Saturday, August 17, 2024

အကယ်ဒမီ ကျော်သူ

❝ အကယ်ဒမီ ကျော်သူ ❞


မင်္ဂလာပါ ခင်ဗျာ ။ ကျွန်တော်တို့ ဒီနေ့ တင်ဆက်မယ့် အစီအစဉ် ကတော့ လိပ်ပြာကူး ထူးခြားသူများ ဆိုတဲ့ အစီအစဉ်ပါ ။ သရုပ်ဆောင် ၊ ဒါရိုက်တာ ကျော်သူ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ် ။


▢ ကျွန်တော် ကျော်သူ နဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုရင် ပထမဆုံး ရိုက်ခဲ့တဲ့ “ ချစ်ကြိုးလေး နှစ်မျှင် ” မတိုင်ခင် မှာ မောင်မောင် က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ရဲ့ သား ဖြစ်နေတာကြောင့် အဲဒီ ကတည်း က ရုပ်ရှင် ကို စိတ်ဝင်စားတာလား ၊ သရုပ်ဆောင် လုပ်ဖို့ စိတ်ဝင်စားတာလား ၊ သို့တည်းမဟုတ် ဘာကို စိတ်ဝင်စားတာလဲ ။


❥ ငယ်ငယ်လေး ကတည်း က ဒီ အမျိုးသားရုပ်ရှင် စတူဒီယို ပေါ့လေ ။ အရင်တုန်း က စတူဒီယိုတွေ ရှိတယ် ။ စတူဒီယို ထဲ မှာ ကျောင်းပိတ်ရက် ဆိုရင် ရောက်သွားပြီ ။ ဖေဖေ နဲ့ လိုက် ရင် လိုက် ၊ မလိုက် ရင် လည်း အဘွား နဲ့ လိုက် လာပြီး စတူဒီယို ထဲ မှာ ဝင်ပြီး ဆော့ကစားရင်း နဲ့ လေ့လာမိတာ ။ ဒီ အနုပညာသမား တွေ နဲ့ လည်း ရင်းနှီးမိတယ် ။ အဲဒီ အချိန်မှာ ဒီ အနုပညာပိုး ကို စ , ဝင် တယ်လို့ ပြောလို့ ရတာပေါ့လေ ။ ဒါပေမဲ့ လည်း ဘာကို ကျွန်တော် အဓိက စိတ်ဝင်စားလဲ ဆိုတော့ ဒါရိုက်တာပညာ ကို စိတ်ဝင်စားတယ် ။ အေဝမ်းဦးလှမျိုး ရဲ့ ဇာတ်ကား တွေ ၊ ဖလင်ကား တွေ ၊ ဖလင်ထုပ် တွေ အိမ် ကို သယ်သွား တယ် ။ ဒီ ကတ် တစ်ကတ် ကို ပြီးရင် ဘယ်လောက်လောက် ဟိုဟာ ဖြစ်လဲ ဒီလို စိတ်ကူးယဉ်ပြီး မှတ်တာလေး တွေ ရှိတယ် ။ ပြီးရင် ဇာတ်ညွှန်းလေး တွေ ဘာလေး တွေ ရေးလာတယ် ။ ရေးလာပြီး နောက်ပိုင်း ဒီ သရုပ်ဆောင် ဖြစ်လာ တာ ကတော့ ကျွန်တော့် ကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသားကြီး ဦးလင်းအောင် ၊ ဦးလင်းအောင် တို့က နေပြီးတော့ မြှောက် ပေးတယ် ။ မြှောက် ပေးပြီး တော့ အဲဒီတုန်း က စုံနံ့သာမြိုင် တို့ ၊ အချစ်သစ်ပင် တို့ ဒါရိုက်တာ ကိုဝဏ္ဏ ရိုက်တယ် ။ အချစ်သစ်ပင် ဆိုရင် ကလော ၊ တောင်ကြီး မှာ သွားရိုက်တယ် ။ တောင်ကြီးကောလိပ် မှာ ကျောင်းသား ၊ ဖြတ်လျှောက် ကျောင်းသားတွေ လိုတယ် ဆိုတော့ ၊ မင်းသားကြီး ဦးကျော်ဟိန်း နဲ့ မေဝင်းမောင် တို့ ရိုက်တာ ဖြတ်လျှောက်တွေ လိုတယ် ဆိုတော့ ကျွန်တော် ဝင် ပါတယ် ။ ဝင်ပါတဲ့ ဟာတွေ ၊ အဲဒီ ဆင်း ( န ) တွေ ကားဆက် ပြီးတော့ စတူဒီယို မှာ စမ်းပြီး ပြတော့ ကျွန်တော့် ပုံ ပါတဲ့ အရုပ်တွေ မှန်သမျှ အကုန် ဖြတ်ပစ်တာ ။ ဒါ ကျွန်တော့် ဦးလေး ဦးမြမောင် က နေပြီးတော့ ဖြတ်ပစ်တယ် ။ ဖေဖေ တို့ ကလည်း အား မပေးဘူး ။ သရုပ်ဆောင် ဝါသနာ ပါ သွားမှာ ကို စိုးတယ် ။ နောက် စုံနံ့သာမြိုင် ရိုက်တော့ လည်း စတူဒီယို မှာ ပဲ ရိုက်တာ ။ ကလော မှာ လည်း ရိုက်တယ် ။ စတူဒီယို မှာ ရိုက်တဲ့ အချိန် မှာ ကာလသားတွေ အစည်းအဝေး ပေါ့လေ ။ အစည်းအဝေး မှာ လူတွေ လိုတယ် ဆိုတာ နဲ့ ဦးလင်းအောင် က သူ့ ရဲ့ တိုက်ပုံ ကို ကျွန်တော့် ကို ပေး ဝတ်တယ် ။ ပြီးတော့ အဲဒီ အခါကျတော့ ဒါရိုက်တာ ကိုဝဏ္ဏ သူ က နပ် သွားပြီ ။ ကျွန်တော့် ကို လည်း ပါစေချင်တဲ့ အတွက် မင်းသား ဦးညွန့်ဝင်း ရဲ့ Fore Ground က ကျွန်တော် တို့ ဦးလင်းအောင် တို့ အဲလို ရိုက်လိုက်တော့ အဲဒီ အရုပ်တွေ ပါတော့ ဖေဖေ တို့ က ဟာ ... ဟိုကောင် ပါပြန်ပြီ ။ ဖြတ် ... ဖြတ် ဆို တော့ ဖြတ်လို့ မရ ။ ဘာလို့ဆို ဦးညွန့်ဝင်း ရဲ့ Fore Ground နဲ့ ကျွန်တော် တို့ ကို ရိုက် ထားတော့ ဦးညွန့်ဝင်း စကားတွေ ပါ သွားမယ် ။ အဲဒီတော့ ဖြတ်လို့ မရ တော့ဘူး ။ အဲဒါနဲ့ပဲ ပါ လာတာပေါ့လေ ။ ကိုယ့် ရုပ်လေး ကို ပိတ်ကား မှာ ကြည့် ရတော့ ပီတိ ဖြစ်တယ် ။ အဲဒီတုန်း က တော့ ကျွန်တော် Still လိုက် ရိုက်တယ် ၊ ဓာတ်ပုံ ။ Still ရတော့ ကျွန်တော့် ဦးလေး ယူအက်စ်အေ ဦးစန်းအောင် ဆီ မှာ သင်ပြီးတော့ ကျွန်တော် ရိုက်ခဲ့ရတယ် ။ ဖိုတိုဂရပ်ဖီ လည်း ဝါသနာ ပါလာတယ် ။ တက္ကသိုလ် ရောက်တော့ ဒုတိယနှစ် မှာ ကျွန်တော် အိမ်ထောင် ကျတယ် ။ အိမ်ထောင် ကျတယ် ဆိုတာလည်း ကျွန်တော် ဆယ်တန်း မှာ နှစ်နှစ် ဖြေရတယ် ။ သူငယ်ချင်း တစ်ယောက် ရန်ဖြစ်တာ အဲဒီမှာ ဝင် ထိုးတာ နဲ့ ကျောင်း အပြင် ကနေ ဖြေ ၊ ဖြေပြီး နောက် တစ်နှစ် ဖြေ မှ အောင်တယ် ။ အောင် တော့ ကျွန်တော်တို့ က ဆယ်တန်း ပြီးပြီ ဆိုရင် မင်းတို့ ဘဝ တော့ ပြီးပြီ ဆိုပြီးတော့ ၊ မင်းတို့ ဘဝ မင်းတို့ လျှောက်လို့ ရပြီ ၊ တက္ကသိုလ် ရောက်ပြီ ဆိုပြီးတော့ ဒါ ... အရင်တုန်း က ကျွန်တော် တို့ လူကြီးတွေ ပြောနေကျ ။ ကျွန်တော် တို့ က တက္ကသိုလ် မဟုတ်တော့ဘူး ၊ ရီဂျင်နယ်ကောလိပ် အစမ်းသပ်ခံ ပညာရေးစနစ် နဲ့ ကြုံတယ် ။ ရီဂျင်နယ် ရောက်တော့ အဲဒီမှာ စပြီး ပျက် တော့တာပဲ ။ ရီဂျင်နယ် တက် ပေမဲ့ ကျောင်း လည်း မတက်ဖြစ် ၊ အပေါင်း အသင်းတွေ နဲ့ သွားတယ် ၊ လာတယ် ။ နောက်ပြီးတော့ မူးယစ်ဆေး တွေ ချ တယ် ။ မူးယစ်ဆေး ဆိုတာ ကျွန်တော်တို့ တုန်းက ကော်မီသာဇင် စွဲ သွား တယ် ။ မူးယစ် စွဲသွားတော့ မူးယစ်ဆေး သွား ဖြတ်တယ် ။ ဆရာဝန် တစ်ယောက် နဲ့ ဖြတ်တယ် ။ ဖြတ် ပြီးတော့ မူးယစ်ဆေး ပြတ်ပြီးတဲ့ အချိန်မှာ ကျွန်တော့် ဇနီး ကို ကျွန်တော် စ , တွေ့တာပေါ့ ။ ရွှေဇီးကွက် ကို စ , တွေ့တော့ ကျွန်တော် တွေ့တွေ့ချင်း အရမ်း သဘောကျတယ် ။ ဘိတ်ဆုံးကျ ကျွန်တော် သူ နဲ့ တွဲရင်း နဲ့ လက်ထပ်ချင်တယ် သူ့ ပြောတော့ အိမ် က သဘော မတူဘူး တဲ့ ။ စာမေးပွဲ တဘုံးဘုံး ကျနေတဲ့ ကောင် ၊ မူးယစ်ဆေး ချတဲ့ကောင် နဲ့ သဘော မတူဘူး ဆိုတော့ ငါ မူးယစ်ဆေး ချတာ ဘယ်လိုလုပ် သိလဲ ဆိုတော့ ကျွန်တော် မူးယစ်ဆေး ဖြတ်တာ သူ့ ဦးလေး ဒေါက်တာ သိန်းဌေးဖေ ဖြစ်နေတယ် ။ သူ့ ဦးလေး အရင်းခေါက်ခေါက်ကြီး ဆီ မှာ မူးယစ်ဆေး ဖြတ်ပြီးသား ဖြစ်နေ တယ် ။ အဲဒီတော့ ဒါနဲ့ ကျွန်တော် က လည်း မရဘူး ။ ကျွန်တော် လုပ်ချင်တာ မရမက လုပ်တဲ့ လူ နဂို ကတည်း က ။ အဲဒီတော့ ကျွန်တော် ခိုးပြေးတယ် ။ ခိုးပြေးတယ် ဆိုတာ မော်တော်ကားတင် ပြေးတယ် ။ ကားတင် ပြေးတာ ရိုးရိုး တင် ပြေးတာ မဟုတ်ဘူး ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် က ကားတံခါး ဆွဲဖွင့်တယ် ။ တစ်ယောက် က သူ့ ကို လက် က ကိုင်တယ် ။ ကျွန်တော် က ခြေထောက် က ကိုင်ပြီး ကား ထဲ ဘုန်းဆို ပစ်ထည့်ပြီး ခိုးပြေးလာတာ ။ အဲဒီ နောက်ပိုင်း ကျတော့ အိမ်ထောင် လည်း ကျပြီ အလုပ် လုပ်ဖို့ ဘာလုပ်မလဲ ဆိုတော့ အဲဒီလို စဉ်းစား နေတဲ့ အချိန်မှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင် က ကျွန်တော့် ရဲ့ လက်ဦးဆရာ ၊ ကျွန်တော့် ကျေးဇူးရှင် ။ ဒါရိုက်တာ ဦးမျိုးမြင့်အောင် က ကျွန်တော့် အစ်မ မင်္ဂလာဆောင် မှာ ကျွန်တော့် ကို တွေ့ သွားပြီး တော့ မင်းသား တင်ချင်တယ် ဖေဖေ့ ကို ခွင့်တောင်းတယ် ။ ဖေဖေ့ ကို ခွင့်တောင်း တာ ကျွန်တော် တက္ကသိုလ် မရောက်ခင် ကတည်း က ဒါရိုက်တာ ကိုဝဏ္ဏ တို့ ခွင့်တောင်း ဖူးတယ် ၊ ဒါရိုက်တာ စိန်ဖေတင် ခွင့်တောင်း ဖူးတယ် ။ ဒါရိုက်တာ ဦးမင်းနိုင် ၊ ကျွန်တော် နဲ့ ရိုက်ချင်တယ် ၊ ဦးစိန်တင် ခင်ဗျား သား နဲ့ ရိုက်ချင်တယ် ဆိုတော့ ဖေဖေ တို့ က သဘော မတူဘူး ၊ ကျောင်း မပြီးသေးဘူး မလုပ်ရဘူး ။ အခု ကျတော့ အိမ်ထောင်လ ည်း ကျပြီ ဆိုတော့ ကဲ ... မင်း ယောက္ခမ နဲ့ မင်း မိန်းမ ခွင့်ပြုတယ် ဆိုရင် လုပ်ပေါ့ ဆိုတာနဲ့ ယောက္ခမကြီး ဆီ သွားပြီး ခွင့် တောင်းတယ် ။ ကျွန်တော့် ကို ဒီလိုပဲ ဦးမျိုးမြင့်အောင် က နှစ်ကိုယ်ခွဲကား နဲ့ မင်းသား တင်ချင်တယ် ဆိုတော့ သူ ကတော့ မဖြစ်ဘူး ထင်တာပေါ့ ။ အေးပေါ့ကွာ ၊ လုပ်ကြည့်ပေါ့ကွာ တဲ့ ။ အဲဒီ “ ပေါ့ကွာ ” ဆိုတဲ့ စကားလုံး က ကျွန်တော့် အတွက် အင်အား တစ်ခုပဲ ။ မခံချင်စိတ် နဲ့ ကျွန်တော် ကြိုးစား တယ် ။ ဦးမျိုးမြင့်အောင် ကလည်း အသင်အပြ ကောင်းတော့ အဲဒီ ကား နဲ့ ကျွန်တော် မင်းသား ဖြစ် လာတာပေါ့လေ ။ ချစ်ကြိုးလေးနှစ်မျှင် နဲ့ ။ 


▢ “ ချစ်ကြိုးလေးနှစ်မျှင် ” မှာ ပထမဆုံး Actor လုပ်ခဲ့တာပေါ့နော် ။


❥ ဟုတ် ။


▢ အဲဒီတော့ “ ချစ်ကြိုးလေးနှစ်မျှင် ” ကို ကြည့်လိုက်တဲ့ အခါကျ တော့ လူငယ်တွေ က တော်တော် သဘောကျတယ် ။ Hair Style က အလယ်ခွဲ ပုံစံမျိုး ။ နောက်ပြီးတော့ မောင်မောင့် မှာ ထူးခြားချက် က လွယ်အိတ် ကို ထုံး ပြီးတော့ လွယ် တဲ့ စတိုင် ။ အဲဒါ လူငယ်တွေ ကြားမှာ စတိုင် တစ်ခု ဖြစ်သွားခဲ့တယ် ။ နောက်တစ်ခါ ဝတ် တဲ့ အင်္ကျီ မှန်သမျှ က လည်း အဲဒီတုန်းက အရမ်း ခေတ်စားတဲ့ ကန်ဇို ရှပ်အင်္ကျီတွေ ဝတ်ခဲ့တယ် ပေါ့နော် ။ အဲဒီလိုမျိုး စတိုင် ဖြစ်အောင်လို့ ဘယ်သူက Createလုပ်ပေး ခဲ့လဲ ။


❥ လွယ်အိတ် ထုံးတဲ့ စတိုင် ကတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ၊ ရီဂျင်နယ်တက် တုန်းက သူ အဲဒီလို လွယ်အိတ် အကြီးကြီး ကို အထုံးကြီး ထုံးပြီး လွယ်တာ တွေ့ ပြီးတော့ ကျွန်တော် ရိုက်တဲ့ ကား ၊ အဲဒါက မရဲ့မောင်လေး ။ အဲဒီ ကား မှာ ကျွန်တော် အဲဒီ လွယ်အိတ်အထုံး ကို ထုံးလိုက် တာ တော်တော်လေး ပေါ်ပြူလာ ဖြစ်သွားတယ် ။ နောက်ပိုင်းကျ သူတို့ အရှေ့ မှာ ထုံး ရင် ဘာ ၊ နောက်မှာ ထုံး ရင် ဘာပေါ့လေ ။ သူ့ သင်္ကေတ တွေ ဒါမျိုး တွေ သတ်မှတ် လာတာတွေ ဖြစ်လာတယ် ။


▢ ဒါကြောင့်လည်း ပြောကြတာ ကန်ဇိုမင်းသား လို့ ပြောခဲ့ကြဖူးတယ်နော် ။


❥ ဟုတ် ။


▢ အဲဒီတော့ မောင်မောင် ရိုက်ခဲ့တာတွေ တောက်လျှောက် တစ်ကား ပြီး တစ်ကား ဆက်တိုက် အောင်မြင်လာခဲ့တယ် ။ အောင်မြင်လာခဲ့ ပြီးတဲ့ နောက် “ ဒိုး ” ဇာတ်ကား ။ အဲဒီ အချိန် မှာ မောင်မောင် နဲ့ စင်ပြိုင် ဖြစ်နေတဲ့ စိုးသူလ ည်း ဒီဘက် က ထွက်လာပြီနော် ။ အဲဒီတော့ ကျော်သူ ၊ စိုးသူ ဆိုတဲ့ ရုပ်ရှင်လောက မှာ မင်းသားသစ် နှစ်လက်ပေါ့ ။ အဲဒီမှာ ကျော်သူ အကယ်ဒမီ ရလိမ့်မယ် လို့ လည်း တစ်ပြေးခဲ့ဖူးတယ်နော် ။ လူ တွေ က အခုလို အကယ်ဒမီ ရွေးတဲ့အချိန်မှာ အများကြီး ပြောခဲ့ကြဖူး တယ် ။ အဲဒီတော့ “ ဒိုး ” နဲ့ ပတ်သက်ပြီးတော့ ခံစားချက်လေး နည်းနည်း လောက် ပြောပါဦး ။


❥ ဒိုး နဲ့ ပတ်သက်ပြီးတော့ ဒီ ဝတ္ထု က ကျွန်တော် ဒီ သမန်းကျားအဖွဲ့ ထဲ က ကိုသိန်း ပေါ့ ၊ ကိုသိန်းထွဋ် ( စပ်စု ) ။ သူ က နေပြီးတော့ စာအုပ်တွေ အရင် ပေးတယ် ။ အဲဒီတုန်းက ဝတ္ထုနာမည် က စာပေဗိမာန်ဆု ရထားတာ ။ တဒင်္ဂလေးများ ဆိုတာ ။ ဖတ်ကြည့် ပြီးတော့ တော်တော် ကြိုက်တယ် ။ ကြိုက်တာ နဲ့ ကျွန်တော် တို့ ရိုက်ချင်တယ် ဆိုပြီး ဖေဖေ ပြောတော့ ဖေဖေ က လည်း ရိုက်ချင် ရင် လည်း ရိုက် ။ ဘယ်သူနဲ့ ရိုက်မလဲ ဆိုတော့ ဒါရိုက်တာ ကြည်စိုးထွန်း နဲ့ ဖြစ်သွားတယ် ။ ဖြစ်သွားတဲ့ အချိန် မှာ တဒင်္ဂလေးများ ဆိုတာ ကို ဒိုး ဆိုတဲ့ နာမည် ပြောင်းချင်တယ် ။ ပြောင်းချင်တယ် ဆိုတာ ဘာကြောင့်လဲ ။ ဒီဟာ လူငယ်ပြုပြင်ရေးကား ဖြစ်တယ် ။ ဒိုး လို့ ၊ ကိုယ့် ရဲ့ ပစ်မှတ် ကို ထိအောင် ပစ်နိုင်တဲ့ အရာ ဒိုး ဆိုပြီးတော့ အဲဒါကို လုပ် လိုက်တယ် ။ အဲဒီတော့ ဒိုး နဲ့ မျိုး ပေါ့ ။ ဇာတ်ကောင် နှစ်ခု ဖြစ်လာတယ် ။ အဲဒီတုန်းက ကျွန်တော် တို့ တော်တော် ပင်ပန်းတယ် ။ ရဲဘက်စခန်းတွေ သွား လေ့လာရ တယ် ။ ဘောလုံးကန် ကျင့်ရတယ် ။ မူးယစ်ဆေးဆေးရုံ သွားပြီးတော့ ရင်း ထ, တာတွေ ၊ မူးယစ်ဆေး စွဲတဲ့ လူတွေ နဲ့ သူတို့ ရဲ့ ခံစားချက်တွေ ဒါတွေ သွား လေ့လာရတယ် ။ ဘောလုံး ဆိုလည်း မနက် ဆို ငါးနာရီ ဆိုရင် ကွင်း သွားရ တယ် ။ တက္ကသိုလ်ကွင်း မှာ ကန် ၊ စလင်းကွင်း မှာ ကန် ။ တက္ကသိုလ်လက်ရွေးစင်တွေ နဲ့ ကန် ၊ လူကြမ်းအဖွဲ့တွေ နဲ့ ကန် ။ တော်တော် ပင်ပင်ပန်းပန်း လုပ်ခဲ့ ရတယ် ။ လုပ်ခဲ့ပြီးတော့ အဲဒီနှစ် အကယ်ဒမီပွဲ မတိုင်ခင် ကျွန်တော့် အဖေ နဲ့ အမေ က နိုင်ငံခြား သွားတယ် ။ အကယ်ဒမီအဖွဲ့ က လူကြီးတွေ က ကျွန်တော့် ခေါ်တယ် ။ လာပါဦးတဲ့ ။ မင်းတို့ ဘက် က ဘယ်သူ တက်မှာလဲ ။ ဖေဖေတို့ က နိုင်ငံခြား သွားတယ် ဆိုတော့ ၊ မဟုတ်ဘူး တက် ကို တက်ရမယ်တဲ့ ။ မတက်လို့ မဖြစ်ဘူး ။ မင်း လည်း တက်ရမယ်နော် တဲ့ ။ ဖေဖေတို့ အစား ကျွန်တော့် ဦးလေး အရင်တုန်း က မင်းသား ပေါ့ ၊ ဦးခင်မောင်လေး ကို တက်ခိုင်းမယ် ။ 


▢ ဒါ အမေ ဘက် က တော်တာနော် ။


❥ အမေ့ ရဲ့ မောင် ၊ သူ နဲ့ သားလိမ္မာ တို့ ဘာတို့ ရိုက်ခဲ့တာ ။ သူ့ ကို တက်ခိုင်းတာ ။ သူ့ကို တက်ခိုင်း လိုက် ပြီးတော့ ကျွန်တော့် ဖိတ်စာကျတော့ အဲဒီ ခေတ် က သရုပ်ဆောင် တစ်ယောက် ကို ဖိတ်တယ် ဆိုရင် ဥပမာ ဦးညွန့်ဝင်း ဆိုရင် ဦးညွန့်ဝင်း ပဲ ။ ဦးညွန့်ဝင်း ရဲ့ ဇနီး ဆိုရင် သတ်သတ်ပဲ ။ တစ်နေရာ မှာ ထားတယ် ။ ကျွန်တော် ကျတော့ ကျွန်တော် နဲ့ ရွှေဇီးကွက် နှစ်ယောက် အတူတူ ထားတယ် ။ တွဲလျက် ထားပြီးတော့ ကြေညာတာ က ဇာတ်ကားဆု စပြီး ကြေညာတော့ ဒိုး ဆိုတော့ ဟာ ... ဝမ်းသာတာပေါ့ ။ ဒိုး ရပြီ ။ နောက် ဒါရိုက်တာဆု ဒိုး ဇာတ်ကား က ကြည်စိုးထွန်း ဆိုတော့ ဟာ ... ဝမ်းသာ နေတာ ။ ဒါဆိုရင်တော့ ဆု တစ်ခု ကတော့ ပြေး မလွတ်တော့ဘူး ။ ဓာတ်ပုံ ဒါမှမဟုတ် Actor တွေ ထဲ က စိုးသူ လည်း ရနိုင်တာပဲ ၊ ဒေါ်မြင့်မြင့်ခင် လည်း ရနိုင်တာပဲ ။ ကျွန်တော် က တော့ ထားလိုက် ။ အဲဒီ အချိန်မှာ ဒီနှစ် ရမယ့် အဓိက သရုပ်ဆောင် ၊ အမျိုးသား သရုပ်ဆောင်ဆု ဆိုတာ ဆလိုက်မီးကြီး က ထိုး ထားတယ် ။ ကျွန်တော့် ဘက် ကို လာ လာ ထိုးထားတယ် ။ ထိုး ထားတော့ မီဒီယာတွေ က ဘေးနား မှာ အကုန် ဝိုင်း နေတာ ။ အဲဒီခေတ် က မီဒီယာတွေ က သတ်မှတ် ထားတဲ့ နေရာ မရှိဘူး ။ ဝိုင်း နေပြီ ။ ဝိုင်း နေတော့ ကြေညာတဲ့ သူ က လည်း ဒီနှစ် ကတော့ အကယ်ဒမီဆု ကတော့ ကိုကျော် ... ဆိုတော့ ဟာ ... ဖြောင်းဖြောင်း ဆို ဓာတ်ပုံ တွေ ရိုက် ။ ကျော်ဟိန်း ဆို လုပ် ထည့် လိုက် ရော ။ လုပ် ထည့် လိုက်တော့ ကျွန်တော် ပက်လက်လန် ရော ။ ဘယ်လိုမှ မခံစားနိုင် ဘူး ။ ဒီလို ပွဲမျိုးတွေက မတက်ကောင်းဘူး ဆိုတဲ့ အတွေး ကျွန်တော် ရ သွား တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သက်သက် ခေါ်ပြီး အရှက်ခွဲ တဲ့ ပုံစံမျိုး ။ ဒါ ... လူ တစ်ယောက် ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကို ဖျက်ဆီး လိုက်တဲ့ သဘော မျိုး ။ ဒါ ... ကျွန်တော်တို့ က တကယ် ရူးသွပ်တဲ့ Actor တွေဖြစ်တဲ့ အတွက် ဒီဟာကြီး က ဒီလို လုပ်လိုက်တာ ကိုယ့် ကို တိုက်ရိုက်ကြီး စော်ကား ခံရတာပဲ ဆို ပြီး ကျွန်တော် အဲဒီ နောက်ပိုင်း မတက်ဖြစ်တော့ဘူး ။


▢ အဲဒီတော့ မောင်မောင် ဇာတ်ကား တော်တော်များများ ရိုက်ပြီး တဲ့ နောက်မှာ Directing ဘက် ကို လုပ်ချင်တယ် ဆိုပြီးတော့ ဆရာမ မအေးလေး ရဲ့ “ ကောင်းချစ်တဲ့ မမ ” ဆိုတဲ့ ဝတ္ထု ကို ရုပ်ရှင်အဖြစ် နဲ့ အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးအတွက် ပထမဆုံး ရိုက်ခဲ့တယ်နော် ။ သရုပ်ဆောင်တွေ က ခင်သန်းနု ရယ် ၊ ဒေါ်မြင့်မြင့်ခင် ရယ် ၊ နောက် မင်းသမီး အသစ် တစ်လက် တင်မယ် ဆိုပြီးတော့ ... မင်းသမီး အသစ် တစ်လက် ... ။


❥ စုမြတ်နိုင် ။


▢ စုမြတ်နိုင် နော် ၊ စုမြတ်နိုင် တင်လိုက်တယ် ။ အဲဒီတုန်းက အကြောင်းလေး တွေ ပြန် ပြောပြပေးပါဦး ။


❥ ကောင်းချစ်တဲ့မမ က ကျွန်တော် အဲဒီ ဝတ္ထုတွေ ဖတ် ၊ ဖတ်ရင်း နဲ့ ကောင်းချစ်တဲ့မမ က ဓာတ်ပုံ ရိုက်ချက်တွေ က တကယ် ကျွန်တော် ရူးသွပ် တဲ့ ဟာမျိုးတွေ ပြလို့ ရတယ် ။ ပြလို့ရတယ် ဆိုတော့ ဖေဖေ့ ကို ပြောတယ် ။ ဖေဖေ က ရိုက် ဆိုတာနဲ့ ဒေါ်ခင်သန်းနု ၊ ဒေါ်မြင့်မြင့်ခင် က အမေ ၊ နောက် အန်တီဂရေ့စ် ပါတယ် ၊ ဒေါ်ခင်သန်းနု ရဲ့ သူငယ်ချင်း ။ နောက် မင်းသမီး အသစ် တင်မယ် ဆိုပြီးတော့ စုမြတ်နိုင် နဲ့ ဖြစ်သွားတာ ။ အဲဒါလည်း တကယ် ပင်ပန်းတယ် ။ ဆိုင်ကယ် တစ်စီး ဝယ်ရတယ် ။ DT တစ်စီး ဝယ်ပြီးတော့ ၊ ငှားရိုက်တယ် ဆိုရင် အဲဒီ ပိုင်ရှင်နဲ့ ပြဿနာ တက် နိုင်တယ် ။ ကျွန်တော် ရိုက်တဲ့ ရိုက်ချက်တွေ နဲ့ ၊ သောင်ပြင် မှာ လည်း စီးရမယ် ။ ဒီ ရခိုင်ရိုးပေါ် မှာ တောက်လျှောက် စီးရမယ့် ဟာတွေ ။ အဲဒီတော့ ဆိုင်ကယ် တစ်စီး ဝယ်ပြီးတော့ ရိုက်ခဲ့ရ တာတွေ ။ အဲဒီကား က ။


▢ ဗမာကား ထဲ မှာတော့ Musical မဟုတ်သည့် တိုင်အောင် သီချင်း တော်တော်များများပါတဲ့ ကားပေါ့ ။ အဲဒီတော့ ၁၉၈၈ ခုနှစ် မှာ ပေါ်လာ တဲ့ အရေးအခင်း မှာ လည်း ကိုယ် ပါဝင် လှုပ်ရှားခဲ့တယ် ။ နောက်တစ်ခါ ၂ဝဝ၇ မှာ ပေါ်ပေါက်တဲ့ သံဃာ့အရေးအခင်း မှာ လည်း ပါဝင် လှုပ်ရှားခဲ့ တယ် ။ အဲဒီလို အရေးအခင်း တွေ မှာ ပါဝင်လှုပ်ရှား လို့ ဆိုပြီး ရုပ်ရှင် လောက မှာ သရုပ်ဆောင် မလုပ်ရဘူး လို့ မပြောပေ မဲ့ လို့ မောင်မောင် ပါ တဲ့ ကားတွေ ကို ပိတ် ထားတယ် ကြားခဲ့ဖူးတယ်နော် ၊ ဟုတ်လား ။


❥ ၈၈ အရေးအခင်း က တော့ ဒါ တစ်တိုင်းပြည်လုံး ပါတာ ။ ပါတော့ ကျွန်တော် တို့ လည်း ပါခဲ့တယ် ။ ဟောပြောပွဲ ၊ ဆေးရုံကြီး ဟောပြောပွဲ ၊ နောက် ဒဂုံ ( ၁)  ကျွန်တော် တို့ ကျောင်း ဒဂုံ ( ၁ ) ဟောပြောပွဲ ၊ ဒါ ဆရာတွေ က ဖိတ်လို့ သွားရတာ ။ အဲဒီမှာ ဟောပြောပွဲ လုပ် ။ အရေးအခင်း ပြီး နောက်ပိုင်း ကျတော့ နိုင်ငံတော် က နေပြီး ၊ စစ်အစိုးရ က နေပြီးတော့ ပေါ်လစီကား ပါပီမ ဆိုတာ ရိုက်ဖို့ ၊ အဲဒါ ကို ရိုက်ဖို့ ကျွန်တော့် ကို အတင်း ချဉ်းကပ်တယ် ။ ကျွန်တော် လည်း ရှောင်ပြေး နေတယ် ။ မရိုက်နိုင်ဘူး ၊ မရိုက်ချင်ဘူး ။ ပါပီမ က တကယ့် ကျောင်းသားတွေ တောခို တဲ့ ကား ။ ပေါ်လစီကား ဆိုတော့ မရိုက် ချင်ဘူး ။ မရိုက်ချင် လို့ ငြင်းခဲ့တယ် ။ ငြင်းခဲ့တာ ကို ဒါ သူတို့ အငြိုး ထားတယ် ထင်တာပဲ ။ နောက်ပိုင်း ကျတော့ ကျွန်တော့် ကားတွေ ၊ အကယ်ဒမီပွဲ တွေ ဆိုရင် အဲဒီလို တွေ လုပ်ခဲ့တယ် ။ မူပိုင်ချစ်သူ တို့ ဘာတို့ ဆိုရင်လည်း ကျွန်တော် သရုပ်ဆောင် တယ် ။ သေချာ လုပ်ထားတယ် ။ ဒါပေမဲ့ အကယ်ဒမီ မပေးဘူး ။ မဆင့် ( မေသန်းနု ) ကို ပေးလိုက်တယ် ။ ဘာလို့ မပေးလဲ ဆိုရင် ဆရာဝန် ဖြစ်ပြီး အင်္ကျီအပေါ် ကြယ်သီး ဖြုတ်ထားတဲ့ အတွက် တဲ့ ။ အဲဒီတော့ ဆရာဝန် ၊ စွပ်ကျယ် နဲ့ ကု နေတဲ့ ဆရာဝန်တွေ လည်း အများကြီးပါ ။ ဆေးကု တဲ့ နေရာ လည်း မဟုတ်ဘူး ။ အိမ်နေ ၊ သွားတဲ့ လာတဲ့ အခါ ကြယ်သီးဖြုတ် ထားတာ ကို ဒါကို ဆင်ခြေ ပေးတယ် ။ ထောက်ပြတယ် ။ ကောင်းချစ်တဲ့မမ တို့ ၊ နောက် ဒဏ္ဍာရီထဲက သတို့သမီး တို့ ဒါ ဓာတ်ပုံဆု ကျွန်တော် မျှော်လင့်တယ် ။ ကျွန်တော် ရမှာ မဟုတ်ဘူး ။ ကင်မရာမဲန်း ရမယ့်ဟာ ။ ကျွန်တော် သေချာလေး လုပ်ထားတဲ့ ဟာတွေ ။ အဲဒါတွေလည်း အကြောင်းအမျိုးမျိုး ပြပြီးတော့ မပေးခဲ့ဘူး ။ အဲဒီတော့ ဒီ အကယ်ဒမီ ဆိုတာ ကို ကျွန်တော် ခေါင်း ထဲ သိပ် မရှိတော့ဘူး ။ ကိုယ့် အလုပ် ကို အကောင်းဆုံး ၊ ကိုယ့် အနုပညာ ကို ဖော်ကျူးတာ ကိုယ် အကောင်းဆုံး ဖြစ်အောင် လုပ်ပြမယ် ။ ဒါ ပရိသတ် လည်း သဘောကျမယ် ။ ကိုယ့် ရဲ့ အနုပညာ ဖော်ကျူးမှု က လည်း ထိရောက် အောင်မြင်မှု ရှိရမယ် ဆိုတဲ့ ခံယူချက်နဲ့ပဲ ကျွန်တော် အလုပ် လုပ်တော့တယ် ။ အဲဒီတော့ ဒီလို ပိတ်ပင်ခဲ့တာတွေ ၊ တားမြစ်ခဲ့တာတွေ အမျိုးမျိုး ကြုံခဲ့ရတယ် ။ နောက် ... တစ်ပြည်သူ မရွှေထား ပေါ့ ။ တစ်ပြည်သူ မရွှေထား ကျတော့ ကျွန်တော် အကယ်ဒမီပွဲ မသွားဘူး ။ မသွားတဲ့ ဟာ ကို ဖေဖေ က အိမ် ကို လာ တယ် ။ အဲဒီ အချိန်တုန်း က ကျွန်တော် ၇ မိုင် မှာ နေတယ် ။ ကျွန်တော့် ဆီ လာ တယ် ။ ကျွန်တော် အရက်သောက် နေတာ ။ ဟေ့ကောင် ... မောင်မောင် မင်း လိုက်ခဲ့ ။ ဪ ... ကျွန်တော် ပြောထားပြီးသား လို့ ၊ ဘယ် အကယ်ဒမီပွဲ မှ မတက်တော့ဘူး လို့ ပြောထားတယ် ။ မဟုတ်ပါဘူးကွာ ၊ မင်း လိုက်ခဲ့ပါ ဆိုတော့ ကျွန်တော် က လည်း မလိုက်ဘူး ။ ဖေဖေ လည်း စိတ်ပျက်ပြီး ပြန် ထွက်သွား တယ် ။ နောက် နာရီဝက်လောက် နေတော့ အကယ်ဒမီဘုတ်အဖွဲ့ က လူကြီး တစ်ယောက် နဲ့ အကယ်ဒမီ က ရုပ်ရှင်လုပ်ငန်းကားကြီး နဲ့ လာခေါ်တယ် ။ ဖေဖေ ပါ ပါလာတယ် ။ တိုက်ပုံ သွားယူတဲ့ ။ လိုက်ခဲ့ချေတဲ့ ။ အဲဒါနဲ့ ကား ပေါ် ထိုင်တော့ ကျွန်တော့် ကို ကြား မှာ ညှပ် ထားတယ် ။ ဘေးတံခါးပေါက် မှာ မထားဘူး ၊ ကျွန်တော် ခုန်ဆင်း ပြေးမှာ ကြောက်လို့ ။ ဟိုရောက်တော့ ကား ပေါ် က ဆင်း တာနဲ့ အဲဒီ လူကြီး က Congratulation တဲ့ ကျွန်တော့် ကို လက်ဆွဲ နှုတ်ဆက်တယ် ။ ဘာ ... ဘာတွေလဲပေါ့ ။ အူကြောင်ကြောင် နဲ့ ပါသွားတယ် ။ နောက် အထဲ ကျတော့ ကိုယ် ထိုင်မယ့် ထိုင်ခုံ မှာ လူ ရှိနေတယ် ။ အဲဒါနဲ့ တီး ဝိုင်း ဘေးနား မှာ ငုတ်တုတ်လေး ထိုင်နေတာ ။ ထိုင် နေတဲ့ အချိန်မှာ ကြေညာ တော့ ကျော်သူ ဆိုတော့ တက် ယူ လိုက်တာပါ ။ အဲဒီတုန်းက ဘာဖြစ်လို့လဲ လို့ ကျွန်တော် တွက် လိုက်တယ် ။ အဲဒီ တစ်ပြည်သူ မရွှေထား ခေတ် ကျတော့ Public Show ဖြစ်သွားတယ် အကယ်ဒမီ က ။ ပြည်သူလူထု လက်မှတ် နဲ့ ရောင်းပြီးတော့ သုဝဏ္ဏအားကစားကွင်း မှာ စ , တာ ။ ဆိုတော့ အဲဒီမှာ ပရိသတ် က နေပြီးတော့ အသံတွေ ထွက်တယ် ။ ကျော်သူ မရရင်တော့ ခုံချိုးမယ်တို့ ဘာတို့ ၊ ကျော်သူ ကို လုပ်ထားတာ များပြီတို့ ဘာတို့ ။ အဲဒီမှာ ဗိုလ်ချုပ်ခင်ညွန့် က လည်း လာတယ် ။ အဲဒီမှာ သူ့ နား ထဲ ရောက် သွားတယ် ထင်တယ် ။ ဗိုလ်ချုပ်ခင်ညွန့် က လာ ခေါ်ခိုင်းတာတဲ့ ။ ကျော်သူ ကို သွား ခေါ်ဆို ပြီးတော့ ။ အဲဒါနဲ့ ရ သွားတာပေါ့ ။


▢ အဲဒီမှာ “ မရွှေထား ” မှာ ပထမဆုံး ရတဲ့ အကယ်ဒမီ ပေါ့နော် ။ မောင်မောင် က ဝတ္ထုကောင်းတွေ တော်တော်များများ ကြုံခဲ့တယ်နော် ။ ဥပမာ “ အရိုင်းစံပယ် ” က ဆရာအောင်လင်း ရဲ့ တကယ့် မာစတာပိစ် ။ ဆရာ တက္ကသိုလ်ဘုန်းနိုင် ရဲ့ “ တစ်ပြည်သူ မရွှေထား ” ၊ “ သူ့ကျွန်မခံ ပြီ ” ဒီလို ကားတွေ အများကြီး ကားကောင်းတွေ ၊ ဝတ္ထုကောင်းတွေ ကြုံခဲ့တယ်ပေါ့ ။


❥ အစဉ်သဖြင့် ၊ ဆရာငြိမ်းကျော် ရဲ့ အစဉ်သဖြင့် ။


▢ ဆရာ ငြိမ်းကျော် ရဲ့ “ အစဉ်သဖြင့် ” နော် အဲဒါမျိုးတွေ အများကြီး ရှိတယ် ။ နောက် တစ်ခါ ရုပ်ပြဇာတ်လမ်း တွေ လည်း ရိုက်ခဲ့ရဖူးတာပဲ ။ ဥပမာ “ မ ရဲ့ မောင်လေး ” ပေါ့နော် ။ အဲဒီတော့ မဝါ ( ဝါဝါဝင်းရွှေ ) နဲ့ မောင်မောင် ဆုံခဲ့သေးတယ်နော် ။


❥ ဆုံခဲ့တယ် ။


▢ ရှေ့ပိုင်းမှာ “ မရဲ့ မောင်လေး ” ဆိုရင် ... ။


❥ မရဲ့ မောင်လေး က ဆုံ ပြီးတော့ နောက်တစ်ခါ နော်မောင်မောင် နော် ဆုံတာ ။ အဲဒါ အန်တီဝါ ရိုက်တာ ။


▢ အဲဒီ ကား တွေ မှာ လည်း မဝါ ၊ မဝါ ရဲ့ ခေတ် ကို မီလိုက်သေးတယ် ။ မဝါ နဲ့ မီတယ် ။ ဒေါ်ခင်သန်းနု နဲ့ မီတယ် ။ ပြီးတော့မှ မေသန်းနု တို့ ၊ မို့မို့မြင့်အောင် တို့ ၊ ခင်သီတာထွန်း တို့ စသဖြင့် ဒီဘက် ခေတ် နဲ့ မီ လာ တယ် ။ အဲဒီတော့ အခု ခေတ်မှာ အခုခေတ် ဆိုတော့ ၂၀၁၈ ၊ ၂၀၁၉ ကို မဆိုလိုဘူး ။ ရှေ့ပိုင်း မှာ ပေါ့နော် ။ ဇာတ်လမ်းတွေ က နိုင်ငံခြားကားတွေ ကြည့်ပြီး ကိုယ့် ဟာ ကိုယ် ဖန်တီးတာ တွေ များတယ်ပေါ့ ။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် မှာ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ ကားတွေ ထွက် လာတယ်နော် ။ သူတို့ ဝတ္ထုကောင်း တွေ ရိုက်ကြတာ ဆိုတော့ အခု နောက်ပိုင်း ကျတော့ ဝတ္ထုကောင်း တွေ လိုက် ဝယ် လာကြပြီ ။ မောင်မောင့် အနေ နဲ့ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲများ လုပ်ဖို့ စိတ်ကူး ရှိသေးလား ။


❥ နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲ ဆိုတော့ ခက်တာ က ရုပ်သံဇာတ်လမ်း ဆိုတာထက် သူ တို့ ရိုက်မှ ၊ ကိုယ့် ကို သုံးမှ ကိုယ် က ရိုက်ရတာကိုး ။ MRTV4 ဆို ရင် ကျွန်တော် ဇာတ် ပေးထားတယ် ။ ဂမ္ဘီရမျက်လုံး ဆိုတာ ကျွန်တော် ပေးလိုက်တယ် ။ ပေးလိုက်တာကို  သူတို့ က အကုန်အကျ များမယ် တဲ့ ။ အကုန်အကျ များမယ် ဆိုတော့ ကျွန်တော် ပြန် ယူလိုက်တယ် ။ အခု ကျွန်တော် ရုပ်ရှင်ဇာတ်လမ်း ပြန် တင်တယ် ။ ကျွန်တော့် အနေ နဲ့ ကျွန်တော်တို့ ကုမ္ပဏီ က ရိုက်မယ် ။ ဝရဇိန်ကုမ္ပဏီ က နေ ရိုက်မယ် ။ ဒီ ဇာတ် လည်း ကျသွား ပြီ ။ ကျသွားတော့ ... နောက် တစ်ဇာတ် လည်း ပေးထားတယ် ။ ဒါပေမဲ့ အကြောင်း မပြန်သေးဘူး ။ ကျွန်တော့် ကို ယုံကြည်ရင် အလုပ်အပ် ။ ကျွန်တော် တကယ် ထိုက်ထိုက်တန်တန် ဖြစ်အောင် လုပ်ပေးမယ် ။ ကျွန်တော့် အနုပညာ ကို အတတ်နိုင်ဆုံး ၊ အကောင်းဆုံး ဖြစ်အောင် ကျွန်တော် ကြိုးစားပြီး လုပ်ပေး မှာပေါ့ ။


▢ ခုနက အကယ်ဒမီ ကိစ္စလေး ပြန်ဆက်ချင်လို့ ။ “ မရွှေထား ” နဲ့ ကိုယ် က အမျိုးသားဇာတ်ဆောင်ဆု ရခဲ့ပြီး နောက် တစ်ခု ရှိသေးတယ် ... ။ 


❥ အမေ့နို့ဖိုး ။


▢ “ အမေ့နို့ဖိုး ” နော် ။ “ အမေ့နို့ဖိုး ” မှာ ဆိုရင် အကယ်ဒမီတွေ အများကြီး ရခဲ့ကြတယ် ။ မောင်မောင် က ဒါရိုက်တာ နဲ့ ရတယ် ။ အဲဒီတော့ ... အဲဒီလို ကားမျိုး ကို မျှော်လင့်ချင် ကြတယ်ပေါ့နော် ။ အဲဒီတော့ “ ဂမ္ဘီရမျက်လုံး ” ဆိုရင် ဘယ်လိုမျိုး ဇာတ် ကို သွားမလဲပေါ့ ။ “ ဂမ္ဘီရ ” လို့ ပါနေတယ် ။


❥ ဂမ္ဘီရမျက်လုံး ကျတော့ ... ဒီ ၁ဝ၁၄ ကို ပြောရမယ် ဆိုရင် သမိုင်းတွေ ကို ပြန် ဖော်ထုတ်ချင်တာပဲ ။ သမိုင်းတွေ ဖော်ထုတ်ပြီး အရည်းကြီး ကာလ နောက်ပိုင်း ပြီးရင် ဗုဒ္ဓဘာသာ ဘက် ဖြစ်လာတဲ့ ဟာ ။ ဒီမှာ အရည်းကြီး ဆိုတာလည်း ဘယ် ဝါဒပဲ ဖြစ်ဖြစ် ကျွန်တော် ဆိုလိုချင်တာ ဆိုးတယ် ၊ ကောင်း တယ်ဆိုတာ ဒါ ... ဦးဆောင်တဲ့ လူတွေ ကြောင့် အယူ တစ်ဖက်စွန်း ရောက် ကုန်လို့ ဒီလို ဖြစ်ကုန်တာ ။ အဲဒါလည်း ပြချင်တယ် ။ ပြီးတော့ ကျွန်တော် တို့ ဒီ ဗမာကားတွေ အိမ် ထဲမှာပဲ လှည့်ပတ် ရိုက်တာကို ကျွန်တော် ဖောက်ထွက် ချင်တယ် ။ အဲဒီ ကား ဆိုရင် လူ အယောက် နှစ်ရာကျော် ၊ သုံးရာ နဲ့ ရိုက်ခဲ့ရ တယ် ။ Mob Scene ကြီးတွေပါတယ် ။ ပြီးတော့ အခု ဒစ်ဂျစ်တယ်ခေတ် ကျ တော့ ကျွန်တော် ဒီ ပုဂံမြို့သူ ပြန် ရိုက်တဲ့ ကိစ္စလည်း ပုဂံမြို့သူ က ဟိုတုန်းက ရုပ်ရှင်ဖလင် နဲ့ ရိုက်ရတာ ။ ရုပ်ရှင်ကင်မရာကြီး တွေ ရေအောက် ထဲ ချပြီးတော့ လုပ်ရတာ ။ အခု ဒစ်ဂျစ်တယ်ခေတ် ကျတော့ ဂိုးပရိုလေး တွေ နဲ့ ရိုက် ၊ ဒရုန်းတွေ ဘာတွေနဲ့ ရိုက်လို့ရတယ် ။ Editing ပိုင်း ကလည်း တစ်ပန်း သာ သွားပြီ ။ ပြီးတော့ Special Effect တွေ လုပ်တာ ၊ Computer Graphic တွေ ဒါတွေ က သာတဲ့ အတွက် ပုဂံမြို့သူ ကတော့ ရုပ်ရှင်ဒါရိုက်တာ ကျော်သူ နဲ့ ဒစ်ဂျစ်တယ်ဒါရိုက်တာ ကျော်သူ အားပြိုင် ကြည့်တာ ၊ ဒါ .. စမ်းသပ်ကြည့်တာ ။ အဲဒီ နောက်ပိုင်း ကျွန်တော် ဒါတွေ ဒါတွေက လုပ်လို့ ရပါလား ဆိုတာ သိပြီး ၁၀၁၄ ကား ကို လုပ်တယ် ။ ၁၀၁၄ ကား ပြီးတော့ ဒီဟာ ရဲ့ အရသာ ကို ပိုတွေ့ သွားတဲ့အတွက် ၊ ဒီ Graphic ရဲ့ အရသာ ကို တွေ့သွားတဲ့ အတွက် ဒီ ဂမ္ဘီရမျက်လုံး ။ ဂမ္ဘီရမျက်လုံး က လည်း Graphicတွေ အများကြီး ပါမယ် ။ ပြီးတော့ တော်ရုံတန်ရုံ သွားလို့ မရတဲ့ ဂူကြီးတွေ ၊ လိုဏ်ဂူတွေ ။ လူတကာ သွားလို့ ရတဲ့ ဂူတွေ ကတော့ ဥပမာ လွိုင်ကော် က ကျတ်ပြေးဂူ တို့ ၊ နောက် ... ပိတ်ချင်းမြောင်ဂူ တို့ က လူတိုင်း သွားလို့ ရတဲ့ နေရာတွေ ။ ကျွန်တော် အခု သွား ရိုက်မယ့် နေရာ က လူတိုင်း သွားလို့ မရတဲ့ ဂူ ။ ကမ္ဘာ ပေါ် မှာ ဒုတိယ အကြီးဆုံး ဂူ လို့ တောင် ပြောလို့ ရတယ် ။ ထိုင်း မှာ ကလေးတွေ ပိတ်မိတဲ့ ဂူ လို သူ က ရေ က အထဲ ကို ဝင်တာ ၊ ဂူ ထဲ က ထွက်တာ မဟုတ်ဘူး ။ ဒါ ကို ကျွန်တော် ပြချင်တယ် ။ အဲဒါတွေ ရှုခင်းအသစ် အဆန်းလေးတွေ ၊ CG Graphic Computer Effect တွေ ဒါတွေ ကို ကျွန်တော် ပြချင်တဲ့ အတွက် ။ ဒါကိုတော့ ကျွန်တော် Entertainment သဘော လို သတ်မှတ်လို့ ရတာပေါ့ ။ ဇာတ် ခိုင်ခိုင်မာမာ ရိုက် ဖို့တော့ ကျွန်တော် အစီအစဉ် ရှိတယ် ။ တတိယမြောက် ကား ကတော့ ဇာတ်ကို အဓိက ထားပြီး ရိုက်ဖို့ တော့ စီစဉ်နေပါတယ် ။ ဇာတ် လည်း ရှာ နေပါတယ် ။


▢ ကိုယ် မှတ်မိသလောက် ... အခုတော့ ဗိုလ်မှူး ဆုံးသွားပြီလား မသိဘူး ။ ဗိုလ်မှူးအောင်ကြည်ထွန်း ၊ ဗိုလ်မှူးတင်သန်းဦး တို့ ၊ ဒါရိုက်တာ မောင်တင်ဦး တို့ ကမ်းလှမ်းတဲ့ “ တိမ်ကော့နော်ဂျာ ” ဆိုတာ ... ။ “ တိမ် ကော့နော်ဂျာ ” ဆိုတာ ဟိုး ... ကချင်ပြည်နယ် အထိ သွား ရိုက်ခဲ့တာ ရှိတယ်နော် ။ “ တိမ်ကော့နော်ဂျာ ” နဲ့ ပတ်သက်လို့ ပြောစရာများ ရှိမလား ။


❥ “ တိမ်ကော့နော်ဂျာ ” က ... ဒါ ... ။ 


▢ တင်နီလာဝင်း နဲ့ ။


❥ ၈၈ မတိုင်ခင် ရိုက်တာ ။ အဲဒါ အဲဒီကား တုန်းကလည်း တော်တော်လေး ပင်ပန်းတယ် ။ သန်လျက်စွန်း ရေတပ် မှာ Under Water ရေငုပ် ရင် အောက်ဆီဂျင်ဘူး တွေ နဲ့ ရေငုပ်တာ တွေ ၊ သင်တန်း တွေ တက်ရတယ် ။ သေနတ်ပစ်သင်တန်းတွေ ၊ ကချင်စကားပြော သင်တန်းတွေ ဒါတွေ တက်ပြီး တော့ ဟို ကို ရောက်သွားတာ ။ ကချင်ပြည်နယ် ၊ မြစ်ကြီးနား ရောက် ၊ မြစ်ကြီးနား ကနေ ဖားကန့် သွား ၊ ဖားကန့် ရောက်တော့ အဲဒီမှာ လုံခြုံရေး သူတို့ တာဝန် မယူနိုင်ဘူး ။ အနက်ရောင် နယ်မြေ ဖြစ်နေတယ် ။ အဲဒီမှာ ကျော်သူ ခေါင်း တစ်ခေါင်း ဘယ်လောက် ၊ မောင်တင်ဦး ခေါင်း တစ်ခေါင်း ဘယ်လောက် ဆိုပြီးတော့ စာတွေ ကပ်တာတွေ ရှိတယ် ။ အဲဒီ အချိန် ကျတော့ ကျွန် တော်တို့ ကို M-16 တစ်လက် ၊ ပစ္စတို တစ်လက် ရယ် ပေးတယ် ။ ကျည်ထည့် ထား ပေးတယ် ။ ကိုယ့် လုံခြုံရေး ကိုယ့် ဘာသာ ကိုယ် ယူပါတဲ့ ။ ည အိပ်ရင် ခေါင်းအုံး အောက် မှာ ထား အိပ်ရတယ် ။ အဲဒီတော့ ဒါမျိုးတွေ ကြုံခဲ့ရတယ် ။ ကြုံခဲ့ရတော့ တကယ့် ကို သက်စွန့်ဆံဖျား ကျွန်တော် တို့ က လုပ်ပေး ခဲ့ရတယ် ။ မြစ်ဆုံ မှာ ဆိုရင် မြစ်ဆုံ ဒီဘက် က နေပြီးတော့ အဲဒီ ဟိုဘက် ကို ပစ်တဲ့ ။ 79 လောင်ချာ ပစ် ခိုင်းတယ် ကျွန်တော့် ကို ။ အဲဒီမှာ ဒါရိုက်တာ မောင်တင်ဦး က ဒီဘက် မှာ နေခဲ့တယ် ။ ကျွန်တော့် ကို စပိဘုတ် နဲ့ သွားပြီးတော့ ကင်မရာ မဲန်း နဲ့ သွား ပစ်ခိုင်းတယ် ။ ပစ်ပြီး ဒိန်း ... ဒိန်း ဆိုပြီး နှစ်လုံး ပစ်ပြီးတာ နဲ့ ပြန်လာတော့ ... ပြန်လာတော့ ဆိုပြီး ပြန်ခေါ် ။ ဘာဖြစ်လို့ ... သေချာရိုက်တာ မဟုတ်ဘူးလို့ ၊ ဝုန်း... ဒိုင်း ဆို ပစ်ပြီးတာ နဲ့ ပြန် ပြေးခိုင်းတယ် ။ အဲဒါ တကယ့် နေရာကို ပစ်ခိုင်းတာကိုး ။ ကျွန်တော်တို့ ကို အဲဒါ အတွက် သုံးတာ ။ ခံ ရရင် ကျွန်တော်တို့ ခံ ရမှာ ။ ကိုယ် ကတော့ လုပ်ခိုင်းရင် တော့ လုပ်တာပဲ ။ ဘာရယ် ၊ ဘယ်သူရယ် ဘယ်ဝါရယ် မဟုတ်ဘူး ။ ကျွန်တော့် အလုပ် ခိုင်းရင် အနုပညာ အလုပ် က ကျွန်တော် လုပ်ပေးရမှာပဲ ။ လုပ်ပေး ပေမဲ့ နောက်ပိုင်း ဒီဘက် ၈၈ နောက်ပိုင်း ကျတော့ ကျွန်တော့် ကို အဲဒီလို အမြင်တွေ ဖြစ်လာ တော့ ကျွန်တော် လည်း နည်းနည်းတော့ ဟိုဟာ ဖြစ် သွားတဲ့ အပိုင်းတွေ ပါတာပေါ့လေ ။


▢ ဒါပေမဲ့ “ တိမ်ကော့နော်ဂျာ ” ရိုက်ပြီး ပြန်လာတဲ့ အချိန် မှာ အိမ် မှာ ... ။


❥ ကလေး .. သမီး ၊ သမီး မွေးနေပြီ ။ 


▢ သမီး မွေးနေပြီနော် ။


❥ သမီး မွေး နေတော့ ကျွန်တော် ဆောင်းပါးလေး တစ်ခု တောင် ရုပ်ရှင်အမြုတေ လား .. ၊ ရွှေအမြုတေ မပေါ်သေးဘူး ။ ရုပ်ရှင်အမြုတေ မှာ ကျွန်တော် ရေးလိုက်တယ် ။ လက်ရဲဇက်ရဲ နဲ့ ပုခက်လွှဲတဲ့ လက် ဆိုတာ ။ စရိုက် က ကြမ်းလာတယ် ။ အဲဒီမှာ တစ်လ လောက် နေရတော့ ကချင်စာ ပဲ စားတယ် ။ သောက် ရင် လည်း ကချင်အရက် သောက်တယ် ။ ကိုင်တာ က လက်နက် ကိုင် ထားရတယ် ။ လက် က တစ်ခု ခု ဆိုရင် ထစ်ခနဲ ဆို လက် က မရဘူး ။ စိတ် က မြန်တယ် ။ အဲဒါနဲ့ သမီး မျက်နှာလေး တွေ့တော့မှပဲ သမီး ကို ပုခက် လွှဲရင်းနဲ့ လက်ရဲဇက်ရဲ နဲ့ ပုခက်လွှဲတဲ့ လက် ဆိုပြီး ဖြစ်လာတာ ။


▢ ဟုတ်ပါပြီ ။ အဲဒီတော့ ရုပ်ရှင်လောက မှာ ကျော်သူ လက်တွဲ ခေါ်တယ် လို့ ပြောရမလား ၊ အတွဲ ညီတဲ့ မင်းသမီး လို့ ပြောရမလား မသိဘူး ။ မို့မို့မြင့်အောင် ပေါ့နော် ။ မောင်မောင် နဲ့ အင်မတန် လက်တွဲ ညီ ခဲ့တယ် ။ “ ဒဏ္ဍာရီထဲက သတို့သမီး ” ဆိုရင်လည်း မို့မို့ နဲ့ ပဲ ရိုက်ခဲ့တာ နော် ။ “ အရိုင်းစံပယ် ” ဆိုရင် လည်း မို့မို့ နဲ့ ပဲ ရိုက်ခဲ့တယ် ။ စသဖြင့် ပေါ့ နော် မို့မို့ နဲ့ ကား တော်တော်များများ ရိုက်ခဲ့တယ် ။ MTV လို့ ပြောရမယ် ထင်တယ် ။ မြန်မာ့ရုပ်မြင်သံကြား အတွက် တေးသရုပ်ဖော် တွေ ရိုက်ခဲ့ဖူးတယ် ။ အဲဒါလေး နည်းနည်းလောက် ပြောပါလား ။


❥ မို့မို့ နဲ့ စ , ဖြစ်တာ မြန်မာ့အသံ ငယ်ကျွမ်းဆွေ ။ ငယ်ကျွမ်းဆွေ သီချင်း ကို ဘဘ ဗိုလ်ကလေးတင့်အောင် က နေပြီးတော့ ရိုက်ချင်တယ် ဆိုပြီး ရိုက်တာ ။ မို့မို့မြင့်အောင် ရယ် ၊ ကျွန်တော် ရယ် ၊ ညီဂျော် ရယ် ။ အဲဒီမှာ တေး သရုပ်ဖော် လုပ်ရတယ် ။ အဲဒီမှာ စ တွဲဖြစ် ၊ နောက်ပိုင်း ပြည်မြန်မာ ဦးအောင်ကျော်ထွန်း က ပြက္ခဒိန် တွေ ရိုက်တာ သူ နဲ့ အတွဲ များသွားတာ ။ အတွဲ များပြီး ရုပ်ရှင်တွေ က လည်း တွဲတယ် ။ ဒေါ်သင်းသင်းယု ကားတွေ ကိုကို ဘာလို့ မုန်းတာလဲ တို့ ၊ ချစ်မ တို့ အဲဒါတွေ တွဲတယ် ။ တွဲ လာပေမဲ့ ပရိသတ် က တော့ ကျော်သူ ၊ မို့မို့ ဆိုရင် ပေါင်းမှ ၊ ဇာတ်သိမ်း မှာ ပေါင်း မှ သူတို့ က လက်ခံတယ် ။ ကိုကို ဘာလို့မုန်းတာလဲ မှာ ဇာတ်သိမ်း မှာ မို့မို့ သေတယ် ။ သေတော့ မို့မို့ ကို ပွေ့ပြီး လမ်းလျှောက်တာ နဲ့ ဆုံးထားတာ ။ အဲဒါကို ... ။ 


▢ ပြန် ပြင်ရတယ် ။


❥ ပြန် ပြင်ရတယ် ။ ရန်ကုန် မှာ ရုံတင် ပြီးတာနဲ့ ပြန်ပြင်ရတယ် ။ 


▢ ဟုတ်တယ် ၊ ရုံတင်ပြီးတာ နဲ့ တန်း ပြင်ရတယ် ။ 


❥ ရန်ကုန် မှာ အရင် ပြ ၊ ပြ ပြီးတော့ မှ မန္တလေး ကို ပြတာ ။ 


▢ ဟုတ်တယ် ။ မန္တလေး မှာ ကျတော့ ရှင် သွား .... ။


❥ မန္တလေး ပရိသတ် က ကျော်သူ ၊ မို့မို့မြင့်အောင် ပေါင်းတယ် ။ ဟာ ... ရန်ကုန် က မပေါင်းဘူး ။ လောင်းကြေးစားကြေးတွေ လုပ်ကြ ။ အဲဒါ မျိုးတွေ အမျိုးမျိုး ကြုံရတယ် ။ ရုံတင်ပြီးသား ကား ကို ဇာတ်သိမ်း ပြန် ပြင်ရ တယ် ။ ဒါမျိုးတွေ ရှိခဲ့တယ် ။


▢ မန္တလေး မှာ နှစ်ယောက် ပေါင်းသွားတယ် ။ ရန်ကုန် မှာ က သေသွားတယ် ။


❥ အခုလည်း ဒီဟာပါ ၊ မို့မို့မြင့်အောင် က အတွဲ ညီတယ် ဆိုတာ နှစ်ယောက်စလုံး က အိုက်တင်ပိုင်း ကို မလျှော့ဘူး ။ ကျွန်တော် တို့ က အပြင် မှာ သိပ် တည့်တာ မဟုတ်ဘူး ။ ခဏခဏ စကား များတာ ။ အဲဒီလို မတည့်တော့ သူ လုပ်တယ် ဆို ကိုယ်ကလည်း လုပ်ပြီ အိုက်တင်ပိုင်း ကို ။ အဲဒီဟာ တွေ ကြောင့် ... အိုက်တင်တွေ တစ်ယောက် နဲ့ တစ်ယောက် အပြိုင် လုပ်ရင်း နဲ့ အတွဲညီ သွားတာ ။ ကျွန်တော် ၂၀၀၇ မှာ အပိတ် ခံရတယ် ။ ရုပ်ရှင် ၊ အနုပညာ အလုပ် အားလုံးကို ပိတ်တယ် ။ ပန်းချီပြပွဲ လုပ်တာလည်း ခွင့်မပြုခဲ့ဘူး ။ စာ လည်း မရေးရဘူး ။ သတင်းစာ ထဲ တောင် ထည့်ခွင့် မပေးခဲ့ဘူး ။ သတင်းစာ ထဲ ကျတော့ ဆရာမင်းသိင်္ခ ဆုံးတော့ ဝမ်းနည်းကြေကွဲကြောင်း ဆိုပြီးတော့ ကျော်သူ ဆိုပြီး အောက် က ရေးတာ ။ အဲဒါ ကျော်သူ ဆိုတဲ့ နာမည် ပါတဲ့ အတွက် ထည့်ခွင့် မပေးခဲ့ဘူး ။ အခု ရှစ်နှစ် လောက် ကြာတော့ မှ ကျွန်တော် ရုပ်ရှင် ပြန်ရိုက်တယ် ။ ပြန် ရိုက်တာ ကျွန်တော် Actor အနေနဲ့ ရိုက်ပြီးတော့ အခု ဒါရိုက်တာ အနေနဲ့ ပထမဆုံး ရိုက်တဲ့ ၁ဝ၁၄ အဖေ တို့ ဝရဇိန်ကုမ္ပဏီ က နေ ပြီးတော့ ရိုက်တယ် ။ ရိုက်တော့ အဲဒီ အခါကျတော့ ကျွန်တော် မို့မို့ ကို ကမ်းလှမ်းတယ် ။ မို့မို့ ရေ ... ငါတို့ ပြန် လုပ်ကြရအောင် ၊ လူဟောင်းတွေ ပြန် တွဲချင်တယ်ဆိုတော့ သူ က လည်း တကယ့်ကို စိတ်ပါ လက်ပါ လုပ်ပေးတယ် ။ သူ့ ကာရိုက်တာအတိုင်း အပီအပြင် ဆုံး လုပ်ပေးတယ် ။ အဲဒါ ကျွန်တော် လည်း ဝမ်းသာတာပေါ့လေ ။ လူဟောင်းတွေ အချင်းချင်း ကတော့ တစ်ယောက် အထာ တစ်ယောက် သိပြီးသား ဆိုတော့ လုပ်ရတာ ပိုကောင်းတယ် ။ 


▢ ပို အဆင်ပြေတာပေါ့ ၊ အပေးအယူ မျှတာပေါ့ ။ 


❥ ဟုတ် ၊ အပေးအယူ မျှတယ် ။


▢ တစ်ခါတလေ ကျတော့ ရှိတတ်တယ်လေ ။ ကိုယ် က ဘယ် လောက်ပဲ လုပ်နေနေ တစ်ဖက် က မပါလာရင် လည်း ကိုယ် က ချွန်ထွက် သွားပြီး မကောင်းတော့ဘူး ။


❥ အိုဗာကြီး တွေ ဖြစ်သွားတာပေါ့ ။


▢ ကိုယ် လုပ်သလောက် လည်း သူ့ ဘက်က ပါလာ မှသာ အပေးအယူ မျှကြမှာကိုး ။ မောင်မောင် နဲ့ မို့မို့ ကတော့ ပြောစရာ မလိုလောက် အောင် တစ်ယောက် ဘာ လုပ်ရင် တစ်ယောက် ဘာလုပ်မယ် ဆိုတာ သိပြီးသား ဖြစ်နေတော့ ပရိသတ် က ကျော်သူ ၊ မို့မို့မြင့်အောင် ဆိုရင် ကြည့်ချင်ကြတာ ပေါ့နော် ။ မှတ်မှတ်ရရ ဘဘဦးသုခ က သက်ရှိထင်ရှား ရှိတုန်းက သူ့ အိမ်ရှေ့ က သူ့ သား ဖွင့်တဲ့ ဆိုင် အပေါ်ထပ် မှာ မောင်မောင် တို့ လင်မယား နဲ့ လူ တချို့ ကို ခေါ်ပြီးတော့ မန္တလေး မှာ ဗြဟ္မစိုရ်အသင်း ဆိုတာ အခမဲ့ အသုဘ ချပေးတယ် ၊ ရန်ကုန် မှာ လည်း ထူထောင်ရအောင် မောင်မောင် က ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဖြစ်နေတဲ့ အတွက် စည်းရုံးကြည့်ပါလို့ ပြောတဲ့ဟာကနေ စ , တယ်ပေါ့နော် ။ ရန်ကုန်နာရေး ကူညီမှုအသင်း ဆိုတာ ပေါ်ပေါက်လာတယ် ။ အဲဒီတော့ နာရေးကူညီမှု အသင်း အနေနဲ့ မြေ ရပြီးတော့ ဘယ်လောက် အထိများ ကြိုးစားခဲ့လဲ ။


❥ အဲဒါကတော့ ကျွန်တော်တို့ သင်္ဃန်းကျွန်း ဗြဟ္မဝိဟာရကျောင်း မှာ အသင်း စ , ခဲ့တယ် ။ အသင်း အောင်မြင်လာတယ် ။ ပြည်သူလူထု က လည်း အားကိုး လာပြီ ။ အလှူရှင်တွေ ကလည်း ငွေ လှူလာပြီ ။ အဲဒီ အချိန် ကျတော့ ဘာဖြစ်လာလဲ ဆိုရင် ဘဘဦးသုခ ဆုံးရော ။ ဘဘဦးသုခ ဆုံးသွားတဲ့ အချိန် မှာ ကျွန်တော် တို့ ဖိအား အပေး ခံရတာပဲ ။ ဒီလို ရပ်ကွက် ထဲမှာ ၊ ဘုန်းကြီးကျောင်း ထဲ မှာ ဒီလို အသင်းအဖွဲ့တွေ မထားရဘူး ၊ ဒါ အင်္ဂလိပ်ခေတ်ဥပဒေ အရ ဆိုပြီးတော့ ကျွန်တော် တို့ ကို မောင်းထုတ်တယ် ။ မောင်း ထုတ်တော့ ကျွန်တော် တို့ လည်း အဲဒါဆို မြေ ပေးပါ ဆိုတော့ မြေ ကို မြောက်ဒဂုံ မှာ မြေပေး တယ် ။ နှစ်ဧက ဆိုတော့ ဟာ ... ဝမ်းသာ သွားတာတယ် ။ သွား လည်း ကြည့် လည်း ကြည့်ရော အမှိုက်ပုံ ။ အမှိုက်ပုံ က ဒီ အဆောက်အဦ ဆောက်ဖို့ Pile ရိုက်တယ် ။ ပေနှစ်ဆယ် တူးတဲ့ အထိ ကို မြေကြီး ကို မတွေ့ဘူး ၊ ကြွပ်ကြွပ်အိတ် တွေ ၊ ပလတ်စတစ်အိတ် တွေ ။ အဲဒီတော့ ဒီဟာ က အရင်တုန်း က တော့ ရေကန်ကြီး ။ ရေကန်ကြီး ထဲ ကို အမှိုက် တွေ ၊ ကြွပ်ကြွပ်အိတ် တွေ ၊ ပလတ်စတစ်အိတ် တွေ ရဲ့ ဆိုးကျိုး ကို ကျွန်တော်တို့ က ၂၀၀၇ မှာ စပြီး ကြုံတွေ့ရ တာ ။ အဲဒီ ကတည်း က ဒီ ဆိုးကျိုးတွေ ကို ကျွန်တော် တို့ က ပညာရှင်တွေ နဲ့ ဆေးခန်း ဆို လည်း ဆေးခန်း အောက် က နေပြီးတော့ ဂတ်စ် ထွက်အောင် Underground Pipe တွေ ဘာတွေ ထုတ် ထားရတယ် ။ အဲဒီလိုမျိုးတွေ သေချာ စနစ်တကျ လုပ်ပြီးတော့ မြေသား ကို ပြန် ပြုပြင် လိုက်တဲ့ အတွက် အခုဆိုရင် မြောက်ဒဂုံ က စိမ်းစိမ်းစိုစို နဲ့ အရိပ်အာဝါသ ကောင်းတဲ့ နေရာ ဖြစ်သွားတာပေါ့ လေ ။ တော်တော်လေး ရုန်းကန်ရတယ် ။


▢ တော်တော်လေး ရုန်းကန်ရတယ်နော် ။ အခုဆိုရင် ရန်ကုန်နာ ရေးကူညီမှုအသင်း က တစ်နေ့ တစ်နေ့ ကို  အလောင်းပေါင်း ဘယ်လောက် လောက် သင်္ဂြိုဟ် ပေးနေရလဲ ။


❥ တစ်နေ့ တစ် နေ့ဆိုရင် အခုဆိုရင် ပျမ်းမျှ တစ်နေ့ ကို အလောင်း ၂ဝ နဲ့ ၃၀ ပျမ်းမျှ သင်္ဂြိုဟ် ရတယ် ။ ဟို အရင်တုန်း က ဆိုရင် ၆ဝ လောက် သင်္ဂြိုဟ် ရတယ် တစ်ရက် တစ်ရက် ကို ။ ဒါ ကျွန်တော်တို့ အသင်း တစ်သင်း တည်းနော် ။ ဒီ့ပြင်ဟာတွေ နဲ့ ဆိုရင် ရန်ကုန် မှာ ဆိုရင် သေတာ ၁၀၀ ကျော် ၊ ၁၅ဝ လောက် တော့ ရှိမယ် ။


▢ အရင်တုန်းကတော့ တစ်သင်း တည်းပဲ ရှိတာနော် ။ 


❥ ဟုတ် တစ်သင်း တည်း ပဲ ရှိတာ ။


▢ အဲဒီတော့ ရန်ကုန် နာရေးကူညီမှုအသင်းတွေ က အသုဘ သင်္ဂြိုဟ် တာ တင် မဟုတ်ဘူး ။ တခြား ဟာတွေ ချဲ့ထားတာ တွေရှိတယ် နော် ။ ဘာတွေ ချဲ့ထားလဲ ။


❥ အဲဒါက ကျွန်တော် တို့ က တွက် ကြည့်တယ်လေ ။ ဥပမာ လူ က ဘာဖြစ်လို့ တစ်ရက်တစ်ရက် ကို အယောက် သုံးဆယ် လောက် သေနေတာ လဲ ။ ဒါကို ပြန်ပြီး သုံးသပ်တော့ ကျန်းမာရေးဆေးဝါး ကုသရတဲ့ စရိတ်တွေ မြင့်မားတဲ့ အတွက် မဆုံးသင့်ဘဲ ဆုံးတာ ဒါ အဖြေ ထွက်တယ် ။ အဲဒါနဲ့ ဘော်လန်တီယာ ဆရာဝန် ၊ ဆရာဝန်မ တွေ ရဲ့ အကူအညီ နဲ့ ကျွန်တော်တို့ ဆေးခန်း စ , ဖွင့်တယ် ။ ဆေးခန်း ဖွင့်ရင်း နဲ့ ပထမ တော့ အထွေထွေ ပဲ ကုတယ် ။ ဓာတ်ခွဲခန်းလေး နဲ့ အထွေထွေ ကုရင်းနဲ့ အခု ဆိုရင် မျက်စိ အော်ပရေးရှင်းခန်း တို့ ၊ ကျောက်ကပ် ဝေဒနာရှင် ကျောက်ကပ် ဆေးတဲ့ စက်ကြီးတွေ ဒါတွေပါ ကျွန်တော် တို့ လုပ်ခဲ့ရတယ် ။ ထိုနည်းတူစွာ အဲဒီလို လုပ်ရင်းနဲ့ Ambulance တစ်စီး သီတဂူဆရာတော်ကြီး ဆီ က ရတော့ အဲဒီ ကား နဲ့ ကျွန်တော် တို့ Ambulance လုပ် ရင်း နဲ့ နိုင်ငံခြားပညာရှင် တွေ သင်တန်း လာ ပို့ချတယ် ။ ဆရာဖြစ် သင်တန်းတွေ သူတို့ သင်တန်းတွေ တက်ပြီးတော့ အခု 24 Hours Ambulance ဝန်ဆောင်မှု လည်း ကျွန်တော် တို့ လုပ်နေပြီ ။ နောက် မီးသတ် ၊ မီးသတ် ကိစ္စ လည်း မြန်မာနိုင်ငံ မီးသတ်အဖွဲ့ က နေပြီးတော့ ကျွန်တော် တို့ ကို အရန်မီးသတ်အဖွဲ့ အနေနဲ့ ဖွဲ့ ပေးလိုက်တယ် ။ အဲဒီတော့ ကျွန်တော်တို့ မီးသတ် ဆိုလည်း လုပ်ပေးရတယ် ။ Ambulance ဆိုလည်း 24 Hours လုပ်ပေး ရတယ် ။ နောက် ဒီလို လုပ်ရင်း နဲ့ လူနာ က တစ်ရက် ကို အယောက် ၂၀၀ ကျော်တယ် ၊ အခမဲ့ ကုပေးရတယ် ။ ဘာလို့ လူနာ အဲဒီလောက်များလဲ ဆိုတော့ အသိဉာဏ် နည်းပါးတာကို တွေ့တယ် ။ အဲဒါကြောင့် “ သုခအလင်းပညာရေး ကျောင်း ” ဆိုတာ ဖွင့်တယ် ။ ကျောင်း က တော့ အစတုန်း က နွေရာသီ ကလေးတွေ ယဉ်ကျေးလိမ္မာသင်တန်းတွေ ၊ ပန်းချီသင်တန်းတွေ က စ,တာ ပေါ့ ။ အခုကျတော့ ဆယ်တန်းကလေးတွေ ဘာသာစုံ သင်တန်းတွေ ။ ဆယ်တန်း ကလေးတွေ ဆိုရင် ကျွန်တော်တို့ ကျောင်း က ထွက်တာ ဂုဏ်ထူးတွေ ဘာ တွေ ရကုန်တယ် ။ ဆိုတော့ ဝမ်းသာရတယ် ။ ဒါကလည်း ပညာရှင်တွေ ရဲ့ စေတနာ နဲ့ သူတို့ ရဲ့ ပံ့ပိုးမှုကြောင့် ပေါ့ ။ ကျွန်တော် ဘွဲ့ ရတဲ့ ကောင် မဟုတ် ဘူး ။ ဘွဲ့ မရပေမဲ့ အသိဉာဏ် ဘယ်ဟာ ကောင်းတယ် ၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ ဝေဖန်ပိုင်းခြားနိုင်သွားတဲ့ အတွက် ၊ ဒါ ဘဘဦးသုခ နဲ့ တွေ့မှ ကျွန်တော် အဲဒီ စိတ်ဓာတ်တွေ ဝင်လာတာ ။ ဆိုတော့ ဒီဟာ အတွက် ဒီလို တိုးတက်မှုတွေ ။ နောက် ကွန်ပျူတာသင်တန်းတွေ ၊ စာရင်းကိုင် LCCI သင်တန်း တွေ ၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်းတွေ ၊ နောက်ပြီးတော့ အဲကွန်းဆားဗစ် သင်တန်း တို့ ၊ လျှပ်စစ်သင်တန်း တို့ ၊ နောက် အင်္ဂလိပ်စကားပြော ၊ ဂျပန် စကားပြော ၊ ကိုရီးယားစကားပြော သင်တန်း တွေ ၊ တရုတ်စကားပြော တွေ ဒါတွေပါ လုပ်ခဲ့တယ် ။ ဟိုတယ် ဝန်ဆောင်မှု ဆိုရင် ကျွန်တော် ဝမ်းသာတာ ဘာ ဝမ်းသာတာလဲ ဆိုရင် ဒီ ... တောင်ဒဂုံမြို့နယ် မှာ ကွမ်းယာ ရောင်းနေတဲ့ မိန်းကလေး နှစ်ယောက် ၊ ညီအစ်မ နှစ်ယောက် ။ ကွမ်းယာ ရောင်းရင်း နဲ့ ဦးကျော်သူ တို့ ဆီမှာ ဟိုတယ် ဝန်ဆောင်မှုသင်တန်း ရှိတယ် ၊ ငါတို့ သွားတက်ရ အောင် ဆိုပြီး အခမဲ့ သင်ပေးတယ် ဆိုပြီး သူတို့ လာ တက်တယ် ။ သင်တန်း ဆင်းပြီး မကြာဘူး နိုင်ငံခြား တိုင်းပြည် တစ်ခု က တကယ့် 5 Stars Hotel ကြီး မှာ သူတို့ အလုပ် ရသွားတယ် ။ သူတို့ ဘဝတွေ အိပ်မက်တောင် မက်လို့ မရတဲ့ ဘဝတွေ ၊ ဒါမျိုးတွေ ။ ကျွန်တော်တို့ ဆီ က ဟိုတယ်သင်တန်းဆင်း တွေ ဆိုရင် မြန်မာနိုင်ငံ က ဟိုတယ်ပိုင်ရှင်တွေ က အရမ်း လိုချင်ကြတယ် ။ ဒါ သူ တို့ သင်ပြတဲ့ ဆရာတွေ ကလည်း ကောင်းတယ် ။ အဲဒါကြောင့် ဒီ သင်တန်းတွေ ဆင်းတယ် ဆိုတာ အပြင် မှာ တက်တဲ့ သင်တန်းတွေ နဲ့ ကျွန်တော် တို့ နဲ့ မတူ တာ ကျွန်တော်တို့ က ပရဟိတ စိတ်ဓာတ် ၊ လူသားချင်း စာနာစိတ် ၊ ကိုယ်ချင်း စာတဲ့စိတ် ဒါတွေပါ ကျွန်တော်တို့ က သင်တန်း တက်ရင်း နဲ့ တစ်ခါတည်း ပို့ချတယ် ။ အဲဒါကြောင့် မတူဘူးပေါ့လေ ၊ ကျွန်တော် တို့ ဆီ က ထွက်တဲ့ ကလေးတွေ က ။


▢ ဒါရိုက်တာ အနေနဲ့ ရိုက်တာ က ခုနက ကားကြီးတွေ ရိုက်ခဲ့ တယ်ပေါ့နော် ။ နောက်တစ်ခါ တို့ ဆီမှာ က ဖလင်တွေ ရှားပြီးတော့ ဗီဒီယို ဆိုတဲ့ ဖျော်ဖြေရေးလုပ်ငန်း တစ်ခု ပေါ်လာတယ်ပေါ့ ။ အဲဒီမှာ လည်း မောင်မောင် ဗီဒီယို ရိုက်ခဲ့ဖူးသေးတယ် ။ ဥပမာ “ ချွန်း ” ပေါ့ ။ “ ချွန်း ” ဆိုတဲ့ ကား ရိုက်ခဲ့တယ် ။ နောက် AIDS နဲ့ ပတ်သက်တဲ့ ပညာပေးကား နှစ်ကား ရိုက်ခဲ့တယ် ။ အဲဒီ ဗီဒီယိုဒါရိုက်တာ လုပ်တာလေး ပြောပြပါဦး ။


❥ ဗီဒီယိုဒါရိုက်တာ လုပ်တာ ကျွန်တော် ရုပ်မြင်သံကြားဇာတ်လမ်း ။ ဆရာ ကိုအောင်မင်းသိမ်း ဇာတ်ညွှန်း ရေးတာ ။ သတင်းစာ ထဲ က ဆောင်းပါး တစ်ခု ကို ဆရာ ခင်လင်း လား ၊ အဖေ နဲ့ သား ၊ ကျွန်တော်တို့ ၁၁ နာရီ မထိုးခင် ... ။


▢ “ ၁၁ နာရီ မထိုးခင် ” က ကာဖြူး ထုတ်ထားတာ ၁၁ နာရီ မှာ ကာဖြူး စ,တယ်လေ ။ အဲဒီ ကာလ မှာ မောင်မောင် ရိုက်တာက “ ၁၁ နာရီ မထိုးခင် ” ဆိုတဲ့ ကားလေး ။ ဒေါ်မြင့်မြင့်ခင် ရယ် ၊ ဦးဇော်လွင် ရယ် ၊ မောင်မောင် ရယ် ။ ဒါကတော့ မြန်မာ့အသံ ဇာတ်လမ်း ဖြစ်သွားပြီ ။ ဒါပေမဲ့ အဲဒီ “ ၁၁နာရီ မထိုးခင် ” လွှင့်တဲ့ အချိန် လောက် မှာပဲ ကာဖြူး က ရုပ်သိမ်း လိုက်တယ်နော် ။ ဒါလည်း မှတ်မိတယ် ။ နောက်တစ်ခါ မြန်မာ့အသံ ဇာတ်လမ်း ပဲ ။ ဘဘဦးသုခ နဲ့ ရိုက်တာ ရှိတယ် ။ 


❥ အဖေ နဲ့ သား ပါ ။


▢ “ အဖေနဲ့သား ” နော် ။ ဦးဇော်လင်း ရယ် ၊ ဒေါ်ချိုပြုံး ရယ် ၊ မောင်မောင် ရယ် ၊ မေဝင်းမောင် ရယ် ။ အဲဒီ ကားကလည်း ပရိသတ် ကြား မှာ အခုထက်ထိ လည်း ရေပန်းစားတဲ့ ကားပဲ ။ အရမ်းလည်း ကြိုက်ခဲ့ကြ တဲ့ကားပေါ့နော် ။ နောက် ကိုယ်တိုင် ဒါရိုက်တာ လုပ်တာ က ... ။


❥ ကိုယ်တိုင် ဒါရိုက်တာ လုပ်တာက အဲဒီ ချွန်း ။ အစတုန်းက နာမည် က ဈာန် ဆိုပြီးတော့ ရေးတယ် ။ ဈာန် ဆိုတာ ပြင်ပေးပါ ဆိုတာ နဲ့ ချွန်း ဆိုတာ ဖြစ်သွားတာ ။ အဲဒါ ကိုထွန်းထွန်းနိုင် ရေးခဲ့တဲ့ ဇာတ် ။ ကိုထွန်းထွန်းနိုင် ရေးတာ How to Murder Your Wife ဆိုတာ အဲဒါကို လုပ်တာ ။ မိန်းမ ကို ဘယ်လို ပြန်သ,တ်မယ် ဆိုတာ သူ က Suspense ရော ၊ Horror ဆန်ဆန် ဟာသလေး နဲ့ အဲဒါလေး ။ အဲဒါလေး က လည်း ကျွန်တော် တို့ ရိုက်ချက်လေး တွေ တွေး လိုက်တော့ ကောင်းလို့ ရိုက် လိုက်တာ ။ မဆင့် ( မေသန်းနု ) နဲ့ ။ မဆင့် လည်း တော်တော် ပင်ပန်းတယ် ။ နည်းပေါင်းစုံ နဲ့ အသ,တ်ခံရတာ ။ 


▢ စိတ်ကူး လိုက်တာ ။


❥ ရေချိုးရင်း Bath Tub ထဲမှာ အသ,တ်ခံရတာ ၊ ဓားစက် နဲ့ အဖြတ် ခံရတာ ၊ တိုက်ပေါ်က တွန်းချ ခံရတာတွေ ၊ ဘိတ်ဆုံးကျတော့ ပင်လယ်ရေ ထဲ မှာ နှစ်ခံရတာ အဲဒါမျိုးတွေ ။ အဲဒီတော့ အဲဒါလေး လည်း ကျွန်တော် ကြိုက်ခဲ့ တယ် ။ ဒါရိုက်တာ အနေနဲ့ ဒီ့ပြင် ရိုက်ထားတာတွေ လည်း ရှိတယ် ၊ တချို့ ကျွန်တော် မေ့ကုန်ပြီ ။ Actor အနေနဲ့ ဗီဒီယို ကို ကျွန်တော် စခဲ့တာ ဥက္ကာ ။


▢ ဆရာမ မအေးလေး ။


❥ ဟုတ်တယ် ၊ ဆရာမအေးလေး ၊ အဲဒါ ဦးကြည်စိုးထွန်း ရိုက်တာ ။ အဲဒါလည်း မှတ်မှတ်ရရ ပဲ ။ ကျွန်တော်တို့ ကျိုက်ထီးရိုး မှာ အထမ်းသမား လုပ်ရတာ ။ အထမ်းသမား က တကယ့် အထမ်းပစ္စည်း အစစ်တွေ ကျွန်တော် မ,ရတယ် ။ လူ ဆိုလည်း လူ ကို ဝေါ နဲ့ ထမ်းရတာ အစစ်တွေ မ , ရတယ် ။ အဲဒီတော့ တော်တော် ပင်ပင်ပန်းပန်း နဲ့  ရိုက်ခဲ့ရတာ အဲဒီ ဇာတ်ကလေး ။ ဥက္ကာ က ပထမဆုံး မင်းသား ပေါ့ ဗီဒီယို မှာ ။ အဲဒီမှာ ဘဘဦးသုခ နဲ့ ရိုက် တဲ့ အချိန်မှာ အဖေ နဲ့ သား ရိုက်တော့ ကျွန်တော် ဘဘဆီ က ဘာ ပညာ တစ်ခု ရလဲ ဆိုရင် ဘဘ က အဲဒီ အချိန်မှာ မျက်စိ မကောင်းတော့ဘူး ။ သူ မျက်စိ မမြင်ဘူး ၊ သူ မော်နီတာကြီး ရှေ့မှာ သာ ဒီဟာကြီး ကို ကြည့်နေတာ သူ မမြင်ရ ဘူး ။ မမြင်ရဘဲ ကျွန်တော် ဇာတ်ဝင်ခန်း တစ်ခန်း သရုပ်ဆောင်တော့ မောင်ကျော်သူ တဲ့ ပြန် ရိုက်မယ် ... ပြန်ရိုက်မယ် တဲ့ ၊ မင်း အိုက်တင်လျော့တယ် ဆို တော့ ဟာ ... ဘယ်လို လုပ် သိတာလဲပေါ့ ။ ဘဘ က မျက်လုံး လည်း မမြင်ဘဲ နဲ့ အိုက်တင် လျော့တယ် ဆိုတော့ ။ ဘိတ်ဆုံး အဲဒီမှာ ဦးဖိုးထောင် ၊ ဆုံးသွားပြီ ကင်မရာမဲန်းကြီး ၊ သူ က ပြောတာ ။ ဟေ့ကောင် တဲ့ အဘိုးကြီး က နား နဲ့ အိုက်တင် ကို ဖမ်းတာတဲ့ ။ မင်း ရဲ့ အသံတုန်း အတက်အကျ ကို အိုက်တင် နဲ့ ဖမ်းတာတဲ့ ။ အဲဒီတော့ နား က အာရုံ က အိုက်တင် ကို ဖမ်းနိုင်တယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားတာ ။ အဲဒီတော့ ဒီ အသံတုန်း အတက်အကျ တွေ ဘာတွေ ကျွန်တော် သတိထား လာရတယ် ။ ကိုသုမောင်ကြီး လည်း ပြောတယ် ။ ဒါကလည်း ကြည့် တဲ့ အထဲမှာ အနုပညာ ဝါသနာ ပါတဲ့ သူတွေ ရော ၊ အနုပညာရှင် အငယ်တွေရော သိအောင် ကိုသုမောင်ကြီး က ဘာပြောလဲ ဆိုရင် ဟေ့ကောင် ... မင်း အသံတုန်း ( လေသံ ) က တစ်သားတည်း ဖြစ်နေ တယ် ။ လျှာပြားကြီး နဲ့ မင်း ပြောနေတာ ။ မင်း သတင်းစာ ဖတ် ရင် လည်း အသံထွက် ဖတ် ၊ ဝတ္ထု ဖတ်လည်း အသံထွက် ဖတ် ။ အဲဒီ အသံ အနိမ့်အတက် အကျ ကို ကိုယ် လုပ်နိုင်တယ် ဆိုတာ အဲဒါလေး ။ ဒါလေးတွေ ကျွန်တော် ပညာ ရတယ် ။


▢ အဲဒီတော့ ဗီဒီယို မှာ ခုနက ပြောခဲ့တဲ့ ဘဘဦးသုခ ရိုက်တဲ့ “ အဖေ နဲ့ သား ” နောက်ပိုင်း ဗီဒီယိုတွေ ဆက်လာတယ်နော် ။ “ ဥက္ကာ ” ကတော့ ကိုကြည်စိုးထွန်း ရိုက်တာ ။ ကိုမီးပွား ရိုက်တဲ့ ကားတွေလည်း ရှိခဲ့တယ် ။ တင့်တင့်ထွ န်းနဲ့ တွဲ ရိုက်တဲ့ ကားတစ်ကား ရှိခဲ့တယ်နော် ။


❥ ကိုမီးပွား ရိုက်တာ ထိုကြောင့် ဤအရာကို အချစ်ဟု ခေါ်သည် ။ ဆရာ ဝင်းမောင်ထွန်း ဇာတ် ။ ဇာတ် အရမ်း ကောင်းတယ် ။ အဲဒါ ရှိတယ် ။ နောက် ငှက်ခါး ၊ ငှက်ခါး ကတော့ ဟိုတုန်း က ဒါရိုက်တာ ဦးမင်းနိုင် ၊ ဦးညွန့်ဝင်း သုံး ကိုယ်ခွဲ ပြီး ရိုက်ထားတဲ့ဟာ ။ အဲဒါကို ဗီဒီယို ပြန်ရိုက်တယ် ။ အဲဒီကား လည်း တော်တော် ပင်ပန်းတယ် ။ ကလော ၊ အောင်ပန်း မှာ ရိုက်တာ ။ အဲဒါ တင့်တင့်ထွန်း နဲ့ ပေါ့လေ ။ ထို့ကြောင့် ဤအရာ ကို အချစ်ဟု ခေါ် သည် လည်း တင့်တင့်ထွန်း နဲ့ ။ မတင့် နဲ့ လည်း အလုပ် လုပ်ရတာ ကောင်း တယ် ။ ဘော်ဒါစိတ် အပြည့်အဝ ရှိတယ်ပေါ့လေ ။ ဘော်ဒါစိတ် ရှိတဲ့ အတွက် အိုက်တင်ပိုင်း ကလည်း မို့မို့ လို တစ်ယောက် နဲ့ တစ်ယောက် ညှိလို့ ရတယ် ။


▢ ကိုယ် တင်ခဲ့တဲ့ မင်းသမီး တစ်လက် လည်း ရှိခဲ့တယ်ပေါ့နော် ။ ခုနက ပြောတဲ့ “ ကောင်းချစ်တဲ့မမ ” အတွက် စုမြတ်နိုင် ။ နောက်ထပ် အဲလိုမျိုး မင်းသမီးသစ် တစ်လက် သို့တည်းမဟုတ် နှစ်လက် ပေါ့လေ တင်ချင်စိတ်များ မရှိတော့ဘူးလား ။


❥ မင်းသမီး တင်တာ တို့ ၊ မင်းသား တင်တာ တို့ က အင်မတန် တာဝန် ကြီးတယ် ။ ပြီးတော့ စိတ်ရော လူရော နှစ်ပြီး လုပ်ရတာ ။ အတိုင်းအတာ တစ်ခု ဖြစ်သွားပြီ ဆိုရင် ဖြစ်သွားတဲ့ နောက်ပိုင်းမှာ ကိုယ့် စကား နားထောင်ဖို့ ဆိုတာ သိပ်တော့ မလွယ်ဘူး ။ ဘာလို့ ဆို ... ဒါ ကျွန်တော် နဲ့ ယှဉ်ပြီးတော့ ကျွန်တော် သင်ခန်းစာ ရတာ ။ ကိုယ် က ဘယ်လောက်ပဲ ပျိုးထောင် ပျိုးထောင် ဖြစ်သွားပြီ ဆိုရင် ထိန်းဖို့ ခက်တယ် ။ ဘာကြောင့်လဲ ဆိုရင် ဦးမျိုးမြင့်အောင် ကျွန်တော့် ကို တင်ခဲ့တယ် ။ ဦးမျိုးမြင့်အောင် တင်ခဲ့ပြီးတော့ ဦးမျိုးမြင့်အောင် နဲ့ ပဲ ဒါ... ကျွန် တော် သရုပ်ဆောင် ဘက် က တွက်တာ ။ ဦးမျိုးမြင့်အောင် နဲ့ ပဲ ငါ တောက်လျှောက် လုပ်နေရတော့မှာလား ။ ကျွန်တော် ဖောက်ထွက် ချင်တယ် ။ ဒီ့ပြင် ဒါရိုက်တာ တွေ နဲ့ လည်း ရိုက်ချင်တယ် ၊ ဒီ့ပြင် ထုတ်လုပ်သူ တွေ နဲ့လည်း ရိုက် ချင်တယ် ။ ရိုက်ချင် တဲ့ အတွက် ကျွန်တော် ဒီ့ပြင်လက် တွေ ကို ကမ်းလှမ်း တယ် ။ ကမ်းလှမ်း တဲ့ အချိန်မှာ ဦးမျိုးမြင့်အောင် က ရိုက်ဖို့ စီစဉ် နေတယ် ၊ စီစဉ် နေပေမဲ့လည်း ကိုယ် က အဲဒီ ရက် က မအားဘူး ။ မအားတော့ ... ။ 


▢ ရန်အောင် ဖြစ် သွားတယ် ။


❥ မအားတော့ ရန်အောင် တို့ ဘာတို့ ဖြစ်လာတာပေါ့လေ ။ ထိုနည်းတူစွာ ဦးအောင်မြင့်မြတ် နဲ့ လည်း ဒီ အတိုင်းပါပဲ ။ အဲဒီမှာ ရဲအောင် ဖြစ်လာ တယ် ။ ဒါတွေက ရှိခဲ့တယ် ။ ရှိတော့ လူ တစ်ယောက် ကို ချုပ်ကိုင်ဖို့ ဆိုတာ မလွယ်ဘူး ။ ချုပ် လည်း မချုပ်ကိုင်သင့်ဘူး ။ ဒါပေမဲ့ ကျွန်တော် တို့ က တကယ် မွေးဖွားခဲ့တဲ့ လူတွေ ၊ ကိုယ် မွေးဖွားလာတဲ့ ၊ ကိုယ် က မွေးဖွား ပေးလိုက် တဲ့ အနုပညာသမား တစ်ယောက် ကို ကိုယ်က အကုန်လုံး မျက်စိ ဒေါက်ထောက် ကြည့်ပြီးတော့ သူ့ ကို လမ်းမှန် ရောက်အောင် လုပ်ချင်တဲ့ စေတနာ တွေ ၊ ဒါတွေက မွေးဖွားတဲ့ လူတွေ မှာတော့ ဒီ စိတ်တွေ က ရှိတယ် ။ အဲဒီ တော့ ကိုယ် က ဒီလ မ်းကြောင်း အတိုင်း ဒီ ကား ရိုက်လိုက် ၊ ဟို ကားရိုက်လိုက် ၊ ဟာ ... အဲဒီ ကားကြီး ဆို မရိုက် နဲ့ ဒီလို သွားလုပ်တယ် ဆိုရင် သူ့ ကို ပိတ်ပင်မှု ဆိုတဲ့ဟာ ကိုယ့် အပေါ် မြင်လာမယ် ။ အဲဒီလို ပင်တိုင်ကြီး မွေးဖွားဖို့ ဆိုတာ တော့ ကျွန်တော် စိတ် မကူးတော့ဘူး ။ ဥပမာ တစ်ယောက် က လာအပ် တယ် ။ ဇာတ် တစ်ပုဒ် သမန်းကျား ။ သမန်းကျား ဆိုရင် ကျွန်တော့် ကို လာအပ်တယ် ။ မင်းသမီး တစ်ယောက် သူ လုပ်ချင်တယ် ဆိုပြီး လာအပ်တယ် ။ အပ်တယ် ဆိုတော့ ကျွန်တော် လုပ်ပေးလိုက်တယ် ။ ဒီလို လာအပ်တယ် ဆို ရင်တော့ ကျွန်တော် ရိုက်ပေးမယ် ။ အကောင်းဆုံး ဖြစ်အောင် ရိုက်ပေးမယ် ။ ကိုယ် က သေချာ “ ကကြီး ”ကနေ “ အ ” အထိ ဒီလို ဂဃနဏ တော့ ကျွန်တော် အဲဒီ သံယောဇဉ် ကို ဖြတ်လိုက်ပြီ ။ သံယောဇဉ် လည်း ဖြတ်ထား မှ ကိုယ် လည်း ရေရှည် ဖြစ်မှာ ။ နို့မို့ဆိုရင် ကိုယ် က ကား တစ်ကား ရိုက်ဖို့ ဒီ စိတ်ကြီး သွင်းပြီးတော့ အဲဒါကြီး မဖြစ်ဘူး ဆိုရင် ကိုယ် ပဲ စိတ်ပင်ပန်းမယ် ။ 


▢ သံယောဇဉ် ဖြတ်တယ်လို့ ပြော ပေမဲ့လို့ “ ပုဂံမြို့သူ ” မှာ တွဲ ပြီးသရုပ်ဆောင် ရတဲ့ ဒေါင်း “ ၁၀၁၄ ” မှာ လည်း ပါတယ် ။ “ ဂမ္ဘီရ မျက်လုံး ” မှာ လည်း ပါလိမ့်မယ် ထင်တယ် ။


❥ အဲဒါက သံယောဇဉ် ဖြတ်တယ် ဆိုတာ ကျွန်တော် က လုပ်ငန်း သဘော အရ Personal သံယောဇဉ် ပြောတာ ။ ပုဂံမြို့သူ ရိုက်ရင်း နဲ့ ၁ဝ၁၄ ခေါင်း ထဲကို ဝင်လာတဲ့ ဟာ အဲဒါကို ဒေါင်း နဲ့ ကျွန်တော် ပြောဖူးတယ် ။ ငါတို့ အဲဒီမှာ သားအဖ ၊ အဲဒီလို ဇာတ် တစ်ခု ကောင်းလား ဆိုတော့ ဟာ ... ကောင်းတယ် တဲ့ ။ ကောင်းတယ် ဆိုတာနဲ့ အဲဒီ ၁ဝ၁၄ ဖြစ်သွားတယ် ။ နောက် ဒီ တစ်ကြိမ် ကျတော့ သူက အလုပ် လုပ်လို့ ကောင်းတယ် ။ အလုပ် လုပ် လို့ ကောင်းတဲ့ သူ ဆို ကျွန်တော် က ရေရှည် တွဲမှာ ။ ဒီကြားထဲ မှာ မင်း ငါ နဲ့ ချည်း ရိုက်ရမယ် ဆိုတာမျိုး မရှိဘူး ။ သူ့ ဘာ သူ ရိုက်နေတာမျိုး တွေ ရှိတယ် ။ 


▢ ဒါပေါ့ .. ဒါပေါ့ ။


❥ ဒါ သူ့ လမ်း သူ သွားတာပဲလေ ။ သူ့ လမ်း သူ သွားရင်းနဲ့ ကိုယ် က သင့်တော်တာ တွေ့ရင် လည်း ငါ့ ဘက် ခဏလေး ၊ ငါ့ အိမ် ခဏ ဝင်ခဲ့ ။ ဝင်ပြီး တော့ လည်း မင်းဟာ မင်း လမ်း ဆက်လျှောက် ဒါပဲပေါ့ ။ အဲဒီလိုပဲ ။ ကိုယ်တိုင် သာ ပြုစုပျိုးထောင် ပြီးတော့ အိမ် မှာ အနီးကပ် မင်း ဒါစား ၊ ဟိုဟာသွား ဘာညာ ဒီလိုတွေ လုပ်ဖို့တော့ မရှိဘူး ။ အရင်တုန်း က ရှုမ၀ဦးကျော် တို့ ၊ ဘဘဦးကျော် တို့ ဘာတို့ ဆိုတာ ဆွေဇင်ထိုက် တို့ ၊ လင်းထင် တို့ ၊ ဇော်ဝမ်း တို့ ကို သူ သင်တန်းကြီးနဲ့ တကယ့်ကို ဖိဖိစီးစီးကြီး လုပ်တာ ။ အဲဒီ ဟာမျိုးတော့ ကျွန်တော် မစဉ်းစားဘူး ။ ဘာဖြစ်လို့ လဲ ဆို ကိုယ်တွေ ပဲ ပင်ပန်းမယ် ။ အသက် တိုမှာ ။


▢ မောင်မောင် ဒီကြားထဲ မှာ ပန်းချီ ဆွဲတာ ဝါသနာ ပါတယ် ။ ဒါကတော့ ငယ်ငယ် ကတည်းက ဝါသနာ ပါတာ ။ နောက် တစ်ခါ စာ ရေး တာ လည်း ဝါသနာပါ လာတယ်နော် ။ “ ကျွန်တော်သာ သမ္မတကြီးဖြစ် ခဲ့ရင်... ” ဆိုတဲ့ စာအုပ်တောင် လုံးချင်း ထွက်ခဲ့ဖူးတယ် ။ ဒါတွေက အထဲ မှာ Collection ပေါ့နော် ။ အခြား နေရာတွေမှာ ရေးခဲ့တာတွေ ပေါင်း ပြီးတော့ ပြန်ထုတ်တာပေါ့ ။ အဲဒီတော့ စာ ရေးဖို့ အတွက် ဘယ်လို အခါမျိုး မှာ စိတ်ကူးပေါက်လဲ ။


❥ အမှန်မှာ တော့ အဓိက ပြောရရင် ၂ဝဝ၇ စက်တင်ဘာ သံဃာ့ အရေးအခင်း ပဲ ပြောရမှာ ။ စက်တင်ဘာ သံဃာ့အရေးအခင်း မှာ ကျွန်တော် ဘုန်းကြီးတွေ ကို ဆွမ်းကပ်တာ ။ လက်သီးလက်မောင်း တန်းဖို့ ကြွေးကြော် တာတွေ ဘာတွေ ဘာမှ မလုပ်ဘူး ။ ဆွမ်းလေး ကပ်တာ နဲ့ တင် ကျွန်တော်တို့ ၇ ရက် အဖမ်း ခံရတယ် ။ ကျွန်တော် ရော ၊ ကျွန်တော့် ဇနီး ရော ။ အဖမ်း ခံရပြီး ထွက်လာတဲ့ နေ့ကျတော့ အနုပညာလုပ်ငန်း တွေ ပိတ်လိုက်တယ် တဲ့ ။ ပန်းချီ လည်း မဆွဲရဘူး ။ အဲဒီတော့ ကျွန်တော် ပန်းချီဆွဲ နေပြီ ။ ပန်းချီ ဆွဲပြီး ကျွန်တော် စု ထားတဲ့ ပန်းချီတွေ One Man Show ပြချင်တယ် ။ လုပ်တော့ ခွင့်မပြုဘူး ။ ခွင့်မပြုတာ နဲ့ ပန်းချီကား တွေ အမေရိကား ကို သယ် ပြီးတော့ အမေရိကား မှာ အကုန် ရောင်း ပစ်လိုက်တယ် ။ ကိုယ့် ရဲ့ပန်းချီကားတွေ ရောင်း လိုက်တာတော့ နှမြောတယ် ။ ဆိုတော့ အဲဒီလို ခံစားချက်တွေ ၊ ကျွန်တော်တို့ ကို ဖိနှိပ်မှုတွေ ဖြစ်လာတယ် ။ ပိတ်ဆို့မှုတွေ နာရေးကူညီမှုအသင်း ဆိုလည်း ကျွန်တော်တို့ .. နာဂစ်ဆိုင်ကလုန်း ဆိုရင် ကယ်ဆယ်ရေး သွားလုပ်ခဲ့တယ် ၊ ပခုက္ကူ ရေဘေးကယ်ဆယ်ရေး လုပ်တယ် ဆိုရင် ကျော်သူ တို့ အဖွဲ့ လာပြီ ဆိုရင် လှေ မငှားရဘူး ဆိုတဲ့ အမိန့် ထုတ်ထားပြီး ပိတ်ဆို့မှုတွေ ဒါတွေ လုပ်လာ တယ် ။ ပြီးတော့ ဒီ အသင်း ကို ပြန်သိမ်းမယ် တို့ ဘာတို့ ဒါမျိုးတွေ လုပ်လာ တယ် ။ အဲဒီတော့ ဒါတွေ ကို ကျွန်တော် မခံနိုင်တော့ဘူး ။ မခံနိုင်တော့ ကျွန်တော့် မှာ ပြောဖို့ လူ လည်း မရှိဘူး ။ တိုင်ပင်ဖို့ လည်း မရှိဘူး ။ အဲဒီတော့ ကျွန်တော် ဒါကို ဖေ့စ်ဘွတ်ခ် တွေ ပေါ် လာတော့ ကျွန်တော် ကွန်ပျူတာ မှာ ဖေ့စ်ဘွတ်ခ် မှာ ရေးတယ် ။ သတင်းလေး တွေ ၊ ဆောင်းပါးလေး တွေ ရေး ၊ ကိုယ့် ရဲ့ခံစားချက်တွေ ရေး လာတယ် ။ ရေးလာ ပြီးတော့ အဲဒီ ဟာတွေ ကို တစ်ကြိမ်မှာ Publisher ကိုအောင်သူ က နေပြီးတော့ ပဉ္စဂံစာပေ က နေပြီးတော့ သူ စာအုပ်ထုတ်ချင်တယ် ။ ကျွန်တော် သာ သမ္မတကြီး ဖြစ်ခဲ့ရင် ... ဆို တဲ့ဟာ ။ အဲဒီဟာ ထုတ်ချင်တယ် ဆိုတော့ ထုတ်ရင် ထုတ် ဆိုပြီး ထုတ်လိုက် တော့ အဲဒီမှာ စာအုပ် က ပေါက်သွားတယ် ။ ပေါက်ပြီးတော့ နောက် “ ကာချုပ်ကြီးထံ ပေးစာ ” တို့ ဘာတို့ အဲဒါတွေ ဖြစ်လာတယ် ။ အမှန် မှာ ကတော့ ကျွန်တော် သာ သမ္မတကြီး ဖြစ်ခဲ့ရင် ... စာအုပ် ကလည်း ဒေါက်တာ တင်ထွန်းဦး တို့ စာပေဆုပေးပွဲ ၊ အဲဒီမှာ ကျွန်တော် ဆု ရတယ် ။ ဆု ရတော့ အရင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကော ၊ ဗိုလ်ချုပ်ခင်ညွန့် ရော လာတယ် ။ လူကြီး တွေ ရော ၊ ကျွန်တော် တို့ ဆု ရသူတွေရောပေါ့ ။ ကျွန်တော် ဆုရတော့ ဆုရသူတွေ က စကား ပြောပေးပါတဲ့ ၊ ပြောပေးပါဆိုတော့ ကျွန်တော် လည်း ပြောတာပဲ ။ ကျွန်တော် စာရေးတစ်ယောက် လည်း မဟုတ်ဘူး ။ စာ လည်း ရေးတတ်တာ မဟုတ်ဘူး ။ ကျောင်းစာ တောင် ဖြောင့်အောင် ရေးတာ မဟုတ် ဘူး ။ ဒါပေမဲ့ ဒီလို ဆု ရတဲ့အ ထိ ရခဲ့တာက ပထမဆုံး ကျေးဇူး တင်တာက စစ်အစိုးရ ကို ကျေးဇူးတင်ပါတယ် လို့ ။ စစ်အစိုးရ ရဲ့ ဖိနှိပ်မှုကြောင့် ကျွန်တော် ဒီ စကားလုံးတွေ ထွက်လာတာ ။ ကျွန်တော် သွားပြီး အော်နေလို့ လည်း မရ ဘူး ။ စာ ထဲ မှာ ပဲ ထွက် လာတာ ။ အဲဒါကြောင့် စစ်အစိုးရ ကို ကျေးဇူးတင်ပါ တယ် ။ ဒါပဲ ကျွန်တော် ပြော လိုက်တယ် ။ အဲဒီတော့ အမှန်မှာ ကျွန်တော် စာရေးဆရာ လည်း မဟုတ်ဘူး ။ အခု စာပေဟောပြောပွဲ တွေ သွားတယ် ။ စာပေဟောပြောပွဲ တွေ မှာ ကျွန်တော့်ကို  ဆရာ တို့ ၊ ဒေါက်တာ ဦးကျော်သူ တို့ ၊ ဒေါက်တာ လည်း မဟုတ်ဘူး ။ ဒေါက်တာ ဆိုတာ ကလည်း ဧမာနွေလ က ဒေါက်တာဘွဲ့ ပေးထားတာ ။ အမှန်မှာ လည်း ဒီ ဒေါက်တာဘွဲ့ က ဘာမှ မဟုတ်ဘူး ။ ကျွန်တော် က လူ ထဲ က လူ ပဲ ။ ကျွန်တော် ပြော တာလည်း စာရေး ဆရာကြီး လို ပြောတာ မဟုတ်ဘူး ။ ကျွန်တော့် နာရေးကိစ္စ တွေ ၊ ပရဟိတကိစ္စ တွေ ဒါတွေပဲ ကျွန်တော် ပြောတာပါ ။ ကျွန်တော့် ကိုယ်တွေ့ တွေ ပြန် ဖြန့်ဝေ ပေးတာ ။ ဒီဟာပါပဲ ။


▢ ဖိလစ်ပိုင် က ပေးတဲ့ ဘွဲ့ က ဘာ အတွက် ပေးတာလဲ ။


❥ ဖိလစ်ပိုင် က သူတို့ အခေါ် ကတော့ အာရှနိုဗယ် ဆု လို့ ပြောတယ် ။ ရီမွန်မက်ဆိုင်းဆိုင်း ဆု ။ အဲဒီ ဆု ကို ကျွန်တော့် ကို ပေးမယ် ဆိုတော့ ကျွန်တော် သွားတယ် ။ သွားတဲ့ အခါ ကျွန်တော် ကို အင်တာဗျူး လုပ်တာ ၊ လေဆိပ် ရောက်တာ နဲ့ ဗျူးတာ ပဲ ။ ကျွန်တော် က ကျွန်တော့် ကိစ္စလေးတွေ ၊ ဘဘ ဦးသုခ နဲ့ တွေ့ပြီး ဒီလိုမျိုး လုပ်ခဲ့တယ် ဆိုတော့ မဟုတ်ဘူး ၊ သူတို့ ဒါတွေ အကုန် သိပြီးသား ။ အကုန်လုံး သူတို့ က လေ့လာပြီးသား ။ သူတို့ သိချင်တဲ့ အချက်ကလေး တွေ ပဲ သူတို့ မေးတာ ။ သူတို့ ဆု ပေးတာ ကျွန်တော် တို့ မြန်မာနိုင်ငံ လို ဘွဲ့တွေ ဘာတွေ ရအောင် လျှောက်လွှာ တင်ရတာမျိုး မဟုတ်ဘူး ။ သူတို့ က အကုန်လုံး ကမ္ဘာ က နေပြီးတော့ စောင့်ကြည့် နေတယ် ။ ဘယ်သူက ဘာတွေ လုပ်လဲ ။ ဒါ လိမ်လုပ်နေတာလား ၊ အင် လုပ်နေတာလား ၊ ဟန်ပြ လုပ် နေတာလား ၊ တကယ် လုပ်တာလား ဒါကို သူတို့ က စောင့်ကြည့် နေပြီး တာ့မှ မဲဆန္ဒတွေ နဲ့ သူတို့ ပေးတာကိုး ။ အဲဒီဆု တော့ ရခဲ့တာပေါ့ ။ ကျန်တဲ့ ဆုတွေ က တော့ အများကြီးပေါ့လေ ။


▢ မကြာခင် မှာ မြန်မာ့ရုပ်ရှင် က နှစ် ၁ဝဝ ပြည့်တော့မယ် ပေါ့နော် ။ သရုပ်ဆောင် ၊ ဒါရိုက်တာ အကယ်ဒမီ ဆု လည်း ရထားသူ တစ်ယောက် အနေနဲ့ ဘယ်လိုများ ဆုတောင်း ပေးချင်လဲ ။


❥ နှစ် ၁၀၀ ပွဲ ကတော့ သူတို့ ဘယ်လို လုပ်မလဲတော့ မသိဘူးပေါ့ လေ ။ ရုပ်ရှင်အစည်းအရုံး က ပဲ ဦးဆောင်ပြီး လုပ်ရမှာပဲ ။ သူတို့ ဘာ သူတို့ ဘယ်လိုပဲ လုပ်လုပ် ၊ မလုပ်လုပ် နှစ် ၁၀၀ ပြည့်တဲ့ နေ့ ကို ကျွန်တော် က တော့ ရုပ်ရှင်လောက မှာ ပထမဆုံး လုပ်ခဲ့တဲ့ ကျွန်တော် တို့ ရဲ့ ဘိုးဘိုး ၊ အဘိုး အရွယ် လန်ဒန်အတ်ဦးအုန်းမောင် တို့ ၊ မင်းသားကြီး ဦးညီပု တို့ ၊ ပြီးတော့ မင်းသား ချစ်ဆွေ တို့ တကယ့်ကို သူတို့ ကားတွေ ကြည့် ပြီးတော့ နမူနာ တွေ ၊ Idea တွေ ရလာတဲ့ ရုပ်ရှင်ပညာရှင် တွေ ကို ကျွန်တော် ဆုတောင်း မေတ္တာ ပို့မယ် ။ ဒါပဲရှိတယ် ။ ဘာလို လုပ်လုပ် ၊ ဘာပွဲကြီး ဘာပဲ လုပ်လုပ် သူတို့ ရဲ့ စကားတွေ ၊ သူတို့ ရဲ့ Lecture တွေ ကိုယ် က မကျင့်သုံး ရင် အလကားပဲ ။ အာဇာနည်နေ့ လို ပေါ့ ၊ အာဇာနည်နေ့ ဆိုရင် ပန်းခွေ တွေ သွားချမယ် ။ ဗိုလ်ချုပ်မွေးနေ့ ဆိုရင် ဘာလုပ်မယ် ။ လုပ် သာ လုပ် နေတယ် ဗိုလ်ချုပ် ပြောခဲ့တဲ့ စကားတွေ ဘယ်သူ လိုက်နာလဲ ။ အဲဒါ အရေးကြီးတာပဲ ။ သူတို့ စကားတွေ ကိုယ် လိုက်နာသင့် တယ် ။ သူတို့ ကို မေတ္တာ ပို့မယ် ၊ အမျှ ဝေမယ် ။ အဲဒါပါပဲ ။ 


▢ အိုကေ ၊ ကျေးဇူးပါ မောင်မောင် ။


◾ ဝင်းငြိမ်း 


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.


 

No comments:

Post a Comment