Sunday, August 11, 2024

မောင်တို့ တောင်ပြုန်း


 ❝ မောင်တို့ တောင်ပြုန်း ❞

         

လဝါခေါင် ဆန်းခါစ တွင် မန်းဌာန ရှိ ကျွန်တော် ၏ သဟာဆွေ တို့ က အညာမြေ တက်ရောက်ပြီး အရက်သောက် လို့ အပြောင်သုံး ရတဲ့ တောင်ပြုန်း ပွဲတော်ကြီး နွဲရအောင်ပေါ့လေ ။


ဟဲ့လို သော်တာ ၊ မပေါ်လာတာ အတော် ကြာပါပလား ။ စာရေးဆရာ ၊ ဖြစ်သည့်တာ ၊ လာပါလေရဲ့လား ။ 

ငါတို့ မန္တလာ ၊ ရွှေပြည်သာ ၊ လာပါဦးတော့လား ။ 

ရွှေမန်းယမင်း ၊ ရွှေခြေချင်း ၊ ဂေါ်ရင်း လာပါလား ။ တောင်ပြုန်းပွဲရက် ၊ အချိန်တွက် ၊ ဆက်ဆက် လာခဲ့ကွာ ။

 

အထက်ပါ ၊

ဆက်ဆက် အမြန်လာဖို့ ၊

မန္တလာဌာန က ၊

စာ,သတယ်လေး ။


သွားလိုက်ပါချင် ၊

အားစိုက်ကာ ပြင်သပြင်ငဲ့ ၊

ဆင်မပြေ ခြေမလှတယ် ၊

မှန်းဆချက်ဝေး ။


ဟယ် … သို့ပါသော်ငြား ၊ လူ မသွားနိုင်ပေမဲ့ မနုံနဲ့ပါဘူး ။ ငါ ဟဲ့ ကလောင်ရှင် စိတ်ကူးယဉ်လို့ ယခင် ရှေ့ က မြင်တွေ့ သမျှ ကို တွေးဆ ပြန် လှန် အာရုံဉာဏ်သွေး ။ ဇာတ်ကွက် တစ်ခု ဖန်တီးပြုလို့ ဝတ္ထု ရေးလိုက် ကရော့မယ် ။ ကျွန်တော့် မင်းသား ကိုအေးဆွေ နဲ့ တပည့် ပေါ်အူး ထွက်စေ ဗျား .. ။


တောင်ပြုန်းပွဲတော်ကြီး နီးလာပြီ လယ်တယ်တီ ... တီးဒါဒါ ။


“ အား ... အား ... ဟေ့ ပေါ်အူး ”


ကျွန်တော် သည် ယခုနှစ် တောင်ပြုန်းပွဲတော်ကြီး ကို သွားရန် ရည် သန်ချက်ဖြင့် ရွှင်မြူးလျက် နေစဉ် ယခုပင် ရောက်လာသော စာ တစ်စောင် ကို ဖောက် ၍ ဖတ် လိုက်ရာ ဝမ်းသာစရာ နှင့် ရင်ဆိုင် တိုးနေပါ သဖြင့် ပေါ်အူး ကို လှမ်း ခေါ်လိုက်ခြင်း ဖြစ်ပါသည် ။


ပေါ်အူး သည် နောက်ဖေး ဆောင် မှ ညင်သာစွာ ရောက် လာပြီး ...


“ ဘာလဲ ဆရာ ”


“ ဒီမှာ စာ ရောက်လာတယ် ကွ ”


“ ဘယ်ကလဲ ဆရာ ”


“ ဒေါ်ကြီးစိုး ဆီကကွ ။ အဆင်သင့် လိုက်လေကွာ ၊ ရော့ မင်း ဖတ်ကြည့် လိုက်စမ်း ”


စာ ကို ကမ်းလိုက်ပါသည် ။ စာမှာ ...


တူမောင် ...


      ငါတို့ ထီ ငါးသောင်း ပေါက်သည် ကို မင်း သိပြီး ဖြစ်ကောင်းဖြစ် ပါလိမ့်မည် ။ ( ဟို .. ကြီးမောင် သေနာ က ကြော်ငြာ မောင်းခတ် နေတာပဲ ) ဤငွေ မှာ ငါတို့ လှူဒါန်းရန် ရည်သန်ခဲ့သည့် အတိုင်း ယခုမှ စ၍ ကောင်းမှု ဟူသမျှ ဒါတဗ္ဗဝတ္ထု အစုစု ကို ပြုနေသည် ။ မင်းတို့ ဆရာ တပည့် နှစ်ယောက် စာ ရပြီး မီရာ လေယာဉ်ပျံပတ် နှင့် လာခဲ့ကြ ။ မင်း ဘဝ လမ်းကြောင်း ကို ပြောင်း ပစ်ရန် ရှိသည် ။ မင့် ညီတော်မောင် တိုးတိ ဖြင့် ဟန်ကျ သွားပြီ ။ အရင်လို မမိုက်တော့ဘူး ။ ပရိုက်ဗိတ် ကျူရှင် ပေးတဲ့ ဆရာလေး တစ်ယောက် နဲ့ တွေ့တာနဲ့ ။ အဲသည် ဆရာလေး နာမည် က မောင်ဝင်းစိန် တဲ့ ။ သိပ် တော်တာပဲ ၊ မင်း နဲ့ ဖြင့် ကွာပါ့ကွာ ။


 အားလုံးကျန်းမာကြပါသည် ။ 

     မသေး နည်းနည်း ရင်ကျပ်နေသည် ။


                   ဒေါ်စိုး


ပေါ်အူး သည် စာကို ဖတ်ပြီး.. ။


“ အမယ် ထီ ငါးသောင်း တောင် ပေါက်တယ် ဆိုပါလား ဆရာ ”


“ သူတို့ အဖို့ ဒီ ငွေ လောက် က အကြောင်း မထူးပါဘူးကွာ ။ မသကာ ငါ့ မုန့်ဖိုး တစ်ထောင်ပေးရုံ ရှိတော့မပေါ့ ။ ငါ ဝမ်းသာတာ က ငါတို့ အခု သွား မယ် လုပ်နေတုန်းမှာ “ လာခဲ့ပါလို့ ခေါ်တဲ့ဟာကွ ”… ဘာပြုလို့လဲ ဆိုရင် မင်း စဉ်းစားကြည့် ငါတို့ ဟာ ငါတို့ သွားတယ် ဆိုရင် “ ဟင် တောင်ပြုန်း မှာ ကမြင်း ရအောင် လာသလား ။ ဝီရိယ ကောင်းလိုက်ပေလေ ။ ခါတိုင်းဖြင့် သတိမရဘဲ နဲ့ ” လို့ စီးဆိုမှာ အမှန်ကွ ။ အခုဖြင့် အဆင်သင့် လိုက်လေကွာ ”


ပေါ်အူး သည် စာ ကို ပြန်၍ ကြည့်နေရာမှ ..


“ ဒီနေရာ မှာ ဆရာ “ ဘဝ လမ်းကြောင်း ကို ပြောင်းရန်ရှိသည် ” ဆိုတာ ကို သတိ ထားဦး ဆရာ ”


ကျွန်တော် မှာ သူ ပြောမှ သတိရကာ ...


“ အေး ... ဟုတ်တယ်ကွ ... အဲဒါ ဘာ အဓိပ္ပာယ် လို့ မင်း ဆိုချင်သလဲ ”


“ ကျွန်တော် အခု မပြောနိုင်သေးဘူး ဆရာ ”


“ အေးကွာ .. ဟို ရောက်လို့ ငါ့ မှာ သိပ် အကျဉ်းအကြပ် တွေ့ ရရင် မင့် ပဲ အားကိုး ရမှာပဲ ၊ ကဲ .. အခုလာမယ့် လေယာဉ်ပျံပတ် နဲ့ လိုက်ရမယ် ဆိုတော့ ငါ့ဖို့ အရက် နဲ့ စီးကရက် ဝယ်ဖို့ စီမံကွာ ”


“ ဟာ .. ဆရာ ဒါတွေက မန္တလေး မှာ လည်း ရနိုင်မှာပေါ့ ” 


“ စီးကရက် ကတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ ငါ သောက်တဲ့ အရက် မျိုးက ဟိုမှာ ရှိ မရှိ မသေချာဘူးကွ ။ နို့ပြီး ငါ ဒီက လိုချင်သမျှ အကြွေး ရ တဲ့ ဖောက်သည်ဆိုင် ကို လည်း ဝင်ငွေ မလျော့အောင်ပေါ့ ” 


“ ကောင်းပါပြီ ဆရာ ၊ ဘယ်လောက် ဝယ်ခဲ့ရမလဲ ”


“ ဒါကတော့ လေယာဉ်ပျံ မှာ လူ တစ်ယောက် ကို ကုန်ချိန် ဘယ်လောက် ယူနိုင်သလဲ ၊ အဲ ... မင်းနဲ့ ငါ ယူနိုင် သလောက်ပေါ့ ။ တောင်ပြုန်း ပွဲတော် မှာ အရက် ဟာ အရေးကြီးဆုံး မဟုတ်လား ၊ ယောက်ျား မှန်ရင် အရက် မပါရင် အသက် မရှိဘူး ။ အရေးဖြစ်တယ် ”


“ တယ်လီဂရမ် ဆပ် ”


အကြောင်းမှာ ကျွန်တော် က ပေါ်အူး ကို တောင်ပြုန်း လက်ချာ ပေး နေစဉ် အိမ်ရှေ့ ၌ ကြေးနန်းစာပို့ကု,လား ရောက်လာသဖြင့် ပေါ်အူး သွား၍ စာ တစ်စောင် ယူလာပါသည် ။ စာ ကို ဖွင့်ဖတ်လိုက်ရာ၌ ကျွန်တော် မှာ ရုတ်တရက် မျက်လုံး ပြူးသွား ပါတော့သည် ။ သူ့ စာ မှာ ....


Remember when you come here absolutely vital meet perfect strangers.


ဤစာ ကို မိတ်ဆွေမူ အဘယ်သို့ အဓိပ္ပါယ် ပေါက်သည် မသိ ။ ကျွန် တော် တော့ အတွေး နက်၍ နေပါပြီ ။ ပေါ်အူး သည် သူ့ ဆရာ ၏ ချောက်ချား နေသော မျက်နှာ ကို ကြည့်ကာ ...


“ ဘာတဲ့လဲ ဆရာ ”


“ သူ့ စာ က တကယ့် ကြောက်စရာကွယ့် ”


“ ဘယ်သူ့ ဆီကလဲ ဆရာ ”


“ ဘယ်သူ့ ဆီ က ဆိုတာကို မသိရလို့ ပိုပြီးကြောက်စရာ ကောင်းနေ တာပေါ့ ”


“ အောက်က လက်မှတ် မပါဘူးလား ဆရာ ”


“ မပါဘူးကွယ့် ။ တကယ်ကို အရေးကြီး လို့ လျှို့ဝှတ် ထားဟန်တူတယ် ” 


“ သူ့ စာ က ဘာတဲ့လဲ ဆရာ ”


“ တိုက်ရိုက် ဘာသာပြန်ရရင် Remember when you come here သင် ဒီကို လာတဲ့အခါ သတိရပါ ။ absolutely vital အဲဒီစာလုံး နှစ်လုံး က အရေးကြီးတယ်ကွ ။ သူ အထူးပြုထားတာပဲ ။ ပိုပြီး သေချာအောင် ပေါ်အူး သွား အင်္ဂလိပ် - မြန်မာအဘိဓာန် ယူခဲ့စမ်းကွာ ”


ဒစ်ရှင်နရီ ရောက်လာ၍ ကျွန်တော် လှန် ကြည့် လိုက်သော အခါ၌ ပိုပြီး ထိတ်လန့် သွားပါတော့သည် ။ အကြောင်းမှာ ...


absolutely အကြွင်းမရှိ ၊ ပြည့်စုံစွာ ၊ အချုပ်မရှိ ၊ အကန့်အသတ် မရှိ ၊ လုံးလုံး မုချ ။ vital အသက်နှင့် စပ်ဆိုင်သော အသက် နှင့် နီးသော သေကွင်း ဖြစ်သော အလွန် လိုအပ်သော အရေးကြီးသော... 


အမယ်လေး မသက်သာတဲ့ စာလုံးချည်းပါလားဗျာ ။


“ ဘယ့်နှယ် ပေါ်အူး မြင်ရဲ့လား ”


“ ဟုတ်ကဲ့ ဆရာ .. နောက် ကျန်တဲ့ စာပိုဒ် ကကော ”


“ ကျန်တဲ့ဟာက meet perfect strangers ဆိုတော့ တကယ့် တစိမ်းပြင်ပြင် လူများ တွေ့ ရမည်လို့ အဓိပ္ပာယ် ရတယ်ကွ ။ အားလုံး ဆက် ပြန် လိုက်တဲ့ အခါမှာ သတိရပါ ။ သင် ဒီကိုလာသောအခါ၌ မုချသေကွင်း ဖြစ်သော တကယ့် တစိမ်းပြင်ပြင် လူများ တွေ့ ရမည် လို့ ဆိုတယ်ကွ ”


ကျွန်တော် ကြောက်ကြာက် နှင့် အရမ်းပဲ ဘာသာ ပြန် လိုက်ပါသည် ။ ကျွန်တော် မှာ ဤ စာ ကို တွေးပြီး ရင် တဒိတ်ဒိတ် ခုန် နေပါသည် ။ အဘယ့်ကြောင့် အဘယ်သူ့ ဆီကများပါနည်း ။


“ အား ... အား .. ဟေ့ ပေါ်အူး ”


ကျွန်တော် ရုတ်တရက် တွေးမိပြီး ..


“ ဒါဟာ ... ခြိမ်းခြောက်တဲ့ စာပဲ ဖြစ်ရမယ်ကွ ”


“ ဘယ်သူက ခြိမ်းခြောက်မှာလဲ ဆရာ ”


“ အရင်တစ်ခါ ဟို မင်း ပြောတဲ့ သိမ်ကြီးဈေး က ခါးပိုက်နှိုက် လေ ” 


“ ဪ … မြင့်မြင့်ဖြူ ကိစ္စတုန်းက လူ လား ”


“ အေး … အေး … သူ … သူ အရင် မြင့်မြင့်ဖြူ ၊ ဘယက် ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ ကို ရန်ငြိုးထားမှာပေါ့ကွ ”


ဟု ပြောပြီး ကျွန်တော် သည် ကြေးနန်းစာ ကို ထပ်၍ ကြည့်မိပြန်ကာ 


“ အင်း … သူ့ စာထဲမှာ when you come သင် ဒီကို လာတဲ့ အခါ မှာဆိုတော့ သူ့ ဒီကို က ၊ ဘယ် ဒီလဲ ။ ဘယ်နေရာလဲ ၊ ဘယ်အရပ်လဲ နေရာ ဌာနန္တရ ကို သိလို့ မသွားဘဲ ရှောင်ရသေးရဲ့ကွာ အခုတော့ ဟင်း ”


ကျွန်တော့် မှာ သက်ပြင်းကြီး ချလိုက်မိပါသည် ။ စင်စစ် ကျွန်တော့် မှာ နဂိုအားဖြင့် ပင်ကိုသတ္တိ ညံ့ဖျင်းသူ မဟုတ်ပါ ။ ဘာမျှ မဖြစ် လျှင် ဘာမျှ ကြောက်တတ်သူ မဟုတ်ပါ ။


သို့ရာတွင် တစ်ခါတစ်ရံ ကြောက်စရာ ရှိလျှင် အလွန်အမင်း ကြောက်တတ်သူ ဖြစ်ပါသည် ။ ပေါ်အူး သည် ကျွန်တော် ၏ ချောက်ချား နေ သော မျက်နှာ ကို စူးစိုက်စွာ ကြည့်နေရာ မှ ..


“ နေပါဦး ဆရာ သံကြိုးစာ မှာ ဆိုရင် လာတဲ့မြို့ နာမည် တော့ ပါ တတ်ပါတယ် ။ ကြည့်စမ်းပါဦး ”


ဤတွင်မှ ကျွန်တော် သတိရ ၍ ထပ်မံ ကြည့်လိုက်ရာ...


“ အား … အား … ဟုတ်တယ်ဟေ့ ။ မန္တလေး က ”


ကျွန်တော် မှာ ပြောရင်း အကြောက် နည်းနည်း ပြေသွားကာ ...


“ အင်း ... ဒီလိုဆိုတော့ ဟို လူမိုက် ဆီက မဟုတ်တော့ဘူး ။ မန္တလေး က ငါ့ မိတ်ဆွေ တစ်ယောက် ယောက်က တစ်ခု ခု ကို စိုးရိမ်စရာ ရှိလို့ သတိ ပေးတာ ဖြစ်ရမယ် ။ အောက် က လက်မှတ် မပါတာ ကတော့ မေ့လို့ပဲလား ဒါမှ မဟုတ်ရင် မသိစေချင်လို့ပဲလား ၊ ဟာ ... ဒီလိုဆိုတော့ ဒေါ်ကြီးစိုး စာ ထဲ က “ မင်း ဘဝ လမ်းကြောင်း ကို ပြောင်းပစ်ရန် ရှိသည် ” ဆိုတာနဲ့ ဆက်စပ် ကြည့်လိုက်တော့ အလို … ငါ့ ဘဝ ကို ဘယ်လိုများ ပြောင်းမှာပါလိမ့် ၊ ဟို နိုင်ငံရေးဆရာတွေ လိုများ ချက်ချင်း ဘဝသစ် ပြောင်းပစ်မှာလားကွယ် ။ နို့ပြီး ဒီ ကြေးနန်းစာ ထဲမှာ က “ မုချ သေကွင်း ဖြစ်သော တကယ့် တစိမ်းပြင် ပြင်လူများ တွေ့ ရမည် ” ဆိုတာနဲ့ ဆက်စပ် ကြည့်လိုက်ပြန်တော့ ... အမယ် လေး ထိန်လန့်စရာပါပဲလား ။ ပျော်ပျော်ပါးပါး တောင်ပြုန်းပွဲ သွားမယ် လုပ်နေတုန်း မှ ကွာ ဒေါ်ကြီးစိုး ဟာ ဘယ်လို လူတွေ နဲ့ များ ပူးပေါင်းပြီး ငါ့ ဘဝ ကို ပြောင်းမှာပါလိမ့် ။ ဘုရား ၊ သိကြား မလို့ လူကောင်း သူကောင်း များ နဲ့ တွေ့ ရပါစေဗျား ”


ကျွန်တော် ဆုမွန်ကောင်း တောင်းလိုက်ပါသည် ။ သို့သော် ကျွန် တော် ၏ ဆုတောင်း ပြည့်ပါသလော ။


••••• ••••• •••••


သြဂုတ်လ ၁၅ ရက် နေ့  ၊ ကျွန်တော် တို့ သည် ရန်ကုန်မြို့ မှ လေယာဉ်ပျံ နှင့် လိုက်ခဲ့ကြ၍ နေ့လည် ၃ နာရီ ခန့် ၌ မန္တလေးမြို့ ၊ ဂုဏ်တန်းရပ် ရှိ ဒေါ်ကြီးစိုး တိုက် ရှေ့သို့ ရောက်ခဲ့ကြ ကာ ပေါ်အူးအား ယူလာခဲ့သော စီးကရက်ဘူးများ နှင့် အရက်သေတ္တာများ ကို လူကြီးတွေ မမြင်အောင် နောက်ဖေးဘက် မှ လှည့်သွင်းရန် မှာပြီး တိုက်ပေါ် သို့ တက်ခဲ့ရာ ဧည့်ခန်း တွင် ဒေါ်ကြီးစိုး အပြင် အခြား လူကြီး နှစ်ယောက် နှင့်အတူ တွေ့ ရပါသည် ။ ကျွန် တော် သည် ညှိခါစ စီးကရက် ကို အားရပါးရ ဖွာရှိုက် လိုက်ပြီး .. 


“ ဟဲ့လို … ဂွတ်ဒ် အက်ဖတားနူး အဲဗရီး ဘတ်ဒီ ” 


ဟု ဆိုကာ ဆိုဖာ တစ်ခု တွင် ဝင်ထိုင်လိုက်ပါသည် ။ ဤနေရာ ၌ ဒေါ် ကြီးစိုး သည် ဝမ်းသာအားရ နှင့် မော်ကြည့်ကာ ကျွန်တော့် အား ရန်ကုန်မြို့ မှ စာ ရေးမှာ လိုက်၍ ရောက်လာသော လူချော သဘောကောင်း တူတော် မောင်ကလေး အဖြစ် နှင့် ထို လူကြီး သုံးယောက် ကို မိတ်ဆက် ပေးလိမ့်မည် ဟု ကျွန်တော် မျှော်လင့်ပါသည် ။ သို့ရာတွင် အထင် နှင့် အမြင် ပါစင်အောင် လွဲလိုက်သည်ကား ။ ဒေါ်ကြီးစိုး သည် သူ နှင့် ကျွန်တော် အခုကလေး ကပင် ရန်ဖြစ် ထားဘိ သကဲ့သို့ မျက်မှောက် ကုတ်၍ ကြည့်လိုက် ပြီး ...


“ ဟေ့ မင့် လက် က စီးကရက် လွှင့် ပစ်လိုက်စမ်း ”


ကျွန်တော့် မှာ ရုတ်တရက် ထိတ်လန့် အံ့သြသွားကာ .. 


“ ဟင် … ဘာဖြစ်လို့လဲ ဒေါ်ကြီး ”


“ မေး မနေစမ်းနဲ့ အခု ဒီ အိမ် မှာ ဆေးလိပ် မသောက်ရဘူး ၊ အရက် မသောက်ရဘူး ၊ သက်သတ်မစားရဘူး ”


ဟု ပြောလိုက်ပြီး လူကြီး နှစ်ယောက် ၏ မျက်စိလေးလုံး တို့သည် ကျွန်တော့် ကို ဝိုင်း၍ ကြည့်ကြပါသည် ။ သူတို့ မျက်စိ တို့မှာ ကျွန်တော့် အား ကျွတ်သင့် ကျွတ်ထိုက်ကဲ့လား ဟု အကဲခတ် သလိုလို ၊ ဝက်သ,တ်သည့် တရုတ်သည် ဝယ်မည့် ဝက်ကို အဖိုးဖြတ် သလိုလို ၊ ဘုန်းရှင်ကံရှင်များ က ရင်ဝယ်သား ကဲ့သို့ သနား သလိုလို ၊ အို ... ဘယ်လိုမှန်း ကို ကျွန်တော် အတိအကျ မသိနိုင်ပါ ။ သူတို့ ကြည့်ပုံ ကို ကျွန်တော် လုံးဝ မနှစ်မြို့သည် ကား အမှန်ပင် ဖြစ်ပါသည် ။


ဒေါ်ကြီးစိုး သည် တစ်ဖန် ကျွန်တော့် ကို ကြည့်ပြန်ပြီး လက်ဝဲဘက် လူကြီး ကို ညွှန်ပြ၍ ...


“ ဟော့ဒီ လူကြီးမင်း က အခု ငါတို့ မန္တလေး ရွှေမြို့တော် မှာ ဖွဲ့စည်း ထားတဲ့ ဆ.အ.သ.ရ အသင်းကြီး ရဲ့ ဥက္ကဋ္ဌ ဦးသီဟ ကွယ့် ။ ဟောဒီဘက် က ကျောင်းတကာကြီး က ဗြဟ္မာ့စရိယအသင်းကြီး ရဲ့ ဥက္ကဋ္ဌ ဦးသံပြင် ကွယ့် ။ မင့် ကို ကမကထ တာဝန်ယူပြီး ဆုံးမပဲ့ပြင် သွန်သင်ကြမှာ သူတို့ ပဲ ကွယ် ” 


ကျွန်တော် မှာ လူကြီး နှစ်ယောက် မျက်နှာ ကို သေချာစွာ ကြည့်လိုက် ပါသည် ။ သူတို့ မျက်စိနှစ်စုံ မှာ ကျွန်တော့် အပေါ် တွင် ပြုံးစိစိ နှင့် ပိုင်စိုး ပိုင်နင်း နိုင်လှပါသည် ။ အမှန်စင်စစ် အားဖြင့် မန္တလေးမြို့ပေါ် တွင် ဤကဲ့ သို့ အမူအရာ ရုပ်မျိုး ( ဘုရားတကာ လိုလို ၊ ကျောင်းတကာ လိုလို ၊ ပဉ္စင်းတကာ လိုလို ) ပုံသဏ္ဌာန် ရှိသည့် လူကြီးလူကျယ်များ တွင် လှပထွားညက် သော သမီးချောများ ရှိတတ်ကြ ပါသည် ။ သို့သော် သူတို့ သားမက် ဖြစ်ဖို့ ကို စိတ်ကူး လျှင် မူကား မိမိ ကိုယ် ကို မိမိ အကျဉ်းထောင် ဖောက်၍ သွင်း သည်နှင့် တူလှချေ၏ ။ တစ်နည်းအားဖြင့် လည်း ထို လူကြီးမျိုး တို့သည် မယား ကို ကြောက်တတ်ကြ ပြန်ကုန်၏ ။ ဤသို့ဆိုလျှင် မိတ်ဆွေ ပင် စဉ်း စားကြည့်ပါတော့ ။ လင် ကို နိုင်သော မိန်းမ ၏ သားမက် ဖြစ်ရလျှင် ထို ယောက္ခမ သည် ထို သားမက် အား အို .. ထားပါလေ ။ ကျွန်တော့် မှာ တစ်ခါ တစ်ရံ၌ ဤမျှပင် စဉ်းစားဉာဏ် နည်းသူ ဖြစ်ပါသည် ။ ယင်းကဲ့သို့ တွေး တောနေစဉ် အလို … ဘုရား … ဘုရား ၊ ကျွန်တော့် မှာ ရုတ်တရက် မုချ သေကွင်း ဖြစ်သော တကယ့် တစိမ်းပြင်ပြင် လူများ တွေ့ ရမည်ဆိုသည့် ကြေး နန်းစာ ကို သတိရ လိုက်ပြန် သဖြင့် ရင်ထဲ၌ ဒိတ်ဒိတ် ခုန်သွား ပါတော့သည် ။ စင်စစ် တကယ့် တစိမ်းပြင်ပြင် လူများ ကား ဤ လူကြီးများ ပင်တည်း ။ သူတို့ ကို ကျွန်တော် ရှေ့ယခင် တစ်ခါမျှ မမြင်ဖူးခဲ့ ။ “ မုချသေကွင်း ဖြစ်သော ” ဆိုသည်မှာကား ဘာမျှ အထူး ပြောစရာမရှိတော့ ။ ယခု သူတို့ ၏ ဆ.အ. သ.ရ နှင့် ဗြဟ္မစရိယ အသင်း ဆိုသည်များ ၏ အဓိပ္ပာယ် ကို နားမလည် သေး သော်လည်း အိမ်ပေါ် ရောက်လျှင် ရောက်ချင်း ဒေါ်ကြီးစိုး က ဆီး ပြောလိုက်သော စကား နှင့်ပင် သေချာ၍နေပါပြီ ။ အကြောင်းမှာ စိတ်ဓာတ် သွေးသား နုနယ်သေးသူကလေး အဖို့ တွင် စီးကရက် ၊ အရက်ကလေးများ မသောက်ရ ၊ အမဲသား ငါးကလေး မျှ မစားရပါလျှင် အဘယ်မှာ သက်ဆိုး ရှည်နိုင်ပါဦးမလဲ ခင်ဗျာ ။ 


အို ... ကြိုကြိုတင်တင် ကြေးနန်းရိုက် လို့ သတိပေးသေးလိုက်တဲ့

ချစ်ဆွေရယ် ဘယ်သူများပါလိမ့် ။


ကျွန်တော်တို့ သည် ထို လူကြီးမင်း နှစ်ပါး ၏ အားမနာပါးမနာ မေးမြန်း ပြောဆိုကြသော စကားများ ကို ဒေါ်ကြီးစိုး မျက်မှောက်မို့ ကြောက် ကြောက် နှင့် နားထောင် နေရပြီး နောက် နာရီဝက် လောက် အကြာ ၌ ဟိုလို သည်လို လုပ်ကာ သူတို့ ဆီမှ ထခဲ့၍ အိမ်ဘေး ပန်းခြံ ထဲသို့ ရောက်သည် တွင် ရုတ်တရက် ဝမ်းသာ သွားပါတော့သည် ။ အကြောင်းမှာ ဤအရပ် ဤနေရာ တွင် ဘယ်နည်းနဲ့ မျှ တွေ့ ရန် မမျှော်လင့် နိုင်သော ကျွန်တော် နှင့် အလွန် ရင်းနှီးသည့် ကျောင်းနေဖက် သူငယ်ချင်း ကို တွေ့ လိုက်ရသော ကြောင့် သူ့ ဆီကို အပြေးကလေး လျှောက်သွားပြီး ။


“ ဟေ့ … သူငယ်ချင်း တင်မောင်ကို ၊ တင်မောင်ကို ”


သို့သော် ကျွန်တော် မှာ ချက်ချင်းပင် ဝမ်းသာသည် နှင့်မမျှ ၊ အံ့အားသင့် သွားရသည်ကား သူသည် ကျွန်တော့်ကို အထိတ်တလန့် နှင့် လှည့် ကြည့်လိုက်ပြီး သူ့ နှုတ်ခမ်း ကို လက်ညှိုးတား ထားကာ ‘ ရှူး ’ ဟု စကား မပြောရန် အချက် ကို ပြလိုက်ပါသည် ။ ဟိုဟိုဒီဒီ ကို လှည့် ကြည့် လိုက်ပြီး မလုံမလဲ အမူအရာနှင့် ...


“ ဟေ့ ဟေ့ ... အေးဆွေ မင်း ငါ တည်ဆောက် လာခဲ့တဲ့ ဗိမာန်ကြီးကို ဖျက်တော့မှာ လားကွာ ”


“ ဘာ … မင်း တည်ဆောက်လာတဲ့ ဗိမာန်ကြီး ၊ ဘာ ဗိမာန်ကြီး လဲ ” 


“ မင့် ဆီ ငါ ဟိုနေ့ကပဲ ကြေးနန်း ရိုက်လိုက်တယ် ”


ကျွန်တော် သည် အိတ် ထဲ မှ ကြေးနန်း ကို ထုတ်ပြီး


“ ဟေ ... ဒါ မင့် ဆီ က ဟာလား ”


သူ သည် တစ်ချက်မျှ လှမ်း ကြည့်လိုက်ပြီး .. ။


“ ဟုတ်တယ် ”


“ ဒါဖြင့် မင်း ဘာလို့ လက်မှတ် မထိုးလဲ ”


“ ထိုးသားပဲ ”


“ ဘယ်မလဲ ကြည့်ပါဦး ” 


သူ သည် ထပ်မံ ကြည့်ရှုပြီး …


“ ဟင် … ငါ မေ့သွားတာ ” 


“ အင်း …. အဲဒါကြောင့် ငါ ပိုပြီး ကြောက်သွားတာ အခုလည်း မင်း သတိပေး တာတွေ မှန်တယ်ကွ ” 


“ ဘာမှန်တာလဲ ”


“ မင်း သံကြိုး ရိုက်တာလေ ”


“ ဒါဖြင့် မင်း အခု ငါ့ ကို တမင် ချောက်ချတာပေါ့ ” 


သူ သည် တောင်မြောက် လေးပါး ကို ကြည့်ရင်း နှုတ်ခမ်း ကို တွန့်၍ ရွဲ့၍ ပြောလိုက်ပါသည် ။


“ ဟကောင်ရ ၊ မင့် ငါ ဘာ ချောက်ချနေလို့လဲ ”


“ အခုန မင်း ငါ့ လာ ခေါ်တာလေ ၊ နေ့ခင်းကြောင်တောင်ကြီး မှာ ဘယ်သူမှ မမြင်ဘူး အောက်မေ့ လို့လား ၊ ငါ သံကြိုးရိုက် ပြီးတောင် သတိပေး ထားရက်သားနဲ့ ”


ဤနေရာတွင် ကျွန်တော် ဇဝေဇဝါ ဖြစ်သွားကာ …


“ ဟိတ်ကောင်ရ နေပါဦး ။ မင်း ပြောတာတွေ ငါ တစ်လုံးမှ နား မလည်ဘူး ။ မင့် သံကြိုးစာ က ဘာကို ဆိုလိုတာလဲ ”


“ မင်း ဒါလောက်မှ အင်္ဂလိပ်စာ မဖတ်တတ် တော့ဘူးလား ။ “ မင်း ဒီ ရောက်လာတဲ့ အခါမှာ မင်း နဲ့ ငါ နဲ့ တစ်ခါမျှ မတွေ့ဖူး ၊ မမြင်ဖူးတဲ့ တစိမ်း တွေလို နေဖို့ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောတာကွ ” 


ကျွန်တော် အံ့အားသင့်ကာ ...


“ ဟာ မင်းက ဒီလို ဆိုလိုတာလား ။ ငါ ဖြင့် ဘုမသိ ဘမသိနဲ့ အစိုး ရိမ်လွန်ပြီး ဒစ်ရှင်နာရီ ကြည့်ပြန်တော့ တလွဲတချော်တွေ ဖြစ်ကုန်တယ် ။ အောက် က လက်မှတ် မပါတော့ ဘယ်သူ့ ဆီ က လာသလဲ ဆိုတာ မသိတာ ကြောင့် ပို ဆိုးသွားတာကွ ”


“ ဟ ... ဒီ ကြေးနန်းစာ လက်မှတ် မပါကောကွာ ၊ မင့် ဆီ ငါ ပထမ ရေး လိုက်တဲ့ စာ နဲ့ အသိသာကြီးပါ ”


“ ဟေ မင်း ငါဆီ စာ ရေးလိုက်သေးလို့လား ”


“ ရေးတယ်လေ မရဘူးလား ”


“ ဟင့်အင် ...  ”


“ ဒီ ကြေးနန်း မရိုက်ခင် ၃ ရက် လောက် ထည့်လိုက်တာ ”


“ ဟာ မင့် စာက အခုမှ ငါ့ အိမ် ရောက်နေမှာ ။ မင်း က အခုနှယ် စာ ထည့်တာ မန္တလေး နဲ့ ရန်ကုန် ကို ဘယ်လောက် ကြာတယ် အောက်မေ့ လို့လဲ ”


“ မသိဘူးလေ … မင့် ဒေါ်ကြီးစိုး ဆီ က မင်း လာဖို့ စာ ရေးလိုက်တယ် ကြားတာနဲ့ ငါ က အရေးတကြီး လုပ်ရတာ ”


“ မင်း ဒီ စာ ထဲ မှာ ဘာတွေ ရေးလိုက်သလဲ ”


“ မင်း ဒီ ရောက်တဲ့ အခါမှာ ငါ့ ကို တစ်ခါမျှ မတွေ့ဖူး ၊ မမြင်ဖူးသေး တဲ့ လူတွေ လို နေဖို့ နဲ့ အကျိုးအကြောင်း အစုံပဲ ”


ကျွန်တော် မှာ ယခုမှ လက် ထဲ ၌ ရှိနေသော သူ့ ကြေးနန်းစာ ကို ဖတ် ကြည့် လိုက်ပြန်သည် ။ ဟုတ်ပါ၏ ။ အကယ်၍ သာ သူ ပထမ ရေးလိုက်သော စာ ကို ကျွန်တော် ဖတ်ရလျှင် .. Remember when you come here absolutely vital meet perfect strangers. ဆိုသော စာ မှာ သူ ပြော သကဲ့သို့ ‘ သင် ဒီကို ရောက်လာသော အခါ၌ တစ်ခါမျှ မသိမကျွမ်းခဲ့ဘူး သော လူများ လို တွေ့ ဆုံရမည်မှာ အလွန် အရေးကြီးလှသည် ကို သတိရပါ ’ ဟု အဓိပ္ပာယ် ယူနိုင်သည် ။ ထို့အပြင် ဤစာ ဘာကြောင့် ဘယ်သူ့ ဆီ က လာမှန်း မသိဘဲ ဖော်ပြခဲ့သည့် အတိုင်း ဒေါ်ကြီးစိုး စာ နှင့် တိုက်ဆိုင်ပြီး ကျွန်တော် အကြောက်ကြီး ကြောက်ကာ အသည်းထိတ်စဖွယ် အဓိပ္ပာယ် ကောက်ယူ လိုက်ခြင်း ဖြစ်နိုင်ပါသည် ။


ယခုမူ ကြေးနန်း ကိစ္စကား ရှင်းသွားပါပြီ ။ သို့သော် ဒီ ကောင် နှင့် ကျွန်တော် မှာ တစ်ယောက် နှင့် တစ်ယောက် လည်ပင်းဖက် နေကြသော သူငယ်ချင်းများ ဖြစ်ပါလျက် အဘယ်ကြောင့် ...


“ ဟေ့ကောင်ရ နေပါဦး ။ ငါ က မင်း ကို ဘာပြုလို့ သူစိမ်းတစ်ရံစာ လို နေရမှာတုန်း ”


သူ က မျက်စိ ကို ဖြဲ၍ သွားချင်းစေ့ကာ ...


“ ငါ အခု မင့် ဒေါ်ကြီးစိုး သားကလေး တိုးတိ ကို ကျူရှင် ပေးနေတယ်ကွ ”


“ ဟေ့ … တိုးတိ ကို သင် နေတဲ့ ဆရာ ဆိုတာ မင်း ”


ကျွန်တော် မှာ ဒေါ်ကြီးစိုး ကျွန်တော့် ဆီ ရေး လိုက်သော စာ ကို သတိ ရ၍ အံ့အားသင့်ကာ ...


“  ဟင့် … ဒေါ်ကြီးစိုး ရေး လိုက်တဲ့ စာ ထဲ မှာတော့ အဲဒီ ဆရာလေး နာမည် မောင်ဝင်းစိန် ဆို ”


“ အေး အဲဒါ ငါ့ နာမည် ပဲ ”


“ ဟင် … မင်း နာမည် ပြောင်းထားတယ် ။ ဘယ်ဖြစ်လို့လဲ ” 


“ မပြောင်း ဖြစ်မလားကွ ။ ငါ ယူလာတဲ့ ဘီအေ ၊ ဘီအီးဒီ အောင်လက်မှတ် ထဲ က နာမည် က မောင်ဝင်းစိန် ဖြစ်နေတာကြီး ”


“ ဘယ် မောင်ဝင်းစိန် လဲ ”


“ ငါ့ သူငယ်ချင်း တစ်ယောက် ကွာ ၊ အခု သူ က ဟို ဝန်ကြီးသမီး နဲ့ ရ လိုက်တော့ သူ့ ဘီအေ ဘီအီးဒီ လက်မှတ် က အပို ဖြစ်နေတာနဲ့ ငါ့ မလည်း အရေးပေါ် အသုံး လိုတာနဲ့ တောင်းလာခဲ့တာကွ ”


“ မင်း ဘယ်လို အသုံး လိုတာလဲ ”


“ ဟ … အခု ထမင်းကျွေး တစ်လ တစ်ရာ နဲ့ မင့် ညီ တိုးတိ ကို ဆရာ လုပ် နေရတာဟာ အဲဒီ လက်မှတ် ကြောင့်ပေါ့ကွ ”


ကျွန်တော် နားလည်ပါပြီ ။ စင်စစ် ဤ အကောင် မှာ အိုင်အေ မျှ အောင် သူ မဟုတ်ပါ ။ သို့သော် ကျွန်တော် အကြီးအကျယ် အံ့သြလှပါသည် ။


တင်မောင်ကို လို ကလေကချေ နေတဲ့ အကောင် ၊ သူ့ ဦးကြီး က တစ်လ ၅ဝဝ ပေးပါမည် ။ သူ့ ကုန်တိုက် မှာ လူမြင် ကောင်းအောင် ထိုင်ရုံ ထိုင်နေပါ ဆိုသည် ကို ပင် ငြင်းခဲ့ တဲ့ အကောင် ၊ ယခု ရန်ကုန် က မန္တလေး လာပြီး ထမင်းကျွေး ၊ တစ်လ တစ်ရာ နှင့် အလွန် ဆိုးလွန်းသော ကလေး တစ်ယောက် ကို ကျောင်းဆရာ လုပ်နေခြင်း မှာ အလွန်ပင် ထူးဆန်း လှပါသည် ။ ထို့ကြောင့် ..


“ ဟေ့ကောင် နေပါဦး ၊ မင်း က ဒီမှာ လာပြီး ဒီ အလုပ် လုပ်နေတာက ဘာလို့လဲ ၊ မင့် အိမ် က နှင်ထုတ် လိုက်လို့လား ”


“ ဘယ်က နှင်ထုတ်ရမှာလဲ ၊ အခုပဲ စာရေး ခေါ်နေတာ ၃ - ၄ ခါ ရှိ နေပြီ ”


“ နို့ ဘာလို့ မပြန်လဲ ”


“ ဘယ်ပြန်နိုင်မလဲကွ ဒီမှာ သံယောဇဉ် က ရှိနေတာကို ”


“ ဪ … ဘာလဲ ၊ မင်း က ငါ့ ညီ တိုးတိ ကို ချစ် နေလို့လား ” 


သူ က မျက်နှာ ပုံပျက် သွားလောက်အောင် ရှုံ့မဲ့ ပစ်လိုက်ကာ 


“ ထပ်သရီး ဒီကောင်လေး လောက် မုန်းဖို့ ကောင်းတာ ဒီကောင်လေး ပဲ ရှိတယ် ။ ငါ ချစ်နေတာ က တခြား ”


“ ဘယ်သူလဲ ”


“ ခင်ဖဲ ”


“ ဟင် ... နာမည်ကြီး က လည်း ”


“ လူ က တော့ သိပ် ချောတယ်ကွ ၊ မင်း တွေ့ ရင် အံ့ဩမယ် ။ တကယ် ဆိုတော့ နာမည် ကို ကိုယ် စားရတာမှ မဟုတ်ဘဲ ။ လူ ကို သာ ဟဲ ဟဲ ” 


“ ဒါနဲ့ကွာ သူ့ မိဘ က ကိုယ့် သမီးချော ဒီလိုပဲ မှည့်ရ သတဲ့လား ”


“ သမီး နှစ်ယောက် ကို ခင်ပုလဲ ခင်ဖဲ လို့ မန်းဆန်ဆန် မှည့်ထားတာ ။ ဂျပန်ခေတ် မှာ သူတို့ အဖေကြီး ဓားမပါတီ ဝင် လိုက်လို့ အတော်ကောင်း စားသွားတာနဲ့ ကျေးဇူးရှင်ကြီး ထောက်ခံတဲ့ သဘော နဲ့ မှည့်တာတဲ့ကွ ။ သူ့ အဖေ က ဦးသံပြင် ကိုး ”


“ ဪ … ငါ အခုန ဒေါ်ကြီးစိုး နဲ့ အတူ တွေ့ ခဲ့တဲ့ ဗြဟ္မာ့စရိယ အသင်းဥက္ကဋ္ဌ ဆိုတဲ့ လူကြီးလား ” 


“ အေး ... ”


“ အဲဒါနဲ့ ဒေါ်ကြီးစိုး က ငါ အဲဒီ အသင်း ထဲ ဝင်ရမတဲ့ကွာ ၊ သူတို့ ဗြဟ္မာစရိယ ဆိုတာက ဘာ အဓိပ္ပာယ် လဲ ကွ ”


“ အပိုတွေပါကွာ သူများ သားမယား မပြစ်မှားရဘူး ။ သူများ သား သမီး မဖျက်ဆီးရဘူး ။ လူပျို ဆိုရင် အပျိုကလေးတွေ ကို တကယ် မယူနိုင် ပဲနဲ့ မပိုးရဘူး အစရှိတဲ့ ( Sex ) ဆက်စ် နဲ့ ပတ်သက်တဲ့ ကိုယ်ကျင့်တရား တွေပါကွာ ။ မင်း အဲဒီ အသင်းတော့ ဝင်လိုက်ကွ မမှားဘူး ။ ဘာပြုလို့လဲ ဆိုရင် မင်း စဉ်းစားကြည့် ၊ မင်း အသင်းသား တစ်ယောက် ဖြစ်ကြောင်း အများ သိ သွားတာနဲ့ တစ်ပြိုင်နက် မင့် ကို နောက်ပိုး ဖို့ ဂုဏ်ထူးဆောင် လက်မှတ်ကြီး ပေးလိုက်တာ နဲ့ အတူတူပဲ ။ နောက်မှ ကိုယ်တို့ ဟာ ကိုယ် တို့ ဖြစ်ချင်ရာ ဖြစ်လေ ”


“ မင်း ကော ဝင်ထားရလား ”


“ မဝင်လို့ ဖြစ်မလားဟ ။ ငါ့ ကောင်မလေး က အဲဒီ အသင်း မှာ အတွင်းရေးမှူး ”


“ သော … ဖအေ က ဥက္ကဋ္ဌ သမီး က အတွင်းရေးမှူး ”


“ အေးလကွာ ၊ သူတို့ ဆရာကြီး နိုင်ငံရေး ခြေလှမ်း မျှော်ရင်း အသား လွတ် မန္တလေးမြို့ပေါ် မှာ နာမည်ကောင်း ယူ နေတာလေ ”


“ နို့ပြီးကွာ ကကြီး ခခွေး စာလုံးလေး နဲ့ အသင်းတစ်ခု ပြောသေး တယ်ကွ ။ ငါ မမှတ်မိဘူး ဥက္ကဋ္ဌ က ဦးခြင်္သေ့ ဆိုလား ”


“ ဦးသီဟ ပါကွ ။ ဆ.အ.သ.ရ အသင်း ”


“ အဲ့ဒါကတော့ ဘာတဲ့လဲ ”


“ အဲ့ဒါကတော့ အတော် ဆိုးတယ်ကွ ( ဆ ) က ဆေးလိပ် ၊ ( အ ) က အရက်သေစာ အလောင်းအစား ။ ( သ ) က သက်သတ်စားခြင်း ။ ( ရ ) က ရှောင်ကျဉ်ရေးတဲ့ကွ ” 


ကျွန်တော် မျက်လုံး ပြူးကာ ..


“ ဟာ ဒုက္ခပါလားဟေ့ ။ ငါ တော့ ပြန်ပြေးချင်ပြီ ”


“ အမယ်လေးကွာ ဒါကလည်း တကယ် ဆိုတော့ ဒါလောက် မဟုတ် ပါဘူး ။ ကိုယ် လည် လည် သလိုပါ ။ တို့ ငယ်ငယ်တုန်း က ကျောင်း မှာ ( Temperance League ) ဝင်ခဲ့တဲ့ အတိုင်းပေါ့ ၊ သူတို့ ရှေ့တွင် သာ ဟန် ကောင်း ယူပြီး ကွယ်ရာ မှာ ကိုယ့် သဘောရှိ ပေါ့ကွ ။ သူတို့ လိုက်ကြည့် နေနိုင်တာမှ မဟုတ်ဘဲ ။ တိုးတိ နဲ့ ငါ နဲ့ တည့်နေတာ ဟာ အဲဒီ သဘောတရား ကြောင့်ပေါ့ ။ မင့် အဒေါ်ကြီး ကလည်း ငါ့ ကို သိပ် တော်တဲ့ သူငယ် လို့ ချီးမွမ်း နေတာ ”


“ နေပါဦး မင်း ကော အဲဒီ အသင်းထဲ ဝင်ထားရသေးလား ”


“ ဝင်ရတာပေါ့ကွ ၊ ငါ့ မတော့ ငါ့ ကောင်မလေး ကြိုက်မယ့် ဟာဆို ဘာမဆို လုပ်နေရတာကွ ။ ဘုရား တောင် ဒုက္ခစရိယာ ( ဒုက္ကရစရိယာ ) ခြောက်နှစ် ကျင့်ရသေးတာကွာ ။ ငါ လည်း သူတို့ ရှေ့မှာ ဆေးလိပ် မသောက် ၊ သက်သတ် မစား နေရတာတွေ လောက်တော့ ဆင်ခြင်ရတာပေါ့ ”


“ နို့ မင်း ကောင်မလေး နဲ့ မင်း ကော သမီးရည်းစား ဖြစ်နေပြီလား ” 


“ ရည်းစား ရယ်လို့တော့ လက်ဆုပ်လက်ကိုင် မပြနိုင်သေးဘူးကွ ၊ ဒါပေမဲ့ ငါ က အနေအထိုင် ၊ အမူအရာ ၊ အဝါအကြွား ၊ အဖြီးအဖျန်း ကောင်း တာနဲ့ လူ ၇၅ ရာခိုင်နှုန်း လောက် ကတော့ ဝိုင်းသမုတ် နေကြပြီ ။ နောက် စွံတာ မစွံတာတော့ နံဘေး ထားလေ အခု အထင် ခံနေရတာ က ဇိမ်ပဲ ။ နို့ပြီး တစ်နည်းအားဖြင့် လည်း သည့်ပြင် ဂေါ်ပြိုင်ဖက် ကို ဟန့်တား ထား လိုက်တာပဲ ။ အဲ့ဒါဟာ ဂေါ်ဂနိုင်ဇေးရှင်း မှာ လုပ်သင့် လုပ်အပ်တဲ့ လုပ်ငန်းစဉ် တစ်ရပ် ကွ ။ မင်း မှတ်ထား ”


ဒီကောင် မှာ ဂေါ်ရီဂေါ်သွေး ညံ့သူ မဟုတ်ပါ ။ မိတ်ဆွေ သူ ပြောတာ ကို စဉ်းစားကြည့်လေ ။


“ အေး ဟုတ်ပါပြီကွာ ဒါနဲ့ မင်း ကောင်မလေး ။ အဲ သူ နဲ့ မင်း နဲ့ ဘယ်မှာ တွေ့ကြတာလဲ ”


“ တွေ့ ပုံကတော့ ဆန်းတယ်ကွ မင်း အံ့သြလိမ့်မယ် ။ လွန်ခဲ့တဲ့ မေလ ထဲ တုန်းကပေါ့ ။ ငါ တစ်နေ့ မန္တလေး သွားမယ့် မိတ်ဆွေ တစ်ယောက် ကို မင်္ဂလာဒုံလေယာဉ်ပျံကွင်း လိုက်ပို့တာမှာ သူ့ ကို ငါ က တွေ့ တာကွ ။ သူ က လည်း ဒီလေယာဉ်ပျံ နဲ့ ပဲ မန္တလေး ပြန်မယ်လို့ဟာကွာ ။ ငါ သူ့ မြင်မြင်ချင်း ဘယ်လို ဖြစ်သွားတယ် မသိဘူး ။ သူ နဲ့ ငါ နဲ့ ဖူးစာ ပါလို့ပဲ ထင်တယ်ကွ ။ သူ့ ရင်အုံကလေး ကြွပုံ ၊ တင်ပါးဆုံကလေး လှပုံ ၊ လက်မောင်း ၊ တံတောင် ဆစ်တွေ က အဲဒီ ရင်အုံ နဲ့ တင်ပါးဆုံ ကြား အလိုက်သင့်ကလေး ပျောင်း နေ ပြီး ခါးကျင်ကျင်ကလေး နဲ့ အဆင်ပြေပြေကလေး ကွေးကောက် နေပုံ ၊ အို ကွာ မင်း မြင်ရရင် အံ့သြမယ် ။ ငါ ဖြင့် သူ့ ကြည့်ရင်း ကြည့်ရင်း နဲ့ လေယာဉ်ပျံ လည်း ထွက်မယ် လည်း လုပ်ရော စိတ် ထဲ မှာ မောင်းတဲ့ ကောင် ပဲ ပြေးထိုး လိုက်ချင် သလိုလို ၊ လည်စ ပြု နေတဲ့ ပန်ကာကြီး ထဲ ပဲ ဝါးလုံးကြီး တစ်ခု ပစ် သွင်းလိုက်ချင် သလိုလို ဖြစ်လာတယ်ကွ ။ ဒါနဲ့ သူတို့ လေယာဉ်ပျံ လည်း ထွက်သွားရောဟေ့ ငါ နေမထိ ထိုင်မသာ ဖြစ်ပြီး ဘယ်သူ က ဘယ်သူ ဆို တာ သူ့ လိုက်ပို့တဲ့ မိန်းမ တစ်ယောက် ကို အရဲစွန့် မေးရောဟေ့ ။ အမယ် အဲဒီ မိန်းမ က လည်း ဟေ့ သူ နဲ့ ငါ နဲ့ ဖူးစာ ပါလို့ပဲ ထင်တယ်ကွ ”


“ ဟင် မင်း နဲ့ ဒီ မိန်းမ နဲ့ ”


ကျွန်တော် က အံ့ဩစွာ မေး လိုက်ရာ ငနဲကောင် သည် မျက်နှာ ကို ရှုံ့မဲ့ပြီး ...


“ မင်း ကလည်း ကွာ စကားဖြင့် လိပ်ပတ် လည်အောင် နားမထောင် တတ်ဘဲ နဲ့ ဖြတ်ဖြတ် မမေးစမ်းပါနဲ့ ။ ဒီ မိန်းမ ဘာလုပ်ဖို့လဲ ၊ ခင်ဖဲ နဲ့ ပြော တာကွ ”


“ သြ … ဆောရီးကွာ ဆောရီး ”


“ စကား ကို သေသေချာချာ နားထောင်ကွ ။ အဲဒီ မိန်းမ က ငါ့ ကို သေချာချာ ပြောပြတယ် ။ ဒါနဲ့ ငါ နောက် လေယာဉ်ပျံပတ် မှာ ဦးကြီး အိတ် ထဲ က ငွေ ငါးရာ ခိုးပြီး မန္တလေး လိုက်ခဲ့တာပဲ ။ ဒီ ရောက်တော့ ငါ တည်းတဲ့ အိမ် နဲ့ ပတ်သက်ပြီး သူ့ ကို ဆိုရှယ်ကျကျ တွေ့ပါရဲ့ ။ ဒါပေမဲ့ ဂေါ်ရတာကတော့ မလွယ်ဘူးဟေ့ ။ တကယ့် မိသား ဖသား ပီပီ ဂေါ်ရမယ့် အဖြစ်နဲ့ ရင်ဆိုင် တိုး နေတယ်ကွ ။ ဒါနဲ့ ငါ လည်း ဖြစ်တဲ့နည်း နဲ့ စခန်း သွား မယ်လို့ ဆုံးဖြတ်ချက် ချပြီး သူတို့ အသင်းတွေ ဘာတွေ ဝင် ၊ အသံကောင်း ထုတ် ၊ ဟန်ကောင်း လုပ် နေလိုက်တာ တစ်လ လောက် ကြာတော့ သူ နဲ့ ငါ နဲ့ ဂေါ်ဂနိုက်ဇေးရှင်း မှာ ဘာမှ အကြောင်း မထူးပေမယ့် ငါ့ ရဲ့ နေရေးထိုင် ရေး ငွေကြေးကိစ္စ မှာလည်း အခက်အခဲ တွေ့ လာ ရတယ်ကွ ။ ဒါပေမဲ့ မင်း သူ နဲ့ ငါ နဲ့ ဖူးစာ ပါလို့ပဲ ထင်တယ်ကွ ”


“ ဟင် … ပါပြန်ပဟေ့ ”


“ ဟုတ်တယ် ၊ ကြံကြံဖန်ဖန် အဆင်သင့်ပုံ က မင်း ကြည့် ။ မင်း ဒေါ် ကြီးစိုး က တိုးတိ အတွက် လက်မှတ်ရ ဆရာ တစ်ယောက် လိုတာ နဲ့ ငါ့ သူငယ်ချင်း ဝင်းစိန် မန္တလေး ရောက်လာတာ နဲ့ သူ အသုံး မလိုတော့တဲ့ ဘီအေ - ဘီအီးဒီ လက်မှတ် တောင်း ၊ ငါ တည်း တဲ့ အိမ် နဲ့ စည်းလားရိုက် ငါ့ နာမည်ရင်း ကို ဝင်းစိန် လုပ်ပြီး ဒေါ်ကြီးစိုး အိမ် ငါ ရောက်လာတာပဲ ။ အဲ ဒီတော့မှ ဟန်ကျတာကွ ။ တစ်ချက် ခုတ် နှစ်ချက် ပြတ် ဘာပြုလို့လဲ ဆိုရင် မင့် ဒေါ်ကြီးစိုး က သူတို့ အပေါ် မှာ ငွေဂုဏ်ကြေးဂုဏ် နဲ့ အတော်ပါဝါ ရှိ တာကွ ။ အခုဆို မင်းဒေါ်ကြီးစိုး ထီပေါက်တာ နဲ့ အလှူတွေ အတန်းတွေ လုပ် နေတော့ သူတို့ လူစု ဟာ ဒီ အိမ် မှာ စားအိမ် သောက်အိမ် ဖြစ်နေတာပဲ ။ မင်းတို့ ထမင်းစားပွဲ မှာ အားလုံး တွေ့ ရပါလိမ့်မယ်ကွာ ။ ဟေ့ ဒါထက် မင်း ဂေါ် ဖို့ လည်း အဆင်သင့်ပဲ ဆရာ ၊ ဦးသီဟ  သမီး ကွ ။ သူ့ အဖေ ဥက္ကဋ္ဌ လုပ်တဲ့ အသင်းမှာ အတွင်းရေးမှူး ပဲကွ ၊ နာမည် က ရတနာသီရိ တဲ့ မန်း အဆန်ဆုံး ချော လည်း ချောတယ် ။ မင်း မြင်ရရင် အံ့သြမှာပဲ ”


စင်စစ် တင်မောင်ကို မှာ ကျွန်တော် သိရသမျှ သူ့ အရွယ် မရောက် တရောက် မှ စ၍ ယခု အသက် ၃၀ နီးပါး အထိ နောက်ပိုးခြင်း အလုပ် ကို သာ အစဉ်မပြတ် လိုက်စား နေသူ ဖြစ်၍ မိန်းမရုပ် မိန်းမကဲ ခတ်ရာ ၌ ကျွန်တော့် သဘောအရ ပြောရပါမူ ပါရဂူ တစ်ယောက် ဟု ဆိုထိုက်ပါသည် ။ ထို့ကြောင့် ယခု သူ ၏ “ မင်း မြင်ရရင် အံ့ဩမှာပဲ ” ဆိုသော သူ သုံးနေကျ စကား ကို ကြားရသည် နှင့် ပင် ဦးသီဟ သမီး ရတနာသီရိ မည်မျှ ချောမော လှပမည် ကို ကျွန်တော် တပ်အပ် သေချာ သိရှိနေပါပြီ ။ ( အနည်းဆုံး ဓာတ်ပုံဆိုင် တွင် ကြော်ငြာ ပေး နေတဲ့ မယ်မြန်မာ လောက်တော့ နိပ်တန်ရာ၏ ) ။ 


သို့ရာတွင် ယခု ကျွန်တော် မှာ ဒေါ်ကြီးစိုး ရှေ့မှောက် ရောက်ပြီး ဟို လူကြီး နှစ်ယောက် မျက်နှာ တွေ မြင်ရ ကတည်း ကပင် ဘုရားသခင် ဒဏ် ခတ်ခြင်း ခံရသော သိုးသူငယ်ကလေး ပမာ ကိုယ်စိတ် နှစ်ဖြာ နွမ်းနယ်ကြုံ့ ရုံ့ နေပါ၍ လူပျို ပင် ဖြစ်ပါလျက် နောက်ပိုး လို စိတ် ပင် ကုန်ခမ်း သလို ဖြစ် နေပါသည် ။ ထို့ကြောင့် ..


“ ဟေ့ တင်မောင်ကို ဒီအခါ မှာ ငါ့ အတွက် မပြောစမ်း ပါနဲ့ကွာ ။ မင်း ဖို့ သာ မင်း လုပ်စမ်းပါ ”


“ ဟ … ငါ့ ဖို့ကတော့ သေချာသလောက် နေပြီကွ ။ အခုဟာ က ငါ့ ကို မကြိုက်လို့ မဟုတ်ဘူး ။ ကြိုးရှည်ရှည် နဲ့ လှန်ပြီး လူကဲခတ် နေတဲ့ သဘော ။ နောက်လာမယ့် ဗြဟ္မာ့စရိယ အသင်း နှစ်လည် အစည်းအဝေး မှာ ခင်ဖဲ က အလုပ် ပန်းလို့ ဆိုပြီး ဘာ အလုပ် မှ မရှိတဲ့ အတွင်းရေးမှူး ရာထူး က နုတ်ထွက်မယ် ။ ဒီတော့ ငါ က သူ့ နေရာ ကို အရွေး ခံမယ် ။ ငါ အဲဒီ ရာထူး လည်း ရရော အဓိပ္ပာယ် က ဦးသံပြင် က သူ့ သမီး ကို ငါ နဲ့ သဘော တူလိုက် တာပဲ ”


“ မင်း နဲ့ ပြိုင် အရွေးခံမယ့် လူကော ရှိသေးလား ”


“ ဟာ အနတ္တက္ကမ ပေါ့ ။ မန္တလေးမြို့ ပေါ် မှာ ခင်ဖဲ ကို ပိုး နေကြတဲ့ ကောင်တွေ ကြိတ်ကြိတ်ခဲ နေတာပဲ အဲ့ဒီ ငနဲတွေ အရွေး ခံဖို့ပေါ့ ။ သူတို့ အသင်း စည်းမျဉ်း က လည်း ပထမနှစ် အတွင်းရေးမှူး ဟာ အပျို ဖြစ်ရင် နောက်နှစ် မှာ လူပျို ဖြစ်ရမယ် ။ အဓိပ္ပာယ် က သူတို့ ဂုဏ်သရေရှိ လူကြီး လူကောင်း တွေ သမက် ရွေးချယ်တဲ့ သဘောပါပဲ ။ ဥပမာ ဦးသံပြင် သမီး နေရာကျ သွားတဲ့ အခါ မှာ နောက် သမီးပျို ရှိတဲ့ လူကြီးလူကောင်း တစ်ယောက် က ဥက္ကဋ္ဌ ရာထူး ယူပြီး သမီး ကို အတွင်းရေးမှူး ခန့်ထား လိမ့်မယ် ။ ဒါတွေကတော့ ငါ့ ထင်မြင်ချက် ပြောတာ နော် ၊ ဟုတ် မဟုတ် တော့ အချိန် သက်သေခံ လိမ့်မယ် ။ ငါ လည်း အဲဒီ ထင်မြင်ချက် နဲ့ ပဲ အတွင်းရေးမှူး ကြိုးစား နေတာပဲ ”


ကျွန်တော် မှာ သူ့ ပြောပြချက် ကို သူ့ အတွက် စိတ်ဝင်စား မိကာ .. 


“ နို့ မင်း ရဖို့ လမ်းများရဲ့လား ”


“ များတယ်ကွ ၊ များဆို မင့် ဒေါ်ကြီးစိုး သဘော တစ်ခုပဲ ။ ရန်ကုန် က စာရေးဆရာ အသင်းကြီး မှာ ဆို မြို့မမောင် ၊ ဟောဒီ အသင်းတွေ မှာ မင့် ဒေါ်ကြီးစိုး ပေါ့ ၊ အခု ဒေါ်ကြီးစိုး က ငါ့ ကို သိပ် သဘောကျ နေတယ် ။ ဒါ ကြောင့် ငါ မင်း ဒီ ရောက်တဲ့ အခါမှာ ငါ့ ကို တစ်ခါ မှ မတွေ့ မမြင်ဖူးတဲ့ တစိမ်းတရံ လို နေဖို့ ကြိုပြီး သတိပေး ထားတာကွ ”


သူ ၏ မရှင်းလင်းသေးသော စကား အတွက် ကျွန်တော် အံ့အား သင့်ကာ ...


“ ဟာ … ဘာဆိုင်လို့လဲကွ ”


“ ဆိုင်ပြီးလား ၊ မင်း ဒီနေရာ မှာ မင့် ဦးခေါင်း ထဲ က ဝက်ဦးနှောက် ကို ခလောက် ပြီး စဉ်းစားကြည့်စမ်း ။ ဒေါ်ကြီးစိုး ဟာ မင့် အပေါ် မှာ ဘယ် လို သဘောထား သလဲ ငါ ရောက် ကတည်း က မင့် အကြောင်းတွေ ပြောနေ တာ ငါ ကြားတယ် ။ မင်း ဘယ်လောက် အသုံးမကျ သလဲ ဆိုတာ သူ အကုန် သိတယ် ။ ဒီတော့ မင်း နဲ့ ငါ နဲ့ ဟာ အလွန် ခင်မင်တဲ့ ကျောင်းနေဖက် သူငယ်ချင်း ၊ ငယ်ပေါင်းကြီးဖော် ဆိုတာ သိသွားတဲ့ အခါမှာ ‘ သမဏေ န သမဏော ၊ ဂေါဏေန ဂေါဏော ’ လို့ ယူဆပြီး ငါ့ အပေါ် မှာ အခု အထင်ကြီး နေ တာတွေ အလဟဿ ဖြစ် မကုန်ပေဘူးလား ကဲ မင်း သေသေချာချာ စဉ်း စားကြည့်စမ်း ”


သူ သည် ကျွန်တော့် မျက်နှာ ကို စူးစူးစိုက်စိုက် ကြည့်၍ အရေး တကြီး ပြော နေပါသည် ။ ကျွန်တော့် သဘော မှာလည်း သူ့ တွေးမြင်ချက် ဟုတ်တန်ရာ၏ ဟု အောက်မေ့ နေစဉ် မှာ ပင် သူ က ဆက်လက်၍ ...


“ ကဲ … ဒီတော့ရင် ငါ့ ကို ယုံယုံကြည်ကြည်ကြီး နဲ့ သူ့ သားလေး ကို အကျင့်စာရိတ္တ နှင့် တကွ ပြုပြင်သင်ကြားဖို့ အပ်နှံထားပါဦးမလား ။ နို့ပြီး လာမယ့် ဗြဟ္မာ့စရိယအသင်း အတွင်းရေးမှူး ရွေးကောက်ပွဲ မှာ လည်း ငါ့ ကို ထောက်ခံပါဦးမလား ။ အဲလိုဆိုတဲ့ အခါမှာ ငါ ခင်ဖဲ အတွက် ရက်ပေါင်း များစွာ တည်ဆောက် လာခဲ့တဲ အချစ်ဗိမာန်ကြီး ဟာ ဘယ်လို ဖြစ်သွားမလဲ ၊ ကဲ .. မင်း သဘော ပေါက်ပြီ မဟုတ်လားဟင် ... ဟာ ဟိတ် ”


သူ သည် ကျွန်တော့် ကို ပြောနေရာ မှ တိုက်ရှေ့ ဆီသို့ မျက်စိ ရောက် သွားပြီး ...


“ ဟိုမှာ ငါ့ ယောက္ခမလောင်းကြီး ဆင်း လာတယ်ကွ ၊ သွား .. သွား ၊ မင်း နဲ့ ငါ နဲ့ စကား ပြော နေတာ မြင်သွားဦးမယ် ။ နောက် တွေ့တဲ့ အခါ တစ်ယောက် တစ်ယောက် မမြင်ဖူးသလို နေနော် ။ သူတို့ က မိတ်ဆက် ပေးမှ အသိ လုပ်ကွ ။ မင့် ပေါ်အူး လည်း ပြောထားလိုက် ”


ဤသို့ ပြောရင်း သူ လည်း ထသွား၍ ကျွန်တော်လည်း ကျောချင်း ကပ် လျှောက်ခဲ့ရပါသည် ။


မန္တလေး ရွှေမြို့တော် တွင် ကျွန်တော့် အဖို့ စိတ်ပျက်စရာ အကောင်း ဆုံးသော အရာ တစ်ခု မှာ ဆပ်ပြာ နှင့် အထပ်ထပ် အခါခါ ချေးတွန်း လို့မှ စင်မှန်း မသိရသည့် တွင်းရေ စေးထန်းထန်းကြီး ကို ချိုးရခြင်းပင် ။ သို့ရာတွင် အဘယ်မှာ တတ်နိုင်အံ့နည်း ။ ကျွန်တော် မှာ မန္တလေးမြို့ ရောက် လျှင် ခံရမြဲ ဝဋ်ဒုက္ခ အတိုင်း အခိုင်းအစေတွေ အပင်ပန်းကြီးစွာ အတောင် တစ်ရာ လောက် နက်သော တွင်းကြီး ထဲ မှ ငင်ထားသည့် ရေကို စိတ်ညစ်ညူးစွာ ချိုးခဲ့ပြီး ညနေခင်း အဝတ် လဲရန် အပေါ်ထပ် သို့ တက်ခဲ့၍ ကျွန်တော့် အခန်း ထဲသို့ ဝင် လိုက်သည်တွင် လူ မှာ ရုတ်တရက် ကျွမ်းထိုး မှောက်ခုန် ဖြစ်သွားချင် လောက်အောင် မူးမိုက် သွားပါတော့သည် ။ 


အကြောင်းမှာ ပေါ်အူး သည် အခန်း ထဲ မှ ဆီးပြီး ...


“ ဆရာ ၊ ဆရာ ခဲလေသမျှ သဲရေကျ ဖြစ်ကုန်ပြီ ဆရာ ” 


ကျွန်တော် ထိတ်လန့်ကာ...


“ ဟေ … ဘာလဲကွ ”


“ အခုနပဲ ဒေါ်ကြီးစိုး နဲ့ ဦးသီဟ ဆိုတဲ့ လူကြီး တစ်ယောက် တက် လာပြီး အရက်ပုလင်း နဲ့ စီးကရက်ဘူး တွေ အကုန် သိမ်းသွားတယ် ဆရာ ” 


ကျွန်တော့် မှာ ဘာမှ မပြောနိုင်တော့ ဘဲ အိပ်ရာ ပေါ်  ဝုန်းခနဲ လဲကျ သွား ပါတော့သည် ။ အချိန်မှာ လည်း ငါးနာရီ ကျော်ပြီ ဖြစ်၍ ကျွန်တော့် ဗိုက် ထဲ မှာ တရှီးရှီး လေပွ နေပါသည် ။ မိတ်ဆွေ အရက် ကို စွဲစွဲမြဲမြဲသောက် ဖူးသူ ဖြစ်ပါလျှင် ကျွန်တော့် ဝေဒနာ ကို သိမြင်နိုင်လိမ့်မည် ။


“ ပေါ်အူး ငါ တော့ သေရလိမ့်မယ် ထင် တယ်ကွာ ၊ မင်း ကြံစမ်းပါဦး ”


“ ဆရာ ၊ အခု အဝတ် မြန်မြန်လဲပြီး မယောင်မလည် နဲ့ အိမ် က ထွက် ၊ ဟိုဘက် ပြထိပ် က ဘား မှာ ဂျင် သွား သောက် လိုက် ဆရာ ။ နို့ပြီး မြန်မြန် ပြန်ခဲ့ ၊ အခု ထမင်းစားချိန် ကပ် နေပြီ ”


“ အေး ဟုတ်တယ် ၊ ဒီ နည်းလမ်း ပဲ ရှိတယ် ”


ဆိုပြီး ကျွန်တော့် မှာ ရုတ်တရက် အသက်ဝင် လာသလို အလျင် အမြန် အဝတ် လဲပါသည် ။


သို့သော် ကျွန်တော် ငအေးဆွေ ကံဆိုး လှချေ၏ တကား ။ အကြောင်း မှာ လှေကား ဆင်းမိရုံ ရှိသေးသည် ဒေါ်ကြီးစိုး နှင့် မျက်နှာချင်းဆိုင် တိုး ပြီး ..


“ ဟေ့ … မင်း အပြင် မထွက်နဲ့ တော့ ဟေ့ ထမင်းစားချိန် နီး နေပြီ ” 


ယင်းသည် အခိုက်မှာပင် ထမင်းစားခန်း မှ တဒေါင်ဒေါင် နှင့် ထမင်း စား မောင်း ခေါက် လိုက်ပါတော့သည် ။


ကဲ … သေဟဲ့ နန္ဒိယ ။


ထမင်းစားပွဲကြီး ကား ကြီးကျယ်ခမ်းနားလှပါသည် ။ သို့သော် သက် သတ်လွတ်တဲ့ အရပ်ကတို့ရဲ့ ။ ကျွန်တော် မှာ အသား မပါ လျှင် ထမင်း တစ်လုပ် မျှ စားခဲ့သူ မဟုတ်ပါ ။ အသား နှင့် အရက် ကို ကျေနပ်အောင် သောက်ပြီး မှ ထမင်း ကို ဝအောင် စားနိုင်သူ ဖြစ်ပါသည် ။


ဤ ထမင်းစားပွဲ ၌ အတူ စားကြမည့် သူများ မှာ ဦးသံပြင် သားအဖ ၊ ဦးသီဟ နှင့် သမီးတော် ၊ ဒေါ်ကြီးစိုး ၊ တိုးတိ ၊ တင်မောင်ကို ၊ ကျွန်တော် ။ စားပွဲရှည်ကြီး တွင် လေးယောက် တစ်တွဲ ဝိုင်းဖွဲ့ ရ၍ ဒေါ်ကြီးစိုး စီမံသည့် အတိုင်း ထိုင် ရသည် မှာ တင်မောင်ကို ၊ တိုးတိ တစ်ဖက် နှင့် ဦးသံပြင် ၊ ခင်ဖဲ မျက်နှာချင်းဆိုင် တစ်ပွဲ ၊ ဒေါ်ကြီးစိုး နှင့် ကျွန်တော် တစ်တွဲ ၊ ရတနာသီရိ တို့ သားအဖ နှင့် တစ်ဝိုင်း ။ ထမင်း မစားမီ ဒေါ်ကြီးစိုး က ကျွန်တော့် ကို မတွေ့ ရသေးသူများ နှင့် မိတ်ဆက် ပေးလိုက်ပါသည် ။ ပထမဦးဆုံး ကညာ ပျိုနှစ်ယောက် နှင့် ။ သူမ တို့ ကား တင်မောင်ကို ညွှန်းထားသည့် အတိုင်း ပင် အံ့သြဖွယ် ကောင်း လောက်အောင် ချောမော လှပကြပါသည် ။ အကယ်၍ သာ ဤ ထမင်းစားပွဲ သည် ကျွန်တော် အခါတိုင်း ညစာများ ကဲ့သို့ အရက် နှင့် အသားဟင်း နှင့် ဖြစ်ဘိမူ ဤချစ်စရာ မျက်နှာကလေးများ ကို ကြည့် ကြည့်ပြီး စကား တပြောပြော နှင့် စားလိုက်ရ ပါက မည်မျှ မြိန်ယှက်ပျော်ရွှင် လှလေမည်နည်း ။ ယခုမူကား အစားအသောက် ကလည်း ချို့တဲ့ ၊ ဒေါ်ကြီးစိုး နှင့် ဟိုအသင်းကြီး နှစ်ခု ၏ ပညတ်ချက်များ ကလည်း ကြမ်းတမ်းလှ သဖြင့် ကျွန်တော့်မှာ ကိုယ်စိတ်နှလုံး ညှိုးချုံး ပန်းလျ နေပါ၍ ဤ အလှ ရတနာ သမီးကညာ တို့ ကိုမှ အာရုံခံစား နိုင်သည့် အင်အား မရှိတော့ပါ ။ သေသာ သေလိုက်ချင်တော့တာပါပဲဗျာ ...


တစ်ဦး နှင့် တစ်ဦး ဘယ်သူ ဘယ်ဝါ ဟု ပြောစဉ်မှာ လည်း ကျွန် တော် မှာ သူတို့ မျက်နှာ ကို အပျိုလူပျို အမူအရာမျိုးနှင့် မကြည့်နိုင်ပါ ။ သူတို့ ကလည်း ကျွန်တော့် အား အပျို က လူပျို ကို လေးစားသည့် ဟန်မျိုး မပြဘဲ ဆရာမ က တပည့်ကလေး ကို ကြည့်သည့် ပုံမျိုး ရှုပေးကြပါသည် ။ ဒေါ်ကြီးစိုး ကများ ကျွန်တော့် အကြောင်း ဘယ်လို ပြောထားနှင့် လေသည် မသိ ။


တင်မောင်ကို နှင့် မိတ်ဆက် ပေးသောအခါ၌ ကျွန်တော် မှာ မနည်း ပင် အနေရ အထိုင်ရ ခက်လိုက်ပါသည် ။


“ မောင်အေးဆွေ ၊ ဟောဒါက မင့် ညီတော်မောင် တိုးတိ ကို ပရိုက် ဗိတ်ကျူရှင် ပေးနေတဲ့ ဆရာ ဦးဝင်းစိန် ကွယ့် ။ အသက်အရွယ် ငယ်ပေမယ့် လို့ ပညာဂုဏ် ၊ အကျင့်စာရိတ္တဂုဏ် နဲ့ ဦး တပ် ခေါ်ထိုက်တယ် ။ ဦးဝင်းစိန် လည်း ရန်ကုန် က ပဲ ။ မင်း တွေ့ ဖူး မြင်ဖူး ဖြစ်ချင် ဖြစ်လိမ့်မယ် ”


ဤတွင် ကျွန်တော် မှာ တင်မောင်ကို ပြောထားသည် ကို ရုတ်တရက် သတိရ ၍ ထိုင်ရာမှ ငေါက်ခနဲ ထ လိုက်မိပြီး...


“ တစ်ခါမှ မတွေ့ဖူးဘူး ။ မမြင်ဖူးပါဘူး ”


“ အေး ၊ အေး မင့် လို လူ နဲ့ ဦးဝင်းစိန် လို လူ ကလည်း နေရာဌာန သွားတာ လာတာ ၊ လည်တာ ပတ်တာချင်း တူဖို့ ကလည်း ခဲယဉ်းသား လားကွာ ။ ဘယ်တွေ့ဖူး မြင်ဖူးနိုင်မလဲ ။ သို့သော် အခုဖြင့် မင်း က ရင်းရင်းနှီးနှီး နဲ့ သက်တူရွယ်တူ ပေမယ့်လို့ နည်းယူ ရမယ့် ဆရာ ၊ လိုက်နာရမယ့် ဆရာ လို သဘောထားရမယ် ကြားလား ”


“ ဟုတ်ကဲ့ ”


ကျွန်တော် က ပြောလိုက်ရပါသည် ။ တဖန် ဒေါ်ကြီးစိုး သည် တင်မောင်ကို ဘက်သို့ လှည့်၍ …


“ ဆရာဦးဝင်းစိန် က လည်း မောင်အေးဆွေ ကို တိုးတိ လိုပဲ သဘော ထားပြီး ပြောပါ ဆုံးမပါ ။ အခု ကြီးကြီး နှင့် တကွ ဟော့ဒီက ( ဟို သားအဖ နှစ်စုံ ကို ညွှန်ပြလျက် ) လူကြီးမင်းများ နဲ့ အမျိုးသမီးကလေးများ ဖွဲ့စည်း ကြိုးပမ်းနေကြတဲ့ အသင်းများ စည်းကမ်း ကို လည်း သူ လိုက်နာနိုင်ပြီး လူကြီးလူကောင်း တစ်ယောက် ဂုဏ်ပုဒ် နဲ့ ညီသွားအောင် ပြုပြင် သွန်သင် ပေးစေလိုပါတယ် ”


“ ဟုတ်ကဲ့ .. ကြီးကြီး ၊ ကျွန်တော် ကြိုးစားပါ့မယ် ” 


တင်မောင်ကို က ပြော လိုက်ပါသည် ။


ထို့နောက်၌ သူတို့ ထမင်းစား ကြပါသည် ။ ကျွန်တော် စားသည် ဟူ ၍ကား မဆိုချင်ပါ ။ ဟန်ဆောင် ပန်ဆောင် စားချင်ယောင် ဆောင်ခြင်းမျှ သာ ဖြစ်ပါသည် ။ သို့သော် ထမင်းလုပ် ကို ပါးစပ် ထဲ မထည့် ရင် မဖြစ် ၊ မဝါးမမျိုးဘဲ နေ၍ မဖြစ် ။ ထို့ကြောင့် ပထမ တစ်လုပ် ကို ပဲငါးပိချက် နှင့် အသီးအရွက်ကြော် သမ၍ မျို လိုက်ရာ လည်ချောင်း ထဲတွင် ပေါ့ဟာဟာ နှင့် နင်တင့်တင့် ဝမ်း ထဲ ရောက်သော အခါ၌ ရင် ထဲ ပူသွားပြီး လေချဉ် တက် လိုက်ပါသည် ။ ဒုက္ခနှယ် ကြီးလိုက်ပါဘိဗျာ ။ ဟင်းချို ကို အတင်းကျိုက် ချလိုက်ရ၏ ။ အမှန်စင်စစ် မှာ ဤထမင်းပွဲ သည် သက်သတ် ဟု ဆိုရသော် လည်း ငွေကုန်ကြေးကျ စီမံထားသည် ဖြစ်၍ စားသောက်ဖွယ်ရာတို့မှာ မခေ ပါ ။ နွားနို့ ထောပတ် တို့ နှင့် ဖန်တီးထားသည်များ လည်း ပါ၏ ။ သို့ရာတွင် ကျွန်တော် ကဲ့သို့ အရက် နှင့် ၊ အသား နှင့် စားနေကျ လူမှာ ဤကဲ့သို့ အအီ အဆိမ့်များ ကို မနှစ်မြို့ ကြောင်း မိတ်ဆွေ သတိပြု စေလိုပါသည် ။ 


ထို လူကြီး နှစ်ယောက် ကား ငရဲ ကြီးချင်လည်း ကြီး ပါစေတော့ ။ ဖွဲနု ရေ နှင့် နှမ်းဖတ်ပုပ် တွေ့ သော ကျွဲအိုကြီး တစ်ရှဉ်း လို ။ အပျိုကလေး နှစ်ယောက် ကလည်း မြိန်ကြလို့ ။ ကျွန်တော့် မှာ ထမင်းပွဲ တွင် ဦးကြီးသိန်း ( ဒေါ်ကြီးစိုး ယောက်ျား ) ကို မမြင် သဖြင့် မေး လိုက်ရာ ..


“ မင့် ဦးကြီး တော့ အိမ် မှာ တောင် မနေတော့ဘူး ။ စစ်ကိုင်းချောင် သွားပြီး ကမ္မဋ္ဌာန်း ထိုင်နေပြီ ”


ဟု ကြားရသည် တွင် ရှေးယခင် က ဦးကြီး နှင့် ကျွန်တော်နှင့် နှစ် ယောက်သား စစ်ကိုင်းချောင် သွား၍ မယ်သီလ တွေ မမြင်အောင် ဘီယာ ပုန်း သောက်ပြီး ထမင်းမြိန် စားခဲ့ကြသည်များ ကို သတိရ မိကာ ပို၍ စိတ် မချမ်းသာ ဖြစ်ရပြန်ပါသည် ။


“ သွားဟေ့ ဟိုဘက် အုတ်ခုံလေး အကွယ် မှာ ငါ တစ်လုံး ဖွင့်ပြီး တစ်ဝက် သောက်ခဲ့ပြီကွ ”


ကြားယောင်ပါသေးသည် ။ အဲ့သည်တုန်းက ကွယ်လွန်သူ ဘော်ဘီ လည်း ပါခဲ့သပေါ့ ။


“ ဘော်ဘီ ရယ် ၊ မင်း ပုလင်းခွံတွေကို သီလရှင်တွေ မမြင်အောင် ချီ ချီ သွားပြီး ချောက်ကမ်းပါး ထဲ ချ ချ ပစ်တာ သတိရ သေးတယ်ကွယ် ။ မင်း အခု ဘယ် ဘဝများ ရောက် နေပါလိမ့် ၊ အမျှ အမျှ ”


ကျွန်တော် မှာ ရှေ့ဖြစ်ဟောင်း အောက်မေ့ ၍ မျက်ရည်လည် သလို ပင် ဖြစ်လာပါသည် ။ လူတို့ မည်သည် စိတ်အား ငယ်သော အခါ၌ လွမ်းစိတ် ၊ ဆွေးစိတ်များ ဝင်လာတတ်သည် ကို မိတ်ဆွေ သတိပြုမိ ပါလိမ့်မည် ။ အားလုံး ထမင်းပွဲ မှ ထကြသော အခါ၌ သူတို့ မှာ ဧည့်ခန်း သွား၍ ဝမ်းသာ အားရ စကားတွေ ပြောနေကြ သော်လည်း ကျွန်တော် မူ မကြည်ဖြူသူနှင့် အတင်း ပေးစားခြင်း ခံလိုက်ရသော မိန်းကလေး နှယ် ချောင် တစ်ချောင် တွင် ကုပ်၍ ကျန်ခဲ့ပါသည် ။


ဤတွင် ဒေါ်ကြီးစိုး ရောက်လာပြီး ...


“ မင်း ဒီလောက်ပဲ ဖြစ်ရလားကွယ့် ” 


ကျွန်တော် သည် မသက်မသာ နှင့် သူ့ မျက်နှာ ကို မော့ကြည့်ကာ …


“ ဒေါ်ကြီး ရယ် ၊ အတင်း အစိမ်းဖြတ် အကြမ်းဖြတ်ကြီး ဖြစ်ရတာ ဘယ် ဖြစ်နိုင်မလဲ ။ တဖြည်းဖြည်း မျှင်းပြီး မှ ဖြတ်ပါရစေလား ” 


“ ငါ … အစဦးတော့ ဒီလိုပဲ စိတ်ကူးမိတယ်ကွယ့် ၊ ဒါပေမဲ့ ဦးသီဟ က ယောက်ျားပီပီ ယတိပြတ် တိခနဲ ဖြတ်နိုင်ပါစေလို့ ဆိုတာနဲ့ ဒီကိစ္စ မှာ မင့် ကို ဦးသီဟ စိတ်ကြိုက် လုပ်စေချင်တယ် ” 


“ ဘာလို့ … သူ့ စိတ်ကြိုက် လိုက်ရမှာလဲ ဒေါ်ကြီးရယ် ” 


“ အို … အခု မေး မနေနဲ့ ငါ့ မှာ ပြောခွင့် မရှိသေးဘူး နောက်မှ သိလိမ့် မယ် ။ လူ သာဓုခေါ် ၊ နတ် သာဓုခေါ် သာ ကြိုးစား လိုက်စမ်းပါကွယ် ” 


“ ခွေးသာဓု ပဲ ခေါ်ခေါ် ကျွန်တော် မတတ်နိုင်ဘူး ထင်တယ် ဒေါ်ကြီး ”


ဒေါ်ကြီး သည် ကျွန်တော့် စကားကြောင့် ထောင်းခနဲ ဒေါသ ထွက်ကာ ...


“ ဘာလို့ မတတ်နိုင်ရမှာလဲ ၊ ငါ ခိုင်းတာ ငါ့ ကွယ်ရာမှာ လည်း သောက်မယ် စားမယ်တော့ စိတ်မကူးလေနဲ့ ဟင် ။ မင်း ကို တစ်ယောက် တည်း ဘယ်မှ မလွှတ်ဘူး မှတ်ထား ။ ဆရာဦးဝင်းစိန် ကို အမြဲတမ်း အစောင့်အရှောက် ထားမယ် သိရဲ့လား ၊ ဒီတစ်ခါ ငါ မကျွတ် ကျွတ်အောင် ချွတ်မယ်ဟေ့ မိစိုး အကြောင်း သိရောပေါ့ကွယ် ”


အင်္ကျီလက်မောင်းများ ကို ပင့်ကာ ဒေါ နှင့် မော နှင့် ထွက်သွားပါ တော့သည် ။ ဤနေရာ၌ ကား ကျွန်တော် မှာ ဟစ်၍ပင် ရယ်လိုက်ချင်ပါ တော့သည် ။


အကြောင်း မှာ ကျွန်တော် ဤည ၊ ညဦးပိုင်း ၌ အပြင်ဘက် သို့ လမ်း လျှောက် ထွက်ခဲ့သည် တွင် ဒေါ်ကြီးစိုး က သူ့ စကား အတိုင်း တင်မောင်ကို အား တိုးတိ နှင့် အတူ ကျွန်တော့် ကို စောင့်ရှောက်ရန် ထည့်လိုက်၍ ရုံတော်ကြီး ရောက် လျှင် ကျွန်တော်က … 


“ ဟေ့ … တင်မောင်ကို ဒီနေ့ ငါ့ အဖြစ်တော့ မင်း မြင်တဲ့ အတိုင်းပဲ ၊ ကဲ ဘီကြင် ဝင်ရလိမ့်မယ် ”


“ ဒီ ဟိုတယ် မဝင်နဲ့ကွ ၊ ငါတို့ နောက်ဖေးပေါက် က တက်နေကျ လျှမ်းစိန်ဟိုတယ် ကို သွားရမယ် ”


“ ဟေ့ … မင်းတို့ လည်း ဒီလိုပဲ ထွက် တွယ် နေကျလား ”


“ ငါ့ အတွက် က ဒီလောက် မဟုတ်ပါဘူးကွာ ၊ ဟောဒီ မင်း ညီ တိုးတိ က ပို အရေးကြီးတယ်ကွ ”


ကျွန်တော် အံ့သြမိကာ တိုးတိ ပခုံး ကို ကိုင်ပြီး ..


“ ဟေ ... တိုးတိ မင်း လည်း ငါ့ လိုဖြစ်နေပလား ”


တိုးတိ မှာ အသက် ဆယ့်နှစ်နှစ် သား မျှ ရှိပါသေးသည် ။ သို့သော် လူပျိုကြီး တစ်ယောက် ၏ ဟန်မျိုး ဖြင့် ..


“ ကိုကြီး လိုတော့ အရက်တွေ ဘာတွေ သောက်ချင်လို့ မဟုတ်ပါ ဘူးဗျာ ။ ကျွန်တော် က ဟင်းကောင်း ထမင်းကောင်းလေး စားပြီး စီးကရက် ကလေး ဘာလေး သောက်ချင်တာပါပဲ ”


“ အမယ် … မင်း ကတောင် သက်သတ်လွတ် စားပြီး ဆေးလိပ် မသောက်ဘဲ မနေနိုင်တော့ဘူးလား ”


“ ဒါတော့ အစ်ကိုကြီး ရာ အနှစ်ငါးဆယ်ကျော် ခြောက်ဆယ် လောက် စားလို့ သောက်လို့ အံခွပြီး လူ့ ဘဝထဲ ရင်မဆိုင် ရဲ တော့တဲ့ ဘူတားကြီးတွေ နဲ့ လောကအရသာ ဘာမှ မသိသေးတဲ့ အပျိုတွေ ဘာတွေ သာ လိုက်နာနိုင်တာပါဗျာ ။ သူတို့ ဗြဟ္မာ့စရိယ နဲ့ ဆ-အ-သ-ရ ဆိုတဲ့ အသင်း စည်းကမ်းတွေပဲ စဉ်းစားကြည့်ပါဦး ”


သူ ပြောတာ ဟုတ်ပါသလား မိတ်ဆွေ ။ ကျွန်တော် ဘာမျှမပြောလို ပါ ။ သူ ဤ အသက် ဤအရွယ်ကလေး နှင့် ဤစကား ပြောသည် ကိုဖြင့် မိတ်ဆွေ အံ့သြကောင်း အံ့သြပါ လိမ့်မည် ။ သို့သော် သူ့ ဆရာ ဦးဝင်းစိန် အမည်ခံ ကျွန်တော့် သူငယ်ချင်း တင်မောင်ကို လေသံ လည်း ဖြစ်ချင်ဖြစ်နိုင်သည် ။


တိုးတိ .. ဤ နာမည် ကိုဖြင့် မိတ်ဆွေ ထူးဆန်းသည် ( ဝါ ) တစ်မျိုးကလေး ပဲ ဟု ထင်ပါလိမ့်မည် ။ စင်စစ် မွေးဇာတာပါ သူ့ နာမည်ရင်း မှာ ခင်မောင်မြင့်ဦး ဖြစ်ပါသည် ။ သို့သော် သူ ငယ်စဉ်က အလွန် ချူချာသည် ။ သုံးခါလည် မှ ထိုင်နိုင်သည် ။ ဆေးဆရာ နှင့် သူ နှင့် အမြဲတမ်း နှစ်ပါးသွား နေရရာ သူ့ မိဘများလည်း နွမ်းပါး သဖြင့် “ အင်း ... မရှိမဲ့ ရှိမဲ့ ပစ္စည်းလေး တော့ သူ့ ဆေးကုရတာနဲ့ပဲ တိုးတိ တိုးတိ နဲ့ ကုန်တော့မယ် ” ဟု ရွှေမန်းဗန်း သုံးစကား နှင့် ညည်းညူရာ မှ သူ့နာမည် “ တိုးတိ ” ဖြစ်လာသည် ။ နောက် သူ့ ဖခင် ကွယ်လွန်၍ ဒေါ်ကြီးစိုး တို့က ကောက်ယူ မွေးစားသည့် တိုင်အောင် လည်း ယခု အထိ အများ ခေါ်  “ တိုးတိ ” ဖြစ်နေသည် ။


သူ့ ၌ ထူးခြားချက် ရှိသည် မှာ ငယ်စဉ်က ချူချာ သလောက် ယခု ကျန်းမာ၍ ကြီးပြင်းလာသော အခါ၌ အလွန် ဆိုးသွမ်းသည် ။ ကျောင်း မနေ ချင် ။ ကျောင်း က ဆရာ လည်း သူ့ကို လက်မခံချင် ။ ထို့ကြောင့် အိမ်ဆရာ ခေါ် သင်ရခြင်း ဖြစ်သည် ။ ထို အိမ်ဆရာ ပင်လျှင် တကယ့် အမှန်အကန် ကောင်းမွန်သော လူ နှင့် မဖြစ် ။ သူ မနှစ်သက် လျှင် တစ်နည်းနည်းဖြင့် လူကြီးတွေ နှင့် ရန်တိုက် ပေးနိုင်သော စွမ်းရည်သတ္တိ ရှိသည် ။ ယခု တင်မောင်ကို နှင့် အဆင်သင့် နေသည်ကား အထူး ဖော်ပြစရာ လိုတော့မည် မထင် ။ 


ကျွန်တော် တို့ သည် လျှမ်းစိန်ဟိုတယ် သီးသန့်ခန်းကလေး ထဲ ရောက်သောအခါ တိုးတိ က ဘာများ သုံးဆောင်ကြမလဲ လာမေးသော တရုတ် အား ...


“ ဟေ့ အကြုတ် ၊ ငါ မနက် က ထားခဲ့တဲ့ စီးကရက်ဘူး အရင်ပေးစမ်းကွာ ”


ဆိုသဖြင့် ငါးသုံးလုံးသံဘူး ရောက်လာ၍ သူ အားရပါးရ သောက်ဖွာလေသည် ။ 


“ အင်း လူများအိမ်များ ထီပေါက်ရင် ဝမ်းသာစရာ ဖြစ်ရမယ်ဗျ ၊ အခု မေမေကြီးတို့ ထီပေါက် လိုက်တော့ ဂြိုဟ်မင်း ဂြိုဟ်အသင်းတွေ အိမ် ပေါ် ဖိတ်ပြီး ကျွန်တော်တို့ ကောင်းကောင်း ဒုက္ခ ရောက်တော့တာပါပဲဗျာ ။ စား ချင် တာ မစားရ ၊ သောက်ချင် တာ မသောက်ရ ၊ ဘဘကြီး ပဲ အေးတယ် ။ မေမေကြီး လည်း ဖက်ပြိုင်ပြော မနေချင်တော့ ကမ္မဋ္ဌာန်း ထိုင်တော့မယ် ဆို ပြီး စစ်ကိုင်းချောင် သွား နေလိုက်တယ် အေးလို့ ။ ကျွန်တော် သာ ဒီအရွယ် ကမ္မဋ္ဌာန်း ထိုင်ချင်တယ် ဆိုလို့လည်း ဝါမရ ညာမရ ၊ ဩော် လောက ... လောက ”


လေရှည်ကြီးနဲ့များ ညည်းညူ နေပါသေးသည်


( မိတ်ဆွေ နောက်နောင်၌ တိုးတိ အကြောင်း များများ သိရပါလိမ့် မည် ။ ယခုတော့ တင်မောင်ကို )


တင်မောင်ကို သည် စားသောက်စရာ ( မီနူး ) စက္ကူချပ် ကို ကျွန်တော့် ဘက် ထိုးပေး လိုက်ပြီး ...


“ ဟေ့ အေးဆွေ ၊ မင်း စားချင်တာ မှာကွ ၊ ဒါပေမဲ့ အရက် တော့ ဂျင် ကို လုပ်ဟေ့ ၊ ဘာပြုလို့လဲ ဆိုရင် အခုည သူတို့ လူစုထဲ တို့ ဝင် ထိုင်ချင် ထိုင်ရ ဦးမှာ ၊ ပါးစပ် က အရက်နံ့ ထွက် လို့ မဖြစ်ဘူး ”


အခါတိုင်း ဆိုလျှင် ကျွန်တော် သည် ညစာ ကို ဝီစကီ နှင့် စားလေ့ရှိပါသည် ။ သို့သော် ယခုမူ တင်မောင်ကို သည် ကျွန်တော့် ဆရာ ။ သူ့ သြဝါဒ လိုက်နာရပေမည် ။ ဒေါ်ကြီးစိုး ကပင် အပ်နှံထားသည် မဟုတ်ပါလော ။ မကြာမီ၌ ဂျင်တစ်ပုလင်း နှင့် တရုတ် ထမင်းဟင်းများ ရောက်လာ ပါသည် ။


“ ဖော်သည် ဗျူတီအော့ဖ် ခင်ဖဲ ”


ကျွန်တော်တို့ သုံးလက်သည် ဖန်ခွက် သုံးခု တေ့၍ တင်မောင်ကို က သူ့ ချစ်သူ “ ခင်ဖဲ ၏ အလှအတွက် ” ဟု ဆိုကာ ပထမဦးဆုံး ဖန်ခွက် ကို မော့ လိုက်ကြသည် ။ ( တိုးတိ ကတော့ အရက်နည်းနည်း ဆိုဒါများများ ) စင်စစ် ဘရန်ဒီ ၊ ဝီစကီ သောက်နေကျ သူ သည် အနံ့အရသာ အားဖြင့် ဂျင် ကို အား မရ ။ ခံတွင်း ၌ ပေါ့ဖျန်ဖျန်ကြီး ဖြစ်နေ တတ်လေသည် ။ သို့သော် ဝမ်းထဲ ရောက်သောအခါ၌မူ သဘာဝချင်း တူ၍ ရင် ရှင်းပြီး ခံတွင်း အာဟာရ တောင်း လာတတ်သည်နှင့် အညီ ကျွန်တော့် မှာ တစ်ခွက် သောက်လိုက်ခါ မှ တစ်နေ့ခင်းလုံး ညှိုးငယ် နေသော စိတ် သည် ရေ တွေ့သော ပဒုမ္မာရွှေ ကြာပန်း ကဲ့သို့ ပွင့်လန်းပျံ့ကြဲ သွားကာ အကြောအခြင်တွေ စိမ့်စိမ့်ဖိန့်ဖိန့် တိုး၍ လေတွေ မိုးတွေ တက်တော့သည် ။


“ အား ... ဟေ့ တင်မောင်ကို မင်း ငါ့ အသက် ဆက် ပေးတာပါပဲကွာ ”


အဘယ့်ကြောင့်မူ သူ့ ကြောင့် ၊ သူ နှင့် ပင် အပြင် ထွက်ခဲ့ရ၍ မဟုတ် ပါလော ။ တင်မောင်ကို က လည်း ဖန်ခွက် ကို ပြန် ချရင်း ...


“ အင်း … ငါ တည်ထောင် နေတဲ့ ဗိမာန်ကြီး ဟာလည်း မင်း လက်ထဲ မှာ ရှိနေပါတယ်ကွာ ”


“ အေး ... ဟုတ်ပြီ မင်း နဲ့ ငါ တော့ အချိတ်အဆက် ကိုက်ပြီ ၊ တိုးတိ က ကော ” 


“ ကျွန်တော် လည်း ဟော့ဒီ ဆရာလေး ကြောင့် ဒီလို နေရတာ ။ အရင် ဆရာတွေ နဲ့ တုန်း က ဆိုရင် ထောင်မှူး နဲ့ ထောင်သား ကျနေတာပါပဲဗျာ ။ ဒါကြောင့်လည်း ငနဲတွေ ပြေးရအောင် ကျွန်တော် ကော်ကော် ထုတ်တာပဲ ”


“ ကဲ ဒါဖြင့် ဟန်ကျပဟေ့ တို့ သုံးယောက် ဟာ တစ်ယောက် တစ် ယောက် အမှီသဟဲ ပြုနေကြရတာပဲ ၊ ဒီတော့ တစ်ယောက် နဲ့ တစ်ယောက် မဖောက်ပြန်တမ်း သစ္စာပြုကြစို့ ”


“ အိုကေ ”


နောက်ခဏ၌ ကျွန်တော်တို့ ရဲဘော်သုံးယောက် သည် ရဲရဲတောက် ကျမ်းသစ္စာပြု ကျိန်ဆို လိုက်ကြလေ သတည်း ။


ကျွန်တော်တို့ သုံးယောက် အိမ်ပြန် ရောက်သော အခါ၌ ကိုးနာရီခန့် ရှိပြီ ဖြစ်၍ ဝင်းတံခါး ဆီး ဖွင့်ပေးသူ မှာ ပေါ်အူး ဖြစ်ပါသည် ။


“ ရော့ ဆရာ … အိမ်ပေါ် ရောက်လို့ ကြီးကြီးဘုရား နဲ့ စကားပြော တဲ့ အခါ မှာ အဲဒီ စာ ဖတ်ပြပါ ”


ပေါ်အူး က စာရွက်ခေါက် တစ်ခု ကို ပေးသဖြင့် ကျွန်တော် အံ့အား သင့်ကာ …


“ ဟေ့ .. ဘာလဲကွ ”


“ ဆရာ့ ဒေါက်တာ က ပေးတဲ့ စာပေါ့ ”


“ ဆရာ ဖတ်တော့ သိလိမ့်မပေါ့ ၊ အိတ် ထဲ သာ ထည့်ထားပါ ။ ကြီး ကြီးဘုရား က မေး မှ ထုတ်ဖတ် ။ သွားသွား ဆရာ တို့ ကို မျှော်နေကြတယ် ” 


ကျွန်တော် ဘုမသိ ဘမသိ နှင့် သူ့ စာရွက်ခေါက် ကို အိတ် ထဲ ထည့် လာခဲ့ရ၍ အိမ် ပေါ် ရောက်လျှင် ပင် ဒေါ်ကြီးစိုး က ..


“ ဘယ့်နှယ် … ကြာလှချည်လား … ဘယ်လောက်များ လျှောက်ခဲ့လဲ ”


“ အာ .. နန်းတော် ဘက်ကို ဒေါ်ကြီး ”


ကျွန်တော် ရမ်းသန်း ဖြန်းလိုက်သည် ။


“ မင်း … လမ်းလျှောက် တာကတော့ ဟုတ်ပါပြီကွယ် ။ ဒါပေမဲ့ ဒီလို မှောင်ရင် မဖြစ်ဘူးကွယ့် ၊ အခု မန္တလေး က ကောင်းတာ မဟုတ်ဘူး ။ ကိုယ် မှာ ပစ္စည်း ပါ မသွားပေမယ့် လမ်း မှာ ဖမ်းပြီး ပြန်ပေး လုပ်တတ်တာ က ရှိ သေးတယ် ”


“ ဟုတ်တယ် မောင်အေးဆွေ ၊ မင့် ကြည့်ရတာ လူပျော့ပျော့ကလေး နဲ့ အသွားအလာ အနေအထိုင် ဆင်ခြင်ကွဲ့  ”


ဦးသံပြင် က ပါ ဝင် ပြော လိုက်ပါသည် ။ အကြောင်းမှာ သူတို့ သမီး အဖ နှစ်စုံ တို့ သည် မပြန်ကြသေးချေ ။ ကျွန်တော် တို့ အသီးသီး ဆိုဖာ ပေါ် ဝင် ထိုင် လိုက်ကြသော အခါ၌ ကညာပျို နှစ်ယောက် သည် ကျွန်တော့် ကို သနားစရာ သတ္တဝါကလေး ကဲ့သို့ ကြည့်ကြပါသည် ။ ခင်ဖဲ က မူ သူ့ လူ ( သူ့ ကို ဂေါ်ဒီကလဲယား လုပ်ထားသူ ) တင်မောင်ကို နှင့် နှိုင်းယှဉ် ကြည့် ဟန် ရှိပါသည် ။ တင်မောင်ကို နှင့် ကျွန်တော် ခြားနားချက် ကား သူ က အသားညို ၍ မျက်မှန် တစ်ခု ပိုပါသည် ။ ထို့အပြင် သူတို့ အမြင် အားဖြင့် ဦးဝင်းစိန် ဟူသော နာမည် နှင့် ဘီအေ ၊ ဘီအီးဒီ လက်မှတ် တစ်ခု ။ ဤ အချိန်၌ ကျွန်တော် မှာ အစာအာဟာရ အင်အား ပြည့်တင်း လာပြီ ဖြစ်၍ ကိုယ်စိတ် ရွှင်လန်း နေကာ မန်းအလှ ရတနာ တို့ အာရုံ ကို ပင် ခံစားနိုင်ပါပြီ ။


သူတို့ နှစ်ဦး က တစ်မျိုး တစ်ဖုံ စီ ချောပါသည် ။ မန်းသူတို့ ၏ ယဉ် ကျေးခြင်း နှင့် ရွှေခြေချင်း ကား ကိုက်ညီပေသည် ။ ကျွန်တော် သည် ရတနာ သီရိ ကို ရင်ခွင် ထဲ ထည့် ကြည့်လိုက်၏ ။ သို့သော် သူ့ အဖေ ဆ.အ.သ.ရ အသင်းဥက္ကဋ္ဌ ဦးသီဟ မျက်နှာကြီး ပေါ်လာ သဖြင့် ကျွန်တော့် မှာ ကြက်သီး ဖြန်းခနဲ ထသွားပါသည် ။ တင်မောင်ကို အပြောကမူ “ အို ... ကိုယ့် မယား ကိုယ့် လက် ထဲ ရောက်မှဖြင့် ကိုယ့် သဘောပေါ့ကွာ ” တဲ့ ။ ကျွန်တော့် စိတ် က မူ ဤကဲ့သို့ မရပါ ။


လူနုံ လူညံ့တယ်ပဲ ဆိုဆို ၊ မိန်းမ တစ်ယောက် ကို လိမ်ညာ လည်း မလိုချင်ပါ ။ ဒီလို ယူလို့ ကောရပါ့မလား … တင်မောင်ကို ဖို့တော့ မသိ ၊ ကျွန်တော့် အတွက် မူ မြင့်မြင့်ဖြူ ကိစ္စ ကို မိတ်ဆွေ အသိ ။ အလွဲဆံပင် ကောင်း ပေါက် လိုက်မိတာကိုး ။


ဪ … ကျွန်တော် တို့ ယခု အဖြစ် ကို ဆက်ရဦးမည် ။ ဦးသံပြင် စကား ဆုံးသော အခါ၌ စုံထောက်ဦးစံရှား မျက်စိမျိုး ဖြင့် ကျွန်တော့် ကို ကြည့် နေသော ဦးသီဟကြီး က ကျွန်တော် တို့ သောက်စား လာသည်များ ကို သူ အကဲဖမ်း မိလေသလား မသိ ။ ဒေါ်ကြီးစိုး ကို ကြည့်ပြီး ...


“ သူ့ ကို တတ်နိုင်သလောက် အိမ်ပြင် မထွက်ဘဲ နေခိုင်းရင် ကောင်း မယ် ”


ဟု ပိုင်စိုးပိုင်းနင်းကြီး ပြောလေရာ ကျွန်တော့် မှာ ရုတ်တရက် မျက်လုံး ပြူး သွားတော့သည် ။ သို့သော် ဘာမှုရမှာတုန်း ကျွန်တော့် တပည့် ပေါ်အူး က စီမံပြီးသား ။ အကြောင်း မှာ ဦးသီဟ က ဤသို့ ပြောလိုက်သော အခါ၌ ဒေါ်ကြီးစိုး က .. 


“ ဟုတ်တယ် ကျွန်မ လည်း အစဦး ဒီလိုပဲ စိတ်ကူးတယ် ။ ဒါပေမဲ့ သူ့ ကျန်းမာရေး အတွက် လမ်းမလျှောက်ရင် မဖြစ်ဘူးလို့ ပြောတယ် ” 


ဟု ဆိုပြီး ကျွန်တော့် ဘက် လှည့်လိုက်ကာ …


“ ဟဲ့ … မင့် ဆရာဝန် က ပေးတဲ့ မင့် စာ အိတ်ထဲ ပါသွားတယ်ဆို ဖတ်ပြစမ်း ”


ထိုအခါ၌ ကျွန်တော် မှာ ပေါ်အူး ၏ အစီအမံ ကို သိရှိကာ သူပေး ထားသော စာ ကို အိတ် ထဲ မှ ထုတ်၍ ဖတ်လိုက်ပါသည် ။ သူ့ စာ မှာ .. 


ဤရောဂါ အတွက် သက်သတ် ကို သုံးလတိတိ ရှောင်ရရုံမက အာဟာရကို နည်းနိုင်မျှနည်းစွာ ခြိုးခြံစားသောက်၍ ထမင်း စားပြီးလျှင် ပြီးချင်း ( မနက်စာ ရော ညစာ ပါ ) အိမ် မှ ထွက်ကာ တတ်နိုင် သလောက် လမ်း လျှောက်ရမည် ။ ညဉ့်အခါ ၌ လိုက်နာရမည် မှာ ည လမ်းလျှောက် က ပြန်လာ သောအခါ၌ ကြာရှည်စွာ ထိုင်ခြင်း ၊ စကားပြောခြင်း ပြုမနေဘဲ ၊ အိပ်ရာ ပေါ်  လဲလျောင်း နေပြီး နာရီဝက် အကြာ တွင် နွားနို့မလိုင် များများ တစ်ဖန် ခွက် ကို သောက်၍ အိပ်ရမည် ။


“ နိပ်ဟ ” ကျွန်တော့် စိတ် ထဲ တွင် စာဖတ် အပြီး ကျိတ်၍ ရေရွတ် လိုက်ပါသည် ။ ဤ စာ မှာ ပေါ်အူး ဘယ်လို အမြော်အမြင် နှင့် စီမံထားသည် ကို မိတ်ဆွေ တွေးမိပါလိမ့်မည် ။ စာ ဆုံးသောအခါ၌ ဒေါ်ကြီးစိုး က ...


“ မင့် ရောဂါ က ဘာ ရောဂါလဲ ”


ကျွန်တော် မှာ ချက်ချင်း ဘာမျှ မပြောနိုင် ဖြစ်နေပြီးမှ ...


“ မသိဘူး ဒေါ်ကြီး ”


“ ဟင် မင့် ဒေါက်တာ က မပြောဘူးလား ”


“ ပြောတော့ ပြောတယ် ”


ဟု ဆိုပြီးမှ ကျွန်တော် ရုတ်တရက် အကြံရ၍ ..


“ သူ အင်္ဂလိပ် လို ပြောတာ ၊ နာမည် က ခပ်ဆန်းဆန်း ရှည်လည်း အရှည်ကြီးပဲ ။ ဒါကြောင့် ကျွန်တော် မမှတ်မိတာ ၊ အခု စစ်ပြီး မှ ကမ္ဘာ မှာ ပေါ်တာ ဆိုတာပဲ ”


“ အင်း … ဒီ ရောဂါ တော်တော် အရေးကြီး သတဲ့လား ”


ကျွန်တော် လည်း သူ စိတ်မချမ်းသာ မဖြစ်စေရန် ... 


“ ဟာ အရေးမကြီးပါဘူးတဲ့ ဒီ သုံးလ သူ ပြောတဲ့အတိုင်း လိုက်နာ လိုက်ရင် နောက် တစ်သက်လုံး စိုးရိမ်စရာ မရှိတော့ဘူးတဲ့ ” 


“ အင်း ဒီလိုဆို တော်ပါသေးရဲ့ မင်း အခု ဒီအတိုင်း လိုက်နာ နေရ တာ ဘယ်လောက် ကြာသွားပြီလဲ ”


“ တ ... တ .. တစ်လ လောက် ရှိသွားပြီ ဒေါ်ကြီး ” 


“ အေး ကျန်တဲ့ နှစ်လများ သက်သတ်လွတ် စားရဖို့ ကတော့ အဆင်သင့်ပဲဟေ့ ။ ဆေးလိပ် နှင့် အရက် ပဲ တို့က ချွတ်ရတော့မှာကွယ် ။ ကဲ မင့် ဟာ စကားကြာကြာ ထိုင် ပြော မနေရမှာဖြင့် တက် အိပ်ချေတော့ ၊ ဟော့ဒီက ဦးသီဟ ၊ ဦးသံပြင် တို့ က ဖြင့် မင်း ကို တရားဟော မလို့ ထိုင်စောင့် နေကြ တယ် ။ ဒီလို ဆိုတော့ နောက်မှပဲ ဟောရတော့ မှာပေါ့ကွယ် သွားသွား ”


ကျွန်တော် အားလုံး ကို ဂွတ်နိုက် နှုတ်ဆက်ပြီး အပေါ်ထပ် တက်ခဲ့ ရတော့သည် ။ လူကြီးများ ကား ကျွန်တော် ၏ အင်္ဂလိပ်ဆန်ဆန် အပြုအမူ ကို နှစ်သက်ဟန် မရှိ ။ မဟဝှါ တို့ နှစ်ယောက် က ပြုံးစိစိ ။


ကျွန်တော် အိပ်ရာ ထဲ ရောက် ၍ နာရီဝက် အကြာ ၌ ပေါ်အူး သည် နွားနို့ဖန်ခွက်ကြီး ကိုင် ကာ ကျွန်တော့် အခန်း ထဲ ရောက်လာသည် ။ 


“ တော်လိုက်ပလေ တပည့် ရယ် ၊ မင်း ဘယ်လိုများ ကြိုတင် မြော်မြင် လိုက်တာလဲ ”


“ ဆရာတို့ ထွက်သွားပြီး တော်တော် ကြာ တော့ ဦးသီဟ က ဆရာ့ ကို အိမ် က ဘယ်မှ မထွက်ခိုင်းဖို့ ကြီးကြီးဘုရား ကို ပြောတယ် ဆရာ ရဲ့ ၊ ဒါနဲ့ ကျွန်တော် အဲဒီ စာ ရေးထားလိုက်တာပဲ ”


“ တော်လိုက်ပလေ တပည့် ရယ် ” 


ကျွန်တော် ထပ်မံပြီး ချီးမွမ်း လိုက် ပြန်ပါသည် ။


“ ဒါထက် ငါ အရက် နဲ့ ထမင်း ကျကျနန စားခဲ့ပြီပဲ ဒီ နွားနို့ မသောက် ချင်ပါဘူး ”


ကျွန်တော် မှာ နွားနို့ ၊ ထောပတ် စသော အဆီအဆိမ့်မျိုး ကို နှစ်သက် သူ မဟုတ်ပါ ။ အထူးသဖြင့် အရက် သောက်ပြီး ခါ စတွင် ဤ အစာများ ကို မြင် က အန်ပင် အန်ချင် သေးပါသည် ။ အရက် ကြိုက်သူတိုင်း ဒီလိုပဲများလား ။


ဤအကြောင်း ကို ပေါ်အူး သတိ မထားမိသည် မဟုတ်ချေ ။ 


“ ဒါကို ကျွန်တော် သိပါတယ် ဆရာရဲ့ ”


“ နို့ ဘာလို့ မင်း စာထဲ ထည့်ရေးလဲ ”


“ မန္တလေး မှာ နွားနို့ ကောင်းတယ် ဆိုလို့ပါ ဆရာ ” 


“ ကောင်းကောကွ ၊ ငါမှ မသောက်ချင်တာ ”


“ ဆရာ မသောက် လည်း ကျွန်တော် သောက် လိုက်မှာပေါ့ ဆရာ ”


ကျွန်တော် နားလည်ပါပြီ ။


“ အား ... ဟုတ်လိုက်ပလေကွယ် ၊ သောက်သောက် မင်း သောက် ထိုက်ပါတယ် ။ ကြက်ဥဟတ်ဘွိုင် နှစ်လုံး လောက် တောင် ပါဖို့ကောင်း တယ် ”


“ ဒါတော့ ကျွန်တော် မလိုပါဘူး ဆရာ ”


ထိုမှစ၍ ကျွန်တော်တို့ ၏ အစားအသောက် ကို အထူး ဖော်ပြစရာ လိုတော့မည် မထင်ပါ ။ ပေါ်အူး စီမံထားသော ဆရာဝန် ၏ အညွှန်းအတိုင်း ကျွန်တော် သည် သက်သတ်လွတ် ထမင်းဟင်း ကို နည်းနိုင် သလောက် နည်း စွာ စားပြီး လမ်းလျှောက် ထွက်ခဲ့ကာ ကိုယ် ကြိုက်ရာ နေရာ မှာ သွား၍ စားသည် ။ ပေါ်အူး ကား ည အိပ်ခါနီး ၌ မလိုင်များများ နှင့် နွားနို့ ကောင်းကောင်းကြီး တစ်ခွက် နေ့စဉ် နှက်၏ ။


အနေအထိုင် နှင့် လူချင်း ဆက်ဆံမှုကား ၊ ကျွန်တော် သည် သူတို့ အသင်း နှစ်ခု ထဲ ဝင်ထား ရ၍ ဥက္ကဋ္ဌကြီး နှစ်ပါး ၏ တရားဟောခြင်း ကို မကြာခဏ ကြားနာ နေရ၏ ။ သူတို့ ဟောသော တရားများ ကား မိတ်ဆွေ ကို အထူး ဖော်ပြစရာ လိုမည် မထင်ပါ ။ သူ့ အသက် သည် မည်မျှ သနား စရာ ကောင်းကြောင်း ၊ အရက် သောက်သူ သည် ဖြစ်ရာဘဝ မှာ အရူး ၊ အလောင်းအစား သည် ပစ္စည်းဖြုန်းသော အကုသိုလ် အလုပ် ၊ သူများ သား မယား ပြစ်မှားသူများ သားသမီး ဖျက်ဆီးသူသည် ဒု,သ,န,သော စသည့် ဘုန်းကြီးဆွမ်းစာ ကျောင်းတည် စာများ ကို စာအုပ်ကြီး အတိုင်း ရွတ်ဖတ် နေခြင်း မျှ ဖြစ်ပါသည် ။ ဆေးလိပ် မသောက်ခြင်း ကိုမူ ခြိုးခြံ ချုပ်တည်းခြင်း မို့ မြင့်မြတ်သူတို့ ၏ အလုပ် ဟု ဆို၏ ။ ဤ တရားများ ကား ကောင်းလှပါသည် ။ ကျွန်တော် သိပါသည် ။ သို့သော်

အသိခေါက်ခက် အဝင်နက် ဟု ဆိုချင်ပါသည် ။ ဒု,သ,န,သော မှ လွဲ၍ ကျန်သော အချက်များ ကို ကျွန်တော် မထိန်းသိမ်း နိုင်သေးပါ ။ အနည်း နှင့် အများ တော့ ။ သို့သော် ဒေါ်ကြီးစိုး နှင့်တကွ အပေါင်းပါ တစ်စု ကတော့ ကျွန်တော့် ကို အထင် ကြီး နေပါပြီ ။


တစ်နေ့ ထက် တစ်နေ့ ချီးမွမ်းနှစ်သိမ့် လာကြပါသည် ။ အဘယ်သို့ နည်းဟူမူ သူတို့ ယုံကြည် လေးစား နေသော ဆရာကလေး ဦးဝင်းစိန် ဘီ အေ ၊ ဘီအီးဒီ အား ကျွန်တော် သွားရာ အမြဲတမ်း အစောင့်အထိန်း ထည့် ထား၍ ဤ ဆရာလေး က ကျွန်တော် အမှန်ပင် အသင်း ၏ စည်းကမ်း ကို လိုက်နာ နေကြောင်း သတင်းပေး သောကြောင့် ဖြစ်ပါသည် ။ ဆရာလေး လည်း ဂုဏ်ရှိ ၊ ကျွန်တော် လည်း ဂုဏ်ရှိပေါ့ဗျာ ။ အမှန်ကတော့ မိတ်ဆွေ သိပါလိမ့်မည် ။ ကျွန်တော်တို့ သစ္စာရေ သောက် ရဲဘော် မှာ သုံးကိုယ့် တစ်စိတ် ။


သြ အရေးကြီးတာ ကျန်နေသေး ။ အတွင်းရေးမှူး မခင်ဖဲ နှင့် ရတနာ သီရိ တို့လေ ။ သူတို့ နှစ်ယောက် နှင့် ကျွန်တော် တို့ မှာ ရင်းနှီးနေကြရုံမက အတူတကွပင် လျှောက် လည်ခွင့် ရုပ်ရှင် ကြည့်ခွင့် ရကြပါသည် ။ ကျွန် တော်တို့ လေးယောက် ( သို့မဟုတ် ) တိုးတိ နှင့် ငါးယောက် ထွက်လာကြ လျှင် တင်မောင်ကို က ခင်ဖဲ နှင့် တွဲ၍ ကျွန်တော် က ရတနာသီရိ ကို ဂရု စိုက်ရပါသည် ။ တိုးတိ က ကြားကောင် လေ ။


အမှန်ဆိုတော့ ကျွန်တော် သူတို့နှင့် ထွက် မလည်ချင်ပါ ။ ကျွန်တော် ရတနာသီရိ တို့ လို ရွှေမန်းသူ အပျိုချောမျိုး ကို မသာယာ လို့ ဟု ရွှေမန်းသူ တို့ ဂုဏ် ကို ထိခိုက် လို၍ မဟုတ်ပါ ။ သို့ရာတွင် မိတ်ဆွေ ကြည့်ပါဦး ။ ရွှေမန်းမြို့ ၏ အထွတ်အချာ ၊ နွေမှာ ဖုန်ထူ ၊ မိုးမူ ဗွက်ပေါက် တဲ့ ရုံတော်ကြီး ရောက်လို့ မှ ဤ အတွင်းရေးမှူးမကြီးများ ကြောင့် ကြက်သားကြော် အမျှင်းမျှင်း နှင့် မုန့်ဟင်းကောင်း လှသည့် မန္တလာ မြန်မာခေါက်ဆွဲ ကို မျှ မစားရ ။ မြန်မာ တစ်ပြည်လုံး တွင် ရွှေမန်း တစ်မြို့ သာ ရှိတဲ့ ဝက်ဆီပြုတ် မြီးရှည် မှ လည်း မသောက်ရ ။ ကျွန်တော်တို့ အထင်ကြီးလှတဲ့ ရန်ကုန် မဂိုလမ်း စမူဆာ နဲ့ အပြတ်အသတ် ကွာတဲ့ မန္တလေး ဆိတ်သားစမူဆာ မျှ လည်း မကိုင်ရ အဲဒါကြောင့်ပါဗျာ ။


တင်မောင်ကို အခြေအနေ မှာလည်း သူ ဖြေခဲ့သည့် အတိုင်း ပင် သူ့ အတွင်းရေးမှူး ရာထူး ရဖို့ သေချာသလောက် နေပါပြီ ။ သူတို့ အသင်း နှစ်လည် အစည်းအဝေး ရွေးကောက်ပွဲ လည်း နီးလာပါပြီ ။


သူ့ အတွက် သတင်းကောင်း ကြားရပါစေ ။


ဟော ... ကျွန်တော်တို့ မျှော်လင့်စောင့်စား အာရုံထားခဲ့တဲ့ တောင်ပြုန်းပွဲတော်ကြီး ရောက်လာပါပြီဗျာ ။ ခါတိုင်းများ ဆိုလျှင် ပထမ ပွဲရက် က နေပြီး နေ့ဆက် သွားပေါ့ ။ ခုတော့ဖြင့် မဟန်လိုက်လေ ။ ဒေါ်ကြီ စိုး နှင့် ဟို လူကြီးများ ၏ ဟန့်တားမှုကြောင့် မသွားဝံ့ ။ သို့သော် အစည်ဆုံး တစ်နေ့ ဖြစ်တဲ့ ၁၄ ရက်နေ့ ၌ကား ကျွန်တော် နှင့် တင်မောင်ကို လစ်ခဲ့ပါ တော့သည် ။ တိုးတိ လည်း ပါ၏ ။ ပေါ်အူး တော့ မလိုက်ဝံ့ ရှာပါ ။


“ ဟေ့ တို့ အရက် သိပ် သောက်ပြီး သိပ် ရမ်း လို့တော့ မဖြစ်ဘူးကွ ၊ ငါတို့ ကို သိတဲ့ အသင်းသားချင်း တွေ့ ရင် ချောက်ကျ နေဦးမယ် ။ အထူး သဖြင့် ငါ နဲ့ အတွင်းရေးမှူး ပြိုင် အရွေးခံမယ့် ငနဲ တွေ ကို စိုးရိမ်ရတယ် ” 


တင်မောင်ကို က အိမ် မှ ထွက်စက ပင် ပြောပါသေးသည် ။ 


“ ဟ ဟ လုံးလုံး မသောက်လို့တော့ မဖြစ်ဘူးကွ ၊ ဒီ ပွဲမှာ က အရက် မမူး ရင် အရူး ကွ ၊ မိန်းမတွေ ဝိုင်း နောက်တာနဲ့ပဲ သွက်သွက်လည် နေမယ် ”


“ အေး ဒါကို ငါသိပါတယ် ၊ သိပ်ပြီး ပုံပျက်အောင် မလုပ်ဖို့ပြော တာ ။ အနံ့ က လည်း မထွက်အောင် မင်း နဲ့ ငါ နဲ့ ဂျင် တစ်လုံး ဆို တော်ရော ပေါ့ ။ လာ ဒီ ကတည်းက နည်းနည်းစီ သောက်ပြီး ယူသွားမယ် ”


သို့နှင့် ကျွန်တော်တို့ ဘတ်စ်ကား စီးပြီး ထွက်ခဲ့ကြပါတော့သည် ။ ဤအခါ၌ ထုံးစံအတိုင်း ဈေးချို မှ ထွက်၍ နန်းတော်ကျုံး ဘက် ရောက် လျှင်ပင် လမ်း တွင် တွေ့ သမျှ သူ ကို သာ မက သူ့ အိမ်ဝ သူ ရပ်သူများကိုပါ ‘ ငါ့မယား ငါ့မယား ၊ ငါ့ယောက္ခမ ၊ ငါ့ယောက်ဖ ’ နှင့် ယဉ်ကျေးစွာ ဆဲကြ ပါတော့သည် ။


ဤ ပွဲကား ထီးဘုရင် အုပ်ချုပ် မင်း လုပ်ခဲ့၍ သာသနာရောင်ဝါ ရွှန်းရွှန်းဖြာသည့် ရတနာပုံမြို့တော်သူ မြို့တော်သား တို့မှာ “ အစဉ်ထာဝရ ကိုယ်ကျင့်သိက္ခာ ကြီးမားစွာ နေကြသဖြင့် တစ်နှစ် တစ်ခါ စိတ်အညောင်း ဖြေစေသော ပွဲတော်ကြီး ” ဟု ကျွန်တော် တတ်သမျှ ဂုဏ်ပြုရ လျှင် စိတ်ဆိုးကြမည်လား ။ ဒီနှစ် အစိုးရ နဲ့ သတင်းစာတွေ က တားလိုက်လို့သာ နို့ မဟုတ် သိပ်ကြည့်ကောင်းမှာ ”


( တောင်ပြုန်းပွဲတော် မှာ သူ ရေး ငါ ရေး ရေးသားပြီး ကြ၍ မရောက် ဖူး သော်လည်း မသိသူ နည်းပါးလှရကား ။ ယခု ရိုးရိုး သူလို ငါလို ရေးသား ပြသည် နှင့် အကြောင်း ထူးမည် ဟု မထင် ။ ထို့ကြောင့် ဤနေရာ တွင် ကဗျာ နှင့် ဖော်ပြရင်း ဇာတ်ကွက် ယူ သွားပါမည် ။ သို့သော် ကျွန်တော် မှာ နာမည် ရ ကဗျာဆရာ မဟုတ်မူ၍ ကျွန်တော့် ကဗျာ ညံ့ လည်း ညံ့မှာ ပဲလေ ။ ကဲ ကဗျာ စပါပြီ ၊ ဆွဲတယ်လည်း မအောက်မေ့ကြပါနှင့် )


“ ဟေး အပျိုလှလှ ငါ့မိန်းမ ၊ ယောက္ခမကြီးလား ယောက်ဖလား ” တဲ့ ကြည့်စမ်း ။ ဘယ့်နှယ်ဘယ်လို ဆိုချင်ရာဆို ပျိုအိုအို ဖိုဖိုမမ ဘာမျှ မတော် တစ်ဖက်သား လက်ဖျားနဲ့ မထိရုံ ၊ ဝိုင်းအုံလို့ နောက်ကြ ၊ ကြောက် စရာ့ လူတွေ ၊ မိတ်ဆွေ ရောက်ဖူးရဲ့လား ၊ အဲ့သည်များ တစ်ခါတစ်ခေါက် ရောက်အောင် သွားပါလား ။


အမူးသမားတို့ ပျော်ရွှင်ရာ ယှဉ်မသာ ခေါင်အဆုံး တောင်ပြုန်းခေါ် တဲ့ ပွဲတော်လေ ။ 


မန္တလာ မြောက်ညာ စခန်းမှာပေါ့ 

တစ်ရံခါ ရောက်လာစမ်းပါလှည့် 

နတ်နန်းစံ ... နောင်ညီမင်းမှာဖြင့် 

ပွဲခင်း ... အလွန်စည်လှ ၊ 

နှုတ်ဝစီ ... ထင်ရာ ရမ်းစေတဲ့ 

ဆန်း ... ပါဘိ ဤချိန်ခါ ။ 


မိုးလဝါခေါင် ရေဖောင်ဖောင် ၊ လရောင်ထွန်းပြ ၊ ရှစ်ရက်မှသည် လပြည့်ကျော် တစ်ရက်ထိ ၊ သွားလို့သာကြည့်ကြရော့ ၊ သတိဖြင့်ထား ၊ လင် နှင့်မယား ၊ အတူသွားလို့ မယားချောလျှင် ၊ လင်ကို မထောက် ၊ ရှေ့မှောက် ပင် ၊ ငေါက်ငေါက်လက်ညှိုး ၊ တည့်တည့်ထိုးပြီး ‘ မယားခိုး ’ လို့ ဆိုချင် ဆို မည် ။ အပျိုရည် ချောမော သဘောတွေ့ ကြလျှင်ဖြင့် ရှေ့နောက်ဝိုင်းညှပ် အသွားတတ်အောင် ပါးစပ်ကရမ်း ၊ နှုတ်က ကြမ်းပါဘိနဲ့ ။ 


မကြားချင်လျှင် ၊ နားပင်ပိတ်ကြတော့ ...


တစ်ပါးခင်ကို စကားတင်လို့ ချိတ်ပေလိမ့် 

နိပ်လှသူ ကညာပျိုရဲ့

ဘဇာကို ဘယ်လိုတုံ့မယ်လဲ

ခေါင်းငုံ့ ၍ မနေသာ ။


“ ဟဲ့… နင့်လား ငါ့လင် ၊ ဟင် ကလေးတွေ လား အိမ်မှာ ထားခဲ့ ၊ ခွေးစားကုန်ပြီ ”


ခပ်တည်တည်နဲ့ မထီမဲ့မြင် ၊ ခွန်းတုံ့သာ တင်ရော့ ၊ သည်တော့မှ ကစော်မောင်တွေ အပျော်ရောင် ဟဒယမြူးပြီး တစ်ဌာနကူးကြလိမ့် ... 


တစ်နှစ်မှာ တစ်ခါနွဲကြပါတဲ့ 

ချစ်စရာ မဟာပွဲပေမို့ အပြစ်အနာ မရှာဖဲလေတော့ 

စိတ်ထဲ ထင်မြင်ရာဖြင့် 

ရွှင်ရွှင်သာ အပြိုင်ပြောရှာကြ ၊ 

သောပါဘိ ၊ သည်နေရာ 

စည်ပါဘိ ၊ အံ့မခမ်း ။ 


ကုန်းလမ်း ရေလမ်း တရကြမ်း ၊ အရမ်းပြွတ်သိပ် ၊ မန္တလာ ဇေယျာ

နှစ်ပြည်သာ က လာကြတဲ့လူတွေ ကြိတ်ကြိတ်ခဲလို့ နတ်ပွဲမှ ကလိုက ၊ ခုန်လိုခုန် ၊ ပျော်မျိုးက စုံပါဘိ ၊ မျက်နှာသိရော မသိသူရော ၊ ပြောချင်ရာ ပြော ၊ သဘောရှိခေါ် ၊ ပျော်တာသာ ပဓာန ၊ နောင်ခါမှ မေ့ပစ်လိုက် ။ 


အမှတ်မထားကြပါနဲ့ဗျ 

နတ်နှစ်ပါး အလိုရွှင်၍

မငြိုငြင် … ခွင့်တောင်းပေးစဉ်ကဖြင့် 

ကိုယ်ထင်ရာ ... ဖွင့်အော်လို့ “ ဟေး ” နိုင်ရဲ့ 

ပျိုထွေးကို ... ပြီချင်ပြီတော့

မယ်ကြည်လျှင် … မောင့်ကို ပြုံးပေလိမ့်

မယ်မုန်းသော် … ဗွေမယူဘူး

တစ်မြေတူ ... တစ်ဖန်တွေ့ ရင်လ

မေ့ကြစတမ်း ..


ကျွန်တော် ဖြင့် တကယ်ပဲ မေ့သွားသည် ။ တစ်သက်မှာ တစ်ခါ မေ့ဖူးတဲ့ အမေ့မျိုးပါ ။


“ ဟဲ့ … နားထဲ … သံပုရာရည် ညှစ်ထည့် ” 


“ ဧကရာဇ်မြစ် ၊ ဧကရာဇ်ရွက် ရရင် ကောင်းတယ် ” 


“ ဟယ် … ရေ နဲ့ သာ လောင်းချကွာ ”


ဤအသံများ ကို အိပ်မက် သလို သဲ့သဲ့မျှ ကြားရပြီး ဖြန်းခနဲ ရေ လောင်းသံကြီး နှင့်အတူ ၊ ကျွန်တော် မွန်း သွား၍ ရုတ်တရက် သတိရ ကာ ခေါင်း ကို လှုပ်ခါရင်း မျက်စိ ဖွင့်ကြည့် လိုက်သော အခါ၌ ကျွန်တော့် ရှေ့ မှာ ဘာတွေမှန်း မသိ ၊ တရိပ်ရိပ်နှင့် ပတ်ပတ်လည် နေကြပါသည် ။ 


“ ခွေး … ခွေး … ခွေးသောက် သောက်ပြီး ခွေးဖြစ်လာတယ် ။ ဟယ် လိမ္မာ ဖို့ ခေါ်လိုက်ပါတယ် ။ ငါ့ အရှက် ခွဲရအောင် လာတာနဲ့ အတူတူ ပါလားဟဲ့ အတူတူပါလား ”


ဒေါ်ကြီးစိုး ၏ ကောင်းချီးသြဘာသံ နှင့် အတူ ကျွန်တော့် မျက်စိ ရှေ့ ၌ တရိပ်ရိပ် လည်နေသော အရာတို့ မှာ တဖြည်းဖြည်း နှေးနှေး လာပြီး ဟော ရုပ်လုံး ပေါ် လာကြပါပြီ ။ 


ဟင် … ဒေါ်ကြီးစိုး ... ရတနာသီရိ ၊ ခင်ဖဲ ၊ ဦးသီဟ ၊ ဦးသံပြင် ၊ တိုးတိ ၊ အလိုဘုရား ... ရဲဝန်ထမ်းတွေ ပါလား ။ အား ... နေရာကလည်း ဒေါ်ကြီးစိုး အိမ်ရှေ့ခန်း ။ ဟာ ဒါဖြင့် ပေါ်အူး ကော ၊ ဟော လာပါပြီ ။ သူ့ ဆရာ အမူး လွန်တဲ့ အခါမှာ ပြုစုနေကျ အတိုင်း ရေခဲအိတ် လက် က ကိုင် လို့ ၊ ကျွန်တော့် ပခုံး မှ ထူမ ပြီး ခေါင်း ပေါ် ရေခဲအိတ် တင်ပေး ပါသည် ။ 


“ နင့် အကောင် ကို ပြုစု မနေစမ်းပါနဲ့ဟယ် … ခေါင်း သာ ခွဲပစ်လိုက်ပါတော့ ”


ဒေါ်ကြီးစိုး က အံကြီး ကြိတ်ကာ စေတနာ ပိုပါသည် ။ ကျွန်တော့် မှာ မျက်နှာငယ်ကလေး နှင့် မော့်ကြည့်ပြီး …


“ ဟင် ဒေါ်ကြီး … ကျွန်တော် ဘာဖြစ်တာလဲ ”


“ အမယ် မေးနေရသေးလား ၊ နင်သေမလို့ ဟဲ့ သေမလို့ .. တောင်ပြုန်း မှာ အံဖတ် ဆို့ပြီး သေမလို့ဟဲ့ ”


ဤတွင်မှ သတိရ ကာ …


“ ဟင် တင်မောင်ကို ကော တင်မောင်ကို အို မဟုတ်ပါဘူး ။ ဆရာလေး ဦးဝင်းစိန် ”


“ ဟုတ်ပါဘူးတွေ လုပ်မနေပါနဲ့တော့ဟဲ့ ၊ နင်တို့ အကြောင်းတွေ ငါ အကုန် သိပြီ ။ နင့် အကောင် ဆေးရုံ မှာ .. ”


ကျွန်တော် မျက်လုံး ပြူးသွားကာ ...


“ အို …. ဘာပြုလို့လဲ ”


“ လူရိုက်လို့ဟဲ့ လူရိုက်လို့ ”


“ ဟင် ဘယ်သူ ရိုက်လိုက်တာလဲ ” 


“ ကျုပ်တို့ ရိုက်တာပဲ ”


ရဲဝန်ထမ်း တစ်ယောက် က ပြောလိုက်ရာ ကျွန်တော် အံ့အားသင့်ပြီး


“ ဘာပြုလို့လဲဗျာ ”


ဒေါ်ကြီးစိုး က ဖြတ်၍ ..


“ မူးလို့ ရမ်းလို့ ရိုက်တာပေါ့ဟဲ့ … မေးများ နေရသေးလား ၊ သူ့ ပါ ရိုက်လိုက်ဖို့ ကောင်းတယ်ကွယ် ”


ဟု ရဲဝန်ထမ်းများ ဘက် လှည့်ပြောလိုက်သည် တွင် ရဲဝန်ထမ်း တစ်ယောက် က ...


“ သူ က မူးပြီး .. မရမ်းဘူး ၊ လဲနေတာပဲ ။ ဟိုလူ ကတော့ ရမ်းတယ် ။ ကျုပ်တို့ အချုပ်ခန်း ထဲ သွင်းထား မလို့ လိုက် ဖမ်းတော့ ခုခံတာနဲ့ ရိုက်လိုက် မိတာ ၊ လက်လွန် သွားလို့ပါ ကြီးကြီး ရဲ့ … ”


ရဲဝန်ထမ်း က ဒေါ်ကြီး ကို တောင်းပန်သလို ပြောပါသည် ။ 


သို့သော် ဒေါ်ကြီး က …


“ အို ရိုက်လိုက်တာ ကောင်းတယ် ၊ ဒီကောင်မျိုး ငါ့ အိမ် မှာ ထား တော့မှာ လည်း မဟုတ်ပါဘူး ”


ဆိုပြီး ကျွန်တော့် ကို လက်ညိုး ထိုးကာ


“ ဒီဟာ ကို လည်း ဒီလို အခါမှာ ငါ့ အိမ် ယူလာဖို့ မကောင်းဘူး ၊ ဟိုမှာ ပဲ သေသေကြေကြေ ထားလိုက်ဖို့ ကောင်းတယ် ... မင်းတို့ တောင်ပြုန်း မှာ ထားစရာ နေရာ မရှိဘူးလား ”


“ အမူးသမားတွေ ထားတဲ့ အချုပ်ခန်း တော့ ရှိပါတယ် ။ ဒါပေမဲ့ “ တိုးတိ ကို ညွှန်ပြ၍ ” ဒီသူငယ်ကလေး က ကြီးကြီးတူတွေ လို့ ပြောတော့ ကျွန်တော့် ရာဇဝတ်အုပ် က ခိုင်းတာနဲ့ လာပို့ရခြင်း ဖြစ်ပါတယ် … ” 


“ ဘယ် ရာဇဝအုပ်လဲ ၊ မောင်အေးမြင့် ထင်တယ် ”


“ ဟုတ်ပါတယ် ”


“ သူ့ ကို ကျေးဇူး မတင်ဘူး ပြောလိုက်ပါကွယ် ၊ ကဲ သွားကြတော့ ငါ ရှက်လှပြီ ”


လူစု ကွဲသွားကြသော အခါ၌ ပေါ်အူး သည် ကျွန်တော့် ကိုယ် ကို သုတ်သင်၍ အဝတ်အစား လဲ ပေးပြီး အိပ်ရာ ပေါ် ပို့ပါသည် ။ 


ခေါင်းအုံး ပေါ် ရောက်၍ နဖူးပေါ်လက်တင်ပြီး စဉ်းစား လိုက်သော အခါ၌ ပထမ ကျွန်တော် တို့သည် ထမင်းဆိုင် တစ်ခု တွင် ယူလာခဲ့သော ဂျင်အရက် ကို သောက်၍ ပါးစပ် ကမြင်းကြခြင်း ၊ နောက် အမူး နည်းနည်း ပြေ လာသော အခါ၌ ခပ်ကြောင်ကြောင် ရှိသည် ဟု ဆိုပြီး အရက် လိုက်ရှာ ရာ နတ်ဝင်သည်မကြီး တစ်ယောက် တဲနန်း ရှိ ဘရန်ဒီပိုင့် တစ်လုံး ရ၍ သောက်ကြခြင်း ။ ထို့နောက် တစ်ခါ အာသာ မပြေ၍ ရှာကြပြန်ရာ ချက် အရက် သာ လိုချင် သလောက် ရ၍ ပထမ တစ်ပုလင်း ၊ နောက် တစ်ပုလင်း နောက် တစ်ယောက် တစ်လုံးစီ လက် က ကိုင် ပြီး လူတော ထဲ လျှောက် ၊ ပါးစပ် အရသာ ယူရင်း မကြာခဏ ပုလင်း ကို ထောင်ထောင် မော့ ( အရက် တို့ မည်သည် တကယ် မူးလာ လျှင် ပါးစပ် ထဲ ရေ လို ဖြစ်လာသည် ။ သောက် ချင် သလောက် သောက် ။ သတိ မမေ့မချင်း သောက်လို့ ဝင်သည် ) ဤစဉ် တိုးတိ မှာ ကျွန်တော် တို့ နောက်က ကြက်သားကြော်ထုပ် ကိုင် လို့ ...


ဒါပဲ ကျွန်တော် မှတ်မိတော့သည် ။ ကျန်တာ ကိုတော့ ယခုတိုင် မသိတော့ ။ ဂျင် ၊ ဘရန်ဒီ ၊ ချက်အရက် တို့ ရော သွား၍ ပွိုင်စင် ဖြစ်ခြင်း ( ချေးအန်ပြီး သေတောင် သေတတ်တယ်နော် ၊ အဲ့လောက် မသောက်ကြ နဲ့ ၊ အရက် တစ်ခုခု တစ်မျိုးတည်း မူးတာ က ဒါလောက် မဆိုးဘူး ။ )


နောက် တစ်နေ့ ၈ နာရီ လောက် မှ ကျွန်တော် အိပ်ရာ က ထနိုင်၍ မျက်နှာ သစ်ပြီး ပေါ်အူး လာ ပေးသော ဖရုဆော့လ် ကို သောက်ကာ လူ မှာ မအီမသာကြီး နေသဖြင့် အိပ်ရာ ထဲ ပြန် လှဲနေ လိုက်ရသည် ။ ခေါင်း ထဲ တွင် မူးကိုက်ကိုက်ကြီး အရက် နာ မိသည် ။ ကော်ဖီ ၊ လက်ဖက်ရည် တို့ကို သောက်လို စိတ် မရှိ ။ သခွားသီး ကဲ့သို့ အအေးစာ နှင့် အချဉ်အငန် သာ ခံတွင်း တောင်း နေသည် ။ ကျွန်တော့် အိမ် ဆိုလျှင် တော့ ပေါ်အူး သည် ဝမ်းဘဲပေါင်း မြူစွမ် နှင့် ကြက်သွန်ချဉ်စပ်စပ်ကလေး ပြုလုပ်ပေးပေလိမ့်မည် ။ ယခု ဤ ဘုရာ့အစ်မကြီး အိမ် မှာ တော့ သူ တတ်နိုင်သမျှ လိုင်းမ်ဂျူစ့် အေးအေးလေး တစ်ခွက် သာ သောက်နိုင်ရှာ၏ ။ ဒါလေး သောက်ရသည် ပင် တော်သေး၏ ။ ( ကန်တော့ ) ဝမ်း မြန်မြန်သွားသည် ဖြစ်၍ ၁ဝ နာရီ လောက်၌ လူလန်းဆန်း စ ပြုလာ သဖြင့် အဝတ်အစား လဲ နိုင်တော့သည် တွင် ပေါ်အူး ထံ မှ ကျွန်တော့် အခြေအနေ စုံစမ်း နေသော ဒေါ်ကြီးစိုး သည် ကျွန်တော့် ကို ခေါ်ပြီး စကား ပြောပါတော့သည် ။ 


ကျွန်တော် မှာ ဘဏ္ဍာငွေ ဆယ်သိန်း ပျောက် သွားသော မြို့အရာရှိ တစ်ပါး လို ကိုယ်လက်အင်္ဂါ ကြုံရုံ့ နေ သော်လည်း “ ဟင် ဟို မြို့မှာ ဆယ်သိန်း ပျောက်တာပဲ ” ဟူသော အမူအရာမျိုး ဖြင့် ကိုယ့် စိတ် ကို တင်း၍ သူ့ ရှေ့ ဆိုဖာ ပေါ် ထိုင်လိုက်သည် ၌ ဒေါ်ကြီးစိုး သည် မျက်နှာထား တင်းတင်း နှင့် ...


“ မောင်ဆွေ ၊ မင့် အတွက် တော့ ငါ့ မျှော်လင့်ချက် ကုန်ပါပြီကွယ် ။ မင့် ကို ငါ့ ဆီ ကို ခေါ်တဲ့ ရည်ရွယ်ချက် က ရတနာသီရိ နဲ့ နေရာ ချထားဖို့ပဲ ၊ ကောင်မလေး က ဘယ်လောက် တော် သလဲ ။ ဣန္ဒြေသိက္ခာ လည်း ပြည့် ၊ ရုပ် ရည် ကလည်း ပြောစရာ မရှိ ၊ ပစ္စည်း ဆိုတာလည်း တစ်ဦးတည်း သော သမီး ၊ သစ်စက် က တစ်လုံး ၊ ဆန်စက် က တစ်လုံး ၊ လယ်ဧက ၅ဝဝ ကျော် ၊ ဦးသီဟ က လည်း ငါ ပြောထားလို့ သဘောကျပြီး လာမယ့် ဆ-အ-သ-ရ အသင်း အတွင်းရေးမှူး အပြောင်းအလွှဲ မှာ မင်း အရွေးခံပြီး ပေးစားဖို့ ရှိ တော့တာ ။ အခုတော့ မင်း ဟာ ဥဒုမ္ဗရဒေဝီ ကို ရေသဖန်းပင် ပေါ် တင်ပြီး ပြေးတဲ့ သိဉ္ဒဝ ပဲ ။ ငါ့ အသည်း မှာ နာတယ် ။ ငါ့ တူလေး ကောင်းစေချင်လို့ နတ်ပြည်တင် ၊ ခွေးဖင် ဘုံ မှတ်ပြီး ဆင်းတဲ့ အကောင် ။ မင်း နဲ့ ဟို ဝင်းစိန် လို့ နာမည်လိမ် တင်မောင်ကို ဆိုတဲ့ အကောင် နဲ့ ဘယ်လို က ဘယ်လို ဆိုတာ မနေ့ က မောင်ဘဆောင် လာ ပြောလို့ ငါ အကုန် သိရပြီ ၊ မင်း ဘာပြောချင် သလဲ ”


ကျွန်တော် မှာ ဘာမျှ ပြောစရာ မရှိပါ ။ ဘဏ္ဍာတော် ပျောက်သော အရာရှိကလေး မှ သူပုန် ကြောင့် ဟု လွှဲချ နိုင်ပါသည် ။ ကျွန်တော် မူ တင် မောင်ကို ကို အပြစ် ဖို့ သော်လည်း ဖြစ်နိုင်တော့မည် မဟုတ်ပါ ။ မောင်ဘဆောင် ဆိုသူ မှာ ဗြဟ္မာစိုရ်အသင်း အတွင်းရေးမှူး အရွေးခံမည့် စက် ပိုင်သား တစ်ယောက် ဖြစ်ပါသည် ။ တင်မောင်ကို ရန်သူပေါ့ ။ သူ စုံစမ်း ထားပြီး အဆင်း ဖိတွန်း မှာပေါ့လေ ။


ဒေါ်ကြီးစိုး သည် လင်ငယ် နဲ့ လက်ပူးလက်ကြပ် မိနေသော အမျိုး သမီးကလေး လို ငိုင် နေသော ကျွန်တော့် မျက်နှာ ကို မျက်စောင်းကြီး ခဲ ကြည့်နေရာ မှ ...


“ ကဲ မင်း ငါ့ အရှက် လည်း ခွဲပြီးပြီ ၊ ငါ့ အစီအမံ လည်း ဖျက်ပြီးပြီ ၊ မင်း တိုင်းပြည် ပဲ မင်း ပြန်ပေတော့ ၊ ဟိုမှာ မင့် ဟာ မင်း ဘယ်လို နေနေ ငါ တော့ တစ်ခါက နှစ်ခါ မရှက်ပါရစေနဲ့ ၊ ဟိုအကောင် လည်း ပြောလိုက် ငါ့ အိမ်ရိပ် မနင်းနဲ့တော့လို့ ။ တတ်နိုင်ရင် မင်း သူ့ ပါ ခေါ်သွား ငါ စရိတ် ပေး လိုက်မယ် ။ ဒီကောင် မန္တလေး မှာ ကြာကြာ နေရင် ကျက်သရေ ယုတ်တယ် ။ ထွီ ဘုရား မှတ်လို့ ကိုးကွယ်ပါတယ် ၊ တကတည်း ဖွတ် မကဘူး ။ မိချောင်း ပါ ထွက်ပြ လိုက်တာပဲ ”


ဒေါ်ကြီးစိုး အတော် ပင် စိတ်မချမ်းသာရှာပါ ။ ကျွန်တော် မူ ဘာမှ မဖြစ် ။ ပြန်ပေတော့ ဆိုသည်နှင့်ပင် ထုံးစံအတိုင်း ဘဏ္ဍာငွေ ပျောက်ဆုံးမှု ပလပ် ပစ်လိုက် သလို ဝမ်းသာ၍ နေပါပြီ ။ သူတို့ ဥဒုမ္ဗရဒေဝီ နဲ့ တူတယ် ဆိုတဲ့ ရတနာသီရိ မရလို့ လည်း ကျွန်တော့် အဖို့ အရေးမကြီးပါ ။ အစဦး ကပင် ဖော်ပြခဲ့သည့် အတိုင်း ကိုယ့် ကိုယ် ကိုယ် အကျဉ်းထောင် ထဲ ဖောက် သွင်းသလို နေမယ့်ဟာမျိုး ။


တင်မောင်ကို အတွက် မှာ သူ တည်ဆောက် လာခဲ့သော ဗိမာန်ကြီး တောင်ပြုန်းပွဲရက် တစ်ရက် တည်း နှင့် ပျက်စီး သွားရ၍ ဝမ်းနည်းပက်လက် ဖြစ်နေရှာပါလိမ့်မည် ။


သို့သော် … သို့သော် ကျွန်တော် တို့ ထို ညနေ ဆေးရုံ ရောက်သွား သော အခါ၌ ဒီကောင် စိတ်ထားမျိုး ကို အံ့သြရ တော့သည် ။ အကြောင်း မှာ ကျွန်တော် က သူ့ အတွက် ဒေါ်ကြီးစိုး ပြောလိုက်သော စကားများ ကို စိတ် မချမ်းသာစွာ နှင့် ပြောပြသော အခါတွင် သူ သည် ကြိုတင် မြော်မြင်ပြီးသား ကဲ့သို့ လှုပ်ရှားခြင်း မရှိရုံမက ရွှင်လန်းစွာ ပင် ကျွန်တော့် ပေါင် ပုတ် လိုက် ပြီး ...


“ အေး အဲဒါ ၊ သူ နဲ့ ငါ ဖူးစာ ပါလို့ပဲကွ ”


ကျွန်တော် အံ့အားသင့်ကာ ...


“ ဟေ ဘယ်သူနဲ့ ပါရပြန်ပြီလဲ မင့် ကို ခင်ဖဲ က ပြန် အကပ် ခံဦးမှာ

လား ”


သူ သည် မျက်နှာ ကို ရှုံ့လိုက်ပြီး …


“ အဲ .. ဟိုမှာ ”


ဟု ဆိုသည်နှင့် ကျွန်တော် လှမ်း ကြည့် လိုက်ရာ တံခါးပေါက်ဝ တွင် ရိပ်ခနဲ ဖြတ် သွားသော လုံချည်နီ ဆရာမလေး တစ်ယောက် ကို မြင်လိုက် ရ သဖြင့် ...


“ ဘာလဲ နာ့စ်မလေး လား ”


“ အေး ချောတယ် မင်း မြင်ရရင် အံ့ဩမယ် ”


“ အင်း ... အံ့သြရပြန်ပြီ ”


“ ဟုတ်တယ် မင်း ၊ မင့် ခင်ဖဲ နဲ့ ရုပ်ရည်ချင်း မှာ အပြတ်အသတ် ၊ နို့ပြီး အလုပ် က ကော ကြည့်ဦး သူနာပြုဆရာမ ကွ ၊ မင့် ခင်ဖဲ လိုဟာကတော့ လူ ကို တကတည်း စားချင် တာ မစားရ ၊ သောက်ချင် တာ မသောက်ရ ၊ အခု ဒီလို နာ့စ်မမျိုးလေး ကတော့ ခေတ်မီမီ ဘိုဆန်ဆန် နဲ့ သောက်ချင် တာ သောက် ၊ စားချင် တာ စား ။ မင်း ဖျားချင် ဖျား လိုက်ဦးလေ ကောင်းကောင်း ကြီး ပြုစုပေးလိမ့်မယ် ။ ငါ အခု ဆေးရုံ ပေါ် ရောက် မှ အသိဉာဏ် ပေါ်လာ တယ် ။ မြင်းအုန်းခွံ ကျွန်ကုလား မယားတောသူ ဆိုတဲ့ စကား ကို မယား နာစ့်မ လို့ ပြောင်းရမယ်ကွ ။ တောက် ၊ ငါ ဆေးရုံ အရောက် နောက်ကျတယ် ကွာ ။ အလဟဿ အချိန်တွေ ကုန်နေတယ် ။ အခုတော့ ငါ ဒီ နာ့စ်မလေး ပဲ ယူဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီကွ ”


“ ဟေ့ မင်း က ဆုံးဖြတ်ချက် ချလိုက်ပြီ ။ သူ က မင့် ကြိုက်လို့လား ” 


“ ချစ်ပြီတဲ့ ဆရာ ”


“ ဟင် မြန်လှချည်လား ”


“ မြန်ဆို အခု မနက်ပဲ ၊ ငါ ကတော့ မနေ့ ကပဲ သူ့ ကို မြင်မြင်ချင်း ကြိုက် နေတာကွ ။ ဒါနဲ့ အခု မနက် ငါ့ အနာ ဆေး ထည့်ရအောင် လာတော့ ငါ က ရှင်းရှင်းပဲ မနေ့ က မြင်မြင်ချင်း ချစ်မိတဲ့ အကြောင်း အခု တစ်ညလေး စောင့် ရတာတောင် မှ တစ်ကမ္ဘာ လောက် ထင်တဲ့ အကြောင်း ၊ ငါ့ မှာ ဒီ အသက်အရွယ် အထိ အချစ် ဆိုလို့ တစ်ခါမှ မကြုံတွေ့ ဖူးပဲ အခုမှ သာ ဖူးစာရှင် မို့လို့ ဒီစိတ်မျိုး ပေါ်လာတာ ဖြစ်တဲ့ အကြောင်း ၊ အခု ဆေးရုံ ကို လည်း နတ်ကောင်း နတ်မြတ် ဖြစ်တဲ့ တောင်ပြုန်း မင်းညီနောင် က ကြံဖန် ပို့လိုက် တာ ဖြစ်ရမယ့် အကြောင်း ကျလောက် အောင် ဖွဲ့နွဲ့ ပြောတာပေါ့ကွာ ” 


ဒီကောင် ကို ကျွန်တော် သိပါသည် ။ ဂေါ်စကား ပြော ညံ့သူ မဟုတ်ပါ ။


“ အင်း … ဒါနဲ့ ကျရော့လား ”


“ အမယ် မကျသေးဘူး ဆရာ ၊ သူ က သူတို့ မိန်းကလေးတွေ ထုံးစံ အတိုင်း မူလကျီ လုပ် နေသေးတယ် ။ ဒါနဲ့ ငါ က အကြပ်ကိုင်ရော့ ဟေ့ ” 


“ ဘယ်လို အကြပ် ကိုင်သလဲ ”


“ ဒါကလည်း အလွယ်ကလေး ပါကွာ ။ “ နှမ က မှ မောင့် ကို မချစ်ဘူး ဆိုရင်ဖြင့် မောင် ဟာ ဒီအနာ နဲ့ပဲ သေပါရစေတော့ ဆေး မထည့်ဘူး ” လို့ ငြင်းတာကိုး ကွ ။ ငါ က သူ့ တင်ပါးလေး ကိုင် တော့တောင် “ ဟင့် လူတွေ မြင် ကုန်ပါလိမ့်မယ် တဲ့ ” ။ ဟီဟိ ဆူလွယ်နပ်လွယ် ဒါမျိုးမှ ကောင်းတာကွ ။ ဟို ခင်ဖဲ တို့ လို ဟာ က ကွာ ။ အလကား ယက္ခဂုမ္ဘာန် ဝန်းရံခဲ့တဲ့ အာသာဝတီ နွယ်နီနတ်ပန်းကြီး လိုလို ၊ ဘာလိုလို တကယ် ဆိုတော့ လက်ခုပ်ပွင့် ပါပဲ ။ အခု ငါ့ ကောင်မလေး နာမည် က မခင်မေ တဲ့ ကွ ၊ ရုပ်ချော သဘောကောင်း ”


ကျွန်တော် မှာ ဒီကောင် ၏ မစားရ ဝခမန်း စကား ကို နားထောင်နေရာ မှ ဆေးရုံ လူ နှင်ချိန် နီးလာပြီ ဖြစ်သဖြင့် ...


“ ဒါနဲ့ မင့် အနာ က ဘယ်လောက် ကြာ နေရမယ်တဲ့လဲ ” 


“ သုံးရက် ထဲ တဲ့ကွာ ၊ နည်းလိုက်တာ ”


“ ဒီလိုဆိုရင် ငါတို့ အခု ပြန်မယ့် လေယာဉ်ပျံပတ် နဲ့ အတော်ပဲ ။ မင်း လိုက်မယ် မဟုတ်လား ”


သူ သည် မျက်လုံး ဖြဲပြီး .. 


“ ဟ .. ဘယ် လိုက်နိုင်မှာလဲကွ ” 


“ ဘာဖြစ်လို့တုံး ”


“ မေးများ နေရလားကွာ ။ အခု ဒီ ဆရာမလေး နဲ့ ငါ့ အချစ် ဗိမာန်သစ် တည်ဆောက် နေပြီပဲ ။ မင့် ဒေါ်ကြီးစိုး အိမ် က ငါ့ ပစ္စည်းတွေ ကို သာ အောင် ဓာတ်ပုံတိုက် ကိုထွန်းရွှေ ဆီ ပို့ထားခဲ့ပါ ”


ဒီကောင် ကို ကျွန်တော် လက်လျှော့ ခဲ့ရ ပါတော့သည် ။ သို့သော် ကျွန်တော် တို့ ပြန်မည့်နေ့ ၌ လေယာဉ်ပျံကွင်း တွင် သူ့ကို အိပ်ရာလိပ် သေတ္တာ နှင့် တွေ့ ရပါသည် ။ ကျွန်တော် အံ့အားသင့် ကာ


“ ဟေ့ … တင်မောင်ကို မင်း ပြန် လိုက်တော့မလား ”


သူ မူ မျက်နှာငယ်ကလေး နှင့်


“ လိုက်ရတော့မှာပေါ့ကွာ ”


“ နို့ … မင့် အချစ် ဗိမာန်သစ် ကော ” 


“ ဂလွမ် ခဲ့ ပြန်ပြီလေ ”


“ ဟင် … ဘယ်လိုတုံး ”


“ ငါ နဲ့ … မန္တလေးသူ တွေ နဲ့ ကို အကျိုး မပေးဘူး ထင်ပါရဲ့ကွာ ။ ဒီ မှာ ကြည့်ပါဦး ။ ငါ ဆေးရုံ က ဆင်းတဲ့ နေ့ မှာ သူ့ နှုတ်ဆက်တော့ “ ရှင် အပြင် ရောက်မှ ဖွင့်ဖတ် ” ဆိုပြီး ပေးလိုက်တဲ့ စာ ကွ ”


      ကိုတင်မောင်ကို


ရှင့် ကို တကယ် ချစ်လို့ မဟုတ်ပါ ။ လူနာ နှင့် အဆင် မသင့် လျှင် စစ္စတာကြီး က ဆူလွန်လွန်းလို့ ကျွန်မ မှာ ဒီ ပြစ်ချက်တွေ ကလည်း ရှိနေ တာ နဲ့ အလုပ်ဝတ္တရား သဘော အရ မုသား သုံးရခြင်းပါ ။ ရှင့် လို လူ ကလည်း ရှားပါရဲ့ … တကယ်တော့ ကျွန်မ မှာ ချစ်သူ ရှိနှင့် လက်စွပ် လဲပြီးသားပါ ။


                ခင်မေ

   

⎕ သော်တာဆွေ


📖 ပေါ်အူး ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment