Sunday, August 25, 2024

အရုပ်မင်းသမီးကလေး


 

❝ အရုပ်မင်းသမီးကလေး ❞

ကလေးတို့ ...

တစ်ခါတုန်း က တိုင်းပြည် တစ်ပြည် မှာ ဘုရင်ကြီး တစ်ပါး နဲ့ မိဖုရားကြီး တစ်ပါး ရှိခဲ့ တယ် ။ ဘုရင်ကြီး ဟာ တိုင်းပြည် အုပ်ချုပ်တဲ့ နေရာ မှာ တရား နဲ့ အညီ အုပ်စိုးပေမယ့် ၊ သူတစ်ပါး အပေါ် မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် မပေးဘူး ။ နေရာတကာ မှာ တင်းကျပ်တဲ့ စည်းကမ်း နဲ့ တားမြစ် ချုပ်ချယ်လေ့ ရှိတယ် ။ ဒါပေမယ့် ဘုရင်ကြီး က စည်းကမ်း ကြီး သလောက် မိဖုရားကြီး က လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ ရှိတယ် ။ အထူးသဖြင့် မိဖုရားကြီး ဟာ အားလပ်တဲ့ အချိန်မှာ ရံရွှေတော်များ နဲ့ ပုံပြောခြင်း ၊ သာယာတဲ့ အသံ နဲ့ သီဆိုတီးမှုတ်တဲ့ သီချင်း သံများ ကို နားထောင်ခြင်း စတဲ့ အလုပ်များ နဲ့ ပျော်မွေ့စွာ နေထိုင်လေ့ ရှိတယ် ။ သည်လို ပျော်ရွှင် စွာ နေထိုင်လေ့ ရှိတယ် ။ သည်လို ပျော်ရွှင်စွာ နေထိုင်တာ ကို ဘုရင်ကြီး က မကြည်ဖြူနိုင်ဘဲ အ မျိုးမျိုး တားမြစ်ချုပ်ချယ် နေတာနဲ့ မိဖုရားကြီး ဟာ စိတ်ညစ်ညူး နေတော့တယ်ကွယ့် ။ အဲသည် မိဖုရားကြီး မှာ “ မယ်ခေမာ ” ဆိုတဲ့ အထိန်းတော် မိန်းမကြီး တစ်ယောက် လည်း ရှိတယ်ကွဲ့ ။

အထိန်းတော်ကြီး မယ်ခေမာ ဟာ မိဖုရားကြီး ကို ကလေးဘဝ ထဲ က ထိန်းကျောင်း စောင့်ရှောက် လာခဲ့ရသူ ဖြစ်တော့ အလွန်ပဲ ချစ်မြတ်နိုးတယ်ကွဲ့ ၊ တစ်ခါတစ်ရံ မိဖုရားကြီး ဟာ ဘုရင်ကြီး က တားမြစ်ချုပ်ချယ် လို့ စိတ်နှလုံး မသာမယာ ဖြစ်နေတဲ့ အခါမှာ အထိန်းတော်ကြီး မယ်ခေမာ က စိတ်သက်သာရာ ရအောင် ဖျောင်းဖျချော့မော့ လေ့ ရှိတယ်ကွဲ့ ။

နှစ်ပေါင်း အတော် ကြာတော့ မိဖုရားကြီး ဟာ အလွန် လှပချောမွေ့တဲ့ သမီးတော်ကလေး တစ်ပါး ကို မွေးဖွားခဲ့တယ် ။ သမီးတော်ကလေး ခုနှစ်လသမီး အရွယ် ရောက်တဲ့ အချိန် မှာ မိဖုရားကြီး ဟာ နေထိုင်မကောင်း ဖြစ်ပြီး ရုတ်တရက် ကွယ်လွန် သွားတာနဲ့ ကျန်ရစ်ခဲ့တဲ့ လူမမယ် မင်းသမီးကလေး ကို အထိန်းတော်ကြီး မယ်ခေမာ က ပဲ စောင့်ရှောက် မွေးမြူ ခဲ့ရတော့ တယ် ။ သမီးတော်ကလေး လည်း အသက် ဆယ်နှစ် အရွယ် လောက် ရောက်တဲ့ အခါ မှာ မျက်နှာကလေး က ဖိုးရွှေလမင်းကြီး လို ဝိုင်းဝိုင်းစက်စက် လှပတဲ့ အတွက် “ စန္ဒာဒေဝီ ... ” လို့ အမည် မှည့်ထားတယ်ကွဲ့ ။

စန္ဒာဒေဝီ ဟာ မင်းသမီးကလေး ဖြစ်ပေမယ့် ကလေး အရွယ် ဆိုတော့ နန်းတော် ထဲမှာ အငြိမ် မနေဘဲ ပျော်ရွှင်မြူးတူးစွာ ကစား နေလေ့ရှိတယ် ။ တစ်ခါတစ်ရံ မှာလည်း သူ့ ရဲ့ ကစားဖော် ကစားဖက် မှူးမတ်သားသမီးများ နဲ့ ဝိုင်းဖွဲ့ပြီး သီချင်းဆို ကခုန် နေလေ့ ရှိတယ်ကွဲ့ ။ အဲသည်လို သမီးတော်ကလေး ပျော်ရွှင်စွာ နေတာ ကို သူ့ ရဲ့ ဖခင် ဘုရင်ကြီး က မနှစ်ခြိုက်တာ နဲ့ “ နန်းတော် ထဲ မှာ ဆူဆူညံညံ မကစားရ ၊ ဘယ်သူနဲ့ မှလည်း အပေါင်းအသင်း မလုပ်ရ ။ တကယ်လို့ သူ တစ်ပါး က စကား လာ ပြောတာတောင် စကား ရှည်ရှည် ပြန် မပြောဘဲ “ ဟုတ်ကဲ့ ... မဟုတ်ဘူး ။ ကျေးဇူး တင်ပါတယ် ” ဆိုတဲ့ စကားသုံးလုံး က လွဲလို့ “ မည်သည့် စကားမျှ မပြောရ ” လို့ တင်းကျပ် စွာစည်းကမ်းချက် ထုတ်ပြန်လိုက်တယ်ကွဲ့ ။

အခုလို ဖခင် ဖြစ်သူ ဘုရင်ကြီး က တင်းကျပ်စွာ တားမြစ် ထားတော့ မင်းသမီးကလေး စန္ဒာဒေဝီ ဟာ ကလေးတို့ သဘာဝ အတိုင်း ပျော်ပျော်ရွှင်ရွှင် မကစားရတာနဲ့ အတော်ပဲ စိတ်ညစ် နေတယ်ကွဲ့ ။ အဲသည်လို မင်းသမီးကလေး စိတ်ညစ်ညူး နေတာကို မိခင် လို တစ်သက်လုံး စောင့်ရှောက် မွေးမြူ လာခဲ့ရတဲ့ အထိန်းတော်ကြီး မယ်ခေမာ က နေ့စဉ် မြင်တွေ့ နေရတော့ သူ ပါ ရောပြီး စိတ်မကောင်း ဖြစ်တာနဲ့ မင်းသမီးကလေး ကို အကူအညီ ပေးရအောင် အကြံ အမျိုးမျိုး ထုတ်ရတော့တယ် ။ တစ်နေ့မှာ အထိန်းတော်ကြီး မယ်ခေမာ ဟာ အကြံကောင်း တစ်ခု ရတာ နဲ့ အရုပ်ထုပြီး အသက်သွင်း ပေးနိုင်တဲ့ ပန်းပုဆရာ တစ်ယောက် ရအောင် စုံစမ်း ရှာဖွေတော့ တယ် ။ ရက်ပေါင်း အတော် ကြာအောင် ရှာဖွေတော့ ခြံကြီး တစ်ခြံ ထဲမှာ သမီး ခုနှစ်ယောက် နဲ့ အတူတကွ နေထိုင်တဲ့ ပန်းပုဆရာကြီး တစ်ယောက် ကို တွေ့ရတယ် ကွဲ့ ။ အမှန်ကတော့ အဲသည် ပန်းပုဆရာကြီး ဟာ လူအစစ် မဟုတ်ဘူးကွဲ့ ။ မင်းသမီးကလေး စန္ဒာဒေဝီ ကို ကူညီရအောင် လူယောင် ဖန်ဆင်း ထားတဲ့ နတ်ကောင်းနတ်မြတ် တစ်ပါး သာ ဖြစ်တယ်ကွဲ့ ။ ဒါပေမယ့် အထိန်း တော်ကြီး မယ်ခေမာ ကတော့ .. နတ်အစစ် ဖြစ်မှန်း မသိဘဲ လူအစစ် ပန်းပုဆရာ ပဲ လို့ ထင် နေတော့တယ် ။

အဲဒါနဲ့ မယ်ခေမာ လည်း ပန်းပုဆရာကြီး ထံကို ချဉ်းကပ်ပြီး မင်းသမီးကလေး နဲ့ အရပ်အမောင်း ရော ၊ ရုပ်ရည် ရော ၊ လုံးဝ တူတဲ့ အရုပ် တစ်ခု ကို ထုလုပ် ခိုင်းတော့တယ် ။ ဒါပေမယ့် အသက်သွင်း တဲ့ နေရာ မှာတော့ လူစင်စစ် လို စကား အားလုံး ပြောနိုင်အောင် အသက်သွင်း မခိုင်းဘဲ မင်းသမီးလေး ပြောသလိုပဲ “ ဟုတ်ကဲ့ ... မဟုတ်ဘူး ... ကျေးဇူး တင်ပါတယ် ” ဆိုတဲ့ စကားသုံးလုံး ထဲ ကိုသာ ပြောဆို နိုင်အောင် အသက် သွင်း ခိုင်းတော့တယ် ။

နောက်ထပ် သုံးရက် လောက်ကြာတော့ မှာထားတဲ့ မင်းသမီးရုပ်ကလေး ဟာ အဆင့် သင့် ပြီးစီး နေတာနဲ့ အရုပ် ထုလုပ်ရတဲ့ အတွက် ပန်းပုဆရာကြီး ကို ရွှေဒင်္ဂါးဆယ်ပြား ဆုချပြီး “ ညဉ့်သန်းခေါင် အချိန် မှာ သည် အရုပ် ကို ဘုရင့်သမီးတော်ကလေး စန္ဒာဒေဝီ ရဲ့အဆောင်တော် ထဲ ကို ရောက်အောင် တိတ်တဆိတ် လာပို့ပေးပါ ” လို့ အထိန်းတော်ကြီး မယ်ခေမာ ကိုယ်တိုင် သွားရောက် မှာကြားပြီး အစစအရာရာ မှာ ချောချောမောမော ဖြစ်အောင် ကြိုတင်စီမံထားတော့ တယ် ။

အဲသည်လို ကြိုတင်စီမံ ထားတဲ့ အတိုင်းပဲ ညဉ့်သန်းခေါင် အချိန်မှာ သမီးတော် စန္ဒာဒေဝီ ရဲ့အဆောင်တော် ထဲကို အရုပ်မင်းသမီးကလေး ရောက်လာတာနဲ့ တစ်ပြိုင်နက် အထိန်း တော်ကြီး မယ်ခေမာ ဟာ မင်းသမီး အစစ် စန္ဒာဒေဝီ ကို အိပ်ရာ က နှိုးပြီး “ စည်းကမ်းကြီးတဲ့ နန်း တော် ထဲမှာ မနေဘဲ လွတ်လပ် ပျော်ရွှင်စွာ နေရတဲ့ ပင်လယ်ကမ်းခြေ အနီး က တံငါတဲကြီး တစ်တဲ မှာ သွားနေရအောင် ” လို့ ခေါ်ဆောင်တော့ မင်းသမီးကလေး ဟာ သူ့ ဖခင် ဘုရင်ကြီးကို သနားညှာတာ တာ နဲ့ သူ မရှိရင် ဖခင်ကြီး ဝမ်းနည်း နေမှာပဲလို့ ငြင်းဆန် နေပါသေးတယ် ။

ဒါပေမယ့် အထိန်းတော်ကြီး က “ အခုလိုသာ ဘုရင်ကြီး နဲ့ နန်းတော် ထဲ မှာ ဆက်လက် နေထိုင် သွားရရင် သူ ရော ၊ မင်းသမီးကလေး ပါ တစ်သက်လုံး စိတ်ဆင်းရဲ ပင်ပန်း နေရမည် ဖြစ်ကြောင်း သူတို့ မရှိတဲ့ အတွက် ဘုရင်ကြီး မှာ လည်း စိတ်မဆင်းရဲ ရအောင် သမီးတော် ရဲ့ကိုယ်စား အသက်သွင်း ထားတဲ့ မင်းသမီးရုပ် တစ်ခုကို ထားခဲ့မည် ဖြစ်ကြောင်း ” အစရှိသည်ဖြင့် ချော့မော့ ပြောဆိုတော့ သမီးတော်ကလေး က လည်း နဂို ကတည်း က စိတ်ဆင်းရဲ နေတာ နဲ့ အထိန်းတော်ကြီး ရဲ့ စကား ကို နားထောင်ပြီး လိုက်ပါတော့မယ် လို့ ကတိ ပြုလိုက်တော့တယ် ။ အဲဒါနဲ့ အထိန်းတော်ကြီး မယ်ခေမာ နဲ့ စန္ဒာဒေဝီမင်းသမီးကလေး တို့ ဟာ အရုပ်မင်းသမီးကလေး ကို နန်းတော် ထဲ မှာ ထားခဲ့ပြီး တံငါတဲကြီး ရှိတဲ့ ပင်လယ်ကမ်းခြေ ဘက် ကို တိတ်တဆိတ် ထွက်လာခဲ့ကြတော့ တယ် ။ တံငါတဲ ဟာ စန္ဒာဒေဝီ တို့ နေတဲ့ တိုင်းပြည် နဲ့ ကုန်းတစ်တန် ရေတစ်တန် နဲ့ ခုနှစ်ရက် ခရီး သွားရတဲ့ နေရာမှာ ရှိလို့ အလွန်ပဲ ဝေးကွာတယ်ကွဲ့ ။

တံငါတဲ ကို အထိန်းတော်ကြီး မယ်ခေမာ နဲ့ မင်းသမီးကလေး စန္ဒာဒေဝီ တို့ ဆိုက် ရောက် လာကြတော့ တံငါသည် လင်မယား ဟာ အတော်ပဲ ဝမ်းသာကြပါတယ် ။ ဒါတင် မက သေးဘူး ၊ မင်းသမီးကလေး ရဲ့ သတင်း ကို အစအဆုံး ကြားသိရ ပြန်တော့ သနားလို့ မဆုံး ဖြစ်ပြီး အိမ် မှာ ပင်ပင်ပန်းပန်း မလုပ်စေရဘဲ ကောင်းမွန်စွာ ကျွေးမွေးပြုစု ထားတော့တယ် ။ အဲသည် တံငါသည် လင်မယား မှာလည်း “ မောင်ကုမာ ” ဆိုတဲ့ သားလိမ္မာကလေး တစ်ယောက် ရှိတော့ မင်းသမီးကလေး စန္ဒာဒေဝီ ဟာ နေ့စဉ်ပဲ မောင်ကုမာ နဲ့ အတူတကွ ကစား နေရလို့ နန်းတော် ထဲ မှာလို စိတ်မဆင်းရဲ ရတော့ဘဲ အတော့် ကို ပျော်ရွှင် နေတယ်ကွဲ့ ။ ဒါပေမယ့် စန္ဒာဒေဝီ က မောင်ကုမာ ကို မောင်အရင်း လို သဘောထားပြီး “ မောင်ကလေး ကုမာ ” လို့ ခေါ်သလို မောင်ကုမာ ကလည်း စန္ဒာဒေဝီ ကို အမ အရင်း လို သဘောထားပြီး “ မမစန္ဒာ ” လို့ ချစ်ခင် ယုယစွာ ခေါ်လေ့ရှိကြတယ် ။

အဲသည်လိုနဲ့ နေလာခဲ့ကြတာ နှစ်ပေါင်း အတော် ကြာတော့ စန္ဒာဒေဝီ ဟာ တဖြည်း ဖြည်း ကြီးပြင်းလာပြီး အလွန် လှပတဲ့ မိန်းမပျိုကလေး ဖြစ် လာတော့တယ် ။ နန်းတော် ထဲမှာ စန္ဒာဒေဝီ ရဲ့ ကိုယ်စား ထားခဲ့တဲ့ မင်းသမီးရုပ်ကလေး ဟာ လည်း စန္ဒာဒေဝီ နဲ့ အရွယ်တူ ပဲ ကြီးပြင်း လာခဲ့တဲ့ အတွက် ဖခင်ဘုရင်ကြီး က “ သူ့ရဲ့ သမီးတော် စန္ဒာဒေဝီ အစစ် ” လို့ပဲ ထင်မှတ်ပြီး ဘာမျှ အနှောင့်အယှက် မပြုတော့ဘူးကွဲ့ ။

တစ်နေ့မှာ ဘုရင်ကြီး ဟာ သူ့ ရဲ့ အတိုင်ပင်ခံ ပညာရှိ မူးမတ်များ ကို ခေါ်ပြီး “ သူ့ မှာ သားယောက်ျားလေး မရှိလို့ တစ်ယောက်မျှ အထောက်အခံ မရှိတဲ့ အတွက် တစ်ဦးတည်းသော သမီးတော် စန္ဒာဒေဝီ ကိုပဲ ဘုရင်မ အဖြစ်နဲ့ တင်မြှောက်ချင်တယ် ” လို့ ဖွင့်ဟ တိုင်ပင်တော် မူတယ် ။ ဘုရင်ကြီး ရဲ့ အကြံအစည် ကို မှူးမတ်ပညာရှိ အားလုံး ကလည်း သဘော တူညီတာ နဲ့ မကြာမီ သင့်လျော်တဲ့ နေ့ကောင်းရက်မြတ် ကို ရွေးပြီး .. “ ဘိသိတ်ခံပွဲတော် ကျင်းပ ရမယ်လို့ ” … အမိန့်တော် ချမှတ်တော် မူလိုက်တယ် ။

နန်းတော် ထဲမှာ အခုလို စီမံနေတဲ့ သတင်း ကို အထိန်းတော်ကြီး မယ်ခေမာ ကြားသိ ရတော့ ဘုရင်ကြီး ဆီ ကို အလျင်အမြန် ပြေးလာခဲ့ပြီး “ နန်းတော် ထဲ တွင် ရှိသော မင်းသမီးရုပ် ဟာ ဘုရင့်သမီးတော်ကလေး စန္ဒာဒေဝီ အစစ် မဟုတ်ကြောင်း စန္ဒာဒေဝီ အစစ် မှာ ရပ်ဝေး တစ်နေရာ တွင် ရှိနေကြောင်း ဤကဲ့သို့ ဘုရင်မင်းမြတ် မသိအောင် လျှို့ဝှက်စွာ စီမံရခြင်းမှာ သမီးတော်ကလေး စိတ်ဆင်းရဲ နေသည်ကို မကြည့်ရက်၍ ဖြစ်ကြောင်း မိမိအား ဤကဲ့သို့ သမီး တော်ကလေး စိတ်ချမ်းသာအောင် ကြံဆောင်ပေးမိသည့် အတွက် ဘုရင်မင်းမြတ် က အပြစ် ရှိသည် ဟု ယူဆ၍ သ,တ်လိုလျှင် အချိန်မရွေး သတ်နိုင်ကြောင်း ” ကို ရဲရဲဝံ့ဝံ့ တင်လျှောက်လိုက် တယ်ကွဲ့ ။

ဘုရင်ကြီး လည်း သမီးတော် ရဲ့ အဖြစ်အပျက် အမှန်ကို ကြားသိရတော့ အတော်ပဲ နောင်တ ရပြီး သမီးတော် ပုန်းအောင်း နေတဲ့ နေရာ ကို စစ်သည်ဗိုလ်ပါ အများ နဲ့ သွားရောက် ခေါ် ဆောင်စေပြီး ထီးနန်းရိပ်ရာ ကို လွှဲအပ်ပေးတော် မူလိုက်တယ် ။ စန္ဒာဒေဝီ မင်းသမီးကလေး ဟာ ခမည်းတော် ရဲ့ ထီးမွေ နန်းမွေ ကို ရလို့ “ ဧကရီ ဘုရင်မကြီး ” ဖြစ်လာတဲ့ အခါကျတော့ “ သူ့ ရဲ့ နိုင်ငံတော် တစ်ဝှမ်းလုံး မှာ ကလေး ရှိတဲ့ မိခင်ဖခင် တိုင်း ဟာ မိမိတို့ ကလေးများ ကို အတတ်နိုင် ဆုံး ပျော်ရွှင်စွာ ပြုစု ထားရမယ် ။ ကလေးများ ကို စိတ်ညစ်ညူးအောင် မည်သူမျှ မပြုလုပ်ရ ၊ ပြုလုပ်သည် ကို ကြားသိရရင် ကြီးလေးသော အပြစ်ပေးခြင်းကို ခံရလိမ့်မယ် ” လို့ အမိန့်တော် တစ်ရပ် ကို ထုတ်ပြန်ကြေညာတော်မူလိုက်တယ် ။ ဒါတင်မက သေးဘူး ။ သူ ရဲ့ ကိုယ်ပိုင် ဘဏ္ဍာ တော်ငွေများ နဲ့ လည်း ကလေးများ ပျော်ရွှင်စွာ ကစားနိုင်ဖို့ အတွက် ပန်းဥယျာဉ် နဲ့ ရေကန်များ ၊ ကစားရုံ ၊ ကစားကွင်းများ စသည်တို့ ကို လည်း မြို့တော် နေရာ အနှံ့အပြားမှာ တည်ဆောက် ပေးထားတယ် ကွဲ့ ။ နန်းတော် က ခေတ္တ ရှောင်ပုန်း နေစဉ် အချိန် က ကူညီစောင့်ရှောက် ခဲ့ဖူးတဲ့ ဆင်းရဲသား တံငါသည် လင်မယား ကို လည်း နန်းတော် ကိုခေါ်ယူပြီး ကောင်းမွန်စွာကျွေးမွေးပြုစု ထားတဲ့အပြင် သူတို့ ရဲ့ သားကလေး မောင်ကုမာ ကို သူ့ ရဲ့ သက်တော်စောင့် ဗိုလ်မှူး အဖြစ် နဲ့ ခန့် ထားတော်မူလိုက်တယ် ။

ကိုင်း ... ကလေးတို့ လည်း သည်ပုံပြင်ကို ဖတ်ရှုပြီးတဲ့ အခါမှာ မေ့မေ့ပျောက်ပျောက် ဖြစ်မသွားဘဲ “ သူတစ်ပါး ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှု ကို အနှောင့်အယှက် မပေးရ ။ မိမိ အပေါ် ကူညီခဲ့ဖူးတဲ့ ကျေးဇူးရှင်များ ကို လည်း ကိုယ် တတ်နိုင်တဲ့ အခါ ပြန်ပြီး ကျေးဇူးဆပ်ရမယ် ” ဆိုတဲ့ သင်ခန်းစာ နှစ်ရပ်ကို စွဲစွဲမြဲမြဲ မှတ်ထားကြပေါ့ကွယ် ။

⎕ တက္ကသိုလ်စန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၀ ၊မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment