Saturday, August 24, 2024

လျှို့ဝှက်ကုတ်နံပါတ်


 

❝ လျှို့ဝှက်ကုတ်နံပါတ် ❞
━━━━━━━━━━━━━━━
          ဒေါင်းနေမင်း
━━━━━━━━━━━━━━━
အိစက် နေတဲ့ ပန်းနုရောင် စပရိန်မွေ့ရာကြီး ပေါ် ကျွန်မ ကန့်လန့်ဖြတ် ဝုန်းခနဲ ခြေပစ်လက်ပစ် လှဲချလိုက် တယ် ။ စားပွဲ ပေါ် က ပန်းအိုး ထဲ မှာ ထိုးစိုက် ထားတဲ့ နှင်းဆီ နီနီရဲရဲတွေ က အဆုပ်လိုက် အဆုပ်လိုက် ။ ရနံ့ သင်းသင်းလေး က နှာခေါင်း ထဲ တိုးဝင် လာတာမို့ နုံးချိ နေတာတွေ သက်သာ သွား သလိုပါပဲ ။ ဟူး ... မောလိုက် တာ ။

တင်းကျပ် နေတဲ့ စိတ်တွေ ကို ဖြေတဲ့ အနေနဲ့ မျက်လုံး ကို အသာ မှိတ် ထား လိုက်တယ် ။ အဲ့ဒီတုန်းက ဖွဖွလေး နင်းလာတဲ့ ခြေသံ သျှပ်သျှပ် ။ ဘယ်သူ ရှိမလဲ ။ ကျွန်မ ရဲ့ ကိုယ်ရံတော် ပေါက်ပေါက် ပဲ နေမှာပေါ့ ။

“ မမလေး …. ။ အဝတ်အစား လဲရအောင် ”

မျက်လုံး ကို မှေးထား ဆဲ က လက်ကလေး ကို ကာ ပြလိုက်တယ် ။ အရိပ်အကဲ ကို သိတတ်တဲ့ ပေါက်ပေါက် နောက်ထပ် စကားလုံးတွေ သုံးဖို့ မကြိုးစားတော့ဘူး ။ သူ တစ်ခုခု လုပ်ပြီး တံခါးလေး အသာ စေ့လို့ ပြန် ထွက် သွားတယ် ။ မကြာဘူး ။ အခန်း ထဲ ခပ်ဆဆ လေအေး လေး တိုးဝင် လာတယ် ။ ပေါက်ပေါက် ဖွင့်သွားခဲ့တဲ့ အဲ ယားကွန်းလေလေး ။ ကျွန်မ အတွက် တော့ ငြိမ်ငြိမ် သက်သက်လေး နေဖို့ ပိုပြီး အဆင်ပြေ သွားတယ် ။

ဒီကနေ့ အရင်နေ့ တွေ ထက် ပိုပင်ပန်းတယ် ။ ဆင်း ( န် ) က ( ၂ )  ဆင်း ( န် ) ထဲရယ် ။ ပထမဆင်း ( န် ) က ပေါ့ပေါ့ ပါးပါးလေး ။ အစတုန်း က ဇာတ်ညွှန်း ထဲ မှာ မင်းသား နဲ့ မင်းသမီး ပန်းခြံ ထဲ ဟို လျှောက်ပြေး ၊ ဒီ လျှောက်ပြေး ၊ ကိုးရိုးကားရားတွေ လုပ်ပြ ၊ ရမ္မက် အပြုံးတွေ ပြုံး ။ မူရာ မာယာတွေ နဲ့ မြှူဆွယ် ။ ဒါမျိုးလား ။ ဟင့်အင်း ကျွန်မ မကြိုက်ပါဘူး ။ အဲ့ဒါတွေ က ရိုးအီ နေပြီ ။

“ ကိုလတ် ရယ် … ။ ဒါမျိုးကြီး က မမိုက်ပါဘူး ။ လုပ် စမ်းပါ ။ ရိုလာကိုစတာ စီးပြလိုက် ။ တိရစ္ဆာန်ရုံ ထဲ က မြွေ အလမ္မာယ်ပွဲ ကို ကြည့်ခိုင်းလိုက် ။ ပြီးရင် ရေဝေး သွား လည်ခိုင်းလိုက် ။ ဇာတ် ထဲ မှာ ကျွန်မက လင်ယောက်ျား လုပ်တဲ့ မင်းသား ကို သ,တ်ပစ်တော့မှာလေ ။ မသ,တ်ခင် မင်းသားကို သွေးအေးအေး နဲ့ အပျော်တွေ ပေးနေတာ ။ မွန်းတက်တောင် ဖြစ်သေးတယ် ”

အစ်ကိုဝမ်းကွဲ လည်း မဟုတ် ၊ အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျ နေကျ လည်း မဟုတ်တဲ့ ဒါရိုက်တာ မျိုးဆက်သစ်လေး ကို ကျွန်မ က အထွန့်တက်တော့ ။ အို .. တခြား ဒါရိုက်တာတွေ ဆိုလည်း မပြောရဲပါဘူး ။ တခြား ဒါရိုက်တာတွေ ဆိုလည်း တော် မှ ကြိုက်တာ ၊ ညံ့ရင် မကြိုက်ဘူ ။ တချို့ ဟိတ်ကြီးဟန်ကြီး သာ လုပ်နေတာ ။ ဖွတ်ကြား ။ မှတ်တမ်း ရေးတဲ့ လူ လောက် တောင် ရိုက် တတ်တာ မဟုတ်ဘူး ။ တကယ် ။ တကယ် ။

အဲ ... ဦးမျိုး တို့ ၊ ဦးမိုက် တို့ ၊ ဦးဇော် တို့ ကိုဝိုင်း တို့ ၊ ကိုညို တို့ နဲ့ ဆုံကြည့်ပါလား ။ အရမ်း ပျော်တယ် ။ ပျော်ဆို သူတို့ က အရမ်း တော် ကြတာကိုး ။ ဝမ်းစာ ပြည့်တော့ ပညာတွေ တစ်သီးကြီး ကို ရတာ ။ အကြီးကြီး ကို မပြောနဲ့ သေးသေးလေး ကို ပြောပြမယ် ။ တစ်ခါက ဦးမျိုး ရိုက်တဲ့ ကားတစ်ကား မှာ အပူတိုက် ကတ် တစ်ကတ် ပါတယ် ။ ဆံပင် ကို ဖားလျား ချ ၊ မျက်နှာ ကို လက်နှစ်ဖက် နဲ့ အုပ် ပြီး ရှိုက်ကြီးတငင် ငိုရမှာ ၊ အသံ မပါဘူး ။ ဆိုင်းလင့် ။ ငိုဆိုတော့ ငိုတာပေါ့ ။

“ မဟုတ်သေးဘူး ။ မဟုတ်သေးဘူ ။ ညည်း ငိုတာ ခန္ဓာကိုယ် က ကြွက်သားတွေ မလှုပ်ဘူး နေဦး ။ ညည်း ကြည့်ရတာ ပင်ပန်းလွန်းတယ် ။ ငိုတာ ထက် စာရင် အား ပါးတရ တော့ ရယ်တတ်ပါတယ်နော် ”

ကြည့်ဦး ။ အဲ့ဒါ တမင်ရွဲ့ မေးတာ ၊ ငိုရမှာ ကို မတရား ဇွတ်ရယ်ခိုင်း နေ တယ် ။ ဘာကြီးလဲပေါ့ ။ ဒါပေမဲ့ ကွန်ပလိန်း မတက်ရဲ ပါဘူး ။ သူ က လုပ်ဆိုတော့လည်း လုပ်ရမှာပေါ့ ။ မျက်နှာ ကို အုပ်ပြီး အားပါးတရ ကို ဟား ပစ်လိုက်တာ ။ ကင်မရာ အပြင်ဘက် က နေ ပြီးတော့လည်း

“ ရယ် .. ရယ် .. အားပါးတရ ရယ် ၊ ခွက်ထိုးခွက်လန် ရယ် ”

ဆိုပြီး အော်ပြောနေတာ ။ ရှုတင် တစ်ဖွဲ့လုံး တောင် ရောယောင် ရယ်ဖြစ်ကြသေး ။ ပြီးလို့ မော်နီတာ ကို ပြန် ကြည့်တော့ .. ။

“ ဒီအခန်း က နောက်ခံ စကားပြော မှာ လင် က ညည်း နဲ့ ကလေးတွေ ကို အထင် လွဲပြီး ပစ်သွားတာ ။ ရိုက်ထားတဲ့ အကွက် ကို အသံတွေ ပျောက်ပြီး ဦးမျိုး နောက်ခံစာသား ရွတ်ပြမယ် ။ ညည်း က ညည်းအရုပ် ကို သာ ကြည့်နေ ”

အမလေး ။ ဟုတ်ပါ့ ။ ငိုနေလိုက်တာများ ပခုံးတွေ တောင် ကြွကြွတက် လာတယ် ။ ပီပြင် လိုက်တာ ။ အဲ့ဒီ ကတည်း က ဦးမျိုး ကို လက်လန် သွားတယ် ။ နောက် ….. အန်တီမို့ တို့ ၊ အန်တီစိုးမိုးကြည် တို့ ၊ အန်တီမေသဉ္ဇာဦးတို့ နဲ့ များ ဆုံရင် သိချင်တာတွေ တရစပ် မေးတော့တာ ။ ဘယ်သူမှ ဆရာကြီး အထာ မရှိဘူး ။ သိသင့်သိထိုက် တာတွေ တော့ ပွင့်ပွင့်လင်းလင်း ကို ပြော လည်း ပြော ၊ သင် လည်း သင် လိုက်တာ ။ အဲ့ဒါကြောင့် ချစ်တယ် ။

စောစောက ဒါရိုက်တာသစ်လေး ကို ကျွန်မ က ပြောတော့ သူ မျက်နှာလေး အိုပြီး ခေါင်းလေး ကုပ်တယ် ။

“ နင် က ပြောတော့ လွယ်တယ် ။ ကားလေးကောင်း စေချင်တာ နဲ့ ဒါရိုက်တာခ မပြောနဲ့ ၊ အိပ် ထဲ က စိုက်စိုက် ထုတ်နေတာ တော်တော် ပိနေပြီ ၊ အသစ်တွေ ကို သိ တယ် ။ ရှုတင်စရိတ် တွေ မတတ်နိုင်လို့ ”

“ ကိုလတ် ရယ် ၊ ကိုယ့် ကိုယ် ကိုယ် ယုံကြည်တယ် ဆို ရင် ရင်း လိုက်စမ်းပါ ။ ရင်း ပြလိုက်စမ်းပါ ။ ပရိုဂျူဆာ က အသစ်မို့ မယုံသေးလည်း ကိစ္စမရှိဘူး ။ သူ က ကိုယ့် ကို ယုံဖို့ ထက် ၊ ကိုယ့် ကိုယ် ကိုယ် ယုံဖို့ က အဓိက ဟို က တစ်ကား ကို ဘယ်လောက် လဲ ဆိုပြီး ကန်ထရိုက် ပေး တယ်ပဲ ထား ။ ကား ကောင်းဖို့ ဆို သုံးလိုက်စမ်းပါ ။ ရဲရဲကြီး သုံးလိုက်စမ်းပါ ။ ကိုလတ် တော်တာ ကျွန်မ သိ တယ် ။ ကိုလတ် အမေ ၊ ကျွန်မဦးလေး ဘောစိ နှစ်ခါ ဓားပြ မတိုက်ရပါဘူး ”

ကိုလတ် ဘယ်လောက် ရူးသွပ်တယ်ဆိုတာ ကျွန်မ သိပြီးသားလေ ။ ဒုတိယဆင်း ( န် )  ရောက်တော့ ကျွန်မ တော်တော်လေး ပြိုင်းသွားတယ် ။ သူ က လည်း အသားကုန် မောင်းတော့ ။ ကျွန်မ ကလည်း သိတယ်မို့ လား ။ တစ်ချက်လေး တောင် နောက်ကောက်ကျချင်တာ မဟုတ်ဘူး ။ ဇာတ် က နည်းနည်း ဆန်းတယ် ။ မင်းသား နဲ့ မင်းသမီး က အိမ်ထောင်သည် တွေ ။ ကလေး မရှိဘူး ။ ချစ် တာကလွဲပြီး ခေါင်းသိပ် မသုံးကြဘူး ။ နှစ်ယောက် စလုံး နေတာထိုင်တာ ကို က ဖရီး ။ မရှိတာ ကို အရှိ လုပ်ချင် တဲ့ စိတ် ၊ ဝတ်ချင်စားချင် ၊ သုံးချင်တဲ့ စိတ်တွေ များသည် ထက် များလာပြီး မိန်းမ က ယောက်ျား ကို ပြည့်တန်ဆာ လုပ် ခိုင်းတယ် ။ ယောက်ျားပြည့်တန်ဆာ ပေါ့လေ ။ ကောင်လေး က လည်း မိန်းမ စကား နားထောင်တယ် ။ လုပ် တယ် ။ ငွေလေး စို့စို့ပို့ပို့ ဝင် လာတော့ သုံးကြဖြုန်းကြ ၊ ပျော်လို့ပါးလို့ ။ ပထမ တော့ ဘာမှ မဖြစ်သေးဘူး ။ နောက် တော့ တဖြည်းဖြည်း နဲ့ မိန်းမ မှာ ဆိုက်ကိုတွေ ဝင် လာ တယ် ။ ပိုက်ဆံ ကျိကျိတက် ချမ်းသာ ပေမယ့် လင် ယောက်ျား နိုင်ငံခြား မှာ နှစ်ရှည်လများ အလုပ် သွားလုပ် နေတဲ့ မိန်းမ တစ်ယောက် နဲ့ ပတ်သက်လို့ပဲ ။ ကောင်လေး နဲ့ တွေ့တယ် ။ အလုပ် သဘောအရ ဆက်ဆံတယ် ။ ဒါပေမဲ့ မမ က အရင် လူတွေ လို မဟုတ်ဘူး ။ ကောင်လေး ကို စွဲနေပြီ ၊ ကပ်နေပြီ ၊ ငြိနေပြီ ၊ ကောင်လေး က လည်း ချူစား လိုက်တာ နည်းတာ မဟုတ်ဘူး ။ အစ တော့ မိန်းမ က အလိုတူ အလိုပါ သုံး နေရရင် တာ ။ နောက်တော့ မဟုတ်တော့ဘူး ။ ဘယ်က ဝင်လာ မှန်း မသိတဲ့ သဝန်တို စိတ်တွေ မမ ကို အချိန်တွေ အများ ကြီး ပေးရတာကို မကျေနပ်တော့ဘူး ။ ကောင်လေး ကိုယ်တိုင် က မမ ဘက် ကို ခပ်ပါပါ ဖြစ်သွားပြီလို့ သံသယတွေ ကြီးထွားလာတာ ။ နောက်ဆုံး လမ်း တစ်လမ်း ရွေး လိုက်တယ် ။ ကောင်လေး ကို အဆိပ်ခပ် ပြီး သ,တ်ပစ်လိုက်ဖို့ ။

မသ,တ်ခင် ၊ သ,တ်နေဆဲ ၊ သေသွားပြီး တဲ့ နောက် ။ အိုက်တင်တွေ တစ်ဆင့် ဆီ ချိန်းရတာ ။ သူ့ ယောက်ျား မှာ အပြစ် မရှိဘူးနော် ။ ငွေ သုံးချင်လို့ သူ ကိုယ်တိုင် ခိုင်းတာ ။ ပြီးတော့မှ စိတ်တွေ ကစဉ့်ကလျား ဖြစ်ကုန်တာ ။ တကယ်လည်း သေသွား ရော အဲ့ဒီ မိန်းမ သွေးပျက်သွား ပြီ ။

ကိုလတ် ရိုက်ရင်း ရိုက်ရင်း အင်္ကျီ တစ်ထည်လုံး ချွေးတွေ နဲ့ နစ်လာလို့ ချွတ်ပြီး စွပ်ကျယ်လေး နဲ့ ဆက် ရိုက်တယ် ။ ကျွန်မ ဘက်ကလည်း မကြိုက်မချင်း ထပ် ရိုက် ၊ ထပ်ရိုက် ၊ ပြန်ရိုက် ၊ ဖတ်ဖတ် ကို မောလို့ ။

ကျွန်မ စဉ်းစားကြည့်တော့ ဒီနေ့ ရိုက်လာတဲ့ ဆင်း ( န် ) တွေကို အားရတယ် ။ ကျေနပ်တယ် ။ ဗီလိန် ဆန်တာ တွေက ကျွန်မ အတွက် လုပ်ကွက် အရဆုံးပဲ ။ အို .. နောင် ကို ကျွန်မ အများကြီး လုပ်စရာတွေ ရှိပါသေးလား ။ ကျွန်မ စဉ်းစားရင်း ၊ စဉ်းစားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်သွားတယ် ။

သိတယ်နော် ။ အနုပညာလောက မှာ ရူးသွပ်မှု နဲ့ အတ္တ မပြင်းထန်ရင် ဘာမှ ဖြစ်မလာဘူး ဆိုတာ ။ ဖြစ်ချိန် တန် လို့ ဖြစ်လာကြပြီ ဆိုတာတောင် တစ်ယောက် နဲ့ တစ် ယောက် တူကြ မှာ မဟုတ်တာ ။ စန်းချင်း ကွာမယ် ။ ထင်ပေါ် ကျော်ကြားတာချင်း မတူဘူး ။ အကျိုးပေးပုံ က လည်း ကွဲမယ် ။

ကျွန်မ ကိုယ် ကျွန်မ ထင်တစ်လုံးနဲ့ ပြောနေတာ မဟုတ်ဘူးနော် ။ အို … ဒီ စကား က ဝေ့ဝိုက် နေတာပါ ။ ထင်တယ်ရှင် ထင်တယ် ။ ကိုင်း ဘာဖြစ်သေးလဲ ။ အစ ကတည်း ကို က မိမိ ကိုယ် သာ ကိုးကွယ်ရာလို့ ဆိုထားတာ ပဲ ။ ကိုးကွယ် နေပြီးတော့မှ အထင်ကြီးတာ ဆန်းလား ။ အောက်ခြေ လွတ်တယ် ပြောပြော မာန်တက်တယ် ဆိုဆို ၊ ကျွန်မ တော်တာ ကို တော့ ကျွန်မ ကိုယ်တိုင် ပြန် အသိ အမှတ် ပြုရလိမ့်မယ် ။ ဝိုင်း ဟား လည်း မတတ်နိုင်ဘူး ။

ခုဆို ကျွန်မ အသက် ၂၂ နှစ် ၊ ခုချိန် ၊ ခုနေရာ ရောက်ဖို့ လွယ်တယ်များ ထင်နေလား ။ ၁၆ နှစ်သမီး ကတည်း က ရုန်းခဲ့ရတာ ။ မျိုးရိုး မရှိ ၊ အသိုင်းအဝိုင်း မရှိ ။ မိဘ မရှိ ၊ ငွေအင်အား မရှိ ။ ငယ်ငယ် ကတည်းက ပိုးပါခဲ့ ၊ အရူး ထခဲ့တာ ဆိုတော့ ဒီ လောက ထဲ ဘယ်အပေါက် က ဝင်ရမလဲ အမြဲ ချောင်း နေခဲ့တာ ။ နောက်ဖေးပေါက် က တော့ ဟုတ်ပါဘူးနော် ။ ပေါ်တီ ကို အောက် က ခပ်တည်တည် ဝင်ပြီး ဧည့်ခန်း ထဲ က အောင်မြင်မှု ဆိုဖာကြီး ပေါ် အခန့်သား ဝင် ထိုင်ချင်တာ ။

တစ်ယောက် က ပြောတယ် ။ နင် မင်းသမီး ဖြစ်ချင် ရင် ခေတ်ဟောင်းရုပ်ရှင်တွေ ကို လေ့လာသင့်တယ် ။ အဲ ဘယ်ရမလဲ ။ သိပ် ဖြစ်ချင် နေတဲ့ ကောင်မပဲ ဥစ္စာ ။ ရုပ်သံလိုင်းတချို့က လွှင့် သမျှ ခေတ်အဟောင်း ကားတွေ စိတ်ရှည်ရှည် စောင့်ကြည့် ခဲ့တာ ။ ဟင့်အင်း ။ ပျင်းစရာကြီး ။ တချို့ဆို ဇာတ်လမ်း တစ်ဝက်လောက် တင် အိပ်ပျော် သွား စရာ ။ ပြောပုံဆိုပုံတွေ က အရုပ်ကြီး တွေ စာ ရွတ်ပြနေ သလိုပဲ ။ လေးလေးကြီးတွေ နောက်ပိုင်း ကားတွေ ကျ တော့ မဆိုးဘူး ။ ဒေါ်ကြည်ကြည်ဌေး ၊ ဒေါ်မြင့်မြင့်ခင် ၊ ဒေါ်ဘေဘီနွဲ့ ၊ ဒေါ်ခင်သန်းနု ၊ ဒေါ်ဝါဝါဝင်းရွှေ ၊ ဒေါ်ခင် စိန် ကြိုက်တယ် ။ နောက် .. ဒေါ်ခင်သီတာထွန်း ၊ ဒေါ်ထွန်းအိန္ဒြာဗို ခိုက်တယ် ။ ကြိုက်တာတွေ များလို့ ဆွဲ ထုတ်လိုက်ရင် ရှည်သွားမယ် ။

ကိုလတ် ကတော့ နိုင်ငံစုံ က ကားတွေ ယူယူ လာတတ်ပြီး ပေးတယ် ။ အားရင် အားသလို တမေ့တမော ကို ထိုင်ကြည့်တာ ။ အပြင် က ဆို ကြိုက်တာ ဂျိုလီ ကို ကြိုက် တယ် ။ အခိုက်ဆုံးက တေးသံရှင် ၊ သရုပ်ဆောင်တေလာ ဆွိ ( စ် )  ( Taylor Swift ) ပဲ ။ ဂီတ ဘက် မှာလည်း အယ်လ်ဘမ် တစ်ချပ်ကို ရောင်းအားရေ တစ်သန်း ကျော် မှ ပေးတတ်တဲ့ ပလက်တီနမ်ဓာတ်ပြား သူ့ မှာ လေးချပ် ရခဲ့ဖူးပြီ ။ ဂရမ်မီဂီတ ထူးချွန်ဆု က ခုနစ်ဆုကြီးများ တောင် ။ ကျွန်မ က သူ့ ကို အနုပညာ ထက် နေထိုင်ပုံ စရိုက် ကို ကြိုက်တာ ။ တစ်ယောက်တည်း ပဲ ။ ဒါပေမဲ့ ခြင်္သေ့ ။ ယောက်ျားလေး သူငယ်ချင်းတွေ သိပ်မထားဘူး ။ အတွဲ မရှိဘူး ။ ဒါပေမဲ့ သူ့ လုံခြုံရေး ကျတော့ ကြီးကျယ် လိုက်တာ ။ တစ်ခါက Project Sparrow ဗီဒီယို ရိုက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ် Van Nuys ခရိုင် ထဲ က San Fernando Valley ကို သွားတာ ။ ကားရပ်တဲ့ နေရာ မှာ လည်း အသံဖမ်းစနစ်တွေ အပြည့်အစုံ နဲ့ ။ ပြော တာပဲ ၊ အီရတ်စစ်မြေပြင် မှာ နာမည်ကြီးခဲ့တဲ့ Black Water ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ လို ကြေးစားလုံခြုံရေး အဖွဲ့ တစ်ခု က အသင့် နေရာယူ စောင့်ကြပ်နေတာ ။ အဝင် အထွက် ကားလမ်းတွေ ၊ လှေကား အတက်အဆင်းတွေမှာ အားလုံး အစောင့်တွေ ချထားတာ ။ အဲ့ဒါ တေလာဆွိ ( စ် )  နဲ့ ဗီဒီယို ရိုက်ကွင်းပဲ ။ ရှယ်ပဲ နော် ။ အဲ့ဒီလို နေချင်တာ ။ ဒီမှာက ကိုယ့် ကို သ,တ်မယ့်သူ လည်း သိပ်မရှိတော့ ။ မင်းသမီးတွေ သီးခြား လုံခြုံရေး မထားနိုင်ကြပါဘူး ။

ကျွန်မ မှာ တော့ နည်းနည်း ရှိမယ်ထင်တယ် ။ ကျွန်မ က ဘုကလန့် ကောင်မ ကိုး ။ အပြင်မှာ စကားပြောတာ သိပ် အချိုး မပြေချင်ဘူး ။ ကိုယ် ပြောချင်တာ တုတ်ထိုးအိုးပေါက် ပြောချလိုက်တာပဲ ။ တစ်ခါတစ်ခါ ကိုယ် နဲ့ ပြိုင်ဘက် မင်းသမီးငယ်လေး တွေ မျက်နှာ ကို ပျက်ပျက် သွားတာ ။ နောက် ရှုတင် မှာ ဆုံရင် စကား ကို လာ မပြော တော့တာ ။ မတတ်သာလို့ တွေ့ ရင်သာ မျက်နှာအတု တွေ နဲ့ ပြုံးလို့ စကားတွေ က ချိုလို့ ။ သူတို့ကို ကြည့်ပြီး ပင်ပန်းလိုက်တာ ။ အထဲ တင် အိုက်တင် လုပ်တာ မဟုတ် ဘဲ အပြင် မှာလည်း အိုက်တင်တွေ နဲ့လို့ ။

တော်ရုံ မတည့်တာ မပြောနဲ့ ။ ဟို ကားလေး ကြည့် ဖြစ်သေးလား ။ အူတူတူ နဲ့ ... ။ ဟို စာအုပ်လေး ဖတ်ဖူး လား ၊ ဝေ့လည်ကြောင်ပတ် နဲ့ ။ သူတို့ စိတ်ဝင်စားတာ သူတို့ မျက်နှာ ၊ မိတ်ကပ် ၊ ဖက်ရှင် ၊ တချို့ ဆို အတင်းအဖျင်း ဂျာနယ် က လွဲရင် ဘာကို မှ မဖတ်တာ ။

စာဖတ်ဝါသနာ ပါအောင် လုပ်ပေးလိုက်တာ ဆုံး သွားတဲ့ ကျွန်မ ရဲ့အဖေ ။ ဘယ်ဟာ ဖတ်သင့်တယ် ။ အချိန် မပေး နိုင်တော့ရင် ရွေးဖတ် ။ ဖတ်ရင်း ဖတ်ရင်း စွဲ လာတာ ။ အပျော်ဖတ်တွေ ကို တော့ အချိန်တိုတို အတွင်း မှာပဲ ကျော်လာ နိုင်ခဲ့ပါတယ် ။ လောဘ သိပ်ကြီးတာမို့ လား ။ ကျွန်မ မှာ ရှားရှားပါးပါး ဘော်ဒါ တစ်ယောက် ရှိတယ် ။ ' ချက် ' ရင်း နဲ့ သိသွားတာ ။ သူ က ကဗျာဆရာလေး ရေချမ်း ။ သူ က လည်း ကျွန်မ လို ဂေါက်သီး ပဲ ။ Face Book ကနေ ရေးချင်တာတွေ ရေး ၊ တင်ချင်တာ တွေ တင်ထားတာ ။ ကျွန်မ အချိန် ရ ရင်တော့ သူ့ ဟာတွေ ဖွင့်ဖွင့် ဖတ်ပါတယ် ။ ကြိုက်ဘူး ။ ဘာတွေမှန်း ကို မသိတာ ။ သူကလည်း ကျွန်မ သရုပ်ဆောင်တာတွေ ခပ်များများ ကို မကြိုက်ဘူး ။

“ ခင်ဗျား ကို ပရိသတ် က ဘာကြောင့် ကြိုက်နေမှန်း မသိဘူး ”

တဲ့ ။ ဒီတော့ ကျွန်မ က ဟား ပစ်လိုက်တယ် ။

“ ရှင် ဆုရတဲ့ ကဗျာ ကို လည်း ဘာကြောင့် ပေးတယ် ဆိုတာ စဉ်းစားလို့ ကို မရတာ ”

လို့ ပြန်ပက်လိုက်တယ် ။ မျက်နှာ ကို မမြင်ရပေမယ့် ငါးခူပြုံး လောက်တော့ ပြုံး နေလောက်မယ် ။ ခင်မင်ရင်းနှီး မှုတော့ မပျက်ပါဘူး ။ သူ နဲ့ ကျွန်မ ပေါက်ကရတွေ တွေး တာတူတယ် ။ ခေါင်းကြော တင်းတာ တူတယ် ။ မကြိုက် တာတွေ များတာ တူတယ် ။ အတင်း ပြောခံရတာချင်း ၊ သွားပုပ်လေလွင့် ပြောခံရတာချင်း တူတယ် ။

တစ်ခါက ကျွန်မ ကို ပညာ စမ်းသေးတယ် ၊ သိလား ။ ဘာ စာအုပ်တွေ ဖတ်ဖူးလဲတဲ့ ။ ကျွန်မ ကို အချဉ် ထင်နေ တာ ။ တန်းစီ ရွတ်ပြ လိုက်တယ် ။ နန္ဒာသိန်းဇံ ၊ ဖေမြင့် ၊ နေဝင်းမြင့် ၊ ဂျူး ၊ ခင်ခင်ထူး ၊ လွန်းထားထား ၊ အကြည်တော် ၊ နီကိုရဲ ၊ မင်းလူ ၊ သိုးဆောင်း ။ ဖုန်း ထဲ မှာ သူ့ အသံ တိတ် သွားတယ် ။ အတော်လေး ကြာမှ စကား တစ်ခွန်း ထွက်လာတယ် ။ ရွီးနေတာ တဲ့ ။ ကျွန်မ လေ ဒေါသတွေ ဖြစ်လိုက်တာ ။ ရှင် ရမ်း မပြောနဲ့ဆိုတော့ ။ ဖုန်းပြန် ဆက် လိုက်ပါ ။ သူ့ မှာ ဘေ ( လ် ) ကုန်နေပြီတဲ့ ။ ကျွန်မ ပြန်ဆက် တော့ ကျွန်မ ဖတ်ဖူးတယ် ဆိုတဲ့ စာရေးဆရာတွေ ရဲ့ စာ အုပ်တွေ အကြောင်း ကို စေ့စေ့ပေါက်ပေါက် ကို မေးတာ ။ ကျွန်မ က လည်း မခံချင်စိတ် နဲ့ ဖြေ ပြ လိုက်တော့ သူ အံ့ဩ သွားတယ် ။

“ ခင်ဗျားတို့ မင်းသမီးတွေ စာ ကောင်းကောင်း မဖတ် ဘူးလို့ ထင်နေတာ ”

တဲ့ ။ ကျွန်မ က တော့ ဗီဒီယိုကား ထဲ က လို ခနဲ့တဲ့တဲ့ လေသံ နဲ့ စကား တစ်ခွန်း ပြောပြီး ဖုန်း ပိတ် လိုက်တယ် ။

“ ရှင် အိပ်ပျော် နေတာပဲ ။ ခဏလေး ခေါင်းထောင် ကြည့် လိုက်ပါဦး ။ ကမ္ဘာကြီး ပြားနေပြီ ရှင့် ”

ရယ်ရတယ် ။ တကယ်တော့ ဘာမှလည်း မဆိုင်ဘူး ။

••••• ••••• •••••

တစ်ညသား မှာ တော်တော်လေး အိပ်မက် မက်တယ် ။ တကယ့်ကို ခွတိခွကျရယ် ။ အကယ်ဒမီ ဆုပေးပွဲ ကို တက်တဲ့ နေ့ တစ်နေ့ တဲ့ ။ နေရာ က ဘယ်မှန်းတော့ မသိဘူး ။ ပြင်ဆင် ထားတာတော့ အရမ်း ကိုကြီးကျယ်တယ် ။ အွန်လိုင်း တွေ ပေါ်မှာ ဖေ့ ( စ် ) ဘုတ်တွေ ပေါ် မှာ လည်း ကျွန်မ ကို တစ်ပေး ထားတာ ပလူ ကို ပျံလို့ ။ ကျွန်မ ဒီနှစ် ‘ ရွှေပြည်တော် မျှော်လေတိုင်းဝေး ' ကား နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု သေချာပေါက် ရမှာတဲ့လေ ။

ကျွန်မ ပွဲတက်လာတဲ့ ဝတ်စုံ ကို ကြည့်ဦး ။ အပျံ စား ။ လည်ဟိုက် ။ ဆွဲထားသော စိန်တွေမြုပ်ထားတဲ့ ဒီဇိုင်းဆန်းဆန်း အပြားကြီးကြီးဘယက် ။ ခေါင်း မှာ စစ်ကြိုခေတ် ခပ်အယ်အယ် ၊ ခပ်မြင့်မြင့် ဆံထုံး ။ ဆံထုံး မှာ ဒေါင်းတောင် ကို ပန် ထားတာတော့ အမြင် အဆန်းဆုံးပဲ ။ လက်ဆွဲအိတ် ခပ်သေးသေး ၊ ဘေး နှစ်ဖက် မှာ ရွှေရောင် ခွပ်ဒေါင်းပုံ နဲ့ တဲ့ ။ ပရိသတ် က သဘောတွေ ကျ ၊ လက်ခုပ် တွေတီး ၊ သြဘာတွေပေး ၊ ညံနေတာပဲ ။

ဝင်ဝင်ချင်း ကင်မရာဆရာ တွေ က တဖျပ်ဖျပ် ရိုက် ၊ ရုပ်သံလိုင်းအဖွဲ့တွေ က လည်း ဗျူးဖို့ အဆင့်သင့် ။ ပြော ရဦးမယ် ။ ကျွန်မ အင်တာဗျူးတွေ ကို ရှောင် နေတာကြာ ပြီ ။ စိတ် ပျက်တယ် ။ အဓိပ္ပာယ် မရှိ ။ ပေါက်ကရတွေ လျှောက် မေးလို့ ။ အဆင့် မရှိတဲ့ မေးခွန်း တွေ ၊ ထပ် နေပြီ ၊ ရိုး နေပြီ ။ မေးပါလား ။ ရုပ်ရှင် ဟာ နိုင်ငံ တစ်နိုင်ငံ ရဲ့ စီးပွားရေးကို ဘယ်လောက် ထိ ဖောက်ခွဲပစ်နိုင်တယ်တို့ … ဘာတို့ ။ ခုတော့ ... ။

“ ဒီနှစ် အားလုံးက တစ်ပေး ထားကြတာဆိုတော့ ဘယ်လို ခံစားရမလဲ ”

“ စိတ်ညစ်တယ် ”

“ ရှင် ”

“ ရရင်တော့ ကောင်းတာပေါ့ ။ မရရင် စိတ်ညစ်မှာ ”

“ ရွှေပြည်တော် မျှော်လေတိုင်းဝေး ဇာတ်ကားကြီး မှာ ဝေဝေ ဇာတ်ကောင် စရိုက်ကို အားရကျေနပ်ရဲ့လား ”

“ မကြိုက်ဘူး ”

“ ဘယ်လို ”

“ အဲ့ဒီထဲ က ဇာတ်ကောင် က နိုင်ငံရေးလှုပ်ရှားတာတွေ ကို အကွက် ကျကျ လှည့် သွားတာ ။ အပြင်မှာ အဲ့ဒီလို မိန်းမမျိုး မရှိနိုင်လို့ မကြိုက်တာ ”

“ ဒါဆို ဆုပေးရင်ကော ယူမှာလား ”

“ ယူမှာပေါ့ ၊ အရူး မှ မဟုတ်တာ ”

“ မိတ်ကပ် နဲ့ ဝတ်စုံကိစ္စလေး တစ်ဆိတ်လောက် ”

“  ... .... ”

“ နောက်ထပ် ဘယ်သူတွေ ရမယ် ထင်လဲ ”

“ နည်းနည်း လွဲနေပြီ ။ ကျွန်မ က ထောက်လှမ်းရေး မဟုတ်ဘူးလေ ”

“ တကယ်လို့များ ရှင် အကယ်ဒမီ ရရင် ဘာလုပ်မလဲ ”

“ အိမ်ပြန်မယ် ”

အင်တာဗျူးတာ ကတော့ မဲ့ရွဲ့ပြီး နောက်မှာ ကျန်ခဲ့ လေရဲ့ ။ ကော်ဇော်နီ ပေါ်မှာ ကျွန်မ ရွရွလေးလျှောက်လာ တယ် ။ နောက် ... မေးတဲ့ လူတွေ ကို လည်း ဘုကလန့် တွေပဲ ဖြေခဲ့တာ ။ ကြိုက် ချင် ကြိုက် ၊ မကြိုက် ချင် နေ ။ အံမယ် ၊ အံမယ် ၊ ခုံ တစ်နေရာ မှာ မိန့်မိန့်ကြီး ထိုင် နေတဲ့ ကဗျာဆရာလေး ရေချမ်း ။ သူ နဲ့ ဘာဆိုင်လဲ ။ အကြံအစည် တစ်ခုခုများ ရှိနေမလား ။ ဒါပေမဲ့ အားတော့ ရှိ သွားတာ အမှန်ပဲ ။ ကျွန်မ ဝတ်စုံ က သူ့ ကဗျာတွေ ထဲ က နေ ပေါက်ဖွား လာတာလေ ။ ကျေးဇူး ။

တကယ်ပါပဲ ။ ဆု ကြေညာတော့ ကျွန်မ နာမည် အစစ်ကြီး ။ တခြား သူ တွေလို မျက်နှာအတုတွေ နဲ့ ဝိုင်းအုံ နှုတ်ဆက်ကြမယ် ထင်လား ။ မေးတော့ ။ ကျွန်မ နဲ့ မတည့် တဲ့ လူ က ခပ်များများ ကို ၊ တချို့ ကျတော့ လည်း မကောင်း တတ်လို့ ထင်တာပဲ ။ ကဗျာဆရာလေး က တော့ အားပါးတရ ပြေးလာပြီး ကျွန်မ ကို လက်ဆွဲ နှုတ်ဆက်တယ် ။ နောက် ... မပြောမဆို ညာဘက် လက် ကို ဆတ်ခနဲ ဆွဲယူ ပြီး လက်ဖမိုး ကို နမ်း လိုက်သေးတာ ။ ဘုရား ၊ ဘုရား ဒါ သူ လုပ်စရာလား ။ ဒါ အခွင့်အရေး။ရတုန်း ယူလိုက် တာ တော်သေးတယ် ၊ ပါး မနမ်းတာပဲ ကံကောင်း ။ ဟွန်း ... ဘော်ဒါဘော်ကျွတ် မို့ ခွင့်လွှတ်လိုက်ပါတယ် ။

“ တို့ … မျက်နှာအတု တပ် မထားပါဘူးနော် ”

“ မေ့ကျန်ခဲ့လို့မို့လား ”

“ စိတ်မဝင်စားလို့ပါ ”

ကျွန်မ အိပ်မက် က လန့် မနိုးပါဘူး ။ ရိုးရိုးပဲ နိုးတာပါ ။ အကယ်ဒမီဆုပေးပွဲ မှာ ကျွန်မ တစ်ယောက် တည်း ပေးပြီး ရုပ်သိမ်းလိုက်တာ ကို ကြောင်ငေး နေတုန်း Slow လေး နဲ့ နိုးလာတာ ။ ကျွန်မ နိုးနိုးချင်း ဘော်ဒါ ကဗျာဆရာ ဆီ ဖုန်း ဆက်တော့ အိပ်ချင်မူးတူး လေသံနဲ့ … ။

“ အကြောင်ဇယားတွေ အိပ်မက် ထဲ တောင် ပါသွား သေးလား ။ စိတ်ပျက်စရာ ။ ဒီနေ့ ဘယ်မှ မထွက်နဲ့ ။ မနက်စာ ၊ ညစာ ထမင်းမစား ဘဲ နေလိုက် ”

ပြောပြီး ဖုန်းပိတ် သွားတယ် ။ ဘယ်ရမလဲ ပြန်ခေါ် တာပေါ့ ။ လူလည် ။

“ လူကြီးမင်း ခေါ်ဆို နေသောဖုန်း မှာ စက်ပိတ် ထား ပါတယ်ရှင် ”

ကျွတ် ။ လဲသေလိုက် ။

••••• ••••• •••••

သိပ် မကြာဘူး ။ ကျွန်မ ရုပ်ရှင်ကားကြီး တစ်ကား လက်ခံ လိုက်တယ် ။ ဒါရိုက်တာ ရော ၊ ဇာတ်လမ်း ရော ကြိုက်လို့ ။

“ ဇာတ် ထဲ မှာ အစက ညည်း ဟာ မင်းမျိုးမင်းနွယ် က လာတာ ။ ရုပ်အလှကြီး မဟုတ်ပေမဲ့ မျက်နှာ ပေါ် မှာ မာန်တွေ ရှိမယ် ။ မာနတွေ ၊ အတ္တတွေ ရှိမယ် ”

ဒီနေရာ မှာ ဒါရိုက်တာ နည်းနည်း ဖောင်းသွားပြီ ။ ကျွန်မ ရှေ့မှာ အလှကြီး မဟုတ်ပေမဲ့ လို့ ဆို ကတည်း က ကျွန်မ ကို သိပ် မချောဘူး လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာနဲ့ မတူဘူးလား ။ အေးဆေးပါ ။ စိတ်မဆိုးပါဘူး ။ ကိုယ့် ရုပ် အကြောင်း ကိုယ် သိပြီးသားပဲ ဥစ္စာ ။

“ နောက်တော့ ပညာဉာဏ် နည်း ရာ ကနေ စီးပွား တွေ ပျက် ၊ ပစ္စည်း တွေ ကုန် ၊ ဘဝတွေ တိမ်းစောင်း ၊ ချို့ချို့တဲ့တဲ့ တွေ ဖြစ် ၊ ကုဋေရှစ်ဆယ် သူဌေးသမီး နောက်ဆုံး ခွက်ဆွဲ တောင်းစားရတဲ့ အဖြစ် ရောက်သွား မှာ တကယ့် သရုပ်ဖော် စစ်စစ်ပဲ ”

ကြည့် ... ဖောင်းပြန်ပြီ ။ သူ က ဆင်းရဲမွဲတေ တာ ။ ရုန်းကန်ရ တာ ၊ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဘဝ တွေ ကို မှ ဘဝသရုပ်ဖော် စစ်စစ် လို့ ဆိုချင်တာလား မသိဘူး ။ ကျွန်မ က တော့ စားမကုန် သောက်မကုန် ၊ ဆင်းရဲသား တွေ အပေါ် လူလည်ကျလို့ မကုန်ဘဲ စည်းစိမ်တွေ နဲ့ ယစ်မူး နေတဲ့ ဘဝ ကို ဖော်ကျူး ရင်လည်း ဘဝ သရုပ်ဖော်ပါပဲ ။ တက္ကသိုလ် က ဆရာမ တစ်ယောက် ၊ အငြိမ်းစား ယူထား တဲ့ အဖေ နဲ့ အမေ ၊ ဆရာဝန်ဖြစ် နေတဲ့ အစ်ကို နဲ့ အစ်မ ။ စင်ကာပူ မှာ ရာထူးကြီးကြီး ဝင်ငွေ ကောင်းကောင်း ရနေ တဲ့ မောင်လေး ။ အင်းလျားကန် ကို မေးတင် ဆောက် ထားတဲ့ ခမ်းခမ်းနားနား အိမ်ကြီး ။ သူတို့ ဘဝ တွေ ကို ဖော်ကျူး တာ လည်း ဘဝ သရုပ်ဖော် ပါပဲ ။

“ ညည်း ကတုံး တုံးရဲလား ”

“ တန် ရင် တော့ တုံးရဲတယ် ”

မဆိုင်းမတွ ကို ပြော လိုက်တာ ။ ဟုတ်တယ်လေ ။ ဘာမဆို ရင်းခဲ့ရတာ များပြီပဲ ဥစ္စာ ။

“ ဇာတ် ကို ပေးဖတ်ဦးလေ ။ နှစ်ရက် အတွင်း အကြောင်း ပြန်မယ် ”

ကြည့် ... ။ ကျွန်မ ဘယ်လောက် အတင့်ရဲလိုက် သလဲ ဆိုတာ ။ ခုချိန်မှာ တခြား မင်းသမီးတွေ ရိုက်ချင် လွန်းလို့ စပ်စလူး ခါပြီး ဟိုမင်းသား နဲ့ ကပ်ထားရ ၊ ဒီမင်းသား နဲ့ ချိတ်ထားရ ၊ ဟို ပရိုဂျူဆာ ကို မျက်နှာချို သွေးရနဲ့ ဘာလာလာ ၊ ဘာဇာတ် ဖြစ်ဖြစ် ရိုက်မယ် ဆိုတာချည်း ဖြစ်နေတဲ့ အချိန်မှာ ဇာတ် ကို တောင် ကြို ဖတ်ဦးမတဲ့ ။ မကြိုက်ရင် မရိုက်ဘူး ဆိုတဲ့ သဘော ။ ကြီးကျယ်သွား တာ ။ ဒါရိုက်တာ က ငါးခူပြုံး မပြုံးဘူး ။ ငါးစင်ရိုင်းပြုံး ပြုံးခဲ့တယ် ။ နောက်တော့ ကျွန်မ လက်ခံ လိုက်ပါတယ် ။

••••• ••••• •••••

အဲ့ဒီနေ့ က ဇာတ်သိမ်းခန်း ရိုက်မှာ ။ ရှုတင် မှာ အားလုံး အဆင်သင့် ဖြစ်နေပြီ ။ ကျွန်မ က ကတုံး နဲ့ ။ သီလရှင်ဝတ်စုံ ကို ရုံလို့ ။ မှန် ထဲ မှာ တော်တော်လေး ကို စင်ကြယ် နေတာများ မပြောချင်ဘူး ။ မျက်နှာ မှာ မိတ်ကပ် တစ်စက်ကလေး တင် ထားတာ မဟုတ်ဘူးနော် ။ ပလိန်း ။ ဒိုင်ယာလော့ ( ခ် )  တွေ ရပြီးပြီ ။ ဦးလေးသောင်း နဲ့ ရီဟာဇယ် တောင် နှစ်ခါ လုပ်ထားတာ ။ ဒိုင်ယာလေ့ ( ခ် ) က ၏ ၊ သည် မရွေ့ ဘယ်ဟုတ်ပါ့မလဲ ။ လိုရင်း ထိ ဖို့သာ အဓိက ။ ပိဋကတ်သုံးပုံ ၊ နှုတ်ငုံဆောင် တာမျိုး မှ မဟုတ်တာ ။

ရိုက် မှာ က ခရေပင်တွေ စီတန်း ပေါက် နေတဲ့ လမ်း ရှည် မှာ ။ အောက် မှာ သစ်ရွက်ခြောက် တွေ ကြဲပြန့်လို့ ဒိုင်ယာလော့ ( ခ် )  ဆုံးတာ နဲ့ ညင်ညင်သာသာ လှည့် ။ ဦး သောင်း ကို ကျောခိုင်းပြီး လမ်း တစ်ဆုံး လျှောက် ။ နောက် က ကတ် မအော်မချင်း မရပ်နဲ့  ။ မနေ့က ဒီနေရာ မှာတင် က လေးငါးကတ် လောက် ရိုက်ပြီးပြီ ။ ခု … မနေ့ က အဆက် .. ။

“ ရိုက်မယ် ”

ဒါရိုက်တာ လှမ်း အော်တော့ ။ အားလုံး အဆင်သင့် ။

“ ရယ်ဒီ ၊ ဖိုး ၊ သရီး ၊ တူး ၊ ဝမ်း ၊ ဂိုး ”

“ ဒကာကြီး ရယ် ။ ခုတော့ မမြဲတဲ့ တရားတွေ ကို တဖြည်းဖြည်း သိလိုက်ပါပြီ ။ အရွယ် ကောင်းစဉ် နုပျို တုန်းကတော့ ပညာမာန ၊ စည်းစိမ်ဓန ၊ ငါ့ အတ္တတွေ နဲ့ ခန္ဓာကိုယ်ထဲ မှာ တငြီးငြီး တငွေ့ ငွေ့ လောင်ကျွမ်းခဲ့တာ ကိုး ။ ဒါကိုပဲ ဟုတ်လှပြီ ဆိုပြီး သာယာနှစ်ခြိုက်ခဲ့တာ လေ ။ တကယ်တော့ ပညာ သိရုံ နဲ့ ပညာရှိ ဆိုတာ မဖြစ် နိုင်ပါဘူး ။ သိရုံလေး မှာ တင် ယစ်မူးပြီး ရပ် နေခဲ့တာ ။ ငါ တံခွန်တွေ ထူပြီး တလူလူ လွင့်ခဲ့ဖူးတာ ။ သိရုံလေးတင် တော့ မဟုတ်သေးဘူး ”

ခုတော့ သိပါပြီ ။ ကိုယ်တိုင် က အရမ်း တော်ချင် တော့ အရမ်း ကို ကြိုးစားခဲ့ရတာပါ ။ နာနာကျင်ကျင် ကို ခက်ခဲခဲ့တယ် ။ ပင်ပန်းခဲ့တယ် ။ အဲ့ဒီတော့ သူများ ထက် ပိုသိ ပိုတတ် လာခဲ့တယ် ။ တခြား နဲ့ ယှဉ်တော့ အားမရ တော့ဘူး ။ နောက်ဆုံး ကိုယ့် ထက် မတော်ရင် အထင် မကြီးနိုင်တော့တာလေ ။

“ ဆရာလေး ခု ဘယ်ကို ကြွမှာလဲ ”

“ ငြိမ်းချမ်းတဲ့ နေရာ တစ်နေရာ ကို ပေါ့ ။ ရှာနေဆဲပါ ။ ခုထိတော့ မတွေ့သေးပါဘူး ။ ဆရာလေး ကို ခွင့်ပြုဦး ။ မဆုံးနိုင်တဲ့ သံသရာ ခရီးရှည်ကြီး ထဲ ဘယ်လောက် ကြာ ကြာ ဆက် လျှောက် နေရဦးမှာလဲ ။ ကျွတ်ချင် ၊ လွတ်ချင်ပါပြီ ”

နှုတ်ဆက် ပြီး ထွက် ။ ညင်ညင်သာသာ ဣန္ဒြေရရ ကင်မရာတွေ ကို ကျောခိုင်းပြီး လျှောက် ။ နောက်က တော်တော် နဲ့ ကတ် လို့ မအော်ဘူး ။ မကြားတော့ ဆက် လျှောက် ။ ဆက်လျှောက် ။ နောက်က မော်တော်ဆိုင် ကယ် လိုက်ပြီး ကြိုမှ ရပ်လိုက်တာ ။ ကျွန်မ မော်နီတာ ဆီ ဒရောသောပါး ပြေး ၊ အရုပ်တွေ ပြန် ကြည့် ။ ကိုယ်ကိုယ် တိုင်တောင် ဟုတ်ရဲ့လား ထင်မိတယ် ။ ကြည်ညိုစရာ ၊ ရင်နင့်စရာ အပြည့် ။ ဒါရိုက်တာ က…

“ အိုကေ …  ညည်း အရမ်း တော်တယ် ”

ကျွန်မ ကျေနပ် သွားပြီ ။ အရမ်း ကို ကျေနပ် သွားပြီး ကျွန်မ မော်နီတာ ရှေ့ ခွာတယ် ။ မလှမ်းမကမ်း မှာ တင် မပြောမဆို ဗြုန်းစားကြီး သီလရှင်ဝတ်စုံ ကို ခွာချလိုက် တယ် ။ ရုတ်ရက် ဆိုတော့ ရှုတင် က လူတွေ ကြောင်ကုန် တယ် ။ တချို့ မကြည့်ရဲလို့ မျက်နှာ လွှဲတဲ့ လူ က လွှဲ ။ ဒါ ဖြစ်စရာလား ၊ အောက် မှာ ဂျင်းဘောင်းဘီတို နဲ့ တီရှပ် ရှိနေသေးတာပဲ ။

သီလရှင်ဝတ်စုံ ကို ပေါက်ပေါက် လက် ထဲ ထိုးထည့် ပြီး အဲယားကွန်း ဖွင့်ထားတဲ့ ကျွန်မ ကား ဆီ လျှောက်လာ ခဲ့တယ် ။ နောက် .. လက်ကိုင်ဖုန်း ထုတ်လို့ စခရင် ပေါ်  လက်လေး နဲ့ တို့လိုက်တယ် ။ ကျွန်မ ဒီနေ့ ဘယ်လောက် တော်ခဲ့တဲ့ အကြောင်း ဘော်ဒါ ကဗျာဆရာ ဆီ ကြွားရဦး မှာ ။ သူ က တော့ မကြိုက်ဘူးလို့ ပြောဦးလေမလားပဲ ။

⎕ ဒေါင်းနေမင်း

📖 ကလျာ မဂ္ဂဇင်း
      ၂၀၁၅ ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment