❝ ခင်ကြက်သွန် တို့ လေကြီး မိုးကြီး ❞
( ကျွန်တော့် ပါးစပ်ပုပ် ကို ကြိုးတုပ် ထားခဲ့သည် မှာ တော်တော် ကြာပြီ ။ သို့သော် မမျှော်လင့်သော တစ်နေ့ ၌ မြင်ကွင်း တချို့ကြောင့် တော်တော် ခက်ခဲ့ရပေ၏ ။ ကိုယ်တော် ဦးစိမ်း ဆီ သို့ လူမမာ မေး သွားစဉ်တွင် ဖြစ်၏ ။ မြင်ကွင်း တချို့ ကြောင့် ကျွန်တော့် ပါးစပ် သည် ကြိုးပြတ်လုလု ဖြစ်သွား ရာ လက်တွေ ခြေတွေ ပင် အတော် ကသီလင်တ ဖြစ်ခဲ့ရလေသည် ။ )
ကိုယ်တော် ဦးစိမ်း သည် အပေါင်းအသင်း ကျယ်ဝန်း၏ ။ သူ ၏ ပေါင်းသင်းမှု ကျယ်ဝန်းခြင်း မှာ ဘင်္ဂလားအော် လောက် မကျယ်သည့် တိုင် အင်းယားကန်ကြီး လောက် တော့ ကျယ်လေ၏ ။
ထို့ကြောင့် ကိုစိမ်းကြီး မမာမကျန်း ဖြစ်နေပြီ ဟု သတင်း ထွက်သည် နှင့် တစ်ပြိုင်နက် သူ့ အိမ် တွင် အုန်းအုန်းကျွက်ကျွက် ဖြစ်လေ၏ ။
လူမမာ မေး လာသူ လူရောင်စုံတွေ တသောသော ဝင်လေ၏ ။
ကြီးမားသော ခြံကြီး ထဲ တွင် ကား တွေ ရော ကလေးတွေ ရော ၊ ခွေး တွေ ရော ရှုပ်ယှက်ခတ်လေတော့ပြီ ။
ခြံကြီး ဟူသည် ကား သူပိုင် သူဆိုင် တော့ မဟုတ်ချေ ။ ကျောင်းဝင်း အစွန်း တစ်ခုသာ ဖြစ်ပေ၏ ။ သူ့ အိမ် သည် တောင်စောင်းလေး တစ်ခု တွင် ကတ်သီး ကတ်သတ် နားရွက် ကပ်၍ ဆောက် ထား၏ ။
ထို့ကြောင့် သူ့ ထံ လာသူ တို့ သည် မလှမ်းမကမ်း ကျောင်းဝင်းကျယ် ကြီး တွင် ကားရပ် ပြီး သို့မဟုတ် ဆိုက်ကား ရပ်ပြီး သို့မဟုတ် တက္ကစီ သုံးဘီး မှ ဆင်း ပြီး မှ သူ့ တောင်ကုန်း နားရွက်ကပ် အိမ် သို့ တော်တော်လေး တက်ရ လေသည် ။
လူမမာ မေး လာသူများ မှာ မော်တော်ကား ကို ခြံဝင်း လွတ် တွင် ထား ၍ မဆောင်းချင် ဆောင်းချင် ထီး ဆွဲ ဆောင်းပြီး တောင်ကုန်း ပေါ် သို့ စိတ်ရှုပ် လက်ရှုပ် ရေရုပ်ရှုပ် နှင့် တက်ရမည် ။ ခုတော့ လူမမာ မေး တို့ သည် နေခြည် လင်း နေသောကြောင့် စိတ်လင်း သွားကြ၏ ။ ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ ခြံကြီး ထဲ သို့ ကားဆိုက်ချိန် တွင် လူမမာ လာ မေးသော ကားများ သည် ဒါဇင်ဝက် လောက် ရှိနေပေပြီ ။
ဆရာကင်ပွန်းချုံ သည် လက် ဘရိတ် ကို ဂျရိရိ မြည်အောင် ဆောင့်ဆွဲ လိုက်ပြီး အငြိမ့်မင်းသမီး ကဲ့သို့ ပတ်ဝန်းကျင် ကို လျင်မြန်စွာ မျက်လုံး ကစား လိုက်၏ ။ ကား တံခါး ကို ခပ်သော့သော့ ဖွင့် ပြီး ကျီးကန်းနှုန်း ဖြင့်လည်း ကားများ ကို သိမ်းကျုံး ကြည့်လိုက်၏ ။ ထို့နောက် ပါးစပ် ကို လေးလက်မ လောက် ကျယ်အောင် ပြုံးလိုက်လေ၏ ။ “ ဒီ အထဲ မှာ ငါ့ ကား အကောင်းဆုံး ပဲ ” ဟု ညစာ ရသော ဝက်ဝံ လို ကျေနပ် သွားသည် ။
ဆရာကင်ပွန်းချုံ ပြုံး လျှင် ဇနီး အမွန် မကြက်သွန် လည်း ပြုံးပြီ ချက်ချင်း သိပြီ ၊ ကျေနပ်ပြီ ။ မကြက်သွန် က ကားတံခါး ကို ဖွင့် ထွက်ပြီး ကောင်းကင် ကိုမော့ကြည့်၏ ။
“ တော်သေးရဲ့ မိုးရွာပုံ မရဘူး ၊ ထီး ကိုင် သွားစရာ မလိုဘူး ၊ နို့မို့ ထီးကြီး ကိုင်သွားရမှာ ဘယ်လောက် ရုပ်ပျက်မလဲ ”
သုံးဆယ့်ငါးနှစ် တိုင်တိုင် ထီး ကိုင်ခဲ့သော လက် သည် ခု ထီး မကိုင်ချင်တော့ပြီ ။ ထီးနှင့် ဝေးဝေး နေလေ ဂုဏ်ရှိ လေ အခြေအနေ သို့ ရောက်ပြီ ။ “ မတတ်သာ လို့ ကိုစိမ်းကြီး အိမ် လာရတာ ၊ တော်တော် စိတ်ရှုပ်တယ် ” ဟု စိတ် ထဲ မှ ပြောမိ၏ ။
ထို့နောက် ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် ဘက်ညီ လက်ညီ ကားမှန်များ ကို ပိတ်၏ ။ တံခါးတွေ ပိတ် သော့တွေ ခတ် ပြီးနောက် ကိုကင်ပွန်းချုံ က သိပ်မောပန်း သွားသလို ဖူးခနဲ လေမှုတ်ပြီး “ ခင်ရေ ၊ တို့ ပစ္စည်း တွေ ဒီအတိုင်း ထားခဲ့လို့ စိတ်ချရပါ့မလားတော့ မသိဘူး ၊ ဒီ နားမှာ ဒါ လောက်သောင်းကျန်းမယ် တော့ မထင်ပါဘူး ။ ( သတ္တဝါများ စိတ်ပျက်ဟန် ဖြင့် ခေါင်းယမ်း၍ ) လူတွေ က လည်း အကျင့်စာရိတ္တ တယ် ပျက်ကိုး ၊ ဘယ် နေရာ မှ စိတ်ချရတယ်မရှိဘူး ။ လူတွေ ရဲ့ စိတ် ကို အတော် ပြုပြင်ပေးရဦး မယ် လူတွေ ရဲ့ စိတ် ကို ငါတို့ အတော် ပင်ပန်းခံပြီး အတော်လေး မြှင့်တင် ပေးရဦးမှာပဲဟေ့ ”
ကိုကင်ပွန်းချုံ က ကရုဏာရသ ပါသော အသံ ၊ ကရုဏာ ရသ ပြည့်ဝန်း သော မျက်နှာ ဖြင့်ပြော၏ ။ ကြက်သွန် ၏ မျက်လုံးများ သည် ဖျတ်ခနဲ တစ်ခု သတိရဟန် ဖြင့် ကားဘီးဖုံးများ ဆီ သို့ ရောက် သွား၏ ။
“ မောင် ကားဘီးဖုံးတွေ စိတ်ချရပါ့မလား ၊ လူ ခိုးသွားဦးမယ် ၊ ဖြုတ်ပြီး တော့ ကားထဲ ထည့် ခဲ့ရင် ကောင်းမယ် မောင် ”
ဆရာကင်ပွန်းချုံ သည် မျက်လုံး ကို ပြူး၍ “ အေး အစစ် ပဲ ၊ ဒီ ဘီးဖုံး တွေ ခွာအုပ် သွားကြရင် အခက်ပဲ ။ ဒါတွေ ဖြုတ်ပြီးတော့ ကား ထဲ ထည့် ထားခဲ့ မှ ထင်တယ် ၊ ရှုပ်ပါ့ကွာ ”
ညည်းညူပြီး ကားတံခါးသော့ ပြန် ဖွင့် မည် လုပ်၏ ၊ တစ်ဖန် မျက်မှောင် ကုတ်သွားပြန်ပြီး
“ ငါ စိတ်ညစ်လိုက် တာကွာ ။ ကားဖွင့် ဝက်အူလှည့် ထုက် ၊ ဘီးဖုံး တွေ ခွာ ၊ သော့ ပြန်ခတ် ၊ ဒါတွေ လု ပ်ရရင် တစ်ကိုယ်လုံး ချွေးတွေ ပြန်လာမှာပေါ့ကွ ။ ချွေး ပြန်ပြီး ရုပ်ပျက် ကုန်မှာပေါ့ ၊ ဒါတွေ လုပ်တာနဲ့ မင်း နဲ့ ငါ လူကြီးလူကောင်း ဟန် မပေါက် တော့ဘဲ သင်္ဘောကြီး ကူလီ ရုပ် ပေါက်ကုန်တော့မှာပဲ ”
မကြက်သွန် မှာ ခပ်တွေတွေကလေး ဖြစ်သွားပြီး
“ အစစ်ပဲ ဒုက္ခပါ ပဲ ၊ သင်္ဘောကြီး ကူလီရုပ် နဲ့ တော့ လူမမာ မမေးချင်ပေါင် ၊ တယ်ပြီး သိန် ပျက် မှာပဲ ။ ကဲ ဖြစ်ချင်ရာ ဖြစ် ဘုရားတရား တ ပြီး ဒီအတိုင်း သာ ထားခဲ့ပါတော့ မောင် ရယ် ”
ဆရာကင်ပွန်းချုံ တို့ မောင်နှံ သည် စိတ် စနိုးစနောင့် ဖြင့် ကား ကို သုံးခါ ကြည့် ပြီး မှ လူမမာ အိမ် ဘက် သို့ လှည့်ဖြစ်တော့၏ ။ ဦးစိမ်းကြီး ၏ အိမ် သည် ရုပ်ရှင်ရုံသံ ပေါက် နေတော့၏ ။ ကိုစိမ်းကြီး ကို ဝန်းရံပြီး နှစ်ယောက် တစ်တွဲ သုံးယောက် တစ်တွဲ စကား ပြောဆို နေကြ၏ ။ ပြောသော စကားများ မှာ လူမမာ ရေးရာကိစ္စ တွေ ဟုတ်သလား မဟုတ်လား ဘယ်သူမှ ကျကျနန မတ်တမ်း တင် မနေ၍ မသိဖြစ်ချေ ။ အသံ ကျယ်ကျယ်လောင်လောင် လည်း ပါ၏ ။ စူးစူးကလေးလည်း ပါ၏ ။ ရှဲရှဲရှဲရှဲ ပြောကြတာ လည်း ပါ၏ ။ ထိုအချိန် တွင် လူမမာ ဦးစိမ်း သည် ကံကောင်းလှပါသည် ။ အဘယ့်ကြောင့် ဆိုသော် ထိုအချိန် ၌ ကိုစိမ်းကြီး သည် သတိ လစ်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ကြောင့် ပင် ။ ရောဂါဒဏ် ဆိုးရွား နေသဖြင့် သူတို့ ပြောသည် ကို စဉ်းစား လည်း မစဉ်းစားနိုင် ၊ ကြား လည်း မကြားနိုင်ရှာပေ ။
ကိုစိမ်းကြီး သည် တစ်စုံတစ်ခု နှင့် အနိုင် တိုက်ပြီး ပင်ပန်းကြီးစွာ အသက် ရှူ နေရပုံ ပေါက် နေ၏ ။ ကိုစိမ်း ၏ ခြေရင်း တွင် ဦးဆပ်သွားဖူး သည် ကိုစိမ်းကြီး ကို တစ်ချက် တစ်ချက် လှည့် ကြည့်ပြီး ဦးကန်စွန်းရုံ နှင့် စကား ပြော နေ၏ ။ ဗိုလ်ကြောင်လျှာသည် ခေါင်း ကို တသဲသဲ ကုတ်၏ ၊ ဗိုလ်ကြောင်လျှာ ခေါင်း ကုတ်ရခြင်း မှာ ရဲဘော်သခင်စိမ်း အတွက် စိတ်သောက ရောက် စိတ် ညစ် ၍ မဟုတ်ချေ ။ သူ့ ဘေး တွင် လာရပ်ပြီး ဘာတွေမှန်း မသိ ပြော နေသော ဦးသရက်ပု အတွက် ဖြစ်၏ ။
ဦးသရက်ပု ၏ ဇနီး မဗေထီ သည် ဦးစက္ကူ ဝတ် ထားသော တက်ထရက် အင်္ကျီ ကို မသိမသာ ရော သိသိသာသာ ရော ကြည့် နေ၏ ။ ဦးစက္ကူ ဝတ် ထားသော တာရာလင်းရှပ်အင်္ကျီ လည်း ရွရွကလေး ဖြူ ကာ ဦးစက္ကူ တစ်ယောက် အဘယ်မျှ တွင်ကျယ် ပေါက်ရောက်သူ ဖြစ်ကြောင်း နေ၏ ။ အစိမ်းပုပ်ရောင် တက်ထရက် အပေါ်အင်္ကျီ မှာ လည်း ကြွကြွကလေး ပင် တောင့် နေ၏ ။ မဗေထီ သည် မြန်မြန် တွေးသည် ၊ သူ သည် အင်္ကျီစ တွေ ဘယ်လိုများ ရအောင် ရှာနိုင်တာပါလိမ့် ၊ တယ် စွမ်းတဲ့ ပုဂ္ဂိုလ်ပါလား ၊ ငါ့ လင် ကိုသရက်ပု အတွက် ငါ ရှာတာ ကြာပြီ ၊ ခုထက် ထိ မရသေးဘူး ငါလည်း ကြံဦးမယ် ၊ မရ ရအောင် လုပ်ရမယ် ။
“ မရ ရအောင် လုပ်ရမယ် ”
မဗေထီ ၏ ပါးစပ် မှ ယောင်ပြီး အသံစုံ ထွက်သွား၏ ။ ဤတွင် ဦးကန်စွန်းရုံ က လှည့်ကြည့်ပြီး
“ ဟုတ်တယ် ... ဟုတ်တာပေါ့ ၊ ကျွန်တော် တို့ ရဲဘော်ကြီး ကိုစိမ်း အတွက် စိတ်မကောင်းဘူး ။ ရဲဘော်ကြီး ကိုစိမ်း ကို မရ ရအောင် လုပ်ရမယ် ၊ ကုရမယ် ၊ ကြံကြစမ်းပါဦး ခင်ဗျာတို့ ရယ် ”
မဗေထီ ၏ မျက်နှာ သည် တစ်ခု ခု ဖြစ်ပြီး မျက်နှာ ငလျင် လှုပ်သွား၏ ။
ပြီးတော့မှ အသက် တစ်ချက် အောင့် သွား၍
“ ဟုတ်ပါတယ် ရှင် ဟုတ်ပါတယ် ၊ ကျွန်မ လည်း ပဲ ဒီ ကိစ္စ အတွက် အမျိုးမျိုး လှည့် စဉ်းစားနေတာပဲ ၊ မရ ရအောင် တော့ ကျွန်မတို့ ကြိုးစားရမယ် ၊ အင်မတန် စိတ်သဘော ပြည့်ပြီး သိပ် တော်တဲ့ ပုဂ္ဂိုလ် မဟုတ်လား ။ ကျွန်မ တို့ ရဲဘော်ရဲဘက်ကြီး အသက် ကို မရ ရအောင် လုပ်ရမာပဲ ၊ ဆရာဝန် နဲ့ မဟန် ရင် မြန်မာနည်း နဲ့ ဖြစ်ဖြစ် ကြိုးစား ရမှာပဲ ”
“ ဟော ဆရာ ကင်ပွန်းချုံ တို့ မကြက်သွန် တို့ လာ လာ ”
ကိုကင်ပွန်းချုံ ၏ မျက်နှာ မှာ ဝင် လာလာချင်း ပင် အတော်ကလေး ပူပင်သောကရောက် နေဟန် ပေါ်လွင် လှ၏ ။ သို့သော် သူ့ ပူပင်သောက မှာ ရဲဘော်ကြီး ကိုစိမ်းအတွက် လား ၊ သူ့ မော်တော်ကား ဘီးဖုံးများ အတွက် လား ဟူသည် ကို မကြက်သွန် သာ လျှင် သိနိုင်စရာ ရှိပေ၏ ။
ကိုကင်ပွန်းချုံ သည် လူနာ မေး ပရိသတ် ကို လှမ်း ကြည့်လိုက်ရာ သူ နှင့် ခေတ်အဆက်ဆက် ပြိုင်ဘက် ဖြစ်သော သခင်ဆပ်သွားဖူး ကို တွေ့ ပြီး ချက်ချင်းကြီး မျက်နှာ မိုးအုံ့ သွား၏ ။ သို့သော် လက် ထဲ မှာ ကားသော့လေး ကို ချလွင် ခနဲ မြည် အောင် ကိုဆပ်သွားဖူး ဘက် သို့ သိသိသာသာ လှုပ် ကာ တစ်ချက်တည်း ခေါင်းမော့ လိုက်၏ ။
လူမမာ မေး ပရိသတ် တို့ သည် တသောသော တိုး လာပြန်၏ ။ ဟော ဗိုလ်ချယ်ဂါ နှင့် မတောက်တဲ့ ။ အမျိုးသမီး ထိပ်ဖူး မဆီလူး လည်း ဝင်လာ ပြန် တယ် ။ နောက်ပိုင်း က ရောက် လာ တာ ဘယ်သူပါလိမ့် ။ နာမည် တသွင်သွင် ကြီး တဲ့ ဖိုးခံတက်ချဉ်ကြီး ပါ ကလား ။ လူစုံ မျက်နှာစုံ ဖြစ်နေပေတော့သည် ။
ဖိုးခံတက်ချဉ် သည် အားလုံးသော မျက်နှာများ ကို ဝဲ လှည့်၍ ကြည့်မိ ၏ ။ လောက တစ်လောက ၏ အသိုက်အဝိုင်းသစ် ဟု သူ သိလေ၏ ။
ဖိုးခံတက်ချဉ် သို့မဟုတ် ကိုရင်ခံတက်ချဉ် သည် ကမ္ဘာ တစ်ခု မှ လာ ရသည့် နှယ် မော နေလေ၏ ။ မျက်နှာ တစ်ခွင်လုံး အဆီပြန်ပြီး ချွေး နှင့် အဆီ မှာ သမ နေ၏ ။ ကိုရင်ခံတက်ချဉ် ကို ဘေးတိမ်း ပေးကြ၏ ။ လူမမာ ကြည့် နိုင်ရန် ဘေးတိမ်း ပေးပုံ ပေါ် သော်လည်း ကိုခံတက်ချဉ် ကိုယ် က ချွေးနံ့ ချိုင်း ( ဝါ ) ဆင်းရဲသားနံ့ နံ လှ၏ ။
ဖိုးခံတက်ချဉ် သည် ရဲဘော်ကြီး ကိုစိမ်း ကို ခြေဆုံးခေါင်းဆုံး ကမန်း ကတမ်း ကြည့်၏ ။ ပင်ပန်းတကြီး နပန်းလုံး ၍ အသက်ရှူ နေရပုံ ပေါ်သော ကိုစိမ်း ကို ကြည့်ကာ ဖိုးခံတက်ချဉ် သည် နှစ်ဆမျှ မောချင် သွားရတော့သည် ။
သူ သည် စိတ်မောလက်မော လက်ပန်းကျဟန် ဖြင့် လက် ထဲ မှ ဘတ်စ်လက်မှတ်ကလေး ကို ထွေးခံ ထဲ ပစ်ချ လိုက်၏ ။
ထို မြင်ကွင်း ကို ကြည့်ပြီး ဘေးပတ်ဝန်းကျင် သည် လေတစ်မျိုး လှုပ်ကာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်သွားကြသည် မှာ အံ့သြဖွယ် မြင် ကွင်းတစ် ခုဖြစ်သွားလေတော့သည် ။ ဤသည် ကို ဖိုးခံတက်ချဉ် မသိ လိုက်သည် မှာ ရတနာသုံးပါး
မိဘဂုဏ်ကျေးဇူး ဟု ပင် ဆိုရပေတော့မည် ။ ဘတ်စ်ကား လက်မှတ်ကလေး နှင့် လာသော သူ့ ကို ကြည့် ကာ ဝိုင်း သနား သွားကြ ရာ ဤသည်ကို သူ မသိခြင်း သည် အကောင်းဆုံးပင် ဖြစ်သည် မဟုတ်ပါလား ။
ကိုစိမ်း သည် တစ်ချက် တစ်ချက် သက်ပြင်း ရှိုက်ရှူရင်း မျက်လုံး လန် လန် သွားသည် ။ ဖိုးခံတက်ချဉ် သည် ထိတ်လန့်တကြီး ကိုစိမ်း ၏ လက် ကို ကိုင်ဆုပ် မိ၏ ။ ကိုဆပ်သွားဖူး က မျက်လုံး ကို ပေကလတ် ပေကလတ် လုပ်ရင်း မကြက်သွန် ၏ စိန်နားကပ်ကြီး ကို ကြည့်ကာ “ ကဲ ကြည့် ဆောင်ရွက် ကြပါဦးဗျာ ၊ ဆရာ ပြောင်းတန် ပြောင်း ဖို့ လို သလား ၊ မလိုဘူးလား ပေါ့ ၊ ကျွန်တော် က တော့ ခင်ဗျား တို့ သိတဲ့ အတိုင်းပဲ ၊ တယ်လီဖုန်း သံ တဂွမ်ဂွမ် နဲ့ဗျာ ။ နေ့နေ့ညည ပြေးပြေးလွှားလွှား အလုပ်များ နေတော့ ခင်ဗျား တို့ ဝိုင်း ပြီးတော့ ဖိဖိစီးစီး ကြံကြဦးဗျာ ၊ စီစဉ်ကြပါဗျာ ”
မကြက်သွန် သည် ကိုဆပ်သွားဖူး သူ့ စိန်နားကပ် ဂရုပြု ကြည့်သည် ကို မျက်လုံး အရည် လည်အောင် အကြောလှုပ် ဝမ်းသာရင်း “ ဟုတ်ကဲ့ ဟုတ် တာပေါ့ ။ သခင်ဆပ်သွားဖူး က သိပ် အလုပ် များတာပဲ ၊ ဒီကို လာပြီး မေးနိုင် ကြည့်နိုင် တာတောင် အတော် အချိန် လုရမှာ ၊ ဒီတော့ ဗိုလ်ချယ်ဂါကြီး ရဲ့ ကြည့်ပြီး ကြံစမ်း စည်စမ်း ပါဦး ။ ဒီလို အခြေအနေ နဲ့ ဆိုရင် ဘယ်လို ဆေး ၊ ဘယ်လို ဆရာ နဲ့ ကောင်းမယ် ဆိုတာ ”
ဗိုလ်ချယ်ဂါကတော်ကြီး မတောက်တဲ့ သည် တုတ် နှင့် အထိုး ခံရသလို အောင့်နေချေ၏ ။ သူ့ စိန်နားကပ် ကို ဘယ်သူမှ သတိ မထားသည် မှာ ပိုပို လျှံလျှံ ကြေကွဲဖွယ်ကြီး ဖြစ်နေ၏ ။ ထို့ကြောင့် အသံ ကို မြှင့်၍
“ ဆေး ပြောင်းဖို့ လုပ်ဖို့ ကတော့ သိပ် အရေးကြီးတယ် ထင်တယ် ။ စိန်နီဆရာကြီး လည်း နာမည် ကြီးတယ် ၊ အသက်လု ပေးနိုင်ရင် ပေးနိုင်မလား မသိဘူး ။ ကျွန်မ က တော့ နည်းနည်းမှ စိတ်မချမ်းသာဘူး ရှင် ။ ( မျက်ရည် ကျ မလို မျက်နှာ ဖြင့် ) ည က တောင် အိပ်မရဘူး ။ ကဲ ရှင် ဦးသရက်ပု တို့ ၊ ဗိုလ်ကြောင်လျှာကြီး တို့ မြန်မြန် စီစဉ် ၊ ကြံဖန် ကြပါ ရှင် ၊ ဦးကန်စွန်းရုံ ဒီလို နေလို့ မဖြစ်ဘူးလေ ၊ ဆရာ ကင်ပွန်းချုံ တို့ ဦးစက္ကူ တို့ လုပ်ပါ ရှင့် ။ ရှင်တို့ ကြည့် ရတာ ကြက် လည်လိမ် ထား သလို အကြံ မရကြပါဘဲလား ။ အသက် လုရမှာ နော် ၊ အရေးကြီးပါတယ် ”
ဗိုလ်ချယ်ဂါကြီး ၏ ဇနီး မတောက်တဲ့ သည် အများကြီး စကားပြော လိုက်သည် ။ နာမည်များ ကို ခေါ်ကာ ပြောရင်း အချို့ လက် တို့ခြင်း ၊ အချို့ လက် တွန်းခြင်း ၊ မေးငေါ့ပြခြင်းတွေ လူစေ့ သူစေ့ ပြု ကာ တဆတ်ဆတ် ပြော သွားသည် ။ “ စိတ် မချမ်းသာပါဘူး ၊ စိတ် မချမ်းသာပါဘူး ” ဟူသော စကား လုံးတွေ ပြောချိန် တွင် ခေါင်း ကို နာနာလေး ခါယမ်း ၍ ပြော၏ ။ ထို့ကြောင့် လေးလံသော စိန်နားကပ်ကြီး ပန် ထားသော သူ့ နားရွက် တို့ သည် မျက်နှာ ခါယမ်း လိုက်တိုင်း မျက်နှာ ကို ဘယ်ညာ ဖတ်ခနဲ ဖတ်ခနဲ ရိုက် သွား သလား ဟု ပင် ထင်ရ၏ ။
ဤသည် ကို မိန်းမစစ်စစ် မျက်လုံးများ ဖြစ်သော မကြက်သွန် တို့ မဆီလူး တို့သည် မဗေထီ အပါ အဝင် အလုံးအထည် လိုက်ကြီး သိလိုက် ကုန် လေသည် ။ မကြက်သွန် သည် သူ့ လင် ကိုကင်ပွန်းချုံ ၏ မျက်လုံး ကို တည့် တည့် ကြည့် လိုက်၏ ။ ဆရာ ကင်ပွန်းချုံ က လည်း “ ငါ မြင်ပါတယ်ကွာ ” ဟူသော ဟန် ဖြင့် ပြန် ကြည့်၏ ။
ဖိုးခံတက်ချဉ် ကား ထို ပညာလောကကြီး ကို ဘာမှ သိရှာသူ မဟုတ် ချေ ။ ထို့ကြောင့် မကြက်သွန် တို့ ၊ မတောက်တဲ့ တို့ ၊ ဗိုလ်ချယ်ဂါ တို့ ပြောဆိုသော စကားများ ကို နားထောင် ရင်း ၊ စကား ကို စကား အရင်း အတိုင်း ပဲ နားလည် မိရင်း သူ့ ရဲဘော် ကိုစိမ်းကြီး အတွက် ဆူဆူဖြိုးဖြိုးကြီး ဝမ်းသာ မိ ရသည် ။
မကြက်သွန် သည် ဘာဖြစ်လို့ မတောက်တဲ့ စိန်နားကပ် က ငါ့ စိန်နား ကပ် ထက် ကြီးရတာလဲ ဟု မျက်လုံးပေကလတ် ပေကလတ် နှင့် မခံချင်စိတ် တွေ အငွေ့ ထွက် နေ၏ ။ ဤသည် ကို လည်း ကြက်သွန်ခွံ ထက် ဆယ့်နှစ်လွှာ လောက် ပါးသော ဆရာကင်ပွန်းချုံ သည် ကောင်းစွာ သိပြီး ပြုံးတစ်ပတ် နွမ်းကလေး ဖြစ်ရပြန်တော့သည် ။ ဆရာကင်ပွန်းချုံ သည် မဆီဆိုင်သော စကား ကို ပြောသွင်း လာသည် ။
“ ဒါနဲ့ ဗိုလ်ချယ်ဂါ ၊ ခင်ဗျား ဂျစ်ကား အမိုး လဲ လိုက်သလား ”
ဗိုလ်ချယ်ဂါ က သူ့ ဂျစ်ကား ရှိကြောင်း ကြေညာပေးခြင်း အတွက် ကိုကင်ပွန်းချုံ ကို ပိဿာ ပြည့်ပြည့်ကျေးဇူး တင်သွားသည် ။ ဗိုလ်ချယ်ဂါ က
“ ဟုတ်သဗျာ ၊ ဌာနဆိုင်ရာ ကို အမိုး လဲခိုင်း နေရင် ကြာ နေမယ် မဟုတ်လား ၊ နောက်ပြီး ဌာနဆိုင်ရာ က လဲပေး တဲ့ အမိုး ဆိုရင် တိုင်းပြည် ပိုက်ဆံ ပဲ ကုန် ရမှာပဲ ၊ အဲဒါနဲ့ ကိုယ့် ဘာသာ ပဲ လဲ လိုက်ပါတယ်လေ ”
ဗိုလ်ချယ်ဂါ က သူ့ ဂျစ်ကား အမိုး လဲခြင်း သည် ပင် သူ့ အတွက် မဟုတ် တိုင်းပြည်အတွက် ဟု ကြေညာ နားလည်စေ လိုက်သည် ။
ဆရာကင်မွန်းချုံ က “ အေးဗျာ ၊ ဒီလို စိတ်ထား နဲ့ လုပ်ဟာ သိပ် ကောင်း တာပေါ့ ၊ တခြား လူတွေ ကို လည်း နမူနာ ပေးရာ ကျတာပေါ့ ။ ကျွန်တော်တို့ ရဲဘော်တွေ သူများ ထက် ပိုပြီးတော့ အနစ်နာ ခံနိုင်ရမယ် ၊ ပိုပြီး စံပြ နိုင်ရ မယ် ။ ဒီလို မဟုတ်လား ”
ဆရာကင်မွန်းချုံ ၏ စကား ကို အားလုံး က တစ်ကိုယ်လုံး ထောက်ခံ ကြလေသည် ။ တစ်ဖန် ဆက် ၍
“ ရဲဘော် ကိုစိမ်းကြီး ဆို လို့ ရှိရင် ဒီလို စံပြတဲ့ နေရာမှာ သိပ်ထူးတာပဲ ၊ သူများ အတွက် အနစ်နာ ခံ ဆောင်ရွက်တဲ့ နေရာမှာ လည်း ရှားတယ် ။ သိကြတဲ့ အတိုင်းပဲ ၊ ဒါကြောင့်လည်း သူ အခု လို ဖြစ်တာ တော်တော် စိတ်မကောင်း ဖြစ်ရတာပေါ့ ”
ဆရာ ကင်ပွန်းချုံ က လက်ဟန် ခြေဟန် ၊ ပါးစပ်ဟန် နှင့် စိတ်ပါလက် ပါ ပြောသည်ကို ဘေးက ပုဂ္ဂိုလ်များ မြင်ရသည် ။ သူ စိတ်ပါ လက်ပါ လက်ဟန်ခြေဟန် နှင့်ပြောတိုင်း သူ့ လက်ညှိုး တွင် စွပ် ထားသော မော်တော် ကားသော့ သည် ချလွင်ခနဲ ချလွင်ခနဲ မြည်၍ မြည်၍ သွားသည် ။ ဤ ချလွင် ခနဲ အသံ သည် သူ၏ နောက်ဆုံးပေါ် အဆင့်အတန်း ကို ပြ နေ၏ ။
မော်တော်ကား သော့ ကို သတိ ပြု ၍ ကြည့်မိကြ ရသည် ။ ကားသော့ မှာ အချောင်းကလေး ဖြစ်သောကြောင့် စကိုဒါကားသော့ ဟု သိစေ၏ ။ ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် အခုဆိုရင် စကိုဒါကား စီးနေကြတာ ပါကလား ဟု သိစေပြီ ဖြစ်၏ ။ အံ့ဩသူ အံ့ဩ သွားဟန်ပေါ်ချေ၏ ။ ဤ သည် ပင် လျှင် ယနေ့ ညနေ လာရကျိုး နပ်ခြင်းပေတည်း ဟု ... ။
ကိုကင်ပွန်းချုံကြီး ကျေနပ်မြဲကြီး ကျေနပ် သွား၏ ။ ဤနေရာ တွင် မဆီလူး က ဝင်၍
“ ကဲ ရှင် တိုင်ပင်ကြပါ ။ ကျွန်မတို့ တော့ ကိစ္စလေး ရှိလို့ ပြန်ခွင့် ပြုကြဦးမှပဲ ။ ကိုစိမ်းကြီး အတွက် အားလုံး ဝိုင်း ဆောင်ရွက်ကြပါရှင် ဆောင်ရွက်တာ လည်း ကျွန်မတို့ ကို အသိပေးပါ ၊ ခိုင်းစရာ ရှိရင် လည်း ခိုင်းကြပါ ။ ကျွန်မ မှာ ကိစ္စလေး တိုးလိုးတစ်လစ် ဖြစ်နေလို့ သွား ခွင့်တော့ ပြု ကြပါဦး ။ ပြီးတော့ သမီးကလေး ကျောင်း က ပြန်လာတာ တစ်ပါတည်း ခေါ် လာရတာ ၊ အခု ကား ပေါ် မှာ ထားခဲ့ရတယ် နော် ၊ ခွင့်ပြုကြပါ နော် ”
မဆီလူး က ဆီ လူးသော မျက်နှာ ဖြင့် နှုတ်ဆက် စကား ဆို၏ ။ ဤသည် မှာ အဓိက အားဖြင့် မော်တော်ကား ရှိကြောင်း ၊ မော်တော်ကား ဖြင့် လာကြောင်း ကြေညာခြင်းဖြစ်သည် ကို အားလုံး က မြွေမြွေချင်း ဘွတ်ဖိနပ် မြင်ကြ သော် လည်း ဖိုးခံတက်ချဉ် တစ်ယောက် မသိသည် မှာ တော့ ခေတ် နှင့် မလျော်သော သတ္တဝါ ဖြစ်ခြင်း ပင် ဖြစ်သည်ဟု ဆိုရမည် ထင်သည် ။
ဗိုလ်ကြောင်လျှာ သည် မျက်မှောင် ကြုတ် ၍ တွေးနေပုံ ပေါ် သွား၏ ။ လေးလေးနက်နက် လမ်းကြိတ်စက် ရွက် ၍ တွေး နေပုံပေါ်၏ ။ ပေါ်နေ၏ ၊ တရှူးရှူး အသက်ဆွဲ ရှူ နေရသော လူမမာကြီး ကိုစိမ်း ၏ ခြေထောက် ကို တစ်ချက် တစ်ချက် လှမ်း ကြည့်၏ ။ စောင်ကလေး ကို ဆွဲဆွဲ ဆန့်၏ ။ ခြေဖျား ကလေး ကို ကြင်ကြင်နာနာ ဟန် ဖြင့် ဆုပ်၏ ။ ဗိုလ်ကြောင်လျှာ က မျက်မှောင် ကြုတ်၍ ကြုတ်၍ တွေး နေခြင်း မှာ မဆီလူး တို့ နေ့ချင်း ညချင်း ဘာလို့ ကား စီး နိုင်တာလဲ ၊ ကင်ပွန်းချုံ ဆိုတဲ့ လူ တောင် ကား နဲ့ ဘာ နဲ့ ဘယ်လို လုပ် ဖြစ်လာတာလဲ ။ ဌာနဆိုင်ရာ က ပေးတာလား ၊ သူတို့ လက်တွေ ဟာ ခေတ်တိုင်းပဲ တယ် စွမ်းပါကလား ဟု ပိဿာချိန် ကြီးကြီး နှင့် တွေး ပစ် ခြင်း ဖြစ်သည် ။ ဘယ်သူ စွပ်စွဲ အထင်မှားရဲအံ့နည်း ။ ဗိုလ်ကြောင်လျှာ မျက်မှောင်ကြုတ် ၍ ဘာ တွေး နေသည် ကို ဖိုးခံတက်ချဉ် တစ်ယောက် မသိသည် မှာ လည်း အင်း - မသိထိုက် ၍ မသိခြင်းပင် ဖြစ်ပေတော့သည် ဟု ဆိုရမည် ။
ကိုကင်ပွန်းချုံ စကိုဒါ ကားသော့ကလေး ကို တချွင်ချွင် လှုပ်၍ လှုပ်၍ စကား ပြောနေသည် ကို ကြည့်ပြီး ကိုသရက်ပု သည် အိတ် ကို ဟိုနှိုက် သည်နှိုက် လုပ်နေ၏ ၊ “ ဟ - စီးကရက်များ ပါကြသလား ၊ အရေးထဲ ဆေးလိပ် သောက်ချင်လိုက်တာ ” ဟု ပြောရင်း ဘယ်နှိုက် ညာနှိုက် ၊ ဟိုနှိုက် သည်နှိုက် နှိုက် ကြည့် ဟန် ပြု၏ ။ ထိုစဉ် ချလွင် ချလွင် အသံ ကြားပြီး ကိုသရက်ပု လက် ထဲ တွင် ကားသော့ကလေး ပါလာလေ၏ ။ အထင်အရှား မြင်ကြ၏ ။ ကားသော့ ၏ ဖင်ပေါက် သည် တစ်မျိုး တစ်မည် အရှည်ကလေး ဖြစ်ရာ “ ဟ ... သင်း က မာဇဒါ ဖင်မလီယာကား ဟ ” ဟု ကိုကင်ပွန်းချုံ တို့ ဗိုလ်ချယ်ဂါ တို့ အသံ ထွက် မတတ် အံ့သြ သွားမိ သတည်း ။ လူ စင်စစ်က မျောက်ဖြစ်အောင် မျက်ခုံး တွန့် သတည်း ။
ကိုကင်ပွန်းချုံ သည် ကင်ပွန်းချုံ ကလေး လို ပုသွား၏ ။ ခေါင်း ကို ကောက်ဆွ နှင့် ဆွ သလို ဆွဆွ ပြီး ကုပ်၏ ။ စိတ်မငြိမ် သလို လှုပ်ကာ ရဲဘော် ကြီး ကိုစိမ်း နဖူး ကို ကိုင်လိုက် ၊ ခေါင်းယမ်း လိုက် ဖြစ်နေ၏ ။ ကိုသရက်ပု နှင့် မဗေထီ တို့ သည် အရမ်း ခေါင်း ဖော် နေ ကြလေသည် ။ တစ်ခု ခု ကို အလေးထား တွေး နေ၍ ခေါင်း မော်နေသလို တည်း ။ ထိုစဉ် သခင် ဆပ်သွားဖူး သည် “ ဪ ကျွန်တော့် မှာ ဆေးလိပ်ပါတယ် ။ မေ့နေတယ် ” ဟု ပြောပြောဆိုဆို ဘောင်းဘီ အိတ် ထဲ မှ ဆေးလိပ်ဘူး ကို ဆွဲထုတ် လိုက်၏ ။
“ ခင်ဗျား ဒူးယား သောက်တတ်ရင်တော့ ရှိသဗျ ”
ဤသို့ အပြော အထုတ် ဖြင့် ပြောထုတ် ပြီး ဆေးလိပ်ဘူး ကို ဆွဲထုတ် လိုက်ရာ သော့တွဲ တစ်တွဲ သည် လက် ထဲ တွင် ညပ် ပါ ကာ ကြမ်းပြင် ပေါ် သို့ ချလွမ် ခနဲ ကျသွား လေသည် ။ အားလုံးသော မျက်လုံး နှစ်လုံး စီ တို့သည် ကြမ်းပြင် က သော့ ဆီ သို့ ပစ်မှတ် ဖြစ်သွား ကြ ကုန်၏ ၊ သို့သော် ထို အထဲ တွင် ကိုစိမ်း ၏ မျက်လုံး ၊ ဖိုးခံတက်ချဉ် ၏ မျက်လုံး တို့ ကား မပါချေ ။ ဆေးလိပ် တောင့်တ သော ကိုသရက်ပု ၏ မျက်လုံး သည် ပင် ဆေးလိပ်ဘူး ဆီ သို့ မရောက် ၊ ကြမ်းပြင် ပေါ် က သော့ ဆီ သို့ တိုက်ရိုက် ရောက်နေ ၏ ။
ကြမ်းပြင် ပေါ် မှ သော့ သည် ကား အင်္ဂလိပ်စာလုံး နှစ်လုံး ၊ အထပ် ပါ ရှိသော ၊ ထွင်းထု ထားသော ၊ ဖော် ထားသော သော့ ဖြစ်ရာ ဘောက်စ်ဝက်ဂွန်းကား သော့ဖြစ်ကြောင်း ထင်ရှားသော ကြောင့် ကိုဆပ်သွားဖူး ၏ နောက်ဆုံးပေါ် အခြေအနေကြီး ကို သော့ က အစီရင်ခံ လေ သတည်း ။ ဟင်ခနဲ ဗိုက် ထဲ က မြည်ကာ တုန်လှုပ်ကြကုန်လေ သတည်း ။ မတောက်တဲ့ တုန် သွားပုံ မှာ စိန်နားကပ် ပါ တုန်သွား သလား ထင်ရ၏ ။ မကြက်သွန် ၏ မျက်ခုံးမွေး တွေ ရှေ့ ရောက် သွားသလား ထင် ရ၏ ။ ဗိုလ်ချယ်ဂါ မှာ သူ့ ဂျစ်ကား အတွက် အလိုလို သေး သွား၏ ။ ကိုဆပ်သွားဖူး ဆီ မှ ဆေးလိပ် ကို ယူ ဖွာ လိုက် သော ဦးသရက်ပု သည် ပု ၍ ဖွာ နေသော ပုံ ဖြစ်သွားလေသည် ။
မဗေထီ သည် ကိုဆပ်သွားဖူး ကို စေ့စေ့ ကြည့် ၍ တစ်နာရီ မိုင် တစ်ထောင် နှုန်း ဖြင့် အပြေး တွေး နေသည် ။ ဗိုလ်ကြောင်လျှာ သည် ဖိုလှိုက်ဖိုလှိုက် ဖြစ် ပြီး တွေးသည် ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ မှာ အသံ ပျောက် ချင် နေသည် ။
“ ဒီ ဆပ်သွားဖူး ဆိုတဲ့ လူ ဟာ ကျင်လည်တဲ့ မျက်လုံး ၊ ကျင်လည်တဲ့ ပါးစပ် ၊ ကျွမ်းကျင်တဲ့ မျက်လုံး ၊ ကျွမ်းကျင်တဲ့ ပါးစပ် ၊ ကျွမ်းကျင်တဲ့ လက်တွေ နဲ့ ဘယ်လိုများ ကျွမ်းကျင် ပစ်လိုက်ပါလိမ့် ။ အခွင့်အရေးတွေ ကို ကျွမ်းကျင် တဲ့ မျက်လုံးကြီး နဲ့ ကြည့်ပြီး ကျွမ်းကျင်တဲ့ လက်ကြီး နဲ့ ဘယ်လို ဖန်ဆင်းချို့ ဖဲ့ယူ ပါလိမ့် ” ဟု စိမ်းဆတ်ဆတ် တွေး တွေးပစ်ကြလေသည် ။
ဆပ်သွားဖူးကြီး ကို ဝိုင်း ကြည့်သော အကြည့် သည် ပင် အံ့သြခြင်း နှင့် ထိတ်လန့်ခြင်း နှင့် အမြင်ကတ်ခြင်းတွေ ရော မွှေ သလို ဖြစ်သွား၏ ။ ဆပ်သွားဖူး ကြီး သည် ဘာမှ မသိ သလို ရုန်းကန်သော အပြုံး ဖြင့် ကားသော့ ကို အိတ် ထဲ ပြန် အိပ်စေလိုက်၏ ။
ဖိုးခံတက်ချဉ် က မူ ရှိုက်၍ ရှိုက်၍ အသက်ရှူ ရင်း သတိ လစ် နေသော ရဲဘော် ကိုစိမ်းကြီး ၏ ရင်ဘတ် ပေါ်သို့ စိတ် မသက်မသာ ဖြင့် လက် တင်ကာ ဖိလိုက် ခွာလိုက် ဘေးပတ်ဝန်းကျင် ကို မော့ ကြည့်လိုက် နှင့် သောက ပွေ နေသည် ။ ပတ်ဝန်းကျင်ရောင်းရင်းများ မျက်နှာ မှာ အမှန်ပဲ ၊ အမှန် ပါပဲ ၊ မျက်စိ မျက်နှာ ပျက် သထက် ပျက်လာသည် ဟု သူ သတိထား မိပါသည် ။
“ ကဲဗျာ ခင်ဗျား တို့ လည်း သိပ် စိတ်ပူနေကြတာပဲ ။ ကနေ့ ည ကျွန်တော် မပြန်ဘူးဗျာ ၊ ဒီမှာပဲ စောင့် အိပ်ပြီးတော့ လုပ်ပါ့မယ် ။ ရဲဘော်ကြီး အနား ခွာလို့ မဖြစ်ဘူးဗျာ ”
ကိုစက္ကူ က “ အေး တို့ ဖိုးခံတက်ချဉ်ကြီး ကတော့ စံ ပါပဲ ကွာ ” ဟု ချီးကျူး လိုက်၏ ၊ ဟုတ်ပေ၏ ။ ဖိုးခံတက်ချဉ် သည် စံ ပါ ပဲ ဖြစ်၏ ။
ဗိုလ်ကြောင်လျှာ က “ အေးဗျာ ဖိုးခံတက်ချဉ်ကြီး စောင့် အိပ်မယ် ဆိုရင် ကျုပ်တို့ စိတ်အေး ရတာပေါ့ ။ အရေး ကြီး ရင် ကြီး သလို တယ်လီဖုန်း ဆက်ပေါ့ ”
သူ့ အိမ် တွင် တယ်လီဖုန်း ရှိကြောင်း ကြေညာရာ နားလည် လိုက် သူများ ပို၍ မသိချင် ယောင် ဆောင်လိုက်၏ ။ ဗိုလ်ကြောင်လျှာ က ဆက်ပြီး
“ အဲဗျ ... ကား ဟွန်းသံ ကြားတယ် ၊ ကလေး ကို ကား ပေါ် ထားခဲ့တာ ကြာ လို့ ဟွန်း တီး နေ ပြီ ထင်တယ် ။ ကဲ ခွင့်ပြုကြဦးဗျာ ” ဟု နှုတ်ဆက်ပြီး ...
“ ဖိုးခံတက်ချဉ်ကြီး ၊ ရော့ တယ်လီဖုန်း နံပါတ် အရေးကြီး ရင် ကြီး သလို ဆက်ဗျာ ၊ ကျုပ် လည်း ပြန် ဆက်ပါ့မယ် ။ ကလေး ကို ကားပေါ် ထားခဲ့ရတော့ တယ် ခက်တယ် ” ဟု ပြောပြောဆိုဆို ထွက်ဟန် ပြုလိုက်လေ၏ ။
“ ခင်ဗျား ကား က ဘာ ကားတုံးဗျ ” ဟု ကိုကန်စွန်းရုံ က မအောင့်နိုင် သလို ဆယ်လ စေ့သော အသံမျိုးကြီး ဖြင့် မေးထုတ်မိ ချေ၏ ။ ဗိုလ်ကြောင်လျှာ လည်း ချက်ချင်း မျက်နှာကြုတ် သလို ဖြစ်သွားလေသည် ။ မအောင့်နိုင် သလို မျက်စိမျက်နှာ သဲရှပ်ရှပ် ဖြစ်ပြီး အောင့်သေးသေးအသံလေး နှင့် ဖြစ်လေ သည် ။
“ ဪ ... ဪ ... အလုပ် က တစ်တန် မာဇဒါကား ပါ ။ ။ သွား မယ်ဗျာ ၊ သွားမယ်ဗျာ ၊ သွားမယ် ” ဟု အသံသေးသေး မျက်လုံးသေးသေး နှင့် ပြောပြီး နှုန်းမြန်မြန် ဖြင့် ထွက်လေသည် ။
ဗိုလ်ကြောင်လျှာ သည် တောင်စောင်း က ရိုးရိုး မဆင်း ၊ ပြေးများ ဆင်းမည် လား မပြောတတ်ချေ ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ ကမူ သခင်ဆပ်သွားဖူး ကို သာ တကြုတ်ကြုတ် မဲကုတ် ကြည့် နေမိလေ၏ ။ ဒီဟာကြီး ဟာ ၊ ဒီဟာကြီး ဟာ ဟု အတွေး မိုင် ရှည်ရှည် တွေး ပစ်၏ ။ ကိုစိမ်း သည် သက်ပြင်း ကို လု၍ လု၍ ရှူရသောကြောင့် တစ်ချိန် ထက် တစ်ချိန် ပို ပင်ပန်း ၊ ပို နွမ်းနယ်ပုံ ပေါ်နေသည် ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် အိပ်ရာ ပေါ် က ကိုစိမ်း ကို ကြည့်ရင်း လူမမာ ကိုစိမ်း ထက် ပင် ပို၍ နွမ်းနယ်ပုံ ပေါ် လေသည် ။ နွမ်း လည်း နွမ်းနယ် လောက်ပေသည် ။
ကိုစိမ်း ၏ အိမ်တောင်ကုန်း မှ အဆင်း တွင် အလာ ထက် ပို၍ ဒူးချောင် သည် ထင်မိ သဖြင့် ဆရာကင်ပွန်းချုံ သည် မကြက်သွန် ၏ ပခုံး ကို မရှု မလှ ပင် ခို လိုက်မိလေသည် ။ ဖြစ်နိုင်ပေသည် ။ စိတ်မကောင်း စိတ်နွမ်းနယ် လေချေသည် ။ မျက်စိ ထဲ တွင် ကိုဆပ်သွားဖူး မျက်နှာ နှင့် ကားသော့ သည် အပြန်အလှန် ပေါ် နေ၏ ။ လူနာရဲဘော် ကိုစိမ်း ကို ကြည့် ပြီး အပြန် တွင် ဆရာ ကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် တကယ် စိတ်မကောင်း တကယ် နွမ်းနယ် ၍ ပြန်လာကြလေသည် ။
မိုးအုံ့ နေပြီ ။ ထိုအချိန် တွင် မိုး သိပ် အုံ့နေချေပြီ ။ သို့သော် ဆရာ ကင်ပွန်းချို ၏ မျက်နှာ ကို မီအောင် တော့ မိုး က မအုံ့ နိုင်ချေ ။ ကိုကင်ပွန်းချုံ နှင့် မကြက်သွန် တို့ သည် ကားတံခါး ကို ဘယ်ညာ ဖွင့် ပြီး ဝင် ထိုင် လိုက်၏ ။ ကားကလေး သည် ပို၍ တုန်တုန်ယင်ယင် ကျက်သရေ တုံး သွားသည် ဟု ထင်ရ ၏ ။ ကား ထွက်လိုက်ချိန် တွင် လေကြီးမိုးကြီး ကျ လေသည် ။
သို့သော် အပြင် လောကဓာတ်ကြီး တွင် လေကြီးမိုးကြီး ကျခြင်း တော့ မဟုတ်ပြီ ။ ဆရာကင်ပွန်းချုံ နှင့် မကြက်သွန် တို့ မျက်နှာ နှစ်ကွက် တွင် သဘာဝ ထူး ကာ လေကြီးမိုးကြီးတွေ ကျ ကုန်ခြင်းပါတည်း ။
••••• ••••• •••••
နောက် ဆက် တွဲ
“ ခင်ကြက်သွန် တို့ လေကြီးမိုးကြီး ” ဟု အမည် တပ် ထားသော ဤဝ တ္ထု ကို ကျွန်တော် စိတ်ဆာဆာ နှင့် ရေးပြီး နောက် စိတ် တစ်မျိုး ကြက်တွန့်တက် ကာ စားပွဲ ပေါ် မှာ ပင် အိပ်ခိုင်း ထား လိုက်၏ ။
တစ်နေ့ လမ်း ကြုံ သလို ဝေဖန် ဆဲဆိုတတ်သော ဆရာ ကိုသောက်ရေ သည် ကျွန်တော့် အိမ် အလည် လာရင်း ဤ ဝတ္ထု ကို ဖတ်မိသည် ။ ဖတ်မိသည် နှင့် ပါးစပ် က စေတနာ့ဝန်ထမ်း လုပ်ပြီး “ ဟ နင့် ဝတ္ထု က ဘာ ဆိုလိုသလဲ .. အကြောင်း မပြည့်မစုံ နဲ့ စည်ပိုင်းနှုတ်ခမ်းပဲ့ နဲ့ မတူဘူးလား ။ သခင်စိမ်း ဆိုတဲ့ လူမမာ ဟာ သေချင် လည်း သေ ၊ ရှင် ချင် လည်း ရှင် ပေးဦးမှပေါ့ ဟ ”
စာရေးသူ မှာ သူ ဒီလို ပြောသည် နှင့် စိတ်ညစ် ကာ ပလုတ်တုတ် ပမာ ခေါင်း ခါသွားရသည် ။ အင်း .. ၊ သူ ညံ့တာ လား ၊ ငါ ညံ့တာ လား ဟု အပြေး ကြီး တွေး၏ ။ ဒါနဲ့ ဒီ ဝတ္ထု ၏ အံဖုံး သဘော ကို နည်းနည်း ဖွင့် ပြော၏ ။
ခေတ် အလိုက် ရေပေါ် လူတန်းစား ဆိုတာ ရှိ ရှိလာတယ် ၊ ခေတ် အလိုက် ပဲ ရေပေါ် လူတန်းစား အသစ် အသစ်တွေ တိုး သလို အဟောင်း လက်ကျန် ရေ ပေါ် လူတန်းစား လည်း ရှိတတ်တယ် ။ သူတို့ တွေ ရဲ့ စိတ် ပဋိပက္ခ နဲ့ စိတ် ခံစား မှုတွေ ၊ စိတ်ပေါင်းစပ်မှုတွေ ဟာ စိတ်ဝင်စားစရာ ကောင်းတတ် သလို ၊ အော့ စရာ လည်း ကောင်း ရတတ်တယ် ။ ကြည့်တတ် ရင် ဘယ်တော့ မဆို မြင်ရတယ် ။
သခင်စိမ်း ဟာ သေလုမြောပါး လူမမာကြီး မှန်တယ် ။ ဒါပေမဲ့ ကိုယ် ခန္ဓာ မှာ ရောဂါစွဲတာ မို့ ကုလို့ ရချင် ရမယ် ၊ ကု နိုင်တယ် ။ သေလုမြောပါး တွေ ကုလို့ ရဖူးတာ အများကြီး ရှိတယ် ။ ဒါပေမဲ့ စိတ်ခန္ဓာ မှာ ရောဂါ ဝင် ၊ ပိုး ဝင် နေကြတဲ့ သခင် ဆပ်သွားဖူး တို့ ဆရာကင်ပွန်းချုံ တို့ က တော့ သေသည် အထိ ကု ရ ခက်တတ်တယ် ။ သူတို့ ရဲ့ စိတ်ခန္ဓာ မှာ ဘာ ရောဂါ စွဲ ပြီး ဘာပိုး တွေ ဝင် နေသလဲ ... ဝန်တိုခြင်း ကြီး တဲ့ မစ္ဆရိယ ပိုး လား ၊ သူများတွေ ကို ရော အချင်းချင်း ကို ရော သွေး မထွက်သော သတ်နည်း နဲ့ သတ်ဖြတ်စီးနင်း တတ်တဲ့ လောဘမောဟပိုးမျိုးတွေ လား .. ။
ဤမျှ စကား အင်း လိုက်ရုံ ဖြင့် ဆရာကိုသောက်ရေ က “ ဟေ့ .. ငါ သိပြီ ” ဟုဆိုချေ၏ ။ ထို့နောက် သူ က ဝေဖန်ချက် ဆက် ထုတ်၏ ။
“ အေး နင် ပြောတဲ့ အတိုင်း ဆိုရင် ပေါ်ပြီ ဟ ၊ ငါ ကြိုက်ပြီ ဟ ။ ဒါကြောင့် နင် က တမင် လူမမာ မေးခန်း နဲ့ အကွက် ယူ တာကိုး ။ ဒါပေမဲ့ တစ်ခုက အတွေးကြွေး ထွက် ပြန်တယ် ။ ကိုယ့်လူ ... ဒီလို ရေး တဲ့ စာရေးသူ ဟာ ဒီလို ကြည့် ၊ ဒီလို မြင် ၊ ဒီလို သုံးသပ်ပြီး လူတွေ ကို ငေါ့ ရေး လိုက်ရာ မှာ အဲဒီ ရေးတဲ့ လူ ကိုယ်တိုင် မှာ လည်း ဘယ်လောက် စိတ်ခန္ဓာ မှာ မစ္စရိယပိုး တွေ ... ဝန်တိုစိတ်တွေ ထုတက် နေပြီလဲ ဆိုတာ ဆက် တွက်မိရတဲ့ အဆက် ရှိနေတယ် ၊ အေး နင့် ဝတ္ထု က တစိမ့်စိမ့် ပြုံးတွေး တွေး ပြီး ခံစားရ မှာ ၊ ဟိုမှာ တင် မဆုံးဘဲ နင့် ဆီ အထိ ပြန် ရောက်နိုင်သဟ ”
ဤသို့ ပြောလိုက်ချိန် တွင် စာရေးသူ သည် ပူခနဲ မီးစ ဝင် သလို ခံစား လိုက်ရ ပြီး ဤဝတ္ထု ကို လုံးစေ့ပတ်စေ့ မီးသင်္ဂြိုဟ်ချင်စိတ် ပေါက် သွားရ သည် ။ သို့သော် တတ်နိုင်ဘူး ၊ ထင်ချင် သလို ထင် ပေရော့ ၊ ငါ အနစ်နာ ခံအံ့ ဟု ပါရမီရှင် တို့ စိတ်ထား ကို ကမန်းကတန်း ထား ၍ အချိန် မနှောင်း မီ အိမ်လခ ပေးရန် မဂ္ဂဇင်းတိုက် သို့ ကတိုက်ကရိုက် ပို့ ပစ်လိုက်ပါ သတည်း ။
◾ သာကဒိုး
📖 မြဝတီ မဂ္ဂဇင်း
အတွဲ - ၁၇ ၊ အမှတ် - ၁၂
၁၉၆၉ ခုနှစ် ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment