❝ သေခစား ❞
⎯⎯⎯⎯⎯⎯⎯
ရန်ကုန်ဘဆွေ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
သေခစား တွေ … သေခစား တွေ ၊ ဒင်းတို့ ကြောင့် ပေါ့ ... ဒင်းတို့ တစ်တွေ ကို ဘယ်အခါ မှ မကျေဘူး အခုလို နယ်ရှစ်ခွင် ညိုမှိုင်းပြီး မိုးရေကလေး တွေ စို့ လာတိုင်း မယ်ဒွေး ရဲ့ အဖို့ မှာ တော့ …. ။
••••• ••••• •••••
အချိန်ကတော့ ဆွမ်းခံ ဝင်ချိန်လောက် ဆိုပါတော့ ... ။
လေကလေး တစ်သုန်သုန် မှာ မိုးမှုန်ကလေးတွေကျလို့ ရွာ့ တောင်ဘက် ရိုးတန်းကလေး အနီး က လက်ပံပင်ကြီး မှာလည်း အရွက် အချင်းချင်း ခပ်ပြီး လက်ခုပ်ကလေးများ တဖျတ်ဖျတ် တီးလို့ မိုးပေါက်ဥကလေး တွေ ကတော့ သစ်ရွက်ကလေး တွေ ပေါ် မှာ ယီးလေးခို နေကြတယ် ။ အဲဒါ သူ နဲ့ မယ်ဒွေး ရိုး တစ်လျှောက် က ဖြိုးမောက်တဲ့ လယ်ပတူတို့ ၊ အရွက်ချွန်းတဲ့ ကန်ဇွန်း နဲ့ ပုစွန်စာရွက် တို့ကို ခူး နေတုန်းကပေါ့ ။
မယ်ဒွေး ကိုယ် မှာ ကပိုကရို ဝတ်ဆင်ထားတဲ့ အဖာ ဗရပျစ် နဲ့ အဝတ်တွေ ကလည်း အပျို လေး ဖြစ်လာလို့ တစ်တစ်ရစ်ရစ် နေတဲ့ ကိုယ်လုံးကလေး ကို ရှက်ပါတယ် ဆိုမှပဲ လေလာတိုင်း ဖွင့်လှစ် ပြနေတော့တယ် ၊ ဖတ်လတ် ဖတ်လတ်နဲ့ အသံများ ပေးလိုက်သေး …. ။
ဒါကြောင့်ပေါ့ …. သူ က လည်း မျက်လုံး သူခိုးကြီး နဲ့ လှမ်းလှမ်း ကြည့်နေရာ က ...
“ သူတကာ … ချစ်သမျှထက် ရှစ်ဆလောက် ပိုတယ် ... ဟယ်အယ် တဲ့ ... ”
မယ်ဒွေး ကလည်း အသံ ကြား တော့ ခေါင်းငုံ့ နေရာက ခပ်ရှက်ရှက် နဲ့ မျက်လုံးကလေး ထောင့်ကပ်ပြီး ကြည့်လိုက်မိ တာပေါ့ ။
လား လား … နံငယ်ကလေး ကလည်း ခါးလုံရုံ ဖုံး ထားတော့ ကိုယ်လုံး ပေါ် အလှပြ နေ သလို အသားကလေး ညိုညို မှာ မိုးရေက စိုစိုမို့ ပိုပြီး ကြည့်ကောင်း နေတော့တာပဲ ၊ ကြည့်ရင်း ကြည့်ရင်း မယ်ဒွေး ရင်ထဲ မှာလည်း …. ဖို လို့ .. ။
အဲဒါ သူ နဲ့ မယ်ဒွေး မိုးကလေး ကြမ်းကြမ်း မှာ လေးရူးကလေး ရမ်း လာတော့ ခပ် ချမ်းချမ်း နဲ့ လက်ပံပင်ကြီး အောက် သွားပြီး နှစ်ယောက်သား မိုးခို နေကြတုန်းကပေါ့ ... ။
ရိုးဘေး က ဗျိုင်း တစ်အုပ် ဟာ လည်း ချမ်းချမ်း နဲ့ ကုပ်နေရာ က မလှုပ်မယှက် နဲ့ မယ်ဒွေး တို့ ကို လှမ်းကြည့် နေကြတယ် ၊ သူတို့ စိတ်ထဲ ဘယ်လိုများ ထင်နေကြပါလိမ့် ... ။
ကျုပင်ရှည်ရှည်တွေ ကလည်း ချမ်းချမ်းစီးစီးမို့ တရှီးရှီးနဲ့ မြည်နေရာ က လေရူးက တစ်ခါ သိမ့်လိုက်မှဖြင့် ခေါင်း ညိတ်လို့ ခေါ် တော့တာပဲ …. ။
ဒီကြားထဲမှာ ကောင်းကင် ပေါ်က မိုးသားတွေ အားလုံး ဟာလည်း တဝုန်းဝုန်း တဖြုန်း ဖြုန်းနဲ့ လုံးထွေး သတ်ပုတ်နေကြရင်း ပြင်းထန်တဲ့ အသံ နဲ့ အတူ ဝင်းခနဲ လက် သွားတော့ မယ်ဒွေး လည်း မျက်လုံးတွေ ပြာပြီး နီးရာ ကို ပြေးဖက် လိုက်မိတာပေါ့ …. ။
ဒီတော့ ဒီတော့ ... သူ က လေ ၊ သူ က ကိုမင်းမောင် ပေါ့ ၊ တော်တော် လန့်သွားသလား ၊ မှန်းစမ်း ရင်ဘတ်ကလေး တွေ ခုန်ပြီး တုန် နေတုန်းပါကလား တဲ့ ။
မယ်ဒွေး လည်း ရှက်ကိုးရှက်ကန်း ကယောင်ကတမ်း နဲ့ ဖယ်စမ်းပါ … သူ့ လက်ကြီး က ဆိုပြီး တွန်း ပစ် လိုက်တော့ သူ့ မျက်နှာ ဟာလေ စပ်ဖြီးဖြီးနဲ့ သူပေါ့ ၊ မျက်လုံးတွေ မှာလည်း အချစ် ခိုးတွေ ဖုံးလို့ ... ။
အဲဒါ မယ်ဒွေး တို့ ကို နိမိတ်တွေ ပြလို့ ၊ မီးခိုးတွေ ထပြီး မီးပွားကလေးတွေ ကျလာအောင် ကန်ဘောင်ပေါ်က ထန်းပင်ကြီး ကို မိုးကြိုး ပစ် ခံရတုန်းကပေါ့ … မယ်ဒွေး လည်း လေကလေး လျော့ရဲ မှာ မိုးကလေးစဲစဲ လက်ပံပင်ကြီး အောက် က ထွက်ခဲ့ရော ...
“ မယ်ဒွေး ”
“ ဘာတုံး ”
“ နင့် ငါ ကြိုက်တယ် …. ”
“ ကြိုက်ရင် … အစ်မ ပြောပါလား ”
“ နို့ … နင် ကော ... ”
“ သိနိုင်ဘူး ”
မယ်ဒွေး ရင်တွေ မှာလည်း တုန်လို့ ၊ မယ်ဒွေး စိတ် ထဲ မှာလည်း မိုးဖွဲကလေးတွေ ကလည်း မှိုင်းမှိုင်းမှုန် လို့ ၊ လယ်ကွင်း ထဲ က မြက်ခင်းကလေး တွေဟာ လှိုင်းကလေးတွေ ပုတ်တိုင်း လှုပ်လှုပ် လှုပ်လှုပ် နဲ့ မယ်ဒွေး စိတ် လိုပဲ .. ။
ကန်သင်း အောက် က ဖားပေါက်စကလေးတွေ ကတော့ ပြောလိုက်လေ ပြောလိုက်လေ နဲ့ အော်နေ သလိုလို ၊ အဲဒီလို မယ်ဒွေး အခက်အခဲ တွေ့ နေတာဟာ လက်ပံပင်ကြီး ဆီက တဲကို အလာ စိမ်းစိမ်းစို နေတဲ့ လယ်ကွင်း ထဲ မှာပေါ့ …. ။
••••• ••••• •••••
“ အချစ်ကယ်တဲ့ ရေပင်လယ်
လ နဲ့ နေ ကွယ်ကာ ပျောက်ခါမှ ... ခန်းခြောက်ပါ့မယ် ... ”
ရွာဦးကျောင်း က မွန်းလွဲ တုံး ခေါက် တော့ ကျောင်း အောက် ရှိ ခွေးတွေ ကလည်း အူလို့ မိုးတိမ်တွေ ကြား ထဲ က နေပူရှိန်ရှိန် မှာ နွားပြာပိန်ပိန် နဲ့ အတူ ရုန်းရင်း သူ ကလည်း အဲဒီ သီချင်း ကို ဟစ်လို့ ..
ကန်သင်းတွေ ပျက်တာ နဲ့ ဆူးခက်တွေ ရံပြီး တမံတွေ အသစ်ဖို့ ထားလို့ အသွားရ ခက်တဲ့ လက်ကွက် ထဲ မှာ ထမင်းထုပ် ရွက် ရင်း မယ်ဒွေး လက်ထဲ ကလည်း မြက်ခုတ်ဓား နဲ့ ၊ အဲဒါ သူ နဲ့ မယ်ဒွေး ချစ်စခင်စ ရခါစ မှာ မြက်စိမ်းကလေး ခုတ်ပြီး လယ်ရိုင်းကလေး တစ်ခွက် လုပ်တုန်း ထမင်းထုပ် သွား ပို့စဉ် က ပေါ့ ။
သပြေပင်ရိပ် အောက် မှာ နေပြောက်ကလေး တွေ ကလည်း ရွှေပွင့်တွေ ကြဲထား သလို ပြိုးပြိုးပြက်ပြက် တလက်လက် နဲ့ ကွက်တိကွက်ကြား ထင်လို့ …. ။
မြေကလေး ပျော့ပျော့ ကုန်းမော့မော့ မှာ သူ နဲ့ မယ်ဒွေး မျက်နှာချင်းဆိုင် ထိုင်မိကြတယ် ဆိုရင်ပဲ မယ်ဒွေး ကလည်း ဆန်ကွဲတွေ ချက်ပြီး ငှက်ပျောဖက်စိမ်း နဲ့ ထုပ်လာခဲ့တဲ့ ထမင်းထုပ် ကလေး ဖြေလို့ .. ။
ထမင်းထုပ် ထဲ က ငှက်ပျောသီးစိမ်းပြုတ် နဲ့ ဆားတွေ ကတော့ တစ်ဦး နဲ့ တစ်ဦး ဂုဏ်ပြိုင်ရင်း မယ်ဒွေး တို့ကို မော့ကြည့် နေကြတယ် ။
သူ့ ခါးပိုက် ထဲ က သပြေသီးမှည့် တွေ ကလည်း ငှက်ပျောသီးစိမ်းပြုတ် နဲ့ ဆားတွေ ကို အားကျမခံ ခုန်ပျံပြီး ဆင်းလာ လိုက်ကြတာ … ။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း သူ နဲ့ မယ်ဒွေး ကုန်းကုန်းပြီး စားလိုက်ကြ တာဆို ၊ အမေ မွေး ကတည်းက တစ်ခါမှ ဒါလောက် မမြိန်ဖူးဘူး ၊ သူ ကောက်ထားတဲ့ သပြေသီး မှည့်ကြီးတွေ ကလည်း အရည်က ရွှမ်းပါဘိနဲ့ ... ။
သပြေပင် ပေါ် က ရွှေကျီးညို ကလည်း မယ်ဒွေး တို့ကို ကြည့်ရင်း တအာအာ နဲ့ သူ လည်း စားချင်ရှာ ထင်ပ .. ။
အဲဒါ သူ နဲ့ မယ်ဒွေး အချစ်ရေး ဆို ၊ အချစ်တွေ ပိုပြီး ချစ်နေလို့ မဝနိုင်တဲ့ အချိန် မှာ ဝမ်းစာကလေး လုပ်ရင်း ထမင်းစား ခဲ့ကြတုန်းကပေါ့ …. ။
••••• ••••• •••••
ရွှေမိုးညို ရွာရောင်သွေးပြီး ... လေပြည်ကလေး မြူးနေတုန်း ... ။
ညို့ညို့ဆိုင်းပြီး အုံ့မှိုင်းပြာရီ နေတဲ့ ရွာ ဆီက သစ်ပင်တွေ ဟာလည်း အေးလွန်းလွန်းလို့ ဆတ်ဆတ် တုန်နေကြတယ် ။
လေအသွဲ့ မှာ တနွဲ့နွဲ့ ယိမ်းနေ ရှာတဲ့ တဲ ရှေ့က ပေါက်ပန်းဖြူပင်ကြီး ဟာလည်း တသိမ့်သိမ့် တုန်နေရင်း မာလာကာပင်လေးကို လှမ်းလှမ်းပြီး တီးတိုး စကား ပြောလို့ … ။
မြရည်ယိုပြီး စိမ်းစိုစို နေတဲ့ လယ်ကွင်းပြင်ကြီး တစ်ခုလုံး ဟာလည်း လေကလေး နောက် လိုက်မှဖြင့် ယောက်ယက်ခတ် တုန်း အေးပြီး ဖေးမမယ့် သူ မရှိလို့ တဟီးဟီး တဟဲဟဲ နဲ့ တရှဲရှဲ ညည်းညူရင်း ချမ်းနေ လိုက်ကြတာ ... ။
အဲဒါ သူ နဲ့ မယ်ဒွေး လေသာ တဲကုပ်ကလေး အတွင်း အလုပ်ခွင် က ဆင်းပြီး ဘုမ္မိကမ္ဗလာ မြေမွေ့ရာ ပေါ်မှာ ဘေးချင်းကပ် ထိုင်နေတုန်း ကပေါ့ … ။
မေးကလေးတွေ တုန်ရိုက် အောင် ခိုက်ခိုက်တုန် ချမ်းနေ ကြပေမယ့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးစီစီနဲ့ပဲ ... ။
အဲဒီတုန်းကပေါ့ ။ မယ်ဒွေး လည်း အသားကလေး တုန်ပြီး ဖုံးလို့ မလုံအောင် ဖြစ်နေရတဲ့ အထဲ အဝတ်စကလေးတွေ ဆွဲဆွဲစိ နေရင်းက သူ လေ သူ ဖြုန်းခနဲ တဲ က ထွက်ပြီး ရွာ ဘက် ကို သွားပါရော ။
ကိစ္စကတော့ လုပ်ထားတဲ့ လက်ရိုင်းကလေး အတွက် အမတော်ဆုငွေ ထုတ်နိုင်ပြီ ဆိုလို့ မရှိတဲ့ အတွဲများမှာ ချမ်းတယ်လို့ လည်း မနေအားဘူး ၊ မိုးတွေ လေတွေ ကြားထဲမှာ သွားရရှာတော့ တာပေါ့ ၊ ကိုမင်းမောင် ကိုမင်းမောင် မယ်ဒွေး မေ့နိုင်ပါဦးမလား … ။
လေကလေး လာလာမှာ မိုးတွေကလည်း ရွာ လို့ သူ ပြန်လာတော့ သူ့ တစ်ကိုယ်လုံး ရွှဲရွှဲစိုပြီး နှုတ်ခမ်းတွေ လည်း ပြာပြာညို နေတော့တယ် …. ။
အမတော်ဆုငွေ အတွက် ပိတ်တွေ ရမယ် ဆိုပဲ ၊ ဒါပေမယ့် မြေတိုင်းစာရေး နဲ့ ရုံးစာရေး တို့ ‘ လာရှင် ’ စာရေး တို့ ကို တစ်ဧက အတွက် တစ်ကျပ် ကျ ပေးရမယ်တဲ့ …. ။
တစ်ကျပ် … တစ်ကျပ် .. ငွေတစ်ကျပ် … ဆန်ကွဲ စားနေရတဲ့ ငမွဲတွေ ဘယ်လိုများ ... ရှာရပါ ။
ငါ ချစ်မဝတဲ့ မယ်ဒွေး ရယ် ၊ ခပ်အေးအေးကလေး အိပ် နေလိုက်စမ်းပါတဲ့ …. ။
သူက သူက အဲဒါ သူ ချောင်း ထဲ ဆင်းမယ့် လုပ်တုန်း ခပ်ပြုံးပြုံး ပြောသွားတဲ့ စကားပေါ့ ။
••••• ••••• •••••
ရွှေမိုးကလေး ညိုညို မှာ မှင်ရည်တွေ ယိုပြီး ညဉ့်ဆီ ကို လည်း ကူးလာရော ၊ သူ လည်း ငါးမျှား တစ်လက် ဆောင်း တစ်ဖက် နဲ့ ချောင်း ဘက် ကို ထွက် သွားရော ။
မိုးဖွဲကလေးတွေ အပြေး မှာ လေကလေး သွေး လိုက်တော့ အေးရှာ လွန်းလို့ မယ်ဒွေး လည်း ဆတ်ဆတ် တုန်လို့ ... ။
တိတ်ဆိတ်တဲ့ ညဉ့်ယံမှာ မိုးသံတွေ ကလည်း တဖြုန်းဖြုန်းနဲ့ … ။
လယ်ပိုးလယ်မွှား နဲ့ ဖားကလေးတွေ ကလည်း တစ်ခါ တစ်ခါမှာ ပြိုင်တူ အော်ကြလို့ .. ။
သူ လည်းပဲ ပေါ်မလာသေးဘူး … ။
တဖြည်းဖြည်း နဲ့ ဗွေးဒုတ် တို့ တဲက စစ်တကောင်း ကြက်ကြီး ဟာ သံကွဲကြီးနဲ့ တွန်လိုက် တာ ၊ ဒီတစ်ခါပါနဲ့ ငါးခါ တောင် ရှိခဲ့ပြီ ... ။
သူ လည်းပဲ အခုထိ ပေါ် မလာသေးဘူး …. ။
ရွာဦးကျောင်း အောက်က ဘုန်းကြီး မွေးထားတဲ့ အောင်နက်လည်း သူ့ ချစ်ဖက် နဲ့ ကွဲနေလို့ ထင်ပါရဲ့ ကြေးစည်သံ ကြားရတော့ လွမ်းအားပွေပွေ နဲ့ သံရှည်ကြီး အူလို့ ... ။
မယ်ဒွေး လည်း ထွေးထွေးနွေးနွေး နဲ့ ပွေ့ပွေ့ ပိုက်ပိုက် သိပ်ပေးမယ့် လူ မရှိလို့ အိပ်လို့ ကို မပျော်ဘူး ၊ တော်တော့ ကို စိမ့်စိမ့်ပြီး သိမ့်သိမ့် ကို တုန် နေတော့တာပဲ .. ။
ရောင်နီကျင်း လို့ လင်းစ ကို ကူးပေမယ့် ထူးပြီးတော့ မသိသာသေးဘူး ၊ မိုးရိပ်လေရိပ်ကြောင့် ပိန်းပိန်းအောင် မှောင်နေ တုန်းပေါ့ ... ။
လေကလေး သိမ့်လိုက်တိုင်း ချမ်းစိမ့်စိမ့် ယိုလာတာနဲ့ မီးကလေး ဖို နေတုန်း ဖြုန်းခနဲ သူ ရောက်လာတာပဲ .. ။
သူ့ လက် ထဲ မှာ ငွေစကလေး လည်း ပါလာရဲ့ ၊ ငါးတွဲကလေး က တစ်တွဲ ၊ ကျီးတွေ က မနိုးသေးခင် ရောင်းချ ပြန်လာခဲ့တာလေ ၊ ကိုမင်းမောင် ... ကိုမင်းမောင် ။
သူ့ အသားတွေ လည်း ပြာလို့ ၊ သူ့ အဝတ်တွေ လည်း စိုလို့ ၊ သူ့ ကို ကြည့်ရင်း မယ်ဒွေး စိတ် ထဲ မှာ သနား လည်း သနား ၊ အား လည်း ကိုး ၊ ချစ် လည်း ချစ် .. ။
ပြုံးစိစိ ဖြစ်နေတဲ့ သူ့ မျက်နှာ ကို စိမ့်စိမ့်ကလေး စိုက်ကြည့် နေမိရင်းက အားမလို အားမရ နဲ့ မို့ မျက်နှာချင်း ကပ် ၊ ပါးချင်း အပ် လိုက်မိတော့တာပဲ …. ။
အဲဒါ ငွေစကလေး ရအောင် တစ်ည လုံး ငါးတွေ ရှာပြီး သူ ရောင်း ပြန်လာတဲ့ မနက်တုန်းကပေါ့ ... ။
••••• ••••• •••••
မိုးမှောင် ကို ဖြိုခွင်းပြီး လင်းရောင်ကလေး လည်း ပွင့်ရော တစ်ညလုံး ပင်ပန်းလာခဲ့တော့ အဝတ်စို တွေ မီးနဲ့ လှမ်းရင်း ချမ်းချမ်းစီးစီး နဲ့ သူ့ ခမျာ အိပ်ပျော် နေလိုက်တာ ... ။
မယ်ဒွေး လည်း သူ ပေးတဲ့ ငါးတွေ ချက်ပြုတ်ပြီး သူ စားဖို့ ဖုံးဖိရင်း သူ့ ဘက်ကို လှည့် ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော် နေလိုက်တာလား သူ့ မျက်နှာ ကလည်း ပြုံးပြုံး ကြီးနဲ့ …. ။
သူ့ခမျာ ပင်ပန်းရှာလိုက်တာ ၊ အိပ်ပါစေလို့ ကရုဏာတွေ ဝေဝေနဲ့ အသာကလေး ထွက်လာ မိခဲ့တယ် ။
အဲဒါ အမတော်ငွေ ထုတ်တဲ့ လူတွေနဲ့ မယ်ဒွေး မြို့ကို လိုက်မယ့်ဆဲဆဲတုန်းကပေါ့ … ။
နှုတ်ခမ်းနီနီ ရင်ချီချီ နဲ့ ပါးဆီက ရဲ နေတဲ့ မြို့ပေါ် က အပျိုတွေ ဟာ အဝတ်တွေ စုတ်ပြီး ရုပ်လုံး မပေါ်တဲ့ မယ်ဒွေး တို့ လူအုပ် ကို မှုန်ကုပ်ကုပ် ကြည့်ကြလို့ .. ။
ဆေးလိပ် ဖြူဖြူသေးသေး သောက်ပြီး ဆံပင် အရောင် တောက် တဲ့ မြို့ပေါ် က ကာလသား တွေ ကလည်း မယ်ဒွေး တို့ လူအုပ် ကို ကြည့်ပြီး ရယ်ကြ ၊ မောကြ ၊ တီးတိုး စကား ပြောကြနဲ့ ... ။
မယ်ဒွေးတို့ လူအုပ် က လည်း ရှက်ရှက် နဲ့ ကုပ်ပြီး ရုံးဆီ ကို သုတ်ခြေတင် လာခဲ့ကြတယ် ။
မျက်နှာ ရှိတဲ့ ရွာသူကြီး ကိုယ်တိုင် လိုက် ပြောပေးလို့ လယ်သမားတွေ မှာ တစ်ဧက အတွက် မြေတိုင်းစာရေး ၊ ရုံးစာရေး နဲ့ လာရှင်စာရေး တို့ကို ငွေစကလေး တစ်ကျပ် ပေးလိုက်တာ နဲ့ ပိတ် ခြောက်ကျပ်ဖိုး ရခဲ့ကြတယ် .. ။
မယ်ဒွေး တို့ အဖို့တော့ ဝမ်းသာလို့ ကို မဆုံးနိုင်ဘူး ။ ဒီ ပိတ်စ ကို သူ့ ဖို့ တစ်ဝက် ၊ မယ်ဒွေး ဖို့ က တစ်ဝက် ၊ အလို စက်ခ လည်း မရှိပါလား ၊ ခွဲရောင်းဖို့ လည်း မလုံလောက်နဲ့ ...
ဘာပဲ ဖြစ်ဖြစ်လေ ပိတ် တစ်ဝက် ကို ရောင်းပြီး သူ့ အဝတ် အတွက် စက်ခပေး ၊ ပိုတာ လေး သူ စားဖို့ ။
သူ ဘာ ကြိုက်တတ်ပါလိမ့် ဘာ ဝယ်သွားရ ကောင်းပါ့မလဲနဲ့ စိတ်ထဲများ ထွေလို့ ...
အဲဒါ လယ်ရိုင်းကလေး လုပ်တဲ့ အတွက် ဆုငွေ ထုတ်လာ တုန်းက မယ်ဒွေး စိတ် ထဲ မှာ ဖြစ်နေတာတွေ ပေါ့ .. ။
••••• ••••• •••••
နေကလေး ညိုချိန် မှာ မိုးတိမ်ကလေးတွေ ကလည်း ဆိုင်း ဆိုင်း ဆိုလို့ ...
မယ်ဒွေး ခေါင်းပေါ် မှာ လည်း ပိတ်စကလေးတွေ ရွက်လို့ ၊ လက်တစ်ဖက် ကတော့ ထန်းလျက်ထုပ် နဲ့ လက်ဖက်ခြောက် ၊ တစ်ဖက် ကတော့ သူ သောက် ဖို့လေ မြေလက်ဖက်ရည်အိုး အသစ်စက်စက် ကလေး နဲ့ ...
ကတွတ် အောက် ငွေဗျိုင်းအောက်ကလေး လည်း ငါးကောက် လို့ရတာနဲ့ မယ်ဒွေး ကိုများ အားကျမခံ ကောင်းကင်ယံ ကို ပျံလို့ ဝဲလို့ …
မယ်ဒွေး တဲ ထဲ ဝင်လာတော့ သူ အိပ် နေတုန်း ၊ သူ့ မျက်နှာ က ခပ်ပြုံးပြုံးနဲ့ ..
ဖုံးဖိထားခဲ့တဲ့ စားစရာတွေ လည်း မနက် က အတိုင်းပဲ ၊ ကိုမင်းမောင် ... ကိုမင်းမောင် ပင်ပန်းရှာလွန်းလို့ အလို ဘုရားရေ ကိုမင်းမောင် …
ကိုမင်းမောင် မရှိတော့ဘူး ... ။
ကိုမင်းမောင် မရှိတော့ဘူး ..
ဘယ်လို ဖြစ်တာလဲ ကိုမင်းမောင် ရယ် ..
တဲနီးချင်းတွေ ကို ခေါ်ပြီး ပြရင်း မယ်ဒွေး ရင်ထဲ မှာလည်း လှိုက်လှိုက်ဖြစ်ပြီး မျက်လုံးတွေ ပြာသွားတာပဲ ၊ မယ်ဒွေး သတိရ လာတော့ လူကြီးတွေ က ပြောလို့ ၊ ကိုမင်းမောင် ဂျပ်ကိုက် ခံရတာ ဆိုတဲ့ အကြောင်း သိရတယ် .. ။
ဂျပ် ဆိုတာ မျိုးဟာ ကိုက် လိုက် မှဖြင့် အိပ်ချင် ပြီး အိပ်ပျော် ရင် သေတာ မျိုးပေါ့ … ။
ဒီလိုဆိုတော့ မနက် ကတည်း က မယ်ဒွေး ရဲ့ ဘယက် လည်ဆွဲ ဟာ ..
ဆုံးပြီ … ဆုံးပြီ ။ ကိုမင်းမောင် တစ်ယောက် ဆုံးပြီ ။ အစိုးရ က အခမဲ့ ပေးတဲ့ ဆု ကို သူတို့ မြေတိုင်းစာရေးတွေ လာရှင် စာရေးတွေ ငွေ မရရင် လက်မှတ် မထိုးဘူး ၊ ထုတ် မပေးဘူး ဆိုလို့ ကိုမင်းမောင် ငွေ ရှာရတယ် …
သူတို့ ကြောင့် ကိုမင်းမောင် ဂျပ်ကိုက် ခံရတယ် ၊ သူတို့ကြောင့် ကိုမင်းမောင် သေရတယ် ။
သေခစား တွေ … သေခစား တွေ ... ဒင်းတို့ ကို မယ်ဒွေး ကျေနိုင်ပါဦးမလား ။
ကြည့်ပါဦး လေကလေး တသုန်သုန် မှာ မိုးမှုန်တွေ ကလည်း ကျလို့ ... ။
[ အဘယ် မယ်ဒွေး သေခစားတွေ လည်း ဝမ်းရေး မဝသော စနစ်ဆိုး ကြောင့် သေခစား နေရရှာသည်တကား … ]
⎕ ရန်ကုန်ဘဆွေ
📖 စာပန်းချီ ၊ ၂/၁၀
သြဂုတ် ၊ ၁၉၅၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment