Wednesday, August 21, 2024

ချက်ကောင်း တစ်ချက်


 

❝ ချက်ကောင်း တစ်ချက် ❞
   ━━━━━━━━━━━━━━
            ပုသိမ် ချစ်ခိုင်
   ━━━━━━━━━━━━━━
တစ်ခါတုန်း က တောနက်ကြီး တစ်တော မှာ ကျားဆိုးကြီး တစ်ကောင် မင်းမူ နေခဲ့ သတဲ့ ။ ဒီ ကျားဆိုးကြီး ဟာ တိရစ္ဆာန်တွေ အပေါ် မှာပဲ ဗိုလ်ကျ နေတာ မဟုတ်ဘူး ၊ တောနက်ကြီး နဲ့ နီးရာ ရွာ တစ်ရွာ က ရွာသူရွာသားတွေ အပေါ် မှာ ပါ ဆိုးသွမ်းကြမ်းကြုတ် နေ သတဲ့ ။ ဘာပြုလို့ လည်း ဆိုတော့ တစ်ခါက ရွာသား တစ်ယောက် ကို ကိုက်သ,တ်စားဖူးလို့ လူ့ အသွေးအသား ရဲ့ အရသာ ကို သိနေတာကိုး ။ ဒါကြောင့် လူ့အသွေးအသား ကို တပ်မက်ပြီး နီးရာ ရွာ မှာ အလစ် တစ်မျိုး ပြောင် တစ်ဖုံ နဲ့ ဝင် ဆွဲလေ့ ရှိတာပေါ့ ။ ကြာတော့ လူတွေဟာ သူ့ ဘေးရန် ကို လန့်ပြီး အလုပ်တောင် ကောင်းကောင်း လုပ်မစားဝံ့ကြတော့ဘူး ။ ကျီးကန်းတောင်းမှောက် တကြောက်ကြောက် ဖြစ်နေတာပေါ့ ။ လူတွေ ဟာ သူ့ ဘေးကို ကာကွယ်တဲ့ အနေ နဲ့ သူ လာနိုင်ရာ လမ်းတွေ မှာ ပိုက်တွေ ထောင်ချောက်တွေ ဂရုတစိုက် ချနေရတာ နဲ့ အချိန်ကုန် လူပန်း ဖြစ်နေရတာပေါ့ ကွယ် ။

လူတွေ က အဲဒီလို သူ လာနိုင်ရာ လမ်းစတွေ မှာ ပိုက်တွေ ထောင်ချောက်တွေ ဂရုတစိုက် ချထားမှန်း သိတော့ မှ သူ့ ဘေးကို သူ ရှောင်တဲ့ အနေနဲ့ လူသား ရဲ့ အရသာ ကို တပ်မက်စိတ် ဖြေဖျောက်ပြီး သူ နိုင်တဲ့ တောတိရစ္ဆာန်လေး တွေ ဘက် ကို ဦးလှည့်ခဲ့ရသတဲ့ ။ ယုန် အပါ အဝင် သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ် အစရှိတဲ့ တွေ့ရာ တောတိရစ္ဆာန်လေးတွေကို အရှင်လတ်လတ် ကိုက်သ,တ် စားသောက်နေသတဲ့ ။ ဒီတော့ တောတိရစ္ဆာန်လေး တွေ မှာ ကျီးလန့်စာစား ဆိုတာလို ကြောက်လန့် နေကြတာပေါ့ ။ ဒုက္ခ အကြီးအကျယ် ရောက်နေကြ တာပေါ့လေ ။ ဒီလို အထိပ်ထိတ် အလန့်လန့် နေရပါ များတော့ တစ်နေ့မှာ တောတွင်းသားငယ်လေးများဟာ စုဝေးပြီး “ အရှင် ကျားမင်း ... ကျွန်တော်များ လို သားငယ် တစ်ကောင် ကို ချောင်းမြောင်းဖမ်းဆီး ရတာ အရှင့် အတွက် ပင်ပန်းလှပါတယ် ။ ကျွန်တော်များ အဖို့လည်း ဒုက္ခ ရောက်ပါတယ် ။ဒီတော့ ကျွန်တော်များ က အရှင့် အကျိုး ကို ရှေ့ရှုပြီး တစ်နေ့ တစ်မျိုး အလှည့်ကျ စားတော်ဆက် သွားပါ မယ် ၊ အရှင် အေးအေးထိုင်နေပါ ” လို့ ကျားကြီး ကို အရဲစွန့်ပြီး ဝိုင်းလို့ တောင်းပန်ရသတဲ့ ။

ကျားကြီး ကို ဒီလိုပဲ တစ်နေ့တစ်နေ့ အလှည့်ကျသူ က ကိုယ့် အမျိုးအနွယ် ထဲ က သားကောင် ခုနှစ်ကောင် ကျ စီ စားတော်ဆက် လာ လိုက်တာ ကိုရွှေယုန် တို့ အလှည့် ရောက်ဖို့ တစ်ရက် သာ လိုတော့ သတဲ့ ။ ယုန်တို့ ရဲ့ အကြီးအကဲ ဖြစ်တဲ့ ကိုရွှေယုန် ဟာ သူ့ အမျိုးသား ခုနှစ်ဖော် ကို ကျားစာ ဆက်ဖို့ရာ တော်တော်ပဲ ဝန်လေး နေသတဲ့ ။ စိတ်မကောင်း ဖြစ်နေ သတဲ့ ။ ကျားစာ အဖြစ် အရံသင့် အရွေးခံ ထားရတဲ့ ယုန်တွေ က လည်း ကိုယ့် အမျိုး အတွက် အသက် ကို စတေး ရတာ မှန်သော်လည်း စိတ် ချမ်းသာတယ် မရှိဘူးပေါ့ ။ ကြုံနေရတဲ့ ဘေးဆိုးကြီး က ဝေး အောင် အေးအောင် ဘယ်လို လုပ်ရမလဲလို့ စဉ်းစား နေ သတဲ့ ။ စဉ်းစား တွေးဆလို့ တစ်နေ့တာ လောက် ကုန်ခါနီးတော့မှ “ အို ... အချင်းတို့ မကြောက်ကြလင့် ။ သင်တို့ အသက်ဘေးက ကင်းဝေး အောင် ငါ ကြံဆောင်အံ့ ” လို့ ဆိုနိုင် ပြောနိုင်တော့တယ် ။ ဒါပေမယ့် သူ ဟာ အငြိမ်မနေ နိုင်ရှာဘူး ။ ကျားဆိုးကြီး ဘေးအန္တရာယ်ကို ကြောက် နေတဲ့ ရွာ က သူကြီး ဆီ ကို အပြေး သွားပြီး သူ့ အကြံတွေ ကို ပြောပြ တိုင်ပင်ရရှာတယ် ။ စီမံ ခန့်ခွဲရရှာတယ် ။ ပြီးမှ တောတွင်း နေရာကို ပြန် နိုင်ရှာတယ် ။

သူ့ နေရပ် က တော့ သူ ဘာတွေ ကြံတယ် ဆိုတာ မသိကြဘူး ။ သူ က လည်း ပြောမပြ ဘူး ။ အိပ်ချိန် ရောက်တော့ မှသာ “ အချင်းတို့ ဘာမှ တွေးပူ မနေကြနဲ့တော့ ... အေးအေးသာ အိပ်ကြပါ ” လို့ ကျားစာခံ အဖြစ် ရွေးချယ်ထားတဲ့ ယုန်တွေကို နှစ်သိမ့် အိပ်စေတယ်တဲ့ ... ။

နောက် တစ်နေ့ နံနက် အိပ်ရာ က ထတော့ ကိုရွှေယုန် ဟာ ကျားဆိုးကြီး ကို သတိ မရဘိ အလား အေးအေးပဲ သွားလာ နေသတဲ့ ။ အဲ ... ကျားစာ ဆက်ချိန် လွန်လို့ သတိပေးတဲ့ အနေနဲ့ ကျားကြီး ဟိန်းသံ ကြားတော့မှ ပဲ ကျားကြီး ရှိရာ ကို တစ်ကောင် ထဲ ကသောကမြော ပြေးသွား သတဲ့ ။ ကျားဟိန်းသံ ကြားရတော့ ကျားစာ အဖြစ် အရွေးခံ ထားရတဲ့ ယုန်တွေ ကတော့ ကြောက် အား နဲ့ တုန်သွားတာပေါ့ ။ ကိုရွှေယုန် ရဲ့ နောက်က သူတို့ လိုက်ပါ မသွားရတော့ မှသာ သူတို့ တစ်သက်တာ အတွက် အေးသလို ရှိလာသတဲ့ ။ ဒါပေမယ့် သူတို့ စိတ်ထဲ မှာတော့ ဒို့ဆရာ တော့ ငါတို့ အတွက် သူ့ အသက် ကို စတေးဖို့ သွားလေပြီလို့ တွေးပြီး စိတ်မချမ်းမသာ ဖြစ်ကျန်ရစ်ခဲ့ သတဲ့ ။ ဒီ အချိန်မှာပဲ ကိုရွှေယုန် ဟာ ကျားကြီး ရဲ့ ရှေ့မှောက် ကို အမောတကော နဲ့ ရောက်သွား သတဲ့ ။ ဒါပေမယ့် ဘာမှ မပြောနိုင်ရှာဘူး ။ ကြောက်ရွံ့လာဘိ အလား မျက်စိ က ကြိုးကြည့် ကြောင်ကြည့် နဲ့ဖြစ်နေတယ် ။ ကိုယ် က တဆတ်ဆတ် တုန်နေတယ် ။ နောက်ပြန် တကြည့်ကြည့် နဲ့ မောကြီးပန်းကြီး ကျနေတယ် ။ သဘောကတော့ ရှေ့မှောက် မှာ လာရောက် တွေ့ နေရတဲ့ ကျားကြီး ကို မကြောက်ဘဲ နောက် က လိုက်လာပုံ ရတဲ့ ရန်သူ ကို အလွန် ကြောက်လန့် နေပုံပေါ့ ။ ဒါကြောင့် အချိန်လွန်တဲ့ တိုင် အစာ မစားရသေးလို့ ဆာလောင် နေတဲ့ ကျားဆိုးကြီး ဟာ အစာ မပါ လာတဲ့ အလှည့်ကျ စားတော်ဆက် ကိုရွှေယုန် ရဲ့ အဖြစ် ကို ကြောင်ကြည့် နေမိရာက...

“ ဟဲ့ ... ငရွှေယုန် ရဲ့ ဘာဖြစ် လာရတာလဲ ... အစာ မပါပါလား ... နင့်ဟာ က ” 

“ မှန်လှပါ အရှင် ... အရှင် ထားရင်လည်း နေရပါမယ် ။ စားရင်လည်း သေရပါမယ် ။ ကျွန်တော်မျိုး တော့ အရှင် ကျေနပ် အားရအောင် စားတော်ခေါ်ဖို့ ကျွန်တော်မျိုးတို့ အနွယ် ထဲ က ဝဖြိုးတဲ့ ယုန်သူငယ် ခုနှစ်ကောင် ကို ရွေးချယ် ဆောင်ယူခဲ့ပါတယ် ။ ဒါပေမယ့် ရွာလမ်းဘက်က လှည့်လာမိတဲ့ ကျွန်တော် မှာ အရှင် နဲ့ တစ်ထေရာတည်း ၊ တစ်ပုံတည်း တူညီလှတဲ့ ကျားကြီး တစ်ကောင် နဲ့ တွေ့ခဲ့ရလို့ အစားခံ ကုန်ကြရပါပြီ ။ ကျွန်တော်မျိုး တောင် စားမယ် တကဲကဲ နဲ့ လိုက်လို့ အနိုင်နိုင် ရှောင်ခဲ့ရပါတယ် ”

“ ဟေ ... ဒင်းကို ငါ့ အကြောင်း ပြောမပြဘူးလား ... ငါ့ အစာ ကို သူ က လု စားရတယ်လို့ ...”

“ ပြောပါတယ် အရှင် ... ဒါပေမယ့် သူ က နင့် အရှင် ကို ငါ က ကြောက်ရမှာလား ။ ဘာကောင်မို့လဲ နင့်ကို ငါ စားမယ်ဟဲ့လို့ ဆိုပြီး ကျွန်တော်မျိုး ကို တောင် လိုက်ပါသေးတယ် ။ ကျွန်တော်မျိုး က သစ်ရွက်တွေ ကြား မှာ ပုပြီး ပုန်းနေလို့ သူ မိ မသွားတော့ ... နင် ကရော ဘာကောင်မို့လဲ ... တစ်နေ့မှာ နင် သာ မကဘူး ။ နင့် အရှင် ကို ပါ ငါ သ,တ်စားပြမယ်ဟေ့ ... နင့် အရှင် ကို ပြောလိုက် ဆိုပြီး ရွာဝ က အိမ် ထဲ ပြန်ဝင် သွားပါတယ် ”

ကျားကြီး ရဲ့အမေးစကား ကို ရွှေယုန် က အဲဒီလို မောကြီးပန်းကြီး နဲ့ ပြန် ဖြေလိုက်တယ် ဆိုရင်ပဲ နဂိုက မှ ဆာလို့ စိတ်တို နေရတဲ့ ကျားကြီး ဟာ ဒေါသအိုး ပေါက်ကွဲတော့တာပဲ ။ အထူးသဖြင့် ငါ ချက်ကောင်း တစ်ချက် မှာ ဝင် စွက်သူ ပေါ်လာရိုးလား ငါ့ အကြောင်း သိစေ့မယ်လို့ စားမာန် ရစ်တာပေါ့ကွယ် ။

“ ဒင်းကကော ဘာကောင်လဲ ... ဘယ်မှာလဲ ... လာ သွားမယ် ။ သိရောပေါ့ကွယ် ” 

ဒေါသပုန် ထ နေတဲ့ ကျားဆိုးကြီး ကို ဦးဆောင် လမ်းပြလာတဲ့ ရွှေယုန် ဟာ ရွာဦး က တလက်လက် တောက်နေတဲ့ နေရာကို မြင်ရတဲ့ အခါမှာ “ အဲ ... ဟို အရောင် တလက်လက် ထွက်နေတဲ့ နေရာဟာ အရှင့် အစာ ကို ကျွန်တော်မျိုး ဆီ က လုစားတဲ့ ကျားကြီး အိမ်ပါပဲ ” လို့ ကျားကြီး ကို ပြဆိုလိုက်တယ် ။ ကျားဆိုးကြီး ကလည်း အဲဒီ ကျားအိမ် ဆိုတာကို မြင်တယ် ဆိုရင်ပဲ ဇမ္ဗူ မှာ ဗိုလ် မထားဘူး ။ ကျား ဆို မှ ကျားဟေ့ ဆိုတဲ့ မာန်ဖီသံကြီး နဲ့ ဟိန်းပြီး ရွာဦး ဆီ ကို အတင်း ပြေးသွား တော့တာပဲ ။ အဲဒီအခါမှာ သူ နဲ့ တစ်ဆင်ထဲ တူညီလှတဲ့ ကျားကြီး တစ်ကောင် က လည်း တလက်လက် ဖြစ်နေတဲ့ ကျားအိမ် ထဲ ကနေ သူ့ ဆီ ကို ပြေးလာတာ မြင်ရသတဲ့ ။ အစွယ်ကြီး တငေါငေါ နဲ့ပေါ့ ။ ကျားဆိုးကြီး ဟာ အဲဒီလို သူ့ ဆီကို ရန်သူ ကျားကြီး တစ်ကောင် ပြေးထွက်လာ တာလည်း မြင်ရော ဘာအကြောင်း မှ မစဉ်းစားနိုင်တော့ဘူး ။ တစ်ခါထဲ မာန်ဟုန် နဲ့ ခုန်အုပ် လိုက်တာဂွမ်း ... ချလွမ် ... လွမ် ” ဆိုတဲ့ ကွဲကြေသံကြီး နဲ့ အတူ ပြတ်ရှ သွားတဲ့ သူ့ ကိုယ် ဟာ ကျားထောင် ထားတဲ့ ပိုက်ကြီး ထဲ ကို ကျရောက် သွားပါရောတဲ့ ။

အကြောင်းကတော့ ရွှေယုန် ရဲ့ အကြံ အတိုင်း ရွာသူကြီး က ရွာသူရွာသား တွေ ဆင့်ခေါ်ပြီး ရွာဦး မှာ မှန်ကြီးတစ်ချပ် ထောင် ထားတယ် ။ မှန်ကြီး ရဲ့ နောက်ကွယ်မှာတော့ ခိုင်ပေ့ ဆိုတဲ့ ပိုက်ကြီး တစ်ခု အရံသင့် ထောင် ထားတယ် တဲ့ ။ ဒီအခါမှာ ရွှေယုန် ကလည်း ပြောခဲ့တဲ့ အတိုင်း သူ့ ဉာဏ် နဲ့ သူ ကျားကြီး စိတ်ဆိုးအောင် လုပ်ပြီး ကျားအိမ် လို့ ဆိုတဲ့ မှန် ထဲ မှာ ထင်ပေါ် လာတဲ့ ကိုယ့် အရိပ် နဲ့ ကိုယ် အသ,တ်ခိုင်းတာပဲ ။ ဒီနေရာမှာ ကျားကြီး ဟာ ဘာမှ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသ ရှေ့ ထားပြီး ကိုယ့် အရိပ် ကို ကိုယ် အထင် မှားသ,တ်မိတာပဲ ။ ဒါကြောင့် မှန်ကွဲ ရှပြီး အသင့် ထောင်ထားတဲ့ ပိုက် ထဲကို ကျရောက် ခဲ့ရတာပဲ ။ အမိ ခံရတာပဲ ။ လူတွေ က အခုလို ကျားထောင် တဲ့ နေရာမှာ တစ်ခါထဲ သေစေနိုင်တဲ့ ထောင်ချောက်ကြီး ကို ဆင်တတ်သားပဲ ။ ဒါပေမယ့် ကျားကြီး ကို ထောင်ချောက် ထဲ မှာ တစ်ခါထဲ မသ,တ်ချင်ကြဘူး ။ ကိုယ်ထိလက်ရောက် အားရပါးရ ထိုးခုတ်သ,တ်ဖြတ်ချင်ကြသတဲ့ ။ ဒါကြောင့် ပိုက်ထဲ မှာ ထွေးလုံးရစ်ပတ် မိနေတဲ့ ကျားကြီး ကို ဝိုင်းဝန်း သ,တ်ဖြတ်တဲ့ ရွာသူရွာသားတွေ ရဲ့ အသံ ဟာ ဆူညံနေ သတဲ့ ။ ဒီလို ဆူညံ နေတဲ့ အသံတွေ ကတော့ အများအားဖြင့် အကြံကောင်း တဲ့ ရွှေယုန် ကို ဩဘာပေးရင်း ညာသံ ပေးတဲ့ ကျားသ,တ်သံတွေ ပါပဲ ။

“ ရွှေယုန်လေး ရဲ့သူ့ အကြံ ငကျားဆိုးကြီး ခံနိုင်ရိုးလား ”

“ မခံနိုင် သေရွာလား ပေတော့ .. သွားပေရော ငကျား ”

တောလုံး ပဲ့တင် ညံ လာတဲ့ ဒီ အသံတွေ ကြားရတော့မှ ကျားဆိုးကြီး ဘေးကို ကြောက် နေရတဲ့ တိရစ္ဆာန်တို့ ကလည်း ရွှေယုန်လေး ရဲ့ အကြံကောင်း တစ်ချက် ကို သိလာရတယ် ။ “ ဘေး ဆိုးကြီး က ဝေးပြီ .. အေးပြီ ” လို့ အော်နိုင် ပြောနိုင် လာကြတယ် ။ စိတ်အေးချမ်းသာ ရာ ရသွား ကြတယ် ။ ဒါကြောင့် “ အသက်သခင် ကျေးဇူးရှင်ကြီး ကိုရွှေယုန် အသက်ရှည်ပါစေ ” လို့ အများ က ဝိုင်းဝန် ဆုတောင်း ပြုလာကြသည်သာမက “ ယုန်တို့ မည်သည် တိရစ္ဆာန်လောက ၏ ပညာရှိ များဖြစ်သည် ” လို့ ယနေ့ ထက်တိုင် ပြောစမှတ် တွင် နေတော့တာပဲကွယ် ။

ဒါဟာ ရွှေယုန် အကြံကောင်း လို့ တစ်ခါထဲ တောရော နယ်ပါ အေးချမ်း သွားရတဲ့ အဖြစ်ပေါ့ကွယ် ကလေးတို့ရယ် ... ။

⎕ ပုသိမ် ချစ်ခိုင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆ဝ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment