Monday, August 12, 2024

ဆရာမနိုင် ကျောက်ကလိုင်သိုက်


 

❝ ဆရာမနိုင် ကျောက်ကလိုင်သိုက် ❞
   ⎯⎯⎯⎯⎯⎯⎯⎯⎯ 
          အဏ္ဏဝါစိုးမိုး
    ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ကျွန်တော့် အသက် ( ၁၂ ) နှစ်သား အရွယ် လောက် မှာ ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက် ဆိုတော့ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ခန့် က ဖြစ်သည် ။ အဲဒီတုန်း က ကျွန်တော် က ဘုန်းကြီးကျောင်းသားလေး ဖြစ်သည် ။ ရခိုင်ပြည်နယ် ၊ ဂွမြို့နယ် ထဲ က ကိန္နရီချောင်းရွာ တောင်ပေါ်ကျောင်း မှာ ကျောင်းသားကြီး ၊ ကိုရင်ကြီး ၊ ကျောင်းသားလေး ၊ ကိုရင်လေး စုစုပေါင်း နှစ်ဆယ် ၊ အစိတ် မျှ ရှိသည့် အထဲ က ကျွန်တော် က ကျောင်းသားလေး ဖြစ်သည် ။ တောရွာ ဘုန်းကြီးကျောင်းသားလေးဖြစ်၍ ခေါင်းတုံး ပြောင်လေး ဖြစ်သည် ။

ထိုခေတ် က ဘုန်းကြီးကျောင်းသားကြီးများ သည် မိုးရာသီ မှာ မိဘတွေ နှင့် အတူ လယ်ကူ လုပ်ကြရသည် ။ နွေရာသီ ရောက် လို့ စပါးသိမ်း ပြီးသည် နှင့် ဘုန်းကြီး ကျောင်း ကို ပြန်ရောက် လာကြတော့သည် ။ အလှူအတန်း ပေါများသည့် အချိန် လည်း ဖြစ်လို့ ဘုန်းကြီးကျောင်း မှာ ပြန်လည် စုရုံးကြခြင်း ဖြစ်သည် ။ ကျွန်တော့် အစ်ကိုတွေ အပါအဝင် အလုပ်အကိုင် မရှိကြသည့် ရွာ က ကာလသားကြီးတွေ အကုန်လုံး လောက် နီးပါး ဘုန်းကြီးကျောင်း ကို ပြန် ရောက်လာကြသည် ။ ဘုန်းကြီး ကျောင်း မှာ တစ်နေကုန် အိပ်စား နေပြီး ညနေမိုးချုပ် မှ ရွာထဲ ပြန်ဆင်း သွားကြ သည် ။ သူတို့ ပိုးပန်း နေသည့် အပျိုတွေ ကို လျှောက်ပြန် သံပေး ၊ ခြေအေး ဝမ်းရောင် လုပ်ရန် ရွာထဲ ပြန် အိပ်ကြခြင်း ဖြစ်သည် ။ ကလေးတွေ ဖြစ်သည့် ကျွန်တော် တို့ သာ နေ့ရော ညပါ ၊ ကျောင်းအိပ် ကျောင်းစား နေကြသည် ။

နွေရာသီ အလှူအတန်း ပေါများသည့် အချိန် ဖြစ်လို့ ရဟန်းဧည့်သည် ၊ လူဧည့်သည် တွေ လည်း ဘုန်းကြီးကျောင်း မှာ တည်းခို ၊ ဝင်ထွက် ၊ ညအိပ်ညနေ နေထိုင် ကြသော အခါသမယ ဖြစ်သည် ။ လာသမျှ ဧည့်သည်တွေ ကို နေရာထိုင်ခင်း ပေး၍ ကျွေးမွေး ထားနိုင်သော ခေတ် ဖြစ်သည် ။ ရဟန်းတော်များ သည် ခရီးသွား ရင်း ဆွမ်းစားချိန် ရောက်လာပါ က မိမိ နှင့် ဂိုဏ်းဂဏ တူသည်ဖြစ်စေ ၊ မတူသည် ဖြစ်စေ ကျောင်း ပေါ် တက်လာပြီး ဆွမ်းဘုဉ်းပေး နိုင်သော ခေတ် ဖြစ်သည် ။ ကုန်ရောင်းကုန်ဝယ် ခရီးသည် များ သည် လည်း မိမိတို့ မှာ ပါလာသည့် ရောင်းကုန် ဝယ်ကုန်တွေ နှင့် ကျွဲနွားတွေ ကို ဥပုသ်ဇရပ် မှာ ထားပြီး ကျောင်းကြီး ပေါ် တက်၍ ဆွမ်းကြွင်း ၊ ဟင်းကျန် စားနိုင်သော ခေတ် ဖြစ်သည် ။

နွေရာသီ နေ့ တစ်နေ့ မှာတော့ ထူးဆန်းသည့် ပုဂ္ဂိုလ် တစ်ယောက် ရောက် လာပါသည် ။ အသက်အရွယ် ငါးဆယ် မျှသာ ရှိဦးမည် ဟု ထင်ရသည် ။ ဝတ်ဖြူ စင်ကြယ် ဝတ်ထားသည် ။ အဖြူရောင်ပေါင်းချောင် ပတ်ခေါင်းပေါင်း သျှောင် တစောင်းဖြင့် အတော်အတန် ကြည့်ကောင်းသူ ဖြစ်သည် ။ ခရီးဆောင် အထုပ် နှစ်ထုပ် ကို ထမ်းပိုး ဖြင့် လျှို ထမ်းပြီး အထူးပြုလုပ် စီရင်ထား ဟန် တူသည့် တောင်ဝှေး ကို ထောက်ထောက်ပြီး ကျောင်းကြီး ရှိရာ တောင်ပေါ် ကို တက်လာခဲ့ခြင်း ဖြစ်သည် ။ မြင်သာ ထင်ရှားသည့် အရာ က အနီရောင် တောင်ဝှေးကြီး ဖြစ်သည် ။ တောင်ဝှေး ၏ ထိပ် မှာ ရဟန္တာယပ်ထမ်းရုပ် ကို ထုလုပ် ထားပြီး ရွှေပိန်းချ ထားသည် ။

ဝတ်ဖြူစင်ကြယ် ဆရာ သည် ကျောင်းကြီး ပေါ် ကို ရောက်လို့ ဘုရားဝတ်ပြု မည့်အခါ သူ ၏ တောင်ဝှေးကြီး ကို လှဲချ မထားဘဲ သင့်လျော်ရာ မှာ ထောင်ထား တာ တွေ့ရသည် ။ တောင်ဝှေး ထိပ် က ရဟန္တာရုပ် ကို ရိုသေသည့် သဘောဖြစ်မည် ။ သူ ရောက်လာသည့် အချိန် သည် မွန်းတိမ်းပြီ ဖြစ်လို့ ဆွမ်းကျန်ဟင်းကျန် သိမ်းပြီး ချိန် ဖြစ်နေသည် ။ ညနေ ( ၅ ) နာရီ လောက် ရောက် မှ ကျောင်းသားလေးတွေ နှင့် အတူ ဆွမ်းကျန်ဟင်းပေါင်း စားရတော့မည် ဖြစ်သည် ။ ကိုရင်ကြီး နှင့် ကျောင်းသားကြီးတွေ က ငှက်ပျောသီးမှည့်တွေ ချ ကျွေးသည် ။ ခရီး ပန်းလာသူ ဖြစ်၍ ဆာနေ မည်စိုးသောကြောင့် ရှိရာကို ချကျွေးကြခြင်း ဖြစ်သည် ။ ထိုခေတ် ထိုအခါက မေတ္တာ ပါသည့် ချစ်စရာ တောရွာ သဘာဝ လောကဝတ် ကျေခြင်း ဖြစ်သည် ။ သို့သော် ဧည့်သည် က ငြင်းသည် ။ သူ သည် ရာသက်ပန် ကိုးပါးသီလ ခံယူထားသူ ဖြစ်၍ နေလွဲညစာ မစားပါ ဟု ဆိုသည် ။

ဝတ်ဖြူစင်ကြယ် ဧည့်သည် ကို ကျောင်းကြီး ပေါ် က သင့်ရာတော်ရာ နေရာ မှာ အိပ်ရာနေခင်း စီစဉ်ပေးမည် လုပ်သောအခါ ဧည့်သည် က သူ သည် ကျောင်းကြီး ပေါ်မှာ မနေလိုပါ ဟု ဆိုသည် ။ သူ့ ကို ယောက်ျားဥပုသ်သည်ဇရပ် မှာ နေခွင့် ပြုပါရန် မေတ္တာရပ်ခံသည် ။ ကိုရင်ကြီးတွေ နှင့် ကျောင်းသားကြီးတွေ က သဘော တူသည် ။ ဥပုသ်ဇရပ် နှစ်ဆောင် ရှိသည့် အနက် ကြိုက်ရာ အဆောင် မှာ နေပါရန် ခွင့်ပြုလိုက်ကြသည် ။

ဝတ်ဖြူစင်ကြယ် ဧည့်သည် သည် တော်တော်နဲ့ ပြန်မည့် ဧည့်သည် မဟုတ် ဟု အကဲခတ် မိကြသည် ။ ဇရပ် မှာ နေရာယူပြီး တစ်မိုးတစ်ဝါ နေမည့် ပုံမျိုး တွေ့ ရသည် ။ ဘယ်လို အချိုးလဲ ဆိုတာ စောင့်ကြည့်ကြရတော့မည် ဖြစ်သည် ။ ဝတ်ဖြူ စင်ကြယ် ဆရာ သည် ရာသက်ပန် ဥပုသ်သည် ဖြစ်၍ ညစာ အတွက် ဆွမ်းကြွင်း နှင့် ဟင်းပေါင်း ကို ကျွေးစရာ မလို ဖြစ်နေသည် ။

အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကိုပဲ ကျောင်းသားတွေ နှင့် အတူ စားသည် ။ ဆွမ်းစား ပြီးသည် နှင့် သူ နေသည့် ဇရပ် ကို ပြန်ပြီး အနားယူ သလား ၊ တရားထိုင်
သလား မသိရ ။ တစ်ပတ် ဆယ်ရယ် လောက်တော့ ဣန္ဒြေ ရနေသည် ။

ဇရပ် မှာ နေတာ ရက်တွေ ကြာ လာတော့ တစ်ယောက် တည်း နေရတာ ပျင်းလာဟန် တူသည် ။ ကိုရင်တွေ ၊ ကျောင်းသားတွေ နှင့် တရင်းတနှီး လက်ပွန်း တတီး နေလိုသည့် လက္ခဏာ ပြလာသည် ။ သူ့ နာမည်ရင်း ကို ပြောပြသည် ။ သူ့ ကို ဆရာအောင် လို့ လည်း ခေါ်ကြကြောင်း ပြောသည် ။ သူ သည် ဓာတ်ဗိန္ဒော ၊ ပယောဂ နှင့် ရောဂါအမျိုးမျိုး ကို ကုသနိုင်သော ဆရာ ဖြစ်သည် ဟု ဆိုပါသည် ။ သူ သည် လေးမျက်နှာ ၊ ငါးသိုင်းချောင်း ဘက်ာက ဖြစ်ကြောင်း ပြောသည် ။ ရခိုင်ရိုး တောင်ကြီး ကို ဖြတ်ကျော် လာခဲ့သည့် လမ်းခရီး တစ်လျှောက် မှာ တွေ့ကြုံခဲ့ရသည့် တောရွာ တွေက ရောဂါမျိုးစုံ တို့ကို ကုသ ပေးခဲ့ပုံတွေ ကို ပါ ပြောပြသည် ။

သူ ပြောပုံ အရ ဆိုလျှင် သူ သည် ရောဂါမျိုးစုံ ကို ပျောက်အောင် ကုသပေး နိုင်သလို ဖြစ်နေသည် ။ ဓာတ်ဗိန္ဒောနည်း ဖြင့် ကုသရသည့် ဖျားနာ ၊ အနာ ပေါက်ရောဂါများ အပြင် ပယောဂနည်း ဖြင့် ကုသရသည့် စုန်းတိုက် ၊ နတ်တိုက် ၊ မှော်သွင်း ၊ အင်းမြှုပ် ၊ ယုတ်မာသည့် ပြုစားနည်း ဖြင့် ပြုလုပ် ထားသည့် အချုပ်အနှောင် အဖမ်းအဆီးတွေ ကို ကုသပေး နိုင်ကြောင်း ပြောသည် ။ ရခိုင်ရိုးမ တောင်ခြေရင်း က ပေါက်တူးကွင်း ဆိုသည့် ရွာမှာ သူ ကုသပေးခဲ့ရသည့် အမျိုးသမီး လူနာ တစ်ယောက် အကြောင်း ကို ပြောပြတာ စိတ်ဝင်စားစရာ ကောင်းသည် ။ နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ကို မီးမဖွားနိုင်အောင် ၁၂ ကြိုး ကဝေမ က ပြုစားထားသည် ဟု ဆိုပါသည် ။

“ မီးဖွားမယ့် လူနာ က ရေမြွှာ ပေါက်နေပြီ ။ ဗိုက်လည်း မနာဘူး ။ ကလေး လည်း ထွက်မလာဘူး ။ ပါးစပ် က အယုတ္တ အနတ္တတွေ ပြောပြီး ဆဲဆိုကြိမ်းမောင်း နေတယ် ။ ငါ့ ပိုက်ဆံ ငါးကျပ် ကို ပြန်မဆပ်တဲ့ အတွက် အမေ ကို ရော ၊ ကလေး ကို ပါ သေအောင် လုပ်မယ် ဆိုပြီး ကြိမ်းမောင်း နေတယ် ။ ကျုပ် ကို လည်း ကြိမ်းမောင်း တယ် ။ ဆရာအောင် လည်း မသာကောင် ဖြစ်သွားမယ်လေး ဘာလေး နဲ့ ခြိမ်းခြောက် တယ် ။ ကျုပ် က ဘာမှ ထွေထွေထူးထူး မလုပ်လိုက်ရပါဘူး ။ ရှင်သီဝလိယပ်ထမ်းရုပ် တောင်ဝှေး ကို ပြပြီး ရေမန်း နဲ့ တောက်လိုက်တာ နဲ့ ငြိမ်သွားတော့တာပဲ ”

သူ ပြောပုံ အရ ဆိုလျှင် မွေးလူနာအမျိုးသမီး ကို ဝိုင်းဝန်း ချုပ်ကိုင်ပြီး အရပ် ဝမ်းဆွဲ ဖြင့် အတင်းအဓမ္မ နှိုက်ထုတ် မွေးဖွားခဲ့၍ ကလေးအသေ မွေးခဲ့ခြင်း ဖြစ်သည် ။ ဗိုက်ထဲ မှာ ကလေး သေနေပြီး ကိုယ်ဝန်အဆိပ် ဖြစ်ကာ ကယောင်ကတမ်း ၊ သွေးရူးသွေးတန်း ဖြစ်နေခြင်း ဖြစ်သည် ။ အဲဒါကို ရပ်ရွာ က အပမှီသည် ဟု ထင်သည် ။ သူ ကလည်း ပယောဂ ဆိုပြီး သူ့ တောင်ဝှေးကြီး ကို ပြ၍ ကုသခဲ့တာ ဖြစ်နိုင်သည် ။

သူ ပြောပြသည့် အကြောင်းတွေ ထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး က သိုက်စာ အရ တူးခဲ့သည့် ဥစ္စာစောင့်တွေ နှင့် သိုက်တွေ အကြောင်း ဖြစ်သည် ။ ဝက်သေတောင် က ဘီလူး ငါးကောင် စောင့်သည့် ကုဋေတစ်ရာ ရတနာသိုက် နှင့် ကမ်းသာယာ အနီး က ပန်းကန်တောင်သိုက်တွေ ကို တူးခဲ့သည့် အကြောင်းတွေ ကို ပြောပြတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းသည် ။

ဝက်သေတောင် က ဥစ္စာစောင့်မ မြစန္ဒီ နှင့် လူသားစားဘီလူး ငါးကောင် စောင့်သည့် ကုဋေတစ်ရာ ရတနာသိုက် သည် ဘုရားသိုက် ဖြစ်သည် ဟုဆိုသည် ။ အရိမေတ္တယျဘုရားရှင် ပွင့်တော်မူသော အခါ ကျောင်းတော် ဆောက်ရန် စုဆောင်း ထားသည့် ဘုရားသိုက် ဖြစ်သည် ဟု ဆိုပါသည် ။ ဘယ်လို သိုက်ဆရာမျိုး မှ တူးလို့ မရ ။ အနားတောင် မကပ်ရဲသည့် သိုက် ဟုဆိုသည် ။ အဲဒီ သိုက် ကို သူ တူး မလို့ ကန်တော့ပွဲ ပေးနေတုန်းမှာ တောလုံး ညံအောင် မြည်ဟည်းသည့် အသံကြီး နှင့် အတူ အလျှံညီးသည့် မီးတောက်မီးလုံးကြီး သည် အရှိန်အဟုန် ပြင်းစွာဖြင့် ထွက် ပြေး ရွေ့လျား သွားခဲ့သည် ဟု ဆိုသည် ။ သူ့ ကို ကြောက် လို့ သိုက်ပြောင်း သွားတာ ဟု ဆိုလိုခြင်း ဖြစ်သည် ။

ကမ်းသာယာ အနီး က ပန်းကန်တောင်သိုက် သည် လည်း ဘုရားသိုက် ပင် ဖြစ်သည် ဟု ဆိုပါသည် ။ အရိမတ္တယျဘုရားရှင် ပွင့်တော်မူသော အခါ ကျောင်း တော် မှာ အသုံးပြုမည့် ပန်းကန်ခွက်ယောက် ပုံသဏ္ဌာန် အမျိုးမျိုး ထောင်ပေါင်း များစွာကို သိမ်းဆည်း ထားသည့် ဘုရားသိုက် ဖြစ်သည် ဟု ဆိုသည် ။ အလျား ငါးမိုင်ခန့် ရှည်ပြီး အမြင့်ပေ တစ်ထောင်ခန့် မြင့်သည့် တောင်ကြီး တစ်တောင်လုံး သည် ပုံသဏ္ဌာန် အမျိုးမျိုး ၊ အရောင်အသွေး အမျိုးမျိုးသော ပန်းကန်ပြား ၊ ပန်းကန်လုံး တို့ဖြင့် ပြည့်နေသည် ဟု ဆိုပါသည် ။ ပန်းကန်တောင်သိုက် ကို စောင့်နေကြ သည့် ဥစ္စာစောင့်မ ညီအစ်မ ခုနစ်ဖော် တို့သည် လူ တစ်ရက် ဖြစ်လိုက် ၊ ဘီလူး တစ်ရက် ဖြစ်လိုက် ဘဝဖြင့် သိုက် ကို စောင့်နေကြသည် ဟု ဆိုပါသည် ။ ပန်းကန်တောင်သိုက် ကို တူးဖို့ ကြိုးစားခဲ့ကြဖူးသည့် သိုက်ဆရာ တို့သည် သိုက်စည်းချခြင်း ၊ ကန်တော့ပွဲပေးခြင်းများ ပြုလုပ်ရင်း နေ့ကူး သွားကြ၍ ဘီလူး အစား ခံသွားရခြင်း ဖြစ်သည် ဟု ဆိုပါသည် ။

ဆရာအောင် ပန်းကန်တောင်သိုက် ကို တူးတော့မည် ဆိုသည့်အခါ အနီး အနားရွာ တွေ က မတူးရန် မေတ္တာရပ်ခံ ကြသေးသည် ဟု ဆိုပါသည် ။ တူးဖို့ ကြိုးစားခဲ့ဖူးသည့် သိုက်ဆရာ တိုင်း ခန္ဓာကိုယ် ထဲ မှာ သွေး တစ်စက် မှ မကျန်အောင် ခန်းခြောက်သည့် ရောဂါ ဖြင့် သေခဲ့ကြရသည့် အတွက် အန္တ ရာယ် ရှိ၍ မတူးရန် သတိပေး ကြခြင်းဖြစ်သည် ဟု ဆိုပါသည် ။ ဆရာအောင် က တူးမည် ဟု ဆုံးဖြတ် လိုက်သည် ။ ဥစ္စာစောင့်တွေ သည် စုံရက် မှာ ဘီလူး ဖြစ်၍ မရက် မှာ လူ ဖြစ်တာကို သိနေသည့် ဆရာအောင် က လပြည့်နေ့ မှာ နေ့ချင်းပြီး စီရင်ပြီး သိုက်ဖွင့်နိုင်ခဲ့သည် ဟု ဆိုပါသည် ။ ဥစ္စာစောင့်မ တွေ ငိုပြီး တောင်းပန်ကြသည် ဟု ဆိုပါသည် ။ လပြည့်ကျော် ( ၁ ) ရက်နေ့ သည် လည်း မ , နေ့ ပင်ဖြစ်၍ အေးအေးဆေးဆေး ဆောင်ရွက် နိုင်ခဲ့သည် ။ သို့သော် ဘုရားသိုက် ဖြစ်နေ၍ တူးဖော်ရရှိသည့် ပန်းကန် တွေ သည် မြေ ပေါ် ရောက်လို့ လေ ထိတာ နဲ့ တစ်ပြိုင်နက် အကိုင် မခံဘဲ အလိုလို ကွဲကုန်သည် ဟု ဆိုပါသည် ။ အောင်မြင်ပါ လျက် ဆက် မတူးတော့ဘဲ ထားခဲ့ရ သည် ဟု ဆိုပါသည် ။

ဆရာအောင် ၏ ပြောပုံဆိုပုံ နှင့် အမူအရာတွေ ဟာ လေလုံးထွားပြီး ကြွား သည့် လက္ခဏာတွေ ပါ နေ၍ ကိုရင်ကြီးတွေ နှင့် ကျောင်းသားကြီးတွေ က မယုံ သင်္ကာ ဖြစ်လာ နေကြသည် ။ သူ့ ကို အထင်ကြီး လေးစားအောင် လိမ်ညာ နေတာ ဟု ထင် လာကြသည် ။ သို့သော် ဆရာအောင် ၏ အပြော နှင့် လေသံ က မကျ ဖြစ် နေသည် ။ ဒီ ကြားထဲ မှာ ဆရာအောင် ၏ အပြော နှင့် လက်တွေ့ ကိုက်ညီ သွားတာ တွေ က လည်း ရှိသည် ။

ရွာ ထဲ က သူဌေးသမီး အပျိုကြီး မအေးရင် စုန်းပူး သလို ၊ နတ်ပူး သလို ဖြစ်ပြီး ငိုလိုက် ၊ ရယ်လိုက် ဖြစ်နေတာ ကို ဆရာအောင် ကုသ ပေးလိုက်တာ သက်သာ ပျောက်ကင်း သွားသည် ။ အပျိုကြီး ကို တစ်ဖက်သတ် ကြိုက် နေသူ တစ်ယောက် က အခကြေးငွေ ပေးပြီး လုပ်ခိုင်းထားတာ ဟု အဖြေ ထွက်လာသည် ။ အပျိုကြီး သဘောကျ သွားသည် ။ အမှန်တော့ လင် လို ချင်လို့ သွေးလေ မမှန် ဖြစ်ပြီး ဟန်ဆောင် ပန်ဆောင် ကယောင်ကတမ်း ပြောတာ ဆိုတာ လက်လွန် သွားခြင်း ဖြစ်သည် ။ ဆရာအောင် က နဖူး ကို လက်ဝါး ဖြင့် ထိပြီး ရွတ်တာဖတ်တာ နဲ့ပဲ တင်း နေသည့်အကြောတွေ လျော့ သွားဟန် တူသည် ။ ဟင်းခနဲ သက်ပြင်းကြီး ချပြီး အမှောင့် ပယောဂတွေ ထွက်သွား တော့သည် ။

ဆရာအောင် သည် ရွာဦးကျောင်း မှာ တစ်မိုးတစ်ဝါ ကျောက်ချ နေဦးမည့် လက္ခဏာ တွေ့ ရသည့် အပြင် သူဌေးသမီး အပျိုကြီး အိမ် က စားအိမ်သောက်အိမ် ဖြစ် လာသော အခါ ရွာ က ကာလသားတွေ နှင့် ကျောင်းသားကြီးတွေ က မနာလို ဝန်တို ဖြစ်လာသည် ။

ဥပုသ်နေ့ တစ်နေ့ ၊ ဆွမ်းစား ပြီးလို့ အနားယူ နေကြစဉ်မှာ ကျောင်းသားကြီးတွေ က ဆရာအောင် ကို အထူးအဆန်း တစ်ခု အကြံပြုသည် ။

“ ဆရာအောင် ၊ ရတနာသိုက်ကြီး တစ်ခု ရှိတယ် ။ တူးကြရအောင် ”

“ တူးတာပေါ့ ။ ဘယ်မှာလဲ ”

“ ဒီတောင် ရဲ့ နောက်ကျော မှာ ကျောက်ကလိုင်သိုက် လို့ ခေါ်တယ် ။ တူးဖို့ ကြိုးစားတဲ့ ဆရာတိုင်း ထွက်ပြေး ရလို့ ဆရာမနိုင် ကျောက်ကလိုင်သိုက် လို့ ခေါ်တယ် ”

ကျွန်တော်တို့ ကျောင်းသားလေးတွေ နှင့် ကိုရင်လေးတွေ အရမ်း စိတ်ဝင်စား သွားကြသည် ။ ဘုန်းကြီးကျောင်းတောင် ရဲ့ နောက်ကျော က ဖက်ပုပ်စမ်းဘေး မှာ ကျောက်နံရံကြီး တစ်ခု ရှိသည် ။ အဝေးက ကြည့် လိုက် လျှင် ကျောက်တံခါးကြီး နှစ်ချပ် ကို ပိတ်ထားတာ နဲ့ တူသည် ။ ဒီ တံခါးကြီး နှစ်ချပ် ကို ဖွင့်နိုင် လျှင် အထဲ မှာ ဥစ္စာစောင့်မ ရူပါဝတီ ၏ နန်းတော်ကြီး နှင့် ယူ မကုန်နိုင်သည့် ရတနာတွေ အပြည့် ရှိသည် ဟု ပြောသံဆိုသံ ကြားဖူး နေကြ၍ ဖြစ်သည် ။

“ အဲဒီလို သိုက်မျိုး ကို မှ ကျုပ် က တူးချင်တာ ။ သူ့ ကို ကိုယ် က မနိုင်ရင် တော့ ကိုယ် ပြေးရမှာပေါ့လေ ။ သူ ပြေး ရမလား ကိုယ် ပြေး ရမလား ကြည့်ကြသေး တာပေါ့ ”

“ ကျွန်တော်တို့ ကြားဖူးတာ ကတော့ အတွင်း က ရူပါဝတီ ရဲ့ နန်းတော်ကြီး ထဲ ကို ရောက်ဖို့ မဆိုထားနဲ့ ကျောက်တံခါး နှစ်ချပ် ကို ဖွင့်ဖို့ ကြိုးစားတာနဲ့ တစ်ပြိုင်နက် လှံကိုင် ၊ တင်းပုတ်ထမ်း ဘီလူးတွေ ရုတ်တရက် ပေါ်လာပြီး သိုက်ဆရာ ကို ထိုးကြ ၊ ရိုက်ကြတော့တာတဲ့ ”

ကျောင်းသားကြီးတွေ နှင့် ကိုရင်ကြီးတွေ က သူတို့ ကိုယ်တိုင် မသိဘဲ ရှေး လူကြီးတွေ ပြောတာ ကြာဖူးတယ် ဟု ဆိုသည် ။ ဆရာအောင် က မထီပြုံးလေး ပြုံးပြီး ပြန် ပြောသည် ။

“ ဘီလူးတွေ ကိုင်တဲ့ လှံတွေ ၊ တင်းပုတ်တွေ ကပဲ အစွမ်း ထက် သလား ၊ ကျုပ် ရဲ့ တောင်ဝှေး ကပဲ အစွမ်း ထက် သလား ဆိုတာ သိုက်တံခါး ဖွင့်တဲ့ နေ့ ကျရင် သိရမှာပေါ့လေ ”

ဆရာအောင် ၏ အစီအမံ အတိုင်း ကန်တော့ပွဲ သုံးပွဲ ၊ ဆီမီး ကိုးတိုင် ကို သယ်ဆောင် ၍ ကျောက်ကလိုင်သိုက် ရှိရာ ဖက်ပုပ်စမ်း ကို ဆရာအောင် ဦးဆောင် ပြီး ချီတက် ကြသည် ။ ဆရာအောင် က သူ ၏ ဝတ်ဖြူယူနီဖောင်း အပြည့်အစုံ ကို ဝတ်ဆင်ပြီး ပုတီးစွပ် ထားသည့် ညာလက် ဖြင့် တောင်ဝှေးကြီး ကို ထောက်၍ ထောက်၍ ရှေ့က သွားသည် ။ ကန်တော့ပွဲ ရွက်သည့် ကျောင်းသားကြီးတွေ ၏ နောက် က ကျွန်တော်တို့ ကျောင်းသားလေးတွေ ၊ ကိုရင်လေးတွေ အုပ်စုဖွဲ့ လိုက်သွားကြသည် ။

ကျောက်ကလိုင်သိုက် အနီး သို့ ရောက်လာသော အခါ သစ်ပင် ၊ ဝါးပင် နှင့် ချုံနွယ်ပိတ်ပေါင်းတွေ ပိုမို ထူထပ် လာသည် ။ သိုက်နန်း အဝင် တံခါး လို့ ပြောနေ ကြသည့် ကျောက်နံရံပြားကြီး ကို ပင် စိမ်းစိုအုပ်ဆိုင်း နေသည့် သစ်ပင်တွေ ၊ ဝါးပင်တွေ ကြား မှာ တွေ့ ရသည် ။ နေပြောက် မထိုးသည့် ရခိုင် အမြဲစိမ်းသစ်တော ကြီး ထဲ က စမ်းချောင်း ဘေး မှာ ရှိတာ တွေ့ ရသည် ။

ဆရာအောင် က သိုက်တံခါး ရှေ့မှာ နေရာ ယူပြီး ကန်တော့ပွဲတွေ ကို ချစေသည် ။ ဝါဆို ဖယောင်းတိုင်ကြီး တွေ ကို ကိုယ်တိုင် ထွန်းသည် ။ အားလုံး အသင့် ဖြစ်သော အခါ သိုက်စည်း ချတော့မည် ဖြစ်၍ ကျွန်တော်တို့ အားလုံး ကို အတော် အလှမ်း ကွာသည့် နေရာ ရောက် အောင် နောက် ဆုတ် ခိုင်းသည် ။ ကျွန်တော်တို့ က လည်း ထူးထူးဆန်းဆန်းတွေ ကို ကြည့်ချင်တာ ထက် ကြောက်တာ က ပို များနေ၍ သိုက်စည်း အပြင် ကိုရောက်အောင် လွတ်လွတ်ကင်းကင်း နေပေး လိုက်ကြသည် ။

သိုက်တံခါး ရှေ့မှာ ဆောင့်ကြောင့် ထိုင်ပြီး ဘုရားရှိခိုး နေသည့် ဆရာအောင် ၏ အသံ ကို သဲကွဲစွာ မကြားရ ဖြစ်နေသည် ။ သစ်ပင်တွေ ကြား က ကြည့်ရတာ အားမရ ဖြစ်နေသည် ။ သိုက်တံခါးကြီး ပွင့်သွားတာ ကို ကြည့်ချင် လို့ ရှေ့ကို တိုးလို့ ရ သလောက် တိုး ကြည့်ကြသည် ။ ဆရာအောင် ထိုင် ရာ မှ ထပြီး တစ်စုံ တစ်ခု ကို ရွတ်ဆို တိုင်တည်သည် ။ ရဟန္တာရုပ် တောင်ဝှေးကြီး ဖြင့် သိုက်တံခါး ကို သုံးကြိမ် ခေါက်သည် ။ သိုက်တံခါးကြီး ပွင့်သွား လို့ သိုက်စောင့်ဘီလူး တွေ ထွက် လာ လျှင် ပြေးဖို့ အတွက် ကျွန်တော်တို့ ကျောင်းသားလေးတွေ နှင့် ကိုရင်လေးတွေ အသင့် ပြင် ထားကြသည် ။

သိုက်တံခါးကြီး မပွင့်သော အခါ ဆရာအောင် စိတ်တို လာဟန် တူသည် ။ ဒေါသ ဖြစ်လာဟန် တူသည် ။ ရွတ်သံဖတ်သံ ၊ အမိန့်ပေးသံ ပိုမို ကျယ်လောင် လာသည် ။ ဒေါမာန် ပါလာသည် ။ တောင်ဝှေးကြီး ဖြင့် သာ မက ကျောက်နံရံ ကို လက်ညှိုး ပါ ထိုးပြီး ( ငါ့ အမိန့် ) ဟု အော်၍ ဖွင့်ခိုင်းသည် ။

အံ့သြစရာ အလွန် ကောင်းသည် ။ ဆရာအောင် ၏ အမိန့်ပေးသံ ဆုံးသည် နှင့် တစ်ပြိုင်နက် တဗျမ်းဗျမ်း မြည်သော ကြောက်စရာ အသံတွေ ကို အဆက်မပြတ် ကြားရသည် ။ အသံတွေ လာရာ ကျောက်နံရံ နောက်ကျော က သစ်ပင်တွေ ကြား မှာ မီးခိုးလုံးကြီး ထွက်လာသည် ။ သံပုံးလွတ်တွေ ကို တီး နေသည့် အသံ နှင့် တူသည့် အသံတွေ က လည်း ပိုမို ကျယ်လောင် လာသည် ။ မီးခိုးလုံးကြီးတွေ နှင့် မီးတောက်ကြီးတွေ က လည်း ကျောက်နံရံ နောက်ကျော မှာ ဟိုနေရာ တစ်လုံး ၊ ဒီနေရာ တစ်လုံး ဟုန်းခနဲ ဟုန်းခနဲ ပေါ် လာသည် ။ ကျွန်တော်တို့ ပြေးဖို့ အသင့် ပြင် နေကြသည် ။

ဆရာအောင် သည် တောင်ဝှေးကြီး ကို ကိုင်မြှောက်ပြီး ( အောင်ပြီ ... အောင်ပြီ ) လို့ အော် လိုက်သည် ။ ဆရာအောင် ၏ အော်သံ နှင့် မရှေးမနှောင်း မှာ ပင် ခွေးတွေ သံပြိုင် အူ လိုက်သည့် အသံမျိုးတွေ နှင့် အတူ သစ်ပင်ငယ်တွေ မုန်တိုင်း တိုက် ခံရ သလိုပဲ ပြိုလှုပ်ယမ်း သွားသည် ။ သစ်ပင်တွေ ၊ ချုံပုတ်တွေ ကြား က ရုတ်တရက် ပေါ်ထွက်လာသည့် လှံကိုင် ၊ တင်းပုတ်ထမ်း ဘီလူး မည်းမည်းကြီး ငါးကောင် ဆရာအောင် ကို ဝိုင်း ဖမ်းရန် ရှေ့တိုး လာကြသည် ။

ဘီလူးကြီး ငါးကောင် ကို မြင်လိုက်သည် နှင့် တစ်ပြိုင်နက် ကျွန်တော်တို့ ကလေးတွေ က စပြီး ပြေး ကြသည် ။ ဆရာအောင် သည် လည်း လန့်ပြီး နောက် ဆုတ်တာ မြင်လိုက်ရသည် ။ ဘီလူးငါးကောင် နှင့် အတူ တုပ်အားသန်သည့် တောကြီးပျား တစ်အုပ် ပါ လာပြီး ဆရာအောင် ကို ဝိုင်း တုပ်ကြသည် ။ ကျွန်တော် တို့ ကို ပါ ပျားတွေ တုပ်ကြတော့မည် ဖြစ်၍ အသားကုန် ပြေးကြရ တော့သည် ။ ဆရာ အောင် သည် ပျားတုပ် ခံရသည့် နေရာတွေ ကို ပွတ်ရင်း သပ်ရင်း ဖြင့် ကျွန်တော်တို့ နောက် က ပြေးလိုက် လာသည် ။

တစ်ကိုယ်လုံး မည်းပြောင် နေသည့် ဘီလူးငါးကောင် သည် ခွေးအူသံတွေ ပေးပြီး ဆရာအောင် ကို သ,တ်ရန် ပြေးလိုက် လာ နေကြသည် ။ ဆရာအောင် သည် ဘုန်းကြီးကျောင်း ကို ရောက်အောင် ပြေးရမည့် လမ်း ကို မသိလို့ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကို မီအောင် ပြေး လိုက် လာသည် ။ ခေါင်းပေါင်းစ အဖြူလေး နှင့် တောင်ဝှေးကြီး ဘယ်မှာ ကျ ကျန်ခဲ့သည် မသိ ။ အသက် ကို လုပြီး ပြေးလာသည် ။ ဘုန်းကြီးကျောင်း ကို မြင်ရသည့် နေရာ ရောက်တော့ မှ နောက် က ဘီလူးတွေ လိုက် ပါ မလာတော့ တာ ကို သိကြသည် ။ ကျောင်း ကို ရောက်အောင် ဆက် ပြေး ကြပြီး ကျောင်း ရောက် တော့ မှ အနားယူကြရသည် ။

ကိုရင်လေးတွေ နှင့် ကျွန်တော်တို့ ကျောင်းသားလေးတွေ က သာ ကြောက် လို့ တုန်တုန်ယင်ယင် ဖြစ်နေကြ သော်လည်း ကန်တော့ပွဲ ရွက်သည့် ကျောင်းသား ကြီး သုံးယောက် နှင့် ကျောင်းသားကြီး တချို့ က အူနှိပ်ပြီး ရယ် နေကြသည် ။ ဆရာအောင် ကို မြင်တိုင်း ဝိုင်း ရယ် နေကြသည် ။ ဆရာအောင် သည် သူ နေသည့် ဇရပ် ပေါ် ကို တက် သွားပြီး ပြန်ဆင်း လာသော အခါ အထုပ် နှစ်ထုပ် ကို ပခုံး မှာ လွယ်ပြီး ဆင်း လာသည် ။ တောင်ဝှေးကြီး မရှိတော့၍ လျှို ထမ်းဖို့ မလိုတော့တာ ကြောင့် လွယ် ထားရခြင်း ဖြစ်သည် ။ ဆရာအောင် သည် ဘယ်သူ့ ကို မှ နှုတ် မဆက် တော့ဘဲ ရွာ က ထွက်သွား လေတော့သည် ။

ဆရာအောင် ရွာ က ထွက် သွားပြီး ရက်အတန် ကြာတော့မှ ကျောင်းသားကြီး တွေ ပြောပြလို့ သိရသည် ။ ဘီလူးငါးကောင် သည် ကျောင်းသားကြီးတွေ နှင့် ကာလသားတွေ ဖြစ်ကြသည့် ကိုဘမောင် ၊ ကိုသောင်းဖေ ၊ ကိုရွှေမောင် ၊ ကိုအောင်တင် ၊ ကိုဘစံ တို့ ဖြစ်သည် ဟု သိရသည် ။ တစ်ကိုယ်လုံး ကို ရေနံချေး တွေ သုတ် ထားလို့ သူတို့ ကို ပျား တုပ် လို့ မရ ဟု ဆိုသည် ။ ကျောက်နံရံ နောက်ကျော က ချုံပုတ်တွေ ထဲ မှာ ပုန်းနေပြီး သံပုံးတီး ပေးသူတွေ ၊ မီးရှို့ ပေးသူ တွေ ထဲ မှာ ကျွန်တော့် အစ်ကို ကိုသောင်းရွှေ လည်း ပါသည် ဟု သိရသည် ။

⎕ အဏ္ဏဝါစိုးမိုး

📖 လပြည့်ဝန်း မဂ္ဂဇင်း
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment