Showing posts with label ဆွန်း ( စက်မှုတက္ကသိုလ် ). Show all posts
Showing posts with label ဆွန်း ( စက်မှုတက္ကသိုလ် ). Show all posts

Thursday, April 2, 2026

မြို့တစ်မြို့နှင့် လူငါးယောက်


 ❝ မြို့တစ်မြို့နှင့် လူငါးယောက် ❞ 

▢ ဆွန်း ( စက်မှုတက္ကသိုလ် )


နောက်ဆုံးတော့ တစ်မြို့လုံးမှာ လူငါးယောက်သာ ကျန်ရစ်သည် ။


“ ဟိုးရှေးရှေးတုန်းက လူစွန့်စားခရီးသွား တစ်သိုက်ဟာ ဝေးလံခေါင်သီလွန်းလို့ လူသူ အရောက်အပေါက် နည်းလှတဲ့ တိုင်းစွန်နယ်ဖျားက တောင်တန်းကြီးတွေ အကြားကို ရောက် သွားကြတယ် ။ တောင်ကြီးတွေက မြင့်မား မတ်စောက်လွန်းလှတယ် ။ တစ်နေရာ ရောက်တော့ မြေပေါ် ထိုးထွက်နေတဲ့ ကျောက်ပေါ်ထွက်ပိုင်း တချို့မှာ အဖိုးတန် သတ္တုရိုင်း တစ်မျိုး အများကြီး ပါဝင်နေတာ အမှတ်မထင် တွေ့လိုက်ကြတယ် ။ သူတို့ဟာ သတ္တုပါတဲ့ ကျောက်နမူနာ တချို့ကို ရိုက်ချိုးဖြတ်တောက် ယူငင်ပြီး တွေ့တဲ့ နေရာကိုလည်း မြေပုံဆွဲ မှတ်သားလိုက်ကြတယ် ။ အဲဒီနေရာနဲ့ အနီးဆုံး ရွာငယ် ဇနပုဒ်က တစ်ဆယ့်ငါးမိုင်လောက် ဝေးတယ် ။ ကြားမှာလည်း အဆင်းခက်ခက် ၊ အတက်ကြမ်းကြမ်း တောင်စဉ်တောင်တန်း အထပ်ထပ်က ပိုင်းခြားပိတ်ဆို့ ဆီးကာထားတယ် ။ တန်ဖိုး မဖြတ်နိုင်တဲ့ သတ္တုရိုင်းသိုက်ကြီးက အဲဒီနေရာမှာ ရှိနေတာ ။ သတ္တုသိုက်ကြောင့် နောင်တစ်ချိန်မှာ ထင်ရှား ကျော်ကြားပြီး လူနေ သိပ်သည်းထူထပ်တဲ့ သတ္တုတွင်းမြို့ ဖြစ်လာမှာကို အဲဒီအချိန်က ဘယ်သူမှ မသိခဲ့ကြဘူးပေါ့ ”


မြို့မှာ ကျန်ရစ်ခဲ့သူ ငါးယောက် အနက် အသက်အကြီးဆုံး ဖြစ်သည့် ဦးအို က ထိုအကြောင်းကို အသေးစိတ် ပြောပြသည် ။ 


“ အခုတော့ အဲဒီ မြို့လေးမှာ လူငါးယောက်ပဲ ကျန်တယ်လေ”


ဦးအို၏ စကားအဆုံးမှာ မြေကြီးပေါ် လှဲနေသည့် ကိုနာ က ဖြည့်ပြောလိုက်သည် ။ ကျန်နှစ်ယောက်က သက်ပြင်းချသည် ။


မှန်သည် ။ မြို့လေးမှာ ယခုအခါ လူငါးယောက်သာ ကျန်နေရစ်တော့သည် ။ အစွန့်ပစ်ခံ မြို့ဟောင်းမြို့ပျက် ဖြစ်နေပြီ ။ လွန်ခဲ့သည့် ဆယ်နှစ် ကတည်းက မြို့သူမြို့သား အချို့သည် သူတို့မြို့ကို စတင် စွန့်ခွာကြသည် ။ အကြောင်းရင်းက အင်မတန် ရိုးစင်းသည် ။ မြို့လေးကို အမှီပြုပြီး သူတို့ဘဝ ရပ်တည် ရှင်သန်ရန် မဖြစ်နိုင်တော့၍ ဖြစ်သည် ။ မြို့လေး၏ စီးပွားရေးသည် တစ်ဟုန်ထိုး ကျဆင်းနေသည် ။ အလုပ်အကိုင် အခွင့်အလမ်းက အလွန်အမင်း ရှားပါးလာသည် ။ ရောင်းရေး ဝယ်တာတို့ ချည့်နဲ့ဆွံ့အ,ကုန်သည် ။ လုံခြုံရေး ယိုယွင်း ပျက်စီးနေသည် ။ ရာဇဝတ်မှု ထူပြော များပြားလွန်းသည် ။ နေရာတိုင်းမှာ ကြောက်ရွံ့ခြင်းနှင့် မွတ်သိပ်ခြင်းတို့ ကြီးစိုးနေသည် ။ ထိုဒဏ်များကို မခံစားနိုင်သော မြို့သူမြို့သား အချို့သည် သူတို့ မြို့လေးကို မလွှဲသာမရှောင်သာ သံယောဇဉ် ဖြတ်ကာ ရေကြည်ရာ မြက်နုရာ တစ်ရပ်တစ်ကျေး ဆီသို့ ထွက်ခွာသွားကြသည် ။ 


ထိုသို့ မဖြစ်မီ မြို့လေး၌ မှီတင်းနေထိုင်သူ အထိုက်အလျောက် များပြား စည်ကားခဲ့သည် ။ အတန်အသင့် ဖွံ့ဖြိုး စည်ပင်ခဲ့သည် ။ ထို့ထက် အနည်းငယ်ပိုမို ရှေးကျသော ကာလများက မြို့နှင့် မမျှအောင် ဝင်ရောက် ခိုလှုံသူများ ပြားကာ ကြက်ပျံမကျ စည်ကားခဲ့သည် ။ အလုပ်အကိုင် ပေါများခဲ့သည် ။ ငွေရှာရ လွယ်ကူခဲ့သည် ။ ရောင်းဝယ်ဖောက်ကားမှု ဖြစ်ထွန်းခဲ့သည် ။ မျက်စိရှေ့မှာပင် နေ့ချင်းညချင်း အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက် စည်ကားကြီးပွားလာသည် ။ အခြားမြို့များ၏ ငေးမော အားကျခြင်းကို ခံယူခဲ့ရသည် ။ 


မြို့လေး အမည်က မိုင်းလွယ်ခမ်း ဖြစ်သည် ။ မြန်မာဘာသာ ပြန်ဆိုလျှင်တော့ ရွှေတောင်မြို့ပေါ့ ။ မိုင်းလွယ်ခမ်း သည် အဖိုးတန် သဘာဝ သယံဇာတကြောင့် ဖြစ်တည် ရှင်သန် ထင်ရှားကျော်ကြား လာသည့် မြို့ ။ သတ္တုတူးဖော် ထုတ်လုပ်မှု လုပ်ငန်းကြောင့် ကြွယ်ဝချမ်းသာ ထွန်းလင်း တောက်ပလာခဲ့သည့် မြို့ ။ 


မိုင်းလွယ်ခမ်းသည် စားဝတ်နေရေး ခက်ခဲသူတို့၏ ထွက်ပေါက် ဖြစ်ခဲ့သည် ။ ကြွယ်ဝချမ်းသာလိုသူတို့၏ စိတ်ကူးယဉ်အိပ်မက် ဖြစ်ခဲ့သည် ။ စွန့်စားကြီးပွားလိုသူများ၏ ပစ်မှတ်ဖြစ်ခဲ့သည် ။ ထိုအခြေအနေသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိခဲ့သည် မဟုတ် ။ လူစွန့်စား ခရီးသွား တစ်သိုက်က သတ္တုရိုင်းကို စတင် တွေ့သိခဲ့ပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာကြာမှ ထိုနေရာမှာ တိုးတက်ဖွံ့ဖြိုးသည့် သတ္တုတွင်းမြို့တစ်မြို့ ဖြစ်လာခဲ့ခြင်းဖြစ်သည် ။ 


“ ဒီနေရာမှာ အဖိုးတန် သတ္တုရိုင်းထွက်တာကို ဒေသခံတွေက ဟိုးအရင် ကတည်းက တင်တင်ကြိုကြို ဦးဦးဖျားဖျား သိကြတယ် ။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပြီး သက်ကြီးစကား သက်ငယ်ကြား ပြောလာခဲ့လို့လေ ။ ဒါပေမဲ့ ဒေသခံတွေ အတွက် အိပ်ရာဝင်ပုံပြင် တစ်ပုဒ်ထက် ပိုပြီး အဓိပ္ပာယ် မရှိခဲ့ဘူး ။ သူတို့ စိတ်အာရုံကို မဆွဲဆောင် ၊ မဖမ်းစားနိုင်ခဲ့ဘူး ။ အများစုက အမှုမဲ့ အမှတ်မဲ့နဲ့ မသိကျိုးကျွန် ပြုပြီး မေ့ပျောက်ထားကြတယ် ။ ဒေသခံတွေက သတ္တုရိုင်းကို ဘယ်လို တူးဖော်ကြိတ်ခွဲ သန့်စင်ကျိုချက် ထုတ်ယူရမလဲ ဆိုတာကို မသိကြဘူး ။ အင်မတန် ရှင်းလင်းရိုးစင်းလွယ်တဲ့ မိရိုးဖလာ ရှေးဟောင်း နည်းစနစ်တွေကိုတောင်မှ မသိကြဘူး ။ သိအောင်လည်း မစူးစမ်း ။ စူးစမ်းဖို့လည်း စိတ်မဝင်စား ။ ထုတ်လုပ်ပြီးတဲ့ သတ္တုစင်ကို ဘယ်လို ရောင်းဝယ်ဖောက်ကားရမယ် ၊ ဘယ်လို အသွင်ပြောင်း အဆင့်မြှင့် အသုံးချရမယ် ဆိုတာ တွေကိုတော့ သူတို့နဲ့ လားလားမှ မသက်ဆိုင်သလို သဘောထားပြီး အေးရာအေးကြောင်း နေကြတယ် ” 


အသက် ခုနစ်ဆယ်ကျော် ဦးအိုက သူ့ရင်ထဲမှ မကျေမနပ်ချက်တွေကို မျိုသိပ်အောင့်အည်း မထားနိုင်ဘဲ ပွင့်အန်ပေါက်ကွဲ ညည်းတွားသည် ။ ဦးအို ထိုသို့ ဖြစ်နေသည်မှာ ကြာပြီ ။ သူ့ကို ဦးမျိုးချစ် ဟု ကျန်လူများက အနွတ္တသညာ ပေးထားသည် ။ 


“ သူတို့က သိခဲ့ ၊ စူးစမ်းခဲ့ ၊ စိတ်ဝင်စားခဲ့ရင်တောင်မှ ဒီလောက် ဝေးလံခေါင်သီတဲ့ အရပ်ဒေသဆီကို စွန့်လွှတ် စွန့်စားလာကြမှာတဲ့လား ။ အစားအသောက် ရှားပါးပြီး ရာသီဥတု ဆိုးရွားကြမ်းတမ်းလွန်းတဲ့ ဒီလို နေရာမျိုးမှာ အလုပ်ကို ပင်ပင်ပန်းပန်း ဇောက်ချခါးချိုး လုပ်ချင်ကြလို့လား ။ ကိုယ့် အရပ်မှာပဲ အေးအေးလူလူ သက်သက်သာသာ နေချင်ကြတာ မဟုတ်လား ။ ရောင့်ရဲ့တင်းတိမ် ကျေနပ် နေကြတာ မဟုတ်လား ။ စိန်ခေါ်မှုတွေ ၊ အန္တရာယ်တွေ များပြားလွန်းတဲ့ သတ္တုလုပ်ငန်း လုပ်ဖို့ စိတ်မကူးခဲ့ကြဘူး ။ အဲဒါကြောင့် တန်ဖိုး မဖြတ်နိုင်တဲ့ အဖိုးတန် သတ္တုသိုက်ကြီးကို ကိုယ့်မြေအောက်မှာ ကိုယ့်ခြေထောက်နဲ့ နင်းဖိထားပြီး အလဟဿ အချည်းနှီး ဖြစ်စေခဲ့ကြတယ်လေ ” 


ဦးအို၏ စကားအဆုံးမှာ ကိုကျိုးက တွေးတွေးဆဆ ဝင်ပြောသည် ။ ကိုကျိုးက အသက်ငါးဆယ်အရွယ် သတ္တု တူးဖော်ရေး လုပ်သားဟောင်းကြီး ဖြစ်သည် ။ မြေအောက် တူးဖော်ရေးလုပ်ကွက် ပြိုကျစဉ်က ကျောက်မြေစာပုံ အောက် ရောက်သွားခဲ့သဖြင့် ညာခြေထောက်ကို ပေါင်ရင်း နားက ဖြတ်တောက်ကာ အသက်လု ကယ်တင်ခြင်း ခံထားရသူ ။ ချိုင်းထောက် ဖြင့်သာ လှုပ်ရှားသွားလာနိုင်သူ ။ သူ့ရင်ထဲမှာလည်း ဦးအို နှင့် ကြောင်းတူသံကွဲ ခံစားချက်တို့ ရှိနေသည် ။ မကျေနပ်ချက်တို့ ရှိနေသည် ။ သူ့ကိုမူ ကိုပြည်ချစ် ဟု သူ့ကွယ်ရာမှာ တီးတိုး ခေါ်ကြသည် ။


ကိုကျိုး စကားအဆုံးမှာ ကိုကန်းက ဝင်ပြောသည် ။ 


“ အေးကွာ ၊ ဝေးမြေရပ်ခြားက စိနတိုင်းသားတွေ ကတော့ လွယ်ခမ်းဒေသရဲ့ မြေအောက် သတ္တုသိုက် အကြောင်းကို ခရီးသွားတွေ ဆီက သတင်းရပြီး ကတည်းက စဉ်ဆက် မပြတ် လေ့လာစူးစမ်းတယ် ။ အာရုံထား စိတ်ဝင်စားတယ် ။ သူတို့က မြေအောက် သတ္တုရိုင်းကို ဘယ်လိုတူးဖော်ရမယ် ၊ ဘယ်လို ကြိတ်ခွဲသန့်စင်ရမယ် ၊ ဘယ်လို ကျိုချက်ထုတ်ယူရမယ် ဆိုတာ သိကြတဲ့ သူတွေကိုး ။ ထုတ်လုပ်သန့်စင်ကျိုချက်ပြီးတဲ့ သတ္တုစင်ကို ရောင်းဖို့ ၊ အသုံးချဖို့ နည်းလမ်းကိုလည်း သိကြသူတွေကိုး ။ သတ္တုက ရနိုင်တဲ့ အကျိုးအမြတ်တွေကိုလည်း နောကျေအောင် သိထားကြတော့ မက်မောတပ်မက်တာပေါ့ ။ အဲဒီ လောဘနဲ့ သူတို့ဟာ လွယ်ခမ်းတောင်ကြား ကို စွန့်စားဝင်ရောက်လာကြတယ် ။ သတ္တုလုပ်ငန်းကို အားကြိုးမာန်တက် လုပ်ကိုင်ကြတယ် ”


ကိုကန်း၏ စကား အဆုံးမှာ အားလုံး ငြိမ်သက် သွားသည် ။ ကိုကန်းက ကိုကျိုးနှင့် သက်တူရွယ်တူ သတ္တုတူးဖော်ရေးလုပ်သားဟောင်း ဖြစ်သည် ။ သူတို့နှစ်ယောက်သည် ကံတူအကျိုးပေးများ ဖြစ်ကြသည် ။ ကိုကန်းလည်း ကိုကျိုး လိုပဲ မြေအောက် သတ္တုတူးဖော်ရေးလုပ်ကွက်မှာ ယမ်းဘီလူး မတော်တဆ ထ,ပေါက်ကွဲစဉ်က သတ္တု ကျောက်မြေစာ တချို့ လွင့်စဉ်ထိမှန်ခြင်းခံထားခဲ့ရသူ ။ ဘယ်ဘက်မျက်လုံး တစ်ဖက် ဆုံးရှုံးပျက်စီးနေသည့်သူ ။


သူတို့သည် သတ္တုတွင်းက ရထားသည့် မိုင်းရောဂါမျိုးစုံကြောင့် နာမကျန်း ဖြစ်နေသော ကိုနာ့ ဘေးပတ်လည်မှာ စုရုံးဝိုင်းဖွဲ့ထိုင်ရင်း ရောက်တတ်ရာရာ ပြောဆိုနေကြသည် ။ မလှမ်းမကမ်း၌ မီးအား ကောင်းကောင်းဖြင့် လောင်ကျွမ်းနေသော ထင်းမီးဖို တစ်ဖို ရှိသည် ။ ထို ထင်းမီးဖိုက သူတို့ကို အလင်းရောင်လည်း ပေးသည် ။ အနွေးဓာတ်ကိုလည်း ပေးသည် ။ မီးဖိုကြောင့် သူတို့ လေးယောက် သက်သောင့် သက်သာ ဖြစ်နေသည် ။


ကိုနာက ရုတ်တရက် ထ,ရယ်သည် ။ ရယ်ရင်း တန်းလန်းနှင့် ဗလုံးဗထွေး ပြောသည် ။


“ ပါးစပ်ရာဇဝင် အရတော့ ဒီနေရာကို အဦးအစ ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာက စိနတိုင်းသား ငါးယောက်တည်းတဲ့ ။ အခု ဒီနေရာမှာ နောက်ဆုံး ကျန်နေရစ်နေတာ ကလည်း လူငါးယောက်ပဲ ။ ဒါပေမဲ့ စိနတိုင်းသားတွေတော့ မဟုတ်ဘူး ” 


ကိုနာနှင့် အတူ သူတို့ အားလုံး လိုက်ရယ်ကြသည် ။ သို့သော် သူတို့ ရယ်သံများသည် ခြောက်သွေ့ကွဲအက်နေသောကြောင့် ရယ်သံနှင့် မတူ ။ ငိုသံနှင့်သာ ပိုတူနေသည် ။ မှန်သည် ။ သူတို့သည် ရယ်ရင်း ငိုနေကြသည် ။ 


ရယ်သံများ ကျဲပါးစ အပြုမှာ ဦးအိုက ပြောသည် ။ 


“ အေး... ဟုတ်တယ် ၊ လူငါးယောက် ။ မောင်နှမ်း ကိုပါ ထည့်ပေါင်းရင် ဒီမြို့ပျက်ကြီးမှာ နောက်ဆုံး ကျန်ရစ်ခဲ့တာ လူငါးယောက် ။ မြို့တစ်မြို့နဲ့ လူငါးယောက်ပေါ့ကွာ ”


ဪ ... လူငါးယောက်နှင့် စတင် ဖြစ်တည်လာခဲ့သည့် မြို့ကလေး ။ လူငါးယောက်သာ နောက်ဆုံး ကြွင်းကျန်ရစ်သည့် မြို့ကလေး ။


••••• ••••• •••••


ထင်းမီးဖိုက ဆက်လက် လောင်မြိုက်နေသည် ။ မီးအား လျော့နည်း ကျဆင်းသွားလျှင် ကြုံရာ လူတစ်ယောက်က ထ,ပြီး မီးဖိုအတွင်းသို့ ထင်းလောင်စာ ပစ်ထည့်သည် ။ လောင်စာကိုလည်း ဝေးဝေးလံလံ သွားရှာရန် မလို ။ ယခု သူတို့ ရောက်နေသည့် အဆောက်အဦပျက်ကြီးက ယိုယွင်း ဟောင်းမြင်းဆွေးမြည့် ပျက်စီးနေသည့် သစ်အပိုင်းအစ တစ်ခုကို ဆွဲယူငင်ကာ မီးဖို အတွင်းသို့ ပစ်ထည့်လိုက်ရုံသာ ။ 


သူတို့သည် မြို့ပျက် အတွင်းက ပေါများလွန်းလှသည့် ပိုင်ရှင်မဲ့ အဆောက်အဦများမှ ကြိုက်နှစ်သက်ရာ အဆောက်အဦ အတွင်းမှာ အလျဉ်းသင့်သလို နေထိုင်သည် ။ အကောင်းဆုံး အဆောက်အဦများကို ဦးစွာ ရွေးချယ်ကြသည် ။ ဥပမာ မိုင်းချုပ်၏ နေအိမ်လိုမျိုး ၊ သတ္တုတွင်း ဧည့်ဂေဟာမျိုး ။ နောက်တော့ သူတို့၏ နိစ္စဓူဝ လိုအပ်ချက် အဝဝကို လွယ်လင့်တကူ ဖြည့်ဆည်းပေးနိုင်မည့် နေရာမျိုးကို ပြောင်းလဲ ရွေးချယ်ကြသည် ။ ဥပမာ ဆေးရုံလိုမျိုး ၊ ရိက္ခာဂိုဒေါင်လိုမျိုး ။


တစ်မြို့လုံးမှာ လူငါးယောက်တည်းသာ ရှိနေသည့်တိုင် နေရာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အကြိုက်တူညီသောအခါ သူတို့သည် အချင်းချင်း ပဋိပက္ခ ဖြစ်ခဲ့ကြသေးသည် ။ အမျက်ဒေါသ ထွက်ခဲ့ကြသေးသည် ။ ရန်သတ္တရု ပြုကာ တုတ်တပြက် ဓားတပြက် တိုက်ခိုက်ခဲ့ကြသေးသည် ။ သာသူသာ ၊ နာသူနာ နှင့် ဒဏ်ရာအနာတရ များစွာ ဖြစ်ခဲ့ကြသေးသည် ။ သူတို့ ရန်ပွဲကို ကြည့်ရင်း မြို့ပျက်က အူလှိုက်သည်းလှိုက် လှောင်ပြောင် သရော် ဟားတိုက်ရယ်မောသည် ။ မြို့ပျက်၏ ရယ်မော ဟားတိုက်သံကြောင့် သူတို့ ရန်ပွဲ ရပ်သွားသည် ။ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်း၏ အနက်အဓိပ္ပာယ် အစစ်အမှန်ကို နားလည် သဘောပေါက် သွားသည် ။ မရှိခြင်း၌ ရှိခြင်းကို လိုလားတပ်မက်စွာ အားထုတ်ဖွေရှာနေခြင်း၏ အနှစ် သာရမဲ့မှုကို နားလည်သဘောပေါက်သွားသည် ။ ထိုအခါ သူတို့အချင်းချင်း ပြန်လည် သင့်မြတ်သွားသည် ။ ချစ်ကြည်သွားသည် ။ ငြိမ်းချမ်းသွားသည် ။


“ အဲဒီတုန်းက တစ်ရပ်တစ်ကျေးက လာပြီး သတ္တုလုပ်ငန်း လုပ်ကြသူတွေဟာ ပီဘိ စီးပွားရေးသမားစစ်စစ်ကြီးတွေကွ ။ သူက မဆိုစလောက် အခွန်အတုတ် နည်းနည်းပါးပါးကို အုပ်ချုပ်မင်းပြုနေတဲ့ ဘုရင်အစိုးရထံ မှန်မှန် ဆက်သကြတယ် ။ “ ရွှေဘုန်းတော်ကြောင့် ဖဝါးတော်အောက် ဝင်ရောက်ခိုလှုံရပါတယ် ” လို့လည်း ဘုရင့်စိတ်ကြိုက် တင်လျှောက်ကြတယ် ။ အမြော်အမြင်နည်းပြီး အခြောက်တိုက် စိတ်ကြီးဝင်နေတဲ့ ဘုရင် ကလည်း အကျေနပ်ကြီး ကျေနပ်တယ် ။ သတ္တုလုပ်ငန်းကို တိုင်းတစ်ပါးသားတွေ သဘောအတိုင်း စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးသနားတော်မူတယ် ။ သူတို့ ဆက်သ,သလောက်လေးကို လက်ခံကျေနပ်တယ် ။ သူတို့ရဲ့ သတ္တုလုပ်ငန်းဟာ ကြီးမားတွင်ကျယ် အောင်မြင်လာတာပေါ့ ။ အဲဒီအခါ အလုပ်သမားတွေ လိုအပ်လာတယ် ။ ဒေသခံတွေကို အလုပ်သမား အဖြစ် ခေါ်ယူအသုံးပြုတယ် ။ ထူးဆန်းတာက ဒေသခံတွေဟာ တိုင်းတစ်ပါးသားတွေရဲ့ လက်အောက်မှာတော့ အလုပ်သမားအဖြစ်နဲ့ ကျေနပ်ကျိုးနွံစွာ ကျွန်ခံပြီး အလုပ် ဝင်လုပ်ကြသဗျာ ” 


ဦးအိုက ခနိုးခနဲ့ ရယ်သည် ။ ကျန်လူများက မျက်နှာနီရဲပြီး ခေါင်းငုံ့ သွားသည် ။ ယခုအခါ သူတို့သည် ကိုယ့်ကိုယ်ကို “ သခင်မျိုး ” လို့ ဂုဏ်မမောက်ကြတော့ပါ ။ “ သာကီမျိုး ” လို့ လက်သီးလက်မောင်း မဆန့်တန်းကြတော့ပါ ။


ဘာပဲဖြစ်ဖြစ် လွယ်ခမ်း တောင်ကြားမှာ သတ္တုလုပ်ငန်းလုပ်သည့် ရွာလေးတစ်ရွာ ဖြစ်တည်ရှင်သန်လာသည် ။ 


တကယ်တော့ သတ္တုလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်နေသည့် စိနတိုင်းသားများ ကိုယ်တိုင်က ရှေးရိုးသမားများ ဖြစ်သည် ။ သတ္တုလုပ်ငန်းကို ရိုးရာဓလေ့ထုံးတမ်းနည်းလမ်းများအတိုင်း ခေတ်နောက်ပြန်ဆွဲ လုပ်ကိုင်နေကြသည် ။ ထို့ကြောင့် လွယ်ခမ်းတောင်ကြားက သတ္တုလုပ်ငန်းသည် ကြက်ပွဲ သာသာမျှ ဖြစ်နေသည် ။ နှစ်ရှည်ကြာညောင်းလာသော်လည်း လွယ်ခမ်းရွာလေးက ထူးထူးခြားခြား သိသိသာသာ ဖွံ့ဖြိုးတိုးတက်မလာခဲ့ ။ မြို့ပြ လက္ခဏာများ သန္ဓေတည် သက်ဝင်မှု မရှိခဲ့ ။ လူသူ အရောက်အပေါက် ကင်းမဲ့သည့် ရေရိုင်း ၊ မြေရိုင်း ၊ ဒေသရိုင်းမှာ ပစ္စန္တရစ် ဖြစ်မြဲ ဖြစ်နေဆဲ ။


သို့သော် ထိုပစ္စန္တရစ် မြင်းရိုင်းကို ဇက်ခွံ့ကာ ကျွမ်းကျင်နိုင်နင်းစွာ စီးနှင်နိုင်ခဲ့သည့် စိနတိုင်းသားများ ကတော့ သတ္တုလုပ်ငန်းမှ အကျိုး စီးပွားများစွာ ရရှိ ဖြစ်ထွန်းခဲ့သည် ။ ဒေသန္တရ အတိုင်းအတာ စံနှုန်းအရ လူချမ်းသာ စာရင်းဝင်သွားသည် ။ ထိုသို့ဖြစ်အောင် လွယ်ခမ်းတောင်ကြားဒေသက အကျိုးပြုခဲ့သည် ။ သူတို့ကို တစ်ပြည်ရပ်ခြားမှ လာ၍ စီးပွားရေး ကျူးကျော်သူ ၊ အမြတ်ထုတ်ကုပ်သွေးစုပ်သူဟု မည်သည့် ဒေသခံ တစ်ဦးတစ်ယောက်ကမှ မယိုးစွပ်ကြ ။ အပြစ် မတင်ကြ ။ ယိုးစွပ် အပြစ်တင် ရကောင်းမှန်းလည်း မသိခဲ့ကြ ။


“ တို့က ကျောချလို့လည်း ဓားပြမှန်း မသိကြဘူး ။ ကိုယ်စီးတဲ့ မြင်းဟာ အထီးလား ၊ အမလား ဆိုတာကိုလည်း မသိကြဘူး ” 


ဦးအိုက အောက်ကလိအာ အသံဖြင့် ပြောသည် ။ ကျန်လူများက ငြိမ်သက်နေသည် ။


နောက် နှစ်ပေါင်းများစွာ ကြာသောအခါ ထိုနေရာသို့ ပိုမို ဝေးကွာခြားနားသော အရပ်ဒေသမှ အနောက်တိုင်းသားများ ရောက်လာသည် ။ သူတို့က ခေတ်မီသည် ။ တိုးတက်သည် ။ အသိပညာ ၊ အတတ်ပညာ နှံ့စပ်ကြွယ်ဝသည် ။ စီးပွားရေးကို စစ်ရေး ၊ နိုင်ငံရေးတို့နှင့် ပူးတွဲလုပ်ဆောင်သည် ။ ဘုရင်ကို သုံ့ပန်းပြုသည် ။ တိုင်းပြည်ကို သိမ်းပိုက် အုပ်ချုပ်သည် ။ တစ်နိုင်ငံလုံးကို သူတို့၏ သြဇာအာဏာစက်အောက်သို့ ကျရောက်စေသည် ။ လွယ်ခမ်းတောင်ကြားဒေသကိုလည်း သူတို့ ရယူ သိမ်းပိုက်လိုက်၏ ။ စိနတိုင်းသားများကို မောင်းထုတ်သည် ။ သတ္တုလုပ်ငန်းကို ဆက်ခံလုပ်ကိုင်သည် ။ သတ္တုရိုင်းကို နောက်ဆုံးပေါ် နည်းပညာများနှင့် အင်တိုက်အားတိုက် တွင်တွင်ကျယ်ကျယ် တူးဖော်ထုတ်လုပ်သည် ။ တိုးတက်ခေတ်မီသည့် နည်းစနစ်များနှင့် ကျိုချက်သန့်စင်သည် ။ လွယ်ခမ်းတောင်ကြားမှာ ကြီးမားနက်ရှိုင်းသော သတ္တုတွင်းကြီး တစ်ခု ဖြစ်ပေါ်လာသည် ။ သွားရေးလာရေး ပိုမိုအဆင်ပြေသော အနီးအနားက မြို့ကလေးမှာ မဟာဧရာမ သတ္တု သန့်စင်စက်ရုံကြီးများ ဖြစ် ပေါ်လာသည် ။


လုပ်ငန်းလိုအပ်ချက် အရ လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့ကောင်းမွန်အောင် စီမံဆောင်ရွက်သည် ။ သတ္တု တူးဖော်သည့် မြို့နှင့် သတ္တု ကျိုချက်သန့်စင်သည့် မြို့ကို ရထားလမ်းငယ် တစ်ခု ဖောက်လုပ် ဆက်သွယ်သည် ။ မြင့်မားမတ်စောက်သည့် တောင်တန်းကြီးများကြောင့် ကားလမ်းကိုတော့ မဖောက်လုပ်နိုင်ခဲ့ ။ ရထားလမ်းသည် သတ္တုတွင်းမြို့လေး၏ အဓိက ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်လာသည် ။ ထိုရထားလမ်းမှ တစ်ဆင့် လူများ ကူးသန်းသွားလာသည် ။ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများကို သယ်ယူတင်သွင်းသည် ။ တွင်းထွက်သတ္တုရိုင်းများကို ဆောင်ကြဉ်း ပို့ဆောင်သည် ။


မြို့ကလေး၏ အရန် လမ်းကြောင်းအဖြစ် စိနတိုင်းသားတို့ ဖောက်လုပ်အသုံးပြုခဲ့သည့် လူနှင့်လား သွားသာရုံ ခြေကျင်လမ်းများကို အသုံးပြုကြသည် ။ သတ္တုတွင်း ရထားကို လိုက်ပါစီးနင်းခွင့် မရှိသည့် ဒေသခံများ အားထားမှီခိုရာ လမ်းကြောင်းများ ။


အနောက်တိုင်းသားများအတွက် အထူးလမ်းကြောင်းကို သီးသန့် ဖန်တီးသည် ။ မိုင်းလွယ်ခမ်းမှာ လေယာဉ်ကွင်းငယ် တည်ဆောက်သည် ။ ထို့ကြောင့် မိုင်းလွယ်ခမ်း မှ ရန်ကုန်လို ၊ မန္တလေးလို မြို့ကြီးများသို့ နေ့ချင်းပြန် သွားလာနိုင်သည် ။ အလွန်တိုတောင်းသည့် ကာလအတွင်းမှာပင် မိုးဦးကျ၌ မျှစ်စို့ကြီးများ မြေအောက်မှ ထိုးထွက်လာသလို လွယ်ခမ်းတောင်ကြားမှာ သတ္တုတွင်းမြို့ ဖြစ်တည်ရှင်သန် ဖွံ့ဖြိုးလာသည် ။ နေပျော်ဖွယ်မြို့ဖြစ်အောင် အနောက်တိုင်းသားများက သူတို့ စံနှုန်းအတိုင်း လိုအပ်သည်များကို ဖန်တီးဖြည့်စွက်မွမ်းမံသည် ။


မြို့လူဦးရေ တိုးပွားလာပုံကို ဦးအိုက ပြောပြန်သည် ။ 


“ လွယ်ခမ်းမှာ ကမ္ဘာ့အဆင့် မြေအောက်သတ္တုတွင်းအကြီးကြီး တူးမယ် ဆိုတော့ အလုပ်သမား အများကြီး လိုတာပေါ့ ။ အတွေ့ အကြုံရင့်ပြီး အရင်းအနှီးကြီးတဲ့ အနောက်တိုင်းကုမ္ပဏီက အဲဒီ အခက်အခဲကို လွယ်လွယ်လေးပဲ ဖြေရှင်းကျော် လွှားခဲ့တယ် ။ အလုပ်သမားတွေကို လုပ်အားခလစာ ကောင်းကောင်း ပေးမယ် ၊ နေစရာ လိုင်းခန်း ပေးမယ် ၊ အစားအသောက် စီမံပေးမယ် ဆိုပြီး ကြေညာတယ် ။ အဲဒီ ကြော်ငြာသတင်း ကြားတဲ့ နိုင်ငံတစ်နံတစ်လျားက အလုပ် လိုချင်သူတွေဟာ ထန်းလျက်ခဲဆီ အုံခဲရောက်လာတဲ့ ပုရွက်ဆိတ်တွေလိုပဲ တစ်ယောက်ပြီး တစ်ယောက် ၊ တစ်သုတ်ပြီး တစ်သုတ် အလုံးအရင်းနဲ့ လွယ်ခမ်းတောင်ကြားကို နေ့စဉ်ရက်ဆက် ဝင်ရောက်လာကြတယ် ” 


ထိုသူတို့သည် အများအားဖြင့် တစ်ကိုယ်ရေတစ်ကာယများ ဖြစ်သည် ။ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် လာကြသည် ။ စိတ်ကြမ်း လူကြမ်းများ ဖြစ်သည် ။ ကိုယ့်ရပ်ကိုယ့်မြေမှာ နေထိုင်ရှာဖွေ စားသောက်ရန် အဆင်မပြေသဖြင့် ဖြစ်ချင်ရာ ဖြစ်ဟု စိတ်ပိုင်းဖြတ်ကာ ရေရိုင်း ၊ မြေရိုင်း ၊ ဒေသရိုင်းသို့ စွန့်စားထွက်ခွာလာကြသူများ ဖြစ်သည် ။ တုံးတိုက်တိုက် ၊ ကမ်းတိုက်တိုက် ဟု စိတ်တုံးတုံးချထားသူများ ဖြစ်ကြသည် ။ သူတို့မှာ စိတ်ဒဏ်ရာလေးတွေ အနည်းအများ ကိုယ်စီ ပါလာကြသည် ။ သို့သော် အတွေးအခေါ် ဆင်ခြင်တုံတရားက များများစားစား ပါမလာခဲ့ကြ ။ အများစုက ရုပ်ကြမ်းသမားစစ်စစ်ကြီးများ ။ 


“ ထူးဆန်းတာက သူတို့ဟာ တခြား မြို့ရွာတွေနဲ့ သဟဇာတ မဖြစ်ပေမဲ့ မိုင်းလွယ်ခမ်းနဲ့တော့ ပလဲနံပ သင့်ကြတယ် ။ မိုင်းလွယ်ခမ်းကလည်း သူတို့လိုပဲ အထီးကျန် တစ်ကောင်ကြွက် တစ်မျက်နှာ မဟုတ်လား ။ လူသူလေးပါး ကင်းဝေးရာ ရေရိုင်း ၊ မြေရိုင်း မှာ ခက်ခက်ခဲခဲ ဖြစ်တည် ရှင်သန်နေရတဲ့ ခပ်ကြမ်းကြမ်း ၊ ခပ်ရိုင်းရိုင်းမြို့ မဟုတ်လား ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့သွားကြတာပေါ့ ” 


မိုင်းလွယ်ခမ်းမြို့သို့ အခြေချ နေထိုင်ရန် ရောက်လာသူများအပေါ် ကိုကန်း၏ သဘောထားမှတ်ချက် ။ 


သတ္တုတွင်းမြို့ ဖြစ်တည်ရှင်သန် ဖွံ့ဖြိုးလာပုံမှာ မြင်တွေ့နေကျ သမားရိုးကျ မြို့များနှင့် မတူပါ ။ ယေဘုယျအားဖြင့် သတ္တုရိုင်းသိုက် ဖြစ်တည်တတ်သော မြေ၌ အခြား သဘာဝ သယံဇာတများ စင်ပြိုင်ဖြစ်တည်လေ့ မရှိ ။ သစ်ကြီးဝါးကြီးတို့ ပေါက်ရောက်ရှင်သန်လေ့ မရှိ ။ အင်းအိုင်စိမ့်စမ်း မြစ် ချောင်းတို့ ရစ်ခွေစီးဆင်းလေ့ မရှိ ။ တောနေ သတ္တဝါနှင့် ကျေးငှက်သာရကာတို့ ကျက်စားမြူးထူးလေ့ မရှိ ။ ဆိုလိုသည်က သတ္တုရိုင်း ဖြစ်တည်ရာ မြေသည် တောကြီးမျက်မည်းအတွင်းက နေချင့်စဖွယ် စိုပြည်စိမ်းလန်း သာယာအေး ချမ်းသည့် ရပ်ဝှမ်းဒေသမျိုး မဟုတ် ။ စားစရာ ၊ သောက်စရာ ပေါများကြွယ်ဝသည့် သာဆန်းရဂုံမျိုး မဟုတ် ။


ပတ်ဝန်းကျင်တစ်ခုလုံးကို မြင့်မားမတ်စောက်သော တောင်ကတုံးများက ဝန်းရံထားသည် ။ ပြင်းထန်သော လေပွေလေရူးများက ဦးတည်ရာမဲ့ တိုက်ချင်ရာ တိုက်ခတ်နေသည် ။ တောင်ပေါ်ဒေသ ဖြစ်သော်လည်း ဖုန်မှုန့်များက လေထဲမှာ ဝဲ လွင့်နေသည် ။ ရေရှားပါးပြီး ပင်ငယ်ပင်ပုများသာ ပေါက်သည့် သွေ့ခြောက်ငြီးငွေ့ စိတ်ပျက်ဖွယ်ရာ လေထန်ကုန်းများ တည်ရှိရာ အရပ်ဒေသ ။ အကြောင်းကြီးငယ် မရှိဘဲ ဘယ်သူမှ လာရောက် နေထိုင်ရန် စိတ်ကူးထဲ ထည့်မည် မဟုတ်သည့် အရပ်ဒေသ ။


လုံးဝ နေပျော်ဖွယ် မကောင်းသော ချောက်ချားသွေးပျက်စရာ အရပ်ဒေသ ။ လွယ်လင့်တကူ ရူးသွပ်သွားနိုင်သည့် အရပ်ဒေသ ။ 


သို့သော် ထိုအရပ်ဒေသ မှာ အလုပ်ပေါပြီး ငွေရှာလို့ ကောင်းသော သတ္တုတွင်းမြို့လေး ဖြစ်တည်လာသော အခါ ... ။


••••• ••••• ••••• 


ညဉ့်သည် တဖြည်းဖြည်း ရင့်ရော်အိုမင်းလာသည် ။ ပိုမို သိပ်သည်းသော အမှောင်ထုနှင့်အတူ အအေးဓာတ်က လွှမ်းမိုးကြီးစိုးလာသည် ။ လူတွေ စွန့်ခွာ ထွက်သွားသဖြင့် တစ်နေ့တခြား ပိုမို ယိုယွင်း ပျက်စီးနေသော မြို့ပျက်အတွင်း၌ ညဉ့် လေရူးက ဆော့မြူးချင်တိုင်း ဆော့မြူးနေသည် ။ လေရူးမွှေရာ လမ်းကြောင်း တစ်လျှောက်မှာ အထိန်းအကွပ် မဲ့ကာ ပရမ်းပတာ ဖြစ်နေသော ပိုင်ရှင်မဲ့ အရာဝတ္ထုတို့က ဖရိုဖရဲနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည် ။ 


မြို့ပျက်အတွင်းမှာ လူတို့ မွေးမြူခဲ့သော အိမ်မွေးခွေးတစ်ကောင် ၊ ကြောင်တစ်မြီးကိုမျှ မမြင်ရ ။ မြို့ကို စွန့်ခွာထွက်သွားကြသည့် သူတို့၏ အရှင်သခင်များနှင့် မရှေးမနှောင်းမှာပဲ အိမ်မွေးခွေးများ ၊ ကြောင်များကလည်း မြို့ပျက်ကို စွန့်ခွာ ထွက်သွားကြသည် ။ မြို့ပျက်၏ ညဉ့်ယံများ၌ ရံဖန်ရံခါ မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်သည့် ညဥ့်ငှက်တစ်ကောင်တလေ သို့မဟုတ် ခွေးအ တစ်အုပ်တစ်သင်းမှ အပ ယိုယွင်းခြင်းနှင့် ပျက်စီးခြင်းများသာ နေရာတိုင်းမှာ လွှမ်းမိုး ကြီးစိုးနေသည် ။


“ အာခေါင် ခြောက်လိုက်တာကွာ ။ ရေသောက် ချင်တယ် ”


ကိုနာက လဲလျောင်းနေရာမှ လူးလွန့်လိုက်ရင်း တောင့်တောင့်တတ ပြောသည် ။ သူတို့အားလုံး ပါးစပ်တပြင်ပြင် ၊ ခြေတကြွကြွ ဖြစ်လာသည် ။ ခြောက်သွေ့နေသော အာခေါင်များ ၊ အက်ကွဲနေသော လည်ချောင်းများက ရေဓာတ်ကို အလိုရမ္မက် ပြင်းပြင်းနှင့် တမ်းတသည် ။ သူတို့ မျက်လုံးများမှာ အေးမြကြည်လင်သည့် မြစ်ချောင်းအင်းအိုင်များ ပေါ်လာသည် ။ သူတို့ စိတ်တွေက ထိုနေရာသို့ တစ်ဟုန်ထိုး အပြေးအလွှား သွားနေသည် ။ သူတို့သည် မိုးကုန်သွား ကတည်းက ရေကောင်းရေသန့်ကို ဝဝလင်လင် မသောက်ရတော့ ။ တွေ့ ရာ ရေဆိုးရေညစ်များ ကိုသာ အသက် မသေရုံ တစ်မည် တစ် စက်တစ်ပေါက် ကြိတ်မှိတ် အောင့်အည်း သောက်နေရသည် ။ ရေဓာတ်လျော့နည်း ခန်းခြောက်စပြုနေသည့် သူတို့ ခန္ဓာကိုယ်က “ ရေ ” ဟူသော အသံကို ကြားရုံမျှဖြင့် အာသာငမ်းငမ်း ဖြစ်လာသည် ။ ဣန္ဒြေမရ ဖြစ်လာသည် ။ လှုပ်လှုပ်ရွရွ ဖြစ်လာသည် ။


မြို့ပျက်မှာ အရှားပါးဆုံးက ရေနှင့် အစားအစာ ။ လူများ မြို့ကို စွန့်ခွာရသည့် ပဓာနအကျဆုံး အဓိက အကြောင်းရင်းက ရေနှင့် အစားအစာတို့ကို ဖွေရှာလို့ မရနိုင်လောက်အောင်ပင် ရှားပါးပျောက်ဆုံးသွားခြင်းကြောင့်ပင် ဖြစ်၏ ။ ရေနှင့် အစားအစာကို လုံလောက်အောင် မစားသောက်ရလျှင် မည်သူမျှ အသက်ရှင်သန်နိုင်မည် မဟုတ် ။ သို့သော် သူတို့ ငါးယောက်က မြို့ပျက်မှာ ရေနှင့် အစားအစာကို လုံလောက်အောင် မစားရသော်လည်း ယခုအချိန် အထိတော့ အသက်ရှင်နေကြသေးသည် ။ ရတာ စား၍ တွေ့တာ သောက်သည် ။ သူတို့ စားသောက်နေရသည်က လူတို့ စားနေကျ အစာမျိုး မဟုတ် ။ လူတို့ သောက်နေကျ ရေမျိုး မဟုတ် ။ အဆင့်နိမ့်သည့် အချို့တိရစ္ဆာန်များပင် စားသောက်ကြမည် မဟုတ်သည့် အစာနှင့် ရေများ ။ ရရာကို ရသလောက်လေး စားသောက်၍ ( ရံဖန်ရံခါ ဘာမှ မစားသောက်ဘဲ ) သူတို့သည် မြို့ပျက် အတွင်းမှ ဖြစ်သလို ကုတ်ကတ်ဖက်တွယ် နေထိုင်ရင်း ယခုအချိန် အထိ အသက်ရှင် နေသေးတာ အံ့သြစရာ ။ သို့သော် လောကမှာ မဖြစ်နိုင်တာ ဘာမှမရှိပါ ။


“ ဟိုတုန်းကများဆို တို့မြို့မှာ ရေတစ်ပေါက် အတွက် အခုလို သောက ရောက်ရဖို့ နေနေသာသာ စားဝတ်နေရေး အတွက်ကိုတောင် ဘာတစ်ခုမှ ပူပင်ခဲ့ရတာ မဟုတ်ပါဘူးကွာ ”


ကိုကန်းက ရွှေထီး ဆောင်းခဲ့ရချိန်ကို သတိရပြီး လွမ်းလွမ်းဆွေးဆွေး ပြော၏ ။ ကိုကန်း အစဖော် ပေးသဖြင့် သူတို့ အားလုံးသည် အတိတ် ခေတ်ဟောင်း ( သူတို့ အဆိုအရ ) ခေတ်ကောင်းကို ပြန်ပြောင်း သတိရကာ လွမ်းဆွတ်သွားကြသည် ။ 


“ ဒါကလည်း အလုပ် လုပ်မှပါကွာ ။ အဖိုးတန် သတ္တုမြေပေါ်မှာ အလုပ် မလုပ်ဘဲ ထိုင်နေလို့ ကတော့ စားဝတ်နေရေးက ဘယ်လို လုပ်ပြီး သူ့အလိုအလျောက် ပြည့်စုံ ပြေလည်မှာလဲ ။ သဘာဝသယံဇာတ ဆိုတာ ပျင်းရိညံ့ဖျင်းသူတွေ အတွက် ဘယ်တော့မှ ကံကောင်းခြင်းလက်ဆောင် ဖြစ်လာမှာ မဟုတ်ဘူးကွ ”


ဦးအို၏ ကောက်ချက်စကားကို သူတို့အားလုံး မငြင်းမဆန် လက်ခံသည် ။ မိုင်းလွယ်ခမ်း ဖွံ့ဖြိုးတိုးတက်လာသည်မှာ သဘာဝ သယံဇာတကြောင့်ချည်းသက်သက် မဟုတ်ပါ ။ ထိုသယံဇာတများကို စီမံခန့်ခွဲသူတို့၏ အရည်အချင်းက အဓိကကျခဲ့သည် ။ အကောင်အထည်ဖော် လုပ်ဆောင်သူတို့၏ လုံ့လဝီရိယနှင့် ကြိုးစားအား ထုတ်မှုက ပဓာန ကျခဲ့သည် ။ အဓိကနှင့် ပဓာနကို ကွက်တိ ပေါင်းစပ်နိုင်၍သာ မိုင်းလွယ်ခမ်းသည် တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းဖြစ်သည် ။


သူတို့သည် မိုင်းလွယ် ခမ်း၏ ရွှေရောင် နေ့ရက်များကို လွမ်းဆွတ်တမ်းတစိတ် နှင့် ပြန်လည် စားမြုံ့ပြန်နေကြ သည် ။ ထိုသို့ နေရခြင်းကို မက်မောခုံမင်သည် ။ ကျန်ရစ် ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော အတိတ်ဟောင်းကို ပြန်လည် တူးဆွ အရသာခံရန် အတွက် မြို့ပျက်က အဆောက်အဦမှာ ညစဉ်ညတိုင်း သူတို့ စုဝေး တွေ့ဆုံကြခြင်းဖြစ်သည် ။ အတိတ်ကို တမ်းတခြင်းဖြင့် ပစ္စုပ္ပန်ကို မေ့ပျောက်ရန် ကြိုးစားသည် ။ လက်ရှိဒုက္ခများမှ ထွက်ပြေးကြသည် ။ ယခုလည်း သူတို့သည် သန်းခေါင်တိုင်လုနီးအောင် တစ်ရံရော အခါက ရွှေခေတ်ကို ပြန်လည် အိပ်မက်နေကြသည် ။


တကယ်တော့ သူတို့သည် ရွှေခေတ်၏ အစွန်အဖျားမျှကို မီသည် ဆိုရုံလေး မီလိုက်ကြသူများ ဖြစ်သည် ။ သို့သော် သူတို့က ရွှေခေတ် တစ်လျှောက်လုံးကို ကျင်လည် ဖြတ်သန်းလာခဲ့ရသူများပမာ အားပါးတရ မြိန်ရေရှက်ရေ တမ်းတပြောဆို နေကြသည် ။ ထိုသို့ ပြောဆိုရခြင်းကိုလည်း အင်မတန် နှစ်သက် ခံတွင်းတွေ့ကြသည် ။ 


အတိတ်ဟောင်းကို တမ်းတ ပြောဆိုနေရလျှင် သူတို့သည် ရေငတ်နေတာ မေ့ပျောက်သွား၏ ။ အစာပြတ် နေတာကိုလည်း သတိ မရတော့ ။ စိတ်အတွေးထဲက အတိတ်ကမ္ဘာမှာ အာဟာရ သိဒ္ဓိ ပြီးနေကြသည် ။ အစစအရာရာ ပြီးပြည့်စုံနေကြသည် ။ တစ်ရံရောအခါက ကြွယ်ဝချမ်းသာခဲ့သည့် မိုင်းလွယ်ခမ်းမြို့မှ ဂုဏ်သရေရှိ လူကြီးလူကောင်းများအဖြစ် စိတ်ကြီးဝင်နေကြသည် ။ 


သူတို့သည် ကျေနပ် ပျော်ရွှင်စွာ နောက်ကြောင်း ပြန်လှည့်နေကြသည် ။


••••• ••••• ••••• 


မိုင်းလွယ်ခမ်း၏ ရွှေရောင်တောက်ပြီး ရွှေထီးဆောင်းခဲ့သည့် ရွှေခေတ်မှာ ရာစုနှစ် တစ်ဝက်မက ရှည်ကြာခဲ့သည် ။ သတ္တုသိုက်က အလွန်ကြီးမားသည် ။ မြေအောက်အနက်ပေတစ်ထောင်ကျော်အထိ နှိုက်ယူတူးဖော် နေသော်လည်း သတ္တုက မကုန်နိုင် မခန်းနိုင်အောင် ထွက်ရှိနေတုန်း ။ ဈေးကောင်း ရရှိနေတုန်း ။ လုပ်ကိုင်သူတို့ အကျိုးစီးပွား ဒီရေအလား တိုးပွားချမ်းသာနေတုန်း ။ သတ္တုရိုင်းကြောင့် ဖြစ်တည်ရှင်သန်နေသည့် မိုင်းလွယ်ခမ်း မြို့လေးက ရေမြင့်လေ ကြာတင့်လေ ။ 


သို့သော် “ ကံကြမ္မာ ” ဟူသည် သက်ရှိများ၌သာ ရှိတတ်ဖြစ်တတ်သည့်အရာ မဟုတ် ။ သက်မဲ့များမှာလည်း ရှိတတ်ဖြစ်တတ်သည် ။ ထို့အတူ “ လောကဓံ ” ဟူသည် သက်ရှိများ၌သာ ရှိတတ်ဖြစ်သည့် အရာမဟုတ် ။ သက်မဲ့များမှာလည်း ရှိတတ် ဖြစ်တတ်သည် ။ သက်ရှိ လူသတ္တဝါများ နည်းတူ သက်မဲ့ မြို့နိုင်ငံများမှာလည်း ကံကြမ္မာ ဟူသည်ရှိ၏ ။ လောကဓံဟူသည် ဖြစ်၏ ။ ကံကြမ္မာမှာ အနိမ့်အမြင့် ရှိသလို လောကဓံ ၌လည်း အဆိုးအကောင်း ရှိသည် ။ ထိုအကျိုးဆက်ကို လောကကြီးမှာ သက်ရှိသက်မဲ့ဟူ၍ ဖြစ်တည်လာသမျှ လူသတ္တဝါနှင့် အရာဝတ္ထုများ အားလုံးက မငြင်းမဆန် ခံယူရသည် ။


မိုင်းလွယ်ခမ်းသည် ထိုအတိုင်းပဲ ဖြစ်သည် ။ အမြင့် ရောက်ပြီးနောက် အောက် အနိမ့် ပြန်ဆင်းရသည် ။ အကောင်း ကုန်သောအခါ အဆိုး ကြုံရသည် ။ 


သဘာဝသယံဇာတ ဟူသည် ဘယ်သောအခါမှ မပျောက်ပျက် မကုန်ခန်းနိုင်သည့် “ ထာဝရ ဣစ္ဆာသယ သိုက် ” မဟုတ် ။ ထုတ်ယူ သုံးစွဲသည့် ပမာဏအတိုင်း လျော့နည်း ပျောက်ကွယ်တတ်သည့် သမားရိုးကျ အရာဝတ္ထုမျှသာ ဖြစ်သည် ။ ထို့ကြောင့် အဆိုင်း သုံးဆိုင်းဖြင့် နေ့မနား ညမနား ပမာဏမြင့်မြင့် နှစ်ရှည် တူးဖော် ထုတ်လုပ်သောအခါ လွယ်ခမ်း သတ္တုသိုက်တွင် သတ္တုရိုင်းတို့ လျော့နည်း ကုန်ခန်းလာသည် ။ ထိုအချိန်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည် ။ အနောက်တိုင်းသားများ ပိုင်ဆိုင်ခဲ့သော “ လွယ်ခမ်းသတ္တုကုမ္ပဏီ ” ဖျက်သိမ်းလိုက်ရသည် ။ သတ္တုတွင်းနှင့် သတ္တုလုပ်ငန်းများ အားလုံးကို လက်ရှိ အစိုးရထံ လွှဲပြောင်းအပ်နှံရသည် ။ အနောက်တိုင်းသားများ အားလုံး သူတို့နိုင်ငံများသို့ အသီးသီး ပြန်လည် ထွက်ခွာသွားကြသည် ။ မိုင်းလွယ်ခမ်း သည်လည်း အများပိုင် သတ္တုတွင်းမြို့လေး ဖြစ်လာခဲ့သည် ။


အလာ ကောင်းသော်လည်း အခါ နှောင်းခဲ့ပြီ ။ လွယ်ခမ်းသတ္တုသိုက်မှာ သတ္တုရိုင်းတို့ မရှိသလောက် ကုန်ခန်းခဲ့ပြီ ။


သတ္တု မရှိသည့် သတ္တုတွင်းမြို့သည် ကံကြမ္မာ မှိန်ညှိုး၍ လောကဓံ အဆိုးနှင့် ကြုံရပြီ ။ တစ်ချိန်က “ ပျားပန်းခပ် ” စည်ကားခဲ့သည့် မိုင်းလွယ်ခမ်း၏ လမ်းများသည် “ ကျီးနှင့်ဖုတ်ဖုတ် ” ဖြစ်ခဲ့ရပြီ ။ မြို့သူမြို့သားများ ခြေချင်းလိမ် နေခဲ့သည့် မိုင်းလွယ်ခမ်း၏ သေးငယ်ကျဉ်းမြောင်းသော လမ်းများပေါ်မှာ လူရိပ်လူယောင် ကင်းမဲ့ခဲ့ပြီ ။ မြို့သူမြို့သားများ တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ပွတ်တိုက် သွားလာခဲ့ရသည့် မိုင်းလွယ်ခမ်း၏ အတက်အဆင်း များသော လမ်းမြောင်လမ်းသွယ်များမှာ ယခုအခါ သရဲတစ္ဆေ ခြောက်လှန့်ခံရမှာကိုပင် စိုးကြောက်နေရပြီ ။ 


သတ္တု မရှိသည့် မိုင်းလွယ်ခမ်းမှာ အလုပ်အကိုင် ရှားပါးသည် ။ ငွေရှာရ ခက်ခဲသည် ။ အရောင်းအဝယ် အေးစက်သည် ။ မြို့သူမြို့သားများသည် မြို့လေးကို တဖြည်းဖြည်း စွန့်လွှတ်ကျောခိုင်း ထွက်ခွာနေကြသည် ။ အစပ ထမမှာတော့ မိသားစု တစ်စုနှစ်စုပေါ့ ။ နောက်တော့ မြို့ကို စွန့်လွှတ် ထွက်ခွာကြသည့် မိသားစုများ တဖြည်းဖြည်း များပြားလာသည် ။ မထွက်ခွာနိုင်သေးသော မိသားစုများမှ မြို့လေးတွင် ဆက်လက် မနေ နိုင်တော့သူတို့သည် မိသားစုနှင့် မြို့လေးကို သံယောဇဉ် ဖြတ်ကာ တစ်ဦးချင်း ၊ တစ်ယောက်ချင်းစီ မြို့ကို စွန့်လွှတ်ကျောခိုင်း ထွက်ခွာနေကြသည် ။ မိုင်းလွယ်ခမ်း၏ နာမကျန်း နေ့ရက်များ ... ။ 


မြို့လေး နာမကျန်း ဖြစ်စမှာပင် ရှစ်စပ်က ဂျင်ခြေလည်သော မြို့သား တချို့က မြို့ကို စွန့်ခွာရန် စတင် စိတ်ကူးမိကြသည် ။ ထိုသူတို့သည် သူတို့ စိတ်ကူးစိတ်သန်းများကို ချက်ချင်း စတင် အကောင်အထည် ဖော်ကြသည် ။ ဦးစွာ သူတို့ ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော အရာအားလုံးကို ထုခွဲရောင်းချသည် ။ နောက်တော့ သယ်ယူရန် ခက်ခဲသဖြင့် ချန်ထားခဲ့ရမည့် ထုထည်ကြီးမား ပစ္စည်းများ ။ မည်သူမှ ထင်မှတ် မထားချိန်မှာ ဈေးကွက်လက်ဦးမှုကို ရယူလိုက်နိုင်သဖြင့် ရောင်းသမျှ အားလုံး တက်ဈေးနှင့် ဈေးကောင်းရလိုက်သည် ။ ထိုသို့ လုပ်လိုက်နိုင်သူ အများစုမှာ လူမျိုးကွဲများ ဖြစ်ကြသည် ။


မြို့ကို တွယ်တာလှသော လူနုံလူအ မြို့ချစ် ပုဂ္ဂိုလ်များကတော့ မြို့ကို အမြဲထာဝရ တည်တံ့နေမည်ဟု မှတ်ထင်ကြသည် ။ မြို့လေး၏ ကျန်းမာရေးနှင့် အနာဂတ်ကို မဆင်ခြင် ၊ မသုံးသပ် ။ ထိုသို့ လုပ်ရန်ကိုလည်း သတိမရ ။ လုပ်နိုင်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် အစွမ်းအစလည်း မရှိကြ ။ သူတို့သည် သူတို့ကိုယ် သူတို့ အထင်ကြီးလျက် သူတို့ငွေများကို အကျိုးမဲ့မည့် ရင်းနှီးမြှုပ်နှံမှုများအား အားတက်သရော ပြုလုပ်ကာ ဖြုန်းတီး ပစ်လိုက်ကြသည် ။ ပျက်သုဉ်းလုဆဲ မြို့တစ်မြို့၏ အင်္ဂါ အစိတ်အပိုင်းများကို ဝယ်ယူရင်းနှီး လိုက်ကြသည် ။ စွန့်ပစ်ချန်ရစ်ရမည့် ထုထည်ကြီးမား ပစ္စည်းများကို ဝယ်ယူ မြှုပ်နှံလိုက်ကြသည် ။ 


ဤသို့ဖြင့် မြို့တစ်မြို့ ဖြစ်တည်စမှာ အကျိုးများစွာ ဖွေရှာနိုင်ပြီး ကြီးပွားချမ်းသာခဲ့သူများ ရှိသကဲ့သို့ မြို့တစ်မြို့ ဆုတ်ယုတ်ပျက်စီးချိန်မှာလည်း အကျိုးရှိအောင် ဖွေရှာ အမြတ်ထုတ်နိုင်သူများ ရှိခဲ့သည် ။ ကြေကွဲစရာ ကောင်းသည်မှာ ထိုသူများသည် ဒေသခံတိုင်းရင်းသားများ မဟုတ်ကြခြင်းပင် ။ ဒေသခံများကတော့ သူတစ်ပါး မလိုချင်၍ စွန့်ပစ်ချန်ရစ်သည့် တန်ဖိုးမဲ့ပစ္စည်း အစုတ်ပလုတ်များကို ယူနိုင်သမျှ ယူပြီး မြို့ပျက်ဆီမှ ထွက်ခွာကြသည် ။ မယူနိုင်လျှင် ဖျက်ဆီး မီးရှို့ပစ်သည် ။ 


နောက်ဆုံးတော့ မိုင်းလွယ်ခမ်းသည် လူငါးယောက်သာ ကျန်ရစ်သည့် မြို့ပျက် ဖြစ်သွားသည် ။ ကျန်ရစ်ခဲ့သူ ငါးယောက် ကလည်း အိုနာကျိုးကန်းနှင့် စိတ်ပေါ့သွမ်း ရူးနှမ်းနေသူ ။


••••• ••••• •••••


“ ခုနစ်စဉ်ကြယ်တောင် အမြီးထောင်နေပြီ ။ မောင်နှမ်းလည်း ရောက်မလာသေးဘူး ” 


တစ်ဝက်တစ်ပိုင်း မီးလောင် ပျက်စီးထားသဖြင့် ဟာလာဟင်းလင်း ဖြစ်နေသော အဆောက်အဦ၏ နံရံ အပြဲအပေါက်မှ လှမ်းမျှော်ကြည့်ရင်း ကိုကျိုးက ပြောသည် ။ ကိုကျိုး၏ စကားသံကြောင့် သူတို့အားလုံး လက်ရှိ ဘဝသို့ ပြန်လည် ရောက်ရှိသည် ။


“ ဟုတ်ပါရဲ့ကွာ ၊ ဒီကောင်လေး ဘယ်အထိအောင်များ ခြေရှည်နေသလဲ မသိဘူး ”


ကိုနာက ချောင်း တဟွတ်ဟွတ် ဆိုးရင်း ပြောသည် ။ ကိုနာ အသက်ဆက်နိုင်ရေးအတွက် အများဆုံး အထောက်အကူ ပြုနေသူမှာ မောင်နှမ်း ။ မောင်နှမ်း ခက်ခက်ခဲခဲ ဖွေရှာရယူပေးသော မဖြစ်စလောက် ရေနှင့် အစားအစာများကြောင့်သာ ကိုနာက ယခုအချိန်အထိ အသက်ရှင်နေခြင်းဖြစ်သည် ။ ကိုနာသာ မဟုတ်ပါ ။ ကျန်လူများ မှာလည်း မောင်နှမ်း ရှာဖွေ ကျွေးမွေးနေမှုကြောင့်သာ ယခုအချိန်ထိ အသက်ရှင် နေကြခြင်းဖြစ်သည် ။ 


သူတို့ လေးယောက်သည် တတ်စွမ်းသမျှ မိမိဘာသာ ဖြစ်သလို ဖွေရှာ စားသောက်ကြသည် ။ သို့ရာတွင် သူတို့ လေးယောက်သည် လူစဉ်မမီသည့် ဒုက္ခိတများ ဖြစ်နေကြပြီ ။ လုံးလုံးလျားလျား ကိုယ့်ဝမ်းကိုယ် ကျောင်း၍ ကိုယ့်အသက်ကိုယ် မွေးနိုင်သူများ မဟုတ်ကြတော့ ။ မောင်နှမ်းကို တစ်ဖက်တစ်လမ်းက မှီခိုအားထား ပြုနေရပြီ ။ မစို့မပို့မျှ ဖြစ်သော်လည်း မောင်နှမ်း၏ ပေးစာကမ်းစာက သူတို့ ရှာဖွေနိုင်တာထက် သာလွန် များပြားသည် ။ 


ရောက်ချိန်တန်လျက် ရောက် မလာသေးသည့် မောင်နှမ်း အတွက် သူတို့ စိတ်ပူလာသည် ။ မောင်နှမ်းသည် သူတို့အုပ်စုမှာ အသက်အငယ်ဆုံး ၊ အသန်စွမ်းဆုံး ၊ အလုပ် အလုပ်နိုင်ဆုံး ၊ အရှာအဖွေ အကောင်းဆုံး ။ သို့သော် စိတ်ကတော့ သိပ်ပြီး “ ကျပ်မပြည့် ” ။ အနည်းငယ် ပေါ့သွမ်းရူးနှမ်းသည် ။ ဟိုတုန်းက ဆိုလျှင် မောင်နှမ်း လို လူမျိုးကို သူတို့သည် လူရာသွင်းကာ ခေါ်ပြောဆက်ဆံပြုမှာပင် မဟုတ် ။ အရေးတယူ လုပ်ကာ ပေါင်းနေသင်းနေမှာပင် မဟုတ် ။ သို့သော် လူငါးယောက်သာ ရှိသည့် မြို့ပျက်မှာတော့ တစ်မျိုးတစ်ဖုံ ဖြစ်သည် ။ စံ သတ်မှတ်ချက်များ လွဲမှား ပြောင်းလဲနေသည် ။ 


ရှင်သန်ရန် ခက်ခဲသော မြို့ပျက်မှာ ‘ ပျိုမျစ်နုနယ်မှု ’ သည် အသက်ဆက်ရန် အခွင့်အလမ်း သာသဖြင့် ရတနာ ဖြစ်သည် ။ ‘ အင်အားသန်စွမ်းမှု ’ သည် ကြံ့ခိုင်ရပ်တည်ရန် အဓိကကျ၍ အထွတ်အမြတ် ဖြစ်သည် ။ အလုပ်လုပ်နိုင်သည့် ‘ ကာယစွမ်းအား ’ သည်သာ အရာအားလုံးအတွက် အဆုံးအဖြတ် ဖြစ်သည် ။ 


မြို့ပျက်ကြီး၏ အပျက်အစီး အစုအပုံ ကြားမှာ ထပ်ပြီး ပျက်စီးဆုံးရှုံးမှာကို မထိတ်လန့် ၊ မကြောက်ရွံ့တတ်သည့် ခိုင်မာစိတ်ထားက အရေးအကြီးဆုံးဖြစ်သည် ။ အစာရေစာ ရအောင် ဖွေရှာတတ်သူသည် မြို့ပျက်ကြီး၏ ‘ သူရဲ ကောင်း ’ ။ တွေ့တာကို ရအောင် စားလျက် ကိုယ့် အသက်ကို ရှင်သန်အောင် ကြံဖန်မွေးမြူနိုင်စွမ်းရှိသူသည် မြို့ပျက်ကြီး၏ ‘ စံပြပုဂ္ဂိုလ် ’ ။


ယခုအချိန်သည် စိတ် မှန်တာ မမှန်တာကို လည်းကောင်း ၊ ဦးနှောက် ကောင်းတာ မကောင်းတာကို လည်းကောင်း အလေးအနက် ထားပြီး အရေးတကြီး စဉ်းစားနေရမည့် အချိန်မဟုတ် ။ ဖြစ်တည်မှုတိုင်း အချိန်မရွေး ပျက်စီး ကွယ်ပျောက်နိုင်သည့် အခိုက်အတန့်မှာ မူလ စံသတ်မှတ်ချက်များကို ဆက်လက် ဆုပ်ကိုင် တွယ်ဖက်ထား၍ မဖြစ်နိုင်တော့ ။ စံချိန်စံညွှန်း အသစ်များကို အစားထိုး သတ်မှတ်ရမည် ။ လက် တွေ့ကျကျ စဉ်းစား ဆုံးဖြတ်ပြီး ရှေ့ခရီး ဆက်ကြရမည် ။ သူတို့ ငါးယောက်တွင် မောင်နှမ်းက အဓိက အရေးပါ အရာရောက်နေသည်မှာ မထူးဆန်းပါ ။ ဦးအို က အသက်ကြီးပြီ ။ ကိုကျိုးနှင့် ကိုကန်းက ခန္ဓာကိုယ် ယိုယွင်း ပျက်စီးနေသူများ ။ ကိုနာက ကျန်းမာရေး မကောင်း ။ သူတို့နှင့် နှိုင်းစာလျှင် မောင်နှမ်းက “ အနူတောထဲက လူချော ” ၊ “ အဆိုးထဲက အကောင်း ” ။


အမှန်တော့ မောင်နှမ်း သည်လည်း အကြွင်းမဲ့ ပြည့်စုံကောင်းမွန်သူ မဟုတ် ။ သူ့မှာလည်း ချို့ယွင်းအားနည်းချက်ရှိသည် ။ သို့သော် မောင်နှမ်းက စိတ်ကောင်းရှိသည် ။ လူတစ်ဖက်သားကို ကူညီတတ်သည် ။ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည် ။ ဖြူစင်မွန်မြတ် စိတ်ထားရှိသည် ။ ချို့ယွင်းအားနည်းချက်တို့ ကိုယ်စီ ရှိနေကြသော လူငါးယောက်မှာ မောင်နှမ်း၏ စိတ်မနှံ့မှုက ပိုမိုထူးခြားသည့် အားနည်းချက် ဖြစ်မနေပါ ။ လက်ရှိ အချိန်မှာ သူတို့ အားလုံးသည် မောင်နှမ်း ဖွေရှာကျွေးမွေးနေတာလေးကို မှီခိုအားထား စားသောက်ရင်း မြို့ပျက်ထဲမှာ ဖြစ်သလို ရှင်သန်နေရသည် ။ ဤ အချက်သည်သာ တကယ့် အဓိက အရေးအကြီးဆုံး ဖြစ်သည် ။


ငြိမ်သက်တိတ်ဆိတ်ခြင်း၏ အဆုံးမှာ ကိုနာက လဲလျောင်းနေရာမှ ကုန်းရုန်း ထ,သည် ။


“ ဟာ ကိုနာ ၊ ဘာလုပ်ဖို့ ထ,တာလဲ ”


ကိုကျိုးက စိုးရိမ်တကြီး မေးသည် ။


“ မောင်နှမ်းကို လိုက်ရှာမယ်လေကွာ ။ ညတိုင်း မှောင်ပြီ ဆိုတာနဲ့ ရောက်လာတတ်သူက အခု သန်းခေါင်ကျော်တဲ့ အထိ ရောက်မလာတော့ အန္တရာယ် တစ်ခုခုနဲ့ ကြုံတွေ့နေလို့ ဖြစ်မှာပေါ့ ။ ဒီအတိုင်း ပစ်ထားလို့ ဖြစ်မလား ။ လိုက်ရှာပြီး အကူအညီ ပေးရမယ် ”


ကိုနာ့ စကားအဆုံးမှာ ဦးအိုက မလှမ်းမကမ်းမှ ကာဘိုက်မီးခွက်ကို ဆွဲယူသည် ။ 


မိုင်းလွယ်ခမ်း မှာတော့ မြေအောက်သတ္တုတွင်းသုံး ကာဘိုက်မီးခွက်က အလွန် ပေါသည် ။ မြို့ပျက်နေသည့်တိုင် ကာဘိုက်ခဲနှင့် ကာဘိုက်မီးခွက်များကို နေရာအနှံ့မှာ အလွယ်တကူ တွေ့ရသည် ။ ကာဘိုက်မီးခွက်သည် ကာဘိုက်ခဲလေးများ အပေါ်သို့ ရေစက်ရေပေါက် ကျရောက်စေခြင်းဖြင့် ဓာတု ဓာတ်ပြုပြီး မီးလောင်ဓာတ်ငွေ့ထွက်အောင် ပြုလုပ်ထားသော ပစ္စည်းဖြစ်သည် ။ ရေရှားပါးသည့် သတ္တုတွင်း မြို့ပျက်မှာတော့ သူတို့သည် ရေ အစား ကျင်ငယ်ရည်ကို အသုံးပြုသည် ။


ကိုနာ့ စကားအဆုံးမှာ ကိုကျိုး နှင့် ကိုကန်း တို့က ကိုနာ့ကို ပွေ့ဖက်ဆွဲထူပြီး ပခုံး လက်လျှိုထမ်းကာ ဖေးမ တွဲခေါ်သည် ။ ဦးအိုက ကာဘိုက်မီးခွက်ကို လက်ဖဝါးဖြင့် အုပ်လျက် ပွတ်ဆွဲပြီး မီးခြစ်သည် ။ မြေအောက် သတ္တုတွင်းလုပ်သားဟောင်း ကြီး၏ ကျင့်သားရထားသည့် ကျွမ်းကျင်မှုများစွာထဲက တစ်ခု ။


မကြာမီ မြို့ပျက်ကြီး၏ အပျက်အစီးပုံ အကြားသို့ ကာဘိုက်မီးတောက်ငယ် တစ်ခုနှင့် လူလေးယောက် ထွက်လာသည် ။ သူတို့သည် လူသူလေးပါး ကျောခိုင်းစွန့်ခွာသွားသည့် သတ္တုတွင်း မြို့ပျက်မှာ တွယ်ဖက်ကျန်ရစ်နေဆဲ လူငါးယောက် အနက်မှ ပျောက်ဆုံးနေသည့် လူ တစ်ယောက်ကို သန်းခေါင် သန်းလွဲ မှောင်ကြီးမည်းမည်းမှာ စိုးရိမ်ပူပန်စွာ လိုက်လံ ဖွေရှာနေသည် ။ 


“ မောင်နှမ်းရေ .... မင်း ဘယ်မှာလဲဟေ့ ” 


“ မောင်နှမ်းရေ .... ငါတို့ ခေါ်သံကို မင်း ကြားရဲ့လားဟေ့ ”


 ▢  ဆွန်း ၊ စက်မှုတက္ကသိုလ် ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      မတ် ၊ ၂ဝ၂ဝ

Monday, September 29, 2025

လေ့ကျင့်ဖော်


 

❝ လေ့ကျင့်ဖော် ❞ 
( ဆွန်း - စက်မှုတက္ကသိုလ် )

“ သည်တစ်ချီပြီးရင် မင်း ဝင်ထိုး ”

လက်ဝှေ့ကြိုးဝိုင်းအောက်မှာ သွေးပူလေ့ကျင့်ခန်းကို စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ လုပ်နေသော သူ့ကို နည်းပြချုပ်က လှမ်းပြောသည် ။ သူက ခေါင်းညိတ်ပြပြီး ဘယ်ဝိုက် ညာထောက် လက်သီးတွဲလုံးတစ်စုံကို လေထဲသို့ အားပါးတရ ပစ်သွင်းလိုက်သည် ။ ပြီးမှ ပတ်တီးစည်းထားသည့် သူ့ လက်နှစ်ဖက်ကို အသင့် စောင့်ဆိုင်းနေသော လက်ထောက် နှစ်ယောက်ထံ ဆန့်တန်းပေး၏ ။ လက်ထောက်နှစ်ယောက်က သူ့လက်နှစ်ဖက်မှာ လက်ဝှေ့အိတ်များ စွပ်လျက် ခပ်တင်းတင်းလေး ချည်ပေးသည် ။ သူက ကြိုးဝိုင်းအတွင်းမှာ ဒုတိယလေ့ကျင့်ဖော်နှင့် ထိုးသ,တ်နေသည့် ကောင်လေးကို ငေးကြည့်သည် ။ ကောင်လေးက ဒုတိယလေ့ကျင့်ဖော်ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် ဖိထိုးနေသည် ။ ဒုတိယလေ့ကျင့်ဖော်က အသည်း အသန် ခုခံကာကွယ် နေရသည် ။ အပြန်အလှန် ထိုးသ,တ်ဖို့ဆိုတာ ဝေလာဝေး ။ ရှောင်လိုက် တိမ်းလိုက် ၊ ကာလိုက် ကွယ်လိုက် ၊ ဆုတ်လိုက် ခွာလိုက် လုပ်နေရသည် ။ ထိုသို့ လုပ်နေရင်းမှ ကောင်လေး၏ လက်သီးများ တစ်လုံးပြီး တစ်လုံး ထိမှန်တာ ခံနေရသေးသည် ။ ကြည့်ရသည်မှာ ကြောင်က ကြွက်ကို မစားသေးမီ ကစားနေသည်နှင့်ပင် တူနေ၏ ။

စင်စစ် ကောင်လေးက ဒုတိယ လေ့ကျင့်ဖော်နှင့် မထိုးသ,တ်မီ ပထမလေ့ကျင့်ဖော်နှင့် သုံးချီသုံးလား ထိုးသ,တ်ထားပြီးပြီ ။ ယခု ဒုတိယလေ့ကျင့်ဖော်နှင့် ထိုးသ,တ်နေသည်မှာလည်း သုံးချီ ပြည့်တော့မည် ။ ကောင်လေးရဲ့ လက်ရည်က မကျ ။ လက်သီးချက်များက ပြင်းထန် မှန်ကန်နေတုန်း ။ ခြေထောက် အဆုတ် အတက်က လျင်မြန် သွက်လက်နေတုန်း ။ ကိုယ်ခန္ဓာက လန်းဆန်း ပေါ့ပါးနေတုန်း ။ သည်ပွဲကို ကောင်လေး ကြိုက်သည့် အချိန်မှာ သိမ်းလို့ရသည်ဆိုတာ လက်ဝှေ့အကြောင်း နားမလည်သူများပင် သိနိုင်သည် ။ လက်ရည်က အကွာကြီး ကွာသည်လေ ။ ချန်ပီယံ နှင့် သူ၏ လေ့ကျင့်ဖော်တို့ လေ့ကျင့်ထိုးသ,တ်နေတာကိုး ။

သူ ကြည့်နေစဉ်မှာပင် ကောင်လေး၏ အားပါပြင်းထန်သည့် ညာဝိုက်လက်သီး တစ်လုံး ဒုတိယလေ့ကျင့်ဖော် ၏ အကာအကွယ်မဲ့နေသည့် ဘယ်ဘက်မေးရိုးထံ အရှိန် ဖြင့် ပြေးဝင်သွားသည် ။ ပွဲသိမ်းလက်သီး ။ သည် လက်သီးသာ ပစ်မှတ်ဆီသို့ မိမိရရ ရောက်သွားလို့ကတော့ ။ ကြည့်နေသည့် သူ့ရင်တွေ ခုန်လာသည် ။ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာသည် ။

သို့သော် ဝါရင့်ဒုတိယ လေ့ကျင့်ဖော်က ပြေးဝင်လာသော လက်သီးကို ခေါင်းငုံ့ တိမ်းရှောင်သည် ။ သမ္ဘာ ရှိသော်လည်း လျင်မြန်ဖျတ်လတ်မှု ချို့တဲ့ အားနည်းနေပြီ ဖြစ်သည့် ဒုတိယလေ့ကျင့်ဖော်၏ အရှောင်အတိမ်းကလေး လံနှေးကွေးနေပြီ ။ ယခင်ကလို ပွဲကြည့်သူများ နှုတ်ဖျားမှ ‘ ဟာ ’ ခနဲ ၊ ‘ ဟင် ’ ခနဲ စသည့် အာမေဍိတ်သံများ ထွက်ပေါ် လာစေသည့် လှပသပ်ရပ်သော နွဲ့ယိမ်းတိမ်းရှောင်မှုမျိုး ဖြစ်မလာတော့ ။ လက်သီးက မေးရိုးကို မထိုးမိသော်လည်း ဦးခေါင်းကိုတော့ ထိထိမိမိ ထိုးမိသွား၏ ။ ဒုတိယလေ့ကျင့်ဖော် ‘ ခါ ’ ထွက်သွားသည် ။ ခေါင်း နှင့် နားအုံကို အကာအကွယ် ပေးထားသော လေ့ကျင့်ရေး ခေါင်းဆောင်းကြောင့်သာ အောက်အခင်းပေါ်သို့ တစ်ခါတည်း လဲပြိုကျ မသွားခြင်းဖြစ်သည် ။ ကောင်လေးက ယိမ်းယိုင်သွားသော ဒုတိယ လေ့ကျင့်ဖော် ထံသို့ ဘယ်ဖြောင့် လက်သီးတစ်လုံး ထပ်မံ ပစ်သွင်းရန် ဟန်ပြင်စဉ်မှာ မောင်းသံ ထွက်ပေါ်လာသည် ။ တော်သေးသည် ။ တစ်ချီတစ်လား ပြီးသွားပြန်ပြီ ။ မောင်းသံသာ စက္ကန့် ဝက်လောက် နောက်ကျပြီးမှ ထွက်ပေါ်ခဲ့မည်ဆိုပါက ...  ။

အားကစားသမားကောင်းပီပီ ကောင်လေးက ကိုယ်ရှိန်သ,တ်လိုက်သည် ။ ထို့နောက် ဒုတိယလေ့ကျင့်ဖော်ကို စူးစူးရဲရဲတစ်ချက် ကြည့်သည် ။ ဒုတိယလေ့ကျင့်ဖော်က လေးစားအထင်ကြီးဟန်ဖြင့် ခေါင်းညိတ်ပြသည် ။ ကောင်လေးက ချာခနဲ လှည့်ပြီး သူ့ထောင့်ဆီ ပြန်လျှောက်သွား၏ ။ သူ သက်ပြင်းချလိုက်မိသည် ။

“ အိုကေ ၊ မင်း ဝင်လို့ရပြီ တိုက်မောင်း ”

နည်းပြချုပ်၏ အသံ ထွက်လာသည် ။ မှတ်စုစာအုပ်နှင့် အလုပ်ရှုပ်နေသည့် နည်းပြဆရာက သူ့ထံ လျှောက်လာပြီး နောက်ဆုံး ညွှန်ကြားချက်ကို ပြောသည် ။

“ ကောင်လေးရဲ့ ချန်ပီယံ ကာကွယ်ပွဲက သိပ်နီးနေပြီ ။ သူ့ကို နာကျင်ထိခိုက်အောင် မထိုးနဲ့ ။ သူ့ရဲ့ ပွဲသိမ်းထိုးချက်တွေ မှန်ကန် ပြင်းထန်ထိရောက်ဖို့ သူ မင်းကို အဓိကထား လေ့ကျင့်လိမ့်မယ် ၊ ကူညီလိုက်ပါ ”

နည်းပြဆရာ၏ လိုလားချက်က တရားမျှတမှုတော့ မရှိ ။ ကောင်လေးက သူ့ကို အပြင်းအထန် ထိုးကြိတ် တိုက်ခိုက်မည်ဖြစ်သော်လည်း သူက ခုခံကာကွယ်ရုံသာ ကာကွယ်ရမည် ။ ကောင်လေး အလွန်အမင်း နာကျင်ထိခိုက်အောင် အကျောက်အကန် ပြန်လှန်ထိုးသ,တ်ခြင်း မပြုရ ။ သဘောက သူသည် ‘ သက်ရှိ လက်ဝှေ့လေ့ကျင့်ရေး သဲအိတ်တစ်လုံး ’ အဖြစ် လက်ဝှေ့ကြိုးဝိုင်းအတွင်း ဝင်ကာ ချန်ပီယံကောင်လေး၏ အထိုးအကြိတ်ကို ခံပေးရန်ပဲဖြစ်၏ ။

ဘယ်တတ်နိုင်မလဲလေ ။ သူ လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ဝင်ရသည့် ရည်ရွယ်ချက်ကိုက တရားမျှတစွာ သူတစ်ပြန် ကိုယ်တစ်ပြန် အပြန်အလှန် ထိုးသ,တ်ရန်မှ မဟုတ်တာ ။ ချန်ပီယံ တစ်ယောက် ချန်ပီယံ ဆက်ဖြစ် နေစေရေးအတွက် ကူညီလေ့ကျင့်ပေးရန်အတွက်သာ ဖြစ်၏ ။ သူက ကောင်လေး၏ ပြိုင်ဘက် မဟုတ် ။ “ လေ့ကျင့်ဖော် ” မျှသာ ဖြစ်၏ ။ သူက ပြုံးမဲ့မဲ့နှင့် နည်းပြဆရာကို ခေါင်းညိတ်ပြ၏ ။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ၍ မဖြစ် ။ ပါးစပ်ထဲသို့ ‘ သွားကာ ’ ကို ထည့်ပြီး စင်ပေါ်တက်သည် ။ ထို့နောက် ကြိုးတန်းနှစ်ခု အကြားမှ ငုံ့လျှိုးကာ လက်ဝှေ့ကြိုးဝိုင်းအတွင်း ဝင်လိုက်သည် ။

••••• ••••• •••••

ကောင်လေးက တက်လိုက်ဆုတ်လိုက် ၊ ပူးလိုက်ခွာလိုက်နှင့် သူ့ကို လှည့်ပတ် ထိုးသ,တ်နေသည် ။ ကောင်လေး၏ ခြေအနုတ်အသိမ်းက ပေါ့ပါးဖျတ်လတ်နေဆဲ ။ သူ နှင့် မထိုးသ,တ်မီ အခြား လေ့ကျင့်ဖော်များနှင့် ခြောက်ချီ ခြောက်လားတိတိ လေ့ကျင့် ထိုးသ,တ် ပြီးခဲ့ပြီ ဆိုသည်ကို လက်ခံယုံကြည်ရန်ပင် ခက်နေသေးသည် ။ မယုံကြည်လို့လည်း မရ ။ မျက်စိရှေ့မှာ ထင်ထင်ရှားရှား မြင်တွေ့နေရတာ မဟုတ်လား ။ သည်လို အရည်အသွေးတွေ ရှိနေလို့လည်း ချန်ပီယံ ဖြစ်နေတာလေ ။

သူကတော့ ကောင်လေး၏ ထိုးချက်များကို ကာလိုက်ဖယ်လိုက် ၊ တိမ်းလိုက် ယိမ်းလိုက်ဖြင့် ရှောင်ရှားရင်း ကောင်လေး၏ အားနည်းချက်များကို ဖွေရှာနေသည် ။ ကောင်လေးက သူ့ကို ဗဟိုပြုလျက် စက်ဝန်းတစ်ခု ပမာ လက်ယာ ရစ်လိုက် ၊ လက်ဝဲ ရစ်လိုက်နှင့် တိုက်စစ်ဆင် ထိုးသ,တ်နေသည် ။ ကောင်လေး၏ ကိုယ်ခန္ဓာ လှုပ်ရှားရွေ့လျားပုံက ဝတ်ရည် သောက်ရန် ပန်းပွင့်အနီးမှာ ဝေ့ဝဲပျံသန်းနေသည့် “ လိပ်ပြာ ” အလား ကြည့်ရသည်မှာ လှ ပဲလှသေးတော့ ။ ပျိုမျစ်နုနယ်ခြင်းနှင့် ကြံ့ခိုင်သန်စွမ်းခြင်းတို့ ပေါင်းစပ်ထားသည့် လျင်မြန်ပြင်းထန်သော လက်သီးချက်များကမူ အလွန် အဆိပ်ပြင်းသည့် “ တောကြီးပျား ” ၏ အစွယ်များသဖွယ် အန္တရာယ်ကြီးလှသည် ။ ချက်ကောင်းကိုသာ မိမိရရ ထိုးမိလိုက်လို့ ကတော့ ကျွဲတစ်ကောင်ပင် “ ဘိုင်းခနဲ ” ပစ်လဲကျနိုင်မည် ။

သူက ချန်ပီယံလေး၏ အပြင်းအထန် ထိုးကြိတ်တိုက် ခိုက်ခြင်းကို ခံနေရသော်လည်း သူ့ မသိစိတ်ကမူ ကောင်လေး ကို သဘောကျနေသည် ။ နုပျိုခြင်းနှင့် ကျွမ်းကျင်ခြင်း တို့ကြောင့် ရယူနိုင်သည့် ‘ ချန်ပီယံ ရွှေခါးပတ် ’ ပိုင်ရှင် လူငယ်လေး တစ်ယောက် ။ ဘယ်လောက်လှပတဲ့ ဘဝ လဲ ။ ဘယ်လောက် အားကျဖို့ ကောင်းတဲ့ ဘဝလဲ ။ သူ လည်း ကောင်လေး အရွယ်လောက်တုန်းက ကောင်လေး လိုပဲ လူအများ အားကျခဲ့ရ သည့် အောင်မြင်လှပသည့် ဘဝကို ပိုင်ဆိုင်ခဲ့ဖူးသည် ။ မှန်သည် ။ တစ်ချိန်က သူ လည်း ကောင်လေးလိုပဲ ကြေးစား လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည် ။

သူ့ချန်ပီယံသက်တမ်းက မရှည်ကြာခဲ့ ။ တတိယမြောက် ချန်ပီယံ ကာကွယ်ပွဲ မှာပင် သူ အပြင်းအထန် ထိခိုက် ဒဏ်ရာရကာ ကြေးစားလက်ဝှေ့သမားဘဝကို ကျောခိုင်းစွန့်လွှတ်ခဲ့ရသည် ။ ဆက်လက်ပြီး လက်ဝှေ့ ထိုးသ,တ်ရန် မဖြစ်နိုင်တော့သည့် သေရာပါ ဒဏ်ရာတစ်ခု သူရခဲ့သည် ။ သူ့ ဆေးစစ်ချက် မှတ်တမ်းများကို စစ်ဆေးသမျှ သမားတော်တိုင်းက သူ့ကို လက်ဝှေ့ ဆက်ထိုးခွင့် မပြုကြ ။ သူက မကျေနပ် ။ လက်မခံ ။ နိုင်ငံခြားအထိ သွားကာ ထပ်မံ စစ်ဆေးသည် ။ အဖြေ က အတူတူ ။ သူ့ကျန်းမာရေးသည် လက်ဝှေ့ထိုးသ,တ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရန် အဆင့်မမီတော့ ။ ကြေကွဲ ဝမ်းနည်းစွာ ရှိုက်ကြီးတငင် သူ ငိုကြွေးခဲ့ရသည် ။

သူက ချန်ပီယံ ရွှေခါးပတ်ကို အသက် နှစ်ဆယ့်ခြောက်နှစ်ကျော်ကျော်လေးမှာ ရသည် ။ ထိုသို့ဖြစ်ရန် အတွက် သူ့ဘဝ တစ်ခုလုံး ပေးဆပ်ခဲ့ရသည် ။ ပင်ပန်းမောပန်းခြင်း များစွာနှင့် အပြင်းအထန် ကြိုးပမ်းခဲ့ရ၏ ။ ထိခိုက်နာကျင်မှု ပေါင်းစုံနှင့် အချိန်များကို ဖြတ်သန်းခဲ့ရ၏ ။ သက်တူရွယ်တူ အခြား လူငယ်လေးတွေ လွတ်လပ်ပေါ့ပါးစွာ ရယ်မောပျော် ရွှင်နေချိန်မှာ သူက လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ အရိုင်းအစိုင်း သားရဲတစ်ကောင်လို ပြိုင်ဘက်ကို အသေအကျေ ထိုးကြိတ်သ,တ်ပုတ်နေရသည် ။ သို့တည်းမဟုတ် ၊ လေ့ကျင့်ဖော်များနှင့် သွေးထွက်နည်းအောင် ချွေးထွက်များစေလျက် ရေကုန်ရေခန်း လေ့ကျင့် ထိုးကြိတ်နေရသည် ။ ကာယလေ့ကျင့်ခန်းများကို သို့တည်းမဟုတ် ကိုယ် ပင်ပင်ပန်းပန်း အားစိုက် ပြုလုပ်နေရသည် ။ မစားချင်လည်း စား ၊ မအိပ်ချင်လည်း အိပ် ။ ခံစားမှုများ ဖယ်ရှားထား ။ သူ့ လူငယ်ဘဝသည် စက်ရုပ်တစ်ရုပ်ပမာ ခြောက်သွေ့ ငြီးငွေ့စွာ ကုန်ဆုံးကွယ် ပျောက်ခဲ့ရသည် ။

လူတွေက ထင်ကြသည် ။ ငယ်ရွယ်နုပျို ၊ သန်စွမ်းသော ချန်ပီယံတစ် ယောက်၏ ဘဝသည် အင်မတန် လင်းလက်တောက်ပ ပျော်ရွှင်ရလိမ့်မည်ဟု ။ အလွန်ပင် သာယာလှပ စိတ်ချမ်း မြေ့ရလိမ့်မည်ဟု ။ သူလည်း ထိုအတိုင်းပဲ ထင်ခဲ့၏ ။ သူနှင့် အတူ လူတွေ မတွေးမထင် မမြင်မိခဲ့တာက ချန်ပီယံ ရွှေခါးပတ် နောက်ကွယ်က ခက်ခဲကြမ်းတမ်းမှုများ ၊ ရက်စက် ယုတ်မာ ကောက်ကျစ်မှုများ ၊ လိမ်လည်လှည့်စား သိက္ခာမဲ့မှုများ ၊ လူ့ဂုဏ်သိက္ခာနှင့် ဖီလာဆန့်ကျင်သည့် မယုံနိုင် စရာ အောက်တန်းကျမှုများ ။

တကယ်တော့ သူ ရွေးချယ်လိုက်သည့် အသက်မွေး ဝမ်းကျောင်းကိုက တောနက်ထဲက သားရဲတိစ္ဆာန်များလို တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်သ,တ်ပုတ် အနိုင်ယူရသည့် မသတီစရာ အလုပ်မျိုး ။ သိပ်ပြီး ရှေးရိုးဆန်သည် ။ ယဉ်ကျေးမှု အဆင့်မြင့်သည့် ခေတ်သစ်လူ့လောကမှာ ဆက်ပြီး ရှိမနေသင့်သည့် အလုပ်လည်း ဖြစ်သည် ။ သို့သော် ရှိနေသည် ။ နောင်လည်း ဆက်လက် ရှိနေလိမ့်ဦးမည် ။ အဘယ်ကြောင့်ဆိုသော် လူတို့ ကိုယ်အတွင်းမှာ ကြွင်းကျန် တည်ရှိနေသည့် သားရဲတို့ရဲ့ အရိုင်းအစိုင်း ဗီဇ သွေးများက တစ်ယောက်ကို တစ်ယောက် ရက်ရက်စက်စက် တိုက်ခိုက် အနိုင်ယူရခြင်းကို နှစ်သက်ကြသည်လေ ။ ထို့ ကြောင့်လည်း ကမ္ဘာကြီးမှာ လက်ဝှေ့ပွဲပေါင်း များစွာ တခမ်းတနား ဆင်ယင် ကျင်းပနေကြသည် ။ ထိုပွဲများကို လူအများကတော့ ငွေကုန်ကြေးကျခံကာ မက်မောခုံမင်စွာ အားပေး ကြည့်ရှုကြသည် ။ တရှိုက်မက်မက် အရသာခံ ကြသည် ။ လူတစ်ယောက် နာကျင်အနာတရ ဖြစ်ခြင်းကို နှစ်သက်ကျေနပ် ပျော်ရွှင်ကြသည် ။ လူ့လောက၏ အရှက်ရစရာများထဲမှာ လက်ဝှေ့ပွဲလည်း ပါသည် ။

သူ့အာရုံ လွင့်ပါးပြီး ကိုယ်နေဟန်ထား မှားယွင်းသွားသည့် အခိုက်အတန့်မှာ အကာအကွယ်မဲ့ သူ့ နံစောင်း ထက်သို့ ကောင်လေး၏ ဝိုက်လက်သီးကျရောက်၏ ။ သူ “ အင့်ခနဲ ” ဖြစ်သွားချိန်မှာ ပြင်းထန်အားပါသည့် ပင့်လက်သီး တစ်လုံး သူ့ထံ ပြေးဝင်လာသည် ။ သူ အလျင်အမြန် ရှောင်တိမ်းသည် ။ မလွတ် ။ ထိုးချက်က ပစ်မှတ်ကို မိမိရရ မထိသည့်တိုင် သူ ‘ ဝုန်း ’ ခနဲ လဲကျသွားသည် ။ သူ သတိလစ်မလို ဖြစ်သွားသည် ။ သူ့ကို စီးမိုးပြီး အမှတ်စဉ် ရေတွက်သော ဒိုင်၏ အသံကြောင့် သတိလည်လာသည် ။ အမှတ်စဉ် တစ်ဝက် ရောက်သည်အထိ လက်ဝှေ့ကြိုးဝိုင်း ကြမ်းပြင်ထက်မှာ သူ ငြိမ် သက်နေလိုက်သည် ။

ငြိမ်နေသော်လည်း သူ့ ဒေါသသွေးများ ပွက်ပွက်ဆူလာပြီ ။ သူ့အသားများ တဆတ်ဆတ် တုန်လာပြီ ။ သားရဲဝိညာဉ်က သူ့ထံ ပူးဝင်လာပြီ ။ သူသည် ‘ တိုက်မောင်း ’ ပြန်ဖြစ်သွားပြီ ။ အမှတ်စဉ် ခုနစ် အရောက်မှာ သူ ခပ်ဖြည်းဖြည်း ပြန်ထ,သည် ။

“ ရှစ် ”

ဒိုင်က အမှတ်စဉ် ဆက်လက် ရေတွက်နေသည် ။ သူ မတ်မတ် ပြန်ရပ်ပြီးပြီ ။ ဆက်လက် ထိုးသ,တ်ရန် အသင့်ဖြစ်ပြီ ။

••••• ••••• •••••

အထိနာ သွားသော သူက ကောင်လေးကို ဒေါသတကြီးနှင့် ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ပြီး တရမန်းကြမ်း ထိုးသ,တ်သည် ။ သတိလက်လွတ်ဖြင့် အားကုန်သုံးကာ ကောင်လေးကို မုန်တိုင်း ဝှေ့သလို အပြင်းအထန် ထိုးကြိတ်တိုက်ခိုက်သည် ။ ကောင်လေးက မကြာခဏ သူ့ကို ပူးကပ်ဖက်တွယ်နေရသည် ။ နည်းပြချုပ်က ခေါင်းယမ်းသည် ။ နည်းပြဆရာက စုတ်သပ်သည် ။ ထိုစဉ် မောင်းသံ ထွက်ပေါ်လာသည် ။ သူလည်း သူ့ထောင့် သူ ပြန်လာကာ ခေါက်ခွေးခြေ ခုံလေးထက်မှာ ဝင်ထိုင်သည် ။

“ တိုက်မောင်း ၊ မင်း ဘယ်လို ဖြစ်နေတာလဲ ။ ငါ အတန်တန် ပြောထားလျက်နဲ့ကွာ ”

နည်းပြဆရာက အပြစ်တင်သည် ။ သူက လက်နှစ်ဖက်ကို ထောင့်မှန်ကြိုးတန်းပေါ် တင်လျက် သက်သောင့်သက်သာ ထိုင်နေသည် ။ ကြိုးဝိုင်းအကူများ တဘက် ဖြင့် ယပ်ခတ်ပေးနေသော လေ ကို အဆုတ်အတွင်းသို့ ခပ်ပြင်းပြင်း ရှူသွင်းနေသည် ။

“ မင်း ကောင်လေးနဲ့ ပြိုင်ပွဲထိုးသ,တ်နေတာ မဟုတ်ဘူး ။ သူ့ကို လေ့ကျင့်ထိုးပေးနေတာကွ ”

သူ့အကြည့်များက အဝေးတစ်နေရာမှ သည် နည်းပြဆီသို့ ဒေါသနှင့် ရွှေ့ပြောင်းကျရောက်၏ ။ နည်းပြဆရာကလည်း သူ့ကို စူးစူးရဲရဲပဲ စိုက်ကြည့်၏ ။ မာထန်ထန် အကြည့်နောက်ကွယ်က ပျော့ပျောင်းနူးညံ့မှုကို ခံစားရသည့် အခိုက်အတန့်မှာ သူ မျက်လွှာချမိသည် ။ နည်းပြ က ကောင်လေး ဘက်က လိုက် ပြောနေသလို ထင်ရသော်လည်း အမှန်တော့ သူ့ကို စိုးရိမ်နေခြင်း ။

ကျန်းမာရေးကြောင့် လက်ဝှေ့ကြိုးဝိုင်းများကို အပြီးအပိုင် စွန့်လွှတ်လိုက်ရသောအခါ သူက ပေတေလေ လွင့်သူဘဝဖြင့် ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲတွေမှာ နှစ်ပေါင်း များစွာ ကျင်လည်ကျက်စား နေခဲ့သည် ။ ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲတွေ ကိုတော့ ခပ်မှောင်မှောင်လမ်းကြားများမှာ ၊ တိုးတိုးတိတ်တိတ် အရက်ပုန်းဆိုင်များမှာ ၊ လျှို့လျှို့ဝှက်ဝှက် ဘိန်းခန်းများမှာ ၊ လိုင်စင်မဲ့လောင်းကစားဝိုင်းများမှာ ၊ ပုန်းလျှိုးကွယ်လျှိုး ပြည့်တန်ဆာအိမ်များမှာ နှစ်ပေါင်းများစွာ ပါဝင်ဆင်နွှဲ ပျော်မွေ့နေခဲ့သည် ။ ထိုလက်ဝှေ့ပွဲများ မှာလည်း အစ ပထမတော့ သူက ချန်ပီယံပေါ့ ။ နောက်တော့ သူ့ချန်ပီယံဘွဲ့ကို လုယူ သူများ အလျှိုလျှိုပေါ်လာသည် ။ သူ့အရှိန်အဝါလည်း တဖြည်းဖြည်း လျော့ပါးမှိန်ဖျော့လာသည် ။ ကြာတော့ သူ ကိုယ်တိုင်က အမှောင်လောကကို ငြီးငွေ့စိတ်ပျက်ပြီး စွန့်ခွာလာခဲ့သည် ။

“ စိတ်လိုက်မာန်ပါ မလုပ်နဲ့ တိုက်မောင်း ။ ကိုယ့် အသက်အရွယ်ကို မမေ့နဲ့ ။ ကိုယ့်အင်အားကို ပိုမတွက်နဲ့ ။ ကိုယ့် ကျန်းမာရေးကို သတိရ ။ ဒါ ချန်ပီယံလုပွဲ မဟုတ်ဘူး ”

နည်းပြက အသံကို နှိမ့်ပြီး သွားကြားက ထွက်သော လေနှင့် အေးတိအေးစက် ပြောသည် ။ သူ တွေဝေသွားသည် ။

သူ အမှောင်ကမ္ဘာကို စွန့်ခွာလာပြီးနောက် သူ၏ ဒုတိယအိပ်မက်ကို အကောင်အထည် ဖော်ရန် အားထုတ်ခဲ့သည် ။ လက်ဝှေ့နည်းပြဘဝနှင့် ကောင်းသော အသက် မွေးဝမ်းကျောင်းပြုရန် ကြိုးစားသည် ။ အဆင်မပြေ ။ တိုတောင်းလှသည့် ချန်ပီယံ သက်တမ်းနှင့် နည်းပါးလှသည့် လက်ဝှေ့ကြိုးဝိုင်း အတွေ့အကြုံက နည်းပြဆရာ တစ်ယောက် ဖြစ်ရန် လုံလောက်ခြင်း မရှိခဲ့ ။ သူ ကိုယ်တိုင်လည်း ကြိုးဝိုင်းတွင်း လက်ဝှေ့ပွဲများထက် ကြိုးဝိုင်းမဲ့ လက်ဝှေ့ပွဲများကို ဆင်နွှဲရတာ ပိုများတာမို့ ကြိုးဝိုင်း အတွင်းက ဥပဒေများကိုပင် မေ့ချင်ချင် ။ သတ်မှတ်ချက်များ ၊ ကန့်သတ်ချက်များနှင့် စည်းကမ်းကလနားများက အာရုံမှာ ဝေဝေဝါးဝါး ။

ထိုစဉ် မောင်းသံ မြည်ပြန်သည် ။ သူက လေးလေးလံလံ ထ,ရပ်လိုက်ပြီး ကြိုးဝိုင်း အလယ်သို့ ဖြည်းဖြည်းနှေးနှေး လျှောက်ဝင်သည် ။ လျှောက်ရင်း ဒိုင်ကို ကြည့်ကာ မျက်လွှာချပြလိုက်သည် ။ သည်ပွဲကို ဒိုင်လုပ်နေသူမှာလည်း သူနှင့် သူ့မိတ် ဆွေ နည်းပြဆရာလိုပင် သူတို့ ခေတ်ပြိုင် လက်ဝှေ့ချန်ပီယံ လူဟောင်း တစ်ဦးပါပဲ ။ ဒိုင်က သူ့ကို သနားကြင်နာစွာ ကြည့်နေသည် ။

နားချိန် တစ်မိနစ် အတွင်းမှာ အင်အား ပြန်ပြည့်လာသော ကောင်လေးက သူ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်ကာ တရစပ် ထိုးသ,တ်သည် ။ သည်တစ်ခါတော့ သူက ပါးနပ်လိမ္မာစွာ အင်အားကို ခြိုးခြံချွေတာလျက် ပညာနှင့် သမ္ဘာ အားပြုကာ ရှောင်တိမ်း ထိုးသ,တ်နေသည် ။ တချို့ ထိုးချက်များကို တမင် အထိခံပြီး ကောင်လေးကို ပရိယာယ် ဆင်နေသည် ။ တစ်ချက်တလေ ထောက်လိုက်တားလိုက်ပြုကာ ကောင်လေးရဲ့ ဒေါသကို ဆွထိုး , ထိုးနေသည် ။ ကောင်လေးကလည်း နုံချာချာ ထုံထိုင်းထိုင်း လက်ဝှေ့သမားတစ်ယောက်မှ မဟုတ်တာ ။ သူ ဆင်ထားသော အကွက် အတွင်းသို့ အလွယ်တကူ ဝင်မလာပါ ။ ဝင်မလာရုံမက စဉ်းငယ်မျှ အာရုံလွှင့်ပါးသွားခိုက်မှာ မည်သူမှ မျှော်လင့်မထားသည့် လျင်မြန်အားပါသော လက်သီး တစ်လုံးကို သူ့အရှိုက် ဆီသို့ ကောင်လေးက လျှပ်ပြက်သလို ပစ်သွင်းလိုက်နိုင်၏ ။ ထိုလက်သီး ချက်ကြောင့် သူ ကြိုးတန်း ထက်သို့ လွင့်စဉ်သွား၏ ။

ကောင်လေးက သူ့ထံသို့ အလျင်အမြန် ချဉ်းကပ်လာနေစဉ် ကံကောင်းထောက်မစွာ မောင်းသံ ထွက်ပေါ်လာပြန်သည် ။

••••• ••••• ••••• 

“ အဆင် ပြေရဲ့လား တိုက်မောင်း ၊ ရရဲ့လား ”

ကြိုးဝိုင်းထောင့်ကို မှီပြီး ခြေဆန့်ထိုင်နေသော သူ့ကို အကဲခတ်ရင်း နည်းပြဆရာက မေးသည် ။ သူ ပြုံးပြလိုက်သည် ။ သို့သော် ဒဏ်ရာဒဏ်ချက်များကြောင့် ဖုထစ်ရွတ်တွ နေသော သူ့မျက်နှာက မဲ့သလို ဖြစ်သွား၏ ။

စားဝတ်နေရေးနှင့် ဘဝ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေး အတွက် မဖြစ်မနေ ငွေ လိုလာသောအခါ သူ့မှာ ရွေးချယ်စရာ နှစ်ခုသာ ရှိသည် ။ အမှောင်လောက တွင်း ပြန်သွားမလား ၊ ဒါမှမဟုတ် တတ်သည့်ပညာနှင့် ငွေရှာမလား ။ အမှောင် လောကအတွင်းတော့ သူ ပြန်မသွားချင် ။ သူ့မှာ မယားနှင့် သားနှင့် တည်ငြိမ်အနည်ကျနေပြီ ။ ဒါဆို တတ်သည့်ပညာဖြင့် ငွေရှာရုံပေါ့ ။

သူ တတ်မြောက်တာက လက်ဝှေ့ပညာတစ်ခုတည်း ။ လက်ဝှေ့သမားတော့ သူ ဘယ်နည်းနှင့်မှ ပြန်မဖြစ်နိုင် ။ နည်းပြဆရာ လုပ်ဖို့လည်း အရည်အချင်း မပြည့် ။ ဒိုင်လူကြီး ဖြစ်ဖို့ ဆိုတာကတော့ ဝေးစွခြောက်ပါး ။

“ မင်း ငွေရမှ ဖြစ်မယ် ဆိုရင်တော့ လက်ဝှေ့လေ့ကျင့်ဖော် လုပ်မလား ။ ငါ မင်းလို ထိုးပုံထိုးပေါက်မျိုးနဲ့ လူလိုတယ် ”

နည်းပြဆရာက မေးတော့ သူ အင်တင်တင်နှင့် ခေါင်းညိတ်သည် ။ သူက ချန်ပီယံပင် ဖြစ်ချင်နေတာလေ ။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ၊ ကျန်းမာရေး စံချိန် မမီတော့သော်လည်း ကြိုးဝိုင်းထဲ၌မူ သူက ချန်ပီယံပင် ဖြစ်ချင်သည် ။ တတိယအချီ ထိုးသတ် နေစဉ်မှာပဲ ကောင်လေး၏ အားနည်းချက်ကို သူ ရှာဖွေ တွေ့ရှိသည် ။ သိပ်ကြီးကြီးမားမား ထင်ထင်ရှားရှားတော့ မဟုတ် ။ သေးသေး မွှားမွှား မထင်မရှား ‘ ဟာကွက်ငယ်လေး ’ တစ်ခု မျှသာ ။ ဒါပေမဲ့ ကောင်လေး၏ ချန်ပီယံဘဝကို အဆုံးသတ်စေနိုင်သည့် ဟာကွက် ။ ထိုဟာကွက်ကို ထိထိရောက်ရောက် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ကတော့ ဉာဏ်အမြော်အမြင်နှင့် ပရိယာယ်ကြွယ်ဝဖို့ လိုအပ်မည် ။ ပြီးတော့ ပညာ ‘ ဝါ ’ နှင့် အတွေ့အကြုံရင့်ကျက်မှု သမ္ဘာ လည်း လိုလိမ့်ဦးမည် ။ သူက ကောင်လေး ထိုးချက်များကို မထိတထိ ဖြစ်အောင် ဂရုစိုက်ပြီး မလွတ်တလွတ် တိမ်းရှောင်သည် ။ အန္တရာယ် သိပ်မကြီးသည့် ထိုးချက်များကို ထိအောင် တမင် အထိုးခံသည် ။ သူ အလူးအလဲ ခံနေရပြီဟု ထင်ကာ ကောင်လေးက ယုံကြည်ချက် ပိုကဲပြီး ဖွင့်ထိုးသည် ။ သူ လိုချင်သည့် အကွက်တော့ ဆိုက်ပြီ ။ ထိထိမိမိ ပိုင်ပိုင်နိုင်နိုင်ပဲ ပွဲသိမ်း ထိုးချလိုက်ရန်သာလိုသည် ။

သူက ကျန်ရှိသမျှ အင်အားများကို စုစည်းပြီး ကိုယ်ကို ယိမ်းနွဲ့ကာ ကောင်လေး၏ အကာအကွယ် လစ်ဟာသွားသော အရှိုက်နှင့် မေးရိုး ဆီသို့ တစ်ချိန်က နာမည်ကြီးခဲ့သော သူ၏ အကောင်းဆုံး တွဲလုံးကို ပစ်လွှတ်လိုက်သည် ။ ပွဲပေါင်းများစွာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူနိုင်ခဲ့သော တွဲလုံး ဖြစ်၏ ။ ပရိသတ်တို့ နှုတ်ဖျားမှ “ ဟာ ” ၊ “ ဟင် ” စသည့် အာမေဋိတ်သံများကို ထွက်ပေါ်စေသည့် တွဲလုံးဖြစ်၏ ။ ခုလည်း လူဟောင်းကြီးတွေ၏ နှုတ်ဖျားမှ အာမေဍိတ်သံတွေ ထွက်ပေါ်လာနေပြီ ။

အာမေဍိတ်သံတို့ မဆုံးမီ သူ့မျက်လုံးများ လျှပ်စီးလင်းလက်ပြီး ကြိုးဝိုင်း ကြမ်းခင်းထက်သို့ ခြေလွတ်လက်လွတ် ပစ်လဲကျ၏ ။ သူ့ ထိုးချက်က သူရည်ရွယ်သည့် နေရာကို ထိပါသည် ။ သို့သော် အရှိန်လျှော့လိုက်၍ လုံလောက်သည့် ပြင်းအား မပါ ။ နှေးလည်း နှေးသွား၏ ။ ဒါက သူ့အမှား ။ မျက်နှာက အကာအကွယ် မဲ့ပြီး ပွင့်သွား၏ ။ ထိုအခွင့်အရေးကို ကောင်လေးက အပြင်းဆုံး ဖြောင့်လက်သီး ဖြင့် မိမိရရ အလဲထိုးချ ရယူလိုက်၏ ။ ကောင်လေး လေ့ကျင့်ချင်တာကလည်း သည် ထိုးကွက်ပါပဲ ။ အကယ်၍ သူ့လက်သီးများကို အရှိန် မလျှော့ခဲ့ပါက ကောင်လေး၏ ပွဲသိမ်းလက်သီးက သူ့ထံသို့ ရောက်လာနိုင်လိမ့်မည်မဟုတ် ။ မတတ်နိုင်ပါ ။ သူက ‘ လေ့ကျင့်ဖော် ’ မျှသာ ။ သူ အနာခံပြီး ပြခဲ့သည့် ‘ ဟာကွက် ’ ကို ကောင်လေးက သတိပြုမိပါ့မလား ။

လောလောဆယ်တော့ လဲကျနေသော သူ့ကိုယ်ပေါ် မှာ စီးမိုးပြီး ကောင်လေးက သူ့ကို သရော်ပြုံးနှင့် ငုံ့ကြည့်နေ၏ ။

▢  ဆွန်း ၊ စက်မှုတက္ကသိုလ် ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၈

Sunday, May 25, 2025

အဆင်းရထား


 

❝ အဆင်းရထား ❞
( ဆွန်း - စက်မှုတက္ကသိုလ် )

ဒီနှစ် ဆရာကန်တော့ပွဲ သည် ယမန်နှစ် က ထက်ပင် ပိုမို စည်ကား သိုက်မြိုက်သည် ။ လာနေကျ အချို့ ရောက်မလာ သော်လည်း ကျွန်တော် တို့ မသိမမီလိုက်သည့် ကျွန်တော်တို့ နောက်မျိုးဆက် များစွာတို့ ဖြင့် ဆရာကန်တော့ပွဲ သည် သစ်လွင် လန်းဆန်းစွာ အားကောင်းမောင်းသန် ဆက်လက် ရှင်သန် နေသည် ။ တကယ်တော့ ဆရာကန်တော့ပွဲ ဆိုတာ လောကမှော်ရုံတော အတွင်း မှာ ကံကောင်း ထောက်မစွာ တည်ဆောက်ခဲ့မိသည့် “ အတိတ်ကမ္ဘာ ” ။

ထို အတိတ်ကမ္ဘာ မှာ ဝေးကွာ နေသည့် ကျောင်းနေဖော်များ ပြန် ဆုံစည်းနိုင်သည် ။ ခွဲခွာခဲ့ရသည့် ဆရာများ နှင့် လည်း ပြန် ဆုံတွေ့ နိုင်သည် ။ ဆရာ အချင်းချင်း ပြန် ဆုံနိုင်သည် ။ ကျောင်းသား အချင်းချင်း ပြန် ဆုံနိုင်သည် ။ ထို့ပြင် ဆရာ နှင့် ကျောင်းသားများ လည်း ဟိုး လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ကဲ့သို့ ပင် ဖက်လဲတကင်း နှင့် နွေးထွေးစွာ တစ်ဖန် ပြန်လည် ဆုံစည်းနိုင်ကြပါသည် ။ ထိုအခါ ကျွန်တော်တို့ အားလုံး ပျော်ကြ ၊ ရွှင်ကြ ၊ ဝမ်းသာကြ ၊ ကြည်နူးကြရသည် ။

အင်း ... နှစ် တစ်နှစ် ကိုတော့ ဖြတ်သန်းနိုင်ခဲ့ကြ ပြန်ပြီ ။

အင်အားများ မသိမသာ ယုတ်လျော့သွားခဲ့ သော်လည်း ၊ ရုပ်ခန္ဓာ အနည်းငယ် ပိုမို အိုစာ သွားခဲ့ သော်လည်း နှစ် တစ်နှစ် ကို ကျွန်တော်တို့ အောင်မြင် စွာ ဖြတ်သန်း နိုင်ခဲ့ကြပြန်ပြီ ။

သို့ရာတွင် ကျွန်တော်တို့ ကဲ့သို့ နှစ် တစ်နှစ် ကို အောင်မြင်စွာ မဖြတ်သန်းနိုင်ခဲ့သူ အချို့လည်း ရှိပါသည် ။ သူတို့ အတွက် စိတ်မကောင်း ဖြစ်ရသည် ။ သူတို့သည် တစ်ချိန်တစ်ခါ က ကျွန်တော်တို့ နှင့် ဘဝချင်း နီးကပ် ထိစပ်ခဲ့ကြဖူး သူများ ဖြစ်နေ၍လည်း ရင်ထဲ မှာ နာကျင်ထိရှ ခံစားရသည် ။

မှန်ပါသည် ။ ခါတိုင်းနှစ်များ လိုပဲ သည်နှစ် မှာလည်း ကျွန်တော်တို့ ရဲ့ ကျောင်းနေဖော် ငယ်သူငယ်ချင်း အချို့ ကွယ်လွန်တိမ်းပါး ခဲ့ပါသည် ။ သူတို့သည် နှစ်စဉ် ကျင်းပနေကျ ဤ ဆရာ ကန်တော့ပွဲများ ထံသို့ နောင် ဘယ်သော အခါမှ လာနိုင်ကြတော့မည် မဟုတ်ပါ ။ အတိတ်ကမ္ဘာ ကို ထာဝရ ကျောခိုင်း ထွက်ခွာ သွားသူများ ဖြစ်ပါသည် ။

ကိုယ့် ထက် အလျင် ကွယ်လွန်ခဲ့ သည့် ကျောင်းနေဖက် ငယ်သူငယ်ချင်း များ အကြောင်း ကို တွေးမိသည့် အခါတိုင်း မှာ ဟိုး လွန်ခဲ့သည့် နှစ်ပေါင်းများ စွာ က ငယ်ဘဝ ကို သတိရသည် ။ သူတို့ နှင့် အတူ ကျောင်း တက်ခဲ့ရသည့်နေ့ရက် များကို တမ်းတသည် ။ ထိုစဉ်က အတူတူ စီးခဲ့ကြသည့် “ အဆင်းရထား ” ကို လည်း အမှတ်ရသည် ။

ဪ .. ကျွန်တော်တို့ သည် ကိုယ့် ကိုယ် ကို သတိ မထားမိ သော်လည်း နှစ် စဉ်နှစ်တိုင်း ပင် “ အဆင်းရထား ” ကို အမှတ်မဲ့ စီးမိနေကြသည်ပဲ ။

••••• ••••• ••••• 

“ ကလောစက်မှုသိပ္ပံ ” မှာ ကျောင်းတက်ကြတော့ ကျောင်းသွား ကျောင်းပြန် ခရီး အတွက် ရထား ကို သာ ကျွန်တော်တို့ အားထားခဲ့ကြသည် ။

ကျောင်းဖွင့်ချိန် ကျောင်း တက်ရန် သွားသည့် အခါ “ အတက်ရထား ” ကို ပျော်ပျော်ကြီး စီးခဲ့ကြသည် ။ ကျောင်း ပိတ်၍ အိမ် ပြန်လျှင် “ အဆင်းရထား ” ကို ပျော်ပျော်ကြီး စီးခဲ့ကြသည် ။

“ အတက်ရထား ” ၊ “ အဆင်းရထား ” ဆိုသည် မှာ ကျွန်တော်တို့ ဘာသာ ပေး ထားသည့် အမည်များ ဖြစ်ပါသည် ။ မြေပြန့် မှ တောင်ပေါ်သို့ တက်ရသည့် ရထား ကို “ အတက်ရထား ” ၊ တောင်ပေါ် မှ မြေပြန့်သို့ ဆင်းသည့် ရထား ကို “ အဆင်း ရထား ” ။

“ ကလော ” ဆိုသည် ကလည်း အများ သိသည့် အတိုင်း တောင်ပိုင်း ရှမ်းပြည်နယ် ၏ အဝင်တံခါးဝ မြို့လေး ။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ လေးထောင်ကျော် မြင့်သည့် ကုန်းမြင့် တောင်တန်းများ ဆီ မှ အလွန် အေးချမ်းသာယာ လှပသော အိပ်မက်မြို့လေး ။ စာကဗျာ ရေးဖွဲ့လို့ မဆုံးအောင် ၊ တေးပန်းချီ ရေးသီလို့ မကုန်အောင် ထင်ရှား ကျော်ကြားလှသော ဂန္ထဝင်မြို့လေး ။

ထို မြို့လေး မှာ “ ကလောစက်မှု သိပ္ပံ ” ဆိုသည့် ကျောင်း တစ်ကျောင်း တစ်ရံရော အခါက ရှိဖူးခဲ့လေသည် ။ ထို ကျောင်း ဆီ သို့ အင်ဂျင်နီယာပညာရပ် များ သင်ကြားဆည်းပူးရန် အလို့ငှာ မြန်မာပြည် တစ်နံတစ်လျား က ကျောင်း သူကျောင်းသား မြောက်မြားစွာ တို့ ကျောင်း လာ တက်ခဲ့ကြပါသည် ။
ကျောင်းသူကျောင်းသားများ ဆိုတော့လည်း ကျောင်းသူကျောင်းသားများ ၏ သဘာဝ အတိုင်းပဲပေါ့ ။ ကျောင်း တက်ရန် လာလျှင် “ သူငယ်ချင်းများ နှင့် ပြန်ဆုံရမှာမို့ ” ပျော်သည် ။ ကျောင်းပိတ်၍ အိမ် ပြန်ရတော့လည်း “ မိဘ မောင်နှမ ဆွေမျိုးသားချင်းများ နှင့် ပြန်တွေ့ရမှာမို့ ” ပျော်သည် ။

ဤနည်းဖြင့် ကျွန်တော်တို့ သည် “ အတက်ရထား ” များ ကို လည်းကောင်း “ အဆင်းရထား ” များ ကို လည်းကောင်း ကြိမ်ဖန် များစွာ ပျော်ပျော်ရွှင်ရွှင် စီးခဲ့ကြပါသည် ။

မှတ်မှတ်ရရ ၊ နောက်ဆုံး တစ်ကြိမ် မှ အပ ဖြစ်ပါသည် ။

••••• ••••• •••••

“ အတက်ရထား ” ကို ပထမဆုံး အကြိမ် စီးရစဉ် က မူ မပျော် တစ်ဝက် ပျော် တစ်ဝက် ။

မောင်သစ်လွင် ဘဝ ဖြင့် ပထမနှစ် သင်တန်း တက်ရန် ကျောင်းသို့ မဝံ့မရဲ လာခဲ့ရစဉ် က ဖြစ်သည် ။

ဝေးမြေရပ်ခြား မှာ တစ်ယောက် တည်း မို့ အားငယ်သည် ။ မိဘသားချင်း များ နှင့် ခွဲခွာရသည့် အတွက် ဝမ်းနည်းသည် ။ နယ်မြေသစ် မှာ အဆင် မှ ပြေ မလား ဆိုသည့် အတွေးဖြင့် ပူပင်သည် ။ မပျော် တစ်ဝက် ။

ကလော လို မြို့မျိုး မှာ ကျောင်းအိပ် ကျောင်းစား နေရမည်မို့ ရွှင်မြူးသည် ။ ထင်းရှူး ၊ ချယ်ရီ ၊ စိန်ပန်းပြာ တို့ ကို ယစ်မူးသည် ။ အသံဝဲဝဲ ၊ ပါးအို့ရဲရဲ နှင့် ချစ်စရာ ကောင်းသည့် မောပျိုဖြူများ ၏ အလှ တွင် မိန်းမူးသည် ။ နောက် သုံးနှစ် ကြာ လျှင် အင်ဂျင်နီယာ ဖြစ်မည့် အတွက် ကြည်နူးသည် ။ အပျော် တစ်ဝက် ။

ကျောင်း သို့ ရောက်ပြီး ရက်အနည်းငယ် အတွင်း မှာ ပင် အားငယ်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ပူပင်ခြင်း စသည့်စိတ်သောက သည် လွယ်လင့်တကူ “ ကြက်ပျောက်ငှက်ပျောက် ” ပျောက်ရှ ကုန်သည် ။ ထို သောကများ နေရာ တွင် ရွှင်မြူးခြင်း ၊ ယစ်မူးခြင်း ၊ မိန်းမူးခြင်း ၊ ကြည်နူးခြင်း စသည့် စိတ်ခံစားမှုများ အစားထိုး ဝင်ရောက် နေရာ ယူသည် ။ ကျောင်းသားလူငယ် တစ်ယောက် ၏ “ အပူပင်မဲ့သော ပျော်ရွှင်ခြင်းများ ” ဖြင့် အရာရာ ကို မတောင့်တ ၊ မကြောင့်ကြရဘဲ အထိုက်အလျောက် လုံလောက် ပြည့်စုံသည့် ပညာရပ်ဝန်း မှာ အေးချမ်းသက်သာစွာ ပညာ ဆည်းပူးခွင့် ရခဲ့သည် ။

ဟိုး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ က ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကျောင်းသား ဘဝ နေ့ရက်များ ။

••••• ••••• •••••

နောင် “ အတက်ရထား ” ကို စီးရတော့ မပျော် တစ်ဝက် ၊ ပျော် တစ်ဝက် မဟုတ်တော့ ။ အပျော်ချည်း သက်သက် ။

အတက်ရထား စီးရန် ရန်ကုန် ဘူတာကြီး သို့ ရောက်သည် နှင့် ကျောင်းနေဖော်များ ကို ပြန်တွေ့သည် ။ သူငယ်ချင်းများ နှင့် ပြန်ဆုံသည် ။ သူတို့ နှင့် အတူ အပျော်တပါး ၊ တဟီးဟီး တဟားဟား လုပ်ကာ ရထား တက် စီးခဲ့ကြပါသည် ။

ရထား ထွက်စ က ကျွန်တော်တို့ ရဲ့“ ကျောင်းသား သီးသန့်တွဲ ” မှာ ထိုင်ခုံ လွတ် များစွာဖြင့် တော်တော်လေး ချောင်ချိသည် ။

သို့ရာတွင် လမ်းခရီး တစ်လျှောက်ရှိ ဘူတာတိုင်း လိုလို မှ ကျောင်းသူ ကျောင်းသားများ ထပ် တက်လာကြသည် ။ တစ်ဘူတာ ဆိုက်၍ ရထား ပေါ် တက်ရန် စောင့်ဆိုင်း နေသည့် ကျောင်းသူကျောင်းသားများ ကို မြင် လျှင် တွဲပေါ် ရှိ သူငယ်ချင်းများ က ဝမ်းသာအားရ အော်ဟစ် နှုတ်ဆက်ကာ ရထား ပေါ် သို့ ဆွဲတင်ကြသည် ။ ထိုင်ခုံ ဆီ မရောက်မီ မှာ ပင် တစ်လ တာ ခွဲခွာရသည် ကို နှစ်ပေါင်းများစွာ ကွဲကွာခဲ့ကြသူများ ပမာ စကား များစွာ သူ့ ထက် ငါ အလုအယက် ရေပက် မဝင်အောင် ပြောနေကြသည် မှာ “ လက်ပံပင် ဆက်ရက်ကျ ” သည့် ပမာ ။

စကား ပြောရ လွန်း၍ မောလာသော အခါ အိမ် က ထည့်ပေးလိုက်သည့် အစားအစာများ ကို အပြိုင်အဆိုင် ထုတ် ကာ အနီးအနား မှာ ရှိသည့် တွေ့သမျှ ကျောင်းသူကျောင်းသားများ ကို စေတနာ ထက်သန်စွာ အပြန်အလှန် ဝေငှ ကျွေးမွေးကြသည် ။ စား ရင်း ပြော ၊ ပြော ရင်း ရယ် ၊ ရယ် ရင်း သော ။ မောလည်း မမောနိုင် ၊ ပန်း လည်း မပန်းနိုင် ။ ပျော်ပြီး ရင်း ပျော် နေကြသည် ။

ထုံးစံအတိုင်း ဂစ်တာသံ တလှိုင်လှိုင် ၊ သီချင်းသံ တမြိုင်မြိုင် ။

တဖြည်းဖြည်း နှင့် ကျွန်တော်တို့ ကျောင်းသား သီးသန့်တွဲ မှာ“ ချောင် ” ရာ မှ “ ပြည့် ” ၊ “ ပြည့် ” ရာ မှ “ ကျပ် ” ၊ “ ကျပ် ” ရာ မှ “ ညှပ် ” ၊ “ ညှပ် ” ရာ မှ “ ထပ် ” လာသည် ။ သို့သော် ကျွန်တော်တို့ စိတ် မပျက်ကြပါ ။ စိတ်ပျက်ရ ကောင်းမှန်း လည်း သတိ မရကြပါ ။ ကျွန်တော်တို့ အားလုံး စိတ် ထဲမှာ ပျော်ရွှင်နေတာပဲ သိသည် ။ စကားသံများ ၊ ရယ်သံများ ၊ ဇွန်းသံခွက်သံများ ၊ ဂစ်တာသံများ ၊ သီချင်းသံများ ၊ လက်ခုပ်သံများ ဖြင့် “ ပွက်လောရိုက် ” နေသည် ။

“ သာစည် ” ဘူတာ ၌ ရထား ဆိုက်သော အခါ တွဲပေါ်သို့ ကျောင်းသူကျောင်း သား အများအပြား အုံနှင့် ကျင်းနှင့် တက်လာသည် ။ ပို ကျပ် လာသည် ။ ပို ဆူ လာသည် ။ ပို ပျော် လာသည် ။ ခရီး က လည်း ခရီးရှည် ။ တစ်ညလုံး နှင့် တစ်နေကုန် ခုတ်မောင်း ရသည့် ခရီးရှည် ။ ကျွန်တော်တို့ က လည်း တစ်ည လုံး နှင့် တစ်နေကုန် ပျော်နေလိုက်ကြသည် ။ နောက်တ စ်နေ့ ကလော သို့ ရောက်သောအခါ အသံ ပြာ သူ က ပြာ ၊ လည်ချောင်း နာ သူ က နာ ။

“ အတက်ရထား ” ဟူသည် ဆုံစည်းခြင်း ၊ ပေါင်းစည်းခြင်း နှင့် ပျော်ရွှင်ခြင်း ။

••••• ••••• ••••• 

“ အဆင်းရထား ” က မူ “ အတက်ရထား ” နှင့် မတူ ။

တစ်ကျောင်းလုံး ကို ရထားတွဲ ပေါ်သို့ ထိုးသိပ် တင်ပေးလိုက် သလို ဖြစ်နေ၍ ရထား မထွက်မီ မှာ ပင် ကျောင်းသား သီးသန့်တွဲ မှာ လူများ ၊ ပစ္စည်းများ ဖြင့် ကျပ်ညှပ် နေပါသည် ။

ရထား ကျပ်ခြင်းကြောင့် တော့ ကျွန်တော်တို့ စိုးစဉ်းမျှ စိတ် အနှောင့် အယှက် မဖြစ်ကြ ။

ကျွန်တော်တို့ အားလုံး သည် စာမေးပွဲ ပြီးပြီ မို့ ပျော်နေသည် ။ ကျောင်းပိတ်ပြီ မို့ ပျော်နေသည် ။ အိမ် ပြန်ရမည်မို့ ပျော်နေ သည် ။ ရထား ကျပ်သည် မို့ပျော်နေသည် ။ နေရင်းထိုင်ရင်း အလိုလို ပျော်နေသည် ။

စကားသံများ ၊ ရယ်သံများ ၊ သီချင်းသံများ ၊ ဂစ်တာသံများ စီစီညံ ။

“ သာစည် ” ဘူတာ မှာ ရထားဆိုက် တော့ ကျောင်းသူကျောင်းသား အမြောက်အမြား ရထား ပေါ်မှ ဆင်းကြသည် ။ သူတို့ ထဲ မှာ တချို့တစ်ဝက် သည် မန္တလေး ရထား ကို ဆက် စီးကြမည် ။ တချို့တလေ မြင်းခြံရထား သို့ ပြောင်း စီးကြမည် ။ တချို့တော့ လည်း မိတ္ထီလာ ဘက် သို့ ကားဖြင့် ခရီးဆက်ကြမည် ။

အခုတော့ ကျွန်တော်တို့ ကျောင်းသားသီးသန့်တွဲမှာ ကျပ်ညှပ် မနေတော့ပါ ။ ကျောင်းသူကျောင်းသားများ ကတော့ ခွဲခွာချိန် မှာ လည်း တွေ့ဆုံချိန်တုန်း က ကဲ့သို့ပင် ကျယ်လောင် ဆူညံစွာ အော်ဟစ် နှုတ်ဆက် နေကြသည် ။

“ သွားပြီ ယောက်ဖရေ ။ ကျောင်းဖွင့်ရင် ပြန် တွေ့ကြမယ် ဟေ့ ”

“ သွားတော့ ယောက်ဖရေ ။ ကျောင်း ပြီးမှပဲ မိဘတွေ ခေါ်ပြီး မင့်နှမ ကို လာတောင်းမယ် ဟေ့ ”

ရထား က ဘူတာစဉ် တစ်လျှောက် ရပ်သည် ။ ရပ်သည့် အခါတိုင်း လည်း တွဲပေါ် မှ ကျောင်းသူကျောင်းသား တချို့ ဆင်း ကျန်ရစ်သည် ။

ဆင်းသွားသူ တို့ ကို ရထား ပေါ်တွင် ကျန်ရစ်သည့် သူငယ်ချင်းများ က အော်ဟစ် နောက်ပြောင် နှုတ်ဆက်ကြ ။ ရထား ပေါ် မှာ ကျန်ရစ်သူများ ကို ဆင်း သွားသည့် သူငယ်ချင်းများ က ပြန်လှန် ဟစ်အော် ပြောင်လှောင် နှုတ်ဆက်ကြ ။

ဤနည်းဖြင့် ရထားတွဲ သည် ခရီး ဆုံးခါနီးလေ ထိုင်ခုံ အလွတ်များ တိုးပွား လာပြီး ပိုမို ချောင်ချိလာလေ ။

နောက်ဆုံးကြိမ် မတိုင်မီ ထိ ကျွန်တော်တို့ သည် “ အဆင်းရထား ” ကို ပျော်ရွှင်စွာ စီးခဲ့ကြပါသည် ။

••••• ••••• ••••• 

နောက်ဆုံး နှစ် ၊ နောက်ဆုံး စာမေးပွဲ ဖြေဆို ပြီးနောက် ကျောင်း နှင့် အပြီး အပိုင် ခွဲကာ အိမ် ပြန်ရန် “ အဆင်းရထား ” ကို စီးရသော အခါ ကျွန်တော်တို့ မပျော်နိုင်တော့ပါ ။

စာမေးပွဲ ပြီး၍ လည်း မပျော် ။ ကျောင်း တက်ရန် မလိုတော့၍ လည်း မပျော် ။

ရွံ့ကြောက်ခဲ့သည့် ကျောင်းစာမေးပွဲများ ကို နောင် ဘယ်တော့မှ ဖြေဆိုရန် မလိုတော့ပြီ မို့ ဝမ်းနည်းသည် ။ ပျင်းရိငြီးငွေ့ မိခဲ့သော စာသင်ခန်းများ ဆီ သို့ နောင် ဘယ်တော့မှ ခြေဦး လှည့်ရန် မလိုတော့ပြီ မို့ ဝမ်းနည်းသည် ။

ကျောင်း မပြီးသေး၍ ကျောင်း သို့ ပြန်လာရဦးမှာ မို့ ပျော်မြူး ဆူညံ နေသော ညီငယ် ၊ ညီမငယ်များ ကြားတွင် ကျောင်းပြီး သွားပြီ ဖြစ်၍ ကျောင်း သို့ ပြန် လာရန် မလိုတော့သည့် ကျွန်တော်တို့ အစ်ကိုကြီး ၊ အစ်မကြီးများ မှာ ကြေကွဲ ဝမ်းနည်းစွာ နှုတ်ဆိတ် ငြိမ်သက် နေသည် ။ မကြာခဏ လည်း ကျောင်း ဘက် ဆီ သို့ “ သမင်လည်ပြန် ” လှည့် ကာ ငေးကာ ကြည့် နေတတ်ကြသည် ။ ကြည့်မိတိုင်း လည်း ရင်မှာ နာကျင် ဆို့နင့်ကာ မျက်ရည်များ ရစ်ဝဲ လာသည် ။
ကျွန်တော်တို့ အကြည့် သည် ကျွန်တော်တို့ ၏ ကျောင်းသား ဘဝ ၊ လူငယ် ဘဝ ၊ တာဝန်ဖိစီးမှု မရှိသည့် ဘဝ ၊ အပူပင် ကင်းသည့် ဘဝ ၊ ဖြူစင်သည့် ဘဝ ၊ ပျော်ရွှင်သည့် ဘဝ စသည့် မက်မောခုံမင်ဖွယ်ရာ ဘဝ နေ့ရက်များ ကို နှမြောတသ စိတ် ဖြင့် ရီဝေ နေမည် ထင်သည် ။

ရထားဘီး စ , လိမ့်သည် နှင့် ထို ဘဝများ သည် ကျောင်း နှင့် အတူ ကျန်ရစ်ခဲ့ကြရတော့မည် ။

ရှေ့မှာ “ လောက မှော်ရုံတော ” ။

လှည့်စားတတ်သည့် ၊ ရက်စက်တတ်သည့် ၊ စဉ်းလဲတတ်သည့် ၊ ယုတ်မာတတ်သည့် ၊ အနိမ့်အမြင့် အတက်အကျ များစွာဖြင့် မာယာပရိယာယ် ကြွယ်ဝသည့် ၊ ဆူးပြွမ်းသော ချောက်ကမ်းပါး များစွာဖြင့် ခြေ တစ်လှမ်း မှား လျှင် ပင် ဘဝ ပျက်စေနိုင်သည့် လောက မှော်ရုံတော ။ ကျောင်းမြေ ကျောင်းရိပ် နှင့် မတူ ခြားနား ဆန့်ကျင် ကွဲပြားသည့် “ နယ်မြေသစ် ” ။

မကြာမီ ကျွန်တော်တို့ အကျွမ်း မဝင်သည့် ထို လောက မှော်ရုံတော တည်း ဟူသော နယ်မြေသစ် အတွင်း သို့ တိုးဝင် ဖြတ်သန်းကာ ရှင်သန်အောင် ရုန်းကန် နေထိုင်ကြရတော့မည် ။

ကျွန်တော်တို့ တွေဝေ တွန့်ဆုတ် နေကြ သော်လည်း အချိန် တန်သော အခါ “ အဆင်းရထား ” က ကျောင်း နှင့် ဝေးရာ “ လောက မှော်ရုံတော ” အတွင်းသို့ ကျွန်တော် တို့ ကို ခေါ်ဆောင်ခဲ့သည်သာ ။

••••• ••••• ••••• 

“ အဆင်းရထား ” က ထုံးစံ အတိုင်း ဘူတာစဉ် ဆိုက်ရပ်သည် ။

တစ်ဘူတာ ဆိုက် ၍ သူငယ်ချင်း တစ်ယောက် ဆင်း သွားတိုင်း ရင် ထဲ မှာ “ ဟာ ” ၍ ကျန်ရစ်သည် ။

ယခင် အခေါက်များ က လို အော်ဟစ် နှုတ်ဆက်ခြင်း မပြုနိုင် ။ “ ကျောင်း ဖွင့်ရင် ပြန်တွေ့ကြမယ် ...ဟေ့ ” လို့ မပြောနိုင် ။ လောက မှော်ရုံတော အတွင်း မှာ ဘယ်အချိန် ၊ ဘယ်နေရာ ကျ မှ ပြန် တွေ့ရမည် ဆိုတာ ဘယ်သူမှ အပ်ကျ မပ်ကျ မသိနိုင် ။ မျက်နှာငယ်လေးများ ဖြင့် သာ သူငယ်ခင်း ကို မချိတရိ လှမ်း ကြည့် နေမိသည် ။

ရထား ပေါ် မှ ဆင်း သွားသည့် သူငယ်ချင်း က လည်း သေတ္တာလေး ကို နံဘေး မှာ ချလျက် ကျောက်ရုပ် တစ်ရုပ် လို ငြိမ်သက်ကာ ကျွန်တော်တို့ ကို ငေးငေးရီရီ နှင့် ရပ်ကြည့် နေရှာသည် ။ ရထား မထွက်မချင်း သူ လည်း နေရာ မရွေ့ ။ ရထား ထွက်တော့ ဝမ်းနည်းကြေကွဲစွာ လက်ကလေး ပြကာ ပြကာ ကျန်ရစ်ရှာသည် ။ မျက်ရည် ကျ သူ ကျ ၊ သက်ပြင်း ချ သူ ချ ။

“ အဆင်းရထား ” ဟူသည် ခွဲခွာ ခြင်း ၊ ဝေးလွင့်ခြင်း ၊ ပြီးတော့ ကြေကွဲခြင်း ။

ဤသို့ဖြင့် ကျွန်တော်တို့ သည် တစ်ယောက် ပြီး တစ်ယောက် “ အဆင်း ရထား ” ပေါ် မှ ဆင်းခဲ့ကြပါသည် ။

••••• ••••• ••••• 

ကျောင်းသား ဘဝ က စီးခဲ့ရသည့် “ အဆင်း ရထား ” ပေါ် မှ ဘယ်အချိန် တွင် ဘယ်ဘူတာ မှာ ဘယ်သူ ဆင်းရမည် ဆိုတာ တင်ကြို သိကြပါသည် ။ ကံအလှည့် သင့်လျှင် လောက မှော်ရုံတော မှာ ပြန်လည် ဆုံစည်းနိုင်မည် ။

သို့သော် ယခု ကျွန်တော်တို့ စီးနေကြသည့် “ အဆင်းရထား ” ပေါ် မှ ဘယ်အချိန် တွင် ဘယ်ဘူတာ မှာ ဘယ်သူ ဆင်းရမည် ဆိုတာကို တင်ကြို မသိနိုင်ကြပါ ။ ဆင်းပြီး ပါ က အတိတ်ကမ္ဘာ ကို ထာဝရ ကျောခိုင်း ထွက်ခွာ သွားရမည် ။

ဆင်းကြရမှာ ကလည်း သေချာသည် ။

သည်နှစ် လား ၊ နောက်နှစ် လား ။ နောင်နှစ် အနည်းငယ် ကြာမှလား ... ။

သည် ဘူတာ လား ၊ နောက် ဘူတာ လား ၊ ဟို အတော် ဝေးဝေး က မှုန်မှုန် ရေးရေး ဘူတာလေး ရောက်မှလား ... ။

ပြီးတော့ သူ လား ၊ ကျွန်တော် လား ... ။ ဒါမှမဟုတ် တခြား တစ်ယောက် ယောက် လား ။

“ အဆင်းရထား ” က မူ တစ်ဘူတာ ပြီး တစ်ဘူတာ ဆိုက်ရပ် နေပါသည် ။

⎕ ဆွန်း ၊ စက်မှုတက္ကသိုလ် ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဇူလိုင်လ ၊ ၂၀၁၄

Monday, July 29, 2024

ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ


 

❝ ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ ❞
⎯⎯⎯⎯⎯⎯⎯⎯⎯⎯
ဆွန်း ( စက်မှုတက္ကသိုလ် )
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ကျွန်တော့် ကို တူးတူးခါးခါး စူးစူးဝါဝါး စိုက်ကြည့် နေသော သမီး ရဲ့မျက်ဝန်း အစုံ မှာ နာကြည်း မုန်းတီးမှုများ လျှံကျ နေသည် ။ ဒေါသမီးများ ဖြင့် ရဲရဲတောက် နေသည် ။ ချောင်ပိတ် မိနေသော တောရိုင်းသတ္တဝါ လို လွတ်ရာ လွတ်ကြောင်း အတွက် အရိုးကြေကြေ အရည်ခန်းခန်း တုံ့ပြန် တိုက်ခိုက်ရန် အသင့် ။

ဪ ..ကျွန်တော် ရင်သိမ့်တုန်အောင် ချစ်ခဲ့ရပါ သော သမီးလေး .. ။ အမြဲတမ်း အရိပ် တကြည့်ကြည့် လုပ်ကာ ပန်းလေး တစ်ပွင့်လို မြတ်နိုးယုယခဲ့ရသော သမီးကလေး … ။ အသည်းအသက် လို တန်ဖိုးထား ကာ ပြုစု စောင့်ရှောက်ခဲ့ရပါသော သမီးလေး .. ။

ယခင် က သမီး သည် ကျွန်တော့် ကို မြင်တိုင်း မျက်ဝန်း အစုံတွင် မေတ္တာရေကြည်များ လဲ့ရွှန်းတောက်ပ လာစမြဲ .. ။ မျက်နှာ ထက် မှာ လှပလန်းဆန်းသော အပြုံး ပန်းပွင့်တို့ ပွင့်အာ လာစမြဲ ... ။ စမ်းရေစီးသံ လို ညိုးညင်း သံသာ ဖြင့် ရယ်မော တတ်စမြဲ ... ။ ချစ်စဖွယ် ကယုကယင် လှုပ်ရှား ပြုမူ တတ်စမြဲ ... ။ သမီး သည် ကျွန်တော့် ကို ချစ်သော မျက်စိ ဖြင့် သာ အစဉ် ကြည့်ခဲ့ပါသည် ။ နှလုံး စိတ်ဝမ်း အေးချမ်းစေသည့် အပြုံးဖြင့် သာ အမြဲတမ်း ပြုံးခဲ့ပါသည် ။

ယခုတော့ ဆန့်ကျင်ဘက် .. ။

စစ်မြေပြင် မှာ တွေ့သည့် ရန်သူ တစ်ယောက် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့် နေသည် ။ မာရ်နတ်မိစ္ဆာ တစ်ကောင် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့်နေသည် ။ တစ်ဖက်သား ကို ပြာကျ စေနိုင်သည့် အကြည့် ။ ရန်လို သည့် အကြည့် ။ မာကျောခက်ထန်သည့် သမီး ရဲ့ … အကြည့် မှာ ကျွန်တော့် ကို မကျေနပ်ခြင်း မှ ဖြစ်ပေါ်လာ သော ဒေါသများ ၊ နာကြည်းမှုများ ၊ မုန်းတီးမှုများ ကို အထင်အရှား တွေ့နေရသည် ။ အခုချိန် မှာ သူတို့ ချစ်ခြင်း ကို ဆန့်ကျင်သူ မှန်သမျှ သူ့ ရဲ့ ရန်သူ .. ။ သူတို့ အချစ် ကို ဖြိုခွင်းရန် ကြံစည်သူ မှန်သမျှ သူ့ အတွက် နတ်ဆိုး မိစ္ဆာ ... ။

အမုန်းသည်းထန် လောင်မြိုက် နေသည့် သမီး ရဲ့ အကြည့်များ ... ။

သမီး ရင် ထဲမှ ခံစားချက်များ ကို ကျွန်တော် မသိ၍ မဟုတ်ပါ ။ သိပါသည် ။ မျက်စိ တစ်ကြည့် ၊ နှုတ်ခမ်း တစ်လှုပ် ၊ လက် တစ်ဝှေ့ကို မြင်ကာမျှဖြင့် သမီး ဘာ ဖြစ်ချင် သည် ၊ ဘာ လုပ်ချင်သည် ၊ ဘာ ပြောချင်သည် ဆိုတာ ကျွန်တော် သိပါသည် ။ သို့သော် သိသိကြီး နှင့် သမီး ရဲ့ ခံစားချက် ကို ဆန့်ကျင်ကာ ကျွန်တော် ပြောနေရသည် ။ သမီး ရဲ့ဆန္ဒ ကို မသိကျိုးကျွန် ပြုကာ ကျွန်တော် လုပ်နေရ သည် ။

“ မဖြစ်နိုင်လို့ပါ အစ်မကြီး ရယ် ။ သမီး ဟာ အရွယ် ရောက်ပြီ ဆိုပေမဲ့ ‘ ဆွံ့အ နားမကြား ’ တဲ့ ဒုက္ခသည်လေး ပါ ။ သာယာတဲ့ အိမ်ထောင် တစ်ခု ကို ရေရှည်မှာ ဘယ်လိုမှ မဖန်တီးနိုင်ဘူး ဆိုတာ ကျွန်တော် သိသလို အစ်မကြီး လည်း သိပါတယ် ။ ကြာရင် မရှူနိုင်မကယ်နိုင် နဲ့ အားလုံး ပိုပြီး စိတ်ဆင်းရဲကြမှာမို့ အနူးအညွတ် တောင်း ပန်နေရတာပါ ခင်ဗျာ ”

ကျွန်တော် က အကျိုးနွံဆုံး ဟန်ပန် ၊ အခယဆုံး လေသံ ဖြင့် ပြောလက်စ စကား ကို ဆက်ရသည် ။ မျက်နှာ အောက် ချကာ တုန်ယင်တိုးဖွစွာ ပန်ကြား နေမိသည် ။ ကျွန်တော့် ဟန်ပန် နှင့် လေသံသည် တောင်းပန်သည့် အဆင့် ကို ကျော်ပြီး အသနားခံသည့် အဆင့် သို့ ရောက် နေပြီ ဆိုတာ သိသည် ။ ရှက်သွေးများ ဖြင့် မျက်နှာ တစ် ပြင်လုံး ထူပူရှိန်းဖိန်း နေသည် ။

သူတို့ မိသားစု ကျွန်တော် တို့ အိမ် အနီးသို့ ပြောင်း လာသည် မှာ မကြာသေးပါ ။ သို့သော်လည်း အိမ်နီးချင်းကောင်း တို့၏ ဝတ္တရား နှင့် အညီ သူတို့ မိသားစု ကို ကူညီနိုင်တာ ကူညီခဲ့သည် ။ ကူညီသင့်သည် ထက် ပိုမို ကူညီခဲ့သည် ။ ပြောရမည် ဆိုလျှင် ကျွန်တော့် ကျေးဇူး များစွာ သူတို့ မိသားစု အပေါ် မှာ ရှိသည် ။ အခုတော့ ကိုယ် က အခါမလပ် ကူညီ ထောက်ပံ့ခဲ့ရသူ ထံမှ ရိုကျိုး ခယစွာ တောင်းပန် နေရသည် ။

“ တစ်ဆိတ် ကူညီပါ အစ်မကြီး ရယ် ။ လူငယ်တွေ ဆိုတော့ ရှေ့ရေးနောက်ရေး မျှော်မျှော်တွေးတွေး မရှိ ဘူးပေါ့ ။ မမှားသင့်တာ မှားပြီးခဲ့ကြပေမဲ့ ပျက်အစဉ် ပြင်ခဏပါဗျာ ။ အမှားနွံ မှာ ဆက် မနစ်ဖို့ အစ်မကြီး က လည်း ဝိုင်းဝန်းဖျောင်းဖျ နားချပေးပါ ခင်ဗျာ ”

ကျွန်တော့် စကား အဆုံးမှာ ဒေါ်အေးမူ က မဲ့ကာရွဲ့ ကာဖြင့် မျက်နှာ ကို တစ်ဖက် သို့ လှည့် လိုက်သည် ။ ပြီးမှ ဝေဟင်မှ လာသော လေသံဖြင့် စီးစီးပိုးပိုး ပြောသည် ။

“ ဒီမှာ ကိုအေးကျော် ။ ကျွန်မ က လူကြီးတွေ ကို အားနာလို့ သည်းခံ နားထောင် နေတာ ။ ဒီကိစ္စ အတွက် ကျွန်မ က သိပ် ဝမ်းသာ နေတယ် ၊ သိပ် စိတ်ချမ်းသာ နေတယ်များ ထင်နေသလား ။ မေးလိုက်စမ်းပါတော် ၊ တစ်ရပ်ကွက်လုံး ကို ။ ဒီလို အခြေအနေ မှာ ဘယ် ‘ သားရှင် ’ ပျော်နိုင်သလဲ .. လို့ ။ ပြောလို့ မရလို့သာ ကြည့် နေရတာ ။ ကျွန်မ နှမြောတာ က ရှင့် ထက် ဆယ်ဆ ။ ဒီကောင်မ က ရင်မနာဘူး ၊ ယူကျုံးမရ မဖြစ်ဘူးလို့များ ထင်နေလို့လား ”

သမီး ကို ချွေးမ တော်ရတာ သူတို့ နစ်နာပါသည် ... ဆိုလိုချင်ပုံ ရသည် ။

ဒေါ်အေးမူ ၏ အပြောအဆို အပြုအမူ မှာ ကျွန်တော့် အသည်း ကို ‘ ဓားမွှန်းပြီး ဆားဖြူး  ’ သလို ဖြစ် နေသည် ။

သမီး နှင့် အကြည့်ချင်း ဆုံအောင် အတော် ကြိုးစားပြီး မှ သမီး နားလည်သည့် ဘာသာစကား ဖြင့် ခြေလှုပ် ၊ လက်လှုပ် ၊ ပါးစပ်လှုပ် ကာ အိမ်ပြန် လိုက်ခဲ့ဖို့ ကျွန်တော်
ပြောသည် ။ သမီး က ခေါင်း ကို တွင်တွင်ခါယမ်း ငြင်းဆန်သည် ။ မျက်နှာ တစ်ပြင်လုံး ရဲရဲနီကာ ပါးစပ် မှ ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေသည် ။

အရွယ် ရောက်ပြီးသည့် အခြား ဆွံ့အနားမကြား သော မိန်းမပျိုလေးများ လိုပင် သမီး သည် လည်း သူ့ အားနည်းချက် ကို လူ မသိအောင် အတတ်နိုင်ဆုံး ကြိုးစားဖုံးဖိ တတ်သည် ။ သူစိမ်းတစ်ရံဆံ ရှေ့မှာ အသံ မထွက်အောင် အထူး သတိထားကာ နေတတ်သည် ။ သို့ရာတွင် အလွန် အကြူး စိတ်လှုပ်ရှား သည့် အခါ သမီး နှုတ်ဖျား မှ အသံ များ ပွင့်အံ လွင့်ထွက် လာတတ်သည် ။ ယခု ထွက်နေ သည့် အသံ ကတော့ ဒေါသ သည်းထန်မှ ထွက်လေ့ရှိ သည့်အသံ ။

‘ ပြစ်မျိုးမှဲ့မထင် ’ အောင် ထူးခြား ထင်ရှားသည့် အလှတရား များစွာ ကို လောကကြီး ထံမှ ‘ လျော်ကြေး ’ ပြန်ရ ထားသော ပျိုမျစ်နုနယ် လှသွေးကြွယ်လွန်းသည့် သမီး မျက်နှာလေး ကို ကျွန်တော် ကြေကွဲ ဝမ်းနည်းစွာ ငေးရင်း မျက်ရည် ဝဲ လာသည် ။ သမီး နားလည်သဘော ပေါက် အောင်လည်း လက်ဟန်ခြေဟန် မျှ သာမက စကားသံများ ဖြင့်ပါ ရှင်းပြ ခေါ်ငင် နေမိခဲ့သည် ။

“ မဖြစ်ဘူးနော် သမီး ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဖြစ်နိုင်မယ်ဆို ဖေဖေ ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ လက်ထပ် ပေးမှာပေါ့ ။ တကယ် မဖြစ်နိုင်လို့ပါ သမီးရယ် ။ အိမ်ပြန် လိုက်ခဲ့ကွယ် ... နော် ”

“ ကျွန်တော်တို့ ရုံးမှာ တရားဝင် လက်ထပ် ထားကြတယ် ”

အာကာလွင် က လေသံ ခပ်မာမာဖြင့် ဝင်ပြော သည် ။ မကြားသော်လည်း နှုတ်ခမ်း လှုပ်ရှားပုံကို ကြည့် ကာ ဘာပြောသည် ဆိုတာ သမီး ကောင်းစွာ နားလည် သည် ။ သမီး က အာကာလွင် ကို အားကိုးတကြီး ကြည့် သည် ။ အာကာလွင် ထံ ပိုမို တိုးကပ်သည် ။ အာကာလွင် လက်မောင်းရင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်သည် ။ “ ဘယ်သူ ခွဲခွဲ တို့မကွဲ ” .. ဟု ဆိုသည့်နှယ် ... ။

သိလိုက်သည် ။ အရာအားလုံး ဆုံးရှုံးသွားပြီ ။ ပွဲ လည်း ပြီးသွားပြီ ။

••••• ••••• •••••

သမီး ကို လက်လွှတ် ဆုံးရှုံးပြီးသော အခါ ကျွန်တော့် ဘဝ အဓိပ္ပာယ် မဲ့သွားသည် ။

မိဘတိုင်း သားသမီး ကို ချစ်တာ ကျွန်တော် သိပါသည် ။ သို့သော် အခြားသူများ ထက် ကျွန်တော် က  ( သဘာဝကျစွာ )  နည်းနည်း ပိုသည်ဟု ထင်သည် ။ တစ်ဦးတည်း သော သမီးမို့ အသည်း နင့်အောင် ချစ်သည် ။ မိတဆိုး သမီးလေးမို့ ရင်ပွင့်အောင် ချစ်သည် ။ လူစဉ်မမီ သူလေး မို့လည်း မေတ္တာ နှင့် ကရုဏာ ပေါင်းကာ နှလုံး သည်းပွတ် ပေါက် ထွက်မတတ် ချစ်သည် ။ သမီးလေး သာ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ၊ ကျွန်တော့် အတွက် အရာရာ ... ။ မှည့်ထားသည့် မြသက်နှင်း .. ဆိုသည့် အမည် ကပင် သမီး အပေါ်ထားသည့် ကျွန်တော့် မေတ္တာ ကို ဖော်ကျူး နေသည်လေ ။

ကျွန်တော့် ဘဝ မှာ နှလုံးသွေး ပျက်လုအောင် ချောက်ချား တုန်လှုပ်ရတာ နှစ်ကြိမ် ရှိပါသည် ။

ပထမ တစ်ကြိမ် မှာ သမီး ငယ်စဉ် က ဖြစ်ပါသည် ။ သမီး နှင့် သက်တူရွယ်တူ တခြား ကောင်မလေးများ စကား ကို သွက်သွက်လက်လက် ချက်ချက်ချာချာ ပြော နေချိန် မှာ ကျွန်တော့် သမီး က “ ဝူးဝူးဝါးဝါး ” အဆင့်မှ မတက်ခဲ့ ။ စကား ကို ဘယ်လို မှ သင်လို့ မရသည့်အခါ စိုးရိမ်ပူပန်လာသည် ။ မွေးကင်းစ ကပင် သမီး သည် အသံ ကို တုံ့ပြန်မှုအား အလွန် နည်းခဲ့တာကို ပြန်လည် သတိရသည် ။ ကံကြမ္မာဆိုး တစ်ခု ကျွန်တော်တို့ ထံ လာနေပြီ ဟု ခံစားရသည် ။

စမ်းသပ်စစ်ဆေးမှု များစွာ အကြိမ်ကြိမ် အထပ်ထပ် လုပ်ပြီးသောအခါ အသည်းကွဲစရာ သတင်းဆိုး ကို နား နှင့် လည်ချောင်း အထူးကု ဆရာဝန်ကြီး ထံမှ ကြားခဲ့ရ သည် ။ ဘယ်လိုမှ ပျောက်ကင်းအောင် ကုသလို့ မရနိုင် သည့် သန္ဓေ ပါ “ ဆွံ့အနားမကြား ဝေဒနာသည် ” ဘဝ ဖြင့် သမီး တစ်သက်လုံး နေရတော့မည် .. တဲ့ ။ နှလုံးသွေးပျက် လုအောင် ချောက်ချားတုန်လှုပ်ရတဲ့ပထမစကား ... ။ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ပြိုပျက် သွားပြီ ထင်မိ သည် ။

သူ့ ကိုယ်သူ မသိရှာဘဲ ၊ သိလည်း မသိနိုင်ဘဲ ပျော် ပျော်ပါးပါး ပြေးပြေးလွှားလွှား ကစားမြူးထူး နေသော သမီး ကို မြင်တိုင်း ကျွန်တော် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရသည် ။ နောင် နှစ် တော်တော်လေး ကြာမှ သာ ကြိုးစားဖြေ သိမ့်နိုင်ကာ တဖြည်းဖြည်း နေသားကျ လာခဲ့သည် ။ တမြေ့မြေ့ နာကျင်သည့် ဝေဒနာတစ်မျိုး ကိုတော့ ရင်ထဲ မှာ အခါမလပ် ခံစား နေရသည် ။

သမီး ရဲ့ ကံကြမ္မာဆိုး ကို ကြားသိပြီး နောက်ပိုင်းမှာ တော့ ကျွန်တော့် ‘ မျက်ရှု ’ ဖြစ်ခဲ့သည် ။

သမီးလေး ကို အရိပ် တကြည့်ကြည့် လုပ်၍သာ နေမိခဲ့ပါသည် ။ ကျွန်တော် ၏ ကိုယ်ပိုင် အချိန် အားလုံးကို သမီး က ပိုင်စိုးသည် ။ သမီး ဘာလိုသလဲ .. ကျွန်တော် ဖြည့်ဆည်းသည် ။ သမီး ဘာဖြစ်ချင်သလဲ .. ကျွန်တော် လုပ်ပေးသည် ။ ကျွန်တော် အသက်ရှင် ရသည့် တစ်ခု တည်းသော ရည်ရွယ်ချက် မှာ သမီး ဘဝ လိုအပ်ချက်များ ကို ဖြည့်ဆည်းရန် သက်သက် ။

ထို့ကြောင့်လား မသိပါ ။ ကျွန်တော် သည် သမီး ရဲ့ အမေ ကို ပါ မမျှော်လင့်ဘဲ ထပ်မံဆုံးရှုံးခဲ့ရသည် ။  ( ကျွန်တော်တို့ သား အဖ ကို စွန့်ပြေးသည် ... ဟု တချို့က စွပ်စွဲသည် ။ )

တော်တော်လေးတော့ ထူးဆန်းသည် ။ သမီး ရဲ့ အမေ ကို အကြောင်းမဲ့ ဆုံးရှုံးခဲ့ရသော်လည်း ကျွန်တော် ထူးထူးကဲကဲ ကြေကွဲဝမ်းနည်းခြင်း မဖြစ်မိ ။ လုံးလုံးလျားလျား ဝမ်းမနည်းတာလည်း မဟုတ် ။ ထိုက်သင့်သည့် ပမာဏ အတိုင်းအတာ အထိတော့ ကျွန်တော် ကြေကွဲ ဝမ်းနည်းခဲ့ပါသည် ။ ထို ကြေကွဲဝမ်းနည်းမှုများ ဖြစ်ရ သည့် အဓိက အကြောင်းရင်းက တစ်ခုတည်း  .. ။ လောက တွင် အခက်အခဲ များစွာဖြင့် ရင်ဆိုင်ရမည့် သမီး အတွက် အစစအရာရာ ကူညီဖေးမ,ရန် အဓိက လိုအပ် သည့် အရေးကြီးဆုံး မိခင်အရင်း ကို ဆုံးရှုံးရသော ကြောင့်သာ ဖြစ်ပါသည် ။

မတတ်သာသည့် အဆုံးမှာ ကျွန်တော် သည် မိဘ မောင်နှမများ ၏ အကူညီ ဖြင့် သမီး ကို အရွယ်ရောက် အောင် ကိုယ်တိုင် ခက်ခဲပင်ပန်းစွာ မွေးမြူ ခဲ့ရပါသည် ။

အလုပ်ချိန် မှ အပ ကျွန်တော့် အချိန် ဟူသမျှသည် သမီး ၏ ဝေယျာဝစ္စများ ဖြင့်သာ ကုန်ဆုံးခဲ့ရသည် ။ ဆွံ့အ,နားမကြားကျောင်းသို့ ကျွန်တော် ကိုယ်တိုင် အကြိုအပို့ လုပ်သည် ။ သမီး နှင့် သက်ဆိုင်သမျှ သင်တန်း များ အားလုံးသို့ ကျွန်တော် ကိုယ်တိုင် စိတ်ပါလက်ပါ လိုက်ပို့သည် ။ သမီး နှင့် ပတ်သက်သမျှ ပွဲလမ်း အခမ်းအနား အားလုံး သို့ ကျွန်တော် ကိုယ်တိုင် တက်တက် ကြွကြွ လိုက်ပို့သည် ။ ထိုမျှ မကပါ ။ သမီး သွားလိုရာ နေရာ မှန်သမျှကို မရောက် မရှိရအောင် ၊ လုပ်ချင်တာ မှန် သမျှကို မလုပ်ရ မဖြစ်ရအောင် ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်စွာ လိုက်ပါဖြည့်ဆည်းပေးခဲ့ပါသည် ။

အရွယ် ရောက်လေ လှသွေး ကြွယ်လေ ဖြစ်သည့် သမီး ကို စိုးရိမ်စိတ် တစ်ဝက် ၊ ဂုဏ်ယူစိတ် တစ်ဝက်ဖြင့် အရိပ် တကြည့်ကြည့် လုပ်ကာ သတိကြီးစွာဖြင့် ရင်အုပ် မကွာ စောင့်ရှောက်ခဲ့ပါသည် ။

သို့သော် …

••••• ••••• •••••

“ သမီး ယောက်ျား နောက် လိုက်ပြေးသည် ” .. ဆိုသည့် သတင်း ငှက်ဆိုးထိုးသံ ကို ကြားစက ဦးခေါင်း ရှစ်စိတ် ကွဲသည့်နှယ် ခံစားရသည် ။ နှလုံးသွေးပျက်လု အောင် ချောက်ချားတုန်လှုပ်ရတဲ့ ဒုတိယစကား .. ။

ထုံးစံအတိုင်း ဘယ်သူနဲ့လဲ ... ၊ ဘယ်တုန်းကလဲ .. .. ဆိုသည့် မေးရိုးမေးစဉ် များပင် မမေးမိ ။ ရင်မီးတောက်ပြီး ဦးနှောက်ပွက်ပွက် ဆူနေသည် ။ ကျွန်တော့် ဘဝမှ နုတ် ဖယ် မေ့ဖျောက် ထားနိုင်ခဲ့တာ ကြာပြီ ဖြစ်သော သမီး ရဲ့ မိခင် ကို လည်း ထူးထူးခြားခြား သွား သတိရမိသည် ။ သူ သာ သမီး နှင့် အတူ ရှိခဲ့လျှင် ယခုလို ဖြစ်မည် မထင် ။

တကယ်တော့ ဖခင် တစ်ယောက် သည် အရွယ် ရောက်လာသည့် သမီး တစ်ယောက် ကို မျက်ရှု ရတနာ တစ်ပါး လို ချစ်သော မျက်စိဖြင့် ဘယ်လိုပဲ အရိပ် တကြည့် ကြည့် ကြည့်နေစေကာမူ မမြင်မတွေ့ နိုင်တာ များစွာရှိ ပါသည် ။ “ သမီး ကို သိနားလည်သည် ” .. ဟု ထင်မိခြင်း မှာ သမီး ကို လုံးလုံးလျားလျား နားမလည်ခြင်းသာ ဖြစ် သည် ဆိုတာ အခုတော့ သိပြီ ။

ကြိမ်မီးအုံးသော အသည်းနှလုံး ဖြင့် သမီး ကို ကျွန်တော် ရှာသည် ။ သိပ်ခက်ခက်ခဲခဲပင် မရှာလိုက်ရ ။ သတင်း အစအန ကို ချက်ချင်း ရသည် ။ ရတော့ လည်း မယုံချင်စရာ ။ သမီး လိုက်ပြေးသည့် သူငယ် မှာ ဒေါ်အေးမူ ရဲ့သား အာကာလွင် ဆိုပါလား ..။

“ ဖြစ်မှ ဖြစ်ရလေ သမီး ရယ် ”

ကျွန်တော့် ရင်မှာ နာကျင်ဆို့နင့် ရပြန်သည် ။

သမီး ဘဝ ကို တကယ် စာနာနားလည်မှု ပေးနိုင်မည့် စစ်မှန်သည့် မေတ္တာရှင်များ ဖြစ်လေမလား ...ဟု ဝိုးတဝါး မျှော်လင့်ချက်များ မှာ ‘ အာကာလွင် ’ ဆိုသည့် အမည် ကြောင့် ‘ နေလာ နှင်းပျောက် ’ ဖြစ်ရသည် ။ အာကာလွင် ဆိုတာ ပညာမတတ် ၊ လက်ကြော မတင်းသည့် ရပ်ရွာ က အော့နှလုံးနာအောင် သော့သွမ်းဟော့ရမ်းသည့် ‘ ဝေလေလေ ’ တစ်ယောက် ။ အိုကြီးအိုမ မိခင်မုဆိုးမ ကို ပင် ဒုက္ခတွင်း မှ တက် မရအောင် ပြုမူနေတဲ့သူ ။ မိန်းမ တွေ ယူခဲ့တာလည်း သောက်သောက်လဲ ။ အိမ်ထောင်ရေး ကို ထမင်းစား ရေသောက် မျှသာ သဘောထားတတ် တဲ့သူ ။ ဘယ် တစ်ယောက် ကိုမှ စွဲစွဲမြဲမြဲ ပေါင်းသင်းသည် လည်း မဟုတ် ။ ‘ စလယ်ဝင် ဖင်မမည်း ’ မီ မှာပဲ ကွဲတတ် ကွာတတ်စမြဲ ။

အာကာလွင့် အကြောင်း ကို အရပ် ထဲက အခြား မိန်းမပျိုလေးများ သိသည့် နည်းတူ သမီး လည်း သိသည် ။ အာကာလွင် ကို အရပ် ထဲ က အခြား မိန်းကလေးများ ခါးသီး မုန်းတီးသည့် နည်းတူ သမီး ကလည်း မုန်းတီး သည် ။  ( အဲ ... မုန်းတီးသည် ဟု ထင်မိခဲ့သည် ။ ) ကျွန်တော် သည် သမီး ကို အာကာလွင် နှင့် ပတ်သက်ဆက်စပ်လာ လိမ့်မည် ဟု အနည်းငယ်မျှ ပင် သံသယ မဝင်ခဲ့မိ ။ အဝေး မှ အန္တရာယ်များ ကို သာ တွေးတော ပူပန်ခဲ့သည် ။ အနီး က တကယ့် အန္တရာယ် ကို မမြင်မိခဲ့ ။

လောကကြီး သည် ကျွန်တော် တွေးထင် ထားသည် ထက်ပင် ပိုမို ဆန်းပြား နေသလား .. ။ ကျွန်တော် ကပဲ လား .. ။ လောက သဘာဝ ၊ လူ့ အလေ့အထ များကို တင်ကြို မသိ မမြင်နိုင် လောက်အောင် အသိဉာဏ် ဆွံ့ရှားနည်းပါးသူလား  ... ။

အခုတော့ သမီး ကို ကျွန်တော် လက်လွှတ်ဆုံးရှုံး ခဲ့ရပြီ ။ ဘယ်လောက်ပဲ မြတ်နိုးတွယ်တာသည် ဖြစ်စေ ၊ ဘယ်လောက်ပဲ နှမြောတသ ယူကျုံး မရသည် ဖြစ်စေ ၊ သမီး ကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရပြီ ။

ချို့ယွင်းချက် ရှိသော်လည်း ကျန်းမာသန်စွမ်းပြီး သွေးသား ဆူဖြိုးသော သမီး သည် သဘာဝ အတိုင်း သူ့ လမ်းသူ လျှောက်လှမ်း သွားပြီ .. ။ အန္တရာယ် ဒင်းကြမ်းဖြင့် ဆူးပြွမ်းသည့် လမ်းဖြစ်စေကာမူ အချစ်သွေး ဆူကာ ရဲဝံ့ တက်ကြွ နေသော သမီးက မမှုပါ ။ သူ့ လမ်း ကို သူ စိတ်ကြိုက် ရွေးချယ်ကာ ပြတ်ပြတ်သားသား လျှောက် လှမ်းသွားခဲ့ပါပြီ ... ။

••••• ••••• •••••

တွေးထင် ထားသည့် အတိုင်းပင် သမီးတို့ အိမ် ထောင်ရေး မှာ မသာယာခဲ့ပါ ။

အဦးအစ နေ့ရက်များ မှာတော့ သမီး ပျော်ခဲ့ပုံရ သည် ။ ရဲရင့်ပြတ်သားသော အချစ်သူရဲကောင်းမလေး ဟန်မျိုး ဖြင့် မြူးမြူးထူးထူး ရှိခဲ့သည် ။ လောက ကို ထီ မထင် ၊ သောက ဆို မြူ မမြင်ဘဲ တိမ်ညွန့်စားသည့် … နတ်မြင်းပျံ အလား ကြွားကြွားရွားရွား ပပလွှားလွှား ။ ပတ်ဝန်းကျင် က မေးငေါ့တာ လည်း အမှုမထား ။ အနေ အစား ဆင်းရဲတာ လည်း ဂရုမထား ။

နောက်ပိုင်း မှာ တော့ သမီး အမူအရာ ညှိုးနွမ်းလာ သည် ။ နဂိုကမှ စားဝတ်နေရေး ချို့တဲ့ ကျပ်တည်းသော မိသားစု မှာ ပါးစပ် တစ်ပေါက် ထပ် တိုးရတာ ဆိုတော့ သမီး အတွက် အစစအရာရာ ခက်ခဲပါလိမ့်မည် ။ အာကာလွင် က လည်း သမီး ကို တစ်ခဏသာ ဂရုစိုက်သည် ။ နောက်တော့ သူ့ ပင်ကို ဗီဇစရိုက် အတိုင်း သောက်သောက်စားစား ဟေးလားဝါးလား နေမြဲ နေကာ သမီး ကို ပစ်ထားသည် ။ ဆင်းရဲပင်ပန်းစွာ ရပ်တည် နေရသည့် ယောက္ခမ အိမ် ထက် မှာ ချွေးမ မျက်နှာ ငယ်ရသည် ။

အားနည်းချက် ရှိသည့် မိတဆိုးလေးမို့ တစ်ဆွေလုံး တစ်မျိုးလုံး က ‘ ရွှေလိုဥ ’ ထားခြင်း ခံခဲ့ရသော သမီး သည် ‘ ပိုးထိုးလောက်ကိုက် အချစ်သစ်သီး ’ ကို ကြိုးစား ကိုက် မြည်း ရှာသည် ။ ဆွံ့အံနားမကြားကျောင်း မှ တတ်ကျွမ်း လာခဲ့သည့် အပ်ချုပ်ပညာ ဖြင့် နေ့မအား ညမနား ပြေး ပြေးလွှားလွှား ဖွေရှာကာ ယောက္ခမ နှင့် ယောက်ျား ကို ထောက်ပံ့ရသည် ။

သမီး ဖွေရှာပေးသော ငွေ ဖြင့် အာကာလွင် က အရပ် တကာလှည့်ကာ ‘ သောက်သောက်စားစား လူမင်းသား ’ လုပ် နေသည် ။ သူ့ စိတ် အခန့်မသင့်လျှင် သမီး ကို ရိုက် မောင်းပုတ်မောင်း ပြုတတ်သည် ။ အိမ်နီးနားချင်းများ မို့ မကြည့် သော်လည်း မြင် နေရသည် ။ မစွင့် သော်လည်း … ကြား နေရသည် ။ မြင်တိုင်း ကြားတိုင်း လည်း စိတ်အဆင်းရဲကြီး ဆင်းရဲရသည် ။

ဆိုင်သာဆိုင် မပိုင်သည့် ဘဝ မို့ သမီး ရဲ့ မနိုင်ရင် ကန် လောကဓံများ ကို မြင်တိုင်း ကြားတိုင်းမှာ နှလုံး သည်းပွတ်ကို ပြုတ်တူဖြင့် ဖျစ်ညှစ် ခံရသလို ကျွန်တော့် ရင်မှာ နာကျင်ခံစား ရပါသည် ။

အမိုက်မ ကတော့ သူ့ မိုက်ကြွေးမိုက်ပြစ်ကို အံတင်း ကာ ရင်စည်း ခံသည် ။ နွမ်းနွမ်းပါးပါး ညှိုးညှိုးငယ်ငယ် ဖြစ်နေရှာသည့် သမီး ကို မကြည့်ရက်နိုင်သည့် ကျွန်တော် တို့ မိသားစုသည်  ( အဆိပ်ပင် ရေလောင်း တာမှန်း သိ သည့်တိုင် ) နည်းမျိုးစုံဖြင့် သမီး ကို ကူညီထောက်ပံ့ရန် ကြိုးစားခဲ့သည် ။ သို့သော် မာနခဲသမီး က ကျွန်တော်တို့ ၏ အကူအညီ အထောက်အပံ့ များကို လုံးဝ လက်မခံပါ ။ သိလျှင် သိချင်း ပြန်ပေး တတ်သည် ။ ကျွန်တော်တို့ ၏ အပေးအကမ်း အထောက်အပံ့ ကို သမီး ငြင်းဆန်တတ် တာကို အာကာလွင် တို့ သိသွားသောအခါ သမီး ကို အငြိုးအတေး ထားကာ ပိုမိုညှဉ်းပန်းတတ်ကြောင်းလည်း အရပ် ထဲမှ ပြန် ကြားရသည် ။

သမီး နှင့် ပတ်သက်သည့် စိတ်မချမ်းသာစရာများ ကို နေ့စဉ် မြင်နေကြားနေ ရသောအခါ ကျွန်တော် ဆက် လက် မခံစားနိုင်တော့ပါ ။ မမြင်ကွယ်ရာ ၊ မကြား ဝေးရာ အရပ် မှာ မျက်စိမှိတ် ၊ နားပိတ်ကာ နေချင်ပါသည် ။ အများနှင့် မတူသည့် သမီး မို့ နောက်ဆံတင်း နေမိသော် လည်း ‘ သတ္တဝါ တစ်ခု ၊ ကံ တစ်ခု ’ ဟု ဖြေသိမ့်ရသည် ။ ကံဆိုးလွန်းသူလေး မို့ မျက်ကွယ် မှာ စိတ်မချ သော်လည်း ‘ ကိုယ်မချိ ၊ အမိ သော်လည်း ၊ သား တော်ခဲ ’ ဟု နှလုံးသွင်း ရသည် ။

နောက်ဆုံးမှာ ကျွန်တော် တို့သည် နှစ်ပေါင်းများစွာ နေလာသည့် နေရာ ကို စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြပါသည် ။

အနေ ဝေး၍ မမြင်ရ မကြားရလျှင် စိတ်သက်သာ မည်ထင်ခဲ့သော်လည်း လက်တွေ့ မှာ မဟုတ်ပါ ။

အနေ ဝေး သော်လည်း သမီး ရဲ့ သတင်းများကို အဆက်မပြတ် ကြား နေသည် ။  ( မကြား - ကြားအောင် လည်း နားစွင့် ထားမိသည်လေ ။ )  ကြားသမျှ ကလည်း စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိပါ ။ အိမ်ထောင်ရေး ဟူသည် သံတိုင်အိမ် ပင် ဖြစ်စေကာမူ အခန့် မသင့်လျှင် ကျိုးတတ်သည့် သဘာဝ ရှိပေရာ သမီးတို့ လို သဲသောင်ခုံ ပေါ် မှာ တည်ဆောက် မိတဲ့ တိုက်အိမ် ကတော့ အချိန် မရွေး လဲပြို သွားနိုင်တာ ကောင်းစွာ ခန့်မှန်းတွက်ဆ နိုင် ပါသည် ။

စောစီးစွာ မလဲမပြိုခဲ့ခြင်းမှာ အံ့မခန်းအောင် သည်းခံနိုင် စွမ်းအား ကြီးမားသည့် သမီး ကြောင့်သာဖြစ် သည် ။

သို့ရာတွင် မကြာမီ လဲပြိုတော့မှာ သေချာသည် ။ စဉ်ဆက်မပြတ် ရနေသည့် သမီး တို့ရဲ့ သတင်းများ ထဲမှာ သူတို့ အိမ်ထောင်ရေး အက်ကွဲသံ ကို ကြားသည် ။ အိမ် ပြန်ရန် ပြင်ဆင် နေသည့် သမီး ရဲ့ခြေသံ ကို ကြားသည် ။

အာကာလွင် သည် သူ့ မူလ အကျင့်စရိုက် အတိုင်း နောက် ကောင်မလေး တစ်ယောက် နှင့် ရပ်သိ ရွာသိ ရှုပ် နေသည် ။ အလွန် တိုတောင်းသည့် ကာလလေး အတွင်း မှာပဲ သမီး ကို ငြီးငွေ့ သွားပုံရသည် ။ တုပြိုင်ဖက် ကင်း သည့် အလှပိုင်ရှင် ဖြစ်စေကာမူ ပီယဝါစာ စကား မဆိုနိုင် သော သမီး ကို ကြာရှည် သည်းခံနိုင်ပုံ မရ ။ ထို့ပြင် ကြွယ်ပိုးကြွယ်ဝ ကျွန်တော်တို့ မိသားစု ထံ မှ အကူအပံ့ ကို နည်းနည်းလေး မှ မယူသည့် သမီး ကို မြန်မြန်ထက်ထက် စိတ်ပျက်ခဲ့သည် ထင်သည် ။

နောက်ဆုံး မှာ တော့ သမီး ကျွန်တော့် ထံ ပြန်ရောက် ခဲ့သည် ။

••••• ••••• •••••

အိမ်ထောင် ပျက်ပြီး ပြန်လာသူ ကို မိသား တစ်စုလုံး က လှိုက်လှဲ ဝမ်းသာ ကြိုဆိုကြသည် ဆိုသည်မှာ လူ ကြားလို့တော့ မကောင်းပါ ။ သို့သော် ကျွန်တော်တို့ တစ်မိသားစုလုံး သည် သမီး ကို ထိုအတိုင်း ကြိုဆိုခဲ့ သည် ။

အပျော်ဆုံးသူ ကတော့ ကျွန်တော် ပဲပေါ့ ။

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော် ပြည့်ပြည့်ဝဝ မပျော်ရဲပါ ။ ‘ ခဲမှန်ဖူးတဲ့ စာသူငယ် ’ လို စိုးစိုးထိတ်ထိတ် ရွံ့ရွံ့ကြောက်ကြောက်နှင့် မဝံ့မရဲ ရှိလှသည် ။ အချိန်မရွေး နောက်ကြောင်း ပြန် လှည့် သွားမှာ ပူပန် နေမိသည် ။

သမီး မျက်နှာ ကို ကြည့်၍ သမီး နှလုံးသား ကို ကျွန်တော် စာဖတ်နိုင်ပါ့ မလား… ။ သမီး နေပုံထိုင်ပုံ လှုပ်ရှားပြုမူပုံ ကို အကဲခတ် ၍ သမီး ဦးနှောက် ကို ကျွန်တော် ဘာသာ ပြန်နိုင်ပါ့မလား ... ။ အရွယ် ရောက် ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည်ဖို့ မလွယ်မှန်း အလွန် ခါးသီးသည့် ဘဝ အတွေ့အကြုံ အရ သိခဲ့ပြီ ။ ချို့ယွင်းအားနည်းချက် အနည်းငယ် ရှိသည့်တိုင် အရွယ် ရောက်ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည် ဖို့ဆိုတာ အင်မတန် ခက်ခဲပါသည် ။

ပြီးတော့ အချစ် ဆိုတာ က လည်း ‘ ရေခဲရုပ် ’ လား  ... ‘ ကျောက်ဆစ်ရုပ် ’ လား ... ။ ဝေဝါး ထွေပြားလှပါဘိ ။

••••• ••••• •••••

နှစ်ပတ်လည်အောင် အိမ်တွင်းအောင်း နေသော သမီး က ဘုရား သွားချင်သည် ဟု ပူဆာသော အခါ ကျွန်တော် ကျေနပ်ပျော်ရွှင်စွာ လိုက်ပို့ ပေးခဲ့သည် ။

တိုက်တိုက်ဆိုင်ဆိုင် ဘုရား ရင်ပြင်တော် ပေါ်မှာ အာကာလွင် ကို ကောင်မလေး တစ်ယောက် နှင့် လက်ချင်း တွဲလျက် တွေ့သည် ။ သမီး မြင် လျှင် စိတ်အနှောင့်အယှက် ဖြစ်မည် ထင်၍ မြင်ကွင်း ကွယ်ရန် သမီး ရှေ့မှာ ကျွန်တော် ပိတ် ရပ် လိုက်သည် ။

မျက်စိ လျှင် သော သမီး က မြင်ပြီး ဖြစ်နေသည် ။ ကျွန်တော် မမြင်မီ က ပင် တင်ကြို မြင်ခဲ့ပုံရသည် ။ သူစိမ်းတစ်ရံဆံ ကို ကြည့်သည့် ခံစားချက်မဲ့ အကြည့် ဖြင့် သာ အမှုမဲ့ အမှတ်မဲ့ တစ်ချက် ကြည့်သည် ။

သို့ရာတွင် စိုးရိမ်သောက ဖြင့် ဗျာများ သွားသော ကျွန်တော့် ကို ကြည့်၍ သမီး က ပြုံးသည် ။

သမီး ရဲ့ တည်ငြိမ်သော အကြည့် နှင့် အေးဆေးသော အပြုံး ကို မြင်ရသောအခါ ကျွန်တော် ရင်အေး သွား သည် ။ ကာလများစွာ ပျောက်ဆုံးခဲ့သော သမီး ရဲ့အကြည့် နှင့်အပြုံး .. ။ တစ်လောကလုံး မှာ ဖခင်မှ တစ်ပါး အခြား မရှိသည့် သမီး qရဲ့ အကြည့် နှင့် အပြုံး .. ။ လိုလားတောင့်တ စွာ ကြာရှည်ကြာမျော မျှော်လင့် စောင့်စားခဲ့ရတဲ့ သမီး ရဲ့ အကြည့် နှင့် အပြုံး …. ။

နှလုံးစိတ်ဝမ်း အေးချမ်း စေသည့် သမီး ရဲ့ အကြည့် နှင့် အပြုံး ကို ဟိုတုန်းက လိုပဲ ကျွန်တော် ပြန်ရပြီ ။

အရွှန်းမြဆုံး ၊ အတောက်ပဆုံး အပြုံး ဖြင့် သမီး ကို ကျွန်တော် ကျေနပ်စွာ တုံ့ပြန် ပြုံးပြ လိုက်ပါသည် ။

⎕ ဆွန်း ( စက်မှုတက္ကသိုလ် )

📖 ကလျာ မဂ္ဂဇင်း
     ၂၀၁၃ ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.