Sunday, August 11, 2024

သူ့ကြောင့်


 

❝ သူ့ကြောင့် ❞
⎯⎯⎯⎯⎯⎯
      ဗေလုဝ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
“ ကိုယ့် အိမ် မှာ ကိုယ့် ဘာသာ ကိုယ် ဘာပဲ ချက်ချက် ... သူ တို့ အလုပ် လား ... ဒီ ရပ်ကွက် မှာ ကြာလေ မနေချင်လေပဲ ... အရမ်း စပ်စုတာပဲ ... ဒီ လမ်း ထဲ က မိန်းမတွေ ပေါ့ ... ဈေး ထဲ မှာ တွေ့ရင် ဈေးခြင်းတောင်း ထဲ ကို မသိမသာ ခိုးခိုး ကြည့်တယ် ... ဘာ ဝယ်သလဲ ပေါ့လေ ... အဲဒါကြောင့် မြန်မာ လူမျိုးတွေ မတိုးတက်တာ ”

ဈေးခြင်းတောင်း ကို ချပစ် လိုက်သော မိန်းမ ၏ ပေါက်ကွဲမှု သံစဉ် ကား အပြင်းစား အဆင့် သို့ ရောက်ရှိ နေမှန်း အိုင်ဒီယာဂျပိန် သိသည် ။ ဝင် မစွက်ဖက်ရဲ ။ ကိုယ့် ဘက် သို့ မြားဦး လှည့် လာ မှာ လန့် သည် ။ ဂျာနယ် ဖတ် ရင်း မသိချင် ယောင် ဆောင် နေခဲ့သည် ။ အပြင်းစား သံစဉ် ကား အရှိန် ကျန်သေး သည် ။

“ အဆိုးဆုံး စကား က ယောက်ျား က ဘာမှ အလုပ် မလုပ်ဘဲ နဲ့ ဘာ နဲ့ စား နေကြတာလဲတဲ့ ... အဲဒီတော့ အမြင်ကတ်ကတ် နဲ့ ပြောချလိုက်တယ် ... ငါ့ ယောက်ျား ဓားပြတိုက် ထားတာ ကျန်တဲ့ ရွှေ တွေ ထုခွဲ ပြီး စား နေတာ လို့ ဖြေလိုက်တယ်”

မြားဦး က တိုက်ရိုက် လာ နေ မှန်း ‘ ဂျပိန် ’သိသည်  ။ ဂျာနယ် ပေါ် က စာလုံးများ ဆီ မျက်လုံး က မရောက်တော့ ။ ဂျာနယ် ကို တောင်လှန် တောလှန် နှင့် ငြိမ်ကုပ် နေရသည် ။

“ အခု စာ ဖတ်နေတာ အလုပ်ပေါ့ကွ ”

ဟု ထ ပြောလိုက်ချင်သည် ။ သို့သော် ရင် ထဲ မှ ပဲ ပြောဖြစ် သွားသည် ။ ကိုယ့် မိန်းမ အကြောင်း ကိုယ် သိသည် မို့ ။

အမှန်တော့ မိန်းမ ပြောမယ် ဆိုရင် လည်း ပြောစရာ ။ ကိုယ့် မိသားစု ဘာပဲ ချက် စားစား ပေါ့ ။ ဆန်ပြုတ် ပဲ သောက်သောက် ၊ ထမင်းရည် ပဲ လျက်လျက် ... သူတို့ ဘာ စပ်စုစရာ လိုလဲ ။ မြန်မာ တို့ ၏ အရိုးစွဲ နေသော စပ်စုသော ၊ အတင်း ပြောသော ကွယ်ရာ တွင် အကြောင်းအရာ တစ်ခု လုပ်၍ ပုံကြီးချဲ့ ပြောသော ဓလေ့ ကား ဘယ် ယဉ်ကျေးမှု က ဆင်းသက် လာမှန်း မသိ ။

ဂျပိန် အလုပ် မရှိတာ ကြာ ပြီ ။ ဒီကို မပြောင်းခင် က အိုင်ဒီယာဂျပိန် ၏ အုတ်သဲကျောက် လုပ်ငန်း ကား အဆင်ပြေသည် ။ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ပေမဲ့ အဒေါ် ၏ လုပ်ငန်း တွင် မန်နေးဂျင်း ဒါရိုက်တာ ။

ကြာတော့ အဒေါ် တို့ ၏ စီးပွားရေး သာ တရိပ်ရိပ် တက် ပြီး ဂျပိန် ၏ ဘဝ ကား ဒုံရင်း က ဒုံရင်း ။ အဒေါ် က အိမ် ငှားပေးသည်  ။ မိန်းမ ဖြစ်သူ ကို အဝတ်အစား ဆင်သည် ။ ကလေး တစ်ယောက် လို တစ်လ တစ်ခါ မုန့်ဖိုး ပေးသည် ။ အဒေါ် နှင့် လမ်းခွဲသည် ။ အဒေါ်  က အုတ်သဲကျောက် လုပ်ငန်း ကို အရင် လို ပြန် ဦးစီး ခိုင်းသည်  ။ ဂျပိန် လှည့် မကြည့်တော့ ။

သို့သော် အိမ် တော့ ပြောင်းရွှေ့ချင်သည့် နေရာ ကို ငှားပေးသည် ။ ယခု နေသော ရပ်ကွက် ။ ဒါက ဂျပိန် ၏ ဘဝ အကျဉ်း ။

ကြာတော့ ရပ်ကွက် က ပြော စရာ ဖြစ်မှာ ပေါ့ ။ ဂျပိန် ကား အိုင်ဒီယာ ပဲ ရှိသည်  ။ ဒါက လည်း ချက်ပြုတ် စား၍ မရ ။ အဒေါ့် ဆီ သို့ မိန်းမ ဖြစ်သူ တစ်ခေါက် သွား တစ်ခါ ပေး ဘဝ နှင့် ရပ်တည် လာ တော့ ချို့တဲ့မှု တော့ ရှိတာပေါ့ ။ ဂျပိန် က တော့ ခံနိုင်ရည် ရှိသည် ။ မိန်းမ ဖြစ်သူ က မိန်းမသား ဆိုတော့ ကြာတော့ အတွင်းကျိတ် ရန်ဖြစ်သည်  ။ တစ်ခါတစ်ခါ ကျတော့ ကျယ်ကျယ်လောင်လောင် ။ အိမ်ရှင် အဘိုးကြီး က မနေသာ တော့ ဝင်ဆွဲပြီး လက်ဖက်ရည်ဆိုင် ခေါ် သွားပြီး လူစု ခွဲ လိုက်တော့ မှ ရန်ပွဲ က ခေတ္တ အပစ်ရပ်စဲ သွားသည်  ။

“ အဘ … စဉ်းစားကြည့် ... ကျွန်တော် အလုပ် အဆင်ပြေ တုန်း က သူ့ အမေ တွေ ၊ သူ့ ဆွေမျိုး တွေ ဆိုတာ အိမ် ပေါ် မှာ တရုန်းရုန်း ... လ နဲ့ ချီပြီး ဆေး ကုတဲ့ လူ တောင် ရှိသေးတယ် ... အလုပ်ကလေး လည်း အဆင် မပြေရော ... ဘယ်သူက စပြောတယ် မှတ်လဲ ... ကျွန်တော့် အိမ် ပေါ် မှာ စား သွားတဲ့ သူတွေ ပဲ စပြော တာ ... ညည်း ယောက်ျား က လက်ကြော မတင်းဘူး ... ယောက်ျား ပဲ ... အလုပ် တစ်ခု အဆင်မပြေ ရင် နောက် တစ်လုပ် ရှာပေါ့ တဲ့ ...ဘယ်လောက် အသည်း နာစရာ ကောင်းလဲ အဘ ရယ် ... တောက် ၊ ဒီ မိန်းမ ကို ကျွန်တော် ကွာမယ် ... ဒီ တစ်ခါ ဖြစ်ရင် သူ့ ကို အရေးပေါ် သာ အဘ လိုက် ပို့ လိုက်တော့ ”

“ လင် နဲ့ မယား ဆိုတာ ဒီလို ဖြစ်တတ်တဲ့ သဘော ရှိပါတယ်ကွယ် ... စိတ်လိုက်မာန်ပါ မလုပ် လိုက်ပါနဲ့ ... သောက် သောက် ... ဆေးလိပ် ယူဦးမလား ”

အိမ် ရောက်တော့ တစ်ယောက် နှင့် တစ်ယောက်  ခပ် စောင်စောင် ။ ဂျပိန် တို့ လင်မယား ရန်ဖြစ်ခြင်း ရဲ့ အဓိက တရားခံ က လမ်း ထဲ က မိန်းမတွေ ။ “ သင်းတို့ ဂျပိန့် ရဲ့ အကြောင်း သိရမယ် ” ဟု စိတ် ထဲ မှာ ကြိမ်းပစ်လိုက်တယ် ။

သိပ် မကြာပါ ၊ ရောဂါဆန်း တစ်မျိုး က ပေါ်ပြူလာ ဖြစ်လာသည် ။

“ ကြက်ငှက် တုပ်ကွေး ရောဂါ ”

တောမီး လောင် သလို ပျံ့နှံ့ သွားသည်  ။ လမ်း ထဲ က မိန်းမ တွေ လေသံ ကျယ်ကျယ် နဲ့

“ ဒီနေ့တော့ ကြက်သား ကြော်တယ် ... ကြက်အသည်းအမြစ် ချက်တယ် ဆို တဲ့ မိန်းမ တွေ ... ဟား ... ဟား ... ဘယ့်နှယ်လဲ ... ချက် စားကြလေ ... ဟား ဟား ..”

ဂျပိန် တစ်စခန်း ထပြီ ။ တစ် လမ်းလုံး က ထမင်းကျန် တွေ ၊ ဆန်စေ့ တွေ ၊ ပြောင်းစေ့ တွေ နှင့် အလှူအတန်း လုပ်လျှင် အုပ်ဖွဲ့ စားသောက် ကြသော ‘ ခို ’ များကို ဂျပိန် အလုပ် တစ်ခု သဖွယ် နေ့စဉ် မောင်းထုတ်သည် ။ ကြာတော့ လမ်း ထဲ က အလှူရှင်တွေက မကျေနပ် ၍ ရပ်ကွက်လူကြီး ဦးသန်းမြင့် ကို တိုင်သည် ။ လူကြီး က လူ လွှတ်၍ ရုံးခန်း ကို ဆင့်ခေါ်သည် ။

“ ရှင် ကိုယ် ၌ က အနေအထိုင် မတတ်တာ ”

မိန်းမ ၏ စကား ကို ဂျပိန် ရယ်မောလျက် ...

“ အနေအထိုင် မတတ်တာ.. အတွေးအခေါ် ဗဟုသုတ မရှိတာ ... သူတို့ ကွ .. သူတို့ ”

တွေ့ကြပြီလေ ၊ တွေ့ကြပြီလေ ။

ဂျပိန် ရုံးခန်း သို့ ရင်ကော့ ထွက်သွားသည်  ။

“ ကြက်ငှက်တွေ က နေ ဒီ ရောဂါ ဖြစ်ပွားလာတာပါ .. အဲဒါကြောင့်မို့ လမ်း ထဲ က လူ တွေ ရောဂါ ဖြစ်မှာ စိုးလို့ ကျွန်တော် ကြိုတင် ကာကွယ်တာပါ ”

ငှက် အလှူရှင် ဒေါ်သန်းခင် က မကျေမနပ်ဖြင့် ...

“ သူတို့ ဒီ လမ်း ထဲ ကို မ ပြောင်းခင် ကတည်း က ကျွန်မ တို့ ဒီ ခိုတွေ ကို အစာကျွေး လာ တာ ၁၀ နှစ် ကျော်ပါပြီ ... ခုဟာ က အစာ ကျွေးမယ် ကြံ လိုက် သူ က မောင်း လိုက် နဲ့ ဘယ်လိုမှ ကို ပြောလို့ မရဘူး ”

“ ဥက္ကဋ္ဌကြီး ခင်ဗျာ ... ကြက် ငှက်တုပ်ကွေးရောဂါ ( H5N1 ) ဟာ ကမ္ဘာ မှာ အမြစ် မပြတ်သေးတဲ့ အတွက် မြန်မာလူမျိုး တွေ ဆက်လက် ပြီးတော့ … သတိထား သင့်ပါ တယ် ... နောက်ဆုံး ငုံးတွေ အထိ မစားသင့်ပါဘူး ... ကြိုတင် ကာကွယ်တဲ့ အနေ နဲ့ ကျွန်တော် ဒီ ခိုတွေကို လမ်း ထဲ မှာ မရှိသင့်ဘူး ထင်လို့ မောင်းထုတ်တာပါ ”

ဥက္ကဋ္ဌကြီး အတန်ကြာ စဉ်းစားပြီးမှ ...

“ ဒေါ်သန်းခင် ... ခင်ဗျား ကျွေးချင်တယ် ဆိုရင် လမ်းထိပ် မှာ ခိုတွေ နားလေ့ ရှိတဲ့ အဲဒီမှာ သွား ကျွေးဗျာ ... ဂျပိန် ပြောတာ အချက်အလက် ခိုင်လုံတယ် ”

ဂျပိန် နိုင်တယ် ။ ဒေါ်သန်းခင် နှင့်တကွ မကျေနပ်သူများ ရှုံး၏ ။ အဖြေ က ရှင်းသည် ။ ဘယ်လောက် ရှင်းသလဲ ဆိုတော့ မင်းလမ်းဈေး ထဲ မှာ လည်း ကြက် ကို အကြီးအကျယ် ရောင်းသော သားငါးတန်း အဝင်အဝ က ခပ်ဝဝ မိန်းမကြီး သည် လည်း ပင်လယ်ငါး ဘက်သို့ လှည့် ရောင်းသည် ။ တာမွေထိပ် က ကြက်သားသုပ် ၊ ကြက်ရိုးသုပ်သည် လည်း ကျီးနှင့် ဖုတ်ဖုတ် ။ ဂျပိန် တို့ အဆင် မပြေ သည့် ကာလ မှာ ဒီ ရောဂါ ပေါ် လာလိုက် တာ ဂျ ပိန်တို့ လင်မယား အတိုင်းအထက် ဝမ်းသာသည် ။  ကန်စွန်းရွက်စည်း ကို ရဲရဲဝံ့ဝံ့ ကိုင် ပြီး လမ်း ထဲ ကို လျှောက် ပြလိုက်သည်  ။

“ ကြက်ငှက်တုပ်တွေး ကြောက်လို့ ဟေ့ ... ကန်စွန်းရွက် က အဆိပ် ပြေတယ် ”

⎕ ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment