Monday, August 19, 2024

ဗီသိုဗင် ခရေစီ နဲ့ ဖီလိုဆိုဖီ ရွက်လွှင့်သူ


 

❝ ဗီသိုဗင် ခရေစီ နဲ့ ဖီလိုဆိုဖီ ရွက်လွှင့်သူ ❞
━━━━━━━━━━━━━━━━
    ဝင်းရွှေမိုး ( ချောက် )
━━━━━━━━━━━━━━━━
( ၁ )

စံဖေ မော်စကို ထဲ မှာ သုံးလ နေခဲ့ပြီး သူ့ မြို့ကလေး ကို ပြန် ရောက်တော့ သူငယ်ချင်း တချို့နဲ့ သူ့ ဆိုင်နားက ဈေးသည် တချို့က နွေးနွေးထွေးထွေး ပဲ ကြိုဆိုကြပါ တယ် ။ စံဖေ့ဆိုင် ဆိုတာ မည်ကာမတ္တ စာအုပ် အငှားဆိုင် လေးပါ ။ သူ ကိုယ်တိုင် က တခြား လုပ်ငန်းတွေ နဲ့ စီးပွား ရှာဖို့ စိတ်ကူး မရှိတော့ သူဝါသနာ ပါတဲ့ စာအုပ် အငှား ဆိုင်ကလေး ဖွင့်ပြီး ရိုးရိုးသားသား ဝမ်းမီး မွှေးခဲ့တာ ။ စံဖေ့ ဒီဇိုင်း လည်း ကြည့်ဦး ၊ ဆံပင် ဘုတ်သိုက် ၊ နှုတ်ခမ်း မွေး ထိုးထိုးထောင်ထောင် ၊ လွယ်အိတ် တစ်လုံး အမြဲ လွယ်ပြီး လက်ထဲ မှာလည်း စာအုပ် တစ်ပွေ့တစ်ပိုက် နဲ့ ။ အဲဒီတော့ စံဖေ ဆိုတဲ့ ကောင်က သူများတွေ ထက် ထူးပြီး ဝတ္ထု ထဲ က လို ၊ ရုပ်ရှင် ထဲ က လို ဇာတ်ကောင်တွေနဲ့ တူနေ တော့ သာမန်လူ တွေ ထက် ထူးခြား နေတာပေါ့ ။ တော်ရုံ တန်ရုံ လူတွေက သူ့ ကို တရင်းတနှီး မဆက်ဆံရဲဘူး ။ ရေလိုက်ငါးလိုက် ကြည့်ပြီး ဆက်ဆံ နေကြတာ ။ သူ မထင်ရင် မထင်သလို စကားလုံး ကျည်ဆန်တွေ က ပြင်းထန်လွန်းလို့ ။ တစ်ခု တော့ ရှိတယ် ၊ သူ နဲ့ လက်ပွန်းတတီး ပေါင်းရတာ ဆိုလို့ ကဗျာဆရာ တစ်ယောက် နဲ့ ပန်းချီဆရာ တစ်ယောက် ပဲ ။ ဒါတောင် သူတို့ အချင်းချင်း ရင်ဘတ်ချင်း နီးတဲ့ အခါမှ ပြောလို့ ဆိုလို့ ရတာ ။

နို့မို့ဆိုရင် စံဖေ့ အကြောင်း သိတယ် မဟုတ်လား ။ ပိဿလေး နဲ့ နံဘေး ထုတဲ့ ကောင်စားမျိုး ။ အဲဒီလို ခွကျ
ကျ ကောင် ကို မှ ဘုမသိ ဘမသိ လေးစားကြည်ညို နေတဲ့ ကလေး တစ်ယောက် ရှိသေးတယ် ။ သူ့ နာမည် က “ ချာတိတ် ” တဲ့ ။ သူ့ မိဘတွေ က စံဖေ့ဆိုင် နဲ့ ကျောချင်း ကပ် မှာ ကုန်စုံဆိုင်ကြီး ဖွင့်ထားတာ ။ ချမ်းသာတယ် ။ ချာတိတ် ကို မြို့ကြီး တစ်မြို့ က နာမည်ကြီး ဘော်ဒါမှာ ရှစ်တန်း ကနေ ဆယ်တန်း အထိ အပ်ထားတာ ။ အခု ကျောင်းပိတ်ရက် ကျကာမှ ပြန် ခေါ်ထားတာ ဆိုတော့ စံဖေ့ အကြောင်းကို နှံ့နှံ့စပ်စပ် မသိသေးဘူး ။ ချာတိတ် က ဒီနှစ် ၁၀ တန်း အောင်ရင် ဖီလိုဆိုဖီ ( စိတ်ပညာ ) မေဂျာ ကို ယူမှာ ဆိုတော့ ဖီလိုဆိုဖီ မုန်တိုင်းထဲမှာ လေဟုန်စီး ချင်တဲ့ ငှက်ကလေး ဖြစ်နေတာပေါ့ ။ စံဖေ က ပြောလိုက် ရင် ဆော့ခရတ္တိ ၊ သေးလိစ် ၊ ဟီရာကလိုက်တပ်စ် ၊ ပလေ တိုး ၊ အာရစ္စတိုတယ် ရီနီးဒေးကား ၊ ဂျော့ဘာကလေ က နေ ကားလ်မက်ခ် ဘာထရန်ရပ်ဆယ် အထိ ဆိုတော့ ချာတိတ် သွေးလန့်မယ် ဆိုရင်လည်း လန့်လောက်တယ်လေ ။

ဒီဘက် က စံဖေ ကမ္ဘာကြီး နဲ့ ချီ ပြောလေ ဟိုဘက် က ချာတိတ် ဖင် တကြွကြွ ဖြစ်လေပေါ့ ။

ချာတိတ် သူ့ အမေ မအားတဲ့ အခါမျိုး ဆိုင် မှာ တစ်နေကုန် ဖင်မြဲ နေရင် သူ နဲ့ ကျောချင်း ကပ် က စံဖေ ပြောတဲ့ အတွေးအခေါ် တွေ ကို ကြားရဖန် များလာတော့ တော်တော် ဖြုံသွားတယ် ။ အားလည်း ကျတယ် ။ ဆယ်တန်း အောင်ရင် သူ ယူမယ့် မေဂျာ နဲ့ လည်း အတွေးအခေါ် ချင်း နီးစပ်တော့ ချာတိတ် သဘော ခွေ့သွားတယ် ။ ချာတိတ် အသက် က ရှိလှ ၁၅ − ၁၆ ပေါ့ ။ စံဖေ့ လို အပွေး ထူထူ အခေါက် ရင့်ရင့် မဟုတ်သေးတော့ စံဖေ့ ပါးစပ်ကြီး နဲ့ မဆံ့အောင် မိုးလုံးပြည့် စကားလုံးတွေ ၊ ဖီလိုဆိုဖီ တွေ ထဲ မှာ အရောင် ကူးသွားတာပေါ့ ။ စံဖေ ဖတ်တဲ့ စာအုပ် တွေ က စံဖေ့ အရပ် ထက် မြင့်တယ် ။ စံဖေ ပြောတဲ့ စကား တွေ က သူ့ ရဲ့ ရှစ်ပေပတ်လည် ဆိုင်ခန်းလေး ကို ကျော် လွန်ပြီး ဟို ဘာလင်တံတိုင်း အထိ ရောက်တယ်မှတ် ။ မာ့က်စ်ဝါဒ တို့ ၊ လီနင်အတ္ထုပ္ပတ္တိ တို့ ၊ ချေဂွေဗားရား အကြောင်း တို့ ၊ ငုယင်ဗန်ထရွိုင်း တို့ နဲ့ ဖီလိုဆိုဖီ ဘာလဲ ။ ဆော့ခရတ္တိ ထက် ရှေးကျတဲ့ တွေးခေါ်ရှင်များ ၊ သိမှုနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာ ၊ အစွမ်းထက်တန်ဖိုး သဘောတရား ၊ ပလေတိုး အတွေးအခေါ် ၏ မြစ်ဖျားခံရာ ဒေသများ ၊ တကယ့် ကို အစုံမှ အစုံ ။

( ၂ )

မိုးလေး တဖွဲဖွဲ ရွာ နေတဲ့ တစ်ရက် မှာ စံဖေ သူ့ သူငယ်ချင်းကဗျာဆရာ နဲ့ သိမှုနဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ အကြောင်း ငြင်းခုံ နေတဲ့ အသံ ကြားတော့ ချာတိတ် ဒီဘက် က ဖင် တကြွကြွ ဖြစ်နေပြီ ။ စံဖေ တို့ ပြောနေတဲ့ စကားဝိုင်း ထဲမှာ သူ လည်း မယောင်မလည် ပါ ချင်သေးတာကိုး ။ အသက်အရွယ်ချင်း က လည်း မမျှ ၊ ရင်းရင်းနှီးနှီး လည်း မရှိသေးတော့ ‘ ဦး ’ လို့ပဲ ခေါ်ရမလား ၊ ‘ ဆရာကြီး ’ လို့ပဲ ကင်ပွန်း တပ်ရမလား ။ အမျိုးမျိုး စဉ်းစား ကြည့်တယ် ။ ဒါနဲ့ အရဲစွန့်ပြီး စံဖေ့ ဆိုင် နဲ့ သူ့ ဆိုင် ခြား ထားတဲ့ ဗီရို ကြား ကနေ ချောင်း ကြည့်ပြီး ...

“ ဦး ... ဦး ... အဲ ... ဦးလေး ... ဆရာကြီး ကျွန်တော် ... ခဏ လာချင်လို့ပါ ခင်ဗျာ ” 

လို့ စိုးရွံ့ စိတ်နဲ့ လှမ်း ပြော လိုက်တော့ စံဖေ က သူ့ ရဲ့ပြူးဝိုင်းနေ တဲ့ မျက်လုံး နဲ့ ဗီရိုကြားကနေ ချာတိတ် မျက်နှာ ကို ကြည့် ပြီး တစ်ခွန်း ပဲ ပြော လိုက်တယ် ။

“ ကိစ္စ ”

“ ဪ … ဆရာကြီး ပြောပြော နေတဲ့ အတွေးအခေါ်  တွေ ၊ ဒဿနတရား တွေကို ဒီဘက် က ကြားကြား နေရ လို့ သဘော ကျလို့ပါ ခင်ဗျာ ”

စံဖေ ဘာမှ ပြန် မပြောသေးဘူး ။ သူ ဖတ်နေကျ ဆရာမြသန်းတင့် ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် စာအုပ် ကို ဗုန်းခနဲ ပစ်ချလိုက်ပြီး ...

“ ငါ က ပစ္စည်းမဲ့ လူတန်းစားတွေ ဘက်က မားမားမတ်မတ် ရပ်တည် လာခဲ့တာ ကြာပြီ ။ မင်း နဲ့ ကျမှ ငါ့ နှလုံး သားတွေ အရည်ပျော် မခံနိုင်ဘူးကွ ”

ဒါပဲ ပြောတယ် ။ နောက်ထပ် ဘာမှ ဆက် မပြော တော့ဘူး ။ စံဖေ့ စကား ထဲ မှာ ငါ့ နှလုံးသားတွေ အရည် ပျော် မခံနိုင်ဘူးလို့ ပါတော့ ချာတိတ် သူ့ ကိုယ် သူ ငုံ့ကြည့် လိုက်တယ် ။ ဟာ .. ငါ ဝတ်ထားတာ ဂျင်းပင်န် နဲ့ပါ ။ ငါ့ ဆရာကြီး ပေါက် သွားပြီ ထင်တယ် ။ ချာတိတ် ရင် ခုန်ခုန် နဲ့ သူ့ စကား သူ ဘယ်လို ဆက်ရမှန်း မသိတော့ ဘူး ။ ကြောက် က လည်း ကြောက် ၊ သိ က လည်း သိချင် ဆိုတော့ ခက်နေတော့တာပေါ့ ။ စံဖေ့ ဆိုင်ဘက် ကို လည်း ခြေဦး မလှည့်ရဲဘူး ။ သူ့ အမေ ပြန် အလာ နဲ့ တိုး ရင် အဆူအငေါက် ကလည်း ခံရမှာကိုး ။ သူ့ အမေ က ချာတိတ် ကို တစ်ခါက ပြောထားဖူးတယ်လေ ။

“ ငါ့သား ... ဟိုဘက်ဆိုင် က ငကြောင် နဲ့ သွားပြီး အရောတဝင် မဆက်ဆံနဲ့ ။ ဒီကောင် က သူ့ ကိုယ် သူ နိုင်ငံ ရေးသမား လိုလို ၊ စာရေးဆရာ လိုလို ဘာလိုလို နဲ့ သူ နဲ့ ပေါင်းတဲ့ ကောင်တွေ လည်း ကြည့်ဦး ။ ကဗျာဆရာ ဆိုတဲ့ ကောင် က ဆံပင်ရှည်ရှည် ကျစ်ဆံမြီး နဲ့ ၊ ပန်းချီဆရာ ဆိုတဲ့ အကောင် က ရော မျက်လုံး ပေကလပ် ပေကလပ် နဲ့ အမေ တော့ ကြည့် လို့ ကို မရဘူး ”

ချာတိတ် လက်လျှော့ လိုက်တယ် ။ သူ့ စိတ်တွေ တောင်ပြေး မြောက်ပြေး နဲ့ ဂနာမငြိမ်ဘူး ၊ အတွေး တစ်ချက် လက်ခနဲ ဝင် လာပြီး စိတ်ကူး ကြည့်တယ် ။ စံဖေ အခုလို မိုးအေး လာရင် အရက် သောက်တတ်မှန်း သိတော့ ဘီအီး တစ်လုံး ဝယ်ပြီး လက်ဆောင် ပေး ရရင် ကောင်း မလား ၊ ဒါမှမဟုတ် သူ က စာကြမ်းပိုး ဆိုတော့ စစ်နဲ့ ငြိမ်းချမ်းရေး အတွဲလိုက်ကြီး ငါ့ အစ်ကို ရှေ့နေ ဗီရို ထဲက ခိုးပြီး လာဘ်ထိုး ရမလား ၊ လားပေါင်း များစွာ နဲ့ လွန်းထိုး နေတယ် ။

တစ်ခါတလေ ဟိုဘက် ကနေ ချာတိတ် တို့ မိသားစု ကို ခြောက်လှန့်တဲ့ စကားလုံး ကျည်ဆန်တွေ ပစ်ဖောက် လွန်းတာကြောင့် စံဖေ့ ကို ဆက်ဆံရမှာ ၊ တပည့် ခံရမှာ သွေးလန့်  နေပြန်ရော ။ သူ့ မိသားစု သိမှာ ကိုလည်း စိုးရိမ် နေရတော့ ချာတိတ် သူ့ အစီအစဉ် ကို တပ်ခေါက် ပြီး နောက်ပြန် ရုပ်လိုက်တယ် ။

( ၃ )

တစ်ရက်သော နွေဦးပေါက် မှာ စံဖေ ဘာမှော် ဝင် လာတယ် မသိဘူး ။ သူ့ ဆိုင် ထဲ မှာ ဗီသိုဗင် ရဲ့ စန္ဒရား လက်သံ တေးသွား ကို ဓာတ်ခဲကက်ဆက်ကလေး နဲ့ ဖွင့် ပြီး ဇိမ် နဲ့ နားထောင် နေတာကိုး ။ ထုံးစံအတိုင်း ချာတိတ် က သူ့ ဗီရို ကြား ကနေ ချောင်း ကြည့်ပြီး ဟာ.. ဒီနေ့တော့ တို့ဆရာကြီး တော်တော် ထူးဆန်း နေပါ့လား ၊ နှုတ်ခမ်း မွေး ထိုးထိုးထောင်ထောင် တွေ လည်း ရိတ်လို့ ။ မျက်မှန် ကြီး တဝင်းဝင်း နဲ့ ၊ ပင်နီတိုက်ပုံ နဲ့ ပခုက္ကူ ချည်ကြမ်းလေး ဝတ်ပြီး ကျက်သရေ ရှိနေပါ့လား ။ ဒါ ငါ့ အခွင့်အရေးပဲ ။ ဆရာကြီး စိတ်ကောင်း ဝင် နေတုန်း ဝင် ပူးမှ ၊ ငါ လိုချင်တဲ့ ပညာတွေ ရမှာ ၊ ဒီ အချိန်ဟာ ငါ့ ရဲ့မဟာ အခွင့်အရေးပဲ ၊ ဒါမျိုး နောက်ရချင် မှ ရမှာ ။ ဆိုင် ကို လည်း အမေ တော် တော် နဲ့ မလာနိုင်သေးဘူး ။ အိမ် မှာ ဘုန်းကြီးငါးပါး ဆွမ်းကပ် လို့ ။ ချာတိတ် တွေးတယ် ၊ ချာတိတ် အတွေး က လည်း ဖီလိုဆိုဖီအတွေး ၊ သူ လိုချင်တာ ကလည်း ဆရာ ကြီးစံဖေ ဆီ က ဖီလိုဆိုဖီ ၊ အိုကေ .. ရပြီ ၊ ငါ့ အကြံ အောင်ပြီ ဆိုပြီး လုပ်ရိုးလုပ်စဉ် အတိုင်း ဗီရို နှစ်လုံး ကြား ချောင်း ကြည့်ပေါက် ကနေ

“ ဦး ... ဦး ... ဆရာကြီး.. အခု ဆရာကြီး နားထောင် နေတဲ့ စန္ဒရားလက်သံ က တော်တော် ကောင်းပါ့လား ။ ဘယ်သူ့ လက်သံလဲ ဟင် ။ ကျွန်တော် တောင် ဈေး ကောင်းကောင်း မရောင်းနိုင်ဘူး ။ ဆရာကြီး ဘက် က စန္ဒရား လက်သံ ထဲ နစ်မျောပြီး လွမ်းသလိုလို ဆွေးသလိုလို နဲ့ ”

စံဖေ ဟိုဘက်ခန်း က ချာတိတ် ပြောတဲ့ စကား တစ်ခွန်း ကြောင့် သူ့ Heart ကို နည်းနည်းတော့ ထိ သွားပြီ လေ ။ ဒါနဲ့ ရုပ်ရှင် ထဲကလို စလိုးမိုးရှင်း တဖြည်းဖြည်း ချင်း လှည့်ပြီး ဗီရို ကြားက ချောင်း နားထောင် နေတဲ့ ချာတိတ် ကို လှမ်း ပြောလိုက်တယ် ။

“ မင်း တော်တော် တုံးတဲ့ ကောင် ပဲ ။ ဒီ တိတ်ခွေ က ကမ္ဘာကျော် စန္ဒရားဆရာကြီး ဗီသိုဗင် ရဲ့ တိတ်ခွေ ကွ ။ မင်း တို့ လို ဓနရှင် ပေါက်စလေး တွေ က ကမ္ဘာကြီး ကို ပစ် ပေါက် နေတဲ့ ငွေသံတွေ နောက်ပဲ တကောက်ကောက် လိုက် နေတာကိုး ။ လူ့ ဘဝ မှာ ငွေ ထက် အရေးပါတာ တွေ ၊ ငွေ နဲ့ ဝယ်လို့ မရတာ တွေ အများကြီး ရှိတယ်ကွ ။ ဒီလို ရခဲလှတဲ့ လူ့ ဘဝ မှာ အနုပညာ ဆိုတဲ့ စာပေ ၊ ဂီတ ၊ ရုပ်ရှင် ၊ သဘင် ၊ ပန်းချီ ၊ ကဗျာ ဆိုတဲ့ ချိုမြိန်တဲ့ အသီး ကို စားရကောင်းမှန်း မသိရင် လူ မပီသသေးဘူး ။ အေး ... တစ်ခု တော့ ရှိတယ် ။ မင်း အဲဒီဘက် ကနေ ဒီဘက် က ဂီတသံ ကို နားထောင် လိုက်ရလို့ မင်း ရင် ထဲမှာ ခံစားလှုပ်ရှား သွားတယ် ဆိုရင် ဒါ အနုပညာစံ တစ်ခု ရဲ့ ကုသိုလ် တရားပဲ ။ မင်း ဒီနေ့ လူ ဖြစ်ပြီ ၊ ကုသိုလ် ရပြီ ”

“ ဗျာ ... ” 

ချာတိတ် ‘ ဗျာ ’ တစ်ခု က လွဲပြီး ပါးစပ် အဟောင်းသား နဲ့ ဘာမှ မပြောတတ်တော့ဘူး ။ ဒီ တိုက်ပွဲမှာ ချာတိတ် မရှုမလှ ကျဆုံးသွားခဲ့ပြီ ။

( ၄ )

ဘယ်ရမလဲ ၊ ချာတိတ် ကလည်း ချာတိတ် ပဲ ။ စံဖေ ကလည်း စံဖေ ပဲ ။

တစ်ယောက် နဲ့ တစ်ယောက် အညံ့ မခံကြေး ။ နောက် နေ့ နောက်နေ့ တွေ မှာ လည်း စံဖေက ဗီသိုဗင်စန္ဒရား လက်သံ တိတ်ခွေ ပဲ ထပ်ချည်းတလဲလဲ ဖွင့်တယ် ။ ချာတိတ် ကလည်း စံဖေ ဖွင့်တဲ့ အခွေ ကို ပဲ ထပ်ချည်း တလဲလဲ နားထောင်တယ် ။ ဆိုင်နီးချင်းတွေ ကတော့ တော်တော်လေး စိတ်ပျက် နေကြပြီ ။ စံဖေ့ ကိုလည်း မပြောရဲဘူး ။ တစ်ခါက စံဖေ့ ဆိုင်နား က ကောင်မလေး ပေါ့ ။ သူ က ကုန်စိမ်း နဲ့ ငါးခြောက် ငါးခြမ်း ရောင်းတာ ကိုး ။ သူ့ ဆိုင် မှာ အောက်ပိုင်း က ငါးပိတွေ နာမည်ကြီးလို့ ဆိုပြီး ဆိုင် ပေါ်တင် ရောင်းလိုက်တာ အဲဒါ ကိုယ်တော်ချော က ငါးပိစော် နံပါတယ် လို့ ဆိုပြီး ဈေးခေါင်းရုံး သွား တိုင် လို့ ကောင်မလေးခင်ဗျာ မဆိုင်တဲ့ အပေါက် ဂလိုင် နဲ့ အခေါက် ခံလိုက်ရတယ်လေ ။ အခု စံဖေ့ ရောဂါ ပို ဆိုး သွားတာ က မော်စကိုပြန် ဆိုတဲ့ ဘွဲ့ လက်မှတ် က ရထား တော့ သူ့ ကိုယ် သူ လကမ္ဘာက ဆင်း လာတဲ့ ဂါဂါရင် လို မြောက်ကြွမြောက်ကြွ နဲ့ ဆိုတော့ ဆိုင်နီးချင်း အားလုံးက ဖိန့်တိန့်တိန့် ပဲ ။ မစိုမခြောက် ကြောက်ကြောက်လန့်လန့် ပဲ ဆက်ဆံ နေကြရတာ ။ ဟို ချာတိတ် ဆိုတဲ့ ပေါကြောင်ကြောင်ကောင်လေးသာ သောက်မှန်းကန်းမှန်း မသိလို့ ဆိုပြီး ကရုဏာ သက်နေကြသေးတယ် ။ ချာတိတ် က အငယ်ဆုံးကလေး လည်း ဖြစ်နေတော့ သူ့ မိဘ က အလို လိုက် ထားတာကိုး ။

ချာတိတ် ဒီတစ်ခါ သူ့ ဆရာကြီး ဆီ က ဖီလိုဆိုဖီ ရရှိ ရေး အတွက် အစွမ်းကုန် ရွက်လွှင့် ကြည့်မယ် ။ နောက်ဆုံး ဘယ်လိုမှ မရနိုင်ဘူး ဆိုရင် သူ့အစ်ကို ဗီရို ထဲ က ဆရာ မြသန်းတင့် ရဲ့ စစ် နဲ့ငြိမ်းချမ်းရေး အတွဲလိုက်ကြီး ခိုးပြီး လက်ဆောင် ပေးမယ် ။ ဒါပေမဲ့ ချာတိတ် အကြံ စိတ်ကူး ထဲ မှာပဲ အရည်ပျော် ကုန်ပြီ ။ အလကား နေရင်း ငါ့ အစ်ကို ရှေ့နေ လက်စွမ်းပြ လိုက်ခါမှ ကြမ်းပိုးကိုက် ခံနေရဦး မယ် ။

ဟုတ်ပြီ ... ဟုတ်ပြီ ... ဒီအကြံ အကောင်းဆုံးပဲ ။ ငါ့ ဆရာကြီး ပျော့ခွေ သွားစေရမယ် ။

“ ဆရာကြီး … ဆရာကြီး ”

ဗီရို ကြား ကနေ လေသံ အပျော့စား နဲ့ ချာတိတ် ခေါ် ကြည့်တယ် ။

“ ဘာလဲကွ ”

စံဖေ့ လေသံ နည်းနည်းတော့ လျော့လာပြီ ။

“ ကျွန်တော့် ကို စကားလေး တစ်ခွန်း ပြောခွင့်ပြုပါ ”

“ ပြော ... လိုရင်းတိုရှင်း ပဲ ပြော ”

“ ဒီလိုပါ ၊ ဆရာကြီး ဖွင့်တဲ့ ဘိုသိုဗင် ဆိုလား ၊ ဘင်သိုဗီ ဆိုလား ၊ အဲဒီ အဲဒီ အခွေလေး ရောင်း ရင် ရောင်း ၊ ဒါမှမဟုတ် ငှား ရင် ငှား ”

“ ဘာကွ ”

ဒီတစ်ခါ စံဖေ့ အသံ ကီးမြင့် သွားတော့ ချာတိတ် ကြောက်သွားတယ် ။ သူ့ခမျာ ပျာပျာသလဲ တောင်းတောင်း ပန်ပန်နဲ့ ။

“ မှား ... မှားသွားလို့ပါခင်ဗျာ ။ ဟို ...ဟို ဗီသိုဗင် ရဲ့ စန္ဒရား လက်သံ တိတ်ခွေလေး ကို ကျွန်တော် ညတိုင်း နား ထောင်ချင်လို့ ကူးပေးပါ ခင်ဗျာ ။ ဆရာကြီး အတွက် ဉာဏ်ပူဇော်ခ ချီးမြှင့်ပါ့မယ် ”

စကား တစ်ခွန်း က သိပ် အရေးကြီး မှန်း စံဖေ ရော ၊ ဖီလိုဆိုဖီပညာ လိုချင်တဲ့ ချာတိတ် ရော သဘောပေါက် ကြတယ် ။ လူ ဆိုတာ အချော့ကြိုက် ၊ အမြှောက်ကြိုက် မဟုတ်လား ။ စံဖေ့ ဆီ က ဘာပညာ မှ မရသေးတဲ့ ချာတိတ် က နှာတစ်ဖျား သာ သွားပြီ ။

စံဖေ့ ဆီ တင် ထားတဲ့ မေးခွန်းလွှာ အတွက် အဖြေ ကို ချာတိတ် စောင့်နေတယ် ။ တော်တော် နဲ့ အဖြေလွှာ က ထွက် မလာဘူး ။ တအောင့်လောက် ကြာမှ ...

“ အေး .. ငါ စဉ်းစားလိုက်မယ် ”

စဉ်းစားဦးမယ်လို့ စံဖေ့ နှုတ်က ထွက်တော့ ချာတိတ် မျက်နှာ ပျက်သွားတယ် ။ တကယ်တမ်း ချာတိတ် လိုချင် တာက ဗီသိုဗင် အခွေ မဟုတ်ဘူး ။ ဒီ အခွေ က သူတို့ နှစ်ယောက် အတွက် ကြားခံ ။ စံဖေ့ ဆီ က ခပ်ယူလို့ မကုန် နိုင်တဲ့ ဒဿန တရားတွေ ၊ ဖီလိုဆိုဖီ စကားတွေ ၊ ပစ္စည်းမဲ့ တော်လှန်ရေး အတွေးအခေါ်တွေ ။

နောက် ဆရာကြီး စံဖေ့ ဆီ က ကိုယ်ပိုင် ဟန် ၊ ကိုယ်ပိုင် အငွေ့အသက်တွေ ။

( ၅ )

နောက် နှစ်ရက် ၊ သုံးရက် လောက် ရှိတော့ မနက်ခင်း တစ်ခု မှာ စံဖေ့ လက် ထဲ က အထုပ်ကလေး တစ်ထုပ် ကို ဈေးဖွင့် လာရင်း ချာတိတ် က စ မြင်လိုက်တယ် ။ စံဖေ က လည်း ချာတိတ် မြင်သာအောင် အလင်္ကာနည်း နဲ့ ဆတ ဆတ လုပ်ပြတာကိုး ။ ချာတိတ် က လည်း အကင်းပါး တယ် ။ ဒါပေမဲ့ ဘယ်သူမှ တော့ လက်ဦးမှု ယူပြီး အနိုင် မပိုင်းကြသေးဘူး ။

နောက်ဆုံးတော့ ချာတိတ် ကပဲ လှေကားဆံ တစ်ထစ် လျှော့ပြီး ဆင်းလိုက်တယ် ။

“ ဆရာကြီး လက် ထဲ က ဘာထုပ်လေးလဲ ” 

“ တိတ်ခွေ "

“ ရော့ .. မင်းဖို့ ” ဆိုတော့ ချာတိတ် တအား ပျော် သွားတယ် ။ ဆော့ခရတ္တိ တို့ ၊ ပလေတိုး တို့ က သူ့ ခေါင်း ကို ချစ်စနိုး နဲ့ ပုတ်လိုက် သလိုမျိုး တော်တော် ကျေနပ်သွား တယ် ။ စံဖေ က ဆက်ပြောတယ် ။

“ မင်း ကို ပညာ ပေးရဦးမယ် ၊ ဒီ တိတ်ခွေ က ငါ့ လက် ထဲ ကို အလွယ်တကူ ရောက် လာတဲ့ တိတ်ခွေ မဟုတ်ဘူး ။ ဗီသိုဗင် ဆိုတဲ့ စန္ဒရားဆရာကြီး ကလည်း နှယ်နှယ်ရရ ပုဂ္ဂိုလ်ကြီး မဟုတ်ဘူး ။ ပါရမီရှင် ကမ္ဘာကျော် ပုဂ္ဂိုလ် ကြီးကွ ။ ဒါပေမဲ့ နားတော့ တော်တော် လေးတယ် ။ ကဗျာဆရာ စောဝေ ရေး တဲ့ ကဗျာ ထဲ က လိုပေါ့ကွာ ၊ ကမ္ဘာကြီး ကို အသံတွေ နဲ့ သာယာ နေဖို့ အကြားကို ပစ်စလက်ခတ် ချကျွေးခဲ့ရ ဂီတ ရေ ၊ မင်း ကို သိပ် ချစ်မိလို့ ငါ့ နားတွေ စုံလုံးကန်းခဲ့ရပါပြီ ဆိုသလို ပေါ့ ကွာ ။ သူ့ မှာ နှလုံးသား က လာတဲ့ ခံစားမှု နဲ့ အမြင်အာရုံ ပေါင်းပြီး လက်ချောင်း ယကလေးတွေ က တစ်ဆင့် မွေးဖွားပေး လိုက်တဲ့ ဂီတသံ တွေ ။ ဒီလို ပါရမီ ထူးတဲ့ ဗီသိုဗင် ရဲ့ အခွေ ကို ငါ့ ဆီ က တစ်ဆင့် မင်း ဆီကို ရောက်သွားတာ မင်း တော်တော် ကံကောင်းတယ်မှတ် ”

စံဖေ ချာတိတ် ကို ဈေးကွက် မြှင့်တင်ရေးကြော်ငြာ ဝင်လိုက်တယ် ။

ချာတိတ် က ကျောက်ဆစ်ရုပ် အပြုံးကလေး နဲ့ …

“ ဆရာကြီး ၊ ကျွန်တော် ဘယ်လောက် ကန်တော့ရမလဲ ” 

“ တစ်ထောင် ”

စံဖေ နှုတ် က တိုတိုပြတ်ပြတ် ပဲ ထွက်တယ် ။

“ ဗျာ ”

အဲဒီ ဗျာ ဆိုတဲ့ အသံ က ရင်ထဲက အသံတိတ် မန္တန် ပဲ ။ ဘာတတ် နိုင်တော့မှာလဲ ။ တိတ်ခွေ နှစ်ခွေ မှ ၄ဝဝ ကျပ်ပဲ ပေါက်ဈေး ရှိတာ ချာတိတ် အသိ ။ အခု ဗီသိုဗင်ခွေ နှစ်ခွေ က သူ့ လက် ထဲ မှာ ရောက် နေပြီလေ ။

ချာတိတ် သူ့ အိတ်ကပ် ထဲက နှစ်ရာတန် ငါးရွက် ထုတ်ပြီး ဆရာကြီးစံဖေ ကို လက်ကလေး နှစ်ဖက် နဲ့ ဦးညွတ်ပြီး ရိုရိုသေသေ ပေး လိုက်တော့ ပစ္စည်းမဲ့ တော်လှန်ရေးသမားကြီး စံဖေ့ လက် ထဲ ငွေ တစ်ထောင် ကော့ကော့တက် ပါသွားခဲ့ပြီ ။

ဒါ စံဖေ နဲ့ ချာတိတ် တို့ ရဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပဲ ။

အဲဒီက စပြီး တစ်ယောက် နဲ့ တစ်ယောက် အရင် လို သူစိမ်းဆန်ဆန် ဖြစ် မနေတော့ဘူး ။ ချာတိတ် က စံဖေ့ ကို ရဲရဲတင်းတင်း ဆက်ဆံတတ်လာပြီ ။

( ၆ )

ဗီသိုဗင် နှစ်ခွေ ကို ချာတိတ် နားထောင်ပြီးတဲ့ အချိန်မှာ ...

ချာတိတ် က စံဖေ့ ကို တစ်စုံတစ်ရာ ပြောချင်လှပြီ ။
သူ့ ဆရာကြီး ကို သူ က ရိုရိုသေသေ ထိုက်ထိုက်တန်တန် ကန်တော့ လိုက်ရတဲ့ ငွေပမာဏ နဲ့ စာရင် ဆရာကြီး ငါ့ ကို ရိုက်စား လုပ်လိုက်ပြီ လို့ ချာတိတ် က ကလေးတွေး တွေးတယ် ။ စံဖေ့ ကို ဘယ်လိုစ ပြောရမလဲ အကြံထုတ် ကြည့်တယ် ။ ချာတိတ် ပျာယာခတ် နေပေမဲ့ စံဖေ့ ကတော့ ပိုနေမြဲ ၊ ကျားနေမြဲ ပဲ ။ သူ့ အလုပ် သူ လုပ် ၊ သူ့ စာ သူ ဖတ် ( အားရင် ) ထုံးစံအတိုင်း သူ့ စာပေ မိတ်ဆွေများ နဲ့ လေကြောင်းတိုက်ပွဲ ဆင်နွှဲ ၊ နောက်ဆုံးတော့ ကလေး သာသာ ချာတိတ် က ပဲ အရဲကိုးပြီး စံဖေ့ ကို စ ပြောကြည့် လိုက်တယ် ။

“ ဆရာကြီး ”

“ ဟေ့ ...  ”

“ ဆရာကြီး ဗီသိုဗင် တိတ်ခွေ နှစ်ခွေ ကို ကျွန်တော် နားထောင် ကြည့်လိုက်တော့ တစ်ခွေ က အသံတွေ တိတ် သား အပြည့်ပါပြီး နောက်တစ်ခွေ ကျတော့ တစ်ဝက် တောင် မပါဘူး ။ တိတ်သား အလွတ်ကြီး နဲ့ ။ အဲဒါ ဆရာ ကြီး ဘယ်လို လုပ်လိုက်တာလဲ ” ဆိုတော့ ...

“ ဘာရယ် ဘာရယ် ပြန်ပြောစမ်း ”

စံဖေ့ အသံ ခပ်ပြင်းပြင်း ဒိုင်းခနဲ ဝင် ဆောင့်တယ် ။

“ ဪ ... ဟိုတစ်နေ့ က ဆရာကြီး ဆီ က ကျွန်တော်  ငွေ တစ်ထောင် ပေးပြီး ဝယ်လိုက်တဲ့ တိတ်ခွေ ကိစ္စပါ ။ တစ်ခွေ က အသံတွေ တိတ်သား နဲ့ အပြည့် ပါပြီး ကျန်တဲ့ တစ်ခွေ ကျတော့ တိတ်သား နည်းနည်းလေး ပဲ အသံ ပါ တယ် ။ တိတ်သား အလွတ်တွေ က များလွန်းနေတယ် ။ အဲဒါ ဆရာကြီး ဘယ့်နှယ် လုပ်လိုက်တာလဲလို့ပါ ။ ကျွန်တော် ဆယ်တန်း မှာ ရူပဗေဒ သင်ခဲ့ သလိုပေါ့ ။ ဖန်ခွက် တစ်ခွက် ထဲ ကို ရေ တစ်ဝက် ထည့်ထားပြီး ဆရာ က မေးတယ် ။ တပည့်တို့ ၊ ဒီ ဖန်ခွက် ထဲ မှာ ရေ တစ်ဝက် ရှိနေတာလား ဆိုတော့ တစ်ယောက်က ထ ပြောတယ် ။ ရေ တစ်ဝက် လျော့နေတာတဲ့ ။ အခုလည်း ဆရာကြီး တိတ်ခွေ က တစ်ဝက် မဟုတ်ဘူး ၊ လေးပုံ ပုံရင် သုံးပုံ ကို လျော့ နေတာ ”

ဖီလိုဆိုဖီ ရွက်လွှင့်ချင် နေတဲ့ ချာတိတ် က ပြော မယ့် ပြောတော့ အပိုင်ပဲ ။

စံဖေ့ အသည်း ကို ဓား နဲ့ ဆွ သလို ဖြစ်သွားတယ် ။

“ ဒါကြောင့် မင်းတို့ လို ဓနရှင် လူတန်းစားတွေ ကို ငါ မဆက်ဆံချင်တာ အဲဒီ အချက်ပဲ ။ မင်းတို့ လို ကောင် တွေ က ဘာမဆို ငွေ နဲ့ တိုင်းတာချင်တာကိုး ။ ဒီမယ် ဟေ့ကောင် ၊ ဒါ အနုပညာကွ အနုပညာ ။ တိတ်ခွေ အထူအပါး နဲ့ မဆိုင်ဘူး ။ နောက်ပြီး ဒီ အခွေ က မြန်မာပြည် ဟောဒီ မြို့ကလေး မှာ ငါ နဲ့ လူ တစ်ယောက် လက် ထဲ မှာ ပဲ ရှိတယ် ။ နောက် ဒီ အခွေ ရအောင် ထောင်သုံးလ အကျခံ ၊ ဘဝ အနစ်မွန်း ခံလာရတာကွ ။ ငါ ငွေ ကို နွားငတ်ရေကျ လိုချင် လို့ မင်း ကို ရောင်းစားတာ မဟုတ်ဘူးကွ ။ မင်း ကို သနားလို့ ကွ သနားလို့ ။ သိပလား ”

စံဖေ့ ရဲ့ ယမ်းပုံ ပေါ် ချာတိတ် ရဲ့ မီးခဲ ကျသွားပြီ ။ အမှန်အတိုင်း ဆိုရင် ဗီသိုဗင် ရဲ့ စန္ဒရားလက်သံ တေးသွား က စီ ၆ဝ တစ်ခွေစာ သာသာ ပဲ အသံ က ပါတာ ။ တစ်ခွေ နဲ့လည်း မလုံလောက်ဘူး ။ နှစ်ခွေ ကျပြန်တော့လည်း တိတ်သား အလွတ်တွေ အများကြီး ကျန်မယ်မှန်း စံဖေ သိပေမဲ့ ချာတိတ် က တော့ ဘယ်သိမလဲ ။

သူ့ ဆီ က ငွေ တစ်ထောင် ကို စံဖေ က မလိမ့်တစ်ပတ် ညာယူတယ် လို့ ပဲ ထင်တာကိုး ။ စံဖေ့ ဘက် က ကြည့် ပြန် တော့လည်း ပိုး မွေးသလို တယုတယ ဥထားတဲ့ သူ မြတ်နိုး တဲ့ ဗီသိုဗင် ရဲ့စန္ဒရားလက်သံ အနုပညာ ကို သက်သက်မဲ့ စော်ကား လိုက်တယ် လို့ ထင်တာပေါ့ ။ ဒီတော့ စံဖေ ဒေါသ ငယ်ထိပ် တက်လာပြီး..

“ ဟေ့ကောင် … မင်းတို့ လို အနုပညာ ကို နကန်း တစ်လုံး မှ မသိတဲ့ သူတွေ လက် ထဲ ဒီ တိတ်ခွေ ရောက်တာ နာ တယ်ကွာ ”

“ ပေး .. ငါ့ ဗီသိုဗင် တိတ်ခွေ ”

“ ရော့ .. မင်း ငွေ တစ်ထောင် ”

ချာတိတ် ဆီ က ဗီသိုဗင် တိတ်ခွေ နှစ်ခွေ စံဖေ့ လက် ထဲ ရောက်သွားတာနဲ့ သူ့ စာအုပ်ဆိုင်လေး ထဲ က သမံ တလင်း ပေါ် ပစ်ချ လိုက်ပြီး သူ့ ခြေထောက်တွေ နဲ့ နင်းခြေ ဖျက်ဆီး ပစ်လိုက်တယ် ။ ပါးစပ် က လည်း အနုပညာ တော်လှန်ရေး ဂါထာတွေ တတွတ်တွတ် ရွတ်လို့ ။ စံဖေ  နည်းနည်းတော့ မောသွားပြီ ။

ချာတိတ် လည်း စံဖေ့ ကို ကြည့်ပြီး ကရုဏာ သက် သွားပြီ ။ ဒါပေမဲ့ ချာတိတ် မတွေးတတ်တာ တစ်ခု ရှိ တယ် ။ ဒီ ဗီသိုဗင်ခွေ နဲ့ ထောင် သုံးလ ၊ ဘာဆိုင်လို့လဲ ။ ငါ ဆရာကြီး ကို မေး မှ ဖြစ်တော့မယ် ။ ချာတိတ် က အလိုက်ကန်းဆိုး မသိ လှမ်း မေးလိုက်တယ် ။

“ ဆရာကြီး ၊ ဗီသိုဗင်ခွေ နဲ့ မော်စကို သုံးလ ဘာဆိုင် လို့လဲ ဆရာကြီး ”

“ ဟ ... အေပေးလေး ၊ နင် တကယ် မသိတာလား ၊ မသိချင်ယောင် ဆောင် နေတာလား ။ ဒီမယ် ... မင်း ကို ငါပြောပြမယ် ။ ဆော့ခရတ္တိ ဆိုတဲ့ အတွေးအခေါ် ပညာရှင်ကြီး ကို မင်း ကြားဖူးတယ် မဟုတ်လား ။ ဘီစီ ၃၆၉ လောက် က အေသင်မြို့ မှာ မွေးခဲ့တဲ့ ပုဂ္ဂိုလ် ပေါ့ ။ အဲဒီ ဆော့ခရတ္တိ က သူ့ ယုံကြည်မှု အတွက် အဆိပ်ခွက် နဲ့ စတေး သွားတယ် ။ ငါ လည်း ငါ မြတ်နိုးတဲ့ ဗီသိုဗင်ခွေ ရရှိဖို့ အတွက် ငါ့ ဘဝ ကို ထောင် ထဲ မှာ သုံးလ စတေး ခဲ့ ရတာကွ ။ နားလည်လား ။ မင်း ငါ့ အတ္ထုပ္ပတ္တိ ကို တကယ် မသိဘူး ဆိုရင် မင်း အမေလင် အာဏာပါးကွက်သား ကို မေးကြည့် ။ ရှင်းပလား ”

ဒါ ဆရာကြီး စံဖေ ရဲ့ နိဂုံးချုပ် မိန့်ခွန်း ပဲ ။

ချာတိတ်ခမျာ စံဖေ့ ဆီ က ဖီလိုဆိုဖီ တစ်စွန်းတစ်စ တောင် မရလိုက်ဘဲ ကွင်း အဝင် မှာ တင် အနီကတ် အပြ ခံလိုက်ရပြီလေ ။

ဟုတ်တော့ လည်း ဟုတ်ပေသားပဲ ။ စံဖေ ခမျာ ဗီသိုဗင်တိတ်ခွေလေး ရဖို့အရေး တကယ့် ကို မော်စကို ထဲ မှာ ကြမ်းပိုးကိုက် ခံပြီး သုံးလ နေခဲ့ရတာပါ ။

( ၇ )

အဖြစ်က ဒီလိုဗျ ။

ကျွန်တော်တို့ မြို့ကလေး ကို ရန်ကုန် က နေ ဂီတ ကို မြတ်နိုးတဲ့ ဆရာဝန် တစ်ယောက် အပြောင်းအရွှေ့ နဲ့ ရောက် လာခဲ့တယ် ။ ရောက်စ ဆိုတော့ သူ့ မှာ မိသားစု က လည်း မပါ ။ မိတ်ဟောင်း ဆွေဟောင်း တွေ ကလည်း မရှိ ဆိုတော့ တစ်ယောက် တည်း နေရထိုင်ရ တာ ပျင်းတာ ပေါ့ ။ ပျင်းတိုင်း ( အလုပ်ချိန် အားတိုင်း ) ဗီသိုဗင် ရဲ့ စန္ဒရား လက်သံ တိတ်ခွေလေး ဖွင့်ပြီး ခံစား နေတတ်တယ် ။

စံဖေ ဆိုတဲ့ ကောင် က လည်း စာပေဗဟုသုတ လိုက်စားတဲ့ အပြင် ဂီတ ကို လည်း ဝါသနာ ထုံတော့ ဆရာဝန် နေတဲ့ တိုက်ကလေး ဘေး က ဖြတ်သွားဖြတ်လာ ကြုံရင် ဗီသိုဗင် ရဲ့ စန္ဒရားလက်သံ ကို ကြားလိုက်ရတော့ သူ့ ရင် ထဲ မှာ နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်း သွားခဲ့တယ် ။ ဒါနဲ့ ဆရာဝန်ကြီး ရဲ့တိုက်ဘေး မှာ ခရီးသွား ဟန်လွဲ နဲ့ ချောင်းချောင်း ပြီး နားထောင် ဖြစ်သွားတာပေါ့ ။ တစ်ည မှာ ဆရာဝန်ကြီး အလုပ်တာဝန် တစ်ခု နဲ့ ခရီးလွန် နေတာကို မသိ လိုက်တဲ့ စံဖေ က ဗီသိုဗင်ခွေ ကို နားထောင်ချင်စိတ် တွေ များပြီး မူးမူးရူးရူး နဲ့ ဆရာဝန်ကြီးရဲ့ တိုက်ဘေး မှာ ဖွင့်နိုး ဖွင့်နိုး နဲ့ အိပ်ပျော် သွားခဲ့တယ် ။ တိုက်တိုက်ဆိုင်ဆိုင် ပဲ လုံခြုံရေးကင်း နဲ့ တွေ့ပြီး စံဖေ ရဲ့သူ ယုံကြည်ရာ ၊ သူ လုပ်တတ် ၊ ပြောတတ်တဲ့ ဉာဉ်ဆိုးကြောင့် ဥပဒေ ကို မထီမဲ့ မြင်လုပ်မှု နဲ့ တရားရုံး က ထောင်ဒဏ် သုံးလ အပြစ်ပေး ခြင်း ကို ခံလိုက်ရတယ် ။ စံဖေ မော်စကို က ပြန်လာတဲ့ အချိန် အဖြစ်မှန် ကို သိ လိုက်ရတဲ့ ဆရာဝန်ကြီး က စံဖေ ရဲ့ ဂီတ အပေါ်  မြတ်နိုးမှု ကို ကိုယ်ချင်းစာ ယုံကြည် လို့ ဗီသိုဗင် ရဲ့ တေးသွား ကို ကူးပြီး ( သူ ကိုယ်တိုင် ) ပဲ လက်ဆောင် ပေးခဲ့တယ် ။

အဲ ... တစ်ခု ပြောဖို့ ကျန်သေးတယ် ။

စံဖေ့ ကို စီရင်ချက် ချ လိုက်တဲ့ တရားသူကြီး ဆိုတာ ( လွန်ခဲ့တဲ့ ၁၉၇ဝ နှစ် ) လောက်တုန်းက ရပ်ကွက်ရုံး က နေ မြို့နယ်ရုံး ထိုင်ရတဲ့ ၊ စံဖေ့ ဆီမှာ ရာသက်ပန် တပည့် ခံ ဖို့ ကြိုးစားခဲ့ပေမဲ့ ကုသိုလ်ကံ နည်း လို့ စံဖေ့ ရဲ့ တပည့် အရင်း တစ်ယောက် မဖြစ်ခဲ့ရရှာတဲ့ ချာတိတ် ရဲ့ အဖေ ဆို တာ တစ်ယောက် ယောက် ကများ ချာတိတ် သိအောင် ပြောပြခဲ့ရင် ချာတိတ် ရဲ့ ဖီလိုဆိုဖီ ရွက်လွှင့်ချင်တဲ့ ခရီး မှာ ဆရာကြီးစံဖေ ကို ယုံယုံကြည်ကြည် နဲ့ မာလိန်မှူးကြီး အဖြစ် ထားဝံ့ပါဦးမလား ။  ။

⎕ ဝင်းရွှေမိုး ( ချောက် )

📖 စရဏ မဂ္ဂဇင်း
      ၂ဝ၁၅ ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment