Monday, August 5, 2024

မြတ်လေးပန်း


 

❝ မြတ်လေးပန်း ❞
  ⎯⎯⎯⎯⎯⎯⎯
          ခင်အုန်
   ⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
တစ်ခါတုန်း က တိုင်းပြည် တစ်ပြည် မှာ ရူပစန္ဒီ ဆိုတဲ့ လှပချောမွေ့တဲ့ မင်းသမီးလေး တစ်ပါး ရှိတယ် ။ မင်းသမီးလေး ဟာ ချောလှ သလောက် မာန လည်း အလွန် ကြီးတယ် တဲ့ ။

တစ်နေ့ တော့ စောင်းသမားလေး မောင်မာန ဟာ မင်းသမီးလေး ရဲ့ ချောမွေ့လှပပုံ ကို တွေ့ရှိပြီး မင်းသမီးလေး ကို အလွန် မေတ္တာသက်ဝင် စွဲလမ်း မိတယ် ။ ဒါနဲ့ သူ အင်မတန် ကျွမ်းကျင် တတ်မြောက်တဲ့ ဂီတ နဲ့ မင်းသမီးလေး ရဲ့ လှပချောမွေ့ပုံ ၊ မင်းသမီးလေး ရဲ့ အပေါ် မှာ သူ ၏ မေတ္တာ ဘယ်လို ကြီးမားပုံတွေ ကို ဖွဲ့နွဲ့သီဆို သတဲ့ ။

မင်းသမီးလေး ဟာ မောင်မာန ရဲ့ စောင်းသံ နဲ့ ထွက်ပေါ်လာတဲ့ မိမိ ကို ရည်စူး စပ်ဆိုတဲ့ တေးသီချင်းတွေ ကို နားထောင် ချင်တာနဲ့ မောင်မာန ကို ရှေ့တော် ခေါ်ပြီး သီဆို စေတယ် ။ မောင်မာန လည်း သီဆို ပြီးရော မင်းသမီးလေး က သရော် လိုတဲ့ သဘော နဲ့ ကျီစယ်ပြီး ...

“ အို ... မောင်မာန သင် ဟာ ကျွန်ုပ် ကို တကယ် မေတ္တာ ရှိလျှင် ရှင်ဘုရင် ဖြစ်အောင် ကြိုးစားလော့ ” လို့ပြော သတဲ့ ။

မောင်မာန က “ ရူပစန္ဒီ မင်းသမီးလေး အကျွန် ရှင်ဘုရင် ဖြစ်လျှင် သင် သည် အကျွန့် ကို လက်ထပ် ပါမည်လော ... ” လို့ မေး လိုက်တော့ မင်းသမီးလေး က လည်း မောင်မာန လို စောင်းသမားလေး တစ်ယောက် ဟာ ရှင်ဘုရင် မဖြစ်နိုင်ဘူး လို့ ထင်မှတ်ပြီး..

“ မောင်မာန … သင် သာ ရှင်ဘုရင် ဖြစ်ပါစေ ... အကျွန်ုပ် ... သင့် ကို လက်ထပ်မည် ” လို့ ရယ်မောပြီး ပြောလိုက် သတဲ့ ။

အဲဒီ အချိန်မှာ ... ရူပစန္ဒီ မင်းသမီးလေး ရဲ့ ချစ်သူ မင်းသားလေး ဟာ တက္ကသိုလ်ပြည် ကို မင်းတို့ တတ်အပ်တဲ့ ပညာတွေ သွား သင်နေတယ်တဲ့ ။

စောင်းသမားလေး မောင်မာန ဟာ မင်းသမီးလေး ရဲ့ စကား ကို ကြား ကတည်း က ဘုရင် ဖြစ်ဖို့ အမျိုးမျိုး စိတ်ကူး အကြံ ထုတ် ရှာတယ် ။ ဒါပေမယ့် မထင်ရှားတဲ့ စောင်းသမားလေး အဖို့ မှာ တော့ ရင်ဘုရင် ဖြစ်ဖို့ အရေး ဟာ အလွန့်အလွန် အလှမ်း ကွာဝေးတာ ကို မောင်မာန သိပြီး အလွန် စိတ် မချမ်းမသာ ဖြစ်ရှာ သတဲ့ ။

တစ်နေ့တော့ မောင်မာန ဟာ မှော်ဆရာကြီး တစ်ယောက် နဲ့ သိကျွမ်းပြီး သူ့ ကို ဘုရင် ဖြစ်အောင် လုပ်ပေးဖို့ မှော်ဆရာကြီး ကို တောင်းပန် သတဲ့ ။ အဲဒီတော့ မှော်ဆရာကြီး က ...

“ မောင်မာန သင့် အား သစ္စာ ရှိစွာ နဲ့ မေတ္တာသက်ဝင် တဲ့ မိန်းကလေး ကိုယ်တိုင် ကြည်ဖြူစွာ ပေးအပ်တဲ့ နှလုံးသွေး နဲ့ သင့် ခြေကို ဆေး ပြီးမှ သင့် ကို ကျွန်ုပ် ရှင်ဘုရင် ဖြစ်အောင် လုပ်ပေးနိုင်မယ် ” လို့ ပြောလိုက်သတဲ့ကွယ် ။

ဒါနဲ့ စောင်းသမားလေး မောင်မာန ဟာ သူ အလိုရှိတဲ့ နှလုံးသွေး ကို ရရှိဖို့ လိုက်ရှာတဲ့ အခါ တစ်ယောက် နဲ့ တစ်ယောက် အလွန် ချစ်ခင်ကြင်နာကြတဲ့ လယ်သမားလေး မောင်နန္ဒ နဲ့ နှမလေး မယ်သစ္စာ ကို သွားတွေ့သတဲ့ ။ မောင်မာန ဟာ မောင်နန္ဒ ကို ခင်မင်ယောင် ဆောင်ပြီး မယ်သစ္စာ က သူ့ ကို ချစ်ရအောင် အမျိုးမျိုး ဖြားယောင်း သွေးဆောင်တယ် ။ မယ်သစ္စာ ဟာ မောင်မာန ရဲ့ ယုတ်မာကောက်ကျစ်မှု ကို မသိလေတော့ မောင်မာန ကို တကယ့် မေတ္တာစစ် နဲ့ ချစ်ခဲ့မိရှာတယ် ။ တစ်နေ့ ကျတော့ မောင်မာန က မယ်သစ္စာ ရဲ့ နှလုံးသွေး ကို ရရင် သူ ရှင်ဘုရင် ဖြစ်မယ် ဆိုတာကို မယ်သစ္စာ ကို ပြောသတဲ့ ။

မယ်သစ္စာ ဟာ ကိုယ့်ချစ်သူ ရှင်ဘုရင် အလွန် ဖြစ်ချင် နေတာကို သိလေတော့ သူ ရဲ့ နှလုံးသွေး ကို ကြည်ဖြူစွာ မောင်မာန ကို ပေးဖို့ ဆုံးဖြတ်လိုက်ပြီး မောင်မာန ပေးတဲ့ ဓားနဲ့ သူ့ ရင် ကိုခွဲပြီး နှလုံးသွေး ကို မပေးခင် သူ့ နှလုံးသွေး ကို ယူပြီးရင် သူ့ နှလုံးသား ကို သူတို့ မောင်နှမ နေတဲ့ တဲ နားမှာ မြှုပ်ခဲ့ပါလို့ မှာရှာ သတဲ့ကွယ် ။

မောင်မာန ဟာ သူ့ အလိုဆန္ဒ လည်း ပြည့်သွားရော မယ်သစ္စာ မှာထား သလို မလုပ်ဘဲ မယ်သစ္စာ ရဲ့ နှလုံးသား ကို သူတို့ ရဲ့ တဲနား မှာပဲ ပစ်ထား ပြီးတော့ ချက်ချင်းပဲ မှော်ဆရာကြီး ဆီ ကို သွားပြီး ရှင်ဘုရင် ဖြစ်ဖို့ ဆေးစီရင်ပါ လို့ တောင်းပန်သတဲ့ ။ မှော်ဆရာကြီး က မောင်မာန ကို ရှင်ဘုရင် ဖြစ်အောင် လုပ်ပေးခဲ့ပေမယ့် မောင်မာန ရဲ့ သမီးဦးလေး ကို သူ့ ကို ပေးပါ့မယ် လို့ မောင်မာန က ကတိ ပေးရတယ်တဲ့ ။ အဲဒီလိုနဲ့ မောင်မာန ဟာ တိုင်းပြည် တစ်ပြည် ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာ ပါရော ။

အဲဒီ အချိန်မှာ လည်း ရူပစန္ဒီ မင်းသမီးလေး ရဲ့ ချစ်သူ မင်းသားလေး ဟာ တက္ကသိုလ်ပြည် မှာ ပညာ သင်ရင်း တက္ကသိုလ် ဆရာကြီး ရဲ့ သမီး နဲ့ ချစ်ကြိုက်ပြီး သူ့ တိုင်းပြည် ပြန်တဲ့ အခါမှာ တက္ကသိုလ် ဆရာကြီး ရဲ့ သမီး ကို ပဲ မိဖုရား မြှောက်လိုက်တယ် ။ ဒါကို ရူပစန္ဒီ မင်းသမီးလေး က ကြားတော့ မာန ကြီးသူ ပီပီ သူ့ ချစ်သူ ကို အလွန် အမျက် ထွက်ပြီး ပူဆွေး ဝမ်းနည်း နေတယ်တဲ့ ။

ရှင်ဘုရင်ကြီး မောင်မာန ဟာ လည်း ရူပစန္ဒီ မင်းသမီးလေး ဆီ သွားပြီး လက်ထပ်ခွင့် တောင်းတဲ့ အခါ မင်းသမီးလေး ဟာ သူ့ ချစ်သူဟောင်း က သူ့ကို ပစ်သွား ပေမယ့် ရှင်ဘုရင်ကြီး ကို ရနိုင်သေးတယ် ဆိုတဲ့ မာန နဲ့ ရှင်ဘုရင်ကြီး ကို လက်ထပ် လိုက် သတဲ့ ။ တစ်နေ့ တော့ သူတို့ မှာ သမီးဦးလေး မွေးတယ် ။ မောင်မာနနဲ့ ရူပစန္ဒီဟာ သမီးလေး ကို သိပ် ချစ်နေတဲ့ အချိန် မှာ မှော်ဆရာကြီး က မောင်မာန ကို ကတိအတိုင်း သမီးလေး ကို ပေးဖို့ တောင်းဆိုတယ် ။ အကယ်၍ မောင်မာန ကတိ ပျက်ကွက်ရင် သူ့ အတတ် နဲ့ တစ်တိုင်းပြည်လုံး ကို ကျောက်ရုပ် အတိ ဖြစ်စေ မယ် လို့ ကြိမ်းဝါးလိုက်သတဲ့ ။

ရှင်ဘုရင်ကြီး မောင်မာန ဟာ သူ့ အသည်းနှလုံး လောက် ချစ်တဲ့ သမီးလေး ကို မှော် ဆရာကြီး ကို မပေးချင်လေတော့ စိတ်နှလုံး မချမ်းမြေ့ဘဲ မှိုင် လို့သာ နေတာ ကို ရူပစန္ဒီ မင်းသမီးလေး က တွေ့လို့ မေးတော့ မောင်မာန ဖြစ်ပျက်ပုံ အလုံးစုံ ကို ပြောလည်း ပြောပြလိုက် ရော မင်းသမီးလေး ဟာ သိပ် စိတ်ဆိုးပြီး...

“ ဟယ် ... စောင်းသမား ... သင် သည် ကျွန်ုပ် ကို ဆေးအတတ် နဲ့ လိမ်ညာ ယူရုံမျှ သာ မက သမီး ကိုပင် မှော်ဆရာ အား ပေးရန် ကတိ ပြုရအောင်ပင် သင် သည် မိုက်မဲစွ တကား ” လို့ အော်ဟစ် ကြိမ်းမောင်း သတဲ့ ။

ရှင်ဘုရင်ကြီး မောင်မာန ဟာ နောက်ဆုံး မတတ်နိုင် လေတော့ သမီးလေး ကို မှော်ဆရာကြီး ကို ပေးလိုက်ရတဲ့ အပြင် ရူပစန္ဒီ မင်းသမီးလေး ဟာလည်း မောင်မာန ကို မိုက်မဲတဲ့ စောင်းသမား မှန်း သိသွားပြီး မိမိ ရဲ့ ချစ်သူဟောင်း ဘုရင်လေး ဆီ ကို ထွက်ပြေး သွားသတဲ့ ။ အဲဒီ အချိန် မှာ လည်း ရူပစန္ဒီ မင်းသမီးလေး ရဲ့ချစ်သူဟောင်း မိဖုရား ဟာ နတ်ရွာစံ သွားပြီမို့ ရူပစန္ဒီ ဟာ စောင်းသမား ဘုရင်ကြီး ကို စွန့်ခွာ သွားတာပဲ တဲ့ ။

ရှင်ဘုရင်ကြီး မောင်မာန ဟာ သူ့ အသည်းနှလုံး လောက် ချစ်တဲ့ မိဖုရား ရော ၊ သမီးတော်လေး ပါ ဆုံးရှုံးရတဲ့ အတွက် အသည်းနှလုံး ကွဲမတတ် ပူဆွေးခြင်း ကို ခံစားရတော့ မှ တစ်ခါက မိမိ ရှင်ဘုရင် ဖြစ်ချင်လွန်းလို့ ရက်စက်ခဲ့တဲ့ မယ်သစ္စာ ကို သတိရ လာပြီး မယ်သစ္စာ ရဲ့ အစ်ကို မောင်နန္ဒ ကို သွား တောင်းပန်ဖို့ သူ တစ်ဦး တည်း နန်းတော် မှ ထွက်ခွာ လာတယ် တဲ့ ။ မောင်နန္ဒ တို့ မောင်နှမ နေတဲ့ တဲ နား လည်း ရောက်ရော အင်မတန် အေးမြတဲ့ အမွှေးနံ့ ကို ရလို့ ကြည့်လိုက် တဲ့ အခါမှာ မောင်မာန ဟာ မယ်သစ္စာ ရဲ့ နှလုံးသား ကို ရက်ရက်စက်စက် ပစ်ထားခဲ့ တဲ့ နေရာမှာ ပန်းနွယ်ပင် ပေါက်ပြီး ပန်းပွင့်ကလေး တွေ ပွင့် နေတာ တွေ့ရတယ် ။ ပြီးတော့လည်း အဲဒီ ပန်းပင် နားမှာ ရှိတဲ့ မြေပုံ နှစ်ခု မှာ စိုက်ထားတဲ့ မှတ်တိုင် ကတော့ “ နန္ဒ နဲ့ သစ္စာ မောင်နှမ ” လို့ ရေးထား တာ ကို တွေ့ရတယ် တဲ့ ။

အဲဒီ မှတ်တိုင်လေး ရှိ နေတာ ကတော့ ဒီလိုတဲ့ ကွယ် ။ လယ်တော က ပြန်လာတဲ့ မောင်နန္ဒ ဟာ ညီမလေး ရဲ့ အလောင်း ကို တွေ့ တော့ ရင်ကွဲပြီး သေသွားရှာတယ် ။ ဒါနဲ့ ရွာသားတွေ က သူတို့ မှောင်နှမ ကို သနားတာ နဲ့ မြေမြှုပ်ပြီး မှတ်တိုင် စိုက်ထားရှာတာတဲ့ ။

ရှင်ဘုရင်ကြီး မောင်မာန ဟာ မေတ္တာ နဲ့ သစ္စာတရား မွန်မြတ်ပုံ ကို သိရှိ နောင်တ ရ လာ ပြီး မယ်သစ္စာ ရဲ့ နှလုံးသား က ပေါက် လာတဲ့ ပန်းပင်လေး ကို သေသေချာချာ နှုတ်ယူပြီး သူ့ နန်းတော် ရဲ့ ပန်းဥယျာဉ် မှာ စိုက်ပြီးတော့ ပန်း ကို “ မြတ်လေး ” ပန်း လို့ နာမည် မှည့် လိုက်တဲ့ အပြင် နန်းသုံးတော်ဝင်ပန်း လို့ သတ်မှတ် လိုက်တယ်တဲ့ ။ “ မြတ်လေးပန်း ” ဆိုတဲ့ အဓိပ္ပာယ် က တော့ မြင့်မြတ်သူလေး ရဲ့ နှလုံးသား မှ ပွင့်သောပန်း လို့ ဆိုလိုမှာပေါ့ကွယ် ။

ကဲ ... ကလေးတို့ ရေ ... ဒီ ပုံ ထဲ မှာ ဘယ်သူတွေ ကို မကောင်းတဲ့ စိတ်ထား ရှိတယ်လို့ ထင်သလဲ ... ။ ဘာဖြစ်လို့ မကောင်းတဲ့ စိတ်ထားတယ်လို့ ကလေးတို့ ထင်ရသလဲကွယ်...

ပြီးတော့ ဘယ်သူတွေ ဟာ မွန်မြတ်တဲ့ စိတ်ထား ရှိသလဲ ... ဘာဖြစ်လို့ သူတို့ ကို မွန်မြတ်တဲ့ စိတ်ထား ရှိတယ်လို့ ကလေး တို့ ထင်ရတာလဲ ဆိုတာ ကို ဖြေကြည့်ကြစမ်းပါကွယ် ။

⎕ ခင်အုန်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၉ ၊ ဩဂုတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment