Thursday, August 22, 2024

လမ်းဒကာ




 ❝ လမ်းဒကာ ❞


စောဦး စာပေ က ကိုကျော်ကျော် နဲ့ အတူ ဒေါပုံမြို့နယ် က နွယ်အေးရပ်ကွက် ကို လိုက်သွား ဖြစ်ပါတယ် ။ တစ်ရပ်ကွက်လုံး က လမ်းတွေ ဟာ ကွန်ကရစ်လမ်း ဖြစ်တယ် ။ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက် တချို့ မှာ ရေပုပ်ရေညှိ တွေ လမ်းပေါ်  မှာ ဆယ့်နှစ် ရာသီ ဖုံး နေတာမျိုး ကို မြင်ဖူးခဲ့တဲ့ ကျွန်တော့် အတွက် ဒေါပုံမြို့ နယ် ထဲ က လမ်းမ လမ်းသွယ်လေး တွေ က အကောင်းစား ဖြစ်နေတာ သဘောကျစရာ ဖြစ် နေတယ် ။


“ ခင်ဗျားတို့ ရပ်ကွက်သား တွေ သိပ် ညီညွတ် စည်းလုံးကြပုံ ရတယ် ” လို့ ကျွန်တော် က မှတ်ချက် ပေးမိတယ် ။ လမ်း ခင်းဖို့ ငွေ စုတဲ့ အခါ စုန်းပြူးတွေ ရှိလို့ အဆင်မပြေ ဖြစ်လေ့ ရှိတယ် ။ “ ဒီ လမ်းတွေ အားလုံး ကို ဦးသန်းစိုး တစ်ယောက်တည်း က ခင်း ထားတာ ” လို့ ကိုကျော်ကျော် က ပြောတော့ သာဓု ခေါ်စရာ ဖြစ်နေပါတယ် ။


ဦးသန်းစိုး ကို တွေ့ချင်လို့ စကားဝါလမ်း က သူ နေတဲ့ အိမ် ကို သွား ပါတယ် ။ အိမ် က တိုက်အိမ် ရိုးရိုးလေး ပါ ။ ပြည့်စုံဂေဟာ လို့ အမည် ပေးထားတယ် ၊ အိမ် အဝင် ဧည့်ခန်း တစ်ခုလုံး မှာ ကလေး ကစားစရာ လေထိုး အရုပ်တွေ ပြန့်ကျဲ နေပြီး ဦးသန်းစိုး က မြေး အရွယ် ကလေး တစ်ယောက် ကို ထိန်း နေတယ် ။


သူ ဝတ်စားထားပုံ က ရိုးတယ် ။ စပို့ရှပ်အဖြူ ကို ဝတ် ထားပြီး ကွမ်း တစ်ယာ ပြီး တစ်ယာ ဝါး နေတယ် ။ သူ့ အိမ် နဲ့ ကပ်လျက် လမ်းပေါ် မှာ တော့ တရားပွဲ တစ်ပွဲ လုပ်ဖို့ ပြင်ဆင် နေတာ တွေ့ရတယ် ။ တရားပွဲ ဒါယကာ လည်း ဦးသန်းစိုး ပါပဲတဲ့ ။ ကျွန်တော် က သူ့ ဘဝ သူ့ စေတနာ ကို မေးတယ် ။ တရားပွဲ ဘက် က နိဗ္ဗာန်ဆော် က လည်း လက် ထဲ ကိုင် ထားတဲ့ မိုက်ကရိုဖုန်း ကို မချတမ်း ကိုင် ထားပြီး ပါဠိပါဌ်သားတွေ မနားတမ်း ရွတ်ဆို နေတာ မို့ ဦးသန်းစိုး ပြောပြတဲ့ ဘဝဇာတ်ကြောင်း ကို ကြား တစ်ချက် မကြား တစ်ချက် ။


အခု ကျွန်တော် က သစ်ဆိုင် ဖွင့်ပါတယ် ။ 


ပထမ ကျွန်တော် စ လုပ်တာ က သစ်ဆိုင် က ထွက် တဲ့ လွှစာတွေ ဝယ်ပြီး ရောင်းတာပေါ့ ။ အဲဒါ ၁၉၇၈ - ၇၉ ခုလောက် က ။ ရန်ကုန် သုဝဏ္ဏတို့ သင်္ဃန်းကျွန်း တို့ မှာ သစ်စက်တွေ ရှိတယ် ။ ရင်းနှီးမှု နဲ့ ဝယ် ရတာပေါ့ ။ ဒေါ့ဂျစ်ကား တွေ နဲ့ သယ်ပြီး ပဲလှော်ဖို ၊ လက်ဖက်ရည်ဆိုင် ၊ ခေါက်ဆွဲဆိုင် ၊ စားသောက်ဆိုင်တွေ လိုက် ပို့တယ် ။


သစ်စက် မှာ သွား ဝယ်ရင် နှစ်တင်းဝင် အိတ် တစ်အိတ် ကို ငါးမူး ပေး ရတယ် ။ ကျွန်တော် တို့ ပြန် ရောင်းတော့ တစ်ကျပ်ခွဲ ရတယ် ။ လွှစာ က ပန်းစုံ ရှိတယ် ။ အင် ၊ ကညင် ရှိတယ် ။ ပျဉ်းကတိုး ရှိတယ် ။ ကျွန်းလွှစာ ရှိတယ် ။ ပဲလှော်ဖိုတွေ က ကျွန်း ကြိုက်တယ် ။ ခေါက်ဆွဲဖို တွေ က ပျဉ်းကတိုးလွှစာ ပို ကြိုက်တယ် ။ အင် ကညင် ကို တော့ မီးခိုး ထွက်လို့ သိပ် မကြိုက်ဘူး ။


သစ်စက်တွေ က ဝယ်ပြီး ပြန် ရောင်းတဲ့ အခါ ကားခ နဲ့ အလုပ်သမားခ နဲ့ တစ်အိတ် ငါးမူး လောက် တော့ ကျန်သေးတယ် ။ အဲသည်တော့ သည် အလုပ် ကို လုပ်တဲ့ သူတွေ က တဖြည်းဖြည်း နဲ့ များ လာတာပေါ့ ။ သစ်စက်ပိုင်ရှင်တွေ နဲ့ ရင်းနှီး ကျွမ်းဝင်မှု ကို အဓိက ထားပြီး ရောင်းတာ ။ သစ်စက်တွေ က လည်း အင် ၊ ကညင် လွှစာ ကို ပျဉ်းကတိုး ထဲ ကျွန်း ထဲ ရောထည့် ကြတယ် ။ ဝယ် တဲ့ ဆိုင် က လည်း ယုံကြည်ရတဲ့ သူ ဆီ က ဝယ်တယ် ။


အဲသည် လုပ်ငန်း ကို သုံးနှစ် လောက် လုပ်ပြီး နောက် ထင်း လုပ်တာ က ပို မြတ် လို့ ကျွန်တော် ထင်း လုပ်တယ် ။ အစိုးရသစ်စက် က ပကာ တွေ လေလံဆွဲ ဝယ် တယ် ။ လျှာထိုး လုပ်တဲ့ စက်ရုံ ၊ နတ်စင် လုပ်တဲ့ နေရာ ၊ ပရိဘောဂဆိုင် တွေ ပြန် ရောင်း တာပေါ့ ။ ပကာကောင်းကောင်း အနာ နည်းနည်း ရရင် ပို မြတ်တယ် ။ အစိုးရသစ်စက် မှာ ပုံ ထားတာ ထဲ က လေလံ ဆွဲရတာမို့ ကံဆိုး ကံကောင်း အရေးကြီးတာပေါ့ ။ ကောင်းတာ ပါတဲ့ အခါ ပါ ။ ဆိုးတာ ပါတဲ့ အခါ ပါပေါ့ ။


၁၉၉၀ ခုနှစ် လောက် ကျတော့ ထင်း ရောင်းရာ က သစ် ရောင်းတဲ့ ဘက် ကို ကူး သွားတယ် ။ အဲသည်တုန်း က အဆောက်အအုံ ပြင်ဆင်ခွင့် တင်ရင် သစ် ဝယ်ခွင့် ရတယ် ။ မြို့နယ်စည်ပင် က ထောက်ခံပြီး တိုင်းရုံး သွား လျှောက်ရတယ် ။ ကျွန်တော်တို့ ကိုယ်တိုင် တော့ မလျှောက်ဘူးပေါ့ ။ လျှောက်လို့ ပါမစ် ရထားတာ တွေ ဝယ်ပြီး သစ်ဆိုင် က ထုတ်တာ ။ ထုတ်ပြီး မအူကုန်း မှာ ရှိတဲ့ သစ်ဆိုင်တွေ သွား ရောင်းတာ ။ သစ်သမား ရှုံးတဲ့ ကိစ္စ မရှိပါဘူး ။ ကျိန်းသေ မြတ် တဲ့ အလုပ်ပဲ ။ 


၂ဝဝဝ ပြည့်နှစ် ရောက် တော့ သာကေတ မှာ ကျွန်တော် ကိုယ်တိုင် သစ်ဆိုင် တည်ဖြစ်တယ် ။ အခု နောက်ပိုင်း မှာ သစ် က ရှား သွားပြီ ။ လေလံ ပစ်တဲ့ သစ်တွေ လိုက် ရှာပြီး ဝယ်ရတယ် ။ သစ်သမားတွေ ဆီ ကလည်း ဝယ်ပြီး ဖြည့် ရတယ် ။ ပါမစ် တစ်စောင် ရဖို့ ဆိုတာ ကလည်း မလွယ်ဘူး ။ သစ် ဖြစ် လာဖို့ က လည်း မလွယ်ဘူး ။ ကိုယ် လိုချင် သလို ရဖို့ ဆိုတာ လည်း မလွယ်တော့ဘူး ။


သစ်လုပ်ငန်း ကို ပိုက်ဆံ ရှိတိုင်း လည်း လုပ်လို့ မရဘူး ။ ကျွမ်းကျင်မှု လိုတယ် ။ အပေါင်းအသင်း လိုတယ် ။ ကတိ တည်ဖို့ အရေးကြီးတယ် ။


သစ်သမား က ငွေ လွယ်လွယ်ရတော့ အသုံးအစွဲ က များ လာတယ် ။ သစ် ရမယ် ဆိုတော့ သစ်ဆိုင် က စရန်ငွေ ယူတယ် ။ သစ် ဆိုတဲ့ အမျိုး က သစ်စက် က ထွက် မှ သစ်စက် လည် မှ ရတာ ။ ကိုယ့် အလှည့် မရောက်သေးတဲ့ အချိန် ကြာကြာ စောင့်ရတဲ့ အချိန် ငွေတွေ ကို သုံးမိရော ။ အကြောင်းကိစ္စ ပေါ် လာတော့ ကိုယ့် မှာ နောက်အား မရှိရင် ပြန် မပေးနိုင်တော့ဘူး ။


၁၉၉၅ ခုနှစ် က ပေါ့ ။ ကျွန်တော် က ဆိုင်ကယ် စီး လာပြီး သစ်စက် ထဲ အဝင် ၊ စက်ရုံ ထဲ က ဖယ်ရီကား က အထွက် တိုင်းရော့ ပြုတ်ပြီး ကျွန်တော့် ကို ဝင် တိုက် ရော ။ ကျွန်တော့် ဆိုင်ကယ် က တွန့်လိမ် သွားပေမယ့် လူ က ကွဲပြဲ သွားတာ နည်းနည်းလေးပဲ ဖြစ် လိုက်တယ် ။ သျှင်ပါကူဆေးခန်း မှာ တက် ချုပ်ပြီး တစ်ညနေ နဲ့ ဆင်း လာရတယ် ။


ဆေးရုံ က ဆင်းလာ ပြီးတော့ ကျွန်တော် တောင်ဝှေး နဲ့ လျှောက် သွားတယ် ။ ကျွန်တော့် အိတ် ထဲ မှာ ပိုက်ဆံ ၁၅ သိန်း ၁၆ သိန်း လောက် ပါတယ် ။ လမ်း လျှောက် နေရင်း ဘယ်လို စဉ်းစားမိသလဲ ဆိုတော့ အဲသည် အိတ် ထဲ က ပိုက်ဆံ တွေ ဟာ ငါ့ ကို ဘာ ကူညီမလဲ ။ တောင်ဝှေး တစ်ချောင်း လောက် မှ အကူအညီ မရပါလားပေါ့ ။ ငွေ တွေ ကို ဒါန လုပ်မယ် ပေါ့ ။


အဲသည် ရက် မှာပဲ ကျွန်တော့် အမျိုးသမီး နဲ့ သူ့ အစ်မ နဲ့ မန္တလေး ကို ရောက် သွားတယ် ။ မဟာမုနိဘုရားကြီး အရှေ့ဘက် ဘုံကျော် ကျောင်းတိုက် ထဲ က ခေမာသီဝံ ဆေးကျောင်း ဆောက် နေတာ တွေ့ခဲ့တယ် ။ ကျွန်တော် က ဘုန်းကြီး လည်း မမြင်ဖူးဘူး ။ ကျောင်း လည်း မရောက်ဖူးဘူး ။ ဘုန်းကြီး က လည်း ကျွန်တော့် ကို မမြင်ဖူးဘူး ။ ကျောင်း ပြင်မလား လှမ်းမေးတယ် ။ ပြင်ပါမယ် ကတိ ခံလိုက်တယ် ။ ၁၅ သိန်း လောက် ကုန်တယ် ။ ကမ္ပည်း ထိုးတဲ့ အခါ မိဘ ပြည်သူများ ကောင်းမှု လို့ ကမ္ပည်းထိုး ပေးပါလို့ လျှောက် လိုက်တယ် ။


ပဲခူး ဒေးစွန်ပါ တို့ အင်္ဂပူမြို့နယ် က ကွင်းကောက်ချောင်းရွာ တို့ မှာ ကျောင်းတွေ ဆောက်တယ် ။ ဆိတ်ကုန်း မှာ ဆေးရုံ ဆောက်ဖို့ မြေနေရာ ဝယ် လှူတယ် ။ ရပ်ကွက် ထဲ မှာ လမ်းတွေ ခင်းတယ် ။ တန်ဖိုး ဘယ်လောက် ရှိသလဲ မေးရင် သေသေချာချာ မမှတ်ထားလို့ မသိဘူး ။ လမ်း ခင်းလို့ အသက် ရှည်တာ တို့ အဆင်း လှတာတို့ ဘာတို့ ညာတို့ လည်း မမျှော်မှန်းဘူး ။ ဘယ်သူ့ ဆွဲဆောင်မှု တစ်ခု မှ လည်း မပါဘူး ။ လုပ်သင့်တယ် ထင်တယ် ။ စိတ် ထဲ ပေါ်လာရင် ထ လုပ်လိုက်တာပဲ ။ ကျွန်တော့် စိတ် ထဲ မှာ ဘာမျှ မရှိဘူး ။ ပြီး သွားရင် ပြီး သွားပြီ ပဲ ။ စေတနာ သုံးတန် ကိစ္စတွေ ဘာတွေ လည်း မရှိသေးဘူး ။ မြန်မြန် ပြီး မြန်မြန် အေးတာပဲ လို့ လုပ်ခိုင်း လိုက်တာ ။ 


ကျွန်တော့် ဇနီး ဒေါ်တင်တင်လှိုင် က လည်း ကျွန်တော့် အလုပ် ကို အားပေး တယ် ။ ကျွန်တော့် မှာ သား နှစ်ယောက် ရှိတယ် ။ တစ်ယောက် က အိမ်ထောင် ကျ သွားပြီ ။ ငါ့ ဆိုင် နဲ့ တိုက် ကို မင်း တို့ ခွဲယူကြ ဆိုတော့ မလိုချင်ဘူး တဲ့ ။ သူတို့ က လည်း ပစ္စည်းဥစ္စာ မမက်မော ကြဘူး ။


ကျွန်တော့် ပညာရေး က ခုနစ်တန်း အောင် ပဲ ရှိတာ ။ အခု တွေးမိပြီး စိတ် ထဲ ပေါ် နေတာ က တော့ မရှိတဲ့ ရွာ မှာ စာသင်ကျောင်း ဆောက် လှူချင်တယ် ။ လူတွေ အသိအမြင် တိုးတက်အောင် တရားဒါန မလုပ်ဖူးသေးဘူး ။ ဒါကြောင့် ယခု တရားပွဲ လုပ်ပါတယ် ။


အလှူ ပေး နိုင်ဖို့ အတွက် ကိုယ့် မှာ လည်း ငွေ အဝင် မှန်ဖို့ လိုတယ် ။ ငွေ အဝင် မှန် အောင်တော့ သွားလာ လှုပ်ရှားရမှာပဲပေါ့ ။


⎕ ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ အဖုံဖုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment