Wednesday, August 14, 2024

ဝေးကွာခြင်း သစ်ပင်


 

❝ ဝေးကွာခြင်း သစ်ပင် ❞

“ တို့ တော့ ဒုက္ခပဲ၊ ဘယ်ကို ရောက်နေပြီလဲ မသိဘူး ”

အားလုံး စိတ်ဓာတ် ပျက်ပြား သွားချိန် မှာ ခေါင်းဆောင် လုပ်သူ က ဖျောင်းဖျ အားပေးတယ်။

“ မကြောက်ကြနဲ့ ... ဟိုး မှာ မြင်နေရတဲ့ သစ်ပင်ကြီး ဆီ ကို ရောက်အော င်အရင်သွားကြမယ် ”

သူ ညွှန်ပြရာ သစ်ပင်ကြီး က မြင့်မားထည်ဝါလွန်း လှပါတယ်။ အဝေး က နေ လှမ်းကြည့် ရတာ တောင် မှ အားကိုးချင်စရာ ကောင်းတဲ့ သစ်ပင်ကြီး ပါ ပဲ ...။ အားလုံး က လည်း သဘောတူ ကြတယ် ... ။

“ ကောင်းတယ် .. လောလောဆယ် တော့ အဲဒီလို လုပ်ရမှာပဲ ”

သစ်ပင်ကြီး ရှိရာ ဆီ သူတို့ တွေ ဦးတည် ခရီး နှင် လိုက်တယ် ... ။ သစ်ပင်ကြီး ဆီအရောက် မှာ ပဲ အရာ အားလုံး ဟာ ပြာဝေဝိုးတဝါး ... သူတို့ အားလုံး ပျောက် ကွယ် သွားပါတော့တယ် ။

အဲဒီ သတင်း ကို ဘယ်သူ မှ မသိလိုက်ပါဘူး။ ဒါပေမဲ့ လှည်းသား ငါးဆယ် ပျောက်ဆုံးမှု က တော့ နေပြည်တော် အထိ သတင်း ပေါက် သွားပါတယ် ။ ဘုရင်မင်းမြတ် က ရဲမက် တွေ ကို အမိန့် ပေးတယ် ။

“ သွား ... သူတို့တွေ ဘယ်လို ပျောက်ကွယ် သွား သလဲ ဆိုတာ ကို စုံစမ်းပြီး ဖော်ထုတ်ကြ ၊ တွေ့အောင် ရှာကြ ”

ရဲမက် ငါးဆယ် ဟာ လှည်းသားငါးဆယ် ကို ခြေရာခံ ၊ သဲလွန်စ ခံပြီး လိုက်ပါတယ် ၊ နောက်ဆုံး တော့ ..

“ လှည်းဘီးရာ တွေ ဟာ ဟို သစ်ပင်ကြီး ဆီ ဦးတည် ပြီး သွား နေတယ်၊ အဲ့ဒီကို တို့ သွားကြမယ် ”

တက်ညီလက်ညီ သူတို့ တွေ ထွက်ခွာ ခဲ့ကြပါတယ်။ ဒါပေမဲ့ .... အဲဒီ သစ်ပင်ကြီး ဆီ အရောက် မှာ ပဲ အရာအားလုံး ဟာ ပြာဝေဝိုးဝါး သူတို့ အားလုံး ပျောက်ကွယ် သွားပါတော့တယ်။ ရဲမက် တစ်ဦး ရဲ့ အချိန်မီ သတင်း ပို့လွှတ်ချက် အရ သစ်ပင်ကြီး တစ်ပင် အနီး မှာ အန္တရာယ် ကြုံရကြောင်း ကို အားလုံး သိ လိုက်ရပါတယ် ။

ဘယ်လို သစ်ပင်ကြီး လဲ .... ။ အားလုံး က စိတ်ဝင်စား ကြပါတယ်။ ဒါပေမဲ့ လောကကြီး က လည်း ခက်ပါ တယ်။ ရှာချင် တိုင်း လည်း မတွေ့ပါဘူး ။ သစ်ပင်ကြီး ကို ရှာ မတွေ့ပါဘူး ။ အဲ့ဒီလိုနဲ့ ပဲ လူတွေ ရဲ့ ရင် ထဲ မှာ သောင် မတင် ရေ မကျ ဖြစ်ကျန် နေရပါတယ် ။

တစ်နေ့မှာ .... အဲဒီ သစ်ပင်ကြီး အောက် ကို မိသားစု တစ်စု ရောက် လာတယ်။ အဖေ ရယ် အမေ ရယ်၊ သမီးလေး ရယ် ပေါ့ .... တော ထဲ မှာ မျက်စိ လည် လမ်း မှား ပြီး အဲ့ဒီ သစ်ပင်ကြီး ဆီ ရောက် သွားကြပါတယ်။ သစ်ပင် အောက် မှာ အမောဖြေ နား နေကြ သေးတယ် ။

တကယ်တော့ သူတို့ မိသားစု ဟာ လောကဓံ ရဲ့ အထုအထောင်း ကို ငရုတ်ဆုံကြီး လို ခေါင်းငုံ ခံ ခဲ့ရသူတွေ ပါ ။ ငွေဝယ်ကျွန် ဘဝ က နေ ထွက်ပြေး လာရတဲ့ မိသားစု ပါ ။ အငတ်ငတ် အပြတ်ပြတ် ဒုက္ခ တွေ ကို ကြုံ နေရပေမယ့် အခု တော့ သူတို့ မိသားစု လွတ်လပ်စွာ ပြန်လည် ဆုံတွေ့ကြပြီ ။ ဘဝသစ် ကို စတင် နိုင်ပြီ လို့ ယုံကြည် နေကြတယ် ။ ဖခင် ဖြစ်သူ က ဝမ်းပန်းတသာ ကျူးရင့်တယ် ။

“ ကဲ ... အခုတော့ တို့ မိသားစု တွေ ပြန်လည် ဆုံတွေ့ကြပြီပေါ့ ....”

အဲဒီ အချိန် မှာ ပဲ ...အရာ အားလုံး ဟာ ပြာဝေဝိုးဝါး သူတို့ မိသားစုကလေး ပျောက်ကွယ် သွားပါတော့တယ် ။

ထူးခြားမှု တွေ ကို နောက်ပိုင်း ကာလ တွေ မှာ ထပ်ဆင့် ကြုံတွေ့ရ ပြန်ပါတယ် ။ ပျောက်ဆုံး သွား တဲ့ လှည်း ကုန်သည် တွေ ၊ ရဲမက် တွေ နဲ့ မိသားစု သုံးဦး ကို တစ်ကွဲ တစ်ပြား ပြန်လည် ရှာ တွေ့ကြလို့ပါပဲ ။ သူတို့ တွေ အားလုံး သက်ရှိထင်ရှား ရှိ နေကြပါတယ် ။ ဒါပေမဲ့ တစ်ယောက် တစ်နေရာ စီ ....

ခက်တာ က သူတို့ ကို ဘာမှ မေးလို့ မရဘူး။ သစ်ပင်ကြီး ရဲ့ နေရာ ကို လည်း သူတို့တွေ ရေရေရာရာ မပြောနိုင်ဘူး ။ သစ်ပင်ကြီး ဟာ အားလုံး အတွက် ဒဏ္ဏာရီ ဆန် နေပါတယ် ။ ဘယ်သူ က ဘယ်လို အမည် ပေး လိုက်သလဲ မသိပါဘူး ... ။ သစ်ပင်ကြီး ဟာ ‘ ဝေးကွာခြင်းသစ်ပင် ’ ဆိုတဲ့ အမည် နဲ့ကျော်ကြား နေပါတော့တယ် ။

တစ်နေ့ မှာ ....

မိဘဆွေမျိုး တွေ ရဲ့ ကန့်ကွက်တားဆီးမှု ကို ခံရတဲ့ ချစ်သူ နှစ်ဦး ဟာ အဲဒီ “ ဝေးကွာခြင်းသစ်ပင် ” ကြီး အောက် ကို မျက်စိ လည် လမ်း မှား ပြီး ရောက် သွားပါတယ် ။ ရုန်းကန် ပြေးလွှား လာရ သမျှ ကို သစ်ပင်ကြီး အောက် မှာ နားနေ အမောဖြေ ရင်း .... ကောင်လေး က မယုံမရဲ နဲ့ ....

“ တို့ အခု ရောက်နေတာ ဝေးကွာခြင်းသစ်ပင်ကြီး ရဲ့ အောက် ထင်တယ် ”

“ ဟုတ်တယ် .... ကြားဖူးတာ တွေ နဲ့ ကိုက်ညီနေတယ် အစ်ကို .... ညီမလေး အဲ့ဒါကို စဉ်စား နေတာ ”

“ အဲ့ဒါဆို လည်း တို့ တွေ ဆုတောင်း ကြည့်ကြတာပေါ့ကွာ ”

ချစ်သူ နှစ်ဦး တစ်ယောက် လက် တစ်ယောက် တွဲ လို့ ဆုတောင်း ကြတယ် ။

“ အို.... ဝေးကွာခြင်း သစ်ပင်ကြီး ကျွန်တော် ၊ ကျွန်မ တို့ ချစ်သူ နှစ်ယောက် အနေ နှင့် ဝေးသွားရမည် ဆို လျှင် လည်း အနီးကပ်ဆုံး သာ ဝေးကွာ ချင်ပါသည် ။ ကူညီ စောင့်မတော်မူပါ ”

အဲ့ဒီ အချိန် မှာ ပဲ အရာ အားလုံး ပြာဝေဝိုးဝါးပြီး သူတို့ နှစ်ဦး ပျောက်ကွယ် သွားတော့တယ်။

ကောင်လေး က သတိရ လာ တော့ လူသူ မနီး တဲ့ မြို့ပြ တစ်ခု မှာ၊ ချစ်သူ ကို အော် ခေါ်တယ် ။

“ ညီမလေး ...”

ပြန် ထူးသံ ကြားရတယ်။ အဝေးကြီး က မဟုတ်ဘူး။ သူ့ နောက်ကျော ကပ်လျက် က ။

“ ညီမ ဒီမှာ ရှိပါတယ် အစ်ကို .... ”

“ ဟာ.... ဒါဆို တို့တွေ ဘယ်မှာ ဝေးလို့လဲ .... ပျော်လိုက်တာ ညီမလေးရယ် ....”

သူ လှည့် ကြည့် လိုက်တော့ ကောင်မလေး ကို မတွေ့ရဘူး။ ထပ် ကြည့် လိုက်တယ်။ ထပ် လွှဲပြန်တယ် ။ နားလည်ရ ခက် သွားပြီ ။

“ ညီမလေး အစ်ကို တို့ ဘယ်လို ဖြစ်နေတာလဲ ”

“ ကျောချင်း ကပ် လျက် ဝေး နေကြတာ အစ်ကို ၊ နီးနီးလေး နဲ့ အဝေးကြီး ဝေး သွားပြီ ... ဝေးကွာခြင်း ရဲ့ ဗဟိုမှတ် ပေါ် ညီမလေး တို့ ရောက်သွားပြီ ....”

“ အို ..”

ကဲ .... အဲ့ဒီလို ဖြစ်နေရင် ဘယ်လို ကယ်တင်ကြ မလဲ .... ခက်တာ က “ ဝေးကွာခြင်း သစ်ပင် ” ရှိတဲ့ နေရာ ကို ဘယ် မြေပုံ ထဲ မှာ မှ အတိအကျ ထည့် ဆွဲ မထားဘူးလေ။

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment