Showing posts with label ကိုရိုးကွန့်. Show all posts
Showing posts with label ကိုရိုးကွန့်. Show all posts

Wednesday, July 8, 2026

ဘဝတစ်ကွေ့


❝ ဘဝတစ်ကွေ့ ❞
     ( ကိုရိုးကွန့် )

ဘဝအကွေ့ များစွာ ရှိသည့်အနက် ဘဝတစ်ကွေ့တွင် ကြီးကြီးမြကို ဤသို့ ဤပုံဖြင့် တွေ့မြင်ရမည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ ။

ကြီးကြီးမြဟု ခေါ်သော အဒေါ်ကြီးသည် ကျွန်တော်နှင့် ဆွေမျိုးနီးစပ် မတော် ။ ကျွန်တော်ကသာ ကြီးကြီးမြဟု သိသော်လည်း ကြီးကြီးမြက ကျွန်တော့်ကို သိမည် မဟုတ် ။ ကြီးကြီးမြ ကိုတော့ ကျွန်တော်တို့ တစ်ရပ်ကွက်လုံးက သိကြပါသည် ။ စိန်ကုန်သည် ၊ ရွှေကုန်သည် ဟု ပြောစရာ မလိုဘဲ ခြံဝန်းကြီးနှင့် တိုက်တာကြီးကို ကြည့်ရုံဖြင့် လူချမ်းသာဟု သိကြသည် ။ သို့သော် မည်မျှ ချမ်းသာသည် တော့မသိ ။ ကျွန်တော်တို့ ရပ်ကွက်တွင် ကြီးကြီးမြက အချမ်းသာဆုံးဖြစ်မည် ။

ကျွန်တော်တို့ မန္တလေးတွင် ယခင်က ကျုံးရေတွင်းဟု ခေါ်သော ရေတွင်းများကို လမ်းထောင့်များ၌ ထားရှိသည် ။ ကျုံးရေတွင်းသည် သဘာဝရေကြည် အလိုအလျောက် ထွက်သော ရေတွင်း မဟုတ်ပေ ။ လေးထောင့်အုတ်ရေကန် ပြုလုပ်ပြီး ကျုံးထဲမှ ရေကို ပိုက်ဖြင့် သွယ်တန်း ထည့်ပေးသော ရေတွင်းဖြစ်သည် ။ မန္တလေးကျုံးထဲမှ ရေကို မြေအောက်ပိုက်လိုင်း ရှိရာ တစ်လျှောက် ပို့လွှတ်သည် ။ လမ်းထိပ်များတွင် ကျုံးရေ တွင်းများကို ယခင် မန္တလေး မြူနီစပယ်က ပြုလုပ်ထားခဲ့သည် ။ ကြီးကြီးမြတို့ အိမ်ရှေ့က လမ်းထိပ်တွင်လည်း ကျုံးရေတွင်း ရှိသဖြင့် ကျွန်တော်သည် အိမ်အတွက် သောက်ရေ ၊ သုံးရေကို နေ့စဉ် သွားရောက် ခပ်ယူရသည် ။ ရေချိုး ၊ အဝတ်လျှော်လိုလျှင်လည်း ကျုံးရေတွင်းမှာပင် ချိုးနိုင် ၊ လျှော်နိုင်သည် ။

ကျွန်တော်သည် ရေဆွဲရလွန်းသဖြင့် ကြမ်းထော်နေသော လက်ဖဝါး နှစ်ဖက်ကို ပွတ်ရင်း ကြီးကြီးမြတို့၏ ခံ့ညားသော အိမ်ကြီးနှင့် ကျယ်ဝန်းသော ခြံဝင်းကြီးကို ငေးမောကြည့်ရှု၍ အားကျခြင်း ၊ တပ်မက်ခြင်းတို့ ဖြစ်ခဲ့ဖူးသည် ။ ဝန်းထရံကြီးက မြင့်ခြင်း ၊ ခိုင်ခံ့ခြင်းကြောင့် ခြံထဲကို အပြင်မှ ကောင်းကောင်း မမြင်ရ ။ ခြံထဲမှ ကားဖြင့် ထွက်လာသော ကြီးကြီးမြ ကိုတော့ မကြာခဏ မြင်ဖူးသည် ။ အသက် ၄၀ ကျော်အရွယ် ကြီးကြီးမြသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသည် ။ အပျိုကြီး တစ်ကိုယ်တည်း ဆိုသော်လည်း ပြုစုဖေးမည့်သူတွေ ပေါများသည် ။ ကြီးကြီးမြ အပြင် ထွက်လျှင် တူ ၊ တူမ ၊ အခြွေအရံနှင့် တပည့်တပန်းများက နောက်မှာ ကားနှစ်စီးနှင့် ပါသည် ။ ထို့ကြောင့် ကျွန်တော်နှင့် ကျွန်တော်တို့ တစ်ရပ်ကွက်လုံးက ကြီးကြီးမြကို သိသော်လည်း ကြီးကြီးမြက ကျွန်တော်တို့ကို သိမည် မဟုတ်ပါ ။

ကျွန်တော် အထက်တန်းကျောင်းသား ဘဝတွင် ကျွန်တော်တို့ ရပ်ကွက် မီးလောင်သည် ။ အကြော်တဲလေး၏ မီးကြွင်းမီးကျန်မှ စလိုက်သော မီးတောက်ငယ်သည် နွေနေအောက်မှာ ကြွပ်ရွနေသော ဝါးကပ်အမိုးနှင့် ဝါးထရံတို့ကို ဝါးမျိုစားသောက်၍ တစ်မုဟုတ်ချင်း မီးတောက်ကြီး ဖြစ်သွားသည် ။ တောင်လေ တဖြူးဖြူးမှာ လေပွေရိုင်းတို့ကလည်း မီးတောက်ကို ပင့်မြှောက် ကစားသည် ။ မီးတောက် ၊ မီးလုံးတို့သည် တစ်လမ်းမှ တစ်လမ်းသို့ ၊ တစ်အိမ်မှ တစ်အိမ်သို့ ခုန်ကျော်သွားသဖြင့် တစ်ခဏချင်းပင် ရပ်ကွက်အနှံ့ မီးဟုန်းဟုန်း တောက်လောင်သည်  ။

ကျွန်တော်တို့ မိသားစုလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ခြေဦးတည့်ရာ ပြေးရသည် ။ မီးငြိမ်းတော့မှ မီးလွတ်သော မူလတန်းကျောင်းလေးထဲမှာ မိသားစု ဆုံစည်းကြသည် ။ ကျွန်တော်တို့ ရပ်ကွက်နှင့် ဝစ်လမ်းကျော်တွင် စိုက်ပျိုးရေးခြံ ( နှင်းဆီခြံ ) များသာ ရှိပြီး လူနေအိမ်ကျဲပါး၍ အခြား ရပ်ကွက်များသို့ မကူးဘဲ မီးညွန့်ကျိုးခြင်း ဖြစ်သည် ။ တစ်ရပ်ကွက်လုံး လောင်သဖြင့် ကြီးကြီးမြတို့ ခြံနှင့် အိမ်ကြီးလည်း ပါသည်ပေါ့ ။ လူအသေအပျောက် မရှိသော်လည်း ကြီးကြီးမြတို့ ခြံထဲက ကားသုံးစီးနှင့် ခွေးတစ်ကောင် မီးထဲ ပါသွားသည်ဟု သိရသည် ။

ကျွန်တော်တို့ တစ်ရပ်ကွက်လုံးလိုလို မူလတန်းကျောင်းထဲမှာ ဖြစ်သလို နေ၍ အခြား ရပ်ကွက်မှ လှူဒါန်းသော ထမင်းထုပ်ကို စားကြသော်လည်း ကြီးကြီးမြတို့ ကိုတော့ မတွေ့မိပေ ။ သူတို့ အဖို့ ဆင်ပိန် ၊ ကျွဲလောက်တော့ ကျန်ပေဦးမည် ။ ကျွန်တော်တို့မှာ သူတောင်းစား ခွက်ပျောက်သလို နေစရာ ဆုံးရှုံးခဲ့သည် ။ ရပ်ကွက်ထဲတွင် အိမ်ငှားနေထိုင်ကြသော ကျွန်တော်တို့ မိသားစုမှာ မီးလောင်သည့်အခါ နေစရာ ပြန်လည် မရရှိတော့ပေ ။ ကျွန်တော်တို့ မိသားစုသည် မန္တလေးမြို့ပြင်သို့ ပြောင်းရွှေ့ခဲ့ကြသည်  ။

••••• ••••• •••••

ဘဝအချိုးအကွေ့များစွာ ကြုံတွေ့ပြီးနောက် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမအားလုံးသည် ဘွဲ့ရ ကျောင်းပြီးသွားကြသည် ။ အလုပ်အကိုင်တွေ ရ ၊ အိမ်ထောင်အသီးသီး ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နှင့် ဖြစ်ကြသည် ။ တချို့က မန္တလေးမှာ ကျန်သည် ။ တချို့က မြစ်ကြီးနား ၊ တချို့က တောင်ကြီး စသဖြင့် ရေကြည်ရာ မြက်နုရာမှာ နေထိုင်ကြသည် ။ ကျွန် တော်က ကေသီ ဟု ခေါ်သော တစ်ရုံးတည်း အတူတူ တာဝန်ထမ်းဆောင်သော အမျိုးသမီးနှင့် အိမ်ထောင်ကျ၍ ရန်ကုန်မှာ အခြေချနေထိုင်သည် ။

တစ်နေ့တွင် မန္တလေးမှ ဆွေမျိုးသားချင်းလို ခင်မင်သော မောင်နှမနှစ်ယောက် ရောက်ရှိလာသည် ။ ထောက်ကြန့်တွင် နေသော အဒေါ် တစ်ယောက်ထံ သွားချင်သည်ဟု ပြောသဖြင့် ရုံးပိတ်ရက်တွင် ကျွန်တော်တို့ ဇနီးမောင်နှံက လိုက်ပို့ကြသည် ။

အငှားကားပေါ်တွင် စကား စပ်မိစပ်ရာ ပြောကြရင်း ကျွန်တော်က

“ ထောက်ကြန့်က မောင်လွင်တို့ အဒေါ်ဆိုတာ ဘယ်သူလဲ ”

“ အဒေါ်အရင်း မဟုတ်ပါဘူး ။ ဪ .. ကိုနှင်းဦးလည်း သိပါတယ် ။ ကျွန်တော်တို့ လမ်းထိပ်မှာ နေသွားတဲ့ ကြီးကြီးမြ ”

ကျွန်တော့်အသိစိတ်တွင် ဇဝေဇဝါ ဖြစ်နေသဖြင့် -

“ ဘယ် ကြီးကြီးမြလဲ ၊ သိပ်မမှတ်မိဘူး ”

“ လမ်းထိပ်က ခြံကြီးမှာ နေတဲ့ စိန်ကုန်သည် ကြီးကြီးမြပေါ့ ”

နှစ်ပေါင်း ၄ဝ ကျော် ဝေးကွာခဲ့သော ကြီးကြီးမြသည် အာရုံထဲသို့ စက္ကန့်ပိုင်း အတွင်း ဖျတ်ခနဲ ဝင်ရောက်လာသည် ။

“ ဪ … ဟုတ်လား ၊ သိတာပေါ့ကွာ ။ မတွေ့တာ ကြာပြီနော် ။ ငါတို့ ၁၅ နှစ်သားလောက်က ရပ်ကွက် မီးလောင်ပြီး ရွှေ့သွားတာ ဆိုတော့ နှစ်ပေါင်း မနည်းတော့ဘူး ။ နှစ် ၄၀ လောက် ရှိမယ် ထင်တယ် ”

“ အင်း … နှစ် ၄၀ အတွင်းမှာ ကြီးကြီးမြလည်း လောကဓံကို တော်တော် ခံရပါတယ် ။ ကိုနှင်းဦးတို့ ရပ်ကွက် မီးလောင်ပြီးတော့ ကိုနှင်းဦးတို့က မြို့သစ်ကို ရွေ့သွားတယ်နော် ။ ကြီးကြီးမြက မီးလောင်တဲ့ တိုက်ကို ဖျက်ပြီး တိုက်အသစ် ပြန်ဆောက်တယ် ။ တိုက်ဆောက်နေတုန်းမှာ ကြီးကြီးမြ အဖေရဲ့ အမြှောင်မယားက မွေးတဲ့ သား ဆိုတဲ့လူ ပေါ်လာပြီး အမွေတောင်းလို့ တရားတွေ ဘာတွေ ဖြစ်ကြသေးတယ် ။ နောက်တော့ အမှု ကျေအေးပြီး အဲဒီ လူကို ၁၀ သိန်းလား မသိဘူး ပေးလိုက်ရတယ်တဲ့ ၊ အဲဒီခေတ်က ၁၀ သိန်းဆိုတာ ဘယ်နည်းလိမ့်မလဲ ကိုနှင်းဦးရယ် ။ ကြီးကြီးလည်း စိတ်ညစ်ပြီး တိုက်ဆက် မဆောက်တော့ဘဲ တရုတ်ကို ရောင်းလိုက်တယ် ။ နန်းရှေ့ဘက်မှာ မြေဝယ်ပြီး ဆောက်တယ်တဲ့ ။ နောက်ပိုင်းမှာ ကြီးကြီးမြ စီးပွားရေးက သိပ်မကောင်းတော့ဘူး ။ အပျိုကြီး မဟုတ်လား ။ ဟိုတူ ၊ တူမတွေက လာယူလိုက် ၊ ဟိုလူက ညာလိုက် ၊ လိမ်သွားလိုက် ၊ တရားစွဲလိုက် ၊ စိတ်ညစ်လိုက်နဲ့ ငွေကုန်လူပန်း ဖြစ်တာ မနည်းဘူး ။ နောက်ဆုံးတော့ စည်းစိမ်ဥစ္စာတွေ အားလုံး ကုန်ဆုံးပြီး ထောက်ကြန့်ဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရောက်နေတယ်လို့ ကြားတယ် ။ ဒါကြောင့် မန္တလေးမှာ လိပ်စာတောင်းလာပြီး ရန်ကုန် ရောက်တုန်း ဝင်တွေ့တာ ။ အခုတော့ သာပေါင်းညာစားသမားတွေ တစ်ယောက်မှ မရှိတော့ဘူး ။ မခြွေနိုင်လို့ ရံမယ့် လူလည်း ရှိတော့ဘူး ။ တစ်ယောက်တည်း နေတယ်လို့ ကြားတယ် ”

မောင်လွင့် စကားကို နားထောင်ရင်း ရင်ထဲ တင်းကျပ်လာသည်  ။ လမ်းဘေးတွင် သစ်သီးဆိုင် တွေ့သဖြင့် ကားဆရာကို ခဏ ရပ်ခိုင်းပြီး ကြီးကြီးမြ အတွက် သစ်သီးတချို့ ဝယ်သည် ။ လိပ်စာပါ ဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်ထွက်ခွာသည် ။

••••• ••••• •••••

ကိုရင်လေး တစ်ပါးက ကြီးကြီးမြ နေသော သစ်သားကျောင်းလေးသို့ လိုက်ပို့သည် ။

“ ဒကာမကြီး ၊ ဒီမှာ ဧည့်သည်တွေ ရောက်နေတယ် ။ တကာမကြီး ၊ ဒကာမကြီး ”

ကိုရင်လေး၏ အသံကြောင့် စေ့ထားသော တံခါးရွက် ပွင့်လာသည် ။ အထဲမှ ပိန်ပိန်မည်းမည်း အဘွားအို တစ်ယောက်သည် ဖင်တရွတ်တိုက်၍ ထွက်ပေါ်လာသည် ။

“ ဒါ ... ဒါ ... ကြီးကြီးမြလား ”

ဖွေးဖွေးဖြူနေသော ဆံပင်တို့က မျက်နှာပေါ် ဝဲကျနေသည် ။ ဟောင်းလောင်းပေါက် နားရွက်က အိတွဲကျနေသည် ။ ပါးစပ်ထဲမှာ သွားမရှိသော ပါးက ပိန်ချိုင့်နေသည် ။ နွမ်းနွမ်းကြေကြေ အဝတ်အဆင်များနှင့် အဘွားအိုသည် ကြီးကြီးမြ ဟုတ်ပါရဲ့လားဟု သံသယ ဝင်မိသည် ။ လွန်ခဲ့သော နှစ် ၄၀ က ကျွန်တော် မြင်တွေ့ခဲ့ ၊ မှတ်မိခဲ့သော ကြီးကြီးမြနှင့် ရေနှင့် ဆီလို ကွာခြားသည် ။ ထိုစဉ်က ကြီးကြီးမြသည် အသက် ၄၀ ကျော် အရွယ် ၊ ဂုဏ် ၊ ကျက်သရေနှင့် ပြည့်စုံသော အမျိုးသမီးကြီး ဖြစ်သည် ။ ခန့်ညားသည် ။ ထည်ဝါသည် ။ ဦးထိပ်မှ ၊ ခြေဖျားအထိ စိန်ရွှေရတနာများ သီးခဲ့သည် ။ ရင်ကော့ ၊ ခေါင်းမော့ နေနိုင်သော အရွယ်ဖြစ်သဖြင့် အရပ်က မြင့်မြင့်မားမား ရှိသည် ။ အသားညိုသော်လည်း ဖြူစင်ကြည်လင်သည့် မျက်နှာကြောင့် ဝင်းပလင်းလက်သည် ။

သေသေချာချာ ရှာဖွေကြည့်တော့မှ အသက် ၄ဝ ကျော်အရွယ်က မျက်လုံး ၊ မျက်ခုံး ၊ နှုတ်ခမ်းနှင့် နှာတံတို့ကို အသက် ၈၀ ကျော် အဘွားတွင် တွေ့မြင်ရသည် ။

“ ဘယ်က ဧည့်သည်တွေလဲ ၊ ဒီနေ့တော့ ထူးခြားတယ်ဟေ့ ၊ မိုးတွေ ဘာတွေ ရွာနေဦးမယ် ထင်တယ် ။ လာကြ လာကြ ၊ အပေါ်တက်ကြ ”

အဘွားအိုက နှုတ်ဆက် ဖိတ်ခေါ်မှပင် ကျွန်တော်တို့သည် ခြေထောက်များကို လှုပ်ရှားကြဖို့ သတိရကြသည် ။ ကိုရင်လေးက ကျောင်းကြီးပေါ်သို့ ပြန်ပြေးသွားသည် ။ ကျွန်တော်တို့ လေးယောက်လည်း အဘွားအို၏ သစ်သားကျောင်းပေါ် ဖြည်းဖြည်းညင်သာ တက်ကြသည် ။

“ မင်းတို့ ကြည့်ကျက် ထိုင်ကြ ၊ ဖျာတွေ ဘာတွေတော့ မရှိဘူး ”

အဘွားအိုသည် ဖင်တရွတ်ဆွဲ သွားရာမှ ထရန် ကြိုးစားသည် ။ သို့သော် ဇရာ၏ ဖိစီးမှုကြောင့် ထလို့ မရ ။ လေးဖက်ထောက်လျက် ကုန်းကုန်းကြီး ဖြစ်နေသည် ။

“ အဘွား မထပါနဲ့ ။ ကျွန်တော်တို့ ဒီမှာ ထိုင်မယ် ” ဟု မောင်လွင်က ပြော၍ အဘွားရှေ့က ဖုန်အလိမ်းလိမ်းနှင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည် ။

အဘွားသည် ကျွန်တော်တို့ လေးယောက်၏ မျက်နှာများကို စေ့စေ့ကြည့်ပြီး -

”မင်းတို့က ဘယ်သူတွေလဲ ၊ ဘယ်က လာကြတာလဲ ”

“ မန္တလေးက လာတာပါ အဘွား ၊ သူက ကိုနှင်းဦးနဲ့ မကေသီတဲ့ ၊ သူတို့ နှစ်ယောက်က ရန်ကုန်မှာ နေတာပါ ။ ကိုနှင်းဦး ငယ်ငယ်က အဘွားတို့ ရပ်ကွက်မှာ နေဖူးတယ် ”

ဟု မောင်လွင်က မိတ်ဆက်စကားဆိုသည် ။

ထို့ကြောင့် ကျွန်တော်လည်း ရှေ့တိုး၍ ကြီးကြီးမြ အနီးသို့ ပိုကပ်လိုက်သည် ။

ကြီးကြီးမြက ကျွန်တော့်ကို ကြည့်ပြီး မှတ်မိအောင် ကြိုးစားနေပုံရသည် ။

“ မင်းက ဘယ်အိမ်မှာ နေတာလဲ ”

“ ကျွန်တော်တို့က အိမ်ငှားနဲ့ နေတာပါ ကြီးကြီးမြ ။ ကျွန်တော်တို့ကို ကြီးကြီးမြ သိမှာ မဟုတ်ပါဘူး ။ ကြီးကြီးမြတို့ အိမ်ရှေ့က ကျုံးရေတွင်းမှာ နေ့တိုင်း ရေခပ်ရလို့ ကြီးကြီးမြကို ကျွန်တော်တို့က မြင်သိနေတာပါ အဲဒီတုန်းက ကြီးကြီးမြတို့ ခြံက အကျယ်ကြီးပဲ ၊ အိမ်ကလည်း အကြီးကြီးပဲ ”

ကျွန်တော်သည် ဘာရယ် မဟုတ် ၊ ကျွန်တော် မှတ်မိသမျှကို ပြောနေမိသည် ။ ကျွန်တော့် စကားကြောင့်လား မသိ ၊ ကြီးကြီးမြ မျက်နှာသည် ပိုမို ညှိုးနွမ်းသွားသည် ။

“ အဲဒါက ကြီးကြီးရဲ့ မိဘအမွေအနှစ်ပေါ့ကွယ် ။ ရွှေထီးဆောင်းခဲ့တဲ့ ကာလပေါ့ ။ ဆွေမျိုးတွေ ၊ တူတွေ တူမတွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း နေခဲ့တာ ။ အခုတော့ ဘယ်ဆွေမျိုးမှ မရှိတော့ဘူး ။ တူတွေ တူမတွေလည်း မလာတော့ဘူး ။ ဒီဇရပ်က ကြီးကြီး ဆောက်ပြီး လှူခဲ့တဲ့ ဇရပ်လေ ။ နောက်ဆုံးတော့ ကိုယ့်ဧရပ်မှာပဲ ကိုယ်တစ်ယောက်တည်း နေရတော့တယ် ။ ဒါပေမဲ့ ဒီမှာ နေရတာလည်း အဆင်မပြေပါဘူး ။ ဘုန်းကြီးကျောင်း မဟုတ်လား ။ ဆရာတော်ကြီးက ကြီးကြီးကို ခိုကိုးရာမဲ့မို့ နေခွင့်ပြုထားတာ ။ ဖျားရင် နာရင် မသွားနိုင် မလာနိုင် ဖြစ်ရင် ဒုက္ခရောက်ပါတယ် ၊ ပြုစုမယ့်လူ မရှိဘူး သားတို့ရယ် ”

ကြီးကြီးမြသည် စကားပြောရင်း အသံတိမ်ဝင်သွားသည် ။ စီးကျလာသော မျက်ရည်ကို အင်္ကျီလက်ဖျားဖြင့် တို့သုတ်သည် ။

“ စားရေးသောက်ရေးကော အဆင်ပြေရဲ့လား ကြီးကြီးမြ ”

“ နေ့စာကို ဆရာတော်တွေက ကျွေးပါတယ် ။ ညစာကို ကပ္ပိယကြီးက ချက်ပြုတ်ပေးတယ် ။ စားရသောက်ရတာ အဆင်ပြေပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ ဘယ်ကောင်းပါ့မလဲ ။ မသင့်တော်မှန်း သိပေမယ့် ကြီးကြီးမှာ သွားစရာ ၊ လာစရာ ၊ နေစရာ မရှိဘူး ။ မင်းတို့မှာ နေစရာများ ရှိရင် ကြီးကြီးကို ပို့ပေးစမ်းပါ ”

ကြီးကြီးမြသည် ရေနစ်သူက မိရာ ၊ မီရာကို ဖမ်းဆွဲဆုပ်ကိုင်သလို ကျွန်တော်တို့ကို အားကိုးတကြီး ဆုပ်ကိုင်သည် ။

ကျွန်တော်တို့မှာ ပါးစပ်ထဲ အာစေး ထည့်ထားသလို ဟလို့ မရ ၊ ပြောလို့ မရ ။

နောက်ဆုံးတွင် ပါလာသော သစ်သီးများဖြင့် ကြီးကြီးမြကို ကန်တော့ပြီး နှစ်သိမ့်စကား ဆိုခဲ့သည် ။

“ အခုချက်ချင်းတော့ နေစရာ စဉ်းစားလို့ မရသေးဘူး ။ စဉ်းစား ၊ စီစဉ်ပြီးရင် ကြီးကြီးမြကို လာခေါ်ပါ့မယ် ”

ဘဝအကွေ့များစွာ အနက် ဘဝတစ်ကွေ့တွင် ကြီးကြီးမြကို ဤသို့ ဤပုံဖြင့် တွေ့မြင်ရမည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ ။

••••• ••••• •••••

၁ - ၁၁ - ၂၀၁၂ နေ့က ကျွန်တော့်ဇနီး မွေးနေ့ အထိမ်းအမှတ်အဖြစ် အရှေ့ဒဂုံမြို့နယ် ၊ ၁၂ ရပ်ကွက်ရှိ “ ဆည်းဆာရိပ် ” ဂိလာနဘိုးဘွားများ ရိပ်သာသို့သွားရောက်၍ “ ဆေးဝါး ၊ အာဟာရ တစ်နေ့တာဒါန ” ပြုလုပ်ခဲ့သည် ။ စည်ကားရှုပ်ထွေးမှု မရှိသေးသော ရပ်ကွက်တွင် နှစ်ထပ် အဆောက်အဦက သစ်လွင်ငြိမ်းချမ်းသည် ။

အသက်အရွယ် အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများကို မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန် ရည်ရွယ်ဖွင့်လှစ်ထားသော ရိပ်သာဖြစ်သည် ။ ထိုရိပ်သာတွင် လူမျိုးဘာသာ မခွဲခြားပေ ။ သားသမီး ၊ ဆွေမျိုး မရှိသည့် ကျန်းမာရေးချို့တဲ့ နေသော ဘိုးဘွားများကို လည်းကောင်း ၊ သားသမီးဆွေမျိုး ရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေ မရှိသော ဘိုးဘွားများကို လည်းကောင်း ၊ အသက် ၇၀ နှင့် အထက် ဘိုးဘွားများကို လည်းကောင်း လက်ခံ၍ စနစ်တကျ ပြုစုစောင့်ရှောက်ပေးသည်ကို တွေ့ရသည် ။

ကျွန်တော်တို့ ရောက်ရှိစဉ်က အဘိုးဆောင်တွင် အဘိုး ၁၄ ဦး ၊ အဘွားဆောင် ( က ) တွင် အဘွား ၂၁ ဦး နှင့် အဘွားဆောင် ( ခ ) တွင် အဘွား ၈ ဦး ရှိသည် ။ ဘိုးဘွားစုစုပေါင်း ၄၃ ဦးကို ပြုစု စောင့်ရှောက်ထားသည် ။

ဘိုးဘွားများ အတွက် အာဟာရ ပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကျွေးမွေးသည် ။ အသုံးအဆောင် ၊ အဝတ်အထည်နှင့် နေရာထိုင်ခင်း စသည်တို့ကို သန့်ရှင်းသပ်ရပ်စွာ ထားရှိသည် ။ ဘိုးဘွားများ၏ ဘာသာအလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို သူတို့၏ ဆန္ဒအတိုင်းကူညီဆောင်ရွက်ပေးသည်တို့ကို တွေ့ခဲ့ရသည် ။

ရုံးခန်းထဲတွင် ကဗျာ တစ်ပုဒ်ကိုလည်း ရေးချိတ်ထားသည် ။ ကဗျာဆရာအမည်မှာ လက်ယာ ( မေတ္တာတံခွန် ) ဖြစ်၍ ကဗျာအမည်မှာ “ နားခို ချွေးသိပ် ဆည်းဆာရိပ် ” ဖြစ်သည် ။

*  ဆည်းဆာက ညို
    အဘွားအို ငိုပါနဲ့
    အားတင်းပါကွဲ့ ။

*  ညနေချိန်ဆို
   အဘိုးအို ပျိုချိန်ငဲ့
   တမ်းတပါရဲ့ ။

*  အဘိုးအိုနဲ့ အဘွားအို
   ပျိုချိန်ကို မျှော်ကာတမ်းလို့
   လွမ်းပါနဲ့ ဗျို့ ။

*  ပျိုစဉ်က ဟန်မာန်ပို
   ကြံဖန်ကာ လှုပ်ရှား ။
   ကြင်ဖက်ပါ သားနဲ့ သမီးတွက်
   သွက်တဲ့ လုပ်အား ။

••••• ••••• •••••

ထောက်ကြန့်မှ အပြန်လမ်းသည် တိတ်ဆိတ်ငြိမ်သက်လှသည် ။ ကျွန်တော်တို့သည် အတွေးကိုယ်စီဖြင့် လိုက်ပါလာကြသည် ။

လမ်းသည် ဖြောင့်သည့် အခါ ရှိသလို ၊ ကောက်သည့် အခါလည်း ရှိသည် ။ အတက်လမ်းပေါ် သွားရသလို ၊ အဆင်းလမ်းပေါ်လည်း သွားရသည် ။ ချောမွေ့ညီညာသော အပိုင်း ရှိသလို ၊ ဖုထစ်ချိုင့်ခွက်သော အပိုင်းလည်း ရှိသည် ။ ထို့ပြင် ကွေ့များစွာကိုလည်း တွေ့ခဲ့ကြရသည် ။

လမ်းဆုံလမ်းခွသို့ ရောက်သည်နှင့် မည်သည့် ဘက်သို့ ကွေ့မည်ကို ကြိုတင်သိရှိ ပြင်ဆင်ထားရမည် ။ ကွေ့ကို မေ့လျော့နေလျှင် ကြီးကြီးမေ ကဲ့သို့ ဒုက္ခကြုံကြရမည်ဟု ဆင်ခြင်မိသည်  ။

ဘဝတစ်ကွေ့တွင် အနာဂတ် မလှမပ ဖြစ်နေသော ကြီးကြီးမြကို ကျွန်တော် မည်သို့ ကူညီရမည်နည်း ။ မည်သည့် ဘက်သို့ ကွေ့ရန် လမ်းညွှန်ရမည်နည်း ။ ဆည်းဆာရိပ်တွင် နားခိုချွေးသိပ်စေရန် အကွေ့ခိုင်းရမည်လေ ။

▢  ကိုရိုးကွန့်
📖 ကွေ့ စာစု
     ၂၀၁၃ ခု ၊ မေ
📖 ဖြောင့်ဖြောင့်စင်းစင်း ဝတ္ထုတိုများ ( ၂ )

Wednesday, April 29, 2026

အကာတောမှာ ဗျာမော

❝ အကာတောမှာ ဗျာမော ❞
           ( ကိုရိုးကွန့် )

ယဉ်ယဉ် တစ်ယောက် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားခဲ့ရိုး အမှန် ။ ယဉ်ယဉ် သည် ထာဝစဉ်ပြင်ဆင် ခြယ်သ နေတတ်သော မိန်းမတစ် ယောက် မဟုတ်သလို အမြဲတစေ ပစ်စလတ်ခတ် နေတတ်သော မိန်းမလည်း မဟုတ်ပေ ။ သနပ်ခါးရေကျဲ ၊ ဆံပင်တစ်ပတ်လျှိုဖြင့်သာ နေတတ်သော ယဉ်ယဉ် ။ စကားနည်းသလို အပေါင်းအသင်း သူငယ်ချင်းနည်းသော ယဉ်ယဉ် ။ ရည်းစားထားဖို့ထက် ဘွဲ့ရဖို့ကိုသာ အာရုံစိုက်ခဲ့သော ယဉ်ယဉ် ။ ဘွဲ့ရလျှင် မိဘကို တစ်ပြန်တစ်လှည့် ( တတ်အားသမျှ ) လုပ်ကျွေးမည်ဟု စိတ်ထက်သန်ခဲ့သော ယဉ်ယဉ် ။ အလုပ်လည်း မြန်မြန်ရသည့် ဝါသနာလည်း အလွန်ပါသည့် ကျောင်းဆရာ လုပ်မည်ဟု စိတ်ကူးခဲ့သော ယဉ်ယဉ် ။

ရည်ရွယ်တိုင်း မဖြစ်သလို ၊ မရည်ရွယ်ပဲနှင့်လည်း ဖြစ်လာတတ်ပါသည် ။

ယဉ်ယဉ် တစ်ယောက် အိမ်ထောင်ရှင်မ ဖြစ်နေပြီ ။

••••• ••••• •••••

“ ယဉ်ယဉ် .... ပြီးပြီလား ၊ ခြောက်နာရီ ထိုးလုပြီနော် ”

“ ဟုတ်ကဲ့ အစ်ကိုကြီး ၊ ပြီးပါပြီ ”

ယဉ်ယဉ်ခင်ပွန်း ဦးမြင့်နိုင်သည် သူ့ကို အစ်ကိုကြီး ဟု ခေါ်ရန် သွန်သင်ထားသဖြင့် သူ့ အလိုအတိုင်း လိုက်ခေါ်ရသော်လည်း ခံတွင်း မတွေ့ လှသေးပေ ။

ယခုအခါ ယဉ်ယဉ် အသက် ၂၂ နှစ်ကျော်ခဲ့ပါပြီ ။ ယခင်နှစ်က ဘွဲ့ရတော့ ၂၁ နှစ် ။ ဘွဲ့ရပြီး လပိုင်း အတွင်းတွင် မမျှော်လင့်ဘဲ အိမ်ထောင် ကျသည် ။ အိမ်ထောင်ကျကတည်းက သူ့ကို အစ်ကိုကြီး ဟု ခေါ်ရန် သင်ခဲ့သော ဦးမြင့်နိုင်သည် ယဉ်ယဉ်နှင့် သက်တမ်း ၁၉ နှစ် ကွာခြားသည် ။

အစ်ကိုကြီး ဟု ခေါ်လျှင် ဦးမြင့်နိုင် ခေါင်းမှ ထိုးထောင်ထွက်နေသော ဆံပင်ဖြူတို့က လှောင်ပြောင်မှာလား ၊ ပျော့တွဲနေသော အသားအရည်တွေက ရယ်မောကြမှာလား ၊ ဘေးလူတွေက မဲ့ရွဲ့ကြမှာလား ၊ တွေး၍ တွေး၍ ရှက်ခဲ့သေးသည် ။

ရိုးရိုးရှင်းရှင်း ကြိုက်သော ယဉ်ယဉ်က ဦးမြင့်နိုင် ဟုသာ ခေါ်ချင်သည် ။ အစ်ကိုကြီး ဟု ခေါ်ရသည်မှာ ကလက်တက်တက်နိုင်သည်ဟု ထင်၏ ။ အဆင်အသွေး တောက်တောက်ပပ ၊ ပန်းပွင့်လှလှလေးတွေ ပါသော အင်္ကျီမျိုးကို ခုံမင်နှစ်သက်စွာ ဝတ်ဆင်ခြင်းဖြင့် ကျဆင်းလာသော အသက်ကို ကျားကန်နေသည့် ဦးမြင့်နိုင်သည် အစ်ကိုကြီး မှ အစ်ကိုကြီး အခေါ်ခံချင်နေ၏ ။

သူ့ဆန်စား ရဲမှ ဟု အားတင်းကာ အစ်ကိုကြီး ဟု မနှစ်မမြို့ ခေါ်ခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသည် ။ ထိုအခါ ကွမ်းစားလွန်းသဖြင့် နီရဲနေသော သွားကြီးများ အထင်းသား ပေါ်အောင် တဟဲဟဲ ရယ်ရင်း ‘ သည် လိုမှပေါ့ ညီမလေးရယ် ’ တဲ့ ။

ယဉ်ယဉ် ကလည်း ညီမလေး ဟူသော စကားလုံးသည် တရားဝင်ဖြစ်သွားမှာ စိုးရိမ်သဖြင့် ပျာပျာသလဲပင် ....

“ အို ယဉ်ယဉ် ကို ယဉ်ယဉ် ပဲ ခေါ်ပါ ၊ ညီမလေးတွေ ဘာတွေ မလုပ်ပါနဲ့  ၊ ဖေဖေ မေမေတို့က သမီးလို့ မခေါ်ဘူး ၊ ယဉ်ယဉ် ပဲ ခေါ်တယ် ၊ မောင်လေး ညီမလေးတွေလဲ မမ လို့ မခေါ်ဘူး ၊ ယဉ်ယဉ် ပဲ ခေါ်တယ် ၊ ဒါကြောင့် ယဉ်ယဉ် ကတော့ ယဉ်ယဉ် လို့ ခေါ်တာပဲ ကြိုက်တယ် ”

ခုရှုပ်မှ နောင်ရှင်း ပြတ်ပြတ်ပင် ပြောခဲ့သည် ။ ထိုအချိန်က မျက်နှာ ထားတည်တည်ဖြင့် ယဉ်ယဉ် ပြောခဲ့မိ၍ တဟဲဟဲ ရယ်နေသော ဦးမြင့်နို င်သည် ရုတ်တရက် ဘရိတ်အုပ်နင်းခံရသော ကားကြီးလို အရှိန်ကောင်းစဉ် တုံ့ခနဲ ရပ်သွားသည် ။ ယခုထိုမျက်နှာကြီးကို ပြန်လည်မြင်ယောင်မိပြီး ရယ်ချင်လာသဖြင့် ပြုံးမိသည် ။

“ ဘာတွေ သဘောကျပြီး ပြုံးနေတာလဲ ယဉ်ယဉ်ရဲ့ ”

“ ဪ ..... ဘာမှ မဟုတ်ပါဘူး ၊ သွားမှာသာ သွားပါ အစ်ကိုကြီးရယ် ၊ ယဉ်ယဉ် ပြီးပါပြီ ”

ပြန်လှည့်လာသော အစ်ကိုကြီးကို ဇွတ်တွန်းပြီး အိပ်ခန်းထဲက ထွက်ရသည် ။ ထိုသို့မှ မလုပ်လျှင် နွားအိုမြက်နုကြိုက်ကြီးသည် ဝမ်းကစ်(စ်) တူးကစ်(စ်) လုပ်ချင် လုပ်နေဦးမည် ။

သူနမ်းလျှင် ယဉ်ယဉ် အလွန် စိတ်ပျက်သည်  ။

••••• ••••• ••••• 

ယဉ်ယဉ်တို့တွင် ဘာပစ္စည်းမှ ယူစရာ မလိုပါ ။ ကျော့ကျော့မော့မော့ပင် အိမ်မှ ထွက်၍ အေးအေးဆေးဆေးပင် ဟီးနိုးကားပေါ် တက်သည် ။ ခရီးသည် တချို့လည်း ရောက်နေပြီ ။ အစ်ကိုကြီး၏ တပည့်တစ်ဦးက လက်မှတ်ကို စောစောစီးစီး ကြိုတင်ယူပေးထားသဖြင့် နေရာကောင်း ( စိတ်ကြိုက်နေရာ ) ရသည် ။ အစ်ကိုကြီးသည် အဆင်းအတက် လွယ်ကူရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရှေ့တံခါးပေါက်နားက နှစ်ယောက်ထိုင်ခုံကို ကြိုက်သည် ။ ကွမ်းစားတတ်သော အစ်ကိုကြီးက ပြတင်းပေါက်ဘက်ခြမ်းတွင် နေရာယူသည် ။

ယနေ့လို တနင်္ဂနွေနေ့ ညနေမျိုး ဆိုလျှင် ပဲခူးမှ ရန်ကုန်သို့ ပြန်ကြသော အစိုးအရအမှုထမ်း များပြားသဖြင့် လက်မှတ်စိတ်ချရန် ကြိုတင် ဝယ်ရသည် ။ အစ်ကိုကြီးသည် အစိုးရအမှုထမ်း မဟုတ် ။ ထိုသို့ဆိုလျှင် ကုန်သည်လော ၊ ကုန်သည် စစ်စစ်ဟုလည်း ပြော၍ မရပြန် ။ သို့သော်လည်း လူအများ သိသည်မှာ ကုန်သည် ပွဲစား ။ ထို့ကြောင့် ကုန်သည် ဟု အပေါ်ယံ ရှပ် ခေါ်လျှင် ရ၏ ။

ကားမထွက်မီ အစ်ကိုကြီးသည် ကွမ်းတမြုံမြုံ ဝါးလိုက် ၊ ပစ်ခနဲ ထွေး လိုက်ဖြင့် အတော် ဟုတ်နေသည် ။ အလုပ်ကိစ္စတွေ စဉ်းစားနေဟန်တူ ပါသည် ။ ယဉ်ယဉ်မှာ တွေးစရာ မရှိသဖြင့် ရှေ့တံခါးပေါက်မှ တက်လာ သော ခရီးသည်များကို ငေးမောကြည့်မိသည် ။ ယဉ်ယဉ်နှင့် သိသူ တစ်ဦးမှ မပါ ။

မသိဆို ပဲခူးသည် ယဉ်ယဉ်မြို့မှ မဟုတ်ဘဲ ။ ယဉ်ယဉ်က ပျဉ်းမနားသူ ၊ အစ်ကိုကြီးက ပဲခူးသား ။ ရန်ကုန်နှင့် ပဲခူးမှာ မဝေးလှသေးသော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းထွက် ယဉ်ယဉ်သည် ပဲခူးသို့ ပထမဆုံး အကြိမ် ရောက်ဖူးခဲ့ခြင်း ဖြစ်သည် ။ အစ်ကိုကြီး၏ အလုပ်အကိုင်က ရန် ကုန်မှာသာ ရှိသည်မို့ ရန်ကုန်မှာ အနေများခဲ့သည် ။ ရန်ကုန်ဖြစ် ပြီးရော ၊ မြို့နယ်အစွန်အဖျား ချောင်းကမ်းနံဘေးတွင် တဲထိုးထားခြင်းမဟုတ် ၊ မြို့လယ်မှာ တိုက်ခန်းကျယ်ကြီးနှင့် အကျအန ထားသည် ။

တစ်သက်လုံး ပျဉ်ထောင်အိမ်နှင့် နေခဲ့ရသော ယဉ်ယဉ် သည် အစ်ကိုကြီးနှင့် ညားခါမှ တိုက်ခန်းကြီးနှင့် ဖြစ်လာသဖြင့် ပျော်ပါသလား ။ မပျော်ပိုက်ပါ ။ ယဉ်ယဉ် တစ်ယောက် လင်ရ ကံကောင်းသည်ဟု အများ ကတော့ ပြောကြသည် ။ အစ်ကိုကြီး အကြောင်း ခရေစေ့တွင်းကျ မသိသေး သမို့ ပြောခြင်းဖြစ်ပေမည် ။ သူ့မယား ဖြစ်သည့် ယဉ်ယဉ် ဆိုလျှင် သိသည်မှာ မကြာသေး ။ သည်တော့ ဖေဖေ ၊ မေမေနှင့် တကွ ဆွေမျိုး သားချင်းများ ၊ သူငယ်ချင်းများ မသိသည်မှာ မဆန်းပေ ။

တဖြည်းဖြည်းနှင့် ကားထဲတွင် လူပြည့်လာသည် ။ နှစ်ယောက် ထိုင်ခုံတန်းများ၏ အလယ်တွင် လူသွားလမ်း ရှိသည် ။ ထိုလမ်းပေါ်တွင်  “ ကြားခုံ ” ဟု ခေါ်သော ခွေးခြေများ ချထားသည် ။ အများအားဖြင့် ထိုကြားခုံများကို လက်မှတ်ကြိုတင်ဝယ်မထားမိ၍ နေရာ မရသော ခရီးသည်များ အတွက်သာ ဖြစ်၏ ။ ကားခပေးရသည့် တန်ဖိုးချင်း အတူတူ ကျောမှီ မပါသော ကြားခုံကို မည်သူ ထိုင်ချင်ပါမည်နည်း ။

သို့သော် ယဉ်ယဉ် ဘေးနားရှိ ကြားခုံမှ တစ်ပါး တစ်ကားလုံး နေရာပြည့်ပြီ ။ ညနေခြောက်နာရီ ထိုးပြီမို့ ကားလည်း စတင်ထွက်ခွာပြီ ။

••••• ••••• •••••

ယဉ်ယဉ် ခရီးသွားလျှင် ဘုရားတရားကို အာရုံပြုသည် ။ အန္တရာယ်ကင်းဂါထာ ရွတ်ဆိုသည် ။ ဟိုဘက်တွင် ရွှေသာလျောင်း ၊ ဟိုနားတွင် ရွှေမော်ဓော ၊ ဟိုရှေ့တွင် ဟင်္သာကုန်း စသည်ဖြင့် မျှော်မှန်း ရော်ရမ်းကာ စိတ်ထဲမှ ရှိခိုးကန်တော့သည် ။

ဘုရားတရားနှင့် ဝေးကွာလွန်းသော အစ်ကိုကြီးသည် ကားထွက်သည် နှင့် ငိုက်ပါပြီ ။ သူ့အဖို့ သည်ခရီး သည်လမ်းသည် အခေါက်ခေါက် အခါခါ သွားနေကျမို့ အလွန်ရိုးတာလှပြီ ။ ထို့ကြောင့် နောက်ဆုံးလက်ကျန် ကွမ်းဖတ်ကို ထွီခနဲ ထွေးကာ ပတ်ဝန်းကျင်ရှုခင်းကိုလည်း မကြည့်တော့ဘဲ ငိုက်မြည်းနေသည် ။ အစ်ကိုကြီး၏ စိတ်အာရုံထဲတွင် ဘုရား , တရား အစား ငွေကြေးအသပြာများ သာ ရှိနေပေမည် ။

ယဉ်ယဉ် တို့မှာ ယှဉ်တွဲနေရသော်ငြား တစ်ယောက်တစ်ကမ္ဘာစီ ဝေးကွာသည် ။ မြားနတ်မောင်သည် ဘာ့ကြောင့်များ အသွင်မတူသော ယဉ်ယဉ် တို့ကို တွဲစပ်ပေးသနည်း ။ မကြိုက်တိုင်း ပြင်လို့ မရသော အမှုကိစ္စတွင် မြားနတ်မောင်သည် ဘယ်အကြောင်းကြောင့် မဆင်မခြင် ပြုလေသနည်း ။ အချစ်ကို ပစ်ခါထားခဲ့သည့်အတွက် ယဉ်ယဉ့် ကို စိတ်ဆိုးပြီး မတော်မတည့် စီစဉ်ပေးလေသလား ။

ဟီးနိုးကားကြီးသည် မြို့ပြင်ကို လွန်၍ “ စာကလေးကွင်း ” သို့ ရောက်သောအခါ သိမ့်ခနဲ ရပ်သွားသဖြင့် ယဉ်ယဉ် အတွေးအာရုံတို့ အဆက်ပြ တ်ရသည် ။

ကားစပယ်ရာက လမ်းပေါ်မှ လူကို “ ရန်ကုန်လား ” ဟု လှမ်းမေးသည် ထိုသူက ခေါင်းညိတ်ပြသည် ။ တစ်ဆက်တည်း တက်လည်း တက်သည် ။ ယဉ်ယဉ် အနီးရှိ ကြားခုံကို ကားစပယ်ရာက လက်ညှိုးထိုးပြသည် ။ ထိုင်လေ ဆိုသောသဘော ။ တက်လာသူသည် ယဉ်ယဉ် နှင့် ကြားခုံကို ရောထွေး ကြည့်ပြီး စပယ်ရာကို ပြောသည် ။

“ မထိုင်တော့ပါဘူးဗျာ ၊ လမ်းလျှောက်တာနဲ့ စာရင် ကားစီးရတာပဲ တော်လွန်းလှပါပြီ ။ ကျွန်တော် ဒီအဝမှာပဲ ရပ်လိုက်ပါ့မယ် ”

“ ထိုင်စရာရှိ ထိုင်ပေါ့ ငါ့ညီရ ၊ မင်းက အပေါက်ဝမှာ ရပ်လိုက်လို့ မတော်တဆ လိမ့်ကျပြီး သေသွားရင် ဘယ်လိုလုပ်မလဲ ၊ ငါတို့မှာ ကြားထဲက အချောင်အလုပ်ပြုတ် ၊ ထောင်ကျမှာ ”

“ ဘာဗျ ... ထောင်ကျမှာ ဟုတ်လား ၊ သည်လိုဆိုလည်း ထိုင်ပါ့မယ်ဗျာ ” ဟု ပြောကာ ဝင်ထိုင်သည် ။

စနစ်တကျ သက်သောင့်သက်သာ ထိုင်ခြင်း မဟုတ်ပေ ။ ယဉ်ယဉ်ကို အားနာ၍ ထင်ပါသည် ။ ခပ်လွဲလွဲ တစောင်းကြီး ထိုင်သည် ။

သူသည် အသက်အစိတ် ပတ်ဝန်းကျင်တွင် ရှိပေမည် ။ သင့်တင့်သော အဝတ်အစားနှင့် ဖြစ်သည် ။ သူ့တွင် လွယ်အိတ်တစ်လုံးလည်း ပါသည် ။ သူ့လွယ်အိတ်ကို ပေါင်ကြားတွင် ညှပ်ထားသည် ။

သူသည် ကားရှေ့တံခါးပေါက်ကို မျက်နှာမူ၍ ကားလာရာနှင့် ကန့်လန့်အနေအထား ထိုင်သည် ။ ယဉ်ယဉ်တို့ မှာ ကားသွားရာဘက်ကို မျက်နှာမူ၍ ကားနှင့် အလိုက်သင့် အနေအထား ထိုင်သည် ။ ထို့ကြောင့် ယဉ်ယဉ် ရှေ့တည့်တည့်တွင် နီးကပ်စွာ ရှိနေသည့် သူ့ကို မကြည့်သော်လည်း မြင်နေရသည် ။

မတိုမရှည် သူ့ဆံပင်သည် ဆီနှင့် ဝေး၍ သွေ့ခြောက်သည် ။ အသားအရည်မှာ နေလောင်ခံ ထားရဟန်ရှိ၏ ။ ခြေဆံလက်ဆံရှည်၍ အရပ်မြင့်မားသူ တစ်ဦး ဖြစ်၏ ။

ထိုင်နေစဉ်မှာပင် သူ့ဒူးရှည်ကြီးသည် ယဉ်ယဉ် ကို လာလာ ထိတတ်သည် ။ ထိုအခါ သူသည် ဂရုပြုမိဟန်ဖြင့် ဖယ်ရှားရှာသည် ။

ကွင်းပြင်ကြီးမှ တစ်ပါး ဘာမျှ ထူးခြားစွာ ကြည့်စရာ မရှိသည့် ကားပြင်ပမြင်ကွင်းကြောင့် ခေါင်းလှည့် မကြည့်တော့ဘဲ ကားရှေသို့ မျက်နှာမူလိုက်တိုင်း ယဉ်ယဉ်၏ အမြင်အာရုံထဲသို့ သူ့ပုံလွှာသည် တိုက်ရိုက်ဝင်လာသည် ။

လေအတိုးတွင် သူ့နဖူးပေါ် အုပ်ဝဲကျနေသော ဆံပင်တို့ အထက် ထောင်ကာ လပ်သွားသည် ။ ဆံပင်အောက်ရှိ သူ့နဖူးပြင်မှ နဂိုအသား အရောင်ကိုမြင်တွေ့ရသည် ။ တော်တော်လေး ဖြူသည် ။ ပါး ၊ နှာခေါင်း စသော နေထိသော နေရာများမှ အရောင်အသွေးနှင့် တခြားစီ ။ “ သည်လူ ဘာလို့ သည်လောက်တောင် နေလောင်ထားပါလိမ့် ” ဟု မဆီမဆိုင် တွေးမိသည် ။

သူ၏ ထူသောမျက်ခုံး ၊ အတန်ငယ်ကျယ်ဝန်းသော မျက်စိအိမ် ၊ ယောက်ျားဖြစ်ပါလျက် ကော့ကွေးနေသော မျက်တောင် ၊ ပေါ်လွင်ဖြောင့်တန်းကာ အဖျားတွင် လုံးစုစုလေး ဖြစ်သွားသည့် နှာခေါင်း ၊ ပိရိပါလွှားသော နှုတ်ခမ်းအစုံ ၊ သွယ်သော မျက်နှာကျပုံအရ လူရည်မွန် လူရည်သန့်မှန်း အသွင်ကြည့်ရုံဖြင့် သိသာပေသည် ။

ပေါင်ပေါ်တွင် တင်ထားသည့် သူ့လက်ချောင်းများမှာ အနုပညာရှင် လက်မျိုး ရှည်ရှည်သွယ်သွယ်လေးတွေဖြစ်သည် ။

အမေးပုစ္ဆာ တစ်ခုသည် ယဉ်ယဉ့် ခေါင်းထဲ လက်ခနဲ ပေါ်လာသည် ။ “ အနုပညာသမားဟု ထင်ရသော လူရည်သန့်တစ်ဦးသည် အဘယ့်ကြောင့် နေလောင်ထားသော အသားအရေ ရှိပါသနည်း ” ။ ယဉ်ယဉ် ဉာဏ်မမီခဲ့ ။ တွေးလေ ဝေးလေပင် ။

တွေး၍ မရသောအခါ ရှေ့သို့ ကြည့်သလိုလို ဘာလိုလိုဖြင့် သူ့မျက်နှာကို မြင်သာပေါ်လွင်အောင် ကြည့်ပြန်သည် ။ ယဉ်ယဉ် ကြည့်သည်ကို သူမသိဟု ထင်၍လည်း စူးစူးရဲရဲ ကြည့်ခဲ့မိသည် ။

သူစိမ်း ယောက်ျားတစ်ဦးကို စေ့စေ့ကြည့်မိခြင်းသည် ယဉ်ယဉ် အဖို့ ပထမဆုံးအကြိမ်သာ ဖြစ်ကြောင်း ကျိန်ဆိုဝံ့ပါသည် ။

ဪ ... ကိုလူချောရယ် ၊ ရှင့်မျက်နှာဟာ တစ်ခါ ကြည့်ပြီးရင် နှစ်ခါ သုံးခါ ပြန်ကြည့်ချင်တဲ့ မျက်နှာမျိုးပါလားနော် ၊ ရှင့်မျက်နှာဟာ ပန်းချီ ကားကောင်း တစ်ချပ်လိုပဲ ဖွဲ့စည်းပုံမှန်တယ် ၊ အသွေးအရောင် မျှတတ ယ် ၊ ဟုတ်ပြီ ၊ ဟုတ်ပါပြီ ၊ တွေးလို့ ရပြီ ၊ ရှင်ဟာ ပန်းချီဆရာ ဖြစ်ရမယ် ၊ နေပူထဲမှာ အချိန်ကြာမြင့်စွာ ပန်းချီဆွဲခဲ့လို့ မျက်နှာနဲ့ လက်တွေမှာ နေလောင်ထားတာ ဖြစ်ရမယ် ။ အို .. ရှင်ရယ် ဘာလို့ များ နေပူထဲမှာ ပန်းချီဆွဲရတာလဲကွယ် ၊ ကျွန်မ ရှင့်ကို အနားမှာ ထီးမိုးပေးမယ်လေ ၊ ပြီး တော့ အရိပ်ထဲမှာ ၊ အခန်းထဲမှာ ဆွဲချင်ယင် ကျွန်မ ကိုယ်ဟန်ပြမယ်လေ ။

ဘုရား ... ဘုရား ၊ ယဉ်ယဉ်စိတ်တွေ ဘယ်အတိုင်းအတာထိ လွင့်မျောသွားပါလိမ့် ၊ ယဉ်ယဉ် အတွေးများ သူ့အာရုံအသိထဲ ဝင်သွားပြီလား  ၊ ယဉ်ယဉ်သည် လွတ်လွတ်လပ်လပ် တွေးရအောင် အပျိုလည်း မဟုတ် ၊ ဘေးနားတွင် အိပ်ငိုက်နေသော ကာမပိုင် လင်ယောက်ျားကြီး ရှိနေသည် ။

ယဉ်ယဉ်သည် လျှပ်ပေါ်လော်လည်သော မိန်းမ မဟုတ် ၊ ဘုရားတရားကြည်ညိုကိုင်းရှိုင်းသော မိန်းမ ။ ဆွေမျိုးအသိုက်အဝန်း ကြားတွင် ဗို င်းကောင်းကျောက်ဖိကလေးဟု သတင်းမွှေးသော ယဉ်ယဉ် က ဘာလို့ များ တိတ်တဆိတ် ဖောက်ပြန်မိပါလိမ့် ။

“ အို .... ရှင် ၊ ဒါတွေဟာ ရှင့်ကြောင့် ၊ ရှင့်အကြောင်းကို မတွေးဘူး ၊ ရှ င့်ကို မကြည့်ဘူး ၊ ကျွန်မဟာ ဣန္ဒြေရှင်မိန်းမပါ ၊ နာမည်ကိုက ယဉ်ယဉ်ပါတဲ့ ရှင် ၊ ယဉ်ကျေးတဲ့ သူလေးပါ ”

ပိုက်ဆံအိတ်ကို ဖွင့်ပြီး အတွင်းမှ စိပ်ပုတီးကို ထုတ်သည် ။ မျက်လုံးကို ဇွတ်မှတ်သည် ။ အနိစ္စ .... ပုတီးတစ်လုံး ၊ ဒုက္ခ ... ပုတီးတစ်လုံး ကျ ကျလာသည် ။

ဒုက္ခ ၊ ဒုက္ခ လွင့်မျောနေသောစိတ်ကို ဖမ်းချုပ်ရသည်မှာ သိပ်ခက်ပါလား ။

••••• ••••• •••••

“ ငါညီ ... ကားခ ”

သူသည် ဂိတ်မှ လက်မှတ်ဝယ်ပြီးစီးသူ မဟုတ်သောကြောင့် သူ့ထံမှ ကားခငွေကို စပယ်ရာက တောင်းသည် ။

ယဉ်ယဉ် လက်ချောင်းထိပ်တွင် လိမ့်လူးနေသော ပုတီးစေ့များ ရပ်တန့်သွားသည် ။ စကားသံသည် ယဉ်ယဉ့် မျက်လုံးကို ဆွဲဖွင့်သည် အကြည့်သည် သူ့အပေါ်သို့ ဒိုင်းခနဲကျလေပြီ ။

သူသည် အူကြောင်ကြောင် မျက်နှာပေးဖြင့် စပယ်ယာကို ကြည့်နေသည် ။ စပယ်ယာက သူ မကြားဘူး ထင်၍  “ ကားခ - ကားခ ” ဟု ပို၍ ခပ် ကျယ်ကျယ် ပြောသည် ။ သူသည် ယောင်တောင်တောင် လုပ်နေဆဲပင် ။ ထို့နောက် ယဉ်ယဉ့် ဘက်သို့ ရှက်ရွံ့စွာလှည့်ကြည့်ပြီး သူ့ လွယ်အိတ်ထဲ လက်နှိုက်သည် ။

လက်ထုတ်လိုက်သောအခါ ပိုက်ဆံအိတ် ထွက်လာမည်ဟု ယဉ်ယဉ် ထင်ထားသည်  ။ မဟုတ်ပေ ။ အင်္ဂလိပ်ဝတ္ထုစာအုပ်ထွက်လာသည် ။ ဪ ... စာအုပ် ဖွင့်လိုက်လျှင် စာအုပ်ကြားထဲမှ ပိုက်ဆံတွေတော့ ထွက်လာမှာပဲဟု ထင်လိုက်ပြန်သည် ။ မဟုတ်ပြန် ။ စာရွက်ခေါက်လေး တစ်ရွက် ပေါ်လာသည် ။ သူသည် ထိုစာရွက်ကို ဖြန့်၍ စပယ်ရာကို ပေးသည်  ။

“ ကိုယ့်လူ ၊ ဒါက ဘာစာရွက်လဲ ”

သူသည် ချက်ချင်း မဖြေ ။ ယဉ်ယဉ် ကို ရှက်ရွံ့စွာကြည့်သည် ။ သူနှင့် အနီးဆုံးမှာ ယဉ်ယဉ် သာ ရှိသည် ။ သည့်အပြင် မားမားမတ်မတ် လန်း လန်းဆန်းဆန်းနှင့် မျက်လုံးဖွင့်ထားသည်မှာ ယဉ်ယဉ် တစ်ဦးသာ ဖြစ် သည် ။ တစ်ကားလုံးရှိ လူအများစုမှာ ငိုက်မျဉ်းနေကြသူနှင့် ကားအပြင်ကို ငေးမောနေသူနှင့် ။

“ အဲဒါ အဲဒါ ..... ထောင်ထွက်လက်မှတ်ပါ ၊ ပိုက်ဆံ မပါ ၊ မပါ ”

“ ဘာ .... ထောင်ထွက်လက်မှတ် ဟုတ်လား ” ဟု ယဉ်ယဉ် နုတ်ဖျားမှ ထွက်လုထွက်ခင်တွင် သတိချွန်းဖြင့် အနိုင်နိုင် ထိန်းအုပ်လိုက်ရသည် ။

စပယ်ရာကြီးသည် စာနာသနားစွာဖြင့် “ ရပါတယ် ညီလေးရာ ၊ ရော့ - မင့်စာရွက် ” ဟု ဆိုကာ ပြန်ပေးသည် ။ သူ့မျက်နှာသည် ငုံ့လျှိုးလျက် ။

‘ ရှင်ရယ် .... ရှင့်ရုပ်ရည်နဲ့ ရှင့်နှုတ်ထွက်စကားဟာ ဆန့်ကျင်ဘက်တွေပါလား ၊ ကျွန်မ ရုတ်တရက် အိပ်ပျော်ပြီး အိပ်မက်မက်နေတာ မဟု တ်ပါဘူးနော် ၊ တကယ်တော့ ရှင်ဟာ အနုပညာသမားဖြစ်စေ ၊ ကျောင်းဆရာဖြစ်စေ ၊ အရာရှိငယ်တစ်ဦး ဖြစ်စေ ဖြစ်ရမှာပေါ့ရှင် ’

ယဉ်ယဉ့် အတွေးကို ဘယ်သူမှ မကြားမှန်း သိလျက်နှင့် နံဘေးမှ အစ်ကိုကြီးကို မလုံမလဲစိတ်ဖြင့် စောင်းငဲ့ကြည့်မိသည် ။ ယဉ်ယဉ် နှင့် ဘာမှ မဆိုင်သလို တစ်ဖက်သို့ ခေါင်းကြီး လိမ်ပြီး အိပ်စက်နေသည် ။

အစ်ကိုကြီး အေးဆေးစွာ အိပ်နေချိန်တွင် သူသည် ရှက်ရွံ့စွာ ထိုင်နေရသည် ။ ပြစ်ဒဏ်ကြွေးကို ချွေးဖြင့် ပေးဆပ်ပြီးပြီမို့ ရှက်ရွံ့နေစရာ မလိုတော့ပေ ။ ယဉ်ယဉ် အစ်ကိုကြီးသာ တထိတ်ထိတ် နေရမည့်သူ ဖြစ်ပေသည် ။

ယဉ်ယဉ့် စိတ်သည် အတိတ်သို့ လွင့်သွားပြန်သည် ။

••••• ••••• ••••• 

နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးသောအခါ ပျဉ်းမနား သို့ ပြန်လာခဲ့သည် ။ စာမေးပွဲတွင်း၌ အိပ်ရေးပျက်ခဲ့သမျှ အဆောင်တွင် ဟင်းကောင်း မစားခဲ့ရသမျှ အိမ်ရောက်မှ အတိုးချကာ စာရင်း အိပ်ရင်းဖြင့် ပျော်ရွှင်နေမိသည် ။ တစ်ပတ်ခန့် ယဉ်ယဉ် ကို လွှတ်ထားပြီးနောက် မေမေသည် ယဉ်ယဉ် အိမ်ထောင်ပြုရေးကို ပြောလေသည် ။

“ ယဉ်ယဉ် အခုဆို ကျောင်းပြီးပြီနော် ၊ ကျောင်းမှာ ချစ်သူတွေ ဘာတွေ ရှိခဲ့ပြီလားကွယ် ။ ရှက်မနေနဲ့နော် ၊ မေမေ့ကို အမှန်အတိုင်း ပြောပါကွယ် ။ ရှိခဲ့ရင် မေမေတို့ စုံစမ်းပြီး သင့်တော်ရင် လက်ထပ်ပေးမယ် ”

“ ချစ်သူလည်း မရှိဘူး ၊ အိမ်ထောင်လည်း မပြုချင်သေးဘူး မေမေ ”

“ မေမေပြောမယ့် စကားကို လေးလေးနက်နက် စဉ်းစားပါ ယဉ်ယဉ် ၊ မေမေတို့ အိမ်ရဲ့ စီးပွားရေးကို သမီး သိပါတယ်နော် ။ မေမေတို့ ဟန်သာ ရှိတယ် အဆံ မရှိတော့ဘူး ။ ယဉ်ယဉ်အဖေက ဆယ့်နှစ်ရာသီလုံးလုံး လူမမာကြီး ဖြစ်နေပြီ ။ မေမေ့လို အဘွားကြီးဟာ ပြေးလွှားပြီး စီးပွားမရှာနို င်တော့ဘူးကွယ် ။ မေမေတို့ စားစရိတ်တွေ ၊ ယဉ်ယဉ်နဲ့ မောင်လေးတွေ ရဲ့ ကျောင်းစရိတ်အတွက် ချေးခဲ့ ငှားခဲ့ရတာတွေ ၊ ဒီအိမ်နဲ့ မြေကို ရောင်းရတော့မယ့် အခြေထိ ရှိနေပြီ ။ ကျန်တဲ့ မောင်နှမ ငါးယောက်ရဲ့ ရှေ့ဆက်ရမယ့် ပညာရေးကလည်း ရှိသေးတာမို့ ၊ အင်း ... တိုတို ပြောရရင် ယဉ်ယဉ်ကို ဦးမြင့်နိုင် က လက်ထပ်ချင်တယ်တဲ့ကွယ် ”

“ ဟို ဟို ယဉ်ယဉ်တို့ အိမ်ကို ကြံသကာ လာလာဝယ်တဲ့ လူကြီးလား ”

“ ဟုတ်တယ် ယဉ်ယဉ် ၊ ချစ်သူရည်းစား မရှိသေးရင် မငြင်းစေချင်ဘူး ။ ဦးမြင့်နိုင်ဟာ လူပျိုလူလွတ်ပါကွယ် ။ သဘောသကာယလည်း ကောင်းရှာပါတယ် ”

နူးညံ့ညင်သာသော မေမေ့စကားသံသည် ပိုးကြိုးပျော့ပျော့လေးနှင့် တူပါသည် ။ သို့သော် ယဉ်ယဉ်ကို ရစ်ပတ်ထားသည်မှာ ရုန်း၍ လှုပ်၍ မရအောင် ခိုင်ခံ့တင်းကျပ်လှပါသည် ။ သမီးကြီးယဉ်ယဉ် အစတေးခံလို က်ရပါသည် ။

ယဉ်ယဉ် တစ်ယောက် ရန်ကုန်က သူဌေးတစ်ဦးနဲ့ ရသွားလေရဲ့ ဟု ဝမ်းသာအားရ ပြောကြသည် ။

ရောင်းချရတော့မည့် ယဉ်ယဉ်၏ ပျဉ်ထောင်အိမ်အိုကြီးသည် နုပျိုသစ်လွင်သော သိန်းကျော်တန် တိုက်ကြီးဘဝရောက်ရသည် ။ ယဉ်ယဉ် မှ လွဲ၍ မိသားတစ်စုလုံး ( ဆွေမျိုးများပင် ပါမည် ထင်ရဲ့ ) ပြုံးပျော်ကြလို့ ။

လက်ထပ်ပြီးပြီးချင်း ယဉ်ယဉ် ကို ရန်ကုန်ခေါ်သွားသည် ။ နဂိုကမူ ယဉ်ယဉ်သည် အစ်ကိုကြီးကို ရိုးရိုးကုန်သည်ပွဲစားဟု ထင်ခဲ့သည်  ။ ရှေ့ပိုင်းမှ ကြံသကာ ၊ ငရုတ် ၊ ကြက်သွန် ပွဲရုံလုပ်ငန်းမှာ ဟန်ပြသာ ဖြစ်၍ နောက်ပိုင်းမှာ လောင်းကစားဝိုင်းနှင့် အရက်ပုန်းချက်ခြင်းသည် အဓိက စီးပွားရေးဖြစ်ကြောင်း အမှတ်မထင် ( မတော်တဆ ) သိခဲ့ရသည် ။ငွေကြေးကိုင်ကာ ပိရိစွာ လုပ်ကိုင်နေသဖြင့် သိသူ အလွန်ရှားပါးသည် ။ ယဉ်ယဉ် သိသည်ပင် ဘာမှ မကြာသေး ။

သိတော့ တိုး၍ တိုး၍ ယဉ်ယဉ် စိတ်ညစ်ရသည် ။

••••• ••••• •••••

ဪ ... ထိုသို့သော သူမျိုးမှာ အပူအပင် ကင်းရှင်းစွာ အိပ်နေနိုင်သည် ။ ကိုလူချောမှာ သူ့ရုပ်ရည်နှင့် မလိုက်ဖက်အောင် ဘာလို့ ဒုစရိုက်သမား ဖြစ်ခဲ့ရသနည်း ။ သူသည် စာရိတ္တပျက်ပြား၍ ၊ ရက်စက်ကြမ်းကြုတ်၍ ပြစ်ဒဏ်ကျခံရခြင်း ဟုတ်ချင်မှ ဟုတ်မည် ။ မဟုတ်မခံစိတ်ဖြင့် ဒေါသအလျောက် ရုတ်တရက် ပြုမှားမိသောကြောင့် ထောင်ကျခဲ့ရတာ ထင်ရဲ့ ဟု သူ့ဘက်မှ လိုက်၍ ယဉ်ယဉ် ဖေးဖေးမမ တွေးလိုက်သည် ။

သူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပုံရပါသည် ။ ယခုထိ ယဉ်ယဉ် ကို သေသေချာချာ မကြည့်သေးဘူး ။ သာမန်မျှသာ ကြည့်သွားဖူးသည် ။ မိန်းမတစ်ယောက်ကို ငွေကြေး ၊ အဝတ်အထည် ၊ အလှပြင်ပစ္စည်းများ စုပုံပေးခြင်းဖြင့် ယောက်ျားတစ်ယောက် တာဝန် ကျေပြီ ။ ချစ်ရာရောက်သည်ဟု ထင်မှတ်နေဟန်ရှိသော အစ်ကိုကြီး၏ ဗုံးပေါလအော ဝယ်ပေးထားမှုကြောင့် ယဉ်ယဉ်မှာ အပျိုဘဝကထက် ဝတ်တတ်စား တတ်နေပြီ ။ ဆံပင်တွေ ဟိုက ဖြတ် သည်က ညှပ် ၊ မျက်နှာကို ဟိုဟာတွေ လိမ်း သည်ဟာတွေ ခြယ်ဖြင့် ကြွေရုပ်လေးလို လှပနေပြီ ။ သည် အလှကို သူသည် သတိပြုမိဟန်ကောင်းပါသည် ။

ယဉ်ယဉ်ကို မကြည့်သည် သာမက ထိမိမှာ စိုး၍ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်နေသော သူ့ကို သနားလာသည် ။

“ ရှင် သက်သာသလို နေပါ ၊ ကားနဲ့ လူနဲ့ အပြည့်ဆိုတော့ ပခုံးချင်း လက်မောင်းချင်း ပေါင်ချင်း ထိမိမှာပေါ့ ၊ ထိပါစေလေ ၊ ခရီးသွားစဉ်မှာ ဒီ လိုပေါ့ ” ဟု ယဉ်ယဉ် ပြောလိုက်ချင်သည် ။

မိန်းမသားက ဖွင့်ပြောလို့ ဖြစ်ပါ့မလား ၊ သူ သိဖို့ ကောင်းသည် ။

အင်းတကော် ရောက်သောအခါ ကားခေတ္တရပ်သည် ။ တံခါးဝအနီးရှိသူသည် အလျင် ဆင်းသည် ။ လှုပ်ရှားသံ ၊ ဆူညံသံများကြောင့် အစ်ကိုကြီး ခေါင်းထောင်လာသည် ။

“ ယဉ်ယဉ် ၊ ကျန်းမာရေးအတွက် အောက်မဆင်းတော့ဘူးလား ၊ အစ်ကိုကြီးတော့ ကွမ်းယာ ဝယ်လိုက်ဦးမယ် ”

အစ်ကိုကြီးနှင့်အတူ ယဉ်ယဉ်လည်း အောက်ဆင်းသည် ။ ထိုအခါ လမ်းတစ်ဖက်ရှိ ရေအိုးစင်သို့ ဦးတည်သွားနေသော သူ့ကို ယဉ်ယဉ် မြင် သည် ။ ပိုက်ဆံ မပါသော သူ့အတွက် စားစရာ ဝယ်ရန် သတိရလိုက်သည် ။

ကျန်းမာရေးအတွက် ဆောင်ရွက်ပြီးသောအခါ လက်ဖက်ရည်ဆိုင် ထဲမှ ကိတ်မုန့်အချပ်များ ဝယ်၍ စက္ကူဖြင့် ထုတ်ယူလာခဲ့သည် ။

“ အစ်ကိုကြီး ၊ စားဦးမလား ”

အစ်ကိုကြီးသည် မေးကို အပေါ်မြှင့်ပြီး ကွမ်းငုံထားသော နှုတ်ခမ်းကြီးကို ထော်၍ ဟင့်အင်း ဟု အသံပြုကာ ခေါင်းယမ်းပြသည် ။ သဘောမှာ ကွမ်းစားထားလို့ မစားတော့ဘူးဟု ပြောခြင်းဖြစ်သည် ။

ကားသည် ခဏရပ်နားပြီး ဆက်လက် ထွက်လာသည် ။ အစ်ကိုကြီး မလစ်သေးသဖြင့် ယဉ်ယဉ်မှာ သူ့ကို မုန့်အပေးရ ခက်နေသည် ။ မုန့်များကို အလကား ကိုင်ထားလျှင် မကောင်းတတ် သဖြင့် တို့တိတို့တိ ဖဲ့ကာ စားနေရသည် ။

ပိုက်ဆံ မပါသော လူတစ်ယောက်အတွက် စားစရာ ဒါနပြုခြင်းသည် ကုသိုလ်ကောင်းမှု တစ်ခု ဖြစ်သည် ။ သို့သော် ယဉ်ယဉ်ခင်ပွန်း ရှေ့တွင် ကုသိုလ်ပြုခြင်းကို မဆောင်ရွက်ရဲဘဲ အိပ်ငိုက်မည့် အချိန်ကို ရင်တထိ တ်ထိတ်ဖြင့် ဘာကြောင့် စောင့်စားနေမိသနည်း ။ မိန်းမ ဖြစ်ရသည်မှာ မလွယ်ပါလား ။

မကြာမီကာလတွင် အစ်ကိုကြီးသည် ကွမ်းဖတ်များကို ထွေးထုတ်ပြီး ၊ အိပ်ငိုက်စ ပြုပြီ ။ ယဉ်ယဉ် သူ့ကို ကြည့်သည် ။ အစ်ကိုကြီးကို ပြန်ကြည့်သည် ။ ဇက်ကျိုးကျကာ အစ်ကိုကြီး၏ ခေါင်းမှာ ယိမ်းထိုးနေသည် ။

“ ဒီမှာ မုန့်စားပါလား ”

ဘာတွေ တွေးနေသည် မသိ ၊ သူ မကြားပေ ။ ထို့ကြောင့် အရဲစွန့်ပြီး လက်ဖျားလေးဖြင့် သူ့ကို တို့ပြီး ပြောလိုက်သည်  ။

“ ဒီမှာ ဒီမှာ ရှင့် ၊ မုန့်စားပါလို့ ”

“ ဪ ... ကျွန်တော့် ပြောတာလား ၊ တော်ပါပြီဗျာ ၊ မဆာပါဘူး ”

သူကသာ မဆာဘူး ပြောနေတယ် ။ သူ့အစာအိမ်အတွင်းမှ လေများနှင့် ( စောစောက သောက်ခဲ့သော ) ရေတို့ ပြေးလွှားဆော့ကစား၍ ( အလိုက်ကန်းဆိုး မသိသော ) သူ့ဗိုက်သည် ဂွီခနဲ မြည်သံ ထွက်လာသည် ။ ထို အသံကို ယဉ်ယဉ် ကြားသည် ။ ယဉ်ယဉ် ကြားမှန်းလည်း သူသိသည် ။ သူ ရှက်နေသည် ။

“ ရော့ ယူပါရှင် ”

ဗိုက်ထဲက တဂွီဂွီမြည်အောင် ဆာလောင်နေသူသည် ခေါင်းယမ်းပြနေသည် ။

မုန့်ထုပ်ကြီး တစ်ခုလုံးကို သူ့လွယ်အိတ်ပေါ် တင်ပေးလိုက်သည် ။ သည်လိုတော့လည်း သူ မငြင်း ။ ယူသည် ။ ကျေးဇူးတင်ဟန်ဖြင့် မျက်လုံး ဝင့်ကြည့်သည် ။

မုန့်ကို အငမ်းမရ မစားချေ ။ သွားနှင့် အသာအယာ ကိုက်ပြီး နှုတ်ခမ်းစေ့ကာ ဝါးသည် ။ အမှုန့်များ မကျစေရန် မေးအောက်တွင် လက်ဝါးခံ၍ စားသည် ။ တစ်ချပ်ပြီး တစ်ချပ် ကုန်အောင်စားသဖြင့် ယဉ်ယဉ် ကျေနပ်သည် ။

“ သိုင်းကျူး ”

သူ ဗိုလ်လိုမှုတ်သည် ။

သူသည် ထိုစကားတစ်လုံးမှ လွဲ၍ ဘာမှ မပြောတော့ပေ ။ ယဉ်ယဉ် ကလည်း သူ့ကို စကားတွေ အများကြီး ပြောစေချင်သည် ။ မေးခွန်းတွေ အများကြီးလည်း မေးချင်သည် ။ နာမည် ဘယ်လို ခေါ်သလဲ ။ ဘာလုပ်သလဲ ။ ပညာအရည်ချင်း ဘယ်လောက်လဲ ။ ဘာကြောင့် ထောင်ကျသလဲ ။ အခုဘယ်က လာပြီး ဘယ်ကို သွားမှာလဲ ။ အို - သူနှင့် ပတ်သက်သော စကားတိုင်းကို စိတ်ဝင်စားသည် ။

‘ ရှင်ရယ် .... ကိုတေမိရယ် ၊ စကားနည်း ရန်စဲ ဆိုတဲ့ စကားပုံတစ်ခု ကြားဖူးပါတယ် ။ ရှင့်မှာ ထောင်ကျဖို့ ဘာလို့များ ရန်များ ခဲ့ရတာလဲ ။ မတွေးတတ်အောင်ပါပဲရှင် ။ ကျွန်မလို မိန်းမချောနဲ့ စကားလက်ဆုံ မကျချင်ဘူးလား ။ များများ မပြောရရင် နေပါစေ ။ ကျွန်မတို့ နာမည် လေးတွေနဲ့ လိပ်စာလေးတွေ ပြောရအောင်နော် ’

ယဉ်ယဉ် မျက်လုံးအကြည့်ကို သံစဉ်များ အဖြစ် သူ ပြန်လည်သရုပ် ဖော်တတ်လျှင် ထိုအတိုင်း ကြားရမည် ။

သူက ဘာသာပြန်အနက် မဖွင့်တတ်တော့လည်း အခက်သား ။

••••• ••••• •••••  

ကားသည် ရန်ကုန်နယ်နိမိတ်ထဲ ဝင်လာသည် ။ ခရီးသည် အချို့သည် နီးစပ်ရာတွင် ဆင်းကြသည် ။ သူများတွေ ဆင်းတိုင်း အပေါက်ဝရှိ ကြားခုံတွင် ထိုင်ရသော သူ့မှာ ဖယ်ပေးနေရသည် ။ သူ မဆင်းသေးသရွေ့ သူ့ကို ယဉ်ယဉ် မြင်နေရသည် ။ စိတ်ချမ်းသာသည် ။ ဖြစ်နိုင်လျှင် သူ ကွယ်ပျောက် မသွားစေချင် ။

သို့သော် တစ်ချိန်ချိန်တွင် သူ ဆင်းမည် ။ သူ သွားမည် ။ ဘယ်သွားမှာလဲ ၊ ဘယ်မှာလဲ ငွေကြေး ။

ငွေ ... ငွေ ။ သူ့ကို ပိုက်ဆံနည်းနည်း ပေးလျှင် ကောင်းမည် ။ သူ လိုရာ သုံးပါ ၊ သူဝယ်စားချင်တာ ဝယ်စားပါ ။

သူ့ကို မည်သို့ ပေးမည်နည်း ။ ယောက်ျားချင်းသာ ဆိုလျှင် ‘ ရော့ဗျာ ... ခင်ဗျားမှာလည်း ဒုက္ခ ရောက်လာတာ ဆိုတော့ သည်ငွေကို လမ်းစရိတ်အဖြစ် ယူသွားပါ ’ ဟု ပြောလိုက်လျှင် ဖြစ်သည် ။ ယောက်ျားနှင့် မိန်း မ ဆိုသည့် အတားအဆီးကြောင့် ဤသို့ ပေး၍ မဖြစ် ။ ငွေ ပေးလိုက် ၊ မုန့်ကျွေးလိုက် လုပ်နေသဖြင့် သူသည် ယဉ်ယဉ့် ကို ဘယ်လို မိန်းမစားမျိုး အဖြစ် မြင်မည်နည်း ။

ယဉ်ယဉ်က စိတ်ထဲမှသာ တပ်မက်ခြင်း ဖြစ်ချင်ဖြစ်မည် ။ ယဉ်ယဉ် အပြုအမူကြောင့် မိန်းမဣန္ဒြေကို အပွန်းအပဲ့ မခံနိုင်ပေ ။ ယဉ်ယဉ်သည် မိန်းမဉာဏ်ကို ပါးပါးလွှာ၍ သုံးသည် ။

ပိုက်ဆံအိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်သလို ပြု၍ နှစ်ရာတန် တစ်ရွက်ကို လက်ကိုင်ပဝါနှင့် ရောနှောယူပြီး ငွေကို အောက်သို့ ကျစေသည် ။ လိုသလိုပင် သူ့ခြေထောက်နား ကျသည် ။ သူ မမြင်သေးပေ ။ မြန်မြန်မြ င်ပါစေ ။

လေတိုး၍ ပိုက်ဆံက သူ့ခြေထောက်ကို တဖျပ်ဖျပ် ရိုက်ခတ်သောအခါ သူ ငုံ့ကြည့်သည် ။ ကောက်ယူလိုက်သည် ။ မမြင်ဟန်ဆောင်၍ ယဉ်ယဉ် တစ်ဘက်သို့ လှည့်နေသည် ။

“ ဒီမယ်ခင်ဗျာ ၊ ဒါဟာ ခင်ဗျားပိုက်ဆံလား ”

“ ဟင့်အင်း ... ကျွန်မဟာ မဟုတ်ဘူး ၊ ရှင်တွေ့တာ ရှင်ယူပေါ့ ”

“ ကျွန်တော့်ဟာ မဟုတ်ဘူးဗျ ၊ ဟိုကားစပယ်ယာကြီး ကျနေသလား ။ ဗျို့ ဆရာကြီး ဒီပိုက်ဆံ ခင်ဗျားဟာလား ”

စပယ်ယာကြီးသည် ဇဝေဇဝါဖြစ်ကာ သူ့ပိုက်ဆံများကို ထုတ်၍ ရေတွက်သည်  ။ ကိုလူချော ကြည့်ရသည်မှာ ယူမည့်ပုံ မပေါ် ။ ဟိုလူ့မေး သ ည်လူ့မေးနှင့် မဆိုင်သူ လက်ထဲ နှစ်ရာတန်ကြီး ရောက်သွားနိုင်သည် ။ အခြားသူတစ်ဦးဦး အချောင်ရယူသွားမည်ကို ယဉ်ယဉ် မလိုလား ။ သူ မယူသည့် ယဉ်ယဉ့် ငွေကို ယဉ်ယဉ် ပြန်ယူရမည် ။

“ ဪ ... ဒီမှာ ဒီမှာ ကျွန်မပိုက်ဆံပါ ။ ခုနလက်ကိုင်ပဝါ ထုတ်တုန်းက ကျသွားတယ်ထင်တယ် ၊ ကျေးဇူးပါပဲရှင် ”

နှစ်ရာတန် လှမ်းပေးသည့် သူ့လက်မှာ တည်ငြိမ်နေသော်လည်း လှမ်းယူသည့် ယဉ်ယဉ် လက်မှာ တဖျပ်ဖျပ် တုန်ခါနေသည် ။

ရင်တွင်းခံစားမှုနှင့် လက်တို့သည် တိုက်ရိုက်ဆက်သွယ်မှုရှိပါသလား ။

••••• ••••• •••••

ကားသည် ဆင်းလိုသူများကို ချ၍ လာရာ ရှစ်မိုင် ခြောက်မိုင်ခွဲ တို့ကို ကျော်လွန်ပြီ ။ အင်လျားကို ဖြတ်တိုက်လာသော ညဉ့်လေညင်းသည် ကားထဲသို့ အလုအယက် တိုးဝင်လာသည် ။ တက္ကသိုလ်ဝန်းကျင်ကို ရောက်ပြီ ။ ယုဒသန်ရိပ်သာရှေ့ မှတ်တိုင်တွင် ကားရပ်သည် ။

မပြောမဆို သူ ဆင်းသွားသည် ။ သူ အောက်ရောက်မှပင် သူဆင်းသွားသည်ကို ယဉ်ယဉ် သိရသည် ။ ယဉ်ယဉ်ကို တစ်ချက်ကလေးမှပင် ကြည့်မသွား ။ ညအမှောင်ထုထဲသို့ လွယ်အိတ်လွယ်၍ တိုးဝင်ပျောက်ကွယ်သွားသည့် သူ့ကို နှမြောတသစွာ ငေးမောနေမိသည် ။

အော်ခေါ်လိုက်လျှင် ကောင်းမလား ၊ ပြေးဆင်းလိုက်သွားရ ကောင်းမလား ။

“ ရှင်ရယ် .... ရှင် ဘယ်သွားမှာလဲ ၊ ကျွန်မကို မခေါ်နိုင်တော့ဘူးလားဟင် ။ ကျွန်မလည်း ရှင်နဲ့ ဘဝတူ ထောင်ကျတစ်ဦးပါပဲရှင် ၊ ဒါပေမဲ့ ရှင့်မှာ လျှော့ရက်တွေ ရှိတယ် ။ လွတ်ရက်လည်း ရှိတယ် ။ ကျွန်မမှာ လျှော့ရက်မရှိဘူး ၊ လွတ်ရက်လည်း မမြင်ဘူး ။ ပြီးတော့ ကျွန်မလေ ဘာပြစ်မှုမှလည်း မကျုးလွန်ပါဘူး ။ ကျွန်မကို စာနာပါရှင် ။ ကျွန်မကို သနားပါရှင် ။ ကျွန်မကို ကယ်မပါရှင် ။ အို - ရှင့်မှာလည်း ရှင့်ဒုက္ခနဲ့ ရှင့်အပူနဲ့ ဆိုတော့ ကျွန်မကို ဘယ်လိုလုပ်ပြီး ကယ်မမှာလဲ ။ ကျွန်မကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလားရှင် လူသားတွေ မစွမ်းဆောင်နိုင်တော့ဘူးလား ”

ဘုရား ... ဘုရား ၊ ဟီးနိုးကားရှေ့ပိုင်း ကားမောင်းသူ ခေါင်းပေါ်တည့်တည့်တွင် ဘုရား ရုပ်ပွားတော်ပုံကို ဆွဲချိတ်ထားသည် ။ ယဉ်ယဉ် မျက်နက်ဝန်းကို အထက်သို့ရွေ့လျားလိုက်စဉ် အမှတ်မထင် တွေ့မြင်မိသည် ။ တစ်လမ်းလုံး ယဉ်ယဉ် သတိမထားမိ ။ ယဉ်ယဉ် အမြင်အာရုံများကို ဘာတွေက ဖုံးကွယ်ခဲ့သနည်း ။ ယဉ်ယဉ် အဖြစ်အပျက် အစအဆုံးကို ဘုရားသခင် သိမြင်တော်မူပေမည် ။ ယဉ်ယဉ် ရှက်ကြောက်ခြင်းကို တစ်ပြိုင်နက် ခံစားလိုက်ရသည် ။

“ ဘုရားသခင် ၊ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား ၊ ကိုယ်တော်ရှင် သာလျှင် တပည့်တော်မကို ကယ်မတော်မူနိုင်မည်ဟု ယုံကြည်ပါသည် ဘုရား ၊ တပည့်တော်မသည် သမ္မာဝါစာ ကို ဆိုပါမည် ၊ သမ္မာအာဇီဝ အမှု ကို ပြုပါမည် ၊ သမ္မာ သတိ ထားပါမည် ၊ သမ္မာ သမာဓိ ကို စောင့်ထိန်းပါမည် ဘုရား ၊ တပည့်တော်မကို ကယ်မတော်မူပါဘုရား ”

ဘုရားရှင်ကို လက်အုပ်ချီ၍ တောင်းပန် အားကိုးမိသည် ။ ဘုရားပုံတော်က စကားမပြောသော်လည်း ဘုရားစကားကို ယဉ်ယဉ် နားထဲ ကြားယောင်လာသည် ။

“ သဗ္ဗေ သတ္တာ ကမ္မသကာ ”

ဟုတ်မှန်သည် ။ သဗ္ဗေ သတ္တာ ကမ္မသကာပါပဲ ။

ဘယ်ဆီဘယ်ဝယ်သို့ ဘယ်အခြေအနေဖြင့် ထွက်သွားမှန်း မသိသော သူ့အပေါ်တွင် တွယ်တာစိတ် ၊ တမ်းတစိတ် ထားနေလျှင် အကျိုးရှိ ပါမည်လော ။

ပြန်လည် မရနိုင်တော့သော အခြေအနေနှင့် မရောက်သေးသည့် အခြေအနေများကို တမ်းတမောလျခြင်းဖြင့် ရေပွက်ပမာ ခဏတာ နေရမည့် တိုတောင်းလှသော လူ့ဘဝချိန်တာကို အကျိုးမဲ့ ကုန်ဆုံးခြင်းသည် သင့်တော်ပါသလော ။

သမ္မာအာဇီဝ မဟုတ်သော အသက်မွေးမှုဖြင့် ကြီးပွားချမ်းသာနေသော အစ်ကိုကြီး အတွက် မကောင်းမှုကို ဖုံးကွယ်ရန် ဆိတ်ကွယ်ရာသည် ထာဝရ ရှိနေမည်လေ ၊ ရှိမည် မဟုတ် ။ သံသရာ တကွေ့ကွေ့တွင် မိမိပြုသော ကောင်းကျိုး မကောင်းကျိုး အလျောက် ခံစား စံစားရမည် မလွဲဧကန် ။

ထိုသို့ဖြင့် ယဉ်ယဉ်သည် ကိုယ့်ကိုယ်ကို ဆုံးမသည် ။ တင်းကျပ်နေသော စိတ်များကို ဖြေလျော့သည် ။ သူ့အပေါ် မျှော်မှန်း တမ်းတစိတ်ကို ချိုးနှိမ်သည် ။

ဟီးနိုးကားကြီး ဆက်လက်ထွက်ခွာလာသည် ။ အသံလွှင့်ရုံမှ မီးဖွေးဖွေးကို မြင်တွေ့ရသည် ။ မကြာမီ ဟံသာဝတီအဝိုင်းကို ရောက်တော့မည် ။ ဪ .... ဟိုနားမှာ ကြံတောပါလား ၊ သင်္ချိုင်းပါလားဟု အမှောင်ထု ထဲသို့ ရော်ရမ်းကြည့်သည် ။ ယဉ်ယဉ် ကျောထဲမှ စိမ့်ခနဲ ဖြစ်သွားသည် ။ ကြက်သီးမွေးညင်းများပင် ထောင်ထသည် ။ သင်္ချိုင်းကို ကြောက်ခြင်း မဟုတ် ၊ မိမိ ကိုယ်ကို ကြောက်လန့်မိခြင်း ဖြစ်သည် ။

ယဉ်ယဉ်သည် ပိုက်ဆံအိတ်ထဲမှ စိပ်ပုတီးကို ဒုတိယအကြိမ်မြောက် ဆွဲထုတ်သည် ။ ယဉ်ယဉ်၏ လက်ညှိုးနှင့် လက်မ ကြားတွင် ပုတီးစေ့များကို ဝေ့ဝိုက်လိမ့်လျောစေသည် ။

တစ်ဖက်မှ ပုတီးစေ့များ တက်လာစဉ် တစ်ဖက်တွင် ကျဆင်းနေသည် ။ ရှေ့တက်နေသော ပုတီးစေ့များသည် စောစောက လျှောကျခဲ့သော ပုတီးစေ့များပင် ဖြစ်သည် ။

ဗျာပါရ အမောတွေ လှိုက်ဆူ နေခဲ့သော ယဉ်ယဉ်၏ စိတ်နှလုံးတို့သည် အေးငြိမ်းချမ်းသာမှုကို တဖြည်းဖြည်း ရရှိလာပြီ ။

▢  ကိုရိုးကွန့်
📖 စန္ဒာ မဂ္ဂဇင်း
      ၁၉၈၅ ၊ ဇန်နဝါရီလ

Friday, June 27, 2025

သူဇာလေလား


 

❝ သူဇာလေလား ❞
      ( ကိုရိုးကွန့် )

ကိုယ့် အဖေသည် အစိုးရအမှုထမ်း ဖြစ်သဖြင့် ဟိုမြို့ သည်မြို့ ပြောင်းရွှေ့နေရသည် ။

မုံရွာ မှ မန္တလေး သို့ ပြောင်းရွှေ့လာရသောအခါ အောင်တော်မူရပ်ကွက်ထဲတွင် အိမ်ငှား၍ နေထိုင်ကြသည် ။ နံကပ် နှစ်ထပ်အိမ်ဖြစ်၍ အပေါ်ထပ်တွင် အိမ်ရှင် အဘိုးကြီး အဘွားကြီး နေသည် ။ ကိုယ်တို့ မိသားစုသည် အောက်ထပ်တွင် နေသည် ။ ကိုယ်တို့ ဝင်းခြံ ထဲတွင် မြေစိုက် အိမ်ငယ် တစ်လုံး ရှိသေးသည် ။ အိမ်မကြီး၏ မီးဖိုဆောင် အဖြစ် ရှေး ယခင်က အသုံးပြုခဲ့ဟန် ရှိသည် ။ ယခုမူ ထိုအိမ်လေးတွင် သူဇာ တို့ မိသားစု ငှားရမ်းနေထိုင်သည် ။

အိမ်လေးမှာ သေးငယ်သဖြင့် ခုတင်နှစ်လုံးသာ ဝင်ဆန့်သည် ။ ထို ကျဉ်းကျဉ်းထဲတွင် သူဇာ တို့ မိသားစု ငါးဦးသည် ပြွတ်သိပ်စွာနေကြသည် ။

ကိုယ့် ကို ကျောင်းအပ်သောအခါ အနီးအနား ရှိ အမှတ် ( ၅ ) အစိုးရအထက်တန်းကျောင်းတွင် အပ်သည် ။ သူဇာ သည် လည်း အမှတ် ( ၅ ) အထက တွင် နေသောကြောင့် ကျောင်းစတက်သော နေ့မှ စ၍ ကျောင်းသားဟောင်း သူဇာ ကို ကိုယ် အားကိုးရသည် ။

ကိုယ်တို့ ကျောင်းတွင် ကျောင်းသားများ ၏ ပညာအရည်အချင်း အလိုက် အတန်းခွဲများ ထားသည် ။ ( က ) အတန်းခွဲ တွင် ပညာတော်သော ကျောင်းသားများ ထားသည် ။ ( ခ ) အတန်းခွဲတွင် ပညာအသင့်အတင့် တော်သော ကျောင်းသားများ ထားသည် ။ ( ဂ ) အတန်းခွဲ နှင့် ( ဃ ) အတန်းခွဲတွင် ညံ့သောကျောင်းသားများ နှင့် ကျောင်းသားသစ်များ ထား ည် ။

စာညံ့သော သူဇာ နှင့် ကျောင်းသားသစ် ဖြစ်သော ကိုယ် သည် ပဉ္စမတန်း ( ဃ ) တစ်ခုတည်းသို့ လာ၍ ကျသည် ။

••••• ••••• •••••

အတန်းထဲတွင် မိန်းကလေးများ က တစ်ခြမ်း၊ ယောက်ျားလေးများ က တစ်ခြမ်း ထိုင်ရသည် ။ သူဇာ နှင့် ကိုယ်သည် ခုံချင်း နီးသည် ။

သူဇာ နှင့် အနေနီးသောကြောင့် သူဇာ ၏ ညံ့ဖျင်းမှုများကို မြင်တွေ့ နေရသည် ။ အင်္ဂလိပ်စာ တွင် အသံထွက် မပီသ။ ကျက်စာများ ဖြစ်သော သိပ္ပံ ပထဝီ နှင့် သမိုင်း တို့ လည်း ပိုင်ပိုင်နိုင်နိုင် မရ ။ မြန်မာစာ တွင် စာစီစာကုံး ကို ကိုယ့် လောက် ဖြောင့်တန်းအောင် မရေးတတ်။

သူဇာ တော်သည် မှာ လက်ရေး ဖြစ်သည် ။ ငါးမူးစေ့ လို ဝိုင်းဝိုင်းလေးတွေ ရေးတတ်သည် ။ တော်တော်လှသည် ။

သူဇာ မကြိုးစားသည် မဟုတ် ။ ကြိုးစားရှာသည် ။ ညစဉ်ညတိုင်း ကိုးနာရီ ၊ ဆယ်နာရီ အထိ စာတွေကို အော်ကြီးဟစ်ကျယ် ကျက်တတ် သည် ။ သူဇာ မှာ အသံတွေသာ ဝင်သွားသည် စာ မှာ မူ ဦးနှောက် ထဲ ဝင် ဟန်မတူ။

ကိုယ် က သင်္ချာ တော်သည် ။ မတွက်တတ်လျှင် သင်ပြပေးမည့် အစ်ကို ၊ အစ်မများ လည်း အိမ်မှာ ရှိသည် ။ အင်္ဂလိပ်စာ ကို ဖေဖေ ကိုယ်တိုင် အထူးအလေးပေး သင်ပြသောကြောင့် ရသည် ။ ကျက်စာ လည်း ကျက်လျှင် ကျက်သလောက် မှတ်မိသည် ။ များသောအားဖြင့် စာမေးပွဲ နီးမှ သာ ကျက်တတ်သည် ။ ကိုယ် နေ့စဉ်မှန်မှန် လုပ်သည် မှာ သင်္ချာ နှင့် အင်္ဂလိပ်စာ ဖြစ်သည် ။

သူဇာ သည် စာ မရသောကြောင့် ကိုယ့် ကို အားကိုးရှာသည် ။ သူတို့ အိမ်တွင် သူ့ ကို သင်ပြ ပေးနိုင်သူ မရှိပေ။ သူဇာ့ အဖေသည် လက်သမားဆရာ ဖြစ်သည် ။ သူဇာ့ အမေသည် ဆေးလိပ် လိပ်သည် ။ သူဇာ သည် အကြီးဆုံးသမီး ဖြစ်၍ သူ့ အောက်တွင် ညီမလေး မိသွယ် နှင့် မောင်လေး ဖိုးနီတွတ် တို့ ရှိသည် ။ ယင်းကြောင့် စာ မရလျှင် သူ့ အိမ် မှ မည်သူ့ ကို မျှ မေး၍ မရ။

သူဇာ သည် ကိုယ့် ထံ အားကိုးတကြီး စာ လာမေးလျှင် တစ်ခါမျှ ကောင်းကောင်း မွန်မွန် ပြောမပြခဲ့ပေ။ ကိုယ် တွက်ပြီးသား သင်္ချာလေ့ကျင့်ခန်းစာအုပ်များ ကိုသာ ထိုးပေးတတ်သည် ။ သူဇာ က “ နင်တွက် ထားတာ နားမလည်ဘူးဟာ ရှင်းပြပါ ” ဟု ဆိုလျှင် ကိုယ် သည် ပြီးလျှင် ပြီးရော မြန်မြန်ဆန်ဆန် ပြောတတ်သည် ။ သို့သော် သူ နားမလည်ပေ။ သူ နားလည်အောင်လည်း ကိုယ် ရှင်းမပြတတ်။

“ နင် ကလည်း ချာကို ချာပါတယ်ဟာ။ နားလည်လည် မလည်လည် ကူးချလိုက် ”  ဟု စိတ်မရှည်စွာ အော်ဟစ်လိုက်သည် ။ သူဇာ စာမေးတိုင်း အော်အော်လွှတ်တတ်သဖြင့် နောက်နောင် များ တွင် မမေးရဲတော့ပေ ။

သူဇာ မှာ မူ ကိုယ့် အပေါ်တွင် သူငယ်ချင်းကောင်းတို့ ၏ ဝတ္တရား ကျေပွန်သည် ။ ကိုယ် သည် မိသားစု ထဲတွင် အငယ်ဆုံးသား မို့ ညာဉ်ဆိုး ကလေးများ ရှိသည် ။ သူဇာ သည် အကြီးဆုံး သမီးမို့ သည်းခံတတ်သည် ။ စိတ်ရှည်သည် ။ အုပ်ထိန်းစောင့်ရှောက်တတ်သည် ။ ကိုယ် နှင့် သူဇာ သည် သက်တူရွယ်တူ ဖြစ်သော်လည်း ကိုယ့် ကို အစ်မကြီး သဖွယ် ဆုံးမသွန်သင်တတ်သည် ။

လမ်းပေါ်ရောက်လျှင်လည်း “ ပြည့်စုံ ရယ်၊ ကျောက်လမ်း ပေါ်မှာ တစ်ဖက်ဘက် ကပ်သွားပါ ဟဲ့၊ နင်က ဟိုဘက်ကူး သည်ဘက်ကူး နဲ့ ဘီးတွေ တိုက်မိပါ့မယ် ” ဟု သတိပေးလေ့ ရှိသည် ။

ကျောင်း မှ လစ်ပြီး ထွန်းလှကန် သို့ ရေကူးသွားလို သော်လည်း သူဇာ က “ လစ်ရဲ လစ်ကြည့်၊ နင့် အိမ်ကို တိုင်ပြောမယ် ” ဟု ဟန့်တားသဖြင့် ကျောင်းမလစ်ခဲ့ရပေ။

ကိုယ် နေမကောင်း၍ ကျောင်း မတက်နိုင်သည့် အခါများ တွင် သူဇာ သည် ပင် စာများ အားလုံး ကူးပေးသည် ။

သို့သော် ... ကိုယ် သည် “ ကျေးဇူးတင်ပါတယ် သူဇာ ” ဟု တစ်ကြိမ်မျှ မပြောမိခဲ့ပေ။ သူဇာ့ စေတနာ အားလုံးကို မသိကျိုးကျွန် ပြုခဲ့သည် ။

••••• ••••• •••••

ဝါလကင်းလွတ် သီတင်းကျွတ် သည် နှင့် ကိုယ်တို့ မန္တလေး တွင် ဇာတ်များ ၊ အငြိမ့်များ မှိုလို ပေါက်လာသည် ။ ညစဉ် ညတိုင်း ဆိုင်းသံဗုံသံ ကြားရသည် ။ ကထိန်ပွဲကြီး ခင်းလျှင် အငြိမ့်များ သည် ညဘက်တွင် သာမက နေ့ဘက်မှာ ပင် ဈေးချိုရုံ ထဲ တွင် ကပြကြသည် ။

သူဇာတို့ အမေ သည် နေ့ဘက်တွင် ဆေးလိပ် လိပ်၍ ညဘက်တွင် ပွဲတကာ လည်၍ ဆေးလိပ် ၊ ကွမ်းယာ ရောင်းသည် ။

ကိုယ် က အငြိမ့် အလွန်ကြိုက်သည် ။ သို့သော် ကိုယ်တို့ အိမ် မှ လူကြီးများ သည် ပွဲလမ်းသဘင် ကို ခုံမင်နှစ်သက်ခြင်း မရှိ ။ အငြိမ့် ကြည့်ချင်လျှင် သူဇာ တို့ မိသားစု နှင့် လိုက်လိုက်သွားရသည် ။

ကိုယ် နှင့် သူဇာ မှာ အကြိုက်ချင်း မတူညီပေ။ သူဇာ က အငြိမ့် ထက် ဇာတ်ပွဲ ကို ပိုကြိုက်သည် ။

မန္တလေး တွင် ဇာတ်ကြည့်သူများ အတွက် ပွဲကြည့်စင်များ ထိုးထား တတ်သည် ။ ပွဲကြည့်စင် ဝယ်မကြည့်နိုင်သူ သည် နံဘေး မှ ရပ်ကြည့်၍ ရသည် ။ ဘေးအကာအရံ မထားပေ ။ ကိုယ် သည် ခဏ တဖြုတ်သာ ကြ ည့်ချင်သူမို့ စင် ကိုလည်း မဝယ်ချင် ။ ထို့ပြင် ဇာတ် မှ ကဇာတ် ၊ ပြဇာတ်များ ထက် အငြိမ့် မှ လူပြက်များ ၏ ပြက်လုံး ကို ပိုကြိုက်သည် ။ သူဇာ က စင် ဝယ်၍ ဣန္ဒြေရရ ထိုင်ကာ တစ်ညလုံး ကြည့်ချင်သည် ။ ကိုယ် က အငြိမ့်စင် ထောင့်မှ မတ်တတ်ရပ်ကာ တဝါးဝါး တဟားဟား ရယ်ချင်သည် ။ ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီ ထိုးလျှင် ပြန်ချင်သည် ထို့ကြောင့် ကိုယ် နှင့် သူဇာ မကြာခဏ စကားများ ရသည် ။

“ သူဇာ ရယ်၊ ရွှေနန်းတင် မကြည့်ပါနဲ့ ။ စိန်ပိုးတီ ကြည့်ရအောင် ”

ကိုယ် သည် သူဇာ ကို အငြိမ့် ကြည့်ဖို့ မဲဆွယ်သည် ။

“ အို .... စိန်ပိုးတီ မကြည့်ချင်ပါဘူး ။ ရွှေနန်းတင် က သည်ည ပြဇာတ် သိပ်ကောင်းမှာ ”

“ ကောင်းကောင်း ၊ မကောင်းကောင်း ဟာ နင် မလိုက်ချင်နေ ။ ငါ တစ်ယောက်တည်း အငြိမ့်သွားမယ် ”

“ သည်လိုတော့ နင် တစ်ယောက်တည်း မသွားပါနဲ့ ။ နင့် အမေ အန်တီထွေး က ငါ့ ကို စိတ်ချလို့ အပ်ထည့်လိုက်တာ။ နင် တစ်ခုခု ဖြစ်ရင် ငါ တို့ အပြစ်ဖြစ်မှာပေါ့ ”

“ မဖြစ်စေချင်ရင် လိုက်ခဲ့လေ ”

“ နင်လေ သိပ်ပြီး ကပ်တာပဲ ”

“ ငါ ကပ်တာ မဟုတ်ပါဘူး၊ ငါ အိမ်ကြီးခင်ချို တို့ ပန်တျာနီနီဝင်း တို့ စိန်ပိုးတီ တို့ မဗေဒါ တို့ ကြိုက်တာ နင် သိရဲ့ သားနဲ့ ”

“ ငါ လည်း ရွှေနန်းတင် တို့ ၊ ငါးမည်ရတင်သိန်း တို့ ကြိုက်တာပဲ ”

“ ကြိုက်ရင် ရွှေနန်းတင် ဇာတ်ထဲ သွားနေ ”

“ မနေဘူး ။ နင် သာ စိန်ပိုးတီ ဘော်လုံးကန်တာ ငမ်းချင်လို့ ကြည့်တာ ”

“ ငမ်းတော့ ဘာပြုလဲ ။ နင် လည်း ဟိုတစ်နေ့က ဗေဒါအငြိမ့် ထဲ က လူပြက်ပေါက်စီ ကို ငမ်းနေတာ ငါ မြင်တယ် ။ နင် နဲ့ ပေါက်စီ နဲ့ သိပ်လိုက် တာပဲ။ အရပ်ချင်းကလဲ ရွယ်တူ ။ ဟေ ဟေ ”

“ နင်နော် ငါ့ ကို ပေါက်စီ နဲ့ မစနဲ့ ကဲဟာ ကဲဟာ ”

သူဇာ သည် အနာပေါ် တုတ်ကျ သလို နာ သဖြင့် ကိုယ့် ကို လိုက်ရိုက်သည် ။

ကလေးတို့ ဘာသာဘာဝ မို့ ဘာရယ် မဟုတ်ပေ ။ ဤသို့ စကားနိုင် လုပြီး ပြောရသည် ကို ကိုယ် ကျေနပ်သည် ။ နောက်ဆုံးတွင် အရာရာ ကို လိုက်လျောတတ်သော ၊ စိုးရိမ်ပူပန်တတ်သော သူဇာ သည် အလျှော့ ပေးကာ ကိုယ့် နှင့် အတူ အငြိမ့်စင် ရှိရာသို့ ပါလာသည် ။

သူဇာ့ ကို စ ရလျှင်၊ သူဇာ့ အပေါ် အနိုင်ယူရလျှင် အလိုလို ပျော်သည် ။

••••• ••••• ••••• 

သူဇာ လမ်းလျှောက်လျှင် ပခုံး ကို ဘယ်ညာ ယိမ်းသည် ။ ခြေထောက် ဆတ်တောက် ဆတ်တောက် သွားသဖြင့် ထဘီအောက်နား ကို “ တော့ ” သလို ဖြစ်နေသည် ။ သူဇာ လမ်းလျှောက်ပုံကို ကြည့်၍ ကိုယ် ရယ်မိသည် ။

သူဇာ က နောက်လှည့်၍ “ နင် ဘာရယ်တာလဲ ” ဟု မလုံမလဲ မေးသည် ။

“ ဪ ... နင် လမ်းလျှောက်တာ ခြင်းတော့တာနဲ့ တူလို့ ပါ ” 

“ အောင်မယ် နင် လမ်းလျှောက်တာတော့ လှလိုက်တာဟယ်၊ ရင်ဘတ် ရှေ့ပစ်ပြီး ဖင်လေး ကောက်တောက်တောက်တောက် နဲ့ မိန်းမလျာ ကျနေတာပဲ ”

မှန်တာ ပြော၍ ကိုယ် အထိနာရသည် ။

“ နင့် ကို ငါ အကောင်းပြောတာ သူဇာ ။ နင့်က ငါ့ ကို လှောင်တယ်ပေါ့ ”

“ အို ... လှောင်တာလဲ မဟုတ်ဘူး ။ တော်ရမ်းပြောတာလည်း မဟုတ်ဘူး ၊ ငါလည်း ငါ့ အမြင် ပြောတာ ပဲ ”

“ သူဇာ .. နင် အဲဒါကြောင့် သင်္ချာညံ့တာ ”

ကိုယ် သည် မဆီမဆိုင် နိုင်ရာစား နှင့် ပိုင်းလိုက်သည် ။

“ ဟ အဲဒါနဲ့ ဘာဆိုင်လဲ ပြည့်စုံရဲ့ ”

“ ဆိုင်ဆိုင် ၊ မဆိုင်ဆိုင်ဟာ နင် စာမေးပွဲကို ကျဦးမှာ ”

ထိုအခါ သူဇာ့ မျက်လုံးအိမ်ထဲ တွင် မျက်ရည်တို့ ရစ်ဝဲလာသည် ။

“ ပြည့်စုံရယ် .... နင် ဟာ ငါ့ ဆိုရင် လွှတ်နိုင်တာပဲ ။ နောက်ဆို နင် မကြိုက်တာ မပြောတော့ ပါဘူး ။ စာမေးပွဲ တော့ မကျပါရစေနဲ့ ဟယ် ။ နင်တို့ လို မချမ်းသာတော့ တို့ မှာ ပညာ ကိုသာ အားကိုးရမှာ သူငယ်ချင်း ရယ် ”

ကိုယ် စိတ်မကောင်း ဖြစ်မိသည် ။ ထို့ပြင် -

ကိုယ့် နိမိတ်စကား မှန်သွားသည် ။ ပဉ္စမတန်း တွင် သူဇာ စာမေးပွဲကျသည် ။

••••• ••••• •••••

သူဇာ သည် အရွယ် နှင့် မလိုက်အောင် လိမ္မာရေးခြား ရှိသည် ။ အိမ် အလုပ် ဟူသမျှမှာ သူဇာ့ လက်ရာချည်းပင် ။ မိဘနှစ်ပါးစလုံး အပြင်ထွက်ကာ တစ်နေကုန် အလုပ် လုပ်ရသဖြင့် အချက်အပြုတ် မှ အစ သောက်ရေသုံးရေ ခပ်သည် အထိ သူဇာ လုပ်ရသည် ။

သူဇာ့ တွင် ထူးခြားချက် တစ်ခု ရှိသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် ဥပုသ် စောင့်တတ်သည် ။ သူဇာ တို့ ကျောင်းသည် အဖိတ် ၊ ဥပုသ် ပိတ်သော ကျောင်း ဖြစ်သည် ။ ဝါတွင်း ကာလများ သာမက အခါကြီး ရက်ကြီးများ ၊ မွေးနေ့မွေးရက်များ တွင် လည်း ဥပုသ်သီလ ဆောက်တည်သည် ။

ကိုယ့် မေမေ က “ သိပ်တော်တဲ့ ကလေးမ၊ ကြီးပွားဦးမယ် ” ဟု ချီးကျူး တတ်သည် ။

ဤအချိန်တွင် ကိုယ် သည် ကလေးစိတ် ပင် ရှိသေးသည် ။ မိခင်ရင်ခွင်ထဲ ဝင်ထိုင်တုန်း၊ အစ်ကိုအစ်မများ ကို ချွဲနွဲ့တုန်းပင် ရှိသေး၏ ။ တစ်အိမ်လုံး ကလည်း ကိုယ့် ကို ကလေး လို မြင်၍ ကလေး လို အလိုလိုက်ထား သည် ။

ကိုယ် ၏ ကလေးစိတ်ကြောင့် ပင် သူဇာ လက်ကျိုးရသည် ။

ဖြစ်ပုံမှာ ....

ကိုယ် သည် ပဉ္စမတန်း မှ သင်္ချာလေ့ကျင့်ခန်းစာအုပ်များ ကို ပွေ့ပိုက် ကာ သူဇာ ထံ သွားပေးသည် ။ ဖေဖေ က စာမေးပွဲကျသော သူဇာ ကို အပေးခိုင်းသောကြောင့် ဖြစ်သည် ။

“ ရော့ - သူဇာ ။ နင့် အတွက် ငါ့ သင်္ချာစာအုပ်တွေလေ ။ ငါ ပိဿာချိန်နဲ့ ရောင်းမစားဘဲ နှင့်ကို ပေးတာ ”

ကိုယ့် အသိစိတ်ဓာတ်ဖြင့် ပေးသလို အသားယူ၍ ပြောလိုက်သည် ။ သူဇာ ကျေနပ်နေသည် ။

“ အေးဟယ် ။ ဝမ်းသာလိုက်တာ ပြည့်စုံရယ် ။ တကယ် ... တကယ် ”

“ ကဲဟာ၊ ၀မ်းသာရင် ငါ့ကို တစ်ခုခုကျွေး ”

“ ကျွေးတော့ ကျွေးချင်ပါတယ်ဟာ၊ ငါ့မှာ ပိုက်ဆံမှ မရှိဘဲ ”

ကိုယ် ဟိုကြည့်သည်ကြည့် လုပ်လိုက်သောအခါ ခြံထောင့်ရှိ မာလကာပင် ကို မြင်မိသည် ။ ကိုယ်တို့ ခြံထဲတွင် အိမ်ရှင်များ စိုက်ထားသော အုန်းပင် ၊ ကွမ်းသီးပင် ၊ သရက်ပင် ၊ သပြေပင် နှင့် မာလကာပင်များ ရှိသည် ။ သို့သော် အိမ်ရှင်များ က သစ်သီးခူးခြင်း ကို လုံးဝ မကြိုက်ပေ ။ ဖေဖေ နှင့် မေမေတို့ ကလည်း အိမ်ရှင်မကြိုက်သော သစ်သီးခူးခြင်း ကို မပြုရန် တားမြစ်ထားသည် ။

မာလကာသီးကြီးများ မှာလည်း စားချင်စဖွယ် ဝင်းပြောင်နေသောကြောင့် သူဇာ့ ကို မာလကာသီး ခူးပေးရန် တောင်းဆို လိုက်သည် ။

“ အဲဒါတော့ မလုပ်ပါနဲ့ ပြည့်စုံ ရယ် ။ ဘွားတော်ကြီး ဆွမ်းတော်တင် တဲ့ အသီးတွေဟဲ့ ။ သူ့ အသီးတွေ ခူးလို့ ပူညံပူညံ လုပ်နေဦးမယ် ”

“ သည်လိုဆိုလည်း ငါ့ စာအုပ်တွေ ပြန်ပေးတော့ ”

“ နင်ကလည်း ဟယ် ၊ ပေးပြီးသား ပြန်တောင်းတော့ နင် မျက်စိစွန်မှာ ပေါ့ ”

“ စွန် စွန် ဟာ ။ ပြန်ပေး ။ ဘွားတော် နန်းရှေ့ဈေး သွားတာ ငါ တွေ့လို က်တယ် ။ တော်တော်နဲ့ ပြန်လာမှာ မဟုတ်ဘူး ။ ဘိုးတော် လည်း ဘုန်းကြီးကျောင်း သွားပါပြီဟ ။ ဘယ်သူမှ မရှိလို့ ငါ ပြောတာ ။ စာအုပ် ယူချင်ရင် ငါ့ ကို မာလကာသီး ခူးပေးပေါ့ ”

ကိုယ် ဇွတ်တရွတ် အကျပ်ကိုင်မှုကြောင့် စာအုပ် လိုချင်ရှာသော သူဇာ သည် မာလကာပင် ပေါ်သို့ ကြောက်ကြောက်နှင့် တက်ပေးသည် ။ ကိုယ် က အောက်မှ အငြိမ့်သား ထိုင်ကာ ဟိုအလုံး ခူး ၊ သည်အလုံး ခူး င့် ဆရာလုပ် အမိန့်ပေးနေစဉ် သူဇာ သည် ကိုင်းအကူးတွင် ခြေချော်၍ လိမ့်ကျသည် ။

ဘယ်ဘက်လက် ကျိုးသည် ။

ကျောက်ပတ်တီး စည်း၍ အရိုးပြန်ဆက်လိုက်သော်လည်း သူဇာ သည် လက်ကောက်လေး ဖြစ်သွားသည် ။

လမ်းလျှောက် လျှင် လက်ကောက်လေး ယမ်းတမ်းယမ်းတမ်း ဖြစ်နေသည် မှာ ကိုယ် ကလေးဆန်မှုကြောင့် ။

••••• ••••• •••••

ကိုယ် သည် တစ်နှစ်တစ်တန်း မှန်မှန် အောင်သွားသည် ။ ပင်ကိုဉာဏ်ရည် နည်းပါးသည် သာမက အိမ်အလုပ်များ ပါ ဒိုင်ခံလုပ်ရသော သူဇာ သည် တဘိုင်းဘိုင်း ကျနေခဲ့သည် ။ ကိုယ် ဆယ်တန်း အောင်တော့ သူဇာ သည် ရှစ်တန်းသာ ရှိသေး၏။

ထိုနှစ်မှာ ပင် ကိုယ်တို့ အိမ်ရှင် အဘွားကြီး ကွယ်လွန်သည် ။

အဘိုးကြီး သည် စစ်ကိုင်းချောင် သို့ သွားကာ တရားအားထုတ်သည် ။ အိမ်ကြီးကို သားသမီးများ သို့ အမွေ လွှဲအပ်လိုက်သည် ။ အိမ် နှင့် ခြံ ကို သားသမီးများ က ရောင်းလိုသောအခါ ကိုယ်တို့ မိသားစု နှင့် သူဇာ တို့ မိသားစုမှာ နေစရာ အသစ်ရှာရတော့၏ ။

ကိုယ်တို့ မိသားစု သည် ပတ်ကုန်းဝန်းကျင် ရပ်ကွက် ထဲတွင် အိမ်တစ်လုံး ငှားရမ်းရရှိသည် ။ သူဇာ တို့ မှာ မူ စံပြကွက်သစ် သို့ ပြောင်းရွှေ့သွားသည် ။

ထိုအခါမှ စ၍ ငါးတန်း မှ ဆယ်တန်း အထိ ပေါင်းခဲ့သော သူငယ်ချင်းကောင်း သူဇာ နှင့် အနေ ဝေးခဲ့ရသည် ။

••••• ••••• •••••

မန္တလေးတက္ကသိုလ် တွင် ကိုယ် တက်နေစဉ် သူဇာ သည် နေ့ကျောင်း မှ ထွက်၍ လူငယ့်ရေးရာ ညကျောင်း သို့ ရောက်သွားသည် ။ ယင်းကြောင့် အမှတ် ( ၅ ) အ-ထ-က မှ အမှတ် ( ၁၆ ) အ-ထ-က ကျောင်းသို့ ပြောင်း ရွှေ့တက်သည် ။ သူဇာ တို့ အိမ် သည် စံပြကွက်သစ် ထဲ တွင် ရှိသောကြောင့် အမှတ် ( ၁၆ ) အ-ထ-က နှင့် ပိုမို၍ နီးသည် ။

ညတွင် ကျောင်းတက်ရသောကြောင့် နေ့တွင် အားလပ်နေသော သူဇာ သည် မင်္ဂလာဈေး ထဲ တွင် ကုန်စိမ်း ရောင်းနေသည် ဟု ကြားရသည် ။ အိမ် ရွှေ့ပြောင်းပြီး နောက်ပိုင်းတွင် ကိုယ့် ၌ အသက်အရွယ်နှင့်အမျှ အပေါင်းအသင်း အသစ်တွေ တိုးပွားလာသဖြင့် ငယ်ပေါင်းသူငယ်ချင်း သူဇာ ထံ လုံးဝ မရောက်ဖြစ်တော့ပေ ။

တစ်နေ့ ...

ကျောင်းအသွား တွင် မင်္ဂလာဈေး ရှေ့ရှိ စိန်မောင် လက်ဖက်ရည်ဆိုင်သို့ ဝင်၍ လက်ဖက်ရည် သောက်နေစဉ် ဟင်းသီးဟင်းရွက်တောင်းများ ကို ဆိုက်ကားဖြင့် တင်၍ မင်္ဂလာဈေးဝ သို့ ရောက်လာ သော သူဇာ ကို မြင်တွေ့လိုက်သည် ။ မတွေ့ရသည် မှာ နှစ်အတန် ကြာပြီဖြစ်သော သူဇာ ကို နှုတ်ဆက်ရန် အတွက် လက်ဖက်ရည်ဆိုင် ထဲမှ အပြေးတစ်ပိုင်း ထွက်လာသည် ။

“ ဟေ့ သူဇာ၊ ဈေးသည်ကြီး သူဇာ၊ သူဇာ ဈေးသည် ကြီး ”

“ ဟယ် ... ပြည့်စုံပါလား ။ ငါဖြင့် လူတွေဘာတွေ မှားလို့ တော့ ။ နင် က နှုတ်ခမ်းမွေးတွေ ဘာတွေနဲ့ တကယ့် လူကြီး စတိုင်ပဲနော် ။ တက္ကသို လ်ကျောင်းသားကြီး ဖြစ်မှ ဖြူပြီး ချောလှနေလိုက်တာဟယ် ၊ ဓာတ်ရှင်မင်းသားကျနေတာပဲ ”

“ နင် ကလည်း ငယ်ငယ်ကလို ငါးခြောက်ပြား မဟုတ်တော့ပါဘူးဟာ ။ အခုဆိုရင် နင့် ကိုယ်လုံး ကိုယ်ပေါက်က အဲ ... အဲ ... ”

ကိုယ့်စကား မှားမှန်း ချက်ချင်း သိလိုက်သဖြင့် စကား ကို ဆုံးအောင် မပြောဖြစ်တော့ပေ ။ မပြောဖြစ်သော စကားတို့ ကို သူဇာ သည် ဆက်စပ် တွေးတောယူပြီး ရှက်သွေးဖြာ သွားသည် ။ မော့ကြည့် နေသော ခေါင်းလေး ငုံ့လျှိုးသွားရှာသည် ။

သူဇာ သည် အမို့အမောက် ပီပြင်စွာ တင်းတင်းရင်းရင်း ဖွံ့ထွားနေ သော်လည်း မျက်နှာလေး မှာ နုနယ်သေးသည် ကျစ်ဆံမြီးလေး နှစ်ချောင်း ရှေ့ ချ၍ ရိုးရိုးရှင်းရှင်း လှပချောမောနေသည် ။ သို့သော်လည်း သူငယ်ချင်း သူဇာ လျှောက်ရသော လမ်းမှာ အရွယ် နှင့် မမျှအောင် ကြမ်းတမ်းပေသည် ။ မပြင်မဆင် နဂိုနေမှာ ပင် အလှအပလေးများ သည် ဖုံးကွယ် မရအောင် ထိုးထွက်နေပေသည် ။

“ အေးဟယ် ... ငါလည်း လူ က ဝပေမယ့် တစ်နေ့မှ စိတ်မချမ်းသာပါဘူး ။ အမေ က ပန်းနာ ရင်ကျပ် ဖြစ်နေလို့ ဆေးလိပ် မလိပ်နိုင်တော့ဘူး ။ အဖေ ကလည်း သည် မှာ လက်သမား သိပ် မစွံလို့ စစ်ကိုင်း ဘက် ကူးသွားတယ်။ နှစ်ပတ်လောက် ရှိပြီ ။ ဘာသတင်း မှ မကြား ရသေးဘူး ။ မိသွယ် နဲ့ ဖိုးနီတွတ် တို့ တောင် ခုနစ်တန်း အောင်ပြီဟ ။ ငါ့ မှာ အခုထိ ရှစ်တန်း မအောင်သေးဘူး ။ သူတို့ နှစ်ယောက် ကိုတော့ ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်အောင် ငါ ထားမယ် ။ မိသွယ် နဲ့ ဖိုးနီတွတ် က ပွဲဈေးတွေ လိုက်ပြီး ကွမ်းယာ ရောင်းချင်တယ်တဲ့ ။ ငါ က အရောင်းမခို င်းဘူး ။ ငါ အကြီးဆုံးမို့ ငါ သာ အနစ်နာ ခံသွားမယ်။ သူတို့ ကို မဖြစ်ဖြစ် အောင် ကျောင်းထားမယ် ။ ဒါနဲ့ နင်ကော ဘွဲ့ရဖို့ ဘယ်လောက် လိုသေးလဲ ”

“ အင်း ... တစ်နှစ်ခွဲပေါ့ဟာ ”

“ ဟယ် ... ဘာမှ မလိုတော့ဘူးပေါ့ ၊ ကြိုးစား ... ကြိုးစား။ ကျောင်း မလစ်နဲ့ နော်။ နင် ငယ်ငယ်က ကျောင်း သိပ်ပြီး လစ်ချင်တာ။ ဒါနဲ့ နင် သင်တာ ဘာပညာလဲ ”

“ ဘူမိဗေဒ ဟ ၊ ကျောက်တွေ လေ့လာရတာပေါ့ ”

“ သူဇာတို့ ကံက ဆိုးပါတယ်ဟာ ၊ နင် ကျောက်တွေ လေ့လာနေချိန်မှာ ငါ က ဟင်းရွက်တွေ လေ့လာနေရတယ်နော်။ အဆင့်ချင်း တအား ကွာသွားပြီ သူငယ်ချင်း ”

သူဇာ သည် ဆွေးဆွေးမြည့်မြည့် ပြောရှာသည် ။ ထို့နောက် သူ့ တောင်းထဲ နှိုက်ကာ ဟင်းရွက် စည်းများ ယူထုတ်ပြန်သည် ။

“ ရော့ ... ရော့ ၊ နင် ငယ်ငယ်က ဆိုရင် ကန်စွန်းရွက်ကြော်တို့ ချဉ်ပေါင်ဟင်းချို တို့ သိပ်ကြိုက်တာ ၊ ဒါတွေ ယူသွား ”

သူဇာ က ဇွတ်ပေး နေသောကြောင့် ကိုယ် အတင်း ငြင်းပယ်ရသည် ။

“ နောက် ကြုံမှ ယူမယ် သူဇာ၊ အခု ငါ ကျောင်းသွားမှာ ဟ ”

“ အေးဟယ်၊ ဟုတ်သားပဲ။ ဒါဖြင့်လည်း သွားသွား ။ နင် အပြန်မှာ ငါ့ ဆိုင် ဝင်ယူ ။ ဆိုင် က ဟောဟို အကွေ့ မှာ ။ တွေ့လား။ အပြန် ဝင်ခဲ့နော်။ ပြီးတော့ ငါတို့ အိမ် လည်း သိတယ် မဟုတ်လား ။ အမေ က နင့်အကြောင်း သိပ် မေးတာပဲ ပြည့်စုံရယ် ။ အိမ် ကို တစ်ခေါက်လောက် လာပါဦး ။ နင်တို့ လာမှ တွေ့ရမှာ ။ ငါ က အလုပ်များ တော့ နင်တို့ ဆီ လာနိုင်မှာ မဟုတ်ဘူး ”

“ အေးပါ သူဇာ ၊ ငါ လာခဲ့ပါမယ်။ ဦးလေး နဲ့ အဒေါ် ကို ငါ လည်း သတိရပါတယ်။ ကဲ ... ငါ သွားမယ်နော် ”

ကွယ်ရင် မေ့၊ တွေ့ သေအောင်လွမ်းတတ်သော ကိုယ် သည် သူဇာ ထံ သို့ မသွားဖြစ်တော့ပေ။ ကြုံ လည်း မကြုံဆုံကြတော့။

ကိုယ် သည် ကိုယ့် အသိုင်းအဝိုင်း ကြားတွင် ပျော်ရွှင်နေသကဲ့သို့ သူဇာ သည် သူ့ အပူအပင်များ ကြားတွင် နစ်မြုပ်နေပေမည်။

••••• ••••• •••••

ကိုယ် ဘွဲ့ရပြီး အလုပ်အကိုင် ရှာဖွေနေစဉ်တွင် သူဇာ တို့ မိသားစုအကြောင်း ကို မေမေ့ ထံမှ ကြားသိရသည် ။ ကောင်းသတင်း မဟုတ်ပေ။ သတင်းဆိုး သာ ဖြစ်သည် ။

သူဇာ့ အဖေ သည် အိမ်ဆောက်ရင်း လိမ့်ကျ သေဆုံးကြောင်း ၊ သူဇာ့ အမေ သည် ရင်ကျပ်ပန်းနာကြောင့် အရိုးပေါ် အရေတင် ကာ လူမမာကြီး လုံးလုံး ဖြစ်နေကြောင်း ၊ သူဇာ သည် မိသားစုစားဝတ်နေရေး နှင့် မောင်လေး ညီမလေး တို့ ၏ ပညာရေး အတွက် အလွန် ပင်ပန်းစွာ ရုန်းကန်နေရကြောင်းတို့ ဖြစ်သည် ။

တစ်မြို့တည်း နေသော ၊ ဒုက္ခဝဲဂယက် ထဲတွင် ကြိုးစားကူးခတ်နသော ၊ ကိုယ့်အပေါ်တွင် ထာဝစဉ် ကောင်းမွန်ခဲ့သော သူငယ်ချင်း သူဇာ ထံသို့ အားပေးစကား ပြောဖို့ တစ်ခေါက်တစ်ကျင်းပင် မရောက်ခဲ့ပေ ။

••••• ••••• •••••

အစိုးရအလုပ် ရပြီးနောက် လုပ်ငန်းတာဝန် အရ တောတွေ တောင်တွေ ကြားသို့ ကိုယ် လှုပ်ရှား သွားလာခဲ့ရသည် ။

ကိုယ့် ဖေဖေသည် လည်း မန္တလေး မှ တစ်ဆင့် ရန်ကုန်ရုံးချုပ် သို့ ပြောင်းရွှေ့ရသည် ။ ရန်ကုန် မှာ ပင် သက်ပြည့် ပင်စင် ယူလိုက်သည် ။ တောင်ဥက္ကလာပ တွင် အိမ်ဝယ်သည် ။

ကိုယ်တို့ မိသားစု သည် မန္တလေးမြို့ နှင့် ဝေးလာသည် နှင့်အမျှ သူဇာ တို့ မိသားစုသတင်း ကို မကြားသိရတော့ပေ။

ကိုယ် ရခိုင် မှ ရန်ကုန်ရုံးချုပ် သို့ ပြန် ရောက်ပြီး နေ့ တစ်နေ့။

အောင်ဆန်းကွင်း တွင် ဘောလုံးပွဲ ကြည့်သည် ။ သရေ ဖြစ်နေသဖြင့် အချိန်ပိုကစားကြသည် ။ ဘောလုံးပွဲ ပြီးသော် အတော်အတန် မိုးချုပ်နေပြီ။ ယောမင်းကြီးလမ်း မှတ်တိုင် သွား၍ နံပါတ် ( ၃၇ ) ဘတ်စ်ကား စီးသည် ။ တိုးတိုးခွေ့ခွေ့ တက်လိုက်သောအခါ ကံအားလျော်စွာပင် ကား ညာဘက်တန်း၌ ထိုင်စရာ နေရာရ၏ ။ အများစု မှာ တိုးလို့ တွဲ လောင်း မိုးတိုးမတ်တတ် လိုက်ပါလာကြသည် ။ မီးရထား ကုန်းတံတားကြီး ကိုကျော်၍ ရုပ်ရှင်ရုံမှတ်တိုင် တွင် ကားရပ်ပြန်၏ ။ ထိုစဉ် ကိုယ် သည် မြင်ဖူးသော မျက်နှာ တစ်ခု ကို လူအုပ် ကြားတွင် အမှတ်မထင် တွေ့သည် ။

အမျိုးသမီး တစ်ဦး ။ ရေတမာပင် အောက်တွင် လက်ပိုက်၍ မတ်တတ်ရပ်နေသည် ။

ဤမျက်နှာမျိုး ကို ဘယ်မှာ မြင်ဖူးပါလိမ့်။ ရင်းရင်းနှီးနှီး သိနေသလို ခံစားရပြီး စဉ်းစား မရအောင် ဖြစ်နေသည် ။ ကိုယ် တွေးသည် ... ရုံး မှာ လား၊ အရပ် ထဲမှာ လား ၊ မန္တလေး တက္ကသိုလ် တက်စဉ်ကလား ။

မြိတ် မှာ လား၊ တနင်္သာရီ မှာ လား၊ မြစ်ကြီးနား မှာ လား ၊ စစ်တွေ မှာ လား ၊ တောင်ကြီး မှာ လား ၊ ကောလင်း မှာ လား ၊ မန္တလေး မှာ လား ။

မန္တလေး .... မန္တလေး .... ။ ဟုတ်ပြီ .... မန္တလေး .... ။

မန္တလေး ... သူဇာ .... ။ သူဇာ ... မန္တလေး ။ အို ... ကိုယ့် သူဇာ။

ဤ မျက်လုံး ၊ ဤ မျက်ခုံး ၊ ဤ မျက်နှာ ၊ ဤ အသားအရေ ၊ ဤ ကိုယ်လုံး ကိုယ်ပေါက် သည် သူဇာ နှင့် တစ်ပုံစံတည်း ။ သို့သော် ...

မန္တလေး က သူဇာ သည် ဆံပင်ရှည် နှင့်ဖြစ်သည် ။ ယခု သူ သည် ဆံပင်တို နှင့် ။

သူဇာ သည် သဘာဝ နုတ်ခမ်းပါးလေး နှင့် နေတတ်သည် ။ သူ့ မှာ ဆေး ကူ၍ ရဲနီသော နှုတ်ခမ်းအ စုံနှင့်။

သူဇာ သည် ရင်ဖုံးအင်္ကျီ သာ ဝတ်လေ့ ရှိသည် ။ သူ့ မှာ မူ တီရှပ် အနီနှင့်။

သူဇာ သည် ပန်းနွယ်ပန်းခက် ပါသော အရောင်နုနု ထဘီ ကို ကြိုက် သည် ။ သူ့ မှာ မူ အနက် ပြောင်ထဘီ နှင့် ။

သူဇာ နှင့် သူ သည် အသွင် တူ၍ အဆင် ကွဲသည် ။

ကိုယ့် သူငယ်ချင်း သူဇာ သည် မန္တလေး တွင် ရိုးသားအေးဆေးစွာ ကုန်စိမ်းရောင်းနေသူ ။ ယခု တွေ့သူ သည် မဟာရန်ကုန် တွင် ဆန်းပြားပူလောင်စွာ ကိုယ်ခန္ဓာ ရောင်းနေသူ ။

အမူအကျင့်တွေ က အရှေ့ နှင့် အနောက် လို ကွာခြားသည် ။ သို့သော် တော်တော့် ကို တူ၏ ။ ခွဲမရအောင် တူ၏။ ခွဲမရ ဆိုမှ ခွဲရနိုင်သော နည်းလမ်း ကို သတိရမိ၏။

သူဇာ သည် ကိုယ့် ကြောင့် လက်ကျိုးဖူး သဖြင့် ဘယ်ဘက်လက် ကောက်နေသည် ။ လက်လွှဲလျှင် သိသာသည် ။ ပြီးတော့ သူဇာ သည် လမ်းလျှောက်လျှင် ထဘီ အောက်နားကို “ တော့ ” ၍ လျှောက်တတ်သည် ။ ကိုယ် တွေးတော ငေးမောနေစဉ် ထို အမျိုးသမီး နား သို့ ယောက်ျားပျို တစ်ဦး ကပ်လာသည် ။ ပြုံးပြုံးရွှင်ရွှင် စကား ဆိုကြသည် ။ အပေးအယူ တည့်သွားဟန်ဖြင့် ရပ်နေရာ မှ စတင် ထွက်ခွာရန် ဟန်ပြင်ကြ၏။ အမျိုးသမီး သည် ပိုက်ထားသော လက်ကို ဖြုတ်လိုက်၏။

သူ ၏ လက်လွှဲဟန် နှင့် လမ်းလျှောက်ဟန် တို့ ကို ဂရုစိုက်၍ ကြည့်ရမည်။ ကိုယ် သည် မျက်တောင် မခတ်မိ၊ အသက် ပင် မရှုမိ ဟု ထင်သည် ။

“ သူဇာ လေလား၊ မဟုတ်ပါစေနဲ့ ” ဟု တတွတ်တွတ် ရေရွတ်နေမိသည် ။

အမျိုးသမီး သည် ပိုက်ထားသော လက် ကို ဖြုတ်ပြီးသောအခါ သူ့ ဘယ်ဘက်ရှိ အမျိုးသား ၏ လက်မောင်း ကို ဘယ်လက် ဖြင့် ချိတ်ဆွဲကာ လူအုပ် ကြားထဲ တိုးဝင် လျှောက်သွားသည် ။ ရပ် ထားသော ကားလေး ထဲ သို့ နှစ်ဦးသား ခေါင်းငုံ့ ဝင်၍ မောင်းထွက်သွားသည် ။

ခဲလေသမျှ သဲရေကျရပြီ။

အမျိုးသမီး ၏ လက်လွှဲဟန် ကို မတွေ့လိုက်ရ။ လူအုပ် ကြားထဲမှာ မို့

လမ်းလျှောက်ဟ န်ကို လည်း ပီပီသသ မမြင်လိုက်ရ။ မည်သူ ဟူ၍ မှန်းဆ မရ။

ကိုယ် စီးလာသော ဘတ်စ်ကားသည် လူပြည့်လျှံ နေပြီမို့ စတင် ထွက်ခွာပြီ ။ ကိုယ် ဘာလုပ်ရမည်နည်း ။ ကိုယ် ဘာလုပ်သင့်သနည်း ။ ဒရိုင်ဘာကြီး ကို တွန်းထိုးပြီး ကားလေး နောက်သို့ ကိုယ်တိုင် လိုက်မောင်းသွားရမည်လော ။ ကား ထဲမှ လူအုပ်ကြီး ကို တွန်းဝှေ့ ခုန်ဆင်းကာ ဘယ်ဌာနီ သို့ မောင်း သွားမှန်း မသိသော ကားလေး နောက်သို့ ပြေးလိုက်သင့်သလော ။ သောက အပူတို့ ကြောင့် ကိုယ့် ဦးနှောက်သည် လည်းကောင်း ၊ ကိုယ့် ရင်သည် လည်းကောင်း ၊ ပေါက်ကွဲ လု နီးနီး ဖြစ်ရ၏ ။ တွေ့မြင် ကတည်း က ဆင်း၍ သူဇာ ဟုတ် မဟုတ် မမေးလိုက်ရခြင်းကြောင့် ကိုယ့် ကိုယ် ကို မကျေမနပ် ဖြစ်မိ၏။

တဒင်္ဂအတွင်း ကိုယ့် စိတ်တွေ ထွေပြားသွားသည် ။ မာရသွန်ပြေးလာ သကဲ့သို့ မောပန်းနေသည် ။ နှမြောတသခြင်း၊ အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်း စသော ခံစားမှုပေါင်းစုံသည် တိုတောင်းသော ကာလအတွင်း လျင်မြန်စွာ ပေါ်ပေါက်လာသည် ။

ရှုပ်ထွေးလှုပ်ရှား ဆန်းကြယ် မြန်ဆန်လွန်းသော လောကကြီးကို မမြင်တွေ့ရအောင် မျက်စိနှစ်လုံးကို မှိတ်လိုက်၏။ ဩကာသလောက သည် ကွယ်ပျောက်သွားကာ မြင်လွှာ တွင် သူဇာ့ ပုံရိပ် သည် အလိုလို ပေါ်လာသည် ။ ညိုစိမ့်စိမ့် သူဇာ မျက်နှာ မှ အကြင်နာမျက်လုံးများ အချိုးအဆစ် ကျနသော ရှည်သွယ်သွယ် ကိုယ်ဟန်နေထားဖြင့် ဟင်းရွက်စည်းပေးနေပုံများ ၊ ငယ်စဉ်က အတူ သွား အတူစားခဲ့ ပုံများကို ပြန်ပြောင်း မြင်ယောင်မိသည် ။

ကိုယ် မျက်စိ ဖွင့် ကြည့်သောအခါ ဘတ်စ်ကားသည် ရွှေတိဂုံဘုရား အခြေ သို့ ရောက်နေပြီ ။ ရွှေတိဂုံစေတီတော်ကြီး သည် လျှပ်စစ်မီးရောင် များ အောက်တွင် ရွှေအတိ ဖြင့် ဝင်းအိနေ၏။

“ သူဇာ သည် ရိုးသားသူ ၊ သဘောသကာယ ကောင်းသူ ၊ မိဘမောင်ဘွား ကို ဈေးရောင်း ကျွေးနေသူဖြစ်ပါသည် ။ အကျင့်သီလ ကောင်းမွန်သော မိန်းကလေး တစ်ဦးလည်း ဖြစ်ပါသည် ။ ထိုသို့သော သူဇာ သည် မန္တလေးမြို့ တွင်ပင် မောင်လေး ၊ ညီမလေး တို့ ၏ စားဝတ်နေရေး နှင့် ပညာသင်စရိတ် အတွက် ရိုးသားစွာ ဈေးရောင်းနေသူ တစ်ဦး အဖြစ်နှင့်သာ ဆက်လက် ရှိနေပါစေဘုရား ”

ကိုယ် သည် တိုးတိုးတိတ်တိတ် ကျိတ်၍ ဆုတောင်းသည် ။

“ လူတူ မရှား၊ အမည်တူ မရှား ” ဟူသော စကားပုံသည် ကိုယ့် စိတ်ကို သက်သာရာ ရစေသည် ။

ထို့ပြင် သူဇာ လို စိတ်ဓာတ် ခိုင်မာသော ၊ သီလ ရှိသော မိန်းကလေး တစ်ဦး သည် ဘယ်နည်းနှင့်မျှ အနိမ့်ဆုံး အဆင့်အတန်း သို့ လျောကျ မသွားနိုင် ဟု ယုံကြည်သည် ။

••••• ••••• •••••

မည်သို့ပင် ဖြစ်စေ ၊ ကိုယ် သည် လုပ်သက်ခွင့် တစ်လ ယူ၍ မန္တလေး သို့ သွားမည် ။ သူဇာ့ သတင်း ကို စုံစမ်းရမည် ။ သူဇာ တို့ မိသားစု ကို ကိုယ် ရှာမည် ။

သူဇာ သဘောတူလျှင် ကိုယ့် ညာလက်ရုံး ကို သူဇာ တွယ်ဖက်စေ၍ ကျန်ရှိသော ဘဝလမ်း မှာ အေးချမ်းစွာ အတူ တွဲ၍ လျှောက်လှမ်းကြမည် ။

ထို့ကြောင့် သူဇာ တစ်ယောက် မန္တလေး မှာ ရှိနေဖို့ အရေးကြီးသည် ။

▢ ကိုရိုးကွန့်
📖ဂီတပဒေသာ မဂ္ဂဇင်း
     ၁၉၈၅ ခု ၊ ဇန်နဝါရီလ

Sunday, April 20, 2025

ပရောဟိတ်


 ❝ ပရောဟိတ် ❞

   ( ကိုရိုးကွန့် )


ထိုစဉ် အခါက အဖေ့ တွင် လယ်ဧက အတော် များများ ရှိသည် ။ ဘယ်နှစ်ဧက ဟု ကျွန်တော် မသိ ။ အမွေ ရထားသော လယ်များ ဟူ၍ သာ သိပါသည် ။ အဖေ သည် အစိုးရဝန်ထမ်း မို့ သွားရောက် လုပ်ကိုင်ခြင်း မရှိ ။ ရောင်းချခြင်း လည်း မပြုပေ ။ လယ်လုပ်သူများ ကို အငှား ချထားပါသည် ။


အဖေ့ လယ် တွင် တစ်နှစ် လျှင် တစ်ဦး ပြောင်းလဲသည် ။ ကိုခွေးပု နှင့် မှ လူ မပြောင်းဘဲ မြဲတော့သည် ။ အဖေ သည် ကိုခွေးပု ကြိုးစားကြောင်း ၊ ရိုးသားကြောင်း ကို အမြဲပြောသည် ။


ရှေ့မှာ သာ မဟုတ် ၊ ကိုခွေးပု ကွယ်ရာမှာ လည်း ချီးကျူးသည် ။ လက်ရင်းတပည့် အဖြစ် သတ်မှတ်ကာ ကိုခွေးပု တစ်ဦးတည်း ကို သာ နှစ်စဉ် လုပ်ကိုင်ခွင့် ပေးလိုက်၏ ။ ကိုခွေးပု သည် ပိုမို ကြိုးစား၏ ။ တစ်နှစ် ထက် တစ်နှစ် စပါးတင်းရေ တိုးကာ အပ်နှံနိုင်၏ ။


ထို့ကြောင့် ကိုခွေးပု သည် ကျွန်တော်တို့ အိမ်သို့ နှစ်လ လျှင် တစ်ခေါက် ၊ သုံးလ လျှင် တစ်ခေါက် ဆိုသလို ရောက်လာ တတ်သည် ။ အိမ် ထဲ ဝင် လျှင် ကိုယ်ကို ကျုံ့၍ ခါး ကို ကုန်း၍ ဝင်သည် ။ ကျွန်တော့် မိဘများ ရှေ့ တွင် ကိုခွေးပု သည် မင်းနှစ်ပါး ရှေ့၌ ခစားနေသည့် မင်းမှုထမ်း သဖွယ် ခေါင်းငုံ့ထားသည် ။ စကား ပြောလျှင်လည်း ကျွန်တော့် မိဘများ မျက်နှာ ကို ကြည့်၍ မပြောဝံ့ပေ ။


လူကြီးများ ရှေ့တွင် ကျဉ်းကျပ်နေသည့် ကိုခွေးပု ၏ စိတ် ကို ကျွန် တော်တို့ မောင်နှမ ထံ လာ၍ လျော့လေသလား ၊ သို့မဟုတ် လူကြီးများ ကို ကြောက်သဖြင့် ကလေးများ နှင့် လာရောက် ရောလေသလား မသိ ။ ကျွန်တော့် မိဘများ ကို ပေးစရာ ၊ ပြောစရာများ ပေးပြီး ပြောပြီး လျှင် ကျွန်တော်တို့ မောင်နှမ ထံ လာ၍ ရယ်ရယ်မောမော စကား ဆိုတတ်သည် ။


အလုပ်ကြမ်း နှင့် ရာသီကြမ်း ကြောင့် အရွယ်နှင့် မလိုက်အောင် ရင့်ထော် နေသော်လည်း ကိုခွေးပု မျက်နှာ က ပြုံးရယ်လိုက် လျှင် အရွယ် နု လာသလို ထင်ရ၏ ။ မည်းမည်းတုတ်တုတ် ကိုယ်ခန္ဓာကြီး နှင့် မလိုက်ဖက်အောင် ကို ရယ်သံလွင်လွင်လေး ထွက်လာသည် ။ 


ရယ်လိုက်တိုင်း သွားဖုံးမည်းမည်းကြီးတွေ ပေါ်လာသည် ကတော့ ဆိုးပါသည်  ။ သို့သော် ကြောက်စရာ မဟုတ်ပါ ။ သူ ရယ်ပုံမှာ အလွန် ရယ်စရာ ကောင်းသဖြင့် ကျွန်တော်တို့ မောင်နှမ လိုက် ရယ်မိကြသည် ။


ချစ်စရာ ကောင်းပုံမှာ ကိုခွေးပု လာလျှင် စားစရာ တစ်ခုခု ပါတတ်သည် ။ အမေ့ မီးဖိုချောင် အတွက် ခရမ်းသီး ၊ ဘူးသီး ၊ ကြက်ဟင်းခါးသီး နှင့် ကျွန်တော်တို့ မောင်နှမ အတွက် နွေရာသီ လာလျှင် စိမ်းစားဥ ၊ ဆောင်း ရာသီ လာလျှင် ထန်းပင်မြစ် အစရှိသည့် ရာသီ အလိုက် သီးနှံတွေ ပါလာတတ်သည် ။ အသီးအနှံ မပါလျှင် ထန်းသီးမုန့် တို့ ၊ မုန့်လေပွေ တို့ ၊ မုန့်ဖက်ထုပ် တို့  ၊ မုန့်ကျွဲသည်း တို့ တစ်ခု မဟုတ် တစ်ခု ယူလာ တတ်သည် ။


ကျွန်တော် သည် ကိုခွေးပု ပေးသမျှ မုန့် အားလုံး ကို စား သော်လည်း မမ သည် တစ်ခါတစ်ရံ မစားပါ ။ မမ က ကိုခွေး ပု၏ လက်သည်းရှည်ရှည် ထဲ မှ ချေးမည်းမည်းများ ကို ကြည့်၍ နှာခေါင်းရှုံ့ ပြတတ်သည် ။


ကိုခွေးပု သည် သူ့ သားလေး ကို တစ်ခါတလေ ခေါ်လာသည် ။ သူ့ အဖေ နှယ်ပင် ယို့ယို့လေး ပါလာသည် ။ ကောင်လေး က ကျွန်တော် နှင့် သက်တူရွယ်တူ လောက် ဖြစ်သည် ။ စိန်အေး ဟု ခေါ်ပါသည် ။ စိန်အေး က သူ့ အဖေ လိုပင် အရပ် ပုသည် ။ စိန်အေး အရပ်က ကျွန်တော့် နားရွက် ထိပ်ဖျား အထိ သာ ရှိသည် ။ သို့သော် လက်ဖဝါး ခြေဖဝါး နှင့် ခြေသလုံးများ သည် ကျွန်တော့် ထက် ကြီးသည် ။ ထူထဲတုတ်ခိုင်သည် ။


စိန်အေး မျက်နှာ က ဝိုင်းသည် ။ ဆံပင်များမှာ အလွန် သန်စွမ်းမည်းနက် သဖြင့် ထောင်နေသည် ။ ဘယ်လိုမှ ဖြီးလို့ မရ ။ ဖိလို့ မရသော ဆံပင် ဖြစ်သည် ။ ခေါင်းတုံး မှ ဆံပင် ပေါက်လာ သလို ရှေ့ရော နောက်ပါ အရှည်ညီသည် ။ ပါးဖောင်းဖောင်း ၊ နားရွက်ကုပ်ကုပ် ၊ နှာခေါင်းပြားပြား ၊ နှုတ်ခမ်း ပါးပါး မို့ စိန်အေး မျက်နှာ က ဘောလုံး ပေါ် သင်္ဘောဆေး ဖြင့် ရေး ထားသည့်နှယ် ရှိ၏ ။ ကျွန်တော်တို့ ငယ်စဉ်က ကြည့်ခဲ့သော ကာတွန်းများ မှ မောင်ကမ္ဘာ နှင့် အလွန် တူပါသည် ။


ကျွန်တော် က စိန်အေး ကို ကစားရအောင် ခေါ်လျှင် ခေါင်းယမ်းသည် ။ မုန့်ပေး လျှင် လည်း သူ့ အဖေ မျက်နှာ ကို လှမ်း ကြည့်ပြီး တွင်တွင် ယမ်း သည် ။


သူ့ အဖေ ခွင့်ပြုမှ သာ စိန်အေး သည် ကစားရဲ၏ ။ စားရဲ၏ ။


ငါးတန်း စာမေးပွဲ ဖြေ အပြီး နွေကျောင်းပိတ်ရက် တွင် ကျွန်တော် သည် ကိုခွေးပု နှင့် အတူ ရွာသို့ လိုက်သွားဖူးသည် ။ သစ်သား ဖြင့် ပြုလုပ် ယိုင်ရွဲ့နေသော ကား ကိုယ်ထည် သည် လမ်းကြောင်း ကြမ်းကြမ်း ပေါ်၌ အလွန်ဆူညံသည် ။ ကားစက်သံ သည် လူမမာ ညည်းသံ နှင့် တူသည် ။


တုံ့နှေးတုံ့နှေး သွားနေသော သက်ကြီးရွယ်လွန် ကားအိုကြီး ကို သည်းခံ၍ စီးခဲ့ရသည် ။ အချိန် နာရီ မသိသော်လည်း အတော်ကြာကြာ စီးရသည် ။ တစ်ခေါက်တည်း နှင့် ပင် နောက်ထပ် စီးရမှာ ကြောက်သည် ။ ရောက်ပြီ ပြောလို့ ဆင်းတော့လည်း လမ်းနံဘေး ဇရပ်အို တစ်ခုသာ တွေ့ရသည် ။ ရွာ ကို အစအန ပင် မမြင်ရ ။ ကိုခွေးပု က လက်ညှိုးထိုး ပြမှ ကျယ်ပြန့်သော ရိုးပြတ်ကွင်းပြင်ကြီး ၏ အဆုံးတွင် မည်းမည်းအုပ်အုပ် ရွာစုလေး ကို မြင်ရသည် ။


“ ရွာ က ဝေးသေးတယ် ။ မင်း လျှောက်နိုင်မှာ မဟုတ်ဘူး ။ နွားလှည်းကြုံ စောင့်ရအောင် ” ဟု ကိုခွေးပု က ပြောသည် ။ လှည်း စောင့်ရင်း နှင့် ရေငတ် လာပါသည် ။ သောက်စရာ လည်း မရှိသဖြင့် လိုက်လာ မိတာ မှားပြီ ဟု နောင်တရခဲ့သည် ။ 


ကံအားလျော်စွာပင် နွားလှည်း တစ်စီး သည် ခဏ နှင့် ရောက်လာသည် ။ ရွာ ကို ရောက်မည် ဆိုသဖြင့် ဝမ်းသာအားရ တက်လိုက်လာသည် ။ ခုန်ပေါက် နေသော လှည်း ပေါ် တွင် ကျွန်တော် သည် ဖင်ချ မထိုင်နိုင်ပါ ။ ဆောင့်ကြောင့်ထိုင် ၍ လိုက်ရသည် ။


ကျွန်တော် မပါလျှင် ဤ ခရီး ကို ခြေကျင် လျှောက်သည် ဟု ကိုခွေးပု က ပြောသည် ။ စိန်အေး ကော လျှောက်နိုင်သလား ဟု ကျွန်တော် က ပြန် မေးသောအခါ လျှောက်နိုင်တာပေါ့ကွာ ဟု ဖြေပါသည် ။ ကျွန်တော် မယုံ ချင်သော်လည်း ထပ်ကွန့် မမေးခဲ့ပေ ။


ရွာသို့ ရောက်သော် နွားစာ ကျွေးနေသော စိန်အေး ကို လှမ်းခေါ်သည် ။ ပထမ တော့ စိန်အေး အံ့ဩ နေသည် ။ ထို့နောက် ဝမ်းသာအားရ ပြေး လာသည် ။ စိန်အေး နောက်တွင် ဘုစုခရုကလေးတွေ တစ်သီကြီး ပါလာသည် ။ စိန်အေး ၏ ညီ ၊ ညီမများ ဟု နောင်မှ သိရသည် ။


စိန်အေး သည် ကျွန်တော်တို့ အိမ် လာစဉ် က ထက် သူ့ ရပ်ရွာတွင် ပို၍ သွက်လက်သည် ။ အသံ လည်း ပို ကျယ်သည် ။ အလွန် လည်း ဆော့နိုင်သည် ။ ရွာထိပ် က ညောင်ပင်ကြီး အောက်တွင် ဆော့ကစားခဲ့ပုံများ ကို ကျွန်တော် ခဏခဏ သတိရသည် ။ 


ညောင်ပင်ကြီး သည် ထီးဖွင့်၍ ချထားသည့် နှယ် ကျွန်တော်တို့ ကို မိုး ပေးသည် ။ ပင်စည်ကြီး က ကျွန်တော်တို့ ကလေး ဆယ်ယောက် လက်ချင်း ဆက်၍ ဖက်သည် ပင် မမီပေ ။ ညောင်ကိုင်း မှ ညောင်မုတ်ဆိတ်များ သည် အမျှင်တန်း ၍ မြေပေါ်သို့ တိုင် ကျနေ၏ ။


စိန်အေးတို့ က ညောင်မုတ်ဆိတ်မျှင်များ ထုံး ဆက်၍ ဒန်းလုပ် စီးပြ သော် ကျွန်တော်က တွဲခို၍ တာဇံ လုပ်ပြသည် ။ တာဇံ ကို စိန်အေး မသိပါ ။ သို့သော် ကျွန်တော် လုပ် သလို ခိုစီး လိုက် ၊ စူးစူးဝါးဝါး အော်လိုက် လုပ်ရခြင်း ကို စိန်အေး နှစ်သက်သည် ။


ထို ညောင်ပင် အောက်မှာ ကျွန်တော်တို့ စိန်ပြေးတမ်း ကစားခဲ့သည် ။ စစ်တိုက်တမ်း ကစားခဲ့သည် ။ သူခိုး ၊ ပုလိပ် လုပ်တမ်း ကစားခဲ့သည် ။ တူတူပုန်းတမ်း ကစားခဲ့သည် ။ တစ်ခါတစ်ရံ တွင် ကျွန်တော်တို့ သည် မြစ်ကမ်းနံဘေး က ရွှံ့များ ခွာ၍ ညောင်ပင် အောက် မှာ အိုးပုတ်ချိုးရုပ် နှင့် နွားရုပ်များ ကို ငြိမ်ငြိမ်ဆိမ်ဆိမ် လုပ်နေတတ်သည် ။


စိန်အေး တို့ နှင့်အတူ ယှဉ်၍ မကစားနိုင်သည် မှာ မြစ် ထဲတွင် စိန်ပြေးတမ်း ဖြစ်ပါသည် ။ ကျွန်တော် သည် ရေမကူးတတ်သေး သဖြင့် မြစ် ထဲ မဆင်းဝံ့ပါ ။ သူတို့ ကစားသည် ကို ကမ်းပေါ် မှ ထိုင်ကြည့်ရင်း ရယ်ရသည် ။ စိန်အေး က ရေကူး ရေငုပ် ရာ မှာ လည်း ဖျံလေး လို ကျွမ်းကျင်သည် ။ လိုက်ဖမ်းသူ မမီအောင် ကွေ့ပတ် ကူးနိုင်သည် ။ မီလုမီခင် ဖြစ် လျှင် စွတ်ခနဲ ရေငုပ်၍ ပျောက် သွားသည် ။ မထင်မှတ်သော နေရာမှ ဘွားခနဲ ပေါ်လာကာ ပြောင်ပြလျှင် အလွန် ရယ်ရသည် ။ 


မြစ်ထဲ မှ ရေကို ခွက်ဖြင့် ခပ်ချိုးနေသည့် ကျွန်တော့် အား စိန်အေး သည် ဆွဲခေါ်၍ ရေကူး သင် ပေးသည် ။ သို့သော် ရွာ တွင် တစ်ပတ် မပြည့်မီ ကျွန်တော့် အဖေ ရောက် လာပြီး ပြန် ခေါ်သဖြင့် ရေမကူး တတ်မီ ပြန်ခဲ့ရသည် ။


အဖေ က ကျွန်တော် ငါးတန်း အောင်ကြောင်း ၊ ပထမ ရကြောင်း ပြောသဖြင့် ဝမ်းသာအားရ ပြန်လိုက်သွားသည် ။


မိုးဦး အကျ ကျောင်းတွေ ပြန် ဖွင့်ချိန်တွင် ကိုခွေးပု သည် စိန်အေး ကို လက် ဆွဲ၍ ကျွန်တော်တို့ အိမ်သို့ ရောက်လာသည် ။ အဖေ က ကုလားထိုင် ပေါ် ထိုင်ပါ ဟု ပြောသော်လည်း ကိုခွေးပု သည် မထိုင် ။ ကြမ်းပေါ် မှာ သာ ကျုံ့ကျုံ့လေး ထိုင်သည် ။


စိန်အေး က လွယ်အိတ် ဖောင်းဖောင်းလေး ကို ပိုက်လျက် သူ့ အဖေ နှင့် အသားချင်း ထိအောင် ကပ် ထိုင်သည် ။ ခါတိုင်း လာပုံမျိုး နှင့် မတူ ။ အဖေ့ ကို အလွန် ရိုကျိုး၍ အလွန် အားကိုးနေပုံသည် သူတို့ သားအဖ မျက်နှာ ပေါ်တွင် ထင်နေ၏ ။ ထူးခြား သဖြင့် ကျွန်တော် လည်း မနီးမဝေး မှ ရပ်ကြည့်မိသည် ။ အမေ က ဇာပန်းထိုးသော ခွေ ကို ကိုင်၍ အခန်း ထဲမှ ထွက် လာပြီး ကုလားထိုင် တစ်လုံး တွင် ဝင်ထိုင်သည် ။


ကိုခွေးပု သည် ခါတိုင်းလို လယ် အကြောင်း ၊ စပါး အကြောင်း မပြောပါ ။


“ ဆရာကြီး ၊ ကျွန်တော့် သားလေး သုံးတန်း အောင်ပါတယ် ။ လေးတန်း ကို ဆရာကြီးတို့ အိမ် မှာ ထားချင်လို့ ”


ကိုခွေးပု အသံသည် ထစ်ထစ်အအ ပေါ်ထွက် လာသည် ။ စိန်အေး ရောက်လာတော့မည် မို့ ကျွန်တော် ပျော်သွားသည် ။


သို့သော် အဖေ က ဘာမျှမ ပြောရသေးမီ အမေ က ဆိုးဆိုးဆတ်ဆတ် ဝင် ပြောသည် ။


“ မင်းနှယ် ရွာ မှာ ကျောင်း ရှိသားနဲ့ ” 


“ ဟုတ်ပါတယ် ဆရာကတော် ရယ် ။ ဒါပေမဲ့ ရွာ မှာ ဆရာ တစ်ယောက်တည်းပါ ၊ ကလေးတွေ က များ တော့ အောင်တာ နည်းတယ် ၊ လေးတန်း ဆိုတော့ ဘုတ်စစ် တဲ့ ” 


“ ဘုတ်စစ်စစ် ၊ ဘာစစ်စစ် နင့် သား တော်ရင် အောင်မှာပဲ ”


အမေ့ စကား ကို ကျွန်တော် မကြိုက်ပါ ။ စိန်အေး ကို လက်ခံစေချင်သည် ။  ရွာ မှာ လို ဆော့ကစား ချင်သည် ။


တင်းထားသော အမေ့ မျက်နှာ ကို မကြည့်တော့ဘဲ ငြိမ်နေသည့် အဖေ့ မျက်နှာ ကို ကြည့်မိသည် ။ အဖေ က လက်ခံပါစေ ဟု ဆုတောင်း နေမိသည် ။


“ ဘခွေး ၊ မင်း သားကို မြို့ မှာ ထားချင်တယ် မဟုတ်လား ။ အေး ... ထား ။ သူ ပညာ သင်ဖို့ ငါ ထောက်ပံ့မယ် ” 


အိမ်တွင် အဖေ့ ဩဇာ ကို မည်သူမျှ မလှန်ရဲပါ ။ အမေ သည် ဧည့်သည် ရှေ့မို့ ဘာမျှ မပြောသော်လည်း မီး တဝင်းဝင်း တောက် နေသော မျက်လုံး အစုံ ဖြင့် အဖေ့ ကို စိုက်ကြည့်သည် ။ အဖေ က ပြန် ကြည့်သော် အကြည့် လွှဲကာ ထိုင်ရာ မှ ထသွားသည် ။ 


အမေ ဒေါကန် နေသော်လည်း ကျွန်တော် ပျော်သည် ။ စိန်အေး လက် ဆွဲ၍ မမ ထံသို့ ခေါ်သွားသည် ။ အိမ် မှာ နေမည့် အကြောင်း ပြောပြသော် မမ က မောင်လေး နဲ့ အဖော် ရတာပေါ့ ဟု ပြောသည် ။ သဘောကောင်း သော မမ သည် စိန်အေး ပါး ကို လိမ်ဆွဲသည် ။ စိန်အေး လည်း ကျွန်တော် တို့ မောင်နှမ နှင့် ထပ်တူ ပြုံးပျော်နေသည် ။


ကိုခွေးပု သည် ဘဘကြီး မေမေကြီး တို့ စကား ကို နားထောင်ရန် ၊ ကျွ န်တော် နှင့် တည့်အောင် နေရန် မှာ ကြား၍ စိန်အေး ကို ထားခဲ့ကာ ပြန် သွားသည် ။


အမေ သည် ညစာစားချိန် ရောက်သည့်တိုင် အခန်း ထဲမှ ထွက်မလာ သဖြင့် အဖေ က သွားချော့သည် ။


“ မလွင် ရယ် လူ တစ်ယောက် တိုးလာလို့ ငွေ ပိုကုန်တာ ကိုသိန်း သိပါ တယ် ။ ကောင်လေး က လုပ်နိုင်ကိုင်နိုင် အရွယ် ဆိုတော့ မင်း ခိုင်းချင်တာ ခိုင်းလို့ ရတာပေါ့ကွ ။ သမီးကြီး က သည်နှစ် ရှစ်တန်း မဟုတ်လား ။ စိုးရစစ် ဆိုတော့ စာတွေ များ လာပြီ ။ မင့် ကို ကူနိုင်တော့မှာ မဟုတ်ဘူး ။ ထမင်းချက် လိုက် အဝတ်ဖွပ် လိုက် ဈေးသွား လိုက် နဲ့ မလွင် တစ်ယောက်တည်း မနိုင်ရင် လူ ငှားရမယ့် အတူတူ သည် ကောင်လေး က စိတ်ချရတယ်လေ ။ သား နဲ့ ရွယ်တူ ပေမယ့် တော မှာ နေတဲ့ ကလေး ဆိုတော့ သန်တယ် ။ ထင်းခွဲရေခပ် ကောင်းကောင်း လုပ်နိုင်တယ် ။ ဘခွေး လည်း ဆန္ဒပြည့် ၊ တို့ လည်း အကျိုး ရှိပေါ့ကွာ ” 


ဤသို့ဖြင့် စိန်အေး တစ်ယောက် ကျွန်တော်တို့ အိမ် သို့ ရောက်လာသည် ။ ရပ်ကွက် ထဲ က မူလတန်းကျောင်း မှာ ပင် စိန်အေး ကို အပ်နှံသည် ။ ကျွန်တော်တို့ မောင်နှမ က မြို့လယ် ရှိ နာမည်ကြီး အထက်တန်းကျောင်း တွင် နေသည် ။ ကျွန်တော်တို့ ကျော င်းက ဝေးသဖြင့် စက်ဘီး ဖြင့် သွားရသည်  ။ စိန်အေး က ခြေကျင် သွားသည် ။


မူလ က မျှော်မှန်းထား သလို စိန်အေး နှင့် ကျွန်တော် သည် ရွာမှာ ကဲ့သို့ တစ်ပူးတွဲတွဲ မနေရပါ ။ မဆော့ရပါ ။ အတန်း ကြီးလာသည် နှင့် အမျှ ကျွန်တော့် တွင် စာများ လာသည် ။ ပထမ ရသွားသည့် အဆင့် ကို ဆက်လက် ထိန်းနိုင်အောင် ကြိုးစားရသည် ။


ကစားရန် ထက် စာကျက်ရန် အချိန် ကို လုနေရသည် ။ အိမ်ရယ် ၊ ကျောင်းရယ် ၊ ကျူရှင်ရယ် ပြေးလွှားနေရသည် ။ ကျောင်းပိတ်ရက်များ မှာ ကျွန်တော် က စာကြည့်ခန်း ထဲ ရောက်နေ သလို စိန်အေး သည် မီးဖိုချောင် ထဲ ရောက်နေသည် ။ 


ကစားဖို့ ဝေးစွ ၊ မျက်နှာချင်းဆိုင် မိသည့် ရက်ပင် ရှားပါးလှ၏ ။ နှစ်ယောက် တွေ့လျှင် လည်း အမေ က စိန်အေး ကို အလုပ် တစ်ခုခု ခေါ်ခိုင်း တတ်သည် ။ ကျွန်တော့် ကို စာမကျက်ဘူးလား ဟု မေးတတ်သည် ။ တစ်အိမ်တည်း အတူ နေရသော်လည်း စိန်အေး နှင့် ကျွန်တော် အဝေးကြီး ဝေးလျက် ရှိသည် ။


စိန်အေး ရောက်လာ မှ ရေစည် မဝယ်ရတော့ပါ ။ ချိုးရေ နှင့် သုံးရေများ ကို စိန်အေး ထမ်းသည် ။ အဖေ နှင့် ကျွန်တော့် အဝတ်များ ကို စိန်အေး ဖွပ်သည် ။


စိန်အေး ရောက်လာ မှ အမေ အတော် သက်သာသည် ။ သို့သော် အမေ သည် စိန်အေး ကို နည်းနည်းမှ မျက်နှာသာ မပေးပေ ။ အိုးတိုက်တာ မပြောင် လျှင် ဒေါင်ခနဲ ခေါက်သည် ။ ထမင်း ပျော့လျှင် ဗိုက်ကြော ဆွဲလိမ်သည် ။ တံမြက်စည်း မလှည်းလျှင် ဖြန်းခနဲ ရိုက်သည် ။ စိန်အေး ဘာလုပ်လုပ် အမေ က မြည်တွန် တောက်တီးသည် ။ ထိုအခါမျိုး တွင် အဖေ သည် မမြင်လို သဖြင့် မမြင်ရာ မကြားရာ နေရာသို့ ရှောင်ထွက် သွားသည် ။


စိန်အေး အပေါ် အမေ ၏ အပြုအမူများ သည် သားသမီးချင်း မစာနာ ဟု မြင်မိသည် ။ သို့သော် အမေ့ ကို မိန်းမဆိုး ၊ မိန်းမကြမ်း ဟု မမြင်ပါ ။ အမေ က ကျွန်တော်တို့ မောင်နှမ ကို အလွန် ချစ်သည် ။ ကျွန်တော် တို့ လည်း အမေ့ ကို တအား ချစ်သည် ။ ထို အချစ်များ ကြားမှာ အမေ ၏ စိန်အေး အပေါ် ညှာတာ ကင်းမဲ့မှုများ လည်း ပါးလျသွား၏ ။


နောက်ပိုင်းတွင် စိန်အေး ကို ဆူသံ ငေါက်သံများ အား ဥပေက္ခာ ပြုနိုင် လာသည် ။ ကြားရိုး ကြားစဉ် မြင်ရိုး မြင်စဉ် မို့ မထူးဆန်း သလို ဖြစ်လာသည် ။ မမြင်လို မတွေ့လို လျှင် အဖေ့ ၏ နည်းပင် တော်ရာ သို့ ရှောင်နေ တတ်လာသည် ။


စိန်အေး ခမျာ နံနက် ကျောင်း မသွားမချင်း အိမ် အလုပ် လုပ်ရသည် ။ ညနေ ကျောင်း ဆင်းလို့ အိမ် ရောက်သည် နှင့် လက် မှာ အလုပ် က ကပ် နေသည် ။ ထို့ကြောင့် ညပိုင်း စာကျက်ချိန် ဆိုလျှင် စိန်အေး ငိုက်ပြီ ၊ ရှစ်နာရီ ကျော်လျှင် စားပွဲ ပေါ် ခေါင်းတင်၍ အိပ်ပြီ ။ ထိုအခါ အမေ ရောက် လာ၍ ဖြန်းခနဲ ရိုက်သည် ။ စိန်အေး သည် အလန့်တကြား ထ၍ မပီမသ ဗလုံးဗထွေး နှင့် စာဖတ်သည် ။ အသံ ကျယ်လျှင် အမေ မကြိုက်ပြန် ။ အမေ က တိုးတိုးကျက် ဟု ငေါက်လိုက် မှ စိန်အေး အသံ ပြန်ကျ သွားသည် ။ စိန်အေး က စာ ကို အော်ကျက် မှ ရကြောင်း ကျွန်တော့် ကို ပြောဖူးသည် ။


နောင်တွင် စိန်အေး သည် အမေ ဘယ်လောက် ရိုက်ရိုက် ၊ ဘယ်လိုပင် ဆူဆူ မတုန်လှုပ်တော့ပေ ။ သစ်တုံး လို ငုံ့ခံသည် ။ လုပ်စရာ ရှိလျှင် စက်ရုပ် လို လုပ်သွားသည် ။ စိန်အေး မျက်နှာ ပေါ်တွင် ရယ်ခြင်း ငိုခြင်းများ ကွယ်ပျောက်၍ အမြဲလိုပင် မျက်နှာသေကြီး နှင့် ဖြစ်နေသည် ။


ကိုခွေးပု လာလျှင် အမေ က ဆီး၍ “ မင့် သား က ဉာဏ်ထိုင်းတယ် ၊ စာ ထဲ စိတ် မပါဘူး ၊ စာကျက် ခိုင်းရင် အိပ်တော့တာပဲ ” စသည် ဖြင့် ဦးအောင် ပြောတတ်သည် ။ ကိုခွေးပု မှာ သူ့ သား ခေါင်း ကို ပွတ်၍ “ လိမ်မာပါ သားရယ် ၊ ကြိုးစားပါ သားရယ် ” ဟု သာ တတွတ်တွတ် ပြောတတ်ရှာသည် ။ စိန်အေး ကမူ မည်သူ့ စကား ကို မှ မကြားသလို ငေးငေးငူငူ နေတတ်သည် ။ 


ကျွန်တော် သည် ခြောက်တန်း ၊ ခုနှစ်တန်း ၊ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း မှန်မှန် အောင်သည် ။ စိန်အေး ကား ကျ , လိုက် အောင်လိုက် နှင့် ခြောက်တန်း အထိပဲ ရောက်သည် ။


ကျွန်တော် ဆယ်တန်း အောင်စဉ် က ဂုဏ်ထူး သုံးဘာသာ ပဲ ရရပါ့မလား လို့ အမေ ဆူ စဉ် နားပူလွန်း သဖြင့် -


“ စိန်အေး နဲ့ ကျွန်တော် အသက်ချင်း အတူတူပဲ ၊ စိန်အေး ဆိုရင် ခုမှ ခြောက်တန်း ပဲ ရောက်သေးတယ် ၊ အဲ့ဒါကို ပြောပါလား ” 


“ အောင်မလေးတော် ... စိန်အေး ကို စကားထဲ ထည့် မပြောနဲ့ ၊ လယ် ထဲ က လာတဲ့ ကောင် လယ်ထဲ သွားမှာ ပဲ ၊ ကိုယ့် ထက် မြင့်တဲ့ လူနဲ့ ယှဉ်ရတယ် ဟဲ့ ၊ အထူးကုဆရာဝန်ကြီး ဦးထွန်းလှ သား ကျော်ထွန်းလွင် ဆိုရင် ဘာသာစုံဂုဏ်ထူး နဲ့ ဆေးကျောင်း ရသွားပြီ ၊ သူ လည်း တစ်နေ့မှာ အထူးကု ဆရာဝန်ကြီး ဖြစ်မှာ ပဲ ၊ အင်ဂျင်နီယာ သား က အင်ဂျင်နီယာ ဖြစ် ၊ အရာရှိ သား က အရာရှိ ဖြစ် ၊ ကဲ ... ” 


အမေ့ ‘ ကဲ ’ ကြီး ကို လက်မခံသော်လည်း အတိုက်အခံ မပြောတော့ဘဲ ရေငုံနှုတ်ပိတ်‌ နေလိုက်သည် ။


သည် နောက်တွင် ကျွန်တော် သည် စက်မှုတက္ကသိုလ် တက်ခွင့် ရသဖြင့် ရန်ကုန် သို့ ရောက်ရှိ လာသည် ။ မမ က စီးပွားရေးတက္ကသိုလ် တတိယနှစ် မို့ မောင်နှမ နှစ်ယောက်လုံး ရန်ကုန် မှာ ဆုံသည် ။ ကျွန်တော်တို့ မောင်နှမ ထံ အမေ သည် မကြာခဏ လာသည် ။ ကျောင်းပိတ် လျှင် ပင် ကျွန်တော်တို့ သားအမိ သုံးယောက် သည် မြို့သို့ မပြန်ဖြစ်ပေ ။


စကားကြုံ မှ စိန်အေး ရွာပြန် သွားကြောင်း ၊ အိမ်ထောင်ကျကြောင်း ၊ ကိုခွေးပု မမာကြောင်း ၊ လယ်များ လည်း အားလုံး ရောင်းလိုက်ကြောင်း တို့ ကို သာမန်လောက် ကြားသိရသည် ။ စိန်အေး အကြောင်း ရေးကြီးခွင်ကျယ် လုပ် မပြောကြသလို အရေးတယူ မေးမြန်း စုံစမ်းခြင်း လည်း မပြုမိကြ ။ ကျွန်တော်တို့ ဘဝ တက်လမ်း တွင် ဘာမှ အထောက်အကူ မဖြစ်တော့သော ကိုခွေးပု တို့ ၊ စိန်အေး တို့ သည် ကျွန်တော်တို့ ပတ်ဝန်းကျင် မှ အလိုလို လွင့်စဉ် သေးသိမ်မှုန်ဝါးလေ၏ ။


ဘွဲ့ရ ပြီးမှ မြို့ သို့ ကျွန်တော် ပြန်သည် ။ မြို့လယ် တွင် ဆိုင်ခန်း ဖွင့်သည် ။ လျှပ်စစ်ပစ္စည်းများ ၊ ဗီဒီယို ၊ ရုပ်မြင်သံကြားစက်များ ပြုပြင်သည် ။ 


မမ သည် မိဘများ ပေးစားသော ကိုသိန်းဆောင် နှင့် အိမ်ထောင် ကျပြီး နောက် သျှောင်နောက် ဆံထုံးပါ ဆိုသလို မန္တလေးမြို့ သို့ ပြောင်းရွှေ့သွားသည် ။ အဖေ သည် လည်း အငြိမ်းစား ယူလိုက်ပြီ ။ 


အိမ် ၏ စားဝတ်နေရေး ကို ကျွန်တော် ဝင်ငွေဖြင့် ဖြည့်တင်းသည် ။ လုပ်ငန်း ကောင်းမွန်သဖြင့် ဝင်ငွေ ကောင်းသည် ။ ယခင်လို ပင် ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် နေနိုင်သည် ။ အဖေ က သူ စုဆောင်းငွေ ဖြင့် ရွာသို့ သွားကာ ကျောင်း ဆောက်သည် ။ အဖေ နှင့် အမေ သည် ရွာတွင် နှစ်လကျော် မျှ နေခဲ့ကြသည် ။ ကျောင်းရေစက်ချ ပြီးမှ ပြန်လာကြသည် ။


တစ်နေ့တွင် အိမ်သို့ မမျှော်လင့်ဘဲ စိန်အေး ရောက်လာသည် ။ မမြင် မတွေ့သည် မှာ နှစ်ချီ ကြာပြီ ဖြစ်သော်လည်း စိန်အေး ဟု ချက်ချင်း သိသည် ။ ရင့်ရော်မှု အကာအရံ အောက်တွင် စိန်အေး သည် မမှတ်မိလောက် အောင် မြုပ်မနေပေ ။


“ ဟာ .... စိန်အေးကြီး ပါလား ၊ လာကွာ ” 


ကျွန်တော် က ဝမ်းသာအားရ ဆီးကြို ခေါ်ငင်လိုက်သည် ။ စိန်အေး သည် ကိုယ် ကို ယို့၍ ဝင်သည် ။ သူ့ နောက်တွင် သူ့ ပုဆုံးစ ကို ဆွဲလျက် ကလေး တစ်ယောက် ပါလာသည် ။


“ ကုလားထိုင် ပေါ် ထိုင်ပါကွ ၊ ဒါ မင့် သားလား ” 


ဆံပင်ထောင်ထောင် ၊ ပါးဖောင်းဖောင်း နှင့် ကလေး က ကျွန်တော့် ကို ပြုံးကြည့်သည် ။ စိန်အေး နောက် မှာ ကပ်သထက် ကပ်သည် ။ အိမ်ရှေ့ မှ အသံများကြောင့် အမေ သည် စိပ်ပုတီး ကိုင် လျက် အခန်း ထဲမှ ထွက်လာ သည် ။ ကုလားထိုင် တစ်လုံး ပေါ် ထိုင်သည် ။ မှုန်ရီနေသော မျက်လုံး ကို လက်ဖြင့် ကာ၍ စိန်အေး တို့ သားအဖ ကို စူးစူးစိုက်စိုက် ကြည့်သည် ။


“ ကျွန်တော် စိန်အေး ပါ မေမေကြီး ။ မေမေကြီး နေကောင်းတယ်နော် ” ဟု စိန်အေး က ပြော၍ အမေ့ ကို ဝပ်ချသည် ။ သူ့ သားလေး ကို လည်း ဝပ်ချခိုင်းသည် ။


“ ငယ်ငယ်တုန်း က လိုတော့ မဟုတ်တော့ပါဘူးကွယ် ၊ ထနိုင် သွားနိုင် ရင် ပဲ နေကောင်းတယ် ခေါ်ရမှာ ပေါ့ ၊ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေကွယ် ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းဝေးပါစေ ”


အမေ ဆုပေး နေစဉ် စိန်အေး သည် ကိုယ် ကို ပြန် မတ်၍ ကျွန်တော့် ကို ကြည့်သည် ။ အမေ့ ကို ကြည့်သည် ။ ထို့နောက် သူ့ နံဘေး မှာ ကပ်နေသည့် သူ့ သား ကို ကြည့်သည် ။


စိန်အေး သည် ပါးစပ် တပြင်ပြင် ဖြစ်နေ သော်လည်း ပြောမည့် စကား မူ တော်တော် နှင့် ထွက်မလာ ။ တံတွေး မျိုချပြီး ...


“ ဒါ ငါ့ သား အကြီးကောင် ပါ ၊ သူ့ အောက်မှာ သုံးယောက် ရှိသေးတယ် ၊ ဒီကောင် က သုံးတန်း အောင်ပြီကွ ” 


စိန်အေး ဆက် ပြောမည့် စကား ကို ကျွန်တော် သိသလို ၊ ကြားဖူးသလို ခံစားရသည် ။ သူ့ သား ကို ကျွန်တော့် အိမ်မှာ ထားချင်ကြောင်း ပြောတော့မည် ။ ထင်သည့် အတိုင်းပင် စိန်အေး နှုတ်မှ ပြောသည့် စကား ကို နား နှင့် ဆတ်ဆတ် ကြားရသည် ။ သူ့ အပြော ထက် ကျွန်တော့် အကြား က အလျင် ကျ၏ ။


စကား ကို သာ မဟုတ် ၊ ဖြစ်စဉ် ကို ပါ ကျွန်တော် သိပြီးသားလို့ ထင်သည် ။ စိန်အေး မျက်လုံး ၊ စိန်အေး သား ၏ မျက်လုံး ။ သည် မျက်လုံးတွေ ၊ သည် အကြည့်တွေ ၊ သည် အဖြစ်တွေ ။


ကြည့်ပြီးသား ရုပ်ရှင် ကို ထပ် ကြည့်ရ သလိုပင် ။


ကျွန်တော် တုန်လှုပ်ခြင်း ကြီးစွာ ဖြစ်ရသည် ။


သူတို့ သားအဖ ရှေ့ရေး ကို ဖတ်ကြားရန် အမေ့ ဘက် သို့ မရဲတရဲ ကြည့်သည် ။


အမေ က ကျွန်တော့် ကို ခေါင်းညိတ် ပြသည် ။


“ လက်ခံလိုက်ပါ သား ၊ တို့ တောက လူတွေ အစစ ချို့တဲ့ ရှာကြတယ် ”


 ▣ ကိုရိုးကွန့်

📖 စံပယ်ဖြူ မဂ္ဂဇင်း

      ၁၉၉၀ ၊ ဖေဖော်ဝါရီ  

Friday, March 14, 2025

သူတို့ ပြန်ပြီ


 

❝ သူတို့ ပြန်ပြီ ❞
    ( ကိုရိုးကွန့် )

သူတို့ ပြန်ပြီ ။
သူတို့ ဆိုသည် မှာ ဆက်ရက်များ ဖြစ်၏ ။
လက်ပံပင် အကိုင်းသည် တုန်ခါ၍ ကျန်ရစ်သည် ။

•••••   •••••   •••••

အမေ ဆွမ်းတော် စွန့်ပြီး ကျောခိုင်းလိုက်သည် နှင့် တစ်ပြိုင်နက် မန်ကျည်းပင် ပေါ်သို့ ကျီးနှစ်ကောင်သည် သုတ်ခနဲ ရောက်လာကာ စွပ်ကနဲ ထိုးချီ၍ မန်ကျည်းပင် ပေါ် ပြန်ရောက်သွား၏ ။ လျင်မြန်လိုက်ပါဘိ ။

အမေ ပြန်လှည့်ကြည့်သောအခါ ထန်းလျက်ခဲများ မရှိတော့ပြီ ။ အခွံ နွာပြီးသား ငှက်ပျောသီး နှင့် ဆွမ်းများ သာ ကျန်၏ ။ အမေ အိမ်ထဲဝင် သွားသောအခါ ဒုတိယအချီ သုတ်သွားပြန်သည် ။ မန်ကျည်းကိုင်း ပေါ် ပြန်နား၍ စားကြသည် ။ အိမ်ရှေ့ မှ အိမ်နောက် ရေကပြင်တို့ မရောက် သေးမီ အမေ စွန့်ခဲ့သော ဆွမ်းနှင့် ခဲဖွယ်ဘောဇဉ်များ ကုန်လေပြီ ။ အမေ ဆွမ်းခွက်များကို ဆေးကြောနေစဉ် အစာ ဝသွားပြီဖြစ်သည့် ကျီးနှစ်ကောင်သည် တအာအာ အော်၏ ။

ကျီးများ သည် သည် နေ့ မိုးလင်း ကတည်းက သာနေသည် ။ ကျီး သာ သဖြင့် ဧည့်သည် လာမည် ဟု အမေ တွက်လိုက်သည် ။ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်၍ လာစရာ ရှိလျှင် ကျောက်ပန်းတောင်း မှ သမီး လာလျှင် လာပေမည် ။

အမေ ၏ သမီး သည် အလတ်မ ဖြစ်၍ မနှင်းရည် ဟု အမည် တွင်၏ ။ အမေ့ သမီး သည် ကျောက်ပန်းတောင်း တွင် အလယ်တန်းပြဆရာမဖြ စ် သည် ။ အမေ့တွင် သားသမီး သုံးယောက် ရှိသည့် အနက် သည် သမီး သာ အမေ နှင့် အနီးဆုံး ။

အမေ့သားကြီး ကိုအေးချမ်း သည် သရက်မြို့တွင် နေသည် ။ သမဝါယမဝန်ထမ်း တစ်ဦး ဖြစ်သည် ။ တောင်ကြီးမြို့ တွင် သားကြီး တာဝန်ကျစဉ် ရှမ်းအမျိုးသမီး နန်းမြင့်သူ နှင့် အိမ်ထောင်ကျသည် ။ အမေ့ သားကြီး သည် အမေ့မြေးများ ကျောင်းပိတ်သည့် နွေရာသီ ရောက်တိုင်း အမေ့ ထံ မပြန်နိုင်ဘဲ ယောက္ခမများ ရှိရာ တောင်ကြီး သို့လည်း ပြန်ရသေး၏ ။ ယင်းကြောင့် အမေ့ သားကြီး သည် အမေ့ ထံ သို့ နှစ်နှစ် တစ်ကြိမ် လောက်သာ ရောက်သည် ။

သားအငယ်ဆုံး ကိုမိုးနှောင်း ကို အမေ မမျှော်မိပေ ။ မမျှော်မိခြင်းမှာ လာမည် မထင်သော ကြောင့် ဖြစ်၏ ။ သားငယ်သည် ရေနီစက္ကူစက် တွင် တာဝန်ထမ်းဆောင် နေသောကြောင့် အမေ နှင့် အလှမ်းကွာဝေးသည် ။ အင်ဂျင်နီယာတစ်ဦး ဖြစ်သည့် သားငယ် သည် လုပ်ငန်းတာဝန် မြားမြောင်သဖြင့် ခွင့်ရက် ရခဲလှသည် ။ သားငယ်သည် အမေ့ ထံသို့ သုံးနှစ် တစ်ကြိမ်လောက်သာ ရောက်သည် ။

သို့သော် သားငယ် ထံ သို့ အမေ သည် မကြာမကြာ ရောက်သည် ။ အင ယ်ဆုံးသားငယ် ကို အချစ်ဆုံး မို့ ရေနီ အထိ အမေ လိုက်လိုက်သွားသည် ။ သား ကို ချစ်သည့် ဇော ဖြင့်သာ လာရသော်လည်း လုပ်ငန်းများ ကို နောက်ဆံ တင်းနေသော အမေသည် တစ်ခဏသာ နေ၍ ရွာသို့ ပြန်ပြေးသည် ။ လွန်ခဲ့သော နှစ်လ ကမှ အမေ သည် ရေနီ မှ ပြန်လာခဲ့၏ ။

ထို့ကြောင့် သားငယ် ကို အမေ မမျှော်ခြင်း ဖြစ်သည် ။

အမေ့သမီးလတ် သည် အမေ့ ထံသို့ နှစ်တိုင်း လာလေ့ရှိသည် ။ ကျောင်းပိတ်တိုင်း အမေ့ ရွာသို့ လာ၍ အေးရိပ်ခိုကြသည် ။

နွေရာသီ ရောက်ပြီ ။

ရွှေကျီး က လည်း သာသည် ။

သမီးလတ် လာမည် ။

အမေ့ စိတ် က အလိုလို သိသည် ။

•••••   •••••   •••••

အမေ့ ရွာသည် ဧရာဝတီမြစ်လယ် မှာ ရှိသည် ။ မြစ် ထဲ က ကျွန်းပေမယ့် ကျွန်းကြီးဖြစ်သည် ။ အမေ့ ရွာမှ မြောက်သို့ သွားသော် ညောင်ဦးမြို့ ရောက်၏ ။ တောင်သို့ သွားသော် ချောက်မြို့ရောက်၏ ။

အမေ့ ရွာသည် ကျွန်းပေါ် တွင် ရှိသောကြောင့် ရွာအရှေ့ဘက် တွင် လည်း ရေကြောင်း ရှိသည် ။ ရွာအနောက်ဘက် တွင် လည်း ရေကြောင်း ရှိသည်  ။

သို့သော် ရွာအရှေ့ဘက် မှ ရေကြောင်းသည် ကျဉ်း၍ တိမ်၏ ။ လှေင ယ်များ သာ သွားနိုင်၏ ။ ရွာအနောက်ဘက် မှ ရေကြောင်းသည် ကျယ်သည် ၊ နက်သည် ။ သင်္ဘောကြီးများ နှင့် မော်တော်များ သွားနိုင်သည် ။

သည် နေ့ အမေ ဘာလုပ်လုပ် စိတ်မပါ ။ အလုပ် ထဲတွင် အမေ့ စိတ်မရှိ ။ အမေ့ စိတ်သည် မော်တော်ဆိပ် သို့ ရောက်နေသည် ။ ချောက် မှ ထွက် လာသော မော်တော် သည် အမေ့ ရွာကို ညနေ သုံးနာရီခန့် တွင် ရောက်သ ည် ။ အရာတော်ရွာ တွင် မော်တော်ခရီး ဆုံးသည် ။ အချို့သော မော်တော်တို့ သည် ကျွန်းချောင်း အထိ သွားသည် ။ ကျွန်းချောင်း တွင် ဓာတ်မြေဩဇာစက်ရုံ ရှိသည် ။

အမေ သည် ဆေးရိုးထောင်း နေစဉ် အနောက်ဘက်သို့ မျှော်မိသည် ။ အမေ သည် ပြောင်းဖူးဖက်ဆေးလိပ် လိပ်နေစဉ် မော်တော်သံ ကို နားစွင့် မိသည် ။ နေမွန်းလွဲသော် အမေ မနေနိုင် တော့ပေ ။ တဘက် တစ်ထည် ဆွဲ၍ ခေါင်းပေါင်း ကာ ရွာအပြင် ထွက်သည် ။ လက်ပံပင် အရိပ်အောက် တွင် အမေ ထိုင်သည် ။

ရွာ နှင့် မော်တော်ဆိပ် ကြားတွင် သဲသောင်ပြင်ကြီး ရှိ၏ ။ နေအပူရှိန်ကြောင့် တံလှပ်များ ထနေသည် ။ အမေသည် တံလှပ် ဝေနေသော သဲသောင်ပြင် ကို ငေးစိုက်ကြည့်ရသည် မှာ မျက်စိ ကျိန်းရှာပေမည် ။ သို့သော် အမေ သည် မျက်စိ မမှိတ် ၊ မျက်နှာ မလွှဲ ။

ဟိုး ... ခပ်ဝေးဝေးရှိ သောင်အစွန်း မှ တလူလူ ထွက်နေသော မီးခိုးတန်း ကို အမေ မြင်ရသည် ။ ထန်းခြောက်ပင်ရွာ မှ မော်တော် ထွက် လာပြီ ဟု အမေ ခန့်မှန်းသည် ။ ထို သောင်စွန်းကို ကွေ့လိုက်လျှင် မော်တော် ကို လုံးလုံးလျားလျား မြင်ရတော့မည် ။

မော်တော်ဆိပ် သို့ မူ အမေ မသွား ။ မသေချာ မရေရာဘဲ အမေ စောင့် ရခြင်း ဖြစ်သည် ။ သည်တော့ သည် နေရာမှ နေ၍ အမေ မျှော်တော့မည် ။

မော်တော် သည် တဖြည်းဖြည်း ကြီးလာသည် ။

ထောင့်ကြီးရွာ ဆိပ်ကမ်း နှင့် နီး လာပြီ ။

အမေ့ မျှော်လင့်ချက်တို့ အချည်းနှီး မဖြစ်နိုင် ။

•••••   •••••   •••••

“ အရီး ... အရီး ... အစ်ကိုလေး တို့ ပါလာတယ်တော့ ”

မြကြည် က အပြေးအလွှား လာ၍ ပြောသောအခါ  ၊ အမေ သည် အတိုင်းမသိ ဝမ်းသာသွားသည် ။ အမေ ထင်သည် က သမီလတ် နှင်းရည် ။ လာတော့ သားငယ် မိုးနှောင်း ။

အမေ့ရုပ်သွင်သည် ချက်ချင်းနုပျိုသွားသည် ။

အမေ သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီး ကို သွားဖြင့် အားရပါးရ ဖိ ကိုက်လိုက်သည် ။ ထဘီ ကို ခပ်တင်းတင်း ပြင်ဝတ်လိုက်သည် ။ တဘက်ကို ကျစ်ကျစ်ပါအောင် ပေါင်းသည် ။ ပြီးတော့ အမေ ပြေးသည် ။ ဖိနပ် မပါသော အမေ့ ခြေထောက်သည် သဲအပူ ကို မမှုတော့ ။

အမေ့ သားသည် နေကာမျက်မှန်ကြီး နှင့် ၊ အမေ့ ချွေးမ သည် အပွင့်လှလှ ခေါက်ထီးလေးနှင့် ၊ အမေ့ မြေးများ သည် ဦးထုပ်တွေ ကိုယ်စီ နှင့် မော်တော်ဆိပ် မှ တက်လာသည် ။ သူတို့ ပစ္စည်းများ ကို အမေ့ အမျိုးများ က ထမ်းပိုး၍ လိုက်လာကြသည် ။

“ လာမယ်ဆို ကြိုပြောရောပေါ့ ငမိုးရယ် ” 

“ ကျွန်တော် စာရေးလိုက်တယ်အမေ ရဲ့ ၊ မရဘူးလား ” 

စာများ သည် အမေ့ ရွာသို့ တိုက်ရိုက် မရောက်ပေ ။ ချောက် သို့သာ ရောက်၏ ။ ချောက် မှ တစ်ဆင့် လူကြုံ ဖြင့် ပေးပို့ရသည် ။ ယင်းကြောင့် တချို့ စာများ နှောင့်နှေးတတ်၏ ။

“ မရဘူး ။ ငါ က မိနှင်း လာမယ် ထင်ပြီး ထွက်မျှော်နေတာ ” 

“ မမနှင်း နဲ့ ကျောက်ပန်းတောင်း မှာ တွေ့ ခဲ့တယ် ။ သူ လဲ စာမေးပွဲအဖြေလွှာတွေ စစ်မပြီးသေး လို့ တဲ့  ။ တစ်ရက် နှစ်ရက် နေပြီးမှ လိုက်လာမတဲ့ ။ သူ့ အိမ်လည်း ခဏပဲ ဝင်ခဲ့ပါတယ် အမေရယ် ။ အမေ နဲ့ တွေ့ချင်လို့ ချက်ချင်းပြေးလာတာ ” 

ပြောပြောဆိုဆို ဖြင့် သားငယ် သည် အမေ့ ပခုံး ကို ဖက်သည် ။

“ ငမိုး က လည်း ကလေးကလားကွယ် ၊ ဖယ်ပါ ။ ငါ့ မြေးတွေ ငါ ချီရဦးမယ် ”

အမေ သည် သုံးနှစ်အရွယ် မြေးငယ်မလေး ကို ကောက်ချီလိုက်သည်

“ အို ... အမေရယ် ၊ မလုပ်ပါနဲ့  ။ သူ့ ဘာသာ သူ လျှောက်ပါစေ ၊ အမေ မောမှာ ပေါ့ ” 

အမေ့ ချွေးမက ဝင်ဆွဲသည် ။

“ ရပါတယ်အေ ... မောပါဘူး ။ ကလေး ခြေပူပါတယ် ”

ဖိနပ် မပါသော အမေ သည် ဖိနပ် ပါသော မြေးကို ခါးထစ်ခွင် ချီ၍ ရှေ့ မှ ဘောက်ဆတ်ဘောက်ဆတ်ဖြင့် လျှောက်သွားသည် ။

နောက်နှစ်ရက် ကြာသော် အမေ့သမီး နှင်းရည် နှင့် ကလေးလေးယောက်ရောက်လာသည် ။ နှင်းရည် ယောက်ျား မှာ အလုပ်ကိစ္စ ဖြင့် နယ်ထွက် သွားရသဖြင့် ပါ မလာပေ ။

နှင်းရည် ရောက်ပြီး နောက်နေ့ တွင် အမေ့သားကြီး အေးချမ်းတို့ မိသားစု ရောက်လာသည် ။

လေးငါးရက် အတောအတွင်း အမေ့ အိမ်ကြီးသည် သားသမီးများ ၊ ချွေးမများ ၊ မြေးများ ဖြင့် စိုစိုပြည်ပြည် ဖြစ်လာသည် ။

ဤကဲ့သို့ လူစုလူဝေးကြီး ကြုံဆုံဖို့ မှာ အလွန် ခက်ခဲ့လှသည် ။ တစ်ဦးလာသည့် နှစ်တွင် တစ်ဦး က မလာနိုင်သဖြင့် လူစုံတက်စုံ မတွေ့ရပေ ။

ယခုအခါ မချိန်းဆိုဘဲ အကြောင်း မကြားဘဲ သားမြေးများ တစ်စုတစ်ဝေး တွေ့ရသည် ။ အမေ ပျော်သည် ။

“ အဲဒါကြောင့် အခုတလော ရွှေကျီး သာတာနေမှာ ” 

တောသူ အမေသည် သူ့ မှတ်ချက်နှင့် သူ ကျီးများ ကို ကျေးဇူ တင်နေသည် ။ ဘူး ထဲမှ ထန်းလျက်ခဲ တစ်ခဲ နှစ်ခဲ ကို ယူ၍ အိမ်ပြင် သို့ ပစ်လိုက်သည် ။ ။

ဘုတ်ဆို ထန်းလျက်ခဲ ကျလာသည် ။

ရွှေကျီး သည် သုတ်ခနဲ ရောက်လာသည် ။

အလျင်အမြန် ကုပ်၍ ပျံတက်သွားသည်  ။

•••••   •••••   •••••

အမေ သည် သားသမီးများ ကို မြင်တော့ သွားလေသူ ကိုဖိုးခ ကို သတိရသည် ။ အမေ့ ယောက်ျား ကိုဖိုးခ သည် အမေ နှင့် သားသမီးများ ကို စွန့် ခွာ၍ လူ့လောက အပြင်ဘက် ထွက်သွားသည် မှာ နှစ်ပေါင်း ကြာမြင့်ပြီ ။
သားငယ်မိုးနှောင်း လေးနှစ်သား တွင် အမေ့ ခင်ပွန်း သေဆုံးသည် ။

အမေ့ ခင်ပွန်းသည် အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးရခြင်း ဖြစ်သည် ။ ဆောင်းတစ်ည တွင် ကိုဖိုးခ သည် အရက်မူးမူး ဖြင့် ကိုင်း ထဲမှ ရွာသို့ ပြန်လာ၏ ။ လမ်းတွင် ပြောင်းဖူးခင်း တွေ့သဖြင့် ဝင်ချိုးသည် ။ ပြောင်းဖူးထုပ် ကို ထမ်းလာစဉ် ညမှောင်မှောင် ၌ ခလုတ်တိုက်၍ ကိုဖိုးခ လဲသည် ။ အရက် အလွန်အကျွံ မူးနေသော ကိုဖိုးခ သည် ပြန် မထနိုင် တော့ပေ ။

အမေ သည် ကိုဖိုးခ ကို စောင့်သေး၏ ။ မီးခွက် မမှုတ် ၊ တံခါးမပိတ် ။ ပြောင်းဖူးဖက်ဆေးလိပ် ကို တထောင်းထောင်း ဖွာသည် ။ ညဉ့်နက် သောအခါ အမေ မစောင့်တော့ ။ ကိုဖိုးခ တစ်ယောက် ကိုင်း ထဲ က တဲမှာ ပင် အိပ်နေပြီ ဟု အမေ ထင်၍ မီးခွက်မှုတ် ၊ တံခါးပိတ်သည် ။

နံနက်လင်းသောအခါ နှင်းမှုန်မှုန် ကြား၌ ပြောင်းဖူးထုပ်က အပေါ်က ကိုဖိုးခ က အောက်က သေနေပြီ ။ အေးစက်၍ တောင့်နေပြီ ။

အမေ သည် သားသမီး သုံးဦး နှင့် မုဆိုးမ ဖြစ်ရသည် ။ ထိုစဉ်က အမေ့ အသက်သည် သုံးဆယ်ကျော် သာ ရှိသေး၏ ။ အမေ နောက်အိမ်ထောင် မပြုတော့ ။ အမေ့ တွင် ဆေးခင်း ရှိသည် ။ ပြောင်းဖူးခင်း ရှိသည် ။ ကြ က်သွန်ခင်း ရှိသည် ။ အမေ ကြိုးစားလုပ်သည် ။ အမေ အပင်ပန်းခံသည် ။ သား သမီးများ ကို ကျောင်းထားသည် ။

သားနှစ်ယောက် ကို ညောင်ဦးမြို့ ရုပ်စုံကျောင်း သို့ ပို့ထားသည် ။ ထို ကျောင်းတွင် အမေ့ဘကြီး ဘုန်းကြီး ရှိသည် ။ ဘုန်းကြီး ဝေယျာဝစ္စများ ကို ဆောက်ရွက်ပေးရင်း ဘုန်းကြီးကျောင်း ၌ နေ၍ ကျောင်းတက်စေသည် ။

အမေ့ သမီးမှာ မူ မိန်းကလေး မို့ အမေ့ အမျိုး အိမ်တွင် ထားသည် ။ အမေ့ အမျိုးများ ညောင်ဦးမြို့ ယွန်းတန်းရပ် တွင် ရှိသည် ။

အမေ ၏ ဇွဲ ၊ အမေ ၏ ကြိုးစားမှုကြောင့် အမေ့ သားသမီးများ ဘွဲ့ ကိုယ်စီရကြသည် ။ အစိုးရ ဝန်ထမ်း အသီးသီး ဖြစ်၍ အမေ နှင့် ဝေးရာသို့ လွင့်ပျံသွားကြသည် ။ အမေ သည် ဘယ်သား ၊ ဘယ်သမီး ထံ သို့မှ လိုက်မနေပေ ။

အမေ သည် ရွာ ကို ချစ်သည် ။ ကိုင်းအလုပ်ကို ခင်တွယ်သည် ။ အမေ သည် သားသမီးများ နှင့် အတူ မနေချင်၍ မဟုတ် ။ အမေ့ လောက် သား သမီး ကို သံယောဇဉ် ကြီးသော ၊ ချစ်ခင်သော မိခင်မျိုး ရှားပါသည် ။

သားသမီးများ က ခေါ်တိုင်း အမေ သည် ဤသို့ ပြောလေ့ရှိ၏ ။

“ မင်းတို့ အဖေ ခေါင်းချ သွားတဲ့ အရပ် က အမေ မခွာဘူး ”

ဪ .... အမေ့ လောက် လင် ကို ချစ်သော မိန်းမ လည်း ရှားပါးပါ၏ ။

•••••   •••••   •••••

သားသမီးများ ရောက်လာတိုင်း အမေ ပင်ပန်းရသည် ။ အမေ သည် ဟင်းလျာကောင်းများ ပြေး၍ ရှာသည် အကောင်းဆုံး ဖြစ်အောင် စီမံချက်ပြုတ် ကျွေးမွေးသည် ။ ရပ်ရွာဓလေ့ အတိုင်း ဟိုအမျိုး အိမ် က သည် အမျိုးအိမ်က ထမင်း ဖိတ်ကျွေးလျှင် အမေ မကြိုက်ချင်ပေ ။

“ ညည်းတို့ လာလာ ခေါ်တာနဲ့ ငါ့ သားသမီးတွေ ကို ဝအောင်တောင် ချက်မကျွေးရသေးဘူး အေ ”

“ အရီး က လည်း ကျွန်မတို့ မှာ သည် တစ်နပ်ပဲ ကျွေးရပါသေးတယ် ၊ မပြန်မချင်း အရီးလေး ကျွေးပါလေ ”

“ အို ... အေ ငါ့ မှာ သုံးလေးနှစ် မှ တစ်ကြိမ် ငါ့သားသမီးတွေ ကို ကျွေး ရတာ ကိုယ်ချင်းစာမှ ပေါ့ ”

အမေ ကလည်း သည်လို ပြောတော့ အမေ့ ကို သနားကြသည် ။

အမေ သည် စောစော အိပ်၍ စောစောထလေ့ ရှိသည် ။ ဘုန်းကြီးကျောင်း မှ အုန်းမောင်း ခေါက် လျှင် အမေ နိုးပြီ ။ ဆွမ်းချက်သည် ။ ဘုရားရှိခိုးသည် ။ ရေနွေးအိုး တည်သည် ။ မြေးများ နိုးလာလျှင် သောက်ရန်အတွက် နွားနို့ ညှစ်သည် ။

နွားမကြီး က နို့ချပေးရန် အတွက် နွားလေး ကို ရှေးဦးစွာ အစို့ ခိုင်းရသည် ။ နွားကလေး နို့စို့ နေစဉ် နွားကလေး ကို တအား ဆွဲ၍ ခွဲရသည် ။ ထိုအခါတွင် အမေ နှင့် နွားငယ်သည် အားပြိုင်ရသည် ။ လွန်ဆွဲရသည် ။ အမေ့ မြေးကြီးများ က အမေ့ ဘက်မှ ကူဆွဲ ပေးကြသည် ။ တပျော်တပါး ။

နွားနို့ ညှစ်လျှင် မြေးများ ကို နွား နားသို့ အကပ်မခံပေ ။ နွား လန့်ကာ မြေးများကို ကန်ကျောက်မှာ စိုးရိမ်၍ ဖြစ်သည် ။ ဒူးနှစ်လုံး နှင့် ခွက် ကို ညှပ်၍ အမေ တစ်ယောက်တည်း နွားနို့ ညှစ်သည် ။

နွားနို့ ကျိုပြီးလျှင် အမေ က နွားနို့ ကို ဆား ခတ်၍ သောက်စေချင်သည် ။ သားများ ၊ မြေးများ က သကြား ပါ မှ ကြိုက်သည် ။ ထန်းလျက် သာ ရှိသော အမေသည် သားများ အကြိုက် သကြား ကိုလည်း ဝယ်ထားရသည်  ။

အမဲသား ၊ ဝက်သား လုံးဝ မစားသော အမေသည် အသား ကြိုက်သော မြေးများ အတွက် ချက်ပြုတ်ကျွေးမွေးတတ်သည် ။ အမေ စားသည် မှာ ငါး သာ ဖြစ်၏ ။

နေ့လယ်နေ့ခင်း တွင် အမေ ပဲပြုတ်သည် ၊ တစ်ခါတစ်ရံ ပဲနီလေး ပြုတ်၍ တစ်ခါတစ်ရံ ပဲစာဥ ပြုတ်သည် ။ အမေ့ အခင်း မှ ရသော ပဲများ ဖြစ်၏ ။ ပဲပြုတ် ကို ဆီချက်ဆမ်း၍ ဆားဖြူးကာ နေ့လယ်စာ အဖြစ် ရေနွေး ဖြင့် တိုက်ကျွေးသည် ။ အလွန် ဆိမ့်သဖြင့် အမေ့ ချွေးမများ နှင့် မြေးများ အလွန်ကြိုက်သည် ။

တမာရွက်နုများ ကို အမေ ခူးသည် ။ သရက်ကင်းများ ကို လိုက်ကောက်သည် ။ မန်ကျည်းသီးမှည့်များ ပုတ်ခြွေသည် ။ ဥသျှစ်သီးများ ကို တံချူ ဖြင့် ဆွတ်ခူးသည် ။

အမေ့ စိတ် ထဲတွင် သားသမီး နှင့် မြေးများကို ဘာလုပ်ကျွေးရမလဲ ဟု အမြဲ ကြံစည်နေသည် ။ သားများ က တားဖြစ်လျှင် အမေ က -

“ မင်းတို့ မြို့မှာ ဖောဖောသီသီ မစားရပါဘူးကွယ် ၊ ချင့်ချိန် စားရ တော့ ကလေးတွေ ဘယ် အာဟာရဖြစ်မလဲ ။ ရောက်တုန်းရောက်ခိုက် ကျွေးရတာ ” ဟု ပြောတတ်သည် ။

အမေ အိမ်လာလျှင် ချင့်ချိန်စားသုံးနေရသော မိမိတို့ ၏ အိမ်တွင်း စီး ပွားရေး ကို ဖုံးဖိမရသော သား သမီးများ သည် ဘာမျှ ပြန်မပြောနိုင်တော့ ။

အမေ သည် သားသမီးများ ကို ငယ်ငယ် ကလည်း ကျွေး၏ ။

အမေ သည် သားသမီးတို့ ၏ မိသားစုများ ကိုလည်း ကျွေး၏ ။

အမေ့ သားသမီးများ သည် အမေ့ ကို ပြန် ကျွေး နိုင်ပါမလား ။

•••••   •••••   •••••

သားမြေးများ ရောက်လာသဖြင့် အမေ့ မှာ ခြေထောက်လည်း မနား ရ ။ ပါးစပ် လည်း မနားရ ။

အမေ ကြွားရပြီ ။

မြေးများ ကို လက်ဆွဲ၍ ဘုန်းကြီးကျောင်း ခေါ်သွားသည် ။ ဒါလေးက တပည့်တော်မ သားကြီး က မွေးတဲ့ မြေးတွေပါ ဘုရား ။ သူ က ဘယ်နှစ်တန်း ၊ သူ က ဘယ်ကျောင်းမှာ နေတာ ဘုရား စသည့်ဖြင့် ပြောရသည် မှာ အမော ။

ဘုန်းကြီးကျောင်း ပြီးလျင် ဦးကြီး ၊ ဦးလေး နှင့် အခြားသော မိဘမောင်ဖွားများ အိမ်သို့ လှည့်ပတ်သည် ။ တစ်အိမ်တက်ဆင်း ပြောသည် ။ ထို အခါတွင် မြေးများ ကို အလှဆုံး ဝတ်ပေးသလို ၊ အမေ သည် လည်း အ ကောင်းဆုံးသော ဝတ်စုံ ကို ဝတ်သည် ။ ပွဲလမ်းသဘင် သွားရန် ဝါသနာ မပါသော အမေ သည် အလှူအတန်းများမှ လွဲ၍ အဝတ်ကောင်းဝတ်သည် မရှိ ။ ဖျင်အင်္ကျီ ၊ ဖျင်လုံချည် နှင့် နေလေ့ရှိသည် ။

သားမြေးများ ရောက်လျှင် အမေ ပြင်ဆင်ပြီ ။

နံ့သာဖြူ ၊ ကရမက် လိမ်းကျံသည် ။ နှုတ်ခမ်း မှ သနပ်ခါး ကို လျှာဖြင့် သပ်သည်  ။ မျက်ခုံးမွေး ကြား မှ သနပ်ခါး ကို တံပွတ်တံဖြင့် ဆွဲချသည် ။ နားတောင်း ပေါ်က သနပ်ခါး တို့ ကိုလည်း ပွတ်သပ်သည် ။ ငွေသားရော င်ဆံကေသာ ကို ဆီရွှဲရွှဲ လိမ်း၍ ဘီးဆံပတ် ပတ်သည် ။ ရှန်သား အင်္ကျီ ဝ တ်သည် ။ အညိုနုခံ၍ ပန်းနွယ်များ ယှက်ဖြာနေသော ပါတိတ် ကို ဝတ် သည် ။

အမေ ၏ တွန့်နေသော အရေပြားတို့ ပြန့် စန့်သွားသလို ထင်ရ၏ ။ အ မေ ၏ အိုတွဲနေသော အသားစိုင်တို့ ပြန် တင်းမာသလို ထင်ရ၏ ။ အမေ ၏ ခုံးကြွနေသော သွေးကြောတို့ ပြန် ပြေပြစ်သွား သလို ထင်ရ၏ ။

ခြောက်ဆယ်နီးနီး အလှတွင် ကျက်သရေ စွက်၍ တည်ငြိမ်မှု ကဲလိုက် သောအခါ ရှုမဆုံးတော့ပြီ ။

အမေ က ပြောသည် ။

“ ငါ့ သားတွေက မြို့သူတွေ ယူထားတော့ အမေ ကလည်း လှလှပပ ဝ တ်ထားမှ ပေါ့ ။ တော်ကြာ တော က အဘွားကြီး သား ကြိုက်မိပလေလို့ ချွေးမတွေ ယူကျုံးမရ ဖြစ်မှာ စိုးလို့ ဟေ့ ” 

အမေ သည် လူ့သဘော ၊ လူ့မနော ကိုလည်း အလွန်သိသည် ။ သားသ မီးများကို မိမိ အတွက်ဖြင့် ဂုဏ်မငယ်စေလိုပေ ။ ထို့ကြောင့် အမေ သည် သားသမီးများ ထံသို့ အပေး သာ ရှိသည် ။ အယူ မရှိ ။ သားသမီးများ အိမ် သွားလျှင် အမေ သည် လက်ချည်း မသွား ။ ကြက်သွန် ၊ ငရုတ် နှင့် ပဲ အမျိုးမျိုး ပါသွားတတ်သည် ။

သည်တော့ သဘောကောင်းသော အမေ့ ကို ချွေးမများ နှင့် သမက် တို့ က လိုလားကြသည် ။ မြေးများ က ချစ်ကြသည် ။

မြေးတွေ လက်ဆွဲ ၊ သားသမီးများ ခြံရံကာ ရွာလယ်လမ်းမကြီး အတိုင်း အမေ လျှောက်လာ လျှင် အိမ်တိုင်းက ထွက်၍ ငေးကြည့်ရသည် ။ ဤအချိန်သည် အမေ ဂုဏ်ဖော်ရသော အချိန်ဖြစ်သည် ။ မုဆိုးမ ဆို၍ အမေ မျက်နှာ မငယ်ရ ။ အမေ ၏ ကြိုးစားမှု ၊ အမြော်အမြင် ရှိမှုကြောင့် အ မေ့ သားသမီး များ သည် လူ့လောကအ လယ်၌ ပွဲလယ်တင့်ရသည် ။ သားသမီးများ ကြောင့်လည်း အမေ သည် ရွာတွင် မျက်နှာ ပွင့်ရသည် ။

အမေ့ ရွာ တွင် အမေ သည် စံပြမိန်းမ ဖြစ်သည် ။ လင်ယောက်ျားများ သည် မိန်းမများ ပျင်းရိလျှင် အမေ အလုပ် လုပ်ပုံ ကို ပြ၍ ကြိုးစားရန် တိုက်တွန်းတတ်သည် ။ သားသမီးများ ကို ကျောင်း မထားလျှင် အမေ့ ကို လက်ညှိုး ထိုးပြ၍ နမူနာ ယူစေကြသည် ။

ထို့ကြောင့် အမေ ကြွား လျှင် မကဲ့ရဲ့ ကြ ။

အားများ ပင် ကျကြ၏ ။

အမေ့ လို အမေ တွေ ဖြစ်ချင်လာကြ၏ ။

•••••   •••••   •••••

“ အမေ ...... ကျွန်တော်တို့ နောက် လေး ငါးရက် လောက် ကြာရင် ပြန်
တော့မယ် ”

“ မင်းတို့ ကလည်း မြန်လိုက်တာကွယ် ”

“ မမြန်ပါဘူး အမေရဲ့ သုံးပတ် တောင် ရှိပြီ ၊ ခွင့် ကလည်း တစ်လ ပဲ ရတယ် ”

အမေ့ မျက်နှာ ညှိုးနွမ်းသွားသည် ။ သားသမီးများ  ၊ မြေးများ ကို ကြည့်မဝသေးမီ ခွဲခွာရပေမည် ။ အမေ့ မှာ သားသမီးများ ကို တားပိုင်ခွင့် မရှိပြီ ။ အမေ သည် သားသမီးများ ကို ပညာ အမွေ ပေးခြင်းဖြင့် ခွဲခွာနေရဖို့ ဖန်တီးလေသလား ဟု တွေးမိ၏ ။ သူတို့ တွေ ပညာ တတ်ဖို့ အရေး ဘယ်လောက် အလုပ် လုပ်ခဲ့သည် ကို အမေ သာ အသိဆုံး ။

သူတို့ ကို ပညာတတ် ဖြစ်စေချင်သော အမေ့ ဆန္ဒများ ပြည့်ခဲ့ပြီ ။ အ မေ့ဆန္ဒ ကြောင့်ပင် အမေ့ မှာ သားသမီးများ နှင့် ရှင်ကွဲ ကွဲနေရသည် ။

“ အေးလေ ... ပြန်ကြပေါ့ ၊ နေ့ကောင်းရက်သာလေး ကြည့်လိုက်ဦးမယ် ”

အမေ သည် ဗေဒင်ပြက္ခဒိန် ကြည့်သည် ။ နေ့ကောင်းရက်သာ ရွေးသည် ။ “ ပြန်မယ် ဆိုရင် သန်ဘက်ခါ ပြန်ကြ ။ သန်ဘက်ခါ နေ့ကောင်းတယ် ၊ ဖိန်းနွှဲခါ မကောင်းဘူး ” ဟု အမေ ပြောသည် ။

အမေ့ အလိုမှာ သားသမီးများ ကို ရက်ပို၍ နေစေချင်သေး၏ ။ သို့သော် သွားလမ်းလာလမ်း ဖြောင့်စေရေး အတွက် အမေ သည် အလိုဆန္ဒ ကို ဦးစားမပေး ။ သားသမီး အရေး ကိုသာ အဓိက အလေးထားသော အမေ ဖြစ်၏ ။

“ ချောက် ရောက်ရင် မင်း ဦးလေးအိမ် ဝင်နော် ”

“ ဟုတ်ကဲ့ အမေ ၊ ဦးလေးစော တို့ အိမ်မှာ တစ်ည အိပ်ပြီး ကလေးတွေ ကို လိုက်ပြဦးမယ် ။ ပြီးတော့ ကျောက်ပန်းတောင်း သွားမယ် ၊ နှင်းရည် တို့ အိမ် မှာ အိပ်ပြီး ပုပ္ပားတောင် တက်မယ် ၊ အမေ လည်း ကျောက်ပန်း တောင်း အထိ လိုက်ခဲ့ပါလား ”

“ မလိုက်တော့ပါဘူးကွယ် ။ ဆေးတွေ ၊ ကြက်သွန်တွေ ရောင်းပြီးမှ အမေ လာခဲ့ပါမယ် ”

တကွဲတပြားစီ လာကြသော အမေ့ သားသမီးများ သည် တစ်စုတစ်ဝေး ပြန်ကြတော့မည်မို့ အမေ စိတ်မကောင်း ။ အမေသည် လုပ်ချင်ကိုင်ချင်စိတ် မရှိအောင် စိတ်မှာ နုံးခွေနေ၏ ။ အစားအသောက် လည်း ကောင်းကောင်း မစားနိုင် ၊ ရင်ပြည့် သလို ၊ ရင်ခံ သလို ဖြစ်နေ၏ ။

အမေ သည် စိတ်အား ကို ပြန်တင်းသည် ။ တရားသဘော ကို ပြန်လည်ဆင်ခြင်သည် ။ လုပ်စရာ အမှုကိစ္စများ ကို ကြိုးစား လုပ်ဆောင်သည် ။

သားသမီးများ အတွက် ကြက်သွန် ၊ ငရုတ်များ ထည့်၏ ။ မြေးများ အတွက် ယောထန်းလျက်  (ယောနယ်မှ လာသော ထန်းလျက် ) များ ထည့်၏ ။ ငါးစပ်စောင် သုံးထည် ကို တစ်ယောက် တစ်ထည်စီ ပေး၏ ။ သားငယ်မိန်းမ မာလာမြင့် သည် အချုပ်အလုပ် ဝါသနာ ပါသောကြောင့် ချိုက်ကတ်ကြေး ( ချိုက်ရွာ မှ လုပ်သော ကတ်ကြေး ) တစ်လက် ပေး၏ ။

အမေ့ သားသမီးများ တွင် အမေ ပေးလိုက်သော ပစ္စည်းများ ဖြင့် ပြည့်နေ၏ ။

သားသမီးများ က အမေ့ အတွက် ယူလာသော မုန့်ပဲသရေစာများ မှာ မူ မြေးများ ကို ပြန်လည် ကျွေးမွေးလိုက်ရ သဖြင့် သူတို့ ပြန်တော့ ဘာမျှ မကျန် ။ နွားနို့ သောက်သော အမေသည် ဟောလစ် နှင့် နက်စ်ကဖီးပုလင်း တို့ ကို ဘုန်းကြီးကျောင်း သို့ လှူလိုက်သည် ။ စားသောက်စရာ ကောင်းကောင်း ရလျှင် အမေ သည် လှူဖို့ ကို သာ ပထမဆုံး သတိရတတ်သူ ဖြစ်၏ ။

သားသမီးများ ၏ ပစ္စည်းများ အမေ့ တွင် တင်ကျန် မနေခဲ့သော်လည်း အမေ့ ပစ္စည်းများ တစ်ပွေ့တစ်ပိုက် ဖြင့် သားသမီးများ ပြန်ကြ၏ ။ ဆွေမျိုးများ က မော်တော်ဆိပ် သို့ လိုက်ပို့ကြသည် ။ အမေ့ အိမ်ကျယ်ကြီး သည် တစ်ခဏသာ စိုပြည်၍ ပြန်လည် ခြောက်သွေ့သည် ။

အမေ သည် ခံစားလွယ်သည် ။ ဝမ်းနည်းလွယ်သည် ။ ရေနံချပ် ဘက် ကမ်းမှ မော်တော် ခွာ၍ သည် ဘက်သို့ ဦးလှည့်လာသည် နှင့် အမေ မျက်ရည် ကျတော့၏ ။ ခွဲခွာရတိုင်း ငိုသည် မှာ တစ်ကြိမ် တစ်ခါတည်း မဟုတ် ၊ အကြိမ်တိုင်း ။

သားသမီးများ ညောင်ဦး တွင် ကျောင်းထားစဉ် ကလည်း ခွဲခွာရတိုင်း အမေ ငိုသည် ။ သားသမီးများ တက္ကသိုလ် သွားတော့လည်း အမေ ငိုသည် ။ သားသမီးများ ထံ သွားရောက်လည်ပတ် ပြီး ရွာ ပြန်လျှင်လည်း အမေ ငိုသည် ။

မော်တော်ဆိပ် တွင် အမေ့ ကို ရှိခိုးကန်တော့ကြသောအခါ ဆု ကိုပင် ဖြောင့်အောင် မပေးနိုင် ။ မျက်ရည်တွေတွေ ကျနေသည် ။ နှုတ်ခမ်း သည် တုန်ယင်နေသည် ။ စကားသံ တို့သည် အမေ့ ရင်တွင်း၌ ပျောက်ကွယ်နေသည် ။

“ ဓနသုခ ” မော်တော်ပေါ်သို့ သားများ ၊ မြေးများ တက်သွားကြပြီ ။ မျ က်ရည်စ ကို အင်္ကျီလက် များ ဖြင့် တို့သုတ်ရုံ ဖြင့် မရတော့ ။ ဟန်ဆောင် မှု ကင်းသော အမေ သည် ခေါင်းပေါ် မှ တဘက် ကို ဆွဲဖြုတ်၍ မျက်မှာ ပေါ်သို့ အုပ်ကာ တစ်စိမ့်စိမ့် ရှိုက်သည် ။ မတ်တတ်ရပ်နိုင်စွမ်း ပင် မရှိ တော့ဘဲ သဲပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်သည် ။

သားမြေးများ က လက်ပြသည် ။ မော်တော် ကမ်းမှ ခွာသည် ။ အမေ လက် ပြန် မပြနိုင် ။ တသိမ့်သိမ့် ရှိုက်ငိုဆဲ ။

သံယောဇဉ် ကြီးလွန်းလှသော အမေ ။

သားသမီးများ က ခေါ်တော့လည်း မလိုက်နိုင် ။

သားသမီးများ ကို လည်း မခွဲရက် ၊ မခွာရက်နိုင် ။

•••••   •••••   •••••

သူတို့ ပြန်ကြပြီ ။

သူတို့ ဆိုသည် မှာ အမေ ၏ သားသမီးများ ဖြစ်၏ ။

အမေ့ အသည်း နှလုံးတို့ သည် တုန်ခါ၍ ကျန်ရစ်သည် ။

▢ ကိုရိုးကွန့်
📖 သဘင် မဂ္ဂဇင်း
      ၁၉၈၅ ၊ ဧပြီ