Tuesday, August 20, 2024

မေဆွိ


 

❝ မေဆွိ ❞

မင်္ဂလာပါ ခင်ဗျာ ၊ လိပ်ပြာကူး ထူးခြားသူများ ဆိုတဲ့ အစီအစဉ်လေး ကို တင်ဆက်ဖို့ပဲ ဖြစ်ပါတယ် ။ ဒီနေ့ ကျွန်တော် တွေ့ဖို့ ရည်ရွယ်ထားတဲ့ သူ က တော့ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုကျော် မေဆွိ ဖြစ်ပါတယ် ။ မဆွေ ကို ကျွန်တော် တို့ က ပိတ်ကား ပေါ်မှာ မတွေ့တာ ကြာပါပြီ ။ စင်မြင့် ပေါ်မှာလည်း မတွေ့တာ ကြာပါပြီ ။ အဲဒီတော့ သူ့ ကို ကျွန်တော် မေးခွန်းတွေ မစခင် မှာ သူ နဲ့ ကျွန်တော် ပတ်သက်တဲ့ ဟာလေး ကို ကျွန်တော် စ , ပြောချင်ပါတယ် ။ ကျွန်တော် က ၁၉၇၇ ခုနှစ် ၊ ဒီဇင်ဘာလ ၂၃ ၊ ၂၄ ၊ ၂၅ သုံးည သိမ်ဖြူကွင်း ထဲ မှာ ဆောက်ထားတဲ့ ဇာတ်ရုံကြီး တစ်ခုမှာ Play Boys အဖွဲ့ ကို ပွဲ သွင်းဖို့ စီစဉ်ပါတယ် ။ အဲဒီတုန်း က ကိုသန်းနိုင် နဲ့ သွားပြောတဲ့ အခါမှာ ကိုသန်းနိုင် က သူ့ ပင်တိုင် အဆိုကျော်တွေ အဲဒီ အချိန်တုန်း က မပုလဲ က ဒုတိယကလေး ကိုယ်ဝန်ကြီး နဲ့ ဆိုတော့ မပုလဲ က မဆိုနိုင်ပါဘူး ။ သူ က ဘာ ပြောသလဲ ဆို တော့ ဒေါ်မြင့်မြင့်ခင် သမီးလေး သီချင်း ဆို နေတယ်ဗျ ။ သူ့ ကို ခေါ်ပါတဲ့ ပြောတဲ့အတွက် ကျွန်တော် နဲ့ ကိုသန်းနိုင် ဒေါ်မြင့်မြင်ခင် ဆီ သွားပါတယ် ။ အန်တီဘေဘီကလည်း အံ့သြစွာ နဲ့ အေးလေ နင့် ဝိုင်း နဲ့ ဆို ဆိုတာပေါ့ ဆို တော့ ကျွန်တော် က မေးပါတယ် ။ အန်တီဘေဘီ အနုပညာကြေး ဘယ်လောက် ပေးရမှာလဲ ဆိုတော့ အန်တီဘေဘီ က အားရပါးရ ပြောလိုက်တယ် ။ ၅ဝ ပေး ဟဲ့ ။ အဲဒီတုန်းက ၅၀ က တော်တော် များပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဘိုဘိုဟန် က ၇၅ ကျပ် ခေတ် ကိုး ။ ဒါပေမဲ့ ကျွန်တော် အဆိုကျော် တစ်ယောက် ထပ်ပြီး တိုး လို့ရအောင် မေဆွိ ဖြစ်လာမယ့် ဆွေအေးမြင့် ကို ကျွန်တော်တို့ အဲဒီ ပွဲမှာ ထည့်ခဲ့ပါတယ် ။ နောက်ကျတော့ သူ က စတီရီယို အဆိုကျော် ဖြစ်လာတယ် ။ စတီရီယို အဆိုကျော် ဘဝနဲ့ တစ်ခါ ရုပ်ရှင်မင်းသမီး ဘဝ ကို ရောက်သွားခဲ့တယ် ။ အခုတော့ ကျွန်တော် တို့ ပိတ်ကား ပေါ် မှာ လည်း မတွေ့တာ ကြာပြီ စင်ပေါ် မှာ လည်း မတွေ့တာ ကြာပါပြီ ။ အဲဒီတော့ ဒီနေ့ မဆွေ ကို တွေ့ဆုံမှာပါ ။

▢ မင်္ဂလာပါ မဆွေ ။

❥ မင်္ဂလာပါရှင့် ။

▢ မင်္ဂလာပါ ။

❥ ဟုတ် ၊ မတွေ့တာ ကြာပြီ ။

▢ ကြာပြီ ။

❥ ဟုတ်ပါတယ် ၊ ဟုတ် ... ဟုတ် ။

▢ မဆွေ ခုနက အစ်ကို ပြောခဲ့သလို သီချင်း စ , ဆိုတယ်ပေါ့နော် ။ အဲဒီတော့ စီးရီးခေတ်ပေါ့နော် ။ အခုတော့ တစ်ပုဒ်ချင်းစီ အွန်လိုင်း တင် နေကြတာ ။

❥ အင်း ... ဟုတ်တယ် ။ Single Album ဆိုပြီးတော့ ဒီမှာလည်း ထွက် နေကြတာ ဟုတ်တယ် ... ဟုတ်တယ် ။

▢ မဆွေ တို့ ကတော့ စီးရီးလိုက် အခွေခေတ်ပေါ့နော် ။

❥ C 60 ပေါ့ ။ C 60 ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ တစ်နာရီလုံး ပြည့် အောင် ကျွန်မတို့ က သီချင်း ကို ဖြည့်ပြီးတော့ ဆိုရတာပေါ့နော် ။ အဲဒီလိုမျိုး ခေတ် ကို ကိုယ်က မီခဲ့တာ ဆိုတော့ ပထမဦးဆုံး ကျွန်မ ... ကိုဝင်းငြိမ်း ပြော သလိုမျိုး ကျွန်မတို့ ဒီပွဲ ကိုပေါ့နော် ၊ ဒီ ပွဲ ကို ကျွန်မ ဆိုတဲ့အ ချိန်မှာ မေဆွိ ဆိုတဲ့ နာမည်လေး ပဲ ရှိသေးတာ ။ ကိုယ်ပိုင် သီချင်းတွေ အနေနဲ့ ကျွန်မ မှာ ဘာမှ မရှိသေးပါဘူး ။ အဲဒီတော့ ကျွန်မ မမဂျိုက်စ် ရဲ့ မီးမီးလေး ရဲ့ မေမေ့ ကျောင်း ၊ ကျွန်မချစ်ချစ် စစ်သားချော အဲဒီလို သီချင်းမျိုးလေးတွေ နဲ့ ကျွန်မ ဆိုပြီးတော့ နောက် အမေ့ နားပန်းဆံ ပေါ့ ။ အဲဒီသီချင်းလေးတွေ ကျွန်မ ဆို ပြီးတော့ ကျွန်မ ပရိသတ် ရဲ့ အားပေးမှု ကို ရခဲ့တာပေါ့ ။ ဖြည်းဖြည်းချင်း ပေါ့နော် ။ အဲဒီ ဆိုတာ ဘာဖြစ်လို့ ကိုသန်းနိုင် က ကျွန်မ ကို ဒီ ပွဲ မှာ ကိုဝင်းငြိမ်း ကို သူ က ကျွန်မ နာမည်လေး ထုတ်ပြီး သူ Recomend လုပ်သလဲ ဆိုတော့ ကျွန်မ နဲ့ သူတို့ နဲ့ က အဲဒီ ၇၇ နှစ် မတိုင်ခင်ပေါ့နော် ၊ ရှေ့ဘက် မှာ သုံးနှစ် လောက်မှာ ကျွန်မတို့ နှစ်ကျိပ်ရှစ်ဆူ သီတင်းကျွတ်ပွဲ ဆိုတာ အင်မတန် နာမည်ကြီး ပါတယ် နော် ။

▢ ဟုတ်ကဲ့ ၊ ပျဉ်းမနားမှာ ။

❥ အဲဒီ နှစ်ကျိပ်ရှစ်ဆူပွဲ မှာ တကယ်တမ်း က တော့ ဘဘ ဦးတောက်ထိန် က ၊ ရဲဘော်သုံးကျိပ်ဝင် ပေါ့နော် ။ အဖေ့ ရဲ့ ဘကြီး တော်ပါတယ် ။ သူတို့ ရဲ့ ပျဉ်းမနားမြို့ မှာ ဒါက အရမ်း ကို ခြိမ့်ခြိမ့်သဲ အင်မတန် ကို ကြီးမားတဲ့ ပွဲကြီး လို ဖြစ်တဲ့ အတွက်ကြောင့်မလို့ သူတို့ က အပြိုင်အဆိုင် အဆိုတော်တွေ ငှားကြတယ် ရပ်ကွက် လိုက် ။ အဲဒီတော့ အဲဒီလို အပြိုင်အဆိုင် ငှားကြတဲ့ နေရာမှာ အမေ့ ကို သူ က လာပြီးတော့ ဆို ဖို့ ခေါ်တာပါ ။ ကျွန်မတို့ က တော့ ငယ်ငယ် ဆိုတော့ တော်တော်လည်း ငယ်ပါသေးတယ် ။ ကျွန်မ အဲဒီတုန်းက ဆယ့်တစ်နှစ် ၊ ဆယ့်နှစ်နှစ် လောက်ပဲ ရှိဦးမယ် ။ အဲဒီလို အရွယ် ဆိုတော့ ကျောင်း ပိတ်တယ် ၊ သီတင်းကျွတ်ပိတ်ရက် ဆိုတော့ ကိုယ်က ဘယ်မှ လည်း မသွားရတော့ လိုက်ချင်တာပေါ့ ။ ဒီ မြို့တွေ ကို ရောက်ဖူးချင်တာပေါ့ ။ အဲဒီ တော့ လိုက်မယ် ၊ ကိုယ် က လိုက်မယ် ဆိုတော့ ဘဘ က ပြောတယ် ။ ဘဘ ဦးတောက်ထိန် က အေး တဲ့ .... နင် လိုက်မယ် ဆိုလို့ ရှိရင်လည်း အလကား တော့ မလိုက်ရဘူး ၊ သီချင်း ဆိုရမယ် ဆိုတော့ ကိုယ့် ကို ဆိုတော့ ၊ ဒါ ကလေး ဆိုတော့ သူတို့က ထမင်းဂျိုး ၊ ဟင်းဂျိုး ပေါ့ သိတယ် မဟုတ်လား ၊ အလကား ပဲပြောတယ် အောက်မေ့ပြီး ကိုယ် က လည်း ဆိုမယ်ပေါ့ ။ အဲဒီလိုပဲ ... ပေါ့ပေါ့ပဲ ပြောလိုက်တာပေါ့လေ ။ တကယ်တမ်း ဟိုလည်း ရောက်ရော အမေ့ ကို ဦးသိန်းတန် ရယ် ၊ ဦးသန်းနိုင် ရယ် က အမေ့ သီချင်းတွေ ကို ပေါ့နော် ... မြစ်ကြီးဧရာဝတီ တို့ ၊ နားပန်းဆံ တို့ အဲဒါတွေကို သူတို့ ရဲ့ တကယ့်ပလေးဘွိုင်း နဲ့ ၊ အဲဒီလို အီလက်ထရစ်ဂစ်တာတွေ နဲ့ ၊ ဒရမ်တွေ နဲ့ ပြောင်းပြီးတော့ စပြီး အမေ့ ကို တိုက် ပေးပါတယ် ။ ပြီးလည်း ပြီးရော အမေ့သီချင်း လည်း ပြီးရော ဟဲ့ ကောင်မလေး တဲ့ ... နင် က ဘာ ဆိုမှာလဲတဲ့ ။ ဟင် ... ကျွန်မ က အရမ်း အံ့သြသွားတယ် ။ ကျွန်မ မှာ ဘာ သီချင်း မှ လည်း မရှိဘူး ။ ဒါပေမဲ့ ကျွန်မ က နားကြား နေတဲ့ ၊ နားယဉ် နေတဲ့ သီချင်းတွေ တော့ ရှိတာပေါ့ ။ ဒါဆိုလို့ ရှိရင် ကျွန်မ လို့ ... မီးမီးလေး ရဲ့ မေမေ့ကျောင်း ဆိုမယ်လို့ ဆိုတော့ သူ တို့ တိုက်ပေးတယ် ။ အဲဒီမှာ ကျွန်မ က စ ပြီးတော့ ပလေးဘွိုင်း နဲ့ ဒီ နှစ်ကျိပ်ရှစ်ဆူပွဲ က နေပြီးတော့ ဆွေအေးမြင့် နဲ့ ကျွန်မ သုံးနှစ် လောက် အဲဒီမှာ ဆိုဖြစ်ပါတယ် ။ ပလေးဘွိုင်း နဲ့ က နှစ်နှစ် ၊ EMachine နဲ့ တစ်နှစ် ။ EMachine နဲ့ တစ်နှစ် ပြီးသွားတဲ့ အခါကျတော့မှ အဲဒီမှာ ကိုဝင်းငြိမ်း ကို ငှားတဲ့ အဲဒီ ပွဲ မတိုင်ခင် စပ်ကူးမပ်ကူး မှာ ပေါ့နော် အဲဒီလို အချိန် လေးမှာပေါ့ ရွက်ဝါ ဦးမောင်မောင် က အဲဒီ EMachine နဲ့ ဆိုတာကို သူ က သဘောကျ သွားပြီး တော့ သူ့ ရွက်ဝါတေးသံသွင်းက နေပြီးတော့ သီချင်း အဆိုတော် တစ်ယောက် ကို သူ မြှောက်ချင်တယ်ပေါ့နော် ။ မြှောက်ချင်တယ် ။ အသစ် ထုတ်ချင်တယ် ။ အဲဒီတော့ မာမီ ကို လာ ပြောပြီး သူ က စာချုပ် ချုပ်ပြီးတော့ ကျွန်မ ကို ပထမဦး ဆုံး အဲဒီ နေသာတုန်း မှာ အဝတ်လှန်းပါ သီချင်းလေး ကို ကျွန်မ ကိုယ်တိုင် တောင် မဟုတ်ဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ တစ်ယောက်တည်း ကို ဆို အဲဒီတုန်း က ကျတော့ အရဲစွန့်ပြီး တစ်ခွေလုံး ထုတ်ဖို့ ဆိုတာ ခဲယဉ်းတယ်လေ ။ အဲဒီတော့ ကိုမဂျစ်ရယ် ၊ အန်တီမာမာအေး ရယ် ၊ ကျွန်မ ရယ် ၊ ကျွန်မ  ကတော့ အဲဒီ ကိုမဂျစ် နဲ့ စုံတွဲ ရယ် ၊ ကျွန်မ သီချင်းလေး နှစ်ပုဒ်လောက်ရယ် နဲ့ ပေါ့နော် ။ အဲဒီဟာလေး မှာ နေသာတုန်းမှာ အဝတ်လှန်းပါ ဆိုတဲ့ သီချင်းလေး ကိုစစ်ငြိမ်း ရေးပေးတာ ။ အဲဒီ သီချင်းလေး က ကျွန်မ မူပိုင်သီချင်းလေး အနေနဲ့ ပရိသတ်တွေ ကြား ထဲ ကို ပထမဦးဆုံး ရောက်တဲ့ သီချင်းလေးပေါ့နော် ။

▢ မဆွေ အဲဒီ စီးရီး နာမည် မှတ်မိသေးလား ။

❥ နစ္စသော နစ္စဧညော ဆိုတဲ့ သီချင်းစီးရီးလေး နာမည်ပါ ။

▢ အဲဒီတော့ မဆွေ ဒီ လိပ်ပြာကူး ထူးခြားသူများ ဆိုတဲ့ ပရိုဂရမ် ကတော့ ရုပ်ရှင် အပိုင်းပေါ့နော် ။ မဆွေ နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် တော့ ၊ သီချင်း နဲ့ ပတ်သက်ပြီး ပြောရင်တော့ အများကြီး ရှိပါတယ် ။

❥ ဟုတ်ကဲ့ ၊ အများကြီးရှိပါတယ် ။

▢ ကိုယ်တို့ က ဒီမှာ က ရုပ်ရှင်အကြောင်း အဓိကထား ပြောတာ ဆိုတော့ ... ။

❥ ဟုတ်ကဲ့ပါ ၊ ဪ ... ကျွန်မ က ရုပ်ရှင် ရိုက်ဖူးလား ဟင် ( ရယ်လျက် )  ။

▢ ရိုက်ဖူးတယ် ။

❥ ကျွန်မ က အိုက်တင် မလုပ်တာ ကြာတော့ မေ့နေလို့ပါ ။

▢ ဟုတ်ပါပြီ ။ အဲဒီတော့ ကိုယ် ပြောချင်တာက အမေ က အကယ်ဒမီဆု ရတဲ့ ရုပ်ရှင်မင်းသမီးကြီး ။

❥ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ၊ ဟုတ်ပါတယ် ။

▢ သီချင်း လည်း ဆိုတယ် ။ အန်တီဘေဘီ ရဲ့ အားသာချက် က ကိုယ်တိုင် သီချင်း ဆိုနိုင်တယ် ။ ကိုယ်တိုင် သရုပ်ဆောင်နိုင်တယ် ။ အဲဒီ တော့ မဆွေ က သီချင်း စ , ဆိုတယ် ။

❥ ဟုတ်ကဲ့ ၊ ဟုတ် ။

▢ ဆိုပြီးတဲ့ နောက်မှာ ရုပ်ရှင် ဘက် ကို ကူးလာတယ် ။ အဲဒီတော့ မဆွေ စိတ် ထဲမှာ အမေ့ ကို အားကျ ပြီးတော့ ငါ လည်း တစ်နေ့ကျ သရုပ်ဆောင် ဖြစ်ရမယ်လို့များ စိတ်ကူးခဲ့ ဖူးသလား ။

❥ အဲဒီလိုတော့ စိတ်မကူးခဲ့ဖူးဘူး ။ တကယ်တမ်း ကျွန်မ က မေဆွိ ဆိုတဲ့ အဆိုတော် ဖြစ်လာတဲ့ အချိန်မှာ ကျွန်မ က မခင်သီတာထွန်း ( မမသန်း ) ရဲ့ Background ပေါ့နော် ၊ သူ့ ရဲ့ Play Back တွေ ကျွန်မ အများကြီး ဆိုရတယ် ။ မမသန်း ကို ဆိုပေးရတယ် ။ မမဆွေဇင်ထိုက် ( မဂရေ့စ် ) ကို ဆိုပေးရတယ် ။ အဲဒီလိုမျိုး ဆိုပေးတဲ့ အချိန်မှာ ကျွန်မ က အဲဒီ ရုပ်ရှင်လုပ်တဲ့ ကုမ္ပဏီပိုင်ရှင် တွေ ၊ ဒါရိုက်တာတွေ နဲ့ ကျွန်မ ရင်းနှီးတယ် ။ အရမ်း ရင်းနှီးလာတယ် ။ ရင်းနှီးလာတဲ့ အခါကျတော့ သူတို့ က ဒါကတော့ သူတို့ အနေနဲ့ ကျွန်မ မှာ Talent ရှိလို့ပဲ ရုပ်ရှင်ရိုက်ဖို့ ပြောတာလား ၊ ဒါမှမဟုတ်လို့ ရှိရင် နာမည် ကြီး ပြီးသား အဆိုတော် ဖြစ်နေလို့ပဲ ကျွန်မ ကို ရိုက်ဖို့ ဆိုချင်တာလားတော့ မပြောတတ်ဘူးပေါ့ ။ သူတို့ က အဲဒီမှာ တင် စ , စပြီးတော့ ပြောနေတယ် ။ “ ရုပ်ရှင် မရိုက်ဘူးလား ၊ သီချင်း တောင် ဆိုနေပြီပဲ ။ ရုပ်ရှင် ရိုက်တော့လေ ။ အမေ့ သမီးပဲ လုပ်တော့ ” ။ ကျွန်မ က တကယ်တမ်း ကျတော့ အဲဒီလောက် ကြီးထိ ကျွန်မ ကိုယ် ကျွန်မ မယုံဘူး ၊ ဒါ အရှင်းဆုံး ပြောပြတာ ။ ကျွန်မ လုပ် နိုင်လိမ့်မယ် လို့ လည်း မထင်ဘူး ။ ဒါကြောင့်မို့လို့လည်း ကျွန်မ ဆယ်တန်း အောင်ပြီး ကောလိပ် ကို ရောက်မှ ကျွန်မ ရုပ်ရှင် ကို စ , ရိုက်တာ ။ ဘာဖြစ်လို့လဲ ဆိုတော့ အစောကြီး ကျွန်မ မရိုက်ဖြစ်ဘူး ဆိုတာကလေ ကျွန်မ ကိုယ့် ကိုယ် ကို ပြန်ဆန်းစစ် နေတာပေါ့လေ ။ ကျွန်မ က ရုပ်ရှင်အပိုင်း မှာ ကျတော့ ဘာကို စဉ်းစားမိလဲ ဆိုတော့ အမေ က နာမည်ကြီး အကယ်ဒမီ ရုပ်ရှင်မင်းသမီး ဖြစ် တဲ့ အတွက်ကြောင့်မလို့ ကျွန်မ ရိုက်တဲ့ အခါ ကျလို့ ရှိရင် အမေ့ ကို မမီဘူး လို့ ကျွန်မ အပြောမခံနိုင်ဘူး ။ ဒါပေမဲ့ တစ်ခု ရှိတာက ကျွန်မ ရုပ်ရှင် စ , ရိုက်ဖြစ်တဲ့ ဦးဆိုးပေ ၊ ဦးမဲ နဲ့ ရိုက်ဖြစ်တဲ့ အချစ်ဆုံး ဆိုတဲ့ ကားလေး မှာ အမေတို့ က ကျတော့ လည်း ဦးဆိုးပေ ၊ ဦးမဲတို့ ( ခင်မောင်ဦး စိုးသိမ်းထွဋ် ) နဲ့ အရမ်း ရင်းနှီး တော့ သူတို့ သီချင်း ၊ သူတို့ အတွက်လည်း ကျွန်မ က သီချင်းတွေ အများကြီး ဆိုဖြစ်တော့ သူတို့ နဲ့ ရင်းနှီးတယ် ။ တကယ်တမ်း ကျတော့ ကျွန်မ က ဘယ်လိုလဲ ဆိုတော့ လူတစ်ယောက် နဲ့ ရင်းနှီးပြီး မှ အလုပ် ကို လုပ်တတ်တဲ့ သဘော ရှိတယ် ကျွန်မ သဘော က ။ ကျွန်မတို့ ခေတ် တုန်းက ကျွန်မ တို့ က ဒါရိုက်တာ ကို ယုံတယ် ။ ဒါ ကျွန်မတို့ အထိနော် ။ အမေတို့ ခေတ် ကို မပြောနဲ့ ကျွန် မတို့ အထိ ။ ကျွန်မတို့ က ဒီ ရုပ်ရှင်ကား တစ်ကား ကို သူတို့ ကျွန်မ ကို လာ ငှားပြီ ဆို ကတည်းက ဒီရုပ်ရှင်ကား က ကျွန်မ နဲ့ လိုက်လို့ ၊ ပြီးတဲ့ အခါကျရင် ကျွန်မ ဘယ်လို ဇာတ်ရုပ်မျိုး လုပ်ရမလဲ ဆိုတာ ကို သူတို့ ကျွန်မ ကို ယုံကြည် လို့ သာ ဒီ ရုပ်ရှင်ကား ကို ကျွန်မအတွက် လာ ငှားတာလို့ ကျွန်မတို့ က အဲဒီလို ထင်တာ ။ အဲဒီတော့ အဲဒီလိုမျိုးတွေ ဖြစ်လာတဲ့ အခါကျတော့ အမေ ၊ အမေ့ ကို ပြောချင်တာပါ ။ အမေ က အင်မတန် နာမည် ကြီးပြီး အကယ်ဒမီများ ရ ထားတဲ့ မင်းသမီး ဖြစ်လင့်ကစား အမေ ဟာ ကျွန်မ ရုပ်ရှင်ရိုက်တဲ့ အပေါ်မှာ ဘယ်နေရာလေး က ဘယ်လို လုပ်လိုက်ဦး ၊ ဒီ နေရာလေး က ဒီလို လုပ်လိုက်ဦး ကျွန်မ ကို အခုချိန်ထိ တစ်ခွန်း မပြောပါ ။ ဘာကြောင့်လဲဆိုတော့ ဒီ ဇာတ်ကား တစ်ကားလုံး ကို ရိုက်နေတဲ့ ဒါရိုက်တာ ဟာ သူ့ ရဲ့ အလုပ် ကို သူ သိတယ် ။ ဒါကြောင့်မို့လို့ ဒီ တစ်ယောက် ကို သူ့ ဟာ သူ ပုံဖော် နိုင်အောင် သူ လုပ်ခိုင်းမှာပဲ ဆိုတဲ့ အမေ့ ရဲ့ယုံကြည်ချက် က အပြည့်ရှိတယ် ။ ဒါ အမေတို့ ရဲ့ အနုပညာ စိတ် ရဲ့ လုံးဝ ကို ကျွန်မ အရမ်း ကို မှ Admire ဖြစ်ရတဲ့ စိတ်ပါ ။ ဒါ အမေ တို့ အရမ်း တတ်တယ်လေ ။ အမေ တို့ ပြောရင် ရတာပေါ့ ။ ဒါပေမဲ့ အမေ ကျွန်မ ကို လုံးဝ ဝင်မပြောဘူး ။ ဟုတ်တယ် မဟုတ်လား ။ ဆိုလိုချင်တာ က လိုအပ်လျှင် ဒါရိုက်တာ ပြောမယ် ။ ဘာလို့လဲ ဆိုတော့ အမေ က ကျွန်မ ကို အဲဒီလိုမျိုး သွန်သင်ခဲ့တယ် ။ နောက်ပြီး ဒါရိုက်တာတွေ ရဲ့ စိတ်ကြိုက် နဲ့ ပဲ ကျွန်မ အလုပ် လုပ်ခဲ့တယ် ။ ဒါကြောင့်မလို့ ကျွန်မ က ရိုက်တော့ ရိုက်ထားတဲ့ ဇာတ်ကား တွေက အရမ်း အများကြီး မရှိငြားသော်လည်း ရိုက်ထားဖူးတဲ့ ကားတွေ မှာ ဇာတ်ရုပ် ပီအောင် လုပ်တဲ့ အတွက်ကြောင့်မလို့ ပရိသတ် က မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားတွေ တော့ ရှိခဲ့တယ် ။ ဗီဒီယို တွေ ရော ၊ ရုပ်ရှင်ကား တွေရော ။

▢ မဆွေ ပြောသွားတဲ့ အထဲ မှာ ပထမဆုံး ကား က “ အချစ်ဆုံးနော် ” ။

❥ ဟုတ်ကဲ့ပါ ။

▢ “ အချစ်ဆုံး ” က မဲဇာ လား မသိဘူး ။

❥ ဟုတ်ပါတယ် ။ ကိုမဲဇာ က မင်းသား ပါ ။ အမှန်ကတော့ မောင်နှမ သုံးယောက် ရဲ့ ဇာတ်လမ်း ပါ ။ ညီမ အငယ်ဆုံး လုပ်ရတာလည်း ဖြစ်တဲ့အတွက်ကြောင့် မလို့ ကျွန်မ က သိပ် လှစရာလည်း မလိုဘူးလေ ။ အငယ်ဆုံး လည်း ဖြစ် တယ် ပေါ့ပေါ့ပါးပါး နဲ့ အဲဒီလိုလေး ။ ဒါပေမဲ့ ပထမဆုံး ချစ်သူ နဲ့ တွေ့သွားတဲ့ အခါမှာ ယောက်ျား နောက် လိုက်ပါသွားပြီး တော့မှ ကလေး .. ကောင်မလေး က နှလုံးရောဂါ ရှိတာကို အစ်ကိုတွေ က သိလို့ ဒီလိုမျိုး မဖြစ်စေချင်လို့ သူ တို့ က တားတာ ။ အဲဒီမှာတင် နောက်ပိုင်းကျတော့ ကောင်လေး က ဆေးသမား ၊ ဆိုးတဲ့ အခါ ကျတော့ ကောင်မလေး က အိမ်ပြန် ရောက်လာ ပြီးတော့ အဲဒီ စိတ် နဲ့ သေတဲ့ ဇာတ်လမ်းမျိုးလေးပေါ့နော် ။ အဲဒါလေး ရိုက် ထားတဲ့ အခါတုန်းမှာ ကျတော့ ပထမပိုင်း က တော့ လုံးဝ ပေါ့ပေါ့ပါးပါးပေါ့ ။ နောက်ပိုင်း က ကျတော့ တကယ်ကို Heavy ပေါ့ ။ အဲဒီတော့ ကျွန်မ တစ်ခါမှ မျက်ရည်အတု နဲ့ သရုပ် မဆောင်ဖူးပါဘူး ။ ဘာမဆို ကျွန်မ ရအောင် Mood ကို သွင်းပြီးတော့ လုပ်တယ် ။ ကျွန်မ အကြိမ်ကြိမ် အခါခါ ငိုခဲ့ရတဲ့ အန်တီ ခင်သန်းနု နဲ့ ရိုက်ဖူးတဲ့ ရုပ်ရှင်ကား ရှိပါတယ် ( ရယ်လျက် )  ။ ဒါပေမဲ့လည်း ဒါလည်း ဘယ်လိုပြောပြရမလဲ ... သင်ခန်းစာပေါ့နော် ။ ဘာလို့လဲ ဆိုတော့ သူတို့တွေ က အင်မတန် ကျွမ်းကျင်ပြီးသား ရုပ်ရှင်မင်းသမီး တွေ ဖြစ်ကြတယ် ။ အဲဒီတော့ ကျွန်မ တွဲလုပ်ရတဲ့ နေရာမှာ ကျွန်မ ဘက် က မပြည့်ဝ,တာလည်း ပါတာပေါ့လေ ။ အဲဒီတော့ အကြိမ်ကြိမ် အခါခါ ကျွန်မတို့ ပြန် လုပ်ရတဲ့ ရုပ်ရှင်ကားမျိုး ရှိခဲ့ဖူးပါတယ် ။ ရိုက်ခဲ့ဖူးပါတယ် ။ အဲဒီတော့ အတွေ့အကြုံ က တော့ အများကြီး ရှိခဲ့တာပေါ့ ကိုဝင်းငြိမ်း ရယ် နော် ၊
ဟုတ်ကဲ့ ။

▢ အဲဒီတော့ ပထမဆုံး စ , ရိုက်တာကတော့ ဒါရိုက်တာ ခင်မောင် ဦး စိုးသိန်းထွဋ် နော် ။ သရုပ်ဆောင် ဆိုးပေ ၊ မောင်မဲ တို့ နော် ။

❥ ဟုတ်တယ် ၊ ဟုတ်ကဲ့ ဟုတ်ပါတယ် ။

▢ သူတို့နဲ့ စ , ရိုက်တယ် ၊ နောက် မဆွေ ရိုက်ခဲ့တဲ့ ကားတွေ မှာ အများစု မှာ ဦးအောင်မြင့်မြတ် နဲ့ တော်တော် များတယ် ။

❥ များပါတယ် ။ ပါးပါး ၊ ဦးကြီးမြင့် ရှိတယ် ။ ဦးအောင်မြင့်မြတ် ၊ ဦးစိန်သံမဏိ ဆုံးသွားရှာပြီ ။ ဦးစိန်သံမဏိ ရှိတယ် ၊ ဦးမီးပွား ရှိပါတယ် ။

▢ ဦးအောင်မြင့်မြတ် ရိုက်တဲ့ ကား ထဲမှာ ဆိုရင် ကိုယ် မှတ်မိတာ ပေါ့နော် ၊ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ဝတ္ထု ကို ရိုက်တဲ့ “ ခပ်စိမ်း စိမ်းပဲ နေပါ့မယ် ”

❥ ဒါလီလေ ( ရယ်လျက် ) ။

▢ “ ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ” ဆိုလို့ ရှိရင် တကယ့် ကို ပရိသတ် ကရော ... ။

❥ ဆတ်စလူး ... ။

▢ ရုပ်ရှင် ဝါသနာ ပါတဲ့ သူတွေ က ရော ဒီ ကားမှာ မေဆွိ အကယ်ဒမီ ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ် ။ ဒါပေမဲ့ မဆွေ အဲဒီ ကား မှာ အကယ်ဒမီ နဲ့ လွဲသွားတယ် ။ ဒါပေမဲ့ ခုချိန်ထိ ဒီကား က တော့ မဆွေ အကယ်ဒမီ ရတဲ့ ကား လို့ သတ်မှတ်နေကြတုန်းပဲနော် ။

❥ ဟုတ် ၊ ရသင့်တဲ့ ကား လို့ သတ်မှတ်တာပေါ့ ။ ဟုတ်ကဲ့ပါ ၊ ဟုတ်ကဲ့ပါ ။

▢ အဲဒီတော့ အဲဒီ အချိန်တုန်းက မဆွေ မှာ ခံစားချက် တစ်ခု ခု တော့ ရှိလိမ့်မယ်လို့ ထင်တယ် ။

❥ ဟုတ်ကဲ့ ၊ ခံစားချက် ရယ် လို့တော့ ဒီလိုပါ ။ ကျွန်မ က တော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လို ပြောရမလဲ အကယ်ဒမီ ရလောက်အောင် ကျွန်မ ကြိုးစားပြီး လုပ်ခဲ့တာမျိုး မရှိဘူးပေါ့နော် ။ ဘာပဲပြောပြော ဒီ ဇာတ်ရုပ် နဲ့ ကိုယ် နဲ့ ကိုက် သွားလို့ ပရိသတ် ကလည်း သဘောကျတယ် ။ နောက်ပြီးတဲ့ အခါကျ တော့ ဒါဟာ ထင်ထင်ရှားရှားကြီး ဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒါ ရသင့်တယ် လို့ သူတို့ သတ်မှတ်တာပေါ့ ။

▢ ဟုတ်တယ် ... ဟုတ်ကဲ့ ။

❥ ဒါပေမဲ့ မရဘူး ဆိုတာကလည်း လူ တစ်ယောက် ရဲ့ ကုသိုလ်ကံ နဲ့ အများကြီး ဆိုင်ပါတယ် ။ အဲဒါကြောင့်မလို့ ကျွန်မ အဲဒီလိုတော့ စိတ် ထဲ မှာ တော့ ဘာမှ မဖြစ်ဘူး ။ ဒါပေမဲ့ ဪ ... ကိုယ် ကြိုးစားတယ် ၊ ကြိုးစားခဲ့ တယ် ။ ရအောင် အထိပေါ့နော် ကြိုးစားခဲ့တယ် ။ ဒါပေမဲ့ ရိုက်တဲ့ အချိန်တုန်း က ကျွန်မ အကယ်ဒမီ မမှန်းဘူး ဒါ အရှင်းဆုံး ပြောပြတာ ။ ကျွန်မ အကယ်ဒမီ ကို မှန်းပြီး ရိုက်ခဲ့တဲ့ ရုပ်ရှင်ကား ဆိုတာတော့ မရှိဘူးပေါ့ ။

▢ မရှိဘူး ။

❥ အဲဒီတော့ သူ့ ဟာ နဲ့ သူ လိုက်ဖက် သွားပြီး ပရိသတ် က သာ Nominate လုပ်တဲ့ဟာမျိုးပဲ ရှိတာ ဆိုတော့ ဘာ Feeling ရှိသလဲလို့ မေးတာမှာ ဒါပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ ကြိုးစားခဲ့တယ် ။ ကြိုးစားခဲ့ပေမဲ့ မရခဲ့ဘူး ။ ဒါပေမဲ့ ကျွန်မ ဘာရလဲ ၊ ပရိသတ်တွေ ရဲ့ အားပေးမှု ။ ခုချိန်အထိ ကျွန်မ တကယ်လို့ သာ ရုပ်ရှင် ပြန်ရိုက်မယ် ဆိုရင်လည်း ပရိသတ်တွေ က သဘောကျ ဦးမှာပါ ။

▢ Welcome ပဲ ... Welcome ပဲ ။

❥ ဟုတ်ကဲ့ ၊ ရိုက်သင့်တယ် လို့ လည်း လူတိုင်း က ပြောကြပါတယ် ။ ကျွန်မ က သာ မရိုက်တာ ။ ဘာကြောင့် မရိုက်တာလဲ လို့ ပြောလို့ ရှိရင် ကျွန်မ အိမ်ထောင်ပြုလိုက်တာရယ် ၊ ပြီးတဲ့ အခါကျတော့ ကျွန်မ အမေရိကား ကို ထွက်သွားတာရယ် ဒါလေးတွေပေါ့နော် ။ အဲဒီလိုမျိုးလေးတွေ ဖြစ်တဲ့အခါ ကျတော့ ကျွန်မ နည်းနည်းအဆက် ကွာသွားတာလည်း ပါတယ် ။ နောက်ပိုင်းကျတော့ ကျွန်မ ပြန်ပြီးလာတဲ့ အချိန် မှာ လည်း ကျွန်မ နည်းနည်း အဟပ် ကွာသွားတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မ ပြန်ရိုက်ဖို့ မစဉ်းစားဖြစ် တော့ဘူး ။ သီချင်း ဆိုတာ က အချိန်မရွေး ထ , ဆိုလို့ရတယ် ။ ရုပ်ရှင်ရိုက်တယ် ဆိုတာက Presentation က အရမ်း များတဲ့ အတွက်ကြောင့်မို့ ဒီဟာတွေ ကို ကျွန်မ လုပ်နိုင် ၊ မလုပ်နိုင်ပေါ့နော် ။ အဲဒီလိုပေါ့ ... အဲဒါလေးတွေ ကို လည်း ကျွန်မ စဉ်းစားမိတဲ့ အတွက်ကြောင့်မလို့ မရိုက်ဖြစ်တာလည်း ပါ , ပါတယ် ။

▢ ဦးအောင်မြင့်မြတ် နဲ့ ရိုက်တဲ့ ကားတွေ မှာ တော့ အဲဒီ ကား က အထင်ရှားဆုံးပေါ့နော် ။

❥ ဟုတ်ကဲ့ ။

▢ နောက် ... ဦးကြီးမြင့် ရိုက်တဲ့ ကားထဲ မှာ နော် ကျော်သူ နဲ့ ၊ ကွမ်းသီး နဲ့ ... ။

❥ ထမင်းစားပွဲ မှာ ခွေးဝင်သည်လေ ( ရယ်လျက် )  ။ မုန်းရခက်ကြီး ပါ ဟုတ်ကဲ့ ။

▢ “ မုန်းရခက်ကြီး ” ဒါလည်း နာမည် ကြီးတယ် ။ “ ဒါလည်း ခွင့်လွှတ်တယ် ”

❥ ဟုတ်ကဲ့ ၊ ဒါလည်း ခွင့်လွှတ်တယ် က ဘိတ်ကလာတဲ့ ငံပြာရည် ။ ဘဘဦးကျော်စိုး ပါ ။

▢ ဘိတ်ကလာတဲ့ ငံပြာရည် ပေါ့နော် ။ ဘဘ ဦးကျော်စိုး ရိုက်ခဲ့ တယ် ။ ဒါကလည်း ပရိသတ် ကြားမှာ တော်တော် ပေါက်ခဲ့တဲ့ ကားပဲ ။

❥ ဪ ... ပေါက်တာပေါ့ ၊ ပေါက်တာပေါ့ ။

▢ ဘာကြောင့်လဲ ဆိုတော့ အဲဒီမှာ ... ။

❥ အေရိုးဗစ် ကစားတာတို့ ၊ ကျွန်မတို့ ကားကြီး နဲ့ သွားကြတာတို့ ၊ အဲဒီတုန်းက ကွမ်းသီး နဲ့ ကိုမေတ္တာ တို့ ကလည်း တအား နာမည်ကြီးတဲ့ အချိန် ဖြစ်နေတာကိုး ။ ဟုတ်ကဲ့ ။

▢ ကျော်သူ နဲ့ ကွမ်းသီး နဲ့ က မိန်းမ လို ဝတ်ပြီးတော့ ... ။

❥ ဟုတ်တယ် ... ဟုတ်တယ် ။

▢ မဆွေ တို့ ကို ရောဖို့ ကြိုးစားကြတာ ။ မေတ္တာ က ကွမ်းသီး ကို မိန်းမ အစစ် အောက်မေ့လို့ ပိုးတာ ၊ သဘောကျတာ ။

❥ ဟုတ်တယ် ... ဟုတ်တယ် ( ရယ်လျက် )  ။

▢ နောက်ဆုံးကျတော့ သိသွားတဲ့ အခါကျတော့ “ ဒါလည်း ခွင့်လွှတ်တယ် ” ။

❥ ဟုတ်တယ် .... ဟုတ်တယ် ။

▢ ကျွန်တော်တို့ အခု ကြည့်ရတဲ့ ကားတွေ ထဲမှာ အဲဒီ ကားလေး က လေ မြန်မာဟာသကား ပေါ့ နော် ။ အဲဒီတုန်း က လည်း ... ဟာသကား ပဲ သို့သော် အဲဒီ ဟာသ သည် သဘာဝကျကျ ရယ်ရတဲ့ ဟာသ ။

❥ မှန်ပါတယ်ရှင် ၊ မှန်ပါတယ်ရှင့် ။

▢ တစ်ရုံလုံး လည်း ရယ်ခဲ့ကြတယ် ။ အခု ဟာသကား တွေ ဆိုရင် အတင်း ကလိထိုး တဲ့ ဟာသတွေ ဖြစ်သွားပြီ ။ အဲဒါကြောင့်မလို့ ပရိသတ် က ပေါကားတွေ လို့ အပြောခံရတာလို့ ထင်တယ်နော် ။ ပေါကားများရပ် ဘာညာ ဆိုပြီးတော့ Campaign ဖြစ်လာသေးတယ်နော် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်တယ် ။

▢ အဲဒီလိုမျိုး ကျွန်တော် က အဲဒီလိုမျိုး ကားတွေ ဖြစ်စေချင်တယ် ပေါ့နော် ။ ရယ်စရာ ကား မရိုက်နဲ့ လို့ မပြောပါဘူး ။ သို့သော် အဲဒီလို မျိုး ... ။

❥ ဟုတ်ကဲ့ ၊ သဘာဝ နဲ့ ရယ်ရအောင် ဟုတ်ကဲ့ ။

▢ သဘာဝကျကျ ရယ်ရတာမျိုး ဖြစ်စေချင်တာပါ ။ မဆွေ တို့ လည်း အဲဒီမှာ ဆိုရင်လည်း တကယ် ရယ်ရအောင် လုပ်ခဲ့ကြတာ ။

❥ ဟုတ်တယ် ၊ အလိုလို နေရင်းကို အဲဒီမှာ ကွမ်းသီး မိန်းမ လို ဝတ်ပြီး ထွက်လာပြီ ဆိုရင်ကို ကိုယ်တွေ က ကို ရယ်ချင် နေတာလေ ။

▢ ရယ်ချင်နေတာ ။

❥ အဲဒီလို ဖြစ်နေတာ ဇာတ်ရုပ် နဲ့ သူ နဲ့ အရမ်း ကို အံဝင်ခွင်ကျ ဖြစ်နေ တာ ။ မောင်မောင် ဆိုလို့ ရှိရင် တစ်ခါမှ မိန်းမ လို ဝတ်ဖူးတာ လည်း မဟုတ် ဘူး ။ ဆံပင်အတုကြီး နဲ့ ၊ ဂါဝန်ကြီး နဲ့ ၊ သူ ကလန်ကလားကြီး နဲ့ တော်တော်ကို ကြည့်ရ ဆိုးတာ ။ ဒါပေမဲ့ သူ က ရအောင်တော့ ၊ အဲဒီ ဇာတ်ရုပ် ဝင်အောင်တော့ လုပ်သွားတယ် ။

▢ လုပ်သွားတာပဲ ။

❥ ဘာလို့လဲ ဆိုတော့ ကျော်သူ နဲ့ ကျွန်မ နဲ့ ကျော်သူ ၊ စိုးသူ ၊ ကိုစိုးသူ ... ၊ ရန်အောင် ၊ နောက် ရဲအောင် ၊ ရဲအောင် နဲ့ က ကျတော့ ဘာဖြစ် လို့လဲဆိုတော့ အန်ကယ်ဦးအောင်မြင့်မြတ် က ရဲအောင် ကို သူ က တင်ပေးတဲ့ မင်းသား ဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျွန်မ ဦးအောင်မြင့်မြတ် နဲ့ ရိုက်သမျှ ဟာ ရဲအောင် နဲ့ တွဲရတာ ။

▢ ဟုတ်တယ် ... ဟုတ်တယ် ။

❥ ပြီးတော့ ကိုပြေငြိမ်း ။ အဲဒါတွေက ကိုယ် နဲ့ တွဲပြီးတော့ ၊ လိုက်ဖက် ပြီးတော့ ရိုက်ခဲ့ဖူးတဲ့ မင်းသားတွေ ပေါ့ နော် ။

▢ ပြေငြိမ်း နဲ့ ဘယ်နှကား လောက် တွဲဖူးလဲ ။

❥ ကိုပြေငြိမ်း နဲ့ က ပြောရမယ် ဆိုရင် ၅ ကား ၊ ၆ ကား လောက် တော့ ရှိတယ် ။ ဘာလို့လဲ ဆို ဗီဒီယိုကား ရော ၊ ရုပ်ရှင်ကားကြီး ရော ပေါ့နော် ။ အချစ် ဆုံးသူရဲ့ ရင်မှာ က ရုပ်ရှင်ကားကြီး လေ ။ ရဲအောင် ရယ် ၊ ကိုပြေငြိမ်း ရယ် ၊ ကျွန်မ ရယ် ။

▢ ဪ ... ဪ ... မဆွေ ရိုက်ခဲ့တဲ့ ပါးပါး နဲ့ ၊ ဦးကြီးမြင့် နဲ့ လေ ဘယ်နှကား ရိုက်ခဲ့တာလဲ ။

❥ အခုတော့ သိပြီ မင်းကို ကိုယ်ချစ်သည် လေ ။ စိုးသူ နဲ့ လေ ။ ခဏခဏ လာတယ်လေ ။ နောက် ... ဦးကျော်ဟိန်း နဲ့ ကျွန်မ ရိုက်ဖူးတယ် ။ ဒေါ်သင်းသင်းယု ရိုက်တဲ့ ချစ်လွန်းကေသီ လေ ၊ ရုပ်ရှင်ကား ။ တီဗွီ က နေ အမြဲတမ်း ပြန် ပြန်လာတယ် ။ ကျွန်မ က သူဌေးသမီး လေ ၊ ဦးကျော်ဟိန်း က သွားခေါကြီး လုပ်ထားပြီးတော့လေ ။ ဦးကျော်ဟိန်း နဲ့ ဆိုလည်း ကျွန်မ သုံး ၊ လေး ၊ ငါးကား ရိုက်ဖူးတယ် ရှင့် ။ အဲဒီတုန်းကတော့ မင်းသားတွေ က Currently နာမည်ကြီး တဲ့ မင်းသားတွေ ကိုး ။

▢ “ ခပ်စိမ်းစိမ်းပဲ နေပါမယ် ” ကတော့ ဒါ မဆွေ အတွက် Hit .. အဖြစ်ဆုံး မှတ်တိုင် တစ်ခု ပေါ့နော် ။

❥ Masterpiece ပေါ့ ။ ပြီးတော့ မုန်းရခက်ကြီး ပေါ့ ။ မုန်းရခက်ကြီး ကတော့ အကယ်ဒမီဆု ပေးရလောက်အောင်တော့ မဟုတ်ဘူးပေါ့ ။ လူငယ် တွေ ရဲ့ ကြားထဲ မှာ ဒီကားလေး ဟာ လူငယ်ဆန်ဆန် ၊ ပြီးတဲ့ အခါကျတော့ ဝတ်တာစားတာနော် ၊ နောက် ... အချစ်ကားသန့်သန့် လေ ။ သီးသန့်လေး ဆိုပြီးတော့ လူတွေ က ဘယ်အချိန်ပဲ ကြည့်ကြည့် မရိုးဘူး ။ အဲဒီလိုလေး သဘောကျ နေတဲ့ ရုပ်ရှင်ကားလေး ပေါ့ ။

▢ သဘောကျ နေကြတာ ဟုတ်တယ် ... ဟုတ်တယ် ။ နောက်ဆုံး ရိုက်တာ က ဘယ်နှခုနှစ် က ရိုက်ခဲ့တာလဲ ။

❥ နောက်ဆုံး ရိုက်တာက ... ကျွန်မ သိသလောက် က ကျွန်မ အိမ်ထောင် မပြုခင် ဆိုတော့ ၉၅ လောက် က နောက်ဆုံးပဲ ထင်တယ် ။

▢ ၉၅ ။

❥ ဟုတ်တယ် ၊ ၉၅ လောက် က နောက်ဆုံး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ ၉၇ မှာ အိမ်ထောင်ပြုတယ် ။ အိမ်ထောင်ပြု ပြီးတော့ ကျွန်မ ၉၈ မှာ အမေရိကား ကို လိုက်သွားတယ် ။

▢ ဟုတ်ကဲ့ ၊ အဲဒီ ကြားကာလ ၊ ရိုက်တဲ့ ကာလမှာ မဆွေ ဘယ် နှကားလောက် ရိုက်ခဲ့ဖူးလဲ ။ မှတ်မိလား ။

❥ ဟုတ် ၊ ရုပ်ရှင်ကားကြီး က ၄ဝ ကျော် လောက် ရှိတယ် ။ ရုပ်ရှင်ကားကြီး မဟုတ်ဘဲနဲ့ ဗီဒီယို ပေါ့နော် ၊ ၃၉ ၊ ၄ဝ လောက်ရှိတယ် ။ အားလုံးပေါင်း စုစုပေါင်း ဆိုရင်တော့ ၈၀ ကျော်လောက်ပေါ့နော် ၊ ဟုတ်ကဲ့ပါ ။

▢ ကိုယ့် အိမ် မှာ တောင်မှ အပေါ်စက် ၊ အောက်စက် မရှိတတ်သေး တဲ့ အချိန်မှာ မဆွေ ဗီဒီယိုကားတွေ ရိုက်နေတယ်နော် ... ရိုက်နေတယ် ။

❥ ဟုတ်ကဲ့ ... ဟုတ် ။

▢ “ ထာဝရသစ္စာရှင် ” ဇာတ်ကား မှတ်မှတ်ရရ ရှိနေတယ် ။ ဒါရိုက်တာ မီးပွား ရိုက်ခဲ့တယ်နော် ။

❥ ဟုတ် .... ဟုတ် ။

▢ ချိုပြုံး ပါတယ် ။ နောက် ... ။

❥ ဦးနေအောင် လည်း ပါတယ် ။ ကျွန်မ ပါတယ် ။ နောက် ... ကိုကိုလင်းမောင် ။

▢ ကိုကိုလင်းမောင် ၊ အဲဒီ ကားလေး က ဗီဒီယိုကားလေး ဆိုပေမဲ့ ရုပ်ရှင်ကားကြီး တစ်ကား လို ပဲ ပရိသတ် ရင် ထဲ မှာ တကယ် မှတ်မှတ် ထင်ထင် ရှိခဲ့တယ် ။

❥ ဟုတ်တယ် ။ ကျွန်မတို့ လည်း လေ ... အဲဒီ ကား ကို စစ်ကိုင်း နဲ့ မန္တလေး နဲ့ ကို လွန်းထိုး လွန်းပြန် သွားပြီးတော့ ကို ရုပ်ရှင်ကားကြီး လို အချိန် ပေးပြီး ရိုက်ရတဲ့ကားပါ ။ ဒါကြောင့်မို့လို့ ထာဝရသစ္စာရှင် ဆိုတဲ့ ကား က တကယ်တမ်း ဆိုရင်တောင်မှ ပဲ ရုပ်ရှင်ကားကြီး ဖြစ်သင့်တယ် ။

▢ ဟုတ် ... ဖြစ်သင့်တယ် ။

❥ တကယ် ... အဲဒီဗီဒီယိုကား ကြည့်တဲ့သူတွေ အကုန်လုံး က ရုပ်ရှင်ကားကြီး ဖြစ်သင့်တာလို့ အကုန်လုံး ပြောကြတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဦးမီးပွား က အဲဒီတုန်းက အရမ်း နာမည်ကြီးနေတဲ့ အချိန် ၊ ဒါပေမဲ့ ဦးမီးပွား ဘာကြောင့် သူ ရုပ်ရှင်ကားကြီး ကို မတည်လိုက်တာလဲ ဆိုတာ ကျွန်မ မသိဘူး ။ ဗီဒီယို ဆိုတဲ့ ဟာ က မြန်မြန်ထွက်ချင်လို့လား မသိဘူးနော် ။ ဘာကြောင့်လဲ ဆိုတော့ ရုပ်ရှင်ကား ဆိုရင် ဆင်ဆာကြာတာတို့ ဘာတို့ ၊ Edit လုပ်ရတာ တို့ ဒါတွေကြောင့်လားတော့ မသိဘူး ။ သူ က ချက်ချင်းပဲ အဲဒီ ကား ကို လူ ထဲ ကို ရောက်ချင် ၊ ပရိသတ် ထဲ ကို ချပြချင်တဲ့ အခါကျတော့ သူက မြန်မြန် ဖြစ် ပြီးအောင် ဗီဒီယို ရိုက်လိုက်တာ ။ တကယ်တမ်း ကျွန်မတို့ အိုက် တင် လုပ်ရတာ လျှော့ပြီးတော့တော့ မလုပ်ရဘူး ။ ကားကြီး အတိုင်းပဲ လုပ်ရ တာပဲ ။

▢ မလုပ်ရဘူး ... ဒီအတိုင်းပဲ ၊ ဟုတ် ။

❥ ကျွန်မ ဆိုလို့ ရှိရင် ၊ အဲဒီ ဦးပိန်တံတား ဆိုရင် အို .. ခေါက်တုံ့ခေါက် ပြန် လျှောက်နေရတာ တစ်ချိန်လုံး ။ ဟိုဘက် ထိပ် နဲ့ ဒီဘက် ထိပ် တစ်ချိန် လုံး သွားနေရတာ ။ တကယ့် ကို မန္တလေးသူ ၊ ကျွန်မ က ပန်းချီ ဆွဲတဲ့ ဟာ လုပ်ရတာကိုး ။ အဲဒီလို ... အဲဒီလိုလေး ဆိုတော့ ။

▢ ဟုတ် ... ဟုတ် ။

❥ မှတ်မှတ်ရရပါပဲ အကုန်လုံး က ။ ဦးနေအောင် ရယ် ၊ အန်တီချိုပြုံး ရယ် ၊ ကိုကိုလင်းမောင် နဲ့ ။ ကျွန်မ က တော့ ကိုကိုလင်းမော င်နဲ့ တွဲရတာပေါ့ လေ ။ ကိုကိုလင်းမောင် ရယ် ၊ ကျွန်မ ရယ် ။ ဒါပေမဲ့ ကားကြီး အတိုင်းပဲ ပါတဲ့ သူတွေရော အကုန်လုံး ၊ ဇာတ်အိမ် ဖွဲ့တာတွေ ရော ၊ ဘာတွေရောညာတွေ ရော ကစ အကုန်လုံးပေါ့နော် ။ တော်တော်လေး လည်း ကောင်းတဲ့ ဗီဒီယိုကား တစ်ကား ပါ ။

▢ ဆရာ ဦးဝင်းဖေ နဲ့ လည်း ရိုက်ဖူးတယ်နော် ။ ကိုဌေး နဲ့ လည်း .. ။

❥ ရိုက်ဖူးပါတယ် .. ဟုတ်ကဲ့ ။ ကိုဌေး နဲ့ လည်း ရိုက်ဖူးတယ် ။ ဟုတ်တယ် ... ဟုတ်တယ် ။ အဲဒီတုန်းကလည်း မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ ကိုစိန်ဝင်း ( ပုတီးကုန်း ) ဝတ္ထု ပဲ ရှင့် ။ အဲဒီလိုမျိုးပေါ့နော် ။ ကျွန်မ က တော်တော် များများ ရိုက်ဖူးတယ် ။ နောက်ပြီးတော့ ဒါရိုက်တာ သက်မောင်မောင် ချစ်နှင်းဝေဝေ ။

▢ “ ချစ်နှင်းဝေဝေ ”  ၊ ဪ ... ဩော် ။

❥ မေတ္တာရေလှိုင်း ၊ မွှေး ကဲ ... ဘာပြောဦးမလဲ ။

▢ “ မေတ္တာရေလှိုင်း ” ဆို တကယ် ဆိုရင် အန်တီဘေဘီ ရိုက်ဖူးတဲ့ ကားနော် ။

❥ ဒါပေါ့ ၊ မွှေး ၊ အမေ ရိုက်ဖူးတဲ့ ကားပဲ ။ ဒါပေမဲ့ အဲဒါကြောင့် ပြောပြ တာလေ အမေ က စည်း ရှိတယ်လို့ ။ အဲဒီ ကား က သူ ကိုယ်တိုင် ရိုက်ခဲ့ဖူးတာ မှန်တယ် ။ ဒါပေမဲ့ ဦးသက်မောင်မောင် ... ကိုနိုင် ၊ ဦးနိုင် က ဒီ ကား ကို ၊ တစ်ဇာတ်လုံး ကို ခြုံပြီးတော့ သူ ရိုက်နေတဲ့ အချိန်မှာ အမေ ဘာမှ ဝင် စွက်ဖက် ခြင်း မရှိဘူး ။

▢ မပြောဘူး ၊ မပြောဘူး ။

❥ ဒါကြောင့်မလို့ မွှေး တို့ ၊ မေတ္တာရေလှိုင်း တို့ ၊ မေတ္တာရေလှိုင်း မှာ ကိုသားသား ပါတယ်လေ ။ ကိုသားသား ရယ် ၊ ကျွန်မ ခဲအိုကြီး ကိုထွန်းထွန်းနိုင် ။ အဲဒီလိုပေါ့နော် ။
နောက် မွှေး က ကျော်သူ လေ ၊ ကျော်သူ ၊ ဦးနေအောင် ။

▢ ဟုတ်တယ် ၊ “ မွှေး ” က ကျော်သူ နဲ့ ။ ကျော်သူ က “ အတွတ် ” နေရာ က ။ ဦးနေအောင် က ကိုကိုနိုင် ၊ ကိုကိုနိုင် နော် ။

❥ ဟုတ်တယ် အတွတ် နေရာက ။ ကိုကိုနိုင် ... ဟုတ်တယ် ၊ ဟုတ် တယ် ။ ကိုဇင်ဝိုင်း က အဲဒီ မေတ္တာရေလှိုင်း မှာ ပါတယ်လေ ။

▢ ဟုတ်တယ် ၊ ဟုတ်ပါတယ် ။ “ မေတ္တာရေလှိုင်း ” လည်း အန်တီ ဘေဘီတို့ ခေတ် က “ မေတ္တာရေလှိုင်း ” က ဦးထွန်းဝေ နဲ့ ၊ မောင်သင် နဲ့ ။

❥ နောက် ... မင်းဦး လည်း အဲဒီ ကားထဲ မှာ ပါတယ် ။ မွှေး ထဲ မှာ ။ ဖရက်ထ် လေ ၊ ဖရက်ထ် ။

▢ မင်းဦး က ဖရက်ထ် နေရာ က ပါတယ် ။ ဖရက်ထ် သည် မွှေး ရဲ့ ပထမဆုံး အချစ် ။ ပထမဆုံး ရည်းစား နော် ။ အတွတ် က သူ့ သူငယ်ချင်း ကို အလည်ခေါ် လာတော့ အဲဒီမှာ မွှေး နဲ့ ကြိုက်သွားတာ ။ ဒီကောင် က ကျန်ရစ်သွားတာနော် ။

❥ ဟုတ်တယ် ။ မွှေး နဲ့ ကြိုက်သွားတာ ၊ မောင်မောင် က အဲဒီ ရုပ် နဲ့ တော့ လိုက်ပါတယ် ။ အဲဒီကား က ( ရယ်လျက် )  ။

▢ တကယ်တမ်း ကျတော့ ကိုကိုနိုင် နဲ့ အိမ်ထောင်ကျတယ်နော် ။ တီဘီရောဂါ ဖြစ်တဲ့အတွက် ဟိုတုန်းက မဒရပ် စ်မှာ သွားကုရတယ် ။

❥ အမှန်မှာ အဲဒီလိုလေး တော့ ပြတော့ ပြထားတာပေါ့လေ ။

▢ အဲဒီကို သွား ကုပြီးတော့ ပြန်လာတဲ့ အခါကျတော့ ကိုကိုနိုင် က ဒီမှာ နောက် မိန်းမ တစ်ယောက် နဲ့ ကလေး တစ်ယောက် ရနေပြီ ။

❥ အင်း ... ဟုတ်တယ် ၊ သန်းသန်းစိုး နဲ့ ။

▢ အင်း ... အဲဒီတော့လည်း အတွတ် က မရပါဘူး ။ ဒီအတိုင်းပါပဲ ( ရယ်လျက် ) ။

❥ အဲဒီတော့ အမေ ရိုက်ဖူးတဲ့ ကားတွေ ဆိုလည်း ကျွန်မ ရိုက်ဖူးတာ ပဲလေ ။ မွှေး ဆို ရိုက်ဖူးတယ် ။ မေတ္တာရေလှိုင်း ရိုက်ဖူးတယ် ။ နောက် ဦးသက်မောင်မောင် နဲ့ဆို ပထမဆုံး ကျွန်မ ကို သီချင်းတွေ နဲ့ ပေါ့နော် ။ ကိုကြီး ... ကိုကြီး တို့ ၊ နောက် အိပ်ဆေးမရှိ တို့ အဲဒီ သီချင်းလေးတွေ ထည့်ပြီး တော့ ကျွန်မ ကို ချစ်နှင်းဝေဝေ သူ အရင်ဆုံး ရိုက်တာ ။ အဲဒီတုန်းက မဂရေ့စ် နဲ့ ဦးညွန့်ဝင်း နဲ့ က လင်မယား ၊ ဦးညွန့်ဝင်း က ဆရာဝန် ၊ ကျွန်မ က နှလုံးရောဂါသည် ၊ ဦးဇော်လွင် က ကျွန်မ အဖေ ။ အဲဒီ ကား အခုနောက်ပိုင်း မထွန်းအိန္ဒြာဗိုလ် ( မမိခိုင် ) နဲ့ ပြန်ရိုက်သေးတယ် ။ အဲဒီ ချစ်နှင်းဝေဝေ  ကို ပဲ ။ ဦးမောင် ပဲ ပြန် ရိုက်တာ ထင်တယ် ။

▢ အင်း ... ကိုသက်မောင်မောင် ရိုက်တာ ။ မဆွေ အခု ပြောတဲ့ စကားတွေ အရ ဆိုရင် မဆွေ ရုပ်ရှင် အလုပ် ၊ သရုပ်ဆောင် အလုပ် ကို သိပ် စိတ် မကုန်သေးဘူး ။

❥ မဟုတ်ဘူး ၊ စိတ် မကုန်သေးတာတော့ မဟုတ်ပါဘူး ။ ကိုယ် နဲ့ လိုက်မယ့် ဇာတ်ပေါ့ ။ ကဲ ... ထားပါတော့ ... ကိုဝင်းငြိမ်း နဲ့ ကျွန်မ စကား ပြော နေသလို ကျွန်မ နဲ့ လိုက်တဲ့ဟာမျိုးကိုပေါ့ ။ ဒါရိုက်တာ က လည်း ကျွန်မ ကို သိတယ် ။ အဓိက အဲဒါ ကျွန်မလိုချင်တာ ။ ကျွန်မ ပြောသလို ကျွန်မ အကြောင်း ကို မေးမယ် ဆိုရင် ကျွန်မ ကို သိမှ မေးပါ ။

▢ ဒါပေါ့ ။

❥ ကျွန်မ အကြောင်း ကို မသိဘဲ နဲ့ ကျွန်မ ကို မေးတယ် ဆိုရင်တော့ ကျွန်မ ဘာပြောစရာရှိလဲ ။ အဲဒီတော့ ကျွန်မ လုပ်နိုင်မလား ၊ ကျွန်မ ဘယ် လောက်ထိ လုပ်နိုင်မလဲ ။ အဲဒီလိုဟာမျိုး ကို သိနေတဲ့ ဒါရိုက် တာ ကျွန်မ ကို ရိုက်ဖို့ လာ ပြောမယ် ဆိုရင်တော့ ကျွန်မ စဉ်းစားမယ် ။

▢ စဉ်းစားမယ်ပေါ့ ။

❥ အင်း ... စဉ်းစားမယ် ( ရယ်လျက် ) ။ ခုအချိန် ကျွန်မ အရမ်း လည်း မ,သေးဘူးလေ ။ လှလည်း လှနေသေးတယ်ဆိုတော့ ... ၊ စ,တာပါ ... စ,တာပါ ( ရယ်လျက် ) ။

▢ မဆွေ အဖြေ ပေါ် မှာ အစ်ကို က စဉ်းစားလိုက်တာတော့ စီးရီး ရိုက်တဲ့ ဒါရိုက်တာတွေ ပျော်သွားမယ် ထင်တယ် ။ ဘာလို့လဲ ဆိုတော့ မဆွေ နဲ့ လိုက်မယ့် ဇာတ် တွေ့မယ် ဆိုရင် မဆွေ ကို လာပြီးတော့ .... ။

❥ သရဲကား မဟုတ်ဘူးနော် ( ရယ်လျက် ) ။

▢ ဟာ .... ဒီလို မပြောရဘူးနော် ၊ ဒီလို မလုပ်ရဘူး ။ ပြောပြီး စလစ် ( ရယ်လျက် ) ။

❥ အေးပါ ... အေးပါ သရဲကား တော့ မဟုတ်ဘူးနော် ။ ကိုယ် က လည်းကြောက်လို့ပါ ( ရယ်လျက် ) ။

▢ ဟုတ်ပြီ ၊ အိုကေ ... ဒါကတော့ မဆွေ ကား မရိုက်ဖြစ်တဲ့ အကြောင်းပေါ့နော် ။

❥ ဟုတ်ကဲ့ရှင့် ၊ ဟုတ် ... ဟုတ် ။

▢ ရှိးတွေ ရော မဆိုဖြစ်တော့ဘူး ။

❥ ရှိုးတွေ မဆိုဖြစ်တော့ဘူး ဆိုတာက ပြီးခဲ့တဲ့ နှစ် က ကျွန်မ ကျန်းမာရေး နည်းနည်းလေး ညံ့သွားတယ် ကိုဝင်းငြိမ်း ရယ် ။ တကယ်တမ်းတော့ ကျွန်မ ဟာ အင်မတန်လည်း ကျန်းမာရေး လိုက်စားတာ ။ အစားအသောက် က အစ အင်မတန် မှ ဆင်ခြင်တာပါ ။ ကိုယ့် ကိုယ် ကို လည်း အရမ်း သတိထားတာ ။ ဒါပေမဲ့ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့လေ ။ ယူဆရမှာပေါ့ ။

▢ မဆွေ အင်မတန် ကံကောင်းပါတယ် ။

❥ ဟုတ်တယ် ၊ ဒါပေမဲ့ ကျွန်မ အချိန်တိုတိုလေး အတွင်းမှာ ကျွန်မ ဒီအတိုင်း ပြန်ပြီးတော့လေ ထူထူထောင်ထောင် နဲ့ အကုန်လုံး ပြန်ဖြစ်လာတယ် ဆိုတာ ကျွန် မသူငယ်ချင်းတွေ က အစ လုံးဝ ကို မယုံကြဘူး ။ တကယ်ကိုပဲ ၅ လ လောက် က တော့ ကျွန်မ တော်တော်လေး ကြိုးစားလိုက်ရပါတယ် ။

▢ အန်တီဘေဘီ က သမီး ဘယ်နှယောက်လဲ ။

❥ ၅ ယောက်ပါ ၊ ဟုတ်ကဲ့ ။

▢ ၅ ယောက် နော် ၊ သမီး ၅ ယောက် ထဲ မှာ မဆွေ တစ်ယောက် ပဲ သီချင်း ဆိုတာ နဲ့ ရုပ်ရှင်ဝါသနာ ပါတာ မဟုတ်ဘူး ။ နောက် တစ်ယောက် ရှိသေးတယ်နော် ။

❥ ရှိသေးတယ် ၊ ရှိသေးတယ် ။

▢ ဟုတ်ကဲ့ ၊ ရှိတယ် ။ သူ့ နာမည် က ရုပ်ရှင်သရုပ်ဆောင် နာမည် က သီရိကေခိုင် နော် ။

❥ ဟုတ်ကဲ့ ၊ သီချင်း လည်း ဆိုဖူးတယ် ။ နည်းနည်းပါးပါးပေါ့ ။

▢ ဟုတ်လား ၊ သီချင်း လည်း ဆိုဖူးလား ။ ကောင်းတယ် ။ သီရိကေခိုင် က မဆွေ ထက် ကား ရိုက်တာ စောတယ်နော် ။

❥ ဟုတ်တာပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘဘဦးတင်ယု တို့ က ဆုတောင်းတိုင်းသာ ပြည့်ချင်တယ် ဆိုတဲ့ ရုပ်ရှင်ကား မှာ ရုပ်ရှင်မင်းသား လင်းထင် နဲ့ သူ့ ကို ၊ အစ်မကြီး ကို ရုပ်ရှင်မင်းသမီး အနေနဲ့ ပထမဦးဆုံး တွဲပြီးတော့ အသစ် တင်တာပေါ့နော် ။ ဟုတ်ကဲ့ ။ အန်တီ ဒေါ်မြင့်မြင့်ရီ နဲ့ ဘဘ ဦးတင်ယု နဲ့ က ဆုတောင်းတိုင်းသာ ပြည့်ချင်တယ် ။

▢ ဟုတ် ... ဟုတ် ၊ “ ဆုတောင်းတိုင်းသာ ပြည့်ချင်တယ် ” နော် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။

▢ အဲဒီတော့ အိမ်နာမည် မတင် ပေါ့နော် ။ မတင် က ဘယ်နှကား လောက် ရိုက်ခဲ့လဲ ။

❥ ဟုတ်တယ် ၊ မတင် က ကျွန်မ နိုင်ငံခြား ထွက်တဲ့ အချိန်မှာ တော့ သူက  ဦးမောင် နဲ့ အိမ်ထောင်ကျတာကိုး ။ အဲဒီတော့ ဦးမောင် နဲ့ ဆိုတော့ ... ။

▢ ဟုတ် .. ဦးမောင် ဆိုတာ ထွန်းထွန်းနိုင် ။

❥ ဟုတ် ၊ ထွန်းထွန်းနိုင် နဲ့ အိမ်ထောင်ကျတာ ဆိုတော့ သူ က ရိုက်ဖူး တယ် ။ ဒွေး တို့ ၊ ထက်ထက်မိုးဦး တို့ အစ်မတို့ ဘာတို့ ၊ အိန္ဒြာကျော်ဇင် တို့ ဘာတို့ နဲ့ ရိုက်ဖူးတယ် သူ က ( ရယ်လျက် ) ။ ကျွန်မ က သာ ပြန်လာတဲ့ အခါကျမှ သာ ဒီ မြန်မာပြည် ပြန်လာတော့မှ ဪ ... ဒီ ကား ထဲ မှာ အစ်မ ပါတာပဲ ဆိုပြီး အဲဒီလိုမျိုး ကြည့်ရတာ ။ ဆိုတော့ ဦးမောင် နဲ့ သူ နဲ့ အိမ်ထောင် ကျပြီး နောက်ပိုင်းမှာ အစ်မ က ရိုက်ဖြစ်သေးတယ် ။

▢ ဪ ... ဟုတ် ။

❥ ကျွန်မ က သာ မရိုက်ဖြစ်တော့တာပေါ့နော် ။ အဲဒီတော့ သူ လည်း ရုပ်ရှင် ရှိတယ် ။

▢ မဆွေ ရဲ့နောက် ကို မတင် က ရိုက်ဖူးနေတာပေါ့ ၊ ရိုက် နေသေးတယ် ။

❥ ဒါပေါ့ ၊ ကျွန်မ ထွက်သွားတဲ့ အချိန် မှာ ရိုက်နေသေးတယ် ။

▢ မဆွေ ရယ် ကျေးဇူး အများကြီး တင်ပါတယ် ။ ရုပ်ရှင်မင်းသမီး တစ်ယောက် အနေနဲ့ ပြောချင်တာပေါ့နော် ။ ၂ဝ၂ဝ မှာ မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်တော့မယ် ။ အဲဒီတော့ မဆွေ နဲ့ က မြန်မာ့ရုပ်ရှင် နဲ့ ပတ်သက်တယ် ဆိုတော့ ၂၀၂၀ ၊ နှစ် ၁၀၀ ပြည့် တဲ့ အချိန်မှာ မဆွေရဲ့ Wish လေး ကြားပါရစေ ။

❥ ဟုတ်ကဲ့ ၊ ကျွန်မ က တော့ ဘာပဲပြောပြော ကိုယ် လည်း ရုပ်ရှင် ရိုက် ခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက် လည်း ဖြစ်တယ် ။ အမေ က လည်း တကယ့် ကို သူ့ ရဲ့ သွေး ထဲ မှာကို ဒီ ရုပ်ရှင် ဆိုတဲ့ ဟာကြီး ရှိပြီးသား ဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒီ အနှစ်တစ်ရာ တင် မဟုတ်ဘူးပေါ့နော် ၊ ဆက်လက်ပြီး တော့ နှစ်များစွာ တည်တံ့ပါစေ ၊ ပြီးတဲ့ အခါကျတော့ Quality ကောင်းတဲ့ ရုပ်ရှင်ကားမျိုး တွေ ၊ နောက် ပြီးတဲ့အခါကျတော့ တကယ့် ကို ပြောင်မြောက်တဲ့ အနုပညာရှင် တွေ ပိုပြီးတော့ ပေါ်ပေါက်လာပါစေလို့ ဆုတောင်း ပေးပါတယ် ။ ဘာလို့လဲ ဆိုတော့ အဲဒါက အများကြီး လိုပါတယ် ။ Technician အပိုင်း နဲ့ ဒီ Electric အပိုင်း တွေ အကုန်လုံး က တအားကြီး တိုးတက် နေပြီ ။ အခု ဆိုလို့ ရှိရင် အင်မတန် ကို တိုးတက်နေပြီ ။ ရုပ်ရှင်ကားတွေ မြောက်မြားစွာ ဟာ ရုပ်ရှင်ကဏ္ဍကြီး ဟာ လည်း တကယ့် ကို အကြီးကြီး ။ နောက်တစ်ခု က မြန်မာပြည် တင် မဟုတ်ဘူး ကမ္ဘာ ကို ပါ ကျော်နိုင်တဲ့ ရုပ်ရှင်ကားပေါင်း မြောက် မြားစွာ ထွက်ပါစေလို့ ဆုတောင်းပါတယ် ။

◾ ဝင်းငြိမ်း

📖 လိပ်ပြာကူး ထူးခြားသူများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment