❝ ရတနာအောင်မြင် ❞
ကျွန်တော့် သူငယ်ချင်း စာရေးဆရာ ညီပုလေး တို့ မိသားစု က မိဘမဲ့ကလေး တွေ စောင့်ရှောက်ထားတဲ့ ဘုန်းတော်ကြီးကျောင်း ကို အရုပ်တွေ သွား လှူမယ် ဆိုလို့ လိုက်ပါသွားတယ် ။
ကျောင်း က မန္တလေး မြို့သစ်ထဲမှာ ။
ကိုညီပုလေး ၊ သူ့ ဇနီး မတင်တင်ဝင်း ၊ သူ့ သမီး မလင်းလင်းမွန် တို့ က ကား နောက်ခန်း မှာ ပီနန်အိတ်ကြီး တွေ နဲ့ ထည့် ထားတဲ့ အရုပ်မျိုးစုံ ကို မနိုင်မနင်း ဆွဲချပြီး ရတနာအောင်မြင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း ထဲ ကို ဝင်လာ တယ် ။ အဲဒီ အချိန် မှာ ဆရာတော် ဦးမေဓာဝံသ က ခုံတန်းလျားရှည် ပေါ် မှာ ထိုင် နေ တယ် ။ သေသေချာချာ ကြည့် လိုက်တော့ ကလေးဘောင်းဘီ တစ်ထည် စုတ်ပြဲ နေ တာ ကို အပ်ချည် နဲ့ လက်ချုပ် ချုပ် နေတာ ။
ဆရာတော် ကို ဦးချ ကန်တော့ပြီး ကျွန်တော် က ပတ်ဝန်းကျင် ကို မျက်စိ ဝေ့ ပြီး ကြည့် လိုက်တယ် ။ မလှမ်းမကမ်း မှာ ကလေးပုခက် တစ်လုံး ၊ ပုခက် ထဲ မှာ လသား အရွယ် ကလေးငယ် တစ်ယောက် အိပ်ပျော် နေတယ် ။ ကျောင်းဝင်း ထဲ မှာ လည်း ကလေးငယ် တချို့ ပြေးလွှား ဆော့ကစား နေကြတယ် ။
ကျွန်တော် က လူတွေ ရဲ့ ဘဝဇာတ်ကြောင်း ကို စိတ်ဝင်စားသူ မို့ ဆရာတော် ရဲ့ ငယ်ဘဝ ကို မေးလျှောက် ကြည့်တယ် ။
“ ဇာတိက တောင်သာ ဇဂျမ်း ကျောင်းအိုရွာ ၊ မိဘတွေ က တောင်သူ ။ မြေပဲ ၊ နှမ်း ၊ ပြောင်း စိုက်တာ ။ ဦးပဉ္စင်း ၁၆ နှစ်သား ကျ မှ ရဟန်းဘောင် ဝင်ခဲ့တာ ”
“ တောင်သူ အလုပ် တွေ ကူပြီး လုပ်ရသေးသလား ဘုရား ”
“ အကုန် လုပ်ရတယ် ။ ထွန်တတ် ထယ်တတ် တယ် ။ ဆီးပေါ် ချိန် ကျ ဆီးသီး လည်း လုပ်ရတယ် ။ အိမ် က မြေဧက ၁၂ - ၁၃ ဧက ရှိတယ် ။ ဆီးအပင်ရေ ၇၀၀ လောက် ရှိတယ် ။ ဆီးရိုင်းပင် တွေ ဆီးသီး ပုပ်ပြီး အခြောက်လှန်း ရောင်းတာ ။ ဆီးဆန် လည်း ခွဲ ရောင်းရတာပဲ ”
“ ကျောင်း နေတော့ကော ဘုရား ”
“ ဇဂျမ်း က အထက်တန်းကျောင်း ရှိတယ် ။ သူငယ်တန်း က ဆယ်တန်း အထိ နေခဲ့တယ် ၊ မနက် ၅း၃၀ လောက် က နေ ကျောင်း မသွားခင် အထိ ယာထွန် ရတယ် ။ နေ တာက ယာခင်း ထဲ အိမ်ဆောက် နေတာ ။ ယာခင်း နဲ့ ကျောင်း က မန္တလေး အခေါ် ဆယ်ပြ လောက် ဝေးတယ် ။ ကျောင်းချိန် နီးရင် ခပ်သုတ်သုတ် ခြေကျင် သွားရတာ ၊ တစ်ခါတလေ ပထမသံချောင်း ခေါက် မှ နွားရှဉ်းဖြုတ် ၊ ခြေလက်ကလေး သန့်ပြီး သွားရတာ ။ ကျောင်း နောက်ကျတဲ့ အခါ ဆရာ ၊ ဆရာမ ကို ခွင့်တောင်းပြီး စာသင်ခန်း ထဲ ဝင်ရတယ် ”
ဆရာတော် ပြောပြနေချိန် မှာ ပဲ တစ်နှစ်သား အရွယ် လောက် ကလေး တစ်ယောက် အိပ် နေရာ က နိုး လာလို့ ကျောင်းသား တစ်ယောက် က ပွေ့ချီပြီး ဆရာတော် ရဲ့ ရင်ခွင်ထဲ လာ ထည့်တယ် ။
ဆရာတော် က သူ့ ဘဝ အကြောင်း ဆက် ပြောပါတယ် ။
“ ရှစ်တန်းနှစ် မှာ အဖေ သေသွားတယ် ။ အိမ် က ဆင်းရဲတော့ အမေက ကျောင်း ဆက် မထားနိုင်တော့ဘူး ။ စာ တော်လို့ ဆိုပြီး ပညာရေးမှူး ထောက်ခံချက် နဲ့ အခမဲ့ ကျောင်းဆက် နေခွင့်ရတယ် ”
“ ဆယ်တန်း အထိ ပေါ့ ”
“ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း အခမဲ့ ကျောင်း နေခွင့်ရတယ် ။ ဆယ်တန်း ကျ စာမေးပွဲ ကျရော ”
“ အရှင်ဘုရား က စာ တော်တယ် ဆိုပြီး ဘာကြောင့် စာမေးပွဲ ကျတာလဲ ”
“ ဆယ်တန်းနှစ် မှာ ကျောင်း ကောင်းကောင်း မတက်ရဘူး ။ ကျောင်း ဖွင့်ဖွင့် ချင်း ကျောင်း မတက်နိုင်ဘူး ။ ကျောင်း ဖွင့်စ မိုးတွင်း မှာ မြေပဲ ၊ နှမ်း ၊ ပဲစင်းငုံ စိုက် နေရတယ် ။ သီတင်းကျွတ် မှ ကျောင်း တက်ရပြီး စာ ကို မီ သလောက် လိုက် ၊ ဆယ်တန်း စာမေးပွဲ ဝင် ဖြေတာ မအောင်ဘူး ”
“ ရဟန်းဘောင် ဝင်ခဲ့တာ ကကော ဘုရား ”
“ ကျောင်းပိတ်ရက် က ရွာကျောင်း မှာ ဒုလ္လဘ ကိုရင် ဝတ်တယ် ။ ဝတ်တုန်း ကတော့ ခဏ ဆိုပြီး ဝတ်တာပဲ ။ အမေ က သူ့ ကို တစ်သက်လုံး လုပ်ကျွေးတာ ထက် တစ်နှစ် ရဟန်းဘောင် မှာ နေတာကို ပို သဘောကျတယ် ပြောလို့ တစ်သက်လုံး ဝတ်မယ် ဆိုပြီး အမေ့ ကို ကတိ ပေးလိုက်တာ ”
ကျောင်းသား တစ်ယောက် က နို့ဘူး ဖျော်ပြီး လာ ပေးလို့ ဆရာတော် က သူ့ ရင်ခွင် ထဲ က ကလေး ကို နို့တိုက်တယ် ။
“ ကိုရင် ဝတ်ပြီး ရွာကျောင်း မှာ လေးနှစ် လောက် လောကုတ္တရာ စာသင်တယ် ။ ဘုန်းကြီးစာ ပေါ့ ။ ရဟန်း ဖြစ်တော့ စာ ဆက် သင်ချင်တာ နဲ့ မန္တလေး ပြောင်းလာခဲ့တာ ”
“ ဘယ်မှာ စာတွေ သင်ခဲ့သလဲ ” လို့ ကိုညီပုလေး က မေးပါတယ် ။
“ မန္တလေး မိုးကောင်းတိုက် ဇေယျဝတီကျောင်း ၊ ဖျာပုံကျောင်း ၊ သိန်းသန်းရတနာကျောင်း ၊ ချမ်းသာကြီး ဦးဇောတိက တို့ ဆီမှာ စာ လိုက်ခဲ့တာ ။ ပထမကြီး ပြီးတယ် ”
“ အရှင်ဘုရား မြို့သစ် ကို ဘယ်လို ရောက်လာတာလဲ ”
“ ဓမ္မာစရိယ ဖြေရင်း နဲ့ တစ်ကိုယ်ရေ တစ်ကာယ တရား အလုပ် ပဲ လုပ်မယ်လို့ မြို့သစ် ကို ထွက်လာတာ ။ ဒီ တိုက်အုပ် ဆရာတော် က ဒီမှာ စာ လာချ ခိုင်းတာ နဲ့ ဦးဇင်း လေး နှစ်ပါး ကို စာ လာချပေးတာ ”
“ ဘယ်အချိန်လောက်လဲ ဘုရား ”
“ အဲဒါ ၁၃၅၇ ခု ( ၁၉၉ဝ ) ၊ ဒီနေရာ မှာ ကျောင်း မရှိ ၊ ကန် မရှိ ၊ ဒီ ကျောင်းဝင်း ထဲ က သစ်ပင်လေး တစ်ပင် အောက် မှာ စားပွဲ ခင်း ၊ မိုးကာလေး နှစ်ချပ် ကို အမိုး လုပ်ပြီး နေရတာ ။ ခြောက်လ လောက် ခြင်ထောင် မရှိ လို့ ခြင်ဆေးခွေ နဲ့ အိပ်ခဲ့ရတာ ။ အောက်က ခြောက်ငါးမူးပြား လေးပြား ခင်း အိပ်တယ် ။ ဆွမ်းခံပြီး ဆွမ်း စားတော့ သပိတ် နဲ့ ၊ ရေ သောက်တော့ သပိတ်ဖုံး နဲ့ အဲဒီလို နေခဲ့ရတာ ။ စာဝါ လည်း ချပေးရသေးတယ် ”
“ မိုး ရွာရင်ကော ”
“ မိုး ရွာရင် စားပွဲခင်း မိုးကာလေး နှစ်ချပ် ကို သစ်ပင်သစ်ကိုင်း မှာ ကြိုး နဲ့ ချည် ၊ အဲဒီ အောက် မှာ ငုတ်တုတ် ထိုင် နေရတာ ”
“ ဒါလောက် ဆင်းရဲလှတာ ရွာ ပြန် ပြေးချင်စိတ် မဖြစ်ဘူးလား ”
“ အမေ့ ကို ပေးထားတဲ့ ကတိ က ရှိပြီးပြီလေ ”
“ မိဘမဲ့ကလေးတွေ ရောက်လာပုံ က ကော ဘုရား ”
“ ကလေး တစ်ယောက် က ပထွေး ရိုက်လို့ အိမ် က ထွက်ပြေး လာတယ် ။ ကိုယ့် သစ်ပင် နား တစ်နေကုန် လာနေတာ ။ ကိုယ် ရတဲ့ ဆွမ်း သူ့ ကို မျှကျွေးပြီး အိမ်ပြန် လိုက်ပို့တယ် ။ သူ့ အမေ ကလည်း နောက် အိမ်ထောင် နဲ့ ဆိုတော့ လက်မခံဘူး ”
“ အရှင်ဘုရား တောင် မှ သစ်ပင် အောက် မှာ နေရတာ ”
“ သူ လည်း သစ်ပင် အောက်ပေါ့ ”
“ ကျောင်း စ ဆောက်တဲ့ ဒကာ က ဘယ်သူတွေလဲ ”
“ ဦးလှမြင့်ဦး ၊ ဒေါ်ခင်တိုး တို့ က ထရံကာကပ်မိုး ကျောင်းလေး တစ်ဆောင် ဆောက်လှူကြတယ် ၊ သူတို့ က ဘုန်းကြီး ရဲ့ ဆွမ်းခံအိမ် ”
“ ကလေးတွေ ထပ် တိုး လာပုံလည်း ပြောပါဦးဘုရား ”
“ ပထွေး ရိုက်လို့ တဲ့ နောက် တစ်ယောက် ရောက် လာပြန်တယ် ။ ဘုန်းကြီး က လက်ခံမှန်း သိတော့ မွေးပြီး ပစ်ထားခဲ့တဲ့ ကလေး တွေ ၊ မိဘ ဆုံးပါးသွားတဲ့ ကလေး တွေ လာ လာ ပို့တာ ။ ၁၂၁ ယောက် ရှိ နေပြီ ။ လူမျိုး က လည်း ပအို့ဝ် ၊ ပလောင် ၊ ရှမ်း ၊ ကချင် ၊ ကရင် ၊ ကုလား ၊ တရုတ် အမျိုးစုံပဲ ။ ဘာသာခြားတွေ လည်း အများကြီး ။ လက်ခံတာ တော့ ယောက်ျားလေး ပဲ လက်ခံတယ် ”
ဆရာတော် က ပြောလက်စ စကား ကို ခေတ္တ ရပ်ပြီး တရုတ်ကလေး တစ်ယောက် ကို လှမ်းခေါ်တယ် ။ ကောင်လေး က ဖြူဖြူချောချောလေး ၊ သနပ်ခါး အဖွေးသား နဲ့ သပ်သပ်ရပ်ရပ် ။
“ အရှင်ဘုရား က ကိုယ်တိုင် တောင် မှ ဆွမ်းခံ စား ရတာ ဒီ ကလေးတွေ စားဖို့ ဘယ်လို ရှာသလဲ ဘုရား ”
“ ပထမ တော့ ဆန်ပြုတ် ကျို တိုက်တာပေါ့ ။ ကိုယ် စာသင်သား ဘဝ ကတော့ ရဟန်းဒကာ က ချမ်းသာ တော့ သင်္ကန်း အမျိုးမျိုး ၊ ဖိနပ် အမျိုးမျိုး ပေါ့ ။ ယခုတော့ သူများ မဝတ်ချင် လို့ ချွတ်ချတဲ့ သင်္ကန်းဟောင်း တွေ လျှော်ဖွပ် ပြီး ဝတ်ရတာပေါ့ ။ ကိုယ့် လှူတဲ့ သင်္ကန်း တွေ ကို တော့ ငွေ ပြန် ဖော်တာ ”
“ လုံလောက်ရဲ့လား ”
“ ငွေတိုးလေး ဘာလေး ရှာပြီး ကျွေးတာ ။ သပိတ် ပိုက် ပြီး တစ်အိမ် တက်ဆင်း အလှူ မခံချင်ဘူး ။ ခြောက်ကျပ်တိုး ၊ ခုနစ်ကျပ်တိုး နဲ့ ပေးတဲ့ လူ နှစ်ယောက် ရှိတယ် ”
“ ယခုကော အကြွေး ရှိသေးသလား ”
“ ရှိတာပေါ့ ဒကာကြီး ၊ ကလေးတွေ က များလာ ၊ မနေလောက် လို့ ကျောင်းထပ် ဆောက် ထားရတယ် ။ နေစရာ ၊ အိပ်စရာ နေရာ က မရှိတော့ဘူး ။ နောက်ထပ် လည်း လာ နေတယ် ။ အသက် တစ်ချောင်း ကယ်ဆယ်ကောင်းတယ် ဆိုပြီး လက်ခံတာ ။ ကိုယ် မကယ် ရင် လည်း ကလေး က လမ်းဘေး တောင်းစားရမှာ ”
“ ကလေးတွေ တက္ကသိုလ် ရောက်နေပြီ ဆိုတာ ပြောပြပါဦး ဘုရား ”
“ အမြင့်ဆုံး ကတော့ နည်းပညာတက္ကသိုလ် တက် နေတာ နှစ်ယောက် ၊ ပညာရေးကောလိပ် တစ်ယောက် ၊ ရတနာပုံတက္ကသိုလ် တစ်ယောက် ၊ တက္ကသိုလ် တက်တဲ့ ကလေးကို တစ်ပတ် မုန့်ဖိုး ငါးထောင် ( ကျပ် ၅ဝဝဝ ) ၊ ကိုးတန်း ၊ ဆယ်တန်း က တစ်ရက် ငါးရာ ( ကျပ် ၅၀ဝ ) ၊ ရှစ်တန်း က တစ်ရက် နှစ်ရာ ( ကျပ် ၂ဝဝ ) ၊ သူငယ်တန်း က ခုနစ်တန်း အထိ က တစ်ရက် တစ်ရာ ( ကျပ် ၁၀ဝ ) ”
“ စား ဖို့ တောင် ခက် နေတဲ့ အချိန် မှာ ဘာကြောင့် မုန့်ဖိုးတွေ သုံးနေတာလဲ ”
“ ကလေး တစ်ယောက် အင်ဂျင်နီယာ ဖြစ်သွားရင် ကောင်းတာပေါ့ ။ သူ မကြိုးစားလို့ မဖြစ်တာ မတတ်နိုင်ဘူး ။ သင်ယူခွင့် မရလို့ မဖြစ်တာမျိုး မဖြစ်စေရဘူး ။ ပညာရေး အားပေးတဲ့ သဘောပေါ့ ။ သူတို့ ကျောင်းပြီး သွားရင် သမ္မာအာဇီဝ နဲ့ ကိုယ့် ခြေထောက် ပေါ် မှာ ကိုယ် ရပ်ကြပါ ။ ဒီ ကျောင်း ကို ပြန် ကြည့်ရမယ် လို့ အကျိုးမျှော် ပြီး ညောင်ရေ မလောင်းဘူး ။ ကိုယ် မွေးလိုက်တဲ့ ကလေး က လိမ်ညာတာ ၊ ခိုးမှ တိုက်မှု ကျူးလွန်တာ ကင်းဝေးပြီး ရိုးရိုးသားသား လုပ်ကိုင် စားတတ်ရင် ကျေနပ်ပါတယ် ”
“ ပညာရေး အား မသန်တဲ့ ကလေး ဆိုရင်ကော ”
“ လက်မှုပညာ သင်ပေးတယ် ။ ဗီဒီယိုဓာတ်ပုံပညာသင် တစ်ယောက် ၊ စတေကာ ဗီနိုင်းပညာသင် တစ်ယောက် ၊ ကားဝပ်ရှော့ တစ်ယောက် ၊ ဆိုင်ကယ်ဝပ်ရှော့ တစ်ယောက် သင်ပေး ထားတယ် ။ ဘုန်းကြီးအမေ က ဒီ ကလေးတွေ မွေးတာ သဘော မကျဘူး ။ နားအေး စေချင်လို့ သင်္ကန်း ဝတ်ခိုင်းတာ ၊ အေးတဲ့ အလုပ် မလုပ်ဘူးလို့ အမေ က ယူဆတာ ”
ကိုညီပုလေး တို့ မိသားစု က ကလေး တစ်ယောက် ချင်း ကို အရုပ်တွေ ဝေ ပေး တယ် ။ အရုပ် ကိုယ်စီ ရတဲ့ ကလေးတွေ ပျော်ရွှင် နေတဲ့ မြင်ကွင်း က ကြည်နူးစရာပါ ။
⎕ ကျော်ရင်မြင့်
📖 ဘဝကြေးမုံ အဖြစ်စုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment