Wednesday, August 7, 2024

အကယ်ဒမီ အောင်လွင်


 ❝ အကယ်ဒမီ အောင်လွင် ❞


မင်္ဂလာပါ ခင်ဗျာ ၊ ဒီနေ့ တင်ဆက်မယ့် အစီအစဉ် ကတော့ လိပ်ပြာကူး ထူးခြားသူများ ဆိုတဲ့ အစီအစဉ် ပဲ ဖြစ်ပါတယ် ။ တွေ့ဆုံမယ့် ပုဂ္ဂိုလ် က တော့ အကယ်ဒမီ အောင်လွင် ဖြစ်ပါတယ် ။


▢ အစ်ကို မင်္ဂလာပါ ခင်ဗျာ ။ 


❥ ဟုတ်ကဲ့ ။


▢ ကျွန်တော် မှတ်မိသလောက် ကတော့ အစ်ကို့ ကို ကျွန်တော် က ဦးရွှေဒုံးဘီအောင် ရဲ့ တပည့် အနေ နဲ့ မှတ်မိတယ်နော် ။ ဦးရွှေဒုံးဘီအောင် ဆီ မှာ ရုပ်ရှင်ပညာ သင်ခဲ့တယ်ပေါ့ ။ အစ်ကို ရုပ်ရှင် ကို ဘယ်လိုကြောင့် စ ပြီး စိတ်ဝင်စားခဲ့တာလဲ ။


❥ ရုပ်ရှင် ကို စိတ်ဝင်စားတယ် ဆိုတာ ကတော့ ငယ်ငယ် ကတည်း ကပဲ စိတ်ဝင်စားပါတယ် ။ နံပါတ်တစ် ကတော့ ကျွန်တော့် ဖခင်ကြီး က ရုပ်ရှင် ဝါသနာ ပါတယ်နဲ့ တူတယ် ။ အဲဒီတော့ စစ် မဖြစ်ခင် ကတည်း ကို က ဗိုလ်အောင်ဒင် တို့ ဘာတို့ ၊ သူဇာ တို့ ဘာတို့ ကျွန်တော် ကြည့်ဖူးတယ် ။ ကျွန်တော် က အဲဒီအချိန် ကာလတုန်း က တစ်ဦးတည်းသော သား ဖြစ်နေ တယ် ။ အဲဒီတော့ မိဘနှစ်ပါး သွားလေရာ ပါတာပေါ့ ။ ပါတော့ ရုပ်ရှင် ကြည့်ဖြစ်တယ် ။ ကြည့်ဖြစ်တဲ့ အခါ ကျတော့လည်း ... စစ်ကြီး ပြီးတော့လည်း တစ်ခါ ရုပ်ရှင်ရုံတွေ ဘာတွေ ပြန် ပြီးတော့ အသက်ဝင် လာတော့လည်း အဲဒီ ကားတွေ ကိုပဲ ပြန် ကြည့်ဖြစ်တယ် ။ ဥပမာ ကျွန်တော် အင်မတန် မှ ကြိုက်ပါတယ် ။ Prisoner Of Zinda လို့ ခေါ်တာပေါ့ ။ ဖူးစာနှစ်ခိုင် ပေါ့ ။ ဒါရိုက်တာ ဆရာခန့်ကြီး ရိုက်ခဲ့တယ် ။ ဖူးစာနှစ်ခိုင် အသံတိတ် ပေါ့ ။ နောက်မှ ဦးကျော်ဆွေ နဲ့ အသံထွက် ပြန် ရိုက်တာပေါ့ ။


▢ ဟုတ်ကဲ့ ။


❥ ပြောချင်တာကတော့ ငယ်ငယ် ကတည်းက ရုပ်ရှင် ကို ဝါသနာ ပါမိ ပါတယ် ။ အဲဒီတော့ ရုပ်ရှင် ကို ဝါသနာ ပါပြီးတဲ့ အခါကျတော့ ၁၉၅၈ ခု လောက် ကျတော့ ကျွန်တော် ပထမဦးဆုံး ချဉ်းကပ်တာ ဆရာ ရွှေဒုံးဘီအောင် ကို ချဉ်းကပ်ပါတယ် ။ ဆရာ ရွှေဒုံးဘီအောင် က ကျွန်တော့် ကို မင်း ... အရပ်အမောင်း ကောင်းသားပဲတဲ့ ၊ ရာဇဝတ်အုပ်တွေ ဘာတွေ လုပ်ပါလားတဲ့ ဆို တော့ ကျွန်တော် စိတ်ညစ်ပြီး ပြန်လာ ပြီးတော့ ကျွန်တော့် ကို ဒေါ်နွဲ့နွဲ့အေး မန္တလေးရုပ်ရှင် က ၊ ဘဝသံသရာ ထဲ က မင်းသမီး က မိတ်ဆက် ပေးတဲ့ အတွက် ဦးဖိုးပါကြီး ဆီ ကို ရောက်တယ် ။ ဦးဖိုးပါကြီး က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ရိုက် နေတယ် ။ ဒေါ်မာမာအေး တို့ နဲ့ ကျွန်တော်တို့ စတင် သိကျွမ်းရတာပေါ့ ။ ဆရာရွှေပြည်အေး တို့ နဲ့ ။ ထိုနည်းတူစွာပဲ မြဇော် ခြံထဲ ရောက်တဲ့ အခါကျတော့ ဒါရိုက်တာ မောင်တင်ယု နဲ့ သိရတာပေါ့ ။ အဲဒီတော့ ကျွန်တော့် ကို ဖလင် က Out to Edit ပေါ့နော် ၊ Technic ပေါ့ ဖလင် ကို ဘယ်လို ထားမယ် ၊ သိုမယ် ဆိုတာကို သင်ပေးတာ ဆရာဦးတင်ယု ဖြစ်ပါတယ် ။ နောက် ... ကျွန်တော် မန္တလေးရုပ်ရှင် ကို ၁၉၆ဝ ခုနှစ် မှာ ဖလင်အယ်ဒီတာ တစ်ယောက် အနေနဲ့ မြို့မကိုပေါ တို့ နဲ့ အတူတူ ဆက်ရပါတယ် ။ ရေမြေဆုံးတိုင် ဆိုတဲ့ ကားပေါ့ ။ အဲဒီအခါ ကျတော့ ဆရာ ရွှေဒုံးဘီအောင် က ကြီးကြပ် တယ် ။ တက္ကသိုလ်ဝင်းဖေ ဆိုတဲ့ ပုဂ္ဂိုလ်ကြီး က ဒါရိုက်တာ လုပ်ပါတယ် ။ အဲဒီ ကား ထဲ မှာ ထူးထူးခြားခြား က တော့ မှတ်မိသလောက် ကျွန်တော်တို့ သင်္ဂဟ ဦးဘသိန်းကြီး က ၊ ခေါင်းဖြူကြီး က သရုပ်ဆောင် အဖြစ် နဲ့ ဝင် ပါပါ တယ် ။ အဲဒီတော့ ကျွန်တော် အဲဒီ ကား ကို ဆက်ခဲ့ရတယ် ။ အဲဒါနဲ့ ကျွန်တော့် ကို ဆရာရွှေဒုံး က ခင်မင်ပြီးတော့ အတွေ့ ဇာတ်ကား မှာ မောင်သင် ရဲ့ ညီ အဖြစ် နဲ့ မောင်လွင် ဆို ပြီးတော့ ကျွန်တော် အောင်လွင် ဖြစ်ခဲ့တာပါ ။


▢ ဆရာ ရွှေဒုံးဘီအောင် က ခေါ်ရိုက်တဲ့ အခါကျတော့ ပထမဆုံး သရုပ်ဆောင် ဖြစ်တာ “ အတွေ့ ” ပေါ့ ။


❥ အဲသလို ပြောလို့ မရဘူး ။ ကျွန်တော် က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် နဲ့ အေဝမ်းခြံ ၊ မြဇော်ခြံ ၊ မောင်မောင်စိုးခြံ ဆိုပြီးတော့ နေလာတဲ့ အခါ ကျတော့ ဦးဖိုးပါကြီး နဲ့ ပါသွားပြီးတဲ့ အခါကျတော့ ဒူးရင်းသီးကြီး လည် နေ တဲ့ မော်လမြိုင်ရုပ်ရှင် ဆိုတဲ့ဟာ အဲဒါက နေ ပြီးတော့ ကျားသားမိုးကြိုး ဆိုတာ ရိုက်ဖြစ်တယ် ။


▢ ဟုတ်ကဲ့ ၊ “ ကျားသားမိုးကြိုး ” ဆိုတာ ကျွန်တော် မှတ်မိတယ် ။ ခင်ယုမေ ။


❥ ဟုတ်ကဲ့ ၊ ဒေါ်ခင်ယုမေ ရဲ့ ဒုတိယကား ဖြစ်မှာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဤဘဝဝယ် က ဦးဖိုးပါကြီး နဲ့ ပထမကား ဖြစ်ပါတယ် ။ ကျားသားမိုးကြိုး မှာ ကျွန်တော် ဦးဖိုးပါကြီး ရဲ့ ညီ အဖြစ် နဲ့ ပါတယ် ။ အဲဒါကနေ တစ်ခါ ရွေ့လျားပြီးတော့ အေဝမ်းခြံထဲ ကို ဆရာဦးတင်ဦးယု ဆီ ပြန်ရောက် သွားတဲ့အခါ ကျတော့ အေဝမ်းမိသားစု တစ် ခုထဲ က ဦးသိန်းဇော် ရိုက်ကူးတဲ့ မောင်နှံခုနစ်ဖော် ထဲ မှာ ကျွန်တော် ညီအစ်ကို တစ်ယောက် အဖြစ် ပါပါတယ် ။ နောက်ပြီးတော့ တစ်ခါ အဲဒီ ခြံ ထဲ မှာပဲ နေရင်း ကနေ ပြီးတော့ အောင်မင်္ဂလာ က ရိုက်တဲ့ ရွှေစက်တော် တို့ ၊ အောင်ခြင်းရှစ်ပါး တို့ အဲဒီမှာ ဖလင် အယ်ဒီတာ ၊ ဖလင် စုဆောင်းသူ ၊ မှတ်တမ်းတင်သူ အဖြစ် နဲ့ ကျွန်တော် သံသရာ လည် ရတာပေါ့နော် ။ ကျွန်တော်တို့ ဆက် ပြောရမယ် ဆိုလို့ရှိရင် အတွေ့ မှာ ဆရာ ရွှေဒုံး နဲ့ ခင်မင်ပြီးတော့ ကားဆက် တာ လည်း ဆရာရွှေဒုံး ရဲ့ ကားဆက်နည်း က Creative Art အနုပညာဆန်သော ကားဆက်နည်း ဖြစ်ပါတယ် ။ မြန်မာပြည် မှာ တော့ တော်တော် ရှားပါတယ် ။ ရှားတယ် ဆိုတာက အခု လူတွေ အပြစ် မဟုတ်ပါဘူး ။ ကျွန်တော်တို့ ခေတ် က ဆိုလို့ ရှိရင် ဖလင် ကို ဗုံးပေါလအော သုံးနိုင်တဲ့ အတွက် အကောင်းဆုံး ဟာတွေ ရွေးပြီးတော့ အဆီအနှစ်တွေ ဆက်တဲ့ ဟာကိုး ။ အခုကတော့ ကျွန်တော်တို့ ခေတ် မှာ ကို ၊ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ လူ ဖြစ်လာတဲ့ အချိန်မှာ ကို ဖလင် ကို တစ် ၊ နှစ် ၊ သုံး Serial ဆက်ရတဲ့ ဖလင် ရှားပါးမှု ဖြစ်သွားပြီ ။ ဖလင် ဆိုတာ တစ် ၊ နှစ် ၊ သုံး ဖြစ်ချင် မှ ဖြစ်မယ် ၊ တစ် ၊ နှစ် ၊ သုံး ဖြစ်ချင် ဖြစ်မယ် ၊ သုံး ၊ နှစ် ၊ တစ် ဖြစ်ချင် ဖြစ်မယ် ။ နှစ် ၊ တစ် ၊ သုံး ဖြစ်ချင် ဖြစ်မယ် ။ ကျွန်တော်တို့ ဖလင် Editing အစစ် က အဲဒီလို ဖြစ်ပါတယ် ။ အဲဒီလို ဆက်ရတာပေါ့နော် ။ အဲဒီကနေ ပြန်လာတဲ့ အချိန် မှာ ကျွန်တော် ရဲ့ ဆရာ တစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ မောင်တင်ယု က နှစ်ယောက် ထဲ နေချင်တယ် ဇာတ်ကား ကို ရိုက်ပါတယ် ။ ဦးဝင်းဦး က စစ်တပ် က ဗိုလ်ကြီး ဘဝ က နေ ထွက်ပြီးတော့ ရုပ်ရှင် ထဲ ကို ကူးလာတဲ့ အချိန်မှာ ဒေါ်တင်တင်မူ နဲ့ All That Heaven Allow ဆိုတဲ့ ဇာတ်ကားလေး ကို အခြေပြု ပြီးတော့ နှစ်ယောက်ထဲ နေချင်တယ် ရိုက်ဖြစ်တယ် ။ တစ်ဆက်တည်း ပြော သွားမယ် ဆိုလို့ ရှိရင် အဲဒီ ကားထဲမှာ အင်မတန် မှ ခေတ်အရ အဲလဗစ္စပရက်စလေ နာမည် ကြီး နေတဲ့ ကာလမှာ ဂီတလောက လူငယ်တွေ လိုက်နေတဲ့ အချိန် မှာ မီးပုံပွဲ ဆိုတဲ့ သီချင်း နာမည်ကြီး ပါတယ် ။ ဒါကတော့ ကျွန်တော် တို့ ဒီ ဘသိန်း က မေမြို့ က ရှူးဝါးဦးဘသိန်း ဖြစ်ပါတယ် ခင်ဗျာ ။ 


▢ ဟုတ်ကဲ့ ။


❥ အဲဒီ နှစ်ယောက်ထဲ နေချင်တယ် ရိုက်တဲ့ အခါကျတော့ ဟိုစဉ်တုန်း အခါက အခုလို ရုံရက် ကို တန်းစီပြီးတော့ စောင့်ရတဲ့ ကာလ မဟုတ်ဘူး ။ အဲဒီတော့ ကိုယ် တင်ချင်တဲ့ အချိန်မှာ နေ့ကောင်းရက်သာ လပြည့် ၊ လကွယ် ၊ စနေ ၊ တနင်္ဂနွေ အဲဒီလို လူများများ လာနိုင်မယ့် ရက် ကို ချောင်းပြီးတော့ လုကြတဲ့ ကာလမှာ နှစ်ယောက်ထဲ နေချင်တယ် ကလည်း ရက်ချိန်းပြီးသား ဖြစ်နေတယ် ။ ကား က ရိုက်လို့ မပြီးသေးဘူး ။ အဲဒီလို ဖြစ်နေတယ် ။ အဲဒီအခါ ကျတော့ ကျွန်တော် က အတွေ့ ဆက်ပြီး ပြန်လာတဲ့ အခါကျတော့ ကျွန်တော့် ရဲ့ ဆရာ အေဝမ်းမောင်တင်ယု က မင်း ပဲ ဆက်တော့ကွာ ၊ ငါ ကား ရိုက်မယ် ဆိုတော့ ဦးဝင်းဦး က ဇာတ်ညွှန်း ရေးတယ် ၊ ဦးတင်ယု က ကားရိုက် တယ် ၊ ကျွန်တော် က နောက်ပိုင်းက ကားဆက် ပေးတယ် ။ အဲဒါနဲ့ တစ်ခါ သံသရာ ဦးဝင်းဦး နဲ့ ပြန် တွဲဖြစ်သွားတာပါပဲ ။


▢ အဲဒီတော့ “ နှစ်ယောက်ထဲ နေချင်တယ် ” ကနေ ပြီးတော့ ဦးဝင်းဦး နဲ့ တွဲဖြစ် သွားတာပေါ့ ။ ဦးဝင်းဦး နဲ့ တွဲပြီးတော့ ကား တော်တော်များများ ရိုက်ဖြစ်ခဲ့တယ်နော် ။ အစ်ကို့ ကို သူ က သရုပ်ဆောင် အနေနဲ့ တွဲခေါ်ခဲ့တာပေါ့နော် ။ အဲဒီမှာ ကျွန်တော် မှတ်မိတဲ့ ကား တစ်ကား ရှိတယ် ။ အဲဒီ ကားက တော်တော် ထူးခြားတယ် ။ ဦးဘချစ် ပါတယ် ။ အစ်ကို နဲ့ ရခိုင်စကား ပြောတဲ့ ... ။


❥ ဟုတ်ကဲ့ ၊ ထွန်းထွန်း ၊ ဒါရိုက်တာ ထွန်းထွန်း ၊ ဦးဝင်းဦး ရိုက်တာ ဟုတ် ။ ဦးဝင်းဦး ရိုက်တယ် ၊ ဒေါ်တင်တင်မူ ၊ ကျွန်တော် က မင်းသား လုပ်ရ ပါတယ် ။ ချစ်မိုးမြေ ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ် ။ ချစ်မိုးမြေ ကို ပြန် ဆက် ပြီး ပြောရမယ် ဆိုရင် နောင် တစ်ချိန်မှာ ဦးဝင်းဦး ကိုယ်တိုင် ချစ်သူကြင်သူ မြတ်နိုးသူ ဆိုပြီးတော့ ဒါကို ပြန် ရိုက်ရပါတယ် ။ ဒါကတော့ ဘာနဲ့လဲ ဆို တော့ ရော့ဟက်ဆင် နဲ့ ပဲ  Magnificent Of Sixteen ဆိုတဲ့ ဝတ္ထုလေး ကို ပြန် မှီးပြီးတော့ ရိုက်ခြင်း ဖြစ်ပါတယ် ။


▢ အဲဒီ ကား ထဲမှာ ကျွန်တော် မှတ်မိတာ က ဦးဘချစ်ကြီး နဲ့ အစ်ကို နဲ့ ရခိုင်စကား နဲ့ ပြောကြတာ ။


❥ ဟုတ်ကဲ့ ၊ ကျွန်တော် က ဦးဘချစ် ကို အင်္ဂလိပ် လို ရေးပြီးတော့ ရခိုင်အသံ ပြောပေးတယ် ။ ရခိုင်အသံ ကို အင်္ဂလိပ် လို ပြောတော့ သူ က အင်္ဂလိပ် လို တတ်တော့ ဒီ အသံ ထွက် လိုက်ရင် ရတယ်ပေါ့ နော့ ။ 


▢ ဟုတ်ကဲ့ ၊ အသံ ထွက်လို့ ရရင် ပြီးတာပေါ့ ။ အဲဒါလေးကတော့ မြန်မာရုပ်ရှင် သမိုင်းမှာ ထူးခြားတယ် ၊ ရခိုင်စကား နဲ့ ပြောကြတာပေါ့ မြေးအဘိုး နှစ်ယောက် ။


❥ ဟုတ်ကဲ့ ခင်ဗျ ၊ ပထမဦးဆုံး အင်းလေး မှာ မော်တော်ဘုတ် စီးတဲ့ ကားပေါ့ ။


▢ မင်းသမီး က ... ။


❥ ဒေါ်တင်တင်မူ ။ 


▢ ဒေါ်တင်တင်မူ လား ... ။


❥ ဟုတ်ကဲ့ ၊ ကျွန်တော့် မှာ ပိုစတာ ရှိသေးတယ် ။ ဒေါ်တင်တင်မူ ၊ ဘေဘီနွဲ့ ၊ ဂျော်လီဆွေ ။


▢ ဟုတ်ကဲ့ ၊ ဦးဝင်းဦး မရှိတဲ့ နောက်ပိုင်း မှာ လည်း ကိုယ့် ဟာ ကိုယ် ဒါရိုက်တာ အဖြစ်နဲ့ ရပ်တည်ပြီးတော့ ကားတွေ ရိုက်ခဲ့တယ် ။ ရိုက်ခဲ့တဲ့ အထဲမှာ ကျွန်တော် မှတ်မိတဲ့က “ မိုးကုပ်စက်ဝိုင်း ကို ကျော်လွန်၍ ” နော် ။ အစ်ကို့ ကား တော်တော်များများ က ပေါ့နော် ဒေါ်အေးအေးသင်း နဲ့ ရိုက်ခဲ့တဲ့ “ ကလောအလွန် တစ်ဘူတာ ” တို့ ၊ “ မာယာ ထောင်ချောက် ” တို့ အဲဒီလို ကားတွေ နဲ့ ထွန်းအိန္ဒြာဗိုလ် သရုပ်ဆောင် တဲ့ “ မိုးကုပ်စက်ဝိုင်း ကို ကျော်လွန်၍ ” တို့ Suspense တွေ များ သလားလို့ ။


❥ ဟုတ်ကဲ့ပါ ။ အဲဒါက ဦးဝင်းဦး နဲ့ ပတ်သက်လို့ အတိုချုပ်ကလေး ပေါ့ ။ ဆိုလိုတာ ကတော့ ဦးဝင်းဦး နဲ့ ၁၉၆၂ က နေပြီးတော့ ၁၉၇၀ ခုနှစ် မှုံရွှေရည် ဇာတ်ကား ပြီးတဲ့ အထိ ကျွန်တော်တို့ အတူတူ တွဲ လုပ်ကြပါတယ် ။ လုပ်တဲ့ အခါမှာ ရံဖန်ရံခါ တော်တော်များများ က ကျွန်တော် က ဒုတိယ မင်းသား ပေါ့ ။ ဇာတ်ပို့ ပေါ့ ။ ဆိုတော့ ကျွန်တော်တို့ ဇာတ်ကားလေး တွေ တော်တော် အောင်မြင် ခဲ့ပါတယ် ။ ပထမဦးဆုံး ဦးဝင်းဦး ကိုယ်တိုင် သူ့ ရဲ့ ထုတ်လုပ်ရေး အနေနဲ့ ရိုက်ခဲ့တာ ညီညီလွင် ပေါ့ ။ ညီညီလွင် ဆိုတော့ ကျွန်တော် က ကိုကိုလွင် နေရာ က ပါခဲ့ရပါတယ် ။ နောက်တစ်ခါ ကျတော့ ထူးထူးခြားခြား ကောင်းခဲ့တဲ့ ၊ ညီညီလွင် မှာ က မင်းသမီး က ဒေါ်ဝါဝါဝင်းရွှေ ဖြစ်ပါတယ် ။ နောက် ဦးသိန်းမောင်ကြီး ပေါ့ ကျွန်တော်တို့ အဖေ က ၊ နောက် ကျွန်တော် တို့ ကို စွန့်ပစ်သွားတဲ့ အမေ က ဒေါ်ဘေဘီနွဲ့ လုပ်ရပါတယ် ။ အဲဒါလေး က အမှတ်တရ ကျွန်တော် ပြောချင်တယ် ။


▢ အဲဒါ ကျွန်တော် ထင်တာ East Of Eden ထင်တယ်နော် ။


❥ ဟုတ်ကဲ့ ၊ East Of Eden ဖြစ်ပါတယ် ။ နောက်တစ်ခါ ကျတော့ မုန်းမေ့ပါနိုင် ပေါ့ ။ မုန်းမေ့ပါနိုင် ဆိုတဲ့ ကားကျတော့ ... ။


▢ All The Fine Young Canibals နော် ၊ ဇာတ်လမ်း က တော်တော် တော့ ထူးခြားတယ် ထင်တယ်နော် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ဇာတ် ကိုပဲ မန္တလေးရုပ်ရှင် က လည်း “ မောင့်မူပိုင်ရှင် ” ဆိုပြီး ရိုက်ခဲ့တယ် ။ ဦးဝင်းဦး က “ မုန်းမေ့ပါနိုင် ” ဆိုပြီး ရိုက်ခဲ့တယ် ။ ဦးဝင်းဦး ဆီ မှာတော့ ပို ပြည့်စုံ တယ်ပေါ့နော် ။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်း ဆိုတဲ့ နီဂရိုးမကြီး နေရာ မှာ ထည့်ထားတာတွေ ဘာတွေ ပါတယ် ။ “ မောင့်မူပိုင်ရှင် ” မှာတော့ မပါဘူး ။


❥ ဟုတ်ကဲ့ ။ အဲဒါလေး က လည်း ပြောလို့ ရတယ် ။ ပြောလို့ရတယ် ဆို တာက ကျွန်တော် ရယ် ၊ ဦးဝင်းဦး ရဲ့ ညီ ပေါ့ ကိုအောင်မိုး ရယ် ၊ ဦးဝင်းဦး ရယ် ကျွန်တော် တို့ သုံးယောက် ကား အတူတူ စီးပြီး သွားကြတော့ ဦးဝင်းဦး က ကျွန်တော့် ကို စ,ပြောတယ် ။ ကိုယ် မင်းသမီး သုံးယောက် နဲ့ ကား ရိုက်ချင်တယ် တဲ့ ။ မသီ ရယ် ၊ မတင် ရယ် ၊ ဝါဝါ ရယ် ပေါ့ ၊ အန်တီဝါ ရယ် ပေါ့ နော် ၊ ကား ရိုက် ချင်တယ်တဲ့ ။ အဲဒီတော့ ကျွန်တော် က လှစ်ခနဲ All The Fine Young Canibals ရိုက်ပါလား ။ အဲဒီအခါ ကျတော့ ဦးဝင်းဦး က ဘာ ပြန်ပြောလဲဆိုတော့ အဲဒါ မောင့်မူပိုင်ရှင် မန္တလေးရုပ်ရှင် က ရိုက်ပြီးသား တဲ့ ။ မဟုတ်ဘူး ... အဲဒီမှာ ကပ္ပလီမကြီး မပါဘူးလေ လို့ ။


▢ မပါဘူး ။


❥ အဲဒီမှာ သူ က ၊ ဦးဝင်းဦး ရဲ့ ဉာဏ် သွားတာက သိပ် မြန်တယ် ... နော် ... အဲဒါကို ကျွန်တော်တို့ ငြင်းလို့ မရဘူး ၊ ဉာဏ် သွားတယ် ။ ကျွန်တော် အဲဒီလောက် တို့ လိုက်ရင် သူ သွားပြီ ၊ အဝေးကြီး ကို သွားပြီ ။ ကပ္ပလီမကြီး သည် တီးဝိုင်း နဲ့ ဆက်နွယ်သော ၊ ဒါ့အပြင် ကို မန်းတင် ရဲ့ အောင်မြင်ခဲ့သော ရွှေလည်တိုင် ကို ငါတို့ ဘယ်လို ပြန် ဖော်ထုတ်မယ် ဘာညာ သူ့ ခေါင်း က အဲဒါ သွားပြီ ။ အဲဒီတော့ မုန်းမေ့ပါနိုင် ဇာတ်ကားလေး ဟာ ကျွန်တော် လည်း ဇာတ်ညွှန်းတွေ မသိမ်းထားဘူး ၊ ကားထုပ်တွေ လည်း ပျက်စီးသွား တော့ နှမြောဖို့ ကောင်းတယ် ။ နှမြောဖို့ ကောင်းပါတယ်နော် ။ အဲဒါ တစ်ခါ ရိုက်ခဲ့တယ် ။ နောက် တစ်ခါ ကျွန်တော်တို့ ဘာ ရိုက်မလဲ ဆိုတော့ ... ဒီဘက် မှာ ဘာဖြစ်လာလဲ ဆိုတော့ ဆရာဦးတင်ယု က တစ်ပွင့်တည်း ပန်မယ် ဆိုတာ ရိုက်တယ် ။ ကျွန်တော် ကား ဆက်ခဲ့တဲ့ ကားတွေပေါ့ နော် ။ တစ်ပွင့်တည်း ပန်မယ် ပြီးတော့ ဒီဘက်မှာ ပိတောက်ရိပ်ဝယ် ပြန်ရိုက်တယ် ။ ပိတောက် ရိပ်ဝယ် က ဒေါ်တင်တင်အေး ပေါ့ ။ နောက် ... ။


▢ နှင်းဆီ ။


❥ ဟုတ် မနှင်းဆီ ပေါ့ ။ ဒီ ကားရဲ့ ထူးခြားချက်ကတော့ ဒေါ်မာမာအေး ရဲ့ ပိတောက်လမ်း သီချင်း ဖော်ထုတ်နိုင်ခဲ့တာပေါ့နော် ။ အဲဒီလေးတွေ မှတ်မိပါတယ် ။ နောက်တစ်ခါ ကျတော့ အဲဒီ ကာလမှာပဲ ၁၉၆၃ ခု ၊ ဧပြီလ သင်္ကြန်လ ဖြစ်သွားတဲ့ အခါကျတော့ မန္တလေးရုပ်ရှင် က နေပြီးတော့ မောင်တို့ ချယ်ရီမြေ ဆိုတဲ့ ဇာတ်ကား ကို ရိုက်ဖြစ်ပါတယ် ။ အဲဒီ ကား ကို ကျွန်တော် က မှတ်တမ်း လည်း ရေးရတယ် ။ ကလက် လည်း ရိုက်ရတယ် ။ ကား လည်း ဆက်ခဲ့ရတယ်ပေါ့ ။ ဖလင်အယ်ဒီတာ စံရွှေမောင် အနေနဲ့ပေါ့ ။ 


▢ ဟုတ်ကဲ့ ။


❥ အဲဒီက နေ ပြီးတော့ ဦးဝင်းဦး ရဲ့ အကောင်းဆုံး ကား တစ်ကား လည်း ဖြစ်တယ် ၊ ကျွန်တော် ကားဆက် ရတာလည်း အရသာ ရှိတယ်ပေါ့ အဲဒါက တော့ ဆောင်းအိပ်မက် ပေါ့ ။ အဲဒါကတော့ ဒေါ်တင်တင်အေး နဲ့ ပါပဲ ။ ဦးဝင်းဦး ဖော်ထုတ် နိုင်ခဲ့တဲ့ သီချင်းကတော့ မပြီးသေးသော ပန်းချီကား ။ အဲဒီလို နေ လိုက်ပြန်ရော ... ။


▢ အဲဒီမှာ အစ်ကို ကျွန်တော် ဖြတ် ပြောဦးမယ် ။ အခု ပြောရင် တော့ အဓိက သရုပ်ဆောင် တင်တင်အေး လို့ ပြောလို့ ရတာပေါ့နော် ၊ တင်တင်အေး လို့ ပြောကြလိမ့်မယ် ။ အမှန်က တကယ့်တကယ့် ကျွန်တော်တို့ မြင်တာ တင်တင်အေး မဟုတ်ဘူး ၊ အေးအေးသင်း ။ ဇာတ်ဆောင် နဲ့ ဇာတ်ပို့ ခွဲခြားမှု က ... မင်းသား နဲ့ ညားရင်တော့ ဇာတ်ဆောင် အဲဒီလို ဖြစ်သွားတယ် ။


❥ ကျွန်တော် က နှစ်ကိုယ်ခွဲ ရိုက်ရတာပေါ့ ။ တစ်ကိုယ် က စိတ္တဇ ရဲ့ ကိုယ်ပွား ပေါ့ ။ တစ်ကိုယ် က တစ်ခါတစ်ရံ မှာ ဒေါ်အေးအေးသင်း ကို သူ ထမ်းလာရင် ကျွန်တော် က ဦးဝင်းဦး ရဲ့ စပို့ရှပ် ကို ဝတ်ပြီးတော့ ထမ်း ပေးရတာ ပေါ့ ။ အဲဒါမျိုးတွေ ရှိခဲ့တယ် ။


▢ ဟုတ်လား ။


❥ အဲဒါကတော့ ဆောင်းအိပ်မက် ဖြစ်ပါတယ် ။ ဆောင်းအိပ်မက် ကို ကားဆက် က ညွန့်မြန်မာခြံ မှာ ဆက်ပါတယ် ။ ညွန့်မြန်မာခြံ မှာ ဆက်တဲ့ အခါကျတော့ ကား လည်း ဆက်လည်း ဆက်ပြီးရော ကျွန်တော်တို့ ဗြိတိသျှ ဘားမား ညွန့်မြန်မာ က ဦးနေဝင်း ပြန် ရောက်လာတယ် ခင်ဗျာ ။ ငါ့ ကို တဲ့ လုပ်ပေးကြပါဦးကွာ တဲ့ ဆိုတော့ ကျွန်တော့် ဆီမှာ အလွယ်တကူ ရှိတဲ့ ဇာတ်ကလေး တစ်ခု က တိမ်လွှာမို့မို့လွင် ဆိုတဲ့ ဇာတ်ကား ကို စ,ပါတယ် ။ တိမ်လွှာမို့မို့လွင် ဆိုတဲ့ ဇာတ်ကား ကို စတဲ့ အချိန်မှာ တိမ်လွှာမို့မို့လွင် ဘာဖြစ်လို့ ဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ရှေးတုန်းက မြန်မာ့အသံ မှာ ဂီတ နဲ့ ပတ်သက်လို့ ကျေးဇူးရှင် တစ်ယောက် ဖြစ်တဲ့ အဘ ဦးသန်းမြင့် ရှိခဲ့ပါတယ် ။ အဘဦးသန်းမြင့် ဆိုလို့ ရှိရင် ရှေးမီ နောက်မီ ဖြစ်တဲ့ အတွက် ဥပမာ သင်္ကြန် ဆို လို့ရှိရင် သပြေခက် နဲ့ ရေပက် ဒေါ်အောင်ကြည် ရဲ့ သီချင်းလေး ကို ဖွင့်မယ် ။ ခေတ် နဲ့ အခါ နဲ့ လိုက်ဖက် အောင် တော်တဲ့ ဂီတဆရာကြီး တစ်ယောက် ဖြစ် တယ် ။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ လူတိုင်း သိတဲ့ ဆရာကြီး မြို့မငြိမ်း နောက်ဆုံး ရေးသွားတဲ့ တိမ်လွှာမို့မို့လွင် ဆိုတဲ့ သီချင်း ကို လည်း ကျွန်တော် တို့ သွင်း ဖြစ်ပါတယ် ။ အဲဒါနဲ့ ညွန့်မြန်မာ က ဦးနေဝင်း က အဲဒါဆိုရင် အဲဒီ ကား ရိုက်ရအောင် ဆိုပြီး ဦးဝင်းဦး က ဇာတ်ညွှန်းပေါင်း ၊ ကိုရင် ဒါရိုက်တာ လုပ်ပါ လား ဆိုပြီး ပြောတယ် ။ ကျွန်တော် က မလုပ်ချင်သေးဘူး လို့ ပြောတယ် ။ ဒါပေမဲ့ သူ က အတင်း ခိုင်းတဲ့ အတွက် ကျွန်တော် ရိုက်ဖြစ်ခဲ့တာပေါ့ ။ အဲဒီတော့ ၁၉၆၈ ခုနှစ် မှာ ပထမဦးဆုံး ကျွန်တော်တို့ ရခိုင်ဒေသ ဖြစ်တဲ့ စစ်တွေ တို့ ဘာတို့ ပင်လယ်ကမ်းခြေ မှာ တိမ်လွှာမို့မို့လွင် ကို ရိုက်ဖြစ်ခဲ့ပါတယ် ။ ၇ဝ ခုနှစ် တွေ မှာတော့ သူ နဲ့ ကျွန်တော် နဲ့ က ကျွန်တော့် ဘာသာ ရုန်းကန်ပြီး ကားရိုက်ဖို့ ကြိုးစားလာတယ် ။ ပထမ ခုနက ပြောတဲ့ မာယာထောင်ချောက် ဆိုတဲ့ လမ်းကြောင်း ပေါ် ကို ရောက်ခဲ့ပါတယ် ။


▢ ဟုတ်ကဲ့ ၊ ခုနက ကျွန်တော် မေးတာ အစ်ကို ရိုက်တဲ့ ကားတွေ က Suspense များတယ် ။


❥ ဟုတ်ကဲ့ ၊ အဲဒါလည်း ပြောလို့ ရပါတယ် ။ ကျွန်တော် က စာအုပ် နဲ့ ပတ်သက်လို့ ငယ်ငယ် ကတည်း က ရူးသွပ်တာ က စုံထောက်ဦးစံရှား ကို ရူးသွပ်ပါတယ် ။ စုံထောက်ဦးစံရှား ဆိုတာ ကတော့ ကျွန်တော်တို့ မှာ ကျေးဇူး ရှိပါတယ် ။ ဆရာကြီး ရွှေဥဒေါင်း ဖြစ်ပါတယ် ။ ဘာဖြစ်လို့ ကျေးဇူး ရှိလဲ လို့ ပြောမယ် ဆိုရင် ဆရာကြီး က ကျွန်တော်တို့ ဇော်ဟိတ် ဆိုတဲ့ ဝတ္ထု ထဲ မှာ အမှာ ရေးထားတယ် ။ ကျွန်တော်တို့ သည် နိုင်ငံခြား ကို မီဖို့ မပြောနဲ့ အနား ရောက်ဖို့ တောင် မလွယ်ဘူး ။ ဒါ သူ ရေးထားတာ ။ ကျွန်တော် စာ ရွတ်ပြ ဆို လည်း ပြလို့ ရတယ် ။ အဲဒီတော့ အကောင်းဆုံး ဟာ မှီးခြင်း ဖြစ်တယ် ။ ကျွန်တော် သည် အဲဒီ စုံထောက်ဝတ္ထုတွေ ကို ယူပြီးတော့ ၊ ဖတ်ပြီးတော့ ကျွန်တော့် ခေါင်း ထဲ မှာလည်း ဒါပဲ Inspiration ဖြစ်တဲ့ အတွက် ၊ အဲဒါမှ လည်း ပရိသတ် ကို ပို ပြီးတော့ လှုပ်ရှားမယ် ။ ပရိသတ် ကို လှည့်စားနိုင်မယ် ။ ကျွန်တော် ဝှက်ထားတဲ့ တရားခံ ကို ပေါ်သွားရင် ကျွန်တော် ရှုံးမယ် ။ ဟုတ်တယ် မလား ၊ အလကားကောင် ဖြစ်သွားမယ် ။ ကျွန်တော် ဝှက်ထားတဲ့ တရားခံ ကို မသိဘဲနဲ့ “ ဟာ ... ကွာ ” ဖြစ်သွားရင် ကျွန်တော် နိုင်မယ် ။ ကျွန်တော် အဲဒီ ဆန္ဒနဲ့ ကစားတာပါ ။


▢ ဟုတ်ကဲ့ ၊ လူ လည်း စိတ်ဝင်စားပါတယ် ။ နောက် အခု အစ်ကို နောက်ဆုံး ရိုက်တာ “ သရစောထိ ” နော် ၊ “ သရစောထိ ” လည်း ပေါ်လစီ လို့ ပြောကြပါစို့နော် ၊ ပေါ်လစီ ဆိုပေမယ်လို့ Entertainment ဖြစ်ပါတယ် ။ ထွန်းထွန်း လုပ်တာလေး နဲ့ ၊ အစ်ကိုရိုက်ချက်တွေ နဲ့ ၊ ကလေးတွေ နဲ့ ပညာရေး အတွက် အထောက်အကူ ပြုအောင် လုပ်သွားတာလေး ကောင်း ပါတယ် ။


❥ ဟုတ်ကဲ့ ။ ကျွန်တော် ဝမ်းသာပါတယ် ။ အခု ကျွန်တော်တို့ ဖလင် ခေတ် ကုန်သွားပြီ ဆိုတဲ့ အခါ ကျတော့ Digital System နဲ့ ဆိုတဲ့ အခါကျတော့ ကျွန်တော် ပထမဦးဆုံး ရိုက်ရတဲ့ ကား ဖြစ်ပါတယ် ။ ဒီလို ရာသီပေါ့ ၊ မနှစ်က ကျွန်တော်တို့ ကို သက်ဆိုင်ရာ နိုင်ငံတော် က တာဝန် ပေးတော့ ဇွန် ၊ ဇူလိုင် မှာ ပေးတယ် ။ စက်တင်ဘာ မှာ ပြီးအောင် ရိုက်ရမယ် ။ အကယ်၍ သာ ဖလင် နဲ့ ရိုက်ခဲ့မယ် ဆိုရင်ပေါ့ ၊ ဖလင် ကို သွားရိုက်မယ် ။ အဲဒီ ပုံးကြီးကို ကျွန်တော် တို့ နေခြည်ဖြာ မှ နွေးသောကြောင့် ရိုက်ခဲ့ သလို ရေခဲတောင် က နေပြီးတော့ လာ ဆေးမယ် ။ အဲဒီလို ဖြစ်ပြီးတော့ အချိန်တွေ အများကြီး ကုန်မယ် ။ အခု ဒစ်ဂျစ်တယ် နဲ့ ဖြစ်တဲ့အခါ ကျတော့ ဖလင် တည်းဖြတ်တဲ့ လူ ဟာ မီးစက်ကလေး တစ်လုံး သူ့ ကို သီးခြား ပေးပြီးတော့ မနက်ကို  ရိုက်တယ် ၊ ည ကို ကားဆက် တယ် ။ အဲဒီတော့ အချိန်တန် ရင် ကျွန်တော်တို့ ရန်ကုန် ပြန်ရတဲ့အချိန်မှာ ကျွန်တော်တို့ ကား ဆက် ပြီးသားပဲ ။ မကောင်းတာ ကောင်းတာ ၊ လိုတိုး ပိုလျှော့တွေ နုတ်ပြီးတော့ အသံသွင်း ရုံပါပဲ ။ ဒါ ကျွန်တော် ဆရာစောထိ ကို လည်း သဘောကျပါတယ် ။ ကျွန်တော် ဖတ်တဲ့ စာအုပ်တွေ ထဲ မှာ ဆိုရင် ကျွန်တော် အီဗရာဟင်လင်ကွန်း အမေရိကန်သမ္မတကြီး ကို သဘောကျပါ တယ် ။ သဘောကျတယ်ဆိုတာ သူ သည် စာ ကို အရမ်း မြတ်နိုးတယ် ၊ မိဘ အရမ်း ဆင်းရဲတယ် ။ အဲဒီ ကြားထဲ က နေ ပြီးတော့ စာတတ် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်အောင် ကြိုးစား လာတယ် ။ ကြိုးစား  လာပြီးတော့ လည်း လူဆင်းရဲ တဲ့ ဘက် ကနေ ရပ်တည်တဲ့ ရှေ့နေ တစ်ယောက် ဖြစ်လာတယ် ။ အဲဒီလို ရှေ့နေ တစ်ယောက် ဖြစ်လာတဲ့အခါမှာ အများအားဖြင့် သူ အမှုလိုက်ရတယ် ဆိုရင် လူမည်းတွေ အတွက် လိုက်ရတာ များတယ် ။ များတဲ့ အခါကျတော့ ဟိုဘက် က ငွေကြေး မပြည့်စုံတဲ့ အတွက် ကို သူ့ ကို ခရမ်းသီးတွေ ပေးလိုက် ၊ ကြက်ဥတွေ လာပေးလိုက် ၊ ကြက်တွေ လာပေးလိုက် ၊ အဲဒါနဲ့ ရုံးခန်းလည်း မရှိဘူး ။ အစ မှာ သစ်ပင် အောက် မှာ ရုံးခန်း ဖွင့်တယ် ။ အီဗရာဟင်လင်ကွန်း ကို သဘောကျပြီး ကဲ ... အဲဒီလို ဆိုရင် ဆရာစောထိ ဆိုတဲ့ လူ က ဆယ်တန်း မအောင်ဘဲနဲ့ ငါတို့ ကျောင်းဆရာ လုပ်လို့ မရဘူးလား ။ အဲဒါလေး ကို ကျွန်တော် မြတ်နိုးလို့ ကျွန်တော် ဦးသူရ ကို ပြောပြပါတယ် ။


▢ အစ်ကို့ ကို ကျွန်တော် မေးလိုက်တာတော့ ကျော် နေပြီပေါ့ နော် ၊ ဒီဘက်ခေတ် ကို ရောက်သွားတယ် ။ ဟိုဘက်ခေတ် က ရေခဲတောင် သွား ရိုက်ရတဲ့ ကား ကို ပြောပြပေးပါဦး ။


❥ ဟုတ်ကဲ့ ၊ အဲဒါလည်း ရူးသွပ်တာပါပဲ ။ တစ်နေ့သော အခါမှာ အခု ကိုချစ်မောင် News Watch ရဲ့ ၊ အဝကျွန်းချစ်မောင် ရဲ့ ဆရာ ပေါ့ ဆန်းမောင်သောင်း ၊ မောင်သောင်း ( ရှမ်း ) ရယ် ၊ ကျွန်တော် ရယ် ၊ ကာတွန်းစံရွှေမြင့် ရယ် ၊ မောင်မောင်ဆွေ ရယ် ကျွန်တော် တို့ ပူတာအို သွား လည်ကြတယ် တိုအောင် ပြောရရင်တော့ အဲဒီတုန်းက လေယာဉ်ပျံ စီးရမယ့် လူ လည်း မရှိဘူး ။ အဲဒီ တော့ သွား လည်ကြရင်းနဲ့ ပြန်မယ့် နေ့မှာ ရေခဲတောင်ကြီး သွား တွေ့တယ် ။ ကျွန်တော့် စိတ် ထဲ မှာ ဘာဖြစ်လဲ ဆိုတော့ ကျွန်တော် မင်းသား လုပ်တော့မယ် ။ အဲဒါ မာယာထောင်ချောက် မရိုက်ခင် ။ မင်းသား လုပ်တော့မယ် ဆိုတော့ ငါ့ ကို မကြည့်ချင်ရင် နေပါစေ ရေခဲတောင် ပါလို့ ကြည့်ရင် တော်ပြီ ဆိုပြီးတော့ ကျွန်တော့် ကား ကောင်းအောင် ရိုက်မယ် ဆိုပြီးတော့ ကျွန်တော် အရူး ထ , တာ ။ မာယာထောင်ချောက် က အောင်မြင်သွားပြီ ဆိုတော့ အိုကေ ၊ အဲဒီ ရတဲ့ ပိုက်ဆံ နဲ့ ပြန် ပုံအောမယ် ဆိုပြီးတော့ စိတ်ကူးလာတဲ့ အခါမှာ ရေခဲတောင် ခရီး က ၁၉၇၃ ခု ၊ ၇၅ ၊ ၇၆ အင်မတန် မှ စုတ်စုတ်ပြတ်ပြတ် ပင်ပန်းပါ တယ် ။ လမ်း လည်း မရှိပါဘူး ။ ကျားတွေ ၊ ကြောင်တွေ .. အကုန် ရှိတယ် အဲဒီ လမ်းမှာ ။ အဲဒီ ကြားထဲ မှာ စားဝတ်နေရေး ခက်ခဲတယ် ။ အခုလို ရိက္ခာ ၊ ဓာတ်မီးခြစ် ၊ ခေါက်ဆွဲထုပ် ၊ ကြာဆံထုပ် အဲဒါတွေ မရှိသေးတဲ့ ဘဝ မှာ တော်တော်လေး ကို ဒုက္ခ ရောက်အောင် သုံးနှစ် ကျွန်တော် ကြိုးစား ခဲ့ပါတယ် ။ အဲဒီတော့ ပြောချင်တာ က အခု ကြုံလို့ ကျွန်တော် ပြောခွင့်ရလို့ ပြောချင်တာ ဆိုလို့ ရှိရင် ကျွန်တော်တို့ ဆီမှာ ရေခဲတောင် ရှိတယ် ။ အရှေ့တောင်အာရှ မှာ ဘယ်မှာ မှ မရှိဘူး ။ ကျွန်တော် စိတ်ကူးတယ် ။ အကယ်၍များ ထိုင်းနိုင်ငံ လို ဟာမျိုး ရေခဲတောင်များ ရှိခဲ့ရင် ဘယ်လို လုပ်စားမလဲ ။ ကျွန်တော်တို့ ဘာမှ မလုပ်စားဘူး ။ Why ... ၊ အဲဒီ အတွက်ကို ကျွန်တော့် ဟာ ကျွန်တော် လမ်းကြောင်း ဖောက်ခဲ့တာ ။ ကျွန်တော့် စေတနာ ရိုးရိုးသားသား ပြောရမယ် ဆိုရင် တို့ ဆီမှာ ဒါတွေရှိတယ် ။ လူတိုင်း ကို လာ လည်နိုင်အောင် လုပ်လို့ရ တယ် ။ မဝေး လည်း မဝေးဘူး ။ အဲဒီ စေတနာ နဲ့ ကျွန်တော် လုပ်ခဲ့တာ ဖြစ် ပါတယ် ။ အဲဒီတော့ အဲဒီ အတွက် လည်း နောင်တ မရဘူး ။ ဘာဖြစ်လို့လဲ ဆို တော့ ဒီနေ့ ကျွန်တော်တို့ ပူတာအို သွားလို့ ရှိရင် ၊ အရင်တုန်း က ကျွန်တော် တို့ သွားလို့ ရှိရင် ဂါဝန်ဖားရားကြီးတွေ နဲ့  သွားနေတဲ့ လီဆူးမလေး တွေ ၊ သင်တိုင်းတွေ နဲ့ သွားနေတဲ့ လီဆူး တွေ ၊ ရဝမ် တွေ ၊ ကချင် တွေ တိုင်းရင်းသား တွေ အများကြီး တွေ့ရတယ် ။ အခု ဒီနေ့ ဆိုလို့ရှိရင် ဘောင်းဘီဒူးပြတ် နဲ့ ၊ တီရှပ် နဲ့ ယဉ်ကျေးမှု ပျောက်သွားပြီ ဖြစ်တဲ့ အတွက် ကျွန်တော့် ကား က မှတ်တမ်းလေး ကျန်ခဲ့တဲ့ အတွက် ကျွန်တော် ကျေနပ်ပါတယ် ။


▢ ဟုတ်ကဲ့ ။ အစ်ကို ... ကားနာမည် ပြန် ပြောပေးပါဦး ။ 


❥ နေခြည်ဖြာမှ နွေးသောကြောင့် ... ။


▢ “ နေခြည်ဖြာ မှ နွေးသောကြောင့် ” က နာမည် က ဒေါ်ခင်ဆွေဦး ဝတ္ထုနာမည် လား ။


❥ မဟုတ်ဘူး ။ ဟို က နေခြည်ဖြာ တော့ နွေးလိမ့်မယ် ။ ကျွန်တော် လည်း စိတ်မကောင်းပါဘူး ။ မဦး ကို လည်း ကျွန်တော် ခဏခဏ တောင်းပန် ပါတယ် ။ ကျွန်တော် လုပ်မိတယ် ။ ဦးတည်ချက် က ဘာလဲ ဆိုတော့ အခုခေတ် အထိ ပေါ့ နော် ၊ အခု ကျွန်တော် သရစောထိ ရိုက်တော့ လည်း ဒီ ဆရာ မလုံလောက်တဲ့ ကိစ္စ ၊ ကျန်းမာရေး မလုံလောက်တဲ့ ကိစ္စ ၊ လမ်းပန်းဆက်သွယ်ရေး မလုံလောက်တဲ့ ကိစ္စ နော် ၊ တိုင်းပြည် မအေးချမ်းတဲ့ ကိစ္စ ဒီ အပေါ်မှာပဲ ကျွန်တော်တို့ ဖရိန် လုပ်ရတဲ့ အခါကျတော့ ဟိုကာလ မှာ လည်း ဟိုလိုပဲ .. ၊ ကျွန်တော် ပြည်နယ် အားလုံးကို ပြန် ကြည့်လိုက်လို့ရှိ ရင် အထူးသဖြင့် ပူတာအို ဒေသမှာ နေရောင်ခြည်လေး လာ မှ အနွေးဓာတ် ရ သလို ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေး ကောင်းပါမှ ၊ စီးပွားရေး ကောင်းပါမှ ၊ ပညာရေး ကောင်းပါမှ ၊ ကျန်းမာရေး ကောင်းပါမှ လူရာ ဝင်ရမယ် ကျွန်တော်တို့ ပြည်နယ် တွေ အတွက် ကို နေခြည် ဖြာစေချင်တယ် ဆိုတဲ့ ကိစ္စ နဲ့ လက်ဝဲသုန္ဒရကျေးဇူး ရှင်ကြီး ရဲ့ ခေါင်းစဉ် ကို ကျွန်တော် ယူမိခြင်း ဖြစ်ပါတယ် ။ ကျွန်တော် နေခြည် ဖြာ မှ နွေးသောကြောင့် ကို ရိုက်ပြီးတော့ စိတ်ကူးသေးတယ် ခင်ဗျ ။ နေခြည်ဖြာ မှ ရိုက်ပြီးတော့ ကျွန်တော်တို့ ပိုက်ဆံ က ဘိုင်ကျ သွားရော ၊ သိလား ။ စားဝတ်နေရေး ခက်ခဲသွားရော ။ နောက် တစ်ကား ကျွန်တော် စဉ်းစားသေးတယ် ။ နေခြည်ဖြာ မှ နွေးသောကြောင့် ၊ လေပြည်လာ က အေးသောကြောင့် ၊ ရွှေပြည်ဌာန ဝေးသောကြောင့် ၊ ရွှေပြည်ဌာန ဝေးရင် ငါ တိုင်းပြည် မှာ ကို ကပ်ရမှာ မဟုတ်တော့ဘူး ဆိုပြီး ကျွန်တော် မရိုက်တော့ ဘူး ( ရယ်လျက် ) ။ အဲဒီ ဇာတ် ရှိပါသေးတယ်ဗျ ၊ ကောင်းတယ် ။


▢ အခု  “သရစောထိ ” ပြီးတဲ့ နောက်မှာ ကား ရိုက်ဖို့ စိတ်ကူးများ ရှိသေးလား ။


❥ ရှိပါတယ် ခင်ဗျာ ၊ ရှိတယ် ။ ခေါင်း ထဲ မှာ မထိသေးဘူး ။ ကျွန်တော် တို့ စိတ်ကူး နဲ့ ကျွန်တော်တို့ တိုင်းပြည် နဲ့ မကိုက်ပါဘူး ။ ဟုတ်တယ်မလား ။ မကိုက်ဘူး ဆိုတာ နံပါတ်တစ် က လုပ်လို့ ရတဲ့ ပိုက်ဆံ နဲ့ ကျွန်တော်တို့ ဒါ ကို စားသောက် ပြီးတော့ နောက် တစ်ခု စိတ်ကူး ရအောင် အထိ ပိုက်ဆံ က မခံနိုင်ပြန်ဘူး ။ အဲဒါလေး ရှိတယ် ။ နောက်ပြီးတော့ ကျွန်တော် တို့ နဲ့ လိုက်ပါ ပြီးတော့ ဝင်လုပ်မယ့် ကလေးတွေ ရဲ့ စိတ်ဓာတ် ရှိတယ် ။ ဥပမာ အဲဒီလို နွေခြည်ဖြာ မှ နွေးသောကြောင့် လို ရေခဲတောင် မှာ သုံးနှစ် သွားရိုက် ရင် ထုတ်လုပ်သူ က လည်း ကျွန်တော့် ကို သ,တ်ဖို့ရှိတယ် ။ မင်းသား ၊ မင်းသမီး က လည်း သ,တ်ဖို့ရှိတယ် ။ ကိုယ်တိုင် ကိုယ့် ဗိုက် နဲ့ ကိုယ် ဓားထိုး ခံရမှာဆိုတော့ အဲဒီတော့ .. ကျွန်တော် တို့ နဲ့ မကိုက်ဘူး ။ အဲဒါကြောင့်မို့ စိတ်ကူး ကတော့ ရှိပါတယ် ။


▢ ဟုတ်ကဲ့ ။


❥ ခုနက ပြောတဲ့ ရွှေပြည်ဌာန ဝေးသောကြောင့် ဆိုလည်း အရမ်း မိုက်တယ် ။ နောက်တော့ မလုပ်ရဲတော့ဘူး ( ရယ်လျက် ) ။ 


▢ အစ်ကို အခု အသက် ဘယ်လောက် ရှိသွားပြီလဲ ။ 


❥ ၈၂ နှစ် ကျော်ပြီပေါ့ ၊ ၃ ထဲ မှာ ပေါ့ ။


▢ အစ်ကို လုပ်သင့်ပါတယ် ။ ပညာတွေ သယ်မသွားပါနဲ့ ။ 


❥ ဟုတ်ကဲ့ ၊ စိတ် က မလျှော့ပါဘူး ။ ရပါတယ် ။ ကျွန်တော် အခုလည်း ကြိုးစား နေတာပါပဲ ။ အထူးသဖြင့်ပေါ့ ... နော့် ၊ Art For Art Sake ဒီဟာနဲ့ပဲ In Touch ပေါ့ ။ စာပေ ၊ ရုပ်ရှင် ဒါပဲ စိတ်ကူးပါတယ် ။ ဒီ့ပြင် ဘာမှ မရှိပါဘူး ။ 


▢ နောက် ... အစ်ကိုတို့ ဟိုဘက်က ဖလင်ခေတ် ပေါ့နော် ၊ ဖလင် ခေတ် မှာ ရိုက်ခဲ့ရတာ နဲ့ အခု ဒစ်ဂျစ်တယ်ခေတ် မှာ ရိုက်ရတာ အစ်ကို ဘယ်လို ခံစားရလဲ ။


❥ ခုနက ပြောသလိုပေါ့နော် ။ အလုပ် က အများကြီး လွယ်သွားပြီ ။ အလုပ် က အများကြီး လွယ်တော့ ပိုလည်း ကောင်းလာတယ် ။ ကျွန်တော် ဒါကို ငြင်းလို့ မရဘူး ။ ဒါကိုငြင်းရင် ကျွန်တော် ဘဏ် က ဦးဌေးဝင်း လို ဖြစ် နေဦးမယ် ။ ဘဏ်ဦးဌေးဝင်း က ဓာတ်ပုံ အရမ်း တော်တယ် ။ ဘကြီးဌေး ၊ ကွန်ပျူတာ ကို ငါ မယုံဘူးကွ တဲ့ ။ ကွန်ပျူတာ နဲ့ ရိုက် ရင် ငါ ဓာတ်ပုံဆရာ မလုပ် တော့ဘူး ဆိုပြီး ထွက်သွား တဲ့ ပုဂ္ဂိုလ် ။ အဲဒီလို ရှိတယ် ။ ဆိုလိုချင်တာ ကတော့ အဲဒီလို ကျွန်တော်တို့ ရေစီးကြောင်း ကို ကန့်လန့် လုပ်လို့ မရဘူး ။ ဒါ ကောင်း တာ အမှန်ပဲ ။ 5.1 တို့ ၊ 7.1, Dolby System အသံတွေ အရမ်း ကောင်းလာတယ် ။ ပြီးတော့ အသံ Channel တွေ များတဲ့ အတွက် မကောင်းတာ ကို နုတ်တယ် ၊ ကောင်းတာ ကို ထပ် ဖြည့်တယ် ။ အဲဒါတွေ အကုန် လုပ်လာနိုင်တယ် ။ အရုပ် ကို Grading တင်လို့ ရတယ် ။ နောက် အသားအရောင် နီချင်တယ် ၊ ဖြူချင်တယ် ၊ မှိန်ချင်တယ် .. အကုန် လုပ်လို့ရတယ် ဆိုတော့ ဒီဟာ သည် Second to Life ပေါ့ သူတို့ ပြော ပြောနေတာ ။ လူ့ ဘဝကြီး ရဲ့ ဒုတိယ အဆင့်ပဲ ဖြစ်သွားတဲ့ အတွက် ကျွန်တော်တို့ ဒါကို မကောင်းဘူးလို့ ပြောလို့ မရပါဘူး ။ ဖလင် ခေတ် မှာ လည်း ဖလင် အရသာ ရှိ သလို ဒီခေတ် မှာ လည်း ဒီဟာ ပိုပြီး လက် ဆော့ လို့ရတယ် ။ ကိုယ် ခေါင်း သွားရင် သွားသလို ရတဲ့ အတွက် ကျွန်တော် ကျေနပ်ပါတယ် ။


▢ အစ်ကို ရုပ်ရှင်အစည်းအရုံး ရဲ့ နာယက တစ်ယောက် အဖြစ် နဲ့ ပေါ့နော် ၊ လက်ရှိ ရိုက်နေတဲ့ ရုပ်ရှင်ကားတွေ ပေါ့ ။ အများစု က ဟာသ ကားတွေပေါ့နော် ။ တချို့ဆိုရင် နာမည် နားထောင် လိုက်တာနဲ့ ဒါ ဒီကားကြီး ကတော့ ဘယ်လိုဖြစ်တော့မှာပဲ ဆိုတာ သိသာ နေတယ်ပေါ့နော် ။ ဆိုတော့ ဒါကို နာယက တစ်ယောက် အနေ နဲ့ ဘယ်လိုများ ထိန်းကျောင်း မယ်လို့ စိတ်ကူး ရှိလား မသိဘူး ။


❥ အဲဒါကတော့ ကျွန်တော်တို့ က ထိန်းကျောင်း ရင် ကျွန်တော်တို့ လူ မုန်း မှာပဲလေ ရိုးရိုး ပြောမယ် ဆိုရင်တော့ ။ နောက် တစ်ခု ရှိတာက သူ့ ခေတ် နဲ့ သူ့ စနစ် နဲ့ သူ့ ဟာ သူ ထိန်းကျောင်း သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆို တော့ ကျွန်တော်တို့ ၁၉၆၈ ခု ၊ အခုလို ဇွန်လ မှာ ပဲ ရုပ်ရှင်နှီးနှောဖလှယ်ပွဲ လုပ်ခဲ့တယ် ။ မ.ဆ.လ ခေတ်ပေါ့ ။ ရုပ်ရှင် ကို ဘယ်လို မြှင့်တင်ရင် ကောင်း မလဲ ဘာညာ စဉ်းစားခဲ့ကြတယ် ။ ဒါပေမဲ့ တကယ့် လက်တွေ့ မှာ ၁၉၆၈ ခု ၊ ဒီဇင်ဘာလ ၁ဝ ရက် မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ရှိသမျှ ရုပ်ရှင်ရုံ များကို အားလုံး ပြည်သူပိုင် သိမ်း ပစ်လိုက်တယ် ။


▢ ပြည်သူပိုင် သိမ်းလိုက်တယ် ။


❥ ပြည်သူပိုင် သိမ်းလိုက်တော့ ဘာဖြစ်လဲကွာ လို့ ပြောစရာရှိတယ် ။ အဲဒါကို ပြောရမယ်ဆိုရင် တော်တော် ရှည်မယ် ။ တိုအောင် ပြောမယ်ဆိုရင် ဘာလဲ ဆိုတော့ နံပါတ်တစ် က ကျွန်တော်တို့ ရုပ်ရှင်သမားတွေ သည် ကျွန်တော်တို့ ဆီမှာ ဘာမှ မရှိဘူး ။ ဦးနှောက် ပဲရှိတယ် ။ Talent ပဲရှိတယ် ။ Talentပေါ် မှာ မူတည် ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင် ဖန်တီးတယ် ။ အဲဒီအခါ ကျ တော့ ကျွန်တော် သည် မာယာထောင်ချောက် ရိုက်မယ်လို့ ကျွန်တော် ပြော လိုက်တယ် ။ ပြောလိုက်တဲ့ အချိန်မှာ နယ်တကာ မှာ ရှိသော ရုံပိုင်ရှင်များ သည် ဥပမာ ဘိုကလေး မှာ ရုံ နှစ်ရုံ ရှိမယ် ။ တစ်ရုံ က ကျွန်တော့် ကို လာ ငှားမယ် ။ သူ့ အတွက် ကို ဘယ်နေ့ က ဘယ်ရက် ကို ကျွန်တော့် ကို ပေးပါ ကားထုပ် ။ ကျွန်တော်တို့ မြို့ အတွက် ဆိုရင် နှစ်ထောင် တန် ပါတယ် ။ အဲဒီ အတွက် ကုမ္ပဏီ ကို ၁၀၀၀ ကျွန်တော် စရန် ပေး ထားပါတယ် ။ ကားထုပ် လဲ တဲ့ နေ့ ကို ကျွန်တော် နောက် ၁ဝဝဝ ပေးပါမယ် ဆိုတော့ ... ။


▢ ကြိုရတာပေါ့ ။


❥ ကြိုရတဲ့ ဘွတ်ကင်မန်းနီး ဟာ ၊ ကြိုရတဲ့ ပိုက်ဆံ ဟာ ကျွန်တော့် ကားထုပ် ပြီး လောက်ပါတယ် ။ ဟိုက ၊ ဒီက ၊ နေရာတကာ ၊ မြို့နယ်တကာ က ပေးတဲ့ ပိုက်ဆံ ဟာ ကျွန်တော်ကား တစ်ကား ပြီးသွားတယ် ၊ မပြီးဘူး ။ ကားရိုက် ပြီးတယ် ... နော် ၊ ပထမဦးဆုံး အသံသွင်းဖို့ Copy ထွက်လာတယ် ။ အသံသွင်းဖို့ စရိတ် မရှိဘူး ။ Copy ကူးဖို့ စရိတ် မရှိဘူး ။ ကျွန်တော့် ကို ရန်ကုန် မှာ ရှိတဲ့ ဥပမာ တပင်ရွှေထီး ဆိုရင် ဒေါ်အုန်းတင် ပိုင်တယ် ။ ဦးဝင်းဦး နဲ့ ကျွန်တော် အတူတူ နေခဲ့ရတော့ ဒေါ်အုန်းတင် ကနေ ဟဲ့ မောင်လွင်ဦး ပိုက်ဆံ လိုချင် ငါ့ ဆီ လာယူနော် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ရုံ မှာ ပြ မှာကိုး ။ သူ့ ရုံ မှာ ပြလည်း ပြရော ကျွန်တော် က တစ်သောင်း ယူထားတယ် ဆိုရင် သူ က တစ်သောင်း နုတ် ထား လိုက်ရုံပဲလေ ။ ဆိုတော့ ကျွန်တော့် အတွက် လည်း အလုပ် ဖြစ်သွားတယ် ။ ကျွန်တော် ကား ရိုက်လို့ ငွေ အခက်အခဲ နည်းနည်း ဗုန်းဗုန်းကျလာတဲ့ အချိန်မှာ သူ က အကုန် ဝိုင်းကူတာ ။ အကုန် ဝိုင်းကူတော့ ဒီ ကားကြီး ဟာ ချောချောမောမော ပြီးသွားတယ် ။ ဆိုတော့ ခုန က ရုံတွေ သိမ်း လိုက်တဲ့ အခါကျတော့ ဒေါ်အုန်းတင် လည်း ရုံ မပိုင်တော့တဲ့ အတွက် ကျွန်တော့် ကို တစ်ပြား မှ မပေးတော့ဘူး ။ ကျွန်တော် တို့ သည် အဲဒီမှာ ဖိုးတွမ်တီး ဖြစ် တာ ။ ကား မပြီးဘူး ၊ ပိုက်ဆံ ချေး ရိုက်ရတယ် ။ အကြွေး မဆပ်နိုင်ဘူး ။ အဲဒီမှာ တစ်ခါ ဘာတွေ ပါလာမလဲ ဆိုလို့ ရှိရင် ကျွန်တော် ပိုင်တဲ့ ကား တစ်ကား ကို ကျွန်တော် မန္တလေး အထက်ဗမာပြည် ရောင်း ရတယ် ။ မလောက်ပြန်ဘူး အဲဒီ ပိုက်ဆံ ။ ကျွန်တော်တို့ စစ်ကောင်း To ရေး ဆိုတဲ့ ကျိုက်ထို ဟိုဘက် က နေပြီးတော့ ရေး အထိ ကျွန်တော်တို့ ရောင်းရတယ် ။ ဟင်္သာတ အထိ ၊ ပုသိမ် အထိ ကို ကျွန်တော်တို့ က ရောင်းရတယ် ။ မြေနီကုန်းတာဝါ ကို ရောင်းရ တယ် ။ အဲဒီတော့ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် က ရန်ကုန်ရုံကလေးပဲ ကျန်တော့ တယ် ။ တစ်ခါ ရန်ကုန်ရုံ တောင် မကျန်တော့ တဲ့ အတွက် ... ပြောချင်တာ က ကျွန်တော်တို့ စီးပွားရေး မလည်ပတ် တော့ဘူး ။ ကျွန်တော် တို့ ရိုက်ချင်သလို ၊ ဖန်တီးချင်သလို မဖန်တီးနိုင်တော့ဘူး ။ တစ် ။ နှစ် က နိုင်ငံတော် ရဲ့ ကျွန်တော် တို့ နိုင်ငံခြားငွေ ကို တခြား တစ်နေရာမှာ သုံးတယ် ။ ကာကွယ်ရေးစရိတ်တွေ မှာ သုံးတယ် ။ စကန်ဒရီ လို့ ခေါ်တဲ့ စား ၊ ဝတ် ၊ နေ ၊ ရေး နောက်မှာ ရှိကြတဲ့ ရုပ်ရှင်ပဲ ဖြစ်ဖြစ် ၊ စာပေ ပဲ ဖြစ်ဖြစ် ၊ ပန်းချီ ပဲ ဖြစ်ဖြစ် ၊ ဂီတ ပဲ ဖြစ်ဖြစ် ၊ ပန်းချီ ဆိုရင် လည်း ကင်းဘတ်စ် တောင် မဝယ်နိုင်ခဲ့ဘူး အဲဒီ ကာလမှာ ။ လူတိုင်း မှတ်မိ တယ် ။ နောက် စာပေ ဆိုရင်လည်း စာရွက်အဟောင်း တွေ ကို ပြန်ပြီးတော့ ပျော့ဖတ် လုပ်ပြီးတော့မှ ပြန်ပြီးတော့ စာရွက် အညို တွေ ၊ အမည်း တွေ နဲ့ ရိုက်ခဲ့ရတယ် ။ အဲဒီခေတ် တစ်ခေတ် ကို ကျွန်တော်တို့ ကျော်လွန် ခဲ့တယ် ။ အဲဒီတော့ ရုံ က ပိုက်ဆံ မရ အတွက် ကျွန်တော် တို့ မရိုက်တော့ဘူး ။ အဲဒီလို


❥ ကျွန်တော်တို့ ကို လည်း ဖလင် မပေးတော့ဘူး ။ ဖလင် မပေးရအောင် ဘာလုပ် မလဲ ။ ဇာတ်လမ်းစိစစ်ရေး မှာ ကျွန်တော်တို့ ပြန် တက်တယ် ။ ဖင်ချွန်း နေလို့ ၊ ခေါင်းရှည် နေလို့ စသည် အားဖြင့် အကြောင်း ရှာပြီး ဖျက်လိုက်တဲ့ အခါကျ တော့ ကျွန်တော့် အတွက် ဆိုရင် ၊ ကုမ္ပဏီ တစ်ခု အတွက် ဆိုရင် တစ်နှစ် မှာ ထမင်း စားလောက်အောင် တစ်ကား ပဲ ရိုက်ခွင့် ရတယ် ။ အဲဒီအခါ ကျရင် အဲဒီလို ဇာတ်တွေ ကို ဟိုဟာ က နိုင်ငံရေး နဲ့ ပတ်သက်လို့ ၊ ဟိုဟာ က စစ်တပ် ကို ထိခိုက်လို့ ၊ ရဲ ကို ထိခိုက်လို့ ၊ တောင်သူလယ်သမား ကို ထိခိုက်လို့ ၊ အမျိုးသမီး ကို ထိခိုက်လို့ အဲဒီ အဖွဲ့အစည်း က ၁၆ ခု ရှိတယ် ။ အဲဒီ ကို ဇာတ်လမ်း တင်ရတဲ့ အခါမှာ ဇာတ်လမ်း က တော်တော်နဲ့ မကျတော့ဘူး ။ မကျတော့ ဘယ်လို ဟာမျိုး ကျလဲဆိုတော့ အဲဒီလို ပေါတာကားတွေ ကျတယ် ။ ပေါတာ ကားတွေ ကျတော့ ဒီ ဇာတ်လမ်း ပေါပေါလောလော ရယ်စရာတွေ ၊ ဟာသ တွေ ၊ ပရိသတ် က လည်း တစ်တိုင်းပြည်လုံး ဒန်တန့်တန် ဖြစ်နေတဲ့ အချိန်မှာ ရယ်စရာ ပဲ ကြည့်ချင်တယ် ဟုတ်လား ... ( ရယ်လျက် ) ၊ အဲဒီတော့ ဒါ မဆန်း ဘူး ။ အားလုံး က လည်း ကဲ ... ငါတို့ ထမင်း စားဖို့လိုတယ် ၊ ကိုယ့် ကိုယ် ကို ပညာပြဖို့ ..... တိပ်တွေ ဘာတွေ ဒါ ထားလိုက် ရယ်စရာ ပဲ ဆိုတော့ ။ အဲဒါ ကြီး က အကျင့်ပါ ပြီးတော့ ဒီအထိ ပါလာတာကိုး ။ ကျွန်တော်တို့ ချက်ချင်း ဖျောက်လို့ မရဘူး ။ ကျွန်တော် လည်း ဘယ်သူ့ ကို မှ အပြစ် မပြောဘူး ။ အဲဒီတော့ တဖြည်းဖြည်း ... ၊ အခု ဒစ်ဂျစ်တယ် နဲ့ ဖြစ်လာတယ် ။ အရင်တုန်း ကတော့ ဖလင်စနစ် လို ပိုက်ဆံ မကုန်တော့ဘူး ။ ဆေးဖိုး ၊ ကူးဖိုး ၊ စက် အဲဒါတွေ အကုန်လုံး ပါနေတယ် ။ အဲဒီလောက် မရှိတော့ ကား ကောင်း အောင် မရိုက် ရင် ကိုယ် လူတော မတိုးနိုင်ဘူး ဆိုတာ တစ်နေ့ သိ လာ လို့ ရှိရင် ကျွန်တော်တို့ ရုပ်ရှင်လောက ပြန် ကောင်းလာမှာပါ ။ အရင်တုန်းက ဦးသာအောင် တို့ ဘာတို့ ဆိုတာ မီးလောင်တယ် ကြားတာ နဲ့ ကင်မရာ ကိုင်ပြီး ထွက်တာ ။ ကျွန်တော် မြင်ဖူးတယ် .. အဲဒါ ။


▢ သူ့ ဝါသနာ ပဲ ပေါ့ ။


❥ မဟုတ်ဘူး ။ Stock Shot လေ ။ အိမ်ကြီး မီးလောင် သွားတယ် ဘာညာ ဒါ ပြ မှာပေါ့ ။ မဟုတ်ရင် ကျွန်တော်တို့ က ပါးစပ် နဲ့ မီးလောင် နေတာလေ ။ ပါးစပ် နဲ့ သင်္ဘောနစ် နေတာလေ ။ မဟုတ်ဘူး သူတို့ က အဲဒါတွေ အကုန် ဆွဲဆွဲသိမ်းတာ ။ လေယာဉ်ပျံ ဗုံးကြဲတာ တို့ ၊ လေထီး ဆင်းတာတို့ ပါ အဲဒီ Stock Shot တွေ ရ ထားတာ သူတို့က ။ အဲဒါတွေ ပြန် ပြတာ ။


▢ ဪ ... ဦးသာအောင်ကြီး ရိုက်ခဲ့တာပေါ့ ။ ကောင်းလိုက်တာနော် ။


❥ ဟုတ်တယ် ။ အဲဒါ Library လုပ်ရမှာ ။ ကျွန်တော်တို့ က အဲဒါကို လုပ်ရမှန်း ကို မသိတာ ။ မသိတာ ။


▢ ကျွန်တော်တို့ ဂျာနယ်ကျော်မမလေး ရဲ့ နာမည်ကြီး ဝတ္ထု ဖြစ်တဲ့ “ သွေး ” ကို ဂျပန် က ရိုက်တဲ့ အခါမှာ အစ်ကို ပါတာ တွေ့ဖူးတယ် ။ ဦးတင်ယု က တော့ ခေါင်းဆောင် ပေါ့နော် ၊ ဦးလှမျိုး ရယ် ၊ အစ်ကို ရယ် Assist လုပ်ကြတယ်နော် ။ မန္တလေး မှာ ရိုက်တုန်းက ကျွန်တော် လိုက် ကြည့်ဖူးတယ် ။ အဲဒီ “ သွေး ” နဲ့ ပတ်သက်တာလေး ပြောပြပေးပါလား ။ 


❥ ဟုတ်ကဲ့ ၊ သွေး ဇာတ်ကား က ဘယ်က စ,မလဲ ဆိုတော့ ကျွန်တော် ́ တို့ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ ဂျပန်စစ်တပ် က ဂျပန်လူမျိုးတွေ အများအပြား မြန်မာပြည် မှာ ဆုံးပါးခဲ့ရတယ်ပေါ့နော် ။ အင်ဖာတိုက်ပွဲ ကို သွားတဲ့ အခါမှာ ဝီလျံစလင်း လို့ ခေါ်တာ ... ကျွန်တော်တို့ Defeat Into Victory ဆို ပြီးတော့ ကျန်ခဲ့တယ် ၊ အဲဒီလို သေကျန်ခဲ့တဲ့ ဂျပန်မျိုးဆက်တွေ ၊ မိဘတွေ ကို လာ ကန်တော့ တာ ရှိတယ် ။ တချို့လည်း မသေဘဲ နဲ့ ခဲရာခဲဆစ် မြန်မာ လူမျိုးတွေ က ဝှက်ထား ပြီးတော့ ပြန် လွတ်သွားတဲ့ လူတွေ လည်း ရှိတယ် ။ အဲဒီမှာ တစ်ယောက် သော သူ က ဂျပန်ပြည် မှာ အမျိုးသမီးတွေ ရဲ့ အတွင်းခံ ဝတ်တဲ့ ပစ္စည်းတွေ ကို ထုတ်လုပ်တဲ့ ဝါခူး ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့ ကျွန်တော်တို့ အဲဒီ အထဲ မှာတော့ နာမည် ရှိတယ်ဗျ သိလား ။ အဲဒီ ပုဂ္ဂိုလ် က မင်း တို့ ကောင်တွေ ငါတို့ လိုပဲ ထွက်ပြေးပြီး လွတ်မြောက် လာတဲ့လူတွေ တို့ကို ပြန် ကြည့်သင့်တယ် ။ အဲဒီတော့ ငါတို့ မိဘတွေ လည်း ၊ ငါတို့ တွေရဲ့ ဆွေမျိုး တွေ လည်း သေကျန်ရစ်ခဲ့တယ် ။ ဒါအတွက် ကို မင်း တို့ ကား တစ်ကား ရိုက် ပြီး ဖန်တီးရင် မကောင်းဘူးလား ဆိုပြီးတော့ အဲဒါ စ,ပါတယ် ။ စ,တော့ ... အဲဒါကို ရှာတွေ့တဲ့ အခါမှာ ဂျာနယ်ကျော်မမလေး ရဲ့ သွေး ဝတ္ထု ကို သွား တွေ့ပါတယ် ။ ကျွန်တော် အပါအဝင် ပတ်သက်လာတဲ့ ဟာ ပြောရရင် တော်တော် ရှည်တယ် ။ ဘာဖြစ်လဲ ၊ နံပါတ်တစ် က ဦးတင်ယု က ဒါရိုက်တာ အကြီး အနေ နဲ့ သူ့ ကို လာ ဆွေးနွေးတယ် ။ ပြီးတော့ ဇာတ်ညွှန်း အရတော့ ဦးသိန်းဆိုင် ပါခဲ့တယ် ။ ဦးချစ်သန်းမြင့် ပါတယ် ၊ ဦးအေးကြူလေး တို့ လည်း ပါတယ်ထင်တယ် ။ အဲဒီတော့ ဆရာ ဦးတင်ယု က မင်း သွေး ဝတ္ထု ကို ဖတ်ဖူးလား ဆိုတော့ ဖတ်ဖူးတယ် ။ ဖတ်ဖူးတယ် ဆိုလို့ ရှိရင် မနက်ဖြန် ကျရင် ဂျပန်တွေ နဲ့ စကား ပြောရအောင် လာခဲ့ကွာ ဆိုတော့ ကျွန်တော် ရောက် သွား တယ် ။ ည ကို ကျွန်တော် က သွေး ဝတ္ထု ကို ပြန် ဖတ်ပြီးတော့ ဆင်း ( န ) Serial ကတွေ ရေးပြီးတော့ ဂျပန်တွေ နဲ့ အချီအချ ပြောတာပေါ့နော် ။ မောင်သစ်မင်း တို့ ဘာတို့ ၊ ဆရာဇော်ဂျီ ရဲ့ ကဗျာတွေ ပြန် ပါနိုင်အောင် ကျွန်တော်တို့ ပြောခွင့် ရခဲ့တယ် ။ အဲဒီတော့ တိုအောင် ပြောမယ် ဆိုလို့ ရှိရင် သွေး ဇာတ်ကား ရိုက်ဖြစ် လာတဲ့ အချိန်မှာ မင်းသား ၊ မင်းသမီး ကို ရှာကြတဲ့ အချိန်မှာ ဒါရိုက်တာ အား ဖြင့် ဦးတင်ယု ။ Serial အရ ဦးတင်ယု ၊ ဦးတင်ယု ပြီးတော့ ဝါစဉ် အရ ဦးလှမျိုး ၊ ဦးလှမျိုး ပြီးတော့ ကျွန်တော် ၊ ကျွန်တော် ပြီးတော့ မြင့်စိုး ( ဝ/သ ) ။ ဒီ လေးယောက် ပေါ့ ။ ဟိုဘက်ကတော့ ခေါင်းဆောင်ကြီး က ချီးနိုး ပေါ့ ။ နောက်ကျန် တဲ့ ဂျပန် သုံးယောက် ပါတယ် ။ သွေး ကို စ , ဖြစ်လာတဲ့ အခါကျတော့ ကျွန်တော် အမှတ်တရ တွေရှိတယ် ။ သွေး ကို အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ ဒီ့ရှေ့မှာ ကျွန်တော် ဘာဖြစ်ဖူးခဲ့လဲ ဆိုတော့ ဂျပန်ပြည် မှာ စာအုပ်ထုတ်လုပ် တဲ့ လူ တစ်ယောက် ရှိတယ် ။ အဲဒီ လူ လည်း ကျွန်တော်မေ့ပြီ ။ အဲဒီ ပုဂ္ဂိုလ် က လေယာဉ်မယ် တစ်ယောက် နဲ့ သိပြီးတော့ မင်း ဂျာနယ်ကျော်မမလေး ရဲ့ သွေး ကို သိလား ဆိုပြီးတော့ မေးတယ် ။ မေးတဲ့ အခါ သိတယ်လို့ .. ပြော တယ် ။ မင်း Original ရှာပေးလို့ ရလား လို့ ကျွန်တော့် ကို မေးတယ် ။ ကျွန်တော် က အဲဒါနဲ့ ဘလိုင်း ပဲ ရတယ်လို့ ပြောလိုက်တယ် ။ မင်း ဂျာနယ်ကျော် မမလေး ရဲ့ လက်မှတ် ရော ယူလို့ ရလားတဲ့ ကျွန်တော့် ကို မေးတယ် ။ ရတယ် လို့ ကျွန်တော် ပြောလိုက်ပြီး ပန်းဆိုးတန်း နောက် က ၃၇ လမ်း ထဲ မှာ လိုက် ရှာတော့ သွေး ဝတ္ထုအဟောင်း တစ်အုပ် ရတယ် ။ အဲဒါ ကျွန်တော် နဲ့ ပတ်သက်တဲ့ အစ ။ ရလာတဲ့ အခါ ကျတော့ မှ ဆရာမကြီး က ၄၇ လမ်းထိပ် မှာ ဗိန္ဒောဆေး ကုနေတယ် ။ ဆေးကု နေတော့ ကျွန်တော် ဝင်တော့ ကျွန်တော့် ကို တော့ သိတာပေါ့ဗျာ ။ ရုပ်ရှင်သရုပ်ဆောင် အနေနဲ့ သိတဲ့ အခါ ကျတော့ ဆရာလေး ဘာလုပ်ချင် လို့လဲ ဆိုတော့ ကျွန်တော်က ဒီလို ဒီလိုပဲ ဆရာမ ရေ ဆိုတော့ အေး ... ကြားတယ် ဘာညာပေါ့ ။ ရတယ်လေ ဆိုပြီး လက်မှတ် ထိုး ပေးလိုက်ပြီးတော့ အဲဒီ ဂျပန် ပြန်တော့ ပေး လိုက်တယ် ။ နောက်နှစ် ကျ တော့ အဲဒီ အရိုးတွေ လာ ကန်တော့တဲ့ အချိန်ကျ ၊ အဲဒီ သင်္ချိုင်း လာကန်တော့ တဲ့ အချိန်ကျတော့ စာအုပ် နှစ်အုပ် ပါလာတယ် ။ ဂျပန် လိုပေါ့ ။ တစ်ဖက်က မျက်နှာဖုံး က ဂျာနယ်ကျော်မမလေး ၊ နောက်ကျော ကတော့ ဘာသာပြန်သူ ဟရားဒါး ။ စာရေးဆရာ ဟရားဒါး ပေါ့ နော် ။ အဲဒီ စာအုပ် နှစ်အုပ် တစ်အုပ် က ကျွန်တော့် အတွက် ပေါ့ ။ တစ်အုပ် က ဂျာနယ်ကျော်မမလေး လက်ဆောင် ပေး လိုက်တယ် ။ အဲဒီတော့ ခုနက အကြောင်းလေး ကို ပြန် ပြောမယ် ဆိုရင် ဟရားဒါး ဆိုတဲ့ စာရေးဆရာ က သူ့ ရဲ့ အဖေ စီနီယာ ဟရားဒါး ပေါ့ ၊ သူ့ ရဲ့ အဖေ က မန္တလေး မှာ သွားစိုက်ဆရာဝန် လုပ်ခဲ့ဖူးတယ် ။ သွားစိုက်ဆရာဝန် လုပ်ခဲ့ဖူးတော့ သူ့ အဖေ နဲ့ အတူ သူတို့ သားသမီးတွေ ပါ လာတာပေါ့ ။ အခု သွေးဝတ္ထု ကို ဘာသာပြန်မယ့် လူ က သူ့ နာမည် ကို ဘယ်လို ခံ ထားလဲ ဆိုတော့ “ ချစ်မန်းနွယ် ” ဆို ပြီးတော့ ဒီ စာ ကို လက်ခံ ထားပါတယ် ။ ချစ်မန်းနွယ် ဆိုတော့ သူ မန္တလေး ကို ချစ်တယ် ။ နောက်ပြီးတော့ ဣန္ဒာနွယ် သီချင်း ကို ချစ်တယ် ။ အဲဒါကြောင့် သူ့ ကိုယ် သူ ချစ်မန်းနွယ် လို့ ပေးတယ်လို့ ပြောပါ တယ် ။ အဲဒီတော့ ချစ်မန်းနွယ် ဆိုတဲ့ မစ္စတာ ဟရားဒါးစံ က ဒီ ဝတ္ထု ကို ဂျပန် လို ဘာသာပြန် ပါတယ် ။ ဂျပန် မှာ နေကြတော့ မြန်မာလူငယ်များ နဲ့ တိုင်ပင် ပြီးတော့ ဒီဝတ္ထု ကို ဇာတ်ညွှန်း အဖြစ် ပြင် လိုက်ပါတယ် ။ ပြင်ပြီး ရောက် လာတဲ့ အခါ ကျတော့ မင်းသား ၊ မင်းသမီး ကို ရှာကြမယ် ဆိုတော့ တော်တော် များများ ... ပြောရမယ် ဆိုရင်တော့ မင်းသား ၊ မင်းသမီး အကုန် လိုက် တွေ့ တယ် ။ မှန်တဲ့ စကား ပြောမယ် ဆိုရင် ဒွေး ပေါ့ ။ အဲဒီကာလ က ကိုသားကြီး ပေါ့ ။ နောက် ဝေဠုကျော် ပေါ့ ။ အဲဒါတွေ အရင် လိုက် ပြဖြစ်တယ် ။ ဒွေး ကို တော့ သူ ရိုက်ချင်တယ် ဆိုတော့ အဲဒါ တစ်ခု ရှိတယ် ။ မောင်မောင် ကို တော့ ၊ ကိုကျော်သူ ကို တော့ ကျွန်တော် ရိုက်ကွင်း မှာ သွား တွေ့တယ် ။ အဲဒီ ဝတ္ထု အရ ဂျပန် နဲ့ မွေးထားတဲ့ ကလေး ကို မွေးစားတဲ့ ကျောင်းဆရာ ကိုဆက်လွင် နေရာ မှာ ကိုမောင်မောင် ( ကျော်သူ ) က တစ်ခါတည်း Fixed Up ဖြစ်သွားတယ် ။ နောက် တစ်ခု က ကျွန်တော် မင်းမော်ကွန်း ဆီ သွား တွေ့တယ် ။ တရုတ်တန်း မှာ ၊ ၂၁ လမ်း မှာ ။ ကိုဌေး ( ကိုဇင်ဝိုင်း ) လည်း ရှိပါတယ် ။ သွား တွေ့တဲ့ အခါမှာ က သူ က မောင် အနေနဲ့ သူ့ ရဲ့ အစ်မ က သူ နဲ့ အလိုက်ဆုံး ဆိုတော့ သူ့ ကို ရွေး ပါတယ် ။ ကျွန်တော်တို့ မျိုးသန္တာထွန်း ကို တော့ ကိုဇာဂနာ တို့ အိမ် မှာ မပေါက် နဲ့ အိပ်နေတဲ့ နေရာ က နေ နှိုးပြီးတော့ ဒါရိုက်တာ နဲ့ ကျွန်တော် ပေး တွေ့ ပြီး တော့ မင်းသမီး ဖြစ်လာတယ် ။ အဲဒီတော့ ကျွန်တော် အဲဒါ ပါဝင်ခဲ့တယ် ။ ကျွန်တော် က ထောင် ထဲ မှာ နေတုန်းက ဂျပန် လို နည်းနည်းပါးပါး ပြောဖူး တယ် ။ ထမင်းစား ၊ ရေသောက် ပြောဖူးတော့ ကျွန်တော် တော်တော်လေး အသုံးတည့် ခဲ့တာတွေ ရှိပါတယ် ။ အဲဒီတော့ ပြောချင်တာက အဲဒီ ဝါခူး ကုမ္ပဏီ က ပိုင်ရှင် က လည်း သွေးဇာတ်ကား ပြီးတဲ့ အချိန်မှာ မရှိတော့ပါဘူး ။


❥ ဪ ... နေဦး ကျွန်တော် ပြောမယ် ။ သွေးဇာတ်ကား ပထမ တစ်ကြိမ် ရိုက် ပြီးတော့ ကျွန်တော် န.ဝ.တ အစိုးရ လက်ထက်မှာပဲ မချောမွေ့တာ တွေ ရှိခဲ့ ပြီးတော့ မပြီးခဲ့ဘူး ။ မပြီးခဲ့ တော့ ၂၀၀၃ ခုနှစ် မှာ ကျွန်တော်တို့ ဂျပန် မှာ ဂျပန် - အာဆီယံ ရုပ်ရှင်ပွဲတော် ရှိပါတယ် ။ ရှိတဲ့ အချိန်မှာ မြန်မာ နဲ့ ပတ်သက် ပြီးတော့ ဘာမှ မတင်ပြနိုင်တဲ့ အကြောင်း ဖြစ်လာတဲ့ အခါကျတော့ အဲဒါ ဆိုရင် သွေး ဇာတ်ကား ကို အကောင်အထည် ဖော်ရအောင် ဆိုပြီးတော့ ဆရာ ချီးနိုး အတွက် အဆင်ပြေတာ ဖြစ်လာတယ် ။ ဖေဖော်ဝါရီလ ၁၉ ရက် လောက် မှာ ရောက်တယ် မှတ်မှတ်ရရ ။ နောက် ပြီးတော့ မတ်လ ၂ဝ မှာ ကျွန်တော်တို့ ပုဂံ မှာ ပြန် ရိုက်ဖြစ်တယ် ။ အဲဒါနဲ့ပဲ သင်္ကြန် မှာ ပါ ၊ မန္တလေးသင်္ကြန် မှာ ရိုက်ဖြစ် ပြီးတော့ သွေးဇာတ်ကား ပြီးရပါတယ် ။ နောက် တစ်ခုက မျိုးသန္တာထွန်း နဲ့ ဂျပန် နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်တဲ့ အချိန် မှာ လူချင်း နမ်း တဲ့ အခန်း ကို ရိုက်ဖို့ ကြိုးစားတယ် ။ ကြိုးစားတော့ အဲဒီ ကာလတုန်း က ရုပ်ရှင်အစည်းအရုံး ရဲ့ လူကြီး တစ်ယောက် ဖြစ်နေတဲ့ ဦးလှမျိုး က ခွင့်မပြုခဲ့ပါဘူး ။ ကျွန်တော် တို့ အနေနဲ့ ယဉ်ကျေးမှု ကို မသုံးတဲ့ အတွက် မလုပ်ပါနဲ့ ဆိုပြီးတော့ အဲဒီ ကာလ မှာ လူချင်း နမ်း တဲ့ အခန်း ကို မထည့်ခဲ့ပါဘူး ။ အဲဒါကတော့ သွေး နဲ့ ပတ်သက်လို့ပါ ပဲ ။ နောက် ... သွေး နဲ့ ပတ်သက်လို့ ကျွန်တော် ဘာ ပါလဲ ဆိုတော့ ဂျပန်မင်းသမီး ကို ဗမာစကား သင်ပေး ရပါတယ် ။ မျိုးသန္တာထွန်း ကို ကျွန်တော် အင်္ဂလိပ် စကား သင်ပေးရပါတယ် ။ အဲဒီတော့ တော်တော်များများ ကျွန်တော် အသုံး တည့် ခဲ့ပါတယ် ။ နောက် မိယတော ... ခါယနော သီချင်း ကို ကလေးတွေ ကို ကျွန်တော် က ဒီကောင်လေး ကို မောင်မောင် ပေါ့ ၊ မင်းမော်ကွန်း ငယ်ငယ် တုန်း က နီပွန်ကြီး က ဂျပန်ပြန် ဗိုက်တစ်လုံး ကျန် အဲဒီ အလိုက်ကလေး ဆိုဖို့ကို ဂျပန်သီချင်း တွေ ကျွန်တော် သင်ပေးခဲ့ရပါတယ် ။


▢ စိန်ကြည်နော် ... စိန်ကြည်နော် ... လင်ယူ ပက်စက်သည် ။ 


❥ ဟုတ်ကဲ့ .... ဟုတ်ကဲ့ ။


▢ မာစတာ က တိုကျို ပြန် ဗိုက်တစ်လုံးနဲ့ ကျန် ။


❥ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ။


▢ မျိုးသန္တာထွန်း သားပဲနော် ကလေး က ။


❥ ဟုတ်တယ် ၊ ဟုတ်ကဲ့ ။ မျိုးသန္တာထွန်း သား ။ အဲဒါလည်း ကလေး ရှာ မရ ရင်း နဲ့ မောင်မောင် အငယ်ဘဝ ကို အဲဒီမှာ မျိုးသန္တာထွန်း သား ထည့် လိုက်တာ ။


▢ မင်းမော်ကွန်း ရဲ့ ငယ်ဘဝ ကို မျိုးသန္တာထွန်း သား သရုပ်ဆောင်တယ် ။


❥ ဟုတ်ကဲ့ ။


▢ ကျွန်တော်တို့ မကြာခင် မှာ မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့် တော့ မယ်နော် ။ အစ်ကို က တည်းဖြတ် တာတို့ ဘာတို့ ကျွမ်းကျင် ခဲ့ဖူးပြီ ။ သရုပ်ဆောင် လည်း ဟုတ်တယ် ၊ ဒါရိုက်တာ လည်း ဟုတ်တယ် ။ အဲဒီ တော့ လာမယ့် နှစ် ၁ဝဝ အတွက် ဘာများပြောချင်ပါသလဲ ။


❥ ကျွန်တော် က တော့ ... နှစ် ၁ဝဝ မှာ ကျွန်တော် တစ်ယောက် တည်း ပြောလို့ မဖြစ်ဘူးလေ ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကိုယ်၌ က ပြော မှ ဖြစ်မှာ ။ ကျွန်တော် ဘာလုပ် ပေးနိုင်တာ ရှိလဲ ဆိုတော့ အခု ကားထုပ်တွေ ရ သလောက် ပြန် စု နေပါတယ် ။ ကား အဟောင်းတွေ ပေါ့ ။ ကျွန်တော် တစ်ယောက် တည်း မဟုတ်ဘူး ။ အကုန်လုံး ကောလိပ်ဂျင်နေဝင်း ပါမယ် ပေါ့ ၊ မြတ်လေး ပါမယ် ပေါ့ ၊ အဲဒီ ကားတွေ အကုန်လုံး Library လုပ်ပြီးတော့ ကျွန်တော် တို့ ဒီမှာ ရှိတဲ့ တတ်ကျွမ်းတဲ့ သူတွေနဲ့ ကားတွေ ပြန် စုနေပါတယ် ။ အဲဒီအခါ ကျရင် ... ကျွန်တော့် ဘက် က ဒါ တစ်ခု အရင် လုပ်ထားမယ် ။ ကျန်တဲ့ ဟာ သူတို့ ဘာ လုပ်မလဲ ။ အဓိက , က ဘာ လုပ်လုပ် ကိုဝင်းငြိမ်း ရာ ... စေတနာ ပဲ ။ ကျွန်တော်တို့ က တိုင်းပြည် ပေါ် မှာ ထားတဲ့ စေတနာ ။ ကိုယ့် အဖွဲ့ အစည်း ပေါ် မှာ ထားတဲ့ စေတနာ ။ ဒီ ရုပ်ရှင်ကြောင့် ကိုယ် ထမင်းစား လာတဲ့ ၊ ကိုယ့် အပေါ် မှာ သင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာတွေ ကို မမေ့မလျော့ နဲ့ ထား ချင်တဲ့ စေတနာ ။ အဲဒီ စေတနာ ရှိသွားလို့ ရှိရင်တော့ အားလုံးက အခြေအနေ ကောင်း လာမှာပါ ။ ကျွန်တော် က တော့ နေ့ ၊ ည မဟူပဲ ဒီ အလုပ် အတွက် ကျွန်တော့် ကိုယ် ကျွန်တော် ထား ထားပါတယ် ။ ကျွန်တော် ကြိုးစားမှာပါ ။ 


▢ ကျေးဇူး တင်ပါတယ် အစ်ကို ။


❥ ဟုတ်ကဲ့ ၊ ကျေးဇူး တင်ပါတယ် ။


⎕ ဝင်းငြိမ်း


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment