Thursday, August 22, 2024

သီချင်းထဲက လိုပဲနော်


 ❝ သီချင်းထဲက လိုပဲနော် ❞

 ━━━━━━━━━━━━━━━

  တက္ကသိုလ် ခင်မောင်ဇော်

 ━━━━━━━━━━━━━━━

( ၁ )


သူ့ဘေးမှာ တို့ ကပ်မထိုင်ချင်ပါဘူး ။ သူ့အသားနဲ့ ထိကပ်နေရင် သူက အသားယူချင်ယူမှာ ။ ဒါပေမဲ့ပေါ့ လေ မထိုင်လို့လည်း မရဘူး ။ သိတယ်မဟုတ်လား ။ လေးဆယ့်ငါး အမြန်ယာဉ်က မနက်စောစော သိပ်ကျပ် လွန်းတော့ ဖင်တစ်နေရာစာအတွက် အတင်းတိုးဝှေ့ တက်ရတယ် ။ သည်နေ့မှ အိမ်က ကားမအားလို့ အမြန်ယာဉ်နဲ့ လိုက်ရတယ် ။


ရတဲ့နေရာ ထိုင်ချလိုက်တော့ သူနဲ့ကပ်လျက်သား ဖြစ်သွားရတယ် ။ သူ ဘယ်လောက်များ ပျော်လိုက်မလဲ မသိဘူး ။ ကျောင်းမှာဆိုရင် သူက တို့ကို တစ်ချိန်လုံး စိုက်စိုက်ကြည့်တာ သိနေလို့ မျက်နှာလွှဲပြီး နေရတယ် လေ ။ အခုတော့ သူတို့ကို အဲလို စိုက်ပြီးကြည့်နေလို့ မရတော့ဘူး ။ ဘေးချင်းယှဉ်ထိုင်ပြီး ကိုယ်လုံးချင်း ထိကပ်နေတော့ မျက်လုံးချင်း ဆုံစရာအကြောင်း မရှိဘူး လေ ။


“ လမ်းနီလေး မှတ်တိုင် ပါတယ် ” 


ခြေနင်းခုံပေါ် ရပ်တွယ်လိုက်ပါလာသော စပယ်ယာ့အသံ ။


အမျိုးသမီး နှစ်ယောက် ဆင်းသွားတော့ အမျိုးသား သုံးယောက် တက်လာတယ် ။ ထိုင်စရာနေရာ မရှိဘူး ။ တစ်ယောက်က ခြေနင်းခုံပေါ်ရပ်ပြီး လိုက်ရတယ် ။


တို့ သူ့ကို အကဲခတ်ကြည့်မိတယ် ။ တို့ နဲ့ ကပ် ထိုင်နေလို့ သူ အရမ်းပျော်နေပုံရတယ် ။


တို့ကတော့ ကျောင်းမြန်မြန် ရောက်ချင်လှပြီ ။ အမြန်ကား သည်လောက် မြန်မြန်ပြေးနေတာတောင် နှေးတယ်လို့ တို့ထင်နေတယ် ။


“ ကုက္ကိုင်းလမ်းဆုံ ပါလား ” 


“ မပါရင် ဆွဲတော့အစ်ကိုရဲ့ ” 


အင်းလျားမြိုင်မှတ်တိုင်ရောက်တော့ အမျိုးသား

သုံးယောက် ထပ်တက်လာတယ် ။ သူတို့တွေလည်း တိုးလို့တွဲလောင်းနဲ့ လိုက်ရတာပေါ့ ။


ကားပေါ်မှာ မချောင်တဲ့အပြင် ပိုပြီးတောင် ကျပ် လာပါရောလား ။ ဘီအိုစီမှတ်တိုင်မှာ မရပ်ဘဲ ကျောင်း လမ်းမှတ်တိုင်ရောက်မှ ရပ်တယ် ။ အများစုက ကျောင်းသားတွေ ဖြစ်လို့ တစ်ဝက်နီးနီးလောက် ဆင်းသွားကြ တယ် ။ တို့လည်း လိုက်ဆင်းတာပေါ့ ။ တို့လည်း ဆင်း ရော သူပါ လိုက်ဆင်းတယ်လေ ၊ သူ တကယ်ပဲ ဆင်း လား ၊ တို့ ဆင်းတာမြင်လို့ ရောယောင်ပြီး လိုက်ဆင်းလား တော့ တို့ ဘယ်သိမလဲ ။


ပုဂံလမ်းမပေါ်မှာပေါ့ ။ သူ့ခြေလှမ်းတွေက ကျဲရာက စိပ်လာတယ် ။ တို့နဲ့ယှဉ်လျှောက်ဖို့ ကြိုးစားတာနဲ့ တူပါ တယ် ။ တို့က ဘယ် အယှဉ်ခံမလဲ ။ နှေးတုံ့ နှေးတုံ့ လျှောက်တာပေါ့ ။ ယှဉ်ပြီးလျှောက်ရင် စကားပြောနေရ ဦးမယ် ။


တို့က ဘယ်တော့မှ စကားစပြောမှာ မဟုတ်ဘူး ။


သူကသာ ... 


“ ဘယ်မှာ နေလဲဟင် ” 


မေးလာတော့ အလိုက်သင့် ပြန်ဖြေရတာပေါ့ ။ 


“ ရန်ကင်းမှာ ” 


တိုတိုပဲ ဖြေလိုက်တယ် ။ မဖြေဘဲနေရင် ရိုင်းရာကျ မှာစိုးလို့ ။


ရန်ကင်းမှတ်တိုင်မှာ တို့တက်လိုက်လာတာ သူသိ သားနဲ့ တမင် မေးတာလေ ။ စကားမရှိ စကားရှာပြီး မေးတာ တို့သိတာပေါ့  ။


ပုဂံလမ်းပေါ်မှာ သူနဲ့တို့ နှစ်ယောက်တည်းတော့ မဟုတ်ဘူး ။ လေးဆယ့်နှစ် ဘတ်စ်ကားကြီး ပေါ်က ဆင်းလာတဲ့ ကျောင်းသူတွေက မနည်းဘူး ။


တို့ ပြတ်ပြတ်သားသားဖြေလိုက်တာ သူ ဆက် မမေးဝံ့ဘူးနဲ့ တူတယ် ။ ဘာမှမပြောဘဲ သုတ်ခြေတင် တော့တယ် ။ ခြေလှမ်းကျဲကြီးနဲ့ ။


သူ့ အရပ်ရှည်ရှည် နဲ့ နောက်ကျောကို ငေးကြည့် ရင်း တို့ကျန်ရစ်ခဲ့တယ် ။


( ၂ )


“ နင် ဒီနေ့ ဘာလို့ နောက်ကျရတာလဲဟင် ” 


အတန်းထဲ ဝင်ဝင်ချင်း ပန်းအိစံက ပြစ်တင်စကားနဲ့ ဆီးပြီးနှုတ်ဆက်တယ် ။


“ အိမ်ကကား မအားလို့ လေးဆယ့်ငါးအမြန် နဲ့ လိုက်ခဲ့ရတယ် ” 


စကားမှမဆုံးခင် ဆရာ အတန်းထဲ ဝင်လာလို့ ငြိမ်နေလိုက်ရတယ် ။ ဆရာ လက်ချာရိုက်သွားတာ တို့ နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက်ပဲ ။ ဘာ ကြောင့်လဲသိလား ။


သူနဲ့တို့ ကားပေါ်မှာ အတူတူထိုင်ခဲ့တုန်းက သူ့ ကိုယ်က သင်းပျံ့ပျံ့ ပေါင်ဒါနံ့နဲ့ ရေမွှေးနံ့ဟာ တို့နှာ ခေါင်းထဲမှာ စွဲကျန်ရစ်နေသလိုပဲ ။ စာသင်ချိန် တစ်ချိန်လုံး သည်အနံ့တွေချည်း ရနေတယ် ။ ကြာလာ တော့ သူ့ ရေမွှေးနံ့ နဲ့ တို့ရေမွှေးနံ့ ရောသွားတယ် ။ ဒါတင် ဘယ်ဟုတ်ဦးမလဲ ။ သူ့အရပ်ရှည်ကြီးနဲ့ လူကို ပြုံးပြီး ကြည့်ကြည့်နေတာကိုလည်း မြင်ရသေးတယ် ။ ဂျင်း ဘောင်းဘီနက်ပြာ ၊ အပြာနုရောင် စပို့ရှပ် ၊ ရာဒိုလက်ပတ်နာရီ ၊ ဒန်းဟီးစီးကရက် ၊ သူဝတ်နေကျ အဝတ်နဲ့ သူ့အသုံးအဆောင်ပစ္စည်းတွေဟာ တို့မျက်လုံး ထဲက မခွာနိုင်ဘူးလေ ။


သူက အချောကြီးမဟုတ်တောင် ရူပါအလာသား ။ အသားလတ်လတ် ၊ ဆံပင်ရှည်ရှည်နဲ့ ကြည့်လို့တော့ အကောင်းသား ။


သူ့ကို တွေးနေတာနဲ့ မိနစ်ငါးဆယ် ဘယ်လိုပြည့် သွားမှန်းတောင် မသိလိုက်ဘူး ။


“ တို့လေ …. ကားပေါ်မှာ သူနဲ့ကပ်ပြီး ထိုင်ခဲ့တယ် ”  


အစက မပြောဘူးလို့ပဲ ၊ နောက်တော့လည်း မနေ နိုင်လွန်းလို့ ပြောဖြစ်သွားတယ်လေ ။


ပန်းအိစံ က အကြောင်းသိပြီးမို့ သူ ဆိုတာနဲ့ အလိုလို သိပြီးနေပြီ ။


“ ဟုတ်လား ၊ နင့်ကို ဘာတွေပြောသွားလဲဟင် ”  


“ ကားပေါ်မှာတော့ ဘာမှမမေးဘူး ။ သူ အရမ်း ပျော်သွားတယ် ။ လမ်းပေါ်ရောက်မှ ဘယ်မှာ နေလဲလို့ မေးတယ် ” 


“ နင့် ဘာပြန်ပြောလိုက်လဲ ” 


“ ရန်ကင်းမှာလို့ ပြတ်ပြတ်ပဲ ပြောလိုက်တာပေါ့ ။ တို့တက်လိုက်တဲ့ မှတ်တိုင်ဟာ ရန်ကင်းမှတ်တိုင် ဆိုတာ သူသိသားနဲ့ တမင်မေးတာ ” 


“ နင့်ကို စကားပြောချင်လို့ အစရှာတာ ဖြစ်မှာပေါ့ ”  


“ ဒါကြောင့် တို့လည်း စကားရှည်မှာစိုးလို့ တမင် ဖြတ်ခဲ့တာ ” 


“ ဟယ် … သူ့ခမျာ သနားစရာပါ ” 


ပန်းအိစံ စကားမဆုံးခင် တို့ ကြားဖြတ်ပြောလိုက် ရတယ် ။


“ သနားရင် နင်ပဲ သွားကြိုက်လိုက် ” 


“ အို .. ဘာလို့ကြိုက်ရမှာလဲ ၊ သူက တို့ကိုမှ မကြိုက် တာ ။ နင့်ကို ကြိုက်နေတာ နင်အသိဆုံးပဲ ချိုရယ် ”  


“ ကြိုက်လိမ့်မယ် အားကြီး ” 


“ အပြောမကြီးနဲ့နော် ၊ သူက ဘာကောင်မှန်း မသိ သေးဘူး ။ တော်ကြာမှ မေ့မရ ဖြစ်နေဦးမှာ ” 


နောက်တစ်ချိန်အတွက် ဆရာဝင်လာလို့ စကား ဖြတ်လိုက်ရတယ် ။


( ၃ )


ဦးယမ်းဘီလူးဆိုင်ဟာ ခါတိုင်းနေ့တွေနဲ့ မတူဘူး ။ ဘာလို့ သည့်နေ့ လူကျပ်သလဲမသိဘူး ။ ထိုင်စရာနေရာ မရလို့ မတ်တတ်ရပ်ပြီး သောက်ချင်တာ မှာရတယ် ။ 


တို့ နဲ့ ပန်းအိစံ အတွက် သံဘူးနှစ်ခွက် ။


လူတွေ သည်လောက်ကျပ်ခဲနေတဲ့ကြားက လူတစ် ယောက် တို့ပခုံးစွန်းကို ဝင်တိုက်သွားတယ် ။ လှည့်ကြည့် လိုက်တော့ ... 


သူ ... 


သူ ဖြစ်နေတယ် ။


“ ဆောရီး ” တဲ့ နှုတ်ကတောင်းပန်စကား ဆိုရင်း လက်ထဲ က ပန်းနုရောင် လက်ကိုင်ပဝါလေး တစ်ထည် ကမ်းပေးတယ် ။


“ ဟယ် ... တို့ လက်ကိုင်ပဝါလေးပါလား ” 


တို့နှုတ်က လွှတ်ခနဲ ထွက်သွားမိတယ် ။ တစ်ချိန် တည်းမှာပဲ တို့ သူ့ကို အားနာသလိုဖြစ်သွားရတယ် ။ တို့ လက်ကိုင်ပဝါလေးကို သူ ယူထားတယ်လို့ တို့ထင် သွားမှာစိုးလို့ပေါ့ ။


“ ဟုတ်ပါတယ် ၊ မနက်က ကားပေါ်မှာ ကျကျန် ခဲ့တာလေ ။ ပုဂံလမ်းပေါ်မှာ ပေးမလို့ဘဲ မေ့သွားတာနဲ့ အခု လာပေးတာ ” 


“ ဪ … ကျေးဇူးပါပဲနော် ” 


တို့ သူ့ကို ကျေးဇူးစကားဆိုရင်း ဘာဆက်ပြော ရမှန်း မသိတော့ဘူး ။


“ ရပါတယ် ၊ ကျေးဇူးတင်စရာ မလိုပါဘူး ”  


“ ဪ ” 


မှာထားတဲ့ သံဘူးနှစ်ခွက် ရောက်လာလို့ ... ။ 


“ သောက်ပါဦးလား ဟင် ” 


လောကဝတ် ပြုလိုက်တယ် ။


“ တို့ သောက်ပြီးသွားပြီ ။ တို့သွားမယ်နော် ၊ သံဘူး နှစ်ခွက်ဖိုးလည်း ပေးပြီးခဲ့ပြီ ” 


စကားလည်း ဆုံးရော တစ်ကြိုးတည်း လစ်တော့ တာပဲ ၊ ဘယ်လိုဟာမှန်းလည်း မသိဘူး ။


တို့နှစ်ယောက် ပါးစပ်ဟပြီး ကျန်ရစ်ခဲ့တယ် ။


( ၄ )


သူ့ကို တို့ ဘယ်သူမှန်း မသိဘူး ။ ကျောင်းသားလို့ တော့ သိတာပေါ့ ။ ဘယ်အတန်း ၊ ဘယ်ဘာသာရပ် ယူလဲဆိုတာ တို့ လုံးဝကို မသိသေးဘူး ။ သူ့နာမည် ကို လည်း တို့မသိ ။ မေးလို့လည်း ကောင်းတာမဟုတ် ။


တို့ သူ့ကို စကားခပ်ပြတ်ပြတ် ပြောထားလို့များ လားမသိ ။ တို့ကို သူ အကြာကြီး မျက်နှာမဆိုင်ဘူး ။ လိုလိုနဲ့ တိုတိုနဲ့ ပြောပြီးတာနဲ့ လစ်တာပဲ ။


တို့ကသာ သူ့နာမည်ကို မသိတာ ။ သူကတော့ တို့နာမည် ချိုမြနွယ် ကို သိနှင့်နေပြီးရောပေါ့ ။ သူက တို့ကို စိတ်ဝင်စားနေတာ ကြာပြီပဲကွယ် ။ မတွေ့လိုက်နဲ့ တွေ့တာနဲ့ တို့ကို သူစိုက်စိုက်ပြီး ကြည့်နေတာ ။ ဘေး လူတွေအားလုံး အမြင်ပဲ ။ ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားပြီ ဖြစ်လာရင်ပဲ မိန်းကလေးရဲ့ နာမည် ၊ အတန်း ၊ ခုံနံပါတ် ၊ ဘာသာရပ် ၊ ဖြစ်နိုင်ရင် အိမ်လိပ်စာ ကိုပါ လိုက်ပြီး စုံစမ်းတာ အဆန်း လား ။


အခုလည်း ကြည့်လေ ။


တို့ လက်ကိုင်ပဝါလေး ကျကျန်ခဲ့တာကို အကြောင်း ပြုပြီး တို့ကို သိအောင် ကြိုးစားတယ် ။ ခင်မင်အောင် လုပ်တယ် ။ တို့ကို အသိမပေးဘဲနဲ့ သံဘူးဖိုးငွေ ပေးချေ သွားတယ် ။ တို့ သူ့ကို ကျေးဇူးမတင်ဘဲမနေနိုင်အောင် လုပ်လိုက်တာနဲ့ ဘာများခြားသေးလဲ ။


••••• ••••• •••••


အခုတလော သူ့ကို တို့ မတွေ့မိဘူး ။ တို့ကလည်း အိမ်က ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်တော့ ဟိုတစ်နေ့ ကလို အမြန်ယာဉ်ပေါ်မှာ မဆုံမိဘူးလေ ။


သူ ဘယ်များရောက်နေပါလိမ့် ။


ဦးယမ်းဘီလူးဆိုင်မှာ ခဏ ခဏ တွေ့တတ်လို့ သတိထားကြည့်မိပါတယ် ။ မတွေ့ ရဘူး ။ သူ့ကို တွေ့ ရ မလားလို့ ကြည့်ရတာလည်း ခိုးကြောင်ခိုးဝှက်ပဲ ။ သူ့ကို တို့လိုက်ကြည့်တာ သူ မသိစေချင်ဘူး ။ သူသာ သိသွား ရင် တို့က သူ့ကို စိတ်ဝင်စားနေပြီလို့ ထင်သွားဦးမှာ ။ 


သွားရင်းလာရင်း ကော်ရစ်ဒါတွေမှာ ကြည့်ပြန်တော့လည်း မတွေ့ ပြန်ဘူး ။


“ နင် ဘယ်သူ့ ကို လိုက်ရှာတာလဲဟင် ” 


တို့အချစ်ဆုံး သူငယ်ချင်း ပန်းအိစံ ကတောင် တို့ကို မသင်္ကာစရာမျက်လုံးနဲ့ကြည့်ပြီး ပြောပါလေရော ။


“ ဘာမှ မဟုတ်ပါဘူးဟယ် ” 


တို့ ဘယ်လိုငြင်းငြင်း ပန်းအိစံ ယုံမှာမဟုတ်ဘူး ။ တို့ကလည်း အစကတည်းက အပြောကြီးထားတယ် မဟုတ်လား ။ ခုတော့ ကိုယ့်စကား နဲ့ကိုယ် မိနေပြီပေါ့ ။


သူ့ကို မတွေ့ရတာ ကြာလေ တွေ့ချင်လေပဲ ။ လူ့စိတ်ဟာ အခက်သားကလားနော် ။


အခုမှ သူ့ကို တို့စိတ်ဝင်စားသလို ဖြစ်မိနေပြီဆိုတာ ကိုယ့်ဟာကိုယ် သိလာပြီ ၊ အမှန်တော့ စိတ်ကလူကို လှည့်စားနေတာ ။


သူ့ကို မမြင်ရလို့ တမ်းတနေတုန်း တစ်နေ့တော့ ပန်းအိစံက တို့ကို ပြောလာတယ် ။


“ ချိုရေ .. အခုတလော စတီရီယို အဆိုတော် အသစ်တစ်ယောက် ဆိုထားတဲ့ စီးရီးတစ်ခွေ တို့မှာ ရှိတယ် ။ နားထောင်လို့ ကောင်းလိုက်တာ အရမ်းပဲ ။ နင် နားထောင်ချင်ရင် တို့ ငှားလိုက်မယ်လေ ” 


ပန်းအိစံ စကားကြားတော့ တို့ စိတ်ဝင်စားသွား တယ် ။ တို့ကလည်း သီချင်း အရမ်းကြိုက်တယ်မဟုတ် လား ။ စတီရီယို အဆိုတော်အသစ်တစ်ယောက် ဆိုထားတဲ့ သီချင်းမို့ ဘယ်လောက်များကောင်းမလဲလို့ နားထောင်ချင်လိုက်တာ ။


“ ယူခဲ့လေ ၊ နက်ဖြန် ယူလာခဲ့နော် ။ မမေ့နဲ့နော် ” 


နားထောင်ချင်လွန်းအားကြီးလို့ အထပ်ထပ် မှာရတယ် ။


နောက်နေ့မှာ တို့ဆန္ဒ ပြည့်သွားတယ် ။ ပန်းအိစံ ယူလာတဲ့အခွေကို အိမ်ရောက်ရောက်ချင်း ကက်ဆက်ထဲ ထည့်ပြီး ဖွင့်ကြည့်လိုက်တယ် ။


ကောင်းလိုက်တဲ့အသံ ။ တို့ရင်ထဲမှာ တနင့်တပိုး စွဲကျန်ရစ်ခဲ့တယ် ။ စီးရီးနာမည်က အချစ်ည ရင်ခုန်သံတဲ့ ။ သံစဉ်လေးတွေက မြူးမြူးသွက်သွက် ချစ်စရာလေးတွေ ။ တို့ အရမ်းကြိုက်တဲ့ သံစဉ်မျိုးပေါ့ ။


တို့လေ ကြိုက်လွန်းအားကြီးလို့ ထပ်တလဲလဲ ပြန်ပြန်ဖွင့်တာ ဘယ်နှကြိမ် ဘယ်နှခါ ရှိမှန်းတောင် မသိလိုက်ဘူး ။


တေးသံရှင် အသံကို ကြိုက်လွန်းလို့ တေးသံရှင် နာမည်ကို ကက်ဆက်အခွေ ကာဗာပေါ်မှာ မြင်လိုက် တော့ “ ချစ်ဝင်းကို ” တဲ့ ။ ဟယ် ... နာမည်လေးဟာ ချစ်စရာ ။


သည်စီးရီးဟာ သူ့ရဲ့ ပွဲဦးထွက်စီးရီးနဲ့ တူပါတယ် ကွယ် ။ ပွဲဦးထွက်စီးရီးတောင် သည်လောက်ကောင်းတာ နောက်ဟာတွေဆို ဘယ်လောက်များကောင်းလိုက်မလဲ နော် ။


တို့ကတော့ နောက်ထွက်မည့် သူ့စီးရီးသစ်တွေကို စောင့်စားရင်း သူ့ကို မြင်ချင်လိုက်တာ အရမ်းပဲ ။


( ၅ )


ရွှေတိဂုံ တပေါင်းပွဲ အနောက်မုခ်ပွဲခင်းထဲမှာပေါ့ ။ 


The Rays အဖွဲ့က စတိတ်ရှိုးနဲ့ ဖျော်ဖြေတဲ့ညမှာ ပန်းအိစံ လာခေါ်လို့ လိုက်သွားတယ် ။ တက်သစ်စ စတီရီယိုတေးသံရှင် ချစ်ဝင်းကို လည်း ဆိုမယ်လို့ ကြားရော တို့အရမ်းပျော်လိုက်တာ ။ သူ့ကို တို့မြင်ရတော့မယ် မဟုတ်လားနော် ။


ပွဲခင်းထဲမှာ လူတွေအပြည့်ပဲ ။ သူတို့ စတီရီယိုအဆို တော်တွေကို လာပြီးအားပေးကြတဲ့ ပရိသတ်ကြီးက မနည်းပါလား ။


တို့ အရမ်း တွေ့ချင်နေတဲ့ ချစ်ဝင်းကို က တော်တော်နဲ့ ထွက်မလာဘူး ။ နာမည်ကြီး အဆိုတော်တွေပဲ တစ်ယောက် ပြီးတစ်ယောက် ထွက်နေကြတယ် ။ တို့လည်း အားမလို အားမရ ဖြစ်ကုန်တာပေါ့ ။


တော်တော်လေး ညဉ့်နက်မှ ချစ်ဝင်းကို အလှည့် ရောက်တယ် ။


မီးမောင်းတွေ ၊ ဆလိုက်တွေအောက်မှာ သူ့ကို မြင် လိုက်ရတဲ့ တို့ဟာလေ ကိုယ့်မျက်စိကိုယ်တောင် မယုံ နိုင်ဘူး ။


သူ့အသံ ၊ သူ့နာမည် ကို တို့အရမ်းကြိုက်လှပါ တယ်ဆိုတဲ့ ချစ်ဝင်းကို ဟာ ဘယ်သူဖြစ်မယ်ထင်သလဲ ဟင် ။


လေးဆယ့်ငါး အမြန်ယာဉ်ပေါ်မှာ တို့နဲ့ ကပ်ထိုင် ဖူးတဲ့ ၊ တို့ လက်ကိုင်ပဝါကို လာပေးရင်း သံဘူးဖိုးပေး ခဲ့တဲ့သူပေါ့ ။ သူ့နာမည် ကို တို့မသိခဲ့ဘူး မဟုတ်လား ။ အခုတော့ သိပြီလေ ။


ချစ်ဝင်းကို လို့လည်း သိရရော တို့လေ မျက်နှာ မထားတတ်အောင် ရှက်လိုက်တာ ။ သူ့ကို မတူမတန် သလို ဆက်ဆံမိခဲ့လို့ပေါ့ ။


ပွဲခင်းထဲမှာ ပန်းအိစံက တို့ကို ဘာပြောသလဲ သိလား ။


“ သူ ဘာကောင်လဲ ဆိုတာ အခု သိပြီမဟုတ်လား ။ နင် အပြောကြီးခဲ့တာတွေ မှတ်မိသေးလား ” တဲ့ ။


တို့လည်း ဟုတ်နေလို့ ခေါင်းငုံ့နေရတယ် ။


သူ့ စီးရီးထဲက သူ ဆိုသွားတဲ့ သီချင်းတစ်ပုဒ်ဟာ သူနဲ့တို့ အပြင်မှာ ကြုံခဲ့ဆုံခဲ့တဲ့ အဖြစ်ကလေးတွေ အတိုင်းပဲ ။ တို့ရင်ဟာ တစ်ခါတည်း တုန်ခါလှိုက်မော သွားတာပဲ ။


သူ့သီချင်းစာသား ကိုလည်း ကြည့်ပါဦး ။


× × ×  ကံ့ကော်တော မှာ သူ့ကိုတွေ့တိုင်း တို့မှာ ပျော်မဆုံး ဖြစ်ရတယ် ။ [ မိန်းမချောလေး မချိုရယ် မျက်လွှာချလို့ မနေနဲ့ကွယ် ။ အကြည့် ချင်းဆုံ ရင်ခုန်လှိုက်မောသွားရတယ် ။ ကားပေါ် မှာ တစ်ခါဆုံတယ် ။ လပြာသိုဦးဆီကကွယ် ] သူ့အသံလေး ကြားယောင်နေတယ် ၊ သူ့လက်ကိုင် ပဝါလေး တို့ဆီမှာရယ် ဈေးဆိုင်မှာတွေ့ပြန်တော့ လည်း ပစ်ခါခါ လုပ်သွားရက်တယ် ။ သူ့ကို မတွေ့ ရင် တို့ရင်မှာ ငိုသလို ခံစားရတယ် ။ ခုတော့ လည်းလေ သီချင်းသည်ဘဝမှာ သူ့ကို စောင့်မျှော်နေဆဲပါကွယ် ။


တွေ့တယ် မဟုတ်လား ။ တို့ကို ရည်ညွှန်းပြီး ရေး ထားတဲ့ သီချင်းပဲပေါ့ ။ တို့နာမည်တောင် ပါနေသေး တာ ။ ကက်ဆက်ထဲသွင်းပြီး နားထောင်တုန်းကတော့ အမြူးသံစဉ်လေးတွေကို အာရုံစိုက်နေလို့ ထင်ပါရဲ့ ကွယ် ။ စာသားတွေကို သတိမထားမိဘူး ။ အခု တို့ရှေ့က စင်မြင့်ပေါ်မှာ သူကိုယ်တိုင်တက်ဆိုမှ တို့သဘောပေါက် ရတယ် ။


တို့ရင်ထဲမှာ ဝေဒနာနှစ်ခု တစ်ပြိုင်တည်း ခံစား နေရတာ သူသိစေချင်တယ် ။


တစ်ခုက တို့အရမ်း ကြိုက်လှပါတယ်ဆိုတဲ့ အဆို … တော် ချစ်ဝင်းကိုဟာ သူဖြစ်နေလို့ တအား ပျော်သွားရ တယ် ။


တစ်ခုက သူ့ကို မတူမတန်သလို ဆက်ဆံမိခဲ့လို့ နောင်တရပြီး ဝမ်းနည်းမဆုံးဘူး ။


ဒါပေမဲ့လို့လေ ...  ။


သူ့ သီချင်းစာသား ထဲမှာ တွေ့တယ်မဟုတ်လား ။ တို့ကို မတွေ့ရင် သူ ရင်ထဲမှာ ငိုနေတယ်တဲ့ ။ သူ့ကို တို့ အရမ်းသနားသွားတယ် ။


သီချင်းဆိုရင်း တို့ကို စောင့်မျှော်နေမယ်လို့ အဆုံး သတ်ထားတာကိုလည်း ကြားရရော တို့လေ စင်မြင့်ပေါ် ကို ပြေးတက်သွားပြီး လမ်းကမ်း ကြိုဆိုချင်လိုက်တာ တကယ့်ကို အဟုတ်ကိုပါပဲကွယ် ။  ။


⎕ တက္ကသိုလ် ခင်မောင်ဇော်


📖 ပေဖူးလွှာ မဂ္ဂဇင်း 

      ၁၉၈၆ ၊ ဧပြီလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment