ အနုအနွဲ့လောက ၌ ပျော်မွေ့ပုံ ကို အတိအလင်း တိုက်ရိုက် ပြောချပြီး ဖွင့်ပေး လိုက်ပါသည် ။

••••• ••••• •••••

“ စိတ်သည် ခုတလော ဘယ့်နှယ်နုနယ် နေသည် မသိ ။ ”

ဤသို့ အတိအလင်း ပြောပြ လိုက်ပြီး မှ စိတ်နုနယ် နေပုံ ကို အသေးစိတ် သရုပ်ဖော် ပြသည် ။

••••• ••••• •••••

      စိတ် သည် ခုတလော ဘယ့်နှယ် နုနယ် နေသည် မသိ ။

      ပြင်သစ် ၊ ဂျပန် ၊ အိန္ဒိယ စသည့် နိုင်ငံ တို့ မှ အချစ် သရုပ်ဖော် ရုပ်ရှင်ကား များ ကို ကြည့်စဉ်ခိုက် တွင် ရင် သည် လှိုင်းကြက်ခွပ်ကလေးများ နှယ် သိမ့်သိမ့် ကလေး လှိုက်မောနေတတ်သည် ။ ယုတ်စွ အဆုံး မြန်မာ့ ရုပ်ရှင်ကားများ ၏ တစ်ခန်း တလေသော ပြကွက် မှ တစ်ခွန်းတလေ သော စကားလုံး တစ်လုံး သည်ပင် နက်ရှိုင်း သော ရင် ၏ အတွင်းပိုင်း တစ်နေရာ ကို တစ်စုံတစ်ရာ စူးစူးရှရှ ဖြစ်ပေါ်စေသည် ဟု ထင်နေမိသည် ။

      လေးနက်သော မေတ္တာဖွဲ့ ဝတ္ထု များ ကို ဖတ်ရသော အခါ လေးနက်မှု ကို ရရှိ၏ ။ နုနွဲ့သော ခေတ် အရေး ၊ ခေတ် အတွေးဝတ္ထု များ ကို ဖတ်မိပြန် သောအခါ နုနယ်မှု ကို ရရှိ၏ ။

      ရံခါ၌ ဘယ်နေရာ ဌာန က ဟု အတပ် မပြောနိုင် သော်လည်း ဝေ့ဝဲလွင့်ပါး နား တွင် ကြားလာရသည့် အသံသွင်း ကြိုးခွေလေးများ ကလည်း ချစ်စရာ ကောင်း နေပြန်သည်လေ ။

      အနုပညာ နှင့် မကင်းရာ မကင်းကြောင်း ရှိခဲ့သော ဘဝနောက်ခံကြောင့် ဝတ္ထု ရေးချင်သလိုလို ရှိလာ၏ ။

••••• ••••• •••••

အထက်ပါ ကောက်နုတ်ချက် သည် ဒေါက်တာငွေစိုး စိတ်နု နယ်နေကြောင်း ကို အသေးစိတ် ဖော်ပြသွားပါသည် ။ “ အသံသွင်း ကြိုးခွေလေးများ ကလည်း ချစ်စရာကောင်း နေပြန်သည်လေ ” ဟူသော ဝါကျတွင် “ လေ ” ဟူသော ဝါကျ အဆုံးသတ် နောက်ဆက်မှာ ရုတ်တရက် ကလက် တက်တက် ၊ ကလေးကလား အသံ ခံစားမိ စေသည် ။ သို့သော် စိတ်နုနယ်နေသော ၊ နွဲ့ချင်နေသော ဒေါက်တာ ငွေစိုး ၏ ပစ္စက္ခစိတ် အခြေအနေ ကို ကောင်းကောင်းကြီး ပေါ်လွင်စေသည် ။

“ ဝတ္ထု ရေးချင် သလို ရှိလာ၏ ” ဟူသော စကား မှာ အာဘော် အတွက် တရားဝင် အစပျိုး လိုက်သော ဝါကျ ဖြစ်သည် ဟု ဆိုသင့်ပါသည် ။

ထို့နောက် ဇနီးသည် က “ ဒီနေ့ လဟာပြင်ဈေး မသွားတော့ဘူး မဟုတ်လား ” ဟု မေးသည် ။ “ ဟင့်အင်း မသွားတော့ဘူး ၊ ဆေးတွေ မနေ့ ကတည်းက အားလုံးစုံ အောင် ဝယ်လာခဲ့ပြီးပြီ ”ဟု ပြန်ဖြေသည် ။ ဤသို့ အားဖြင့် ဆရာဝန် တို့ ၏ လက်တွေ့လုပ်ငန်းခွင် ဘဝကလေးများ ကို လည်း တို့ကာ ထိကာ ပြလိုက် သေးသည် ။

ထို့နောက် ဒေါက်တာငွေစိုး ၏ စိတ်ကူးဘဝ နှင့် ဇနီးသည် ၏ လက်တွေ့ ဘဝ ကို မြင်သာအောင် ယှဉ်ပြ လိုက်သည် ။

••••• ••••• •••••

◾ဒေါက်တာငွေစိုး

( ဇနီးသည် က ဆီထမင်း ထိုးမည်ဟု ပြောသည် ကို ) “ ကောင်းသားပဲ ၊ အားပေးရတာပေါ့ ”

ဇနီးသည် ကို ညွှတ်တွတ်တွတ် ပြန်ပြောရင်း ကက်ဆက် ခလုတ် ကို နှိပ်ဖွင့် လိုက်သည် ။ ကိုင်ဇာ ၏ လူငယ်ဘာဝ အရိုးခံ ချစ်တေးလေးများ ကို ဒုတိယအကြိမ် ပြန်၍ ဖွင့်မိပြန်လေသည် ။

◾ဇနီးသည်

ကျွန်တော့် ဇနီးသည် ရုံးအားရက် ဖြစ်သော တနင်္ဂနွေ လို နေ့မျိုးတွင် ပို၍ အလုပ်များ သည် ဟု အဆိုရှိ၏ ။ ဈေးသွားခြင်း ၊ ထမင်းဟင်း ချက်ခြင်း တည်း ဟူသော ခေါင်းစဉ် အောက်မှာ ပင် အသေးစိတ် အစီအမံတွေ များလှဘိခြင်း ။ သူ့ အကြိုက် ဟင်း ၊ ကျွန်တော့် အကြိုက် ဟင်း ၊ နှစ်ယောက်စလုံး အကြိုက် ဟင်း ။ ရုံးနေ့ အတွက် ကြိုတင်လျာထားရသော ဟင်း ၊ အသုပ် ၊ ဟင်းချို ၊ တို့စရာ ၊ အချို အချဉ် ။ သားသမီး သာ ရှိလျှင် ရုံးတစ်ဖက် ၊ အိမ် တစ်ဖက် ၊ ကလေး ဗာဟီရ တစ်ဖက် နှင့် ဘယ်သို့ လှုပ်ရှား နေရလိမ့်မည်လဲ တွေး ကြည့်မိသောအခါ တွေးရုံသာ တွေးရသူပင် မောလာ၏ ။

      ခုပဲကြည့် ။

      ထမင်း စားပြီး ထမင်းဝိုင်း သိမ်းဆည်း ပြီးသည်နှင့် အဝတ် လျှော်မည် ။ အဝတ် လျှော်ပြီးလျှင် သူ ရေချိုးမည် ၊ ခေါင်း လျှော်မည် ။ ပြီးလျှင် အိမ်ရှေ့ ၊ အိမ်လယ် ၊ အိမ်နောက် လှည်းကျင်းမည် ။ ပြီးလျှင် မီးပူ တိုက်ကောင်း တိုက်မည် ။ သည်ကြားထဲ က ဘယ်အချိန် တွင် ဆီ ထမင်း ထိုး လိမ့်ဦးမည်မသိ ။

◾ဒေါက်တာငွေစိုး

      ကက်ဆက်ခွေ ၏ ဒုတိယ တစ်ဖက်ခြမ်း ပြီးဆုံး သွားသောအခါ နောက် အသစ် တစ်ခွေ အလဲအလှယ် မလုပ်တော့ဘဲ နား ကို အနားပေး ထား လိုက်သည် ။ တိပ်ခွေ ထဲက သီချင်းသွား ကို ပြန်၍ ရေရွတ် ကြည့်မိသည် ။ “ ကိုယ့် ဘာသာကိုယ် ချစ်တာ ဘာဖြစ်လဲ ” ။

      ဟုတ်တယ်လေ ၊ ဘာဖြစ်လဲ ၊ ဘယ်သူ ဘာဖြစ်လို့လဲ ၊ ငယ်ရွယ်သူ တို့၏ ပွင့်လင်းသော ပေါက်ကွဲမှုပေပဲ ။

      ပီတိ ဖြစ်စဉ် တဒင်္ဂကလေး မှာပင် မနက်က လိုက်လံ ကြည့်ရှု ခဲ့ရသော လူနာ တစ်ဦး ထံ စိတ် က ရောက်သွား ပြန်သည် ။

••••• ••••• •••••

အထက်ပါ ကောက်နုတ်ချက် များတွင် စိတ်ကူးလောက ၌ ပျော်မွေ့သူ နှင့် လက်တွေ့ လောက ၌ လှုပ်ရှားနေသူ တို့ ၏ အသွင် ကို သေချာ တွေ့မြင်နိုင်ပါသည် ။

ထို ပစ္စက္ခ စိတ်ကူးယဉ်မှု ၊ ပစ္စက္ခ  လက်တွေ့ဆန်မှု တို့ကို စာရေးသူ က တင်ပြ နေခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါ ။ နောက်ဆုံး ချစ်သူ နှစ်ဦး တို့၏ အပြန်အလှန် ပေးစာများ ကို ကြည့်ပြီး ကောက်ချက်ဆွဲ ချလိုက်သောအခါ လက်တွေ့ ဆန်သော ဇနီးသည် ၏ ကောက်ချက်ဆွဲမှု ၊ ဇာတ်လမ်းဆင်မှု က သာ လျှင် ယုတ္တိ ရှိ နေသည် မှာ ဤသို့ သော လက်တွေ့လှုပ်ရှား ရုန်းကန်မှုများ ကြောင့် ဖြစ်သည် ဟု စာရေးသူ က အကြောင်း နိမိတ် ပြထားခြင်း ဟု ဆိုနိုင် ပါသည် ။

ထို့ပြင် ဒေါက်တာငွေစိုး က ကက်ဆက် တစ်လုံး နှင့် စည်းစိမ်ကျ ၊ စိတ်ကူးယဉ် နေရာတွင်လည်း လူငယ်တို့ ၏ ပွင့်လင်းသော ပေါက်ကွဲမှုသီချင်း ကို နှစ်သက်ခြင်း ဖြစ် နေသည် ။ “ ကိုယ့် ဘာသာ ကိုယ် ချစ်တာ ဘာဖြစ်လဲ ။ ဟုတ်တယ်လေ ၊ ဘာဖြစ်လဲ ။ ဘယ်သူ ဘာဖြစ်လို့လဲ ။ ဤ စကား ကို ဒေါက်တာငွေစိုး ပြောသည်လား ။ စာရေးသူ က ပြောသည်လား ။ အတည် ပြောသည်လား ။ ခပ်ထေ့ ထေ့ ပြောသည်လား ။ ဤအချက် ကို တော့ ဝတ္ထု တစ်ပုဒ် လုံး နှင့် ခြုံပြီး စာဖတ်သူ စဉ်းစားရန် ကျွန်တော် ချန်ခဲ့ပါသည် ။ ( မချန်ခဲ့၍ လည်း မဖြစ်ပါ ။ ကျွန်တော် လည်း ကောင်းကောင်း မစဉ်းစားတတ်ပါ ။ )

ဒေါက်တာငွေစိုး ၏ အတွေးစဉ် ကို ရေးဖွဲ့ရာ ၌ ထိုကဲ့သို့ သီချင်းကို အရသာခံ နှစ်သက် နေစဉ် ၌ ပင်လျှင် မနက် က လိုက်လံ ကြည့်ရှုခဲ့ရသော လူနာ ထံ စိတ်ရောက် သွားသည် ဟု ဖွဲ့ပါသည် ။

ထို အချက် သည် အာဘော် ဆီ သို့ ရောက်အောင် စိတ်ကူး လောက မှ လက်တွေ့ လောက သို့ ဦးတည် လိုက် သည့် အလှည့်အပြောင်း ဟု ဆိုလိုက်ပါသည် ။

လူနာ မှာ ဆေးရုံ က လက်လျှော့ပြီး ပြန် လွှတ်လိုက် သော လူနာ ။ ကင်ဆာရောဂါ ။ နယ် က လာ၍ ရန်ကုန် တွင် ဆေးရုံ တက်ရသည် ။ ရန်ကုန် တွင် ကျောင်းဆရာ လင်မယား အိမ်ခန်း ကျဉ်းကျဉ်းလေး ၌ တည်း နေရသည် ။ လူနာ ၏ ဇနီး ကတော့ ကင်ဆာအထူးကု ဆိုသော ဆရာ တစ်ယောက် နှင့် ပြ ကြည့်ချင်သေးသည် ။ သို့သော် အိမ်ရှင် ကျောင်းဆရာမ ကတော့ စိုးရိမ်လှပြီ ။ မတော်တဆ လူနာ ရုတ်တရက် သေသွား လျှင် မသာအိမ် ဖြစ်ရတော့မည် ။ မသာအိမ် ဖြစ်ရသည် က အရေးမကြီး ။ နယ် က ဆွေတွေ မျိုးတွေ ရောက်လာကြလိမ့်ဦးမည် ။ ကျွေးရ မွေးရဦးမည် ။ မတွေးဝံ့ ။ ထို့ကြောင့် ဆရာဝန် ထံ အခြေအနေ မှန် ကို သိအောင် စုံစမ်းရသည် ။

••••• ••••• •••••

“ လူမမာ ဆိုတော့လဲ သူ့ သားမယား က စိတ်တိုင်းကျ ကုချင်ဦးမှာပေါ့ ။ ကျွန်မ တို့ လဲ နားလည်ပါတယ် ။ မလိုလားတာလဲ မဟုတ်ပါဘူး ၊ လက်တွေ့ ကျကျ ပြောတာပါ ”

       ကျောင်းဆရာမ ဖြစ်၍ လား မသိ ။ စကားလုံး သုံးနှုန်းပုံ ထိမိ၏ ။ လက်တွေ့ ကျကျ ။

      လက်တွေ့ ကျကျ ဟူသော စကားလုံး က ယခု နားနားနေနေ ထိုင်နေသည် ထိ ၊ ကိုယ့်ညအိမ်ကိုယ် ပြန်လာခဲ့ပြီးသည် အထိ နား ထဲ တွင် ကပ်ငြိ ပါလာသည် ။

••••• ••••• •••••

ထိုမှ တစ်ဆင့် လက်တွေ့ကျကျ ကိစ္စတွေ ကို တစ်သီကြီး ဆက်ပြီး ဒေါက်တာငွေစိုး စဉ်းစား နေမိသည် ။ လဟာပြင် ဈေး တွင် တွေ့ ခဲ့သော သူငယ်ချင်း ဒေါက်တာစိန်မြင့်ဦး ကို သတိရ မိပြန်သည် ။ ဒေါက်တာစိန်မြင့်ဦးတို့ ဆေးခန်းသုံး လေးခန်း အပြေးအလွှား ထိုင်နေသည့် အတွက် ငွေ ရှာ လှချည်လား ဟု သူ က ဝေဖန် လိုက်မိသည် ။ ထိုဝေဖန် စကား ကို ထည့်ပြီး မရေးတော့ ။ ဒေါက်တာစိန်မြင့်ဦး ၏ တုံ့ပြန် စကား ကို ပေါ်လွင်အောင် ရေး လိုက်သည် ။ ဝတ္ထုတို ရေး ရာတွင် ဤသို့ ကျဉ်းအောင် ဖွဲ့ရသည် မှာ သဘာဝ ပင် ဖြစ်သည် ။ ဒေါက်တာစိန်မြင့်ဦး ၏ ထုချေချက် တွင် မိသားစု ကြီးသုံးခု ကို ကျောထောက် နောက်ခံ လုပ်ကျွေး နေရသည် ဟု ဆိုသည် ။ ထို စကား ထဲတွင် “ ဆေးခန်း သုံးလေးခန်း ပြေးပြီး ထိုင် တာ ကိုသာ မင်း က ဝေဖန်တာကိုး ကွ ၊ ငါ့ အိမ် မှာ က မိသားစု သုံးခု တောင် ၊ ဒါတွေ အတွက် စီးပွားရေး သမား လိုလို နာမည်ပျက် ခံပြီး လုပ်နေရတယ်ကွ ၊ လက်တွေ့ မှာ မလွယ်ဘူး ”

ဤသို့အားဖြင့် ရုပ်ရှင် ထဲ က လို ၊ ဝတ္ထု ထဲ က လို ကြည်ညိုဖွယ်ရာ ၊ အထင်ကြီးဖွယ်ရာ ဆရာဝန်မျိုး အဖြစ် စိတ်ကူးယဉ် ခဲ့မိစေဦးတော့ လက်တွေ့ တွင် မလွယ်ကြောင်း တွေ့ လာရသည် ။

စိတ်ကူး နှင့် လက်တွေ့ ။

စိတ်ကူး စီမံကိန်း နှင့် လက်တွေ့ဘဝ ။

ပထဝီ အဓိက ယူပြီး သမဝါယမ တွင် စာရင်းကိုင် လုပ်နေရသူ ။

မဟာသိပ္ပံတန်း ကို လက် လွှတ်ပြီး အထက်တန်း ရှေ့နေ လုပ်ရန် ကြိုးစား နေသူ ။

ဤသို့ ၊ ဤသို့သော လက်တွေ့ဖြစ်ရပ်များ ကို တစ်သီကြီး တွေးနေမိသည် ။

ထိုအခိုက် အကြော်သည် လာ သဖြင့် လက်ယပ်ပြီး ခေါ်လိုက်သည် ။ အကြော်ထုပ် သော စက္ကူအိတ် တွင် စာ နှစ်စောင် တွဲလျက် ပါနေသည် ။ ကောင်မလေး ၏ စာအရ “ မောင့် ကို သဘော မတူလို့ မဟုတ်ဘူး ။ အလုပ်ကိစ္စ အဆင် ပြေရင် အားလုံးက ပိုပြီးကြည်ဖြူ ကြမှာပေါ့ ” ၊ စက္ကူ အိတ် တစ်ဖက်က ကောင်လေး ၏ စာ တွင် ကား “ ည ကျောင်း တက် နေရတဲ့ အခြေအနေ တွေကြောင့် စာမေးပွဲ အောင်ပါ့မလားလို့ ပူတာ ဟုတ်ရဲ့လား ။ လူကြီးတွေ က မောင့် ကို အထင်သေးတာ ထားပါတော့ ။ နွဲ့ငယ် ကပါ မောင့် ကို အထင်သေး နေပုံရတာ ၊ မောင် စိတ်မကောင်းဘူး ၊ အစစအရာရာ ပြည့်စုံအောင် စောင့်ရင်း အချိန် နှောင်း သွား မှာ ၊ နွဲ့ငယ် နဲ့ ဝေးရမှာ မောင် သိပ် စိုးရိမ်နေတယ် ၊ မောင် ကတော့ မောင့် နောက်ကို ချက်ချင်း လိုက်စေချင်တယ် ၊ မောင့် ကို အရင်က လို ချစ်သေးရဲ့လား နွဲ့ငယ် ”

ဤ စာ နှစ်စောင် ၏ အပိုင်းအစများ ကို ဆက်စပ် ကြည့်ရုံနှင့် ပင် မောင် နှင့် နွဲ့ငယ် တို့၏ အခြေအနေ ကို အကြမ်း အားဖြင့် မှန်းဆ မိနိုင်သည် ။ ဤသို့ မှန်းဆ နိုင်အောင် အရေးကြီးသော စကား တစ်ခွန်းတစ်စ ကို ပြ တတ်ခြင်း သည် ဝတ္ထုတို ဆရာ တို့ အတွက် အရေးကြီးသော အတတ် ပညာတစ်ရပ် ဟု ကျွန်တော် ထင်မိပါသည် ။

ထို စာ နှစ်စောင် ကို ကြည့် ပြီး မောင် နှင့် နွဲ့ငယ် တို့၏ ဇာတ်လမ်း ကို ဒေါက်တာငွေစိုး က ( စောစောက စိတ်ကူး ယဉ်လက်စ ၊ နုလက်စ နှင့်မို့ ) စိတ်ကူးပြီး ဇာတ်လမ်း ဆင်ရန် ၊ ဝတ္ထုဖန်ရန် ကြိုးစားနေဆဲ ဇနီးသည် က မီးဖိုချောင် ထဲ က ထွက် လာသည် ။ ဒေါက်တာငွေစိုး က စာအိတ် ပါ စာလေး နှစ်စောင် ကို ပြသည် ။ ဇနီးသည် က ဖတ် ကြည့်သည် ။

ထို အခန်းသည် ဝတ္ထု ၏ ဇာတ်ရှိန် ကို မြှင့်တင်ရန် အစပျိုးသော အခန်း ဖြစ်သည် ။

ဒေါက်တာငွေစိုး က စိတ်ကူး နုနေဆဲမို့ သူတို့ နှစ်ယောက် ၏ ဇာတ်လမ်း ကို စိတ်ကူး ဖြင့် လွမ်းမောဖွယ်ရာ မှန်းဆ ကြည့်နေသည် ။

ဇနီးသည် က ဒိုးဒိုးဒေါက်ဒေါက် ကောက်ကာငင်ကာ အဖြေ ထုတ်ပြ လိုက်သည် ။ ပြီးမှ ဦးစံရှား ရှင်းပြနည်းမျိုး ဖြင့် ကျိုးကြောင်း ခိုင်လုံ စေသည် ။ ဇနီးသည် ၏ ကောက်ချက် ဆွဲလိုက်မှု သည် ဦးစံရှား က ဦးသိန်းမောင် ကို အံ့အားသင့်စေ သကဲ့သို့ ဒေါက်တာငွေစိုး ကို အံ့အားသင့်စေသည် ။ ထိုမျှမက စာဖတ်သူ ကို လည်း အံ့အားသင့်စေသည် ။ ဤ နေရာ တွင် စုံထောက်ဝတ္ထု တစ်ပုဒ် ကို ဖတ်ရသော ရသ မျိုးကို ပေးသည် ။ သို့သော် ထိတ်လန့်ရင်ဖိုစရာ မဟုတ် ။ အံ့သြရွှင်မြူးဖွယ်ရာ ဖြစ်သည် ။ ဒေါက်တာငွေစိုး ၏ စကား ချီချရေးပုံကို ကြည့်ပါ ။

••••• ••••• •••••

“ သူတို့ နှစ်ယောက် ဘယ်လို ဖြစ်သွား ကြမလဲလို့ ဆက် တွေးမယ်ဆိုရင် အရှည် ကြီး တွေးလို့ရတယ် ။ သူတို့ မပြေလည် ဘူးပဲထား ”

“ ဘယ်က မပြေလည် ရမှာလဲ ၊ သူတို့ ယူ ကို ယူဖြစ်ကြရမယ် ၊ ကိုကလဲ ဒီလောက်တောင် ဖြစ်နေကြတာ ”

“ ဟ ... ပိုင်လှချည်လား ၊ ဘယ်လိုကြောင့် ဒီလောက် အပိုင် ပြောနိုင် ပါလိမ့် ”

“ ကို ပဲ စဉ်းစားကြည့်လေ ၊ သမီး ရည်းစား နှစ်ယောက် ကွဲကြပြီ ဆိုပါတော့ ၊ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ရေးခဲ့တဲ့ စာတွေ ပြန်ပြီး တောင်းကြ ပေးကြ လုပ်ကြမှာပဲ ၊ ဒါ ခုလို နှစ်ဦးနှစ်ဖက် ရေးတဲ့ စာ နှစ်မျိုး ဟာ တွဲလျက် ဘယ်လိုမှ မရှိ နိုင်ဘူး ”
( ဇနီးသည် ဒေါ်စံရှား ၏ ကောက်ချက်ကို ဒေါက်တာငွေစိုး ဦးသိန်းမောင် က အထွန့်တက် ကြည့်လိုက် သေးသည် ။ )

“ အင်း ... မိန်းကလေး က ဖြစ်ဖြစ် ၊ ယောက်ျား က ဖြစ်ဖြစ် မာန နဲ့ ပေါ့လေ ၊ ရော့ ၊ နင့် စာတွေ ၊ ငါ့ စာတွေ တော့ ပြန်ပေးစရာ မလိုဘူး ဆိုခဲ့ရင်တော့ တစ်ဖက်ဘက် မှာ နှစ်မျိုးစလုံး တွဲပြီး ရှိမနေနိုင်ဘူးလား ”

“ အဲသလောက် ဖြစ်လာရင်လဲ မီးရှို့ ပစ်တာတို့ ၊ ဆုတ် ပစ်တာတို့ ၊ လွှင့်ပစ် တာတို့ လုပ်မှာပဲ ၊ အခုဟာ က သူတို့ ယူ ကို ယူဖြစ်ကြရမယ် ”

••••• ••••• •••••

အထက်ပါ စကားချီချ ဆိုခန်းတွင် စကားအဖြတ် အတောက် ၊ အလုအဝင် ၊ လေသံ အပျော့အမာ တို့ကို သတိ ထား ကြည့်လျှင် ဒေါက်တာငွေစိုး ၏ အတတ်ပညာ ကို အကဲခတ် နိုင်ပါလိမ့်မည် ။

ဇနီးသည် ဒေါ်စံရှား က ဤမျှနှင့် ရပ် မနေသေးဘဲ ဆက်လက်ပြီး ဖြစ်တန်ရာသည် တို့ကို မှန်းဆပြီး ကောက်ချက် ဆွဲပြပြန်ပါသည် ။ ကောက်ချက် မျှ သာ မက ချစ်သူတို့ ၏ သဘာဝ ၊ လောက သဘာဝ နှင့် ပတ်သက်သော လက် တွေ့ ဒဿန တစ်ရပ် ကိုလည်း ထုတ်လိုက်ပါသေးသည် ။ ဦးစံရှား ဝတ္ထုတို များတွင် အမှု ပြီးသောအခါ လောက သဘာဝ ကို တစ်ခါတစ်ရံ ကောက်ချက်ချတတ် ပုံ နှင့် ပင် ခပ်ဆင်ဆင် တူနေပါ သေးတော့သည် ။ ဇနီးသည် ၏ တွေးတွေးဆဆ ပြောပုံ ၊ ကရုဏာလေသံ ပါလာပုံ တို့ကို သတိပြု စေချင် ပါသည် ။

••••• ••••• •••••

“ ညကျောင်း မှာ တက် နေကြတယ် ဆို ကတည်း က အနည်းဆုံး ဆယ်တန်း နှစ်ခါ တော့ ကျဖူးရမယ် ၊ ဒါလဲ အမြင့်ဆုံး အတန်း ကို ပြောတာ ၊ မရေမရာ မှာ ယူကြ ရော ၊ စာတွေ ဟာလဲ ဘာမှ အဓိပ္ပာယ် မရှိတဲ့ စာရွက်တွေ ဖြစ်လာရော ၊ ဈေးဖိုး လို လို့ ရည်းစားစာ အဟောင်းတွေ ကိုပါ ကု,လားချရောင်း ၊ အဲဒီက မှ စာအိတ် လုပ်တဲ့ ဆီ ရောက်သွားတာလဲ ဖြစ်နိုင် တယ် ။ ဒီလို မဟုတ်လဲ တစ်ဖက်တစ်လမ်း က ဝင်ငွေလေး မှ ရပါစေတော့ ဆိုပြီး စက္ကူ အိတ်ကလေး တွေ လုပ်ပြီး ဟိုဆိုင် သည်ဆိုင် သွင်း တာမှာ အပြန်အလှန် ရေးခဲ့တဲ့ ဒီ ရည်းစားစာတွေ ပါ စက္ကူ စာအိတ် ဖြစ်ကုန် တာလဲ ဖြစ်နိုင်တယ် ၊ ဘာပဲဖြစ်ဖြစ် အချစ် ဆိုတာ တယုတယ တသသ လုပ်မနေ နိုင်တဲ့ အနေအထားမျိုး မို့လို့သာ ဒါတွေလဲ ဒီလို ဖြစ်ကုန်တာ နေမှာပေါ့ ”

••••• ••••• •••••

အထက်ပါ ကောက်ချက်များ သည် မည်မျှ ခိုင်မာပါသနည်း ။ သူ ၏ ဝတ္ထုတိုကလေး အတွင်း တွင် ခိုင်လုံပြည့်စုံ နေပါပြီ ။ သို့သော် ဤ ချစ်သူ နှစ်ဦး ၏ အမှုကြီး ရှင်းသွားရုံ နှင့် ဝတ္ထု တစ်ပုဒ်လုံး ၏ အာဘော် ကို မပေါ်လွင် စေသေးပါ ။

အကယ်၍ ဤနေရာ တွင် စကားစ သိမ်းပြီး ဝတ္ထု ကို ရပ်လိုက်မည် ဆိုလျှင် တစ်စုံတစ်ခု သော အတွေးအမြင် ၊ တစ်စုံတစ်ခု သော အာဘော် ကို မညွှန်ပြနိုင်သည့် စုံထောက်ဝတ္ထုတို တစ်ပုဒ် ကဲ့သို့သာ ဖြစ်နေပါလိမ့်မည် ။ ဇနီးသည် က စကား ကို ဆက် ပြောလိုက်ပါသည် ။

••••• ••••• •••••

“ ကောင်လေး ရေး ထားတဲ့ စာသား အတိုင်း သက် က လက်တွေ့ လိုက် ရှာပြီး မေးကြည့် လိုက်ချင် သေးတယ် ”

“ ဘာကိုလဲ ”

“ ဪ … သူ့ စာထဲမှာ ပါတယ် မဟုတ်လား ၊ “ အရင်က လို ချစ်သေးရဲ့လား နွဲ့ငယ် ” ဆိုတာလေ ”

••••• ••••• •••••

မောင် နှင့် နွဲ့ငယ် တို့၏ ဇာတ်လမ်း ဤတွင် ပြီးပါပြီ ။ ဇနီးသည် ဒေါ်စံရှား ကလည်း ကောက်ချက် ဆွဲပြီးပါပြီ ။ လက်တွေ့ လောက ၊ လက်တွေ့ဘဝ တွင် ချစ် နေရုံနှင့် မပြီးဘူး ဟူသော အဆို ကို လည်း တင်ပြီးသွားပါပြီ ။ စိတ်ကူး နှင့် လက်တွေ့ ဆိုသည် မှာ ကွာခြားတတ်ကြောင်း ပြသွားပါပြီ ။

ဇနီးသည် က ထိုအချက် ကို ထွန်းပြပြီး သည့် နောက် ဒေါက်တာငွေစိုး က လည်း သူ့ ကိုယ်ရေးဇာတ်လမ်း ကို အပြီးသတ်ရပါလိမ့်ဦးမည် ။

••••• ••••• •••••

ကိုင်း .... ကျွန်တော့် ဇနီး ဇာတ်လမ်း ဆင်ပုံ နှင့် ဆက်စပ်တင်ပြပုံ ကျွန်တော့် ထက် သာ နေမှတော့ ကျွန်တော် ဝတ္ထု ရေး ဖို့ လိုလာပါဦးတော့မလား ။

       ကနဦး ရှိရင်းစွဲ အရ အလှခံစားမှု ကလေးများ သည် စုပ်စမြုပ်စ ပျောက်လွင့် ကုန်ချေ၏ ။ စိတ်ကူး နှင့် လက်တွေ့ တို့သည် များသော အားဖြင့် ဆန့်ကျင် ဝေးလံ ကြ၏ ။

••••• ••••• •••••

စိတ်ကူးသမား ၊ စိတ်နုယဉ်အတွေးသမား ဒေါက်တာငွေစိုး ကို လက်တွေ့ အလုပ်လုပ်နေသူ ဇနီးသည် က အပြတ် အသတ် အနိုင်ယူ သွားသည် ဟု ဆိုရပါမည် ။

ဤ ဝတ္ထုတို တစ်ပုဒ်လုံး ကို ခြုံငုံပြီး အာဘော် သို့ ရောက်အောင် အဖြစ်အပျက် များစွာ ကို စည်းရုံးပုံ ၊ စည်းရုံး ရာ မှ စုစည်းလာပုံ ၊ စုစည်းရာ မှ အဆုံးသတ်လိုက်ပုံ တို့ ကို စစ်ဆေး ကြည့်သင့်ပါသည် ။

ဝတ္ထု အစပိုင်း တွင် ဒေါက်တာငွေစိုး စာပေ ၊ ရုပ်ရှင် ၊ တေးဂီတတို့ ၌ ယစ်မူးနေပုံ ၊ ကိုင်ဇာ ၏ သီချင်းစာသား ရွေးထုတ်ပုံ တို့သည် လည်းကောင်း ၊ ဇနီးသည် မရပ်မနား လှုပ်ရှားလုပ်ကိုင် နေပုံ တို့သည် လည်းကောင်း အခြေခံ ချက်များ ဖြစ်ပါသည် ။ ထိုအခိုက် ထိုအခါ တွင် သူတို့ ၏ ယာယီစိတ် အနေအထား ပြရန် ဖြစ်သည် ဟု ဆိုသင့်ပါ သည် ။ ထိုအချက် များကြောင့် အာဘော် ဤမျှ ထင်ရှား ရပါသည် ။

ကင်ဆာလူနာ သွား ကြည့်ရသည် ကို သတိရပုံ ၊ ဒေါက်တာစိန်မြင့်ဦး ၏ အပြော ကို သတိရပုံ တို့ မှာ “ လက်တွေ့ ” ဟူသော အချက် ကို မိတ်ဆက် ပေးပါသည် ။

နောက်ဆုံးတွင် လက်တွေ့ ဆန်သူ ၊ လက်တွေ့ လောက ကို အရှိအတိုင်း ကြည့်တတ်သူ သာလျှင် အမှန် တရား ကို အနီးစပ်ဆုံး ရှာနိုင်သည် ကို ထွန်းပြ လိုက်ပါသည် ။

ဤနည်း အားဖြင့် နိဂုံး တွင် ...

စိတ်ကူး နှင့် လက်တွေ့ ဆန့်ကျင်တတ်ကြကြောင်း ဇနီးသည် က ကောက်ချက်ချ အဆိုပြု လိုက်သည် ။

ထို့နောက် ဝတ္ထု ရေးရန် စိတ်ကူးနေသော ဒေါက်တာငွေစိုး က ရေးဖို့ မလိုတော့ပါဘူး ဟု ပြောပြီး ထပ်မံ အဆိုပြု လိုက် ပြန်သည် ။

ဤသို့အားဖြင့် ရှေ့ပိုင်း က ဒေါက်တာစိန်မြင့်ဦး ၊ လူနာ ၏ အိမ်ရှင် ဆရာမတို့ ၏ ဘဝ ကို ထောက်ထား စာနာသော စိတ် ဖြင့် ဒေါက်တာငွေစိုး က ခွင့်လွှတ်နေသည် ကို ဆိုနိုင်ပါပေ သတည်း ။

⎕ အောင်သင်း

📖 သဘင် မဂ္ဂဇင်း
      မတ်လ ၊ ၁၉၈၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment