Wednesday, August 28, 2024

ဗူဗူဇီလာ


 

❝ ဗူဗူဇီလာ ❞
━━━━━━━━━
   ညီမင်းညို
━━━━━━━━━
ရှင့် ကို ကျွန်မ မပြောချင်လို့ ကြည့် နေတာ ကြာပြီ ။ ဒါကို ရှင့် ကို ရှင် အဟုတ် မှတ် မနေနဲ့ ။ ကမ္ဘာ့ဖလား တုန်း ကလည်း ကမ္ဘာ့ဖလား မို့ ။ ခု ကမ္ဘာ့ဖလား ပြီးသွား တော့လည်း ပရီးမီးယားလိဂ် နဲ့ လာလီဂါ နဲ့ စီးရီးအေ နဲ့ ။ ဘောလုံးပွဲ တွေ အကြောင်းပြုပြီး သောက်လိုက်ရ တဲ့ ဘီယာ ။ သွားလိုက်ရတဲ့ ဟိုတယ်တွေ ။ ညကြီး အချိန်မတော် ဘောလုံးပွဲ သက်သက် ကြည့်တာ မှ ဟုတ်ရဲ့လား ။ ရှင် ကိုယ်တိုင် ကွင်းထဲ ဆင်းပြီး ဂိုးသွင်း ဖို့ ကြိုးစားနေလား ။ ကိုယ့် ရုပ် လည်း ကိုယ် မှန် ထဲ ပြန် ကြည့်ဦး ။ နဂို မလှမပ မျက်နှာ က ဖောသွပ် နေပြီ ။ ပြောလိုက်ရင် လည်း ဆင်ခြေဆင်လက် နဲ့ ။ ပြန် မပြော နား မထောင် အရွဲ့တိုက်ရတာ နဲ့ စိတ် အနှောင့်အယှက် ဖြစ်ရတာ နဲ့ ကျွန်မ ဘက် လည်း နည်းနည်း ပြန် ငဲ့ကြည့် ပါဦး ။ ကလေး နှစ်ယောက် ကိစ္စ က တစ်ဖက် ၊ ငွေရေး ကြေးရေး လောက်ငှအောင် စီမံခန့်ခွဲရတာ က တစ်ဖက် နဲ့ လူ က ဘတ်လဘိုင် လိုက်နေပြီ ။ ရှင့် မှာ ဘာထူးလဲ ။ အပြင် မှာ မသောက်ဖြစ် တော့လည်း အိမ် က ပုလင်းဖွင့် တာပဲ ။ ရှင့် ကို သံယောဇဉ် ရှိ လွန်းလို့ ချစ်လွန်းလို့ ပြောနေတယ် ရှင် ထင် မနေနဲ့ ။ ကျွန်မ သား နှစ်ယောက် စောစောစီးစီး ဖတဆိုးလေး တွေ ဖြစ်ကုန် မှာ စိုးလို့ ။ ရှင် သေသွားလို့ ကျွန်မ မုဆိုးမ ဖြစ်တာက အရေးမကြီးဘူး ။ ကျွန်မ သားတွေ အားငယ်စိတ် ဝင်ကုန်ကြ မှာ ပဲ စိုးရိမ်တာ ။ ရည်းစား ဘဝ တုန်း က လည်း ရည်းစား ဘဝ မို့ ၊ အိမ်ထောင် ကျ တော့ လည်း အိမ်ထောင်သည် ဘဝ မို့ ရှင့် မှာ က စိတ်ညစ် လို့ သောက်ရတာနဲ့ ၊ ပျော်လို့ သောက် ရတာနဲ့ ၊ သူငယ်ချင်းတွေ ပြန်ဆုံလို့ သောက်ရတာနဲ့ ၊ ဧည့်ခံပွဲ လူမှုရေး မို့ သောက်ရတာနဲ့ ရှင် က တစ်ပတ် မှာ ရှစ်ရက် ရာဟု ပေါင်းပြီး မူးချင် ရူးချင် နေတဲ့ သူ ။ ပြောလိုက်ရင် တော့ သားကြီး အတွက် အနာဂတ် ရည်မှန်းချက် က ဘယ်လို ၊ သားငယ် အတွက် ပညာ ရေးအစီအစဉ် က ဘယ်ဝါ နဲ့ လူ က ဖြင့် ခေါင်းတောင် မထောင်နိုင်ဘူး ။ ၂ နာရီ ၃ နာရီ မိုးချုပ်ညဉ့်နက် မှ ပြန်လာ ၊ မနက်ကျ လူ က မထနိုင် ။ မထနိုင်တော့ အိပ်ရာ ထဲ ခွေနေ ။ ညနေလေး နည်းနည်း စောင်းတော့ ပြန် ဖြေမှ ဖြစ်မယ် ဘာမယ် နဲ့ တစ်ခါ ပြန်သောက် ။ ဒါနဲ့ပဲ ရှင် သံသရာ လည် နေတာ ။ ဒီပုံအတိုင်း ရှင် ကြပ်ကြပ် လုပ် ၊ ရှင် အသက် ရှည်စရာ အကြောင်း မရှိ ဘူး ။ အလုပ် မှာ ရထားတဲ့ ရှင့် နာမည်ကောင်းလေး လည်း ခု ဒီ အရက်တွေ ၊ ဘီယာတွေ ကြောင့် ကုန် သလောက် ဖြစ်နေပြီ ။ ရှင့် သူငယ်ချင်း ကိုထွန်း တစ်ယောက် လည်း ဒီလိုပဲ ညဉ့်နက်သန်းခေါင် သောက်ရင်း စားရင်း နောက်ဆုံးတော့ KTV က ကောင်မလေး နဲ့ မခွဲနိုင် မခွာရက် ဖြစ်ပြီး မနွယ် နဲ့ ကလေး ၃ ယောက် ကို ရက်ရက်စက်စက် ပစ် ထားခဲ့တာလေ ။ ဒါတွေ ရှင့် မျက်စိ ရှေ့တင် ဖြစ်ခဲ့တာ မဟုတ်ဘူးလား ။ ကိုထွန်း နဲ့ ရှင် နဲ့ က ငယ်ပေါင်း ပုလင်းတူ ဘူးဆို့ သူငယ်ချင်းတွေ ပဲဟာ ။ မိသားစု အပေါ် ၊ သားသမီး အပေါ် ၊ သစ္စာ မရှိတဲ့ သူ တွေ ။ ရှင် ရော ကိုထွန်း လို တစ်ဆိုင် ဆိုင် က တစ်ယောက် ယောက် နဲ့ ငြိ နေပြီလား ။ ကျွန်မ ကို မသနား ရင် နေပါ ။ ရှင့် သား နှစ်ယောက် ရဲ့ မျက်နှာ ကို တော့ ရှင် ပြန်ကြည့်ပါ ။ ခု အကြီးကောင် ဆို ၄ တန်း ရောက် လို့ သိတတ်တဲ့ အရွယ် ဖြစ်နေပြီ ။ သားကြီး ရှေ့ မဟုတ် တာတွေ ရှင် ကြပ်ကြပ် လုပ် ။ စီးကရက်ဘူး နဲ့ ကွမ်းထုပ် နဲ့ ဒီကြား ထဲ လူ က မူး လာ လိုက်သေး ။ ကလေးတွေ ရှေ့ ရှင် ဘာ ဆင်ခြင်မှု ရှိသလဲ ။ ကွမ်း တဖပ်ဖပ် စီးကရက် မီး တရဲရဲ နဲ့ ကလေးတွေ ကို အတုမြင် အတတ်သင် ရှင် ပဲ လုပ်နေ ။ ကျွန်မ ဘက် က မယားဝတ္တရား ဘာတွေများ ပျက်ကွက် နေလို့လဲ ။ တခြား မိန်းမတွေ လို နှစ်လုံး ၊ သုံးလုံး ကျွန်မ ကစားသလား ။ အိမ် ရဲ့ စီးပွားရေး ထိခိုက်အောင် ကျွန်မ ဘာတွေ လုပ် နေလို့လဲ ။ မိုးလင်း မိုးချုပ် သားနှစ်ယောက် ကိစ္စ နဲ့ ရှင့် ဝေယျာဝစ္စ တွေပဲ အဆင်ပြေအောင် ကျွန်မ လုပ်ပေး နေတာ ။ ခုဆို အငယ်ကောင် ၃ နှစ်သားလေး တောင် ဆေးလိပ် သောက်မယ် ၊ ဘီယာ သောက်မယ် ၊ ပြောတတ် နေပြီ ။ အဲဒါ ကလေး တွေ ရှေ့ ရှင် အနေအထိုင် အပြုအမူ မဆင်ခြင်လို့ ကလေး မျက်လုံး ထဲ စွဲနေတာ ။ ပြောရင် ပြောတဲ့ သူ မောတယ် ။ ရှင့် ခန္ဓာကိုယ် လည်း ရှင် ပြန်ကြည့်ဦး ။ လူ က လူ နဲ့ မတူတော့ဘူး ။ ဝက် တစ်ကောင် လို ဝဖီး နေ တဲ့ ကိုယ်ခန္ဓာ နဲ့ ။ ပွစိပွယောင်း ဖရိုဖရဲ ဖားပြုတ် တစ်ကောင် ရဲ့ ဗြုတ်ထ နေတဲ့ မျက်နှာ နဲ့ ။ ရှင် လူရုပ် ပျောက် နေပြီ ဆိုတာ ရှင် သိရဲ့လား ။ အနှိပ်ခန်း မှာ မိုး လင်း ရအောင် ရှင် က ကလေကချေ လား ၊ အိမ်ခြေယာမဲ့ မိသားစုမဲ့ နေတဲ့ လူလား ။ ပြောစမ်းပါ ။ ကျွန်မ ကို ပြောစမ်းပါ ။ အိမ်ထောင် ရှိ ယောက်ျား တစ်ယောက် က ဇနီးသည် ကွယ်ရာ မှာ မိန်းကလေးငယ်လေး တွေ နဲ့ တစ်ညလုံး အတူ ရှိနေပြီး ငါ ဖောက်ပြန်နေတာ မဟုတ်ဘူး ဆိုတဲ့ စကား ရှင့် ပါးစပ် က ပြောထွက် ရအောင် ရှင် နဲ့ တန်လို့လား ။ ကာယကံမြောက် မကျူးလွန်ရသေးဘူး ပဲ ထားဦး ။ ဝစီကံ ၊ မနောကံ တွေ လုံရ အောင် ရှင် က အာသဝေါ ကုန်ခန်း နေတဲ့ သူတော်စင် မို့လို့လား ။ ရှင့် သူငယ်ချင်း ကိုထွန်း အဲဒီ လမ်းကြောင်းနဲ့ပဲ နောက်ထပ် မယားငယ် ယူ သွားတာလေ ။ ကျွန်မ ကို မနွယ် လို မိန်းမ လို့ ရှင် ထင် မနေနဲ့ ။ မနွယ် လိုတော့ ကျွန်မ က သည်းညည်းခံ နေမှာ မဟုတ်ဘူး ။ ကျွန်မတို့ မိသားစု နစ်နာဆုံးရှုံးရ သလို ရှင့် ကို လည်း တန်အောင် ကျွန်မ က လူသိရှင်ကြား အရှက်ခွဲ ပစ်မှာ ။ ကျွန်မ ကို မလုပ်ရဲ လောက်ပါဘူး လို့တော့ ရှင် လျှော့တွက် မထားနဲ့ ။ ရှင့် ဖုန်း ထဲ မှာ မှတ်ထားတဲ့ ကြယ်စင် တို့ ၊ ခရေ တို့ ၊ ပွင့်ဖြူ တို့ ၊ မီးလေး တို့ နာမည်တွေ က ဘာတွေလဲ ။ ကျွန်မ ကို ငတုံး ၊ ငအမကြီး ၊ အိမ် ထဲ က ဘာမှ မသိတဲ့ ဟာမကြီး ဆိုပြီး ရှင် ထင်တိုင်းကြဲ နေတာတွေ ရပ်တန်း က ရပ်ပါတော့ ။ ရှင့် ကိုယ် ရှင် ပြုပြင် သင့်ပြီ ။ ရှင့် ကိုယ် ရှင် တည့်မတ် သင့်ပြီ ။ လင်မယား စကား များရင် အကြီးကောင် က ရှက်တတ်တဲ့ အရွယ်မို့ ကျွန်မ ရှင့် ကို မပြောဘဲ ကြည့် နေတာ ။ ရှင် က အကန်းတက် လွန်း တယ် ။ တစ်ရက်တလေ မသောက်မစား တဲ့ ရက် ဆို ရင်လည်း အိမ် အလုပ်ကလေး နည်းနည်းပါးပါး မိန်းမ သက်သာအောင် ကူပြီး လုပ်ပေးကိုင်ပေးမယ် စိတ် မကူးဘူး ။ ဂျာနယ် တစ်စောင် မျက်နှာ အပ်ပြီး တမေ့တမော ။ ကော်ဖီ တစ်ခွက် ပြီး တစ်ခွက် သောက် ပြီး ရှင် ဘယ်မှာ ကု,လားထိုင် ပေါ် က ဆင်းလို့လဲ ။ တစ်အိမ်လုံး ကျွန်မ ပစ္စည်း ဘာမှ ရှုပ် မနေဘူး ။ ရှင့် စာ အုပ်တွေ ပဲ တစ်အိမ်လုံး ရှုပ်ယှက်ခတ် နေရာယူထား တာ ။ စည်းမဲ့ကမ်းမဲ့ ဒီနား တွေ့ ဒီ နား ထား ၊ ဟို နား တွေ့ ဟို နား ထား ။ အိမ်သာ ထဲ အထိ စာအုပ် လိုက် ကောက် နေရမှတော့ ဘာ ကောင်းဦးမလဲ ။ ပြောလိုက်ရတဲ့ စာ အကြောင်း ပေ အကြောင်း ၊ ဖတ်လိုက်ရတဲ့ စာစောင်တွေ ၊ မဂ္ဂဇင်းတွေ ၊ သိတာ က တခြား လုပ်တာ က တခြား ။ အသိခေါက်ခက် အဝင်နက် ဆိုတာ ရှင့် လို လူမျိုး ကို ပြောတာပဲ နေမှာ ။ တိုတောင်းလွန်းလှတဲ့ လူ့ ဘဝ ထဲ ရှင် နဲ့ ရလို့ ကျွန်မ ဘဝ က ပို တို သွားပြီ ။ ကျွန်မ သေမှ ရှင် နောင်တ မရနဲ့  ၊ မတမ်းတနဲ့ ။ ကျွန်မ လောက် ကောင်းနိုင်တဲ့ မိန်းမ ရှင် ရှာကြည့်ဦး ။ တကယ်လို့ ကျွန်မ သေသွား ရင် လည်း ရှင့် ဖုန်း ထဲက မီးလေး တို့ ၊ ပွင့်ဖြူ တို့ နဲ့ ဆက်ပြီး ရှင် က စခန်း သွားမှာ မဟုတ်လား ။ တွေးလေ တွေးလေ ရှင့် ကို ကျွန်မ အသည်းနာ မိလေပဲ ။ ရှင် နဲ့ အိမ်ထောင်ကျ ပြီး ကတည်း က ကျွန်မ ရှင့် ကို ဘာ စိတ်ဒုက္ခ တစ်ခု ပေးခဲ့ဖူးလဲ ။ ရှင် ထားရာ နေ စေရာ သွား ၊ ရှင့် စိတ်တိုင်းကျ ကျွန်မ နေခဲ့တာပဲ မဟုတ်လား ။ ရွှေ ၊ ငွေ ၊ လက်ဝတ်လက်စား မဝတ်ရ လို့ ကျွန်မ ရှင့် ကို ဘယ်နှခါ စိတ်ကွက် ခဲ့ ဖူးသလဲ ။ သားတွေ ရဲ့ အနာ ဂတ် အတွက် နည်းနည်းပါးပါး စုဆောင်းရအောင်ပါ ယောက်ျားရယ် ဆိုတော့ ရွှေလေး နှစ်ကျပ်သား မှ ပြည့်မယ် မကြံသေးဘူး ။ ရှင့် အချစ်တော်ကြီး မစ္စတာဖာဂူဆန် နဲ့ မန်ယူ ကြောင့် တစ်ချီတည်း ကုန်သွားတာပဲ မဟုတ်လား ။ ပြောလိုက်ရင် ရှင် က လေကြီးမိုးကြီး ။ ကိုယ့် ကိုယ် ကိုယ် လောင်းကစားဘုရင်ကြီး လိုလို ၊ အာရုံရ နေတဲ့ ဘိုးတော်ကြီး လိုလို နဲ့ လုပ်လိုက်တော့ လည်း တလွဲချည်းပဲ ။ ရှိတာလေး နဲ့ ဝအောင်လှအောင် စားလို့ နေလို့ရရဲ့သား နဲ့ ရှင် က ခွေးမြီးကောက် ကျည်တောက်စွပ် ၊ တဇောက်ကန်း တဇွတ်ထိုး လုပ်နေတုန်း ။ ခုလည်း ကျွန်မ မသိဘူး ရှင် ထင် မနေနဲ့ဦး ။ ကမ္ဘာ့ဖလား မှာ ရှင် ဘယ်လောက် ရှုံးခဲ့ ဖြုန်းခဲ့တယ် ဆိုတာ ရှင့် တပည့်ကျော် မောင်စိုး က တစ်ဆင့် ကျွန်မ အကုန် စုံစမ်းထားပြီးသား ။ အဲဒီ အကြွေးတွေ ကို ရှင် လောလော ဆယ် ၅ ကျပ်တိုး နဲ့ လက်သိပ်ထိုး ဖြေရှင်းထားတယ် ဆိုတာကို ပါ သိထားပြီးပြီ ။ ရှင် ဟာ မိသားစု ကို မချစ် တဲ့ သူ ၊ အိမ်ထောင်ရေး ကို အလေးမထားတဲ့သူ ။ သားတွေ အပေါ် တာဝန် မကျေတဲ့သူ ။ ရှင် တတ်ထား တဲ့ ပညာတွေက အလကားပဲ ။ ရှင် ဖတ်ထားတဲ့ စာတွေ ကလည်း ရှင့် အတွက် အသုံး မဝင်ဘူး ။ ရှင် က တစ်ကိုယ်ကောင်းသမား ပဲ ။ မိသားစု ဆိုတာ ကံတူ အကျိုးပေးတွေ ၊ ဒါကို ရှင် နားလည်ရဲ့လား ။ သစ်တစ်ပင် ကောင်းတော့ ငှက်တစ်သောင်း နားနိုင် သလို အဲဒီ သစ်တစ်ပင် က မကောင်းတဲ့ အခါ နားခိုစရာ ပျောက် ရမယ့် ငှက်တစ်သောင်း ကိစ္စ ကို ရှင် တွေး မထားမိဘူး မဟုတ်လား ။ ရှင် က ခုတော့ ကိုယ့် မယားကိုယ် နာ မည်ပြောင် ပေးပြီး စော်ကားရလောက်တဲ့ အထိ ကျွန်မ အပေါ် ရှင် စိတ်ကုန် နေသလား ။ တစ်ရက် တစ်ရက် အိမ် ထဲ က အိမ်ပြင် မထွက်နိုင်ပေမဲ့ ဘယ် ခလုတ် နှိပ်ရင် ဘယ် မီး လင်းတယ် ဆိုတာ လောက်တော့ ကျွန်မ လည်း နားလည်ပါတယ် ။ ရှင့် ရဲ့ နာမည်ပြောင် အတိုင်း ကျွန်မ က ကျွန်မ သား နှစ်ယောက် ရဲ့ အနာဂတ် နဲ့ ရှေ့ရေးအတွက် ဆိုရင် ရင် ကို ခွဲ အသည်း ကို နုတ်ပြီး ကမ္ဘာကြီး တစ်ခုလုံး တုန်ခါမြည်ဟည်း သွားတဲ့ အထိ မိခင် မေတ္တာစိတ် ကို ဟစ်ကြွေးသက်သေပြရဲတဲ့ မြန်မာပြည် က သက်ရှိ ‘ ဗူဗူဇီလာ ’ လူသား မိန်းမစစ်စစ် တစ်ယောက် ဖြစ်တယ် ဆိုတာ ကိုသာ ရှင်မြဲမြဲ မှတ်ထားလိုက် ။  ။

◾မှတ်ချက်

ဗုဗူဇီလာ = ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ ၌ ပရိသတ်များ အသုံးပြုခဲ့သော အသံကျယ် လောင်စွာ မြည်ဟည်းသည့် ‘ လေမှုတ်ခရာ ’ တစ်မျိုး ။

⎕ ညီမင်းညို

📖 ရနံ့သစ် မဂ္ဂဇင်း
     ၂၀၁၁ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment