Saturday, August 17, 2024

မဟုတ်သော်ရှိ ဟုတ်သော်ရှိ


 

❝ မဟုတ်သော်ရှိ ဟုတ်သော်ရှိ ❞
  ━━━━━━━━━━━━━
      ဦးဘုန်း ( ဓာတု )
  ━━━━━━━━━━━━━

“ ဒါနဲ့ ၊ စကားမစပ်ဗျာ ”

ကျွန်တော့် သူငယ်ချင်း “ အက်ဆစ်မန်း ” ဆိုတဲ့ စာရေးဆရာ က စကား ပြောတိုင်း “ ဒါနဲ့ ၊ စကား မစပ်ဗျာ ” ဆိုပြီး သူ ပြောချင်တဲ့ စကား ကို ပြောလေ့ ရှိသည် ။ သူ စကား ပြော လျှင် “ ဒါနဲ့ ၊ စကား မစပ်ဗျာ ” ဆိုတာ မပါလျှင် မပြီး ။ အဲဒီ စကားလုံး ပါလာပြီ ဆိုလျှင် လေ ကြော ရှည်တတ်သည် ။ ဒါကလည်း သူ ရဲ့ ဝသီပေါ့ ။

ကျောင်းသား ဘဝ တုန်းက စာသင် ဆရာမ တော်တော်များများ သုံးတတ်တဲ့ စကား တစ်လုံး ရှိသည် ။ စာ သင်လျှင် ၊ စကား ပြောလျှင် ၊ အကြောင်းအရာ တစ်ခုခု ကို ပြောလျှင် “ .. ဆိုလို့ရှိရင် ” ဆိုတာ မကြာမကြာပါလေ့ ရှိသည် ။ တစ်ခါက စာသင်ခန်း ထဲ တွင် ရူပဗေဒ ပို့ချသော ဆရာမ စာသင် လေသည် ။

“ အလင်းတန်းတွေ ဟာ ဆိုလို့ရှိရင် ပြင်ညီမျက်နှာ ပြင် ကို ရိုက်ခတ်ပြီး ဟောဒီလို ပြန် ထွက်သွားပြီ ဆိုလို့ရှိရင် ဟောဒီ ရိုက်ထောင့် နဲ့ ဟောဒီ ပြန်ထောင့် ဟာ ဆိုလို့ရှိရင် တူညီနေကြ ပြီးတော့ ဟောဒီ မတ်မျဉ်း ဟာ ဆိုလို့ရှိရင် အယ်လဖာ လို့ အမည် ပေးမယ် ဆိုလို့ရှိရင် ပြန်ထောင့် ဟာ ဆိုလို့ရှိရင် လည်း ဘီတာ လို့ အမည် ပေးမယ် ဆိုလို့ရှိရင် အဲဒီ ဆိုလို့ရှိရင် နှစ်ခု ဟာ တူတယ် ။ နားလည်ကြတယ် နော် ”

ကျွန်တော့် ဆရာမ က စကား ပြောရင် “ ဆိုလို့ရှိရင် ” မပါဘဲ မပြောတတ်ပါ ။

ဒီလိုပါပဲ ။ ဆရာတော် ဦးသုမင်္ဂလာ က လည်း သူ တရား ဟောတဲ့ အခါ “ သဘော ပါတယ်နော် ” ဆိုတာ မပါမပြီး ပါပဲ ။ ကျွန်တော်တို့ ရပ်ကွက် ထဲ က ရပ်ကွက်လူကြီး က လည်း သူ စကား ပြောလျှင် “ ဆိုတော့ကား ” ဆိုတဲ့ ဝေါဟာရ ကို တွင်တွင်ကြီး သုံးတတ်လေသည် ။ တစ်ခါ က ရပ်ကွက်ဓမ္မာရုံ တွင် ရပ်ကွက် သာရေးနာရေးအသင်း ဖွဲ့စည်းရန် အတွက် အစည်းအဝေး ကျင်းပကြသည် ။ ရပ်ကွက်လူကြီး က စကား ပြောလေသည် ။

“ ဆိုတော့ကား ။ ကျွန်တော်တို့ ရပ်ကွက် မှာ သူများ ရပ်ကွက်တွေ လို သာရေးနာရေးအသင်း ဖွဲ့စည်းဖို့ လို တယ် ။ အဖွဲ့ တစ်ခု ဖွဲ့စည်းပြီ ဆိုတော့ကား အလှူငွေ ရဖို့ ၊ ရတဲ့ အလှူငွေ ကို စနစ်တကျ ထိန်းသိမ်းဖို့ ငွေစာရင်းအဖွဲ့ ၊ စာရင်းစစ်အဖွဲ့ ဖွဲ့စည်းရမယ် ။ ဆိုတော့ကား အဲဒီ အဖွဲ့ မှာ အချိန် မပေးနိုင်တဲ့ သူတွေပဲ ထည့်သင့်တယ် ။ အလှူ ငွေ ကောက်ခံဖို့ ဆိုတော့ကား အချိန် ပေး နိုင်တဲ့ သူတွေ ပါဖို့ လိုတယ် ။ အဲဒီလို ဖွဲ့စည်းပြီ ဆိုတော့ကား တစ်ပတ် တစ်ခါ အစည်းအဝေး ကျင်းပဖို့ လိုပြန်တယ် ။ ဆိုတော့ကား အဖွဲ့အစည်း ဖြစ်တာနဲ့ အညီကျေနပ်တာ လည်းရှိ မယ် ။ အဆင်မပြေတာ လည်း ရှိတယ် ။ ဆိုတော့ကား စိတ်ဝမ်း မကွဲသင့်ဘူး ။ ညီညွတ်သင့်တယ် ။ ဆိုတော့ကား ကျွန်တော် တို့ ရပ်ကွက် အတွက် နာရေးသေရေး ပူစရာ မလိုတော့ဘူး ၊ ဆိုတော့ကား ဒီ အစည်းအဝေး အတွက် ဘယ်သူတွေ က ဘယ်လို ဦးဆောင်မယ် ဆိုတာ တင်ပြ ဆွေးနွေးကြပါ ”

ရပ်ကွက်လူကြီး ၏ “ ဆိုတော့ကား ” စကားလုံး ကြောင့် ပြုံးလည်း ပြုံးမိသည် ။ စိတ် လည်း ညစ်မိသည် ။ ကျွန်တော့် အိမ် တွင် ဆွမ်းခံ ထိုင် ကိုယ်တော် တစ်ပါး ရှိသည် ။ ထို ဆရာတော် သည် စကား ပြောလျှင် “ တယ် ဆော်ပါ့လား ” ဆိုသည့် စကားလုံး ကို မကြာမကြာ သုံး တတ်သည် ။ သူ နှင့် စကား ပြောလျှင် ရယ်ရသည် ။ ဗဟုသုတ လည်း ရသည် ။ တစ်ခါက ကျွန်တော့် အိမ်တွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပသည် ။ ဧည့်သည်များ ကို ဖိတ်ကြား ထားသည် ။ ဝါဆိုသင်္ကန်း ကပ် အပြီး စကား စမြည် ပြောဆို ဖြစ်ကြပါသည် ။

“ ဒကာကြီး ဦးဘုန်း ။ ဧည့်သည်တွေ ကို ဘယ်နှစ် ယောက် လောက် ဖိတ်ထားတုန်း ”

“ ငါးဆယ် လောက် ပါ ဘုရား ”

“ တယ် ဆော်ပါ့လား ဦးဘုန်း ရဲ့ ”

“ တင်ပါ့ဘုရား ။ သူ က တပည့်တော် ရဲ့ ငယ်သူငယ် ချင်းပါ ဘုရား ။ ဆည်မြောင်းအင်ဂျင်နီယာချုပ် ပါ ဘုရား ”

“ ကားကြီး က ကောင်း လိုက်တာ ။ ဘာ ကားတုန်း ။ ဘယ်လောက် တန်တုန်း ”

“ လင့်ခရူဇာကား ပါ ဘုရား ။ သိန်း ထောင်ကျော် တန် ပါတယ်ဘုရား ”

“ ဟာ ။ ဆည်မြောင်းအင်ဂျင်နီယာ ။ ဒကာကြီး က တယ် ဆော်ပါ့လား ”

ဆရာတော့် စကားကြောင့် ကျွန်တော့် သူငယ်ချင်း အင်ဂျင်နီယာ မျက်နှာ တော်တော် ပျက်သွား ရှာလေသည် ။ ကျွန်တော် က စကားလမ်းကြောင်း လွှဲလို သဖြင့် နောက် တစ်ဦး နှင့် မိတ်ဆက် ပေးလိုက်သည် ။

“ အရှင်ဘုရား ။ သူ က တပည့်တော် ရဲ့ သူငယ်ချင်း မြို့နယ်အုပ်ချုပ်ရေးမှူး ပါဘုရား ။ အလုပ် မအားတဲ့ ကြား က တပည့်တော် ကို ခင်လွန်း လို့ လာရှာတာပါ ဘုရား ”

“ ဟေ ... တယ် ဆော်ပါ့လား ။ အေးပေါ့ကွာ ။ အုပ်ချုပ် တာတော့ ငါ က ကြိုက် သဟေ့ ။ အုပ်စိုး တာ ကိုတော့ .. ငါ က မကြိုက်ဘူး ။ ဒါနဲ့ သားသမီး ဘယ်နှယောက် ရှိ တုန်း ”

“ ခြောက်ယောက် ပါ ဘုရား ”

“ ဟေ ... တယ် ဆော်ပါ့လား ။ ဆယ်တန်းတွေ အောင်ပြီးကြပြီလား ။ ဘွဲ့ တွေ ရပြီးကြပြီလား ”

“ အလတ်မ က ကလေးအထူးကု ဆရာဝန် ပါ ဘုရား ”

“ ဟေ … တယ် ဆော်ပါ့လား ”

“ အကြီး တစ်ယောက် က သစ်တောဦးစီးဌာန က ပါ ဘုရား ”

“ ဟေ ... သူ ကလည်း တယ်ဆော်ပါ့လား ကွ ”

ဆရာတော်ဘုရား ၏ စကား ကြောင့် ကျွန်တော်တို့ စကားဝိုင်း တွင် ပြုံးလိုက်ရယ်လိုက် ဖြင့် အချိန် ကုန် လို့ ကုန်မှန်း မသိခဲ့ပါ ။

ပြီးခဲ့သော ဆောင်းတွင်း က ဖြစ်သည် ။ ဧရာဝတီတိုင်း ထဲ ရှိ ရွာ တစ်ရွာ ၏ စာကြည့်တိုက် ဖွင့်ပွဲ အတွက် ဆရာဇော်ခိုင်ဦး နှင့် ကျွန်တော် စာပေဟောပြောပွဲ ရောက် ဖြစ်ခဲ့ကြသည် ။ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် တွင် ကျွန်တော် တို့ အား လာ ကြိုသော “ ဧည့်ကြို ” အဖွဲ့ ထဲမှ ဦးလှအောင် ဆိုသော ပုဂ္ဂိုလ် တစ်ဦး ပါလာသည် ။ သူ ၏ စကား ပြောသော အကျင့် က အတော် ရယ်စရာ ကောင်းပါသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဗျာ ။ ဆရာတို့ မနက် အစောကြီးစာ ကို ဘာ စားမလဲဗျ ”

သူ စကား ပြော လျှင် “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” ဆိုသည့် ဝေါဟာရကို တွင်တွင်ကြီး သုံး တတ်လေသည် ။

ဒီလိုနှင့် ကျွန်တော် တို့ စီး လာသော “ ရိုးမသစ္စာ ” ကားကြီး သည် ပြည်လမ်းမ အတိုင်း ဖြေးနှေးစွာဖြင့် ထွက် လာခဲ့လေသည် ။ လှည်းကူး အရောက် တွင် ကား က တစ်နာရီ ခန့် ရပ်နားသည် ။

“ ဆရာတို့ ရေ ။ မဟုတ်သော်ရှိ ၊ ဟုတ်တော်ရှိ ကား က ကြာဦးမှာဗျ ။ ဟိုမှာ လက်ဖက်ရည်ဆိုင် ၊ သောက်ကြ ဦးမလား ”

သူ ၏ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကားလုံး ကြောင့် ကြောင်စီစီ လည်း ဖြစ်ရသည် ။ ပြုံးစိစိ လည်း ဖြစ်ရသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဆရာတို့ ရယ် ၊ ကျွန်တော်တို့ မြန်အောင် အထိ ကား ကို ရှစ်နာရီ ကျော် ကျော် လောက်စီးရမယ်ဗျ ”

“ အင်းမ ” တွင် ထမင်း စားရန် ကား ကို ခေတ္တ ရပ်နားသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ နေ့လယ်စာ ကို စား ကြရအောင်ဗျ ။ ဘီယာလေး လည်း သောက်ချင် ရင် ရ တယ်နော် ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ အပြင်း က တော့ ည မှ ပေါ့ဗျာ ”

လမ်း တွင် လည်း ဝါးလုံး ဖြင့်တားပြီး လမ်းကြေး တောင်းသော် ဂိတ်များ ကို တွေ့လျှင် သူ က ပြောသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဝါး တားရင် သုံးလေး ငါးရာ တော့ ပေးရသဗျ ”

ပြည်မြို့ အဝင် တွင် ယာဉ်ထိန်းရဲများ ကို တွေ့ရသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ပေါ့ဗျာ ။ သူတို့ မှာ လည်း နေပူ ထဲ နေရတာ ။ ကူညီတယ်လို့ သဘောထားပါတယ် ”

ဤသို့ဖြင့် ဟောပြောပွဲ ကျင်းပမည့် ကျေးရွာ သို့ ညနေစောင်း မှ ရောက် လေတော့သည် ။ ရွာ သို့ ရောက် လျှင် ရောက်ချင်း ဦးလှအောင် မှ အသံချဲ့စက် ဖြင့် တစ်ရွာလုံး ကြားအောင် သတင်း ပို့ရလေသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ စာရေးဆရာတွေ ကို ကျွန်တော် ရွာ အရောက် ခေါ်ခဲ့ပါပြီ ၊ အားလုံး သဘောတူ ညီထားတဲ့ အတိုင်း ထမင်းများ ၊ ဟင်းများ ကို လာရောက် ပြီး ပို့ကြပါ ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ စာရေးဆရာ များ နှစ်သက်လေ့ ရှိတဲ့ သောက်စရာများ ၊ အမြည်းများ ကို လည်း တာဝန်ယူ ထားတဲ့ အတိုင်း ပို့ပေးကြပါ ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ည ၇ နာရီခွဲ မှာ အခမ်းအနား စပါ့ မယ် ”

သူ ၏ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” ဆိုသည့် စကား ကို ရွာ မှ နားရည်ဝ နေသောကြောင့် မရယ်ကြ ၊ မပြုံးကြ ။ ကျွန်တော်တို့ မှာသာ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကား ကြောင့် နေရထိုင်ရ ခက်ရလေသည် ။

စာပေဟောပြောပွဲ စ လေပြီ ။ ဟောပြောပွဲစင်မြင့် သည် သံပေပါအခွံများ ပေါ်တွင် သစ်သားကြမ်းခင်း ၊ ဝါးကြမ်းခင်း ဖြင့် ပြုလုပ်ထား၏ ။ နောက်ခံ ပိတ်ကား သည် အနီရောင် ။ စာလုံးများ က အဝါရောင် ။ မီးရောင် က မှိန်မှိန် ။ လူ က ကျို့တိုးကျဲတဲ ။ ထို ည ၏ စာပေဟောပြောပွဲ သည် စာပေဟောပြောပွဲ နှင့် မတူ ။ လမိုက်ည ၏ မိသားစု စကားဝိုင်း နှင့် တူ နေလေတော့သည် ။

စာပေဟောပြောပွဲ တွင် ဦးလှအောင် က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ မကြာခင် မှာ အခမ်းအနား ကျင်းပပါတော့မယ် ။ အခမ်းအနား အစီအစဉ် ခြောက်ရပ် ပါ ရှိပါတယ် ။ အချိန် ကုန်မှာ စိုးလို့ အခမ်း အနားအစီအစဉ် ကို မဖတ်ကြားတော့ပါဘူး ”

ပရိသတ် က “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကား ကို ကြား ၍ ရယ်ကြလေသည် ။ သူ က အခမ်းအနားမှူး အဖြစ် ဆောင်ရွက် သလို စာပေဟောပြောပွဲ အတွက် အဖွင့်အမှာ စကား ကို လည်း ပြောကြားသူ ဖြစ် နေပြန်သည် ။ သူပြော ကြားသော အမှာစကား အချို့ကို မှတ်မိသလောက် ပြန် ပြောပါရစေ ။

“ ကဲ .. မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ။ စာပေဟောပြောပွဲကြီး ကတော့ တကယ် ဖြစ်သွားပြီဗျ ။ ခင်ဗျားတို့ သိ ကြတဲ့ အတိုင်းပဲ ဒီ ဟောပြောပွဲကြီး ဖြစ်ဖို့ ကျုပ်တို့ မှာ အလှူခံ ရတယ် ။ အလှူခံ ရတဲ့ငွေ ကလည်း မဖြစ် စလောက် ။ ဒီတော့ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ကျုပ် က လိုသလောက် စိုက် ရပြန်တယ် ။ ကျေးရွာ တိုးတက်ရေး ပဲ ။ ဒီလောက်တော့ အနစ်နာ ခံရမှာပေါ့ ။ ကဲ သိကြတဲ့ အတိုင်းပဲ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ၂၀၁၀ ရွေး ကောက်ပွဲကြီး ကလည်း ပြီးသွားပြီ ”

ပရိသတ် က ဘာကြောင့်မှန်း မသိ လက်ခုပ် တီးကြ လေသည် ။

“ အားလုံးကလည်း ပွင့်လင်း လာပြီ ။ မထင်မှတ် တာတွေလည်း မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဖြစ်လာပြီ ။ ဒါပေမဲ့ ကျုပ်တို့ ရွာက စာ မဖတ်ကြဘူးဗျ ။ စာ ဖတ်ဖို့ လည်း အချိန် မရှိဘူးဗျ ။ လယ် ထဲကိုင်း ထဲ ဆင်းရတယ် ။ သစ်ခုတ် ရတယ် ။ ဝါးခုတ် ရတယ် ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ စာ ဖတ်ဖို့ လိုတယ် ။ စာကြည့်တိုက် ကလည်း ခနော်နီခနော်နဲ့ ရယ် ။ မကြာခင်မှာ မဟုတ်သော်ရှိ ၊ ဟုတ် သော်ရှိ စာရေးဆရာတွေ ဟောပြောကြပါလိမ့်မယ် ”

ပရိသတ် က တဝါးဝါး ရယ်ကြလေသည် ။

“ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ တိုင်းပြည် ငြိမ်းချမ်း ဖို့ ၊ တိုးတက်ဖို့ အားလုံး မှာ တာဝန်ရှိတယ် ။ ကိုယ် နဲ့ မဆိုင်ဘူး ဆိုပြီး ရပ်ကြည့် မနေကြနဲ့ ။ ဆင်းရဲ တဲ့ ဘဝ က လွတ်မြောက်ဖို့ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဖတ်ရမယ်ဗျ ။ ပြောမယ့် သာ ပြော ကျုပ် လည်း မဖတ်ဘူး ။ ကျေးရွာအုပ်ချုပ်ရေးမှူး လည်း စာဖတ်တာ ကျုပ် မမြင်ဖူးဘူး ။ လူကြီး တွေ ၊ ခေါင်းဆောင် တွေ ဖြစ်နေပြီး ကိုယ် က တော့ စာ မဖတ်ဘူး ။ စာ ဖတ်ဖို့ တိုက်တွန်း နေတယ် ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိဗျာ မဖတ်တဲ့ သူတွေ ခေါင်းဆောင် မဖြစ်ထိုက်ဘူးဗျ ။ အခုလည်း ကျုပ်တို့ ရွာ က လူကြီး ဆိုတဲ့ သူ တွေ ကျေးရွာစာကြည့် တိုက် ကို လာတာ လည်း မတွေ့ ဖူးဘူး ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိဗျာ ကျေးရွာ စာကြည့်တိုက် ထဲ လူ ဝင်ပြီး စာ မဖတ်ဘဲ နွားတွေ လို ဝင်ပြီး အိပ် အိပ် နေတာ ကတော့ ရှက်စရာ ကောင်းတယ်ဗျ ။ အခုလည်း ကျေးရွာ စာဖတ်ရှိန် မြှင့်တင်ဖို့ အတွက် မဟုတ်သော်ရှိ ဟုတ်သော်ရှိ ဆိုပြီး စာပေဟောပြောပွဲ ကျင်းပရတာပဲ ။ ပရိသတ် က လည်း ကျုပ် ထင်တဲ့ အတိုင်းပဲ ။ မများဘူး ။ ဘာပဲဖြစ်ဖြစ် မကြာ ခင် မှာ စာပေဟောပြောပွဲကြီးစတော့မယ် ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ အစအဆုံး နားထောင်ပေးကြပါ ။ မဟုတ် သော်ရှိ ၊ ဟုတ်သော်ရှိ လိုအပ်ရင် ရယ်နိုင်ပါတယ် ။ လက် ခုပ်တီးနိုင်ပါတယ် ”

သူ့ စကားကြောင့် ကျွန်တော် နှင့် ဆရာဇော်ခိုင်ဦး တို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး အသံ ထွက် အောင် ရယ်မိကြသည် ။ ဆရာဇော်ခိုင်ဦး က ပထမဦးစွာ စကားပြောသည် ။ အခမ်းအနားမှူး ဦးလှအောင် က ကိုယ်ရေးအကျဉ်း ကို ဖတ်သည် ။ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” ဆိုသည့် ဝေါဟာရ တွင်တွင်ကြီး သုံးသွားလေ သည် ။ ကြားရသူ အပေါင်း ရယ်ကြရ၏ ။

“ ဆရာဇော်ခိုင်ဦးခင်ဗျာ ။ “ တယ်လီဖုန်း ” ဆိုတဲ့ ခေါင်းစဉ် ဖြင့် ဟောကြား ပေးဖို့ မဟုတ်သော်ရှိ ၊ ဟုတ် သော်ရှိ စင်မြင့် ပေါ် သို့ ဆရာ ကြွပါ ခင်ဗျာ ”

သူ့ ဖိတ်ခေါ်မှု နဲ့ အတူ ဆရာဇော်ခိုင်ဦး တစ်ယောက် စာပေစင်မြင့် ပေါ် သို့ ရယ်ကျဲကျဲ ဖြင့် တက်သွား ရလေ သည် ။

“ ဆရာဇော်ခိုင်ဦး ဟောပြော ပြီးတဲ့ နောက် ။ နောက် ဆုံးပိတ် အိတ် နဲ့ လွယ် ဆိုသလို မဟုတ်သော် ၊ ဟုတ်သော်ရှိ စာရေးဆရာ ဆရာဦးဘုန်း ( ဓာတု ) က “ ကြက်ရိုး ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဟောပြော ပါတော့မယ် ။ ဆရာဦးဘုန်း ( ဓာတု ) ခင်ဗျ ။ ဟောပြော ပေးပါရန် စင်မြင့် ပေါ် သို့ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ကြွပါခင်ဗျာ ”

ကျွန်တော့်မှာ လည်း ရယ်ချင်စိတ် ကြောင့် စကား ပြောရတာ အမြီးအမောက် မတည့်ပါ ။ တော်တော်ကြီး ကို ကြိုးစားပြီးပြောခဲ့ရသည် ။ ဟောပြောပွဲ အပြီးတွင် ဦးလှအောင် မှ နိဂုံးချုပ် စကား ပြောပြန်လေသည် ။ စင်မြင့် အောက် တွင် ပရိသတ် သုံးလေးဆယ် မျှ သာ ကျန်တော့ သည် ။

“ ကဲ .. ပရိသတ် လည်း မရှိတော့ဘူး ။ မဟုတ်သော် ရှိ ၊ ဟုတ်သော်ရှိ တိုတိုနဲ့ လိုရင်းပဲ ပြောမယ် ။ မနက်ဖြန် ရွာဦးကျောင်း ကို တစ်ရွာလုံး လာခဲ့ကြ ၊ မနက် ( ၇ ) နာရီ မှ စာရေးဆရာတွေ ကို လက်ဆောင်ပစ္စည်း ပေးအပ်မယ် ။ ကူညီထားတဲ့ သူတွေ ၊ အလှူငွေ ထည့်ထားတဲ့ သူတွေ သာဓုအနုမောဓနာ ခေါ်ဖို့ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ရွာဦးကျောင်း ကို လာခဲ့ဖို့ ပြောရင်း နိဂုံးချုပ် ပါတယ် ”

ဤသို့ဖြင့် ထို ည က မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ကျွန်တော်တို့ အိပ်ပျော်အောင် အိပ်ခဲ့ကြရပါတယ် ။

နောက် တစ်နေ့ မနက် ( ၇ ) နာရီ တွင် ရွာဦးဘုန်းကြီး ကျောင်း ၌ ကျွန်တော်တို့ ကို လက်ဆောင်ပစ္စည်း ပေးသည့် အခမ်းအနား ကျင်းပလေသည် ။ ရွာ ထဲ ရှိ ရပ်မိရပ်ဖများ ၊ အလှူရှင်များ နှင့် လူကြီးလူငယ်များ ရောက်နှင့် နေကြပြီ ။

ထို အခမ်းအနား တွင် လည်း ဦးလှအောင် က အခမ်းအနားမှူး အဖြစ် ဆောင်ရွက် ပြန်သည် ။

“ ကဲ ... မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ လူ လည်း စုံပြီ ။ စာရေးဆရာ တွေ လည်း ပြန်ချင် နေကြပြီ ။ မနေ့ည က လည်း မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဟောပြောပြီး ကြပြီ ။ စာရေးဆရာတွေ ကို ဆရာတော်ဘုရား ရှေ့မှာ လက်ဆောင်ပစ္စည်း ပေးအပ်မှာ ဖြစ်ပါတယ် ”

ထိုအချိန်တွင် ဆရာတော်ဘုရား က ဦးလှအောင် ကို ပြော လေသည် ။

“ ဟဲ့ ... လှအောင် ။ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကား ကို ဆင်ခြင်သုံးကွာ ။ မင်း က စကား ပြော တာ နည်းနည်း ။ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” က များများ ဖြစ် နေတယ် ။ ကြား ရတာ နား ကလောတယ် ”

“ မှန်ပါ့ဘုရား ။ ကဲ .. ကဲ... အားလုံး လက်အုပ် ချီကြ ။ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ဆရာတော်ဘုရား ကို ကန်တော့ကြရအောင် ”

ဆရာတော်ဘုရား က အနီး ရှိ ကြိမ်လုံး ဖြင့် ကြမ်းပြင် ကို တဗြန်းဗြန်း ရိုက်လိုက်သည် ။

“ ဟဲ့ ... လှအောင် ။ နင့် ဟာ က လွန်လွန်းလာပြီ ။ ဒီ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” ပါပြန်ပြီလား ”

“ တင်ပါ့ဘုရား ။ တပည့်တော် လည်း သတိထား တာပါပဲ ဘုရား ။ အကျင့် ဖြစ်နေလို့ပါ ဘုရား ။ အကျင့် ဆို တာ ပြင်ရ ခက်သားလား ဘုရား ။ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” ဒီနေ့ ခေတ် လိုပေါ့ ဘုရား ။ နှစ်များစွာ စွဲလာ တဲ့ အကျင့် ပြင်ဖို့ ခက်တယ် ဘုရား ။ နောက် တစ်ခါ မဖြစ် စေရပါဘူး ”

“ အေး ။ ဒီ တစ်ခါ “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကားပါရင် ငါ …. နင့် ကို ရိုက်ပြီ ”

အားလုံးက ဆရာတော်ဘုရား နှင့် ဦးလှအောင် တို့ အချေအတင် စကားပြောပွဲ ကို ကြည့်ပြီး ကြိတ်ပြုံး ပြုံး နေ မိကြသည် ။

“ ကဲ ... အားလုံး လက်အုပ် ချီကြ ၊ ဆရာတော်ဘုရား ကို ညီညာဖျဖျ ကန်တော့ကြမယ် ”

ကျွန်တော် တို့ လည်း ယောင်အမ်းအမ်း ဖြင့် “ သြကာသ ” ကန်တော့ချိုး ကို အတူတကွ လိုက်ပြီး ဆိုရလေ သည် ။

“ သြကာသ ” ကန်တော့ချိုး အပြီး ဆရာတော်ဘုရား မှ ငါးပါးသီလ ပေးလေသည် ။ ငါးပါးသီလ ပေးပြီး နောက် ကျွန်တော်တို့ အား လက်ဆောင် ပေးသည့် အခမ်း အနား စ လေသည် ။

“ အဟမ်း ... အဟမ်း ... မဟုတ်သော်ရှိ ၊ ဟုတ်သော် ရှိ ဆရာတော်ဘုရား ကို လည်း ကန်တော့ ပြီးကြပြီ ၊ မဟုတ် သော်ရှိ ၊ ဟုတ်သော်ရှိ ငါးပါးသီလ လည်း ယူပြီးကြပြီ .. ”

ထိုသို့ စကား မဆုံးမီပင် ဆရာတော်ဘုရား က ဦး လှအောင် အား ကြိမ် ဖြင့် ဆော် လေတော့သည် ။ ထိုနေ့ နံနက် က “ မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ” စကား အကျင့် ကြောင့် လက်ဆောင် ပေးသည့် အခမ်းအနားပွဲ ပျက်ခဲ့ရ လေသည် ။

ဪ ... အကျင့် ... အကျင့် ... ။ ပြင်မယ် လို့ ပြော သည် ။ မပြင်နိုင်ကြသေး ။

မဟုတ်သော်ရှိ ၊ ဟုတ်သော်ရှိ ပြင်နိုင်ကြရင် တော့ ကောင်းမည် ။  ။

⎕ ဦးဘုန်း ( ဓာတု )

📖 Faces မဂ္ဂဇင်း
      ၂ဝ၁၅ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment