Saturday, August 24, 2024

နောင်တတွေ တစ်လှေကြီး နဲ့ လူ




 

❝ နောင်တတွေ တစ်လှေကြီး နဲ့ လူ ❞

နောင်တတွေ သာ ပိုက်ဆံ ဖြစ်မယ် ဆိုရင် ကိုကိုဦး လောက် ချမ်းသာတဲ့ လူ လောကကြီး မှာ ရှိမယ် မထင်ပါဘူးလို့ သူ က မကြာခဏ ပြောလေ့ရှိတယ် ။ ကိုကိုဦး ဆိုတာ တစ်ချိန်က မန္တလေး ဇာတ်သဘင် လောက မှာ သိပ်ပြီး ကျော်ကြားထင်ရှား အောင်မြင် တဲ့ ဇာတ်မင်းသား တစ်ယောက်ပါ ။

ဇာတ်မင်းသား ဆိုရင် အောင်မြင်ပြီ ဆိုရင် ငွေတွေ သဲ့ယူ ရအောင် ဝင်လာမစဲ တသဲသဲ ။

တိုက်တွေ ၊ ဈေးဆိုင်ခန်းတွေ နဲ့ အဆင်ပြေပြေ နေဖူးခဲ့တဲ့ မင်းသားကိုကိုဦး ဟာ ယနေ့ အချိန် မှာ အခြား သူ ထူထောင်ထားတဲ့ ဇာတ်အဖွဲ့ တစ်ခု မှာ အခစား မန်နေဂျာ လုပ်နေပါတယ် ။

တစ်ချိန်က ရွှေထီး ဆောင်း ခဲ့ဖူးတဲ့ ဘဝ ကို ကိုကိုဦး က တမ်းတလွမ်းဆွတ် နေတာတော့ မတွေ့ရဘူး ။ လွန်ခဲ့တဲ့ အချိန် က ချွတ်ယွင်းခဲ့တာတွေ သင်ခန်းစာ ထုတ်နေတယ် ။ သူ့ လက်သုံးစကား ကတော့ “ နောင်တ တွေ သာ ပိုက်ဆံ ဖြစ်မယ် ဆိုရင် .. ” ဆိုတာပါပဲ ။

ကိုကိုဦး ပြောပြတဲ့ သူ့ ဘဝ ကတော့ ယခုလိုပါ ...  ။

ကျွန်တော် က မန္တလေး မှာ မွေးတာ ။ အဖေ က လူရွှင်တော် ဦးမိုးဟိန်း ။ ၁၄ နှစ် သားမှာ သဘင်အနုပညာ နဲ့ စ ထိတွေ့တာပေါ့ ။ မန္တလေး ပန်တျာကျောင်း က ဆင်းပြီးတော့ ဇာတ်မင်းသားကြီး ဘဘ ဦးစိန်လှမြိုင် ဆီ မှာ သုံးနှစ်တာ ပညာ သင်တယ် ။

နောက် ပွဲချစ်သူဇာတ် မှာ ကိုကိုဦး ဆိုတဲ့ နာမည် နဲ့ ခေါင်းဆောင်မင်းသား အဖြစ် ကတယ် ။ ဆရာဦးချမ်းငြိမ်းက အပြုံးမင်းသားလေး ဆိုတဲ့ သီချင်း တစ်ပုဒ် ရေး ပေးတယ် ။ အပြုံးမင်းသားလေး ကိုကိုဦး ဆိုပြီး တော့ နာမည် ထွက် လာတယ် ။ ၁၇ နှစ် ၁၈ နှစ်သားပေါ့ ။

လူငယ်ခြေတက် မင်းသားလေး အဖြစ် ပရိသတ် ကလည်း လက်ခံတယ် ။ အောင်မြင်မှု သရဖူ ဆောင်းချိန်ပေါ့ ။ နောက်တော့ ကျွန်တော်တို့ ခေါင်းဆောင် မင်းသားတွေ သုံးယောက် စုပြီး ပွဲ ဆိုမှ ပွဲ ဆိုတဲ့ အမည် နဲ့ ကပြတယ် ။

စိုးရာဇာ ၊ မင်းဇော် ၊ ကိုကိုဦး သုံးယောက်တွဲ နှစ်နှစ် က ပြီးတော့ အလင်္ကာ သဘင် အမည် နဲ့ ကိုယ်ပိုင်ဇာတ် ထောင်တယ် ။ ကိုယ်ပိုင်ဇာတ် က အောင်မြင်တယ် ။ ကျွန်တော့် မှာ တိုက်တွေ ၊ ဆိုင်ခန်းတွေ နဲ့ ဖြစ်လာတယ် ။ အဲသည် အချိန် က မန္တလေး သင်္ဘောတန်း မှာ တိုက် တစ်လုံး ရှိတယ် ။ သရက်ကုန်း မှာ တိုက် တစ်လုံး ၊ ဈေးချို ထဲ မှာ ဆိုင်ခန်း နှစ်ခန်း ရှိတယ် ။

ပွဲ တစ်ပွဲ ကပြီး သွားရင် ကျွန်တော် က မနက်ဖြန် အတွက် မစဉ်းစားဘူး ။ ခေတ်ကာလ ပေါ်တဲ့ အဝတ်အစားသစ် တွေ ဝယ် ၊ အပေါင်းအသင်း တွေ နဲ့ သောက်လိုက် စားလိုက် ၊ ပျော်လိုက် ပါးလိုက် ပေါ့ ။ ပိုက်ဆံ ဆိုတာ ရတုန်း စုဆောင်း ရမှာ မှန်း လည်း မသိဘူး ။ အိမ် ဝယ် ထားရမယ် ။ ကား ဝယ် ထားရမယ် ၊ ဆိုင်ခန်း တွေ ဝယ် ထားရမယ် ဆိုတာလည်း နားမလည်ဘူး ။ ကိုယ် ခပ်သောက် နေရတဲ့ ရေ ဟာ တစ်သက်လုံး စီးဆင်းလာ နေမယ့် ရေ ပဲ ။ ဘယ်အချိန် ခပ်သောက် ခပ်သောက် ရလိမ့်မယ် ထင် နေခဲ့တာပေါ့ ။

ကိုယ် ထောင် ထားတဲ့ အလင်္ကာဇာတ် ကလည်း လျှမ်းလျှမ်းတောက် ပွဲချီ တွေ က များသလား မမေးနဲ့ ။ ဇာတ်အဖွဲ့သား တွေ က မနားရလို့ ပွဲငှား လာတာ တောင် စိတ်ဆိုးတယ် ။ ကျွန်တော့် ဘေး မှာ လည်း လူတွေ ဝိုင်းဝိုင်းလည် နေတယ် ။ ညနေ ဆို ဘီယာဆိုင် သွားဖို့ လာ ခေါ်ကြတယ် ။ စင်တင်တေးဂီတ စားသောက် ဆိုင်တွေ ခေတ်စား တဲ့ အချိန်ပေါ့ ။ ကျွန်တော် က လည်း စားနိုင်သောက်နိုင် တာ ကို တစ်ဂုဏ် ထင်တာ ။ စားသောက်ဆိုင် သွားနိုင်တာ ကို လူရာ ဝင်လှပြီ ထင် နေတာ ။ ကိုယ် က ဇာတ်စင် ပေါ် ကနေ အသောက်အစား ၊ လောင်းကစား မကောင်းကြောင်း ထိုးဇာတ်တွေ နဲ့ သူများ ကို ပညာ ပေးပြီး ကပြ နေတာ ။ ကိုယ်တိုင် ဖြစ်ပျက် နေတာ ကို ကိုယ် ပြန် မကြည့်မိဘူး ။ ယောက္ခမ ၊ မိန်းမ နဲ့ ကျွန်တော့် မိသားစု က ကျွန်တော့် ကို ချစ်ကြ ၊ အလိုလိုက် ကြတယ် ။ ကျွန်တော် စိတ်ချမ်းသာရင် ပြီးရော ထားခဲ့တာ ။

ကျွန်တော်က အသောက်အစား ၊ လောင်းကစား ဖက် နေတယ် ။ မိန်းကလေး တွေ နဲ့ ပတ်သက်တာ တော့ မရှိဘူး ။ ကျွန်တော် စည်းစောင့်တယ် ။ ကျွန်တော် က ပျော်ပျော် နေရင်း သုံးတဲ့စွဲတဲ့ အထဲ ငွေ က ပါသွားတယ် ။ လုပ်ငန်း ထဲ ပြန် မထည့် မိဘူး ။ သည်လိုနဲ့ ကျွန်တော့် ကိုယ်ပိုင် ထောင် ထားတဲ့ အလင်္ကာ သဘင်အဖွဲ့ ဖျက်လိုက်ရတဲ့ အခြေအနေ ကို ရောက်လာတယ် ။

အလင်္ကာ ဇာတ်သဘင်အဖွဲ့ကြီး ကို ဖျက် လိုက်တော့ ကျွန်တော် ရစရာ ရှိတဲ့ ငွေ ကို စာရင်း ရှင်းပြီး ယူဖို့ သွားရတယ် ။ တစ်သိန်း ကျော် ရမှာ ။ အဲသည် အချိန် က ညနေစာ ထမင်းချက် ဖို့ ပိုက်ဆံ မရှိဘူး ။ ကျွန်တော် က မိန်းမ မပူနဲ့ ၊ ငါ ပြန်လာ မှ ချက်လို့ မှာခဲ့တယ် ။ ရစရာ ရှိတဲ့ နေရာ ကို ရောက်သွားတော့ ကျွန်တော် ပေးရမယ့် ကြွေးရှင် က လည်း လာပြီး ထိုင် စောင့် နေတယ် ။ ဒါနဲ့ ကျွန်တော် ပေးစရာ ရှိတာ ပေး လိုက်ပါတယ် ။

ကျွန်တော် ကြွေးတွေ ဆပ် တော့ ငွေပြန် ရတဲ့ သူ က ကျွန်တော့် ကို ငွေသုံးထောင် မုန့်ဖိုး ပေး လိုက်တယ် ။ တကယ်ဆို ကျွန်တော် ရစရာ ငွေတွေ ယူပြီး အိမ်ပြန် သွားရင် ငွေ တစ်သိန်း ကျော် ရမှာ ။ မိန်းမ က လည်း အိတ်ဖောင်းပြီး ပြန်လာမယ့် ကျွန်တော့် ကို မချက် မပြုတ် သေးဘဲ မျှော်နေတာ ။ ကျွန်တော့် အိတ် ထဲ မှာ သူများ ပြန် ပေးလိုက်တဲ့ မုန့်ဖိုး သုံးထောင် သာ ပါတော့တယ် ။

ကျွန်တော် လည်း စိတ်ညစ်ညစ် နဲ့ မန္တလေး အနောက်ပိုင်း က တာရိုး ပေါ် လျှောက် လာတယ် ။ ပြီးတော့ ကျောက်သပိတ် က နေ ဟို တစ်ဖက်ကမ်း ကူး သွားပြီး ပါလာတဲ့ငွေ ကို ပွား ဦးမယ် ။ ငွေထုပ် ပိုက်ပြီး မှ အိမ် ပြန်မယ် ဆိုပြီး ဂျင်ထိုး လိုက်တာ ပြောင်ရော ။ အိမ် ကို ငွေထုပ် ပိုက်ပြီး မပြန်နိုင်တဲ့ အပြင် ကိုယ့် အိမ် ရောက်ဖို့ ငှက် ၊ လှေသမား ကို တောင်းပန် အလကား စီးပြီး ပြန် ခဲ့ရတယ် ။ အိမ်ပြန် ရောက်တော့ ကိုယ့် ကို စောင့်မျှော် နေသူတွေ ရဲ့ မျက်နှာ မြင်ပြီး တစ်သက် မမေ့နိုင်တဲ့ နောင်တ ရတယ် ။

ကျွန်တော့် မှာ ရှိတဲ့ ပစ္စည်းလေးရယ် ၊ ကိုမင်းဇော် မှာ ရှိတဲ့ ငွေရယ် ၊ သူ့ မှာ ရှိတဲ့ လူ ကိုယ့် ရှိတဲ့ လူ တွေရယ် ပေါင်းပြီး မဟာ ဆိုတဲ့ ဇာတ် ကို စုပေါင်း စပ်ထောင် ကြတယ် ။ အောင်မြင်တဲ့ ဇာတ်ကြီး ဖြစ်လာတယ် ။

အောင်မြင် တော့ သွေးကွဲမှု ၊ စိတ်ဝမ်းကွဲမှု တွေ လည်း ဖြစ်လာတယ် ။ အခုမှ ပြန် ကြည့် လိုက်တော့ အစုစပ် လုပ်ငန်း လုပ်ပြီး စာရင်းဇယား ပြည့်ပြည့်စုံစုံ မထားတာ ၊ စိတ်ဝမ်းကွဲစရာ အဖြစ် အချက်တွေ တွေ့လာတယ် ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အနုပညာရှင်တွေ ရဲ့ နောက်မှာ ရပ်တဲ့ သူတွေ က ကျွန်တော်တို့ ချင်း သွေး ကွဲအောင် စကားတွေ ပြောကြတယ် ။ ကျွန်တော် တို့ ကလည်း နားလည်မှု မရှိဘဲ သူများ ပြောစကား ထဲ ပါ သွားတယ် ။

မဟာအဖွဲ့ ကားမှောက်ပြီး တာနဲ့ ကွဲသွားကြတယ် ။ ကျောက် ဆည် ပံ့သကူတောင် ပွဲ က နေ လွိုင်ကော် ကို ပွဲ အကူး မှာ ကား အက်စီးဒင့် ဖြစ်တာ ။

မဟာအဖွဲ့ ပျက်သွားတော့ ပန်တျာ ကိုမြကြည် ထောင် တဲ့ ရွှေပန်တျာဇာတ် မှာ ခေါင်းဆောင် မင်းသား အဖြစ် ကျွန်တော် ပြောင်း ပြီး ကတယ် ။ နောက်နှစ် မှာ လူငယ် မင်းသား တွေ အဖြစ် ကိုကိုဦး ၊ ချစ်ကိုနိုင် ၊ လှိုင်ဘွားအောင် တို့ ဆက် ကကြတယ် ။

အနုပညာ ကို မြတ်နိုးပေမယ့် ကျွန်တော့် အသက် က ၃၅ နှစ် ရှိပြီ ။ ခေတ် က လူငယ်လေးတွေ ကို နေရာပေး ၊ ဦးစားပေး ရတော့မှာ ။ ဒါကြောင့် နောင်နှစ် မှာ လှိုင်ဘွားအောင် ကို ပွဲထုတ် ပြီး ကျွန်တော် က အဲသည် အဖွဲ့ မှာ ဇာတ်မန်နေဂျာ အဖြစ် ပြောင်း လုပ်တယ် ။

ဇာတ်မန်နေဂျာ ဆိုတဲ့ အလုပ် ကို အချို့ က လည်း လွယ်တယ် ထင်ကြတယ် ။ နယ် က ပွဲငှား လာရင် ကရမယ့် နေရာဟာ ဘယ်နှမိုင် ဝေးတယ် ။ ဘယ်လမ်း က လမ်းသာတယ် ။ လမ်း မှာ တံတား ဘယ်နှစ်စင်း ဖြတ်ရမယ် ဆိုတာ က အစ သိရ ပါတယ် ။ တစ်နေရာ နဲ့ တစ်နေရာ ပွဲကူးရင် အချိန် ဘယ်လောက် လိုတယ် ဆိုတာ လည်း တွက်တတ်ချက်တတ် ဖို့ လိုသေးတယ် ။

ကျွန်တော့် မှာ သားသမီး ငါးယောက် ရှိတယ် ။ သား သုံးယောက် ပါတယ် ။ ဇာတ်သဘင် ဝါသနာ ပါကြတယ် ။ သူတို့ ကို ကြုံကြိုက်တဲ့ အခါ ကျွန်တော် ရခဲ့တဲ့ သင်ခန်းစာတွေ ကို ပြန် ပြောပြတယ် ။ ကျွန်တော် မှားခဲ့တဲ့ အမှား မျိုး သူတို့ မမှားအောင်ပေါ့ ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment