Friday, August 16, 2024

နှလုံးသား မိုးကောင်းကင်


 

❝ နှလုံးသား မိုးကောင်းကင် ❞
━━━━━━━━━━━━━━━
  ခင်မမလင်း ( ကလော )
━━━━━━━━━━━━━━━

သဲသဲမဲမဲ ရွာ နေသော မိုး က တစ်နေ့လုံး စဲဖို့ မမြင် ။ ကောင်းကင် တစ်ပြင်လုံး မိုးသားမည်းမည်းတွေ က နေရာ အနှံ့ ...

ကားမှန် ကို ထိမှန်သော မိုးစက်တွေ က သိပ်သည်း ကြမ်းတမ်းလွန်းလှ၏ ။ ခရီးသည် အချို့ ငိုက်သူ ကငိုက် ၊ စကား ပြောသူ က ပြော ၊ သီချင်း နားထောင်သူတွေ ကလည်း ငြိမ်သက် တိတ်ဆိတ်စွာ ...

‘ မြလေး ’ သည် သီချင်း လည်း နား မထောင်ချင် ၊ စကား ပြောဖေါ် လည်း မရှိ ၊ ဟို အဝေးဆီ သို့သာ မျှော်ကြည့်ရင်း လွမ်းစိတ် ကို ဖြေသိမ့် နေမိသည် ။

ခွဲခွာခဲ့ရသည် မှာ တကယ့် ကို လွမ်းစရာပါ ။

ငယ်စဉ် ကတည်း က ရွာမှာ ရေကြီး လျှင် လှေစီး ၍ ကျောင်းတက် ကြရသည် ။ သည် အခါမျိုး တွင် အိမ်ရှေ့ သို့ မပျက်မကွက် လာရောက် ကြိုဆိုတတ်သည့် ချစ်သူ ...

ဘယ်ရာသီ မှာ ဘာပန်းတွေ ပွင့်သလဲ ဟု မေးစရာ မလိုအောင် မြလေး ထံ ရောက်လာတတ်သည့် ပန်းအလှများ ရဲ့ အရှင်သခင် ...

“ မြလေး , ဘယ်နေရာပဲ ရောက်ရောက် ၊ ဘယ်လောက်ပဲ ကြာကြာ ၊ ဒီနေရာလေး ကို ရောက်တိုင်း ၊ တစ်နေ့ နေ့ မှာ တို့ နှစ်ယောက် ပြန် ဆုံရမယ့် နေရာ လို့ သတ်မှတ် ထားပြီး နေ့တိုင်း ရောက်အောင် လာမှာပဲ ”

သူ့ အသံ ကို ကြားယောင် ရင်း ပြုံးနိုင်ရယ်နိုင်ခဲ့သည့် သူ့ မျက်နှာ ကို ဖြတ်ကနဲ မြင်ယောင်မိ၏ ။

ကံတရား က တို့ နှစ်ယောက် ကို ဘာကြောင့်များ ခွဲခြား ထားချင်တာလဲဟယ် ။

ကမ္ဘာလောကကြီး မှာ ဖခင် မဲ့တာ အပြစ်တဲ့လား ..
ဥစ္စာဓန မပြည့်စုံတာ အပြစ်တဲ့လား...

အဖေ က ဘာပဲ ပြောပြော ‘ အောင်သာမိုး ’ ကိုတော့ ‘ မြလေး ’ ယုံကြည်သည် ။

“ ဒီကောင်လား … ငါ့ သမီး ကို တင့်တင့်တယ်တယ် ထားနိုင်မှာ ၊ ဒီ တောတောင် ထဲ မှာပဲ ဘဝ ချုပ်ငြိမ်းမယ့် အကောင် ၊ ဖေဖေ သမီး နဲ့ သဘော မတူဘူးနော် ၊ ဒီတော့ မနက်ဖြန် အထုပ်အပိုးတွေ သာ ပြင်ထားတော့ ၊ သမီး ကို အရီးလေး ဆီပို့ တော့မယ် ”

သက်ဦးဆံပိုင် ဘုရင်တစ်ပါး ၏ ရာဇအာဏာ လို စူးရှပြင်းထန်သည့် ဖေဖေ့ အမိန့် ကို “ ဟင့်အင်း ” ဟု ငြင်းဆန်ဖို့ အခွင့်အလမ်း မြလေး တွင် မရှိ ။

သည်တော့ မြလေး သည်  မနက်ဖြန် မရောက်မီ ချစ်သူနှင့် တွေ့ဆုံဖို့ ချက်ချင်း စီစဉ်ရတော့သည် ။ စက်ဘီး ကိုယ်စီနင်း ရင်း ထုံးစံအတိုင်း ရွာအစွန် မှ သရက်ပင်အိုကြီး ဆီသို့ ရောက်ဖြစ်ခဲ့ကြသည် ။

ငယ်ရွယ်စဉ် က စ၍ ဆယ်တန်း အောင် ကြသည် ထိ  သည် သရက်ပင်အိုကြီး သည် မြလေး နှင့် အောင်သာမိုး တို့ ၏ ဆုံမှတ် ။

ယခုလည်း အချိန် အတော်ကြာ ထိုင် ဖြစ်ကြပေမယ့် နှစ်ဦးသား စကား မပြောဖြစ်ကြ ။

စိတ်ပျက် အားငယ်စွာ ဖြင့် ထိုင်နေကြပေမယ့် မြလေး ၏ ဖေဖေ ကို ဘယ်သူမှ အပြစ် မတင်ဖြစ်ကြ ။ မြို့ ကို မသွားပါနဲလား မြလေး ရယ် ဟု အောင်သာမိုး မတားဝံ့ သလို မြလေး ကိုယ်တိုင် ကလည်း မသွားချင်ဘူး ဟု မငြင်းဆန်ဝံ့ ။ ဤမျှလောက် ပင် အဖေ့ ကို ချစ်ကြောက်ကြရသည် ။

ဟိုးအဝေး ဆီ က စေတီလေး ဆီ သို့ ငေးရီ ကြည့်နေသော မြလေး ၏ မျက်ဝန်း ထဲ မှာ မျက်ရည်တွေ အိမ်ဖွဲ့ နေ သလို အောင်သာမိုး ၏ ရင် ထဲ မှ ခံစားချက်တွေ ကို လည်း ညှို့မှိုင်း နေသည့် မျက်ဝန်းဖျား မှ တစ်ဆင့် မြင် နေရသည် ။

တစ်ယောက် ရင်ခွင် ၌ တစ်ယောက် ခိုဝင် ငိုရှိုက်ချင် ပေမယ့် သံယောဇဉ် ၏ စေ့ဆော်မှုကြောင့် အကယ်၍များ မခွဲနိုင် မခွာရက် ဖြစ်ပြီး မြလေး ကို ခေါ်သွား ဖြစ်ခဲ့လျှင် တင့်တင့်တယ်တယ် ထား နိုင်သည့် အင်အားမျိုး အောင်သာမိုး  တွင် မရှိ ။

မြလေး ဘက် ကလည်း ရူးမိုက်သည်ပဲ ဆိုချင် ဆို ၊ ခုနေများ အောင်သာမိုး က “ မြလေး ရယ် ... တို့တစ်တွေ တစ်နေရာရာ ကို ထွက်ပြေးကြရအောင် ” ဟု ခေါ်ခဲ့လျှင် ငြင်းဖြစ်မည် မထင် ။

အောင်သာမိုး ကား ရွာ အစွန် က ယာတဲ မှာ မုဆိုးမ မိခင်အိုကြီး နှင့် အတူ နေရရှာသူ ။ ဆယ်တန်း အောင်မြင်ပြီး သော်လည်း ယာထဲ လယ်ထဲ မှာပဲ ဘဝ ကို ရင်းနှီး မြုပ်နှံထားသူ ...

“ မြလေး , ပြန်ကြရ အောင်လား .. နေ မဝင်ခင် ရွာ ထဲ ရောက်မှ ဖြစ်မယ် ၊ တော်ကြာ မြလေး ဖေဖေ သိသွားရင်...  ”

ခွဲခွာရကာနီး တစ်ယောက် နှင့် တစ်ယောက် အတွေးရိပ် တွင် အိပ်မော ကျ နေခိုက် အောင်သာမိုး ၏ စကား တစ်ခွန်းကြောင့် မြလေး သည် အောင်သာမိုး ကမ်း လာသည့် လက် ကို အားယူ ဆုပ်ကိုင်ရင်း ထိုင်ရာ မှ ထလိုက်သည် ။ ထို့နောက် နှစ်ဦးသား တိတ်ဆိတ်စွာ ဖြင့် ပင် စက်ဘီး ကိုယ်စီ နင်းရင်း ရွာ သို့ ပြန်လာခဲ့ကြသည် ။

မနေ့က ချစ်သူ နှင့် နှစ်ကိုယ်ချင်း တွေ့ဆုံခဲ့ကြပါလျက် နှင့် စကား ပင် မပြောနိုင်ကြဘဲ အတွေး ဝင်္ကဘာ ထဲ ၌ ဝဲလည်ခဲ့ပုံ ကို ပြန်လည် မြင်ယောင် နေမိ သည် ။

ပြည် - အောင်လံ ကားလမ်းမကြီး ပေါ်တွင် ၊ ဘတ်စ်ကားတွေ တစ်စီး ပြီး တစ်စီး မောင်းနှင် သွားလာ နေကြသည် ။ မိုး ကတော့ သဲသဲမဲမဲ ရွာသွန်း နေဆဲ ။ ခွဲခွာ သွားသူထက် ကျန်ရစ်ခဲ့သူ က ပိုမို၍ လွမ်းတ နေရသည့် အဖြစ် ... အောင်သာမိုး သည် အချိန်ရတိုင်း နေရာဟောင်းလေး ဆီသို့ ချောင်းပေါက် မတတ် အပြေး ရောက်ခဲ့ မိ၏ ။

••••• ••••• •••••

နေ့အချိန် ယာထဲ လယ်ထဲ ဆင်းသည့် အခါ သတိရ သလို ၊ ညဘက် တွေ မှာ လည်း အိပ်မက် ထဲ မှာ , အတွေး ထဲ မှာ , မြလေး ရှိနေတတ်သည် ။ များစွာသော မနက်ဖြန် တွေ ကုန်ဆုံး သွားကြပါစေ ၊ ပြက္ခဒိန် ရာသီတွေ ပြောင်းလဲ သွားကြပါစေ ၊ နှစ်တွေ ကြာညောင်း သွားကြပါစေ ၊ အောင်သာမိုး ၏ ရင်ထဲ မှာတော့ ‘ မြလေး ’ သည် သစ်လွင် ရှင်သန်ဆဲ ...  ။

ရွာထဲ ၌ သာရေး နာရေး ၊ ကိစ္စ မှန်သမျှ အောင်သာမိုး နှင့် မကင်းနိုင် သလို မြလေး ၏ အဖေ ဦးဘကောင်း ၏ မနှစ်သက် မလိုလားသော အကြည့်တွေ နှင့် လည်း ရင်ဆိုင် နေရစမြဲ ။

သမီးရှင် ဆိုတာ ကလည်း တော်ရုံ လူ ကို ကြည်ဖြူ နှစ်သက်နိုင်မည် မဟုတ် မှန်း နားလည် ပေးနိုင်ပါ လျက် ... ရင် ထဲ မှာ နာကျင်ကြေကွဲရတာ ‘ မြလေး ’ သိစေချင်ပါဘိ ။

••••• ••••• •••••

မြို့ပြ ၏ အရိပ်အငွေ့တွေ က မြလေး တို့ တောရွာ နှင့် ဘယ်လိုမျှ ဆက်စပ်၍ မရ ။ နေ့စဉ် ပြေးလွှား ရုန်းကန်လှုပ်ရှား နေရမှုများ သည် မြလေး နှင့် အံဝင်ခွင်ကျ မဖြစ်သေး ။ အစ်မဝမ်းကွဲ တော်သူ တွေ က “ ဒီ ပုံစံ နဲ့ မဖြစ်သေးဘူး မြလေး ရေ ” ဟု ပြောရင်း ဆွဲတင်, တွန်းတက်, တွန်းချ, ဘတ်စ်ကား စီးရသော ဒုက္ခ ကို အတော် ကြာအောင် အသားတကျ ဖြစ်ဖို့ ကြိုးစားရ၏ ။

မိုးတွေ သည်းသည်းမဲမဲ ရွာသည့် အခါမျိုး တွင် ရွာ မှာ လှေ စီးပြီး ‘ ပြလို့ ’ ကျောင်း တက်ခဲ့ရတာ သတိရ တတ် သလို ပြည် - အောင်လံ လိုင်းကားတွေ ကို တား စီးပြီး ကျောင်း တက်ရတာတွေ ကို လည်း သတိရမိသည် ။

ရက်လ ရာသီတွေ ဘယ်လိုပင် ပြောင်းရွှေ့ စေဦး မြလေး သည် အဝေး မှာ အထီးကျန် ကျန်ရစ်ခဲ့သည့် အောင်သာမိုး ကို သတိရ လွမ်းတ , နေမိသည် ။

အဖေ့ ဆန္ဒ အတိုင်း နေ့ဘက် ကျောင်းတက် ၊ ညဘက် မှာ မမကြီး နှင့် အခွေဆိုင် ထိုင်ရင်း အလွမ်းတွေ ကို ဖြေသိမ့် နေရသည် ။ ရံဖန်ရံခါ အောင်သာမိုး ကို လွမ်းစိတ် ဖြင့် တမ်းတ ကာ ဒိုင်ယာရီ ရေး ဖြစ်သည် ။

အကယ်၍များ ငှက်ကလေးတွေ လို တောင်ပံ ခတ်၍ ပျံသန်းလို့ ရမယ် ဆိုလျှင် ...

••••• ••••• •••••

တံစက်မြိတ် မှ တစ်စက်ချင်း ကျဆင်း နေသည့် မိုးရေစက်တွေ ကို ငေးရင်း သမီးလေး ‘ မြလေးနွယ် ’ ကို လွမ်းမိသည် ။

တစ်ဦးတည်းသော သမီးမို့ ၊ ရွှေပေါ်မြတင် ထားလျက် အရာရာ ကို လိုတိုင်း ရစေခဲ့ပေမယ့် အောင်သာမိုး နှင့် မေတ္တာ မျှနေသည် ဟူသော အသံ ကို ကြား ကတည်း က ရင်ထဲ တွင် မီးမြိုက် ခံရသလို ပူလောင်ကာ နေမရ , ထိုင်မရ ဖြစ်နေသည် ။

“ ကိုဘကောင်း , ရှင့် စိတ်တွေ ငြိမ်အောင် ထား စမ်းပါ ၊ သမီး မိန်းကလေး ကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ပါနဲ့ ”

ဟူသော ဇနီးသည် ၏ သတိပေး စကား ကြောင့် ဒေါသကုန် ပေါက်ကွဲမှုမျိုး မဖြစ်ပေမယ့် သမီး ကို ရွာ မှာ ဆက် မထားတော့ဘူး ဆိုသည့် ဆုံးဖြတ်ချက် ကို ချခဲ့ရ သည် ။

မိဘစကား ကို အမြဲ ခေါင်းညိတ် နာခံ တတ်သော သမီးလေး သည် မိမိ ၏ ဆုံးဖြတ်ချက် ကို သဘော မကျပေမယ့် ခေါင်းငုံ့ နာခံ သွားခဲ့သည် ။

ဇွတ်တရွတ်ပဲ လုပ်မလား ၊ ဂျစ်ကန်ကန်ပဲ ဆက်ဆံမလား ဟု သံသယ ဝင်ရသော အောင်သာမိုး ဘက် ကလည်း မကျေနပ်ဟန် မပြ ။ သူ့ ကို မြင် လျှင်တော့ ညှိုးငယ် မျက်နှာ ဖြင့် ခေါင်းငုံ့ ၍ ရှောင်ထွက် သွားတတ်သည် ။

တကယ်တော့ အောင်သာမိုး သည် ဖခင် မရှိတော့ပေမယ့် ဟော့ရမ်း သောက်စား ဆိုးသွမ်းသူ မဟုတ် ။ ဒီ ကောင်လေး က ကြိုးစားမှု တော့ ရှိသည် ။ ဆယ်တန်း အောင် ပြီးသည် နှင့် သူ့ လယ် ကို သူ ကိုယ်တိုင် ဦးစီး လုပ်ကိုင်သည် ။ သားအမိ နှစ်ယောက် နေထိုင်သည့် ခြံ ထဲ မှာလည်း စိုက်ထား လိုက်သည့် ပန်းတွေ ၊ အရောင်စုံ အမျိုးစုံ ၊ ခု ဆိုလျှင်အလုပ်သမား တစ်ယောက် ငှါးရမ်း၍ စိုက်ရသည် ထိ အရောင်း ရ တွင် ကျယ် နေသည် တဲ့ ။

သူ့ ခြံ က ထွက်သည့် ဂန္ဓာမာပန်းဖြူ ၊ အဝါအပွင့်ကြီးမျိုးတွေ က ၊ ဈေးကွက်ဝင် , ရောင်းပန်း လှသည်တဲ့ လေ ။

အိမ် မှာ သူ မရှိသည် အခါများတွင် သူ ကိုယ်တိုင် ဘုရားပန်း တွေ လာရောက် ပေးတတ် သဖြင့် မိန်းမ ကို သတိပေး ထားရသည် ။ သမီး နှင့် သံယောဇဉ် ငြိတွယ် ဖူးခဲ့သော သည် ကောင်လေး ကို အိမ် သို့ အဝင်အထွက် မလုပ်စေချင် ။ အချိန်တွေ ကြာလာသည် နှင့် အမျှ မြလေး ရော , အောင်သာမိုး ပါ , သံယောဇဉ်တွေ လျော့နည်း သွားကြလိမ့်မည် ဟု ဦးဘကောင်း မျှော်လင့် နေမိသည် ။

တစ်ခါတစ်ရံ တော့ လည်း ဦးဘကောင်း သည် သူ ၏ လုပ်ရပ်များ ကြောင့် စားမဝင် အိမ်မပျော် နိုင်အောင် ဖြစ်မိခဲ့၏ ။

သည် ကြားထဲ အောင်သာမိုး ဆိုတဲ့ ကောင်လေး က လည်း အသွား အလာမပျက် ။ သူ့ ဘဝ တက်လမ်း မှန်သမျှ ကို ရှာဖွေရယူ တတ်၏ ။ မိဘမောင်နှမ စုံလင်သော မိသားစု ထက်ပင် သူ တို့ ၏ အိမ်လေး မှာ တိုးတက် ပြည့်စုံနေသည် ဟု သိ နေလျက် ဦးဘကောင်း တစ်ယောက် စိတ် မပြေနိုင်သေးပါ ။

အဖေ နေမကောင်းသည့် သတင်း ကို ကြားလျှင် ကြားချင်း မြလေး  ရွာ သို့ အမြန်ဆုံး ပြန်လာခဲ့သည် ။

အိမ်ရှေ့သို့ ရောက်သည် နှင့် အငြင်သာဆုံး ခြေလှမ်းများဖြင့် ခြေ ကို ဖွနင်း လျက် ၊ လှေကားထစ် တွေကို အားအင် အပြည့် ဖြင့် နင်းတက်လာခဲ့၏ ။ ဖေဖေ့ ကို ခေါင်းရင်းခန်း ၊ ပက်လက်ကု,လားထိုင် တစ်လုံး တွင် ထိုင်လျက် တွေ့လိုက်ရသည် ။

“ အဖေ ကလဲ လေ မြလေး ဖြင့် သတင်း ကြားကြားချင်း လန့် သွားတာပဲ ၊ ည က လည်း တစ်ညလုံး အိပ် မပျော်ဘူး ၊ စိုးရိမ်လိုက်ရတာ ၊ ဘုရားရှစ်ခိုးတာ တောင် မဖြောင့်ဘူး ”

မြလေး က ခရီး ရောက် မဆိုက် ပြောလိုက်သည် ။

“ အဖေ တို့ က မြလေး ကို လွမ်းနေလို့ပါကွယ် ညည်း , အမေ လေ, သမီး ကို မမှာပါနဲ့ ဆိုတာလဲ မရဘူး ၊ ခြံ ထဲ မှာ ပဲသီး သွား ခူးတယ် ၊ သမီးလေး လာရင် ကြော် ကျွေးဖို့တဲ့ ”

မြလေး လှေကား မှ ပြေး ဆင်းရင်း ၊ ခြံထောင့် မှ ပဲခြံကြီး ဆီသို့ လျှောက်ခဲ့ သည် ။ ‘ အမေ ’ ဟု အားပါးတရ ခေါ်ရင်း ၊ အမေ့ ရင်ခွင် သို့ တိုးဝင် ငိုရှိုက်မိသည် ။

“ အမေ စိတ် မကောင်းအောင် မငိုပါနဲ့ သမီး ရယ် ၊ တော်ပါသေးရဲ့ သမီး မလာဖြစ်ရင် ၊ အမေ လိုက်လာမှာ ၊ ကဲ , တိတ်ပါ သမီးရယ် ၊ သမီး ကြိုက်တဲ့ မှို ၊ ငရုတ်သီးချက်ရယ် ၊ ပဲသီး လတ်လတ်ဆတ်ဆတ်ကြော်ရယ် ၊ ငါး နဲ့ ချဉ်ပေါင်ဟင်းချို ချက် ထားတယ် ၊ ခဏ နားပြီး ရေချိုး နော် ...  ”

အမေ့ ကို ဖက်တွယ်ရင်း အိမ်ပေါ် သို့ တက် လာခဲ့သည် ။

“ တစ်ဦးတည်းသော သမီးလေး ပေမယ့် ၊ တိုးတက် ကောင်းစား စေချင်လို့ ခွဲထားရတာပါ သမီးရယ် ” ဟု ခွဲခွာနီး ပြောခဲ့ဖူးသော အမေ့ စကား ကို ပြန်လည် ကြား ယောင်မိ၏ ။

ထမင်း စား ပြီးနောက် အမေ က ရွာကလေး ၏ ထူးကဲသော ပြောင်းလဲမှုတွေ ကို ပြောပြသည် ။

“ ရွာ တောင်ဘက် မှာ တံတားသေးသေးလေး ကို ပြင်ဆောက် လိုက်ပြီ သမီး ရဲ့ ၊ ပြီးတော့ အမေတို့ ရွာ မှာ ထော်လာဂျီ တွေ , ဆိုင်ကယ် တွေ , ရောက် ကုန်ပြီ ၊ ခုဆိုရင် သီးနှံတွေ အထွက် ကောင်းသလို ဈေးကောင်း လည်း ရတယ်လေ ၊ အရင်လို ရရစားစား မဟုတ်တော့ဘူး ၊ အထုတ်အထည်တွေ စုမိ နေပြီ ၊ အဲ ... အောင်သာမိုး ဆိုတဲ့ ကောင်လေး တောင် ထော်လာဂျီ ဝယ်နိုင်ပြီ ဟဲ့ ... ဒါပေမယ့် သူ့ မှာ ...”

အမေ က စကား ဆက်ရန် ခက် နေပေမယ့် မြလေး သိသင့်သည့် စကား တစ်ခွန်း ကို တော့ တိုးတိုးလေး ပြောပြ ဖြစ်သည် ။ ကြား လိုက်ရသော ထို စကား ကြောင့် မြလေး အလန့်တကြား, ထ, မခုန်မိရန်အတော် ထိန်းချုပ် ထား လိုက်ရသည် ။

••••• ••••• •••••

မြလေး သည် အိမ်မက် မှ လန့်နိုး သူ တစ်ယောက် လို အသိစိတ် ကင်း မဲ့စွာဖြင့် ရွာ တောင်ဘက် တံတားလေး ပေါ် မှ ဖြတ်သန်း လာခဲ့သည် ။

စိတ် က တံတား အောက် လိမ့်ကျမှာ ကြောက်တာလား ၊ ဒါမှမဟုတ် တံတား အောက် ခုန်ချချင်တာလား ဝေခွဲ မရ ။

အမေ့ ကို နားလည်အောင် ပြောပြပြီး အောင်သာမိုး တို့ အိမ်လေး ဖက် ဆီ သို့ ထွက်ခဲ့ခြင်း ဖြစ်ပေမယ့် စိတ် နဲ့ လူ က တစ်ကွဲတပြား ...

အောင်သာမိုး တို့ အိမ်လေး ထဲ ၌ ကျောင်းသွားဖော် ငယ်သူငယ်ချင်း နှစ်ယောက် နှင့် မိန်းမကြီး တစ်ယောက် စကား ပြော နေကြသည် ။ မြလေး ၏ ခြေသံ ကြောင့် လှည့် ကြည့်လိုက်ပြီး “ ဟာ , မြလေး လာလာ ၊ နင် ဘယ်တုန်းက ပြန် ရောက်တာလဲ ၊ ငါတို့ နင့် ကို တိတ်တိတ်လေး အကြောင်းကြား ပေးမယ် လို့ ပြောတာ ၊ ဒီကောင် လက်မခံဘူး ၊ နင့် ကို တွေ့ ရင် သိပ် ဝမ်းသာ မှာ ”

သူငယ်ချင်း ‘ ကျော်ကြီး ’ က ဝမ်းသာအားရ ပြောရင်း လှေကားဦး မှ ဆီးကြို သည် ။ အားလုံး ၏ အကြည့်တွေ က မြလေး ထံ မှာ ၊ ဟန်ဆောင် ပြုံးပြ ထားရပေမယ့် မြလေး ငိုချင် နေမိသည် ။ အိပ်ပျော် နေသော အောင်သာမိုး ကို မနှိုးရက်သောကြောင့် ၊ အောင်သာမိုး အိပ်ရာ မှ နိုးထလာမည့် အချိန် ကို စောင့်ရင်း မြလေး ဖျာပေါ် တွင် ထိုင် လိုက်သည် ။

ည က တစ်ညလုံး အမေ က အောင်သာမိုး နှင့် အဖေ့ အကြောင်း ကို ပြောပြသည် ။

“ သမီး အဖေ က ၊ တစ်ခါတစ်ခါ ဆန်းကြယ်တဲ့ ကံတရားတွေ ကို လက်မခံ ချင်ဘူး ၊ ဖူးစာ ဆိုတာ အတိတ်ဘဝ က ပါ ပြီးသား ၊ ပေါင်းဖက်ဖို့ ကွဲကွာဖို့ ဆိုတာတွေ က လူတွေ ဖန်ဆင်း ထားတာ မဟုတ်ဘူးလေ ၊ ဒါတွေ ကို သမီး အဖေ က လက်မခံ ချင်ဘူး ။ တစ်နေ့ ညနေ က ... မှောင်ရီပျိုးချိန် လောက် မှာ အောင်သာမိုး ကို စက်ဘီး နဲ့ ဝင် တိုက် တယ်လေ ၊ သမီး အဖေ က တမင် ဝင်တိုက်တာ မဟုတ်ပေမယ့် ကောင်လေး ရဲ့ ညာဘက် လက် ကျိုး သွားတယ် ၊ ခေါင်းကွဲ သွားတယ် ၊ သမီး သိတဲ့ အတိုင်း ရွာလမ်း က ကျောက်ခင်း ထားတာ ဆိုတော့ ... ”

အမေ့ စကားတွေ ကို ပြန်လည် ကြားယောင်ရင်း အိပ်ပျော် နေရှာသော အောင်သာမိုး ၏ ခေါင်းပေါ်, ပတ်တီးဖြူဖြူ အောက် က သွေးစ တွေ ကို စိတ် ထိခိုက်စွာ ဖြင့် ငေးကြည့်နေမိ၏ ။

“ သူ့ အမေ ဆို, ငိုလိုက်တာ သမီး ရယ် ၊ သူ့ သားလေး သေပါပြီ ဆိုပြီး ၊ ရူးမတတ် ပါပဲ ၊ ရွာ က လူတွေ က ညတွင်းချင်း ‘ ပြည် ’ က အထူးကု ဆေးခန်း ကို ပို့ပေးကြရတယ် ၊ ဟို ရောက် တော့ စက်ဘီး မှောက်တယ်လို့ လိမ်ညာ ပြောရတာပေါ့ကွယ် ”

အမေ ပြောပြ၍ သိရသမျှ ..

အောင်သာမိုး သည် အဖေ့ အပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မပြုသည့် အပြင် “ ဦး , ရင်ထဲ မှာ မြလေး နဲ့ ပက်သက်ပြီး ၊ ကျွန်တော် ကို မုန်းနေမယ် ဆိုတာ နားလည်ပါ တယ် ၊ ခုလို ဒဏ်ရာ အနာတရ ဖြစ်စေတာ ကို လည်း တမင် လုပ်တာလို့ မမြင်ပါဘူး ၊ မိဘ တိုင်း ဟာ သားသမီး ကို ချစ်ပြီး အတ္တ ဆန်တတ်ကြတာ နားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ် ပေါ် က ဒီ အနာတရတွေ ဟာ ဦး ရဲ့ အမုန်းတွေ ကို နည်းနည်းပဲ ဖြစ်ဖြစ် ဖြေလျော့နိုင်မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ် ” ဟု အောင်သာမိုး က ပြောပြန်သည် ။

သိမ်မွေ့ ညင်သာစွာဖြင့် ပြောဆိုခဲ့သည် ဆိုပဲ ...

အောင်သာမိုး ၏ စကား ကြောင့် အဖေ သည် အိပ်ရာ ထဲ ၌ ခွေ နေသည် မှာ နှစ်ရက်လုံးလုံး ရှိပြီ ဟု သိရသည် ။

“ ဟင် ... မြလေး ”

မျက်လုံး ဖွင့် မိသည့် ခဏ သူ့ ကို ငေးစိုက် ကြည့် နေသော မြလေး ကို အံ့ဩတကြီး ဖြစ်မိ၏ ။

မျက်ရည် ဝဲ သော မျက်လုံးများနှင့် ပြုံးပြ နှစ်သိမ့်သော ချစ်သူ ကို အောင်သာမိုး က ပြန် သနား နေသည် ။

“ စိတ်မကောင်း မဖြစ်နဲ့ကွာ ၊ အချိန် တန်ရင် အနာ ပျောက် သွားမှာပါ ၊ လက် က လည်း ကျောက်ပတ်တီး ဖြည် လိုက်ရင် အလုပ် လုပ်လို့ ရတော့မှာ ၊ အလုပ် ကောင်းကောင်း လုပ်နိုင်မှ ငွေစု နိုင်မယ် ၊ ဒါမှ .. မြလေး ကို တင့်တင့်တယ်တယ် ထားနိုင်မှာ ”

အောင်သာမိုး  က တက်ကြွစွာ ပြောနေသည် ။ မြလေး သည် ရှက်မျက်နှာ ဖြင့် ပြုံးရင်း ။

“ အလုပ် က အရေး မကြီးဘူး ၊ နေကောင်းအောင် သာ ကြိုးစားပါ ။ အလုပ် ကို လူငှား နဲ့ လွှဲထား လည်း ရတာပဲဟာ ကျောင်း ပြီး ရင် မြလေး ကို ရွာ ပြန်လာဖို့ အဖေ က ခွင့်ပြု လိုက်ပြီ ”

“ ဟာ ...  တကယ်  တကယ် ပြောတာလား မြလေး ”

မြလေး သည် အိပ်ရာ မှ အားယူ ထ , လာသော အောင်သာမိုး ကို ဖေးကူ ပေးရင်း ခေါင်းညိတ် ပြ ဖြစ်သည် ။

“ ရွာကျောင်း မှာ ဆရာမ တစ်နေရာ စာ လိုနေတယ် တဲ့ ၊ ဒါ့ကြောင့် မြလေး ပြန်လာမှာ ”

“ ဝမ်းသာလိုက်တာ မြလေး ရယ် ၊ အိပ်မက် မဖြစ်ပါစေနဲ့ လို့ ဆုတောင်းမိပါရဲ့ ၊ တို့ လေ , ညစဉ်ညတိုင်း မိုးကောင်းကင်ပြာကြီး ကို မော့ ကြည့်ပြီး မကြာခင် တစ်နေ့နေ့ မြလေး ပြန်လာပါစေလို့ ဆုတောင်းခဲ့ရတာ အမောပဲ ... ဟောဟို ပြတင်းပေါက် ကို ကြည့်စမ်း , မြလေး ၊ နှင်းဆီခင်းလေး လေ ၊ မြလေး အတွက် ရည်စူးပြီး စိုက်ခဲ့တာ ၊ ဘုရား တင် တာက လွဲပြီး ဘယ်သူ့ ကို မှ မရောင်းခဲ့ဘူး ”

“ ဟင် အလကား ညှိုးကြွေ ကုန်မှာပေါ့ ၊ နှမျောစရာ ကောင်းလိုက်တာ ၊ မြလေး ရှိရင် နေ့တိုင်း ပန် မှာ သိလား ”

ရင်ထဲ ရှိတာတွေကို ပြောပြီး မှ မြလေး ရှက်သွေးဖြာ သွားမိသည် ။ အောင်သာမိုး က မြလေး ကို ကျေနပ်စွာ ကြည့်ရင်း ပြုံး နေသည် ။

“ နှင်းဆီခင်း ရဲ့ အနောက် မှာ ခုံရှည်လေး ရိုက်ထားတယ်လေ ၊ ချစ်သူနှစ်ဦး အေးအေးသက်သာ အပန်းဖြေ နိုင်အောင်ပေါ့ ၊ တို့ က ... မြလေး ကို မျှော်လင့်ချက် တွေ အပြည့်နဲ့ စောင့်ကြို နေတာပါ ”

“ မြလေး နားလည်ပါတယ် ၊ ခုချိန်မှာ မိဘ အလိုကျ ၊ ဘဝ အတွက် အခြေခိုင် အောင် ကြိုးစား နေတာပါ ၊ မြလေး ကတော့ တကယ် ချစ်ကြတယ် ဆိုရင် ချစ်သူတွေ ဟာ ဘယ်လောက် ပဲ ဝေးဝေး ကောင်းကင်ပြာပြာ ရဲ့ တစ်နေရာ မှာ ဆုံနိုင်တယ် လို့ ယုံကြည်တယ်လေ ... ”

“ ဟုတ်တယ် မြလေး ၊ အချစ် တစ်ခုတည်း နဲ့ မပြည့်စုံတဲ့ ဘဝ ကို ဇွတ် , ဖန်တီးပြီး စိတ်ဝမ်းကွဲ စိတ်ဆင်းရဲကြမယ့် အဖြစ် ကို တို့ မ‌နေ ချင်ဘူး ၊ မြလေး ရဲ့ အဖေ လိုလားတဲ့ အနေမျိုး မဖြစ်အောင် ကြိုးစားမယ် ၊ တို့တွေ ရဲ့ သားသမီးတွေ ကို ငယ်ရွယ် စဉ် ကတည်း က ကြမ်းတမ်းတဲ့ ဘဝ ကို မဖြတ်သန်းစေရဘူး ”

အောင်သာမိုး က တက်ကြွစွာ ပြောနေ၏ ။ သူ့ မျက်လုံး ထဲတွင် မျှော်လင့်ချက် အလင်းတန်းတွေ ပြိုးပြက် လင်းလက်နေဘိသို့ ။ အဖေ့ အမြင် က မည်သို့ပင် ရှိစေကာမူ မြလေး သည် ချစ်သူ ၏ မျှော်လင့်ချက်တွေ ကို လုံးဝဥဿုံ ယုံကြည် နေမိ၏ ။

မှောင်ရိပ် မသန်းမီ အောင်သာမိုး က မြလေး ကို ချောင်းထိပ် အထိ လိုက်ပို့ ပေးသည် ။

အောင်သာမိုး သည်  ကောင်းကင်ပြာကြီး ကို မော့ ကြည့်ရင်း မြလေး ၏ လက်ဖဝါးနုနုလေးတွေ ကို ဖွဖွ အုပ်ကိုင် လိုက်သည် ။ ပြီးတော့ ...

“ တို့ နှစ်ဦးစလုံး အသက်ရှင် လျက် ရှိနေ သရွေ့ အပြာရောင် ကောင်းကင် အောက် မှာ တစ်နေ့ နေ့ မုချ , ဆုံတွေ့ ကြရမယ် ဆိုတာ မြလေး ယုံကြည် ထားနော် ”

ဟု ပြောလိုက်သည် ။

⎕ ခင်မမလင်း ( ကလော )

📖 အလင်္ကာရပ်ဝန်း ( ၇ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment