Saturday, August 3, 2024

သင်တိုင်းဝတ် မိုးတိမ်


 

❝ သင်တိုင်းဝတ် မိုးတိမ် ❞
  ⎯⎯⎯⎯⎯⎯⎯⎯⎯ 
           မြတ်သင်း
    ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
မြူကြွပစ္စုန် ၊ ထောင်အားသုန်သည် ၊ လွှမ်းခြုံ သင်တိုင်း ၊ တိမ်အလှိုင်းဖြင့် ..
 
          ရှင်ဥတ္တမကျော်

( ၁ )

မြစ်ဆုံ က ကျောက်ခံလုံးလေး တွေ ပေါ် လျှောက် နေရ သလိုပါပဲ ။ ခင်လေး တို့ လမ်းလေး က အုတ်ကျိုးတွေ ထိုးထိုးထောင်ထောင် နဲ့ မို့ ခလုတ် မထိအောင် ၊ ခြေချော် မလဲမိအောင် သတိ ထားပြီး လှမ်းနေရတယ် ။

ခင်လေး တို့ လမ်း ထဲ မှာ အိမ်ခြေ သိပ် မများပါဘူး ။ သစ်ခက်စိမ်းစိမ်း တွေ ပုံ ထားတဲ့ အိမ် က ဆိတ် မွေးတဲ့ အိမ် ၊ တံခွန်တွေ ၊ အလံတွေ တလူလူ ဝေ နေသလို ဝါးလုံးတွေ ထောင် ထားတဲ့ အိမ် က တော့ ကွမ်း စိုက်တဲ့ အိမ် ပေါ့ ။ အိမ်ရှေ့ မှာ လှည်းချွတ် ထားတဲ့ အိမ် က တော့ မင်းဝံတောင်ခြေ မှာ သခွား စိုက် တဲ့ ယာသမား ရဲ့ အိမ် ပါ ။ လက်ဖက် နဲ့ အကြော်စုံ ရောင်း သူ ရဲ့ အိမ် လည်း ရှိတယ် ။ ရေမြောင်းဘောင် မှာ မေးတင် ထားတဲ့ ထိပ်ဆုံးအိမ် က တော့ ရုံးစာရေး လင်မယား ရဲ့ အိမ်ပါ ။ အိမ်ကလေး တွေ ဟာ မှုန်ကုပ်ကုပ် နဲ့ တစ်ဦး ကို တစ်ဦး အားကိုးတကြီး ငေးကြည့် နေ ကြသည် ။

ရေမြောင်းလေး ကို ဖြတ် ကူးဖို့ လှုပ်လီလှုပ်တဲ့ ဝါးတံတား တစ်ခု ရှိတယ် ။ ဝါးလုံး ကို ရော ၊ ဝါးခြမ်း ကို ပါ မနင်းမိ ချင်တော့ တာ မို့ ခင်လေး က တော့ တံတား ပေါ် ကို ဘယ်တော့ မှ ဖြတ် မလျှောက်ဘူး ။ ကိုယ် မြတ်နိုးစွာ လျှောက် ခဲ့တဲ့ လမ်းဟောင်းလေး ကို ပဲ တွယ်တာစွာ ဆက် လျှောက် ခဲ့တယ် ။ ဒီ လမ်းကလေး က လည်း ခင်လေး တစ်ယောက် သာ ပဲ သွားမယ့် လူ ရှိတဲ့ လမ်းလေး ထင် ပါရဲ့ ။ အနှံ ဖားဖား နဲ့ မြက်ရိုင်းပင် တွေ ၊ အပွင့်ပြာပြာလေး တွေ ပွင့် တတ် တဲ့ မိကျောင်း ကွမ်းဖတ်ပင် တွေ တောထ နေ လိုက်ကြတာ လမ်းတောင် ပျောက် တော့ မတတ်ပါပဲ ။

ဒီ လမ်းလေး ကို သတိရ မိတယ် ။ ခြေ အလှမ်း လိုက် မှာ လိပ်ပြာဝါဝါလေး တွေ ထ ပျံ သွားကြတာ ၊ တချို့ နှံကောင်လေး တွေ က မြက်ပင် ထိပ်ဖျား က နေ ခင်လေး ရဲ့ ခြေဖြူဖြူလေး ပေါ် ကို ယားကျိကျိ ဖြစ် လာအောင် ခုန်ဆင်း လာ တတ်တာ ၊ တကယ်လို့ ခင်လေး သာ စိတ်လက် ပေါ့ပါး နေမယ် ဆိုရင် အားလုံး ဟာ ကြည်နူးစရာ ပါပဲ ။

မြက်ရိုင်းလမ်းလေး ဆုံး ရင် တာရိုးကြီး ကို ရောက် ပါပြီ ။ တာရိုးကြီး ပေါ် မှာ လူတွေ ဥဒဟို သွား နေကြတယ် ။ ခင်လေး က ပခုံး နှစ်ဖက် ကို ဆန့်ပြီး အသက်ပြ င်းပြင်း တစ်ချက် ရှူ သွင်း လိုက်တယ် ။

မမြင်ချင်ယောင် ဆောင် တတ်တဲ့ မိန်းမတွေ ကို တွေ့ ရင် ခေါင်း ကို မတ် ထားဖို့  ၊ ကွက်ကြည့် ကွက်ကြည့် လုပ်တတ်တဲ့ ယောကျာ်း တွေ ကို တွေ့ ရင် ခေါင်း ကို ငုံ့ ထားဖို့ ခင်လေး သတိ ထား နေရတယ် ။

မိုး ရွာပြီး စ မို့ တမာပင် ၊ ထနောင်းပင်ကြီး တွေ က အရွက်တွေ ဟာ အသစ်စက်စက် လို စိမ်းစိမ်းတောက် နေကြတယ် ။ သစ်ရွက် တွေ ရဲ့ အရောင် ဟပ် တဲ့ အတွက် အပင်ထိပ်ဖျား မှာ ရှိတဲ့ တိမ်တွေ ဟာ ဖက်ဖူးရောင် သန်း နေကြတယ် ။ အမိုးချွန်ချွန် နဲ့ နံရံဖြူဖြူ အဆောက်အအုံကြီး ဟာ သမီးလေး တို့ ကျောင်း ပေါ့ ။ ကြိုးပြတ် သွား တဲ့ ကျောက်စိမ်း လည်ဆွဲကုံး က ပုတီးစေ့လေး တွေ လိမ့် လာ သလို ဂါဝန်စိမ်းလေး တွေ ပြေးထွက် လာ ကြတယ် ။

“သမီး ရေ သမီး လေး ရေ ... မေမေ က ဒီမှာ ”

သမီးလေး ကို ပွေ့ချီ လိုက်တယ် ။ သမီး ရဲ့ ကိုယ်လုံး သေးသေး ထဲ က ခွန်အား သတ္တိတွေ ခင်လေး ရဲ့ ရင်ညွှန့် ထဲ ကို စိမ့်ဝင် လာကြတယ် ထင်ပါရဲ့ ။ ပေါ့ပါးလန်းဆန်း လာတယ် ။

ကောင်းကင် မှာ တော့ မိုးသား တွေ အုံ့မှိုင်း နေပြီ ။ မင်းရည်မင်ခဲ လို ညိုမှောင် နေတဲ့ တိမ်စိုင် တွေ က အလိပ်လိပ် တက် လာ ကြတယ် ။ တိမ်ညို တွေ ရဲ့ ရှေ့ မှာ တိမ်ဖြူတိမ်မျှင် ပါးပါးလေး တွေ က တရွေ့ရွေ့ ကျဲပြန့် လွင့်မျော နေကြတယ် ။

စိတ်ဓာတ် မာကျော သလောက် ဆံနွယ်တွေ သွယ်ပျောင်း လှ တဲ့ ယောကျာ်း တစ်ယောက် ရဲ့ ဆံမျှင်အခွေလေး တွေ လို ပါပဲ ။

“ မိုး ရွာတော့မယ် မေမေ ” ပါးချင် အပ် ထားရင်း သမီးလေး က ပြောတယ် ။

သမီးလေး က အင်္ကျီရှည်ကြီး တွေ ဝတ် ထားတဲ့ တိမ်တောင် မြင့်မြင့်ကြီး တွေ ကို တအံ့တသြ မော့ ကြည့် နေတယ် ။

  •••••   •••••   •••••

( ၂ )

နက်မှောင် တဲ့ ပင်လယ် ရေနက်ကြမ်းပြင် အောက် က နေ ရေမျက်နှာပြင် ထက် ကို ရေမြှုပ်လေး တစ်ခု ပလုံစီ ပြီး တက်လာ သလို အိပ်မောကျခြင်း ထဲ မှ ခင်လေး နိုး ထ လာတယ် ။

အိပ်နိုးထမှုန့် မှာ တက်တုံသက်တုံ အသံ တစ်ခု က ခင်လေး ရဲ့ နား ထဲ ကို တိုးဝင် လာတယ် ။ အသံ ကို အာရုံ ကပ် မိတာ နဲ့ ခင်လေး ကိုယ် ထဲ က မူးတူးမင်တင် စိတ် တွေ လွင့်စဉ် ထွက်ပြေး ကြတယ် ။ ဒါဟာ တစ်ဘက်ခန်း ထဲ က ပေါ်ထွက် လာတဲ့ မောင် ရဲ့ အသက်ရှူ သံ ။

ခင်လေး ရင် ထဲ မှာ ရှိန်းခနဲ ၊ နွေးခနဲ ဖြစ် သွားတယ် ။ အသံ က ကျယ် လိုက်တာ ။ ဆင်စွယ် ကို လွှ နဲ့ တိုက်ဖြတ် နေသလိုပဲ ။ လေးလေးမှန်မှန် ပေါ်ထွက် လာ နေတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေ တဲ့ လူ တစ်ယောက် ရဲ့ အသက်ရှူသံ ဆိုတာ သိပ် သေချာတယ် ။

ဘေး မှာ အိပ် နေတဲ့ သမီးလေး ကို ကြည့် လိုက်တယ် ။ မှောင်ထဲ မှာ မို့ မမြင်ရ ပေမဲ့ သမီးလေး သူ့ ဘက် သို့ ကိုယ်တစောင်း လှည့် လာတာ ကို လှုပ် သွားတဲ့ အိပ်ရာခင်း အရွေ့ ကြောင့် သိ လိုက်တယ် ။ သမီးလေး နိုးများ နေလေသလား ။

“ သမီးလေး ကြားလား ... သမီး ဖေဖေ ရဲ့ အသက်ရှူသံ ကို ကြားလား ”

သမီးလေး ဆီ က ဘာ အသံ မှ ထွက် မလာဘူး ။ ငြိမ် နေတယ် ။ ခဏကြာ မှ ကဗျာရွတ်သံ ကြားရတယ် ။

“ ခရာဆူးချုံ ဟို အထဲ က မျှောနက်မည်းကြီး တွယ်တတ်တယ် ”

နေ့ခင်း က ကျောင်း မှာ သင်ပေး လိုက်တဲ့ “ သပြေသီးကောက် ” ကဗျာ ကို ယောင်ပြီး ရွတ် နေတာပါ ။ ပြီးတော့ ငြိမ်သွားပြန်တယ် ။ သမီးလေး နိုး မနေဘူး ဆိုတာ သေချာ သိ လိုက်တယ် ။

တစ်ဘက်ခန်း က အသက်ရှူသံ ကို ကြားရ ပြန်ပြီ ။ ခင်လေး က နား နောက်မှာ လက်ဝါး ကပ်ပြီး သေချာ နားထောင် ကြည့်တယ် ။ အသက်ရှူသံ ဝဲလှည့် နေတဲ့ အခါ ငှက်မွေးလေး တစ်ခု လေပေါ် မှာ လွင့်မျော နေသလို အသံ သဲ့သဲ့လေး ကြား ရတယ် ။

ဝင်လေ ကို ရှူသွင်း လိုက်တဲ့ အသံ က ဗိုင်းတောင့် ထဲ က ချည်စ ကို ငင်ပြီး ထုတ်နေ သလိုပဲ မျှင်း ပြီး ရှည်တယ် ။ ထွက်လေ ကို ပြန် ထုတ်လိုက် တဲ့ အသံ က တိုပြီး ဆတ်တယ် ။ သေချာ နားစွင့် ကြည့် ရင်တော့ ထွက်လေ ရဲ့ အဆုံး မှာ လေကျန် နဲ့ နှာဝ နဲ့ တိုးမိတဲ့ အတွက် ထစ် သွားပြီး “ ခူး ... ခူး” လို့ မြည်တဲ့ အသံ လေးတွေ ထွက် လာတာ ကို တောင် ကြား နေရတယ် ။

ခင်လေး စိတ်တွေ ပြိုကွဲ လာတယ် ။ အသံ ရဲ့ ညှို့ငင်ရာ ကို သွား ရတော့မယ် ။

သမီးလေး မနိုးအောင် ခုတင် ပေါ် က ဆင်း လာခဲ့တယ် ။ မှောင် လိုက်တာ ။ ကြမ်းခင်း ပေါ် မှာ ခြေသံ မကြားအောင် ဖွဖွလေး လျှောက် လာခဲ့တယ် ။ မောင့် အခန်း ရှေ့ က ခြေသုတ်ဖုံ ပေါ် မှာ ရပ် မိပြီ ။ ကြမ်းခင်း က အေးခနဲ ခြေသုတ်ဖုံ က တော့ နွေးနေတယ် ။

တံခါးရွက် ကို လက် နဲ့ စမ်းရင်း နားစွင့် နေ မိ ပြန်တယ် ။ မောင့် ရဲ့ အသက်ရှူသံ ကို ကြား နေရတုန်း ပဲ ။

တံခါး ကို တွန်း ဖွင့် လိုက်တယ် ။ မှောင်ပိန်း နေတဲ့ အခန်း ထဲ ကို ဝင် လိုက်တယ် ။ မီးခလုတ် ကို လက် နဲ့ စမ်းပြီး ရှာတယ် ။ တွေ့တယ် ။ မီးခလုတ် ကို နှိပ် လိုက်တယ် ။ အခန်း ထဲ မှာ မီးရောင်တွေ ဖြာ ပြီး လင်း သွားတယ် ။

ခုတင် ကို လှမ်း ကြည့် လိုက်တော့ ခုတင် ပေါ် မှာ ဘယ်သူ မှ မရှိပါလား ။ တကယ်တော့ အခန်း ထဲ မှာ ဘယ်သူ မှ မရှိဘူး ။ ဗလာကျင်း နေတဲ့ အခန်း ပါ ။

ခုတင် ပေါ် က အိပ်ရာလေး က မောင် ထ သွားတုန်းက အတိုင်းပါပဲ ။ ခင်လေး က မောင့် အခန်း ကို မောင် ရှိတုန်းက အတိုင်း ခြေရာလက်ရာ မပျက် ထားပါတယ် ။

အိပ်ရာခင်း အပြာရောင်လေး က တွန့်ကြေ နေတယ် ။ မောင် ရုတ်တရက် ကိုယ် ပေါ် က ဖယ်ချ ထားခဲ့တဲ့ ခြုံစောင်လေး က ခုတင် ခြေရင်း မှာ ပုံ့ပုံ့လေး ရှိနေတုန်းပဲ ။ ခေါင်းရင်း မှာ တော့ ခေါင်းအုံးလေး တစ်လုံး ရှိတယ်  ။ မောင် ခေါင်းတ င်သွားတဲ့ နေရာလေး မှာ ချိုင့် နေတယ် ။

စားပွဲ ပေါ်မှာ ရေးလက်စ စာရွက်တွေ ပြန့်ကျဲ နေတယ် ။ စာရွက်တွေ ဝါကျင်စ ပြု နေပါပြီ ။

ကဗျာဖိုင် တစ်ခု နဲ့ စကားပြေ ဖိုင် တစ်ခု ။ ဘောပင် စိုက်တဲ့ ဖန်ခွက် တစ်လုံး ။ စားပွဲထောင့် မှာ မောင် မြတ်နိုးရာ စာအုပ် သုံးအုပ် ထပ် ထားတယ် ။

လေးချိုး ပေါင်းချုပ် ၊ ပြည်တော်သာ ခင်ခင်ဦး ၊ ပြီးတော့ ရော မကို အာခံသူ ။

ခင်လေး မီးခလုတ် ကို ပြန် ပိတ်လိုက်ပါပြီ ။ မှောင်အတိ ကျ သွားတယ် ။ ခင်လေး နားစိုက် ကြည့်တယ် ။ ဘာသံ မှ မကြားရ တော့ပါဘူး ။

မောင့် အခန်း ထဲ က နွမ်းနယ်စွာ ခင်လေး ထွက် လာခဲ့တယ် ။ အိပ်ခန်း ထဲ ကို မဝင်သေး ဘဲ ဆက် လျှောက် လာခဲ့တယ် ။ ဆင်ဝင်အောက် က ကု,လားထိုင် မှာ ထိုင် လိုက်တယ် ။

အပြင် မှာ မှောင်မည်း နေတယ် ။ နာရီသံချောင်းသံ ကြား ရတယ် ။

မှောင်မည်း တဲ့ နာရီ တွေ ထဲ မှာ ခင်လေး မျောပါ နေပြီလား ။ တကယ်တော့ နာရီယောင် ဆောင် ထားတဲ့ နှစ်ကာလ တွေ ပါ ။ နာရီယောင် ဆောင် ထားတဲ့ ဘဝ တွေ လို့ ပြော ရင် တော့ ပိုလို့ မှန်မယ် ထင်ပါရဲ့ ။

  •••••   •••••   •••••

( ၃ )

အိပ်မက် လို ပါ ပဲ ။ ဒါပေမယ့် အိပ်မက် တော့ မဟုတ်ဘူး ။

ည ညတွေ မှာ မောင့် ရဲ့ အသက်ရှူသံ ကို မကြာမကြာ ကြား ရ တတ် ပါတယ် ။

အထူးသဖြင့် သင်တိုင်းဝတ် မိုးတိမ်တွေ ဖွဲ့သိုင်းတတ် တဲ့ ဒီလို ညမျိုး တွေ မှာ ပေါ့ ။

◾မြတ်သင်း

📖 မုသားပျားရည် နှစ်စက်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment