❝ ငလျင် ❞
⎯⎯⎯⎯⎯
နေနော်
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
၁ ။
ထို အဖြစ်အပျက် သည် မနက် သုံးနာရီ ဆယ်မိနစ် ၌ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ။ ပထမဦးစွာ သူ သတိပြုမိသည် မှာ တော်လဲသံ ဖြစ်၍ ထို အသံနှင့် အတူ တစ်ဆက်တည်း လိုက်ပါလာသည် က ပြင်းထန် ဆိုးဝါးသော တုန်ခါမှုကြီး ဖြစ်၏ ။
သူ အိပ် နေသည့် ခုတင် အား တစ်စုံတစ်ယောက် က ဆွဲခါလှုပ် ရမ်းနေသည့် ပမာ ယိမ်းထိုး တုန်ခါ၍ နေသည် ။ ဘုရားပန်းအိုး ကျကွဲသံ ၊ ခုတင် ဘေး စားပွဲ ပေါ် မှ ရေပုလင်း ကျသံ ၊ အိမ်ခန်း တွင်း မှ ညီမငယ် ၏ ထိတ်လန့်တကြား အော်ဟစ်သံ တို့ မဆုံးခင် မှာပင် ၊ ငလျင် ဟူသော ဝေါဟာရ တစ်ခု က သူ့ ခေါင်း ထဲသို့ တိုးဝင် ရောက်ရှိ၍ လာလေသည် ။
ငလျင် ၊ အတော့် ကို ဆိုးဝါးသော စကားလုံး ဖြစ်သလို ၊ အတော် လည်း ထိတ်လန့်ဖွယ် ကောင်းသည့် ဝေါဟာရ ဖြစ်၏ ။ လူတိုင်း ရှောင် လွဲ၍ မရနိုင်သည့် သဘာဝ ဘေးအန္တ ရာယ် တစ်ခု ကို ရင်ဆိုင် နေရခြင်း ပါလား ဟူသော အတွေး နှင့် အတူ သူ ခုတင် ပေါ်မှ ထ ရပ်ရန် ကြိုးစား လိုက် ချိန်မှာပင် ငလျင် လှုပ်တာ ၊ ဘယ်သူ မှ မထကြနဲ့ ဟူသည့် အဖေ့ အသံ ကို ကြားလိုက်ရသည် ။ ငလျင် လှုပ် နေတုန်း ချော်လဲ ပါက ရူးတတ်တယ် ဟူသော အယူအဆ ကို အဖေ ယုံကြည်ဟန် တူ၏ ။ ညီမငယ် က တော့ အိမ်ပြိုပြီ အိမ်ပြိုပြီ ဟူ၍ သာ စူးစူးဝါးဝါး အော်ဟစ် နေလေသည် ။
တစ်စုံတစ်ရာ အခြေအနေ မဆိုး ခင် ခုတင် ပေါ် မှ အမြန်ဆုံး ထ ရပ်နိုင်ရန် ကို သာ သူ စိတ်စော နေမိသည် ။ ထိုအချိန် မှာ ပင် ဧည့်ခန်း တွင်း မှ ဝုန်းခနဲ အသံ တစ်ခု ကို ကြားလိုက် ရသည် ။ တိုင်ကပ်နာရီ ပြုတ် ကျခြင်း မဟုတ်ပါက စားပွဲတင် ပန်းအိုး ကျကွဲခြင်း သာ ဖြစ်ပါလိမ့် မည် ။ ခုတင်တိုင် ကို အားပြုလျက် သူ အောင်မြင်စွာ ထ ရပ်လိုက်နိုင် သည့်အချိန် မှာတော့ ပြင်းထန် ဆိုးဝါးသော ငလျင်လှုပ်ခြင်း က တိခနဲ ရပ် ဆိုင်း သွား တော့သည် ။
ငလျင် လှုပ်ခြင်း ပြီးဆုံး သွားသည် နှင့် သူ ပထမဦးစွာ သတိရ မိ သည် က မီး ဖွင့်ရန် ဖြစ်သည် ။ တစ်အိမ်လုံး ရှိ မီးခလုတ်တွေ ကို သူ လျှောက် ဖွင့် နေချိန်၌ အမေ့ အော်ငိုသံ ကို ကြား လိုက်ရသည် ။ နှလုံးရောဂါ ရှိသူ ဖြစ်သလို ၊ ထိတ်လန့်လွယ်သူ လည်း ဖြစ်သည် ။ သူတို့ တစ်အိမ်သားလုံး အမေ့ နား ရောက်သွားတော့ ဘယ်ဘက် အမေ က ရင်အုံ ကို လက် ဖြင့် ဖိလျက် ၊ အိမ်ကြီး ပြိုကျသွားပြီ အောက်မေ့ လို့ ဟု ငြီးတွား ရင်း အမေ ငိုရှိုက်သည် ။
မကြောက် နဲ့ အမေ ၊ ဘာမှ မဖြစ်ဘူး ၊ ပြီးသွားပြီ ဟု အစ်ကို က ဖျောင်းဖျ၍ နောက်ဆုံးနှစ် ဆေးကျောင်းသူ ညီမ က တော့ ကာဒမိုက်နှင့် ဒိုင်ယာဇီပင် ဆေးပုလင်း တို့ ကို ပြေး ယူသည် ။ စိတ်ငြိမ်ဆေး ၊ အမောဖြေ ဆေး တို့ ကို တိုက်ပြီး ၊ ဘာမှ မဖြစ်ကြောင်း နှင့် မကြောက်ရန် အမေ့ ကို ဝိုင်း အားပေးကြရသည် ။ တချို့တစ်ဝက် က အမေ့ နား မှာ နေ၍ တချို့က ပန်းအိုးကွဲစများ ပုလင်းကွဲစများ ကို ရှင်းလင်းကြရ၏ ။
အမှိုက်များ ပစ်ရန် ဝရံတာတံခါး ကို ဖွင့် လိုက်တော့ တိုက်ပေါ် မှ ပြေးဆင်း ၍ လမ်းမ ၌ ထွက်ရပ် နေကြသော လူအုပ်ကြီး ကို သူ တွေ့ လိုက်ရသည် ။ လူတိုင်း ၏ မျက်နှာ ပေါ်၌ ထိတ်လန့်မှု တို့ က အထင်းသား ပေါ်လွင် နေ၏ ။
ရစ်ရပ်ချ်တာစကေး လေးဒသမ သုည သာ ရှိသည့် ဆိုသော ထို ည က ငလျင် သည် သူတို့ မိသားစု ကို သာ မက လူ အတော်များများ ကိုပါ သွေးပျက်ချောက်ချား စေခဲ့သည် ကတော့ အမှန်ပဲ ဖြစ်သည် ။
••••• ••••• •••••
၂ ။
ငလျင်လှုပ်ခြင်း နှင့် ပတ်သက်၍ သူ့ ၌ ဗဟုသုတ တို့ သိပ် မရှိ လှသော်လည်း မြေငလျင် ဟူသည် ကမ္ဘာမြေကြီး ၏ အတွင်းသား ရွေ့လျား တုန်ခါမှု ကြောင့် ဖြစ်သည် ဟူ ၍တော့ အကြမ်းဖျဉ်း နားလည် ထား၏ ။ သူ့ ညီမ အား မွေးဖွားစဉ် ခုနစ်ဆယ်ခုနှစ် ဝန်းကျင် က လည်း ပုဂံငလျင် အတော် ပြင်းထန်စွာ လှုပ်ခဲ့ဖူး၏ ။ ထို့ပြင် လမ်းလျှောက် သူ ကိုပင် ဘိုင်းခနဲ လဲကျစေခဲ့သည် ဆိုသော တောင်ငူ ငလျင် ၊ အဆိုးဆုံး မှာ ကမ္ဘာ ၌ အပြင်းထန်ဆုံး နှင့် နောက်ဆုံး လှုပ်ခဲ့သော ဘရာဇီးငလျင် ဖြစ်သည် ။
ထို ငလျင်များ နှင့် နှိုင်းယှဉ်ပါက သူတို့ ရင်ဆိုင် ခဲ့ရသော မြေငလျင် မှာ ဘာမှ မပြောပလောက် သော်လည်း ၊ ဘယ်လိုပင် တွေးတွေး ငလျင် လှုပ်ခံရခြင်း မှာ ပျော်စရာ မကောင်းသည် ကတော့ အမှန်ပဲ ဖြစ်သည် ။ ငလျင် ကြောင့် လူတိုင်း ထိတ်လန့်ကြရ သလို ၊ ပစ္စည်း အတော်များ များလည်း ပျက်စီးကြရ၏ ။
ခြောက်ထပ် အမြင့် ရှိသော သူတို့ တိုက် ၏ အခန်းတိုင်း လိုလို ထို အဖြစ်ကို ရှောင်လွဲ ၍ မရကြ ။ သူတို့ အောက်ထပ် ရှိ ညားကာစ လင်မယား အခန်း၌ ၊ ဆယ့်လေးလက်မ တီဗွီတစ်လုံး ကျကွဲ သွားသည် ဟု ဆိုသည် ။ မင်္ဂလာလက်ဖွဲ့ အဖြစ် အလကား ရထားသည့် ပစ္စည်း မို့လို့ လား မပြောတတ် ။ လင်မယား နှစ်ယောက် စလုံး သိပ်နှမြောတသ မဖြစ်ကြ ။
“ ဘယ် တတ်နိုင်မလဲ ၊ လူ တွေဘာမှ မဖြစ်တာကိုဘဲ ကျေးဇူးတင် ရမှာပေါ့ ”
အကောင်းမြင်သမား ဖြစ်ဟန် တူသော ယောက်ျား လုပ်သူ ကား ငလျင် မပြင်းထန်ခြင်း ကိုပင် ကြံဖန် ကျေးဇူး တင် လေသည် ။ သူတို့ ဘေး ခန်း မှ ဒေါ်အေးရွှေ တို့ မိသားစု ကတော့ ထို လင်မယားနှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ တစ်တိုက်လုံး ၎င်းတို့ အခန်း မှာ အကွဲအရှ အနည်းဆုံး ဖြစ် သော်လည်း ကျကွဲသည့် ပစ္စည်းမှာ ဆီပုလင်းများ ဖြစ်နေ သဖြင့် ဆင်းရဲနွမ်းပါး သော ထို မိသားစု မှာ နှမြောတသ ဖြစ်၍ မဆုံး ။
“ ကွဲစရာ ရှားလို့ကွယ် ၊ ဆီပုလင်း တွေ မှ ကျ ကွဲရတယ်လို့ ”
ဒေါ်အေးရွှေ ၏ ညည်းညူမှု မှာ ပြုံးချင်စရာ ကောင်းသော်လည်း ၊ သူ မပြုံးမိ ၊ သူ တို့ အပေါ်ဆုံး ထပ်မှ ကိုသန်းထိုက် ကတော့ အပျက်အစီး ထက် ငလျင် ၏ ပြင်းထန်မှု ကိုသာ တဖွဖွ ရေရွတ်၏ ။
“ ကျွန်တော့် အခန်း က အပေါ်ဆုံးထပ် ဆိုတော့ ပို ဆိုးတာပေါ့ ဗျာ ။ နောက်ပြီး ကျွန်တော် က အောက်ထပ် မှာ အိပ်တာ မဟုတ်ဘူး ။ ခေါင်မိုး နဲ့ ကပ် နေတဲ့ ထပ်ခိုးပေါ် တက် အိပ်တာ ဆိုတာ့ ဘာပြော ကောင်း မလဲ ၊ ဆန်ကော ထဲ ဇီးဖြူသီး ထည့် လှိမ့် လိုက်သလား အောက်မေ့ ရတယ် ။ ဗြောင်းဆန် နေတာပဲ ”
အပေါ်ဆုံး ထပ် မှာ နေသူ ဖြစ်သဖြင့် ငလျင် ၏ ဒဏ် ကို ပိုခံစား လိုက်ရဟန်တူ၏ ။ ကိုသန်းထိုက် ၏ မျက်နှာ ပေါ်၌ ထိတ်လန့်မှု တို့က အထင်းသား ။ “ နောက်ရက် တွေ ကျရင် သင်္ဃန်းကျွန်း က အစ်မ အိမ်မှာ ခဏ သွားနေရရင် ကောင်းမလား လို့တောင် စဉ်းစားမိတယ် ” ဟု ကိုသန်းထိုက် တွေးတွေးဆဆ ရေရွတ်သည် ။
တကယ်တော့ ကိုသန်းထိုက် က ဤတိုက် ပိုင်ရှင်ဖြစ်၏ ။ သို့သော် အခြား တိုက်ပိုင်ရှင်များ လို အောက်ဆုံးထပ် တို့ ၊ ပထမထပ် တို့ ၌ မနေဘဲ ၊ အပေါ်ဆုံးထပ် ခြောက်လွှာ၌ ထူးဆန်းစွာ တက် နေသူ ဖြစ် သည် ။ ထိုကိစ္စ နှင့် ပတ်သက်၍ ကိုသန်းထိုက် က “ ကျွန်တော် က တစ်ကိုယ်တည်းသမား ပဲဗျာ ။ နောက်ပြီး ကျွန်တော် ကိုယ်တိုင် ကလည်း အမြင့် မှာ နေရတာ သဘောကျတယ် ” ဟု ဖြေရှင်းချက် ပေးတတ်သည် ။
အမှန်တကယ် လည်း ကိုသန်းထိုက် က အမြင့်ကြောက်ရောဂါသည် နှင့် ဆန့်ကျင်စွာ အမြင့်ကြိုက် ရောဂါသည် ဟု ကင်ပွန်းတပ်ရ မည့်သူ ဖြစ်သည် ။ ညနေ စောင်းပြီ ဆိုသည် နှင့် လသာဆောင် ခေါင်မိုး ပေါ် ၌ ကိုသန်းထိုက် တက် နေတတ်မြဲ ဖြစ်သည် ။
“ အမြင့် မှာ နေတော့ အဝေးကြီးကို လှမ်း ကြည့်လို့ရတာပေါ့ ။ နောက်ပြီး အောက် ကို ပြန် ငုံ့ကြည့်ရတာလဲ အရသာ တစ်မျိုးပဲဗျ ”
ထိုမျှအထိ အမြင့် ကြိုက်ခဲ့သော ကိုသန်းထိုက် သည် ယခု တော့ မြေငလျင် ကြောင့် ၎င်း အခန်း ၏ မြင့်မားမှုနှင့် ပတ်သက်၍ စိုးရိမ် နေရပြီ ဟု သူ တွေးလိုက်မိသည် ။ ကိုသန်းထိုက် လိုပင် ခြောက်လွှာ ၌ နေသော ကိုစိန်ပေါ က လည်း “ ဒီည သာ ထပ်လှုပ်ဦးမယ် ဆိုရင်တော့ ၊ မြေညီထပ် က ဦးသာရင် တို့ အခန်း မှာ တောင်းတောင်းပန်ပန် နဲ့ သွားအိပ်ရမှာပဲ ”
ဟု ရေရွတ်၏ ။ ဦးသာရင် ကိုယ်တိုင် ကတော့ ၎င်းတို့ နှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။
“ ကျုပ်တို့ မိသားစု က ညတုန်း က ငလျင် လှုပ် ပြီးပြီးချင်း ခင်ဗျား တို့ အခန်း ကို တက်လာမလို့ဗျ ။ တကယ်လို့ ငလျင်ကြောင့် တိုက် ပြိုမယ် ဆိုရင် အပေါ်ဆုံး မှာ နေတော့ သက်သာတာပေါ့ ”
တိုက် ပြိုလျှင် ဟူသော ဦးသာရင် စကား က သူ တို့ အားလုံး မစဉ်းစားမိသော ကိစ္စ ဖြစ်သလို ၊ သူ တို့ အား ထိတ်လန့် သွားစေသော စကား လည်း ဖြစ်သည် ။ ထိုမျှ အထိ မဖြစ်နိုင်ဟု သူ တွေးလိုက်မိသော် လည်း ကန်ထရိုက်တိုက် တစ်လုံး ၏ ကြံ့ခိုင်မှု ကို ဘယ်လိုမျှ ခန့်မှန်း၍ မရနိုင်ပါ ။ ထို အတောအတွင်း ၊ တတိယထပ် အခန်း က ၎င်းတို့ မီးဖိုချောင်နံရံ ၌ အက်ကြောင်း အနည်းငယ် ထ သွားကြောင်း လာ ပြောသော အခါ မှာတော့ သူ တို့ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြရတော့ သည် ။
ကိုသန်းထိုက် ဦးဆောင်လျက် သူတို့ အားလုံး တစ်ခန်း ဝင် တစ်ခန်း ထွက် လိုက် စစ်ဆေးကြ၏ ။ ထိုအခါ မှ ပင် တိုက်နံရံ အတော် များများ၌ အက်ကြောင်း များစွာကို သတိ ပြုမိကြလေသည် ။
••••• ••••• •••••
၃ ။
မြေညီထပ် မှ ဦးသာရင် စတင်ခဲ့သည့် တိုက် ပြိုလျှင် ဟူသော ခြောက်လှန့်မှုသည် သူတို့ ပထမဦးစွာ ရင်ဆိုင် ရသည့် ခြောက်လှန့်မှု ဖြစ်သည်ဟု ဆိုပါက ၊ ဒုတိယမြောက် ခြောက်လှန့်မှု မှာ ကိုသန်းထိုက် သယ်ဆောင် လာသည့် ကောလာဟလ သတင်း ဖြစ်သည် ။ ထို သတင်း မှာ ယနေ့ည ငလျင် အကြီးအကျယ် ထပ် လှုပ်မည် ဟူ၍ ဖြစ်သည် ။ ဒေါ်အေးရွှေ တို့ မိသားစု က “ ကျွန်မတို့ ကြားတာ သုံးနာရီ နဲ့ ငါးနာရီ ကြားပဲ ” ဟုဆိုသည် ။ ထို သတင်း မှာ လူ အတော်များများ ပြောနေကြ သည့် သတင်း ဖြစ်သော်လည်း ကိုသန်းထိုက် ခေါင်းယမ်း၏ ။
“ အဲဒါ မဟုတ်ဘူး ။ ကျွန်တော် မိုးလေဝသဌာန ကို ဖုန်းဆက် မေး ပြီးပြီ ။ အဲဒီ သတင်း ကို သူတို့ မထုတ်ပြန်ဘူးတဲ့ ”
“ ဒါဖြင့် ညဘက် လှုပ်မယ် ဆိုတာကကော ”
“ အဲဒါက ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဖုန်းဆက် ပြော တာ ။ ပိုပြီး သေချာအောင် အသိ သုံးလေးယောက် ကို ထပ် ဆက်ပြီး မေး တော့လည်း သူတို့ အားလုံးက ဟုတ်တယ် လို့ ပြောကြတယ် ”
တစ်တိုက်လုံး ၌ ကိုသန်းထိုက် အခန်း တစ်ခန်း သာ ဖုန်း ရှိသဖြင့် ၎င်း က အားလုံးထက် အကြားအမြင် ပိုများ နိုင်သောကြောင့် ကိုသန်းထိုက် စကား ကို ဟုတ်နိုးနိုး လက်ခံကြရ၏ ။ ပဉ္စမထပ် မှ ကျူရှင်ဆရာ ကိုအောင်သိန်း ကတော့ -
“ ကျွန်တော် သိသလောက် ငလျင် ကို ဘယ်နိုင်ငံကမှ အတိအကျ ကြိုတင် ခန့်မှန်းလို့ မရသေးဘူး ။ ဂျပန် တောင် ငလျင် လှုပ်ခါနီး အမူအရာ တစ်မျိုးမျိုး နဲ့ နိမိတ် ပြတတ်တဲ့ သတ္တဝါတချို့ နဲ့ ခန့်မှန်းနေရ တာ ၊ ဒါလည်း အတိအကျကြီး ခန့်မှန်းနိုင်တာမျိုး မဟုတ်ဘူး ”
ကိုအောင်သိန်း စကား ကိုတော့ သူ ထောက်ခံမိ၏ ။ မြေငလျင် လှုပ်ခြင်း အား ကြိုတင် ခန့်မှန်းနိုင်မည် ဆိုပါက မြေငလျင် ဟူသည် ဤမျှလောက် ကြောက်စရာ ကောင်းတော့မည် မဟုတ်သလို ငလျင် ကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း တို့လည်း ပေါ်ပေါက်လာပါလိမ့် မည် ။ သို့သော် ဦးသာရင် နှင့် သူ့ အမေ တို့ကတော့ ကိုသန်းထိုက် ဘက်မှ ရပ်တည်ကြ၏ ။
“ ဘာပဲဖြစ်ဖြစ် ထပ် လှုပ်မယ် ဆိုတာကတော့ ဖြစ်နိုင်တယ် ။ ကျွန်တော် သိသလောက် ငလျင် ဆိုတာ အသွားအပြန် ရှိတယ် ။ တစ်ကြိမ် လှုပ်ပြီး နောက် တစ်ကြိမ် ထပ် လှုပ်တတ်တယ် ”
“ ဟုတ်တယ် ကျွန်မသမီး အငယ်ဆုံးလေး မွေးတုန်း ကလည်း တစ်ကြိမ် လှုပ်ပြီး နောက် တစ်ကြိမ် ထပ် လှုပ်တာချည်းပဲ ။ ဒီနေ့ဆို အိမ် က ခွေးလေး က တစ်နေ့လုံး ဂနာမငြိမ် ဖြစ်နေတယ် ။ ဒါဟာ ထပ် လှုပ်ဦးမယ့် နိမိတ်ပဲ ။ ဒီတစ်ခါသာ ဆိုးဆိုးဝါးဝါး ထပ်လှုပ်လို့ ကတော့ မတွေးဝံ့စရာဘဲ ”
သူ့ အစ်ကို က ကောလာဟလ တွေပါ အမေရာ ဟု နှစ်သိမ့် သော်လည်း ၊ ဟဲ့ - ကောလာဟလ ပဲထား ၊ ကောလာဟလ ဆိုတာက လည်း လက်ဆင့်ကမ်း သယ်တဲ့ လူ ရှိမှ ပျံ့နှံ့တာ ။ သယ်တဲ့လူ က လည်း တော်ရုံတန်ရုံ ယုံကြည်မှု နဲ့တော့ မသယ်ဘူး ဟု အမေ ကပြန်ပြော လေသည် ။ ဘာပဲဖြစ်ဖြစ် ကိုသိန်းထိုက် ၏ သတင်းစကား အပေါ် လူ အတော်များများ ယုံကြည်လိုက်ကြတာကတော့ အမှန်ပင် ဖြစ်သည် ။ ပို၍ ယုံကြည်စရာ ကောင်းသည် က သုံးနာရီ နှင့် ငါးနာရီကြား လုံးဝ မလှုပ်ဘူး ည ကျမှ လှုပ်မှာ ဟူသည့် ၎င်း ၏ စကားအတိုင်း ထို ညနေ က ငလျင် လုံးဝ မလှုပ်ခဲ့ ။ ထို့ကြောင့် ည ကျလျှင် ငလျင် လှုပ်မယ် ဟူ သော ၊ ဒုတိယအချက် မှန်ကန်လိမ့်မည် ဟု ပိုမို ထင်စရာ ဖြစ်နေ လေတော့သည် ။
••••• ••••• •••••
၄ ။
ထို့နေ ည၌ ပိုမို ပြင်းထန်စွာ ရောက်ရှိ လာလိမ့်မည် ဟူသော ငလျင် အတွက် သူ တို့ မိသားစု အပါအဝင် တစ်တိုက်လုံး ရှိ လူများ တုန်လှုပ်ချောက်ချားကြရသလို ၊ ကြိုတင် ကာကွယ်မှု ကိုလည်း စုပေါင်း စီမံကြရလေသည် ။ အစီအစဉ် မှာ မိုးချုပ်သည် နှင့် အားလုံး တိုက်ပေါ် မှ ဆင်း၍ တိုက်ရှေ့ ပန်းခြံ ထဲ၌ သွားနေကြရန်ဖြစ်သည် ။ အကြောင်းမှာ ဦးသာရင် ပြောသလို တိုက်ပြိုမှာ စိုးရိမ်စိတ်ကြောင့် ဖြစ်သည် ။
သူ နှင့် ကျူရှင်ဆရာ ကိုအောင်သိန်း က မဆင်းဘဲ နေရန် နှစ်ဦး သဘောတူ တိုင်ပင်ထားကြ သော်လည်း တကယ့်တကယ် မိုးချုပ် လာသော အခါမှာတော့ ကျွန်တော်တို့ မဆင်းဘူး တိုက်ပေါ်မှာပဲ နေခဲ့မယ် ဟု စကား စရန် နှစ်ယောက် စလုံး နှုတ်တွန့် နေကြသည် ။ အများ ညီ ပါလျက် ဤ ကို ကျွဲ ဟု မမှတ်ချင်သော သူတို့ နှစ်ယောက် အား ဝိုင်းကြည့်ကြမည့် မျက်လုံးများ ၏ ဒဏ်ကို ခံနိုင်ရန် မဝံ့မရဲ ဖြစ်နေ ကြခြင်းကြောင့်ဖြစ်သည် ။ ရုတ်တရက် အများ ညီညီ မညီညီ − ဤ ဟာ ဤ ၊ ကျွဲ ဟာ ကျွဲ ဟူသည့် မိုက်တီး ၏ ပြဇာတ်နာမည် ကို သတိရရင်း သူ ပြုံးလိုက်မိ သေးသည် ။
ဘာပဲဖြစ်ဖြစ် သူ နှင့် ကိုအောင်သိန်း ၏ အကြံ ကို ရိပ်မိဟန် တူသော အမေ က “ ဘာလုပ်နေကြတာလဲ အောက် ဆင်းဖို့လုပ်လေ ” ဟု ချွန်း တို့ လိုက်သော အခါ မှာတော့ နှစ်ယောက်စလုံး ထိုင်ရာမှ ပြိုင်တူ လိုလို ထရ လေတော့သည် ။ တိုက်လှေကားများ ကို တစ်ထစ် ပြီး တစ်ထစ် ဆင်းရင်း ခေါင်းထဲ ၌ မှတ်မိနေသော ဝတ္ထု တစ်ပုဒ် ကို သတိရ လိုက် မိသည် ။
ထို ဝတ္ထုလေး မှာ တက္ကသိုလ်ကျောင်းသား အဆောင်နေ ကောင်လေး က သူ့ လိုပင် အဆောင်နေ ချစ်သူ ကောင်မလေး ကို စာတစ်စောင် ရေး၍ နောက်ပြောင် လိုက်ခြင်း ဖြစ်သည် ။စာ မှာ ဒီနေ့ ည ဆယ့်တစ်နာရီ တိတိ၌ ငလျင် လှုပ်လိမ့်မည် ။ ထိုအချိန်၌ အဆောင် ပေါ် မှာ မနေဘဲ အဆောင်ရှေ့ မြက်ခင်း ၌ ဆင်းနေရန် ။ ဘယ်သူ့ ကိုမှ လည်း မပြောရန် …. ။ သို့သော် မိန်းကလေးတို့ သဘာဝ က မပြောနှင့် ဆိုလျှင် ပို၍ ပြောချင်၏ ။ အနည်းဆုံး သူ့ အခန်းဖော် ကောင်မလေး ကိုတော့ ၊ လျှောက် မပြောနဲ့နော် ဟု အစချီ လျက် ပြောပြချင်၏ ။ ဤသို့ဖြင့် သူမ မှ တစ်ဆင့် အခန်းဖော် ၊အခန်းဖော် မှ တစ်ဆင့် အခြား ကောင်မလေး ၊ နောက်ဆုံး ဆယ့်တစ်နာရီ ထိုးခါနီး၌ နှစ်ယောက် တစ်တွဲ သုံးယောက် တစ်တွဲ ဆင်းလာလိုက်ကြသည် မှာ တစ်ဆောင်လုံး လိုလိုပင် ဖြစ်နေ တော့သည် ။
သို့သော် နောက်ပြောင်မှု သာ ဖြစ်သဖြင့် ထိုည က ငလျင်မလှုပ် ၊ ထိုအခါ ကျောင်းသူ အားလုံး က သတင်း စတင် ထုတ်လွှင့်သူ ကို တစ်ဆင့် ပြီး တစ်ဆင့် ရှာဖွေရင်း နောက်ဆုံးစာ လက်ခံရရှိသူ ကောင်မလေး ထံ ရောက်၏ ။ ကောင်မလေး ၏ ဒေါသက နောက် တစ်နေ့ ၌ ချစ်သူ ကောင်လေး ထံသို့ ရောက်၏ ။
ဝတ္ထု မှာ ရယ်စရာ ကောင်းအောင် ရေးဖွဲ့ထားခြင်း ဖြစ်သော် လည်း သူ တို့ ကြုံတွေ့ နေရသည့် အဖြစ်အပျက် ကတော့ သိပ်ရယ်စရာ မကောင်းလှပါ ။ ပန်းခြံထဲ ၌ ရောက်ရှိ နေကြသော သူတို့ အားလုံးမှာ စီရင်ချက် တစ်စုံတစ်ရာ ကို စောင့်ဆိုင်း နေကြသော တရားခံများ သဖွယ် စိတ်လှုပ်ရှားစွာ တထင့်ထင့် ဖြစ်နေ ကြရသည် ။ အမျိုးသမီး အများစု က ဂုဏ်တော် တစ်ခုခု ကို ရွတ်ဆိုရင်း စိတ်ပုတီးစိပ်ရင်း ထိတ်လန့်မှု ကို တွန်းလှန်ကြ သော်လည်း ၎င်းတို့၏ မျက်နှာ သွင်ပြင်အရ အောင်မြင်ကြဟန် မတူပါ ။ ဆရာဝန်လောင်း ဖြစ်သူ ညီမ က ဒိုင်ယာဇီပင် တစ်ပြားစီ လိုက်လံ ဝေငှ၏ ။ စိတ်ငြိမ်ဆေးများနှင့် မပတ်သက်ခဲ့ဖူး သောသူ ပင်လျှင် ၊ အခြေအနေအရ လိုက်လျောညီထွေ ဖြစ်နေ သဖြင့် ထို ဒိုင်ယာဇီပင် ကို လက်ခံလိုက်ရသည် ။
“ တကယ်လို့ ငလျင် လှုပ်ပြီ ဆိုရင် အားလုံး မြေကြီး ပေါ်မှာ ဝပ်နေကြနော် ”
အသက် အကြီးဆုံး ဖြစ်သူ ဦးသာရင် က အားလုံးကို လိုက် သတိ ပေးသည် ။ ကိုသန်းထိုက် ကတော့ ၎င်း၏ အခန်းကို သံယောဇဉ် မပြတ် နိုင်ဟန်ဖြင့် အပေါ်ဆုံးထပ် သို့သာ တမော့မော့ ဖြစ်နေလေသည် ။ သို့သော် ထို အခန်း ကိုတော့ ဤည အဖို့ ကိုသန်းထိုက် ပြန်တက် ရဲ လိမ့်မည် မဟုတ်ပါ ။
ကိုအောင်သိန်း နှင့် ကိုစိန်ပေါ ကတော့ ခေါက်တုံ့ ခေါက်ပြန် လမ်း လျှောက်ရင်း ငလျင် ကို စိတ်စောစွာ စောင့်မျှော် ကြသည် ။ ဤသို့ဖြင့် တစ်နာရီ ပြီး တစ်နာရီ ကုန်ဆုံး သွားကာ သန်းခေါင် မှ သန်းလွဲ သို့တိုင်ခဲ့ပြီး သုံးနာရီ သံချောင်းခေါက်သံ အဆုံး၌ အားလုံးက ငလျင် လှုပ်ပြီ ဟု ပြိုင်တူ လိုလို ယုံကြည် တုန်လှုပ် လိုက်ကြလေသည် ။ သို့သော် သူတို့ မျှော်လင့် နေကြသော ငလျင် က သုံးနာရီ ကျော်၍ အာရုံကျင်း လာသည့်တိုင် ရောက်ရှိ မလာခဲ့ ။
••••• ••••• •••••
၅ ။
တစ်ညလုံး အိပ်ရေးပျက် ခဲ့ခြင်းနှင့် စိတ်မော တုန်လှုပ်ခဲ့ရခြင်း တို့က တိုက်ပေါ် သို့ ပြန်တက်သော သူတို့ ၏ ခြေလှမ်းများ ကို လေးလံ၍ နေစေလေသည် ။ ပုံမှန်အားဖြင့် တစ်ညလုံး စောင့်ဆိုင်း နေခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ပျက် မလာခြင်းကြောင့် စိတ်ပျက်ရမည် ဖြစ်သော်လည်း ၊ သူတို့ အားလုံး စိတ်မပျက်ကြ ။ ပင်ပန်းနွမ်းနယ်နေသည့် ကြားမှပင် ထူးဆန်းစွာ စိတ်လက်ပေါ့ပါး နေကြသည် ။
ကိုသန်းထိုက် အပေါ်ဆုံးထပ် သို့ ရှေ့ဆုံးမှ ဦးဆောင်၍ တက်ပြီး ၊ သူ နှင့် ကိုအောင်သိန်း က နောက်ဆုံး မှ တက်၏ ။ ဤနေရာ၌ ထူးဆန်း တာ တစ်ခု မှာ ငလျင် လှုပ်မည် ဟု အခိုင်အမာ သတင်း ဖြန့်ချိခဲ့သော ကိုသန်းထိုက် အား ငလျင် မလှုပ်သည့် အတွက် ဘယ်သူမှ အပြစ်မတင် ကြခြင်း ဖြစ်သည် ။
••••• ••••• •••••
၆ ။
အိပ်ခန်း တွင်း သို့ ပြန် ရောက်သည်နှင့် တစ်ညလုံး ဝေးကွာနေ ခဲ့သော ခုတင် ရှိရာသို့သာ သူ ဦးတည် လျှောက်လှမ်း လို့ လာခဲ့သည် ။ အိပ်ချင်မူးတူး ဖြင့် ခုတင် ပေါ်သို့ ပစ်လှဲရန် ပြင်လိုက်စဉ် မှာ ပင် စားပွဲ ပေါ်မှ ကမူး ၏ ပလိပ် ဝတ္ထုစာအုပ် ကို သတိပြု မိရင်း ၊ ပလိပ်ရောဂါ သည် တစ်ကြိမ် ဖြစ်ပွားခဲ့ရုံနှင့် မေ့ထား ၍ မရ ။ နောင် တစ်ချိန်ချိန်၌ အချိန်မရွေး ထပ်မံ ကျရောက် လာနိုင်သေးသည် ဟူသည့် အဆုံးသတ် စာသားတို့ ကို သတိရလိုက်မိသည် ။
ယင်းသို့ ဆိုပါက လူ အများကို ထိတ်လန့် တုန်လှုပ်စေခဲ့သော မြေငလျင် သည် လည်း ပလိပ်ရောဂါ လို နောက် တစ်ကြိမ် ထပ်မံ ကျရောက် မလာနိုင်ပါဟု ယုံကြည်စိတ်ချထားလို့ ရနိုင်ပါ့မလား ။
အကယ်၍ ငလျင် ထပ် လှုပ်ခဲ့လျှင် ကော ခုလိုမျိုး တုန်လှုပ် ချောက်ချား ကြဦးမှာပဲလား ။
ထိက်လန့် လွယ်သော နှလုံးရောဂါသည် အမေ ။ တိုက် ပြိုမှာစိုး သည့် ဦးသာရင် ၊ ဆီပုလင်း ကျကွဲသည့် အတွက် နှမြောတသ ဖြစ်နေသော ဒေါ်အေးရွှေ နှင့် အပေါ်ထပ် မှ ကိုသန်းထိုက် တို့၏ မျက်နှာ ကို တစ်လှည့် စီ မြင်ယောင်ရင်း ၊ တစ်အောင့် အကြာ၌ သူ မှေးခနဲ အိပ်ပျော် သွားလေ သည် ။
သူ ၏ အိပ်မက် ထဲ မှာတော့ မည်သည့် ငလျင် မှ ထပ်မံ မလှုပ်ခဲ့ .. ။
⎕ နေနော်
📖 နှောင်ကြိုး တစ်မျှင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment