❝ ပန်းသီး ၊ ဓားကြီး နဲ့ ချယ်လ်ဆီး ❞
⎯⎯⎯⎯⎯⎯⎯⎯⎯
ညီပုလေး
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
စက်လှေကား စီးခဲ့ပြီး ပထမထပ် ရောက်ရင် ဆင်း လိုက်ပါ ။ ဖောက်သည်တွေ ကို တော့ အထူးပြောဖို့ မလိုဘူး ။ မိတ်သစ်တွေ အတွက် တော့ အနီခံ ပေါ်မှာ “ လှလှသဇင် ” ဆိုတဲ့ အဖြူရောင် စာလုံး သွယ်စောင်းစောင်းလေး ကပ်ထားတဲ့ ပလတ်စတစ် ဆိုင်းဘုတ်လေး နဲ့ ဆိုင်ဟာ မသဇင်လှိုင် ရဲ့ ဆိုင်ပေါ့ ။ ဓားကြီး ၊ ပန်းသီးစောင်း ၊ ရွှေပါတိတ် ၊ ရွှေဆေးရေး ၊ ဘူးပါတိတ် ၊ ဘောင်ပါတိတ် ၊ ပရိုင်မာ ၊ ပုရွက်ဆိတ် ၊ ယုန်နှစ်ကောင် ၊ သြဇာသီး ၊ ကုမာလာ ၊ မီးတိုင် ၊ ကျွဲခေါင်း ၊ အမ်တူး ၊ ဆေးရေး ၊ လက်ရေး ပေါ်သမျှ နိုင်ငံခြားပါတိတ် အမျိုးစုံ ရှိတယ် ။ ဈေးသွား ငါးဝယ် ဝတ်ကြတဲ့သူတွေ အတွက်ရော ၊ ပွဲနေပွဲထိုင် ဝတ်ကြဖို့ ရော အစစ အဆင်ပြေဖို့ ချောဆီ အနေ နဲ့ ပါတိတ်ချောချော ဝယ်ချင်ရင် မသဇင်လှိုင် ရဲ့ ဆိုင် မှာပဲ ဝယ်ကြတယ် ။ သူ့ ဆိုင် က အရောင်စုံတယ် ။ ဒီဇိုင်း စုံတယ် ၊ တံဆိပ် စုံတယ် ၊ ခိုင်း ရင် ပက်ကင်ပါ ထုပ်ပေး လိုက်မယ် ။
ဒီဆိုင် က မသဇင်လှိုင် ရဲ့ ဆိုင်မှ ဟုတ်ရဲ့လားလို့ စိတ် ထဲမှာ ဒွိဟ ဖြစ်နေစရာ မလိုဘူး ။ သူ က တစ်ခါ မြင်ဖူးရုံ နဲ့ မှတ်မိလွယ်တဲ့ မျက်နှာ ပိုင်ရှင်လေ ။ အသားလတ်လတ် ၊ နှာတံ စင်းစင်း ၊ မျက်လုံး က ဝိုင်းဝိုင်းစက်စက် နဲ့ ။ ခဲမရေး ဆေးမခြယ် ရတဲ့ မျက်ခုံးမွေးတွေ က ထူထူထဲထဲ ။ မှတ်မိလွယ်တယ် ။ ထင်ရှားတာ ကတော့ ရှည်လျားမည်းနက်ပြီး အုံကောင်း လှတဲ့ ဆံကေသာ နဲ့ အဆင့်မြင့် ဈေးချိုကြီး တစ်ခုလုံး မှာ သူ့ လက်မောင်း လောက် လှပပြေ ပြစ်တဲ့ လက်မောင်း မရှိပါဘူးလို့ ပြောရလောက်တဲ့ လက်မောင်းပိုင်ရှင်ပါ ။
ခြေအေးဝမ်းရောင်တွေ ၊ လျှောက်ပြန်သံပေးတွေ ပထမထပ် မို့ နည်းမလား ထင်ရတယ် ။ မြေညီထပ် ဆိုရင် လှလှသဇင်ဆိုင် ရှေ့ မှာ ရေထွက် နေပြီဟေ့ လို့ အာကြမ်းကြမ်းမမတွေ က စာချိုးကြတယ် ။ လာ ငမ်းဖန် များလို့ မျက်စိ နောက် လာရင် ဆိုင်နားနီးချင်း မမတွေ က ပလတ်စတစ်ခွေးခြေကု,လားထိုင်ပုလေးတစ်လုံး ကို လူသွားလမ်း ပေါ် ချ ထားတတ်တယ် ။ အငမ်း သန် ရင် သန်ကြ သလို ခွေးခြေလေး ကို ခလုတ် တိုက် နေကျ ။ အတွေ့ အကြုံ များ နေတဲ့ မွေ့ရာတန်း က ကိုမျိုး တို့ ကျတော့ လှလှသဇင် ဆိုင်နား ရောက်ရင် လျှောက်လမ်း ကို တစ်ချက် ဝေ့ ကြည့်ထားလိုက် ပြီးသား ။ မသဇင်လှိုင် ဈေးထဲ တစ်နေရာရာ ကို သွားမယ် ။ မုန့်တီ သွား စားတာပဲ ဖြစ်ဖြစ် ၊ ရွှေဆိုင်တန်းဘက် ကို သွားနေတာပဲ ဖြစ်ဖြစ် ၊ ဆိုင်မှာ သူ မရှိရင် တောင် မှ သူ့ ကိုယ်ပွား ဆိုင်ပေါ်မှာ တံခွန် ၊ အင်အား ၊ အိုလံပစ် တို့ လို အားကစား ဂျာနယ်တွေ ကျန်ရစ် လိမ့်မယ် ။ ဒါဆိုရင် မလွဲတော့ဘူး ။ ဒါ မသဇင်လှိုင် ရဲ့ ဆိုင်ပဲ ။
အားကစား နဲ့ ပတ်သက်ရင် သူတို့ မိသားစု က အစဉ်အဆက် ပါပဲလို့ပြောကြရမယ် ထင်တယ် ။ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲကြီး စကျင်းပခါစ နှစ်တွေမှာ မန္တလေးတိုင်း ဘောလုံးအသင်း အောင်ပွဲတွေ ဆက်ခဲ့ဖူးတယ် ။ မောင်ဖုန်း ၊ နီတွတ် ၊ ညီပု ၊ ဘို့စ် တို့ ခေတ်က ပေါ့ ။ အဲဒီအချိန်မှာ မသဇင်လှိုင် ရဲ့ဘွားဘွား ဒေါ်အေးလှိုင် တို့ ဈေးချို က ချန်ပီယံ မန္တလေးတိုင်း ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာပေါ့ ။
အင်းလေးထည် ၊ အမရပူရထည် ၊ ဟံဇားထည် ၊ ဇင်းမယ်လုံချည်တွေ ရောင်း လို့ ကောင်း နေတုန်းကပေါ့ ။ ညနေ ဆိုရင် ဘောလုံးပွဲ အသံလွှင့် တာ ကို အရပ် ထဲ က မိတ်ဆွေ တွေ ဒေါ်အေးလှိုင် တို့ အိမ် လာပြီး နားထောင်ကြရတာ ။ အသက်ကြီးသူ တွေ က မာဖလာလေး လည်ပင်း ပတ်လို့ ၊ ဘလေဇာကုတ် ကို ကောက်လျှိုပြီး လာကြတာ ။
ပေါက်စီ တို့ ၊ ဇော်ဝင်း တို့ ၊ လှမြင့် တို့ ၊ သက်တင် တို့ ခေတ် မန္တလေးတိုင်း အနိုင်ရတဲ့ အခါ မသဇင်လှိုင် ရဲ့ မေမေ ဒေါ်လှလှလှိုင်တို့ ဈေးချိုသူတွေ စုပြီး ဟံသာဝတီသတင်းစာ မှာ “ တာဝန်ကျေပြီ မောင်ပေါက်စီ ” လို့ ကြော်ငြာ ထည့်ခဲ့ကြပြီး အောင်ပွဲရ မန္တလေးဘောသင်း ကို ဈေးချို အလယ်ပေါက် မှာ မဏ္ဍပ် ထိုးပြီး ပန်းကုံးတွေ စွပ်စရာ နေရာ မရှိအောင် ကြိုဆိုခဲ့ကြ ဖူးတယ် ။
မာစရိုက်ပြောင် ၊ ရခိုင်ချိတ် ၊ တက်ထရွန်ပြောင် ၊ အမရပူရချိတ်တွေ သုံးလေးသိန်းဖိုး ဆိုင်ပေါ် တင် ရောင်း နေတုန်းကလေ ။ ရေဒီယို က လွှင့်နေတဲ့ ဘောပွဲ ကို ဆောင်းဘောက် တွေ နဲ့ ဖွင့်ပြီး နားထောင် ခဲ့ကြတာ ။
အောင်ပွဲရ ဘောလုံးသမားတွေ အမိုးဖွင့် ကားတွေနဲ့ လှည့်လာကြတာကို သဇင်လှိုင်လေး က ကြည့်ချင်တယ် ပူဆာလို့ ဘွားဘွားဒေါ်အေးလှိုင် လက်ထက် ကတည်းက လက်ရင်းတပည့် ဖြစ်တဲ့ ဒေါ်စိန်အေး က ချိုင်းကနေ မပြီး ပြခဲ့ရတာ ။ ဒေါ်စိန်အေး ခမျာ နှစ်ရက် လောက် လက်မောင်းတွေ ညောင်းလို့ ကိုက်လို့ ။
အခုတော့ လှလှသဇင်ဆိုင် ကို တက္ကသိုလ်ဒုတိယနှစ် တက် နေတဲ့ မသဇင်လှိုင် က ဦးစီး နေရပြီ ။ မေမေ ဒေါ်လှလှလှိုင် က တစ်ခါတလေ မှ ဆိုင် ကို လာ ထိုင်တတ်တယ် ။ မေမေ က တစ်ပတ် ကို တစ်ရက် နှစ်ရက် လောက် ပဲ လာထိုင်တယ် ။ ဒါလည်း ခဏပဲ ။ အရင် တိုက်တန်းကြီး နဲ့ အောက်လိုင်း ဈေးချို တုန်းက ကျန်ကောင်းကျန်ရာ မိတ်ဆွေ တချို့ကို မေမေ ဒေါ်လှလှလှိုင် နှုတ်ဆက် ၊ တည်ခင်းတဲ့ လက်ဖက်ကလေး မြုံ့ ရင်း အရင် ( ၁၂ ) ရုံ ဈေးချိုကြီး အကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ပြောတတ်တယ် ။ တစ်ခါတလေ တော့လည်း ဈေးချို မှာ မွေး ဈေးချို မှာ ကြီး တဲ့ ဒေါ်လှလှလှိုင် က အဆင့်မြင့် ဈေးချိုကြီး ထဲမှာ သူ့ မိတ်ဆွေတွေ ရဲ့ ဆိုင် ရှိရာကို မသွားတတ်ဘဲ မျက်စိလည် နေပြန်ရော ။
ဟဲ့ မောင်ဘယ်သူ ၊ မဘယ်ဝါ ရေ ၊ အမေ့ ကို မိမိသော် တို့ ဖိနပ်ဆိုင်လိုက်ပို့စမ်းလို့ ပြောရတယ် ။ ဒေါ်မိမိသော် တို့ ဆိုင်မှာ တစ်ဝကြီး ထိုင်ပြီးတော့ တစ်လ ၅၀၀ တန် တဲ့ ဈေးအကူ ကောင်လေး ကို လာစမ်း ၊ ဟဲ့ ငါ့ ကို ဇမ္ဗူ့ မိတ်ဆွေ လိုက်ပို့စမ်းလို့ ခိုင်းတတ် တယ် ။ ဒေါ်လှလှလှိုင် က ဘယ်လောက် မြင့်မြင့် ၊ မြင့်ချင်သလောက် မြင့်ပါစေ ၊ စက်လှေ ကား မစီးဘူး ။ အသည်း အေး လို့တဲ့လေ ။
မြောက်မလွယ် မှာ သွားပြီး မြီးရှည် စားလို့ ရတဲ့ ဈေးချိုတော်ကြီး မဟုတ်တော့ဘူး ။ သူတို့ မိတ်ဆွေ ခိုင်ရွှေဝါ ဖိနပ်ဆိုင် လည်း အီးရုံ နဲ့ အက် ( ဖ် ) ရုံကြား မှာ မဟုတ်တော့ဘူး ။ အောင်ကုမ္ပဏီ တို့ ၊ ကြံတိုင်းအောင်လွယ်အိတ်ဆိုင် တွေ လည်း ဒေါ်လှလှလှိုင် သူများ လိုက် ပို့မှ ရောက် တော့တယ် ။ သူတို့ ဆိုင် ကိုပဲ အဆင့်မြင့်ဈေးချိုကြီး ရဲ့ ပထမထပ် ကို ရောက် သွားပြီ ။
••••• ••••• •••••
မသဇင်လှိုင် ခေါင်း ကို ကုတ်တာ ဘယ်နှစ်ကြိမ် ရှိပြီလဲ မသိဘူး ။ သန်းယား သလို ယားနည်းမျိုး လည်း မဟုတ် ။ ဥပုသ်နေ့ က မှ ခေါင်းလျှော် ထားတာလေ ။ ဘောက်ထ တာ လည်း မဖြစ်နိုင်ဘူး ။ စိတ် အိုက်ပြီး ယား တဲ့ အယား ။ သူ့ခမျာ အထွေထွေ စိတ်အိုက် နေ ရှာတာ ။
ကျပ်သိန်းလေးငါးဆယ်ဖိုးလောက် ပါတိတ်တွေbချည်း တင်ရောင်း နေတာ ဟိုးအရင် ရက်တွေ က တစ်နေ့ ကို ရောင်းကြေး ခြောက်သောင်း ၊ ခုနစ်သောင်း ၊ တစ်ခါတလေ သိန်း ဂဏန်း ၊ ချိုင်းကြား ညှပ်ပြီး အိမ်ပြန် နေကျ ။ အခု ရက် မှာတော့ အရောင်း ပါးလိုက်တာ ။ ပိုက်ဆံအိတ် ချိုင်းကြား က လွတ်ကျ မှာ တောင် စိုးရသေးတယ် ။ မိတ္ထီလာ ၊ မုံရွာ ၊ မတ္တရာ ၊ မြောင် ၊ မကွေး ၊ မြစ်ကြီးနား တို့က ဖောက်သည်တွေ အလာ ကျဲ နေကြတယ် ။ လက္ကား အရောင်း ပါး ပြန်တော့ လက်လီ ကျ တော့လည်း အရောင်း က ကျဲ နေပြန်ရော ။ သူ့ ပါတိတ် က ချောင်ကျကျ ၊ အပေါက်ဆိုးဆိုး ၊ ဘယဆေးဆိုင် က ဇာတိပ္ဖိုလ်သီး လောက် ပဲ ရောင်းရ တယ် ။
သူ တင် ပဲလား ဆိုတော့ မဟုတ်ပါဘူး ။ စန္ဒာမိုး တို့ ပလတ်စတစ်ဆိုင် ရော ၊ အလှကုန် ရောင်း တဲ့ ဦးဘအောင် တို့ ရော ၊ ကုန်မာဆိုင်တွေ ရော ၊ အထည်ဆိုင် တွေ အရောင်း အေး နေကြတယ် ။
ဆိုင်ခင်း လာရင်း တစ်ခါတည်း ဝင် ဝယ် လာခဲ့တဲ့ ဘုရားပန်း လည်း မညှိုးစေရဘူး ။ နေ့တိုင်း မှန်မှန် လဲတယ် ။ မင်းသိင်္ခ ရဲ့ မနောမယလက်ဆောင် စာအုပ် ထဲက ဆရာမင်းသိင်္ခ နဲ့ ဧကံသဗေဒင်ဆရာ တွေ စုပေါင်းပြီး သိဒ္ဓိတင် ထားကြပါတယ် ဆိုတဲ့ အပြာရောင်စက်ဝိုင်းလေး လည်း မနေရဘူး ။ မိတ်ဆွေတွေ အရွတ် ခိုင်းတဲ့ ဘုရားဟော ပရိတ်ကြီး ( ၁၁ ) သုတ် ထဲ မပါတဲ့ ဂါထာတော် တွေ ၊ မန္တန် တွေ လည်း မပြတ် ရွတ်နေရတယ် ။ ဈေးအရောင်း ပါးတာ နဲ့ ကျားကစား ကြရင်း ဒီ ရက်တွေ မှာ ဦးဘအောင် ကို ပဲ လက်ရည် တော်တော်တက် လာ သတဲ့ ။ အရွှတ်အနောက် တွေ ပြောတတ်တဲ့ ကိုရွှေတုတ် ရဲ့ စကား အတိုင်း ဆိုရင် ဒီ ရက် တွေ မှာတော့ သဇင်လှိုင် တို့ ၊ မိုးမိုး တို့ ၊ ကုသိုလ်တွေ ရတယ်ဟေ့ တဲ့ ။ ကိုသိန်းမြိုင် ကတော့ ငါတို့ ရုံ မှာ တော်ရုံ သရဲတော့ မနေနိုင်ဘူး ။ တစ်ရုံလုံး ပါးစပ်တွေ က တတွတ်တွတ် ရွတ် နေကြတာလေတဲ့ ။
တစ်နေ့တော့ မသဇင်လှိုင် တို့ မိတ္ထီလာ က သူ့ ဖောက်သည် ဒေါ်တင်တင်အေး က နည်းလမ်း တစ်ခု ပေး ပြန်တယ် ။ ယုံယုံကြည်ကြည် လုပ်ကြည့်စမ်းပါ ညီမ ရယ် ။ ထူး ကို ထူးရမယ် ၊ ကုသိုလ် လည်း ရ ဝမ်း လည်း ဝ ပေါ့တဲ့ ။ သူ … စာအုပ် ထဲ က ရတဲ့ နည်းတဲ့ ။ သူ ကတော့ တကယ် ယုံယုံကြည်ကြည် လုပ်နေကျ ။ ဈေး လည်း တဖြည်းဖြည်း ရောင်း ကောင်းသတဲ့ ။ … ကို ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တည် ခိုင်းတာပါ ။ မသဇင်လှိုင် စိတ်ဝင်စားမှန်း သိလို့ ဒေါ်တင်တင်အေး က ခေါက်ရေ မှတ်ဖို့ လက်နှိပ်တာလီ စက်ကလေး တစ်လုံး တောင် ဝယ်ပေးခဲ့ သေးတယ် ။
သူ့ ဖောက်သည် ပြန် သွားပြီး တဲ့ နောက် တစ်နေ့ သူ့ မွေးနေ့ ကစပြီး မသဇင်လှိုင် လုပ်ငန်း စ တော့တာပါပဲ ။ သူ ကိုယ်တိုင် ရွတ် နေရုံတင် အားမရဘူး မျက်စောင်းထိုး ဆိုင် က ကိုဝင်းစိန် တို့ မသန်းနု တို့ လင်မယား ပါ ရွတ်ကြဖို့ တိုက်တွန်း နေသေးတယ် ။ ခါတိုင်း ဈေးသိမ်းပြီး အိမ်အပြန် ပိုက်ဆံအိတ် ချိုင်းကြား က လွတ်ကျရစ်မှာ စိုးရိမ် နေရာ က အခု တော့ စိုးရိမ်စရာ မလိုတော့ဘူး ။ ဒေါ်တင်တင်အေး ဝယ်ပေး ခဲ့တဲ့ လက်နှိပ် တာလီစက်လေး ကို ပိုက်ဆံအိတ် ထဲ ထည့်ခဲ့တာ ဆိုတော့ အိတ် က ဖုဖုဖောင်းဖောင်းလေး ဖြစ် နေတယ်လေ ။
မသဇင်လှိုင် က တိုက်တွန်းတာ တစ်ဝက် ပဲ အောင်မြင်တယ် ။ ကိုဝင်းစိန် ရွတ် နေတာ မတွေ့ ရဘူး ။ မသန်းနု ကတော့ ကြိုးစား ရွတ်နေရှာတယ် ။ သူတို့ လင်မယား ရဲ့ဆိုင် ပေါ် က ပစ္စည်း အသိမ်းအနုတ် သိပ် မများပေမယ့် ပိုက်ဆံတွေ ကတော့ ဖွေးခနဲ တွေ့လိုက်ရ ၊ ပျောက် သွားလိုက်နဲ့ ။ တစ်ခါတလေတော့ လည်း မသန်းနု ရဲ့ ဆလင်းဘတ် က ဖောင်းလို့ ၊ တစ်ခါတစ်ရံ ကျပြန်တော့လည်း ပွဲနေပွဲထိုင် သွား သလောက်ပါပဲ ။ ငွေတွေ အဖွေးသား တွေ့ နေ ပါ များတော့ မသဇင်လှိုင် က သူ့ မိတ်ဆွေ မသန်းနု ကို တိုးတိုး မေးကြည့်မိတယ် ။
ကိုဝင်းစိန် ဘောပွဲ လောင်းတာ နိုင်လာလို့တဲ့ ။ အခု ရက် အနိုင် များနေသတဲ့ လေ ။ မနေ့ ည က ပွဲ မှာ ကိုဝင်းစိန် ဒီလောက် နိုင်သတဲ့ ။ မသန်းနု က လက် နှစ်ချောင်း ထောင်ပြတယ် ။ မသဇင်လှိုင် အံ့သြသွားတယ် ။ ဒါပေမဲ့ လက်နှစ်ချောင်း က ဘယ်လောက်လဲ နှစ်ရာ လား ၊ နှစ်ထောင် လား ၊ နှစ်သောင်း လား ၊ နှစ်သိန်း လား ။
တစ်ဖက်က ရွတ်စရာ ရှိတာ ရွတ်ရင်း ကိုဝင်းစိန် ကို ဘောလုံးပွဲ အကြောင်း မေးမိတယ် ။ ကိုဝင်းစိန် က ဘောပွဲ တစ်ပွဲကို တကယ်ထိုင် ကြည့်ရတာ ထက် ကို ပိုပြီး ရသ ပေါ်အောင် အပြော ကောင်းတဲ့လူ ။ မိုက်ကယ်အိုဝင် က ဘယ်လို ဂိုးသွင်း ကောင်းတာ ၊ ဒွိုက်ယော့ က ညာလို ဂိုးသွင်းကောင်းတာ ၊ တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်တဲ့ ဘားကင့် အကြောင်း ရော စုံလို့ ။ ကိုဝင်းစိန် ရဲ့ အာဝဇ္ဇန်း ကြောင့် မသဇင်လှိုင် ဘောပွဲ ကြည့်ချင်စိတ် ပေါ်လာတယ် ။ ဘယ်လို ကြည့်ရတာလဲလို့ မေး ပြန်တော့ ဂြိုဟ်တုစလောင်း တပ် ထားမှ ကြည့်လို့ရတာတဲ့ ။
ခေါင်းခဏခဏ ကုတ်ရင်း ရွတ်စရာတွေ ရွတ်ရင်း အရောင်းအဝယ် က ပါးမြဲ ပါးနေ တော့ အပျင်းပြေ သဘော နဲ့ ကိုဝင်းစိန် ကို သူ့ ဖို့ပါ နည်းနည်းထည့် လောင်း ပေးဖို့ ပြော လိုက်တယ် ။ မများပါဘူး ။ ဆားဖိုး နနွင်းဖိုး ပါ ။ အစမ်း သဘော လောက်ပါ ။
မသဇင်လှိုင် ရဲ့ကံ လို့ပဲ ပြောရမယ် ထင်တယ် ။ လူ တော်တော်များများ ရှုံးကြတဲ့ ပွဲမှာ သူတို့ နိုင်လိုက်ကြတယ် ။ ကိုဝင်းစိန် ဆိုတာ အဲဒီ ဘောပွဲ အကြောင်း ပြော မပြီးတော့ဘူး ။ အဲဒီနေ့ က ဆောက်သမ်တန် က အဲဗာတန် ကို နိုင်လိုက်တဲ့ ပွဲ ။ တကယ့် ရုပ်မြင်သံကြား ကနေ ကြည့်နေ ရ သလိုမျိုး ၊ ခြေဟန်လက်ဟန် ဂိုးဝင် တဲ့ မိနစ်တွေ လူ လဲတာတွေ ပါ ထည့်ပြီး ပြော ပြတယ် ။
နောက်ပွဲ တွေ ကျတော့ ကိုဝင်းစိန် က အဖော် စပ်ပါသေးတယ် ။ မသဇင်လှိုင် က ဣန္ဒြေ ဆည်ပြီး မပါတော့ဘူးလို့ ပြောလိုက်မိတယ် ။ စိတ် ထဲ မှာတော့ ချီတုံချတုံ နဲ့ ပြောလိုက်တာ မှန်သလား မှားသလား မဝေခွဲတတ်ဘူး ။ ညနေစောင်း မှ လောင်းဖို့ ငွေ ကို ထုတ်သေးတယ် ။ ပြီးတော့မှ တော်ပါပြီလေ လို့ ဆုံးဖြတ်ပြီး ပိုက်ဆံ ကို ပြန် ထည့်လိုက်တယ် ။
အဲဒီ ပွဲ မှာ ကိုဝင်းစိန် ရှုံးတယ် ။ ရှုံးပေမယ့် ဘောပွဲ အကြောင်းတော့ အပြော မလျော့ ဘူး ။ နိုင်တဲ့ နေ့ လောက်တော့ အာပေါင်အာရင်း မသန်လှဘူး ။ မသဇင်လှိုင် ကတော့ ကံကောင်း သွားတယ်လို့ စိတ် ထဲ တင် ကြိတ်ပြီး ပြောနေမိတယ် ။
••••• ••••• •••••
တစ်မနက် တော့ အဆင့်မြင့်ဈေးချိုကြီး ကို ဆိုင် ခင်းရအောင် အလာ မှာ သူ့ ကား ကို ယာဉ်ထိန်း က ခရာ တွတ်ပြီး အရပ် ခိုင်းတယ် ။ နံဘေး က လူတွေ က လည်း ဝိုင်းပြီး ကြည့် နေကြတယ် ။ ကားပေါ် ပါကြတဲ့ သူတွေ လည်း သွားပြီ ၊ ရှုပ်ကုန်ပြီ ၊ ဘာဖြစ်တာလဲ မသိဘူး တဲ့ ။ မီးဝါ ကို ဖြတ် မောင်းလို့ ဖမ်းတာတဲ့ ။ မသဇင်လှိုင် က သူ မီးဝါ ကို ဖြတ်မောင်းတာ မဟုတ်ဘူး ။ သူ ဖြတ်နေရင်း မီး ဝါ သွားတာ ။ သူ့ ရှေ့က စက်ဘီး တစ်စီး ဖြတ်ကွေ့ လို့ အရှိန် လျှော့ လိုက်ရတဲ့ အကြောင်း ပြေပြေလည်လည် ရှင်းပြပါတယ် ။ လိုင်စင် တောင်း တော့ လိုင်စင် ပြနိုင်တယ် ။ အခွန် ဆောင်တဲ့ ကတ်ပြားတွေ စစ် တော့လည်း ပြနိုင်တယ် ။ သက်တမ်း မကျော်ကြသေးဘူး ။ နောက်ဆုံးတော့ ယာဉ်ထိန်း က သူ့ ကို သွားခွင့် ပြု လိုက်တယ် ။ အဲဒီ နေ့ ကလည်း ကံကောင်းတယ် လို့ သူ ထင်တယ် ။ နံဘေး က ဈေးလိုက်ဖော် ကလည်း ကံကောင်းတဲ့ အကြောင်း ပြောကြတယ် ။
အဲဒီနေ့ က ကိုဝင်းစိန် က ည နာရီပြန် တစ်ချက် မှာ ကစားမယ့်ပွဲ အကြောင်း ရေရေ လည်လည် တွက်ပြ ရှင်းပြ ဟောကိန်း ထုတ်တယ် ။
အဲဒီတုန်း ချယ်လ်ဆီး က ၃၈ ပွဲမှာ ပွဲ ၂၀ နိုင်နေပြီးသား ၁၅ ပွဲသရေ ၊ ၃ ပွဲပဲ အရှုံး ရှိတာ ။ သွင်းဂိုး က ၅၇ ဂိုး ၊ ပေးဂိုး က ၃ဝ ၊ အမှတ် က ၇၅ မှတ် ။ မန်ချက်စတာ နဲ့ အာဆင်နယ် ပြီးရင် သူ ပဲ ။ နယူးကာဆယ် က ၃၈ ပွဲချင်းအတူတူ ။ ၄၆ မှတ်ပဲ ရသေးတာ ။ အဝီစိ က အသင်း မဟုတ်ပေမယ့် လူ့ပြည်လောက် ပဲ ရှိသေးတယ် ။ ချယ်လ်ဆီး တို့လို ဘဝဂ် မရောက် နိုင်ဘူး ။ ဒါကြောင့် ဒီနေ့ပွဲ က အပိုင် ။ ချယ်လ်ဆီး က အထက်ကြေး ။
ကိုဝင်းစိန် က ပိုးနက်သန်ကောင် ကို ကျည်ဆန်ရထား ဖြစ်အောင် အပြော ကောင်း တော့ မသဇင်လှိုင် ဝမ်းပါး လာတယ် ။ ဒီ တစ်ခါ ဓာတ်ဆီဖိုးလေး လောက် တော့ စမ်း လုပ်ကြည့် လိုက်တယ် ။
ဘောပွဲ နိုင် ရင် လာမယ့် ဥပုသ်နေ့ ပြင်ဦးလွင် ( မေမြို့ ) တက်မယ် ။ ဘုရား သွားမယ် ။ အပြန် စတော်ဘယ်ရီ တွေ ဝယ် ပြန်မယ် ။ ဆရာတော်ကြီး တွေ ကို လှူ ၊ ပိုတာ ဆွေမျိုး အသိုင်းအဝိုင်း ကို ဝေမယ် ။
အဲဒီ ပွဲ က မသဇင်လှိုင် လိုချင်တဲ့ ဓာတ်ဆီဖိုး ရတယ် ။ ပြင်ဦးလွင် ( မေမြို့ ) ကို တော့ မတက်ဖြစ်ပါဘူး ။ အဒေါ် တစ်ယောက် က စစ်ကိုင်း မြစကြာချောင် မှာ ဆွမ်း ကပ် မှာမို့ စစ်ကိုင်း ရောက် သွားကြတယ် ။ စစ်ကိုင်း က အပြန် မုန့်ကြွပ်တွေ ဝယ် လာပြီး ဆိုင်နီးနားချင်း တွေ ကို ဝေ ရတယ် ။ ကိုဝင်းစိန် တို့ မသန်းနု တို့ ကတော့ အရင်ဆုံး ဦးဦးဖျားဖျား ပေးမိတာပါ ။
ကိုဝင်းစိန် က သူ့ ကို တံခွန် တို့ ၊ အင်အား တို့ အိုလံပစ် တို့နဲ့ မိတ်ဆက်ပေးတယ် ။ မသဇင်လှိုင် ကလည်း ဂရုတစိုက် စိတ်ဝင်တစား ဖတ်တယ် ။ ဖတ်တာ မှ လက်ရှိ မြန်မာ့ လက်ရွေးစင် အားကစားသမား တစ်ယောက် ထက် ပိုရင် ပိုဖို့ပဲ ။ ကိုဝင်းစိန် ကိုယ်တိုင် အံ့သြ ယူရတယ် ။ ကိုဝင်းစိန် က ည က အိပ်ရေးပျက် ခံပြီး ကြည့်လာခဲ့တဲ့ ဘောလုံးပွဲ က အကြောင်း ပြန် ပြောရင် မသဇင်လှိုင် က တော်တော်လေး ခံစား တတ် လာပြီ ။ “ ဘာလို့ ရော်နယ်လ်ဒို ထည့် မကစားတာလဲ ။ ဒူး ပြန်နာ နေပြန်ပြီလား ” မေးခွန်းတွေ ဘာတွေ ထုတ်လာပြီ ။
ငါးသုံးလုံး က တင်ဆက်တဲ့ အင်္ဂလန် အဆင့်မြင့်တန်းတွေ စောင့်ကြည့် နေ တတ်ပြီ ။ ဆားဖိုး နနွင်းဖိုးလေး ဓာတ်ဆီဖိုးလေး ရှာရင်း က မသဇင်လှိုင် တို့ အိမ် က ဆားဖိုးနနွင်း ဖိုး မဟုတ်တော့ဘူး ။ နဂါးဒေါ်ဒေါ်ဦး အိမ် က ဆားဖိုး နနွင်ဖိုး ဖြစ်လာပြီ ။ ဆရာ ထက် တပည့် က လက်စောင်း ထက် သွားပြီ ။
ကြာ လာတော့ သူ လည်း ဘာသားနဲ့ ထုထားတာ မို့လို့လဲ ။ မသဇင်လှိုင် ကတ်စနစ် နဲ့ ကြည့်ရတဲ့ ဂြိုဟ်တုစလောင်း ဝယ် တပ်လိုက်တယ် ။ ကိုဝင်းစိန် က အကြောင်း သိပဲ ။ ဒီ စလောင်း ကို မန်ချက်စတာတံဆိပ်စလောင်း လို့ ကင်ပွန်း တပ် ထားတယ် ။
မေမေ ဒေါ်လှလှလှိုင် က ခင်မောင်ထွန်း ၊ အေးမောင်ကြီး ၊ ပေါက်စီ တို့လို မန္တလေး တိုင်း ကနေ မြန်မာ့လက်ရွေးစင် ဖြစ်သွားကြတဲ့ သူတွေ ကြားဖူးတယ် ။ မမြင်ဖူးဘူး ။
သဇင်လှိုင် က တော့ ဘက်ဂီရို ၊ လာဇီယို ၊ မာယော့ကား ၊ ရီဗာ ( လ ) ဒို ၊ ဒေးဗစ်ဘက်ဟမ်း ၊ ရောဘတ်တိုကားလ်လို့ ( စ ) ၊ အလန်ရှီးယား ၊ မိုက်ကယ်အိုဝင် ၊ အနယ် ( လ ) ကာ ၊ အင်ဒီ ကိုး ( လ ) တို့ကို စောင့်ကြည့် အားပေး နေသူ တစ်ယောက် ပဲ ။ ဒီ ဘောလုံးသမား တွေ ဒီနေ့ ကစား တာ ခြေစွမ်း ပြတယ် ၊ မပြဘူး ဆိုတာ သူ သိနေပြီ ။
အီတလီစီးရီးအေ က အင်တာမီလန် ၊ လူဗင်တပ် ၊ အေစီမီလန်အသင်းတွေ လည်း သူ ကြည့်ဖူး ရင်းနှီး နေတယ် ။ အင်္ဂလန် အဆင့်မြင့်တန်း က အာဆင်နယ် ၊ မန်ချက်စတာ ၊ ချယ်လ်ဆီး ၊ နယူးကာဆယ် ၊ ဝက် ( စ ) ဟမ်း တို့ ကစားတဲ့ ပွဲတွေ ကြည့် ထားတော့ သူ့ ခမျာ တော်ရုံ ဘောလုံးပွဲ ကြည့်လို့ အားမရတော့ဘူး ။
မုံရွာ ၊ မြစ်ကြီးနား ၊ မကွေး ၊ မြင်းမူ က သူ့ ဖောက်သည် တွေ လာကြတဲ့ အခါ မျက်တွင်း ကျလေး နဲ့ မသဇင်လှိုင် ကို သူတို့ တွေ့ ကြရတယ် ။
“ သဇင် ရယ် ၊ နေကောင်းရဲ့လား ၊ ဘယ်လို ဖြစ်တာလဲ ၊ လူလည်း ပိန်လို့ ” ဖောက်သည် တွေ က သံယောဇဉ် နဲ့ မေးကြတဲ့ အခါ -
“ ဟင်း .. ဟင်း ... ဘာမှ မဖြစ်ပါဘူး ။ နေကောင်း … ပါတယ် ” လို့ မသဇင်လှိုင် က ဖြေတယ် ။ နေကောင်းတယ် လို့ ပြောပြီး စကား မဆက် နိုင်တော့ဘူး ။ အိပ် ချင်လို့ အားရပါးရ သမ်း ပစ်လိုက်တယ် ။ ဒီလို သမ်းဝေ တာ ကို အမြင် ကောင်းအောင် အနားမှာ ရှိတဲ့ အားကစား ဂျာနယ် တစ်စောင် နဲ့ ကောက်ပြီး ပါးစပ် ကို သူ ကာ လိုက်တယ် ။ စီးရီးအေ ဘောပွဲ ကြည့် ပြီး သူ ည က အိပ်ရေး ပျက်ခဲ့တယ်လေ ။
ကား ဓာတ်ဆီဖိုး က လည်း ဗင်ကားလေး နဲ့ ပြင်ဦးလွင် ( မေမြို့ ) အတက်အဆင်း ဓာတ်ဆီဖိုး မဟုတ်တော့ဘူး ။ ဆယ်ဘီးကားကြီး နဲ့ မြန်မာပြည် တစ်ပတ် ပတ်လို့ ရတဲ့ ဓာတ်ဆီဖိုး ဖြစ်နေပြီ ။
⎕ ညီပုလေး
📖 ကလျာ မဂ္ဂဇင်း
၂၀၀၀ပြည့် ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment