Monday, August 12, 2024

အကယ်ဒမီ ဆွေဇင်ထိုက်


 

❝ အကယ်ဒမီ ဆွေဇင်ထိုက် ❞

မင်္ဂလာပါ ခင်ဗျာ ၊ ကျွန်တော် ဝင်းငြိမ်း ပါ ခင်ဗျာ ။ ဒီနေ့ ကျွန်တော်တို့ ကမာရွတ်မီဒီယာ နဲ့ တင်ဆက်မယ့် အစီအစဉ် ကတော့ “ လိပ်ပြာကူး ထူးခြား သူများ ” ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ် ။ ဒီနေ့ ကျွန်တော် တွေ့ဆုံမယ့် အကယ်ဒမီဆုရှင် တစ်ဦး ကတော့ ဆွေဇင်ထိုက် ဖြစ်ပါတယ် ။

▢ မင်္ဂလာပါ ဂရေ့စ် ။

❥ မင်္ဂလာပါရှင့် ။

▢ ဂရေ့စ် ကို ကျွန်တော် သိတာက ရှုမဝ ရုပ်ရှင်ထုတ်လုပ်ရေး က နေ ပြီးတော့ ဦးကျော်ရိုက်ကူးခဲ့တဲ့ “ စေလိုရာစေ ” နော် ။

❥ ဟုတ်ကဲ့ ။

▢ “ စေလိုရာစေ ” က တော်တော် ထူးခြားတယ် လို့ ကျွန်တော် ထင် တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကား တစ်ကား ထဲမှာ မင်းသမီး လည်း နာမည် ကြီးတယ် ။ မင်းသားနှစ်ယောက် လည်း နာမည် ကြီးတယ်နော် ။ ဂရေ့စ် နဲ့ တွဲခဲ့တာ က ဇော်ဝမ်း ၊ လင်းထင် ။ ဒီ သုံးယောက် စလုံး က တစ်ပြိုင်တည်း မှာ သရုပ်ဆောင် လောက ကို ရောက်သွားခဲ့ကြတယ် ။ အဲဒီ တော့ ကျွန်တော် သိချင်တာက လေ အခု သရုပ်ဆောင် သင်တန်းတွေ လည်း ဖွင့်နေကြတယ်ပေါ့ နော် ။ ရှုမဝဦးကျော် က ဂရေ့စ် တို့ ကို သင်ခဲ့တာ ဘယ်လိုများ သင်ကြားပို့ချခဲ့လဲ ။

❥ ဟုတ်ကဲ့ ၊ အခု နောက်ပိုင်း အများစု လုပ်နေတာ ကတော့ ရုပ်လှုပ်ရှားမှု ကို ဇောင်းပေးပြီးတော့ သင်ရတဲ့ Constantion ရဲ့ ဖော်မြူလာ နဲ့ သင်ကြတာလေ ။ ကျွန်မတို့ ကို ကျတော့ စိတ်ခံစားမှု ကို ဇောင်းပေး ပြီးတော့ လုပ်ရ တယ် ။ ဂဒေါ်စကီး ရဲ့ ဖော်မြူလာ နဲ့ သင်ရတယ် ။ ဂဒေါ်စကီး ဖော်မြူလာ မှာ က လိပ်ပြာကူး ပေါ့နော် ၊ ကာရိုက်တာ ရဲ့ စိတ် ကို အထဲ ကို ထည့်တဲ့ နေရာမှာ ထပ်ကာထပ်ကာ လေ့ကျင့်ခြင်း အားဖြင့် ကိုယ့် ရဲ့ ပင်ရင်းစိတ် က ပျောက်သွား ပြီးတော့ ကာရိုက်တာ ရဲ့ စိတ် က ကူးဝင် သွားတဲ့ နည်းကို သုံးပါတယ် ။ အဲဒါကို ကျွန်မ တို့ ကို လေးနှစ် လောက် ထရိန်နင် ပေးပါတယ် ။

▢ လေးနှစ်... ။

❥ ဟုတ် ၊ ခုနစ်တန်း အောင်ပြီးတဲ့ Summer ကတည်း က နေ ကျွန်မ က သင်တန်းတက်ရတယ် ။ အဲဒီ က နေ ဆယ်တန်း အောင် ပြီးမှ ရိုက်မယ်လို့ ပြောပါတယ် ။ ဒါကြောင့် ဆယ်တန်း ကို လည်း မအောင်,အောင်အောင် ဖြေရ ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရုပ်ရှင် ထဲ က ကာရိုက်တာ က တက္ကသိုလ် ကျောင်းသူလေး ဖြစ်တဲ့အတွက်ပါ ။ အထက်တန်း ကျောင်းသူ နဲ့ တက္ကသိုလ် ကျောင်းသူ ရဲ့ Response က ကွာတယ် လို့တော့ ဆရာ က ပြောတယ်ပေါ့ ။ ဟို အရွယ်တုန်း က တော့ ဘာပြောတယ် ဆိုတာ မသိဘူးပေါ့ ။ အခုကျ မှ သတိ ထားမိတယ် ။ မှန်ပါတယ် ။ တက္ကသိုလ်ကျောင်းသူ တကယ် လည်း ဖြစ်သွားတဲ့ အခါ ကျတော့လည်း တက္ကသိုလ်ကျောင်းသူ ရဲ့ ဝတ်တာစားတာ ဟန်ပန်တွေ အကုန်လုံး က အဲဒီလို ဖြစ်သွားတာပေါ့နော် ။ နောက် ... စာလုံး တွေ ပေါ့ ၊ ဒိုင်ယာလော့ တွေ ၊ စကားလုံး တွေ ဟာ ပြောရင်း ပြောရင်း နဲ့ ဆရာ ပေးတဲ့ စကားလုံး ကို ပဲ ပြောတာပဲ ။ ဒါပေမဲ့ လေ့ကျင့်ပါ များတဲ့အခါကျတော့ အသား ကျ သွားတယ် ။ အဲဒီတော့ ဖော်မြူလာ အရတော့ သူ က သရုပ်ဆောင် က နေ စိတ် ကို အရင် ခံစားရမယ် ။ ပြီးသွားလို့ ရင် စိတ် မှန် လာရင် အသံ မှန်လာမယ် ။ အသံ မှန် လာရင် ရုပ်လှုပ်ရှားမှု မှန်လာမယ် ဆိုတဲ့ Method နဲ့ သွားတာ ပေါ့ ။ ဟိုဘက်က ပရိသတ် က Absorbed လုပ်တဲ့ အခါကျတော့ သူ က ပထမဦးဆုံး ရုပ် ကို ကြည့်တယ် ။ ပြီးတော့မှ သူ ဘာပြော နေလဲ ဆိုတဲ့ အသံ ကို ကြည့်တယ် ။ ပြီးသွားတော့မှ သူ့ ရဲ့ စိတ် ကို ကြည့်တယ် ။ လိပ်ပြာ က ဒီလို ကူး ရတာ ဖြစ် ပါတယ် ။

▢ ဆရာ ရှုမဝဦးကျော် က တော့ အရမ်း ထူးခြားပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူ ပထမဆုံး ရိုက်တဲ့ “ ရွှေရင်သိမ်းသစ် ” ဆိုရင် စမ်းစမ်းအေး ကို သူ အရွယ် မရောက်သေး တဲ့ အတွက် စောင့် ပြီးတော့ ကို ရိုက်တာနော် ။ တကယ့် ၁၆ နှစ် အရွယ် ရောက်တဲ့ အခါ ကျ မှ “ ရွှေရင်သိမ်း သစ် ” ဆိုတဲ့ ကား ကို ရိုက်တာနော် ။

❥ သူ က ကာရိုက်တာ ကို မွေးထားတာလေ ။ မွေးပြီး သွားတော့မှ ကာရိုက်တာ နဲ့ လိပ်ပြာကူးနိုင်မယ့် လူ ကို Mould လုပ်လာတာ ။ ဖြည်းဖြည်း ဖြည်း ဖြည်း နဲ့ ။ ကျွန်မတုန်းကလည်း ဒီ အတိုင်းပဲ ။ ၇ တန်း ၊ ၈ တန်း ဆိုတော့ ကလေး ပဲ ဆော့ နေတာပေါ့ ( ရယ်လျက် ) ။ ဒါပေမဲ့ သူ ဖြည်းဖြည်း ဖြည်းဖြည်း နဲ့ Train လုပ်လာတာ ။ တက္ကသိုလ်ကျောင်းသူ ဖြစ်မှပဲ ရိုက်မယ် ဆို တက္ကသိုလ် ကျောင်းသူ ဖြစ်မှပဲ ရိုက်မယ် ။ သူရဲ့ Pre Production ကြီး ဟာပေါ့နော် တအား ကောင်းလွန်းတဲ့ အတွက်ကြောင့် မို့ လို့ သူ့ ရဲ့ ကား ထဲ မှာ ပါလာခဲ့ တာ အသစ် ဆို ပေမဲ့ လို့ လည်း ပဲ ခေါင်းဆောင်မင်းသား ၊ မင်းသမီး တွေ အဖြစ် အောင်မြင်ကြတယ် ။

▢ ဒါကြောင့်မို့ လည်း သုံးယောက် စလုံး တစ်ခါတည်း အောင်မြင် သွားခဲ့တယ်နော် ။
သုံးယောက် စလုံး အောင်မြင်ခဲ့တာ ၊ ရှားပါတယ် ။ ရုပ်ရှင်ကား လည်း အောင်မြင်တယ် ။ သရုပ်ဆောင် သုံးယောက် လည်း အောင် မြင်သွားတယ်ပေါ့ နော် ။

❥ ဟုတ်ကဲ့ ။

▢ အဲဒီက နေ ပြီးတော့ ဂရေ့စ် တောက်လျှောက် ... နောက်ထပ် ရှုမဝ နဲ့ ရိုက်ဖြစ်သေးလား ။

❥ ရိုက်ဖြစ်ပါတယ် ။ ဒုတိယကား ကို ကျတော့ ကျွန်မ ငယ်ငယ်တုန်း က ဘိုကေလေး နဲ့ ယောက်ျားလေး လို မျိုး နေတဲ့ ကာရိုက်တာ ကို သူ က သဘော ကျလို့ ဆိုပြီး .. ။

▢ ဪ ... အင်း ၊ ကျွန်တော် မှတ်မိတယ် ။

❥ နှမမယ်ထွေး ငယ်ပါသေး ဆိုတဲ့ ကား တစ်ထုပ် ကို ရိုက်ပါတယ် ။ အဲဒီထဲ မှာ ယောက်ျားလေး လို မျိုး သရုပ်ဆောင် ၊ Tomboy လေး လိုမျိုး နဲ့ အမှု တစ်ခု က နေ ထွက်ပြေးတာမျိုး ၊ နောက် ... ရေ ထဲ ကို ခုန်ချရမယ် ဆို တော့ ကျွန်မ က ရေကူးတာ ခုနစ်တန်း လောက် ကတည်း က တောက်လျှောက် Training ပေးပါတယ် ။ ဒီလိုမျိုး နဲ့လည်း ရိုက်ခဲ့ဖူးပါတယ် ။ ဒီ ကာရိုက်တာလေး လည်း ကောင်းပါတယ် ။ နောက် ... ထူးထူးခြားခြား ကတော့ ဘယ်ပန်းချီ ရေးလို့ မမီ ဆိုတဲ့ ကားပါပဲ ။ အဲဒီ ဘယ်ပန်းချီရေးလို့ မမီ ဆိုတဲ့ ကား မှာ တော့ စိတ် သိပ် မကျန်းမာ တဲ့ အမျိုးသမီးကလေး တစ်ယောက် အဖြစ် ပါရပါတယ် ။ အဲဒါအတွက် ဆိုလို့ ရှိရင် ဒီ ကာရိုက်တာ ကို ရိုက်တော့မယ် ဆိုတဲ့ အတွက်ကြောင့် မို့လို့ ဦးစိန်မြင့် ကလည်း ပဲ ကျွန်မ ကို အဲဒီတုန်း က ဒေါက်တာအုန်းမောင် ရဲ့ စိတ္တဇဆေးရုံ လေ ၊ တံတားလေး မှာ လေ ... အဲဒီမှာ ကျွန်မတို့ သုံး ရက် Visit သွားရပါတယ် ။ ပထမ တစ်ရက် မှာ အလွန်တရာ မှ ကြမ်းတမ်းပြီး တော့ တစ်ယောက် တည်း သော့ခတ် ထားရတဲ့ လူ ကို ကြည့်ရပါတယ် ။ နောက် ဒုတိယ တစ်ရက် မှာ ကျတော့ သွားသွားလာလာ နဲ့ ဆေးကု နေရတဲ့ လူပေါ့ ။ အလွန်မှ ဖျော့ပြီးတော့ လောကကြီး ကို ဘယ်လိုမှ မခံနိုင်တဲ့ လူ ကို ကြည့် ရပါတယ် ။ နောက်တစ်မျိုး က ကျတော့ သွားသွားလာလာနဲ့ ကို တောင့်တောင့် ရောင့်ရောင့် ၊ သူ့ ကိုယ် သူ လည်းပဲ ကောင်း နေ သလိုပဲ ထင်ရတဲ့ လူတွေ ကို ကြည့်ရပါတယ် ။ အမျိုးသမီး အဆောင် ကို သွားရတယ် ။ သူတို့ ရဲ့ လက်ဟန် ခြေဟန်တွေ ၊ မျက်လုံး အနေအထားတွေ ၊ ပြောတာတွေ အဒါတွေ ကို ကြည့်ရ ပါတယ် ။ ဒီလိုနည်း အားဖြင့် ကျွန်မ ဘယ်ပန်းချီရေးလို့ မမီ ရိုက်တဲ့ အခါ ကျတော့ လေ အဲဒီ ကာရိုက်တာလေး ကို ကောင်းအောင် လုပ်ပေးနိုင်ခဲ့ပါတယ် ။ ဂရေ့စ် ဘဝ မှာ လည်း ဒါဟာ သမိုင်းမှတ်တိုင် လို့ ပြောလို့ရတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ ကား ကို နောက်ထပ် Second Version , Thirth Version တွေ ထုတ်ကြပါတယ် ။ ထုတ်တဲ့ဟာ တွေ ကျတော့ ကျွန်မတို့ ဆရာ က အလွန်တရာ မှ ဒီ ကာရိုက်တာ ဟာ Purity ဖြစ်တယ် ၊ ဖြူစင်တယ် ။ သူ့မှာ ဘာမှ Sex appeal . မရှိဘူးဆို တာ ပေါ်အောင်ပြပါတယ် ။ ကျွန်မ လည်း ပဲ ဆရာ ပြောတဲ့ အတိုင်းပဲ လုပ်ပါတယ် ။ ဒါပေမဲ့ နောက်ပိုင်း Version တွေ ကျ တော့ Sex appeal တွေ ပါ လာတော့ ကာရိုက်တာ က နည်းနည်း Distortion ဖြစ်သွား တယ် ထင်တာပဲနော် ။

▢ ဒါ ဒီ ဝတ္ထု က လည်း ဆရာ သိန်းသန်းထွန်း ရဲ့ ဝတ္ထု ကို ရိုက်ထားတာ ။

❥ ဟုတ်တယ် ။ အဲဒီ ဓနုရွာ ကို ကျွန်မ ရောက်တယ် ။ အဲဒီ အမျိုးသမီးကလေး နေခဲ့တဲ့ အိမ် ကို လည်း ကြည့်ခဲ့ပါတယ် ။ အခုထိ လည်း အိမ်ကလေး က တော့ ရှိတယ် ။ အဲဒီ က တကယ့် အဖြစ်အပျက် ဖြစ်ပါတယ် ။

▢ ဒါဆို ...True Story ပေါ့ ။

❥ ဟုတ် ... True Story ပါ ။ အဲဒီ က ရွာသူကြီး ရဲ့ အကြောင်း ကို ရေးတာ ။ အဲဒီ ရွာသူကြီး ရဲ့ တူတွေ ဘာတွေ လည်း တွေ့ပါတယ် ။ ရွာသူကြီး က တော့ ဒေါသ ထွက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးဆရာ က သူ့ အိမ်ပေါ် မှာ တစ်လ လာနေပြီး တော့မှ သူ့ အကြောင်း ကို ရေးတယ် ဆိုပြီးတော့ပေါ့ နော် ( ရယ်လျက် ) ။ ဒါပေမဲ့ လိပ်ပြာကူး ရတာ ထူးခြားပါတယ် ဒီ ကား ကတော့လေ ။

▢ ဟုတ်ကဲ့ပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ကား မှာ ဂရေ့စ် အောင် မြင်သလို လူကြီး လုပ်တဲ့ ဦးကျောက်လုံး က လည်း အရမ်း ကို အောင်မြင် ခဲ့တယ်နော် ။

❥ မှန်ပါတယ် ၊ မှန်ပါတယ် ။

▢ ဒီဘက် က သူ့ သား လုပ်ပြီးတော့ အဖေ အတွက် အနစ်နာ ခံတဲ့ လင်းထင် လည်း အောင်မြင်ခဲ့ပါတယ် ။

❥ ဟုတ်ကဲ့ပါ ။

▢ ရှုမဝဦးကျော် ကား တွေ က တကယ့်ကို ရုပ်ရှင်လောက မှာ သမိုင်းမှတ်တိုင် တင်နိုင်တဲ့ ကားတွေပေါ့ နော် ။

❥ Pre Production ကို သေချာလုပ်တာ ။ ကျွန်မ က လည်း ဒါတွေကို အမြင် နဲ့ သင်ရင်း နဲ့ ကျွန်မ ကိုယ်တိုင် လည်း Pre Production ကို လုပ်ရတာ ကို ကြိုက်ပါတယ် ။ သူ ဆိုလို့ ရှိရင်လည်း Script တစ်ခု ကို တစ်နှစ် ၊ နှစ်နှစ် ရေး တာ ။ ကျွန်မ လည်း ဒီအတိုင်းပဲ နောက်လ ရိုက်မယ့် ကား ကို နှစ်နှစ် ရေးတယ် ။ အဲဒီလို ဖြစ်သွားတာပေါ့ ။

▢ အဲဒီတော့ ဆွေဇင်ထိုက် အကြောင်း ပြောမယ် ဆိုရင် ကျွန်တော် တို့က  ချန်ထားလို့ မရတဲ့ ကား တစ်ကား ရှိတယ် ။ “ အဖေ တစ်ခု သား တစ်ခု ”  နော် ။

❥ ဟုတ်တယ် ။ အဖေ တစ်ခု သား တစ်ခု ကို ကျတော့လေ ကာရိုက်တာ က Charlie Chaplin & The Kid ဆိုတဲ့ စာအုပ်သေးသေးလေး လက်တစ်ဝါး လောက် ရှိတယ် ။ သူ့ မှာ စာလုံးမပါဘူး ၊ အရုပ်တွေ ချည်း ပဲပါတယ် ။ အဲဒီ အရုပ်တွေ ချည်း ပါတဲ့ ဟာ ကို ကြည့်ပြီး သွားတော့မှ အဲဒီ အချိန်တုန်း က ဟာသကားများ ကို ရိုက်လို့ ရှိရင် အကယ်ဒမီ မရဘူးလို့ ပြောလို့ လေ ။ အဲဒါ သမီးတို့ အဖေ အတွက် အကယ်ဒမီရုပ်ဆု ကို မှန်းပြီးတော့ ကို ဒီ ဇာတ် ကို တည်ပါတယ် ။ တည်တဲ့ အခါ ကျတော့ Charlie Chaplin & The Kid မှာ ရှိတဲ့ Concept ကတော့ ကလေး တစ်ယောက် နဲ့ လူပျို တစ်ယောက် က နေပြီးတော့ ၊ ကလေး တစ်ယောက် ကို မွေးစားတယ် ။ မွေးစား ပြီးတော့ အမေ ရှာတယ်ပေါ့ ။ အမေ ရှာပေးတယ် ၊ ပေးရင်း က နေပြီးတော့ သူ့ ကလေး ကို အမေ အရင်း တွေ့တဲ့ အခါ ကျတော့ ပြန် ပေး လိုက်တယ် ။ Concept လေး က ဒါလေးပဲလေ ။ ဒါပေမဲ့ လေ ကျွန်မ တို့ က ဘေးက အဆာပလာ တွေ ထည့်ရတာပေါ့ ။ Culture ကို လည်း ထည့်ချင်တာပေါ့ ။ သားကလေး ဖြစ်တဲ့ အတွက်ကြော င့်မို့လို့ မြန်မာ Culture ဆိုလို့ ရှိရင် ... ။

▢ ရှင်ပြုချင်တယ် ။

❥ ရှင်ပြုချင်တယ် ပေါ့ ။ အဲဒီ ရှင်ပြုချင်တာ ကို ရှင်ပြုလို့ ရှိရင် အမေ ရော ၊ အဖေ ရော ပါရတယ် ဆိုတာလေး ရှိတယ်လေ ။ အဲဒီတော့ အဲဒါလေး အတွက် ဆိုပြီးတော့ ဟိုဘက်က နေပြီးတော့ ပန်းချီကားလေး က နေ စ ပြီးတော့ ခေါ် လာခဲ့တာပေါ့ ။ ပြီးတော့ ဒီ ကလေး ရဲ့စိတ် ဟာ နူးညံ့တယ် ။ သူ က ဘာသာတရား အဆုံးအ မနဲ့ နီးစပ်တယ် ဆိုတာကို သိဖို့ အတွက် ဆိုပြီးတော့ အဲဒီလို သံပေါက်ကလေး တွေ ဆိုပြီးတော့ အိပ်တာမျိုး တို့ ဒါမျိုးတွေ ကို ထည့်ပေးထားတယ် ။

▢ အရမ်း ကောင်းပါတယ် ။

❥ အဲဒီတော့ Caulture တွေ က ထုံမွှမ်း ပေးလိုက်တဲ့ အခါကျတော့ ဒါဟာ Charlie Chaplin & The Kid ကို မှီးထားတာပေါ့နော် ဆိုပေမဲ့လို့ ကိုယ့် ရဲ့ Creation လိုပဲနော် ။ Identity တွေလေ အကုန်ပါတယ် ။ နောက် သမီး အဖေ ရော ပဲ ၊ ကလေး ရော ပဲ အကယ်ဒမီ ရတာ ပျော်စရာ ကောင်းပါတယ် ။

▢ ဟုတ်ကဲ့ ။ ပျော်စရာ ကောင်းတာ က အဲဒီ နှစ် မှာပဲ ဆွေဇင်ထိုက် ကလည်း အကယ်ဒမီ ရတယ် ။

❥ အင်း ... ဟုတ်တယ် ။ အဲဒီနှစ်တုန်း က လေ ကိုယ် ပဲ ကံ မကောင်း တာလား မသိဘူးလေ သိလား ၊ သုံးလေးကား တိုက်တာလေ ။ ဒီဘက် က ဆွေဇင်ထိုက် နဲ့ ဟိုဘက် က ဆွေဇင်ထိုက် နဲ့ ... ( ရယ်လျက် ) ၊ အဓိကသရုပ်ဆောင် မှာ လည်းပဲ နှစ်ယောက် တိုက်တယ် ။ အန်တီခင်ယုမေ နဲ့ ဒေါ်ဝါဝါဝင်းရွှေ နဲ့ ။ နောက် ဇာတ်ပို့ဇာတ်ရံ လည်း အဲဒီလိုတွေ တိုက်တယ် ။ နောက်ဆုံးပိတ် ကျတော့ ကိုယ် ကလ ည်း ငယ်တဲ့သူ ဆိုတော့ ဇာတ်ပို့ဆု ကို ယူခဲ့ရပါတယ် ။ ဘာပဲဖြစ်ဖြစ်လေ မြန်မာနိုင်ငံ က ချီးမြှင့် တဲ့ ၊ အစိုးရ ချီးမြှင့်တဲ့ ဆု ကတော့ အဲဒီ ဆုတော့ ပထမဆုံး ဆု ပါပဲ ။

▢ ဟုတ်ကဲ့ ၊ အဲဒီ အကယ်ဒမီနေ့ မှာ ဂရေ့စ် နဲ့ ကိုစိန်မြင့် နဲ့ ပြဿနာ ရှိနေပြီ ။

❥ ဟင်း ... ဟင်း ... ဟင်း ... ။

▢ ရှိနေပြီ နော် ။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင် က အောင်ထွန်းလေး ကို ပါ ခေါ် ပြီးတော့ သုံးယောက် ကား တစ်စီး နဲ့ လာရမယ် ဆို တဲ့ အတွက် သုံးယောက် သွားကြတာ ကျွန်တော် မှတ်မိတယ် ။

❥ လာပါတယ် ။ လာခဲ့တယ် ။ Professional Life ကို Personal Life က ခွဲရမယ် လို့ ဆရာ က လည်း သင်ပေး လိုက်ပါတယ် ။

▢ ဟုတ်ကဲ့ ၊ အဲဒီလို သွားကြရတယ် ။ သုံးယောက် လုံး အကယ်ဒမီ ရခဲ့တယ်ပေါ့နော် ။ ဂရေ့စ် အကယ်ဒမီ ရတဲ့ ကား က “ မိန်းကလေးရှင်ရဲ့ ဆန္ဒ ” နော် ။ ဒါ ဆရာမောင်သိန်းဆိုင် ရေးသွားတဲ့ ဝတ္ထု ကို ရိုက်တဲ့ ကား ပေါ့နော် ။

❥ ဟုတ်ကဲ့ ။

▢ အဲဒီတုန်း က တော့ “ အမေ နဲ့ သမီးများ ” ကို ခွင့် မပြုခဲ့ဘူး ၊ နာမည် ခွင့်မပြုခဲ့တဲ့အတွက် ကို “ မိန်းကလေးရှင် ရဲ့ ဆန္ဒ ” လို့ ပြောင်းရ တယ် ။ ဆရာ ဦးအောင်မြင့်မြတ်နော် ။

❥ ဟုတ်ကဲ့ပါရှင့် ။

▢ အဲဒီမှာ အမေ ကို မကျေနပ် တဲ့ သမီး တစ်ယောက် အနေ နဲ့ သရုပ်ဆောင် ရတယ် ။

❥ သမီး သုံး ၊ လေးယောက် ရှိတယ်လေနော် .. ။

▢ အဲဒီမှာ ဂရေ့စ် က အကြီးဆုံး ။

❥ ဟုတ်ကဲ့ ၊ အကြီးဆုံး ။ အကြီးဆုံး ဆိုပေမဲ့လို့ တကယ်တော့ အရင် အစ်မ က မွေးတဲ့ တူမ ကို ပြန် မွေးစားတာမျိုးလေ ။ ကိုယ့် ရဲ့ အဖေ နဲ့ ဒုတိယ အိမ်ထောင် ပေါ့ ။ အဲဒါအတွက် ဆိုပြီးတော့ ကလေး က အငုံ့စိတ် ရှိတယ်ပေါ့ ။ တက္ကသိုလ်ကျောင်းသူလေး လည်း ဖြစ်တဲ့ အခါကျတော့ သူ့ ရဲ့ ညီမလေး တွေ လည်း ရှိတာပေါ့ ။ ဆရာကြီး ပေါ့လေ ၊ အဲဒီလိုမျိုး နဲ့ ဦးညွန့်ဝင်း ကို Family ထဲ ကို အဝင် မခံနိုင်တာပေါ့လေ ။ Defend ဖြစ်တာ ။ အဲဒီ ကာရိုက်တာ ကို ကြိုက် ပါတယ် ။ ကျွန်မ အဲဒီ ဝတ္ထုလေး ကိုဖတ်တာ ကြာပြီလေ ။ ပြီးတော့မှ ဦးအောင်မြင့်မြတ် က ဒီ ဝတ္ထု ကို ရိုက်မယ် ဆိုတော့ ကျွန်မ ဒီ ကာရိုက်တာ ကို ကြိုက်လို့ ဆိုပြီးတော့ လက်ခံပါတယ် ။ နောက် ... ဝတ္ထု က ဖတ်တာ ကြာလာတဲ့အခါ ကျတော့ ဒီ ထဲ မှာ ရှိနေတဲ့ သူ့ ရဲ့ ကာရိုက်တာ ရဲ့ လိပ်ပြာ က လေ ကိုယ့် အတွက် ကူး သွားဖို့က အလွန် မှ လွယ်တယ် ။ နောက် .. အခံ က လည်း အရမ်းကောင်း တယ် ။ အဲဒီ အချိန် မှာ ကိုယ် က ကောလိပ်ကျောင်း တက် နေတဲ့ အချိန် ၊ တက္ကသိုလ်ကျောင်းသူလေး လည်း ဖြစ်တယ် ။ ဟိုမှာ လည်း ဆေးတက္ကသိုလ် ကျောင်းသူ ဖြစ်တယ်ပေါ့ ။ အဲဒီလို အကြောင်းကြောင်း က တိုက်ဆိုင် လာလို့ ရှိရင် ကောင်းတယ် ကာရိုက်တာ က ၊ ကိုယ် ထဲ ဝင်သွားတယ် ။

▢ ဒါကတော့ ဦးအောင်မြင့်မြတ် ရိုက်ခဲ့တာပေါ့နော် ။ နောက်ထပ် ဂရေ့စ် နဲ့ပတ်သက်ပြီးတော့ အမြင်ဆန်း ပြီးတော့ အရမ်း နာမည်ကြီးခဲ့တဲ့ ကား တစ်ကား ရှိတယ်နော် ။ ဒါရိုက်တာ ရွှေဒုံးဘီအောင် ရိုက်ခဲ့တာ ။ “ အဖိုးတန်မြ ”  နော် ။

❥ ဟုတ်ကဲ့ ။

▢ အဲဒီတုန်း က တော့ ဒီလိုမျိုး Swiming Costume ဝတ်တာ ဘာညာ မြန်မာရုပ်ရှင်မှာ မရှိဘူးလေ ။ ဂရေ့စ် က အဲဒီ ကားမှာ Swining Costume ဝတ်ပြ လိုက်တဲ့ အတွက် ကို ပွက်လောရိုက် ကုန်ကြတယ် ( ရယ်လျက် ) ။

❥ ဟင်း ... ဟင်း ... ဟင်း ... ၊ အဲဒီ ကာရိုက်တာ ကိုလ ည်း ကျွန်မ ကြိုက်ပါတယ် ။ တကယ်တော့ သူ့ ရဲ့ Concept က My Fair Lady Concept ပဲလေ ။ နည်းနည်း ဆင်းရဲတယ် ၊ နည်းနည်း ဆင်းရဲတဲ့ ၊ အနောက်ဘက် က ဘာမှ အခြေခံ မရှိတဲ့ လူ က နေ မှ တစ် ဘဝ ကို ပြောင်းသွားတယ် ။ ပြောင်းသွား တဲ့ အခါမှာ My Fair Lady မှာ တော့ တအားကြီး လွတ် သွားတာတွေ ဘာတွေ ရှိတာပေါ့နော် ။ ဒီမှာတော့ သူတို့ မြန်မာ လို ထိန်းထိန်းသိမ်းသိမ်း နဲ့ ရိုက်ထား တာကို တွေ့ရပါတယ် ။ ကျွန်မ My Fair Lady ကို လည်း ပြန်ကြည့်ပါတယ် ။ အဲဒီ ကား ကိုရိုက်တဲ့ အခါမှာလေ ။ ပြီးတော့ ဆရာ က ကောင်းတာ က လေ ဇာတ်ညွှန်း က အရင်ပေးထားတာ ။ အဲဒီ ဇာတ်ညွှန်း ကိုကြည့်ရတာပေါ့ ။ ကြည့် ပြီးတော့ ကိုယ် လည်းပဲ Character Art လို့ ခေါ်တယ်လေ ၊ ဇာတ်ကောင် ရဲ့ စရိုက် ၊ အဝန်းအဝိုင်း ထဲ က မထွက်သွားအောင် လေ ၊ ကိုယ် လည်း ပဲ သတိ ထားတယ် ။ နောက် ဒါရိုက်တာများ ကလည်း ပဲ ကိုယ့် ကို ဒီ Character Art ထဲ မှာ ပဲ ရှိအောင် ၊ ကျွံ မသွားအောင် ဆိုပြီး ထိန်းသိမ်း ပေးတာကို ကျွန်မတို့ က လက်ခံတယ်လေ ။

▢ ဟုတ်ကဲ့ ။

❥ အခု ခေတ် က တော့ ကျွံ ကျွံ သွားတယ် ။ ခဏခဏ ကျွံတယ် ။ တစ်ခါ နှစ်ခါ မဟုတ်ဘူး အဲဒါမျိုး ကို မြင်နေရတာပေါ့ ။ ကျွန်မတို့ တုန်းကတော့ ဒါရိုက်တာ က တာဝန် ကျေတယ် ။ ကျွန်မတို့ ဆရာ က ကျွန်မတို့ ရဲ့ ခေါင်း ထဲ ကို တစ်ခု ထည့်ပေးလိုက်တာပေါ့ ။ Art for Art Sake ပေါ့ ။ အနုပညာသည် ဟာ အနုပညာ အတွက် ဖြစ်ရမယ် ။ အနုပညာ ကို သစ္စာ ရှိရမယ် ဆိုတော့ ကျွန်မ တို့ က  ကာရိုက်တာ ကို သစ္စာ ရှိတယ်လေ ။ ကာရိုက်တာ ထဲ မှာ Personal မပါဘူး လေ ။ အဲဒီလို ပြောင်းအောင် လုပ်ရမယ် ဆိုတဲ့ စိတ် ကို ထည့်ပေးလိုက်တယ် ။ ဒါမှလည်း Art Sake ဖြစ် မှ သာ လည်း လိပ်ပြာကူး ပေးလို့ ရတာလေ ။ အခုက တော့ Technic ကို သုံးတဲ့ ခေတ် ဖြစ်သွားတဲ့ အခါကျတော့ Expression ကို ဂရု မစိုက်တော့ဘူး ။ ဘယ်လောက်ကြီး ပဲ Dialogues က ငိုနေပါတယ် ဆို ပေမဲ့ လည်း ကျွန်မ လည်း ဆင်ဆာ ကြည့်တယ် ဆိုတဲ့အ ခါကျတော့ မျက်လုံး က ဘာမှ မပါလာတော့ဘူး ။ ဒါမျိုးတွေ သတိထား မိ လာတယ် ။

▢ မငိုဘူး ၊ မျက်လုံး က မငိုဘူး ။ သိသာတယ်လေ ။ ပရိသတ် တွေ လည်း တော်တော်များများ သိလာတယ် ။ ဒေါသ ဖြစ်တယ် ဆိုလည်း မျက်လုံး က ဒေါသ မထွက်လာဘူး ။

❥ ဘာဖြစ်လို့လဲ ဆိုတော့ သူ က Physical ကို ဇောင်းပေး ထားတာလေ ။ ကျွန်မ တို့ ခေတ် တုန်းက ဆိုလို့ ရှိရင် ကာရိုက်တာ ကို ဇောင်း ပေးတဲ့ Character Orientic ဇာတ် ဖြစ်ပါတယ် ။ အခုနောက်ပိုင်း တွေ ကျတော့ လူအများ ကို သုံး တဲ့ အခါမှာ Plot Orientic ဇာတ် ဖြစ် သွားတယ် ။ အဲဒါကြောင့်မို့ သူ က Plot တွေ ကို ဇောင်းပေးလို့ လိပ်ပြာကူး ပြီးတော့ ကာရိုက်တာ ထဲ ကို ဝင်စရာ မလိုဘူးလို့ ထင် သွားတယ် ။

▢ ဟုတ်တယ် ။ အခု နောက်ပိုင်း မှာ ဂရေ့စ် က ဇာတ်ညွှန်း ရေးနည်း သင်တန်းတွေ လုပ်နေတာ ကျွန်တော် တွေ့တယ်ပေါ့နော် ။ PEN Myanmar နဲ့ ပူးပေါင်းပြီးတော့ လုပ်တယ် ။ ပို့ချတဲ့ နေရာမှာ တက် တဲ့ ကလေးတွေ တော်တော်လေး အောင်မြင်တယ်လို့ ကြားတယ်ပေါ့နော် ။ အဲဒီ သင်တန်း လေး နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် ကို ပြောပေးပါဦး ။

❥ ကျွန်မ က ၁၉၉၀ ၊ တစ်ခု ၊ နှစ်ခု လောက် ကျတော့လေ ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကင်မရာ ရှေ့မှာ နေတာ ထက် စာ လို့ ရှိရင် ကင်မရာ နောက်ကွယ် က နေ ပြီး Programer အနေ နဲ့ နေရမယ် ရင် ကောင်းမယ် လို့ ကျွန်မ ရွေး ပါတယ် ။ ရွေးပြီးတော့ ၉ဝ ခုနှစ်တွေ မှာ သင်တန်းတွေ တက်ပါတယ် ။ ၂၀၀၀ ခုနှစ် တွေမှာ Production တွေ ကို ထုတ်ပါတယ် ။ အဲဒီမှာ ၂၀၀၆ ခုနှစ် ကို ဦးကြည်စိုးထွန်း က ဥက္ကဋ္ဌ လုပ်တဲ့ အခါကျတော့ ကျွန်မ က တွဲဖက်အတွင်း ရေးမှူး အနေနဲ့ ပေါ့ ထပ်ပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဆိုတာ ကို ဖွဲ့တယ် ။ ဖွဲ့ပြီး သွားတော့မှ အဲဒီ က နေပြီးတော့ မြန်မာရုပ်ရှင်ကားထုပ် တွေ ကို နိုင်ငံတကာရုပ်ရှင်ပွဲတော် တွေ ဆီကို ပို့မယ် ဆိုပြီးတော့ ပို့ပါတယ် ။ ဒါပေမဲ့ ပို့တဲ့ အခါကျတော့ ကိုယ့် ရုပ်ရှင်ကားထုပ်တွေ မှာ Infra Structure ကြီး က မကောင်းတဲ့ အခါ ကျတော့ အရုပ် က လည်း မကောင်း ၊ အသံ က လည်း မကောင်း ၊ Story Setupကလည်း မကောင်းတဲ့ အခါမှာ သူတို့ ဆီ က Collection ပေါ့လေ ။ ရွေးတဲ့ အခါမှာ ခဏခဏ ပြုတ်ကျန်ခဲ့တယ် ။ ရုပ်ရှင်အစည်းအရုံး မှာ က အဲဒီ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အတွက် Funding မရှိဘူး ။ ဘတ်ဂျက် မရှိဘူး ။ ကျွန်မ က ကိုယ့်အိတ် ထဲ က ကိုယ် စိုက်ပြီးတော့ DHL ဖိုး ဒေါ်လာ ၈၀ ၊ ၉၀ ဆိုလည်း ပေးပြီးတော့ အဲဒီလို ပို့တာပေါ့ ။ အဲဒီလိုမျိုး ပို့ လည်း မရတဲ့ အခါကျတော့ ကျွန်မ က Co - ordination Meeting တွေ ဘာတွေ မှာ ရောက်တဲ့ အခါကျတော့ ဘာဖြစ်လို့လဲ မေးတဲ့ အခါကျတော့ Story မကောင်းလို့ လို့ ပြောတယ် ။ Myanmar Story ရှိတယ် ၊ ဒါပေမဲ့ Presentation မှာ လွဲနေတယ် လို့ ပြောတယ် ။ အဲဒါနဲ့ ကျွန်မ ပူးပေါင်းပြီးတော့ ရိုက်တဲ့ Co - Production တွေ လုပ်ဖို့ အတွက် ဆိုပြီးတော့ လေး ၊ ငါးနှစ် စဉ်းစားသေး တယ် ။ နောက်တစ်ခါ Co -P roductionက သိပ် အဆင်မပြေဘူး ။ Co - Production အဆင် မပြေတာက ဒီဘက်မှာ ရှိတဲ့ Process တွေက Complicate ဖြစ်တယ် ။ အဲဒီအခါ ကျတော့ အပြင်က Investor က လွယ်လွယ်ကူကူ မလာနိုင်ဘူး ။ အဲဒီမှာ ကျွန်မ က နေပြီးတော့ ကဲ ... ဒါဆိုလို့ ရှိရင်တော့ Production ထုတ်ပြီးသား ကို International Market ကို ပို့လို့ မရလို့ ရှိရင် Story က တော့ Authenticity ရှိတယ်လေ ။ ကိုယ့် ရဲ့ ပင်ရင်း ၊ မူရင်း ပေါ့နော် ၊ Story တွေနဲ့ ဒီ International Market ကို ထွက်ရရင် လည်း ကောင်းမှာပဲ လို့ စိတ်ကူး ပြီးတော့ ကျွန်မ International Practical မှာ ရှိတဲ့ Story Setup ကို သင်ပါတယ် ။ PEN Myanmar ကို လည်း ကျေးဇူးတင်တယ် ။ PEN Myanmar က နေပြီးတော့ မှ အကုန်လုံး ကူညီပေးတဲ့ အတွက်ကြောင့် မို့ အခု ဆိုလို့ ရှိရင် ကျောင်းသား ဟာ မရှိဘူး ဆိုရင် ၁၅ဝ လောက် ပေါ့နော် ၊ Two Budgets အတွင်း မှာ ထွက်ပါတယ် ။ အဲဒီ ၁၅၀ ထဲ က နေပြီးတော့မှ ရေး တဲ့ Story တွေ ကို Competition ပြန် လုပ်ခိုင်းတယ်လေ ။ ပြန် လုပ်ခိုင်းပြီး သွားတော့မှ Myanmar Script Fan ဆိုတဲ့ Program တစ်ခုကို Memory Flim Festival တစ်ခု မှာ သွား ပြီးတော့ ထည့်ပါတယ် ။ ထည့်ပြီးတော့ Myanmar Script Fan က နေပြီးတော့ မှ International က ဆရာတွေ လာပြီးတော့ Coach လုပ်တဲ့ တစ်ပတ် ပေါ့နော် ၊ Workshop တစ်ခု ကို လုပ်ပါတယ် ။ အဲဒီလိုမျိုး လုပ်ပေးတဲ့ အတွက်ကြောင့် မို့လို့လည်း ကိုဝိရ တို့ လိုမျိုး ၊ ဇာခြည် တို့ လိုမျိုး အမျိုးသမီးလေး တွေ ၊ အမျိုးသားလေး  တွေ ထွက်လာတာပေါ့ ။ ဒီနှစ်ကလေ လူ ၉ဝ လောက် ရှိပါတယ် ။ အဲဒီ ၉၀ ထဲ က မှ ၃ ၊ ၄ ခု ကတော့ တော်တော်လေး ကို ကောင်းပါတယ် ။ ဒါပေမဲ့ ကျွန်မ ဘာကို မြင်ထားသလဲ ဆိုတော့ မြန်မာပြည်ကြီး မှာ ရန်ကုန်မြို့ ဟာ City of Migrant ဖြစ်နေတယ် ။ အပြင် က နေ နယ်တွေ ကနေ လာတာ ဖြစ်တယ် ။ အဲဒါကြောင့်မို့လို့ လူသင်တန်းသား ၉၀ မှာ Script ၄၀ လာတယ် ။ Story Treatment ပေါ့ ၄ဝ လာတယ် ။ ၄၀ ထဲ က နေပြီးတော့ ကျွန်မ က ၁၀ ခု ကို ရွေးတာပေါ့နော် ။ အဲဒီ ၄ဝ စလုံး မှာ ရွှေတိဂုံဘုရား တစ်ခန်း မှ မပါ ဘူး ။ ကန်တော်ကြီးလ ည်း တစ်ခန်း မှ မပါဘူး ။ အင်းလျားကန် လည်း တစ်ခန်း မှ မပါဘူး ။ နယ်တွေ က လာတဲ့ သူတွေက နယ်တွေ က ဇာတ်လမ်းတွေ ကို ပဲ လာပြီးတော့ ရေးတာ ဖြစ်တယ် ။ အဲဒါကြောင့်မို့ လို့ ကျွန်မ က မြန်မာ ပင်ရင်း Identity ပေါ့နော် ၊ Authenticity ပျောက်နေတယ် ဆိုပြီးတော့ ဂရေ့စ် ဒီ တစ်ခေါက် သာ လုပ်ဖြစ်မယ် ဆိုရင် မန္တလေး မှာ လုပ်မယ်လို့ စိတ်ကူးတယ် ။ မန္တလေးမှာ လုပ်ရင် အနည်းဆုံး မန္တလေးတောင် တော့ ပါမှာပဲ ။ မဟာမြတ်မုနိ လည်း ပါမှာပဲ ... ။

▢ ကျုံးကြီး လည်း ပါမှာပဲ ။

❥ ကျုံးကြီး လည်း ပါမှာပဲ လို့ စိတ် ထဲ မှာ ထင်တာပေါ့နော် ။ ဒီလိုနဲ့ပဲ Script Lab ကို Fund တစ်ခု အနေနဲ့ ထူထောင် ပေးပါတယ် ။ ပိုက်ဆံ တကယ် ရှိလို့တော့ မဟုတ်ပါဘူး ။ မိတ်ဆွေတွေ ဒီလိုပဲ ... ခင်မင်ရာခင်မင်ကြောင်း ပေါ့ ၊ တော်ဝင် က လည်း Fund ပေးတယ် ၊ PEN Myanmar က လည်း Others Services တွေ ပေးတယ် ။ လူခေါ်ပေးတယ် ဆိုတော့ ကောင်းပါတယ် ။ ဒါဟာက ဆက် လုပ်ရမှာဖြစ်ပါတယ် ။ ကျွန်မ မရှိ လည်း ဆက်လုပ်ရမယ် ။

▢ ဒါပေါ့ ... ဒါပေါ့ ၊ ကျွန်မ မရှိ လည်း ဆက် လုပ်ရမယ် ဆိုတော့ ကျွန်မ လိုမျိုး ပြင်သစ် လို လည်း ပြောလို့ရတယ် ၊ အင်္ဂလိပ် လို လည်း ပြောလို့ရတယ် ။ အဲဒီလို ကလည်း ပေါ်လာဦးမှ ကိုး ။ ဘာဖြစ်လို့လဲ ဆို တော့ ဂရေ့စ် မှာ က ရုပ်ရှင် အခံ ရှိပြီးသားလေ ။ ရုပ်ရှင် အခံ ရှိပြီးသား ဖြစ် တဲ့ အတွက် ဒီ ဇာတ်ညွှန်းကို ဂရေ့စ် နားလည်တယ်လေ ။

❥ ကျောင်း လည်း တက်တယ် ။ ကျွန်မ က ဇာတ်ညွှန်း 8 Unit သင်ခဲ့ရတယ် ။

▢ အိုး ... ဟုတ်လား ။

❥ USA . LA မှာ ။ ပြီးတော့ ကျွန်မတို့ ဆရာ က လေ Sony Production House မှာ Script ကို ဒေါက်တာ ဒီးစ် ဆိုပြီး ၁ဝ ယောက် ရှိတယ် ။ အဲဒီ ၁ဝ ယောက် ထဲမှာ ဆရာ က No 2 ။

▢ အဲဒီလို ဆရာကောင်း နဲ့ တွေ့တာပါ ။

ဟုတ်ကဲ့ပါ ၊ ပြီးတော့ ဖတ် လည်း ဖတ်တယ် ။ Script တွေ ကို လည်း ဖတ်ပါတယ် ။

▢ အခု လောလောဆယ် မှာ မန္တလေး မှာ လုပ်ဖို့ စီစဉ်ပြီလား ။ မစီစဉ် ရသေးဘူးလား ။

❥ ကျွန်မ စိတ်ကူး နေတုန်းပဲ ။ Time Frame ကို ကြည့်နေတာလေ ။ ဂရေ့စ် က ၂၀၁၃ နဲ့ ၁၄ မှာ နှစ်နှစ် ကို Script ရေး ပြီးတော့ နေရယ် လရယ် အမှန်တရားရယ် ဆိုတဲ့ Television Series တစ်ခု ကို ရိုက်ခဲ့ပါတယ် ။ အဲဒါက လည်း အဲဒီတုန်း ကတော့ Vote of the Education ပေါ့ ။ မဲ ပေး တဲ့ လူတွေ ကို ပညာ ပေးတာဖြစ်တယ် ။ နောက် ... မဲပေးရမယ် ဆိုတဲ့ဟာ ကို Drive လုပ်တာဖြစ်တယ် ။ အဲဒါ ၂၀၁၅ မဲရွေးကောက်ပွဲအတွက် ကို Target ထားပြီး တော့ ထုတ်လုပ်တာ ဖြစ်ပါတယ် ။ ဒီ တစ်ခေါက် ကတော့ တိုင်းပြည် ရဲ့ အနေအထား အရလေ ဟိုတုန်းကတော့ မဲ ပေးဖို့ မဲရုံ ကို သွားရမယ်ဆိုတဲ့ အတွက် လုပ်ရတာကိုး ။ အခုအချိန် ကတော့ လူတွေ အကုန်လုံးဟာ တရားဥပဒေနဲ့ နေတတ်ဖို့ အတွက် ဆိုတော့ Rules of law ပေါ့နော် ။ တရားဥပဒေ စိုးမိုးရေး ကို ဦးစားပေး တဲ့ ဟာ ဖြစ်ပါတယ် ။ တချို့ ... စီးပွားရေး အဆင်မပြေတဲ့ အခါကျ တော့ တရားရုံးတွေ ဘာတွေ ကို မသွားတတ်တာ တို့ ၊ မသွားနိုင်တာ တို့ ရှိ တယ်လေ ။ အဲဒီ လူတွေ အတွက် ဆိုပြီးတော့ ဒီ တိုင်းပြည် မှာ NGO တစ်ခု ရှိပါတယ် ။ ပထမ Season ကတည်း က ပါလာခဲ့တာပါ ။ ပရိုးဗို့နော့ ဆိုတာ ရှိတယ် ။ အဲဒီ ပရိုးဗိုနော့ ရဲ့ NGO ရဲ့ Service တွေပေါ့နော် ။ ဘယ်လို ယူလို့ရ တယ် ၊ ဘယ်မှာ ရှိတယ် ဆိုတာ ဒါတွေကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိအောင် ဆိုပြီးတော့ ရိုက် မှာ ဖြစ်ပါတယ် ။

▢ ဟုတ်ကဲ့ ၊ ကျွန်တော် ဂရေ့စ် ကို ကြည့်ပြီး စဉ်းစား နေရင်းနဲ့ အကြောင်းအရာ တစ်ခု ပေါ်လာတယ် ။ သီချင်း လည်း ဆိုတယ်နော် ။

❥ ဟိုး .. ငယ်ငယ်တုန်း က သီချင်း ဆိုတယ် ( ရယ်လျက် ) ။ တကယ်တော့ အဲဒီ သီချင်း ဆိုတာက ကျွန်မ ရဲ့ Professional မဟုတ်ဘူး ။ ကျွန်မ ရေချိုးခန်း မှာ ပဲ သီချင်း ဆိုတယ် ။ သီချင်း ကို နားထောင်တတ်တာမျိုးတော့ ရှိပါတယ် ။ ဒါပေမဲ့ ၈၀ ခုနှစ်တွေ ကို ရောက်တဲ့ အခါကျတော့ အကြောင်းက ဒီလို ရှိတယ်လေ ။ ၇၀ ခုနှစ်လယ်ပိုင်း ကို ရောက်တဲ့ အခါမှာ တောင်ပိုင်း မှာ ရှိတဲ့ သင်္ဘောတွေ နဲ့ ပစ္စည်းတွေ ကို မှောင်ခိုကုန် လို့ လည်း ပြောကြတာပေါ့ လေ ။ အဲဒီလို လုပ်တဲ့ သူတွေဟာ ပိုက်ဆံတွေ ကို ရုပ်ရှင် ထဲ မှာ လာ ထည့်ပြီး တော့ ရိုက်တယ် ။ ရိုက်ပြီး သွားတဲ့ အခါမှာ ၈ဝ ခုနှစ် လောက် ကို ရောက်တဲ့ အခါကျတော့ သူတို့ တွေ လိုချင်တဲ့ပေါ့နော် White Money ရသွားတဲ့ အခါမှာ ထွက်သွားတယ် ။ ထွက်သွားတဲ့ အခါမှာ ၈၀ ၊ ၈၁ တွေဟာ ဖလင်တွေ မရှိကြ တဲ့ အခါကျတော့ ၈၃ ၊ ၈၄ လောက် မှာ ဗီဒီယိုတိပ်ခွေကြီးတွေ နဲ့ ရိုက်တဲ့စနစ် တစ်ခု ကို ပေါ်လာတာပေါ့ ။ အဲဒီ စနစ် ကို လုပ်ရင်း လုပ်ရင်း နဲ့ Market ကို လည်း သေသေချာချာ မတည်ထောင်နိုင်တဲ့ အတွက်ကြောင့် မို့လို့ ပျက်သွားတယ် ပေါ့ ။ အဲဒီလို ပျက်တဲ့အချိန်ပေါ့ ၊ ၈ဝ အစောပိုင်း ရုပ်ရှင်သမားတွေ အလုပ် လက်မဲ့ ဖြစ်တဲ့ အချိန်ရှိတယ် ။ ဖလင် က လည်း အစိုးရ က မပေးနိုင်တဲ့ အချိန်မှာ မင်းသား ၊ မင်းသမီးတွေ အလုပ်လက်မဲ့ ဖြစ်လို့ ပြဇာတ် က,တာတို့ ၊ သီချင်း ဆို တာတို့ သွားကြတယ် ။ သွားကြတဲ့ အခါကျတော့ ကျွန်မ က တော့ ကျောင်း တက် ဘာတက်နဲ့ နေတာ Survive ဖြစ်ပါတယ် ၊ ကျွန်မ မချမ်းသာ ပေမဲ့လို့ လည်း သုံးသုံးဖြုန်းဖြုန်းမနေတဲ့ အတွက်ကြောင့် မို့လို့ ။ ဒါပေမဲ့လည်း ပိုက်ဆံ မရှိမဖြစ် လိုတဲ့ လူတွေ ရှိတယ် ။ ကိုဇော်ဝမ်း တို့ ၊ ဦးအောင်လွင် တို့ ၊ နောက် ... ကိုသုမောင် တို့ ( ရယ်လျက် ) ။ သူတို့တွေ ကတော့ သီချင်း ဆိုတတ်တဲ့သူ တွေ လေ ။ အဲဒါ သူတို့ ကို မင်းသမီး တစ်လက် တော့ ပါမှ ဆိုပြီး ကန်ထရိုက် က ပြော တဲ့ အခါကျတော့ ဂရေ့စ် ကို သူတို့ က လိုက်ခဲ့ရမယ် လို့ ပြောတယ် ။ ကျွန်မ က ပြဇာတ် လည်း မက,တတ်ဘူးလေ ။ သီချင်း လည်း မဆိုတတ်ဘူး ။ နောက် ... အမေ က နေ အတင်း တိုက်တွန်း ပြီးတော့ သီချင်း ၃ ၊ ၄ ပုဒ် ကို အလွတ်ကျက် ရတယ် ။ အဲဒါ ကျွန်မ က လည်း ကလေးတွေ ကို အခု ထိ ပြောထားတယ် ။ သီချင်း နှစ်ပုဒ် လောက် အလွတ် ကျက်ထား ၊ လူရိုသေ ၊ ရှင်ရိုသေဆိုပြီးတော့ ( ရယ်လျက် ) ။ အဲဒီမှာ လည်း သီချင်း ၃ ၊ ၄ ပုဒ် ကို ကျက်ထားပါတယ် ။ ကျက်ထား ပြီးတော့မှ ဒီ သူငယ်ချင်းတွေ ရဲ့ မိသားစုတွေ အတွက် ဆိုပြီး ကူညီတဲ့ အနေနဲ့ ကျွန်မ သီချင်း လိုက် ဆို ဖြစ်ပါတယ် ။ လိုက် ဆို ပေးတဲ့ အတွက်ကြောင့် မို့လို့ ရတဲ့ ပိုက်ဆံ ကို ကိုဇော်ဝမ်း ဆိုရင် သူ့ ပိုက်ဆံကို သူ့ မိန်းမ ကို ပြန် ပေးရ မယ် ဆိုတော့ သုံးလို့မ ရဘူးလေ ။ အဲဒီအခါ ကျတော့ ကျွန်မ ဆီ က ယူပြီးတော့ အဲဒီက ကလေးမလေးတွေ ဘာတွေ မုန့်ကျွေးတာတို့ ၊ သူ အကုန် လုပ်တယ် ( ရယ်လျက် ) ။ အဲဒီ အတွက် သူငယ်ချင်းတွေ ခင်လို့ လိုက် ဆိုပေးတာပါ ။ ကိုသုမောင် တို့ ဆိုရင်လည်း သင်္ကြန်တွေ ဘာတွေ လည်း သွားပါတယ် ။

▢ ပလေးဘွိုင်း နဲ့ လည်း ဆိုဖူးတယ် ။

❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ ။ ကိုသန်းနိုင် နဲ့ လည်း ရုပ်ရှင် တစ်ထုပ် ရိုက်ဖူး ပါတယ် ။ “ အချစ်လှေ ” ဆိုတဲ့ ရုပ်ရှင် ။

▢ အချစ်လှေ ၊ ဆရာ ဦးဝင်းဖေ ။

❥ အန်ကယ်ဦးဝင်းဖေ နဲ့ ရိုက်ရတဲ့ ကားတွေ ကလည်းပဲ ကောင်းတယ် လို့ ပြောရမယ် ။ အချစ်လှေ ဆိုတဲ့ ကား လည်း ပေါ့ပေါ့ပါးပါး Love Story ဆိုပေမဲ့ လည်း သူ့ အနောက်ထဲမှာ Message ပါတယ် ။ သူ့ Presentation တွေ လည်း တအား ကောင်းပါတယ် ။ အန်ကယ်ဦးဝင်းဖေ နဲ့ ရိုက်တဲ့ နောက် ကား တစ်ကား ရှိသေးတယ် ။ နှင်းဆီနီအိပ်မက် ဆိုတာလေ ။ ၈၀ အစော ပိုင်း မှာ ရိုက်တာ ။ အဲဒီမှာလည်း ဒီလိုပဲ ကာရိုက်တာ တအားကောင်းတာ ။ အမျိုးသမီးလေး တစ်ယောက် ဟာ သူ့ ရဲ့ ငယ်ဘ ဝမှာ တက္ကသိုလ်ကျောင်းသူ ဘ ဝမှာ သူ က ချမ်းသာတဲ့ သမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် သုံးသုံးဖြုန်းဖြုန်း နဲ့ ပေါ့နော် ။ စတိုင်ကျကျ တွေပေါ့ ၊ အဲဒီလို နေတာ ။ ဒါပေမဲ့ သူ တကယ် အိမ်ထောင်ကျ သွားတော့ သူ့ ရဲ့ အိမ်ထောင် ကို ထိန်းထိန်းသိမ်း သိမ်းနေတယ် ။ အိမ်ထောင် အလုပ်တွေ ကို လုပ်တယ် ဆိုတော့ ဒီ ကာရိုက်တာ Tuning ဖြစ်သွားတာ ကို ကြိုက်တယ်လေ ။ အဲဒါကြောင့် ဒီ ကား ကို ကြိုက်ပါ တယ် ။

▢ ဒီဇာတ် ကို Present လုပ် နေတာက ဦးထွန်းဝေ နဲ့ ... ။

❥ ဦးထွန်းဝေ နဲ့ ကောလိပ်ဂျင်နေဝင်း က အရမ်း ကောင်းတာပဲနော် ။

▢ ဦးထွန်းဝေ နဲ့ ကောလိပ်ဂျင်နေဝင်း ။

❥ နောက် သူတို့ က Non - Linear လို့ခေါ်တယ် ။ ကျွန်မတို့ က “ ကကြီး ” က နေ “ အ ” အထိ သွားတာ မဟုတ်ဘူးလေ ။ သူ က အခု ဖြစ်လိုက် Past ကို ပြန် ပြောလိုက် ၊ အခု ဖြစ်လိုက် Past ကို ပြန် ပြောလိုက် ။ အဲဒီ Presentation က အရမ်း Risk ရှိတယ် ။ အဲဒါကို အန်ကယ်ဦးဝင်းဖေ မို့ လှလှပပလေး နဲ့ လုပ်ပေး နိုင်တာ ဖြစ်ပါတယ် ။

▢ အဲဒီ ကား မှာ လည်း ဦးဝင်းဖေ နဲ့ မေယု ။

❥ ဟုတ်တယ် ။ တကယ်တော့ မမေယု ရဲ့ ကာရိုက်တာ မှာ ဂရေ့စ် ကို အန်ကယ်ဦးဝင်းဖေ က ပြောတာပါ ။ ဒါပေမဲ့ ကျွန်မ က တက္ကသိုလ် ကျောင်းသူ ရဲ့ ကာရိုက်တာကို ကြိုက်တယ် ။ နောက်ပိုင်းမှာ ပြောင်းသွား တာ ကြိုက်တယ် ။ အဲဒါကြောင့် ကျွန်မ ရွေး ယူလိုက်တာ ဖြစ်ပါတယ် ။ ကျွန်မ ရွေး ယူလိုက်တာကြောင့် မို့လို့ ကျွန်မ ငြင်းခဲ့တဲ့ ကာရိုက်တာ က အကယ်ဒမီ ရတဲ့ ဇာတ်ကား နှစ်ကား ရှိခဲ့ဖူးပါတယ် ။ တစ်ကား က အောင်မြင်သောနေ့ ဆိုတာ ဆရာမကြီး ဒေါ်ခင်နှင်းယု ရဲ့ ရုပ်ရှင် လေ ။

▢ ဟုတ်ကဲ့ ။

❥ အဲဒီမှာ လည်း အတူတူပဲ ။ ဒေါ်မြင့်မြင့်ခိုင် နဲ့ ကျွန်မ နဲ့ နေရာမှာ ဒေါ်မြင့်မြင့်ခိုင် နေရာ မှာ ကျွန်မ ကို လုပ်ဖို့ အတွက်ကို ပြောပါတယ် ကိုသက်မောင်မောင် က ။ ဒါပေမဲ့ ကျွန်မ ကိုယ်၌ ကနေ ဟိုဘက် ကာရိုက်တာ ကို စမ်း လုပ်ကြည့်ချင်တယ် ။ ဒါ လိပ်ပြာကူးတယ် ဆိုတာ ဒီလိုမျိုးပဲလေ ။ ကာရိုက်တာ တစ်ခု ရဲ့ နေရာ မှာ ဝင်ပြီးတော့ တည်တည်ငြိမ်ငြိမ် နဲ့ အိမ်ထောင်ရှင်မ အနေနဲ့ အိမ်ထောင် တစ်ခုလုံး အတွက်ကိုပေါ့နော် တစ်လျှောက်လုံး ကာရိုက်တာ ငြိမ်ပြီး တော့ Art ထဲ မှာ ရှိနေတဲ့ ဟာ ကို ကြိုက်တယ်လေ ။ အဲဒါကြောင့်မို့လို့ ကျွန်မ စမ်းလုပ်ကြည့်ချင်တယ် ဆိုပြီး ဒီ ကာရိုက်တာကို ရွေးပါတယ် ။ ပြတိုင်း လည်း ကျွန်မ ထပ်ထပ် ကြည့်မိပါတယ် ။ ကောင်းပါတယ် ။ မျက်လုံးတွေ ဘာတွေ က အစ သပ်သပ်ရပ်ရပ် ရှိတာကို တွေ့ရပါတယ် ။

▢ အဲဒီ ကား မှာ ဦးဝင်းဖေ နဲ့ မေယု နဲ့ အကယ်ဒမီ ရသွားတယ်နော် ။

❥ ဟုတ်ကဲ့ ၊ အကယ်ဒမီ ရပါတယ် ။ အန်ကယ်ဦးဝင်းဖေ နဲ့ ရိုက်ပြီး တော့ သိပ်ပြီး များများ မပြရတဲ့ ကား တစ်ထုပ် ရှိတယ် ။ အဲဒါ သံမဏိ လိပ်ပြာ ဆိုတာ ။ အဲဒီ သံမဏိလိပ်ပြာ ကို ရိုက်တဲ့ အချိန်မှာ အန်ကယ် ဦးထွန်းဝေ က ဒီကား ဟာ နိုင်ငံတကာ ကို ပြမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိ တယ် ။ အဲဒါကြောင့်မို့လို့ ဆိုပြီးတော့     တမ္ပဝတီဦးဝင်းမောင် ကို ArtDirector အနေ နဲ့ ထားတယ် ။ ထားပြီးတော့ ဦးဝင်းမောင် ကနေပြီးတော့မှ အဝတ်အစား တွေ ဆိုလည်း ပန်းချီကားလေး တို့ ၊ ဓာတ်ပုံ တို့ လာပြတယ် ။ မဂရေ့စ် ဒီလိုမျိုး ဆံပင်လေး ဆိုရင် ၊ ဒီလို အင်္ကျီ ၊ ဒီလို ထဘီတွေ ဆိုပြီးတော့ ။ အဲဒီကား တစ်ထုပ် ပဲ ကျွန်မ ရိုက်ခဲ့တဲ့ ကားထုပ် ၂ဝဝ ထဲ မှာ မင်းသား ၊ မင်းသမီးဝတ် ရမယ့် အင်္ကျီတွေ ၊ ထဘီတွေ ၊ Plots တွေ ကို ပေးတာ အဲဒီ ကား တစ်ထုပ် ပဲ ရှိတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ Art Director အရမ်း ကောင်းလို့ ။ နောက် .. အန်ကယ်ဦးဝင်းမောင် ရဲ့ လက်ရာ လည်း ကောင်း သလို အန်ကယ် ဦးထွန်းဝေ ရဲ့ ဖက်ရှင်တွေ က လည်း တအား ကောင်းတယ် ။ ကာရိုက်တာ တွေ ကလည်း ကောင်းပါတယ် ။ ကျွန်မ အဲဒီ ကားလေး ကို သိပ် နှမြောတာပဲ ။ လူများများ လည်း ပဲ တော်တော်များများ မကြည့်လိုက်ရဘူးလေ ။ အန်ကယ်ဦးထွန်းဝေ ကြောင့် ဆိုပြီးတော့ လည်း ပြသခွင့်တွေ က တော်တော်များများ ပိတ် ခံရပါ တယ် ။ အပြင်သာ ပြရရင် အရမ်းကောင်းမယ် ။ ဓာတ်ပုံ က လည်းပဲ Black & White ဆိုပေမဲ့ လည်း ပန်းချီကားတွေ ကြည့်နေရသလိုပဲ ။ ပညာရှင် အနေနဲ့ ပေါ့နော် အရိပ်တွေ ၊ အလင်းတွေ ၊ အမှောင်တွေကို သစ္စာရှိရှိ နဲ့ လုပ်သွား တာကို တွေ့ပါတယ် ။ အရုပ် ထင် ပြီးရော မဟုတ်ဘူးလေ ။

▢ အဲဒီတုန်း က တော့ ကားကောင်းတွေ ပါပဲ ။ ကျွန်တော်တို့ ကြည့်ခဲ့ကြရတယ် ။

❥ ကျွန်မ စိတ် ထဲ မှာ ထင်တာလေ 60 မှာ ပေါ့နော် ။ Creative Industry မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကြီးများ ဟာ သူတို့ သိချင်တတ်ချင် ပြီးတော့ သင်လာပြီးတဲ့ Inspiration နဲ့ လုပ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့ တင်ဆက်မှုတွေ ဟာ အလွန် မှ ထူးခြားပါတယ် ။ ဒါပေမဲ့ 70 နောက်ပိုင်း မှာ ပေါ့နော် ဖြစ်သွားတဲ့ အခါမှာ BGO တွေ ၊ BCG တွေ ပေါ်လာတဲ့ အခါ ကျတော့ အဲဒီCreativity တွေက ဝမ်းစာ မပြည့်ဘူးလို့ ထင်ပါတယ် ။ ဝမ်းစာ မပြည့်တာပေါ့ ။ လွယ်လွယ် ကူကူတွေ အကုန် ရနေတယ်လေ ။ မြင်လည်း မြင် နေရတယ် ။ ကင်မရာပစ္စည်း တွေ က လည်း ပေါ့ပေါ့ပါးပါး တွေ ဖြစ်တဲ့အခါကျတော့ Professional Skills ဆိုတာ ကို အားမစိုက်လိုက်တော့ဘူး လို့ ထင်ပါတယ် ။

▢ ဟုတ်ကဲ့ပါ ။

❥ ကျွန်မတို့ မြန်မာရုပ်ရှင်တွေ က 50 တွေ မှာလေ Creative Industry တွေမှာ ရှိတဲ့ လူတွေ က လည်း အားစိုက်ပြီးတော့ လုပ်တယ် ။ ပြီးတော့ သူ က Investment ပေါ့ ၊ ငွေကြေးသမား က လည်း Marketing ကောင်းတယ် ။ အာရှကြီး တစ်ခုလုံး အတွက် Market တွေ ကို သွားခဲ့ရတယ် ။ စင်ကာပူ ဆိုရင် မရှိဘူးလေ ။ သူ့ မှာ Own Culture မရှိတော့ ဒီ ရုပ်ရှင်လည်း မရှိခဲ့ဘူးပေါ့ ။ အဲဒီလိုမျိုး အချိန်က နေပြီးတော့မှ တစ်ချိန်မှာ Creativity တစ်ခုတည်း နဲ့ မရ ဘူး ။ Marketing နဲ့ Technology နဲ့ တွဲရမယ် ဆိုတဲ့တစ်ချိန် ရောက်လာတဲ့ အချိန်မှာ ကျွန်မတို့ ဆီက လူတွေ က ဂရု မစိုက်လိုက်ဘူး ။ Technology သွား နေတာ ၊ ပြောင်း နေတာ လည်း ဂရု မစိုက်လိုက်ဘူး ။ ကျွန်မ က နေ ပြောတယ် ။ ငါတို့ ဖလင်တွေ က နေပြီးတော့ မှ Digital ကို ပြောင်းကြရအောင် လို့ ဆိုပြီး တော့ ၂ဝဝဝ ခုနှစ် အနှောင်းပိုင်းမှာ ပြောတယ်ပေါ့ ။ ပြောတဲ့အ ချိန်မှာ အကုန် လုံး က ကျွန်မ ကို ဝိုင်း ဆဲကြတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ရဲ့ ဖလင် က မှ ဘယ်လောက်ထိအောင် မြင့်မြတ်ပြီးတော့ ဘယ်လိုထိအော င်မှ Classic ဖြစ်တယ်တို့ ဘာတို့ပေါ့နော် ။ အဲဒီလို ပြောပြီးတော့မှ မပြောင်းချင်ဘူး လို့ ပြောပါ တယ် ( ရယ်လျက် ) ။ ဒါပေမဲ့လို့ ဖူဂျီ က မထွက်တော့ မှ ကျွန်မ က ပြောတယ် ။ စက်တွေ ရော ၊ Editing တွေရော က ပြောင်းမှ ဖြစ်မယ် ဖူဂျီ က ဖလင် မထုတ် တော့ဘူး ဆိုတော့ ။ အဲဒါတောင်မှ  တင်းခံသေးတယ် ။ Kodak က ထုတ်နေ တာပဲ ။ Kodak က လည်း တစ်နှစ် က နေ နှစ်နှစ် ဘယ် ... Technology ပြောင်း သွားပြီ ဆိုရင် သူ မထုတ်တော့ဘူး ။ အဲဒီ အခါကျတော့မှ Digital ကို ပြောင်းမယ် ဆိုပြီး ပြောင်းကြတာ ။ ရုပ်ရှင်ရုံတွေ တောင်မှ ဒီလိုပဲ Digital ကို ပြောင်းဖို့ အတွက်ကို ပြောတဲ့ အခါမှာ 2K ပေါ့နော် ။ Projector ကြီးတွေ က လွှင့်ပစ်ရမှာလား ၊ ဘာတို့ညာတို့ နဲ့ ပြင်းပြင်းထန်ထန်ကြီး ကို Debate ဖြစ်ခဲ့ ရဖူးပါတယ် ။

▢ ဒါပေမဲ့ ပြောင်းရတာပဲလေ ။

❥ အဲဒီလိုပဲ ကျွန်မ ဒီ Marketing ကို လည်း Exhibition ပါမှ ။ Production တစ်ခု တည်း မဖြစ်ဘူး ။ အ ခုလူတွေ အကုန်လုံး က Production ကိုပဲ အား စိုက်နေတာ ။ Expart ကို မကြည့်ဘူး ။ လူ တစ်ယောက် ဆိုရင် အကယ်ဒမီ ဒါရိုက်တာ တစ်ယောက် က ဘာ ပြောလဲ ဆိုတော့ ယူနီဆက် အတွက် ထုတ်လုပ် တဲ့ ဟာကို တဲ့ ကျွန်တော်တို့ က Prductionပဲ ထုတ်မယ် တဲ့ ။ Exhibition တာဝန် မယူဘူးတဲ့ ။ ဒါ သူ တာဝန် မဲ့ တာလေ ။ Production ဟာ Exhibition လုပ်ပြီးတော့ ပရိသတ် လက် ထဲ ကို ရောက်သွားမှ End User ဆိုတာ ဆီ ရောက် သွားတာလေ ။ အဲဒီအထိ သူ ကြည့်ရမယ် ။ အဲဒီတော့ Exhibition Marketing ကို နားမလည်ဘူး ။ ကျွန်မ က ပြောတယ် ။ ဟေ့ .. ငါတို့ ဆီမှာ Scree nကြီး တွေ မရှိဘူး ။ ရုပ်ရှင်ရုံ တွေ အရမ်း နည်းတယ် ။ အဲဒါဆိုရင် ငါတို့ Shopping Mall တွေ ထဲ မှာ Small Screen ကြီးတွေ ပြမယ် ။ အဲဒီ Small Screen ကြီး တွေ ထည့်မယ် ဆိုတဲ့ အချိန်မှာ ကျွန်မ ကို ဝိုင်း ဆဲကြ တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ရဲ့ အလွန်တရာ မှ တန်ဖိုးထား ရတဲ့ ရုပ်ရှင် ပေါ့နော် ၊ လူ ၁ဝဝဝ ဆံ့ တဲ့ ရုံကြီး ထဲ မှာ လူတွေ ကို ပေါ့ Projector နဲ့ ပြနေတဲ့ ဟာ က နေပြီးတော့မှ Shopping Mall တွေပေါ့ ၊ ထီးတွေ ၊ ဖိနပ်တွေ ရောင်းတဲ့ ဆိုင်ထဲ မှာ ရုပ်ရှင်ရုံ ကို သွား ထည့်တယ် ဆိုတာ ဂရေ့စ် က နှိမ့်ချရာ ကျတယ်လို့ အဲဒီလိုကို ပြောတယ် နော် ( ရယ်လျက် ) ။ ဒါပေမဲ့ သူတို့ မှာ မတွေ့အကြုံ မရှိလို့လေ ။ ကျွန်မ က အပြင်တွေ ကို သွားနေတဲ့ အခါမှာ ဒီ Marketing Trend ကြီး ကို လည်း သိနေတာ ကိုး ။ အဲဒီလို နဲ့ နောက် ကျတော့ ပထမဦးဆုံး နေပြည်တော် မှာလုပ်တဲ့ Shopping Mall က စ ပြီးတော့မှ Cinema Hall လေး ထည့်ခဲ့တယ်ပေါ့ ။ Screen လေး တစ်ခု ထည့်ခဲ့ရာ က နောက်ပိုင်းကျ တော့ ဒီ Concept ကြီး က အကုန်မှာ ပါလာတာပေါ့ ။

▢ ဟုတ်ကဲ့ ။

❥ ဒီလိုပဲ ရုပ်ရှင်ရုံတွေ ကို လည်း ပဲ အခု ဆိုလို့ ရှိရင် လူတွေရဲ့ Consuier Behaviour က Appoited Content ကို မကြိုက်ဘူး ။ မင်း ဒီနေ့ မှာ ဒီ ကား ကို ကြည့်ချင်ရင် ဒီနေ့ မှာ ဒီနေရာ ကို ဒီ အချိန်မှာ လာရမယ် ဆိုတဲ့ Appoited ကို မကြိုက်ဘူး ။ သူ က သူ့ ရဲ့ Convinient ဖြစ်တဲ့ အချိန်မှာ ကြည့်ချင်တာကိုး ။ အဲဒီမှာ အကုန်လုံး က ရုပ်ရှင်ရုံကို လာတဲ့ လူက နည်းသွားတယ် ။ ဒီ Trend ကြီး ဟာ ၁၉၉၀ နှောင်းပိုင်း ကတည်းက ဖြစ်နေတာ ။ စ , နေတာ ။ ၂၀၀၀ မှာ ဆိုရင် ဒီ Research က သေသေချာချာ ကို လုပ်နေတာ ။ ရုပ်ရှင်ရုံ ကို လူ တွေ မလာတာ ဘာဖြစ်လို့လဲ ။ ဘယ်လို လာအောင်လုပ်မလဲ ။ အဲဒီမှာ နောက် ... လုံးဝကို Divert ဖြစ်သွားတာ ။ ရုပ်ရှင်ရုံ ကို လူတွေ မလာရင် လူတွေ ဆီ ကို Content ပို့ရင် ဘာဖြစ်မလဲ ဆိုပြီး Technology က အဲဒီလို ပြောင်း သွားတာ ။ အခု ဆိုရင် လက် ပေါ် မှာ ၊ လက်ဖဝါး ပေါ်မှာ ရောက်သွားပြီလေ ။ အချိန်မရွေး ကြည့် လို့ရတယ် ။ အဲဒီ Market Trend ကို မြန်မာပြည် က Content Maker တွေ က ဂရုမစိုက် လိုက်မိ တာ လည်း ပါပါတယ် ။ အခုချိန် ကျ မှ နောက်ထပ် Asian Level လောက် တက်ဖို့ ဆိုတာတောင် မှ ကျွန်မတို့ က စောင်ခြုံ ပြီးတော့ စိတ်ကောက် ပြီးတော့ အိပ်လိုက်တဲ့ အချိန်အတွင်း မှာ ၊ ခေါင်း မြီးခြုံ ပြီး တော့ အိပ် လိုက်တဲ့အချိန် အတွင်းမှာ ကျွန်မတို့ ရဲ့ အိမ်နီးချင်းနိုင်ငံ တွေ ဖြစ်တဲ့ ဗီယက်နမ် တို့ ၊ စင်ကာပူ တို့ တောင်မှ Technology ကို ကိုင်ပြီးတော့ သူ က တက်သွားပြီ ။ အဲဒီတော့ မျှော်လင့်တာပေါ့လေ ။ ၂ဝ၂ဝ ဆိုလို့ ရှိရင် ရုပ်ရှင်သမားတွေ အကုန်လုံး က လည်း အိပ်ရာ ကနေ လန့် နိုးလာကြမယ် ။ Independence Platform တစ်ခု ကို လည်း ကျွန်မ Yangon Film School နဲ့ ပေါင်း ပြီးတော့ စ,လုပ်ခဲ့ပါတယ် ။ NGO တွေ နဲ့ လုပ်ခဲ့တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ Indenpendence Film Makers တွေ က Main Stream ကို သွားရင် ဒီမှာ သူတို့ မှာ International Practise လည်း ပါ သွားရင် ဟို က အလေ့အထ လည်း ကောင်းလာမယ် လို့ ထင်တာပေါ့ ။ အဲဒီ ကလေးတွေ Grow ဖြစ်လာတဲ့ အချိန် ပေါ့ ၊ ၂၀၂၅ လိုဟာမျိုး ၊ ၂ဝ၂ဝ ကျရင်လည်း မြန်မာ့ရုပ်ရှင် မှာ Film Law တွေ ၊ Censor Classification Vote တွေ ဘာတွေ ဒါမျိုးတွေပေါ့ ၊ Infra Structuer ကောင်းသွားမယ် ။ Banking System ကောင်းသွားမယ် ။ Insurance System ကောင်းသွားမယ် ။ Labour Law ကို Practise လုပ်လာမယ် ဆိုလို့ ရှိရင် တော့ ကောင်းမယ်လို့ မျှော်လင့်တာပဲ ။ ဦးဝင်းငြိမ်း တို့ ၊ ကျွန်မ တို့ ၂ဝ၂၅ တို့ ၊ ၂ဝ၃ဝ တို့ ရှိရှိ ၊ မရှိရှိ လေ ... ကျွန်မ တို့မှာ တာဝန် ရှိတယ်လေ ပြောပြခဲ့ ရမှာတော့ ။ လက်ခံတာ ၊ လက်မခံတာ သူတို့အပိုင်း ။ ကျွန်မတို့ ကတော့ ပြောခဲ့ရမှာပဲ ။

▢ ဂရေ့စ် က သမီးလေး တစ်ယောက် မွေးထားတယ်နော် ။ နွေးနွေးစိန်မြင့် ။ သူ့ ကို ရော ... ဘာဖြစ်လို့လဲ ဆိုတော့ အဖေ ရော ၊ အမေ ရော က အနုပညာသမား ဖြစ်တယ် ။ သူ့ ကို ရော ရုပ်ရှင် ပတ်သက်လို့ ဘာတွေ လုပ် ခိုင်းထားလဲ ။

❥ ကျွန်မ သူ့ ကို အမေရိကန် အင်္ဂလိပ် နဲ့ သူ က ကြီးလာတာ ဆိုတော့ လေ အမေရိကန်နိုင်ငံ မှာပဲ ရုပ်ရှင်ပညာ ကို မာစတာ တက်ဖို့ အတွက်ကို စီစဉ်ခဲ့ပါတယ် ။ ဆန်ဖရန်စစ္စကို က Academy of Art Central က လေ Master Filming နဲ့ ပြီးပါတယ် ။ ပြီးတော့ သူ့ အဖေ ကလည်း စာ ရေးတဲ့ ဇ , ရှိတယ် လေ ။ အဲဒါ ဖြစ်တဲ့ အတွက်ကြောင့် သူ က ဇာတ်ညွှန်း ကို ဇောင်းပေး ပြီးတော့ ယူခဲ့တာ ဖြစ်ပါတယ် ။ အခုလည်းပဲ သူ ဇာတ်ညွှန်းများ ကို Filter လုပ်ပေးပါ တယ် ။ ကျွန်မ ရဲ့ မေရီကေရက်ဖောင်ဒေးရှင်း က နေ ရိုက်မယ့် ရုပ်ရှင် တစ်ထုပ် ဆိုရင် ဒါ Feature Film ပေါ့နော် ။ အဲဒီရုပ်ရှင် တစ်ထုပ် ဆိုလည်းပဲ အခု သူ က အဲဒီ ဇာတ်ညွှန်း ကို ပြန်ပြီးတော့ International Style ထဲ မှာ ဝင်အောင် Frame ထဲ မှာ ဝင်အောင် ဆိုပြီးတော့ ပြန်ပြီးတော့ Aling လုပ်ပေး နေပါတယ် ။ နှစ်လ ၊ သုံးလ လောက် သူ ယူလိမ့်မယ် ထင်တယ် ။ ပြီးတော့မှ ရိုက်တာ တော့ မြန်မာပြည် နဲ့ အမေရိကန် ထဲ မှာ ရိုက်မှာဖြစ်ပါတယ် ။ အဲဒီလို Project တွေ လည်း ပဲ သူ ကူညီပါတယ် ။ နောက် ၂ နှစ် တစ်ခေါက်လောက် သူ ပြန်လာ တယ်လေ ။ ဂရေ့စ် က မသွားနိုင်ဘူး ။ မသွားနိုင်တဲ့ အခါကျတော့ သူ ပြန်လာ တယ်လေ ။ ပြန်လာတဲ့ အခါ ကျရင်လည်း ကျွန်မ ကို လာတဲ့ တစ်လ အတွင်း မှာ ကျွန်မ ရဲ့ Project တွေ ကို ကူညီပါတယ် ။ စာ သင်တဲ့ အခါမှာလည်း ကူညီ တယ် ။ Editing မှာ လည်း ကူညီတယ် ။ ရိုက်ကူးရေး မှာလည်း ကူညီတယ် ။ ပြီးတော့ Script တွေ ကို လည်း Review လုပ်ပေးပါတယ် ။

▢ မနားခိုင်းတာလေ ။

❥ မနားခိုင်းနိုင်ဘူး ။ သူ က ပြောတယ် ၊ RunThrough တဲ့ ( ရယ်လျက် ) ။ မတတ်နိုင်ဘူး ။ ကျွန်မ လည်း အတူတူပဲ ၊ ဒီလိုပဲ လုပ်တာ့လေ ။ ၂၄ နာရီ မှာ ၁၅ နာရီ ၊ ၁၆ နာရီကတော့ လုပ်ဖြစ်နေတယ် ။

▢ တကယ့်ကို Run Through ခိုင်းတာနော် ။ ဟုတ်ပါပြီ ဂရေ့စ် ရေ ။ ကျေးဇူးအများကြီး တင်ပါတယ် ။ ၂ဝ၂ဝ က တော့ ဂရေ့စ် ရော ၊ ကျွန်တော် ရော မီဦးမယ် ထင်ပါတယ် ။ မီမယ် ဆိုရင် ၂ဝ၂ဝ မှာ ကျ ရောက်မယ့် မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ အတွက် Wish လေး တစ်ခုလောက် ။

❥ ဟုတ်ကဲ့ ၊ ကျွန်မ ... ကိုယ် က မွေးတာ ဆိုလို့ အဲဒီ သမီး တစ်ယောက် ပဲ ရှိတယ်လေ ။ ဒါပေမဲ့ ကျွန်မ စိတ်က မွေးတာ မြန်မာပြည် မှာ လူငယ်လေးတွေ အများကြီး ရှိတယ်ပေါ့ ။ အဲဒီ လူငယ်လေးတွေ အများကြီး က နေပြီးတော့မှ Indenpendent Film Makers တွေပေါ့နော် ။ စနစ်တကျ International Practise နဲ့ တက်လာတယ်ပေါ့နော် ။ လူငယ်လေးတွေ က နေပြီး တော့ ဒီ ၂ဝ၂ဝ ရုပ်ရှင်ပွဲတော် ကို ရောက်တဲ့ အခါ ကျရင် ဇာတ်လမ်းလေး တစ်ခု ကို အုပ်စုလေး တစ်စု ကနေ ပြီးတော့ တစ်ခု ခု ရိုက်ထားတဲ့ ဟာကို ပြနိုင်တဲ့ အနေအထားမျိုး ကို မျှော်လင့်ပါတယ် ။

▢ ကျေးဇူးတင်ပါတယ် ။

◾ဝင်းငြိမ်း

📖 လိပ်ပြာကူး ထူးခြားသူများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment