Tuesday, August 13, 2024

အကယ်ဒမီ ချိုပြုံး

❝ အကယ်ဒမီ ချိုပြုံး ❞

▢ မင်္ဂလာပါ မချိုရေ ... ။

❥ မင်္ဂလာပါ ။

▢ မချို အကြောင်း ပြောမယ် ဆိုရင် မချို မပြောချင်တာ ကို ကျွန်တော် က စပြီး ပြောမယ် ။ ပထမဆုံး ရိုက်ခဲ့တဲ့ ကား က အားလုံးသိ ထားတဲ့ “ တစ်ကျော့ နှစ်ကျော့ တေးကိုသီ ” မဟုတ်ဘူး ။

❥ မဟုတ်ပါဘူး ၊ ဟုတ်ကဲ့ ။

▢ “ အသည်းမျဉ်းပြိုင် ” ဆိုတဲ့ ကား ။ အဲဒီ ကား ရိုက်ဖြစ်ပုံလေး ကို စ, ပြောပေးပါလား ။

❥ အဲဒီ ကား က ဟိုလေ ... အဖေ ရဲ့ သူငယ်ချင်း ပေါ့ နော် ။ အဖေ ရဲ့ သူငယ်ချင်း က ရုပ်ရှင် ရိုက်ချင်တယ် ဘာညာ ဆိုပြီးတော့ နင့် သမီးလေး ကို ရိုက်မယ် အဲဒီလိုမျိုးပေါ့ ။ ကျွန်မ က ငယ်သေးတယ် အဲဒီတုန်း က ၊ အရမ်း တော်တော် ငယ်သေးတယ် ။ ရိုက်မယ် ဆိုပြီးတော့ ရိုက်ကြတာပေါ့ ။ ရုပ်ရှင် ဆိုတာ လည်း ဘာမှ မသိဘူး ၊ အနုပညာ ဆိုတာလည်း ဘာမှ မသိဘူး ။ ဒီလို ဝင် ဒီလို ထွက် ဆို ဒီလိုပဲ လုပ်လိုက်တာပေါ့ ။ ဒါပေမဲ့ ခက်တာက မင်းသမီး က လည်း အသစ် ၊ မင်းသား က လည်း အသစ် ၊ ဒါရိုက်တာ က လည်း အသစ်
ဆိုတော့ ဘာမှ မဖြစ်ဘူး ။ အဲဒီ ကတည်းက ရုပ်ရှင် ကို လန့်သွားတာ ။ ကိုယ် ဝါသနာ မပါဘူးလေ ၊ အစ ကတည်း က ကျွန်မ က သိပ် ဝါသနာ မပါဘူး ၊ ကိုဝင်း ငြိမ်း သိပါတယ် ။ ဝါသနာ မပါတော့ အရမ်း စိတ်ညစ် သွားတယ် ။ စိတ်ညစ် ပြီးတော့ ကိုယ် က အဲဒီဟာ ကို မေ့ပစ်လိုက်တယ် ။ မေ့ပစ်လိုက် ပြီးတော့ ကိုယ် က ဒီ အလုပ် ကို လုပ်ဖူးတယ် ဆိုတာ ကို ပါ မေ့ ပြီးတော့ သီချင်းတွေ နဲ့ပဲ နေ လိုက်တယ် ။

▢ အဲဒီတော့ ဒီ ကား ကို မေ့ထားလိုက်တယ်ပေါ့ ။ တကယ်လည်း ကိုယ်၌ က မေ့ထားတဲ့ ကားပေါ့ ။ ဒါပေမဲ့လို့ ဦးဝင်းဦး နဲ့ တွေ့တဲ့ အခါကျ တော့ ကားရိုက် သွားရတယ်နော် ။

❥ ဟုတ်တယ် ။

▢ အဲဒီတော့ ဦးဝင်းဦး နဲ့ တွေ့တာလေး ကို ပရိသတ် အမှတ်တရ ဖြစ်အောင် ပြန် ပြော ပေးပါဦး ။

❥ ကိုဝင်းဦး က ကိုဝင်းငြိမ်း သိတဲ့ အတိုင်းပဲ သီချင်း ဆို တအား ဝါသနာ ပါ တယ် ။ အဲဒီတော့ သီချင်း ဆို ဝါသနာ ပါတော့ အဆိုတော်ချင်း လည်း လုံးလုံး ထွေးထွေး နေတယ် ။ လူတွေ ဆို လည်း လူတွေ နဲ့ လုံးလုံးထွေးထွေးလေး နေ တယ် ။ နေ တော့ အဲဒီ အချိန်တုန်း က ကျွန်မ က ချောက် မှာပေါ့ ၊ Transfer သွား ကျတယ်လေ ။ အဲဒီမှာ နေရင်း နဲ့ ပိုး က မသေတော့ ဒီ ရန်ကုန် ကို လာလာ ပြီး သီချင်း ဆိုတယ် ။ ဥပမာ အားဖြင့် ပြည်ထောင်စုပွဲ စသဖြင့် ပေါ့ အဲဒီလို ဂီတဆည်းဆာ ဘာညာ ရှိတယ် ၊ အဲဒီတုန်းကလေ ။ အဲလို ဆိုတယ် ။ ဆို တဲ့ အချိန် မှာ ကိုဝင်းဦး က လည်း သူ က လည်း သီချင်း ဆိုဝါသနာ ပါတော့ ဆိုတယ် ။ အဲဒီတုန်း က ပေါ်လာရိုက် ကင်မရာလေးတွေ ခေတ်စားခါစ ပေါ့နော် ၊ လူတွေ တော်တော်များများ မရှိပါဘူး ။ ကိုဝင်းဦး ဆီ မှာ ရှိတော့ သူ က တန်းစီ တန်းစီ တဲ့ ၊ ကျွန်မ တို့ အရင်တုန်း က အဆိုတော် တွေပေါ့ ။ အန်တီမာမာအေး တို့ ၊ တင်တင်မြ ၊ ချိုပြုံး ၊ တင်တင်လှ ဘာညာ ညွန့်ညွန့်စိန် စသဖြင့် အဲဒါ သူတို့ တန်းစီ ပြီးတော့ ဓာတ်ပုံ ရိုက်ကြတယ် ။ ဓာတ်ပုံ ရိုက်တော့ ချက်ချင်း ထွက် လာတယ်လေ ။ ဟဲ့ နင် က Photogenic ဖြစ်တယ် ၊ ရုပ်ရှင် ရိုက်မလား ဆိုတော့ ဟုတ်ကဲ့ ဟုတ်ကဲ့ ရိုက်တာပေါ့ ။ အမှန်ကတော့ စ,လိုက်တာ ၊ ရိုက်တာပေါ့ အစ်ကိုရယ် လို့ ဒီလိုပဲ ပြော လိုက်တာ ။ ပြော လိုက် ပြီးတော့ ကိုယ် က ပြန်လာ တယ် ။ ဒီမှာ သီချင်း ဆိုတော့ ချောက် မှာ ကလေးတွေ ထား ပစ်ခဲ့ပါတယ် ။ ကလေး က ၃ ယောက် ရပြီလေ ။ ထားပစ်ခဲ့ ပြီးတော့ ပြန်သွားတယ် ။ ပြန်သွား ပြီးတော့ အေးအေးဆေးဆေး နေ နေရင်း နဲ့ နှစ်လ လောက် ကြာတော့ ကိုဝင်းဦး က ဖုန်းဆက်တာ ။ ဟဲ့ ရုပ်ရှင် ရိုက်မယ် ဆင်း လာတော့ ဆိုတော့ အရမ်း လန့် သွားတာလေ ။ ကျွန်မ တစ်ခါတုန်း က မအောင်မြင်ခဲ့ဘူး လေ ၊ ရုပ်ရှင် ကို လည်း ကျွန်မ ဝါသနာ လည်း မပါဘူး ။ ယနေ့ထက် တိုင် လည်း ဝါသနာ မပါဘူး ။ ဝါသနာ မပါပေမဲ့ ကျွန်မ ချစ်တယ် ၊ ဒီ အလုပ်ကလေး ကို အဲလို ။ အဲဒီတော့ ဟယ် မရိုက်ချင်ဘူး ကျွန်မ ၊ ဘာဖြစ်လို့ ဆို မထင်ဘူး ။ အပျိုဘဝ တုန်း က တအား လှလှလေး တုန်း က တောင် မအောင်မြင်ခဲ့တာလေ ။ အခု အချိန် က တော့ မဖြစ်နိုင်တော့ဘူး ၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ။ အဲဒီ အချိန်တုန်း က ကျွန်မ ကြား ရတာတော့ ကျွန်မ ကြည့် နေတဲ့ ရုပ်ရှင်မင်းသမီး တွေက အိမ်ထောင် တောင် မပြုကြဘူး ။ အိမ်ထောင် မပြုကြဘူး ဆိုတော့ သူတို့ က အပျိုကလေးဘဝ နဲ့ ပရိသတ် ရဲ့ အချစ် ကို ခံ နေတဲ့ အချိန်ပေါ့ ။ ကျွန်မ က ကလေး သုံးယောက် အမေကြီး ဘယ်လို လုပ် ဖြစ်နိုင်မလဲ ။ ကလေး တွေ အဖေ က လည်း ချောက်တွန်း ပြီးတော့ ပထမ တော့ သူ က လည်း မဖြစ်နိုင်ဘူးပေါ့လေ ။ သို့သော်လည်း ကိုဝင်းဦး က တစ်ချိန်လုံး ပြော နေ ပြောနေတဲ့ အခါကျတော့ ၊ တယ်လီဖုန်း တွေ တစ်ချိန်လုံး ဆက် နေတဲ့ အခါကျတော့ ကျွန်မတို့ သူ့ ကို မရိုက်ချင် လို့ ကလေး ရှိနေပြီ လို့ ညာ လိုက်တယ် ။ ကလေး လည်း ယူလိုက် တာပေါ့နော် ။ အမှန်က ကလေး က ယောက်ျားလေး နှစ်ယောက် ရပြီ ၊ မိန်းကလေး တစ်ယောက် ရပြီ ဆိုတော့ ပြည့် သွားပြီလေ ။ ကျွန်မတို့ ထပ် ယူဖို့ မလို တော့ဘူး ။ အခု အိနေဒါလေး ကို ထပ်ယူ လိုက်တယ် ။ အစ်ကို ရယ် ကျွန်မ က ကလေး ရှိနေတယ် ၊ ကိုယ်ဝန် ။ အမယ်လေး အဲဒါဆို လည်း ပြီး မှ ရိုက်မယ် ဆိုတော့ သေရော ။ ပြီးမှ ရိုက်မယ် ဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး ။ သမီးငယ်လေး ရ သွားတာပေါ့နော် ။ အဲဒါနဲ့ ကဲ မွေးပြီး နှစ်လ လောက် မှာပဲ သူ ကိုယ်တိုင် လာ ခေါ်တာ ၊ အဲလို ။ သူ ကိုယ်တိုင် လာ ခေါ်ပြီးတော့ ကလေးလေး ကို ချီ ၊ အိဘုတ်ကလေး ကို ချီ ပြီးတော့ သူကိုယ်တိုင် ပဲ လာ ကြိုတယ် ကျွန်မကို ။ ကြို ပြီးတော့ ရိုက်ကြတာ ။ ရိုက်တဲ့ အချိန် မှာ ကလေး အဖေ က တော့ ကျွန်မ ကို အားပေးပါတယ် ။ နင် တစ်ကား ပြီးရင် ပြီးသွားမှာပါ တဲ့ ။ နင် တစ်ကား တည်း ရိုက်ရမှာ တဲ့ ။ လူကြီး ကလည်း ကလေး မွေး ထားတော့ ဝဝတုတ်တုတ်ကြီး ပေါ့နော် ။ အဲဒီလိုပဲ ရိုက်ခါနီး ကျရင် ဒေါ်ကစ်တီ ရဲ့ ဟောလိဝုဒ် ကစ်တီ ရဲ့ ဗိုက်စည်းတွေ ကို ကျားကန်ပြီး စည်း ၊ အဲဒီလိုတွေ လုပ် ရတာ ပေါ့ ကိုဝင်းငြိမ်း ရယ် ၊ ဘယ်လို လုပ်မလဲ ။ ရိုက်ရင်း နဲ့ ကလေး က နို့တွေ က သက် ၊ နှစ်လ ပဲ ရှိသေးတာကိုး ။ အဲဒီလိုမျိုးတွေ နဲ့ ရိုက်ရတာ ။ တစ်လခွဲ နှစ်လလောက် ရိုက်ရတယ် ။ ရိုက်ပြီးတော့ ပြီးတဲ့ နေ့ မှာပဲ ပြီး လည်း ပြီး ရော နှစ်ရက် လောက် ကျတော့ အစ်ကို ကျွန်မ ပြန် တော့မယ် ။ ကလေး နှစ်ယောက် ထားပစ်ခဲ့ရတယ် ။ ကလေး နှစ်ယောက် နဲ့ လာရတယ်ပေါ့ ။ ဟိုမှာ လည်း ကလေးတွေ ကျောင်း ရှိတယ် ။ မောင်မောင် က ဟိုမှာ ကျန်ခဲ့တယ် ဆိုတော့ ။ နေဦးတဲ့ ၊ နင့် ကား ကို နင် ကြည့်သွားဦး ဆိုတော့ ။ ဟယ် အစ်ကို ကလည်း ကား က မရသေးဘူး ဆိုတော့ ။ Sitting back ကြည့်ရတာပေါ့ ကိုဝင်းငြိမ်း ရယ် ။ ဟိုဟာတော့ မရှိဘူး ။ အဲဒီလို Sitting back လေး ကို ကြည့်တဲ့ အခါ ကျတော့ အဲဒီလို ကြည့် နေရင်း ကြည့် နေရင်းနဲ့ ဒါကတော့ အရုပ် ပဲ မြင်ရတာလေ ။ မျက်လုံး လည်း မမြင်ရ ၊ မျက်ခုံး လည်း မမြင်ရပေါ့နော် ။ ဒါပေမဲ့လို့ အဲဒီ အချိန် မှာ ပဲ ကျွန်မ ကို စာချုပ်တွေ ချုပ်ကြတာ ။ ကုမ္ပဏီကြီး တွေ ၁၆ ခု လောက်က အဲဒီလို ။ ရွှေ တစ်ကျပ်သား နှစ်ရာ ခေတ် မှာ လေးသောင်း ၊ ငါးသောင်း နဲ့ ချုပ်ကြတာ ဆိုတော့ ကျွန်မ အရမ်း ပျော်သွားတယ် ။ ကျွန်မ မိဘတွေ ကို ကျွန်မ က လုပ်ကျွေး ချင်တာလေ ။ ဆိုတော့ အဲဒီမှာ စာချုပ် ကို ၁၆ ခု ချုပ် ။ ဗဟို ၊ စံပြ ရုပ်ရှင် ဘာညာ စသဖြင့် ပေါ့ အဲဒီက ကုမ္ပဏီကြီး တွေ က ချုပ်တော့ ကျွန်မ က ကားတွေ အများကြီး အဲဒီ တစ်ထိုင် တည်း မှာ ပဲ ရ သွားတော့ ကိုဝင်းဦး က ဘယ့်နှယ်လဲ ပြန်ချင်သေးလား ဆို ပြီးတော့ သူ က အဲဒီလို လုပ်တာ ။ အဲဒါနဲ့ ကျွန်မ ဆက် ရိုက်ဖြစ်တာ ။ ဆက် ရိုက်ရင်း နဲ့ ဒီနေ့ထိ ဖြစ်လာတယ်ပေါ့ ။ အဲဒီတော့ သူ့ ရဲ့ကျေးဇူးပါပဲ ။ သမီးငယ်လေး ကို လည်း ကျေးဇူးတင်တယ် ၊ သူ က လာဘ်ကောင်လေးပေါ့ ။ သူ့ ကို မွေးပြီးတာ နဲ့ တစ်ခါတည်း အဲဒီလိုမျိုးလေး တွေ ဖြစ်တယ်ပေါ့ ။

▢ ဦးဝင်းဦး နဲ့ ဘယ်နှကား လောက် ဆက် ရိုက်ဖြစ်လဲ ။

❥ သူ နဲ့ က ကျွန်မ သိပ်တော့ မရိုက်ဖြစ်လိုက်တော့ဘူး ။ တစ်ကျော့ နှစ်ကျော့ ရိုက်တယ် ၊ ချစ်သူရွေးမယ် ရိုက်တယ် ။ သုံးကား ၊ လေးကား လောက်ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ က လည်း တအားရှိ စိတ် ကောက် နေကြတာ ၊ သိလား ။ အဲလိုလေ ။ ကျွန်မတို့ က ငယ်ငယ်တုန်း က ဆိုးတယ် ၊ သူ က တအား အလို လိုက်တာလေ ကိုဝင်းငြိမ်း သိသားပဲနော် ။ အရမ်း အလိုလိုက်တာ ။ အဲလိုမျိုးပေါ့ ။ နောက် သူ့ မှာ ကျွန်မ သားသမီးတွေ ကို လည်း ချစ်တယ် ။ မောင်မောင်ကြီး ဆိုလည်း သူ တအား ချစ်တာ ။ အဲဒီလိုမျိုး ဆိုတော့ ကား ရိုက်ခါနီး လိုက် စိတ်ကောက် လိုက် နဲ့ မရိုက်လိုက်ကြ ။ ကျေးဇူးတွေ က တော့ အရမ်း ကြီးပါတယ် ။ ဘာဖြစ်လို့ ဆို ကျွန်မ ကို ကာရိုက်တာ ရအောင်ပေါ့ နော် ပြောလက်စ နဲ့ လေ ။ ကာရိုက်တာ ရအောင် နှောင်းတမြေ့ မြေ့ ကား ကို သူ က ရိုက်ခိုင်းတာ ။ နှောင်းတမြေ့မြေ့ က ဒါရိုက်တာ နဲ့ ကုမ္ပဏီပိုင်ရှင် က တခြား မင်းသမီး ကို ငှားပြီးသား ။ ငှားပြီးသား ကို နင် အဲဒီ ကား ကို ရအောင် ရိုက်ရမယ် ဆိုပြီးတော့ ကျွန်မ က အဲဒီချိန်တုန်း က တစ်ကျော့နှစ်ကျော့ ၊ ဪ မိန်းမ စသဖြင့် ဆတ်စလူး ကားလေးတွေပေါ့ ၊ အဲဒီ ကားလေးတွေ နဲ့ ပဲ ရိုက် နေရတယ် ။ နင် အဲဒီ ကား ကို ရိုက်ဖြစ် အောင် ရိုက်ရမယ် ၊ နင် သွား ပြောတဲ့ ကိုဝဏ္ဏ ကို ။ ကိုဝဏ္ဏ ကို သွားပြော ဆိုတော့ ကိုဝဏ္ဏ က မဟုတ်ဘူးတဲ့ ။ ကျွန်မ လို ဆတ်စလူး ကို ခင်လေး ကာရိုက်တာ ဘယ် ပေးချင်မလဲ ။ ဒါ အမှန်ပဲလေ ။ နှောင်းတမြေ့မြေ့ ကာရိုက်တာ ကို သိသားပဲ ကိုဝင်းငြိမ်း အလွန် လည်း ခက်ပါတယ် ။ မင်းမျိုးမင်းနွယ် ။ ခေါ်ရ ပြောရတာ က အစ ၊ လှုပ်ရှားရတာ က အစ လေ ဆိုတော့ ။ အဲဒီတော့ အားနာတယ် အစ်မရယ် သူများ ကို ငှားပြီးသား ဖြစ်နေတယ် တဲ့ ။ အဲဒီတော့ ကိုဇော်လွင် ဆီ သွား ၊ ကိုဇော်လွင် က ပရိုဂျူဆာ ။ ကိုဇော်လွင်ကြီး ကျွန်မ ရိုက်ချင်တယ် ၊ ဘာညာ ဆိုတော့ မဟုတ်ဘူး ငှား လည်း ငှား ပြီးသားပါ ။ ကျွန်မ မှာ အတင်း ကို ပြောရတာ ။ အစ်ကို ငှားပြီးသား ဖြစ်နေပြီ ဘာညာ ဆိုတော့ မရဘူး ။ နင် ငါ့ ကို ငါ ပြောတဲ့ ဟာ ကို နင် ရအောင် ရိုက်ရမယ် ဘာညာ ဆိုတော့ ကျွန်မ မှာ အတင်း သွားပြီးတော့ မနည်း ကို တောင်းပန်ရတယ် ။ သူတို့ လည်း သနား လာတယ် ထင်ပါရဲ့ ကြည့်ရတာ ၊ အဲဒါနဲ့ ကဲ ... ရိုက်ကြမယ် ဆိုပြီးတော့ ကိုဇော်လွင် ကို လည်း ကိုယ် က ထောက်ပံ့ ပြီးတော့လေ ဒီကား ဖြစ်မြောက်ရေး အတွက် ကို ရှုတင်စရိတ်တွေ ဘာတွေတောင် တစ်ခါတလေ စိုက်ရသေး တယ် ။ အဲလိုမျိုးပေါ့ ၊ အဲလိုမျိုး နဲ့ ရိုက်ဖြစ် သွားတာ ။ အဲဒီမှာ ပဲ ကာရိုက်တာ ကို ရသွားတာပေါ့ ။ ပထမတုန်း က တော့ အစစ အဲဒါလေးတွေပဲ ။

▢ သူ က အငြိမ် နော် ။

❥ အဲဒါကို ရအောင် ရိုက်ခိုင်းရတာ ။

▢ သူ က အငြိမ် ကာရိုက်တာ ။ ပြီးတော့မှ အဲဒီ ကား နဲ့ ပဲ သုမောင် မင်းသား ဖြစ် သွားတာ ။

❥ ဟုတ်တယ် ။

▢ ဦးဇော်လွင် ရယ် ၊ သုမောင် ရယ် ။

❥ ဟုတ်တယ် ။

▢ အဲဒီမှာ မချို  တအား အောင်မြင်ခဲ့တဲ့ ကား ၊ “ နှောင်းတမြေ့မြေ့ ” ပေါ့နော် ။

❥ ဟုတ်တယ် ။

▢ နောက်ထပ် အောင်မြင်တဲ့ ကားတွေ ပြောပြပါဦး ။

❥ ကားတွေ က တော့ တော်တော်များများလေး အဲဒီ ခေတ် က အောင်မြင်ပါတယ် ။ မွန်းတည့်ချိန်တွင် နေဝင်သည် တို့ ၊ ပတ်ဝန်းကျင်ကို စိန်ခေါ် မယ် ၊ နောက်ပြီးတော့ လေရူးသုန်သုန် ၊ အမေ့ခြေရာ ၊ အမေ့နို့ဖိုး စသဖြင့် ပေါ့လေ ။ ကား က လည်း အရမ်း များတယ်လေ ရိုက်ရတာ ။ အဲဒီတော့ တော်တော်များများ ကျန်ပါတယ် ။

▢ ကားတွေ ရိုက်ရတော့ မချို ရယ် အခု မင်းသမီး တွေ လည်း အဲဒီလို ပဲ မချိုတို့ နေရာကို ရောက် လာပြီး ရိုက်လာကြတာပေါ့ ။ ရိုက် နေကြပေမဲ့ တင်ကျန်ရစ်တယ် ဆိုတဲ့ ကား က တော်တော်လေး ရှားတယ် ။ မချို ဆိုရင် တော့ တင်ကျန်ရစ်တဲ့ ကားတွေ အများကြီး တန်းစီ ပြောလို့ ရတယ် ။ “ အမေ့ ခြေရာ ” ဆိုရင် ဒါ အားလုံးက မျက်ရည် ကျရတဲ့ ကားတစ်ကား ပေါ့ ။ ဒွေး နဲ့ ရိုက်ခဲ့တဲ့ ကား ။ အကယ်ဒမီ လည်း ရခဲ့တယ် ။

❥ ဟုတ်ကဲ့ ။

▢ အကယ်ဒမီ ရတဲ့ ကားတွေ ကျွန်တော်တို့ ပြောကြည့် ရအောင် ။

❥ ဦးသုခ ကား အရင်ဆုံး ရတယ် ချစ်အမျှ ၊ မွန်းတည့်ချိန် ၊ ပြီးတော့ အမေ့ခြေရာ ၊ အမေ့နို့ဖိုး ။

▢ လေးကား ။

❥ လေးကား ၊ ဟုတ်ကဲ့ ။

▢ လေးထပ်ကွမ်း အကယ်ဒမီ ဒေါ်ချိုပြုံး ။ ကျွန်တော် တို့ “ ချစ် အမျှ ” တုန်း ကလည်း ကာရိုက်ကာ က မချို ခပ်ပေါ့ပေါ့လေး လုပ်ရတဲ့ ကာရိုက်တာ ။

❥ ဟုတ်ကဲ့ ခပ်ပေါ့ပေါ့လေး ။

▢ ဒေါ်ခင်ယုမေ က သူ က အငြိမ်ပေါ့နော် ။

❥ ဟုတ်တယ် ။

▢ ဒါပေမဲ့လည်း OK ကောင်း နေတာပဲ ။ အံဝင်ခွင်ကျ ဖြစ်နေတာပဲ ။ ကလေး အမေ ပေမဲ့လို့ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် လုပ် နိုင်တဲ့ အချိန်ဖြစ်သေးတယ် ။ “ အမေ့ခြေရာ ” ကတော့ ပြော မနေနဲ့ ။ “ အမေ့နို့ဖိုး ” ကျတော့ ကိုယ် က Supporting ဖြစ် သွားပြီ ။ အဲဒီတော့ ဒီလို မှတ်တမ်းဝင် တဲ့ ကားတွေ အများကြီး မချို ရိုက်ခဲ့တယ် ။ အခုတစ်ခါ ကျတော့ အမေခန်း တွေ ၊ အဘွားခန်း တွေ ရောက်လာပြီ ။ ဘာပဲဖြစ်ဖြစ် ရတဲ့ နေရာ မှာ ရအောင် ၊ ရတဲ့ အပိုင်း ကို ပိုင်နိုင်အောင် မချို လုပ်ခဲ့ပြီးပြီ ။ အခု ကားရိုက် တော်တော် ကျဲ သွားတယ် ။ မချို ကိုယ်တိုင် က ကျဲ တာလား ၊ သို့တည်းမဟုတ် ကျဲ သွားတာလား ။

❥ ကျွန်မ က ကျဲ တာတော့ မဟုတ်ဘူး ။ တစ်ခုတော့ ရှိပါတယ် ။ အသက်အရွယ် အရ လည်း ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ် ၊ နောက် တစ်ခု ကလည်း ဒီဟို ... ဟိုးတစ်လောလေး က ဟာသကားတွေ တအား ရိုက်ကြတာလေ ။ အဲဒီ ဟာသကားတွေ ကျွန်မ မရိုက်ဘူး ။ ကျွန်မ မရိုက်တော့ ဘေး ကို ရောက် သွားတယ် ။ ဒါ အမှန်အတိုင်း ပြောတာပါလေ ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကိုယ် က ရယ်စရာကား တော့ ရိုက်ချင်ပါတယ် ၊ ဟာသကား တော့ ကျွန်မ မရိုက်ချင် ဘူး ။ ရယ်စရာ က တော့ ရိုက်တယ် ။ တစ်ခါတလေ ကိုကျော်ရဲအောင် နဲ့ ဘာ နဲ့ ဟိုဟာ ဖြစ်တဲ့ အရက်သောက် တဲ့ သားပုံ ၊ အမေနဲ့ ပုံလေး တွေ ဒါလေး တွေ ရိုက်ဖူးပါတယ် ။ နောက် တခြား ရယ်စရာလေး တွေ လည်း ရယ်စရာ ရိုက်ပါတယ် ။ ဒါပေမဲ့ ဟာသကြီး သက်သက် နဲ့ မဲ့ရွဲ့တာ တော့ မလုပ်ချင် တော့ ကျွန်မ ကို မခေါ်ကြတော့ဘူးပေါ့ ။ ခေါ်လည်း မရိုက်ဘူးလေ ၊ အဲဒီ လိုဖြစ်တယ် ။ နောက် တစ်ခု ကလည်း သီချင်း ဆိုတာ ကျွန်မ ကများတယ် ကိုဝင်းငြိမ်း ရယ် ။ ဟိုဟာပေါ့ ၊ ဘယ်လို ခေါ်မလဲ ။ ဟိုဟာ မင်္ဂလာဆောင် တွေ မှာ အခါတော် တွေ ဆိုတယ် ။ အဲဒါလည်း ဟာသကား တွေ ကျဲသွားတဲ့ ကျွန်မ ၊ မရိုက်တော့ ကားရိုက်တွေ ကျဲ သွားတဲ့ အခါကျတော့ ကျွန်မ သီချင်း ဆိုတဲ့ ဘက် ကို လှည့် သွားတယ် ။ ကိုယ် ကလည်း အရမ်း ဝါသနာ ပါတော့လေ ။ ဆိုတော့ လှည့် လိုက်တဲ့ အခါကျတော့ အဲဒီမှာ အချိန်တွေ က ပေးရ ပြန်ရော ။ ပေးရတော့ သူတို့ က မြန်မာပြည် က လည်း တစ်မျိုး ၊ အသက်ကြီး လို့ ရှိရင် သူတို့ က ညှိ မပေးချင်တော့ဘူး ။ ဒါကတော့ ရှင်းရှင်း ရိုးရိုးလေး တကယ် ပြောတာ ။ နိုင်ငံခြား မှာ ကတော့ အသက်ကြီး သွားလေ ၊ အသက်ကြီး သွားလေ တန်ဖိုး ရှိလေပဲ ။ ဒါပေမဲ့ ဒီမှာ က အသက်ကြီး သွားရလို့ ရှိရင် သူတို့ က ညှိမပေး ချင်တော့ဘူး ။ အခု လောလောဆယ် ကိုပဲ ကျွန်မ ကား တစ်ကား နဲ့ ငြိတယ် ။ အခု လောလောဆယ် ရုပ်ရှင်ကားကြီး တစ်ကား ငြိတယ် ။ နှစ်ရက် ပဲ့ ငြိတယ် ။ အဲဒါကို ရုပ်ရှင်ကားကြီး က ကျွန်မ ကို ညှိ မပေးဘူး ။ အမှန်တော့ သူတို့ ပြီးသွားပြီ အဲဒီ ရက် ကို ပြီးတယ် ။ သို့သော် သူတို့ ညှိ မပေးဘူး ။ ဒါ တော်တော် စိတ် မကောင်းစရာပေါ့နော် ။ အဲဒါကို အဲလို ဖြစ်သွားတော့ သူတို့ က ညှိ မပေးဘူး ။ မင်းသမီး မင်းသား ပဲ ။ သူတို့ က Supporting တစ်ယောက် ရဲ့ တန်ဖိုး ကို မသိကြဘူးလေ ။ ကျွန်မတို့ ကတော့ သိတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ တို့ က ဦးသုခ ၊ ဦးဝင်းဦး စသဖြင့် ဒီလို ဆရာကြီးတွေ ရဲ့ လက်ထွက် ဆိုတော့ Supporting တစ်ယောက်ရဲ့ တန်ဖိုး က ဘာလဲ ဆိုတာ ကျွန်မ တို့ က သိတယ် ။ ဒါပေမဲ့ သူတို့ က အဲဒီလို လက်မခံတော့ဘူး ။ ဆိုတော့ အဲဒီလို ညှိမပေးတာ လည်း ပါတော့ အကြောင်းကြောင်း ကြောင့်တွေပေါ့ ။ တကယ်လို့ ငါ က ဟေ့ ငါ့ကို စနေ ၊ တနင်္ဂနွေ နှစ်ရက်လေးတော့ ပြန်ပေးပါ ။ စနေ ၊ တနင်္ဂနွေ မှာ ပဲ မင်္ဂလာဆောင် က ရှိတယ် ဆိုတော့ ။ ကိုယ် လည်း အလုပ် မပျက်ဘူး ၊ သူ လည်း အလုပ် မပျက်ဘူး ။ မပေးကြဘူး ။ အဲဒီလို မပေးကြဘူး ။ မပေးချင်ကြဘူးပေါ့ ။ အဲလိုမျိုး ဆိုတော့ စဉ်းစား လိုက်တယ်လေ ကိုဝင်းငြိမ်း ၊ ကိုယ် လည်း နည်း နည်း အသက် ကြီး လာပြီ ။ အသက် ကြီး လာပြီ ဆိုတော့ ပင်ပင်ပန်းပန်း လုပ်ရ တာ ထက် စာရင် ပရိသတ် နဲ့ ဒီလို တိုက်ရိုက်တွေ့ နေတဲ့ မင်္ဂလာဆောင် အဆို လေး က ကျက်သရေ ရှိတယ်လို့ ပို ထင်သွားတာ ။ ဒီလိုပဲ သူတို့ ရဲ့ ထွက်လာတဲ့ သတို့သမီး ၊ သတို့သား တို့ ကို မေတ္တာ ပို့ပြီးတော့ အိုအောင်မင်းအောင် ပေါင်း ရပါစေ ဆိုတဲ့ စိတ်ကလေးနဲ့ ၊ အဲဒီ စိတ်ကလေး နဲ့ ဆို နေရတာ ပို ကောင်းပါ တယ်လေ ။ ပိုက်ဆံ ကတော့ မတူဘူးပေါ့ ၊ ရတာချင်း က အရမ်း ကွာတာပေါ့ ။ သို့သော်လည်း စိတ် ချမ်းသာတာ ချင်း ကျတော့ မတူဘူး ။ သူတို့ ကိုလည်း ကျွန်မ ပြောတယ် ။ ငါ့ ကို ကား ရိုက်ကြပါ ၊ ငါ လေ ရုပ်ရှင်အဖွဲ့သားတွေ နဲ့ နေပြီးတော့ စားကြ ၊ ပျော်ကြ အဲဒါဖြစ်ချင်တယ် ။ အသက် ကြီးလာတော့ ကိုဝင်းငြိမ်း Lonely life ကို အရွေး နည်းလာတာလေ ။ အဲဒီလို ဖြစ်ချင်တယ် ။ ဒါပေမဲ့လို့ မခေါ်ကြတော့ဘူး လူ တော်တော်များများ က မခေါ်ကြတော့ဘူး ။ အဲဒီတော့ ကျွန်မ က ဘေးကြီး ကို ရောက်လို့ ။ အဲဒီလို ဖြစ်သွားတယ် ။

▢ အဲဒီတော့ မချို က သရုပ်ဆောင် အလုပ် အပြင် သီချင်း ဆိုတဲ့ အလုပ် လည်း ရှိသေးတာပေါ့ ။ သီချင်း ဆိုတဲ့ အပိုင်း ကျွန်တော် ပြောချင် တယ် ။ ပထမ ပြောချင်တာ ရေဒီယို သီချင်း ပေါ့ ။ ရေဒီယိုသီချင်း ကတော့ ဟိုတုန်းက ခေါ်ကြတဲ့ ရေဒီယိုသီချင်း ပေါ့နော် ။ “ ဘဝချင်း ဆုံတွေ့ပါရ စေ ” ။ မချို အရမ်း ကို အောင်မြင်ခဲ့တဲ့ သီချင်းပေါ့ နော် ။ အဲဒီ သီချင်း ဆို တဲ့ အချိန်တုန်းက မချို အသက် ဘယ်လောက် လောက် ရှိပြီလဲ ။

❥ ကျွန်မ စိတ် ထင် ၁၅ နှစ် လောက် ပဲ ရှိမယ် ။ ကျွန်မ အိမ်ထောင်ကျတော့ သတင်းစာတွေ ထဲ မှာ ရေးတာလေ ၊ ကျွန်မ အဲဒါ ကို မှတ်မိတာ ။ “ ဘဝချင်း ဆုံချင်သူကလေး ဆုံသွားပြီ ” လို့ ခေါင်းစဉ် နဲ့ သူတို့ သတင်းတွေ ရေးကြတယ် ။ ကျွန်မ က ၁၇ နှစ်လောက် မှာ အိမ်ထောင် ကျတာ ဆိုတော့ အဲဒီ ရှေ့ပိုင်း မှာ ဆိုတာပဲ ။

▢ တော်တော်ကြီး ကို မြန်မာပြည် တစ်ပြည်လုံး မှာ Hits ဖြစ်ခဲ့တဲ့ သီချင်း ။ “ ဘဝချင်း ဆုံတွေ့ပါရစေ ” ၊ “ တမာလမ်း ကို ပြန်ခဲ့ပါ ” ၊ “ ပန်းပိတောက်တို့ ကြွေရာမြေ ” ၊ “ တက္ကသိုလ်ကျောင်း က ငွေလမင်း ” ။ ရေဒီယို မှာ ပေါ့ အများကြီးပဲ နာမည် ကြီးတာတွေ ရှိတယ် ။ “ မောင့်အချစ်မြား ” က “ မလိခချစ်သူ ” ရုပ်ရှင်ဇာတ်ကား မှာ နောက်ခံတေး အဖြစ်နဲ့ ဆိုခဲ့ တယ် ။ နောက် ဒေါ်မာမာအေး အလှည့် ကျတော့ ထပ်ဖြည့်ပြီး ဓာတ်ပြား ပြန် ဆိုတယ် ပေါ့နော် ။ တကယ့် တကယ် က “ မောင့်အချစ်မြား ” က မချို စ ဆိုတာပေါ့နော် ။

❥ ဟုတ်တယ် ။ ကျွန်မ အရင် စ,ဆိုတာ ။

▢ “ မောင့်အချစ်မြား ” လည်း ဒါလည်း ပေါက်တဲ့ သီချင်း တစ်ပုဒ် ပေါ့ ။ အခုကျတော့ အဲဒီလို ရေဒီယိုသီချင်း ထဲ က ပေါက်တဲ့သီချင်း ကို ကျွန်တော် တို့ပဲ မကြားဖူးတော့ တာလား မပြောတတ်ဘူး မရှိတာလား ၊ မကြားဖူးတော့တာလား ။

❥ ဟုတ်တယ် မရှိတော့ သလိုပဲ စိတ် ထဲ မှာ ။ အခု က လည်း သူတို့ က လည်း ကလေးတွေ က လည်း ရေဒီယို မှာ သွား ဆိုရတာ ထက် စာရင် တော့ စီးရီး လေး သွင်းလိုက်ရတာ က ပြန် ဆိုလို့ လည်း ရတယ် ၊ တစ်ခွန်းတည်း လည်း ဆိုလို့ရတယ် ၊ တစ်လုံးတည်း လည်း သွင်း လို့ရတယ် ဆိုတဲ့ လွတ်လပ်မှုလေး တွေ လည်း ရှိတယ်ပေါ့နော် ။ အဲဒီလိုလေး ဆိုတယ် လို့တော့ ထင်တယ် ။

▢ အခုကျတော့ အဲဒါက မရှိတော့ဘူး ။ ရေဒီယို မှာ အဲဒါ မရှိတော့ ဘူး ။ ရေဒီယို ဆိုတာရော ရှိသေးရဲ့လား လို့ ပြန် စဉ်းစားမိတယ် ။

❥ ဟုတ်တယ် ။ ကျွန်မ တို့ ရေဒီယို လာမယ် ဆိုရင် ရေဒီယို ရှေ့မှာ ထိုင် ပြီး တော့ တစ်မိသားစုလုံး နားထောင် ရတာလေ ၊ အဲဒီလို ။

▢ အဲဒီလို တကယ့် ကို စွဲစွဲလမ်းလမ်း ရေဒီယိုသီချင်း တွေ အများ ကြီး ရှိခဲ့ပါတယ် ။ စတီရီယိုသီချင်း ဆို ရင်လည်း မချို နဲ့ ပတ်သက်တဲ့ ဟာ အများကြီး ရှိတယ် ။ တကယ့်ကို ခေတ်ဆန်ဆန် နဲ့ ဆိုခဲ့တဲ့ ဆရာ ပုဏ္ဏက ရေး တဲ့ “ သီချင်းတွေ ဆိုတဲ့ မချို ၊ ဘိုင်စကုတ်မင်းသမီး မချို ” ။ နောက် တစ်ခု က ကျွန်တော် အမှတ် မမှားဘူး ဆိုလိုရင် ကိုထွန်းနောင် ရေးတာ ထင်တယ် ။ “ မိုးရေချိန်လက်မ ၃၀၀ ” အရမ်း ကောင်းတယ် ။ မချို့ရဲ့ Like လို့ လည်း ပြောလို့ရတယ် ။

❥ ကြည့် ကြည့် ရေး တာပဲလေ ၊ ဟုတ်တယ် ။

▢ အရမ်း ကောင်းခဲ့တယ် ။ အဲဒီတုန်း ကတော့ “ သူငယ်ချင်း မောင်ဘဦး ” တို့ ဘာတို့ ညာတို့ စီးရီး လိုက် တွေ ရှိခဲ့ကြတယ် ။ အခုကျတော့ အဲဒီလို အောင်မြင်တဲ့ စီးရီးတွေ လည်း သိပ် မရှိတော့ဘူး ။

❥ ဒီခေတ် က တကယ်တော့ ဟို အရမ်း ဝမ်းနည်းဖို့ ကောင်းတယ် သိလား ။ ကျွန်မ စိတ် မကောင်းဘူး ။ ကျွန်မ တို့ ခေတ် တုန်း က ဆို အဲဒီလို စီးရီး တစ်ခု သွင်းပြီ ဆိုရင် တစ်ပုဒ် နှစ်ပုဒ် လောက် ပေါက် သွားရင် တစ်သက်လုံး အတွက် အောင်မြင်တယ်ပေါ့ ။ အခုက ကျတော့ မကောင်းဘူးလား ဆိုတော့ ကောင်းလည်း ကောင်းကြတယ် သိလား ။ ဒါပေမဲ့ သူတို့ မပေါက်ဘူး ။ အဲဒါ ဘာဖြစ်လို့လဲ မသိဘူး ။

▢ ကျွန်တော် တို့ တုန်း က ဆို အဲဒီလိုမျိုး တစ်ပုဒ် ကောင်း နှစ်ပုဒ် ကောင်း ပါ လာရင် ပေါက်တာပဲ ။

❥ ကျွန်မ ဆို အဲဒီ စီးရီး ထဲ မှာ ဆိုရင် “ သူငယ်ချင်း မောင်ဘဦး ” ပေါက်တယ် ၊ “ ဘိုင်စကုတ်မင်းသမီး မချို ” ပေါက်တယ် ၊ “ လူကြီးမင်းများ လက်ခုပ်တီးပါ ” စီးရီး ထဲ မှာ အကုန်လုံး သုံး,လေးပုဒ် လောက် ပေါက်တယ် ၊ အဲဒီလို ။

▢ ဒါပေမဲ့ အခု အဲဒီလိုမျိုး မရှိတော့ဘူး ။ ဘယ်လို ဖြစ်လို့လဲတော့ မပြောတတ်ဘူး ။

❥ မသိဘူး ၊ မပြောတော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လိုက်လို့ လည်း မမီတော့ဘူး သိလား ။ နောက် ဆိုပေါက် တွေ လည်း တူတယ်လို့ ကျွန်မ ထင်တယ် ၊ ကလေးတွေ က ။ ကလေးတွေ ဆိုတဲ့ သီချင်းတွေ ဆိုတဲ့ ဆိုပေါက် က အသံ ပေါ့ ၊ ကီး နဲ့ အသံ သာ နည်းနည်း လွဲ သွားမယ် စတိုင် တွေ က တူ တယ် ။ အဲဒီလို မကွဲဘူး ၊ မကွဲခြားဘူး ။

▢ မချို ပရိုဂျူဆာ လုပ်ခဲ့သေးတယ်နော် ။

❥ ဟုတ်ကဲ့ ။

▢ ပရိုဂျူဆာ လုပ်တယ် ဆိုတာ ဆရာမ ဂျူး ရဲ့ “ ကြေမွသွားသော တိမ်တိုက်များ ” ။ အဲဒီ “ ကြေမွသွားသော တိမ်တိုက်များ ” ကို ဘာကြောင့် ပရိုဂျူဆာ လုပ်ခဲ့ချင်တာလဲ ။

❥ အဲဒါကလေ ပထမတုန်း ကတော့ ကျွန်မ လည်း အမှတ်တမဲ့ ပဲ ။ ဂျူး ဝတ္ထုတွေ ကိုတော့ ဖတ်ပါတယ် အမြဲတမ်း ။ ဒါပေမဲ့ သမီးငယ်လေး အိဘုတ်ကလေး က သူ က အဲဒီ ဝတ္ထုလေး ဖတ် ပြီးတော့ မေမေ ရိုက်ပါတဲ့ အဲဒါကို ဆိုပြီးတော့ သူ က ဝယ် လိုက်တာ ။ အဲဒီ ဝတ္ထု ကို သူ က ဝယ်လိုက်တာ ။ ဝယ်လိုက် ပြီးတော့ ရိုက် ခိုင်းတာ ။ ပထမ ကိုယ် လည်း သာမန်ကာ လျှံကာ ပဲ လေ ။ ဒါပေမဲ့ ရိုက်ဖို့ သေချာ ဖတ်လိုက်တဲ့ အခါကျတော့ ဒါကတော့ တော်တော် ဆိုးတဲ့ အခန်းပဲလေ ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကို ယုံကြည်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ ရုပ်ရှင် ဆိုတာက ကိုယ် ဝင်ကစွပ် လို ကိုယ်စားပြု ရတာပဲ ကိုဝင်းငြိမ်း ရယ် ဟုတ်တယ်မလား ။ သရုပ်ဆောင် ရတာပေါ့နော် ၊ တူအောင် သရုပ်ဆောင် ရတာပေါ့ ။ တကယ်တော့ မဟုတ်ဘူးလေ ။ တူအောင် သရုပ်ဆောင် ရတဲ့ နေရာလေး မှာ ဒီ နေရာလေး ကိုတော့ ဆန်းပြားတယ်လို့ ထင်လိုက်တယ် ။ တကယ်လည်း ဆန်းဆန်းပြားပြားလေးပဲ ဒီ ဟို ... ဥစ္စာ ။ မဆိုးပါဘူး ၊ ကားလေး လည်း အောင်မြင်ပါတယ် ။ သမီး ရဲ့အလို ကို လိုက်ရင်း နဲ့ ရိုက်လိုက် တဲ့ သဘောပါပဲ ။ ဒါပေမဲ့ ရိုက်ရင်း ရိုက်ရင်းနဲ့ ကြိုက်သွားတယ် ။ ဘာဖြစ်လို့ ဆို လူ တစ်ယောက် က လူ တစ်ယောက် ကို ချစ်လာပြီ ဆိုရင် ဘာကို မှ မမှုတော့တာနော် ၊ ကြောက်စရာကြီး နော် ။ အဲဒါကြီး ကို ပြရတာ ကို ကြိုက်တယ် ။ သဘောကျတယ် ။

▢ ချိုပြုံး က ချစ်တတ်တယ် ဆိုတာ ကျွန်တော် သိတယ်လေ ။

❥ ကြီးသွားပြီ အခုတော့ ။

▢ အဲဒီတော့ မချို ရေ ဟို ကာရိုက်တာ ဆိုပါစို့ ပြောရရင် ဇာတ် တစ်ပုဒ် ကို လာ ပြတယ် ။ လာ ပြတဲ့ အခါကျရင် ကိုယ် က ပရိသတ် မကြိုက် လောက်မယ့် ကာရိုက်တာ ပေါ့နော် ။ သို့သော် လုပ်ရ ဆိုရင်တော့ လုပ် လို့ ရမယ့် ဟာမျိုးဆို ပရိသတ် ကြိုက်ခြင်း ၊ မကြိုက်ခြင်း နဲ့ ကိုယ် လုပ်နိုင် ခွင့် ရှိခြင်း မရှိခြင်း ဘယ်ဟာ ကို ရွေးမလဲ ။

❥ ကျွန်မ က ပရိသတ် ကြိုက်တယ် ဆိုတာ က ပရိသတ် က ကိုယ် လုပ် တဲ့ ဟာပေါ့နော် သူတို့ ပေါ်မှာ စေတနာ ပါရင် လူဆိုးခန်း ဖြစ်ဖြစ် ၊ လူမိုက်ခန်း ဖြစ်ဖြစ် ကြိုက်ကြပါတယ် ။ မွန်းတည့်ချိန်တွင် နေဝင်သည် ဆို ဘယ်လိုလုပ် မလဲ ကျွန်မ ၊ ဟုတ်တယ်မလား ။ ဒါကလည်း ဒီလိုပဲ ၊ ဒီ ကား လည်း အကယ်ဒမီ ရတယ် ။ နောက် တစ်ခု က ချစ်အမျှ လည်း ကျွန်မ လင်ကြီး နောက် က နေ လင်ငယ် နောက် ကို လိုက် ပြေး တာနော် ။ သေတဲ့ အထိ မိုက်သွားတာနော် ၊ ဒါပေမဲ့ ကြိုက်ကြတယ် လူတွေ က ။ ကျွန်မ ယုံတယ် ။ ဘာဖြစ်လို့ ဆို ပရိသတ် ကို ကျွန်မ အရမ်း စေတနာ ထားတယ် ။ သူတို့ ကို ပေးရမယ့် မက်ဆေ့ချ် ကို ကျွန်မ ရအောင် ပေးတယ် ။ ဒါက အဓိက ပဲ ။ သူတို့ က လည်း ကိုယ့် ကို နားလည်တယ် ။ မွန်းတည့်ချိန် ရိုက်တယ် ၊ မမ ခင်သန်းနုကြီး နဲ့ ရိုက်တုန်း က လည်း သမီးရှင် ဆိုရင် ကျွန်မ တစ်ခန်း နှစ်ခန်းလေး ပဲ ပါရတာ ။ အဲဒီတုန်း က ခေတ်ပြိုင် မင်းသမီးတွေပဲ ။ ဒါပေမဲ့ ဒီလိုပဲ ရတယ် ၊ ပါလိုက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ် ပေးချင်တဲ့ ဟာလေး ကို ရအောင် ပေးလိုက်မယ် ဆိုတဲ့ သဘောပါ အဲလိုပဲ ။ သူတို့ ကို လည်း ယုံတယ် ၊ ကိုယ့် ကိုယ် ကိုလည်း ယုံတယ် ။

▢ ဦးကျော်ဟိန်း နဲ့ ရိုက်ခဲ့တဲ့ “ ကျီးယောင်ဆောင်သော ဒေါင်း ” မှာ မကောင်းတဲ့ မိန်းမ ဖြစ်သလို “ မွန်းတည့်ချိန်တွင် နေဝင်သည် ” မှာ လည်း ဒီလိုပဲ သရုပ်ဆောင် ရတာပဲ ။ အဲဒီတော့ ဒီလိုချည်း သရုပ်ဆောင် လိုက်လို့ ပရိသတ် က အမြင် စောင်းသွားမှာ ဆိုတာမျိုးများ မစဉ်းစားမိ ဘူးလား ။

❥ တချို့လူတွေ ကတော့ ပြောပါတယ် ၊ အဲဒီတုန်း ကတော့ ကျွန်မတို့ က မင်းသမီး ပေါ့နော် ၊ မင်းသမီးခေတ် ပေါ့နော် ။ ဟာ မရိုက်သင့်ဘူး တို့ ဘာတို့ ကျွန်မ အရေး မစိုက်ဘူး ။ ကိုကျော်ဟိန်း ဆိုရင် လည်း ကျွန်မ ကို ခဏခဏ ပြောတယ် ။ မွန်းတည့်ချိန် ရိုက် ဖို့ ကို သူ ခဏခဏ လာပြောတယ် ။ သူငယ်ချင်း နင် ပင်ပန်းတယ် မပြောနဲ့ လို့ ရိုက်ပေးမယ်လို့ ။ ဘာလို့ဆို သူ ကတော့ ရိုက်တာ ရိုးရိုး ကို မဟုတ်သေးဘူး ။ အဲဒီ ကား ထဲ မှာ ထူးခြားတာ ကျွန်မ အသံဆု ရတယ်လေ ။ အသံနဲ့ ဆုရသေးတယ် ။ အကယ်ဒမီ မှာ အသံ လည်းပါတယ် ။ အဲဒီလို သူ က ဒီ မိန်းကလေးတွေ ရဲ့ အသံ ချိုရီကေ တဲ့ ။ သူ က ကျွန်မ ကို ချိုရီကေ လို့ ခေါ်တယ် ။ အဲဒါ ကျီးယောင်ဆောင်သော ဒေါင်း တုန်း က ကျွန်မ နာမည် က ချိုရီ တဲ့ ။ အဲဒါ သူ က ချိုရီကေ ချိုရီကေ နဲ့ လှမ်းလှမ်း ခေါ်တာ ။ အဲဒါလေး ကို အခု သူ ဘုန်းကြီးဝတ် သွားတဲ့ အထိ ကျွန်မ ကို ခေါ်တုန်း ၊ ဒေါ်ချိုရီကေ လို့ ခေါ်တယ် ။ ချိုရီကေ မပူပါနဲ့ တဲ့ ၊ ငါ လိုက်ပြမယ် ၊ တို့ လိုက်ပြ ပါမယ်တဲ့ ။ သူတို့ ရဲ့ အသံလေး ကို ဒီ မကောင်းတဲ့ မိန်းကလေးတွေ ရဲ့ သူတို့ ရုပ် ကို မမြင်ရသေးခင် သူတို့ ရဲ့အသံလေးတွေ ကို Notice ဖြစ်အောင် ပြောတတ်ကြတယ် တဲ့ ။ အဲဒီလိုမျိုးပေါ့နော် ။ အဲဒီ ခပ်စွာစွာ
အသံလေးတွေ ကို ကျွန်မ တို့ ပန်းဆိုးတန်း မှာ သွား ပြီးတော့ နားထောင်ရတာ ။ ကိုကျော်ဟိန်းကြီး က နားထောင် ခိုင်းတာ အဲဒီလို ။ အဲလို ထူးထူးခြားခြားလေး နဲ့ ပေါ့နော် ၊ အဲလိုမျိုးလေး နဲ့ သွား နားထောင်ရင်း နဲ့ ရိုက်တာ ။ ဒီ ကား ရိုက်တော့ လည်း တချို့ လူတွေ ကတော့ အရမ်းပေါ့ မရိုက်သင့်ဘူးပေါ့ ဘာညာ ။ အရမ်း တက် နေတဲ့ အချိန်မှာ ။ နောက် သူက ကား တစ်ကား ကို သူတို့ က ကား ရဲ့ Superstitious ဖြစ်တာပေါ့ ကိုဝင်းငြိမ်း ရယ် ။ မွန်းတည့်ချိန်တွင် နေဝင်သည် နင် နဲ့ ကျော်ဟိန်း က မွန်းတည့်သလို ဖြစ်နေတဲ့ အချိန် မှာ ဘာလို့ နေဝင် ခံမှာလဲပေါ့ အဲဒါလေး လည်း ရှိသေးတယ် ။ ဒါပေမဲ့ ကျွန်မ က အဲဒါတွေ ကို ဂရုမစိုက်ဘူး ရိုက် လိုက်တာပါပဲ ။ ဒါပေမဲ့ ကောင်းသွားတာပဲ ၊ အောင်မြင် တာပဲ ။ ပြီးတော့လည်း ကျွန်မ တို့ နေ မဝင်ဘူးလေ ။ အဲဒီလို အယူမရှိပါဘူး ၊ အယူ သီးကြတယ် ။ တချို့က လည်း ရုပ်ရှင်တွေ ကလည်း စီးတယ်လေ ၊ တချို့ က အဲဒီလို ဖြစ်တတ်ကြတယ်လေ ။ အဲဒီလို ရိုက်ဖြစ်တာပါ ။

▢ ဘဘဦးသုခ နဲ့ ပတ်သက်တာလေး ပြောချင်ပါသေးတယ် ။ ဘဘဦးသုခ က တကယ် တကယ့် ကျတော့ မချို တို့ နဲ့ “ ရဟန်း မစားရသော ဆွမ်း တစ်နပ် ” ရိုက်တဲ့ အချိန် မျက်စိ က ကောင်းကောင်း မမြင်တော့ဘူး ။ ဒါပေမဲ့ သူ အမြဲ ပြောလေ့ရှိတာကို ကျွန်တော် မှတ်မိတယ် ။ အသံ မှန်လို့ ရှိရင် အိုက်တင် မှန်တယ်တဲ့ ဆိုပြီးတော့ ။ မချို ရိုက်ခဲ့တဲ့ “ ရဟန်း မစားရ သော ဆွမ်း တစ်နပ် ” အဲဒီ ကား မှာ ဆိုရင် ဦးဇော်လင်း နဲ့ တွဲ ပြီးတော့ သရုပ်ဆောင် ခဲ့တယ် ။ ဘဘ နဲ့ ပတ်သက် တဲ့ မချို ဆီ မှာ အမှတ်တရလေး တွေ ဘာများ ရှိဦးမလဲ မသိဘူး ။

❥ ကျွန်မ အဲဒီ ဘဘ နဲ့ ပတ်သက်တဲ့ အမှတ်တရ ဆိုတော့ ဘဘ ဆီ မှာ အကြာကြီး လေ ။ သူ က ကား တစ်ကား ရိုက်တော့မယ် ဆိုရင် ကျွန်မ ရယ် ၊ ဇော်လင်း ရယ် ၊ နောက် မြတ်သစ် ရယ် ၊ မောင်လှမျိုး လား ... သူ အဲဒီ လေးယောက် ကို အမြဲ ခေါ်တယ် ။ ခေါ်ပြီးတော့ သူ့ အိမ် မှာ ဇာတ် ရဲ့ ကျောရိုး အကုန်လုံး ဇာတ်လမ်း အစ ၊ ဇာတ်ကွက် အစ အကုန် ပြောပြတယ် ။ အဲဒီမှာ တင် ငိုစရာ ရှိရင် ငိုမိ နေပြီ ။ ဘဘ က သိပ် ပြောတာ ဆိုတာ ကောင်းတာပဲ သိလား ။ အဲဒီလို ဖြစ်နေပြီ ။ ကိုယ် အဲဒီ ထဲ ကို ဝင် ကို သွားတာ ၊ စီးမျော သွားတာ တစ်ခါ တည်း အဲဒီလိုမျိုး လုပ်တယ် ။ ပြီးတော့ အဲလို ရိုက်တဲ့ အချိန်မှာ သူ ခုန ကိုဝင်းငြိမ်း ပြောသလို သူ မျက်စိ မမြင်တော့ဘူး ။ မမြင်တော့ အသံ ကို ပဲ နားထောင်တယ် ။ နားထောင် ပြီးတော့ ဟဲ့ ရပ် ရပ် ကောင်မ ၊ မင်း အကယ်ဒမီလား ဟင် ၊ စောက်သုံးမကျတဲ့ ကောင်မ ဆဲသေးတာ ။ ပြန်လုပ် စောက် အသံ က မမှန်ဘဲနဲ့ ဆိုပြီး အဲဒီလို အဆဲ ခံရတာ ။ အဲဒါ မျက်လုံး မမြင်ဘဲ နဲ့ ရိုက်တာ ။ အဲဒီတော့ သူ့ ဆီ မှာလေ အဲဒီစကား ကို အဖိ ၊ အဖွ ၊ အဖွတ် ပြော တတ်တာတွေ ၊ လေးရမယ့် နေရာတွေ လေး သွားအောင် ၊ ပေါ့ ရမယ့် နေရာ ပေါ့ သွားအောင် ပေါ့ရွှတ်ရွှတ်တွေ ။ “ ကိုကို ” ဆိုတာ ကို ကျွန်မ ကို ခုနစ်မျိုး လောက် ခေါ် ခိုင်းတာလေ ၊ အဲဒီလိုမျိုးတွေ ။ ဆိုတော့ အဲဒါမျိုးတွေ ကျွန်မ သင်ခဲ့ရပြီ ၊ ဆိုတော့ တန်ဖိုး မဖြတ်နိုင်ဘူးပေါ့ ။ အဲဒါကြောင့် အခု ကလေးတွေ ကျွန်မ ကို သင်ခိုင်းတာ ။ ဒါ သင်ပေးပါ ၊ ဒါ သင်ပေးပါ ။ ငါ အိုက်တင် တွေ မသင်တတ်ဘူး ၊ ငါ လည်း မသင်ခဲ့ရဘူး ။ ဒီလိုပဲ အေးအေး လုပ်ဟဲ့ ဆို လုပ် လိုက်တာပဲ ရှိတယ် ။ သို့သော် ငါ တစ်ခု ပြောချင်တာက အသံ မှန် အိုက်တင် ကောင်းပါပြီ ၊ မှန်ပါပြီ ။ ကောင်းတာ မကောင်းတာ ပရိသတ် က ပြောပါ လိမ့်မယ် ၊ မှန်တာ မမှန်တာ ကိုယ့် အလုပ်ပါ ။ အဲဒါကြောင့် ကိုယ် က အမှား အမှန်ပဲ သိအောင် ကြိုးစားပါ ။ ကောင်းတာ မကောင်း တာ ပရိသတ် က ပြောမယ်လို့ အဲဒီလိုပဲ သင်ပါတယ် ။

▢ မချို အခု အသက် ၇၂ နှစ် ထဲမှာ ရောက် နေပြီ ။ အဲဒီတော့ ကိုယ့် ရဲ့ မျိုးဆက်သစ် ချန်ဖို့ ၊ ဘာလို့ ဆို သမီးတွေ က ဝါသနာ မပါဘူး ၊ သား က လည်း ဝါသနာ မပါဘူး ။ မြေးတွေ ... ။

❥ မြေး ထဲ က တစ်ယောက် ဝါသနာ ပါတယ် ။ ကျွန်မ အခု သူ့ ကို လုပ် ပေးမယ်ပေါ့ နော် ၊ ဝင်းခန့်မိုး လေ ။ ဝေလျှံ လေ မောင်မောင့် သား ။

▢ ကျွန်တော်တို့ အကယ်ဒမီ တုန်းက ... ။

❥ ဟုတ်ကဲ့ ရွှေကြို လုပ်တဲ့ ကောင်လေး ။ သူ ကတော့ ဝါသနာ လည်း ပါတယ် ၊ ကြိုး လည်း ကြိုးစားပါတယ် ။ သူ့ ကို တော့ လုပ်ပေးဖို့ အစီအစဉ် လုပ်ထားတယ် ။ နှမြောစရာ သိပ် ကောင်းတယ် ၊ အရမ်း နှမြောတယ် ။ အခု ခေတ် ဒါရိုက်တာတွေ လို လည်း အလို မလိုက်ဘူး ။ ကျွန်မ က ဟိုဟာ မှာ ဪ မိန်းမ မှာ သေတ္တာ ရွက် ပြီးတော့ လာတဲ့ ဟာကို အဲဒါကို အဲဒီလောက် လေး အောင် ကို ခဲတွေ ကို ထည့်တာ ။ အဲဒီလို သေတ္တာ ကို ကိုညွန့်ဝင်း နောက် ကို ဒီဘက် ခြံ က နေ ဟိုဘက် ခြံ ကို လိုက်တာလေ အဲဒါကို အဲဒီလို ကို ထည့်တာ ။ အဲဒီတော့ သူတို့ ရဲ့ လေးနက်မှု နဲ့ ၊ သူတို့ရဲ့ သက်ဝင်မှုတွေ က ဒီဘက် ခေတ် နဲ့ တော့ ကွာတော့ အရမ်း ကွာတယ် ။ ကံကောင်းတာ က ကျွန်မတို့ က မီလိုက် တာပေါ့ ၊ အဲလို ။

▢ အိုကေ ၊ ကျေးဇူး အများကြီး တင်ပါတယ် ။ မကြာခင် မှာ ကျွန်တော်တို့. မြန်မာ့ရုပ်ရှင် နှစ်တစ်ရာ ပြည့်တော့မယ် ။ မချို တို့ ကျွန်တော် တို့. မီလောက်ပါတယ်ဗျာ ။

❥ မီလောက်ပါတယ် ၊ မီမှာပါ ။ မီ လည်း မီချင်ပါတယ် ။

▢ အဲဒီတော့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာ အတွက် မချို ဘာများ Wish လုပ်ချင်ပါသလဲ ။

❥ မြန်မာ့ရုပ်ရှင် မှာ ဟိုးရှေးတုန်း ကတည်း က ရုပ်ရှင် ဟဲ့ လို့ စ,လာ ကတည်းက နေပြီးတော့ မှ ယနေ့ ထက် တိုင် လူတွေ အားလုံး အားလုံးက လည်း တာဝန် တာဝန်တွေ ကို ပခုံး ပြောင်း ပြီး ယူခဲ့ကြတာလေ ။ အဲဒီတော့ ဟိုးရှေးခေတ် က ဦးညီပု တို့ ခေတ် က နေပြီး တော့ မှ ဒီဘက် တစ်ဆင့် တစ်ဆင့် လာ လိုက်တာ ဒေါ်မြင့်မြင့်ခင် တို့ ၊ ချိုပြုံး တို့ ၊ နွဲ့နွဲ့မူ တို့ ၊ စိုးမြတ်သူဇာ တို့ ၊ မို့မို့မြင့်အောင် တို့ ခေတ် ပေါ့နော် အဲဒီလို ကိုယ့် တာဝန် ကိုယ့် သမိုင်းလေးတွေ ရေး ကြပြီလေ ။ အဲဒီတော့ အခု ကလေးတွေ လည်း ရုပ်ရှင် နှစ်တစ်ရာ ကို ကိုယ့် သမိုင်းလေးတွေ ကိုယ် ရေးခဲ့ပြီး တော့ ကြိုဆိုစေချင်ပါတယ် ။

◾ဝင်းငြိမ်း

📖 လိပ်ပြာကူး ထူးခြားသူများ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment