❝ မကြာ ခန ❞
━━━━━━━━━━━━━━━━
ဇေယျကျော် ( မြောက်ဒဂုံ )
━━━━━━━━━━━━━━━━
ကောက်ကြောင်းလေး နောက်ကိုပစ်
ဖုထစ်ပြီး ချစ်ချင်စရာကွယ်
သည် သူငယ်မှ တကယ့်ကိုလှ
ပင်ကိုယ်မှ ဟုတ်ပါ့မလား ။
သိချင်ရင် အလွယ်သား မင့် အပ်ပါသလား ။
စိုးစိတ်ကယ်ပို ရင်ဖိုမိသား
မလွှဲသာဆင်းခဲ့ရ
အင်း ...
ဆက်သိချင်သား ။
ကဗျာဆရာ ‘ ခင်နန္ဒ ’ သည် ကဗျာလေး ကို ဖတ်ရင်း ကျေနပ် အားရ နေသည် ။ ခေါင်းလေး တညိတ်ညိတ် နှင့် အခေါက်ခေါက် အခါခါ ပြန်ဖတ်နေသည် ။ သည် ကဗျာ ကို သာ တွေ့လိုက်လို့ ကတော့ အယ်ဒီတာ က ကြိမ်းသေပေါက် ရွေးလိမ့် မည် ဟု ကိုယ့် ငါးချဉ် ကိုယ် ချဉ်ပြီး အမှတ်ပြည့် ပေးလိုက်၏ ။ ထိုစဉ် တစ်ခုခု ကို သတိရ လိုက်သည် ။ အခြား မဟုတ် ။ ကဗျာစာမူ ကို အယ်ဒီတာ့ ထံ သို့ မပို့ခင် အရင်ဆုံး ပေးဖတ်ရမည့် အရေးကြီးပုဂ္ဂိုလ် တစ်ဦး ရှိသေးသည် ။ သူ ကား အိမ်သူသက်ထား ချစ်မယား “ မကြာ ” ဖြစ်၏ ။ နာမည် အရင်း “ မြကြာဖြူ ” ဖြစ်သော်လည်း ဘာပဲ လုပ်လုပ် ကြန့်ကြာတတ် လွန်း သောကြောင့် ‘ မကြာ ’ ဟု အမည် တွင်သွားခြင်း ဖြစ်သည် ။ သူတို့ နှစ်ယောက် ဖူးစာ ဆုံကာ ပေါင်းဖက်ကြရ သော်လည်း နေရပ်ချင်း ကား နီးစပ်လှသည် မဟုတ် ။
အများသူငါ က ... ‘ ခန ’ ဟူသော အသံ ထွက်ဖြင့် ဝိဂြိုဟ်ပြု ထားကြသော ကဗျာဆရာ “ ခင်နန္ဒ ” ၏ ငယ်နာမည်ရင်း ကား“ အာနိုး ” ။ သူ က ရန်ကုန်သား မဟုတ် ။ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဇုံ ဒေသ တစ်ခု မှ ဖြစ်၏ ။ “ အာနိုး ” ဟူသော အမည် ကြောင့် မောင်စကြဝဠာဘွဲ့ ရ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ကို ပြေးမြင်မိကြပေမည် ။ “ အာနိုး ” ကား ထို မင်းသားကြီး နှင့် တခြားစီ ပင် ။ စာဖတ်သူ များ မျက်စေ့ ထဲ၌ ကွက်ကွက်ကွင်းကွင်း မြင် လာအောင် ပြောရမည် ဆိုလျှင်တော့ ဘရာဇီး ဘောလုံးသမား “ ရော်နယ်ဒင်ဟို ” ကို သာ ညွှန်ပြ ရ ပေတော့မည် ။
အာနိုး ၏ မိခင် အလောင်းအလျာ မှာ ရွှေရင်သိမ်းသစ် အပျိုဘော် ဝင်စ အရွယ် မှာပင် လူပျိုပေါက်စ , သူငယ်ချင်း ဖြစ်သူနှင့် အချစ် လက်တည့် စမ်းရင်း အမှတ်မထင် ကိုယ်ဝန် ရှိသွားရာ မှ မျက်စိလည် လမ်းမှားပြီး အိမ်ထောင်ကျ သွား ခဲ့ရ၏ ။ နှစ်ယောက်စလုံး ကလေးသာသာ အရွယ် မို့ အများက ‘ ကလေး လင်မယား ’ ဟု နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြရ၏ ။ ငယ်ရွယ်သူ မို့ ကိုယ်ဝန် ကို မထိန်းသိမ်းတတ် ။ ယောက်ျား ကလည်း ဘာမှ နားမလည် ။ ထို့ကြောင့် အာနိုး ကို လ မစေ့ဘဲ မွေးဖွားခဲ့ ရသည် ။
မိခင် ဝမ်းတွင်း မှ ကျွတ်ထွက်လာသည့် ‘ အာနိုး ’ လူကောင်သေးသေးလေး မှာ ခေါင်း ကကြီးကြီး မျက်လုံး က ပြူးပြူး ပါးစပ် က ပြဲပြဲ နားရွက် က ကားကား နှင့်မို့ လက်သည်ကြီး ခမျာ ‘ ဘီလူးလေး ’ မွေးသည် ဟု လန့်ဖျပ်ပြီး သတိလစ်မတတ် ဖြစ်ခဲ့ ရသည်ဆို၏ ။
“ ကြီးပွားမည့် အကောင် တပြောင်ပြောင် ” ဆို သလိုပင် ။ ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ပုခက်တွင်း ၌ တေးဆို ချော့သိပ်လျှင် အင်မတန် သီချင်း ရွေး၏ ။ ဆိုချင်သည့် သီချင်းကို ဆို၍ မရ ။ အာနိုး က ကာရန် နဘေ ပါသော သားချော့တေးမျိုး တွေ ကိုသာ နှစ်ခြိုက်သည် ။
ဥပမာ
လူလေးလေးရယ်ငို ခိုဖမ်းလို့ပေး
ချိုဖြူခိုပြာနက်ကယ်
ဖမ်းခက်လှသေး
အနှီ သီချင်းမျိုး ဖြစ်၏ ။ သို့မဟုတ် လျှင် ငယ်သံပါ အောင် အာခေါင် ခြစ်၍ အော်လိုက်မည် မှာ တစ်မိုးလုံး ပွင့်ထွက် သွားလောက်သည် ။
‘ အာနိုး ’ အချိန်တန် အရွယ်ရောက်သော် လေးတန်းစာမေးပွဲ အောင်ရန် ကိုပင် မနည်း ကြိုးစားခဲ့ရ၏ ။ မြန်မာစာ တွင် ထူးချွန်သလောက် ကျန်သည့် ဘာသာရပ် များတွင် ဘဲဥ မှ မတက်ချင် ။ သူ သည် တွေ့ သမျှ ကဗျာအားလုံး အလွတ် ရနေတတ်၏ ။ အတန်း ကြီးလာတော့လည်း အချိန် ရှိသရွေ့ ကဗျာစပ် နေတတ်သည် ။ ဘာမှ ခိုင်း၍ မရ လက်ကြော ကလည်း မတင်း ။
“ ဟေ့ကောင် , အာနိုး ၊ မင်း, ကဗျာဆရာ ဖြစ်ချင်ရင် ၊ ဒို့ရွာ မှာတော့ ဖြစ်မှာ မဟုတ်ဘူး ၊ မြို့ တက်မှ ဖြစ်နိုင် မှာကွ ”
သူငယ်ချင်း တစ်ယောက် ၏ စကားကြောင့် မိဘများ ၏ ဆန္ဒ ကို ဆန့်ကျင်ပြီး ၊ မြို့တက် လာခဲ့သည် ။ မြို့မှာ သူ့ အရင် ရွာ မှ ထွက်လာသူ ‘ လှမိုး ’ ရှိ၏ ။ ဘုန်းတော်ကြီး ကျောင်း တွင် နေပြီး ငှက်ပျောခိုင် ကို ပခုံး ထမ်း၍ လိုက်လံ ရောင်းချခြင်းဖြင့် ၊ အသက်မွေး၏ ။ အာနိုး ရောက်လာတော့ လှိုက်လှဲစွာ ကြိုဆို၏ ။ နေရေး အတွက် ပူစရာမလို ။ ဆရာတော်ကြီး က သဘောကောင်း၏ ။ စားရေး အတွက်ကား လှမိုး က တာဝန်ယူသဖြင့် အာနိုး အတွက် ရေကန်အသင့် ကြာအသင့် ပင် ။
‘ လှမိုး ’ ဈေးရောင်း ကောင်းသည့် နေ့များ၌ အပြင် ထွက်ပြီး စားကောင်း သောက်ဖွယ်များ စားသောက်နိုင်ကြ သော်လည်း အဆင် မပြေသည့် နေ့တွင်မူ ရောင်း မကုန်သည့် ငှက်ပျောသီးများ ကို ဟင်း အဖြစ် စားရ၏ ။ ဆရာတော်ကြီး က ပုံမှန် ထမင်း ကျွေးသော်လည်း မိမိတို့ နည်းတူ ရွာမှ တက်လာပြီး မှီခိုသူတွေ များပြား နေသဖြင့် အလိုက်တသိ နှင့် ငြင်းပယ် ခဲ့ရခြင်းဖြစ်သည် ။
အာနိုး သည် သူ ရေး ထားသော ကဗျာများ အနက် ကောင်းနိုးရာရာများ ကို ရွေးချယ်ပြီး မှတ်သား ထားဖူးသော မဂ္ဂဇင်း ၊ စာစောင်များ ၏ လိပ်စာများ အတိုင်း လိုက်ပို့ လေတော့သည် ။ ရွာ မှာ နေစဉ်က သူ အပတ်တကုတ် ရေးသားခဲ့သော ကဗျာများ , အပေါင်းအသင်း သူငယ်ချင်းများ က ‘ ကောင်းလှပါသည် ၊ ထိမိလှပါသည် ’ ဆိုကာ ချီးကျူးရင်း စားသောက် သွားခဲ့ကြသည့် ကဗျာများ မှာ လက်တွေ့ ဘဝ၌ အဆင့် မမီသော ကဗျာများ ဖြစ်နေသည် ကို သိလိုက်ရသည် ။ မဂ္ဂဇင်း, ဂျာနယ်တိုက် များ၌ တွေ့ခွင့်ရသည့် အယ်ဒီတာ အချို့က ...
“ ညီလေး ကဗျာ တကယ် ရေးတော့မယ် ဆိုရင် ကဗျာ ကို များများ ဖတ်ပါ ။ ကြိုက်တဲ့ ကဗျာတွေကို အလွတ် ရတဲ့ အထိ ကျက်ထားပါ ။ အခု ခေတ်ပေါ် မော်ဒန်ကဗျာ ကို လည်း လေ့လာပါ ၊ ဆန်းသစ်တဲ့ အတွေးအခေါ် ၊ ထိရှတဲ့ စကားလုံး တွေ သုံးပြီး ရေးဖွဲ့နိုင်အောင် ကြိုးစားပါ ။ အစ်ကိုတို့ လည်း ဒီဘဝ ကို ရောက်အောင် ညီလေး တို့လို အောက်ခြေ က နေပြီး ကြိုးစားခဲ့ရတာ ... ဘာမှ အားမငယ်နဲ့ ။ များများ ဖတ် များများ ရေးပါ ၊ အရည်အသွေး တက်လာရင် အစ်ကိုတို့ သုံးပေးပါ့ မယ် ” ဟု ဆိုကြသည် ။
သွေးသစ်လောင်း ပေး လိုက်သည့် အားပေး စကားကြောင့် အာနိုး သည် နေ့မအား ညမနား စာဖတ်သည် ။ ခေတ်ပေါ်ကဗျာ ကို အဓိက ထားပြီး နားလည် အောင် ကြိုးစားသည် ။ ဖတ်ရင်း က ဦးခေါင်း တစ်ခုလုံး ချာချာလည် လာသည် ။ ကြိုးစား၍ ရေးကြည့်သည် ။ အနီးစပ်ဆုံး ပေးဖတ်သည့် ‘ လှမိုး ’ က ပင် ‘ ဘယ်လိုမှ ခံစားလို့မရ ’ ဟု ဆိုလာသည် ။
တစ်နေ့တွင် လှမိုး သည် ဘာစိတ်ကူး ပေါက်သည် မသိ ။ မေးစေ့ ကို အသာ ပွတ်ပြီး ..
“ ဟေ့ကောင် အာနိုး , ကဗျာဆရာ ဆိုတာ ကလောင်နာမည် လှလှလေး ရှိရတယ်ကွ ၊ မင်း က ‘ အာနိုး ’ ဆိုတဲ့ နာမည်ကြီး နဲ့ ကဗျာတွေ ရေးပို့နေတော့ ၊ ကီးမကိုက် လို့ အပယ်ခံ နေရတာ ဖြစ်မယ်ကွ ” ဟု ပြောလာသည် ။
ဆရာကြီး ဟန်ပန် အပြည့်နှင့် ပြောနေသော လှမိုး ကို ကြည့်ပြီး အာနိုး တစ်ယောက် မျက်လုံးလေး ပေကလပ် ပေကလပ် နှင့် နားထောင် နေသည် ။
“ ဒီတော့ မင်း ကို ကလောင် နာမည် လှလှလေး တစ်ခု ရွေးပေးမှ ဖြစ်တော့မယ် ”
စကား ကို ဆက်မပြော ၊ မေး ကိုသာ တွင်တွင် ပွတ်ရင်း အထက်သို့ မော့ကြည့် နေရာ အာနိုး ဆန့်တငင်ငင် ဖြစ်လာ၏ ။
“ အေး ဒါဆို , လုပ် ... လုပ်ပါကွာ ”
“ အင်း , ရှေးစာဆိုကြီးတွေရဲ့ နာမည် လည်း ဆင်ဆင် ပါသွားအောင် ၊ ‘ ခင်နန္ဒ ’ အေး , ဟုတ်ပြီ ၊ ‘ ခင်နန္ဒ ’ ၊ ကဗျာဆရာ ‘ ခင်နန္ဒ ’ ကဲ ဘယ့်နှယ်လဲ ”
အာနိုး သည် လှမိုး ၏ မျက်နှာ ကို ငေးကြည့်ရင်း စဉ်းစားနေ၏ ။ ပြီးမှ ဘာမပြော ညာမပြော နှင့် လက်သီးလက်မောင်း တန်းပြီး ..
“ ကဗျာလောက ကို ဖိန့်ဖိန့်တုန်အောင် အစွမ်းပြမယ့် ကဗျာဆရာ ‘ ခင်နန္ဒ ’ တဲ့ ဟေ့ ... ” ဟု ပေါကြောင်ကြောင် ကြွေးကြော် လိုက်လေတော့၏ ။
••••• ••••• •••••
အာနိုး သည် ‘ ခင်နန္ဒ ’ ဟူသော ကလောင်နာမည်သစ် ဖြင့် ကြိုးစား ရေးဖွဲ့ပြီး ကဗျာများ ကို မဂ္ဂဇင်းတိုက် များသို့ပို့၏ ။သို့သော် အခြေအနေ ကား ထူးမခြားနားပင် ။
“ လှမိုး ရေ, မင်း ဆီကို ငါ ရောက်လာတာ တစ်နှစ် တောင် ပြည့်တော့မယ်ကွာ ၊ မင်း, မငြိုမငြင် နဲ့ ငါ့ ကို ကျွေးထားတာလည်း ကျေးဇူး တင်ပါတယ်ကွာ ၊ မင်း က ဘာမှ မပြောပေမယ့် အားနာလှပါပြီ ဖြစ်နိုင်ရင် ငါ လည်း အလုပ်ကလေး တစ်ခုလောက် လုပ်ချင်တယ်ကွာ ၊ မင်း လိုပဲ ... ဈေး ရောင်းရ ... ရောင်းရ ... လုပ်ပါ့မယ် ”
လှမိုး သည် မျက်နှာငယ်လေး နှင့် ပြောလာသော “ အာနိုး ” ကို ကြည့်ပြီး သနား သွားသည် ။ အာနိုး ကား လူကောင် သေးသေး နွဲ့နွဲ့လေး ။ သည်အလုပ် က ငှက်ပျောခိုင် ကို ပခုံးထမ်းပြီး တစ်နေကုန် လျှောက်သွား နေရသော အလုပ် ဆိုတော့ ။ လှမိုး သည် ... တွေးရင်း ...
“ မဖြစ်ပါဘူးကွာ ၊ မင်း, အေးအေးဆေးဆေး သာ နေပါ ၊ မင်း ရည်မှန်းထားတဲ့ ကဗျာဆရာကြီး တစ်ယောက် ဖြစ်အောင်သာ ကြိုးစားပါ ၊ ငါ စားရ သလိုတော့ စားရ ပါစေမယ်ကွာ ”
“ မဟုတ်ပါဘူး သူငယ်ချင်း ရာ ၊ ငါ လည်း သည်အတိုင်း ထိုင်နေရတာ ထက် စာရင် အပြင်မှာ သွားလာလှုပ်ရှား နေရတာ ပိုပြီး အကျိုးရှိမယ် ထင်လို့ပါကွာ ၊ တစ်ဖက်တစ်လမ်း က ဝင်ငွေ ရလာရင်လည်း မင်း အသက်ရှု ချောင်တာပေါ့ ၊ ငါ့ ကို တကယ် ခင်တယ် ဆိုရင် ကူညီပါကွာ ”
“ အေး, မင်းဆန္ဒ ရှိတယ် ဆိုရင်တော့ ငါ့အသိ “ ဦးကျော် ” ဆိုတာ ရှိတယ် ၊ လမ်းဘေး ပလက်ဖောင်း မှာ စာအုပ်တွေ ချရောင်းတယ် ၊ အကူ တစ်ယောက် လိုတယ် လို့ ငါ့ ကို ပြောထားဖူးတယ် ၊ မင်း စမ်းကြည့်မလား ”
“ ဟာ , ကျေးဇူး တင်လိုက်တာကွာ ၊ ငါ လုပ်ချင်တယ် ”
“ အေး ဒါဆိုလဲ , မနက်ဖြန် မနက် ငါ နဲ့ လိုက်ခဲ့ပေါ့ကွာ ”
ဤသို့ဖြင့် အာနိုး တစ်ယောက် လမ်းဘေးပလက်ဖောင်း စာအုပ်ရောင်း သမား ဘဝ သို့ ရောက်သွားလေတော့၏ ။ “ ဦးကျော် ” မှာ သဘောကောင်း ၊ မွန်ရည်သူ တစ်ယောက် ဖြစ်၏ ။ အာနိုး ၏ ဘဝ ကို သိလိုက်သော အခါ စာနာစိတ် ဖြင့် အတတ်နိုင် ဆုံး ကူညီမည် ဟု အားပေး၏ ။ နောက် စာအုပ်ပုံထဲ မှာ ကြိုက်ရာ စာအုပ်ကို ဖတ်ရှုခွင့်ပြု လေရာ အာနိုး တစ်ယောက် စိုင်ကော်လို့ခြုံပေါ်ရောက်သည့်နှယ် အချိုရှာ ... သကာ တွေ့ လေပြီ ။ ဦးကျော် ကို ထိုင် ရှိခိုးတော့ မလို ကျေးဇူး တင်ရတော့၏ ။
ရောင်းကောင်းသည့် နေ့များ၌ မြိုးမြိုးမျက်မျက်ကလေး ရတတ် သလို ရောင်းမကောင်းသည့် နေ့များ မှာတော့ လက်ဖက်ရည်ဖိုး ၊ ထမင်းဖိုး နှင့် လမ်းစရိတ် တော့ ပေးလိုက်သည်ချည်း ဖြစ်၏ ။ စာအုပ် ရောင်းရင်း ဘဝတူ မိတ်ဆွေတွေ နှင့် ဆုံစည်း ရသည် ။ သူ့ ဘဝ ကို စာနာသနားကြ သဖြင့် အတတ်နိုင်ဆုံး နည်းပေးလမ်းပြ ပြုကြ သည် ။ နားလည်တတ်ကျွမ်း သမျှ သင်ပေးကြလေရာ သူ့ ကဗျာများ မှာ တဖြည်းဖြည်း နှင့် လက်ရည် တက် လာပြီး မဂ္ဂဇင်းများ တွင် ကြိုကြားကြိုကြားဖေါ်ပြခြင်းခံလာရ၏ ။ အာနိုး ၏ နာမည် မှာ လည်း ကလောင်အမည် “ ခင်နန္ဒ ” ကို အကြောင်းပြု၍ “ ခန ” ဖြစ်လာတော့၏ ။
ပထမဆုံး ပုံနှိပ်စာလုံး ဖြင့် ပါလာသော မဂ္ဂဇင်းစာအုပ်ကလေး ကို တယု တယ နှင့် ကိုင်၍ ကြည့်မဝ ၊ ရှုမဆုံး ဖြစ်နေသည် ။ ကြွား၍ လည်း မဆုံးတော့ ။ ဦးဦးဖျား ဖျားရ သည့် စာမူခလေး ကို အပေါင်းအသင်း အားလုံး စု၍ လက်ဖက်ရည် တိုက်ရာ မလောက် မငှ ဖြစ်နေသဖြင့် “ ဦးကျော် ” ပင် စိုက်ရသည် ။ “ ခင်နန္ဒ ” ခေါ် “ ခန ” ၏ အပျော်ကား အားလုံးသို့ ကူးစက်သွားတော့သည် ။ ကာယကံရှင် “ ခန ” ကား ခုန်ချင် သလိုလို ၊ ပေါက်ချင် သလိုလို ကျွမ်း ပစ်ထိုးလိုက်ချင် သလိုလို ဖြစ်နေတော့၏ ။ ဤသည်ကား “ ခန ” ဟု အများက ... အဖျားဆွတ် ၍ ခေါ် နေကြသော ကဗျာဆရာ “ ခင်နန္ဒ ” ခေါ် အာနိုး ၏ အကြောင်းပင်တည်း ။
••••• ••••• •••••
‘ မြကြာဖြူ ’ မှာ ရွှေမြိုင်သူစစ်စစ်ဖြစ်၏ ။ ရွှေမြိုင်သူဖြစ်၍ လုံးကြီးပေါက်လှ ဆိုသော် မှားအံ့မထင် ။ ဗွီဒီယို နှင့်ရုပ်ရှင်သရုပ်ဆောင် “ ကြူကြူသင်း ” နှင့်ဆင်ဆင် တူသည် ။ အခြေအနေ အရပ်ရပ်ကြောင့် ရန်ကုန်မြို့ သို့ရောက်လာပြီး ၊ အဒေါ် ဖြစ်သူ ထံတွင် မှီခို နေထိုင်နေသူ ဖြစ်သည် ။
မြကြာဖြူ သည် တောင့်တင်းကြံ့ခိုင်သော ကိုယ်ခန္ဓာ နှင့် လိုက်ဖက်ညီစွာ စိတ်ဓာတ် ကလည်း ဆတ်ဆတ်ထိ မခံ ။ မိမိ အပေါ် ကြောသည် ဟု ထင်လျှင် ကာလ ဒေသနေရာ အချိန်မရွေး နပမ်းသတ်ဝံ့သူ ဖြစ်၏ ။ တော်တန်ရုံ ယောက်ျား တစ်ယောက် ကို ခါးစောင်း တွင် တင်၍ ပေါက်ပစ်နိုင်၏ ။ တစ်ခါက အမူးသမား တစ်ယောက် သူ့ ကို ရိသဲ့သဲ့ လုပ်သဖြင့် ပုဆိုးစ ကိုဆွဲပြီး ခါးစောင်းတင် ၍ ပေါက်ပစ် လိုက်ရာ ထို အမူးသမား ခမျာ အိပ်ရာ ထဲ၌ တစ်ပတ်ခန့် အနားယူ လိုက်ရ၏ ။ သည့် နောက်ပိုင်း ‘ မြကြာဖြူ ’ ကို ဘယ်သူမျှ မစ, ဝံ့တော့ ။ အကျိုးဆက်ကား ၊ ချစ်သူရည်းစား မရှိ ၊ အပျိုကြီး ဘဝမှ ကျွတ်လမ်း မမြင်တော့ခြင်းပင် ။
သူ့ ခမျာ ၊ နာမည်ရင်း “ မြကြာ ” ဖြစ်သော်လည်း ဘာပဲလုပ်လုပ် ကြန့်ကြာ တတ်လွန်းသဖြင့် “ မကြာ ” ဟု အမည် တွင် သွားရှာသည် ။ စိတ်ဓာတ် က ကျွတ်ဆတ် ဆတ် နိုင်သော်လည်း အံ့ဩဖွယ် ကောင်းသည်မှာ ကဗျာ ချစ်တတ်ခြင်း ပင်ဖြစ်၏ ။ အသွင် မတူသော သူတို့ နှစ်ဦး ၏ မြှားနတ်မောင် မှာ ကဗျာလေးများ ပင် ဖြစ်နေတော့ သည် ။
“ မကြာ ” သည် “ ခန ” ကို မြင်ဖူးသော်လည်း လုံးဝ ကြည့်မရ ။ စာပေသမား ဟန် အပြည့် ၊ ဆံပင် က ညှင်းသိုးသိုး ၊ ဆေးပေါ့လိပ် ကို လက်ကြား က မချ ၊ အဝတ်အစား တွေ ကလည်း မီးပေါက် အပြည့် ၊ တွေ့လိုက်လျှင် လည်း လက်ဖက်ရည်ဆိုင် မှာ ချည်း ၊ အလုပ်အကိုင် က မရှိ ၊ အားအားလျားလျား အချိန်ဖြုန်း နေသူ ဆန်ကုန်မြေလေး တစ်ယောက် ဟု မြင်ထား၏ ။ “ မကြာ ” ၏ အကြောင်း က ပန်းသတင်း လေညှင်း ဆောင် လေတော့ ကြားဖူးထားသော “ ခန ” ခမျာ စေ့စေ့မျှပင် မကြည့်ရဲ ။
သူတို့ နှစ်ဦး တွေ့ဆုံအောင် ဖန်တီးလာသော တနင်္ဂနွေ ။ ထိုနေ့တွင် “ ခန ” နှင့် “ လှမိုး ” တို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေကြခိုက် “ မကြာ ” နှင့် “ မြသွေး ” တို့ စာအုပ်ဆိုင် သွားရင်း သူတို့၏ အနီးမှ ဖြတ်သွားကြ၏ ။ ထိုစဉ် မြသွေး က ...
“ မကြာ ”
“ ဘာလဲ ဟ ”
“ နင် တစ်ခါက သဘောကျတယ်လို့ ပြောဖူးတဲ့ ကဗျာဆရာ “ ခင်နန္ဒ ” ကို မြင်ချင်သလား ”
“ ဟေ ”
ဝမ်းသာသွားသော “ မကြာ ” ၏ မျက်လုံး အစုံမှာ သောက်ရှူးကြယ်ညီနောင် နှယ် ဝင်းလက်တောက်ပ သွား၏ ၊ နောက် ပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်လိုက်ရင်း ...
“ နင် ငါ့ ကို မနောက်နဲ့နော် ”
“ နောက်စရာလားဟာ ၊ နင့် ကို ငါ တကယ်ပြောတာ ဟ ”
“ ဟင် , ဒါဆို ဒီ အနားမှာ ရှိလို့လား ”
“ အေး, ရှိတယ် ၊ လက်ဖက်ရည်ဆိုင် ထဲမှာ ”
“ မကြာ ” ဆိုင် ထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်၏ ။ ဆိုင်တွင်း ၌ လူရှင်း နေပြီး “ ခန ” နှင့် “ လှမိုး ” နှစ်ယောက် သာ ထိုင်နေလျှက် ရှိရာ မျက်နှာ ကို တစ်ချက် ရှုံ့မဲ့လိုက်ပြီး ...
“ နင် ကလဲ ဟာ ၊ မဟုတ်တာ လုပ်ပြန်ပြီ ၊ ဟို ငနာ နှစ်ကောင် ပဲ ရှိတာ ”
“ အေး , အဲဒီ နှစ်ကောင် ထဲ က ဧရာမကိုယ်လုံးကြီး နဲ့ ရော်နယ်ဒင်ဟို လို လူ ဟာ နင့် ကဗျာဆရာ ခင်နန္ဒ ပဲ ”
“ မကြာ ” ၏ မျက်နှာ တွင် ဝေခွဲမရ ဖြစ်နေ၏ ။ ကဗျာလေးတွေ က နုရွ နေ သလောက် စိတ်ကူး ထဲမှာ ဖော်ဆောင် ထားဖြစ်သော ပုံရိပ် နှင့် လားလားမျှ မဆိုင် ။ ဆီ နှင့် ရေ ... ပမာ ... ။
“ မြသွေး ရာ ၊ ဖြစ်နိုင်ပါ့မလားဟာ ၊ ဒီလို စုတ်ချွန်းချွန်း လူ က ”
“ သူငယ်ချင်း , လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိဘူး ၊ တော်ကြာမှ ကဗျာလေးတွေ က တစ်ဆင့် အဲဒီ ကဗျာဆရာ ကိုယ်တိုင် နင့် အသည်းနှလုံး ထဲ ဝင်ပြီး ဟင်း ဟင်း ဟင်း ဟင်း ”
“ ကောင်မစုတ် , ပေါက်ကရ လျှောက်ပြော မနေနဲ့ ၊ နင် သာ သွားကြိုက် ”
“ အေးပါ အေးပါ , တော်ကြာ , သူငယ်ချင်း အချင်းချင်း သစ္စာ မရှိဘူး မပြောနဲ့နော် ၊ ပြီးမှ မျက်ရည်လေး စမ်း စမ်း စမ်း စမ်းနဲ့ ”
“ လုပ်မနေ နဲ့ ကောင်မစုတ် ၊ နင် ငါ့ ကို နောက် နေတာ ငါ သိတယ် ”
“ ဟား ဟား ဟား ဟား .. ၊ နင့် ကို ငါ တကယ် ပြောတာပါ “ မကြာ ” ရယ် ၊ အဲဒါ ကဗျာဆရာ ခင်နန္ဒ အစစ် ၊ ပန်းဆိုးတန်းဘက် က ပလက်ဖောင်း မှာ စာအုပ် ရောင်းတယ် ၊ ငါ့ အစ်ကို ဝမ်းကွဲ တစ်ယောက် ကလည်း စာအုပ် ရောင်း နေတော့ သူ နဲ့ ခင်နေတယ် ၊ သူ ပြောပြလို့ ငါ သိရတာ ”
“ ဟင် တကယ်လား ၊ ဒါဆို သူ နေတော့ ... ”
“ အေး, နင် အခု မြင်နေတဲ့ သူ နဲ့ အတူ နေတာ ၊ သူ နေတာက ဘုန်းကြီးကျောင်း တစ်ကျောင်း မှာတဲ့ ၊ သူ က တောက, တက်လာတာတဲ့ ”
“ သွား , ကောင်မစုတ် ”
မြသွေး ၏ နောက်ကျော ကို ထုလိုက်သော “ မကြာ ” ၏ မျက်နှာ တွင် ရှက်သွေး များ ဖြာလျှက် ...
••••• ••••• •••••
သည့်နောက်ပိုင်း မှာတော့ ၊ မြသွေး ၏ အစ်ကို က မိတ်ဆက် ပေးသဖြင့် “ မကြာ ” နှင့် “ ခန ” တွေ့ဖြစ် သွားခဲ့ကြ၏ ။ တစ်ရပ်ကွက် တည်း တွင် အတူ နေသဖြင့် စာအုပ်ဆိုင်လေး တစ်ဆိုင် ၌ မကြာခဏ ဆုံဖြစ်ကြ၏ ။ “ မကြာ ” သည် မတတ်တတတ် ဖြင့် ကိုယ်ပိုင် ရေးထားသော ကဗျာလေးများ အား “ ခန ” ကို ပြရင်း ကဗျာချစ်သူ နှစ်ယောက် ကဗျာ မှ တစ်ဆင့် နှလုံးသားချင်း နီးစပ် သွားကြ၏ ။ တစ်နှစ် ခန့် ကြာသောအခါ နှစ်ဦး သဘောတူ လက်ထပ်ပြီး အတူ နေထိုင် နေကြတော့သည် ။
လင်မယား ဖြစ်လာပြီး နောက် “ မကြာ ” တစ်ယောက် စီးပွားရေး ကို ဒိုင်ခံ လုပ် သည် ။ အိမ်အလုပ် မှန်သမျှ ဒိုင်ခံ လုပ်သည် ။ “ ခန ” ကား ဘာမျှ မလုပ်ရ ၊ ကဗျာ ရေးနေ လျှင် “ မကြာ ” ကျေနပ်နေပြီ ။ “ ခန ” ၏ ရင်ခွင် တွင် မှိန်းနေပြီး ရွတ်ပြသော ကဗျာလေး များ ကို နားထောင် ရလျှင် ပင်ပန်းသမျှ ပြေပျောက်ပြီး အားသစ်အင်သစ်များ တိုးပွားလာ သလိုလို ။
“ ခန ” သည် နာမည်လေး အနည်းငယ် ရလာသည်နှင့် သူ့ ကဗျာတွေ မဂ္ဂဇင်း အတော်များများ မှာ ပါလာ သလို ရေးဖော်ရေးဖက် အပေါင်းအသင်းတွေများ လာသလို ကဗျာ လှလှလေးများ ရရှိနိုင်ဖို့ ဦးနှောက် ရွှင်စေသည် ဆိုသော ယမကာ ကို မှီဝဲတတ် လာသည် ။ ညနေ အိမ် အပြန် သိုင်းကွက်နင်း တတ်လာသည် ။
“ မကြာ ” တွင် အရက် နှင့် ပတ်သက်၍ နာကြည်းချက် ရှိသည် ။ သူ မော်လမြိုင် မှ ရန်ကုန် သို့ ရောက်လာရခြင်း ၏ အဓိကအကြောင်းတရား မှာလည်း သည် အရက် ပင်ဖြစ်သည် ။ သည် အရက် ကြောင့် အဖေ နှင့် အမေ လင်မယား ကွဲခဲ့ ရသည် ။ သည်တော့ “ ခန ” ကို အရက် မသောက်စေလို အမျိုးမျိုး ဖျောင့်ဖျသည် ။ “ ခန ” ကလည်း သူ့ အကြောင်းပြချက် နှင့် သူ ။ လွန်ဆွဲ အားပြိုင် နေကြဆဲ ။
“ ခန , အခုတစ်လော ကျွန်မ , သိပ် နေမကောင်းချင်ဘူး ၊ ရှင် အရက် သောက် မလာနဲ့နော် ”
“ မကြာ ” ၏ အသံ ကို နားထဲတွင် ကြားယောင် နေသည် ။ လက် ထဲ တွင်ကိုင် ထားသော လက်ဆောင် မဂ္ဂဇင်းစာအုပ် ကို ငေးကြည့် နေမိသည် ။ အင်း, ဘယ်သူနဲ့ မှ မတွေ့ခင် အိမ် အမြန် ပြန်မှ ။ သို့မဟုတ်လျှင် တစ်ယောက် ယောက် နှင့် တွေ့ပြီး ဆိုင်သို့ ပါ သွားနိုင်သည် ။
“ ဟေ့ကောင် , ဘယ်က ပြန်လာတာလဲ ”
မတွေ့ချင် ကာမှ တည့်တည့် တိုးတော့၏ ။ တခြားသူ လည်း မဟုတ် ၊ ကျေးဇူးရှင် “ လှမိုး ” ပင် ။
“ ဟာ , မင့် လက် ထဲက စာအုပ် က လက်ဆောင် ရတာ မဟုတ်လား ၊ ဒါဆို ပိုက်ဆံ ထုတ်လာတာပေါ့ ၊ ကဲ , ငါ့ ကို ဒကာခံ ၊ ငါ သောက်ချင်နေတာ ၊ ပိုက်ဆံ ပြတ်နေလို့ ”
“ ခန ” စိတ်ညစ် သွားသည် ။ တော်ရုံ လူ ဆိုလျှင် ငြင်းပစ်လိုက်မည် ပင် ။ လှမိုး ကို တော့ သူ မငြင်းနိုင် ၊ ငတ်နေသည့် ဘဝတုန်း က မိမိ ကို စောင့်ရှောက် ကျွေးမွေး ခဲ့သူ ။ ထို့ကြောင့် မျက်စိ ကို စုံမှိတ်ပြီး ယမကာဆိုင် ဆီသို့ ခြေဦး လှည့်လိုက်တော့၏ ။ လှမိုး စိတ်ကျေနပ်အောင် နည်းနည်းပါးပါး ဖန်တီး ပေးပြီး အမြန်ဆုံး ပြန်မည် ဟု စိတ်ကူး လိုက်၏ ။
သို့သော် တစ်ပုလင်း ကုန် သွားသည့် အခါသူ့ စိတ်ကူးများ လေ ထဲ တွင် လွင့်ပျောက် သွားတော့၏ ။ “ မကြာ ” ကိုလည်း သတိ မရတော့ ။ ဆိုင်တံခါး ပိတ်တော့ မှပဲ သူငယ်ချင်း နှစ်ယောက် ခါး ဖက်ရင်း သိုင်းကွက် နင်းကာ ထွက်ခဲ့ကြတော့ သည် ။ စာမူခ ရလာသည့် ငွေစက္ကူရွက်ကလေးတွေ က လည်း ယမကာစီးကြောင်း ထဲ တွင် ..
••••• ••••• •••••
“ ကျွန်မ , ရှင့် ကို အတန်တန် မှာထားပါလျက် နဲ့ ရှင် , လုပ်ရက်တယ် တောက် ”
“ မကြာ ” သည် တံခါးဝ တွင် ခါးထောက်ရင်း ဒေါသမီး လောင် နေသော မျက်လုံး အစုံ ဖြင့် ပြောလိုက်သည် ။ “ မကြာ ” သာ နဂါးမလေး ဆိုလျှင် “ ခန ” တစ်ယောက် ပြာ ဖြစ်သွားလောက်သည် ။
“ ဟို ... ဟိုကောင် ၊ လှ ... လှမိုး လေ ၊ အရမ်း သောက်ချင်နေတာ ၊ ပိုက်ဆံ ပြတ် နေလို့တဲ့ ၊ အဲဒါ ကိုယ် လည်း စာမူခ ထုတ်လာတာ နဲ့ တည့်တည့် တိုးပြီး နည်းနည်းပါးပါး ပြုစု လိုက်ပါကွာ ၊ နည်းနည်းလေးပါနော် ”
“ ဘာ နည်းနည်းလေးလဲ ၊ ဒီလောက် မွှန်ထူပြီး ၊ ယိုင်ထိုး နေတာ ၊ ရှင်နော် .. ရှင် ... နာတော့မယ် ”
“ ချစ်ချစ် ကလည်း ကွာ ၊ “ ခန ” ကို ဒီလောက်တောင် ချစ်ရသလားလို့ ”
“ သွားစမ်းပါ ၊ အရက်သံကြီး နဲ့ ၊ ရှင့် ကို ကျွန်မ စကား မပြောချင်ဘူး ”
ချာခနဲ လှည့်ပြီး ခြေသံ ပြင်းပြင်း နှင့် အိပ်ခန်းတွင်း ဝင်သွားသော “ မကြာ ” ၏ နောက်ကျောပြင် ကို ကြည့်ရင်း ၊ “ ခန ” ဇက်ကလေး ပုသွားသည် ။ နောက် မီးဖိုချောင် သို့ ဝင်ကာ ကိုယ့် ဖာသာ ခူးခပ် စား လိုက်ရတော့၏ ။
“ မကြာ ” သည် “ ခန ” ကို စကား မပြောတော့ ။ ခေါင်းအုံး နှင့် စောင်များ ထုတ်ယူ ထားပြီး ၊ တံခါးပိတ် ထား သဖြင့် ထို ည က ... “ ခန ” တစ်ယောက် အပြင် ဘက်တွင် အိပ်လိုက်ရ၏ ။ ကိုက်လိုက်သည့် ခြင်တွေ ၊ အတိုးချပြီး ဝိုင်းဆော် ကြဟန်တူ၏ ။ သောက် ထားသော အရက်တွေ ဘယ်ရောက် သွားမှန်းပင် မသိ ၊ မိုးလင်း ကာနီး “ မကြာ ” အိမ်ပြင်သို့ အထွက် အခန်း ထဲသို့ ခိုးဝင်ပြီး ခြင်ထောင် တွင်း သို့ ဝင် လိုက် ရတော့သည် ။
••••• ••••• •••••
“ မကြာ ” သည် ဝတ္တရားကျေ ထမင်း ချက် ထား သော်လည်း ဟင်းမပါ ။ “ ခန ” က အညာသား မို့ ပဲ ကြိုက်သည် ။ နံနက် မိုး လင်းလျှင် ထမင်းကြမ်း ကို ပဲပြုတ် နှင့် နယ်ဖတ် စားလိုက်ရမှ အာသာပြေ သည် မို့ တစ်နေ့ တွင် ကိုယ်တိုင် စောစောထကာ ပဲပြုတ် ဝယ်ရတော့သည် ။
ည က စာ ရေးရင်း ညဉ့်နက် သွား၏ ။ အိပ်ကောင်း နေဆဲတွင် ...
“ ပဲပြုတ် ... ”
ဟူသော အသံ က နား ထဲ တိုးဝင် လာသောကြောင့် ကမန်းကတန်း ထ လိုက်၏ ။ မိုးစင်စင် လင်းနေပြီ ။ သည် အသည် လွတ် သွားလျှင် ၊ နောက်ထပ် ပဲပြုတ်သည် လာမည် မဟုတ်တော့ ။ သည်တော့ ...
“ ပဲပြုတ်သည် လာပါဦး ”
စိုးရိမ်စိတ် နှင့် လှမ်း ခေါ်လိုက်သည် ။
“ ဘယ်က ခေါ်တာလဲ ”
အိမ်ရှေ့ က အသံ ပြန်လာ၏ ။
“ ခြင်ထောင် ထဲ က ခေါ် နေတာ ”
“ ဘယ်က ခေါ်နေတာ ”
ဒုတိယအကြိမ် ထပ်မံ မေးသံကြောင့် စိတ်တို သွားပြီး
“ ခြင်ထောင် ထဲ က ခေါ်နေတာ ဟေ့ ၊ ခြင်ထောင် ထဲ က ခေါ်နေတာ ”
ထိုအခါ အိမ်ရှေ့ မှ ဒေါသသံ ဖြင့် ပြောလာသည် ကား ..
“ ဟေ့ , မရှိလို့ ရိုးရိုးသားသား ပဲပြုတ် ရောင်းစားနေတာ ၊ လူ ကို ဘယ်လို အစား မှတ်နေလဲ ၊ ပါးကျွတ်ကျွတ် ကျိုး သွားချင်သလား ။ ဘာ အောက်မေ့နေသလဲ ၊ ငါ မကျေ နပ်ဘူး ၊ သွားတိုင်မယ် ”
“ ခန ” ရုတ်တရက် ကြောင် သွားသည် ။ ဘာဖြစ် သွားပါလိမ့် ၊ အိမ်ရှေ့သို့ ချက်ချင်း ထွက် ကြည့် လိုက်သောအခါ မတွေ့ ရတော့ ။ မကြာမီ တွင် “ မကြာ ” ပြန် ရောက်လာပြီး ဆွဲချင်း ကို ဆောင့်ချကာ ဒေါသတကြီး ဖြင့်
“ ဒီမှာ , ရှင် , ကျွန်မ မရှိတုန်း အပျိုကြီး ကို ခြင်ထောင် ထဲ ခေါ်တယ် ဆို ”
“ ဘာ ... ဘာပြောတယ် ”
“ ခန ” ဘာ ပြောရမှန်း မသိ ၊ ခဏကြာတော့ မှ ...
“ အေး , ခေါ်တယ်လေ ၊ ဘာဖြစ်လို့လဲ ”
“ ကဲဟာ ခေါ် ဦး ... ”
“ ဒုန်း ... အောင်မယ်လေးဗျ ”
••••• ••••• •••••
“ ဟာ “ ခန ” ခေါင်း မှာ ဘုကြီး နဲ့ ပါလား ၊ ဘာဖြစ်လို့လဲ ၊ ကားတိုက် ခံရလို့လား ”
“ နင့်မေကလွှား ၊ ကားတိုက် ခံရမှာလား ဟ ၊ “ မကြာ ” လက်ချက် ပေါ့ ”
“ ဟင် “ မကြာ ” လက်ချက် ဟုတ်လား ၊ သူ မင်း ကို ဒီလောက် ချစ်တာ ၊ ရက်ရက်စက်စက် လုပ်ရသလား ၊ ငါ့ ကို ပြောပြစမ်းပါဦး ”
“ အေး မင်း နဲ့ အရက် သောက်တဲ့ ည က စပြီး သူ ငါ့ ကို စကား မပြောတော့ဘူး ကွ ၊ ပဲပြုတ် လည်း ဝယ်မထား တော့ ၊ ငါ လည်း ပဲပြုတ်သည် ကို ခြင်ထောင် ထဲ က လှမ်းခေါ်လိုက်မိတယ် ”
“ အေးလေ ၊ အဲဒါ ဘာဖြစ်လို့လဲ ၊ ခေါ်ပြီးတော့ အပြင် ထွက် ဝယ်တာပဲဟာ ၊ ဘာ , ထူးဆန်းတာ မှတ်လို့ ”
“ မဟုတ်ဘူးကွ ၊ ငါ က ပဲပြုတ်သည် ကို လှမ်း ခေါ်တော့ ပဲပြုတ်သည် က ပြန်အော်တယ် ၊ ဘယ်က ခေါ်တာလဲ ... တဲ့ ၊ ငါ က လည်း ခြင်ထောင် ထဲ က ခေါ် နေ တာလို့ အော် ပြော လိုက်မိတယ်ကွာ ၊ ဒီမှာတင် , သူ့ ကို ခြင်ထောင် ထဲ က ခေါ်ရပါ့မလား ဆိုပြီး တိုင်မယ် တောမယ် ဆိုပြီး ထွက်သွားတာ ”
“ ဟင် , မင်းက သေသေချာချာ ရှင်း မပြလိုက်ဘူးလား ”
“ ပြန် ပြောချိန်တောင် မရလိုက်ပါဘူးကွာ ၊ ငါ ထွက်လာတော့ မရှိတော့ဘူး ၊ လမ်း မှာ ငါ့ မိန်းမ နဲ့ တွေ့ပြီး ... စကားများကြ သတဲ့ ။ ဖြစ်ချင်တော့ သူ က ငါ့ မိန်းမ နဲ့ အရင် ကတည်း က , စကား များဖူးတဲ့ အပျိုကြီး ဖြစ်နေတော့ ငါ ကံဆိုး သွား တာပေါ့ကွာ ၊ အဲဒါနဲ့ “ မကြာ ” အိမ်ပြန် ရောက်လာပြီး ငါ နဲ့ ပွဲဆက် ကြတာ ။ အရှုံးအနိုင် တော့ ငါ့ ခေါင်း ကို သာ ကြည့်ပါ တော့ကွာ ”
“ ဟင်း , ဖြစ်မှ ဖြစ်ရလေကွာ, ကဲ . . ကဲ ... ငါ နဲ့ လိုက်ခဲ့ပေတော့ မင့် ခေါင်း က ဘု မပျောက်မချင်း ငါ ပဲ ဆေးကု ပေးရတော့မှာပေါ့ကွာ ”
ဤသို့ဖြင့် ငယ်နာမည် “ အာနိုး ” ခေါ် ကဗျာဆရာ “ ခင်နန္ဒ ” ခေါ် “ ခန ” တို့သည် ရွှေမြိုင်သူ “ မြကြာဖြူ ” ခေါ် “ မကြာ ” နှင့် ...
⎕ ဇေယျကျော် ( မြောက်ဒဂုံ )
📖 အလင်္ကာရပ်ဝန်း ( ၇ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment