❝ ပါးဦးအလှ ❞
━━━━━━━━━━━━━
၀င်းမြအောင် ( မြိတ် )
━━━━━━━━━━━━━
မြန်မာနိုင်ငံ၌ အနော်ရထာ မတိုင်မီ အရည်းကြီးများ ကို ကိုးကွယ်ခဲ့ကြ၏ ။ အရည်းကြီးများ ၏ အပြုအမူ သည် ကမ်းကုန်အောင် ယုတ်မာ လှ၏ ။ မှူးကြီးမတ်ရာ သေနာပတိ မှ စ၍ သူဌေး , သူကြွယ် , ကုန်သည် , လယ်လုပ် အထိ တစ်နိုင်ငံလုံး ... သမီး ကို ထိမ်းမြားမည် ဆိုလျှင် အရည်းကြီးများ အား ပူဇော်သည့် အနေ ဖြင့် မင်္ဂလာ မဆောင်မီ တစ်ည လွှတ်ပေးရသည် ဟုဆို၏ ။ နောက်တစ်နေ့ ကျမှ မင်္ဂလာဆောင်ခွင့် ရကြ၏ ။ ယင်းသို့ သမီး ပေးရသည် ကို ပဲ ‘ ပန်းဦးလွှတ်ခြင်း ’ ဟု မြန်မာ့ လူမှုရေးနယ်ပယ် ၌ ဂုဏ်ယူ ပြောဆိုကြ သတဲ့ ။
စာကြည့်စားပွဲ တွင် ထိုင်၍ စာဖတ် နေသော ‘ ညိုထွေး ’ သည် စာအုပ် ထဲ မှ စာတစ်ပိုဒ် ကို ဖတ်မိရင်း ၊ ရှက်စနိုးစိတ် ဖြင့် ရင်ထဲ၌ လှိုက်ဖို သွားမိသည် ။
စာအုပ် အမည် က ... ‘ ဘဝလမ်းညွှန်စာပေ ’ စာရေးသူ က ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်ဆရာတော် အရှင်ခေမိန္ဒ ...
ပန်းဦးလွှတ်ခြင်း ...
ပန်းဦးလွှတ်ခြင်း ...
ပန်းဦးလွှတ်ခြင်း ...
‘ ပန်းဦးလွှတ်ခြင်း ’ ဟူသော စကားစုလေး က သိမ်မွေ့ လှပသလောက်...
စင်စစ် ... သတို့သား ဖြစ်သူသည် မိမိ လက်ထပ်မည့် သတို့သမီး ကို ဝေါစင် ( ထမ်းစင် ) တွင် တင်ဆောင်ပြီး အရည်းရဟန်း တို့ ထံ ပို့ဆက်၍ ပန်းဦးလွှတ်ခြင်း ကို သဘောတူ ကြည်ဖြူခဲ့ကြမည် မဟုတ်သော်လည်း ၊ ထိုခေတ် လူနေမှု ပုံသဏ္ဌာန် အရ ...
ညိုထွေး သည် ဉာဏ် မီသလောက် တွေးရင်း ကလေးဘဝ တုန်း က ကြည့်ခဲ့ရဖူးသော ရုပ်ရှင်ကား တစ်ကား ကို သတိရ လိုက်မိသည် ။ “ ပုဂံပြည် မှ အိုချစ်ရာ ” အမည် ရှိ ဇာတ်ကား ။ မင်းသား နှင့် မင်းသမီး က ညွန့်ဝင်း နှင့် သူရိန်ဝင်း ၊ သူရိန်ဝင်း ၏ ဖခင် က စိုးရွှေ ။ ပြီးတော့ လူကြမ်း သရုပ်ဆောင် ‘ သိုက်စိုး ’ ခေါင်းဆောင်သည့် အရည်းကြီးရဟန်းများ ... ။
‘ အိုချစ်ရာ ’ အမည်ခံ သူရိန်ဝင်း , ညွန့်ဝင်း နှင့် လက်မထပ်မီ နေ့ က အရည်းရဟန်းများ ၏ ကျောင်းတော်သို့ ဆက်သ ပို့ဆောင်ခြင်း ခံရသည့် မြင်ကွင်း ။ ပန်းဦးလွှတ်ခြင်း ခံရတော့မည့် ‘ အိုချစ်ရာ ’ ( သူရိန်ဝင်း ) ၏ ကြေကွဲမျက်ရည်စက် များနှင့် ပန်းဦးဆက်ခြင်း ဓလေ့ ကို ဆန့်ကျင်တိုက်ဖျက် လိုသော သတို့သား ညွန့်ဝင်း ၏ ဓားလွတ်ကိုင် , ကြိတ်မနိုင် ခဲမရ ဟန်အမူအရာများ ။
ရုပ်ရှင်ပိတ်ကား ပေါ်မှ ရုပ်ပုံလွှာများ ကို မြင်ယောင်မိရာ မှ ညိုထွေး သည် ... “ အင်း ... ငါ , အဲဒီခေတ် တုန်း ကသာ မိန်းမသား ဘဝ ကို ပိုင်ဆိုင်ခဲ့ရင် ’ ... ဟု ဖြတ်ကနဲ အတွေးရောက် မိပြီး ၊ ရင်ဖိုရသလို ၊ “ အခု ဒီခေတ် ထဲ မှာ မိန်းမသား ဖြစ်ရတာ ကံကောင်းတာပဲ ”
ဟူ၍ တွေးလိုက်မိသည် ။
တစ်ယောက် တည်း အတွေး ဝင်နေခိုက် ‘ နုဝေ ’ ရောက် လာသည် ။ နုဝေ က ညိုထွေး ၏ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ၊ တစ်ချိန်တုန်း က စာငတ်ဖေါ်, စာငတ်ဖက် ။ ယခုတော့ စာဖတ်ဖေါ်, စာဖတ်ဖက် ။ နုဝေ ၏ လက်ထဲ တွင် စာအုပ် တစ်အုပ် ကိုင်ထားသည် ။ နုဝေ စာကြည့်တိုက် မှ စာအုပ်ငှားပြီး အပြန်တွင် လှည့်ဝင်လာခြင်း ဖြစ်ကြောင်း ညိုထွေး သိလိုက်သည် ။
ယခင်က အချိန်အား , ရလျှင် ၊ အိမ်တကာ ဝင်ထွက်ပြီး အချိန်ဖြုန်း လေ့ ရှိသော ညိုထွေး တို့ သူငယ်ချင်း တစ်သိုက် မှာ ယခုအခါ တွင် ‘ ပညာပန်းခင်း ’ စာကြည့်တိုက် ၏ အမာခံ စာဖတ်သူများ ဖြစ်နေကြပြီ ။ အားလုံးကိုယ်စီ စာပေ ဗဟုသုတ အသိအမြင်တွေ ပွင့်လင်းလာနေကြပြီ ။ ဘာပဲဖြစ်ဖြစ် အသိပညာ အမှောင်ဖုံးလွှမ်း နေခဲ့သော သူတို့ တစ်တွေ မှာ ရပ်ကွက် ထဲမှ ပညာပန်းခင်း စာကြည့်တိုက် ကို ကျေးဇူးတင်ကြရသည် ။
ညိုထွေး က နုဝေ ၏ လက် ထဲ မှ စာအုပ် ကို ယူ လိုက်သည် ။ အရှင်ဇနကာ ဘိဝံသ ၏ ရတနာ့ဂုဏ်ရည် စာအုပ် ။ ညိုထွေး သည် ကတ်ပြားလေး တစ်ခု ညှပ်ထားသော စာမျက်နှာ ကို အမှတ်မထင် ကြည့် လိုက်သည် ။
“ မိစ္ဆာစာရ ကျူးလွန်ကလည်း ၊ မုန်းကြသူများ ၊ ရန်သူပွား၍ ၊ ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏ ။ ဣတ္ထိ ပဏ္ဍုပ် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျက် ”
ဟူသော စာပိုဒ်လေး ကို တွေ့လိုက်ရသည် ။
“ အံမယ် .. နင် က , စာကြီးပေကြီးတွေ ဖတ်လို့ပါလား ”
“ ငါ့ကို တော့ပြောတယ် .. နင် , ‘ ဘဝလမ်းညွှန် ’ တွေ .. ဘာတွေ ဖတ်နေတာ ကျတော့ရော ”
“ အေး နော် .. ငါတို့ တစ်တွေလည်း စာကြည့်တိုက် ဖွင့်ဖြစ်တော့ မှပဲ တကယ့် စာကောင်းပေကောင်း တွေ ဖတ်ခွင့် ရတော့တယ် ၊ ဘာပဲဖြစ်ဖြစ် ကိုကျော်မိုးလွင် တို့ အဖွဲ့ ကို ကျေးဇူးတင်ရမယ် ”
ညိုထွေး ၏ စကား ထဲ မှ ‘ ကိုကျော်မိုးလွင် ’ ဆိုသူမှာ ပညာပန်းခင်း စာကြည့်တိုက် ၏ တွဲဖက်အတွင်းရေးမှူး ။ စာကြည့်တိုက် ၏ ဗိသုကာတစ်ဦး ၊ ဤ ကလွင်ကျေးရွာ အုပ်စု အတွင်း၌ စာကြည့်တိုက် တစ်ခု တည်ထောင် ဖွင့်လှစ်နိုင်ရေး အတွက် ကာလ အတန်ကြာ ကပင် စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်သည် ။
“ ဒါထက် ... လာမယ့် စာဆို တော်ရာသီ မှာ စာကြည့်တိုက် မှာ စာပေဟောပြောပွဲ ကျင်းပမယ့်အကြောင်း.. ကိုကျော်မိုးလွင် ပြောတာ သဲ့သဲ့ ကြားမိသလိုပဲ ၊ ရန်ကုန် က နာမည်ကျော် စာရေးဆရာတွေ ဟောပြောကြမှာ တဲ့ ”
“ စာပေဟောပြောပွဲတွေ ကျင်းပတာ တို့ အတွက် သိပ် အကျိုး ရှိတာပဲနော် ၊ ဆရာဦးမြင့်ခိုင် နဲ့ မိခင်, ကလေးစောင့်ရှောက်ရေးအသင်း က ဟောပြော တာတွေရော ဘယ်လောက် ကောင်းသလဲ ”
ပညာပန်းခင်းစာကြည့်တိုက် မှ ကြီးမှူးသော ဟောပြောပွဲများကို အခါအားလျှော်စွာ ကျင်းပလေ့ရှိသည် ။ အထူးသဖြင့် မြိတ်တက္ကသိုလ် ၊ မြန်မာစာဌာန မှ ဆရာဦးမြင့်ခိုင် နှင့် မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မှ ဆရာမများ ၏ ဟောပြောချက်များ က အသိပညာရှာဖွေ စ, ညိုထွေးတို့ အဖို့ ကျေးဇူးကြီးမားလွန်းသည် ။
“ ဒါထက် နင့် မျက်နှာ က မချိုမချဉ် နဲ့ ပါလား နုဝေ .. နင် .. တစ်ခုခု တော့ တစ်ခုခု ပဲ ”
ညိုထွေး သည် ပြုံးစစ မျက်နှာပေးဖြင့် တစ်ခုခု ပြောချင်နေပုံဘရသော ‘ နုဝေ ’ ကို ကြည့်ရင်း ပြောလိုက်သည် ။
“ အေး… ငါ , ငါ လေ ... မကြာခင် , အိမ်ထောင် ပြုတော့မလို့ .. အဲ .. အဲဒါ .... ”
“ ဟင်.. မြန်လှချည်လား .. ငါတို့ က အေးအေးဆေးဆေး
မှ လက်ထပ်ဖြစ်မယ် ထင်တာ ”
ညိုထွေး က အံ့ဩဟန်ဖြင့် ပြောလိုက်သည် ။ တကယ်တော့ ကိုမိုးလှိုင် နှင့် နုဝေ တို့၏ ချစ်သူတို့ ဘဝ ကို ညိုထွေး တို့ သူငယ်ချင်းတွေ သိထားပြီး ဖြစ်ကြသည် ။ ဒါကလည်း စာကြည့်တိုက်ဖူးစာ ဟုပင် ဆိုရချေမည် ။ နုဝေသည် စာကြည့်တိုက် သို့ စာအုပ်ငှါးရန် ဝင်ထွက် သွားလာရင်း လူပျိုကြီး ကိုမိုးလှိုင် နှင့် ရည်ငံမိကြခြင်း ဖြစ်သည် ။ ကိုမိုးလှိုင် က စာကြည့်တိုက် တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ကိုကျော်မိုးလွင် ၏ အချစ်ဆုံး သူငယ်ချင်း ။ ပြီးတော့ ' ပညာပန်းခင်း ' စာကြည့်တိုက် ကော်မတီဝင် တစ်ဦး ။
“ အေးဟာ .. စောစောတုန်း ကတော့ လာမယ့် နှစ်ကျမှ လက်ထပ်ကြဖို့ပဲ ... ခုတော့.. သူ့ ဘက်ကလည်း အသက် တစ်နှစ် ကြီးလာမှာ စိုးလို့ထင်ပါရဲ့ဟာ .. ဝါကျွတ် ရင် လက်ထပ်ဖို့ နှစ်ဦး သဘောတူ ဆုံးဖြတ်လိုက်ကြတယ် ”
“ ဒါထက် .. နင်တို့ .. ဟို .. ဟို ...”
“ ဘာလဲ .. Prevention Method of AIDS ကို ပြောချင်တာလား ”
“ အေး .. ဟုတ်တယ် ၊ ပြောရမှာ အားနာလို့ အဲဒါ .. စစ်ဆေးပြီးကြပြီပေါ့ ”
“ ကိုမိုးလှိုင် က .. ဟောပြောပွဲတွေ မှာ .. ‘ အချစ်ဆုံး က .. အချစ်ဆုံး ကို အသေသ,တ်ခြင်း ’ ခေါင်းစဉ် နဲ့ ဟောပြော နေကျပါဟာ ၊ ဒီကိစ္စ .. No Problem ပါ ... ”
နုဝေ က ခေါင်းခါခါ လည်ခါခါ ဖြင့် ပြောနေသည် ။
ပြောမည် သာ ပြောရသည် ။ ကိုမိုးလှိုင် ၏ ရိုးသားမှု ကို ညိုထွေး အသိအမှတ် ပြုပြီးသားပင် ။ ပြီးတော့ နုဝေ ပြောသလို ကို မိုးလှိုင် သည် အေအိုင်ဒီအက်စ် ရောဂါ တားဆီး ကာကွယ်ရေး နှင့် ပတ်သက်၍ မြို့နယ် အတွင်း ကျင်းပသော လူထု အခမ်းအနား အချို့တွင် ဟောပြောနေကျ ပုဂ္ဂိုလ် ။ ပြီးတော့ လိုအပ်သည့် အခါတိုင်း တွင် သွေးလှူဒါန်း နေကျ ။
“ ကိုယ်တို့ နှစ်ယောက်စလုံး. . မကြာခင်ကပဲ သွေးစစ် ပြီးကြပြီဟ .. အားလုံး အိုကေပဲ .. ဒါကြောင့် .. No Problem လို့ပြောတာပေါ့ ”
နုဝေ က ယာဘက် လက်မ တစ်ချောင်း ထောင်ပြရင်း ..
“ ရှေ့ တစ်ပတ် လောက် မှာ ငါ ကိုယ်တိုင် ဖိတ်စာ လာပို့မယ် ... နော် ”
ဟု ပြောကာ သူ့ အိမ်သို့ ပြန်သွားသည် ။
••••• ••••• •••••
နုဝေ မင်္ဂလာ ဆောင်မည့် နေ့ ။
မင်္ဂလာ အခမ်းအနား က မွန်းလွဲ ၁းဝဝ နာရီ တွင် ၊ ဘုံတိုက်စိမ်းခန်းမ ၌ ကျင်းပမည် ဖြစ်သည် ။ ယခု နံနက် ၁ဝးဝဝ နာရီ သာ ရှိသေးသည် ။
ညိုထွေး သည် လက်ဖွဲ့ ပစ္စည်း ဝယ်ရန် ဆိုင်ကယ် တစ်စီး ဖြင့် ထွက်လာရင်း နုဝေ တို့ အိမ်သို့ ရောက်လာသည် ။ ဧည့်ခန်း ထဲတွင် နုဝေ တို့ ဆွေမျိုးသားချင်းများ ဖြင့် စည်ကား နေသည် ။
“ ဟယ် .. ညိုထွေး , နင် .. နောက်ကျ လိုက်တာဟယ် .. ငါတို့ ရောက်တာကြာပြီ ၊ နင့် ကို စောင့်နေကြတာ ”
ညိုထွေး ၏ သူငယ်ချင်း တစ်ယောက် က ဆီးကြို ပြောသည် ။
“ ငါ , နုဝေ အတွက် လက်ဖွဲ့ပစ္စည်း ဝယ်ဖို့ ထွက်လာရင်း ခဏ ဝင်လာတာဟ ” ဟု ပြန်ပြောရင်း ...
သူတို့ အုပ်စု ထဲတွင် သတို့သမီး ကို မတွေ့ ရသဖြင့် ‘ ညိုထွေး ’ က ...
“ ဒါထက် .. နုဝေ တစ်ယောက် မမြင်ပါလား ” ဟု မေးလိုက်ရာ သူငယ်ချင်း တစ်ယောက် က တံခါး ဟ, ထားသော အိမ်ခန်း ထဲသို့ မေးငေါ့ ပြ လိုက်သည် ။ ကြည့်လိုက်တော့ ... ပန်ကာလေ ဖြင့် ကြည်ပြာရောင် ခန်းစီးလိုက်ကာလေး လွင့် နေသော အခန်း ထဲမှ မျှော်လင့် မထားသော မြင်ကွင်းကြောင့် ညိုထွေး ၏ ရင်၌ သိမ့်ကနဲ လှိုက်ဖို သွားမိသည် ။
မိတ်ကပ်ပညာရှင် ၏ လက်ချောင်းလေးတွေ က နုဝေ ၏ မွက်ညက်သော ပါးပြင်နုလေး ကို တယုတယ ကိုင်တွယ်ရင်း ရုတ်တရက် ပါးချင်း အပ်လိုက်သည့် မြင်ကွင်း ။
နုဝေ သည် မိတ်ကပ်ပညာရှင် ၏ လက်ချောင်းများကြားတွင် မလူးသာ မလွန့်သာ ရုန်းမထွက်သာ ဖြစ်နေရှာသည် ။
မိတ်ကပ်ပညာရှင် ‘ ရှာရှာ ’.. အလှဖန်တီးရှင် ‘ ရှာရှာ ’ ဟု ဆိုလျှင် မြိတ်မြို့ပေါ်၌ မသိသူ မရှိကြ ။ ‘ ရှာရှာ ’ သည် သူ တာဝန်ယူ အလှ ဖန်တီးပေး ရသော မင်္ဂလာ သတို့သမီးတွေ ကို ဖြီးရင်း , လိမ်းရင်း , ခြယ်သရင်း ၊ မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်ဖုံ ၊ နမ်းတတ် ရှုံ့ တတ် ၊ ပါးချင်းအပ်တတ်သူ ဖြစ်သည် ။ မင်္ဂလာသတို့သမီး အတော်များများ က သူ့ အကြောင်းတွေ ကို သိ သော်လည်း ဘာရယ်ကြောင့် မသိ ၊ အလှပြင်ဆင်ဖို့ ကိစ္စ ဆိုလျှင် ‘ ရှာရှာ ’ မှ ‘ ရှာရှာ ’ ဖြစ်နေကြသည် ။ ‘ ရှာရှာ ’ ဆိုသူ မှာ အသက် ( ၃၀ ) ကျော် အရွယ်ခန့် သာ ရှိသေးသော်လည်း ၊ ကိုင်တွယ် သုံးစွဲသည့် ခေတ်မီ အလှအပ ပစ္စည်းတွေ ကြောင့် အသက် ( ၂၀ ) အရွယ်ခန့် ဟု ထင်ရသည် ။ ရုပ်ရည် က မိန်းမချော , ချောသည် ၊ ‘ ရှာရှာ ’ မို့ ဖြီးလိမ်း ပြင်ဆင် ဝတ်စားလိုက်လျှင် မိန်းမပျို တစ်ဦး နှင့်မခြား ယိုးမှား လောက်သည် ။ ‘ ရှာရှာ ’ ၏ အမည်ရင်း က ‘ မျိုးနောင် ’ တဲ့ ။
ညိုထွေး နှင့် သူငယ်ချင်း သုံးယောက် သည် အချင်းချင်း လက်တို့ ၍ အိမ်ခန်း ထဲ သို့ မနှစ်မြို့ ဟန် ဖြင့် ကြည့်နေကြသည် ။
ညိုထွေး ကား ... ‘ ငါ ကိုယ်တိုင် သတို့သမီး ဖြစ်ခဲ့ရင် ’ ဟူ၍ အတွေး ဝင်မိကာ ကြက်သီး ဖြန်းဖြန်း ထသည် အထိ ၊ ရင်ဖို သွားမိသည် ။ အိမ်ခန်း ထဲ မှ မြင်ကွင်း ကို အလို မကျဟန် ဖြင့် မှုန်တေတေ ဖြစ်နေပုံ ရသည် ။
“ ဟဲ့ .. ညိုထွေး ၊ နင် , မျက်နှာ မကောင်းပါလား ၊ ဘာဖြစ်လို့လဲ ၊ နေမကောင်း လို့လား ၊ သူများ မင်္ဂလာ ဆောင်မယ့်နေ့ ... မင်္ဂလာ ယူနေတုန်းမှာ .. ဟယ် ”
သူငယ်ချင်း တစ်ယောက် က သတိပေး လိုက်သည် ။
ညိုထွေး ၏ အာရုံ အစုအဝေး ထဲ တွင် ‘ ပုဂံပြည်မှ အိုချစ်ရာ ’ ဇာတ်ကား ထဲ မှ သတို့သမီး ‘ သူရိန်ဝင်း ’ အား ၊ အရည်းကြီးတို့ ထံ ပန်းဦးဆက် ဖို့ ဝေါစင်ဖြင့် တင်ဆောင် သွားပုံ ကို မြင်ယောင် နေမိသည် ။
ယခု လည်း သူငယ်ချင်း နုဝေ သည် ‘ ရှာရှာ့ ’ ထံ ၊ ပါးဦး , ဆက်နေပါကလား ၊
ဆရာတော် အရှင်ဇနကာ ဘိဝံသ မထေရ်မြတ် က ‘ ရတနာ့ ဂုဏ်ရည် ’ စာအုပ် တစ်နေရာတွင် ..
“ မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း ၊ မုန်းကြသူများ ၊ ရန်သူပွား၍ ၊ ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏ ၊ ဣတ္ထိပဏ္ဍုပ် ၊ မျိုးယုတ်ခါခါ ၊ မျက်နှာမလှ ၊ အရှက်ရလျှက် ” .. တဲ့ ။
ဣတ္ထိပဏ္ဍုပ် ...
ဣတ္ထိပဏ္ဍုပ် ...
ဟုတ်ပါရဲ့ ၊ “ ရှာရှာ ” ခေါ် မျိုးနောင် သည် ဣတ္ထိပဏ္ဍုပ် ...
“ ဟဲ့ .. ညိုထွေး , နင် ဘာဖြစ် နေတာလဲ ... ငါ , ပြော နေတာ မကြားဘူးလား ”
“ ကြားပါတယ် ဟယ် ၊ နုဝေ ‘ ရှာရှာ့ ’ ဆီမှာ ‘ ပါးဦးဆက် ’ နေတာ ကို ကြည့်ပြီး ရောက်တတ်ရာရာ တွေးနေမိတာပါ ”
“ ဘာ .. ဘာ .. ဘယ်လို ပြောလိုက်တယ် .. ပါးဦးဆက်တယ် ဟုတ်လား .. နင့် စကားက အဆန်း ပါလား .. ရှင်းပြစမ်းပါဦး ”
သူငယ်ချင်း တစ်ယောက် က စိတ်ဝင်တစား မေးလိုက်သည် ။ ကျန်သည့် သူငယ်ချင်း သုံးယောက် က ညိုထွေး ပြောမည့် စကား ကို နားစွင့် နေကြသည် ။
“ ဒီနေ့တော့ နင်တို့ ကို ရှင်းပြဖို့ အချိန် မရဘူး .. မနက်ဖြန် စာကြည့်တိုက် မှာ ဆုံတော့မှာပဲ ပြောပြတော့မယ် ”
ညိုထွေး သည် အိမ်ခန်း ထဲ မှ အလှဖန်တီးရှင် ‘ ရှာရှာ ’ ခေါ် ‘ မျိုးနောင် ’ နှင့် သူငယ်ချင်း သတို့သမီးလောင်း ‘ နုဝေ ’ တို့၏ လှုပ်ရှားမှု ကို တစ်ချက် ကြည့် လိုက်ပြီး ၊ မျက်နှာ ကို မဲ့ကာရွဲ့ကာဖြင့် “ ကဲ .. ငါ သွားမယ်နော် ... လက်ဖွဲ့ပစ္စည်း ဝယ်ရဦးမယ် ” ဟုပြော၍ နုဝေ တို့ အိမ် ထဲမှ ပြန်ထွက်လာခဲ့သည် ။
ညိုထွေး ၏ စိတ်အတွေး ထဲ ၌ တစ်ကိုယ်တည်း စကားတွေပြောနေမိသည် ။
“ ငါတို့ ဆီ မှာ .. သတို့သမီးတွေ အလှပြင်တဲ့ အခါ ၊ မျိုးနောင် တို့ လို ‘ ရှာရှာ ’ တွေ ကပဲ မင်းမူ လွှမ်းမိုး ထားကြတယ် ၊ တကယ် ဆိုရင် မိန်းမသား အချင်းချင်း အလှ ပြင် ပေးတာမျိုး မဖြစ်သင့်ဘူးလား သဘာဝ မကျဘူးလား ၊ ခုတော့ မိန်းမ အတု က မိန်းမ အစစ် ကို ကိုင်လား တွယ်လား ပါးချင်းအပ်လား နဲ့ မဖြစ်ချေဘူး ၊ ငါ ကိုယ်တိုင် အလှပြုပြင်ရေး နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်မယ် .. ပြီးရင် ကိုယ်ပိုင် အလှပြင်ဆိုင် ဖွင့်မယ် ၊ ငါ့ သူငယ်ချင်းတွေ အပါအဝင် မြို့ပေါ် က သတို့သမီးလောင်း တွေ ကို ငါ ကိုယ်တိုင် အလှပြင် ပေးမယ်.... ”
ပြီးတော့ ... သူငယ်ချင်းတွေ ကို ..
“ မင်းတို့ မင်္ဂလာဆောင် တဲ့ အခါ .. ပါးဦး ဆက်မှာလား .. ပါးဦး အလှပြင် မှာလား , ဆိုသည့် မေးခွန်း ကို မေးလိုက်ဦးမည် ” ဟု .. အတွေး ဝင်မိရာမှ ဆုံးဖြတ်ချက် တစ်ခု ကို ခိုင်ခိုင်မာမာ ပြဌာန်း လိုက်တော့သည် ။
⎕ ဝင်းမြအောင် ( မြိတ် )
📖 အလင်္ကာရပ်ဝန်း ( ၇ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment