❝ ပစ်တိုင်းထောင် ❞
( အောင်လင်း )
အပိုင်း - ၁
ကျနော် စီးလာသော လော်လီကား သည် တရိပ်ရိပ် ပြေးလျက် ရှိသည် ။ သို့သော် ကျနော့ စိတ်များက ကား ၏ အဟုန် ထက် လျင်မြန် နေသည် ဟု ထင်မိသည် ။
ခရီးသည် မိန်းမကြီး တဦး က အပြင် သို့ လှမ်း ကြည့်လိုက်ရင်း ... “ မင်္ဂလာဒုံတောင် ရောက်နေပါလား ” ဟု ဝမ်းသာအားရ ပြောလိုက်သည် ။ ကျန် တယောက် က လည်း
“ ခဏနေ ရန်ကုန် ရောက်တော့မယ် ” ဟု ထောက်ခံ လိုက်ပြန်သည် ။
ကားပေါ် တွင် ခရီးသည် ခုနစ်ဦး ပါ၏ ။ ယောက်ျား လေးဦး နှင့် မိန်းမ သုံးဦး ဖြစ်သည် ။ ကျနော် မှ အပ ကျန် ခြောက်ဦး မှာ ရန်ကုန် သို့ ရောက်ခါနီး ပြီ ဖြစ်၍ ဝမ်းသာရွှင်လန်း နေကြ၏ ။ ကျနော် မှာ မူ ဝမ်းသာနေရမှန်း ပင် မသိ ၊ ကြောက်သလို ဆွေးသလို တမျိုးတဖုံ ခံစားနေရသည် ။
ရန်ကုန် သို့ ရောက်လျှင် ဆိုသော အရေး ကို ဆက်၍ တွေးလိုက်လျှင် အလိုလို ရင်ဖို လာသည် ။ ဟို ရောက်လျှင် ဘယ်လို နေ လို့ ဘယ်လို စားရပေ မလဲ ဆိုသည်ကို တွေးရင်း ပူလာမိသည် ။ တော တွင် လယ် ထွန် ရသည်မှာ လည်း ကျီးလန့်စာစား ရှိလှသည် ။ လှေထိုး လိုက် ပြန်တော့လည်း ကျွဲပခုံး ထ သည် ကို ခံနိုင်သော်လည်း ဓားပြ ရန် က မသက်သာလှ ။ နောက်ဆုံး မထူးတော့သည့် ဘဝ တွင် လှေ မှ ဆင်း၍ ကြုံရာ ကား နှင့်ပင် ရန်ကုန် သို့ လိုက်လာခဲ့ခြင်း ဖြစ်သည် ။
ယခု ရန်ကုန် ရောက်တော့မည် ။ ရောက် လျှင် ဘယ် သွား၍ ဘယ်မှာ စားရမည်နည် ။ ဘယ်မှာ နေ၍ ဘယ်မှာ အိပ်ရမည်နည်း ။ အစကမူ ဟိုကျမှ ရောက်ရား ဟု သဘောထား၍ လာခဲ့ခြင်း ဖြစ်၏ ။ ခုတော့ တွေးရင်း ခေါင်းပူလာမိသည် ။
“ ကဲ .. ရောက်ပြီဟေ့ ... သိမ်ကြီးဈေး ”
အဒေါ်ကြီး စကားကြောင့် ကျနော် ပင် အလန့်တကြား ဖြစ်လိုက်ရ၏ ။ အားလုံး ခရီးသည်များ သည် မိမိတို့ ပစ္စည်းများ ကို သယ်၍ အသီးသီး ဆင်း၍ သွားကြလေသည် ။ တချို့က ဆိုက်ကား နှင့် ၊ တချို့က ခြေလျင် ၊ တချို့ မြင်းလှည်း နှင့် သွားကြသည် ။ ကျနော် တယောက် သာလျှင် ကား ဘေးတွင် မယောင်မလည် ဖြင့် ကျန်ရစ်ခဲ့လေသည် ။ နောက်ဆုံး ကျနော် တယောက်တည်း ကျန်သော အခါ ကျနော် သည် တစုံတခု ကို ဆုံး ဖြတ်လိုက်သည် ။ ထို့ကြောင့် ဒရိုင်ဘာ ရှိရာ ကား ရှေ့နား သို့ မယောင်မလည် သွား၍ ရပ်မိသည် ။
ကျနော် က ဒရိုင်ဘာ ကို တစုံတရာ ပြောရန် ကြိုးစားလိုက်သည် ။ ကားဆရာ သည် ရှေ့ထိုင်ခုံ အောက် မှ လွယ်အိတ် ကို ဆွဲထုတ်လိုက်သည် ။ ပြီးမှ သူ ၏ အဝတ်ဟောင်းများ ကို ချွတ်ပြီး လျှင် လွယ်အိတ် ထဲမှ အဝတ်သစ်များ နှင့် လဲလှယ် ဝတ်ဆင် နေရာမှ ကျနော့ အား စကား လှမ်း၍ ပြောလိုက်သည် ။
“ ဘယ့်နှယ်လဲ ၊ ဖိုးသံချောင်း တစ်ယောက် မသွားသေးဘူးလား ၊ ဘယ်သူ့ စောင့်နေလဲ ”
“ ကျနော်တော့ ဘယ် သွားရမှန်း ကို မသိပါဘူးဗျာ ၊ ရန်ကုန် ထဲ တခေါက် မှ မရောက်ဖူးဘူး ၊ ရှိတဲ့ အသိတွေ ကလည်း ဘယ် နေလို့ ဘယ် ရှာ ရမှန်းမသိဘူး ”
“ ဟင် … ဒါဖြင့် လာတဲ့ ကိစ္စကကော ... ”
“ အလကားပဲ ၊ ကျနော် အလုပ်ကလေး ဘာလေး ရမလားလို့ လာခဲ့တာ ”
“ ဟေ .. ဒါဖြင့် တို့ ထက် မိုက်တဲ့ကောင် ပေါ်နေပါကလား ၊ အသိ မရှိ ဘာ မရှိနဲ့များ ရန်ကုန် လာရဲတာ ငါဖြင့် အံ့ရောကွာ ၊ ရန်ကုန် မှာ အသိရှိတဲ့ လူတောင် မစားသာဘူးကွ ၊ လေးငါးဆယ်ပေ ရှိတဲ့ အခန်းကလေး ထဲမှာ တအိမ်ထောင် နဲ့ တအိမ်ထောင် ပေါင်း နေရတာ အသိ ရှိတောင် တည်းဖို့ က မလွယ်ဘူး ၊ ပြီးတော့လည်း ရန်ကုန် မှာ လူတယောက် ထမင်း စားဖို့ဟာ ဘယ်လောက် ခက်ခဲတယ် မှတ်လဲ ၊ တို့ တောလို မဟုတ်ဘူးကွ ၊ စားနိုင် တဲ့ လူတွေ မှာ ဟင်းခွက်ပေါင်း တရာ လောက် စားနိုင်ပေမဲ့ မစားနိုင်တဲ့ ကောင်တွေ တော့ အူ နဲ့ ဟောင်းလောင်း ။ တို့ ပြောနေတဲ့ မစားသာဘူး ဆိုတဲ့ စကား ကို မင်း နားမလည်ဘူးလား ကိုယ့်လူ ၊ တကယ် မစားသာဘူး ၊ မင်း တို့နဲ့ ပြန်လိုက်ချင် လိုက်ခဲ့ပေ ရော့ ၊ ဒီမှာတော့ မစားသာတာ အမှန်ပဲ ၊ ဒီမှာ ဘယ်လို မှ မစားသာဘူး ၊ ငတ် ကို ငတ်မှာ ကျိန်းသေပဲ ”
ကျနော် သည် ကားဆရာ ပြောသော စကားကို နားထောင်ရင်း ပို၍ စိတ်ပျက်မိလေသည် ။ လှေ ထိုးရသည်မှာ ပခုံး ပေါက် သော်လည်း အိပ်စရာ စားစရာ ရှိသေးသည် ဟု အောက်မေ့သည် ။ သို့သော် လာခဲ့မိပြီး ဖြစ်၍ ငယ်စဉ်ကပင် ရွဲ့ချင်သော စိတ်တို့က ကျနော့ အား နှိုးဆွ၍ ပေးလေသည် ။
“ ဘာပဲဖြစ်ဖြစ်ဗျာ ၊ ကျနော် တော့ မပြန်ချင်ဘူး ၊ ဒီမှာပဲ ဖြစ်သလို နေမယ် ၊ နောက်မှ မီးစင်ကြည့်ပြီး က,ရမှာပဲ ၊ ခုတော့ ဆရာတို့ ကား မထွက် ခင် ကား ပေါ်မှာ ဖြစ်ဖြစ် ၊ ကား အောက်မှာပဲ ဖြစ်ဖြစ် အိပ်ပါရစေ ”
ကားဆရာ သည် အဝတ်အစားများ ကို အကျအန ဝတ်ပြီးလျှင် စီးကရက် မီးညှိ၍ ဖွာလိုက်သည် ။
“ အိပ်ရပါတယ်ကွာ ၊ ကားပေါ် မှာ ပဲ အိပ်နိုင်ပါတယ် ၊ တို့ အားလုံး နှစ်ယောက်ပဲ ရှိတာ ၊ မင်း အိပ်ရင် ကားစောင့်မယ့်သူ ရတာပေါ့ ”
ကျနော် သည် ကားဆရာ ၏ စကားကြောင့် တအားတက်မိသည် ။ အနည်းဆုံး တည နှစ်ည တော့ ခိုကိုးစရာ ရ ပြီဖြစ်၍ တပူ အေးရ ပြန်လေသည် ။
ကားဆရာ နှင့် တပည့် လုပ်သူတို့ သည် သွားမည် ပြုရာမှ တစုံ တခုကို သတိရဟန်ဖြင့် ကျနော့ အား ...
“ ကဲ ... မင်း အရင် သွား စားချေ ၊ တို့ မင်း ပြန်လာမှ သွားမယ် ၊ သိပ်လည်း မကြာစေနဲ့ကွာ ”
ကျနော် သည် လွယ်အိတ် ထဲ မှ ကုတ်ကတ်၍ ထားသော ပိုက်ဆံ ကို ယူ၍ နီးရာသို့ ထမင်းစားရန် ထွက်ခဲ့၏ ။
“ ဘာ စားမလဲရှင် ၊ ထမင်းရတယ် ၊ ဟင်းရတယ် ”
“ ထမင်း သုံးဆောင် မလားရှင် ၊ အမဲသား ၊ ဆိတ်သား ၊ ကြက်သား ၊ ငါးဟင်းဆီပြန်ရမယ် ”
“ ထမင်းရမယ် ၊ အဝစား မှ သုံးမတ် နော် ”
ထမင်းဆိုင်တန်း မှ ထမင်း ရောင်းသူ မိန်းကလေးများ ၏ အသံကလေးများ မှာ ညံ၍ နေတော့သည် ။ ကျနော် သည် ဆိုင်များ ကို တဆိုင် ပြီး တဆိုင် ကျော်၍ သွားမိသည် ။ တောဘုရားပွဲကြီး ထဲ တွင် လျှောက်ရ သလို ကျနော့ စိတ် ထဲတွင် ထင်မိလေသည် ။
ထမင်း ရောင်းသော မိန်းမပျိုကလေးများ သည် ချိုသာသော အသံများ ဖြင့် ဆိုင်ရှေ့ တွင် လာသမျှ လူ ကို ဖိတ်ခေါ်နေ၏ ။ မိန်းကလေးများ လည်း ဖြစ် ၊ အသံကလေးများ က လည်း သာယာ သဖြင့် ဝင်ရသူတို့ အဖို့ အခက် တွေ့ နေ၏ ။ ပိုက်ဆံ သာ ပေါပေါ ပါပါက ကျနော် သည် ဆိုင်တိုင်း ကို ဝင်၍ စားလိုက်ချင်သည် ။ ဆက်၍ လျှောက်သော အခါ “ ချိုချိုရီ ” ဟု ဆိုင်းဘုတ် တပ်ထားသော ထမင်းဆိုင်ကလေး ရှေ့သို့ ရောက်ခဲ့သည် ။
“ ထမင်း စားမလားရှင် ၊ အားမနာရဘူးနော် ၊ အိမ်မှာ လို ကြိုက်တဲ့ ဟင်း နဲ့ စားရမယ် ၊ ဟင်းလေးတွေ က ကိုယ်တိုင် ချက်ထားတာနော် ”
“ ထမင်းပူပူ ဟင်းပူပူကလေး စားရမယ်နော် ၊ အရသာ လည်း ရှိရ မယ် ၊ ပူပူနွေးနွေးလေး စားရမယ်နော် ၊ အစ်ကိုကြီး ထမင်းစားရင် ကြွပါ ”
ကျနော် သည် အသံလာရာ ဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ချေ ။ ဆိုင်ဝမှ မိန်းမပျို သည် ပြုံးချိုစွာ ကျနော့ အား ဖိတ်ခေါ်လျက် ရှိလေသည် ။ အသံကလေး က သာသလောက် မျက်နှာကလေး ကလည်း ချို၏ ။ ခုအကြိမ် တွင် ကျနော် သည် ဆိုင်တွင်း သို့ ဝင်ခဲ့မိလေသည် ။
လူ ရှင်းသည့် ဘက်က စားပွဲ တစ်ခု တွင် ဝင် ထိုင်လိုက်သော အခါ မိန်းမပျို သည် ကျနော့ အနား ကို ပေါ့ပါးစွာ ရောက်ရှိလာပြီး ...
“ ဘာ စားမလဲရှင် ၊ ဘာ သုံးဆောင်မလဲ ၊ ဘာ ဟင်း နဲ့ သုံးဆောင်မလဲရှင် …. ”
ကျနော် သည် မိန်းမပျို ကို ခိုးကြောင်ခိုးဝှက် ကြည့် လိုက်ပြီးလျှင် စားရမည့် ဟင်း ကို အစ ဖော်၍ မရတော့ပေ ။ ပါးနပ် ချက်ချာလှသော မိန်းမပျိုကလေး က သူ ၏ မျက်လုံးကလေးများ ကို အထက်သို့ ပင့်လှန် လိုက်ပြီးလျှင် မေးကလေး ကို လက်ချောင်းကလေးများ နှင့် ပွတ်မိရင်း ...
“ ဟင်းကတော့ အမဲသား ၊ ကြက်သား ၊ ငါးမြင်းဆီပြန် ၊ ဆိတ်ကလီ စာ ၊ ပြီးတော့ စားတော်ပဲကြော် ၊ ပဲသီး ၊ ချဉ်ပေါင်ကြော် ၊ ငါးပိကြော်ရမယ် ၊ အမဲချက်ကလေး ကောင်းပါတယ်ရှင် ၊ အိနေအောင် ချက်ထားတာပါ ၊ ငါးမြင်းဆီပြန် လည်း နည်းနည်းပဲ ကျန်တော့တယ်ရှင့် ”
ကျနော် သည် ပွဲ ထဲမှ အက,အဆို ကောင်းလှသော မင်းသမီး ကို ကြည့်ရ သကဲ့သို့ မိန်းမပျိုကို ကြည့်ရင်း ငေးနေမိသည် ။ ပြီးမှ သတိရ၍ စားရမည့် ဟင်း ကို ပါးစပ်ထဲ တွေ့ ရာ ပြောမိလိုက်လေသည် ။
“ ငါးမြင်းဆီပြန် နဲ့ ပေးပါ ”
မိန်းမပျို သည် နောက်ဘက် သို့ လှည့် လိုက်ရင်း … “ ထမင်း တစ်ပွဲ ... ငါးမြင်းဆီပြန် ” ဟု အော်၍ ပြောလိုက်လေသည် ။ ပြီးမှ ကျနော့ စားပွဲ ပေါ်သို့ လက်ဆေးရေ ၊ ဟင်းချို ၊ တို့စရာ ၊ ငံပြာရည် စသည့် အပိုခွက်များကို ချ၍ ပေးလေသည် ။ ကျနော် သည် မိန်းမပျို ၏ သွက်လက်ပုံ ကို ကြည့်ရင်း ကြည် နူးမိလေသည် ။ မိန်းမပျို သည် အသင့် ခူးခပ် ပြီးသော ထမင်း နှင့် ငါးမြင်းဆီပြန်ဟင်းပန်းကန်များ ကို ကျနော့ ရှေ့တွင် အသင့်ချရင်း ...
“ ဘာအကြော် ယူဦးမလဲ အကိုကြီး ၊ ငါးပိကြော်တို့ ၊ ချဉ်ပေါင်ကြော်တို့ ရှိတယ် ”
“ ငါးပိကြော် နဲ့ ချဉ်ပေါင်ကြော် ပေးပါ ”
“ ငါးပိကြော် တဝက် ၊ ချဉ်ပေါင်ကြော် တဝက် ”
ကျနော် သည် ဆာဆာနှင့် ထမင်း ကို ငုံ့၍ ပလုတ်ပလောင်း စားလိုက်မိသည် ။ ကျနော် စား၍ တဝက် မကျခင်ပင် အသက်လေးဆယ် ကျော် ငါးဆယ်ခန့် လူကြီး တယောက် ကျွန်တော် နှင့် မျက်နှာချင်းဆိုင် တွင် ဝင်၍ ထိုင်လိုက်သည် ။
သူ သည် ထမင်း နှင့် ဟင်း ကို မှာလိုက်ရင်း အိတ် ထဲမှ လက်ကိုင်ပဝါ ကို ထုတ်၍ မျက်နှာ သုတ်လိုက်သည် ။
“ မင်းတို့ ရန်ကုန်က အေးတယ်သာ ပြောတယ် ၊ ငါ ဖြင့် တယ်ပူကွာ ၊ အထက် က ပူ ၊ အောက် က ပူ ၊ လူ မပြော နဲ့ ၊ ကတ္တရာစေး တောင် မခံနိုင်ဘူး ”
ကျွန်တော် သည် ဘာမျှ ပြန်မပြောဘဲ ပြုံး၍ နေလိုက်မိသည် ။ သူ့ အိတ် ထဲမှ ငွေစက္ကူများ သည် အပြင်သို့ အန်၍ ထွက်လာသည် ။
မိန်းမပျို သည် ကျွန်တော့် နည်းတူပင် ထို လူကြီးအား ဧည့်ခံ၍ ထမင်းပွဲ ကို ပြင်ပေးလေသည် ။ သူ သည် လည်း ကျွန်တော့် လိုပင် မည်မျှ ဆာလာသည် မသိ ။ ထမင်း ကို ခေါင်း မဖော်ဘဲ အတွင်သာ စားလေတော့သည် ။ ကျွန်တော် က ထမင်းလိုက်ပွဲ ကို မှာသည့် အခါ တွင် သူ သည် ပန်းကန် ထဲမှ ထမင်းများ ကို အပြောင် လူး၍ စားနေလေသည် ။ ကျွန်တော် က ထမင်းလိုက်ပွဲ ကို ဆက်၍ စားနေစဉ် သူ သည် သူ ၏ ထမင်းဖိုး ကို တွက် ၍ နေတော့သည် ။ ထိုအချိန်တွင် စောစောက မိန်းမပျို သည် တစ်ဖက် စားပွဲ သို့ ရောက်၍ နေလေသည် ။
လူကြီး သည် ထမင်းဖိုး ကို လှမ်း၍ ပေးရင်း ကျွန်တော့် အား စကား လှမ်း၍ ပြောလိုက်ပြန်သည် ။
“ မင်းတို့ ရန်ကုန် က ကွာ ၊ ငွေ ရှိမှ နေကောင်းတာပါ ၊ မြတ်မလားလို့ ဆေးလေး ၊ ငရုတ်လေး လှေကြုံ နဲ့ တင်လာတယ် ၊ စရိတ် တောင် မကာမိပါ ဘူးကွာ ၊ ထိုင်နေရင် အကောင်းသား ၊ ထသွား မှ ကျိုးမှန်းသိ ဆိုတာလို ဖြစ်နေပြီ ”
ထမင်းဆိုင် မှ ယောက်ျားပျို သည် လူကြီး စကားကို စောင့်၍ နား ထောင်နေသည် ။ တစ်ချက်မျှ လှည့်ကြည့် ပြီးလျှင် အဆုံးမသတ်သေးသော စကား ကို ဆက်၍ ပြောပြန်သည် ။
“ တနေ့ ထွက်လိုက်ရင် ငါးကျပ်တဆယ် ပဲကွယ့် ၊ ကြာရင် ပါတာ တောင် ကုန်ဦးမယ် ၊ ခုတောင် စားတာ သောက်တာ နဲ့ ဆိုရင် ငွေနှစ်ရာကျော် လောက် ပါသွားပြီ ၊ ငွေနှစ်ရာ ဆိုတာ တို့ ဆီ တော့ သုံးလေးလ စားရတာကွ ၊ မဖြစ်ဘူး ၊ ပြန်မှပဲ ၊ ကဲ .. ဘယ်လောက် ကျသလဲဟေ့ .. ”
ထမင်းဆိုင် မှ ယောက်ျားပျို သည် လူကြီး အား တချက်မျှ ကြည့်ရင်း..
“ ငါးမတ် ကျပါတယ် ခင်ဗျာ ”
လူကြီး သည် အိတ်ထဲ မှ ဆယ်တန် တရွက် ကို ဆွဲထုတ်၍ ထမင်း ဖိုး ကို ရှင်းလိုက်သည် ။ ထမင်းဆိုင် မှ ယောက်ျားပျို က ဆယ်တန် ကို ယူ သွားပြီး သွက်လက်စွာပင် ငွေ ကို ပြန် အမ်းလိုက်သည် ။
ထမင်းဆိုင် မှ လူငယ်၏ မျက်နှာသည် တစ်စုံတစ်ခု ကို စူးစိုက်၍ ကြည့်နေသည် ။ သူ ၏ မျက်နှာမှာ သိပ် အကဲ မရတော့ပေ ။ လူကြီး ထွက်သွားသောအခါ သူ သည် ကုလားထိုင် အောက်သို့ ကုန်း၍ တစ်စုံတစ်ခု ကို ကောက်လိုက်သည် ။ ကျွန်တော် သည် ဘာ့ကြောင့်မှန်း မသိ ။ ထမင်းဆိုင် မှ ယောက်ျား ကို သတိထား၍ ကြည့်လိုက်မိသည် ။
သူ့ လက် ထဲတွင် ဆယ်တန် အထပ် တထပ် ပါ၍ လာသည် ကို မြင်ရသည် ။
ကျွန်တော် က သူ ၏ လက် ကို ရုတ်တရက် ဖမ်း၍ ဆွဲလိုက်မိသည် ။ သူ က ကျွန်တော့် လက် ထဲမှ သူ့ လက် ကို ရုန်းရင်း ...
“ ဘာလဲ … ခင်ဗျားနဲ့ ဘာဆိုင်လဲ ” ဟု ကျွန်တော့် အား မျက်နှာတင်းတင်း ဖြင့် ပြန်၍ ပြောလိုက်သည် ။
“ ဘာ မဆိုင်ရမှာလဲ ၊ ဒါ အဘိုးကြီး ပိုက်ဆံ ၊ ခင်ဗျား ပြန်ပေးလိုက် ”
သည်တော့မှ သူ သည် ကျွန်တော့် အား မျက်နှာချို သွေးရင်း အဖော် ညှိ လိုက်သည် ။
“ ကိုယ့်လူ ဝေစားမျှစားပေါ့ ၊ ဒါလောက် မအူစမ်းပါနဲ့ ၊ သိကုန်မယ် ”
ကျွန်တော် သည် သူ့ စကား ကို ရုတ်တရက် နားမလည်နိုင်ပေ ။ စောစောက လူကြီး ကိုသာ လှည့်၍ ကြည့်လိုက်မိသည် ။ လူကြီး သည် အတော် လှမ်းလှမ်း တွင် ရောက်နေပြီ ။
“ သွားပါပြီဗျာ ၊ ခင်ဗျား ငနဲကြီး က ဘာမှ မသိပါဘူး ၊ ကဲ ... ခင်ဗျား နှစ်ဆယ် ယူ ”
ကျွန်တော် က သူ့ လက် ကို လိမ်၍ ချိုးလိုက်သည် ။ သူ က တအား ရုန်းလိုက်သည် ။ ထိုအတွင်း ဆိုင် ထဲ မှ လူများ သည် ကျွန်တော်တို့ နား သို့ ဝိုင်း၍ လာလေသည် ။
“ ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ ”
“ ဒီမှာ စောစောက ထမင်း စားသွားတဲ့ လူကြီး ရဲ့ ငွေတွေ သူ ယူထားတယ် ”
ထိုအတွင်း ဆိုင်ရှင် နှင့် တူသူ လူရည်သန့်သန့် တစ်ယောက် သည် ကျွန်တော်တို့ အနား သို့ လာ၍ သူ ၏ တပည့် ဆံပင် ကို ဆောင့်၍ ဆွဲလိုက်သည် ။ ကျွန်တော် သည် သူ့ လက် ထဲမှ ဆယ်တန် အထပ် ကို ယူ လိုက်ပြီး ဆိုင်ရှင် လက်ထဲ သို့ အပ်လိုက် ပြီးလျှင် အဘိုးကြီး နောက် ကို ပြေးလိုက်သွား ရပြန်သည် ။
အဘိုးကြီး သည် တခေါ် လောက် တွင် ရောက်၍ နေလေပြီ ။ ကျွန်တော် သည် အသံကုန် ဟစ်၍ ခေါ်လိုက်မိသည် ။ အဘိုးကြီး သည် ကျွန်တော့် အား လှည့်၍ မကြည့် ။ လျှောက်မြဲ လျှောက်၍နေသည် ။ သူ နှင့် မလှမ်းမကမ်း အရောက် သူ သည် ရပ်၍ ကျွန်တော့် အား ကြည့်လိုက်သည် ။ ကျွန်တော် က သူ့ ဆီသို့ ရောက်သွားပြီး မှ ..
“ ဦးကြီး .. ငွေတွေ မပျောက်ဘူးလား ” ဟု မေးလိုက်ရသည် ။
သည်တော့မှ သူသည် ပျာပျာသလဲ သူ့ အိတ်ထောင်များ ကို လက်နှစ်ဖက် ဖြင့် စမ်းရင်း အိတ် ထဲမှ ငွေစက္ကူများ ကို ထုတ်၍ ကြည့် လိုက်သည် ။
“ ဟယ် .. သောက်ကျိုးနည်း ၊ ကျုပ် စောစောက ဖျက်လိုက်တဲ့ ရာတန် ကငွေတွေ မရှိတော့ဘူး ၊ သောက်ကျိုးနည်းပါပြီဗျာ ၊ ဒါမှ သောက် ကျိုးနည်းမှာ ... ”
“ ကဲ.. သောက်ကျိုးနည်း မနေနဲ့ ၊ လာ .. ဆိုင်ကို လိုက်ခဲ့ .. ”
ကျွန်တော် နှင့် အဘိုးကြီးတို့ သည် ဆိုင်သို့ ပြန်ရောက်သော အခါ ဆိုင်ထဲ၌ လူတွေ ဝိုင်းအုံ နေကြသည် ။
ဆိုင်ရှင်လုပ်သူ သည် အဘိုးကြီး အား မျက်နှာချို သွေးလိုက်ရင်း ငွေများ ကို ပြန်၍ ပေးလေသည် ။ အဘိုးကြီး သည် တုန်တုန်ယင်ယင်နှင့် ငွေများ ကို ယူရင်း ...
“ အမယ်လေး… ကျေးဇူးတင်လိုက်တာ ၊ မောင်မင်းကြီးသား သူတော်ကောင်းပေလို့ ... ”
ထမင်းဆိုင် မှ မိန်းမပျို သည် ကျွန်တော်တို့ ကြားထဲ သို့ ဝင်၍ လာသည် ။
“ ဟောဒီက အစ်ကိုကြီး ကို ကျေးဇူးတင် ၊ ကျွန်မတို့ တောင် မသိ လိုက်ဘူး ၊ သူ တွေ့ ပေလို့ ... ”
ဆိုင်ရှင်ယောက်ျား က မိန်းမပျို အား တစ်ချက်မျှ ခပ်တင်းတင်း ကြည့် လိုက်သည် ။ မိန်းမပျို သည် ဆက်၍ မပြောရဲတော့ချေ ။
“ ကျွန်တော့် ဆိုင်မှာ ဘယ်တော့မှ မပျောက်စေရပါဘူးဗျာ ၊ စိတ်ချပါ ၊ ..... ဘာမှ မဟုတ်ပါဘူး ၊ ပိုက်ဆံ ကျလို့ ပြန်ပြီး ခေါ်ပေးတာ ပါ ”
ဆိုင်ရှင် သည် သွက်လက်စွာပင် လူအုပ် ခွဲလိုက်သည် ။ အဘိုးကြီး သည် ကျွန်တော့် အား ကျေးဇူးတင်သော မျက်နှာ ဖြင့် တစ်ချက်မျှ ကြည့်ရင်း “ မောင်မင်းကြီးသား ဘုန်းကြီး လို့ အသက်ရှည်ပါစေ ၊ ကဲ ... ငါ သွားမယ် ”
ကျွန်တော် သည် ဆိုင်ရှင်လုပ်သူ ၏ အပြုအမူ ကို နားမလည်နိုင်အောင် ရှိတော့သည် ။ စောစောက ထမင်းဆိုင် မှ အလုပ်သမား တို့ကား အစအန မျှပင် မမြင်ရတော့ချေ ။
ဆိုင်ရှင်လုပ်သူ သည် ကျွန်တော့် အနားသို့ တိုးကပ် လာပြီးလျှင်…
“ ခင်ဗျား ကို ကျေးဇူးတော့ တင်ပါတယ် ၊ ဒါပေမဲ့ ဒါမျိုး ဆိုတာ လက်သိပ်ထိုး လုပ်လိုက်ရင် လည်း ပြီးတာပဲ ၊ ကဲ ... ကဲ ... ခင်ဗျား ထမင်းစား ပါဦး ”
ကျွန်တော် က ဆိုင်ရှင် စကားကို နားမလည်သလို ကြောင် ၍ ကြည့် နေမိသည် ။
မိန်းမပျို သည် ကျွန်တော့် အနားသို့ ကပ်၍ ...
“ ဦးလေး က ဒီလိုပဲ သူ့ ဆိုင် နာမည်ပျက် မှာ စိုးလို့ ပြောတာပါ ၊ ဘယ်လိုမှ မအောက်မေ့နဲ့နော် အစ်ကိုကြီး ”
ဟု ခပ်တိုးတိုး ပြော၍ သွားလေသည် ။ ပြီးတော့လည်း ကျွန်တော့် ဟင်းခွက် ထဲသို့ ဟင်းရည် သာမက အဖတ်ကလေးများ ပါ ရော၍ ထည့်ပေး လေသည် ။ ကျွန်တော့် အပေါ်တွင် ဤမျှ စိတ်စေတနာ ကောင်းလှသော မိန်းမပျိုအား ကျွန်တော် က ကျေးဇူးတင်တင်ပင် ငေး၍ ကြည့်နေမိသည် ။
မိန်းမပျို က ကျွန်တော့် အား ခေါင်းကလေး ငဲ့၍ မချိုမချဉ် ပြုံး၍ ကြည့်သွားသည် ။
ထမင်း စား၍ ပြီးသော အခါ မိန်းမပျို သည် ကျွန်တော့် အတွက် သောက်ရေ ကို အသင့် ချ၍ ပေးသည် ။
“ ဘယ်လောက်ကျသလဲ ခင်ဗျာ ... ”
“ အကြော်နှစ်ခွက် နဲ့ ဆိုတော့ အားလုံး တကျပ်ခွဲ ကျပါတယ်ရှင် ”
ကျွန်တော် သည် မိန်းမပျို အား အံ့သြသလို ကြည့်လိုက်မိသည် ။
“ တကျပ်ခွဲ ဟုတ်လား ၊ ကျွန်တော် က အဝစား တကျပ် ဆိုလားလို့ ”
“ ထမင်း ကတော့ ဟုတ်ပါတယ်ရှင် ၊ အပို ပါတဲ့ ဟင်း ကတော့ တစ်ဝက် ကို တစ်မတ် ကျပါတယ် ”
“ မသိပါဘူးဗျာ ၊ ခင်ဗျား က ဘာ စားမလဲလို့ မေးတော့ ကျုပ် က အလကား များ ရသလားလို့ မှာလိုက်မိတာ ... ”
မိန်းမပျို သည် ကျွန်တော့် စကား ကို နားထောင်ရင်း ကျေနပ်စွာ ပြုံး လိုက်သည် ။ သူ ၏ ဖွေးဖွေးဖြူသော သွားကလေးများ ထဲမှ ရွှေသွားကလေး တစ်ချောင်း သည် ဝင်းခနဲ လက်၍လာသည် ။
“ အလကား စားချင် လည်း နောက် ကျွေးပါတယ်ရှင် ၊ ကျွန်မတို့ က စေတနာ မမွဲပါဘူး ”
ကျွန်တော် သည် မိန်းမပျို အား ထမင်းဖိုးငွေ ကို ပေးလိုက်ရင်း နေရာ မှ ထလိုက်သည် ။ သို့ ထလိုက်စဉ် တွင် မိန်းမပျို သည် ကျွန်တော့် အား ပြုံး၍ ကြည့်နေလေသည် ။ ကျွန်တော် က သူ့ အား နှုတ်ဆက်ရမလို မဆက်ရမလို ဖြစ်နေမိသည် ။ သူ ၏ အပြုံးသည် ကျွန်တော့် အား ကူးစက်၍ လာလေသည် ။ ကျွန်တော် ပါ သူ့ အား အလိုလို ပြန်၍ ပြုံးမိခဲ့လေသည် ။
“ နောက်လည်း လာ စားပါနော် အစ်ကိုကြီး ”
ဤ အသံကလေးက ကျွန်တော့် အား ပျားသကာ လောင်းလိုက် သလို ဘဝင် ဖိုအောင် ချိုအေးသာယာ မိလေသည် ။ ကား ဆီသို့ ပြန်ရောက်လျှင် ကားဆရာတို့ ပြောသည့် အတိုင်း ကားရှေ့ပိုင်း၌ တစ်ယောက်တည်း လှဲ၍ နေမိသည် ။ သို့ လှဲနေရင်း က တောနက် ထဲတွင် ရောက်နေရသူ ကဲ့သို့ ကိုယ့် ဘဝ ကို ကိုယ် ဘယ်လို ဆက်ပြီး လျှောက် ရမည်မ သိအောင် ရှိတော့သည် ။ ဘာလုပ်ရမည် ၊ ဘာကိုင်ရမည် ၊ ဘယ်မှာ နေလို့ ဘယ်လိုစားရမည် စသည့် ပြဿနာများ က ကျွန်တော့် ခေါင်း တွင် ရှုပ်ထွေးစေတော့သည် ။ ဘယ်ဟာ ကို မှ အဖြေ မပေးနိုင်သည့် အဆုံး၌ ကျွန်တော် သည် စိတ် ကို တုံးတုံးချလိုက်မိလေသည် ။
“ ကဲ .. ဖြစ်ချင်ရာ ဖြစ်စမ်း ၊ ထမင်း နှစ်နပ်တော့ စားရမှာပဲ ”
ကျွန်တော် သည် ဤသို့ပင် ကိုယ့် စိတ် ကိုယ် တုံးတုံး ချလိုက်မိသည် ။ သည်တော့ ကျွန်တော့် နေရေးထိုင်ရေး ကို ဘာမျှ ဆက်၍ တွေးစရာမရှိတော့ ချေ ။ ရှေ့ ဘာလုပ်ရမည် ကို မသိသော သူ တစ်ယောက်က ရှေ့ရေး ကို တွေးနေ သော်လည်း အပိုသာ ဖြစ်မည် ရှေ့ရေးတွေ ဘာတွေကို ဆက်၍ မတွေးတော့ ဘဲ ဖြစ်လိုရာ ဖြစ်ပေတော့ဟု ပေယျာလကန် ထားလိုက်တော့သည် ။
သည်အခါတွင် ကျွန်တော့် မှာ စိတ်ကြည်လင်စရာ ကို ရှာ၍တွေးရတော့သည် ။
“ နောက်လည်း လာ စားပါနော် အစ်ကိုကြီး ”
မိန်းမပျို ၏ အသံ က ကျွန်တော့် နား ထဲတွင် တောငှက်ကလေးများ ၏ အသံလို သာယာစွာ ကြားယောင်မိပြန်လေသည် ။
ကျွန်တော် က စိတ်ဝင်စား၍ သည် မိန်းမပျိုကလေး ဘဝ ကို ကြည့် လိုက်မိသည် ။ ထမင်းဆိုင် လာ၍ စားကြသော လူမျိုးစုံ ကို ကျေနပ်အောင် ဧည့်ခံရသည့် သူ့ ဘ၀ ကို ပင် သနားသလို ဖြစ်မိသည် ။ မိန်းမပျိုကလေး အကြောင်း ကို တွေးရင်း နှင့် မှေးခနဲ အိပ်ပျော်၍ သွားလေသည် ။ ရုတ်တရက် လန့်၍ နိုးသောအခါ တစ်စုံတစ်ယောက် က ကျွန်တော် ၏ လက်မောင်း ကို လှုပ်ခါ၍ နေလေသည် ။ ကျွန်တော် သည် အိပ်ရာ မှ အလန့်တကြား ထ လိုက်မိသည် ။ ကျွန်တော့် ဘေး တွင် လူနှစ်ယောက် သည် ကျွန်တော့် အား ကြည့်၍ ရယ်နေကြသည် ။ ကားဆရာ နှင့် သူ့ တပည့် တို့ ဖြစ်သည် ကို နောက်မှ သိရသည် ။
“ ကဲ…. ဖိုးသံချောင်း ၊ ကားနောက် ထဲ သွားချေ ၊ ဒီမှာ ကိုယ် အိပ်မယ် ၊ ကား နောက် ထဲမှာ မင်း ကို မိန်းမ တစ်ယောက် စောင့် နေတယ် ၊ သူ က မင်း ကို အလုပ် ပေးလိမ့်မယ် ”
ကားဆရာ ၏ စကား ကို မယုံနိုင်ဘဲ ကြောင်၍ ကြည့်နေမိသည် ။
“ ဟေ့ .. ထလကွာ ၊ အချိန် မရှိဘူး ၊ ပြီးတော့ မိုးမလင်းခင် သူ ပြန်ချင်တဲ့ ဆီလည်း လိုက် ပို့လိုက် ၊ သွား ... သွား ”
“ ဗျာ ... ကျွန်တော် သွားပြီး ဘာလုပ်ရမှာလဲ ”
“ သွားသာ သွားပါကွာ ၊ ဟိုကျတော့ သူ့ နားမှာ ထိုင်ပြီး ဆေးလိပ် သောက်နေ ၊ မင်း က ဘာမှ လုပ်စရာ မလိုဘူး ၊ သူ က မင်း ကို အလုပ် ပေးလိမ့်မယ် ”
ကားဆရာ သည် ကျွန်တော့် အား အောက်သို့ ဆွဲခေါ်ရင်း နောက်ကို လွှတ် နေတော့သည် ။ ကျွန်တော် က ယက်ကန်ယက်ကန် လုပ်နေသေးသည် ။
“ မလုပ်ပါနဲ့ဗျာ ၊ ကျုပ် ဟာ ကျုပ် အေးအေး ဒီမှာ အိပ်ပါရစေ ”
“ ဪ …. မင်း ကလည်း ၊ တကယ့် ဂျပန်စက္ကူ ပါပဲလား ၊ ကဲ ... မင်း သွားပြီး ထိုင်နေ ၊ ဒါမျိုးကို ဝါသနာ မပါတောင် သူတို့ ကို အသိ ဖွဲ့ ထားရမယ် ၊ နားလည်လား ၊ နောက်တော့ အလုပ်ရမှာ ၊ မင်း က လည်း အ,လိုက်တာ လွန်ရော ကဲ .. သွားကွာ ”
စပယ်ယာ လုပ်သူ သည် ကျွန်တော့် လက် ကို ဆွဲ၍ ခေါ်ပြန်သည် ။
“ လာပါ ၊ ကျွန်တော် နဲ့ လိုက်ခဲ့ပါ ”
ကျနော် သည် ဘုမသိ ဘမသိ နှင့် ကား နောက်သို့ ပါ၍ သွားလေသည် ။
⚀ အောင်လင်း
📖ပစ်တိုင်းထောင်