Thursday, August 15, 2024

ပရိမ္မ ရွှေဧည့်သည်


 

❝ ပရိမ္မ ရွှေဧည့်သည် ❞
⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯
မောင်ရေချမ်း ( အားသစ် )
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
‘ လှဆန်းယဉ် ’ မော်တော်ကလေး သည် ချင်းတွင်းမြစ် ကို ဆန်၍ အားမာန် နှင့် တစ်ရှိန်ထိုး ပြေး နေသည် ။ မော်တော်ဦး က ရေလွှာ ကို ခွဲလိုက်စဉ် ဖြာထွက်လာ သည့် လှိုင်းကလေးများ ထဲ၌ ‘ ဝေလင်းကျော် ’ ၏ ဝိညာဉ် က ပူးဝင် သွားဘိသည် ။ လှိုင်း ငြိမ့်ကလေးများ သည် ဝေလင်းကျော် ကို နှုတ်ဆက် ၍ ချင်းတွင်းမြစ် ၏ ဝဲယာ နှစ်ဘက် ဆီ သို့ လက်ပစ်ကူး သွားကြသည် ။

မြစ်ကြောင်း ၏ အကွေ့ တစ်ခု ကို ချိုးကွေ့ လိုက်စဉ် ချင်းတွင်းမြစ် အရှေ့ဘက် ကမ်း ညို့ညို့မှိုင်းမှိုင်း တောအုပ်ကြီး တစ်ခု ပေါ်၌ ရွှေရောင် ဝင်းလက် နေသော စေတီကြီး တစ်ဆူ ကို ရုတ်တရက် ဖူးမြော် လိုက်ရသည် ။

“ ကိုဝေလင်းကျော် .. အခု မြင်ရတဲ့ တောညို့ညို့ကြီး က “ မေမွန် ” တို့ ပရိမ္မ ရွာကြီး ပေါ့ ၊ ကမ်းစပ် က ရွှေတွေ ဝင်းနေတဲ့ စေတီကြီး ကတော့ ထီးလှိုင်ရှင် ဘုရား ပါပဲ ”

“ ကြည်နူးစရာပဲ မေမွန် ရယ် ၊ ပရိမ္မ ဆိုတာ ငယ်စဉ် ကျောင်းစာ ထဲမှာ ပုဂံသူရဲကောင်း ကျန်စစ်မင်းကြီး နဲ့ ဆက်စပ်ပြီး ရင်ထဲ မှာ မြတ်နိုးခဲ့ရတယ်လေ ၊ ဘယ်လိုမှ ထင် မထားတဲ့ မြန်မာ့နှလုံးသားဒေသကို မမျှော်လင့်ဘဲ ရောက်ရတာရယ် ၊ ပရိမ္မသူ တစ်ယောက် နဲ့ ဒီ ခရီး မှာ ရင်းနှီးခွင့် ရတာရယ် ၊ ဘယ်လို ဆုတောင်းခဲ့တယ် ဆိုတာ မဝေခွဲတတ်ပေမယ့် ဒီ ‘ လှဆန်းယဉ် ’ မော်တော် ကို တော့ ကျေးဇူး တင်မိတာ အမှန်ပဲ ”

‘ လှဆန်းယဉ် ’ လိုင်း မော်တော်ကလေး မှာ ပခန်းငယ် မှ မုံရွာ ခရီးစဉ် အတိုင်း မောင်းနှင်လာခြင်း ဖြစ်သည် ။ ပရိမ္မ မှာ တစ်ညတာ ရပ်နားရဦးမည် ။

ဝေလင်းကျော် က သန်လျင် ဇာတိ ။ အရှေ့ပိုင်း တက္ကသိုလ် ၏ လက်ထောက် ကထိက တစ်ဦး ။ သာမန် အားဖြင့် ဒီ ခရီးက သူ နှင့် မနီးစပ်လှ ။

သို့သော် အကြောင်း တစ်ရပ် က ဇာတ်လမ်း နှယ်, စခဲ့သည် ။ အဘွား ဖြစ်သူ က ပဉ္ဇင်းခံ ပေးထားသည့် ရဟန်းငယ် တစ်ပါး မှာ ပခန်းငယ် ရှေးဟောင်း ကျောင်းဝင်းကြီး အတွင်း မှ ကျောင်းတိုက် တစ်တိုက် တွင် သီတင်းသုံး နေသည် ။ စာမေးပွဲ နီး သဖြင့် ပစ္စည်းလေးပါး ထောက်ပံ့ဖို့ အဘွား ၏ စေခိုင်းချက် အရ ပခန်းငယ် သို့ ရောက်နေခဲ့ခြင်း ဖြစ်သည် ။

မုံရွာ တွင် လည်ပတ်ချင်သေး သဖြင့် ‘ လှဆန်းယဉ် ’ ခရီးစဉ် ဖြင့် အပြန်ခရီး ကို စခဲ့ခြင်းပင် ။ မွန်းတိမ်းချိန် လောက် မှာ ရေစကြိုမြို့ ဆိပ် တွင် ခရီး တစ်ထောက် ရပ်နား ခဲ့သည် ။ ရေစကြို မှ တက်သည့် ခရီးသည်များ တွင် ‘ မေမွန်သက် ’ ပါ လာသည် ။

အထုပ်အပိုး မနိုင်မနင်း ဖြစ်လာသည့် ‘ မေမွန်သက် ’ ကို ကူညီရင်း နေရာ ပေးရာမှ မော်တော်ခရီးစဉ်လေး မှာ ‘ ဝေလင်းကျော် ’ အတွက် အသက်ဝင် လာခဲ့ ရသည် ။ ခရီး တစ်လျှောက် စကားလက်ဆုံ ကျခဲ့ရာ မှ မေးခွင့် , ပြောခွင့် , သိခွင့် , ခံစားခွင့်တွေ ကို နှစ်ဖက်စလုံး မှ တံခါး ဖွင့်မိခဲ့ကြသည် ။

မေမွန်သက် က ပရိမ္မ လှေဆိပ် တွင် ထမင်းဆိုင် ဖွင့် ထားသည် ။ ပရိမ္မ သည် ချင်းတွင်းအစုန်အဆန် ခရီး တွင် ညအိပ်စခန်း ဖြစ်၍ ခရီးသည်များ ၊ ရေယာဉ်များ ဖြင့် နေ့ညမပြတ် စည်ကား နေသည့် ရွာကြီး တစ်ရွာ

မေမွန်သက် မှာ ဒေသခံ အိမ်ရှင် လည်း ဖြစ်သည့်ပြင် ဧည့်ဝတ် ကျေလိုသည် ။ ပင်ကို စေတနာ ကလည်း ကောင်းသည် ။ သို့ကြောင့်ပင် ဝေလင်းကျော် ကို သူမ ၏ ဆိုင် မှာ စားဖို့ ဖိတ်ကြားထားပြီး ဖြစ်သည် ။

နေဝန်းကြီး သည် ချင်းတွင်း ၏ အနောက်ခြမ်း တောင်တန်းများ နောက်တွင် ပုန်းကွယ်ရန် ဟန်ပြင်နေပြီ ။

ရွှေအိုရောင်ဆည်းဆာ တို့ လက်ပြ နှုတ်ဆက် နေကြပြီ ။

လှဆန်းယဉ်မော်တော်လေး သည် စက်ရှိန်သတ်ပြီး ထီးလှိုင်ရှင် ခြေတော်ရင်း ကို ဦးတိုက် ကာ ဆိပ်ကမ်း တွင် ဆိုက်ကပ် လိုက်သည် ။ ဝေလင်းကျော် က မေမွန်သက် ၏ အထုပ်အပိုးများ ကို ဝိုင်းဝန်းစုစည်း ပေးလိုက်ပြီး . .

“ မေမွန် ... ပစ္စည်းတွေ ကို ကမ်းပေါ် အထိ ဝိုင်းတင် ပေးမယ်နော် ”

“ မလုပ်ပါနဲ့ ရွှေဧည့်သည် ရယ် ၊ တက္ကသိုလ် က ဆရာ တစ်ယောက်ကို မေမွန် မဝံ့ပါဘူး ၊ ပရိမ္မ နာမည် ပျက်ပါမယ် ”

မေမွန်သက် က ဝေလင်းကျော် ၏ လက်ထဲမှ အထုပ်များ ကို အတင်း ပြန်လု ပြီး ၊ သူ့ ကို လည်း တွန်းဖယ် နေသည် ။ 

“ အကူအညီ လိုတဲ့ မိန်းကလေး တစ်ယောက် ကို လက်ပိုက် ကြည့် မနေတတ်လို့ပါ ”

“ ရပါတယ် ကိုဝေလင်းကျော် ၊ ဆိပ်ကမ်း မှာ အထမ်းသမားတွေ ရှိပါတယ် ၊ အိမ် က လည်း လာ ကြိုကြမှာပါ ၊ ရေချိုး ပြီး ရင် သာ ‘ ယမင်းဧကရီ ’ ဆိုင် ကို ရှာပြီး လာခဲ့နော် ... သွားမယ် ”

••••• ••••• •••••

“ ကိုဝေလင်းကျော် ... ကိုဝေလင်းကျော် ... ထ တော့လေ ၊ မိုးလင်းတော့မယ် ”

မိန်းကလေး တစ်ဦး ၏ အသံ ကြောင့် ဝေလင်းကျော် ဖျက်ခနဲ လန့်နိုး သွား သည် ။ မျက်လုံး ကို အားယူ ဖွင့် လိုက်တော့ ၊ မေမွန်သက် ဖြစ်နေသည် ။ လက် ထဲ မှာ လည်း သုံးဆင့် ယွန်းချိုင့်ကလေး ဆွဲကိုင် ထားသည် ။

“ ဪ … မေမွန် ပါလား ၊ ကျွန်တော် က မလာတော့ဘူး ထင်နေတာ ”

“ ပရိမ္မသူတွေ ရဲ့ ရင် မှာ ရွှေဧည့်သည် ကို စိမ်းကား လောက်တဲ့ နှလုံးသား အပို အထားပါဘူး ၊ လာ မနှိုးရင် မော်တော် မမီဖို့ သေချာတယ် ၊ မြန်မြန် ထလေ ”

ည က ဝေလင်းကျော် အိပ် မပျော်ခဲ့ ။ ညဦးက ထီးလှိုင်ရှင်ဘုရားကြီး မှာ မေမွန်သက် နှင့် လမ်းခွဲ ခဲ့သည် ။ ဘုရားကြီး ၏ ရင်ပြင်တွင် ဖျာကြမ်း တစ်ချပ် နှင့် အခြား ခရီးသည်များ နှင့် အတူ အိပ်ဖို့ နေရာ ယူခဲ့သည် ။ ချင်းတွင်းည ၏ အေးမြသည့် လေညင်း က ချော့သိပ် သော်လည်း အိပ် မပျော်ခဲ့ ။

ဝေလင်းကျော် ၏ ဦးနှောက် နှင့် နှလုံးသား မှာ တံခါးခေါက်သံတွေ အပြန် အလှန် ကြားနေ သယောင်ယောင် ။ ထီးလှိုင်ရှင် ၏ ရင်ခွင် မှ အေးမြကြည်လင်သည့် ညကာလများ ကို တိုက်စားပစ် နေတာပါလား ဟု ပြန်လည် စဉ်းစားနေခိုက် ...

“ ည က ကျွန်မ ပြန်တာ စောပါတယ် ၊ ဧည့်သည် စောစော အိပ်ဖို့ တမင် ပြန် တာ ၊ ကိုဝေလင်းကျော် စောစော မအိပ်ဘူးထင်တယ် ”

“  ပရိမ္မည ရဲ့ အလှပုံရိပ်တွေ က ကျွန်တော့် ကို ပိုင်စား ထားကြပြီ မေမွန် ရယ် ... တန်ဖိုး ရှိလှတဲ့ အချိန်လေး ကို အိပ်စက်ပြီး မဖြုန်းတီးချင်လို့ပါ ပရိမ္မ ရဲ့ ပုံရိပ်တွေ ထဲ မှာတော့ ဒီ ပရိမ္မသူလေး က ထိပ်ဆုံး က ဆိုပါတော့ ”

“ မေမွန့် ကို အသိအမှတ် ပြုတာ ဝမ်းသာလှပါတယ် ၊ မော်တော် မဆင်းခင် ဘုရားကြီး ကို ဦးတိုက် ကြရအောင်နော် ... လာ , သွားကြစို့ ”

ဝေလင်းကျော် သည် အထုပ်အပိုး လွယ်ပြီး ၊ မေမွန်သက် ၏ နောက်မှ လိုက်ခဲ့ရ ပြန်သည် ။ ည ကလည်း တစ်ကြိမ် ဦးတိုက်ခဲ့ ပြီးပြီ ။ မေမွန်သက် ၏ ဆိုင် မှာ ထမင်း စားပြီး သူမ နှင့် အတူ ရောက်ခဲ့ခြင်း ဖြစ်၏ ။ အဲဒီ အချိန်က ပရိမ္မ ည သည် လှပ နေသည် ။ ဘုရားပွဲရက် လည်း နီးကပ် နေသဖြင့် ဆိုင်ခန်းတွေ ၊ ဈေးတန်းတွေ ၊ ဇာတ်ရုံတွေ က အစုံပင် ။

အနောက်ဘက် မုခ်ဝ ကို ကျော်ထွက် လိုက်တော့ ချင်းတွင်းမြစ် ရေပြင်ကြီး က ဆီးကြို နေသည် ။ မြစ်ကမ်းစပ် မှာ မုခ်ဦးခြင်္သေ့ကြီး ကို တစ်ကောင်တည်း သာ ထူးထူး ခြားခြား တွေ့လိုက် ရသည် ။ ကမ်းခြေ ကို ရေတိုက်စားစဉ် က ရေ ထဲ သို့ တစ်ကောင် ပါသွားသည် ဟု မေမွန်သက် က ပြောတော့ စိတ် ထဲ မှာ ဝမ်းနည်း သလိုလို ခံစားမိ လိုက်သည် ။

သူတို့ နှစ်ဦး ခြင်္သေ့ကြီး ဘေး မှာ ယှဉ်တွဲကာ နေရာ ယူမိကြသည် ။ တပေါင်းလပြည့် ကို ချင်းနင်း လာသည့် လဝန်းကြီး က ကြယ်ရံ ဝင်းခင်းကာ ထိန်လင်း နေသည် ။ ချင်းတွင်း အနောက်ကမ်း မှ သဲသောင်ပြင်ကြီး ကို လရောင် ဆမ်းထား သဖြင့် ငွေသား ကမ္ဗလာ ခင်းထား သလို ထင်မှတ်မှားစရာ ဖြစ်နေ၏ ။

နှစ်ဦးသား ၏ စိတ်အစဉ် သည် ဝန်းကျင် ၏ သိမ်းကျုံး ပွေ့ဖက်မှုကြောင့် ငြိမ်ချက်သား ကောင်းနေစဉ် ...

“ သန်လျင်သူလေး ကို သတိရ နေပြီလား ... ကိုဝေလင်းကျော် ”

ရုတ်တရက်မို့ တုံ့ပြန် စကားကို အပြေးအလွှား ရှာဖွေ နေရာမှ ...

“ ကျွန်တော့် ရင် ကို တန်ဆာဆင်မယ့် သူ မပေါ်သေးပါဘူး မေမွန် ရယ် ၊ ကျွန်တော့် ဘဝ က ဒီ ခြင်္သေ့ကြီး လိုပဲ အထီးကျန် ဘဝပါ ”

“ အကြွား မပိုပါနဲ့ ရှင် .. အကြေသားကြီး ကို ယုံရမှာလား ၊ ကိုဝေလင်းကျော် ရဲ့ စကား ကို ချင်းတွင်းရေပြင် က လှိုင်းလေးတွေ ကြားပြီး ဟားတိုက် ရယ်နေတယ် သိရဲ့လား ”

ပရိမ္မသူလေး က စကားကြွယ် လှပါကလား ဟု စိတ် ထဲ မှ အားရဝမ်းသာ ဖြစ် မိသော်လည်း ၊ ကိုယ် ဘဝ မှန် ကို လက်ခံစေချင် သဖြင့် ...

“ ကျွန်တော့် နှလုံးသားလမ်း မှာ အချစ်စခန်း မရှိပါဘူးဗျာ .. ယုံပါ ၊ မေမွန် က တော့ အဖူးအပွင့်တွေ အသင့် ဝေ နေမှာပေါ့နော် ၊ သိခွင့် ရှိရင် သိချင်တယ် ဗျာ ”

“ မေမွန် က မိသားစု စီးပွားရေး ကို ဦးဆောင် ထားရတယ်လေ ပြီးတော့ ပရိမ္မ ဟာ မေမွန် တို့ နှလုံးသား ဆိုတော့ ပရိမ္မနဲ့ ဝေးကွာမယ့် အဖြစ်မျိုး နဲ့ ... နှလုံးသွေး ကို ရင်းနှီး မပေးနိုင်သေးဘူးလေ ”

ဖြစ်နိုင်ပါသည် ။ တစ်နယ် တစ်ကျေး မှ ဝေလင်းကျော် ပင်လျှင် ထီးလှိုင်ရှင် ကျန်စစ်သား နှင့် ပရိမ္မ ကို ရင် မှာ အမြတ်တနိုး တန်ဖိုးထား မိခဲ့ရပြီ မဟုတ်လား ။

ဝေလင်းကျော် ၏ ရင် မှာ မရေမရာ ခံစားနေရသည် ။ ထိုစဉ် အခိုက် မှာ စကား တစ်လုံး က နှုတ်ဖျား မှ ခုန်ထွက် သွားသည် ။

“ မေမွန် ရယ် ... တကယ်တန်း ကျတော့ ကျွန်တော် လည်း ပရိမ္မ ကို မခွဲခွာ နိုင်တော့တာ အမှန်ပဲ ၊ ဒီ အတွက် အကြံလေးများ ပေးနိုင်မလားဗျာ ”

“ ကျွန်မ ဘယ်လို ကူညီရမလဲ ဆိုတာ ပြောပါ ကိုဝေလင်းကျော် ”

မေမွန်သက် ၏ စကား ကြောင့် ဝေလင်းကျော် ၏ နှုတ်ခမ်းတွေ က ကျောက်ရုပ် ဖြစ်သွားခဲ့ချေပြီ ။ ဒါကြောင့်လည်း ရင်ခုန်ပြတင်း ကို အတင်း ဆွဲပိတ် လိုက်ရသည် ။

အဲဒီ ည ကတော့ ဤမျှနှင့်ပင် သူတို့ နှစ်ဦးသား လမ်းခွဲ ခဲ့ကြရပါသည် ။

ယနေ့နံနက် ထီးလှိုင်ရှင် ၏ ခြေတော်ရင်း သို့ ရောက် ၊ ဘုရားရှင် ထံ တွင် ဆုတွေပန်ခြွေ ကြပြီး မော်တော်ဆိပ် သို့ ဆင်း လာကြစဉ် ...

“ မေမွန် ရယ် ၊ ကျွန်တော်တို့ တကယ် ခွဲကြရတော့မယ် နော် ... ၊ မေမွန် ကတော့ ခွဲနိုင်မှာပါ ၊ ကျွန်တော် ကတော့လေ ... ”

“ ပြောပါ ကိုဝေလင်းကျော် ... ဆက်ပြောပါ ၊ ကျွန်မ နားထောင် ပေးမှာပါ ”

ဝေလင်းကျော် ၏ ရင်တွင်း မှ တန်းစီ ထားသည့် စကားလုံးများ မှာ လျှာဖျား သို့ မရောက်မီ မှာပင် လမ်းပျောက် သွားခဲ့သည် ။ နိုးကြားလာသည့် အချစ်သွေး ကို ဦးနှောက် က အချက်ပြ လမ်းလွှဲ ပေးခဲ့ပြီကော ။

“ ကဲ ... မေမွန် ရေ ...  ၊ မော်တော် ဟွန်း ဆွဲ နေပြီ ၊ မေမွန် နေခဲ့တော့နော် ၊ မေမွန့် ကို ပြောဖို့ ကျန်နေတဲ့ စကား ကို ထပ်ပြောနိုင်အောင် နောက် တစ်ခေါက် ပြန်ခဲ့ပါ မယ် ၊ မေမွန့် ဘက် ကသာ ဒုတိယ လာတော့ ငွေဧည့်သည် မဖြစ်ပါစေနဲ့ နော် ၊ ကဲ ... သွားပါရစေတော့ ”

“ မေမွန် မျှော်နေပါ့မယ် ၊ ဆက်ဆက် လာခဲ့ပါ ကိုဝေလင်းကျော် ”

မေမွန်သက် က နှုတ်ဆက်စကား ပြောရင်း အသင့် ယူဆောင်လာသည့် ယွန်းထမင်းချိုင့်လေး ကို ဝေလင်းကျော် ထံ လက်ဆင့်ကမ်း လိုက်သည် ။ ဝေလင်းကျော် သည် သူမ ကို ဖျတ်ခနဲ ကျောခိုင်းကာ မော်တော် ပေါ် သို့ အပြေးတက် လိုက်သည် ။

မော်တော် ပေါ် မှ သမင်လည်ပြန် လှမ်းကြည့်မိတော့ မေမွန်သက် က လက်ပြ နှုတ်ဆက် နေသည် ။ သူ က တုံ့ပြန်လက်ပြ လိုက်စဉ်မှာ မော်တော်လေး က ထီးလှိုင်ရှင် မှ တရွေ့ရွေ့ ထွက်ခွာ နေပြီ ။ မော်တော်စက်ရှိန် မြှင့် လိုက်ပြီး မကြာမီ မေမွန်သက် တစ်ယောက် မြင်ကွင်း ထဲ မှ ပျောက်ကွယ် သွားခဲ့ရသလို ပရိမ္မရွာ နှင့် ထီးလှိုင်ရှင်စေတီတော် သည် လည်း ..

••••• ••••• •••••

ဝေလင်းကျော် ရွှေမန်းတောင်ခြေ ရောက်တော့ ရှမ်းရိုးမကြီး ပေါ်မှ တက်သစ်စ နေဝန်း က နှုတ်ဆက်နေပြီ ။ သူ မန္တလေးတက္ကသိုလ် သို့ ပြောင်းရွှေ့ခဲ့ရ သည် မှာ တစ်ပတ် ကျော်ခဲ့ပြီ ။

ပရိမ္မ နှင့် ဝေးခဲ့ရသည် မှာ ရာသီတပေါင်း တို့ နှစ်လီ ပင် ပြောင်းခဲ့ပါပြီ ။ တာဝန်တွေ မအားလပ် သဖြင့် ပရိမ္မ သို့ ကိုယ်တိုင် သွားဖို့ အခွင့်မသာ ခဲ့သော်လည်း မေမွန်သက် က ‘ လှဆန်းယဉ် ’ မော်တော်လေး ပေါ် မှာ တုန်းက ပေးထားဖူးသည့် ရေစကြို မှ ကျောင်းဆရာလေး ‘ ကိုမြတ်ကျော် ’ ၏ လိပ်စာ နှင့် စာ ရေးပြီး ဆက်သွယ် ဖြစ်ခဲ့ပါသည် ။

ခက်သည် က သုံးကြိမ်တိုင် ဆက်သွယ် သော်လည်း တစ်ဘက် မှ ဘာ တစ်ခု မျှ ဆက်သွယ် မလာခဲ့ ။ သို့ဖြင့် ဒီနှစ် ကျောင်းပိတ်ရာသီ မှာ အခြား တာဝန်တွေ မရှိခဲ့ လျှင် ပရိမ္မ သို့ အရောက် သွားဖို့ ဆုံးဖြတ်လိုက်ပါသည် ။

သည်ကြားထဲ ရှည်ကြာသော အချိန်အလျား ကြောင့် မေမွန်သက် ၏ ရင်ထဲ မှ အကြောင်းတွေ ပြောင်းလဲချင် ပြောင်းလဲ နေမည်လား ဟု မဝံ့မရဲ တွေးကာ ခံစား နေမိ သည် ။

ဝေလင်းကျော် , ကျောက်တော်ကြီးဘုရား သို့ ဝင်လိုက်ပြီး ၊ အရှေ့စောင်းတန်း တစ်နေရာ အရောက် တွင် နောက်မှ တစ်စုံတစ်ဦး က သူ့ လက်ကို လှမ်းဆွဲ လိုက်သဖြင့် လှည့် ကြည့် လိုက်တော့ သူ့ မျက်စိ ကို ပင် မယုံကြည်နိုင်အောင် ဖြစ်သွားမိသည် ။

“ ဟာ ... မေမွန် ပါလား ၊ အိပ်မက် တော့ မဟုတ်ပါဘူးနော် ၊ ပရိမ္မရပ်ကြီးသူ က ... ရက်စက်တတ်ပါကလား ”

“ အပြော ကြွားတဲ့ မြို့ကြီးသား ရယ် စူဠလိပ် ကို မှ ရေ ထဲ လွှတ်မိတဲ့ ပရိမ္မသူ ကို မှတ်မိသေးတယ်နော် ”

ပဟေဠိ ဆန်သော နှုတ်ဆက်စကားများ နှင့် အတူ မန်းတောင်ခြေ စောင်းတန်းကြီး ထိပ်မှ ခြင်္သေ့ကြီး နှစ်ကောင် ရှေ့ သို့ ရောက်လာကြသည် ။

ပရိမ္မ ၏ တစ်ကောင်တည်း သော ခြင်္သေ့ကြီး နား မှာ မွေးဖွားခဲ့သည့် အချစ် သည် မန်းတောင်ခြေ က ခြင်္သေ့ကြီး နှစ်ကောင် ၌ ဖူးစာ ဆုံမှာပဲ ဟူ၍ ဝေလင်းကျော် က နိမိတ်ကောင်း စွဲယူ လိုက်မိသည် ။

မေမွန်သက် သည် ဘုရားဖူး အဖွဲ့ နှင့် မန်းတောင်ခြေ သို့ ရောက်ခဲ့ရင်း ဝေလင်းကျော် နှင့် ပက်ပင်းဆုံမိခြင်း ဖြစ်သည် ။ အကျိုးအကြောင်း တွေ စကား ဖလှယ် ကြတော့ ရေစကြို မှ ကျောင်းဆရာ ကိုမြတ်ကျော် က ပရိမ္မ အရှေ့ဘက် ရွာ တစ်ရွာ သို့ ရွေ့ပြောင်း သွား သဖြင့် ဝေလင်းကျော် ၏ စာတွေ ပရိမ္မ ကို ရေမဆန် နိုင်ခဲ့ခြင်း ဖြစ်သည် ။

နှစ်နှစ်တာ ကာလ ၏ သံသယတွေ ကို ရှင်းပြခွင့် ရ သဖြင့် တစ်က ပြန် စနိုင် သေးတာပဲ ဟူ၍ ဝေလင်းကျော် ၏ စိတ် ထဲ မှာ ကျေနပ် သွားမိသည် ။

ဝေလင်းကျော် က ပဏာမ မြားချက် အဖြစ် စကား တစ်ခွန်း ကို လက်တည့် စမ်း မိလိုက်သည် ။

“ မေမွန် ရယ် ... ပြီးခဲ့တာတွေ အပေါ် ကျေနပ်ပါ ။ အခုလို ဆုံစည်းခွင့် လေး ကိုတော့ လက်လွတ် မခံနိုင်တော့ပါဘူး ၊ ဒီ ခြင်္သေ့ကြီး တွေ ကို သက်သေ ထားပြီး ၊ နှလုံးသား စကား ဆိုပါ့မယ် ၊ ကျွန်တော့် ရဲ့ အချစ်ပဏ္ဍာလေး ကို တစ်သက်တာ အဖြစ် လက်ခံပေးပါနော် ”

မေမွန် တစ်ယောက် ဘာမျှ မတုံ့ပြန်နိုင်မီ မှာပင် အပြုံး ခြေရာတွေ က သူမ ၏ မျက်နှာ မှ ရုတ်တရက် ထွက်ခွာ သွားသယောင် ...

“ ဒီ စကား ကို ပရိမ္မ မှာ ကတည်း က ကျွန်မ မျှော်လင့်ထားတာပါ ၊ အခုမှ ကြား ရတော့ ကျွန်မ အများကြီး ခံစား လိုက်ရပြီ ကိုဝေလင်းကျော် ရယ် ”

သည်တစ်ခါ တော့ ဝေလင်းကျော် ရှင်းပြရပါပြီ ။

ပရိမ္မ ၏ ဧည့်သည် တစ်ယောက် အနေ နှင့် နှုတ်ဟ မှား ခဲ့လျှင် ဧည့်ဝတ် ကျေပြွန်လှသည့် ပရိမ္မမြေ ကို စော်ကား သလို ဖြစ်မှာ စိုးရိမ်သည့် အကြောင်း ၊ ဧည့်သည် တစ်ယောက် ၏ အခွင့်အရေး ကို အလွဲသုံးစား ပြုရာ ရောက်မည် ကို စိုးရိမ် သည့် အကြောင်း စသည်ဖြင့် ..

“ ကိုဝေလင်းကျော် ရယ် ... အခါအခွင့် ဆိုတာ တစ်ကြိမ် သာ ရတက်ပါတယ် ၊ နောက် တစ်ကြိမ် ဆိုတာက ပေးဆပ်ရမှုတွေ များလွန်းတတ်တယ်လေ ... ၊ ကံကြမ္မာ ကို တရားခံ ရှာနိုင်ပေမယ့် ခံစားမှုတွေ က နှစ်ဦးစလုံး ကို လောင်ကျွမ်း သွားစေ နိုင်တယ် ”

မေမွန်သက် က သူမ တွင် ချစ်သူ ဟု မဆိုသာ သော် လည်း ကြင်သူ ရှိနေပြီ ဖြစ်ကြောင်း ၊ ထို သူ ကတော့ ဆရာလေး ကိုမြတ်ကျော် ဖြစ်ကြောင်း ၊ ကိုမြတ်ကျော် မှာ မေမွန်သက် နှင့် တစ်ရွာတည်းသား ဆွေမျိုးနီးစပ် တော်သူ ဖြစ်ကြောင်း ၊ မိဘများ ၏ အစီအစဉ် ဖြစ် သော်လည်း ကိုဝေလင်းကျော် ထံ မှ ဖွင့်ဟ လာမည့် ချစ်ခြင်းမေတ္တာ ကို မျှော်လင့်ပြီး အချိန် ဆွဲ ထားခဲ့သေးကြောင်း ၊ သို့သော် မျှော်လင့်ချက်တွေ က တရွေ့ရွေ့ နှင့် အငွေ့ပျံ ဆုံးရှုံးခဲ့မှုကြောင့် သူမ ခေါင်းညိတ် လိုက်ရကြောင်း ဖွင့်ဟ ဝန်ခံ ရှာ ပါသည် ။

“ မေမွန် ရယ် ... ကျွန်တော့် နှလုံးသား ဟာ ကျောက်ဆစ်ရုပ် နှလုံးသားမျိုး မဟုတ်တာကြောင့် ၊ ကျွန်တော် မခံစား နိုင်တော့တာ အမှန်ပါ ၊ ဒါပေမယ့် ... ပရိမ္မ ရဲ့ ပန်းကလေး တစ်ပွင့် ကို အလှ မပျက် အနံ့ မပြယ်အောင် ထိန်းသိမ်းခဲ့တဲ့ ရွှေဧည့်သည် ဘဝ ကိုပဲ ဂုဏ်ယူပါတယ် ၊ မေမွန် ရဲ့ စေတနာ တွေ ၊ မေတ္တာာတွေ ၊ အကြင်နာ တွေ ၊ အလှ တွေ ကို ကျွန်တော့် နှလုံးသား မှာ တစ်သက်တာ ကမ္ပည်းတင် စိတ် နဲ့ ဖြေသိမ့်ပါမယ် ”

“ ကိုဝေလင်းကျော် ကို ဟို ... ဟို အို ... ပြော လည်း မပြောတတ်တော့ ပါဘူးရှင် ”

ဝေလင်းကျော် သည် မေမွန်သက် ၏ ရှက်မျက်နှာလေး ကို မမြင်ယောင် ဆောင် နေ လိုက်သည် ။ သူ စဉ်းစားရပြီ ။ ဦးနှောက် လား ၊ နှလုံးသား လား ၊ ဘယ် လမ်း က သွားမည်လဲ ။ မည်သို့ဆိုစေ ... နှစ်ဦးစလုံး ၏ နှလုံးသား မြစ်ကျဉ်း ကို ဒီ နေရာ မှ ပင် ဖြတ်ကျော်ရ တော့မည် ။ မေမွန်က တော့ မိန်းမသား မို့ အကျဉ်းအကြပ် ထဲ မှ လမ်းခွဲ ရွေးဖို့ အားနည်းချက် ရှိ နေရှာသည် ။ ဖြစ်သမျှ အကြောင်း ကို ကြုံသလို ရင်ဆိုင်ဖို့ အသင့် အနေအထား ဖြင့် အရှုံး ပေးတာလည်း ဖြစ်နိုင်သည် ။

နှစ်ခွလမ်း တွေ က ဦးနှောက်တံခါး မှာ တန်းစီ နေသည် ။ ဝေလင်းကျော် သည် တစ်စုံတစ်ရာ ကို အခိုင်အမာ ဆုံးဖြတ်ပြီး ...

“ ညီမလေး ရယ် ၊ မင်း ဘဝ နဲ့ မင်း အလှ က ပရိမ္မ ရဲ့ အလှ နဲ့ ပရိမ္မ ရဲ့ ဘဝပါ ။ တို့ ရဲ့ အချစ် ကို မန်းတောင်ခြေ က ဒီ ခြင်္သေ့ကြီးတွေ သိပါတယ် ၊ မင်း ရဲ့ဘဝလေး ပရိမ္မ မှာ လှ နေ သမျှ ကိုယ် ကျေနပ် နေပါ့မယ် ၊ အချစ် ရဲ့ အဆုံးစွန် ဘဝ ဟာ ပိုင်ဆိုင်ခြင်း ဆို ပေမယ့် ပေးဆပ်ခြင်း ဆို တာလည်း လိုအပ်တဲ့ တန်ဖိုး တစ်ရပ်ပါ ၊ ညီမလေး ကျေနပ်တော့ နော် ”

မေမွန်သက် က တစ်ခု ခု တုံ့ပြန်ဖို့ ဟန်ပြင် မိ သော်လည်း စကား တစ်လုံး မျှ ထုံးဖွဲ့ခြင်း မပြုနိုင်တော့ ။ ဝေလင်းကျော် သည် မေမွန်သက် ၏ လက်ဖမိုးလေး ကို ဖွဖွလေး ဆုပ်ကိုင်ရင်း နောက်ဆုံး ကြည့်ခြင်းဖြင့် ကြည့် ကာ ... ကျောခိုင်း လိုက်တော့သည် ။

အညာနွေ သည် နေဆယ်စင်း ကြွေကျ နေ သလို ပူပြင်း လှသည် ။ ထို နေဆယ်စင်း သည် သူတို့ နှစ်ယောက် ၏ ရင် ထဲ တွင် ...

⎕ မောင်ရေချမ်း ( အားသစ် )

📖 အလင်္ကာရပ်ဝန်း ( ၇ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment