Wednesday, August 21, 2024

နှလုံးသားလက်ဝါး နဲ့ မေမေ ( သို့မဟုတ် ) နှလုံးသား နှင့် တွေးကြသူများ


 

❝ နှလုံးသားလက်ဝါး နဲ့ မေမေ ( သို့မဟုတ် ) နှလုံးသား နှင့် တွေးကြသူများ ❞
━━━━━━━━━━━━━━━━
        သုဝဏ္ဏကျော်စိန်
━━━━━━━━━━━━━━━━
“ ဟေ့ , ဖိုးကျော် ။ မင်းက စာရေးဆရာ ဆိုတော့ မင်း နဲ့ ငါ ကြုံတုန်းကြုံခိုက် မှာ ငါ့ အဘိုး ပြောပြဖူးတဲ့  ဇာတ်လမ်းကလေး တစ်ပုဒ် ကို ဝတ္ထုတစ်ပုဒ် အဖြစ် ရေးလို့ ရ ရင် ရေးပေးစမ်း ပါကွာ ”

“ ကဲ ပြောစမ်းကွာ ” 

••••• ••••• •••••

“ ငါ့ အဘိုး နေတဲ့ ရွာ မှာ  နှစ်လုံးပြူးသေနတ် တစ်လက် ကို “ ဆု ” အဖြစ် ရထားတဲ့ သူကြီး “ ဦးစံ ” ဆိုတာ ရှိတယ် ။ ဦးစံ ဟာ တခြား ရွာက သူကြီးတွေ နဲ့ မတူဘဲ နှစ်လုံးပြူး တစ်လက် ကို အစိုးရ က ဆု အဖြစ် ချီးမြှင့် ထားတာကြောင့် ရွာနီးနားချင်း သူကြီးတွေ ကပါ လေးစား ခန့်ညား ကြရတယ်တဲ့ ။ အင်း ... အဲဒီ ခေတ် က ကိုလိုနီခေတ်နှောင်း ပိုင်း ထင်ပါရဲ့ ”

“ ဆက်ပြောပါဦး ... သူငယ်ချင်း ”

“ သူကြီးဦးစံ ဟာ မုဆိုးဖိုကြီး တစ်ယောက် ဖြစ်ပြီး ခြောက်နှစ် ကျော်ကျော် ခုနစ်နှစ် အရွယ် အမိမဲ့ သမီးကလေး တစ်ယောက် လည်း ရှိသတဲ့ ။ ဦးစံ ဟာ တစ်ဦးတည်းသော သမီးကလေး လည်းဖြစ် ၊ အမိ လည်း မဲ့ နေရှာတဲ့ ဒီ သမီးလေး ကို ရွှေလိုဥ ထားပြီး အစစ အရာရာ အလိုလိုက် ထား သတဲ့ ။

မကြာမီမှာပဲ ဦးစံ ရဲ့ အစီအစဉ် နဲ့ ရွာ မှာ မူလတန်းကျောင်းကလေး တစ်ကျောင်း ဖွင့်လှစ် နိုင်ခဲ့တယ် ။ အဲဒီ ကျောင်းကလေး ဟာ ရွာ က စုပေါင်း ထည့်ဝင် လှူဒါန်းငွေ နဲ့ ဖွင့်လှစ်ထားတဲ့ မူလတန်းကျောင်းကလေး ပါပဲ ။ အဲဒီ ကျောင်း မှာ ဦးစံ သမီး အရွယ် ကလေးငယ် တွေ ဟာ အသီးသီး ပညာ သင်ကြပေမယ့် ဦးစံ ကတော့ သူ့ သမီး ကို ငယ်သေးတယ် ဆိုပြီး အဲဒီ ကျောင်း ဖွင့်တဲ့ နှစ်မှာ ကျောင်း မထားသေးဘဲ နောက် တစ်နှစ် ကြာ တော့မှ သူ့ သမီး ကို ကျောင်း ထားတယ် ။

“ တစ်နေ့ တော့ ဦးစံ ဟာ ရွာ က လူကြီးတချို့ နဲ့ ရပ်ရေးရွာရေး ဆွေးနွေး နေတုန်း ဦးစံ သမီး ဟာ ကျောင်း ကနေ အော်ဟစ် ငိုယိုပြီး ပြန် လာတယ် ” 

“ ဟင် သမီး ... သမီး ကျောင်း ကနေ ငိုပြီး ပြန်လာပါလား ” 

ဦးစံ ဟာ ရွှေ လို ဥထားတဲ့ တစ်ဦးတည်း သော သမီးကလေး အတွက် “ ဘာဖြစ်ပါလိမ့် ” ဆိုတဲ့ စိုးရိမ်စိတ် နဲ့ သမီးကလေး ဆီ ကို အပြေး သွားပြီး ယုယသံ ၊ ထိတ်လန့်သံ တွေနဲ့ ရောပြွမ်း နေတဲ့ အသံနဲ့  မေးခွန်း ထုတ်လိုက်တယ် ။

ဒီတော့ သူ့ သမီး က ...

“ ဆရာ က သမီး ကို ရိုက်တယ် ။ တုတ်အကြီးကြီး နဲ့ ရိုက်တယ် ။ သူ့ လက်ကြီး နဲ့ သမီးပါး ကိုလည်း ရိုက်တယ် ”

“ ဟင် ... ”

သမီး ရဲ့စကား ကို ကြားပြီး ဒေါသမီး ဟုန်းဟုန်း ထ သွားတဲ့ သူကြီး ဦးစံ ဟာ သူ ဆုရ ထားတဲ့ နှစ်လုံးပြူးသေနတ်ကြီး ဆီ ကို သူ့ လက် က ရောက်သွားတဲ့ အထိ ဖြစ်သွားရတယ် ။

ဒါပေမယ့် ရွာလူကြီးတွေ ရဲ့ အချိန်မီ တားဆီးမှုကြောင့် ဘာမှတော့ ဆိုးဆိုးရွားရွား ဖြစ်မသွားခဲ့ဘူး ။ အဲ ... ဆိုးဆိုးရွားရွား ဖြစ်မသွားဘူး ဆိုပေမယ့် ရွာ က ကျောင်းကလေး ကို တော့ သူကြီး အမိန့် နဲ့ ပိတ် လိုက်တယ် ။

အဲဒီ ကျောင်း က ဆရာ လည်း အလုပ် လက်မဲ့ ဖြစ် ၊ အဲဒီ ကျောင်း က ကလေး တွေလည်း စာ မသင် ဖြစ်တော့ “ အ ” သုံးလုံး မကျေကြတော့ဘူးပေါ့ ။ အဲဒီလို “ အ ” သုံးလုံး မကျေ ၊ စာ မတတ်ကြတဲ့ အထဲ မှာ သူကြီးဦးစံ ရဲ့ တစ်ဦးတည်း သော သမီးကလေး လည်း ထိပ်ဆုံးက ပါတာပေါ့ ။

ဩော် , ဒါနဲ့ ပြောရဦးမယ် ။ စောစောက သူကြီး သမီးကလေး ပြောတဲ့ .. “ ဆရာ က သမီး ကို ရိုက်တယ် ။ တုတ်အကြီးကြီး နဲ့ ရိုက်တယ် ။ သူ့ လက်ကြီး နဲ့ သမီး ပါး ကို လည်း ရိုက်တယ် ” ... ဆိုတာ လုံးဝ မဟုတ်ဘူး ။ အမှန်မှာ သူကြီး သမီးကလေး ဟာ ဖခင် က အလွန်အမင်း အလိုလိုက် ထားတာကြောင့် ၊ “ နှုတ်လျာ ကြမ်းလွန်း ”  “ ရန်ဖြစ်လွန်း ” တာကြောင့် ဆရာ က သူ့ ပါးကလေး ကို လက်ညှိုးကလေး နဲ့  အသာအယာ ထောက်ပြီး ...

“ ဟောဒီ ပါးစပ်ကလေး က ၊ နောက် မဆဲ နဲ့ မှတ်ထား ။ သူများ ကို ကုပ်ဆွဲတဲ့ လက် ဖြန့်စမ်း ” ဆိုပြီး ပေတံကလေး နဲ့ ရိုက်လိုက်တာ သာ ဖြစ်တယ် ။

အဲဒီလို ဖြစ်တာ က “ မနက် ”  ကျောင်း, စ တက် ကတည်း ကပါ ။

ဒါပေမယ့် ၊ စာသင်ရမှာ ပျင်းတတ်တဲ့ ကလေးတို့ ရဲ့ သဘာဝ အတိုင်း “ နေ့လယ် ”  မုန့်စားကျောင်း ဆင်းတော့မှ အခု ချက်ချင်းပဲ ဖြစ်ခဲ့ သယောင် ပြုပြီး ဖခင် သူကြီး ဆီ အော်ဟစ်ငိုယို ပြေးလွှား သွားခဲ့တာ ဖြစ်တယ် သူငယ်ချင်း ” 

“ အေး ... ဆက် ပြောစမ်းပါဦး ”

“ မင်း ကို ၊ သူကြီး သမီးလေး ရဲ့ နာမည် မပြောရသေးဘူးနော် ” 

“ ဟုတ်တယ် ၊ မပြောရသေးဘူး ”

“ သူကြီး သမီးကလေး ရဲ့နာမည် က “ မရွှေရင် ”  တဲ့ ကွ ။ မရွှေရင်ကလေး ဟာ အရွယ် ရောက်ပေမယ့် သူကြီး ရဲ့ အရှိန်အဝါ ကြောင့် ဘယ် ကာလသား က မှ ၊ သူကလေး ကို မပိုးမပန်းရဲကြဘူးလေ ၊ ဒါနဲ့ပဲ မရွှေရင်ကလေး ဟာ ၊ အပျိုကြီး ဖြစ်ရမယ့် ကိန်း ဆိုက်နေတာပေါ့ ။ ဒါပေမယ့် ဟေ့ ၊ ဦးစံ ကလည်း သာမာန် လူ မှ မဟုတ်တာ ။ နှစ်လုံးပြူးဆု ရ တကယ့်စံပြ သူကြီး တစ်ဦး ပဲ ။ သူ ကလည်း ဦးဏှောက် ပြေးတာပေါ့ ။

သူကြီးဦးစံ က သူ မသေမီ ဘာလုပ်ခဲ့တယ် ထင်လဲ ။ သူ့ သမီး အပျိုဟိုင်းကြီး မရွှေရင် ကို တခြား ရွာ က လယ်ပိုင်ရှင် သူဌေးသား တစ်ယောက် နဲ့ လက်ဆက်ပေး ခဲ့တယ်ဗျား ”

••••• ••••• •••••

“ အဘ နှယ် ။ ရောဂါသည် ကို မှ ရှာဖွေပြီး ပေးစားရက်တယ်နော် ... ”

အဲဒါက သူကြီး ဦစံ ရဲ့သမီး ၊ အိမ်ထောင်ရှင် “ ကိုယ်ဝန်သည် ” မရွှေရင် ရဲ့ ညည်းချင်းပဲ ။

ဟုတ်တယ်လေကွာ ။ သူကြီးဦးစံ ဟာ ၊ သူ့ သမီး ကိုလက်ဆက်ပေးပြီး မကြာခင်မှာ ကွယ်လွန် သွားခဲ့လို့ သူ့ အတွက် ဘာမှ မသိပေမယ့် ၊ သမီး မရွှေရင် ခမျာတော့  ရောဂါ ထူတဲ့ ခင်ပွန်းသည် ကို ကြည့်ပြီး ညည်းချင်း ချနေလေရဲ့ ။

မရွှေရင် ရဲ့ခင်ပွန်း ဟာ ကျန်းမာရေး မကောင်းဘူး ။ မကြာခဏ ဟိုရောဂါ ဖြစ် ၊ ဒီရောဂါ ဖြစ် နဲ့ ခဏခဏ အိပ်ရာ ထဲ မှာ လဲတဲ့ အထိ ဖျားတတ်တယ် ။ အခုလည်း ကြည့်ဦး ။ ရင်ကြပ်ပြီး မော နေပြန်သတဲ့ ။ မျက်စိ တောင် မဖွင့်နိုင်ဘူး ။

မရွှေရင် ခမျာ သူ့ ယောက်ျား ကို ဆေးကုသ ပေးရှာပါတယ် ။ သူ ကိုယ်တိုင် လည်း ဂရုစိုက် ပြီး ဆေးတိုက် ရှာပါတယ် ။

ဒီနေ့ သူ့ ယောက်ျား ကို  မရွှေရင် ဆေးတိုက်ရဦးမယ် အခုတိုက်ရမယ့် ဆေး က နေ့လယ်ဆေး လေ ။

သိတယ် မဟုတ်လား ။ မရွှေရင် က စာမတတ်ဘူး ။

ဒီတော့ ရွာ က သမားတော်ကြီး ဦးဖြူသီး ပေးတဲ့ ဆေး ကို သူ လက်လှမ်း မှီရာ အိမ်ခေါင်မိုး သက်ကယ်ပျစ် ကြား က ဆွဲ ထုတ် လိုက်တယ် ။ အဲဒီ နေရာ က မရွှေရင် ကိုယ်တိုင် အမှတ်အသား နဲ့ ဆေးထုပ် သိမ်းဆည်းတဲ့ နေရာပေါ့ ။

အဲဒီလို မရွှေရင် က ဆေးထုပ်ကလေး ကို ဆွဲထုတ် လိုက်တော့ ဆေးထုပ် ကလေး။ရဲ့စက္ကူ ပေါ်မှာ ရေးသားထားတဲ့ စာကလေး ကို မရွှေရင် တွေ့လိုက်တယ် ။ ဒါပေမယ့် မရွှေရင်က စာမှ မတတ်တာ ၊ “ ဒီနေရာ က ဒီဆေး ဟာ သူ့ ယောက်ျား ကို တိုက်ဖို့ သူကိုယ်တိုင် သိမ်းထားတဲ့ဆေး ” ဆိုတာ မှတ်မှတ်ရရ သိထားတဲ့ အတိုင်း ရေ ဖျော်ပြီး တိုက်လိုက်တယ် ။ မရွှေရင်ယောက်ျား ကံဆိုး ရှာတယ် ကိုယ်ဝန်ကြီး နဲ့ မရွှေရင် လည်း ကံဆိုး ရှာတာပဲ ...

တကယ်တော့ ...

သူ့ ယောက်ျား ကို တိုက်လိုက်တဲ့ ဆေး ဟာ ဆေးဆရာကြီး ဦးဖြူသီး ပေးတဲ့ ဆေး မဟုတ်ဘူး ။ ကြွက်သ,တ်ဆေးတွေ ဖြစ် နေတယ် ။ ဒီတော့ မရွှေရင် ယောက်ျား ကွယ်လွန်ပါရော ။

ဒီတော့မှ မရွှေရင် က သတိရလာတယ် ။

လွန်ခဲ့တဲ့ ဆယ်ရက် လောက် က လယ် ထဲ မှာ ကြွက်တွေ သောင်းကျန်းလို့ လာ နှိမ်နှင်းတဲ့ ကြွက်နှိမ်နင်းရေးအဖွဲ့ ဆီ က , သူ ဝယ်ထားလိုက်တဲ့ ကြွက်သ,တ်ဆေး တွေကိုး ။

အဲဒီ ကြွက်သ,တ်ဆေးတွေ ကို သက်ကယ်ပျစ်တွေ ကြားထဲ မှာပဲ သူ သိမ်း ထားခဲ့တာလေ ။

အဲဒီ ကြွက်သ,တ်ဆေး အထုပ်ကလေး မှာတော့ ... “ အဆိပ်သတိထား ” လို့ လို့ ရေးထားပေမယ့် သူ က စာမသင်ဘူးတော့ စာ မှ မတတ်တာ ။ ဒီတော့ ... အဲဒီ စာမတတ်တာ က သူ့ ကို နာကျည်းကြေကွဲ ကိုယ်ကျိုး နည်းစေတာပေါ့ ”

••••• ••••• •••••

“ ဇာတ်လမ်း က ၊ ကောင်းခန်း ရောက်နေပြီဟေ့ ။ ဆက်စမ်းပါဦး သူငယ်ချင်း ” 

“ ပြောမယ် သူငယ်ချင်း ။ အဲဒီလိုနဲ့ မရွှေရင် ဟာ ၊ မုဆိုးမဘဝ နဲ့ ပထမဆုံး သော ကလေး ကို မွေးဖွားခဲ့တယ် ။ အဲဒီ ကလေး အထီးလား အမလား သိလား ”

“ ဟာကွာ ... ကောင်းခန်း ရောက်မှ နောက် နေပြန်ပြီ ၊ ငါ ဘယ်သိမှာလဲ ၊ မင်း ပြောမှ သိမှာပေါ့ ”

“ ဟဲ ... ဟဲ ... မရွှေရင် မွေးတာ ၊ သမီးကလေး ကိုယ့် လူ ၊ သမီးကလေး ” 

“ ပြောရဦးမယ် သူငယ်ချင်း ။ မရွှေရင် ဟာ အသက် လေးဆယ် အပျိုဟိုင်းကြီး ဘဝ ရောက် မှ အိမ်ထောင် ကျတာ ဆိုတော့ သူ့ သမီးကလေး ကျောင်း နေတဲ့ အရွယ် ရောက်တဲ့ အခါမှာတော့  သူ့ အသက်ဟာ “ ငါးဆယ် ”  နီး နေတဲ့ ဒေါ်ရွှေရင်ကြီး ဖြစ်နေပြီ ။

တကယ့် အဖြစ်အပျက် များဟာ ဇာတ်လမ်းဇာတ်ကွက် တွေ နဲ့ အစီအစဉ် ကျကျ ဖန်တီး ထားသလိုမျိုး ဆိုတာ ငါ့ အဖိုး က ငါ့ ကို “ သူကြီးဦးစံ နဲ့ သူ့ သမီး မရွှေရင် ”  အကြောင်း ဇာတ်လမ်း ပြောပြပြီးတဲ့ အခါကျမှ တအံ့တဩ ယုံကြည်ခဲ့ရတယ်ကွာ ” 

“ အံ့မာ , ကိုယ်တော် က လွမ်းနေသေးတယ် ။ ဆက် ပြောစမ်းပါကွာ ” 

“ အဲ တကယ့်ကို အံ့ဩစရာပဲ ။ ငါ့ အဘိုး ပြောတဲ့ ဇာတ်လမ်း ဟာ ဒီ နေရာ မှာ တကယ့်ကို အံ့ဩစရာပဲ ။

ကြည့်စမ်း ။

ဒေါ်ရွှေရင် ဟာ သူ့ သမီး ကို ကျောင်းထားပြီး မကြာခင် တစ်ရက် မှာပဲ သူ ငယ်စဉ် က အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ် ။

ဟုတ်တယ် ။ ဒေါ်ရွှေရင် ရဲ့ သမီး ဟာ ကျောင်း ကနေ  ငိုယို အော်ဟစ်ပြီး ပြန်လာတယ် ။

“ ဟင် , သမီး ... သမီး ၊ ကျောင်း ကနေ ငိုပြီး ပြန်လာပါလား ” 

တစ်ဦးတည်းသော သမီး ရဲ့ အသံကြောင့် ဒေါ်ရွှေရင် မွှန်ထူ သွားတယ် ။ တယုတယအသံ ၊ အထိတ်တလန့် အသံတွေ နဲ့ ရောပြွမ်းတဲ့အသံ နဲ့ မေးခွန်း ထုတ် လိုက်တယ် ။

ဒီတော့ သူ့ သမီး က ...

“ ဆရာ က သမီး ကို ရိုက်တယ် ။ တုတ်အကြီးကြီး နဲ့ ရိုက်တယ် ”

“ ဟင် ... ” 

သမီး ရဲ့စကားကြောင့် ဒေါ်ရွှေရင် ကြောင်သွားတယ် ။ ဟုတ်တယ် ၊ လူ ဆိုတာ အသက်အရွယ် တော်တော် ကြီးကြတဲ့ အထိ ၊ သတိရ နေကြတာ မဟုတ်လား ။

အခုလည်း ကြည့်လေ ။ ဒေါ်ရွှေရင် ဟာ သမီး ရဲ့ အဖြေစကား ကြောင့် ငယ်ငယ် က သူ ပြောဖူးတဲ့ စကားတွေ ကို ပြန်ပြီး သတိရ လိုက်တယ် ။ အခု သမီး ပြောတဲ့ စကားတွေဟာ ငယ်ငယ် က ... သူ့ အဖေ ဦးစံ ကို သူ ပြောခဲ့တဲ့ စကားတွေ ပါလား ။ ဟင်း ... မအေတူ သမီး ပါလား ဆိုပြီး ၊ ဒေါ်ရွှေရင် သက်ပြင်း ချ လိုက်တယ် ။

ပြီးတော့ ...

“ သမီး ... ကျောင်း ပြန် သွားပါကွယ် ” 

ဒေါ်ရွှေရင် က သမီး ကို ဖျောင်းဖျ ပြောပေမယ့် သမီးစကား က မပြောင်း လဲဘူး ။ အဲဒီ စကား ကို ပဲ ထပ်တလဲလဲ ပြောနေတယ် ။

“ ဟင့်အင်း ၊ မသွားဘူး ။ ဆရာ က သမီး ကို ရိုက်တယ် ။ သူ့ လက်ကြီး နဲ့ သမီး ပါး ကို လည်း ရိုက်တယ် ၊ တုတ်အကြီးကြီး နဲ့ ရိုက်တယ် ” 

ဒီတော့ ဒေါ်ရွှေရင် က ...

“ သမီး ကို ဆရာ က ဘယ်ဘက်ပါး ကို ရိုက်သလဲ ဟင် ” လို့မေးတယ် ။ သမီး က သူ့ ဘယ်ဘက် ပါးကလေး ကို ထောက်ပြပြီး ”

“ ဟောဒီဘက် ပါးကို ” လို့ ပြောတယ် ။

ဒေါ်ရွှေရင် က ...

“ သမီး ရဲ့အဲဒီ ပါး ကို ဆရာ က ဘယ်နှချက် ရိုက်လိုက်သလဲဟင် ” လို့ မေးပြန်တယ် ။

ဒီတော့ သမီး က ...

“ ဆရာ က လေ ၊ ဟောဒီဘက် ပါးကို နှစ်ချက် ရိုက်လိုက်တယ် မေမေ ” လို့ ဖြေတယ် ။

သူငယ်ချင်း ရေ ...  ။

အဲဒီတော့ ဒေါ်ရွှေရင် က သူ့ သမီး ပြတဲ့ ဆရာ က ရိုက်လိုက်တယ် ဆိုတဲ့ သူ့ သမီး ရဲ့ပါး ကို ၊သူ့ လက်ဝါးကြီး နဲ့  ... “ ဖြန်းကနဲ ၊ ဖြန်းကနဲ ၊ ဖြန်းကနဲ ၊ ဖြန်းကနဲ ” နဲ့ လေး ငါး ချက်တိတိ ဆက် ရိုက်လိုက်တယ် ။ "

ပြီးတော့ သူ အဲဒီလို ရိုက်လိုက်တာ ကို အံ့အားသင့်ပြီး ငိုဖို့ သတိ မရဘဲ သူ့ ကို ကြောင်ပြီး ကြည့် နေတဲ့ သူ့ သမီး ကို ..

“ သွား ... သွား ... ကျောင်း ကို အခု ပြန်သွား ” လို့ အသံကျယ်ကြီး နဲ့ အော်ဟစ် မောင်းထုတ်လိုက်တယ် ။

ဒီတော့မှ ဒေါ်ရွှေရင် ရဲ့ သမီးလေး ဟာ “ ဟီး ကနဲ ” လန့်အော် ငိုကြွေးပြီး ကျောင်း ရှိရာ ဆီ ကို ပြန် ပြေးတော့တယ် သူငယ်ချင်း ”

ကျွန်တော့် သူငယ်ချင်း ပြောပြသော သူ့ အဘိုး ၏ ဇာတ်လမ်းအဆုံး တွင် ကျွန်တော့် ရင် ထဲ “ ဒင်ကနဲ ”  ဟူသော အသံ တစ်သံ ထွက်သွားသည် ဟု ခံစားလိုက်ရပါသည် ။

“ ရေးမယ် သူငယ်ချင်း ။ အဲဒီ ဇာတ်လမ်း ကို ငါ ရေးဖြစ်အောင် ရေးမယ် ။ အဲဒီ ဇာတ်လမ်း ရဲ့ နာမည် ကို လည်း “ နှလုံးသားလက်ဝါး နဲ့ မေမေ ” လို့ ၊ နာမည် ပေး ပြီး ငါ ရေးမယ် ”

ကျွန်တော့် စကား အဆုံးသတ် လိုက်ပြီး နောက် သူငယ်ချင်း ပြန်ပြော လိုက်သည့် စကားလုံးတွေ က တန်ဖိုး ကြီးမားလွန်းသည် ။

“ သူငယ်ချင်းရေ ... မိဘ ဆိုတာ အဲဒါပဲကွ ၊ သူတို့ အရည်အချင်း တွေ ၊ သူတို့ ဘဝရပ်တည်ချက် တွေ ဘယ်လိုပဲ ရှိရှိ သားသမီး အတွက် ဆိုရင် နှလုံးသွေး နဲ့ တွေးတတ်ကြတာပဲ ။ မင်း ပေးတဲ့ နာမည် က ... အဲဒီ ဇာတ်လမ်း နဲ့ လိုက်ဖက်သားပဲ ။

“ ဘာတဲ့ ..

“ နှလုံးသား လက်ဝါး နဲ့ မေမေ ”

“ နှလုံးသား လက်ဝါး နဲ့ မေမေ ”

⎕ သုဝဏ္ဏကျော်စိန်

📖 အလင်္ကာရပ်ဝန်း ( ၇ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment