❝ လိုက်တမ်း ပြေးတမ်း ကစားကြေး ❞
[ ၁ ]
လိုက်သူ က လိုက်၍ ပြေးသူ က ပြေးရခြင်း လော ။ ပြေးသူ က ပြေး၍ လိုက်သူ က လိုက်ရ ခြင်း လော ။ ကိုယ် မပြောတတ်ပါချေ အမာ ။ ကိုယ် ပြောတတ်သည် မှာ ပြေးသူ က ပြေးသူ အချင်းချင်း ၊ လိုက်သူ က လိုက်သူ အချင်းချင်း ၊ ပေါင်းသင်းမိကြမည် ဆိုသည်သာ တည်း ။
သို့သော် အမာ့ ကို ကိုယ် မေးပါရစေ ။ စိုးသိမ်း နှင့် လည်းကောင်း ၊ ကျော်ညွန့် နှင့် လည်းကောင်း ၊ ကိုယ် သည် မည်သည့် အတွက်ကြောင့် ပေါင်းဖက် နေမိချေသနည်း ။
[ ၂ ]
ဤ ဝတ္ထု သည် စိုးသိမ်း ၊ ကျော်ညွန့် ၊ ခင်စမ်းယု နှင့် အပျော် တို့၏ အဖြစ်အပျက်များပင် ။
ဤ ၄ ယောက် အနက် ကိုယ် နှင့် လက်ဦးဆုံး သိသူမှာ စိုးသိမ်း ပင် ဖြစ်သည် ။ မမှတ်မိတော့ သော်လည်း စိုးသိမ်း နှင့် စ၍ သိသည်မှာ ၁၉၅ဝ ခုနှစ် ခန့် က ဟု ထင်သည် ။ သို့သော် တယောက် နှင့် တယောက် မိတ်ကျွမ်းတဝင် ခင်မင်ရင်းချာလှသည့် နှစ် ကား အမာ နှင့် ကိုယ်တို့ စ၍ တွေ့ရသည့် ၁၉၅၃ ခုနှစ် တည်း ။
ထိုအခါမှ အစပြု၍ စိုးသိမ်း နှင့် ကိုယ် သည် တယောက် ၏ အကြောင်း ကို တယောက် အကုန်အစင် ဖွင့်ပြော တိုင်ပင်လေ့ ရှိခဲ့ကြသည် ။ စင်စစ် သူ သည် ရမည်းသင်း ဇာတိ ဖြစ်၍ အမာ သိသည့် အတိုင်းပင် ကိုယ် က မန္တလေး ဇာတိ ဖြစ်သည် ။ ကိုယ်တို့ သည် တမြို့တည်း နေ တရေတည်း သောက် ကား မဟုတ်ကြချေ ။
သို့သော် တက္ကသိုလ် ရိုးပြတ်နယ် ၌ ပညာ ကောက်သင်း ကောက် ကြရာဝယ် တွေ့ ကြုံဆုံ စည်းမိကြသည် ။ တက္ကသိုလ် သည် စင်စစ် ကိုယ်တို့ အတွက် ဆုံစည်းရာ သက်သက် သာ ဖြစ်ခဲ့ချေ၏ ။ သမဂ္ဂ က သာလျှင် ကိုယ်တို့ နှစ်ယောက် အား မိတ်ကျွမ်းတဝင် ခင်မင် ရင်းချာ လာစေခဲ့သည် ။
သို့နည်းနှင်နှင် ပင် ၄၈ လမ်း ထိပ် မှ စာအုပ်ဆိုင်ကလေး သည် ကျော်ညွန့် နှင့် ကိုယ့် ကို မိတ်ဆွေ ဖွဲ့ ပေးခဲ့သော နေရာကလေး ဖြစ်သည် ။ ကျော်ညွန့် သည် မကွေးဇာတိ ဖြစ်၍ ၊ မကွေးမြို့ အစိုးရ အထက်တန်းကျောင်း တွင် အထက်တန်းပြ ဆရာ အဖြစ် ဖြင့် အမှုထမ်း နေသူ ဖြစ်သည် ။ နွေ ကျောင်းပိတ်ရက်ရှည် ပိတ်၍ ရန်ကုန် သို့ အလည် ထွက်လာခိုက် ကိုယ် နှင့် ဆုံစည်း သိကျွမ်းခဲ့သတည်း ။
ကျောင်း မှ ကိုယ် ထွက်ရသော အခါ ရန်ကုန် မှာပင် ကိုယ် ဆက်၍ နေခဲ့သည် ။ အမာ့ ကို လိုက်၍ မမီနိုင်တော့ သဖြင့် လက်လျှော့ ၍ ထိုင်ကာ နေစဉ်မှာ ပင် အမာ နှင့် မဝေး ချင်သောကြောင့် ရန်ကုန် မှာ ဆက်လက် နေခဲ့ခြင်း ဖြစ်သည် ။ တက္ကသိုလ် ဝယ် အခြေချ၍ နည်းပြဆရာ ဘဝ ကို ခံယူထားသော အမာ့ အပါး မှ တဖဝါး မခွာလိုခြင်းပင် ။
ကိုယ့်ရပ် ကိုယ့်ရွာ သို့ ပြန်၍ နေသော စိုးသိမ်း သည် လည်း ကိုယ် ကဲ့သို့ပင် ရန်ကုန် မှာ သောင်တင် နေချင်သည် ဟု ဆိုလျက် ၊ အောင်စာရင်း ထွက်သည် နှင့် မရှေးမနှောင်း ပင် ရန်ကုန် သို့ ပြန် ရောက်လာသည် ။ ကျော်ညွန့် ကမူ ကိုယ်တို့ ကျောင်း မှာ ရှိနေစဉ် တနှစ်ကျော် ကျော်ခန့် ကတည်း က ပင် ရန်ကုန် သို့ လာ၍ သမိုင်းသုတေသန ဌာန တွင် ဝင်ရောက် အမှုထမ်း နေသည် ။ ဤသို့လျှင် ကိုယ်တို့ သည် ရန်ကုန် တွင် ပြန်လည် ကြုံဆုံ ပေါင်းစည်း မိကြပြန်သည် ။
စိုးသိမ်း လည်း စိုးသိမ်း ၏ အလျောက် ၊ ကိုယ် လည်း ကိုယ့် အလျောက် ၊ စိတ်သန်ရာ ကျွမ်းကျင်ရာ အလုပ်များ၌ ဝင်ရောက် လုပ်ကိုင် ကြသည် ။ တနည်းဆိုလျှင် လူ့ လောက အနှောင်အဖွဲ့ ထဲ သို့ ကိုယ်တို့ ဝင်ခဲ့ကြသည် ဆိုစို့ အမာ ။
သို့သော် အလုပ် အားရက်များ ၌မူ ကိုယ်တို့ သည် လောကအနှောင်အဖွဲ့ ထဲ မှ ခေတ္တ ထွက်ခဲ့ကြကာ တနေရာရာ၌ စုစည်း တတ်ကြသည် ။ ဥပမာ ခြောက်မိုင် မှ ကိုမင်းလွင် တို့ အိမ်သို့ ဆုံလာကြ၍ ရောက်တတ်ရာရာ ပြောလိုရာ ပြောတတ် ကြသည် ။ ပျော်ရမည် ထင်ရာ ကိုလည်း တညီတညွတ်တည်း လုပ်တတ်ကြသည် ။ ကိုယ့် ချစ်သူ အကြောင်း ကိုယ် ပြောကြ သည် ။ ရုပ်ရှင် အကြောင်း ၊ ဝတ္ထုအကြောင်း ၊ ထင်ရာမြင်ရာ ပြောကြသည် ။ အင်းယား မှာ ရေကူး ကြသည် ။ ဝက်သားဟင်း နှင့် ထမင်း ကောင်းကောင်း စားကြသည် ။
ဤသို့လျှင် တယောက် နှင့် တယောက် အစစ အရာရာ ခင်ခင်မင်မင် နေခဲ့ကြ သည် ။ တိုင်တိုင်ပင်ပင် ရှိခဲ့ကြသည် ။ ထို့ကြောင့်လည်း တယောက် အကြောင်း ကို တယောက် အကုန်အစင် သိခဲ့ကြသည် ။
ဤ ဝတ္ထု သည် ထို စိုးသိမ်း နှင့် ထို ကျော်ညွန့် ၏ အကြောင်းပင် ။
စင်စစ်သော် စိုးသိမ်း ၏ အကြောင်း ဟု ဆိုလျှင် အပျော် ပါရမည် ။ ကျော်ညွန့် ၏ အကြောင်း ဆိုပြန်လျှင် လည်း ခင်စမ်းယု က မုချ ပါရမည် ထင်သည် ။
အမှန်မှာ ဤ လေးယောက် ၏ အကြောင်းသာတည်း ။
[ ၃ ]
စ၍ ပြောရလျှင် တနေ့သ၌ ကိုယ့် အလုပ်ရုံးခန်း သို့ စိုးသိမ်း ရောက်လာသည် ။ စိုးသိမ်း ကို ကြည့်ရသည်မှာ အမှတ်များစွာဖြင့် အရေးနိမ့်၍ ကြိုးဝိုင်း အတွင်း မှ ဆင်း လာရသော လက်ဝှေ့သမား နှင့် တူသည် ။
စိုးသိမ်း သည် အကြည့်တန် တို့၏ ထုံးစံအလျောက် မလှမှာ ကို ပူတတ်သူ ဖြစ်သည် ။ သူ့ ကိုယ် သူ လည်း အစဉ် ပြုပြင် နေတတ်သူ ဖြစ်သည် ။ တခါက ကိုယ့် ကို ပင် သူ့ ရုပ်ရည်နှင့် ပတ်သက်၍ မည်သို့မျှ မဝေဖန်ရန် တောင်းပန် ထား သူ လည်း ဖြစ်သည် ။ သို့စဉ်လျက် ယနေ့ စိုးသိမ်း သည် မည်သည့် အတွက်ကြောင့် နဖူးမှ ချွေးစေးများကို မသုတ်သင်ရလေသနည်း ။
မည်သို့ပင် ဖြစ်စေ ၊ သူ့ ကို ကိုယ် ကြည့်၍ မရချေ ။ အသားညိုတွင် ချွေးစေးများ ပြန်နေ သဖြင့် လည်း ပို၍ အကြည့်ရ ဆိုးသည် ။
သို့သော် လာပုံက ဆန်းသဖြင့် ကိုယ် နှင့် မျက်နှာချင်းဆိုင် တွင် ကု,လားထိုင် ချပေး ကာ မေးမြန်းစုံစမ်းရတော့သည် ။ ထိုအခါ စိုးသိမ်း က သူ ပင်ပန်းနွမ်းနယ်ခဲ့ရပုံကို ဝမ်းနည်းစွာ ပြောပြလာသည် ။
ကိုယ် လည်း သူ့ အကြောင်း ကို သူ နှင့် ထပ်တူထပ်မျှ ဝမ်းနည်းစွာ ကြားခဲ့ရသည် ။ သူ့ အကြောင်းကို သူ ပြန်၍ ပြောပြရာ၌ အပျော် ဟူသော အမည်ဆန်းကလေး တခုကို ကိုယ် သတိပြုခဲ့မိသည် အမာ ။
စင်စစ်သော် သူ့ အမျိုးသမီး ၏ အမည်ရင်း မှာ အပျော် မဟုတ်ပေ ။ သူ့ အမျိုးသမီး ၌ မြန်မာအမည် လည်း မရှိချေ ။ မြန်မာမှု ကို နှစ်လိုတတ်သူ စိုးသိမ်း သည် သူ့ အမျိုးသမီး ၏ အမည် အား အပျော် ဟု သင့်လျော်စွာ မြန်မာ ပြန်ဆိုခဲ့ခြင်းသာတည်း ။ အပျော် သည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ( ခ ) ပိုင်းသင်တန်း ၌ တက်ရောက် သင်ကြား နေသူ ဖြစ်သည် ။
အပျော် သည် ယနေ့အထိ မြန်မာစိတ် မရှိသူ ဖြစ်သည် ။ မြန်မာပြည် ၌ လူ လာ ဖြစ်ရသည် ကို နာကျည်း နေတတ် သူ ဖြစ်သည် ။ သို့သော် အပျော် ကား ချမ်းသာကြွယ်ဝ လေသတတ် ။
အပျော် ၏ ဘဝ ကလည်း ဖန်လာပုံ ဆန်းသည် ။ အဖေ မဲ့ သမီးကလေး အပျော် ကို မုဆိုးမ မိခင် က အရွယ် မရောက်မီ မှာပင် သေရွာ လား၍ ထားရစ်ခဲ့သည် ။ ထိုအခါ အပျော် မိခင် ၏ ညီမလတ် က ကောက်ယူ မွေးစားခဲ့ရသည် ။ မကြာမီမှာပင် ထို ညီမလတ် ဆုံးခဲ့ရပြန် သည် ။ သည်တခါ၌ မူ အပျော့် မိခင် ၏ အငယ်ဆုံးသော ညီမ က တဆင့် ကောက်ယူ မွေးစား ခဲ့ရပြန်သည် ။ မကြာမီတွင် ထို ညီမငယ် လည်း ကွယ်လွန်ခဲ့ပြန်သည် ။ အပျော် ၏ ဖွားဖွား ကမူ အပျော် ကို သူ့ သမီး သုံးယောက် အတွက် ခိုက်သူ အဖြစ်ဖြင့် ယူဆစွဲလမ်းကာ မမုန်းသော် လည်း နှစ်နှစ်ကာကာ မချစ်ခဲ့ချေ ။
ဖွားဖွား လည်း သမီးအငယ် ကွယ်လွန်သော အခါ၌ သမီးငယ့်ခင်ပွန်း ၏ ကရုဏာ အရိပ် အောက် မှာ ပင် ဆက်လက် ခိုလှုံနေရတော့သည် ။ အပျော် လည်း ၄င်း အတိုင်းပင် ။ အပျော် သည် ဤ ဦးဦးငယ် ကို ပင် ဖခင် အဖြစ်ဖြင့် ယူမှတ် ခဲ့ရပေသည် ။
မည်သူက မည်မျှပင် မချစ်ခင်စေကာမူလည်း ဤ ဖခင် ကမူ အပျော့ အား သံယောဇဉ် ကြီးရှာသည် ။ အပျော် တယောက် အရွယ် ရောက်ပြီ ဆိုတော့ သူ့ မှာ အပျော် အတွက် စိတ်ချ လုံခြုံရသော နေရာ တနေရာ ရရန် ယောက်ယက်ခတ်မျှ ရှာဖွေခဲ့ရသည် ။ သောက ပိုတတ် လွန်းသူတည်း ။
အပျော် တက္ကသိုလ် သို့ ရောက်ပြန်ပြီ ဆိုတော့လည်း သူ့ မှာ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရပြန်သည် ။ သမီးကလေး တယောက် မုန်သောက်မာတင် ပညာရှင် ဖြစ်တော့မည် ကို တဖက်က ဝမ်းသာခဲ့ရသည် ။ ပညာစုံ သော် မည်သို့ မည်ပုံ ဖြစ်လေဦးမည်နည်း ဟု အတွေး ထွေတလာ နှင့် လင် ယူ မှာကို မူကား တဖက် က ဝမ်းနည်းခဲ့ရသည် ။
ဝမ်းနည်းမည် ဆိုလျှင်လည်း ဝမ်းနည်းစရာပင် ။ အပျော် ကို မွေးခဲ့ရသည် မှာ ပိုးနှယ် မွေးခဲ့ရသည် အမှန် ။
အပျော် သည် ငယ် ကတည်း က ကျန်းကျန်းမာမာ မရှိခဲ့ချေ ။ တလက်မှ တလက် သို့ အကြိမ်ကြိမ် အဖန်ဖန် ပြောင်းခဲ့ရ သော်လည်း အယုယဘုံ ထက်မှ ဆင်းခဲ့ရသူ မဟုတ်ချေ ။ ထို့ကြောင့် ဖြိုး လည်း မဖြိုးခဲ့ချေ ။
ဤအထဲတွင် သွေးအား နည်း၍ မကြာခဏ လဲ တတ်ပြန်သည် ။ ဤ ဖခင် သည် ဆယ့်ကိုးခါ မက ငွေ နှင့် စက်၍ အပျော် ၏ အသက်ကို ကုခဲ့ရသည် ။ သည် အပျော် ကို သူ မည်သို့ စွန့်လွှတ်ရက်နိုင်မည်နည်း ။
ဤသို့သောအခါ၌ ရန်ကုန် သို့ စိုးသိမ်း ရောက်လာသည် ။ ကျောင်းသားသမဂ္ဂ တွက်မို့ အစိုးရ အလုပ် ကို စိုးသိမ်း က စက်ဆုပ် ရွံရှာသည် ။ ထို့ကြောင့် သူ့ အကို ဝမ်းကွဲ အား အကြောင်းပြုကာ သူ့ အကို အုပ်ချုပ်ရသော ရောင်းဝယ်ရေး အဖွဲ့ တဖွဲ့တွင် စာရင်းစစ် အဖြစ် ဖြင့် ဝင်ရောက် လုပ်ကိုင်သည် ။ စိုးသိမ်း ၏ အကို ကား အပျော် ၏ ဖခင် ပင်တည်း ။
ထိုသို့ အကြောင်းဆုံ၍ လာသောအခါ စိုးသိမ်း နှင့် အပျော် သည် တယောက် ကို တယောက် မြင်ခဲ့ ၊ ကြည့်ခဲ့ ၊ ခင်ခဲ့ ၊ သိခဲ့ကြရတော့သည် ။ သို့သော် စိုးသိမ်း ၏ စိတ်အလျဉ် ၌ အပျော့် အား မည်သို့မျှ ဝင်စားခြင်း မရှိခဲ့မိချေ ။
သို့သော် အပျော် ကမူ စိုးသိမ်း ကို ခင်မင်တွယ်တာ နေမိချေသည် ။ စုံမက် နေမိချေသည် ။
စိုးသိမ်း ၏ အကြောင်း ကို ကိုယ် ကောင်းစွာ သိသည် ။ စိုးသိမ်း သည် အပျော် နှင့် စိတ်ချင်း ဆန့်ကျင်ဘက် ရှိသူတည်း ။ ထို့ကြောင့် စိုးသိမ်း နှင့် အပျော်သည် မည်သို့သော နည်းနှင့်မျှ ပေါင်းစည်း၍ ရနိုင်မည် မဟုတ်ကြောင်းကို ကျော်ညွန့် နှင့် ကိုယ်တို့ သာမက စိုးသိမ်း ကိုယ်တိုင် ကလည်း သိနားလည် ပေသည် ။
ထို ညနေ က စိုးသိမ်း သည် ဆေးရုံမှ ပြန်လာခဲ့ခြင်း ဖြစ်သည် ။ နှလုံးရောဂါ ဖောက် ပြန်၍ ဆေးရုံ သို့ ရောက် နေသော အပျော် ထံ မှ အပြန် တွင် ကိုယ့် ထံ သို့ ဝင်လာခဲ့ခြင်းတည်း ။
ထို နေ့သည် စနေနေ့ ဖြစ်သည် ။ ကိုယ် အလုပ် လုပ်ရာက တနေကုန် တက်ရသော် လည်း စိုးသိမ်း အလုပ် လုပ်ရာက နေ့ တဝက် သာ တက်ရသည် ။
အလုပ် မှ ဆင်း၍ အိမ် သို့ ပြန် ရောက်နေသော စိုးသိမ်း ကို အပျော် ၏ ဖခင် က ကား နှင့် အရေးတကြီး လာရောက် ခေါ်ငင်သည် ဆို၏ ။ အပျော် က စိုးသိမ်း ကို အမြန် ခေါ်ပေးပါ ။ သူ မသေမီ တွင် စိုးသိမ်း နှင့် တွေ့ခွင့်ပြုပါ ဟု တောင်းဆိုသောကြောင့် ဤသို့ လာရောက် ခေါ်ငင်ရခြင်း ဖြစ်သည် ဆို၏ ။
ဆေးရုံ သို့ ရောက်သောအခါ အခန်း တခန်း ထဲ တွင် ရုပ်ပျက်ဆင်းပျက် နှင့် အပျော် ကို စိုးသိမ်း တွေ့ရတော့သည် ။ လက်ဖျံရင်း မှ ဖောက်၍ သွေးသစ် သွင်းပေးနေရကာ ၊ နှာခေါင်း ထဲ သို့လည်း ပြွန်ရှည် ဖြင့် အုပ်ဇူစင်ဓာတ် သွင်း ပေး နေရလေပြီ ။ ဆရာဝန်များ က လည်းကောင်း ၊ ဖခင် ဖြစ်သူ က လည်းကောင်း အပျော့် ကို မမြှော်လင့်ကြတော့ချေ ။
သို့သော် အပျော် ကား မသေခဲ့ပေ ။
အပျော် သည် စိုးသိမ်း ထံမှ စကားတခွန်း ကို တောင်းခဲ့သည် ။ သူ ကား မုချ သေရ တော့မည် ၊ သေမည့် သူ ကို စိတ်ချမ်းသာ စိမ့်သောငှာ ဟန်ဆောင် ၍ပင် ဖြစ်စေ “ ချစ်ပါသည် ” ဟု ဖွင့် ပြောရန် တောင်းပန်သည် ။
သည်ကျမှ အကြောင်းစုံ ကို စိုးသိမ်း ငုံမိတော့သည် ။ သူ မည်သို့ အဖြေပေးပါ မည်နည်း ။ မသိနိုင်ချေ ။ ထို့ကြောင့် ထွက်ပြေးမည် ကြံကာ အခန်း ထဲ မှ အပြင် သို့ လှည့်၍ ကြည့်မိသည် ။ စိတ် လည်း ထပ်ထပ် ညစ်မိသည် ။ သို့သော် လွတ်လပ်ရေး လမ်း ကား မမြင် ၊ ငြိမ်းချမ်းရေး လမ်းကား မပေါက် ၊ အန္တရာယ် ချောက်ကြား တွင် မှောက်မှားဘွယ်ရာသာ ရှိသည် ။
အပြင်တွင် အပျော့် ကို အသက်မက ချစ်ခင်ကြသော ပရိသတ် သည် သူ့ အား တောင်းပန်ခယ သော မျက်စိများ ဖြင့် ကြည့်လျက် ရှိသည် ။ သူ့ မှာ အပျော့အား နှမချင်းစာ နာကာ သနားညှာတာ ရန်လည်း တာဝန် ရှိနေသည် ။ သည် တာဝန် ကို ပယ်ဘိဦး ။ သူ့ အကို ၏ မျက်နှာ ၊ ကျေးဇူးတရား ၊ အလုပ်အကိုင် ၊ စသည် စသည် တို့ ကိုလည်း ကြည့်ရဦးမည် ။ သူ ကြည့်ရမည် ဖြစ်သော သူ့ အကို က လည်း ပန်ကြား၍ နေပြီ ။ ယခုမှ ခက်ချေပြီ ။
အဆုံး၌ကား မည်သို့မျှ မငြင်းသာ ၊ မပယ်သာတော့ သဖြင့် စိုးသိမ်း သည် အပျော် ကြားလိုသော စကား တခွန်းကို ပြောခဲ့ရချေသည် ။ သူ ကိုယ်တိုင် ကလည်း မကြာမြင့်မီမှာတွင် အပျော် သည် မုချ သေရတော့မည် ဟု ယုံကြည်မိ၏ ။ ထို့ကြောင့် အပျော့် အား ချစ်ပါသည် ဟု သူ ဆိုခဲ့သည် ။ စိတ် ကား မပါခဲ့ ။ ပြောစဉ် မှာ လည်း အပျော် ၏ မျက်နှာ ကို မကြည့်မိခဲ့ ။
မည်သို့ပင် ဖြစ်စေ ၊ ဆန္ဒ ပြည့်သောအခါ၌ အပျော် ၏ မျက်နှာသည် ရုတ်ခြည်းပင် လန်းရွှင်၍ လာလေ၏ ။ စိုးသိမ်း သာ လျှင် အရေးနိမ့်ရသူ ပမာ စိတ်ပျက်လက်ပျက် နှင့် ပြန်၍ လာခဲ့ရသည် ။ လိုက်လံ ပို့ဆောင်မည့် သူပင် မရှိတော့ချေ ။
စင်စစ်သော် စိုးသိမ်း အပါအဝင် အများပရိသတ် ထင်သကဲ့သို့ အပျော် ကား မသေ ခဲ့ချေ ။ နေ့ချင်း ညချင်းပင် လန်းရွှင်၍ လန်းရွှင်၍သာ အားပြည့် လာခဲ့ပေသည် ။ သို့ဖြင့် အပျော် သည် လူကောင်း ပကတိ ဘဝ သို့ တဖန် ပြန်၍ ရောက်ခဲ့ပြန်သည် ။
အပျော် ၏ ဖခင် ကမူ ဝမ်းသာ၍ မဆုံးချေ ။ စိုးသိမ်း ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေသည် ။ သို့သော် အပျော် နှင့် စိုးသိမ်း ကို အပျော် ၏ မိုက်မဲသော ဆန္ဒ အလျောက် လက်ဆက်ခွင့် ပြုရန်မှာ အပျော့် ပတ်ဝန်းကျင် ၌ ပြဿနာ တရပ် ဖြစ်ခဲ့ချေသည် ။ အမှန်၌ စိုးသိမ်း ကို အကြွင်းမဲ့ ခေါင်းခါကြမည်သာ ဖြစ်ပေသည် ။ သေမည် ပြုစဉ် က တောင်းပန်၍ ပြောခဲ့ ရသော စိုးသိမ်း ၏ စကား တခွန်း ကို လည်း ထို ပတ်ဝန်းကျင် က မေ့လျော့ ထားကြလေသည် ။
ဤသည်ကို စိုးသိမ်း အနေနှင့် မကျေချမ်း နိုင်သော်လည်း ဝမ်းသာ မိသည် ။ ကိုယ့် လက်ရာ ကို ကိုယ် ပြန်၍ ဖျက်ကြသည်၌ သူ့ အနေနှင့် ပြောစရာ မရှိပါချေ ။
မည်သို့ပင် ဖြစ်စေ ၊ အပျော် နှင့် သဘော မမျှသည့် အတွက် စိုးသိမ်း ၌ စိုးစဉ်းမျှ မတုန်လှုပ်ခဲ့မိပါချေ ။ မပူခဲ့မိပါချေ ။
သို့သော် အပျော် ကမူ အများကဲ့သို့ မေ့လျော့ဟန် လည်း မဆောင် ၊ မေ့ လည်း မမေ့ချေ ။ အပျော် က တထောင့် က တမှောင့် ၊ နှောက်ယှက် ပြန်သည် ။ စိုးသိမ်း ၏ စကား တခွန်း ကို အခွင့်ကောင်း ယူကာ မေတ္တာ ကို ပူဆာ လာပြန်သည် ။ နည်း အမျိုးမျိုး ၊ အချိုး အသွယ်သွယ် ဖြင့် သူ့ ကို လိုက်၍ တွယ်ပြန်သည် ။
အပျော် သည် ကျောင်း မှ သူငယ်ချင်း တသိုက် အား လည်း မိုက်မိုက် ကြွားကြွားပင် သူ နှင့် စိုးသိမ်း တို့ ချစ်ကြိုက်နေပြီ ဖြစ်ကြောင်း ကြေညာမောင်း ခတ်သတည်း ။
[ ၄ ]
ကိုယ့် အနေနှင့် မူ အပျော် ၏ ဆန္ဒ ကို ဆက်လက်၍ မလိုက်လျောရန် စိုးသိမ်း အား အပြင်း အထန် တား ခဲ့သည် ။ အပျော် သည် မာယာဇာတ် တဇာတ် ကို သူ ခင်း၍ သူ ကိုယ်တိုင် မင်းသမီး အဖြစ် ပါဝင် ကပြလျက်ရှိသည် ။ ပွဲကြည့် ပရိသတ် သနားကရုဏာ ကို ရလိုမှုဖြင့် သူ့ ဘက် မှ အနာ ခံ ကာ ဇာတ် ကို သယ်သည် ။
ကိုယ့် အမြင်၌ ကား အပျော် သည် စိုးစဉ်းမျှ အနာ မခံချေ ။ အပျော် သည် ပရိသတ် ၏ သနားကရုဏာ ကို လည်း အရ ယူသည် ။ စိုးသိမ်း ၏ မေတ္တာ ကို လည်း အပိုင် ကြံသည် ။ အပျော် ကား အလိုသည်းသူတည်း ။
စိုးသိမ်း ၏ ဘက်မှ မူကား အပျော် ၏ ဆန္ဒ ကို ဆက်လက်၍ လိုက်လျော လျှင် လည်း သူ့ နှလုံးသား ၏ အလိုနှင့် ဆန့်ကျင်သောကြောင့် ရင်နာရပေမည် ။ ရှုံးမည် ။ ဆက်လက်၍ မလိုက်လျောပြန် လျှင် လည်း သူ့ ကို မကြင်နာတတ်သူ ၊ မညှာတာတတ်သူ ဟု သတ်မှတ်ကာ ပရိသတ် က မုန်းပြန်ဦးမည် ။ ဆူး ကြား ဗူး နှယ်တည်း ။
ဤသို့လျှင် အပျော် သည် သူ့ပြဿနာ ကို ပရိသတ် နှင့် လှည့်ကာ အကျပ်ကိုင် ၍ လာသည် ။ ပရိသတ် များ စေရန်လည်း တွေ့ရာ နေရာတွင် သူ့ ဇာတ် ကို အခမဲ့ ခင်းကျင်း၍ ပြတတ် ပြန်သည် ။
ထို့ကြောင့် ဤဇာတ် ကို သိမ်းလိုက်တော့ ၊ ဖျက်လိုက်တော့ ၊ ဆက်၍ မက နှင့် တော့ ဟု ကိုယ်က အကြံပေးခဲ့သည် ။ စိုးသိမ်း သည် ဆက်လက်၍ မိုက်စွမ်းပြ နေခြင်းငှာ မထိုက်ပြီ ဟု ကိုယ် ယူဆသည် ။
သို့သော် စိုးသိမ်း အနေနှင့် ဆက်လက်၍ မိုက်ခဲ့ရ ပြန်သည် ။ မိုးမသောက်မီ ဇာတ် ကို ဖျက်၍ သိမ်းမည် ဟု ဆိုပြန် လျှင် လည်း စိုးသိမ်း သာ နာရပေဦးမည် ။ ပရိသတ် က စိုးသိမ်း ကိုသာ ဆဲရေးကြပေဦးမည် မဟုတ်လော ။
[ ၅ ]
ဤကား အငို လွယ် ၍ အရှိုက် ခက် သော မိုက်သက်တကျွန်းစံ စိုးသိမ်း ၏ ဇာတ်လမ်း ပင် ဖြစ်ချေသည် အမာ ။
ထိုနည်းတူစွာ မေတ္တာပုံပြင် တပုဒ် ကို အမာ မပျင်း လျှင် သတင်း အသွင် နားဆင် ပါလေဦး ။
တခါက ခင်စမ်းယု နှင့် ကျော်ညွန့် တို့ သည် ဆရာဖြစ်သင်တန်း ၌ တက်ရောက် သင်ကြား နေခဲ့ကြရစဉ် တယောက် နှင့် တယောက် ခင်မင် မေတ္တာ မျှ လာခဲ့မိကြလေသည် ။ သင်တန်းသား တို့ ဝန်းကျင် တွင်မူ ကလေးလင်မယား အသွင် ထင်လျား ကျော်ကြားခဲ့ သတည်း ။
စင်စစ်သော် ကျော်ညွန့် နှင့် ခင်စမ်းယု တို့၏ ဘဝ အခြေအနေချင်း ကား နဂါး နှင့် ရေမြွေ ပမာ များစွာ ကွာခြားခဲ့ချေသည် ။ ကျော်ညွန့် သည် အမေ မုဆိုးမ နှင့် အားကိုးရာမဲ့ ညီငယ် ၊ ညီမငယ်များ ကို ထိန်းသိမ်းပြုစုရန် ဆင်းရဲ အပင်ပန်း ခံကာ သင်ကြား နေရသူဖြစ် သော်လည်း ခင်စမ်းယု အနေနှင့်မူ ထိုသို့ မဟုတ်ချေ ။ အသက် ငယ်ငယ် နှင့် ဆရာမ ဖြစ်ရ သည်ကို အရသာ တပါး ဟု ထင်၍ တက်ရောက် သင်ကြားခဲ့သူ သာ ဖြစ်သည် ။
ထိုသို့လျှင် ကြမ္မာ ကံဟောင်း က ပြန် ပေါင်း၍ ပေးပြန်သော် ဤသို့တဖန် လာ၍ ဆုံရပြန်ချေသည် ။ ဆယ်ကျော်သက် တို့၏ အိပ်မက်ပမာ မေတ္တာရစ်ချည် သစ္စာတည် ခဲ့ကြရ လေသတည်း ။
သို့သော် မကြာမီပင် သူတို့ ဇာတ်လမ်း သည် တပိုင်း ခြား၍ ရပ်နား ခဲ့ရလေတော့သည် ။
စဉ်းစားကြည့် အမာ ။ ခင်စမ်းယု သည် ကျော်ကြားမှု ကို တပ်မက်မောတတ်သည် ။ သူ ၏ အမည် သာ ယောက်ျားတကာ ၏ နှုတ်ဖျား ၌ လှုပ်ရှား တွင်ကျယ်၍ နေမည် ဆိုလျှင် ဘဝင် မှာ အစဉ် ချိုတတ်သူ ဖြစ်သည် ။ အမာ သိသည့် အတိုင်းပင် အမာ ၏ တပည့် သည် ကျောင်း ကပွဲ ၊ စကားရည်လုပွဲ ၊ စာပေပြိုင်ပွဲ ၊ ရွေးကောက်ပွဲ ၊ စသည် စသည်တို့၌ ရှေ့ဆုံး က ပါရမှ ကျေနပ်လေ့ရှိသူ ဖြစ်သည် ။ ဧည့်သည်များမှု ကို ဂုဏ်ယူတတ်သူဖြစ်သည် ။ ကျောင်း အားရက် တရက် တွင် ရုပ်ရှင်ပြမည့် သူ သုံးယောက် မျှ ဆုံနေ၍ သူ အခက်ကြုံရပုံ ကို ထပ်ကာ တလဲလဲ ပြောပြနေတတ်သူ ဖြစ်သည် ။
ထို့ကြောင့် ခင်စမ်းယု နှင့် ကျော်ညွန့် သည် လည်း မည်သည့်နည်း နှင့်မျှ ပေါင်းစည်း၍ ရနိုင်မည် မဟုတ်ချေ အမာ ။
ကိုယ့် ကို ကျော်ညွန့် ၏ သူငယ်ချင်း မို့ ကျော်ညွန့် ၏ ဘက်မှ လိုက်၍ ပြောနေခြင်း ဖြစ်သည် ဟူ၍ကား မထင်လေနှင့်ဦး ။ အမာ တို့ မြန်မာစာပေဌာန နှင့် ကျော်ညွန့် တို့ ၏ သမိုင်း သုတေသနဌာန သည် ဆက်၍ နေပါသည် ။ ဤ ဇာတ်လမ်း ကို ရပ်နားခဲ့ရာ၌ ရပ်နားခဲ့သူ ကျော်ညွန့် ကို မှား၏ ဟု ဆိုအံ့လော ။
စုံစမ်းကြည့် အမာ ။
ကိုယ့် ကို ကျော်ညွန့် က ပြောပြသည့် အတိုင်းသာ အမာ့ အား ပြန်ပြောရမည် ဆိုလျှင် တနေ့သ၌ ခင်စမ်းယု ထံသို့ ကျော်ညွန့် ရောက်၍ သွားသောအခါ ခင်မောင်ဦး ကို ပါ တွေ့နေ ရသည် ။ ခင်မောင်ဦး သည် ပွဲခွန်တော်အရာရှိကလေး ဖြစ်၍ ရုပ်ရှင်ရုံများ ကို ပိုင်စားရသူတည်း ။
“ ကိုခင်မောင်ဦး ၊ ဟောဒါ ကတော့ ယု ပြောပြောနေတဲ့ မောင် ဆိုတာဘဲ ၊ မြင်တဲ့ အတိုင်း မောင် ကတော့ မိုက်လေ့ရှိတယ် ၊ ကိုခင်မောင်ဦး ကို မတားခင် ကတဲ က မောင့် ကို ဆေးလိပ် မသောက်ပါနဲ့လို့ တားခဲ့တာ ၊ ခု ကြည့်တော့လေ ၊ ယု ရှေ့မှာ တောင် သောက်တော့ ဘာဖြစ်သေးသလဲ ဆိုတဲ့ အချိုး နဲ့ သောက်နေတာ မြင်ရဲ့မဟုတ်လား ၊ ကိုခင်မောင်ဦး ကတော့ လိမ္မာပါတယ် ၊ အကျိုး နဲ့ အကြောင်း နဲ့ ပြောရင် ရတယ် ၊ မောင် ကတော့ လူမိုက်သက်သက် ” ဟု သူ ရောက်သည်နှင့် တပြိုင်နက် သူ့ လက်ကြား မှ ဆေးလိပ်ကလေး ကို အကြောင်းပြုကာ မိတ်ဆက်ပေးသည် ဆို၏ ။ ခင်စမ်းယု သည် သူ ချစ်သည် ဆိုသော ကျော်ညွန့် ကို ကျော်၍ ဒွေးတော် ခင်မောင်ဦး ကို လွမ်းပြလိုက်သည် ။ ရွှေစွန်ညို သည် ဘာကို လို လို့ ဝဲ သနည်း ။
ဤသည်တို့ မှာ ကျော်ညွန့် ပြောပြသော စကား မျှသာ ဖြစ်သည် ။ ကျော်ညွန့် သည် ဝန်တိုမိလေပြီ ဟု ပင် ကိုယ် ထင်မိသည် ။ ကျော်ညွန့် သည် ခင်စမ်းယု ကို ချစ်သည် မှာ သက်သေ ထူစရာ လိုမည် ကိုယ် မထင်ချေ ။
သို့သော် အမှန်၌ ကျော်ညွန့် သည် ဝန်တိုစိတ်ဖြင့် ချစ်နေ လိုတတ်သူကား မဟုတ်ချေ ။ ချစ်ပင် ချစ်သော်လည်း စွန့်လွှတ်နိုင်သူ ဖြစ်သည် ။ စင်စစ် ခင်စမ်းယု ၏ ဆရာဆံမှု ၊ အထက်မှ နေ၍ ပြောတတ်မှု တို့ ကို ရွံမုန်းမိသူ ဖြစ်၍ ပွင့်ထွက် လာသော စကားများသာ ဖြစ်ချေသည် ။
မှန်သည် ။ တခါကလည်း ခင်မောင်ဦး နှင့် သူ့ ကို တပြိုင်နက် ချိန်းဆို တွေ့ဆုံ၍ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် သွန်သင်ညွှန်ကြား ခဲ့ဘူးလေသည် ။ ထိုနေ့က ခင်မောင်ဦး ပြန်ထွက် သွားသော အခါ၌ “ ကိုခင်မောင်ဦး ကတော့ ဖြေလိမ့်မယ် ၊ စာလဲ အတော် ကျက်ပြီးပြီ လို့ ပြောတယ် ၊ အောင်ဘို့ သေချာတယ် မောင် ၊ မောင် လဲ ဖြေပါနော် ၊ အားကျ မခံ ဖြေလိုက်စမ်းပါ မောင် ရယ် ၊ တကယ်ပါ ၊ မောင် အောင် ရင်တော့ ယု တို့ အတွက် သိပ် ကောင်းမှာဘဲ ၊ အောင် ရင် တက္ကသိုလ် မှာ ဆက် တက်ပေါ့ မောင် ၊ ယု တယောက် လုံး နောက် က ရှိနေမှာပါ ၊ မောင့် အတွက် ဘာမဆို ဘာမှ မပူပါနဲ့ ၊ အစစ အရာရာ ယု တာဝန်ယူမှာ ပေါ့နော် ” ဟု လည်း ပြောပြန်သည် ။
စင်စစ်သော် စိတ်ကူး ယဉ်၍ ဘဝင် မြင့်တတ်သူ ခင်စမ်းယု နှင့် လှေခွက် ချည့် ဆန်မည် ၊ အလံ ကို ကား မလှဲ ဟူသော မာနတံခွန် ကို တလူလူ လွှင့် နေတတ်သူ ကျော်ညွန့် တို့၏ ဇာတ်လမ်းသည် ဤနေရာတွင် ရပ်နား ခဲ့ကြလေသည် ။ ပြဒါး တလမ်း ၊ သံ တလမ်း လှမ်းကြရမည် မဟုတ်လော ။
အဆုံး၌ကား ခင်မောင်ဦး နှင့် ခင်စမ်းယု တို့ ရုပ်ရှင်ရုံများ၌ လည်တိုင်ကြော့ကြော့ ခေါင်းမော့်မော့် နှင့် တတွဲတွဲ စက်ကျနေခြင်းကို ကိုယ် ကိုယ်တိုင် ပင် တွေ့ခဲ့ရတော့သည် အမာ ။
ဤ ဇာတ်လမ်း သည် ထိုသို့ တပိုင်းတစ နှင့်ပင် သိမ်းခဲ့ချေပြီ ဟု ကိုယ် ထင်မြင် ယူဆ ခဲ့သည် ။ ဆက်လက်၍ လာလိမ့်ဦးမည် ဟု ကိုယ် မမြှော်လင့်ခဲ့ ။ သို့သော် နောင် နှစ်နှစ်ခန့် ကြာသော အခါ၌ အံ့သြဘွယ်ရာ ကြုံရပြန်သည် ။ သူတို့ ၏ ဇာတ်လမ်းသည် တဖန် ဆက်၍ လာပြန်ချေသည် ။
သည်တခါ၌ ဇာတ်လမ်း ကို ဆက်၍ ရေးသားလာသူ မှာ ခင်စမ်းယု တယောက်တည်း သာ ဖြစ်သည် ။ ထို နောက်ဆက်တွဲ ဇာတ်လမ်း တွင် အမာ့ တပည့် သည် သနားစဖွယ် အလွမ်း မင်းသမီးငယ်ကလေး အဖြစ် ဖြင့် ပါဝင်လာသည် ။ သူ့ ဇာတ်ညွှန်း တွင် သူ ကိုယ်တိုင် မင်းသမီး အဖြစ် ဖြင့် ပါဝင် အသုံးတော်ခံ၍ သူ ကိုယ်တိုင် သရုပ်ပြ အမွှမ်းတင်သည် ။ သူ့ ဇာတ်ညွှန်း ၏ အဆုံး၌ကား “ သူတို့ ညားကြလေ သတည်း ” သာတည်း ။
သို့သော် အဖြစ်မှန် သည် ဇာတ်ညွှန်း ပါ နှင့်အမျှ ကျမလာချေ ။ ကျော်ညွှန့် သာ လျှင် ပွဲကြည့် ပရိသတ် ၏ အရှုတ်အချ အကဲ့ရယ် ကို မရှုမလှ ခံခဲ့ရချေသည် ။
ခင်စမ်းယု သည် အစ ကတည်း က ပင် သူ နှင့် ကျော်ညွန့် တို့ ချစ်ကြိုက် နေကြကြောင်း ကို အပေါင်းအသင်း အား ပြောကြားထားသူ ဖြစ်သည် ။ အချို့သော သူငယ်ချင်း တို့ ကို မူ သူ နှင့် ကျော်ညွန့် သည် ဆွေမျိုးမေ့ မျှ ပျော်ပါးခဲ့ကြဘူးသည် ဟု ပင် နှုတ်ကျွံ စကား ကြွား ထားခဲ့သည် ။
အမှန်မှာ ချစ်သည် က လည်း ပါလိမ့်မည် ကိုယ် ထင်သည် ။ သို့သော် ဤသို့ မလျော် မတရား လုပ်ကြံ ပြောဆိုထားခြင်း ငှာ မသင့်ချေ ။ ကိုယ့် ချစ်သူ ကို ကိုယ်ပြန်၍ နှစ်ရာ ရောက် သည် ဟု ပညာတတ်မကလေး ခင်စမ်းယု သည် မဆင်ခြင်မိရာသလော ။
စင်စစ်သော် ခင်စမ်းယု သည် ကျော်ညွန့် ကို မုန်းနိုင်သူ မဟုတ်ချေ ။ ထို့ကြောင့် တဖက် တွင် ဤသို့ လုပ်ကြံပြောဆို နေလျက် က အခြား တဖက် မှ လည်း စာတတန် ပေတတန် နှင့် သူ့ နှုတ်ကျွံမှု ကို ခွင့်ပြုပါရန် တောင်းပန် နေပြန်သည် ။
သူ ၏ စာ ကား ဤသို့တည်း ။
သည်နေ့ မှ စ၍ သုံးရက် တိုင် မျှ တရက် လျှင် တစောင် ကျဖြင့် မောင့် ထံ သို့ ယု စာရေးမည် ။ မောင့် ထံ မှ စာပြန်ပါ ။ သုံးရက်မြောက် သော နေ့တွင် တတိယစာ ကို နောက်ဆုံး ရေးကာ ယု ကိုယ်တိုင် လာ ပေးမည် ။ မောင့် မျက်နှာ ကို နောက်ဆုံး လာရောက် ဖူးမြော်ခြင်း အနေနှင့်ပါ ။ သည့်နောက်၌ မူ မောင် မလိုလားလျှင် ယု မျက်နှာ ကို မောင် မမြင်စေရပါ ။ မည်သို့ပင် ဖြစ်စေ ၊ စာပြန် စေလိုသည် မောင် ။ မောင့် ထံ မှ ပြန်စာ ဆိုသော်လည်း အခြား ရှည် ရှည်ဝေးဝေး ရေးရန် မလိုပါ ။ မောင့် စိတ် ထဲ ၌ ရှိသော ဆန္ဒ ကို လည်း ယု မသိလိုပါ ။ “ ယု ကို မောင် ချစ်ပါသေးသည် ” ဟူသော စာတမ်း ကို သာ ယု လိုချင်ပါသည် ။ ထို စာ ကို ရက်သတ္တပတ် သုံးပတ် တိုင်တိုင် ယု စောင့်ပါမည် ။ ထို ရက်မှ ကျော်လွန်သော် ယု အနေနှင့် ဤ လောက ကမ္ဘာတခွင် ၌ ခင်မင် တွယ်တာစရာ မရှိတော့ပြီ ဟု ယူဆရပါတော့မည် ။ ထို့နောက် မောင့် လက်ရေး ကို အတုခိုးကာ ယု လိုချင်သော စာတမ်းကလေး ကို ယု ကိုယ်တိုင် ပင် ရေးပါ တော့မည် ။ သည် စာတမ်း ကို ရင်ဝယ်ပိုက်၍ အမိုက်မ ၏ ဇာတ် ကို သိမ်းပါတော့မည် ။ အဖန်ငါးရာ ငါးကမ္ဘာ မောင် နှင့် ဝေးရာသို့ ပြေးပါတော့မည် ဟူ၏ ။
[ ၆ ]
ဤကား ကျော်ညွန့် နှင့် ခင်စမ်းယု တို့ ၏ ဇာတ်လမ်း ပင် ဖြစ်ချေသည် အမာ ။
သာမန်အားဖြင့် ကြည့် လျှင် တော့ ခင်စမ်းယု သည် အလွမ်းမင်းသမီးလေး တလက် ပင် ။ သို့သော် လက်တွေ့ စင်စစ်၌ကား ခင်စမ်းယု သည် ဇာတ်တဇာတ် မဆုံးမီ မင်းသားစုံ နှင့် နှစ်ပါးသွား လိုသူ သာ ဖြစ်သည် ။
ကျော်ညွန့် မင်းသား အဖြစ် နှင့် ပါဝင်ရသော ဇာတ်လမ်း ၌ သူ က မင်းသမီး အဖြစ် ဖြင့် ပါဝင်ချင်သည် ။ သည် ဇာတ်လမ်း မဆုံးမီ အခြား ဇာတ်လမ်း တခု မှာ လည်း မင်းသမီး အဖြစ် ဖြင့် ပါဝင် အသုံးတော်ခံရန် စာချုပ်ပြန်သည် ။ အဆုံးမှာ တော့ နာမည်ကျော် မင်းသမီး တလက် ကဲ့သို့ပင် ရေ သာ များ၍ ငါး မတွေ့ ဖြစ်ခဲ့ရလေသတည်း ။
ကျော်ညွန့် နှင့် က ရသည့် ဇာတ်လမ်း ၌ လည်း ပရိသတ် က ခင်စမ်းယု ပင် မှားသည် ဟု မြင်ကြလိမ့်မည် ကိုယ် ထင်သည် ။ တဖန် နှစ်နှစ်ကျော် မျှ ကြာခါမှ ပြန်၍ ဆက်လာသော ဇာတ်လမ်း ၌ လည်း သူ ပင် မှားသည် ဟု ဆုံးဖြတ်ကြ လိမ့်မည် ကိုယ် ထင်သည် ။ အကြောင်းကို ဆိုရသော် ဤ နောက်ဆက်တွဲ ဇာတ်လမ်း ၌ သူ သည် အလွမ်းမင်းသမီးကလေး ဘဝ မှ မင်းသမီးကြမ်း အဖြစ် သို့ ကျရောက်ရသောကြောင့်တည်း ။
အမာ လည်း သိလိမ့်မည် ကိုယ် ထင်သည် ။ ကျော်ညွန့် သည် အခြား မင်းသမီး တလက် နှင့် စခန်းသွား ရန် ရည်မှန်း နေခိုက် ခင်စမ်းယု သည် ဆရာမ ဘဝ မှ ထွက် ခဲ့၍ တက္ကသိုလ် သို့ ပြန်ရောက် လာသည် ။ ကျော်ညွန့် ၏ စခန်းသစ်သတင်း ကို စနည်းနာကာ ပျက်ပြားစေရန် အကြံ နှင့် ရောက်လာခြင်း ဖြစ်သည် ။ သူ ရောက်လာသည် နှင့် တပြိုင်နက် ကျော်ညွန့် ၏ ဇာတ်လမ်းသစ် သည် လည်း ရေစုန် မျောခဲ့ရချေသည် ။
ခင်စမ်းယု သည် ထိုသို့ တဖက် မှ ရေစုန်မျော စေ၍ ၊ အခြား တဖက်မှမူ ကျော်ညွန့် ထံ သို့ သွားရောက်ကာ တတိယမြောက်စာ ကို ပေးလျက် ရှိသည် ။ သို့သော် ကျော်ညွန့် ကို သူ မတွေ့ခဲ့ရချေ ။
ကိုယ့် ကိုယ် ကို သ,တ်၍ လည်း မသေ ဖြစ်ခဲ့ချေ ။ ပညာတတ်ဆံစွာပင် သူ့ ဘက်မှ ဆင်ခြေ ကား ရှိပေသည် ။ ကျော်ညွန့် နှင့် ဤသို့ မတွေ့ခဲ့ရခြင်းသည် ပင်လျှင် သူ မသေဖြစ်ခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်သည်ဟု ဆိုပေသည် ။ မည်မျှ လည် သနည်း ။ ကြည့်တော့ အမာ ။
[ ၇ ]
ထိုနေ့ က လည်း ကိုယ့် ထံ သို့ပင် ကျော်ညွန့် ရောက် လာသည် ။ သူ့ ပြဿနာ ကို မဖြေနိုင်၍ ညည်းသည် ။
ကိုယ့် အနေနှင့် မူ မကူတတ်ခဲ့ချေ ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ စိုးသိမ်း နှင့် တွေ့၍ ဖြေကြတော့ ဟု သာ ပြောခဲ့မိတော့သည် ။
စင်စစ်သော် စိုးသိမ်း နှင့် ကျော်ညွန့် တို့၏ ဇာတ်လမ်းချင်း တိုက် နေမှုသည် ဤ ဝတ္ထု ကို ရေးဖြစ်ခြင်း ၏ အကြောင်းရင်း မဟုတ်ချေ အမာ ။ ကိုယ့် ထံ မှာ လာ၍ ညည်းတတ် ကြသူ နှစ်ယောက် ၏ ပြဿနာ ကို ဖြေ၍ ပေးသည့် ဝတ္ထု လည်း မဟုတ်ပေ ။ ရေးဖြစ်ခြင်း ၏ အကြောင်းရင်း အမှန်မှာ တနေ့ က အပျော် နှင့် ခင်စမ်းယု နှစ်ယောက် တွဲ ၍ ကိုယ့် အလုပ် စပွဲ သို့ ရောက်လာကြသောကြောင့်တည်း ။
စိုးသိမ်း နှင့် ကျော်ညွန့် သည် ကိုယ် နှင့် ရင်းချာ ခင်မင်သောကြောင့် မမ တို့ သည် ကိုယ့် ထံ မှ အကူအညီ ကို လာရောက် အလှူခံကြခြင်း ဖြစ်ချေသည် ။ ကိုယ် သည် လှူရာ၌ ရက်ရောတတ်သူ ဖြစ်သည် ။ သည်သတင်း ကို သူတို့ မည်သို့ ကြားခဲ့ကြလေသနည်း ။
[ ၈ ]
လိုက် သူ က လိုက် ၍ ပြေး သူ က ပြေးရခြင်း လော ၊ ပြေး သူ က ပြေး ၍ လိုက် သူ က လိုက်ရခြင်း လော ။ ကိုယ် မပြောတတ်ပါချေ အမာ ။ ကိုယ် ပြောတတ်သည် မှာ ပြေး သူ က ပြေးသူ အချင်းချင်း ( ဥပမာ စိုးသိမ်း နှင့် ကျော်ညွန့် ) လိုက် သူ က လိုက်သူ အချင်းချင်း ( ဥပမာ အပျော် နှင့် ခင်စမ်းယု ) ပေါင်းသင်းမိကြမည် ဆိုသည်သာတည်း ။
သို့သော် အမာ့ ကို ကိုယ် မေးပါရစေ ။ စိုးသိမ်း နှင့် လည်းကောင်း ၊ ကျော်ညွန့် နှင့် လည်းကောင်း ကိုယ် သည် မည်သည့် အတွက်ကြောင့် ပေါင်းဖက် နေမိချေသနည်း ။
စင်စစ် ကိုယ် သည် လိုက် သူ သာ ဖြစ်သည် မဟုတ်လော ။ အမာ လျှင် ပြေးသော သူ မဟုတ်လော ။
ကိုယ့် အသည်း ကို အမာ့ အား လှူပြီ အမာ ။ အမိ ခံတော့မည် မဟုတ်လော ။
⎕ မောင်သာရ
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ခု ၊ နိုဝင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment