❝ ကြိုတင်ကာ သိခွင့်ရလျှင် ❞
━━━━━━━━━━━━━━━
မျက်သွယ်
━━━━━━━━━━━━━━━
သူငယ်ချင်းလေးရယ် ... ။
နင် နဲ့ ငါ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြသလို သူ နဲ့ ငါ ဟာလည်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ် ။ ဒီတော့ နင် နဲ့ ငါ ၊ ငါ နဲ့သူ ၊ သူ နဲ့ နင် ဟာ သိပ်ခင်ကြတဲ့ အဖွဲ့ကလေး တစ်ဖွဲ့ပေါ့ ။ တစ်ခု ခက်နေတာက ငါတို့မိန်းကလေး နှစ်ယောက်အကြား မှာ နင် ကတစ်ယောက်တည်း သော ယောက်ျားလေး ဖြစ်နေတာပဲ ။ တကယ်လို့ ငါတို့ နှစ်ယောက်က ယောက်ျားလေးတွေ ဖြစ်နေရင် သိပ်ကောင်းမှာ ။ ဒါမှမဟုတ် နင် က မိန်းကလေး ဖြစ်နေရင် သိပ်ကောင်းမှာ ။ ခုတော့ ရှေးရိုးအစဉ်အဆက် က ရိုးအီဆွေးမြည့်နေတဲ့ ပုံစံအတိုင်း သူငယ်ချင်း သုံးယောက် ရှိလေသည် ဆိုတဲ့ ထူးမခြားနားခေါင်းစဉ် အောက်မှာ သုံးနားညီတြိဂံ ဇာတ်လမ်းကလေး ဖြစ်ပေါ် လာခဲ့ရတယ် ။
ဘယ်သူ့ ဘယ်သူ မှ မယုတ်လျော့တဲ့ ခင်မင်ခြင်းဒီဂရီတွေရယ် ၊ ဘယ်သူ့ ဘယ်သူမှ မပိုသာတဲ့ တွယ်တာခြင်း ပေအရှည်တွေရယ် နဲ့ တစ်နှစ်ပြီး တစ်နှစ် ချစ်ခင်စည်းလုံး ခဲ့ကြတယ် ။
ငါတို့ ရဲ့ရပ်ကွက်ကလေး မှာ ငါတို့ သုံးယောက် မရောက်ဘူးတဲ့ နေရာ မရှိ သလို ငါတို့သုံးယောက် မထိုင်ဘူးတဲ့ လက်ဖက်ရည်ဆိုင် လည်း မရှိပါဘူး ။ မဝယ်ဘူးတဲ့ စတိုးဆိုင် ၊ မငှါးဘူးတဲ့ စာအုပ်အငှါးဆိုင် ၊ ကတ်ဆက်ခွေ နဲ့ ဗွီစီဒီအငှါးဆိုင် ၊ မကြည့်ဘူးတဲ့ ရုပ်ရှင်ရုံ မရှိတော့ သလို ငါတို့ သုံးယောက် မဖူးဘူးတဲ့ဘုရား ၊ မနားဘူးတဲ့ အပန်းဖြေဥယျာဉ် လည်း မရှိတော့ပါဘူး ။ ပတ်ဝန်းကျင်လူအများ က ငါတို့ ကို မောင်နှမတွေလား ၊ သမီးယောင်းမတွေလား ၊ အချစ်ဆုံးသူငယ်ချင်းတွေပဲလား လို့ တအံ့တဩ စူးစမ်းအကြည့် တွေနဲ့ ကြည့်ယူရတဲ့ အထိပါပဲ ။
••••• ••••• •••••
တကယ်ဆိုရင် သူ နဲ့ ငါ က ဒီကျောင်း ရဲ့ ကျောင်းခံ လူတွေပါ ။ နင် က တော့ တခြား မြို့ကလေး ကနေ ပြောင်းရွှေ့လာတဲ့ ကျောင်းသား အသစ်ကလေးပေါ့ ။ ကျောင်းတွေ စဖွင့် ပြီးလို့ တစ်လနီးပါးလောက် ကြာမှ နောက်ကျစွာရောက်လာတဲ့ နင့် လို ဝန်ထမ်း သားသမီး ကို ဆရာမတွေ က စာနာညှာတာစွာ နဲ့ ငါတို့ နှစ်ယောက် ရဲ့ လက် ထဲ အပ်နှင်းခဲ့ ကြတယ် ။ ငါ နဲ့ သူ က စာတော်တယ် ၊ ကျောင်းတက်မှန်တယ် ၊ လက်ရေးလှတယ် ၊ စိတ်ရှည်တယ် ဆိုတဲ့ နာမည်ကောင်း တွေ ရှိကြတာမို့ နင် မမှီလိုက်တဲ့ ကျောင်း သင်ခန်းစာ တွေ ကို ငါတို့ ဝိုင်းဝန်းဖြည့်ဆည်း ပေးခဲ့ကြရတယ် ။
ငါတို့ သုံးယောက် ကျောင်းတက်ကြတော့မယ် ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာ က ကျောင်းနဲ့ အဝေးဆုံးဖြစ်တဲ့ ငါ က ကျောင်း နဲ့ အိမ် မဝေးတဲ့ နင့် ကို ဝင်ခေါ်ရမှာ ။ ပြီးတော့ ငါတို့ နှစ်ယောက် က ကျောင်း နဲ့ အနီးဆုံးမှာ နေတဲ့ သူ့ ကို ဝင်ခေါ်ရမှာ ။ ကျောင်းပြန် မယ်ဆိုရင်လည်း ဒီအတိုင်းပဲပေါ့ ။
ကျောင်း နဲ့ အနီးဆုံး သူ့ ကို ပို့ပေးပြီးတော့မှ ငါ့တို့ နှစ်ယောက် တွဲပြီး ကျောင်း နဲ့ မနီးမဝေးက နင့် အိမ်ကို အတူထူပြန်ကြရမှာ ။ နောက်တော့ မှ ကျောင်း နဲ့ အဝေးဆုံး ငါတစ်ယောက်တည်း ငါ့ အိမ် ကိုပြန်ရမှာ ။ ခုတော့ ဒီလိုမဟုတ်ပါဘူး ။ အများတကာ မျက်စိ နောက်စရာ ကောင်းလောက်အောင် ကို ငါတို့ တတွေက ကျောင်းလမ်း တစ်လျှောက် ရှုပ်ယှက်ခတ်နေကြတာပဲ ။ သူ က နင့် အိမ် ကို လိုက် ၊ နင် က ငါ့ အိမ် ကို လာလိုက် ။ ငါ က သူ့ အိမ် သွားလိုက်နဲ့ ၊ အိမ် တကာ့ အိမ် သွားလာနေကြတာများ ရယ်စရာလည်း ကောင်းရဲ့ ၊ ပျော်စရာလည်း ကောင်းပါရဲ့ ။
ဖေဖေ နဲ့ မေမေ က မုန့် တစ်ခုခု ကျွေးရင်လည်း ငါတို့မှာ မစားရက် မသောက်ရက် ဖြစ်ကြရတယ် ။
“ တစ်ခုတည်း ဆိုရင်တော့ ကျွေး မနေပါနဲ့တော့ မေမေ ရာ ။ ကျွေးနိုင်မယ် ဆိုရင် သုံးခု ကျွေးပါ ”
အဲဒီလို ဖွင့်ဟ ပြောတတ်ကြတဲ့ အထိ မျိုမကျအောင် ဖြစ်ကြရတယ် ။ မုန့် ဆို ရင် သုံးခုရမှ ကျောင်း အထိ ယူလာပြီး ဝေစားခဲ့ကြတာ ။ တကယ်လို့ အဲဒီ မုန့် က သိပ် အဖိုးတန် နေတယ် ။ တစ်ခုတည်း ပေးနိုင်မယ် ဆိုရင် သုံးဖဲ့ ဖဲ့စားတတ်ကြတာ ။ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ သူလည်း ဒီလိုပဲ ။ နင် လည်း ဒီလိုပါပဲ ။ အဖေ အမေ တွေ အံ့ဩယူ ရတဲ့အထိ ငါတို့ သုံးယောက် သည်းသည်း လှုပ်ခဲ့ ကြတာလေ ။
••••• ••••• •••••
သူငယ်ချင်းလေးရယ် ။
ငယ်ငယ်တုန်း ကတော့ ဘယ်မှာ ပြဿနာ ရှိပါ့မလဲ ။ သည်းချင် သလောက် သည်းစမ်း ၊ ကဲချင် သလောက် ကဲစမ်း ။ ပြဿနာ ဆိုတာ အရွယ်လေးတွေ ကိုယ်စီ ရလာ ကြတော့မှ စ လာတော့တာပဲ ။ ငါတို့ အချင်းချင်း ဘယ်လောက်ပဲ ရင်းနှီးဖြူစင် စမ်းပါစေ ၊ ပတ်ဝန်းကျင် က အရောင်တွေ ဆိုးပေးလာပြီပေါ့ ။
“ ဘယ်သူ နဲ့ ဘယ်သူက ဘာလဲ ” တဲ့လေ ။
“ ဘယ်သူ နဲ့ ဘယ်သူမှ ဘာမှမဟုတ်ဘူး ”
ဒီလို ဖြေကြတာကို မယုံသလိုပုံစံမျိုး နဲ့ မခံချင်စရာကောင်းလောက်အောင် ခနဲ့ ခဲ့ကြတယ် ။
“ ခုအချိန်မှာ ဘာမှ မဟုတ်ကြသေးရင်လည်း ၊ နောက်တစ်ချိန်မှာ တစ်ခုခု ဖြစ်ကြမှာပါ ”
“ ဘယ်အချိန် မှာ မှ ဘာမှ မဖြစ်စေရဘူး ”
ငါတို့ သုံးယောက်လုံး ခေါင်းမော့ ရင်ကော့ပြီး တညီတညာတည်း နှုတ်လှန်ထိုးခဲ့ ကြတယ် ။ ဒါပေမယ့်ကွယ် ၊ ငါတို့ရဲ့ ဖြူစင်မှုတွေ ကို ရာသီကာလ သဘာဝတရားကြီး က အရောင်ဆိုး လို့ အရိပ်တွေထိုးပေးခဲ့တယ် ။ စတင် ဖောက်ပြန် လာသူ ကတော့ သူ ပါပဲ ။
သူ က အစ ကတည်း က ပျော့တယ် ။ ပျော့ပျော့နွဲ့နွဲ့အေးအေးငြိမ်ငြိမ်ကလေး နဲ့ မလှုပ်တလှုပ် နေတတ်တဲ့ သူ က ခံစားစရာ ရှိရင် နင် တို့ ငါ တို့ ထက် ပိုပြီးခံစား တတ်တယ် ။ အရွယ်ရိုင်း ရဲ့လှုပ်ခတ်စိတ် က သူ့ ရင် ထဲ ကို အရင်ဦးဆုံး ဝင်လာခဲ့ပြီလေ ။ သူ့ မျက်နှာလေး လှ သထက် လှအောင် သနပ်ခါးညီညီလေး လိမ်းတတ်လာပြီလေ ။ သူ့ ပါးပြင်လေး ဖောင်း သထက်ဖောင်းလာအောင် ပါးကွက်ကလေးတွေ ကွက်တတ် လာပြီ ။ သူ့ ဆံပင်လေး စွဲလမ်းစရာ ကောင်း သထက် ကောင်းအောင် ဖဲကြိုးလေးတွေ ချည် ၊ ဖဲပြားလေးတွေ တပ်လို့ ၊ ကလစ်ရောင်စုံလေးတွေ ညှပ်တတ်လာပြီ ။
သူ့ မျက်လုံး ထဲ မှာ ဘာအရောင်မှန်း မပြောတတ်တဲ့ အသွေးအရောင်တွေ နဲ့ တဖိတ်ဖိတ် လက်နေသလို သူ့နှုတ်ခမ်းလေး မှာ လည်း ဘာအရည်တွေ မှန်း မသိတဲ့ အရည်တွေ နဲ့ စိုလူး နေပြီမို့ သူစကား ပြောရင် သိပ် ချစ်စရာကောင်းတာပါပဲ ။ သူ ပြော သမျှ စကား ထဲ မှာ လည်း နင့် အကြောင်း မပါတဲ့ စကားရယ်လို့ မရှိတော့အောင် သူ့ စိတ် တွေ မှာ နင် က သာ လွှမ်းမိုးနေတော့တယ် ။ နင် ဘာဝတ်တယ် ၊ နင် ဘာပြောတယ် ၊ နင် ဘယ်သူနဲ့ ရန်ဖြစ်တယ် ၊ နင် ဘာလုပ်တယ် နဲ့ သူ့ ခေါင်းထဲမှာ နင် ချည်းပဲ ရှိနေ တယ် ။
နင့် အတွက် သူ ဘာဝယ်ပေးချင်တယ် ၊ နင့် အတွက် သူဘာဖြစ်စေချင်တယ် နဲ့ ၊ အိုကွယ် သူ့ မှာလေ နင့် အတွက် ထားလိုက်တဲ့ စေတနာတွေ ၊ အတွယ်အတာ သံယောဇဉ်တွေ ၊ ငါ တောင် မြင်နေရသေးတာ ၊ နင် မမြင်ဘူးလားဟယ် ။ သူ ဒီလို ဖြစ် နေတာတွေ သူ့ ဟာ သူ ရင် ထဲ မှာသိမ်း ထားရင်လည်း အကောင်းသား ၊ ခုတော့ ထိန်းချုပ် မရနိုင်စွာနဲ့ ၊ ငါ့ ဆီ မှာ လာလာပြီး ရင်ဖွင့် နေတော့တယ် ။ အေးလေ , သူ နဲ့ ငါ က အချစ်ဆုံး သူငယ်ချင်းတွေပဲ ။ အမေတွေ အစ်မတွေကို ဖွင့်ပြောလို့ မဖြစ်တဲ့ ကိစ္စ မျိုးကို ငါ့ ဆီ မှာပဲ လာပြီးရင်ဖွင့်ရတော့မှာပေါ့ ။
“ ငါ သူ့ ကို သိပ်ပြီး သံယောဇဉ် ကြီးနေပါပြီ သူငယ်ချင်း ရယ် ။ တကယ်လို့သူ သာ တခြား , မိန်းကလေးတစ်ယောက် နဲ့ ချစ်သွားမယ်ဆိုရင် ငါ ချက်ချင်းသေသွား နိုင်တယ် ။ ငါ နောက် မကျချင်ဘူး ။ ငါ့ ဘက် က လှုပ်လှုပ်ရှားရှား ဖြစ်နေရ သလောက် သူ့ ဘက် ကတော့ အေးအေးတည်ငြိမ်လိုက်တာ ။ သူ့ ရင်ထဲ မှာ ချစ်တတ်တဲ့ နှလုံးသား မှ ပါလာရဲ့လား မသိဘူး ။ ယောက်ျားလေး လုပ်နေပြီး ပွင့်လင်းမှုလည်း မရှိဘူး ။ နင် အကဲခတ် ပေးစမ်းပါ ။ သူ ငါ့ကို ချစ် မှ ချစ်ရဲ့လား ။ ဒီလောက်တောင် ရင်းနှီးကြပြီးမှ စိမ်းကားရက်စက်မယ်တော့မထင်ပါဘူးနော် ”
စိတ်ညစ်လိုက်တာ သူငယ်ချင်း ရယ် ။ သူ့ ရင် ထဲမှာ မော မမော တော့ မပြော တတ်ဘူး ။ ငါ့ နား ထဲ မှာ တော့ တော်တော့် ကို မောသွားရပါတယ် ။ သူ့ ကို လည်း အရမ်း သနား သွားမိပါတယ် ။ ဒါကြောင့်မို့ ငါ လေ သူ့ ကိုအတတ်နိုင်ဆုံး အားပေးလိုက် ပါတယ် ။
“ သူ ကိုယ်တိုင် က လည်း နင့် အပေါ် ချစ်နေမှာပါ ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ် တတ်တာပဲ ။ ပညာ က လည်းမစုံကြသေး ၊ ကိုယ်ပိုင် ဝင်ငွေကလည်း မရှိကြသေး ဆို တော့ အချိန် စောင့် နေတာဖြစ်မှာပါ ။ ဒီလောက်တောင် တတွဲတွဲ နေလာကြတာ ၊ သူ နင့် အပေါ်ဘယ်လိုမှ မစိမ်းကားနိုင်ပါဘူး ။ အစစအရာရာ ပြည့်စုံတဲ့ တစ်နေ့ ကျရင် သေသေချာချာ ဖွင့်ပြောမှာပါဟယ် ”
သူ့ ရင် ထဲ မှာ ဖြေသိမ့်နိုင်မယ့်စကားတွေ , ငါ ရွေးပြီး ပြောပေးလိုက်ပါတယ် ။ ဒါပေမယ့် သူငယ်ချင်းရယ် , သူ့ ကို ငါ အားပေး နေလျက် က ငါ ကိုယ်တိုင် အားတွေ ယုတ်လျော့ လာရတယ် ။ သူ့နှုတ်ခမ်းဖျား မှာ အပြုံးပွင့်တွေ ဝေဝေ လာတာ နဲ့ အမျှ ငါ့နှုတ်ခမ်းဖျား က အပြုံးပွင့်တွေ ကြွေကြွေ လာခဲ့ရတယ် ။ သူ့ မျက်ဝန်းလေးတွေ တဖိတ်ဖိတ် လက် လာတာ နဲ့ အမျှ ငါ့ မျက်ဝန်းလေးတွေ ညှိုးမှိန်ရီဝေ သွားခဲ့ပါတယ် ။ သူ့ ရဲ့ ရယ်သံ လေးတွေကတော့ ရင် ထဲ မှာ ပဲ့တင်ထပ်ခဲ့ရပါပြီ ။
••••• ••••• •••••
ပိတောက် ၊ စိန်ပန်း ၊ စံပယ် ၊ သဇင်ပန်းကလေး တွေအလှည့်ကျ ပွင့်သွားတယ် ။ နေခြည် မိုးစက် နဲ့ နှင်းမှုန်လေးတွေ တစ်လှည့်စီ လာလည်သွားခဲ့ကြတယ် ။ နာရီ လက်တံကလေးတွေ ဝိုင်းကြီးပတ်ပတ် ကခုန်ရင်း ပြက္ခဒိန်စာရွက်ကလေးတွေ အဝတ်ဟောင်းချွတ်လို့ အဝတ်သစ် လဲဝတ်ကြတယ် ။ ငါ ကြိုတင်မျှော်လင့်ခဲ့တဲ့ အတိုင်း ငါ့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေး ပြိုပျက်တဲ့ နေ့ ကို တွေ့ရကြုံရပါပြီ ။
“ သူ က ငါ့ ကို လက်ထပ်ခွင့်တောင်းတယ် ။ မယုံနိုင်စရာပဲ ။ ပျော်လိုက်တာသူငယ် ချင်းရယ် ”
အသံတွေ တုန်ခါနေအောင် အပျော်လွန် နေတဲ့ သူ့ ကို ငါ ပြုံးကြည့်နေရတယ် ။ သူ့ဟန်ပန်လေး က မြူးကြွလန်းဆန်း နေလိုက်တာ ။ ပျော်ရွှင်နိုင်ပါစေ သူငယ်ချင်း မလေးရယ် ။ နင် , အဲဒီလိုမျိုးပြုံးနေပျော်နေအောင် ဖန်တီးပေးလိုက်တာ ငါ ပါလို့ ဘယ်လိုလုပ်ပြီး ဖွင့်ပြောရက်မှာလဲ ။ ငါ့ ကျေးဇူးကြောင့် ဒီလို ဆုထူး တစ်ခု ကို ပိုင်ပိုင် ကြီးရခဲ့တာလို့ ငါ့ ကိုယ် ငါ ဖော် မသူတော်လုပ်လို့ဖြစ်နိုင်ပါ့မလား ။ သူ မသိနိုင်တာ တစ်ခုတော့ ရှိနေခဲ့ပါတယ် ။သူ နင့် ကို လက်ထပ်ခွင့် မတောင်းခင် အချိန်တွေ အများကြီး စောစီးစွာကတည်းက နင်က ငါ့ ကို ချစ်ရေးဆိုခဲ့တာ ။
ဒါကို ငါ ဘယ်တော့မှ ဖွင့်မပြောဘူး ။ နင် လည်း ဘယ်တော့မှ ဖွင့်မပြောရဘူးလို့ ငါ ကတိ တောင်းထားခဲ့တယ် ။ နင် နဲ့ ငါ အပြန်အလှန်ပြောခဲ့ကြတဲ့ စကားလေးတွေသူ ဘယ်တော့မှ မသိစေရဘူး ။ ငါတို့ သစ္စာရှိကြမယ် ။
“ နင် ငါ့ကို တကယ် ချစ်တာလား ”
“ တကယ့်ကို မြတ်မြတ်နိုးနိုးချစ်တာပါ သူငယ်ချင်းရယ် ”
“ ဘယ်လိုနည်းမျိုးနဲ့ သက်သေပြမှာလဲ ”
“ နင် ဖြစ်စေချင်တဲ့အတိုင်း အကုန် ဖြည့်ဆည်းပေးမယ် ”
“ နင့် ကတိ တည်ပါစေနော် ”
“ အေးပါ ။ သမုဒ္ဒရာရေ ကုန်အောင် သောက်ပြပါတို့ ... ၊ မိုးကောင်းကင်က လမင်းကို တက်ယူပြပါတို့ ... ၊အဲဒီလို မဖြစ်နိုင်တာတွေကိုတော့ မခိုင်းနဲ့ပေါ့ဟာ ”
“ ငါ ဘယ်တုန်းက ကလေးကလား စကားတွေပြောဖူးလို့လဲ ။ ကဲ , သေသေချာချာ နားထောင် ။ နင် ငါ့ကို လှိုက်လှိုက်လှဲလှဲ ချစ်တယ် ဆိုရင် သူ့ ကို လက်ထပ်ပြပါ ”
“ ဘာ , နင် ဘယ်လို ပြောလိုက်တာလဲ ”
“ ငါ နှစ်ခါ မပြောပါရစေနဲ့ ။ ငါ့ကို ခွင့်လွှတ်ပါ ။ နင့် ကို ငါကတိ တည်တဲ့ ယောက်ျား တစ်ယောက် အဖြစ် လေးစားချင်ပါတယ် ”
နင့် မျက်နှာလေး ကို ငါ မကြည့်ရက်တာကြောင့် ပြောပြီးတာနဲ့ ချက်ချင်းပဲ ကျောခိုင်းလှည့်ထွက်ခဲ့ပါတယ် ။ နင် တစ်ယောက်တည်း ဆွေးမြည့်သွားရတာ မဟုတ် ပါဘူး ။ ငါလည်း အသေအလဲ ကြေကွဲခဲ့ရတာပါပဲ ။
ဒါပေမယ့် သူငယ်ချင်း ရယ် ။ နင် ရော ငါ ရော က ပြည့်စုံကြတဲ့ သူတွေပါ ။ မိစုံ ဖစုံ ပစ္စည်းအစုံနဲ့ အစစအရာရာ ပြီးပြည့်စုံတဲ့ သူတွေပါ ။ သူ့မှာ က မပြည့်စုံဘူး ။ သူ ငယ်ငယ်ကလေးတည်းက သူ့အဖေ နဲ့ အမေ က ကွဲကွာသွားခဲ့ကြတယ် ။ စီးပွားရေး အခြေအနေ ကလည်း တော်တော်လေး ယိမ်းယိုင်နေတယ် ။ ဒီကြားထဲ နင် နဲ့ လွဲရဦးမယ်ဆိုရင် သူ့ ဘဝလေး ပျက်စီးသွားနိုင်ပါတယ် ။ စိတ်ရောလူပါ လေလွင့် သွားနိုင် ပါတယ် ။
အစ ကတည်းက သူ့ အဖေ ကို စိတ်နာနေရတဲ့ အထဲ နင့် ကိုပါ စိတ်နာ သွားရင် မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ် ။ နင်နဲ့ သူ ဆုံစည်းခွင့်ရလိုက်ခြင်းအားဖြင့် သူ့ အပျော်လေးတွေ တည့်တံ့နိုင်ပါစေ ။ သူ့ဘဝလေး စိုပြည်နိုင်ပါစေ ။
နင် နဲ့ ငါ ကတော့ နောက်ဆို တဖြည်းဖြည်း နဲ့ ဝေးကွာသွားကြရမှာပါ ။ တဖြည်းဖြည်း နဲ့ဝေးမသွားကြရခင် အချိန်ကလေး ၊ ငါတို့ တစ်တွေ ခွဲမသွားရခင် အချိန်ကလေး ၊ နင်နဲ့သူ တရားဝင် လက်မထပ်ခင်အချိန်ကလေးမှာ ငါ တစ်ခုတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါ့မယ် ၊ ဒီ ... ဝန်ခံချက်ကလေးကို ကြားရရင် နင်ကျေနပ်ပါစေ ။ ဖြေတတ် ပါစေ ”
“ ငါ နင့် ကို သိပ်ချစ်ပါတယ် သူငယ်ချင်းရယ် ”
••••• ••••• •••••
နင်တို့ နှစ်ယောက် ရဲ့ မင်္ဂလာခရီး မှာ ငါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ ပါတယ် ။
နင်တို့ ရဲ့ မင်္ဂလာဦးနေ့ အစ ကနေ မင်္ဂလာသက်တမ်းတစ်လျှောက်လုံး အသက် ထက်ဆုံး တိုင် ခမ်းနားပြည့်စုံစေချင်တာ ငါ့ ရဲ့ စေတနာ အမှန်ပါ ။ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေ ဆိုတာလည်း မင်္ဂလာရက် မတိုင်ခင် ဖိတ်စာတွေ ဝေပြီး ကတည်းက အလျှို အလျှိုရောက်လာကြတာပါပဲ ။ အင်္ကျီ ၊ လုံချည် ၊ ထီး ၊ ဖိနပ် ၊ အယ်လ်ဘမ် ၊ ဓာတ်ပုံ ထောက်တိုင်ကလေးတွေ အမျိုးအမည် စုံလင်လှသလို ပန်းကန်ခွက်ယောက် ၊ ဖန်ခွက် ၊ ဒယ်အိုး ဒန်အိုး ၊ မီးဖို ၊ မီးပူ ၊ ထမင်းပေါင်းအိုး ၊ နာရီအကြီးအသေး စုံလင်လှ ပါသည် ။
မင်္ဂလာပွဲ ကျင်းပတဲ့ ရက် မှာကတော့ အစည်ကားဆုံးပဲပေါ့ ။
ရွှေကြိုး ငွေကြိုး တားကြ ခဲဖိုးတောင်းကြ ၊ ရယ်ကြမောကြနဲ့ ဆူညံပွက်လောရိုက် နေတော့တာပါပဲ ။ ငါ တောင်မှ နင်တို့ နဲ့ရောပြီး ပျော်နိုင်ခဲ့သေးတယ် ။ ညမိုးချုပ်တော့ လူစုခွဲကြရပြီ ။ နေရောင်ညိုလာတာ နဲ့ အမျှ အပျော်ကလေးတွေ ညှိုးဖျော့လို့ ။ မိုးချုပ်လာတာ နဲ့ အမျှ ဟန်ဆောင်အပြုံးတွေ ချုပ်ငြိမ်းကြရပြီ ။ နင် သိပ်ကို မျက်နှာ ပျက်လာတာ ဘယ်သူမှ မသိပေမယ့် ငါ သိပါတယ် သူငယ်ချင်းရယ် ။
နောက်ဆုံး နင်တို့ နှစ်ယောက် လက်ကလေး တပြပြ နဲ့ ကျန်ရစ်ခဲ့ကြတယ် ။
ရှေ့ဘဝ ခရီး တစ်လျှောက် နင်တို့ နှစ်ယောက်တည်း လျှောက်ကြရမှာ ။
ငါ မပါနိုင်တော့တဲ့ လမ်း ၊ ငါ မပါသင့်တော့တဲ့ လမ်း မို့ အပြုံးနွမ်းကလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ် ။ ငါ လေ, အိပ်ဆေးတွေ သောက်ပြီး အဲဒီ ညကလေး ကို ကျော်ဖြတ် ရတော့မှာပါ ။ အိမ်သားတွေကိုလည်း သေသေချာချာမှာထားတယ် ။ ငါ့ကို မနှိုးကြပါနဲ့ ။ ငါ အကြာကြီး အိပ်ပါရစေလို့ ။
ဒီလိုသေသေချာချာ မှာထားလျက်နဲ့ မေမေ က ငါ့ကို မရမက နှိုးတယ် ။ အရေးသိပ်ကြီးတယ်တဲ့လေ ။
အိပ်ဆေးရှိန် မပြယ်သေးလို့ မူးဝေနေတဲ့ ငါ ဟာ မေမေ့စကားကြောင့် ချက်ချင်းပဲ နိုးကြားသွားခဲ့ရပါတယ် ။
“ ဟိုနှစ်ယောက် ည က ကွဲသွားကြပြီ ... တဲ့ သမီးရယ် ။ စိတ်မကောင်းလိုက်တာ ”
ဟာကွာ ၊ ဒါက ဘယ်လိုဖြစ်ရတာလဲ ။ ဘာတွေ မှားယွင်းကုန်ပြီလဲ ။ အဲဒီအမှားကို ဘယ်သူက မှ ဝိုင်းဝန်းပြီး ပြင်ဆင် မပေးကြဘူးလား ။ မစေ့စပ်ကြဘူလား ။ မညှိနှိုင်းပေး ကြဘူးလား ။ ငါချက်ချင်းပဲ သူ့ မေမေဆီ တယ်လီဖုန်း ဆက်ပြီး သတင်း မေးလိုက်ပါ တယ် ။ ငိုရင်းရှိုက်ရင်းနဲ့ သူ့ မေမေ က ပြောပြသမျှ အစအဆုံး နားထောင်ပြီး အဓိပ္ပါယ် နားလည်သွားခဲ့ရပါတယ် ။
သူငယ်ချင်း အားလုံး အိမ်ပြန်တော့ သူ့ မေမေ ရဲ့ အိမ်ကလေးထဲမှာ နင် နဲ့ သူ ကျန်ရစ်ခဲ့ကြတယ်တဲ့ ။ နင်တို့နေရမယ့် အခန်းကလေး ထဲဝင်လို့ မင်္ဂလာခုတင်ပေါ် လည်း ရောက်ရော နင် အရမ်းပေါက်ကွဲခဲ့တယ်တဲ့ ။ အရက်ဘီယာ တစ်ခွက်တစ်စက် မှ မသောက်ဘဲရမ်းကား ပေါက်ကွဲခဲ့တာ... တဲ့လေ ။
မင်္ဂလာခုတင် ကို စေ့စေ့ကြည့်ရင်း နင်, ဝုန်းဒိုင်းကြဲတော့တာပဲတဲ့ ။
ခေါင်းအုံးတွေ စောင်တွေကို လွှင့်ပစ်တယ် ။ အိမ်ရာခင်းတွေကို ဆွဲဖယ်တယ် ။ ဇာခြင်ထောင်ကို ဖြုတ်ချတယ် ။ ပြီးတော့ ယောက်ျားတန်မဲ့ ရှိုက်ကြီးတငင်ငိုချတယ် ... တဲ့ ။ နင့် နှုတ်ဖျားက ဘာအပြစ်တင်စကား မှ ထုတ်မပြောပေမယ့် နင့် ရင်ထဲ က လျှို့ဝှက်ချက် ကို သူ သိသွားပြီပေါ့ကွယ် ။ နင့် လျှို့ဝှက်ချက်ကို သူ သိသွားမှတော့ သူနင့် ကို ဘယ်လိုလုပ်ပြီးဆက်ပေါင်းချင်တော့မှာလဲ ။ ငယ်ငယ်တုန်းကသာ မုန့်ကလေးတွေ ဝေစားနိုင်ပေမယ့် ခုအရွယ် မှာ အချစ်ကလေး တစ်ချစ် ဘယ်လိုလုပ် ပြီး ဝေချစ်နိုင်မှာလဲ ။
သူငယ်ချင်းလေးရယ် ။
ငါ အရမ်းပဲ စိတ်မကောင်းဖြစ်ရပါတယ် ။
တစ်သက်တာ ရူးရတော့မယ့်အဖြစ်မှာ နောက်ဆုံး အနိုင် နဲ့ပိုင်းမယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုး လုံးဝ မရှိခဲ့ရိုး အမှန်ပါ ။ စေတနာ အစစ်အမှန် နဲ့ ရက်ရက်ရောရော ပေးဆက် ခဲ့တဲ့ ဒီခန်းဝင်ပစ္စည်းတွေမှာ..
ဒီ ခေါင်းအုံးလေးတွေ ကို အုံးရင်း ငါ့ ကိုပဲ သတိရပါစေ ... ။
ဒီ စောင်လေးတွေ ကို ခြုံရင်း ငါ့ ကို ပဲ တမ်းတ နေပါစေ... ။
ဒီ ခုတင် မှာ အတူတူ အိပ်ကြရင်း ငါ့ ကို လွမ်းနေပါစေ ... ဆိုတဲ့ မိုက်ရိုင်းယုတ်မာတဲ့ အတွေးမျိုး ဆံခြည်တစ်မျှင်သော်မှ မပါခဲ့ပါဘူး ။ ဒီလိုမရည်ရွယ်ခဲ့ပါဘဲနဲ့ ဖြစ်လာခဲ့ရတဲ့ အဖြစ် ၊ နင့် ဝဋ်ကြွေးလား ၊ သူ့ ဝဋ်ကြွေးလား ၊ ငါ့ဝဋ်ကြွေးလား ။ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ ကြိုတင်ကာ သိခွင့်ရမယ်ဆိုရင် ငါ ဒီ လက်ဖွဲ့ ပစ္စည်းတွေ မပေးခဲ့ပါဘူးကွယ် ။
တချို့သော မင်္ဂလာဖိတ်စာတွေမှာ ပါတတ်တဲ့ “ လက်ဖွဲ့ခြင်းသည်းခံပါ ” ဆိုတဲ့ စာတမ်းလေး နင်တို့ ရဲ့ မင်္ဂလာဖိတ်စာမှာ ထည့်သွင်းမရိုက်နှိပ်ခဲ့ပေမယ့် ငါ့ရဲ့ ဦးနှောက် အသိတရား ထဲ မှာ ထည့်သွင်း ရိုက်နှိပ်ပေးထားမှာပေါ့ ။
ခုတော့ဖြင့် သူငယ်ချင်းရယ် ... ။
⎕ မျက်သွယ်
📖 အလင်္ကာရပ်ဝန်း ( ၇ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment