Wednesday, August 28, 2024

ထူးဆန်းသော ဆီးစေ့


 

❝ ထူးဆန်းသော ဆီးစေ့ ❞

ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ မောင်ရွှေရ ဆိုတဲ့ လူပျိုကလေး တစ်ယောက် ရှိသတဲ့ ။ မောင်ရွှေရ ဟာ သူတစ်ပါး တိတ်တဆိတ် လုပ်ကိုင် နေတဲ့အခါ ချောင်း ကြည့်တတ်တဲ့ အလေ့ ရှိသကွဲ့ ။

တစ်နေ့တော့ သူ နေတဲ့ ရွာ နဲ့ မနီးမဝေး မှော်ဆရာကြီး တစ်ယောက် ရဲ့ တဲအိမ်ကလေး အနီး ရောက် သွားတော့ တဲ အတွင်း ကို အသာ ချောင်း ကြည့်သတဲ့ ။

အဲဒီအခါမှာ မှော်ဆရာကြီး ဟာ ဆီးစေ့တွေ ကို တစ်လုံးစီ ယူကာ ပန်းကန်ပြား တစ်ချပ် စီ မှာ ထည့်ထားပြီး လက်ခုပ် တီးကာ...

“ အို အမောင် ဆီးစေ့များ ၊
မုန့်လုံး ဖြစ်ပါစေသား ”

လို့ ရွတ်ဆို လိုက်တာ နဲ့ ဆီးစေ့များ ဟာ အားလုံး တဖြည်းဖြည်း ကြီးကြီး လာပြီး နောက်ဆုံး မှာ မုန့်လုံးတွေ ဖြစ်လာသတဲ့ ။

မောင်ရွှေရ ဟာ အံ့ဩပြီး “ နေရာကျလိုက်လေ ... ဒီလို ဆီးစေ့မျိုး တစ်စေ့ လောက် ရရင် မုန့်လုံးလေးတွေ အများကြီး စားရမှာပဲ ” လို့ အောက်မေ့သတဲ့ ။

ဒီလို အောက်မေ့ နေတုန်း မှော်ဆရာကြီး က ကျန်တဲ့ ဆီးစေ့များ ထဲ မှ ဆီးစေ့ တစ်စေ့ ကို ရွေးထုတ်ပြီး ပြတင်းပေါက် မှ ပစ်ချလိုက်တာ နဲ့ မောင်ရွှေရ ဟာ ဆီးစေ့ ကို ယူပြီး အိမ် ကို ပြေးလာခဲ့ပါရော ။

အိမ် ကို ရောက်တော့ ... ငါ့ သူငယ်ချင်းတွေ လက်ဖက်ရည် သောက် ဖိတ်ခေါ်ပြီး သူတို့ အံ့ဩ သွားအောင် ငါ လုပ်ပြရ ဦးမှာပေါ့ ဆိုပြီး မောင်ရွှေရ ဟာ သူငယ်ချင်းတွေ အိမ် ကို သွားပါရော ။

သူငယ်ချင်း လေးယောက် ကို လက်ဖက်ရည် သောက် ဖိတ်ကြားပြီး “ မင်းတို့ မမြင်ဘူး တဲ့ မုန့်လုပ်နည်းမျိုး ကို ငါ ကိုယ်တိုင်လုပ်ပြီး လက်ဖက်ရည် တိုက်မယ် ။ ညနေ ကျရင် လာဖြစ် အောင်လာကြလို့ ”  မှာခဲ့တယ် ။

ဖိတ်ကြားထားတဲ့ အချိန် မှာ သူငယ်ချင်း လေးယောက် ရောက်လာကြတော့ စားပွဲ ပေါ်မှာ မုန့်ကို မမြင် ၊ နို့ နဲ့ သကြား ကိုသာ မြင်ရတော့ စိတ်ပျက် နေကြတာပေါ့ ။ စားပွဲ အလယ် မှာ ပန်းကန်ပြားကြီး နဲ့ ထည့်ထားတဲ့ ဆီးစေ့ မှာ ဘာသဘောနဲ့ ထည့်ထားသလဲ ဆိုတာ မတွေးတော နိုင်ကြ ။ လှောင်ဖို့ ပြောင်ဖို့ ၊ သရော်ဖို့ ထည့်တာ ဖြစ်လိမ့်မယ်လို့ ထင်ကြတာပေါ့ ။

မောင်ရွှေရ က “ ကိုင်း ... သူငယ်ချင်းတို့ နွားနို့ နဲ့ သကြား ကို ဖျော်ပြီး အရင် သောက် ကြ ။ နောက်မှ ထူးဆန်းတဲ့ မုန့် ကို ကျွေးပါ့မယ် ” လို့ ဆိုပြီး နွားနို့ နဲ့ သကြား ကို အရင် ကျွေးတာပေါ့ ။ သူငယ်ချင်းများ ကလည်း ဟုတ်မှ ဟုတ်ပမလားလို့ တွေးတောပြီး စိတ်ပါလက်ပါ မရှိ ဘဲ စားသောက်ကြရတာပေါ့ ။

အဲဒီအခါ မောင်ရွှေရ က ထိုင်ရာ မှ ထကာ လက်ခုပ် တီးပြီး...

“ ကိုင်း ... မောင်ဆီးစေ့ မုန့်လုံးဖြစ်ဟေ့ ” လို့ ရွတ်လိုက်တာ နဲ့ တစ်ပြိုင်နက် ပန်းကန်ပြား ထဲ မှာ ထည့်ထားတဲ့ ဆီးစေ့ကလေး ဟာ တဖြည်းဖြည်း ကြီးကြီး လာပြီး မုန့်လုံးကြီး ဖြစ်သွားတာပေါ့ ။

အဲဒီအခါမှာ သူငယ်ချင်းများ က များစွာ အံ့ဩပြီး “ မောင်ရွှေရ ဟာ မှော်အတတ် ကို ရနေပါကလား ” လို့ အားရပါးရ ချီးမွမ်း ကြတာပေါ့ ။

မောင်ရွှေရ လည်း ဓားတစ်ချောင်း ကို ယူပြီး မုန့်လုံးကို လှီး လိုက်တာနဲ့ ဖောင်ခနဲ ပေါက်ကွဲ သွားပြီး အစွယ်ပြူးပြူး နဲ့ နတ်ဘီလူးကလေး တစ်ကောင် ပေါ်ထွက် လာပြီး ဧည့်သည် လေးယောက် ကို လက်သည်းများ နဲ့ လိုက် ဆိတ်ပါလေရော ။

ဧည့်သည် လေးယောက် တို့ လည်း အော်ဟစ်ပြီး နတ်ဘီလူးကလေး ကို နှင်ထုတ်ပေး ဖို့ မောင်ရွှေရ ကို တောင်းပန်ကြတာပေါ့ ။

မောင်ရွှေရ ကလည်း နတ်ဘီလူးကလေး ကို ချော့ချည် တစ်ခါ ၊ ငေါက်ချည် တစ်လှည့် ၊ ထွက်သွားဖို့ ပြောပါ သော်လည်း နားမထောင်ဘဲ ဆိတ်မြဲတိုင်း လိုက် ဆိတ်နေပါရော ။ဧည့်သည် များလည်း နာကျင်လှလို့ မခံမရပ် နိုင်တာနဲ့ အော်ဟစ်ငိုယိုပြီး အိမ်သို့ ပြန်ပြေးကြပါရော ။

မောင်ရွှေရ လည်း မီးဖိုချောင် ထဲ မှာ ဝင်ပုန်း နေတုန်း နတ်ဘီလူးကလေး ဟာ မောင်ရွှေရ ထံ လာပြီး ဆိတ် ပြန်ပါရော့ ။ မောင်ရွှေရ ဟာ ဟိုဟိုဒီဒီ ရှောင်တိမ်းပါ သော်လည်း မရ နတ်ဘီလူးကလေး ဟာ မောင်ရွှေရ နောက်သို့ တကောက်ကောက် လိုက်ကာ ဆိတ်ဆွ လေတော့ မောင်ရွှေရ ရဲ့ တစ်ကိုယ်လုံးမှာ အညိုအမဲ တွေ ထင်နေတာပေါ့ ။

မောင်ရွှေရ လည်း ဒေါသ ထွက်ပြီး ထင်းချောင်း တစ်ချောင်း နဲ့ နတ်ဘီလူးကလေး ကို ရိုက်လိုက်ပါရော ။ နတ်ဘီလူးကလေး ကို မထိဘဲ ပန်းကန်လုံး ၊ ပန်းကန်ပြားတွေ ကိုသာ ထိမှန် ပြီး ကွဲကုန်ပါလေရော ။ နောက်တစ်ခါ ထပ်မံ ပစ်ခတ်ပြန် တော့လည်း နတ်ဘီလူးကလေး ကို မမှန် အိုးခွက်တွေ ကို သာ ထိမှန်ပြီး ကွဲကုန်ပြန်ပါရော့ ။ ပစ်သမျှ ထင်းချောင်းတွေ လည်း အိမ်ထောင် ပစ္စည်းတွေ ကို သာ ကွဲကြေပျက်စီးစေတာပေါ့ ။

နောက်ဆုံးမှာ မောင်ရွှေရ ဟာ မော လည်း မော ၊ နာ လည်း နာကျင်တာနဲ့ ဟစ်အော် ငိုကြွေး နေရာမှာ သတိရကာ မှော်ဆရာကြီး ထံ ပြေးသွားတာပေါ့ ။

မှော်ဆရာကြီး က “ ဘာကိစ္စနဲ့ လာသလဲ ” လို့ ခပ်ဆတ်ဆတ် နဲ့ မေး လိုက်ပါရော့ ။

“ ဒီလိုပါ ဆရာကြီး ခင်ဗျား ။ ကျွန်တော် ဟာ ဆရာကြီး ရဲ့ ခြံ ထဲ က ဆီးစေ့ကလေး တစ်စေ့ တွေ့တာ နဲ့ အိမ် ကို ယူသွားပြီး မုန့် ဖြစ်အောင် လုပ်ပါတယ် ခင်ဗျား ။ မုန့်တော့ ဖြစ်ပါရဲ့ စားမယ်လို့ ဓား နဲ့ လှီး လိုက်တာနဲ့ နတ်ဘီလူးကလေး တစ်ကောင် ထွက်လာပြီး ကျွန်တော့် ကို မနားမနေ လိုက် ဆိတ် နေပါတယ် ခင်ဗျား ၊ အဲဒါ ဆရာကြီး တတ်နိုင်ရင် ကျွန်တော့် ကို ကယ် တော်မူပါ ခင်ဗျား ” လို့ တောင်းပန်ပါရော့ ။

ဆရာကြီး က “ ဆီးစေ့ မှ မုန့် ဖြစ်အောင်လုပ်နိုင်တယ် ဆိုတာ မင်း ဘယ့်နှယ့် သိသလဲ ” လို့ မေးတော့ မောင်ရွှေရ က “ အိမ်ခန်း ထဲ မှာ ဆရာကြီး လုပ်နေတာ ကို ချောင်းကြည့်မိလို့ သိရ ပါတယ်ခင်ဗျား ” လို့ ပြောပါရော ။

ဆရာကြီး က “ ဟင် ... ခွေးမသား ။ ငါ လုပ်တာကို မင်း ချောင်းကြည့်တယ် ။ တယ် ဟုတ်တဲ့ ကောင်ပါကလား ။ ကောင်း တဲ့ ဆီးစေ့ မှ မုန့် ဖြစ်တာကွ ။ မကောင်း တဲ့ ဆီးစေ့ က နတ်ဘီလူး ဖြစ်တယ် ။ ဒါကြောင့် ငါရွေးပြီး လွှင့်ပစ် လိုက်တာ ။ အဲဒါကို မင်း က ကောက်ယူ သွားတယ် ဟုတ်လား ။ ကိုင်း ... ဒါဖြင့် သူတစ်ပါး လုပ်တာကိုင်တာ ကို ချောင်းကြည့် တတ်တဲ့ အကောင် ။ မင်း အပြစ် နဲ့ မင်း ခံပေတော့ ။ မင်း ကို ငါ မကယ်နိုင်ဘူး ” လို့ ဆိုပါရော့ ။

မောင်ရွှေရ က “ ရှိခိုးပါရဲ့ ဆရာကြီး ခင်ဗျား ။ နောင်ကို ကျွန်တော် ဘယ်တော့မှ ချောင်း မကြည့်တော့ပါဘူး ခင်ဗျား ။ ဒီတစ်ခါတော့ ကျွန်တော့် အပြစ် ကို ချမ်းသာပေးပြီး ကယ်တော်မူပါ ခင်ဗျား ” လို့ တောင်းပန်ပါရော ။

ဆရာကြီး က “ ဒီကနေ့ ငါ့ မှာ အလုပ် များတယ် သွားဦး နက်ဖြန် မှ လာခဲ့ ” လို့ ဆိုပြီး မောင်ရွှေရ ကို တွန်းထုတ် လိုက်ပြီး တံခါးကို ပိတ်ထား လိုက်ပါရော ။

မောင်ရွှေရ လည်း အိမ်သို့ ပြန်လာတာ ကို လမ်း မှာ စောင့်နေတဲ့ နတ်ဘီလူး က နောက် မှ တကောက်ကောက် လိုက်ပြီး လည်ပင်း ကို ဆိတ် ၊ ပါး ကို ရိုက် ၊ နားရွက် ကို ဆွဲ ၊ ဆံပင် ကို ဆွဲ အမျိုးမျိုး အဖုံဖုံ နှိပ်စက် ပြန်တာပေါ့ ။

မောင်ရွှေရ ဟာ ငိုယို အော်ဟစ်ကာ နောက်ဆုံးမှာ အိမ် ထဲ မှထွက်လာပြီး အိမ်နောက် ဖေး နွားတင်းကုတ် ထဲ ဝင် အိပ်ရတာပေါ့ ။

နံနက်လင်းတော့ မောင်ရွှေရ က အိမ် ထဲ သို့ ချောင်းကြည့် လိုက်တော့ နတ်ဘီလူးကလေး ဟာ သူ့ အိပ်ရာ ပေါ်မှာ အိပ်ပျော် နေတာ တွေ့ရပါရော ။ အိမ် ပေါ် မှာ ကျန်ရှိသေးတဲ့ အိုး ၊ အင် ၊ ခွက် ၊ ယောက် ၊ လင်ပန်း ၊ ပန်းကန် တွေ လည်း ကွဲကုန်တာကို မြင်ရတော့ ဒေါသ ထွက်ပြီး တုတ်တစ်ချောင်း နဲ့ နတ်ဘီလူးကလေး ကို ရိုက်သ,တ်မယ် လို့ အိပ်ရာသို့ လာခဲ့တော့ နတ်ဘီလူးကလေး က အိပ်ရာ မှ ထပြီး မောင်ရွှေရ ကို ယခင်က လို မနားမနေ နှိပ်စက်ပြန်ပါလေရော ။

မောင်ရွှေရ လည်း တုတ် ကို ပစ်ချပြီး မှော်ဆရာကြီး ထံ ဖဝါး နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးသွားတော့ မှော်ဆရာကြီး က မောင်ရွှေရ ကို မြင်တာနဲ့ ဟက်ဟက်ပက်ပက် ရယ် မောပါလေရော့ ။

“ ဘယ့်နှယ့်လဲ ကွ ...လာပြန်ပြီလား ။ ချောင်းကြည့်မှု အတွက် နတ်ဘီလူးကလေး က မင်း ကို အတော်ပဲ ဆုံးမ လိုက်တယ် ထင်တယ် ” လို့ မေးတော့ ။

“ ချမ်းသာ ပေးတော်မူပါ ခင်ဗျား ။ နောက်ကို ဘယ်တော့မှ ကျွန်တော် ချောင်း မကြည့်တော့ပါဘူး ။ တစ်အိမ်လုံး လည်း စိစိညက်ညက် ကြေကုန်ပါပြီ ။ ဒီလောက် ဆုံးမရင် တော် လောက်ပါပြီ ခင်ဗျား ” လို့ မောင်ရွှေရ က တောင်းပန်ပါရော ။

မှော်ဆရာကြီး က “ အေး ... တော်လောက်ပါပြီ ။ နတ်ဘီလူးကလေး မနှောင့်ယှက် ရအောင် လုပ်ပေးရမှာပေါ့ ” လို့ ပြောပြီး မှော်ဆရာကြီး က လက်ခုပ် နှစ်ချက် တီးကာ မန္တာန် ရွတ် လိုက်ရင်ပဲ နတ်ဘီလူးကလေး ဟာ ဆရာကြီး ရှေ့မှာ ဘွားကနဲ ပေါ်ပေါက်လာပြီး ဦးညွတ် နေပါ ရော ။

မှော်ဆရာကြီး က ဆီးစေ့ တစ်စေ့ ကို အိတ် ထဲ က ထုတ်ယူကာ မြေပေါ်မှာ ချ ထားပြီး နတ်ဘီလူးကလေး ကို “ ဆီးစေ့ ပေါ် မှာ ရပ်လိုက် ” လို့ အမိန်ပေးတာ နဲ့ ဆီးစေ့ ပေါ်မှာ ရပ်နေလိုက်ပါ ရော ။

အဲဒီအခါမှာ မှော်ဆရာကြီး က နတ်ဘီလူးကလေး ရဲ့ ဦးခေါင်း ပေါ် ကို လက် နဲ့ ရမ်း လိုက်တာနဲ့ နတ်ဘီလူးလေး ဟာ တဖြည်းဖြည်း ငယ်ငယ် သွားပြီး နောက်ဆုံး မှာ ဆီးစေ့ ထက် တောင် ငယ်သွားပါရော ။ အဲဒီ အခါမှာ ဆီးစေ့ ဟာ နှစ်ခြမ်း ကွဲ သွားပြီး နတ်ဘီလူးကလေး ကို မျို လိုက်တာနဲ့ ပိတ်သွားပါရော ။ ဒီနောက် မှော်ဆရာကြီး က “ ဒီ အကောင် အတွက် ကိစ္စ ပြီးသွားပြီ ” လို့ ပြောဆိုပြီး ဆီးစေ့ ကို ကောက်ယူကာ တောင်ကမ်းပါးယံ သို့ ပစ်လိုက်ပါရော ။ မောင်ရွှေရ လည်း အားရဝမ်းသာစွာ နဲ့ ဆရာကြီး ကို ကန်တော့ပြီး အိမ်သို့ပြန်လာခဲ့ပါရော ။

အဲဒီ မောင်ရွှေရ ဆိုတဲ့ သူငယ် ဟာ သူတစ်ပါး အလုပ် ကို တိတ်တဆိတ် သွားရောက် ချောင်းကြည့်ပြီး လုပ်မိတဲ့ အတွက် ဆုံးပါး ပျက်စီးချွတ်ယွင်း သွားတဲ့ အိမ်သုံးပစ္စည်းတွေ နောက်ထပ် ဝယ်ဖို့ သူတစ်ပါး ထံ မှာ အစေခံ အလုပ် နဲ့ ရက်ပေါင်း အတော်ကြာကြာ လုပ်ကိုင်ရ သတဲ့ ။ အဲဒီ ကတည်း က မောင်ရွှေရ ဟာ သူတစ်ပါး လုပ်တာကိုင်တာ တွေကို ဘယ်တော့မှ ချောင်း မကြည့်ရဲ တော့ဘူးတဲ့ ။

⎕ ရွှေဝယ်ဧ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆ဝ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment