❝ တစ်ဝက်တစ်ပျက် တော်လှန်ရေးသမား ❞
⎯⎯⎯⎯⎯⎯⎯⎯
မောင်ဖေသန်း
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
( ၁ )
မပွင့်တပွင့် ပုသိမ်ထီး ပန်းရောင်ကလေး ကို လက် တစ်ဖက် က ကိုင်လျက် ၊ ပလတ်စတစ်ကြိုးထိုး လက်ဆွဲ အိတ်နီရဲရဲလေးကို လက်တစ်ဖက် က ဆွဲလျက် ၊ အသွေးလှသော ပန်းရောင်ဖျော့ဖျော့ ထဘီပြောင်နှင့် အဖြူရောင် တက် ထရွန်အင်္ကျီလက်ရှည်ကလေး ကို အချိုးကျသော ကိုယ် ပေါ်တွင် ချပ်ချပ်ရပ်ရပ် ကပ် နေအောင် ဆင်လျက် ၊ ချောမော ၍ ဝါညက်သော မျက်နှာ ပေါ် တွင် ရဲရင့်တည်ကြည်သော အမူအရာကလေး ကို တင်လျက် မနှေးလွန်း မမြန်လွန်း ၊ မစိတ်လွန်း ၊ မကျဲလွန်းသော ခြေလှမ်း များ ဖြင့် ဆိုင်တွင်း သို့ ဝင် လာသည့် ကျောင်းဆရာမကလေး မကြိုင်လှိုင်သင်း ကို ပြည်သူ့ဆိုင် ( မျက်မှန် နှင့် မျက်မှန်ပစ္စည်း ) စာရေး ကိုနီမောင် ၏ အငြိမ် မနေတတ်သော မျက်လုံးများ က လှမ်း မြင်လိုက် သည် နှင့် တစ်ပြိုင်နက် ကိုနီမောင် ၏ ရင်တွင်း ၌ ခိုအောင်း လျက်ရှိသော ဒေါသလုံး သည် ကုန်း၍ ထ လိုက်လေ၏ ။
သို့သော် ဆွဲမည့် သူ မရှိပါဘဲ လျက် ဆွဲမည့် သူ ရှိသကဲ့ သို့ ဟန် လုပ်ကာ ကုန်း၍ ထလိုက် ပြန် ထိုင်လိုက် နှင့် အင်မတန် အလုပ် များသွား ရှာသော ထို ဒေါသလုံး ကို မကြိုင်လှိုင်သင်း က မြင်လိမ့်မည် မဟုတ်ချေ ။ သူ၏ တောက်ပသော မျက်လုံးများ သည် မျက်မှန် လုပ်ရန် အလုပ် လက်ခံသည့် တုံးလုံး မှန်ဗီရို ၏ နောက်တွင် ရပ် နေသော ကိုနီမောင် ဘက် သို့ စွေစောင်း ၍ မျှပင် လှည့်၍ မလာချေ ။ မကြိုင်လှိုင်သင်း သည် ကိုနီမောင် နှင့် မျက်နှာချင်းဆိုင် နံရံ ဘက် တွင် ရှိသော အခြား တုံးလုံး မှန်ဗီရို တစ်ခု ဆီသို့ မနှေးလွန်း ၊ မမြန်လွန်း ၊
မစိတ်လွန်း ၊ မကျဲလွန်းသော ခြေလှမ်းများ ဖြင့် လျှောက် သွား၏ ။ ထို မှန်ဗီရို မှာ ပြုလုပ်ပြီးသော မျက်မှန်များ ကို ရွေး ယူရန် နေရာ ဖြစ်သည် ။ ထို မှန်ဗီရို ၏ နောက် တွင် ကိုနီမောင် ၏ ရင်းနှီးသော ၊ တိုင်ပင်ဖော်တိုင်ပင်ဘက် လည်း ဖြစ်သော ၊ တစ်ဆိုင်တည်း တွင် အလုပ် လုပ်သော ၊ လုပ်ဖော် ကိုင်ဖက် လည်း ဖြစ်သော နိုင်ငံရေး ဖြင့် အသက်မွေး သူ မဟုတ် သော်လည်း နိုင်ငံ ၏ ကောင်းစားရေး တွင် စိတ်ပါဝင် စားလေ့ ရှိသူ လည်း ဖြစ်သော ပြောမနာ ဆိုမနာ သူငယ်ချင်း ကိုဘအေး ရှိ နေသည် ။
ကိုနီမောင် သည် နောက်ကျော ပေး ကာ လျှောက်သွား သော မကြိုင်လှိုင်သင်း ၏ ကြည့်၍ ကောင်းစွာ ထွားကျိုင်း သော နောက်ဘက် အလှပစ္စည်း တို့ ၏ ယိမ်းနွဲ့ ဟန် ကို ရင် တခုန်ခုန် နှင့် ငေး မောရင်း ပန်းရောင်ထဘီ ပြောင် နှင့် ဝါ ညက်သော အသားရောင် တို့ လိုက်ဖက်ပုံ ကို သတိ ပြုမိ၏ ။
“ ဒါပေမဲ့ သူ့ အသား က ပန်းရောင် နဲ့ သာ မဟုတ်ဘူး ၊ သူတို့ ကျောင်း လုံချည် အစိမ်းရင့်ရောင် နဲ့လည်း လိုက်တာပဲ ”
ဤသို့ ကိုနီမောင် တွေး မိ၏ ။ တွေးမိသည် မှာ မကြိုင်လှိုင်သင်း က ကျောင်းလုံချည်အစိမ်းရင့်ရောင် ကို ဝတ် လျက် ကျောင်း သို့ အသွား ကိုနီမောင် က အလုပ် ဆင်းရန် ကြည့်မြင်တိုင် ဘက် မှ အမှတ် - ၂ ဘတ်စ်ကား စီး လာပြီး နောက် လမ်း ၃၀ မှတ်တိုင် တွင် ဆင်း ၍ လမ်းလျှောက် အလာ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဆူးလေဘုရားလမ်း ထောင့် ရှိ ပြည်သူ့မုန့်တိုက် အနီးတွင် နံနက်တိုင်း လိုလို နှစ်ယောက် ဆုံမိကြသည့် အခါတိုင်း ထူးခြားသော ရူပကာယ အလှဓာတ်လှိုင်း အရိုက် ခတ်ခံရသဖြင့် ရင် ဖိုကာဖိုကာ မော ရသည့် အဖြစ် ကို သူ သတိရ သောကြောင့် ဖြစ်၏ ။ ကိုနီမောင် သည် မကြိုင်လှိုင်သင်း ၏ အဝတ်အဆင် ကို ကြည့်ခြင်း အားဖြင့် လည်းကောင်း ၊ သူ ၏ ဣန္ဒြေ ကို အကဲခတ်ခြင်း အားဖြင့် လည်းကောင်း ၊ သူ ၏ အရွယ် ( နှစ်ဆယ့်သုံးလေး နှစ်ခန့် ) ကို ထောက်ခြင်းအားဖြင့် လည်းကောင်း သူ့ အား ကျောင်းသူ မဟုတ် ၊ ကျောင်းဆရာမ ဖြစ်ရမည် ဟု ဆုံးဖြတ် ပြီးခဲ့လေပြီ ။
“ ကျောင်းဆရာမ က တော့ ကျောင်းဆရာမ ပဲ ၊ အထက်တန်းပြလား ၊ အလယ်တန်းပြလား ၊ မူလတန်းပြ လား မပြောတတ်ဘူး ”
ဤသို့လည်း ကိုနီမောင် အတွေးမျှင် တဆန်ဆန့် ဖြစ်ဖူးခဲ့လေပြီ ။
“ စာ ပေး ရ ကောင်းမလား ၊ စကား လိုက် ပြော ရ ကောင်း မလား ”
ဤသို့ လည်း ကိုနီမောင် အကြံ တထုတ်ထုတ် ဖြစ်ဖူး ခဲ့လေပြီ ။
ကိုနီမောင် သည် သူ့ အဖြစ် ကို သူ ပြန်၍ စဉ်းစားကြည့် မိ၏ ။ တစ်ခါတစ်ရံ မိမိ က ဖြစ်ချင်ရာ ဖြစ်ရော ဟု ဆိုကာ မျက်လုံးချင်း မဆုံ ဆုံအောင် လုပ်၍ ပြုံး ပြလိုက်သည့်အခါ များ မကြိုင်လှိုင်သင်း သည် မည်သို့မျှ ဣန္ဒြေ ပျက်သွားခြင်း မရှိဘဲ မိမိ ၏ အံဆုံးသွား ပါ မကျန် ပေါ်အောင် ပြုံးသော ပေါ်ပေါ်ထင်ထင် အပြုံး ကို မမြင်ယောင် ဆောင်သွားပုံ မှာ အသည်းယားစရာ ကောင်း လှသည် ။
“ မိန်းကလေး မို့ ဣန္ဒြေ ဆည်တာ ပဲ လို့ ငါ က အ ကောင်းဘက် က လှည့် နေခဲ့တာ ဘယ်ဟုတ်မလဲ ၊ မချော က မာနခဲ ကိုး ၊ ပြီးတော့ လူ ကို ချိုး လိုက်သေးတယ် ၊ စော်ကား လိုက်သေးတယ် ၊ တောက် ... ”
ကိုနီမောင် သည် ဤသို့ ဒေါသခိုးများ လွှတ် နေစဉ် ...
( ၂ )
မကြိုင်လှိုင်သင်း ကမူ မိမိ ၏ မျက်မှန် အပ် လက်မှတ် ကို ယူသွား ပြီးလျှင် မှတ်ပုံတင်စာအုပ် တွင် လက်မှတ် အမှတ် ကို ရှာ နေသော ကိုဘအေး ကို တစ်ချီတစ်ချီ လှမ်းကြည့် ရင်း ကိုနီမောင် ၏ အချစ်ငတ် ဝေဒနာ ပြင်းထန်သော အဖြစ်အပျက် ကို တွေး ကာ ဝမ်းထဲ က တခိခိ ရယ် နေသည် ။
လွန်ခဲ့သော ရက်သတ္တ တစ်ပတ် ကျော် လောက်က မျက်မှန် အပ်ရန် ဤ ဆိုင်သို့ လာသည့် နေ့ က ကြိုင်လှိုင် သင်း သည် ကိုနီမောင် နှင့် ရင်ဆိုင် တိုး ခဲ့ရလေသည် ။ မကြိုင်လှိုင်သင်း သည် ကိုနီမောင် ကို ပြည်သူ့မုန့်တိုက် အနီး တွင် နံနက်တိုင်း လိုလို ဆုံနေကျ လူ တစ်ယောက် အနေဖြင့် လည်းကောင်း ၊ မိမိ ကို မြင်တိုင်း သွား တဖြဲဖြဲ ဖြစ် သွားတတ်သော အရှက် မရှိ သူ တစ်ယောက် အနေဖြင့် လည်းကောင်း ကောင်းကောင်း မှတ်မိသည် ။ သို့သော် မလွှဲမရှောင် သာဘဲ မျက်စိ အထူးကုဆရာဝန် ၏ လက်မှတ် ကို ကိုနီမောင် အား ထုတ် ပြ လိုက်ရသည် ။
“ အဲဒီ လက်မှတ် ထဲ မှာ ဆရာဝန် ညွှန်ကြားထား တဲ့ အတိုင်း ကျွန်မ အတွက် မျက်မှန် တစ်လက် လုပ် ချင်လို့ပါ ရှင် ”
ဟု လည်း ခပ်ချိုချို ပင် ပြော လိုက်သည် ။ ထိုအခါ ကိုနီမောင် တွင် ရှိသမျှ ခပ်သိမ်းကုန်သော အပေါ်သွား နှင့် အောက်သွား အပေါင်း တို့သည် ဘွားခနဲ ကိုယ်ထင် ပြကြ လေသည် ။
“ ဟုတ်ကဲ့ ရပါတယ် ၊ ညီမ လိုချင်တဲ့ ၊ ကြိုက်တဲ့ ကိုင်း ကို ရွေးပါဦး ၊ ဂျာမနီကိုင်း အကောင်းစား ထဲ က ယူပါ လား ၊ ပုံ လည်း လှတယ် ”
ကိုနီမောင် သည် မိမိ ကို ညီမ ဟု အာသွက်လျှာသွက် ခေါ် လိုက်သည်မှာ ယဉ်ကျေးမှု လား ၊ လေချိုသွေးမှု လား မကြိုင်လှိုင်သင်း ခွဲခြား၍ မထင်တတ်ချေ ။ သို့ရာတွင် မျက်မှန်ကိုင်း ကို ရွေးရန် ကိစ္စ နှင့် ပတ်သက်၍ ကား မကြိုင်လှိုင်သင်း သည် အိမ် မှ ထွက် လာကတည်းက ဆုံးဖြတ်ချက် တစ်ခု နှင့် လာခဲ့ခြင်း ဖြစ်၏ ။
မကြိုင်လှိုင်သင်း မျက်မှန် တပ် ရမည် ဟု ဆရာဝန် က ညွှန်ကြားလိုက်ကြောင်း သိရသောအခါ သူ ၏ အစ်ကို ဝမ်းကွဲတစ်ယောက် က ဤသို့ မေး သည် ။
“ ဟေ့ မိကြိုင် ၊ နင် မျက်မှန် လုပ်မှာ ဖြစ်ရင် မျက်မှန် ဆိုင် မှာ အသိကော ရှိရဲ့လား ”
“ ဟာ - ဘယ် ရှိမလဲ အစ်ကို ရ ၊ အသိ ရှိဖို့ လိုသေးသ လားလို့ ၊ ကိုယ့် ဟာ ကိုယ် သွားပြီး အပ် လိုက်ရင် ပြီးတာပဲ မဟုတ်လား လို့ ”
တည့်တည့် ပြော မှ သာ အနည်းအကျဉ်း ရိပ်မိမည့် ပုံပန်းဖြင့် မကြိုင်လှိုင်သင်း က ဤသို့ ပြော လိုက်သော အခါ သူ့ အစ်ကို ဝမ်းကွဲ လုပ်သူ သည် ဟက်ဟက်ပက်ပက် ရယ် သည် ။
“ အသိ မရှိရင် နင် လိုချင်တဲ့ မျက်မှန်ကိုင်း ဆိုင် မှာ ကုန် နေတတ်တယ် ၊ ပြီးတော့ နှစ်လကျော်ကျော် ကြာ မှ နင့် မျက်မှန် ပြီး တတ်တယ် ၊ အသိ ရှိရင် လိုချင်တဲ့ ကိုင်း လည်း ရ တတ်တယ် ၊ လေးငါးရက် အတွင်း မှာ လည်း မျက်မှန် ပြီး တတ်တယ် ”
“ ဟင် ... ”
မကြိုင်လှိုင်သင်း သည် ရှည်ရှည်လျားလျား ဆွဲဆွဲ ငင်ငင်ကြီး ညည်းတွား လိုက်မိ၏ ။
“ အဲဒါကြောင့် ငါ က နင့် မှာ အသိ ရှိရဲ့လားလို့ မေး တာပေါ့ ၊ ငါ့ မှာ အသိ တစ်ယောက် ရှိတယ် ၊ အဲဒီ အသိ က မျက်မှန်ဆိုင် က လူတွေ ကို ကောင်းကောင်း နိုင်တဲ့ လူ တစ်ယောက် နဲ့ သူငယ်ချင်း ဆို ပါတော့ ဟာ ၊ ငါ စုံစမ်းလိုက် .. ”
“ တော်ပါပြီ အစ်ကို ၊ အစ်ကို ပြောတာ ကြားရတာ မိကြိုင် စိတ်ကုန်တယ် ၊ နေပေ့စေ ၊ ရှုပ်တယ် ၊ ဘယ်သူ့
နောက်မှ လိုက် မနေပါနဲ့ ၊ ရတဲ့ ကိုင်း ကိုပဲ ယူမယ် ၊ နှစ်လ ဖြစ် ဖြစ် ၊ သုံးလ ဖြစ်ဖြစ် ချိန်းတဲ့ နေ့ ကိုပဲ စောင့်မယ် ”
အစ်ကိုဝမ်းကွဲ ၏ စကား မဆုံးခင် ပင် မကြိုင်လှိုင်သင်း က ဖြတ် ပြောလိုက်၏ ။
မကြိုင်လှိုင်သင်း သည် ဤ ဆုံးဖြတ်ချက် ကို ရင်ဝယ် ပိုက် လျက် အိမ် မှ ထွက်လာခဲ့ခြင်း ဖြစ်သည် ။ ယခု ကိုနီမောင် က “ ကြိုက်တဲ့ ကိုင်းကို ရွေးပါဦး ၊ ဂျာမနီကိုင်း အကောင်းစား ထဲ က ယူပါလား ၊ ပုံလည်း လှတယ် ” စသည်ဖြင့် ရွှန်းရွှန်းဝေအောင် ပျူငှာ နေသောအခါ မကြိုင်လှိုင်သင်း သည် ရုတ်တရက် ဘာ ပြန် ပြောရမှန်း ပင် မသိ အောင် ဖြစ် သွား၏ ။
“ အသင့်အတင့် ကောင်းရင် တော်ပါပြီ ” ဟု မကြိုင်လှိုင်သင်း အဖြေ ပေးသည် မှာ ခဏအကြာ မှ ဖြစ်၏ ။
သို့သော် ကိုနီမောင် သည် မှန်ဘီရို အတွင်း ၌ ပြထား သော မျက်မှန်ကိုင်းများ ကို မကြိုင်လှိုင်သင်း အား ခဏ ကြည့် စေပြီး လျှင် ဆိုင်အတွင်း သို့ ဝင် သွား နေပြီးနောက် မှန်ဗီရို အတွင်း ၌ ပြ မထားသော မျက်မှန်ကိုင်း အမျိုးအစား အချို့ ကို ထုတ် ယူလာ၏ ။
“ ဒီ ကိုင်းတွေ က ပို ကောင်းတယ် ၊ ဗိုလ်မှူးကတော် တစ်ယောက် တောင် ခပ်စောစော က ပဲ ဒီကိုင်း တစ်လက် နဲ့ မျက်မှန် အပ် သွားတယ် ၊ ညီမ နဲ့ ဆိုရင် သိပ် လိုက်မှာပဲ ၊ ရော့ လေ စမ်း တပ်ကြည့်ဦးပေါ့ ၊ ဒီမှာ မှန် ”
ကိုနီမောင် သည် ဣန္ဒြေ မရလောက်အောင် ပျာပျာ သလဲ ဖြစ်ကာ မှန်ဗီရို ပေါ် တွင် ထောင် ထားသော မှန် ကို မကြိုင်လှိုင်သင်း ဘက် သို့ လှည့် ၍ တိုး ပေး လိုက်၏ ။ မကြိုင်လှိုင်သင်း မှာ ကား သူ ပြောသလို မျက်မှန်ကိုင်း ကို စမ်း တပ်ကာ သူ့ ရှေ့ ၌ မှန် ကြည့်ဖို့ ဆိုသည် မှာဝေးရော ၊ သူ ၏ ပျာပျာသလဲ နိုင်လှသော အဖြစ် ကြောင့် မျက်နှာ မထားတတ်အောင် ရှက်သွေး ဖြာနေလှလေပြီ ။ ထို့ကြောင့် မကြိုင်လှိုင်သင်း သည် မိမိ နှင့် တော်မည် ထင်သော မျက်မှန်ကိုင်း တစ်ခု ကို ကောက်ယူ ၍ တပ် ကြည့် လိုက်၏ ။ မှန် ကို မူ မကြည့် ။
“ ဒီ ကိုင်း နဲ့ ပဲ တော်လိမ့်မယ် ထင်ပါတယ် ၊ ဒီ ကိုင်း နဲ့ ပဲ လုပ်ပေးပါ ”
ကိုနီမောင် တွေ့ဖူးနေကျ ဖြစ်သော မိန်းကလေးမျိုး နှင့် ခြားနားစွာ မကြိုင်လှိုင်သင်း က ချီတုံချတုံ အမူအရာ အလျဉ်း မရှိ ၊ လှ မှ လှပါ့မလား ၊ ကြည့်လို့ မှ ကောင်းပါ့မလား ဟု စဉ်းစားသည့် အမူအရာ အလျဉ်းမရှိ ၊ ယတိပြတ် ဆုံးဖြတ် ချက် ချကာ ဤသို့ ပြော လိုက်သည်ကို ကြားရသော အခါ ကိုနီမောင် အံ့အားသင့် သွားပုံ ရ၏ ။ သို့သော် ကိုနီမောင် သည် “ ကောင်းပါတယ် ကောင်းပါတယ် ” ဟု သာ ပြော ပြီးနောက် မျက်မှန် အပ် လက်မှတ် ကို ရေး၏ ။ လက်မှတ် တွင် မကြိုင်လှိုင်သင်း ၏ အမည် ကို သာမက နေရပ်လိပ်စာ ကို ပါ မေးပြီး ရေးထည့်၏ ။
“ ဒီ လက်မှတ် ထဲ မှာတော့ ထုံးစံ အတိုင်း နှစ်လ ချိန်းလိုက်တယ် သိလား ၊ ဒါပေမဲ့ မြန်မြန် ရအောင် အစ်ကို လုပ် ပေးမယ် ၊ နောက် ခုနစ်ရက် လောက် ကို ဆက်ဆက် လာခဲ့ပါ ”
ကိုနီမောင် သည် ကြိုင်လှိုင်သင်း အား မျက်မှန်အပ် လက်မှတ် ထုတ်ပေးရင်း ခပ်တိုးတိုး ပြောလိုက်၏ ။ မကြိုင်လှိုင်သင်း သည် စကား တစ်ခွန်းမျှ ပြန် မပြောဘဲ လက်မှတ် ကို ယူပြီး နောက် လှည့် ၍ အထွက် တွင် ဆိုင်ခန်း တစ်ခွင် သို့ အပြေးအလွှား မျက်လုံး ခရီး သွား လိုက်၏ ။ လူ အလွန် ပါး သည် ကို တွေ့ရ၏ ။
“ လူ အပါး သား ပဲ ၊ ဘာဖြစ်လို့ ငါ့ ကို စကား ခပ်တိုး တိုး ပြောရတာလဲ ၊ သူ့ ရဲ့ အကူအညီ ကို ငါ က ပိုပြီး အထင် ကြီးအောင် လို့ နဲ့ တူပါရဲ့ ”
ဤသို့ ဝမ်းထဲ က ထင်ကြေး ပေးရင်း မကြိုင်လှိုင်သင်း သည် ဆိုင် ထဲ က ထွက် ခဲ့လေသည် ။
( ၃ )
နှစ်ရက်ခန့် ကြာသောအခါ မကြိုင်လှိုင်သင်း အိမ် သို့ ကိုနီမောင် ထံ မှ စာ တစ်စောင် ရောက် လာ၏ ။
“ ညီမ မကြိုင်လှိုင်သင်း ...
ဒီ စာ ဟာ ရည်းစားစာ ဆိုတာတော့ မဖတ်ခင် ကတည်း က မင်း သိပြီးရောပေါ့ ၊ ဒါပေမဲ့ ရည်းစား စကား မပြောခင် မင်း ကို တောင်းပန်စရာတွေ ၊ ပြောစရာတွေ ရှိ တယ် ။
မျက်မှန်ဆိုင် ကို မင်း လာတဲ့ ည က အစ်ကို အိပ်ရာ ထဲ မှာ နဖူးပေါ် လက်တင်ပြီး ပြန် စဉ်းစားကြည့်တယ် ။ အစ်ကို ရဲ့ အမူအရာတွေ ဟာ အပျိုအရွယ်ကလေး ဖြစ်တဲ့ မင်း ရဲ့ ဣန္ဒြေ သိက္ခာ ကို မငဲ့လွန်း ၊ မထောက်ထားလွန်းရာ ကျမိခဲ့တယ် ၊ ပြည်သူ့မုန့်တိုက် နား မှာ ဆုံတဲ့အခါ အစ်ကို ပြုံးပြမိ တာတွေ ၊ မျက်မှန်ဆိုင် ကို မင်း ရောက်တုန်းက အစ်ကို ပျာလောင်ခတ်မိတာတွေဟာ အတော် ဣန္ဒြေ မဲ့ တဲ့ အမူအရာ တွေပဲ ။ မင်း တော့် အတော်ကလေး စိတ် အနှောင့်အယှက် ဖြစ်ခဲ့ ရှာမှာပဲ ။ ဒါတွေဟာ အစ်ကို့ ရဲ့ အမှားတွေ ပါ ။ ထိန်းသင့် တဲ့ ဣန္ဒြေ ကို မထိန်းနိုင်ခဲ့တဲ့ အစ်ကို့ ရဲ့ ပျော့ကွက် ညံ့ကွက်တွေ ပါ ။ အစ်ကို တောင်းပန်ပါတယ် ။
ဒါပေမဲ့ အစ်ကို ဟာ ပြောင်ချော်ချော် စပ်ဖြဲဖြဲ အစား ထဲ က မဟုတ်ခဲ့ပါဘူး ။ အစ်ကို ဟာ နှလုံးသား လည်း မာ ကျောပြီး အပြောအဆို မာကျော ၊ မျက်နှာထားလည်း မာ ကျော ၊ ယုံကြည်ချက်လည်း မာကျော တဲ့ လူပါ ။ ဥပမာ အစ်ကို ယုံကြည်တာ က ဒီ လောကကြီး မှာ အရင်းအနှီး ကို ပိုင်တဲ့ လူ တစ်စု က အရင်းအနှီး မရှိတဲ့ လူအများ ကို ခိုင်း စား လို့ ရတဲ့ စနစ်ကြီး အသက်ရှည် နေသရွေ့ ကာလပတ်လုံး လုပ်စားကိုင်စား လူအများ ရဲ့ဘဝ ဟာ ဖြင့် အညွန့်တုံး မြဲ တုံးနေတော့ မှာ ပဲလို့ ယုံကြည်တယ် ။ အစ်ကို ရဲ့ အဖေ ဟာ အင်္ဂလိပ်ခေတ် ကတည်း က ဘီအိုစီ မှာ စာရေး အလုပ် လုပ်ခဲ့ တဲ့သူ ။ ၁၃၀၀ ပြည့် အရေးတော်ပုံ တုန်း က ဆိုရင် ဆန္ဒ ပြတဲ့ လူတွေ အထဲမှာ သူ လည်း ပါ သေးတာပေါ့ ။ သူ သွင်းပေးတဲ့ သွေးတွေ ဟာ အစ်ကို ရဲ့ တစ်ကိုယ်လုံး မှာ ပျံ့ နေသလား မပြောတတ်ဘူး ။ အစ်ကို ဟာ ကျောင်းသား ဘဝ ကတည်း က ဘုကျကျ ဘောက်ဆတ်ဆတ် ပဲ ။
လောကကြီး ကို လက်သီး နဲ့ ပိတ် ထိုးချင်တဲ့ စိတ်တွေ ၊ ဒူး နဲ့ တိုက် ပစ်ချင်တဲ့ စိတ်တွေ အမြဲလိုလို ဖြစ်နေတယ် ။ တော်လှန်ချင်တယ် ။ မြင်မြင်သမျှ မတရားမှုတွေ ၊ ကိုးလို့ကန့်လန့် ဟာတွေ အားလုံး ကို တော် လှန် ပစ်ချင်တယ် ။ တော်လှန်ရေးသမား လို့ ဆိုပါတော့ ။
အစတုန်းက ကု,လားပိုင်မျက်မှန်ဆိုင် မှာ အစ်ကို အလုပ် လုပ်ခဲ့ရတယ် ။ အဲဒီ ကု,လားဆိုင်ကို အစိုးရ က ပြည်သူပိုင် သိမ်းတော့ ပျော်လိုက်တဲ့ ဖြစ်ခြင်း ၊ ဒိုးပတ်ဝိုင်း နဲ့တောင် လှည့်ပြီး က ချင်စိတ် ဖြစ်တယ် ။ အဟုတ်ကိုပဲ ။ ပြည်သူပိုင် သိမ်းဆည်းရေးအဖွဲ့ တွေ ကို လည်း ထမင်းမစား ဟင်းမစား အကူအညီ ပေးတာပေါ့ ။
အစ်ကို ဟာ အဲဒီလို လူမျိုးပါ ။ ရှင်းရှင်း ပြောရရင် ချစ်ရေးကြိုက်ရေး ဆိုတာ လူတွေ ရဲ့ အလုပ် ၊ စိတ်ကူးယဉ် သမားတွေ ရဲ့ အလုပ် လို့ ယူဆခဲ့တဲ့ လူပါ ။ အစ်ကို့ ရဲ့ မာကျောတဲ့ နှလုံးသား ကို ပျော့ သွားအောင် ဘယ်လို လူမျိုး မှ လုပ်နိုင်မှာ မဟုတ်ဘူး လို့ အစွဲ ရှိခဲ့တဲ့ လူပါ ။
ဒါပေမဲ့ အဲဒီ အစွဲ ကျွတ် သွားတဲ့ နေ့ ဟာ လမ်း မှာ မင်း နဲ့ စပြီး ဆုံ တဲ့ နေ့ပဲ ။ အစ်ကို ဘယ်လို ဖြစ်တယ် မသိဘူး ၊ မင်း ကို မြင်တိုင်း ရင်တွေ ခုန်တယ် ။ မျက်မှန်ဆိုင် ကို မင်း လာတဲ့ နေ့ က များ ရင်တွေ သာ ခုန်တာ မဟုတ်ဘူး လက်တွေ ပါ တုန် နေတယ် ။ ဘောက်ချာ ရေးတော့ လက်တွေ တုန် နေလို့ မနည်း ထိန်းပြီး ရေးရတယ် ။ မင်း သတိထားမိသလား ၊ သတိမထားမိဘူးလား တော့ မပြောတတ်ဘူး ။
တိုတို နဲ့ လိုရင်း ပြော ရရင် မင်း ကို ချစ်တယ်ကွယ် ညီမ ရယ် ။ မြင်မြင်ကရာ ကို တော်လှန်ချင်တဲ့ တော်လှန်ရေး သမား ဟာ အချစ်စိတ် ကိုတော့ တော်လှန် လို့ မရကြောင်း လက်တွေ့ သိရပြီမို့ ဝန်ခံပါတယ် ။ ဒါပေမဲ့ အချစ်ရေး မှာ တတ်ကျွမ်း နားလည်ခဲ့သူ မဟုတ်တော့ အစ်ကို့ ရဲ့ မေတ္တာစာ ဟာ နိုင်ငံရေးသဘောထား ထုတ်ပြန်ကြေညာချက် နဲ့ များ တူသွားပြီလား မဆိုနိုင်ဘူး ။
ဘာပဲဖြစ်ဖြစ်လေ အစ်ကို့ သဘော ကို တော့ မင်း သိ ရောပေါ့ ၊ အစ်ကို မင်း ကို ချစ်တယ် ။ မင်း ရဲ့ အချစ် ကို လိုချင် တယ် ။ အစ်ကို့ ရဲ့ အချစ်ကို ပေး ချင်တယ် ။ အချစ် ချင်း ဖလှယ် ချင်တယ် ။ ညီမ ရဲ့ အဖြေ ကို သိပါရစေ ။
မျှော်လင့်လျက်
နီမောင်
မြင်သူ ငေးရသော အလှ ပိုင်ရှင် ဖြစ်သည့် အားလျော်စွာ ကျောင်းဆရာမ မဖြစ်ခင် ကျောင်းသူ ဘဝ ကတည်း က ယောက်ျားသားများ ထံ မှ ရည်းစားစာ အမျိုးမျိုးကို ဖတ်ဖူးခဲ့ သူ ဖြစ်သည့် မကြိုင်လှိုင်သင်း သည် ကိုနီမောင် ၏ စာကို ဖတ်ပြီးသော အခါ -
“ ဒီ လူ ဟာ လူထူးလူဆန်း တစ်ယောက်တော့ လူထူး လူဆန်းတစ်ယောက် ပဲ ၊ ဒေါသ ကြီးတဲ့ ယောက်ျားကြမ်း တစ်ယောက် နဲ့ လည်း တူတယ် ”
ဟု ဝမ်း ထဲ က မှတ်ချက် ချမိရုံ မှ တစ်ပါး ရင်တွင်း ၌ မည်သို့မျှ လှုပ်ရှားခြင်း မဖြစ်မိချေ ။ သာမန် မိန်းမ တစ်ယောက် မညွှတ်ဘဲ မနေနိုင်အောင် အမြောက်အပင့် ၊ အချွဲအပြစ် ၊ အရေးအဖွဲ့ ကောင်းသော စာ ပေါင်းများစွာ ကို ဖတ် ခဲ့ရတုန်း ကပင် အရည် မပျော်ခဲ့သော နှလုံးသား သည် ကိုနီမောင် ၏ စာ ကို ဖတ် ရသောကြောင့် တစ်ဆိတ်ကလေးမျှ လှုပ်လှုပ်ရှားရှား ဖြစ်ဖို့ ဆိုသည် မှာ ဝေးလှ လေသည် ။
ထို့ကြောင့် ကျောင်း တက် ရသည့် အလုပ် ၊ မိသားစု များ လှသော အိမ်တွင် အိမ်မှုကိစ္စ တာဝန်ယူသော အစ်မ များ ကို အချိန် အားရသမျှ ကူညီရသည့် အလုပ် ၊ ကျောင်း သားများ ၏ ဂဏန်းသင်္ချာ လေ့ကျင့်ခန်း အဖြေ စာအုပ်များ ကို စစ်ဆေးရသည့် အလုပ် အစ ရှိသော အလုပ်များ ၏ အောက် တွင် ကိုနီမောင် ၏ စာသည် စုံးစုံးမြုပ် ၍ မကြိုင်လှိုင်သင်း ၏ ဦးခေါင်း ထဲ မှ ပျောက်ကွယ် သွားသည် မှာ မျက်မှန် အပ်သည့် နေ့ မှ ဆယ်ရက်မြောက် သော ယနေ့ အထိ ဖြစ်သည် ။
ယနေ့ နံနက် တွင် မူ မကြိုင်လှိုင်သင်း သည် နေ့စဉ်မှတ်တမ်း စာအုပ် ကို လှန်လှောရင်း မျက်မှန် အပ်ထားသည့် လက်မှတ် ကို တွေ့ သည် နှင့် ကိုနီမောင် ကို သတိ ရသည် ။ ခုနစ်ရက် လောက် ရှိလျှင် လာခဲ့ပါ ဆိုသော စကား ကိုလည်း သတိ ရသည် ။ ယခု ဆယ်ရက် ရှိသွားပြီ ။ သွား ရလျှင် ကောင်း မည်လား ၊ မသွားဘဲ နှစ်လ ကြာသည် အထိ စောင့် ရလျှင် ကောင်းမည်လား ဟု စဉ်းစားသည် ။ နောက်ဆုံး တွင် မိမိ က လာဘ် ပေးသောကြောင့်လည်း မဟုတ် ၊ မျက်နှာ ချို သွေးသောကြောင့်လည်း မဟုတ် ၊ သူ့ သဘော အလျောက် သူ့ ဘာသာ မျက်မှန် ကို အမြန် ပြီးစီးအောင် ဆောင်ရွက်ပေး ခြင်း ဖြစ်သောကြောင့် မိမိ အဖို့ လိပ်ပြာ မသန့် ဖြစ်စရာ အကြောင်း မရှိ ၊ နှစ်လ ကြာသည် အထိ စောင့်ရန် အကြောင်း မရှိ ၊ ယနေ့ပင် မျက်မှန်ဆိုင် သို့ သွား၍ မျက်မှန် ရွေးလိုက်လျှင် ခေါင်းကိုက်ခြင်း ၊ ဇက်ထိုးခြင်း ဝေဒနာ နှင့် မြန်မြန် ဝေးရမည် ဟု ဆင်ခြင်၍ ဆုံးဖြတ်ကာ အိမ် မှ ထွက် လာခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ကိုဘအေး ၏ မှန်ဗီရို ရှေ့ တွင် ...
( ၄ )
“ ဒီမှာ .. မကြိုင်လှိုင်သင်း ”
နောက်မှ ခေါ်လိုက်သော မာကျောကျော အသံ ကြောင့် မကြိုင်လှိုင်သင်း အတွေး လန့်ကာ ဆတ်ခနဲ လှည့် ကြည့်လိုက်၏ ။ ကိုနီမောင် ပြုံးကား ပြုံးလျက် သို့သော် ပျော်၍ ပြုံးသော အပြုံးမျိုး မဟုတ် ၊ ရန် လို၍ ပြုံးသော အပြုံး မျိုး ဖြစ်သည် ကို မကြိုင်လှိုင်သင်း ရိပ် မိ၏ ။ မကြိုင်လှိုင်သင်း သည် ဘာမျှ ပြန် မပြောဘဲ “ ရှင် ပြောစရာ ရှိတာ ပြော ပါ ” ဟူသော အဓိပ္ပာယ် ထွက်သော မျက်နှာထား ဖြင့် သူ့ ကို ကြည့်နေ၏ ။
“ မကြိုင်လှိုင်သင်း က ကျောင်းဆရာမ တစ်ယောက် ပီပီ ပုပုရွရွ မြင်မြင်သမျှ သတ္တဝါတွေ ကို ကိုယ့် တပည့်တွေ ချည်း ပဲ လို့ မှတ်တယ် ထင်ပါရဲ့ ၊ တယ်ပြီး ဆုံးမဩဝါဒ အပေး ကောင်းပါလား ”
ကိုနီမောင် က သူ ၏ အထေ့အငေါ့ ကို အစူးရှဆုံး ဖြစ် အောင် အားထုတ် လိုက်သော်လည်း ထို အထေ့အငေါ့ သည် မကြိုင်လှိုင်သင်း ကို မစူးချေ ။ အဘယ့်ကြောင့် ဆိုသော် မကြိုင်လှိုင်သင်း သည် သူ ပြောလိုက်သည့် စကား ၏ အဓိပ္ပာယ် ကို လုံးဝ နားမလည်လိုက်ချေ ။
“ ရှင် ပြောတာ ကျွန်မ နားမလည်ဘူး ၊ ဘာ ဆုံးမသြ ဝါဒ လဲ ၊ ရှင့် ကို ဘယ်သူ က ပေးသလဲ ”
မကြိုင်လှိုင်သင်း သည် စိတ်ရှုပ်စွာ ပြန် မေးလိုက်၏ ။ ကိုနီမောင် ၏ မျက်နှာ မှာ မူ ဒေါသရောင် လွှမ်း နေသောကြောင့်လား မသိ ။ နီမြန်းမြန်း ဖြစ်နေ၏ ။
“ ဘယ်သူ ဖြစ်ရမလဲ ကြိုင်လှိုင်သင်း ပဲ ပေါ့ ၊ ဒါပေမဲ့ ကျောင်း မှာ ကလေးတွေ ကို စာ သင်သလို ကျွန်တော့် လို လူမျိုး ကို လာပြီး နိုင်ငံရေး ကကြီး ၊ ခခွေး သင် ပေးတာက တော့ လူတတ် လုပ်ရာ ကျလွန်းတယ် ”
“ ရှင် ဘာတွေ ပြော နေတာလဲ ၊ ရှင် အရူးလား ”
မကြိုင်လှိုင်သင်း စိတ် တို လာပေပြီ ။ ကိုနီမောင် ၏ မျက်နှာ လည်း ပို၍ နီ လာလေပြီ ။
“ ဒါ ဘယ်သူ ရေးတဲ့ စာ လဲ ပြော ပါဦး ”
ကိုနီမောင် သည် သူ ၏ ရှပ်အင်္ကျီ အိတ် ထဲ က စာရွက် ခေါက်ကလေး တစ်ခု ကို ဆတ်ခနဲ ထုတ်၍ ပြ လိုက်၏ ။ မကြိုင်လှိုင်သင်း က လည်း ထို စာ ကို ဆတ်ခနဲ ဆွဲ ယူ၍ ဖွင့် လိုက်၏ ။
တော်လှန်ရေးသမားကြီး
ကိုနီမောင် ရှင့် ..
ကိုနီမောင် ကို တော်လှန်ရေးသမားကြီး လို့ ခေါ် လိုက် တာ ငေါ့တော့တော့ ခေါ်တာ လို့ မထင်လိုက်ပါနဲ့ နော် ။ ကိုနီမောင် ကိုယ်တိုင် ကိုယ့် ကိုယ်ကို ဂုဏ်ယူစွာ ပေးလိုက်တဲ့ နာမည် ပဲ မဟုတ်လား ။
တကယ်တော့ ကိုနီမောင် ဟာ တော်လှန်ရေးသမား ပီသပါပေတယ် လေ ။ ကြည့်ပါလား ကိုနီမောင် ရဲ့ မေတ္တာ စာ ဟာ တော်လှန်သော မေတ္တာစာ တစ်ပုဒ် ပဲ မဟုတ်လား ။ သူများတကာတွေ လို ချွဲချွဲပျစ်ပျစ် ဖွဲ့ ဖွဲ့နွဲ့နွဲ့ ရေး မထားဘဲ မင်း ကို ငါ ချစ်တယ် ဟေ့ ။ ငါ့ ကို မင်း ချစ်ပေတော့ ပေါ့ ။ ကိုင်း ကိုင်း ချစ်ကြစို့လား ၊ ဟေ့လားမောင်ရို့ဝါး ဆိုတာ လို ပြတ် ပြတ်သားသား ရေးထားပုံ ဟာ တကယ် ပြောင်မြောက်တဲ့ လက်ရာကောင်း တစ်ပုဒ်ပါပဲ လေ ။
ဒါပေမဲ့ ကျွန်မ ပြောချင်တဲ့ အချက် က ရှင် မိန်းမ လိုချင် ရင် အချစ် အကြောင်း ကို ကြိုးစားပြီး လေ့လာပါဦး ၊ ဆည်းပူး ပါဦး လို့ ၊ အခု မြင်ရတဲ့ လက္ခဏာ ကို ကြည့်ပြီး ကျွန်မ ဗေဒင် ဟောရမယ် ဆိုရင်တော့ ရှင် မိန်းမ ရမယ့် ရာစုနှစ် ဟာ အတော် ခပ်ဝေးဝေး မှာ ရှိတယ် ။
နောက်ပြီးတော့ ရှင် ဟာ တော်လှန်ရေးစကား ကို ခပ် များများ ပြောချင်ပုံ ရပေမယ့် တော်လှန်ရေး သင်ပုန်းကြီး ကျေခဲ့ဟန် မတူဘူးလို့ ကျွန်မ ထင်မိတယ် ။ မတရားတဲ့ လောကကြီး ကို လက်သီး နဲ့ ပိတ် ထိုးချင်တဲ့ တော်လှန်ရေး ဒေါသ ၊ ဒူး နဲ့ ပစ်တိုက်ချင်တဲ့ တော်လှန်ရေး ဒေါသ ၊ အဲဒီ ဒေါသတွေ မွှန်နေရုံနဲ့ တော်လှန်ရေး အလုပ် အောင်မြင်နိုင်ပါ့မလား ရှင် ။ ဆိုပါတော့ ရှင် လက်သီး နဲ့ ပိတ် ထိုးလို့ ၊ ဒူး နဲ့ ပစ်တိုက်လို့ ရှင် မုန်းတဲ့ လောကကြီး ခွေလဲ သွားပြီ ။ ဒီအခါ မှာ ရှင့် တော်လှန်ရေး အလုပ် ပြီးရောလား လို့ ။ တရားတဲ့ လောက သစ် တည်ဆောက်ရဦး မယ် မဟုတ်လား လို့ ။
ရှင့် မှာ လောကဟောင်း ကို ဖျက်ပစ်ဖို့ တော်လှန်ရေး ဒေါသ သာ ရှိချင် ရှိမယ် ၊ လောကသစ် ကို တည်ဆောက်ဖို့ တော်လှန်ရေး ကိုယ်ကျင့်တရား မရှိဘူး ။
ဒါ ... ကျွန်မ အလကား သက်သက် ပုတ်ခတ် နေတာ မဟုတ်ဘူး ရှင့် ။ ရှင် ဟာ ရှင့် မှာ ရှိတဲ့ အခွင့်အာဏာ ကို အသုံး ပြုပြီး ကိုယ်ကျိုး ရှာချင်တဲ့ စိတ်ဖျင်းစိတ်ညံ့ ကို မတော်လှန် နိုင်ရှာ ပဲ ကလား ။ ကျွန်မ ကို မှ ဘာဖြစ်လို့ အထူး အခွင့်အရေး ပေးပြီး မျက်မှန်ကိုင်း အကောင်းစား တွေ ထုတ် လာရသလဲ ။ ကျွန်မ ကို မှ ဘာဖြစ်လို့ အထူးအခွင့်အရေး ပေးပြီး ခုနစ်ရက် အတွင်း ပြီးအောင် မျက်မှန် လုပ်ပေးရသလဲ ။ ဒါကို အသေး အဖွဲ လို့ ရှင် မထင်ပါနဲ့ ။ ရှင် .. ဒါမျိုး လုပ်ရင် ရှင့် ကိုလည်း လူတွေ က လက်သီး နဲ့ ပိတ် ထိုးချင်မှာပဲ ။ ဒူး နဲ့ ပစ် တိုက်ချင် မှာပဲ ။
ရှင့် ကို ရှင် တော်လှန်ရေးသမား လို့ နာမည် ပေးပြီး လက်သီးလက်မောင်း သိပ် တန်း မနေပါနဲ့ ရှင် ။ ရှင် ဟာ မတရားတဲ့ ပတ်ဝန်းကျင် ကို သာ တော်လှန် ချင်ပြီး ရှင့် ကိုယ် ထဲက စိတ်ဖျင်း စိတ်ညံ့ ကို မတော်လှန် နိုင်တဲ့ တစ်ဝက်တစ်ပျက် တော်လှန်ရေးသမား အညံ့စားကလေး ပါ ။
ကျွန်မ က ကျောင်းဆရာမ ဆိုတော့ ရှင့် ကို လည်း ကိုယ့် တပည့်သားမြေး အရင်း လို သဘော ထားပြီး ဆုံးမတန် တာ ဆုံးမ လိုက်တာပါ ။
ရှင့် အဖို့ မိန်းမ ကတော့ လက်ရှိ အချိုးမျိုး ကို ပြင်ရင် ရပေါက်ရလမ်း မပိတ်သေးပါဘူး ။
မေတ္တာသန့်သန့် ထားလျက် ...
ကြိုင်လှိုင်သင်း
စာ ကို ဖတ် နေတုန်း ကတည်း က ပင် ရယ်ချင်သည် က တစ်မျိုး ၊ သဘော ကျသည် က တစ်မျိုး ၊ အံ့ဩသည် က တစ်မျိုး ၊ စိတ် အိုက်သည် က တစ်မျိုး ၊ ရှက် သည်က တစ်မျိုး စသည်ဖြင့် အမျိုးမျိုးသော ခံစားချက်များ ရောထွေးကာ ခုန်လျက် ရှိသော ရင် သည် စာ ဆုံးသောအခါ လိပ်၍ လိပ်၍ လှိုက်ဖို လာသည် ။
“ ဒါ .. ကျွန်မ ရေးတာ မဟုတ်ဘူး ၊ ဘယ်သူ ရေးသလဲ မသိဘူး ”
မကြိုင်လှိုင်သင်း သည် ရှက်သွေး ကြောင့် မျက်နှာ နီမြန်း လျက် အသံ တတုန်တုန် နှင့် ပြောရင်း စာ ကို ပြန်ပေး လိုက်ပြီးနောက် မိမိ အပ်ထားသည့် မျက်မှန် ကို ထုတ် ယူလာ ပြီ ဖြစ်သော ကိုဘအေး ဘက် သို့ ဖျတ်ခနဲ လှည့်လိုက်၏ ။
“ ကျွန်တော် ပေးတဲ့ စာ ကို တော့ ရတယ် မဟုတ်လား ၊ ကျွန်တော့် ရဲ့ စာ ကို ရတဲ့ လူ က မရေး ရင် ဒီ စာ ကို ဘယ်သူ ရေး မလဲ ၊ ရေးပြီး မှ ဘာလို့ ရှက်နေရသလဲ ”
ဆိုင်တွင်း ၌ လူ ရှင်းလျက် ရှိသည့် တိုင်အောင် ကိုနီမောင် က ဤသို့ ထပ်ဆင့် ၍ မေးမြန်း နေပြန်သောအခါ မကြိုင်လှိုင်သင်း သည် ရှက်သွေး ဖြာသည် ထက် ဖြာလာ၏ ။ မျက်နှာ ထူပူ သည် ထက် ထူပူ လာ၏ ။ မျက်မှန် မရွေးဘဲ ချက် ချင်း ထွက်သွားရလျှင် ကောင်းမည်လား ဟု ပင် ကြံ မိ၏ ။
“ ဟာ ... အဲ ... အဲ အဲဒီ စာလား ၊ ဒါ .... ဒါ သူ ရေးတာ မဟုတ်ဘူး ၊ မကြိုင်လှိုင်သင်း ရေးတာ မဟုတ်ဘူး ကိုနီမောင် ”
ကိုဘအေး သည် စောစော က အမှုမဲ့ အမှတ်မဲ့ နေခဲ့ပြီး နောက် ယခုမှ ကိုနီမောင် နှင့် မကြိုင်လှိုင်သင်း တို့ ၏ အဖြစ် အပျက် ကို ဖြုန်းခနဲ မြင်လိုက်ရသောကြောင့် အလန့်တကြား အော် လိုက်၏ ။
“ ကျွန်တော် ရေးတာပါ ဗျာ ၊ ကျွန်တော် ရေးမိတယ် ဗျာ ၊ ခင်ဗျား ကို နောက်တာပါဗျာ ၊ မကြိုင်လှိုင်သင်း သည်းခံ ပါဗျာ ၊ ခွင့်လွှတ်ပါဗျာ ၊ သိပ် အားနာစရာကြီး ဖြစ် နေပြီဗျာ ၊ ကျွန်တော် မကြိုင်လှိုင်သင်း ကို တောင်းပန်ပါတယ် ၊ ကိုနီမောင် ရေးတဲ့ စာ ကို ကျွန်တော့် ကို သူ ပြလို့ ကျွန်တော် ဖတ်ရ တယ် ၊ သူ့ စာမျိုး ကို ဘယ် မိန်းကလေး မှ စာ ပြန်မယ် မဟုတ် ဘူး ဆိုတာ ကျွန်တော် သိတယ် ၊ သူ့ ကို နောက်ချင်လို့ ၊
လှောင်ချင်လို့ မကြိုင်လှိုင်သင်း ရေးတဲ့ အနေနဲ့ ကျွန်တော် ရေး ပြီး စာတိုက် က ထည့် လိုက်တာပါဗျာ ၊ ခုလို ဖြစ်လိမ့်မယ် လို့ ကျွန်တော် မတွေးမိလို့ပါ ။ ကိုနီမောင် ကလည်း ဗျာ ကျွန်တော် သုံး နေကျ မှင်ရောင် အနက် ကို ခင်ဗျား မှတ်မိဖို့ ကောင်း တယ် ၊ လက်ရေး ကိုတော့ ခင်ဗျား ဘယ် မှတ်မိမလဲ ၊ ကျွန်တော် ဘယ်ဘက် လက် နဲ့ ရေး ထားတာကိုး ”
မကြိုင်လှိုင်သင်း ကို အလွန် အားနာသွား သော ကြောင့် ပြူးပြူးပျာပျာ ဖြစ်လျက် ကြိုးစားပမ်းစား ရှင်းပြနေ ရှာသော ကိုဘအေး ၏ စကား မှ မဆုံးသေးခင် ရှက်ရမ်း ရမ်း ချင်လာပုံ ရသော ကိုနီမောင် သည် သူ့ လက်ထဲ က စာရွက် ကို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်အောင် ဆွဲ၍ ဆွဲ၍ ဆုတ် ပစ်နေ လေပြီ ။ မကြိုင်လှိုင်သင်း သည် ဤနေရာ မှ အမြန်ဆုံး ထွက် သွားလျှင် အကောင်းဆုံး ဖြစ်မည် ဟု ဆုံးဖြတ်ကာ မှန်ဗီရို ပေါ် တွင် ကိုဘအေး တင် ထားသော မိမိ ၏ မျက်မှန် ကို ဖွင့် ၍ မျှ ပင် မကြည့်တော့ဘဲ ဆတ်ခနဲ ဆွဲယူပြီးနောက် ချာခနဲ လှည့်၍ ထွက်သွား၏ ။
မကြိုင်လှိုင်သင်း ၏ နား ထဲ တွင်မူ စာရွက် ဆုတ်သံ သည် ပဲ့တင် ထပ် ၍ လိုက်ပါသွားသည် ။ ပဲ့တင်ထပ် ပုံ မှာ
“ ငါ ကဲ့သို့သော တော်လှန်ရေးသမား တစ်ယောက် ကို ဘာ နားမလည် ၊ ညာ နားမလည် လူသားတွေ က မလေးမခန့် လုပ် တာ ခံပြင်းတယ် ကွ ၊ ခံပြင်းတယ် ” ဟူ သတည်း ။
◾မောင်ဖေသန်း
📖 ငွေတာရီမဂ္ဂဇင်း
၁၉၆၆ ၊ ဇူလိုင် ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment