Thursday, August 1, 2024

ဖဲဝိုင်း


 

❝ ဖဲဝိုင်း ❞
⎯⎯⎯⎯⎯⎯
      မောင်ထင်
  ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ငယ်စဉ် က ဝဝတုတ်တုတ် မို့ သူ့ ကို သူ့ အမေ က ဝတုတ် ဟု ခေါ်လေ့ ရှိသည် ။ ဤသည် တွင် ဝတုတ် ဟူသော အမည် သည် ဇာတာ ထဲ မှာ မှည့်ခေါ်သော စံလှထွန်း ဟူသော အမည် ကို လွှမ်းမိုး သွားလေ၏ ။ ကြီးပြင်းလာသောအခါ ကျောင်းနေဖက် သူငယ်ချင်းတို့ ခေါ်ဆိုကြသည့် အတိုင်း ဖိုးတုတ် ဟု တွင် လာသည် ။ ဤသည် တွင် ထိုအမည် သည် တရားဝင် အမည် ဖြစ်လာလေ သည် ။ ဖိုးတုတ် သည် လူအေးတည်း ။ ကျေးလက်တောရွာ မှာ ကြီးပြင်း ရသောသူ ပီပီ အတန်ငယ် ရုပ်ကြမ်း၏ ။ မေးရိုးခိုင်သည် ။ ကုပ်တိုသည် ။ သို့သော် ပုတိုတို မဟုတ် ။ အရပ် တန်ရုံ မြင့်သည် ။ ဗလကောင်းသူ ဖြစ်၍ ကုပ်ပိုး ထွက်သည် ။ နွားလပို့ နှင့် ဆင်ဆင် တူသောကြောင့် သူ့ ကို သူငယ် ချင်းများက လပို့ငတုတ် ဟု ခေါ်လျှင် သူ အလွန် စိတ်ဆိုးသည် ။ ထိုအခါ ကလေးတို့ ဘာဝ ရန်ဖြစ်ကြသော် ဖိုးတုတ်က ကွဲအောင် ပြဲအောင် ရိုက်နှက် ပုတ်ခတ် ထိုးကြိတ်တတ်သည် ။ စိတ်မြန်လက်မြန် ဖြစ်၍ သူ က လက်ဦး သည်ချည်းပင် ။ စင်စစ် ဤကဲ့သို့ ဒေါသ ထွက်လျှင် လက်က ပါသော ဝသီ ကြောင့် သူ့ ကို မိုက်သည်ဟု စွပ်စွဲကြခြင်း ဖြစ်၏ ။ သို့သော်ငြားလည်း စိတ်ရင်း ကောင်း သောကြောင့် လူချစ်လူခင် များသည် ။ စိတ် ထလျှင် ထစ် ခနဲ ထ၍ ချတတ်သောကြောင့် ချစ်သူ ရော မုန်းသူပါ သူ့ ကို ကွယ်ရာမှာ အတင်း ပြောကြသည် ။ “ ဖိုးတုတ် ဆိုရင် လူမိုက်ကြီးပဲကွ ” ဟု ဆိုကြသည် ။

ဖိုးတုတ် ဟူသော အမည် နှင့် လူမိုက် ဟူသော သညာ သည် ဒွန်တွဲ တတ်သည်မှာ အတော်ထူးဆန်းသည် ။ များသောအားဖြင့် ထို နာမည်နှင့် လူဖြစ် လာ ကြလျှင် အများ က နာမည် ကြားရုံနှင့် ရွံ့ကြသည် ။ လူဆိုး ဟု မှတ်ထင်ကြသည် ။

မိုက်သည် ဆိုသည်မှာ အသိအလိမ္မာ ကင်းမဲ့ခြင်း ကို ဆိုလိုသည် ။ စင်စစ် ဖိုးတုတ် သည် အလိမ္မာ မရှိ မဟုတ် ။ လူကြီးမိဘ ကို အလွန် ရိုသေသည် ။ ဆရာသမား ၏ စကား ကို လိုက်နာသည် ။ ဘုန်းကြီးကျောင်း မှာ စာသင်စဉ်က ဆရာဘုန်းတော်ကြီး ကိုယ်တိုင် လက်စွဲတော် ကပ္ပိယ အဖြစ် ဖြင့် သူ့ ကို နေရာ ချထားလေရာ ၊ ဘုန်းကြီး အချစ်တော် ဆို၍ မနာလိုသော ကျောင်းသားများ အများပင် ပေါ်ပေါက်ခဲ့သည် ။ တစ်ခုတော့ ဆိုစရာ ရှိ၏ ။ သူ့ ကို မတော် မတရားတော့ မပြောကြနှင့် ၊ မလုပ်ကြနှင့် ။ သူတစ်ပါး ကို မတော်မတရား လုပ်တာကို သူ မြင်လျှင်လည်း မခံချင်တတ် ။ ထို့ကြောင့် ငယ်စဉ်က လက်သီး အားကိုး ခဲ့သော သူသည် လူပျိုပေါက် စိတ်ထက်တုန်း အရွယ်၌ လက်သီး အပြင် ၊ တုတ်ဆွဲ ဓားဆွဲ နှင့်လည်း အခင်းကြီးငယ် ဖြစ်တတ်သည် ။ သို့သော် သူ သည် အမြဲတမ်း ရန်လို နေသူကား မဟုတ် ။ သူငယ်ချင်း မြေးတော် တို့ ကို အလွန် ကြင်နာတတ်သည် ။ ပြုစုတတ်သည် ။ ကူညီတတ်သည် ။ သို့နှင့်လည်း မဟုတ်တာ တွေ့လျှင် မခံချင်၍ ထချသော မိုက်ပုံမိုက်နည်း ကြောင့် လူမိုက် ကြီးဟူသော အမည် သည် သာလျှင် အလွန် ထင်ပေါ် ကျော်ကြားသည် ။

မသိ မလိမ္မာ ပညာသတိ မရှိ၍ မိုက်ခြင်း မဟုတ်သောကြောင့် သို့ကလောက် နာမည် ကြီးလျက် နှင့် အပေါင်းအသင်း အခြွေအရံ များလှ သည် ။ သူ ၏ အခြွေအရံ သူငယ်ချင်း ပရိသတ် ထဲ တွင် ယောက်ျား သာမက မိန်းမများ လည်း ပါဝင်သည် ။ မိန်းမသားများ နှင့် တွေ့လျှင် အလွန် နှမချင်း စာနာ တတ်သည် ။ ဤ အကြောင်းကြောင့် လည်း သူသည် ရပ်ရွာထဲ တွင် အလွန် သိမ်မွေ့သည် ဟု နာမည်ကြီးသော သူငယ်မကလေး တစ်ဦး နှင့် အကြောင်းပါသည် ။ ထို သူငယ်မကလေး ၏ လက် ထဲတွင် ဖိုးတုတ် သည် ဗိုင်းကောင်း ကျောက်ဖိ ဖြစ်လာသည် ဟုလည်း အချို့က ဆိုကြ၏ ။ သို့ရာတွင် နေရာတကာ တိုင်းမှာ မိန်းမ က ယောက်ျား ကို လိုက်၍ မထိန်းနိုင်သောကြောင့် သူ့ ကို စိတ်မချကြချေ ။ “ ဖိုးတုတ် ရှေ့မှာ မတရားတော့ မလုပ်ကြနဲ့ ။ လိမ်မယ် ကောက်မယ် တော့လည်း မကြံကြနဲ့ ။ ရိုးရိုးသားသား ဆိုလျှင် သူ က တောင် မှ နှမ ပေးပြီး ပေါင်းလိမ့်မယ် ” ဟူ၍ လူပျိုကာလသားများ ကလည်း ချီးကျူးကြသည် ။ သူတို့ ဤကဲ့သို့ ချီးကျူးသည့် အတိုင်းပင် ဖိုးတုတ် သည် သူ အလွန် ချစ်သော ညီမကလေး ကို ရိုးသားသူ သူ့ သူငယ်ချင်း တစ်ဦး နှင့် သူ ကိုယ်တိုင် ပေးစား ခဲ့လေသည် ။ ညီမကလေး ကို အကြောင်းပြု၍ တစ်ခါ တစ်ရံ ဖိုးတုတ် သည် သူ့ စိတ်ရိုင်း ကို သတိ ဟူသော ချွန်းဖြင့် အုပ်လေ့ ရှိသည် ။

ဤအသိုင်းအဝိုင်း ထဲတွင် ကြီးပြင်းလာသော လူမိုက်ကြီးဖိုးတုတ် သည် ရပ်ရွာ ထဲတွင် များစွာ သြဇာ ရှိသည် ။ ငယ်စဉ်က ကာလသားခေါင်း လုပ်ခဲ့သူ ပီပီ ရပ်ရေးရွာရေး ၌ ခေါင်းဆောင်ရသည် ။ ကျေးလက်တောရွာ ကို များစွာသော ကဗျာဆရာ တို့က လွမ်းလောက်အောင် စာဖွဲ့ကြသည် ။ များသောအားဖြင့် ရိုးသားပါသည် ဟု ဆိုကြ၏ ။ သို့သော် ဤ ကျေးရွာလောက ထဲမှာ ဦးရွှေရိုး များသာ နေထိုင်ကြသည် မဟုတ် ။ လိမ်သူ ၊ ကောက်သူ ၊ ညစ်ပုပ် ကပ်ကျယ်လုပ်သူ ၊ ကွေ့ လည် ကြောင်ပတ် လုပ်သူ အစ ရှိသော လူ အမျိုးမျိုး လည်း နေထိုင်ကြသည် ။

ဆရာမှိုင်းကြီး က “ ကောင်မကလေး နှယ် ရိုးဂုဏ် နဲ့ လှသူရဲ့ ” ဟု စာဖွဲ့ခဲ့ဖူး၏ ။ ယင်းကဲ့သို့ ကောင်မကလေး လှသည် နှင့် တော သဘာဝ သည် နေရာတကာ မှာ ရိုးဂုဏ် နှင့် လှနေသည် ဟူ၍ လည်း မထင်ကြနှင့် ။ တောသား လူလည် နှင့် တွေ့ ရသောအခါ မြို့သား ဆိုသူ တို့သည် တလိမ့်ခေါက်ကွေး ဖြစ်တတ်သည် ။

ဖြစ်ပုံ က ဖဲဝိုင်း မှာ ။ မြို့မှ ပွဲစား တစ်ယောက် သည် စပါး ဝယ်ရန် ငွေကြေးအပြည့်အစုံ နှင့် ဖိုးတုတ်တို့ ရွာ ကို ရောက်လာသည် ။ သူသည် မြို့သား တစ်ဦး အနေဖြင့် တောသူတောင်သား တို့ကို ကယ်မ ရန် လာရောက်ခြင်း မဟုတ် ။ ပွဲခ များများရရန် လာခြင်း ဖြစ်သည် ။ ထို့ကြောင့် သူ့ ကို အမွှမ်း တင်စရာ မလို ။ သို့ရာတွင် ဖြတ်စားလျှပ်စား လုပ်သူ လည်း မဟုတ်သော ကြောင့် သူ နှင့် အလိုက်အထိုက် ပေါင်းကြသော လူများစု ထဲတွင် ဖိုးတုတ် လည်း အပါအဝင် ဖြစ်သည် ။ စင်စစ် ပွဲစား က လူပါး ပဲ ။ အပေါင်းအသင်း ကောင်းသည် ။ အသိမိတ်ဆွေ မရှိသော ရွာသို့ ရောက်လျှင် ရောက်ချင်း ၊ ဖိုးတုတ် ကို “ အစ်ကို ” ဟု ခေါ်၍ ပေါင်းသည် ။ ပရိယာယ် မကြွယ်ဝသော သူတို့မှာ မိမိအား ဤကဲ့သို့ ခေါ်ဝေါ် ဆက်ဆံ လျှင် အရိုးခံ သဘောတရား နှင့် အသက် ပေး၍ ကူညီစောင့်ရှောက် လေ့ ရှိသည် ။ ဖိုးတုတ် ကား ရွာ ကို တစ်ခေါက် မှ နှစ်ခေါက် အထိ ပွဲစားရောက်လာသည် တွင် ညီရင်းအစ်ကို ပမာ တမျှ ခင်မင်သွားလေသည် ။

မြို့သား ဆိုသူ ရွာ ကို ရောက်လျှင် ပွဲလမ်းသဘင် ရုပ်ရှင် မရှိသော ကြောင့် အလွန် ပျင်းသည် ။ ထိုအခါ အချို့က ကာလသားခေါင်း နှင့် ပေါင်း၍ လူပျိုလှည့် ချင်ကြသည် ။ သို့သော် ဖိုးတုတ်ကဲ့သို့သော ပုဂ္ဂိုလ် ကား အတည် ယူမည် ဆိုလျှင် သူ့ ကို ပြော ။ ပုဆိုးတန်းတင် အကြင်လင်မယား ဘဝ ရောက် သည်အထိ ဆောင်ရွက်ပေးနိုင်သည် ။ မဟားတရား တော့ မလုပ်နှင့် ။ သူ့ ဇာဝီတုတ် က အကြောင်းသုံးပါး ကို ရွေးမည်မဟုတ် ။ အဲ ၊ သို့သော် လောကဝတ် ဆိုသော သဘောတရား ကြောင့် ထန်းတော ထဲ သွားလိုလျှင် လိုက်ပို့ပေး မည် ။ သူ ကိုယ်တိုင် ကမူ မိုက်သည် ဟု ဆိုသော်လည်း အရက်သေစာ ကို အလွန်အကျွံ မှီဝဲတတ်သူ မဟုတ် ။ အရက်ကြိုက်သူ တို့သည် သူ့ ကို အဖော် မခေါ်ကြချေ ။ ရွာ ထဲ တွင် ကျိတ်ဝိုင်းကလေး ရှိလျှင် မူကား ဖိုးတုတ် သည် သူစိမ်းတစ်ရံဆံ ကို ပင် ဖြစ်စေ အားပေးအားမြှောက် ပြု၍ ကူညီစောင့်ရှောက် တတ်သည် ။ ဤသို့ဆိုသဖြင့် ဖိုးတုတ် သည် ဖဲ ကို ဝါသနာ ကြီးသည် ဟု မထင်မှတ်လေနှင့် ။ အပျင်းပြေ ဟုသာ သဘောထား ပြီးလျှင် ဖဲ ကစားချင် သော သူတစိမ်း ဧည့်သည် တို့ကို ရိုးရိုးသားသား ကစားနိုင်အောင် ကူညီ စောင့်ရှောက်ခြင်းသာ ဖြစ်သည် ။

ကျေးလက်တောရွာ ၌ အပန်းဖြေစရာ ဖဲ ၊ အရက် နှင့် လူပျိုလှည့်ခြင်း မှ တစ်ပါး အခြား မည်မည်ရရ ဘာမျှမရှိ ။ ထို့ကြောင့် ကာလသားခေါင်း ဖိုးတုတ် သည် ယင်းကိစ္စ သုံးရပ် ကို အပတ်တကုတ် ကြိုးစားဆောင်ရွက်လေ့ ရှိသည် ။ သို့သော် အဟန့်ကောင်း သဖြင့် ခြေလွန်လက်လွန် မရှိချေ ။ အဲ ၊ ဒါပေမယ့် တစ်ခါတစ်ခါ တော့လည်း လွန်မိပါ၏ ။

ယခင်က ဆိုခဲ့သည့် အတိုင်း လက်လွန်တာ က ဖဲဝိုင်း မှာ ။ ထိုည က ဖဲဝိုင်း သည် ကျိတ်ဝိုင်း မဟုတ် ။ မသာအိမ် က ဖဲဝိုင်း ဖြစ်သည် ။ မသာ မှာလည်း မျက်နှာကြီး မသာ မဟုတ် ။ ညအိပ်ညနေ လူစောင့် ရအောင် ဖဲဝိုင်းထောင် ခြင်း မျှသာ ဖြစ်သည် ။ ဖိုးတုတ် ကို မသာအိမ် မှ ပရိသတ် က မြင်သောအခါ ခဏဖြစ်ဖြစ် ရေနွေးကြမ်း သောက်ပါဦး ဟုဆို၍ ဖိုးတုတ် ခေတ္တ ဝင်သည် ။ ရပ်ရေးရွာရေး ၌ ဆောင်ရွက်လေ့ရှိသော သူတစ်ဦး သည် ငြင်းဆန်ရန် မသင့်ချေ ။ သို့သော် ပါလာသော ဧည့်သည် ကို လည်း အားနာရ သေးသည် ။ ဧည့်သည် ကမူ “ ကိစ္စ မရှိပါ ” ဟု ဆိုသည် ။ အိမ်ရှင်တို့ က ပွဲစား ကိုလည်း ပျူပျူငှာငှာ ဧည့်ခံသော အခါ ပွဲစား ကလည်း အထိုက်အလျောက် စကား ရော ဖောရော လုပ်သည် ။ သို့နှင့်ပင် ကွမ်းတစ်ရာညက် မကြာမီ အားလုံး ရင်းရင်းနှီးနှီး ဖြစ်လာသော အခါ ပွဲစား ကိုယ်တိုင် က အပျင်းပြေ ဟု ဆို၍ ဖဲဝိုင်း ထဲ ဝင်ထိုင်သည် ။ ဖိုးတုတ် က “ ညဉ့်နက် အောင် မနေဘူးနော် ” ဟု သတိပေးသည် ။ ပွဲစား က “ မိတ်ဖြစ်ရုံပါပဲ ” ဟု ဆိုသည် ။

ပွဲစားအိတ် ထဲမှာ ငွေကြေး အတော်အသင့် ပါသည် ။ မြို့မှ တက် လာသူ ဆို၍ ပွဲစား ကို ဝိုင်းသမားများ က ဂရုဓမ္မ ပြုကြသည် ။ ဖဲ ကတော့ မြို့ကြီး ပြကြီးများမှာ ကဲ့သို့ ပိုကာ ၊ ဘန်လတ် စသည့် အဆန်းအပြား မဟုတ် ။ လာဒ်ဟဲ့ ၊ ကိုးဟဲ့ ၊ ဘူဟဲ့ ဆိုရသော ရိုးရိုး ကစားနည်းသာ ဖြစ်သည် ။ ပွဲစား သည် ကစားဝိုင်း တစ်ခုမှာ နေရာယူသည် ။ ဖိုးတုတ် ကမူ ပထမ လူများ သည် ဟု ဆို၍ ဝိုင်း ထဲ မဝင် ။ သို့သော် ငုတ်တုတ် လည်း ထိုင်မနေ နိုင်သဖြင့် လူ တစ်ယောက် လွတ်သော အခါ ဝင်ထိုင်သည် ။ သူ နှင့် ယှဉ်၍ ထိုင် သူမှာ ဖဲလိမ်ရာ ၌ နာမည်ကျော် သော ငပိန် ဆိုသူ ဖြစ်သည် ။ ဖိုးတုတ် ကား သူ့ အကြောင်း ကို သိပြီးဖြစ်သည် ။

“ ဟေ့ အပျော် ကစားကြတာကွ နော် ၊ မသာအိမ် ဆိုတော့ အိမ်ရှင် ကို လည်း အားနာရတယ် ။ ရိုးရိုး ကစားကြရင် ကောင်းမယ် ” ဟု ဖိုးတုတ် က စကားခံသည် ။ ထိုအခါ ငပိန် က မျက်နှာချို သွေးသည် ။

“ ဟာ ကိုဖိုးတုတ် ရာ ၊ ကျွန်တော် စီးပွားဖြစ် လုပ်နေတာ မဟုတ်ပါ ဘူး ။ ဧည့်သည် ရှေ့မှာ ဒီလိုပြောတော့ အားနာစရာကြီးဗျာ ။ အထင် လွဲကုန်ပါလိမ့်မယ် ” ဟု ဆိုသည် ။

သို့သော် ငပိန် သည် မလုံ ၊ သူ့ပေါင်ရင်း အောက်ကို မကြာခဏ စမ်းစမ်းကြည့်သည် ။ သူ့လက်သည် အလွန် လျှင်သည် ။ ဒီလောက်တော့ ဘယ်သူ မြင်နိုင်မှာလဲ ။ မင်သေသေ နှင့် ပေါင်အောက် ကို တစ်ချက် နှိုက်လိုက် လျှင် သေနေသော ဖဲသည် ကု,လားသုံးစီး ဖြစ်လာနိုင်သည် ။ ဝိုင်း ထဲမှာ မဲ နေသူ တို့သည် သူ ၏ ကျင်လည်သော လှုပ်ရှားမှု ကို ဘယ်သူမျှ ဂရုမပြုနိုင် ကြချေ ။

မှန်ပါသည် ။ ငပိန့် လက်ကို ဘယ်သူမျှ ဂရုမပြုမိ ။ ဖိုးတုတ်ကတော့ တစ်ချီတစ်ချီ မျက်စိ ကို ထောင့် ကပ်ပြီး ကြည့်သည် ။ ဓာတ်သိချင်း မို့ ငပိန် အနေရ ကျပ်သော်လည်း ဣန္ဒြေပျက်သည် မဟုတ်ပါ ။

အတန်ကြာသော် ပွဲစား က ညည်းသည် ။

“ ပွဲခ ရထားတာတော့ ကုန်ပါပြီဗျာ ။ အပျော်ကစား တာ မို့ ကျွန်တော့် စိတ် ထဲ မှာ ဘယ်လို မှ မနေပါဘူး ။ ဒါပေမယ့် ကိုပိန့် ဖဲက အင်မတန်ကောင်း တော့ လိုက်လို့ မမီဘူးဗျာ ။ ခဏခဏ ကု,လားသုံးစီး နဲ့ စားတယ်ဆိုတော့ ဒီညအဖို့ ကျွန်တော် လက်မြှောက်ပါတယ် ” ဟု ပွဲစား က ညည်းညူပြီးလျှင် ဝိုင်းထဲမှ ထွက်သည် ။

“ ဖယ်ကြ ၊ ဖယ်ကြ ။ ငါ အသေအချာ ကု,လားဖန် ထိုးမယ် ” ဟု ဖိုးတုတ် က ပြောရင်းဆိုရင်း နှင့် ငပိန့် လက်ထဲက ဖဲထုပ် ကို ယူပြီးလျှင် ကု,လားဖန် အကျအန ထိုးသည် ။ ငပိန် အနည်းငယ် စိတ်လှုပ်ရှား သွားသည် ။

သည်တစ်ခါ ငပိန် သည် ပိန်သွားသည် ။ သူ့ ဖဲ သည် ယခင်က ကဲ့သို့ မကောင်းတော့ချေ ။ ကု,လားသုံးစီး မပြောနှင့် ၊ တစ်စီး မျှပင် ပေါ်မလာ ။ ကု,လားပေါ်ပြန်လျှင်လည်း ဆယ်ဖဲနှစ်ချပ် က ကု,လားနှင့် ကပ်၍ လိုက်သည် ။ ငပိန် သည် တဘူဘူ ဖြစ်နေရာမှ ကိုယ် ကို ဟိုလှည့် ဒီလှည့် နှင့် ယိမ်းထိုးသည် ။ ဤကဲ့သို့ တစ်ချက် ယိမ်းလျှင် ကု,လားသုံးစီး သည်လည်း ယိမ်းသမကလေး သုံးယောက် ညီညီညာညာ ယိမ်း သကဲ့သို့ ယိမ်း လေသည် ။ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ သုံးကြိမ် ။

“ ခွေးမသား ၊ အောက်နှိုက်တယ် ။ ဟေ့ ဘယ်သူမျှ မထကြနဲ့ ၊ ပေးစမ်း ဖဲတွေ အကုန် ”

ဤနေရာ၌ အောက်နှိုက်သည် ဆိုသည် မှာ အချို့ ကျေးရွာဓလေ့ ၌ ရှိသော လူပျို လှည့်ရာ၌ အောက်နှိုက်ခြင်း မဟုတ် ။ ဖဲ ကစားရင်း ဖဲလိမ်သူ က သူ့ ပေါင်အောက် က ဖဲ ကို နှိုက်ခြင်း ဖြစ်၏ ။

လျှပ်တစ်ပြက် မှာ မြန် လိုက်သည့်ဖြစ်ခြင်း ။ ဖိုးတုတ် က ပြောရင်း ဆိုရင်း ဖဲချပ်များ ကို ရေတွက် ကြည့်ရာ ဖဲချပ် ၅၂ ချပ် အစေ့ ရှိသည်ကို တွေ့ ရလေသည် ။

သို့သော် ငပိန် သည် ဖိုးတုတ် ၏ အော်သံ ကို ကြားသောအခါ ရုတ် တရက် လန့်၍ တင်ပျဉ်ခွေ ရာမှ ခြေကို ရုပ်ပြီး နောက်ကို အဆုတ်တွင် ငပိန် ၏ တင်ပါး အောက် မှ ဖဲချပ် အပို တစ်ခု စ ၊ နှစ်ခု စ ထွက်လာသည် ။ ရုတ်တရက် ဘယ်နှစ်ချပ် ဟူ၍ မျှပင် မပြောနိုင် ။

ငပိန် သည် ဖိုးတုတ် လက်မြန်ပုံကို ကောင်းကောင်း သိသည် ။ ထို့ကြောင့် ကပျာကသီ မတ်တတ် ရပ်၍ ဖိနပ်ချွတ် ဘက်သို့ လှမ်းကြည့်သည် ။

“ ခွေးမသား ဖဲလိမ်ရိုက်တယ် ” ဟူသော အသံ နှင့် အတူ “ တိန် ” ဟူ သော အသံ တစ်သံ ကြားရပြီး သည့် နောက် ငပိန် သည် ချိုစောင်းဟက်တက် ပြဲ၍ ဝိုင်း ထဲ မှာ ခွေလျက် လဲလေသည် ။

ဖိုးတုတ် လက် ထဲ မှာ ဇာဝီတုတ် ။ သည်တုတ် ကို မူလက ဘယ်သူမျှ မမြင် ။ ဖိုးတုတ် သည် ဇာဝီတုတ် ကို လူ မမြင်အောင် ကျောဘက် ခါးကြား ထဲ မှာ ထိုး၍ သွားတတ် လာတတ်သည် ။

မြို့သား ပွဲစား ဆိုသူမှာ မြို့ သားပီပီ အကင်းပါးပါသည် ဆိုသော် လည်း ဤပွဲမျိုး ကို မတိုးဖူးသဖြင့် ကျီးကန်း တောင်းမှောက် ဖြစ်နေသည် ။ “ လွန်ပါ့မယ် ကိုဖိုးတုတ် ” ဟု ပါးစပ် က တစ်တုတ်တုတ် နှင့် ဖိုးတုတ် ကိုသာ ဆွဲထားသည် ။ နောက်ဆုံး၌ အားလုံးက ဝိုင်းဖျင် ပေး ပြီးလျှင် ၊ ချိုစောင်း ပေါက်သူ ငပိန် ကို သူ့အိမ် သို့ လိုက်ပို့ ပေးကြသည် ။ ငပိန် က ဘာတစ်ခွန်းမျှ မပြော ။ သို့သော် သူ လည်း သူ့ နေရာ နှင့်သူ လူလည် ဖြစ်ရာ ရန်ပွဲသည် ဤမျှနှင့် မပြီးခဲ့ချေ ။ ထုံးစံအတိုင်း နောက် တစ်နေ့ ၌ အားလုံး ဂါတ်တဲ ရောက်ကြသည် ။

တော်သေး၏ ။ ဇာဝီတုတ် မှာ အချင်းအားဖြင့် တစ်လက်မ မပြည့် တတ် ပြည့်တတ် ။ အကယ်၍ တစ်လက်မခွဲကျော်လောက် ဆိုလျှင် ‌ေ သ လောက်သော လက်နက် ဖြစ်နိုင်သည် ။ သို့သော်လည်း ဂါတ်သို့ ရောက်သော အခါ ဇာဝီတုတ် ဟုတ် မဟုတ် ငြင်းကြ ခုံကြသေးသည် ။ ဤနေရာ မှာ ပွဲစား က အကင်းပါး လှပေသည် ။ ဇာဝီတုတ် ဟူသော စကားကို အစဖျောက် လိုက်သည် ။ ဖဲဝိုင်း ဆိုသော သဘောတရား လည်း တိမ်မြုပ်ဘသွားသည် ။ ဖိုးတုတ် နှင့် ငပိန် စကားပြော မတည့်သဖြင့် ဖိုးတုတ် က “ ဘာမှန်း မသိ ” နှင့် ပေါက်ရာ ငပိန် ချိုစောင်း ကို ထိမှန် သွားပါသည် ဟု ဂါတ်စာရေး က တိုင်ချက်မှာ ရေးသည် ။ ငပိန် ကိုယ်တိုင် ကလည်း သူ့ ချိုစောင်း ကို ဇာဝီ ထိ မထိ အပ်ကျမတ်ကျ မပြောနိုင် ။ ဖဲဝိုင်း အကြောင်း ပေါ် လာလျှင် သူ့ မှာလည်း အပြစ် ဖြစ်နိုင်သည် ။ ထို့ကြောင့် သေစေလောက်သော လက်နက် နှင့် စွဲဆိုရမည့် ပုဒ်မ ၃၂၄ သည် သာမည အနာတရ ဖြစ်စေမှု ပုဒ်မ ၃၂၃ နှင့် ကိစ္စ ပြီးသွားသည် ။

ငပိန် ကလည်း ဖိုးတုတ် ကို ကြောက်ရသောကြောင့် စကား မရှည် တော့ပါ ။ ပွဲစား က ဆေးဖိုးဝါးခ ပေးလိုက်သောအခါ အမှု ပြယ်သွားပါသည် ။

စင်စစ်ကား ဂါတ်စာရေး ၏ ကျေးဇူးကြောင့် ဖြစ်သည် ။ ဂါတ်စာရေး က လည်း ပွဲစားကို အထူး ကျေးဇူးတင်လေသည် ။

ဤအကြောင်းနှင့် စကား အလျဉ်းသင့်၍ ပြောသော အခါ ပွဲစား က “ ဂါတ်စာရေး က ကျေးဇူး တင်ရမှာပေါ့ဗျာ့ ။ ကျုပ် တစ်နေ့ ရတဲ့ ပွဲခ ကို သူ့ ပေးလိုက်ရတာကိုး ” ဟု ပြောသည် ။

သို့သော် ဤ အမှုကြောင့် ဖိုးတုတ် ၏ မိန်းမ နှင့် ညီမကလေး တို့မှာ အတော်ပင် ပူပင်သောက ရောက်ကြသည် ။ ဖိုးတုတ် သည် မိန်းမ ရသည့် နေ့ကစ၍ ယခင်က ကဲ့သို့ ရှူးရှူးဒိုင်းဒိုင်း မလုပ်ခဲ့ဖူးပါ ။ ရပ်ထဲ ရွာထဲ မှာ ဖိုးတုတ် နှင့် အချင်းများ လျှင် တော်ရုံတန်ရုံ ထိုးကြိတ်ရိုက်နှက်သော အဖြစ် မျိုးသာ ရှိခဲ့ပါသည် ။ ယခုကဲ့သို့ သွေးထွက်သံယို ဖြစ်သော အမှုမျိုး ကို ကြုံခဲ လှပါသည် ။ သို့သော် ယခု အတော်ကလေး ခြေလွန်လက်လွန် ဖြစ်ခဲ့သည် ။ ဇနီး နှင့် ညီမ တို့က ပူပန်ကြသည်မှာ ၊ အစရှိ အနောင်နောင် ဆိုဘိ သကဲ့သို့ နောင်အခါ ဖိုးတုတ် သည် ဒေါသအိုး ပေါက်ကွဲတိုင်း တုတ်ဆွဲ ၊ ဓားဆွဲ ဖြစ်မည်ကို စိုးရိမ်ကြခြင်း ဖြစ်သည် ။ ထို့ကြောင့် ဖိုးတုတ် ၏ တစ်မျိုးလုံး က ဖိုးတုတ် ကို ဝိုင်းဝန်း ဖျောင်းဖျကြရုံ မျှမက ၊ လိုလိုမည်မည် ဆိုပြီးလျှင် ဖိုးတုတ် ကို ဆုံးမဖို့ ဆရာဘုန်းတော်ကြီး ထံ အပ်လေသည် ။

မယား ဖြစ်သူ မလှသွယ် ကလည်း ဖိုးတုတ် ကို နားချသည် ။

“ ဒီမှာ ကိုဖိုးတုတ် ရဲ့ ၊ ရှင့် မှာ သားသမီးတွေ က လည်း ကြီးလာကြပြီ ။ ငယ်ငယ်တုန်း ကလို စိတ်လိုက်မာန်ပါ ဒေါသ ကို ချည်း ရှေ့က ထားတာ မကောင်းပါဘူး ။ ယခု သားကလေး ထွန်းမြ ကို ရှင်ပြု ပေးဖို့ တော်နေပြီ ။ ကျွန်မ လေ အဲဒါကို လုံးပန်းပြီး ဂရုတစိုက်နဲ့ စီးပွား ရှာနေတာတော့ ။ ရုံး ရောက် ၊ ဂါတ်ရောက်နဲ့ စီးပွားပျက် သွားမယ် ဆိုရင် ၊ သားကလေး ကို တောင်မှ သာမဏေဘောင် ထဲ သွတ်သွင်းနိုင်ဖို့ မခက်ပေဘူးလား ”

ဖိုးတုတ် သည် သူ့ သား ကို သူ အလွန် ချစ်သည် ။ မည်မျှ ချစ်သနည်း ဟု ဆိုသော် သူ့ ကို လူမိုက်ကြီး ဟု အများက သမုတ်သည့် အဖြစ်မျိုး ကို သား က မဆက်ခံစေလို ။ ထို့ကြောင့် ငယ်စဉ်က ပင်လျှင် သား ကို “ ငါ့ လို မမိုက်နဲ့ကွ ” ဟူ၍ ဆုံးမတတ်သည် ။ အရက်ဝိုင်း ၊ ဖဲဝိုင်း ကို ရှောင်ဖို့ရာ ဆုံးမတတ်သည် ။ သို့သော် ယခု ကိုယ်တိုင် ဖဲဝိုင်း မှာ မခံချင်လို့ ရန်ဖြစ်ခဲ့သည် ကို တွေးမိ၍ အတန်ငယ် ရှက်လာသည် ။

ဘုန်းတော်ကြီး ကလည်း သူ့ ကို “ ဒကာတုတ် ရဲ့ ၊ ဒေါသ ဆိုတာ အမိုက်မှောင် တစ်မျိုးပဲကွယ့် ။ သူ ဝင်လာရင် တစ်လောကလုံး မှောင်ကျသွား တာပဲ ၊ သက်ကြီးရွယ်ကြီး နဲ့ လူပျိုကာလသားတုန်း ကလို ဖဲဝိုင်း မှာ ရန်ဖြစ် ခဲ့တယ် ဆိုတာမျိုး မဖြစ်ရအောင် စိတ် ကို ထိန်းမှပေါ့ ။ မင်း ဥပုသ်ရက်ရှည် စောင့်ကွာ ” ဟူ၍ တိုက်တွန်းသည် ။

ထိုနေ့မှ စ၍ ဖိုးတုတ် သည် ရပ်ထဲရွာထဲ မှာ ဘုရားဒကာ ၊ ကျောင်း ဒကာ ဟု အခေါ် မခံရသည့် တိုင်အောင် “ လူကောင်းကြီးပါကွာ ” ဟု အပြော ခံလာရသည် ။ သို့နှင့်လည်း တစ်ခါတစ်ခါ “ လူကောင်းကြီး စိတ်ဆိုးရင် ကြောက်စရာ ကောင်းသေးတာပဲကွယ့် ” ဟု လူပျိုကာလသားများ က ပြောကြ သေးသည် ။ သူ့ ကို မည်သူမျှ မခန့်လေးစား မလုပ်ဝံ့ကြချေ ။ သူ့ သြဇာ မှာ လည်း ရှေးက ထက် ပို၍ ထက်မြက်လာသည် ။ ကျေးလက် ၏ သဘာဝ အတိုင်း ထန်းရည်တမြမြ နှင့် မူးကြသည် လည်း ရှိ၏ ။ ညနေစောင်း ရေခပ် သွားရင်း နှင့် သမီးရည်းစား စကား ပြောကြသည်လည်း ရှိ၏ ။ ဖဲဝိုင်း ၊ ကက် ဝိုင်းများလည်း ကြိုကြားကြိုကြား ၌ ရှိ၏ ။ သို့သော် ယေဘုယျအားဖြင့် ခိုးဆိုး လုယက် လိမ်ကောက်ခြင်း သဘာဝတို့ ကင်းစင် လာသောကြောင့် ရွာကလေး ကို ရိုးဂုဏ် နှင့် လှပါသည် ဟု စာဖွဲ့လိုသော် ဖွဲ့ နိုင်ကြပါပြီ ။

စပါးဈေး အသင့်အတင့် ကောင်းသဖြင့် ရွာသူရွာသား တို့ ချောင် လည် လာသည် ။ ဝါဝင်ဝါထွက် ရှင်ပြု ပဉ္စင်းခံ အလှူပွဲများ မှာလည်း ခြိမ့်ခြိမ့် ညံလျက် ရှိသည် ။ ယခင် က အရောင်းအဝယ် ထိုင်းရသည့် အထဲ ပိုး ဖျက်၍ လယ်ပျက် များသောကြောင့် စပါးထွက် မကောင်းလှချေ ။ ပင်လယ်လုပ်ငန်း မှာ လည်း အထိအမိ နည်းသောကြောင့် ငါးပိလုပ်ငန်း အနည်းငယ် ထိုင်း သွားသည် ။ ငါးပိသမားများ အဆင်မပြေ ဖြစ်လာသောအခါ ဆားဖိုသူကြီး များ လည်း ခေါင်းမထောင် နိုင်ကြချေ ။ ဆားသမားများ အလုပ် ကောင်း ကောင်း မလုပ်ကြရသောအခါ ထင်းသမား များလည်း နွမ်းပါးလာကြသည် ။ ယခုမှာ မူ ရွာ ၏ စီးပွားရေး သည် ပြန်လည် ဖွံ့ဖြိုးလာရာ ဖိုးတုတ် သည် ရွာနီး ချုပ်စပ် လယ်ကွင်း ထဲမှ စပါးများ ကို သမ္ဗန် နှင့် ဆန်စက် အရောက် ပို့ပေး ရသော နဝလီလိုက်သည့် လုပ်ငန်း မှာ လက်မလည် အောင် ရှိနေသည် ။ နဝလီ လိုက်ရင်း ယခင် မြို့ က ပွဲစားကိုယ်တိုင် နည်းပေးလမ်းပြ လုပ်ပေးခဲ့ သောကြောင့် ကြားဝင်ပေါက် ငွေ အဖြစ် ဖြင့် ပွဲခ အတော်ကလေး ရလိုက် သည် ။ မလှသွယ် ၏ အိမ်ဆိုင်လုပ်ငန်း သည်လည်း လက်မလည် နိုင်အောင် ရောင်းဝယ်ရခြင်း ကြောင့် သားသမီးများမှာ ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်လာ ကြသည့် အပြင် လှူဖို့တန်းဖို့ အပိုအလျှံများ ကိုလည်း စုဆောင်းမိသည် ။

ထို့ကြောင့် ထိုနှစ် အတွင်း သားကလေး ထွန်းမြ ကို ရှင်ပြုပေးကြသည် ။ ထွန်းမြ ကား လူပျိုပေါက်ကလေး ဖြစ်သည့်အပြင် လိမ္မာရေးခြား ရှိသော သူငယ် ဖြစ်ခြင်းကြောင့် ရှင်လူထွက် သော အခါ ရပ်ထဲ ရွာထဲ က အပျိုတွေ သူ့ အနားမှာ ဝိုင်းဝိုင်းလည် လာကြသည် ။ ထိုအခါ မလှသွယ် ၏ မျက်နှာသည် ဆန်ကော လောက် ကြီးလာ၏ ။ သို့သော် မလှသွယ် က “ ငါ့ သား ငယ်သေးတယ်နော် ၊ သားစိတ် မယားစိတ် စိတ်မကူးနဲ့ဦး ။ မိဘကို လုပ် ကျွေးဦး ” ဟု မကြာခဏ သတိပေးသည် ။ ထွန်းမြ ကလည်း အမိ နှင့် အတူ အရောင်းအဝယ် ၌ ကျင်လည်အောင် ဆောင်ရွက်သည် ။ အဖနှင့် အတူ နဝလီ လိုက်ရင်း ဆန်စပါး ၊ ငါးပိ ၊ ဆား အရောင်းအဝယ်များ ၌လည်း နားလည် အောင် ဂရုစိုက်သည် ။ ထို့ကြောင့် သုံးလေးနှစ် ခန့် ကြာ၍ ထွန်းမြ အိမ်ထောင် ပြုနိုင်သော အရွယ်သို့ ရောက်သောအခါ ၊ ရှေးက ဖိုးတုတ် လူမိုက်ကြီး ဟု ကျော်စောကိတ္တိ ရှိခဲ့ဖူးသည်နှင့် ပြောင်းပြန် ၊ ထွန်းမြ လူလိမ္မာ ဟူသော ကောင်း သတင်းသည် ကျေးရွာအုပ်စု တစ်ခုလုံး တွင် ပျံ့နှံ့ လာလေသည် ။

ထိုအခါ မိဘ တို့ သည် သား ကို နေရာချဖို့ ရည်မှန်း လာကြသည် ။ ထွန်းမြ ကလည်း “ ကျွန်တော် မိန်းမ မယူချင်သေးပါဘူး ။ ဒါပေမယ့် အဖေ တို့ ၊ အမေ တို့က တော်မည် ထင်လျှင် စီမံတဲ့အတိုင်း ဖြစ်ရပါစေ့မည် ” ဟု တိတိလင်းလင်း ဝန်ခံထားသည် ဖြစ်ရာ ၊ ဖိုးတုတ် နှင့် မလှသွယ် တို့သည် သားကလေး ကို အရိပ် တကြည့်ကြည့် နှင့် ကြည့်ရင်း သားကလေး အတွက် ကြင်ရာလောင်း ကို ကိုယ်တိုင် ရှာဖွေကြဖို့ အရေးကြုံလာသည် ။ ပထမ ၌ ဟိုဘက်ရွာ ၊ သည်ဘက်ရွာ အစရှိသော အခြားတစ်ပါးသော ရွာများတွင် သား နှင့် ဖူးစာဖက်ဖို့ မိန်းကလေးများ ရှိ မရှိ စနည်းနာ ကြည့်သေး၏ ။ သို့သော် ဓာတ်သိ ရွာခံ သာလျှင် ကောင်းလိမ့်မည်ဟု သဘောရကြ သဖြင့် ရွာလယ် ရှိ ကြေးရတတ် တစ်ဦး ၏ သမီး တစ်ယောက် ကို ရည်စူးမိကြသည် ။ ကြေးရတတ် ဆိုသည် မှာ ကျေးရွာအတိုင်းအတာ ဖြင့် သူဌေး ဟု ဆိုလျှင် ဆိုလောက်ပါ၏ ။ သို့သော် အရပ် က သူဌေး ဟု အသိအမှတ်ပြုခြင်း ခံရသူ ကား မြစ်ဝကျွန်းပေါ် သဘာဝ အတိုင်း လယ်ဧက ၆ဝ မျှ ကိုသာ ပိုင်ဆိုင်သည် နှင့်ပင် ၊ လယ်ယာလုပ်ငန်းမှ တစ်နှစ် လျှင် ဝင်ငွေ တစ်ထောင်ကျော်လျှင် စီးပွားတက်ပြီ ဟု အမှတ်သညာ ပြုကြသည် ။ နှစ်စဉ် ချွေတာသုံးစွဲ၍ ရပ်ရွာ ဓလေ့အတိုင်း စပါးပေး ပေးခြင်း ၊ ငါးပိပေး ပေးခြင်း ၊ သစ် ၊ ဝါး ၊ ဓနိ ရောင်းခြင်း စသော ဗာဟီရလုပ်ငန်း ကို လည်း လုပ်သောကြောင့် တစ်နှစ် တစ်ထောင် ကျော် ဆိုလည်း ဟုတ်၏ ။ နှစ်ထောင် ကျော် ဆိုလည်း ဟုတ်၏ ။ ထို့ကြောင့် သူ ၏ ငွေကြေး ရတတ်သော သဘာဝကို အကြောင်းပြု၍ သူ့ ကို ပိုက်ဆံ ရှိသူ ဟုလည်း ခေါ်ကြသည် ။

ထို့ကြောင့် ယင်း ပိုက်ဆံရှိသူ ဦးဘိုးဦး နှင့် ဒေါ်ဇံ တို့၏ သမီး မကျေးအုံ ကို ဦးဖိုးတုတ် နှင့် ဒေါ်လှသွယ် တို့က မျက်စိ ကျ၍ ရှေးဦးပထမ အောင်သွယ် တို့နှင့် နားဖောက်ရာ ခရီးအတော် ပေါက်သည် ။ သို့သော် ဦးဘိုးဦး တစ်ယောက် ရုတ်တရက် ကွယ်လွန်လေသည် ။

တစ်ဦး နှင့် တစ်ဦး ရင်းနှီးလာပြီ ဖြစ်၍ ဦးဘိုးဦး ကွယ်လွန် သည်မှာ ဦးဖိုးတုတ် ၊ ဒေါ်လှသွယ် တို့၏ ဆွေမျိုးရင်းချာ တစ်ဦး ကွယ်လွန်သည် နှင့် မခြားတော့ချေ ။ မသာကိစ္စ အဝဝ ၌ ဦးဖိုးတုတ် ၊ ဒေါ်လှသွယ် တို့ ကိုယ်တိုင် ကမ္မကထ ပြု၍ ဆောင်ရွက် ပေးကြသည် ။ ဦးဖိုးတုတ် သည် မိမိ ၏ အတွေ့ အကြုံအရ မသာ အိမ်မှာ ဖဲဝိုင်း ထောင်ခြင်း သဘာဝ ၏ ဆိုးကျိုးကို ကောင်းစွာ ကြုံတွေ့ ဖူးခဲ့သည်ဖြစ်၍ ဦးဘိုးဦး မသာ ၌ ဖဲဝိုင်း မထောင်ကြဖို့ ပြောဆိုပါ သေးသည် ။ သို့သော် လူငယ် အများစု က “ ဘကြီးရယ် ၊ ထုံးစံရှိတဲ့ အတိုင်း လုပ်ကြတာပါ ။ ကျွန်တော် တို့ လူသိုက် ထဲမှာ ဟော့ဟော့ရမ်းရမ်း သမားတွေ မပါပါဘူး ” ဟု စောဒက တက်သည် ။ ဦးဖိုးတုတ် ကမူ မိမိသည် အိမ်ရှင် မဟုတ်သဖြင့် ဖိဖိစီးစီး မပြောသာချေ ။ ဒေါ်ဇံ ကိုယ်တိုင် ကလည်း သံဃာ အား ဘုရား မဆန်သာ ဟူသော စကားဖြင့် လူငယ် တို့ ၏ သဘော ကို လိုက်လျော လိုသော အရိပ်လက္ခဏာ ပြသည် ။

ထို့ကြောင့် ဦးဖိုးတုတ် က သား ထွန်းမြ ကို ခေါ်၍ “ ငါ မင့် အမေ နဲ့ အိမ် ပြန်နှင့်မယ် ။ ငါတို့ အားလုံး အတူတူ ပြန်ရင် ဒေါ်ဇံ စိတ် မကောင်း ဖြစ်နေ မယ် ။ ဒါ့ကြောင့် ငါ့ သား နေရစ်ခဲ့ ။ ဒါပေမယ့် ကြာကြာ မနေနဲ့ ” ဟု ဆိုပြီး နောက် ဒေါ်လှသွယ် နှင့် အတူ အိမ်ပြန် သွားသည် ။

ဦးဖိုးတုတ် အိမ်ပြန်သည်နှင့် တစ်ပြိုင်နက် ဖဲဝိုင်း ကို စ ကြသည် ။ ငြိမ်ငြိမ်သက်သက် ကစားကြသည် ။ မီးဖို ထဲတွင် မကျေးအုံ က ရေနွေးအိုး တည်သည် ။ ထွန်းမြ က လက်ဖက်ရည်ကရား ထဲ ရေနွေးထည့် ၍ လက်ဖက် ခြောက်ခတ်ပြီးလျှင် လာသမျှ ဧည့်သည် ကို ဧည့်ခံသည် ။ သူတို့ နှစ်ဦး ဘာစကားမျှ အပို မပြောကြပါ ။ သို့သော် ဓာတ်သိ သူငယ်ချင်းများ က သူတို့ ကို စ ကြသည် ။

ထွန်းမြ မျက်နှာ ပူလာသည် ။ ထို့နောက် အဖေ မှာ သည် ကို သတိ ရသည် ။ ထို့ကြောင့် ဒေါ်ဇံထံ ချဉ်းကပ်၍ “ ကြီးတော် ၊ ကျွန်တော် အိမ် ခဏ ပြန်လိုက်ဦးမယ် ” ဟု ဆိုသည် ။ ဒေါ်ဇံ ကို ကြီးတော် ဟု ခေါ်နေကျမို့ ခေါ်ခြင်း ဖြစ်သော်လည်း ၊ စင်စစ် မကျေးအုံ ခေါ်သကဲ့သို့ “ အမေ ” ဟု ခေါ်လိုက်ချင်သည် ။ သို့ရာတွင် ထွန်းမြ ၌ ထိုမျှလောက် သတ္တိ မရှိချေ ။ 

ထွန်းမြ အိမ်ပြန်ပါရစေ ဟု ခွင့်ပန်နေဆဲ ၌ပင် အိမ်ရှေ့ဖဲဝိုင်း တစ်ခု မှ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ ပေါ်ထွက် လာလေသည် ။

ထို ဖဲဝိုင်း ထဲတွင် အရက်မူး နေသော သူငယ် တစ်ယောက် ပါသည် ။ ထို သူငယ် သည် အရက်မူး နေ၍ ပုံပျက်ပန်းပျက် ဖြစ်နေသည် ။ ထို့ကြောင့် သူ့ ကို ကာလသားတို့ က ဝိုင်းဝန်း၍ ထိန်းကြသည် ။ သို့သော် သူ က အမူးသမား တို့၏ ထုံးစံအတိုင်း “ ငါ့ ပါးစပ် နဲ့ ငါ သောက်တာ ဘာဖြစ်သလဲ ” ဟု ဆိုသည် ။ ကာလသား အများက သူ့ ကို ပထမ ချော့ကြသေး၏ ။ ချော့လေ ကဲလေ ဖြစ်လာသောအခါ ဝိုင်း ထဲမှ ဆွဲထုတ်ကြသည် ။ အမူးသမား လည်း ဒယိမ်းဒယိုင် နှင့် လမ်းမ ဘက် သို့ ထွက်သွားသည် ။ ဤမျှနှင့် ရန်စဲသွား သောအခါ ထွန်းမြ နှင့် မကျေးအုံ တို့သည် ဒဏ္ဍာရီပုံပြင် ထဲ ကလို မင်းသား နှင့် မင်းသမီးကလေး နှစ်ဦး အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေ သတည်း ဟု ပြောရဖို့သာ ရှိပေတော့မည် ။

ရုတ်ရုတ်သဲသဲ ဖြစ်လာသော အခါ မကျေးအုံ သည် မီးဖိုဆောင် ထဲမှ ထွက်လာသည် ။ ထွန်းမြ က အိမ် ပြန်ရန် ဖိနပ်ချွတ် သို့ ဆင်း၍ ဖိနပ်ကို စွပ် နေစဉ် မကျေးအုံ က “ ရှင် ဘယ်သွား မလို့လဲ ” ဟု မေးသည် ။ ထွန်းမြ က “ အိမ် ပြန်မလို့ ” ဟု ဆိုသည် ။

“ ဒီမှာ ရုတ်ရုတ် ၊ ဖြစ်နေတုန်း ရှင် ပြန်လို့ ကောင်းပါ့မလား ”

မကျေးအုံ က ဒါပဲ ပြောသည် ။ ထွန်းမြ က ဘာမျှ ဆင်ခြေ မတက်ချေ ။ ဖိနပ် ကို ပြန် ချွတ်ပြီးလျှင် မကျေးအုံ နှင့် အတူ မီးဖိုဆောင် ထဲသို့ ပြန်လိုက် သွားသည် ။ မီးဖိုဆောင် ထဲမှာ သူတို့ နှစ်ဦး ဆက်လက်၍ တုဏှိဘာဝေ နေကြသည် ။ မကျေးအုံ က မီးမွှေးသည် ။ ထွန်းမြ က လက်ဖက်ရည်အိုး ပြင်သည် ။ လင်ပန်း ထဲမှာ လက်ဖက်ရည်ပန်းကန် လေးငါးလုံး ကျ စီ ၍ အလယ်တွင် လက်ဖက်ရည်အိုး ကို ချသည် ။ လင်ပန်း ကို မ၍ ထွန်းမြ အိမ်ပြင်သို့အထွက် ...

အရက်မူးသမား က လမ်းမ ပေါ်မှ ဆဲဆို၍ အိမ် ပေါ်သို့ ပြေးတက် လာသော ခြေသံ ကို ကြားရသည် ။ “ သူ့ လက်ထဲ ဓားမြှောင် နဲ့ကွ ” ဟု လူငယ် များ ဝိုင်း အော်သံ ကိုလည်း ကြားရသည် ။ ပြေးကြလွှားကြသော အသံ ကို လည်း ကြားရသည် ။ အသံမျိုးစုံ ကို ကြားရသော ထွန်းမြ သည် လက်ဖက်ရည် ပန်း ကို ကိုင်၍ လှုပ်ရှား နေသော ပရိသတ် ရှေ့မှောက် သို့ ရောက်လာသည် ။

အရက်မူးသမား သည် ဓားမြှောင် ကို ဝှေ့၍ လူတော ထဲ အတင်း တိုး ဝင်လာသော အခါ ဝိုင်း ထဲက လူများ ရှဲသွားကြသည် ။ အထူးသဖြင့် ယခင် အရက်မူးသမား ကို ဝိုင်းထဲ မှ ဆွဲထုတ်ကြသူများ သည် လာမည့်ဘေး ကို မြင် ကြသဖြင့် အဝေးသို့ ချက်ချင်း ရှောင်ကြသည် ။ ထိုအခါ အရက်မူးသမား သည် အားလွန်၍ လက်ဖက်ရည်ပန်း ကို ဝင် တိုက်ရာ ထွန်းမြ လက် ထဲ မှ လက်ဖက်ရည်ပန်း လွတ်ကျ သွားသည် ။ ထွန်းမြ ကား ရန်သူ က စီရင်ချင် သလို စီရင်ရန် မိမိ ရင် ကို ဖွင့်ပေးဘိ သကဲ့သို့ ။ အရက်မူးသမား ၏ ဓားမြှောင် လည်း လက်ခနဲ ၊ ဝင်းခနဲ ဖြစ်သွားသည် ။

ထွန်းမြ သည် လက်ဖက်ရည်ပန်း ပေါ် တွင် မှောက်လျက် လဲကျ သွားလေသည် ။

ထွန်းမြ နှင့် မကျေးအုံ တို့ တည်ဆောက်မည့် ကမ္ဘာကြီး သည် လက်ဖက်ရည်ပန်း ထဲတွင် ကျွမ်းပြန် ၍ ဗြန်းခနဲ ကွဲလေသည် ။

ဤလောကကြီး သည် ဖြစ်သင့်ဖြစ်ထိုက်တာ ချည်း ဖြစ်နေသည် မဟုတ် ။ မဆိုင်သူ က ဓားစာခံ ဖြစ်ရသည့် အတွက် ရွာသူရွာသားများ မခံချိ ဖြစ်နေကြသော်လည်း ကံတရား က မည်သူ့ ကိုမျှ ဂရုမစိုက် ။ မဖြစ်ချင်တာ လည်း ဖြစ်အောင် ဖန်တီးသည် ။

ထို့ကြောင့် ရွာလယ်ပိုင်း မှ စ၍ အုန်းအုန်းကျွက်ကျွက် အော်ဟစ်ကြ သော အသံ သည် ရွာဦး ရွာထိပ် မှ ရွာ အနောက်ပိုင်း အထိ လွှမ်းမိုး သွားသည် ။

အရက်မူးသမား ကို ဖမ်းဟဲ့ ဆီးဟဲ့ ဟုဆို၍ လိုက်ကြသည် ။ ဖိုးတုတ် မသိစေနှင့်ဦး ဟုလည်း သတိပေးကြသည် ။ သို့သော် ဖိုးတုတ် မသိဘဲ မရှိနိုင် ချေ ။ သူ့ ကို ဘယ်သူ ကမျှ မပြော သော်လည်း သူ သိလိမ့်မည် ထင်သည် ။ အဘယ်ကြောင့်ဆိုသော် မသာအိမ် မှာ ဓားထိုးမှု ဖြစ်သည်ဟု သူ့ ထံ သတင်း လွင့်လာသည်နှင့် တစ်ပြိုင်နက် ဖိုးတုတ် သည် ပါးစပ် မှ “ ထွန်းမြ ဘာဖြစ်ပလဲ မသိဘူး ” ဟုဆို၍ ဓားရှည်တစ်ချောင်း ကို ဆွဲပြီး လျှင် အိမ် ထဲမှ လွှားခနဲ ဆင်းပြေးသည် ။ လေး မှ လွှတ်လိုက်သော မြားသည် ပစ်မှတ် ကို တစ်မုဟုတ် ချင်း ရောက်ဘိ သကဲ့သို့ တစ်ခေါ်လောက် သွားရသော ခရီး ကို ဖိုးတုတ် တစ်ခဏ နှင့် ရောက်သည် ။

ရောက်လျှင် ရောက်ချင်း လူတော ထဲ အတင်း ဝင်တိုး၍ ကြည့်လိုက် သောအခါ ရင်ကျိုးစရာ ရှုမြင်ကွင်း ကို ဖိုးတုတ် မြင်ရသည် ။

သားကလေး ထွန်းမြ ။ သွေးအိုင် ထဲ တွင် မှောက်လျက် ။ ဖိုးတုတ်က သား ကို အသာပွေ့၍ အသာအယာ ပက်လက်လှန် ကြည့်သည် ။ ထွန်းမြ မရှိတော့ချေ ။

ဒေါ်ဇံ သည် ဟစ်၍ ငိုသည် ။ မကျေးအုံ က ရှိုက်သည် ။ အသံ မထွက် ။ လည်ချောင်း ထဲ မှာ တစ် နေသည် ။ အချို့ က “ ငိုဟဲ့ ငို ငို ” ဟု ပြောသည် ။ မိဘ တွေ သဘောတူပြီးသား မို့ ချစ်မလို့ ချစ်ညှောင့်ကလေး ထွက်စမှာ အမယ်မင်း ဘယ်လို ဖြစ်ရတာတုံး ။ သို့သော် အော် ငိုရမှာလည်း အခက် ၊ မငိုဘဲလည်း မနေနိုင် ။ ရင် ထဲမှာ ပရိဒေဝမီး တို့သည် တငွေ့ငွေ့ လောင်သည် ။ မီး အရှိန် ရသောအခါ မကျေးအုံ ငိုလိုက်ပါသည် ။ သို့ရာတွင် အသံ က တအိအိ နှင့် ၊ ညှစ်ထုတ် ၍ မရတော့ပါ ။

အများက လူကောင်းကြီးပါ ဟု ပြောရသော ဦးဖိုးတုတ် သည် တစ်ခဏ နှင့် လူမိုက်ကြီး ဖိုးတုတ် ဖြစ်သွားသည် ။ သူ တစ်ချက်မှ မျက်ရည် မကျ ၊ တက် တစ်ချက် သာ ခေါက်လိုက်သည် ။ ထို တက်ခေါက်သံ ၏ အနက် အဓိပ္ပာယ် ကို နောက်မှ ပြေးလိုက်လာသော ဒေါ်လှသွယ် နှင့် သူ ၏ ယောက်မ နှစ်ယောက် ကသာ ကောင်းကောင်း သိသည် ။ ထို့ကြောင့် ဒေါ်လှသွယ် သည် သား အတွက် တစ်ချက်မျှ ဟစ်ငိုလိုက်ပြီး နောက် လင့် အကြောင်း ကို သိ သဖြင့် ဆက်မငို ။

“ ကိုဖိုးတုတ် သတိထားနော် ၊ ရှင့် လက် က ဓားကြီး ချလိုက်ပါ ” ဟု ဒေါ်လှသွယ် က သတိပေးသည် ။

ဤကဲ့သို့ ဒေါ်လှသွယ် က သတိပေး လိုက်ခါမှ ဦးဖိုးတုတ် သည် ဓားရှည် ကို တင်းတင်းကျပ်ကျပ် စွဲကိုင်၍ ရှိန်းဆာယာ ပိုမောက်သော ယောက်ျား ကဲ့သို့ လွှားခနဲ ထ ခုန်ပြီး လျှင် “ ငါ့သား ကို သ,တ်တဲ့ အကောင် ၊ သင်း ကို အရှင် မထားဘူး ” ဟု ကြုံးဝါးကာ ဓား ကို ဝိုင်း ဆွဲနေသော ပရိသတ် များ အကြား မှ လက်လွတ် ထွက်ပြေးသည် ။ ဦးဖိုးတုတ် ကို ဘီလူးစီးပြီ ။

ထိုည တစ်ညလုံး ဦးဖိုးတုတ် သည် ရွာစဉ် ကို ခေါက်တုံ့ခေါက်ပြန် လျှောက် ၍ အရက်မူးသမား ကို ရှာသည် ။ အရက်မူးသမား ကား ရွာနီးချုပ် စပ် မှ လာရောက်သူ အာဂန္တု ဖြစ်ရာ ရုတ်တရက် အားဖြင့် သူ ဘယ်မှာ တည်းခိုသည် ကို မသိကြချေ ။ တရားခံ ကို အစ ဖော်ပေးနိုင်မည့် သူ တစ်ယောက်တလေ ရှိကောင်းရှိနိုင်သော်လည်း တုတ်တပြက် ဓားတပြက် နှင့် တစ်သေ က နှစ်သေ ဖြစ်လာမည့် အရေး ကို မျှော်တွေး ကြောက်ရွံ့၍ မည်သူ ကမျှ တရားခံ ရှိမည့် နေရာ ကို မညွှန်ကြလေ ။ တရားခံ ကို မတွေ့ လေလေ ၊ ဖိုးတုတ် ၏ အမှောင်တိုက် သည် မိုက်၍ မည်းလာလေ ဖြစ်သည် ။

ဒေါ်လှသွယ် ကား တစ်ညပတ်လုံး ဦးဖိုးတုတ် နောက်သို့ သူ့ ယောက်မ နှင့် အတူ လိုက်၍ “ ကိုဖိုးတုတ် သတိထားပါ ၊ ကိုဖိုးတုတ် သတိ ထားပါ ” ဟု နှိုးဆော်သည် ။

ဤသို့ နှိုးဆော်ရင်း နှင့် လင်းကြက်ဆော် လာသည် ။ ဦးဖိုးတုတ် ၏ ဇနီး နှင့် အိမ်သူအိမ်သား တို့ကား မောဟိုက်၍ နေကြသည်မှာ အမှန်ပင် ။ သို့သော် မည်သူမျှ မရပ်မနား နိုင်ကြချေ ။ ရှေ့က ပြေးသူ ကို နောက်က လိုက်သူ က လိုက်မြဲ လိုက်ရသည် ။ မိုးစင်စင် လင်းသောအခါ ဒေါသမီး တောက်နေ သော ဦးဖိုးတုတ် ကို ဈေးပိုင်း သောက်ရေအိုးစင် အနား၌ ပက်လက်လန် နေ သည်ကို တွေ့ ရသည် ။

တွေ့လျှင် တွေ့ချင်း ဒေါ်လှသွယ် က ဦးဖိုးတုတ် ၏ ဓားရှည် ကို သိမ်းသည် ။ ဦးဖိုးတုတ် ၏ ညီမကလေး က ဦးဖိုးတုတ် ကို “ အစ်ကို ၊ အစ်ကို ” ဟု အသံပေးသည် ။ ဦးဖိုးတုတ် ကား အိပ်ပျော်နေသည် မဟုတ် ။ မတရား လောကကြီး ထဲ မှာ ငါ့သား မတရား အသေခံရလေခြင်း ဟု စိတ်ထဲတွင် နုံ့နုံ့ နုံ့နုံ့ နှင့် ဒေါသမီး ကျွမ်းနေခြင်းသာ ဖြစ်သည် ။ သို့သော် ညီမကလေး ၏ အသံ ကြားသောအခါ ဦးဖိုးတုတ် သည် ခေါင်းထောင် ထ သည် ။ ညီမကလေး က ပွေ့ချီသည် ။ ဒေါ်လှသွယ် လည်း ဓားရှည် ကို သူ့ အိမ်သား တစ်ဦး အား လှမ်းပေးပြီး လျှင် ဦးဖိုးတုတ် ၏ နဖူး နှင့် ရင်ဘတ်၌ စီးကျနေသော ချွေးတို့ ကို သုတ်ပေးသည် ။ နံနက်ခင်း မို့ ချွေးသီးချွေးပေါက်များ စေးထန်း၍ နေသည် ။

ထို့နောက် သမီးယောက်မ နှစ်ဦးသည် ဦးဖိုးတုတ် ကို တွဲ၍ အိမ်ဘက် သို့ ခေါ်ဆောင် သွားကြသည် ။

အရပ် ထဲ မှာ တအုန်းအုန်း ၊ ဦးဖိုးတုတ် ၏ ဒေါသကား ပြေသေးသည် မဟုတ် ။ သို့သော် ဆွေမျိုး အားလုံး က ဝိုင်းဝန်း၍ တရားချကြသည် ။

“ သူ့ ကိစ္စ ကို သူ စီရင် ပါလိမ့်မယ် ။ တရားဥပဒေ မရှိတာမှ မဟုတ်ဘဲ ။ တရားခံ မိ ရင် တရားအတိုင်း ဖြစ်ရမှာပေါ့ ။ မိလည်း မိမှာပါပဲ ။ ဒီအကောင် မပြေးနိုင်ပါဘူး ။ တစ်မှု က နှစ်မှ မဖြစ်ရအောင် စိတ် ကို ဖြေပါ ။ ငယ်ရာ က ကြီးလာကြပြီ ။ ဒီ အရွယ် မှာ တရား နှင့် ဖြေနိုင်ရမယ် ”

ဤကဲ့သို့ ညီအစ်ကို မောင်နှမ ဒွေးတော် ဘကြီး စသည် တို့က တစ်စ တစ်စ နှင့် စိတ်ပြေအောင် ပြောတွင်း ဆိုတွင်း ၌ တစ်ဦး က “ တရားခံ ကို မိလို့ ဂါတ်တဲ ခေါ်သွားပြီ ” ဟု လာရောက် သတင်း ပေးသည် ။

ဦးဖိုးတုတ် သည် သူ့ သား အတွက် ကလဲ့စား ချေဦးမည် ဟူသော အကြံ နှင့် လဲလျောင်းနေရာမှ ကုန်းထသည် ။ ဇနီး နှင့် ညီမကလေး အပြင် သူ ၏ ယောက်ဖ စသည်တို့ က အတင်းဝိုင်း၍ ဆွဲ ကာမှ ကြမ်း ပေါ် တွင် ပစ်၍ လဲသည် ။

အချိန်သည် တရွေ့ရွေ့နှင့် သွားနေသည် ။ ဦးဖိုးတုတ် ၏ ဒေါသသည် လည်း တရွေ့ ရွေ့ နှင့် တက်သည် ။ သို့သော် အတက် ရှိ က အကျ လည်း ရှိရမည် ။ ထို့ကြောင့် ဆွမ်းခံချိန် လောက် ရောက်သောအခါ ဦးဖိုးတုတ် လည်း မောမော နှင့် အိပ်ပျော်သွားလေပြီ ။ ဒေါသမီး အရှိန်ကျ၍ သာလျှင် သူ အိပ် ပျော်ခြင်း ဖြစ်မည် ။

ဆွမ်းခံဝင်ချိန် တွင် ဓားထိုးမှု သတင်း သည် တစ်ရွာလုံး နှံ့သွားပြီဖြစ် ရာ ဦးဖိုးတုတ် တို့ ကိုးကွယ်သော ဘုန်းတော်ကြီး က အလုံးစုံ ကို ကြားသိ ရသည် ။ ထိုအခါ ဘုန်းတော်ကြီး က လူ လွှတ်၍ ဦးဖိုးတုတ် ကို ကျောင်းသို့ ခေါ်ခဲ့ရန် အကြောင်းကြားသည် ။ ဘုန်းတော်ကြီး က ထိုမျှသာ မှာကြားခြင်း ဖြစ်သည် ။

သို့သော် ဒေါ်လှသွယ် သည် မိမိ ၏ ဉာဏ်ပဋိဘာန် နှင့် ဆင်ခြင်ပြီး လျှင် ဦးဖိုးတုတ် အိပ်မောကျနေချိန် သင်္ကန်း ၊ သပိတ် ပရိက္ခရာ တို့ကို စုံစေ့အောင် ဝယ်ခြမ်း စုဆောင်းသည် ။ ထို့နောက် ယင်းတို့ ကို ကျောင်း သို့ ပို့သည် ။ “ ဦးဖိုးတုတ် ကို သာသနာ့ဘောင် သို့ သွင်းပေးတော်မူပါ ဘုရား ” ဟု တစ်ဆင့် စကားဖြင့် လျှောက်ထား လိုက်သည် ။ ဆရာဘုန်းတော်ကြီး လည်း ဥပသမ္ပဒကံ ဆောင်ရန် အလို့ငှာ လိုအပ်သော သံဃာများ ဖြင့် အရန်သင့် စီမံလေသည် ။

ဦးဖိုးတုတ် သည် နေ မွန်းမတည့်မီ အိပ်ရာ က နိုးသည် ။ သား အတွက် ပူဆွေး နေသော ဒေါ်လှသွယ် သည် ငိုကြွေးရန်ပင် အချိန် မရရှာ ။ ထုံးစံအတိုင်း သား ၏ ရုပ်အလောင်း ကို သက်ဆိုင်ရာ ဂါတ် က အမှုထမ်းများ နှင့် ဆရာဝန် တို့ က စစ်ဆေးစေပြီးသော် ၊ အိမ် ၌ ရုတ်တရက် အလောင်း ပြင်ခွင့် မပေး သေးဘဲ ဦးဖိုးတုတ် ကို ပထမ ပြုစုသည် ။ ထမင်း ကျွေးသည် ။ ဦးဖိုးတုတ် လည်း ယခု မှ ရင် ဟာ လာ၍ အတော်ကလေး အားအင် ပြည့်ဖြိုးအောင် နံနက်စာ ကို မွန်းတည့် လောက် မှာ စားသည် ။

ထို့နောက် ဒေါ်လှသွယ် က ဦးဖိုးတုတ် ကို နားချသည် ။ ဦးဖိုးတုတ် သည် ငိုင် နေသော်လည်း ဒေါ်လှသွယ် ပြောသမျှ ကို နာယူဟန် ရှိသည် ။

“ တော် ဘုန်းကြီး ဝတ်တော့ ။ တစ်ဝါ ပဲ ဆိုဆို နှစ်ဝါ ပဲ ဆိုဆို ၊ ကျုပ် နဲ့ သားသမီးတွေ အတွက် မပူနဲ့ ။ စိတ် ပြေဖို့ ၊ စိတ် အေးချမ်းဖို့ ၊ တရားရဖို့ ၊ အဲဒါတွေ အရေးကြီးတယ် ။ ကိုဖိုးတုတ် ရယ် ၊ ကျုပ် ပြောတာ နားထောင်နော် ”

ဤကဲ့သို့ ဒေါ်လှသွယ် က တရားချသည့် အတိုင်း ဦးဖိုးတုတ် ၏ ညီမကလေး နှင့် အဆွေအမျိုး တို့က ဝိုင်းဝန်း နားချသည် ။

ဦးဖိုးတုတ် သည် ကြိတိ ကြောင်တောင် နှင့် ပင် ဇနီး ၊ ညီမကလေး နှင့် တကွ ညီအစ်ကို မောင်နှမ သားသမီး တို့ က ဝိုင်းဝန်း ခြံရံ၍ ဘုန်းကြီးကျောင်း သို့ ခေါ်ဆောင်ရာ ၌ အသာတကြည် လိုက်ပါ သွားသည် ။ ဘုန်းတော်ကြီး ရှေ့သို့ ရောက်ခါမှ ဦးဖိုးတုတ် သည် သည်းထန်စွာ ငိုကြွေး လေသည် ။

“ ဘဝ သံသရာ ထဲမှာ တကာဖိုးတုတ် မျက်ရည် ကျခဲ့ရတာတွေ ဟာ ပင်လယ်သမုဒ္ဒရာ နဲ့ နှိုင်းကြည့်ရင် ပင်လယ်ရေ က နည်းချင် နည်းမယ် ။ တကာ ကျခဲ့ရတဲ့ မျက်ရည် က နည်းမှာ မဟုတ်ဘူး ။ ချစ်သူ နဲ့ ကွေကွင်းရခြင်း ဆိုတဲ့ ဆင်းရဲ ကို အဆုံးသတ်ဖို့ ကတော့ ရဟန်းဘဝ နဲ့ တရား ရှာဖို့ပဲ ။ ဒီတော့ တကာကြီး အားရ အောင် ငိုပြီးရင် အစီအစဉ်အတိုင်း လုပ်ကြဖို့ပဲ ရှိတယ် ”

ဘုန်းတော်ကြီး က ထိုမျှလောက် သာ တရားချပါသည် ။ ဦးဖိုးတုတ် ကား တရား ကို မြင်စ ပြုပါပြီ ။ ထို့ကြောင့် ဦးဖိုးတုတ် သည် ဘုန်းတော်ကြီး ကို ရိုသေစွာ ဦးသုံးကြိမ် ချပြီး လျှင် “ တပည့်တော် ကို ရဟန်း ပြု ပေးပါတော့ ဘုရား ” ဟု လျှောက်ထားသည် ။

မွန်းလွဲ ညနေ ၅ နာရီ လောက် တွင် ဦးဖိုးတုတ် သည် ရဟန်းဘဝ သို့ ရောက်ရှိ လေသည် ။

ထိုအချိန် ကျမှ သာလျှင် ထွန်းမြ ၏ ရုပ်ကလာပ် ကို မြို့နယ်ဆေးခန်း ရင်ခွဲရုံ မှ ယူလာ၍ ပြင်ဆင် ကြလေသည် ။

ဒေါ်လှသွယ် သည် အံ့မခန်း မိန်းမ ဖြစ်သည် ။ တစ်ဖက်တွင် သား အတွက် အပူမီး ကြွနေဆဲ ။ လင်ကို ရဟန်းဘောင် သို့ သွတ်သွင်းရန် ဆောင်ရွက် ရသည် ။ တစ်ဖက် တွင် သား ၏ ရုပ်ကလာပ် ကို အိမ် ၌ အသင့်အတင့် ပြင်ရသည် ။ တစ်ချက် တစ်ချက် တွင် သား ၏ အဖြစ်ဆိုး ကို ကြည့်၍ ငိုမိသည်ကား အမှန်ပင် ။

သို့သော် သူ သည် ဣန္ဒြေ ခြောက်ပါး ကို ကောင်းစွာ ထိန်းချုပ် ထားနိုင်သည် ။

ဤအဖြစ်အပျက် တို့ လွန်ခဲ့ပြီ ။ သား ဖြစ်သူ လည်း အရိုး ဆွေးပြီ ။ သား ကို သ,တ်သူ တရားခံ လည်း လူသေမှု နှင့် ထောင်ကျ ပြီးပြီ ။ အိမ်၌ ကျန်ရစ်သူ ဇနီး ၊ ညီမ စသည့် အဆွေအမျိုး တို့လည်း ရှေးယခင် က ကဲ့သို့ ပရိ ယေသနဝမ်းစာ ရှာမှီးသော အလုပ် ၌ ပုံမှန်လုပ်ကိုင် ဆောင်ရွက် နေကြပြီ ။ ဦးဖိုးတုတ် သည်လည်း လူဝတ်ကြောင် ဘဝ မှ ဦးစန္ဒိမာ ဟူသော ဘဝသို့ ကူးပြောင်းခဲ့ပြီးပြီ ။

ဦးစန္ဒိမာ တစ်ဝါ ဆို ပြီးသော အခါ တကာမကြီး ဒေါ်လှသွယ် ကျောင်း သို့ လိုက်လာ၍ “ ဦးပဉ္စင်းကြီး ….သာသနာ့ ဘောင် မှာ ပျော် သလောက် နေပါ ၊ တပည့်တော်မ တို့ အတွက် ဘာမျှ စိတ် မပူပါနဲ့ ။ တပည့်တော် အိမ်မှုကိစ္စ အဝဝ ကို အားလုံး ဆောင်ရွက်နိုင်ပါတယ် ဘုရာ့ ” ဟု လျှောက်သည် ။ ဦးစန္ဒိမာ က “ ငါ လူ ထွက်ဖို့ စိတ် မကူးတော့ဘူး ” ဟု အမိန့် ရှိသည် ။ တကာမကြီး က “ ဦးပဉ္စင်းကြီး ပျော်ရင် တစ်သက်လုံး ရဟန်းဘဝ နဲ့ အရိုးထုတ်ပါ ၊ တပည့်တော်မ ခွင့်ပြုပါတယ် ” ဟု မျက်ရည် အစစ နှင့် တင် လျှောက်သည် ။

တကာမကြီး ဒေါ်လှသွယ် သည် ဦးစန္ဒိမာ အား စိတ်မချသေးသော ကြောင့် နှစ်စဉ် နှစ်တိုင်း အဆိုပါ စကား တို့ဖြင့် လျှောက်ထားသည် ။ ငါးဝါ ရသောအခါ ဦးစန္ဒိမာ က “ တကာမကြီး ခဏခဏ လာ မလျှောက်နဲ့ ၊ ကျုပ် ဘယ်တော့မှ လူ မထွက်တော့ဘူး ” ဟု ဆိုသည် ။

ဦးစန္ဒိမာ ကို စိတ်ချရပြီ ဟု ဆိုသောအခါ တကာမကြီး ဒေါ်လှသွယ် သည် မမာမကျန်း ဖြစ်လာသည် ။ ဦးစန္ဒိမာ သည် တကာမကြီး ကျန်းမာပါစေ ဟု အမြဲ မေတ္တာပို့သည် ။ သို့သော် “ ငါတို့ သည် တစ်ဦး နှင့် တစ်ဦး ဘဝ ခြား ဖို့ နီးလာပြီ ” ဟု စိတ် တွင် အမှတ် ထားလိုက်သည် ။

ဒေါ်လှသွယ် သည် နာတာရှည် ဖြစ်လာ ပြီးနောက် တစ်နှစ်ခန့် ကြာ သော် ကွယ်လွန်သည် ။ ဒေါ်လှသွယ် ကို ရည်စူး၍ ဆွမ်းသွတ်သော အခါ ဦးစန္ဒိမာ ကိုယ်တိုင် ကြွရောက်၍ ပရိတ် ရွတ်သည် ။ တရားဟောသည် ။ မေတ္တာဓာတ် အကြောင်း ဟောကြားသည် ။

“ တကာ တကာမတို့ ၊ ငါဟာ အင်မတန် စိတ်ပြင်းတယ် ။ ဒေါသ ထွက် လာရင် တိုက်ဖို့ ခိုက်ဖို့ မခက်တော့ဘူး ။ ငါ ဟာ ငါ့ သား ကိစ္စတုန်းက ဒေါသ အလို လိုက်ပြီး မိုက်မှားဖို့ ကြံစည်ခဲ့တယ် ။ ဆရာ ဘုန်းတော်ကြီး ရဲ့ အဆုံးအမ ကြောင့် ငါ သတိ သံဝေဂ ရတယ် ။ ဆရာဘုန်းတော်ကြီး ပေးတဲ့ မေတ္တာကမ္မဋ္ဌာန်း ကြောင့် ငါ ရဲ့ ဒေါသ အာဃာတတွေ ကျေပျက် ကုန်ကြ တယ် ။ မတရား လုပ်တာ မခံချင်လို့ ၊ ရန်ကို ရန်ချင်း တုံ့လျှင်းမယ်လို့ ကြံ လိုက်တာနဲ့ တစ်ပြိုင်နက် ရင် ထဲမှာ ငရဲမီး တောက်လောင် သလို ခံစားရတယ် ။ ယခုတော့ မေတ္တာဓာတ်ကြောင့် မီးငြိမ်းခဲ့ပြီ ။ ပြုသူ အသစ် ဖြစ်သူ အဟောင်း ဆိုပြီး ခွင့်လွှတ်နိုင်ပြီ ။ စိတ် ထဲမှာ ချမ်းသာခြင်း ကိုသာ ခံစားရပါပြီ ။ ဒီ ဘဝ ရောက် အောင် တကာမကြီး က ငါ့ ကို ပို့ပေးခဲ့တယ် ။ သူ့ ကျေးဇူးတွေ အင်မတန် များပါတယ် ။ ဒါကြောင့် သူ့ ကို အမျှအတမ်း ဝေပြီး ကောင်းရာ သုဂတိ ရောက်ပါစေလို့သာ ဆုတောင်းကြ ”

ရေစက်ချ အမျှဝေသော အခါ ကျန်ရစ်သူ ညီအစ်ကို မောင်နှမ သား သမီး မြေးတစ်စု တို့သည် တောက်လောင် နေသော ပရိဒေဝမီး တို့ကို သတိ တရားဖြင့် ငြိမ်းသတ် ပြီးလျှင် တည်ငြိမ်စွာ သာဓုခေါ်ကြလေသည် ။

⎕ မောင်ထင်

📖 စစ်ပြန် မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၈၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment