Friday, August 23, 2024

ဦးခေါင်းခွံ ပြဿနာ


 

❝ ဦးခေါင်းခွံ ပြဿနာ ❞

ပါမောက္ခကြီး ဟာ ကျောက်သင်ပုန်း ပေါ် မှာ ရုပ်ပုံ တစ်ခု ကို ဆွဲပြပြီး ကျောင်းသားတွေ ကျောင်းသူတွေကို ရှင်းလင်းပြောပြဖို့ပြင်တယ် .. ။ ကျောင်းသူကျောင်းသား တွေ ကလည်း စိတ်ဝင်တစား နားထောင်နေကြတယ်တဲ့ ... ။

“ အားလုံးမှတ်ထားကြ ... ၊ ဒါဟာ ချင်ပန်ဇီ တစ်ကောင် ရဲ့ ဦးခေါင်းခွံ ပဲ ”

နောက်ပြီးတော့ သူ က ကြွားကြွားဝါ၀ါ ဆက်ပြောတယ် ..

“ ဒီ ဦးခေါင်းခွံဟာ အရမ်း ရှားတယ် .. ဒီ နိုင်ငံ မှာ နှစ်ခု ပဲ ရှိတယ် ။ တစ်ခု က အမျိုးသားပြတိုက် မှာ တစ်ခု က ငါ့ ဆီမှာ .. သိကြရဲ့လား ”

ကျောင်းသားကျောင်းသူတွေက တခွိခွိ ရယ်ကြ ပါတယ် ...  ။ ပါမောက္ခကြီး က သူ့ စကား ဘယ်ရောက် လို့ ရောက်သွားမှန်းမသိပါဘူး ။ သင် စရာရှိတာ သင်ပြီး ခပ်တည်တည် ပြန်ထွက်သွားတယ် ။ နောက်ပိုင်းရက်တွေ ကျမှ သူ့အတွက် အနေကြပ်စရာကို တွေ့ကြုံရတော့တာ ပါပဲ ... ။

ကျောင်းသူကျောင်းသားတွေက သူ့ ခေါင်း ကို မသိမသာ လိုက် ကြည့်နေတာပါပဲ ... ။ ငယ်ထိပ် ၊ နောက် စေ့ ၊ နားထင် ၊ ဂုတ်ပိုး စတာတွေ ကို လိုက်ကြည့်တာပါ ။ နောက်တော့ ကျောင်းသားကျောင်းသူတွေ တင် မကပဲ ဘဝတူ ကျောင်းဆရာတွေ ကပါ သူ့ ကို လိုက် ကြည့်ကြတယ် ။ ထပ်ပြီး တူညီတာကတော့ သူတို့ ရဲ့ ပြုံးစိစိမျက်နှာ ပဲ ။

ပါမောက္ခကြီးက တဖြည်းဖြည်း သတိထား မိလာ တယ် ။ ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက်တယ် ။ ဘာမှလဲ ပြောလို့ မရဘူး ။ ဒီပြဿနာ ကို ဘယ်လို ဖြေရှင်းရမလဲ ။ အမှန်ဆိုရင် သူ ဟာ ထူးချွန်တဲ့ ပညာရှင်ကြီး တစ်ယောက် ပါ ။ စာ အသင်အပြကောင်းတဲ့ သူ့ ကို ကျောင်းသား ကျောင်းသူတွေက မကြာခဏ လက်ခုပ်လက်ဝါး တီးပြီး ချီးကျူးရပါတယ် ။ အဆင်မပြေပါဘူး ။ သူတို့ လက်ခုပ်တီး တာ က ပါမောက္ခကြီး ရဲ့ဦးခေါင်းကြီး ကို ကြည့်ပြီး လက်ခုပ် တီး တာကိုး ။

ဒီကိစ္စ ကို ပြေလည်အောင် ဖြေရှင်း မှ ဖြစ်ပါတော့ မယ် ။ အဲ့ဒါကြောင့် ပါမောက္ခကြီးဟာ သူ တရိုတသေ သိမ်းထားတဲ့ ချင်ပန်ဇီ ဦးခေါင်းခွံကြီး ကို ကျောင်း ကို ယူလာ တယ် ။ စင်ပေါ် မှာ တင်ပြရင်း

“ ချန်ပန်ဇီ ဦးခေါင်းခွံ ဆိုတာ ဒါပဲ တပည့်တို့  ... ”

သူ့ လုပ်ရပ် ဟာ တစ်မျိုးတစ်ဖုံ အောင်မြင်ပါ တယ် ။ ဒါပေမဲ့ တစ်မျိုးတစ်ဖုံ ဆိုတဲ့ အတိုင်း တစ်မျိုးတစ်ဖုံ ကြီးပါပဲ ။ သူ့ကို လက်ခုပ်တီး ဩဘာပေးစရာ ရှိတိုင်း အဲ့ဒီ ချန်ပန်ဇီဦးခေါင်းခွံကြီး ကို ကြည့်ပြီး လက်ခုပ် တီးတာပါ ၊ ဘယ့်နှာကြီးမှန်း မသိပါဘူး ။ စိတ်ဖြေစရာတော့ ရှိပါတယ် ။ သူ့ဦးခေါင်း ကို ဘယ်သူ က မှ လိုက် မကြည့်ကြတော့ဘူးလေ ။

အဲ့ဒီလို နေသားကျအောင် အတော် နေပြီး မှ ချင်ပန်ဇီ ဦးခေါင်းခွံကြီး ကို ကျောင်းယူ မလာတော့ပဲ အိမ် မှာ ထားခဲ့တယ် ။ ရဲရဲတင်းတင်း စာသင်တယ် ။ သူ့ ရဲ့ ပြောင်မြောက်တဲ့ ပို့ချသင်ကြားချက်ကြောင့် ကျောင်းသား ကျောင်းသူ တွေ က လက်ခုပ် တီးပြီး ဩဘာ ပေးကြတာပါပဲ ။ ဒီတစ်ခါကျတော့ တစ်မျိုးပဲ ။ ကျောင်းသားကျောင်းသူ တွေက အဝေး တစ်နေရာ ကို လှမ်း ငေးပြီး ဩဘာ ပေးကြ တာလေ ။ ပါမောက္ခကြီး က နားမလည် လို့ လက်ထောက် ဆရာ ကို ခေါ် မေး တယ် ။

“ သူတို့က ဘယ်ကို ကြည့်ပြီး ဩဘာ ပေးနေကြတာလဲ ”

“ အမျိုးသားပြတိုက် ဆီ ကို လှမ်းမျှော် ကြည့်ပြီး ဩဘာ ပေးနေကြတာလေ ”

ပါမောက္ခကြီး ဘာပြန် ပြောရမှန်း မသိ ဖြစ်သွားတယ် ... ။

တောက် … ၊ ငါလေ ... ။

⎕ တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment