❝ ကြိုက်ပြီ ဆိုရင် အတည် ယူလိုက်ပေတော့ ❞
“ ဟေ့ ငါးပိ ဒီတစ်ခါ အတည် ပဲလား ”
“ အတည်ပဲ ဦးလေး ထပ် မပြောင်းတော့ဘူး ”
“ အေးကောင်း ”
ကျွန်တော့် တပည့်ကလေး ၊ နာမည်ရင်း ကို မမှတ်မိတော့ပါ ။ သူ့ သူငယ်ချင်းတွေ က နောက်ပြောင် ခေါ်သော ငါးပိ ဆိုသော နာမည် သာ တွင် နေပါတော့သည် ။ သူ က လည်း စိတ် မဆိုးပါ ။ အမြဲ ပြုံးပြုံးကလေးပါပဲ ။
အလွန် စီးပွား ရှာတဲ့ ကလေး ခင်ဗျာ ။ ကျောင်းသား ဘဝ ကတည်း က သူ့ ဆွေမျိုးများ ရှိရာ အောက်ပြည်အောက်ရွာ မှ ငါးပိ ၊ ငါးခြောက် အကောင်းစားကလေးများ သယ်လာပြီး အောင်လံ က ဈေး ထဲမှာ မရှက်မကြောက် ရောင်းလေ့ ရှိပါ၏ ။ ထို့ကြောင့် ငါးပိ ဟု တွင် သွားရခြင်း ဖြစ်ပါ၏ ။
ကျောင်းသား ဘဝ က ငါးပိ ရောင်းတယ် ။ ဆယ်တန်း အောင် တော့ ဝန်ထမ်း လုပ်တယ် ။ အလုပ် လုပ်ရင်း အဝေးသင် တက်တယ် ။ ဘွဲ့ရ သွားတယ် ။ နောက် အလုပ် က ထွက်တယ် ။ နာမည်ကြီး ထီကုမ္ပဏီ မှ ဆိုင်ခွဲဖွင့် ရောင်းတယ် ။ ဟော အခု ကျူရှင် ထောင်တယ် ။ ကျောင်းအုပ် လုပ်တယ် ။ သူ့ ကျူရှင် တစ်စတစ်စ အောင်မြင် လာတယ် ။ ကြီးပွား လာတယ် ။ အပေါင်းအသင်း များတယ် ။ တပည့် တွေ လေးစား အောင် နေတတ်တယ် ။
မပြောင်းတော့ဘူး ။ ဒါကိုပဲ ဆက် ကိုင်တော့မယ်တဲ့ ။
နောက် တစ်ယောက် ငါးပိ ရဲ့ သူငယ်ချင်း ပါ ပဲ ။ တစ် ကျောင်း တည်း တစ်တန်း တည်း ၊ သူ့ နာမည်ပြောင် က ငရွှိ ပါတဲ့ ။ ငါးပိ ရဲ့ သူငယ်ချင်း ဖြစ်သော ကြောင့် အလိုလို နေရင်း ငရွှိ ဖြစ်သွားရပါ သတဲ့ ။
ငရွှိ ရဲ့ အဖေ က လက်ဖက်ရည်ဆိုင် မှာ တီးဆရာ ။ အဲသည် တီးဆရာ ရဲ့ လက်ရာ ကြောင့်ပဲ အဲသည် လက် ဖက်ရည်ဆိုင် ဟာ လူ စည်တယ် ။ အသက်ကြီး လို့ နား လိုက်တော့ အရောင်း ကျ သွားလို့ ဆိုင်ရှင် က လက်ဖက်ရည်ဆိုင် ကို ဖြုတ်ပစ် လိုက်ရတယ် ။ သည် အထိ လက်ရာ ကောင်းတာ ။
ငရွှိ ဆယ်တန်း အောင်တယ် ။ ပထမ စာအုပ် အငှားဆိုင် ဖွင့်တယ် ။ နောက် ရွာ ကို ပြန် တယ် ။ လယ်တွေ ယာတွေ လုပ် တယ် ။ နောက် အလုပ် ပြောင်းတယ် ။ ဘယ် ရောက်လို့ ဘယ်ပေါက် မှန်း မသိဘူး ။
မနေ့တစ်နေ့ က သူ့ ဆီ က ဖုန်း ကျွန်တော့် ထံ ဝင်လာတယ် ။ မန္တလေး ရောက်ရင် ဆက်ဆက် ဝင်ခဲ့ပါ ။ မန္တလေး မှာ သူ့ လက်ဖက်ရည်ဆိုင် ၊ နာမည်ကြီးတွေ ထဲ မှာ ပါနေ တယ် ။
“ ဘယ်လိုလဲ ငရွှိ ”
“ ဒီ အလုပ် နဲ့ ကျွန်တော် နဲ့ အံကိုက်ပဲ ”
“ အေး အဲလိုဆို ”
“ ဟုတ်ကဲ့ဦးလေး ဒါကိုပဲ အတည် ကိုင်တော့မှာ ”
နောက် တစ်ယောက် သူ တို့ အုပ်စု ထဲကပဲ ၊ ဆယ်တန်း အောင် တော့ အဝေးသင် နဲ့ ဘွဲ့ယူတယ် ။ ကျောက် မျက်ရတနာကုမ္ပဏီ တစ်ခု မှာ အလုပ် ဝင် လုပ်တယ် ။ နောက် အလုပ် က ထွက်တယ် ။ သူနာပြု ဆရာမ သင်တန်း တက်တယ် ။
ဟိုနေ့ က သူ့ အမေ ကျွန်တော့် မိန်းမ ဒေါ်ခင်မိငယ် ရဲ့ သူငယ်ချင်းမ အိမ် ကို လာ တယ် ။ စင်ကာပူ ရောက် သူ့ သမီး သူနာပြုဆရာမ က ဝယ်ပေးတဲ့ ကား ကို သူ့ သား က တက္ကစီ ဆွဲပါသတဲ့ ။ သူ့ သမီး အခု အင်္ဂလန် ကို ရွှေ့ သွားပြီတဲ့ ။ သမီး က ဒါကိုပဲ ဆက်လုပ်တော့မှာတဲ့ ။
ကောင်းပါလေ့ ။
နောက် တစ်ယောက် က သူတို့ အုပ်စု ထဲက ပဲ ။ သူ က ကောင်လေး ။ သူ က ကျောင်း ပြီးတော့ အောင်လံ မှာ စတိုးဆိုင် ဖွင့်တယ် ။ အဲသည် နောက် ရန်ကုန် သွားပြီး ကွန်ပျူတာ သင်တန်း တက်တယ် ။ နောက် ပြည်မြို့ မှာ ဆိုင်ခန်း ငှားပြီး အရက်ဆိုင် ဖွင့်တယ် ။ စည်ဘီယာဆိုင် ။ အခု အဲဒါ မလုပ်တော့ဘူး ။ မုန့်မျိုးစုံ ဒိုင်ခံ ဖြန့်တဲ့ ဖြန့်ချိရေးသမား လုပ်တယ် ။
“ လေးလေးရေ ကျွန်တော် လဲ တော်တော် စုံခဲ့ပြီ ၊ ဒီ အလုပ်ဟာ ကျွန်တော် နဲ့ အဆင်အပြေဆုံးပဲ ။ ကျွန်တော် က ထွတ်အောင် ရောင်းတတ်တယ် ၊ ရအောင် တောင်းတတ်တယ် ။ ပြီးတော့ သူ က ကွန်ပျူတာ တက်ဖူးတော့ စိတ်ကူးစိတ်သန်း ကောင်းတယ် ။ ကြော်ငြာ တတ်တယ် ။ ဝင်ငွေ ကောင်းတယ် လေးလေး ကျွန်တော် ဒီ အလုပ်ကိုပဲ ”
“ အေး ငါ သဘောပေါက် ”
ဟီးဟီး သည် တစ် ခါ ကျွန်တော့် အလှည့်ဗျာ ။
မောင်ချမ်းသာ နွား ကျောင်းတယ် ၊ နှီး ဖြာတယ် ၊ တောင်းတွေ ပလုံးတွေ ရက်တယ် ။ ဆယ်တန်း အောင်တော့ ရန်ကုန် ရောက်တယ် ။ လုပ်သားများ ကောလိပ် မှာ တက်တယ် ။ အောက်တန်းစာရေး ၊ အလုပ်သင်စာပြု ၊ သတင်းထောက် ၊ လက်ထောက်အယ်ဒီတာ ၊ မှောင်ခိုဈေးသည် ။ တော ပြန် ရောက် ၊ လယ်သမား ၊ ယာသမား ဖြစ် ၊ ကုန် ကူးတယ် ၊ ကြက် မွေးတယ် ၊ အမွေးရှည် ယုန်တွေ မွေးတယ် ။ နောက် မြေပဲဆားလှော်သည် ဘဝ။
ထပ် မပြောင်းတော့ဘူး ။ လုပ်သက် အနှစ် နှစ်ဆယ် ပြည့်တော့ မယ် ။ အသက်ကြီး သွားလို့ မဟုတ်ဘူး ။ သည်အလုပ် နဲ့ ကျွန်တော် နဲ့ ကိုက် လို့ မပြောင်းတော့တာ ။
လူတွေ ၊ ကျွန်တော်တို့ ... ။
လုပ် ကြည့်တယ် ၊ လုပ် ကြည့်တယ် ။
အဆင် ပြေမလား ၊ အဆင် ပြေမလား ။ မပြေဘူး ၊ မပြေဘူး ။ မကိုက်ဘူး ၊ မကိုက်ဘူး ။
ပြောင်း ဦးမှ ၊ ပြောင်း ဦးမှ ။ ပြောင်း ကြည့်တယ် ၊ ပြောင်း ကြည့်တယ် ။ တည့် သွားပြီ ၊ တည့် သွားပြီ ။ အံကိုက် ဖြစ်သွားပြီ ။ အလုပ် ဖြစ်သွားပြီ ။ ဂွင် မိ သွားပြီ ။
မပြောင်းနဲ့တော့ ၊ မပြောင်းနဲ့တော့ ။ မပြောင်းတော့ဘူး ၊ မပြောင်းတော့ဘူး ။
( လူငယ် စီးပွားရေးသမားကလေး များသို့ အထူး ရည်ညွှန်းပါသည် ။ ခြောက် ဆယ် ကျော် များ ဖတ်ရန် မလိုပါ ။ )
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၅ နိုဝင်ဘာ ၊ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment