Saturday, August 31, 2024

မောင်ကံ နှင့် မယ်ဉာဏ်

❝ မောင်ကံ နှင့် မယ်ဉာဏ် ❞

    ━━━━━━━━━━━━━

                နုယဉ်

    ━━━━━━━━━━━━━

တစ်ရံရော အခါ တောထဲ ၌ သားသည် အမေ တစ်ယောက် သည် သစ်ပင် တစ်ပင် အောက်၌ နားရင်း အိပ်ပျော် သွားလေ၏ ။ ထိုအခိုက် ရင်ခွင် ထဲ မှာ သိပ် ထားသော သူ ၏ သားငယ် ကို သိမ်းငှက် တစ်ကောင် က မြင်၍ သုတ်ချီ သွားပြီးလျှင် အခြား သစ်ပင်ကြီး တစ်ပင် ပေါ်သို့ သွား၍ တင်ထား ပစ်ခဲ့လေ၏ ။ ကလေးငယ် သည် မိခင် နှင့် ကွဲ သောကြောင့် သည်းထန် စွာ ငိုယိုလျက် ရှိလေ၏ ။


ထို တောထဲ သို့ မုဆိုး တစ်ယောက် သည် ငှက်ပစ် ထွက်လာလေ၏ ။ မုဆိုး လည်း ကလေး ငိုသံ ကို ကြားရ၍ သစ်ပင် ပေါ် သို့ မော့၍ ကြည့်လိုက်ရာ ကလေးငယ် ကို မြင်ရ၍ တက်ကာ ချီယူလာခဲ့လေ၏ ။ သူ သည် ကလေး ကို အိမ် သို့ ခေါ်သွား ပြီးလျှင် သူ ၏ သမီးကလေး မယ်ဉာဏ် နှင့် အတူ မွေးမြူထားလေ၏ ။ ထို ကလေး ကို ကံကောင်း သောကြောင့် “ မောင်ကံ ” ဟု အမည် မှည့် လေ၏ ။ ကလေး နှစ်ယောက် တို့ သည် အတူတူ ကြီးပြင်း ကြရ၍ အလွန် ခင်မင် နေကြ လေ၏ ။ ကစားရွယ် သို့ ရောက်လာကြလေ၏ ။


တစ်နေ့သ၌ မုဆိုး သည် တောသို့ ထွက်သွားစဉ် အိမ် ၌ စောင့်ရှောက် နေသော အဘွားအို သည် ရေတွင်း မှ ရေ ကို သယ်ယူ နေလေ၏ ။ ထို အဘွားအို သည် စုန်းမကြီး ဖြစ်လေ၏ ။ ထိုသို့ အဘွားအို ရေသယ် နေသည် မှာ တစ်ခေါက် လည်း မက ၊ အခေါက်ပေါင်း များ လှသည် ဖြစ်၍ ကစား နေသော မယ်ဉာဏ် က အနီးသို့ သွား၍ “ အဘွား ... ရေသယ် နေတာကလည်း များ လှချည်ကလား ဘာလုပ်ဖို့များလဲ ” ဟု မေးလိုက်လေ၏ ။ ထိုအခါ အဘွားအို က “ ငါ ရေသယ် နေ တာကို ညည်း သိချင်တာ ဖြင့် ဘယ်သူ့ကို မျှ မပြောရင် ငါ ပြောပြမယ် ” ဟု ပြောလေ၏ ။ မယ်ဉာဏ် ကလည်း သိချင်၍ “ ကျွန်မ ဘယ်သူ့ကို မျှ မပြောပါဘူး အဘွားရယ် ” ဟု ကတိပေး လေ၏ ။ ထို့ကြောင့် အဘွားအို က “ အခု ငါ ရေခပ် နေတာ ဟာ တခြား မဟုတ်ဘူး ။ မနက်ဖြန် ညည်း အဖေ တော ကို ထွက်သွားရင် ရေနွေးအိုး တည်ပြီး မောင်ကံ ကို ပြုတ်သ,တ်မယ်လို့ ” ဟု ပြောလိုက်လေ၏ ။ မယ်ဉာဏ် လည်း “ ကောင်းပါပြီ အဘွား ။ စိတ်သာချပါ ။ ဘယ်သူကို မျှ မပြော ပါဘူး ” ဟု ဆိုကာ ထွက်လာခဲ့ လေ၏ ။


ညအိပ်ရာ ဝင်ကြသောအခါ မယ်ဉာဏ် သည် မောင်ကံ ရှိရာသို့ တိတ်တဆိတ် သွားပြီးလျှင် “ မောင်ကံ မနက် က အဘွား ရေခပ် နေတာ ကို နင် မြင်တယ် မဟုတ်လား ။ အဲဒါဟာ နက်ဖြန် ကျရင် အဖေ တော ထွက်တော့ ရေနွေးတည်ပြီး နင့် ကို ပြုတ်သ,တ်မလို့တဲ့ ။ နင် နဲ့ ငါ ထွက်ပြေးကြမယ် ။ အသာ နေနော် ” ဟု ပြောကာ အကြံ ပေး ထားလေ၏ ။ မနက် မိုးလင်းသော အခါ အဘွားအို လည်း မီးဖို ၌ ရေနွေးအိုးကြီး တစ်အိုး တည်နေလေ၏ ။ ထိုအခိုက် မယ်ဉာဏ် နှင့် မောင်ကံ တို့သည် အိပ်ရာ မှ တိတ်တိတ် ထလာ ကြပြီး နောက် ထွက်ပြေး လာခဲ့ကြလေ၏ ။ အဘွားအို လည်း ရေနွေးအိုး ဆူ၍ မောင်ကံ ကို ဖမ်းရန် ဝင်သွားသော အခါ ကလေး နှစ်ယောက်လုံး ကို မတွေ့လိုက်တော့ချေ ။


အဘွားအို လည်း စိတ်ဆိုး ပြီးလျှင် အိမ် မှ လူ သုံးယောက် ကို ကလေးများ နောက်သို့ လိုက်ခိုင်းလေ၏ ။ လူ သုံးယောက် တို့ နောက်မှ လိုက်လာသည် ကို တောထဲ မှ ကလေး နှစ်ယောက် က မြင် ကြလေ၏ ။ ထိုအခါ မယ်ဉာဏ် က “ မောင်ကံ ဟောဟိုမှာ ငါတို့ ကို ဖမ်းဖို့ လူသုံးယောက် လိုက်လာ နေကြပြီ ။ ဘယ့်နှယ် လုပ်မလဲ ” ဟု မေးလေ၏ ။ မောင်ကံ ကလည်း “ ငါ တော့ မကြံနိုင် ဘူး ။ ငါ့ ကို အကြံ ပေးပါဦးဟယ် ” ဟု ပြောလေ၏ ။ ထိုအခါ မယ်ဉာဏ် က ”အေး ... ငါ လည်း နင့် ကို မခွဲနိုင်ဘူး ။ နင် က နှင်းဆီပင် ဖြစ်ပေတော့ ၊ ငါ ကတော့ နှင်းဆီပွင့်ကလေး ဖြစ်မယ် ” ဟု ဆိုကာ နှင်းဆီပင် ဖြစ်ရန် တောင့်တ လိုက်လေ၏ ။ ထိုခဏ၌ မောင်ကံ က နှင်းဆီပင် ဖြစ် ကာ မယ်ဉာဏ် က နှင်းဆီပန်းကလေး ဖြစ်သွားလေ၏ ။ လိုက်လာသော လူ သုံးယောက် သည် ကလေးများ ကို မတွေ့ရဘဲ နှင်းဆီပင် ကိုသာ တွေ့ကြ၍ လှည့်ပြန် သွားကြလေ၏ ။ အိမ် သို့ ရောက်သောအခါ စုန်းမကြီး အား ကလေး နှစ်ယောက် ကို မတွေ့ရ ။ နှင်းဆီပင် နှင့် အပွင့် ကိုသာ တွေ့ခဲ့ရကြောင်း ပြန် ပြောလိုက်လေ၏ ။ စုန်းမကြီး က လည်း ချက်ချင်းပင် သိ၍ “ နင်တို့ ဒီ နှင်းဆီပင် နဲ့ အပွင့် ကို သွားပြီး ခုတ်ခဲ့ကြ ” ဟု အမြန် စေခိုင်းလိုက်လေ၏ ။ လူသုံးယောက် တို့ လည်း အလျင်အမြန် ပင် တောသို့ လိုက်လာကြရာ ကလေး နှစ်ယောက် က မြင်ကြပြန်၍ “ ကဲ ... လူ သုံးယောက် လိုက် လာပြန်ပြီ မောင်ကံ ၊ နင် က ဇရပ်အိုကြီး လို ဖြစ် ၊ ငါ ကတော့ ဇရပ် ထဲ က မီးပုံးကလေး ဖြစ်မယ် ” ဟု ဆိုကာ မယ်ဉာဏ် က ဇရပ်အိုကြီး ဖြစ်ရန် တောင့်တ လိုက်လေ၏ ။ လူ သုံးယောက် လည်း ကလေး နှစ်ယောက် ကို မမြင်ရဘဲ ဇရပ်အိုကြီး ကို သာ မြင်ရသောကြောင့် အိမ် သို့ ပြန်သွားကြ လေ၏ ။ စုန်းမကြီး က မေးသောအခါ လူ သုံးယောက် က ကလေးများ ကို မတွေ့ခဲ့ဘဲ ဇရပ်အိုကြီး နှင့် အထဲ မှ မီးပုံးကလေး ကို သာ တွေ့ခဲ့ရကြောင်း ကို ပြန် ပြောလိုက်ကြလေ၏ ။ စုန်းမကြီး လည်း အလွန် စိတ်ဆိုးပြီးလျှင် “ ကဲ ... ဒီတစ်ခါ တော့ မင်းတို့ ကို ခိုင်းလို့ မဖြစ်တော့ဘူး ။ သင်းတို့ နောက် ကို ငါ ကိုယ်တိုင် လိုက်ပြီး ဖမ်းမှပဲ ဖြစ်မယ် ” ဟု ဆိုကာ ကိုယ်တိုင် ထွက်လာခဲ့ လေ၏ ။


စုန်းမကြီး လိုက်လာနေသည် ကို တောထဲ မှ မယ်ဉာဏ် နှင့် မောင်ကံ တို့ က မြင်ကြ လေ၏ ။ ထိုအခါ မယ်ဉာဏ် က မကြောက်ဘဲ “ ဟော ဟိုမှာ ငါတို့ နောက် ကို စုန်းမကြီး ကိုယ်တိုင် လိုက်လာနေပြီ ။ အသာနေ ငါ ကြံစည်မယ် ” ဟု ဆိုကာ နင် က ရေကန်ကြီး ဖြစ် ၊ ငါ ကတော့ ရေကန် ထဲ မှာ ဝမ်းဘဲကလေး ဖြစ်မယ် ဟု တောင့်တလိုက်လေ၏ ။ ထိုခဏမှာ ပင် မယ်ဉာဏ် သည် ရေကန် ထဲ တွင် ရေကူး နေသော ဝမ်းဘဲကလေး ဖြစ် သွားလေ၏ ။


စုန်းမကြီး လည်း ဒေါသ ပြင်းစွာဖြင့် လိုက်လာ နေလေ၏ ။ သူ သည် ကလေးများ ကို မတွေ့ရဘဲ လိုက်ရှာ နေသည် မှာ အလွန် မောပန်းလာလေ၏ ။ ထိုသို့ မောပန်းလာစဉ် ရေကန်ကြီး တစ်ကန် ကို မြင်ရလေ၏ ။ သူ သည် မောမော နှင့် ရေကန် ထဲ မှ ရေ ကို သောက် ရန် ငုံ့၍ ကြည့် လိုက်စဉ် ဝမ်းဘဲ ဖြစ် နေသော မယ်ဉာဏ် သည် စုန်းမကြီး ကို နှုတ်သီး ဖြင့် ဆိတ် လိုက်ကာ ရေ ထဲ သို့ တွန်းချ လိုက်လေ၏ ။ စုန်းမကြီး လည်း ရေ ထဲ သို့ လိမ့်ကျ သေဆုံး သွားလေ၏ ။ ထို့နောက် မောင်ကံ နှင့် မယ်ဉာဏ် တို့သည် အိမ် သို့ပျော်ရွှင်စွာ ပြန်သွားကြလေ သတည်း ။


⎕ နုယဉ်


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆ဝ ၊ နိုဝင်ဘာ


#ကိုအောင်နိုင်ဦး


.

 

ဧည့်စာရင်း


 ❝ ဧည့်စာရင်း ❞

━━━━━━━━━━

       ဗေလုဝ

━━━━━━━━━━

ငယ်သူမြစ်ကမ်းရွာ က တံငါ ရွာ ။ အလွန်ဆုံး ရှိ မှ အိမ်ခြေ ၂၂ အိမ် ။ ကာလပေါ် စကား အရ ဆယ်အိမ်မှူး လည်း မက ၊ ရာအိမ်မှူး လည်း ခေါ်လို့ မရတော့ လူကြီး ကိုသံချောင်း ကို ရွာ မှ ရွှတ်နောက်နောက် ဖိုးဆောင်း က တွမ်တီတူးမှူး ဟု ခေါ်ရာ မှ ကိုသံချောင်း ခမျာ တွမ်တီတူးမှူး ဘဝ သို့ ရောက် သွားသည်  ။


ကြင်မြ ဒီ ည ကျ မှ ဘာ ရောဂါ ထ လဲ မသိဘူး ။ စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို နှင့် ဆွဲမ နိုင် လွဲမရ ၊ ဘာပုဂ္ဂိုလ် မှ လဲ မေး မရ ။ ကြင်မြ ယောက်ျား “ အုန်းတင် ” လည်း လှေ တစ်စင်း နှင့် ပင့် လိုက်ရ တဲ့ ပယောဂ ဆရာ ။ ပိုက် ချ နေသူတွေ လည်း တစ်ယောက် မှ အ ငြိမ် မနေရ ။ ပြော ရရင် တစ်ရွာ လုံး ယောက်ယက်ခတ် ။


ကြင်မြ မျက်လုံးကြီး က လည်း မီးဝင်းဝင်း တောက် နေ လို့ ယောက်ျား ဖြစ်သူ အုန်းတင် လည်း နေစရာ ထိုင်စရာ မရှိ ။ ရွာ ထဲ မှာ ဖြစ်တဲ့ ကိစ္စပဲ ၊ ထုံးစံ အတိုင်းပေါ့ ။ အိုင်ဒီယာ တွေ လည်း ပေး လိုက်ကြ တာ ဝေဝေ ကို ဆာ လို့ ။ တစ်ယောက် တစ်ပေါက် နှင့် သိသမျှ ၊ တတ်သမျှ ၊ မှတ်မိ သမျှ ကြားဖူးနားဝ တွေ လည်း စုံလို့  ။  


“ ဟေ့ ... ကိုချစ်သုန် ကို ပင့် လာပြီဟေ့ ”  


ရွာသား တစ်ယောက် ၏ အသံကြောင့် အားလုံး ရှဲ သွား ကြသည်  ။ ကိုချစ်သုန် က လည်း နာမည် တစ်လုံး နှင့် လူ ။ ပယောဂ ထုတ် ရင် နားအုံ ကို တီး လွန်း လို့ ကိုချစ်သုန် အမည် ကနေ ကိုနားအုံ ဆိုပြီး နာမည် ရထားသူ ။ 


“ ဟဲ့ ... နင့် ကြိုး နဲ့ နင် တုပ် ထားစမ်း .. ငါ့ ကို မာယာ မများ နဲ့ နော် ”  


အမိန့်သံ နှင့် အတူ နားအုံ ကို တစ်ချက် လှမ်း ရိုက် လိုက်သည် ။


“ ဖြောင်း ” 


ယောက်ျား အား နှင့် ကြင်မြ ဝုန်းခနဲ လဲ ကျသွားသည် ။ ယောက်ျား ဖြစ်သူ အုန်းတင် မျက်စိမျက်နှာပျက် နှင့် ...


“ ဆရာ ဆရာ ... အဲဒီ လောက်ကြီးတော့ ... ”  


“ မင်း ကု မလား ... ငါ ကု နေရင် ဘေးက လူတွေ အသက်တောင် မရှူကြနဲ့ .. မင်း မိန်းမ ပူးနေတာက အနုနည်း နဲ့ မရဘူးကွ ”  


ပယောဂဆရာ ဆရာနားအုံ က အသံနက်ကြီး နှင့် လှမ်း ဟောက် လိုက်သည် ။ အုန်းတင် မျက်လုံးလေး ပြူးကြောင်ကြောင် နှင့် ပါးစပ် ပိတ် သွားသည်  ။


“ ဪ .. လက်စသတ်တော့ နင် က နှစ်ချို့ကြီး ကိုး ... ဟား ဟား ... ပေါက်ပင်ချိုရွာ က နှစ်ချို့ ကတော့ အစွယ်တောင် ထွက် နေပြီ ... ဒါတောင် ငါ ရအောင် ထုတ် ခဲ့သေးတာပဲ ... ဟား ဟား ”  


ပရိသတ် အားလုံး နောက်သို့ မသိမသာ ရှဲ သွားကြသည်  ။ 


“ နှစ်ချို့လား ဟင် ... ဆရာ ”  


ငယ်သူရွာသူ မသန်း က မ ကြားတကြား လှမ်း မေးလိုက် သည် ။ ကိုနားအုံ မသန်း ဘက် သို့ မျက်ထောင့်နီကြီး ဖြင့် လှည့် ကြည့်ပြီး ...


“ သရဲ နှစ်ချို့ကြီး ... အစွယ် တောင် ထွက်နေပြီ ”  


“ တောက် ... အနှစ် ၄၀ သရဲတောင် ရအောင် ထုတ် လာတဲ့ ငါ ဆရာနားအုံ ...အဲ ... ချစ်သုန် .. နင် လို သရဲနုနုလေး လောက် တော့ နာမည် အပျက် မခံဘူး ” 


“ ဖြောင်း ဖြောင်း ”  


နားအုံ ကို နှစ်ချက်ဆင့် တီး လိုက်သည် ။ 


“ ဟယ် ... ကြင်မြ တော့ နားအုံ ကွဲပါပြီ ”  


“ လက်သံ ကတော့ အတော့် ကို ပြောင် တာပေါ့ ”  


“ သရဲနှစ်ချို့ ဆိုရင် ချဲ နံပါတ် မေးလို့ ရတယ် ”  


ရွာသားများ ၏ တစ်ယောက် တစ်ပေါက် အသံ များ ညံ သွားသည်  ။ 


“ ဟေ့ .. အချိန် မရဘူး ... ခု ချက်ချင်း ထွက် ... ဟာ ...ဘာ စားချင်တယ် ... ညာ စားချင်တယ် လို့ ချင်ခြင်း လာ မတက် နဲ့  ... ဘာမှ မကျွေးဘူး ... ခု ထွက် ဆို ထွက် ဟာ ”  


ဆရာနားအုံ ဒေါသသံ နှင့် အတူ နားအုံ ထက် ကျော်၍ လက်သီး ပါ ပါလာ၏ ။ 


“ ဖြောင်း ဖြောင်း .. ခွပ် ခွပ် ”  


“ ဟာ ... ပယောဂ ကုတာမှ မဟုတ်တာ ... လူ သ,တ်နေတာပဲ ”  


အုန်းတင် ၏ အသံကျယ်ကြီး ...


“ ခင်ဗျား .. ကျုပ် မိန်းမ ကို ဒီလို အငြိုး နဲ့ ထိုးရင် ကျုပ် က လည်း ခင်ဗျား ကို ဓား နဲ့ ခုတ် တယ် ဗျာ ”  


ပွဲ က ကြမ်း သွားသည် ။ ပြေး ကြ လွှားကြ ၊ ပါးစပ် နှင့် လှမ်း တားကြ ။ အနားတော့ မကပ်ရဲကြ ။ အုန်းတင် နှင့် ဆရာနားအုံ က လုံးလားထွေးလား ။ ပယောဂရှင် ကြင်မြ ကတော့ ဘာကြောင့်မှန်း မသိ ။ တခွီးခွီး နှင့် တက် နေသည် ။  


“ ဟိတ် ”  


ဆိုသည့် အသံ က အောင်မြင် လှသည် ။ တွမ်တီတူးမှူး သံချောင်း အသံ ။ 


“ ဘာဖြစ်ကြတာလဲ ဟေ့ ”  


ပြေးလွှားနေသော ရွာသား တစ်ယောက် က ... 


“ ကြင် ... ကြင်မြ သရဲပူး နေလို့ ” 


“ ဘာ သရဲလဲ ...သရဲ မကလို့ တစ္ဆေ ပဲ ဖြစ်ဖြစ် ... ဧည့်စာရင်း မပေးဘူးနော် ... ဧည့်စာရင်း မတိုင်လို့ ကတော့ အဲဒီ သရဲ ကို ဖမ်း ချုပ်ပစ်မယ် မှတ် ”  


သံချောင်း အမိန့် ။ 


မီးတောက်မီးလျှံကြီး ကို ရေ နှင့် ငြိမ်း လိုက်ဘိ သကဲ့ သို့ ဆူပွက် နေသော လူသံများ ငြိမ်သက် သွားကြသည် ။


ကြင်မြ လည်း နဂို ပကတိ အကြည့် နှင့် ပြူးပြူးပျာပျာ ။ 


ဆရာနားအုံ နှင့် အုန်းတင် က ဘာဆို ဘာမှ မဖြစ်ခဲ့ကြသည့် အတိုင်း မောဟိုက် နေ သည့် ကြား မှ ဣန္ဒြေ ကို အပြင်းအထန် ဆည် နေကြ သည် ။ ငယ်သူရွာ ရာဇဝင် မှာ တော့ သံချောင်း စာတင် ထား နိုင်ခဲ့သည် ။


“ ကိုသံချောင်း အမိန့် က နှစ်ချို့ သရဲတောင် ဧည့်စာရင်း မပေးဘူး လို့ ဗြောင်ပဲတော့ .. အမိန့် ထုတ် ပစ်လိုက်တာ နှစ်ချို့ သရဲတောင် မခံနိုင်ဘူး ... ပြေး လိုက်တာ တန်း နေတာပဲ ” 


“ နင် မြင်လို့ လား ” 


“ ကြင်မြ ဘေး က ဖြတ် ပြေး တာ ငါ မြင် လိုက်တယ် ”  


“ မင်း မိန့် ဆိုတာ ဟုတ်မယ် ”  


“ ဟဲ့ ဟဲ့ .. ဒီည ဧည့်စာရင်း တိုင် ထားကြဦး နော် ” 


◾ဗေလုဝ


📖 ဟဒယ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၂၀၀၆


#ကိုအောင်နိုင်ဦး


.

အာပူလျှာပူ


 

❝ အာပူလျှာပူ ❞
━━━━━━━━━━
ကိုရိုးကွန့်
━━━━━━━━━━
ပင်မြက်နေစာ ကြား က ခြေအစုံသည် ကျောက်တိုင်သဖွယ် တည်မြဲ လွန်း၏ ။ မျက်လုံး အကြည့် သည် လည်း ဘေးဘီ သို့ တိမ်းယိမ်းမသွား ။ မလှုပ်မယှက် မို့ အသက် မှ ရှိပါလေစ ။ မသိမသာ နိမ့်မြင့် နေသော ရင်လှိုင်းကြောင့် သက်ရှိလူသား စစ်စစ်တော့ ဖြစ်၏ ။ သို့သော် သူ သည် သာမန်လူသား မဟုတ် ။

သာမာန် မဟုတ် သလို ထူးခြား ထင်ရှားသော ပုဂ္ဂိုလ်လည်း မဟုတ် ။

ထူးခြားထင်ရှားမှု မရှိ သဖြင့် တိမ်မြှုပ် နေသူလည်း မဟုတ် ။

မတိမ်မြှုပ် သဖြင့် ဟိုးလေးတကျော် ဖြစ်နေသူလည်း မဟုတ် ။

သူ သည် ပန်းချီဆရာ ။

ရင်းနှီးပြီးသား ဖြစ်သော မန္တလေးတောင် ကို တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးသလို စူးစူးစိုက်စိုက် ကြည့်နေသည် မှာ ကြာပြီ ။ သူ့ အဖို့ မန္တလေးတောင် အလှ သည် ရိုးအီသည် မရှိ ။ အဝေး မှ မျှော်ကြည့်ဖူးသည် ။ အနီး မှ မော်ကြည့်ဖူးသည် ။ ထို့အတူပင် တောင်ပေါ် တက်၍ ငုံ့ကြည့်ဖူးသည် ။ တောင်အလယ် လောက် မှ ရပ်ကြည့်ဖူးသည် ။

သူ့ အမြင် သူ့ အကြည့် များ ကို ဦးနှောက် ၊ နှလုံးသား ၊ လက်ဖျားမှ ဋ စာရွက်တွေ အပေါ် ၊ ကင်းဗတ်စတွေ အပေါ် တင်ခဲ့ပြီးပြီ ။ မိုးသဲသဲထဲ က မန္တလေးတောင် ၊ မိုးဖွဲဖွဲ ကြား က မန္တလေးတောင် ၊ မြူတွေရစ်ဖုံးသည့် မန္တလေးတောင် ၊ လူတွေ တရုန်းရုန်း တက်နေသည့် မန္တလေးတောင် ၊ နှင်းမှုန်ကြား က မန္တလေးတောင် ၊ အမျိုးမျိုး အဖုံဖုံကို အရောင်အသွေးစုံ အောင် စုတ်ချက်တို့ ကစားခဲ့ပြီးပြီ ။

သို့သော် သူ မရောင့်ရဲ ။ တစ်ခါ ကြည့်တိုင်း အမြင်သစ် တစ်ခု ကို ရရ နေသည် ။ တစ်ခါ ငေး တိုင်း အတွေးသစ် တစ်ခု ပေါက်ဖွားနေသည် ။

ရွက်ကြွေတော ကြား က မန္တလေးတောင် သည် သူ့ ကို ဆွဲညှို့ နေပြန်ပြီ ။ ကြည့်လေ မြင်လေ ၊ မြင်လေ ဆွဲချင်လေပင် ။

ချင်ခြင်း ကို မျိုသိပ်နိုင်စွမ်း မရှိတော့သောကြောင့် တိုက်ပုံအင်္ကျီအိတ် များစွာ အနှံ့ လိုက်နှိက်သည် ။ ကံအားလျော်စွာပင် ဗလာစာရွက် နှင့် ဘောလ်ပင် တစ်ချောင်း ထွက် လာသည် ။ ကောက်ကြောင်း ရေးခြစ်သည် ။ အလင်းအမှောင် ၊ အနုအရင့် အဆင့်ဆင့် ကို ခွဲခြားမှတ်သားသည် ။ အရွက်ခါ ချထားသော ဆောင်းနှောင်းရာသီ မို့ မန္တလေးတောင် သည် ရှင်းပြောင်လျက် ရှိ၏ ။ နံနက်ဦး ၏ နေခြည်နုငယ်တို့ ရင့်ထော် မသွားမီ တွေ့ရသော မြင်ကွင်း ကို ရသမျှ ယူသည် ။ စာရွက်ထဲ မဝင်သည် တို့ ကို ဦးနှောက် ထဲ ထည့်သို ထားသည် ။

ကျေနပ်မှု ရမှ ခါးဆန့်သည် ။ မြောက်ပြန်လေ က သူ့ကို ပွတ်သပ်ကျီ စယ်နေသည် ။ ချမ်းအေးရ မှန်း သိလာသဖြင့် ကိုယ်ကို ဆတ်ခနဲ ခါသည် ။ စာရွက် ကို အသာအယာ လိပ်၍ တိုက်ပုံအင်္ကျီဘေး အိတ် ထဲ ထည့်သည် ။ အာခံတွင်း နွေးအောင် ဆေးလိပ် ဖွာလိုစိတ် ပေါ်ပေါက် လာသဖြင့် ပို က်ဆံ တစ်ပြားတစ်ချပ် ထွက်လာလိုလာငြား လိုက်စမ်းသည် ။

အိတ်များ စွာ တပ် ထားသော သူ့ တိုက်ပုံအင်္ကျီ ကို ရှက်အားနာစွာဖြင့် လက်များ ပြန်ထွက် လာသည် ။ ခြောက်သွေ့ နေသော နှုတ်ခမ်း ကို လျှာဖြင့် သပ်သည် ။ ဦးခေါင်း နှိမ့်ချ၍ အိမ်ပြန်လမ်း ကို သူ လှမ်းသည် ။

ခြေလှမ်းတို့ မြန်ချင် သော်လည်း မြန်လို့ မရ ၊ ပြန်ချင် သော်လည်း မာန် မရှိလှ ။ အိမ် ရောက်မှာ ကို သူ ကြောက်နေသည် ။ အထူးသဖြင့် မမလှိုင်း နှင့် သမီး ၏ မျက်နှာ ကို ကြည့်ရမှာ ကြောက်သည် ။ တာဝန် မကျေ သော အိမ်ထောင်ဦးစီး အဖြစ် မိမိ ကိုယ် ကို ပြန်လည် ကြည့်မိ ချိန် တွင် စောစောက ကြည်နူး သာယာမှု သည် လေပြည် နှင့် အတူ လွင့်ပါးရသည် ။

•••••   •••••   •••••  

ပန်တျာနှင့် ပန်းချီ ပန်းပုကျောင်း မှ ဆင်းခါစတွင် ဘဝ သောင်ပြင်ထဲ ရောက်နေသည့်နှယ် သူ သည် ဘယ်သွားလို့ သွားရမှန်း မသိ ၊ ဘာလုပ် လို့ လုပ်ရမှန်း မသိ ။ ခိုကိုးရာ မဲ့ခဲ့သည် ။ မွေးရပ်ဌာနီ သို့ ပြန်လျှင် ဆေး ၊ စုတ်တံတို့ နှင့် ဝေးရတော့မည် ။ အနုပညာမြို့တော်ကြီး မှ မခွာချင်သေး ပေ ။ သူ ထပ်မံ လေ့လာ ချင်သေးသည် ။ တိုးတက် ဆည်းပူးချင်သေးသည် ။

ထိုအချိန်တွင် ' အောင်ရတနာမြေ ' သည် သူ့ လိုဘ ကို ဖြည့်စွမ်းပေးခဲ့ သည် ။ ကျူရှင်ခန်း ကျဉ်းကျဉ်းလေး ထဲတွင် အိပ်စက်ခွင့်ရသည် ။ ယောင်းစက္ကူ ရေးခြစ်ခြင်းဖြင့် တစ်ကိုယ်စာ စားဖို့ အရေး အသင့်အတင့် ပြေလည်စေသည် ။

သူ့ ဘဝ ကို စာနာသော ၊ သူ့ အနုပညာ ကို လေးစားသော ၊ သူ့ ရည်မှန်းချက် ကို အမြဲမြှင့်ပေးနေ သော မမလှိုင်း ကြောင့်လည်း ' အောင်ရတနာမြေ ' တွင် နေရသည် ကို သူပျော်သည် ။ မမလှိုင်း သည် မဟာသိပ္ပံ စာတမ်းပြုစုရင်း ' အောင်ရတနာမြေ ' ကျူရှင်တွင် အချိန်ပိုင်း ဆရာမ လုပ်နေသူပေ မို့ သူ နှင့် အဆက်အဆံများသည် ။ ဓာတုဗေဒညီမျှခြင်း တွေ ၊ ဓာတ်ထုတ်ဖော်ပုံတွေ ရေးဆွဲရလျှင် နှစ်ဦးသား ခေါင်းချင်းဆိုင်သ ည် ။ စာမေးပွဲ နီးလျှင် အထူးထုတ်စာအုပ်များ အတွက် ညဉ့်အိပ်ညဉ့်နေ အပူတပြင်း လုပ်ရသည် ။

ချစ်ခြင်း အစ ဘယ်က ရယ် လို့ ခွဲခြားရခက်ပါသည် ။ သို့သော် အချစ် အမျိုးအစား ခွဲခြားရလျှင် သူ က မမလှိုင်း ကို အားကိုးစိတ်ဖြင့် ချစ်သည် ။ မမလှိုင်း က သူ့ကို ကြင်နာစိတ်ဖြင့် ချစ်သည် ။

မမလှိုင်း က သူ့ ထက် လေးနှစ် ကြီးသည် ။ မမလှိုင်း ၏ အတန်းပညာ က သူ့ ထက် ခြောက်နှစ် ကျောသည် ။ မမလှိုင်း ၏ ဥစ္စာဓန က သူ့ ထက် ဆယ်ဆ မက များ စွာ သာသည် ။ ထို့ကြောင့် မမလှိုင်း ဘက် က ဂုဏ်ရည် မတူ အဆင့်နိမ့် သဖြင့် သူတို့ ချစ်ခြင်းကို ဖျက်သည် ။ သူ့ဘက် မှ မိတ်ဆွေများကမူ အလွှာမတူ အဆင့်မြင့် လွန်းသဖြင့် လွှဲရှောင်ရန် နားချသည် ။

နှစ်ဖက် ဖျက်နေသည့် ကြားမှ ပင် နှစ်ဦးအတူ ထွက်ပြေးသည် ။

အောင်တော်မူရပ်ကွက် ထဲ က အိမ်ကုပ်လေး ထဲ တွင် ကျပ်တည်းစွာ နေရစဉ် မိဘဆွေမျိုး နှင့် စည်းစိမ်ဥစ္စာများ စွာ စွန့်လွှတ်လာရသည့် မမလှိုင်း ကို သူ အားနာသည်  ။ စည်းစိမ်ဥစ္စာ မရှိတော့သည့် မမလှိုင်း က သူ့ ကို အားပေးသည် ။

မမလှိုင်း ချွတ်ပေးသည့် လက်စွပ် နှင့် ဆွဲကြိုးကို အရင်းအနှီး ပြုကာ စိတ်တူကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ “ လောကကို အလှဆင်သူများ ” စီးပွားရေးပန်းချီလုပ်ငန်းကို ပျိုးထောင်လိုက်သည် ။

အဖွဲ့အစည်းလိုက်မို့ လူ ဖြန့်၍ အလုပ်ရှာကြသည် ။ လူစု၍ စုပေါင်း ရေးကြသည် ။ အချိုးကျ ပြန်ခွဲကြသည် ။ လူများ သမို့ အလုပ်များများ လက်ခံနိုင်သည် ။ လက်ရာကောင်းအောင် ဝိုင်းဝန်း အကြံပေးနိုင်သည် ။

ကောင်းခြင်း ၊ မြန်ခြင်း ၊ ဈေးချိုခြင်း ၊ လက်ရာသန့်ခြင်း ၊ ဆန်းသစ်ခြ င်း ၊ ခေတ်မီခြင်း ၊ လာဘ်ကောင်းခြင်းတို့ ကြောင့် “ လောကကို အလှဆင် သူများ ” ၏ ဆိုင်းဘုတ်ဒီဇိုင်းတို့ သည် အချိန်တိုတိုနှင့် အောင်မြင်ကျော်ကြားမှု ရရှိလာသည် ။

မမလှိုင်း သည် လည်း မဟာသိပ္ပံစာတမ်း ကို ဆက်လက်ပြုစုသည်  ။ ' အောင်ရတနာမြေ ' နှင့် ဝေးခဲ့ပြီမို့ အိမ်များကို လိုက်လံစာပြသည် ။ သူတို့ အဖွဲ့သားတွေ စားရေးသောက်ရေး အတွက်လည်း မမလှိုင်း တစ်ယောက် ချက်ပြုတ် ပြင်ဆင်ရသေးသည် ။ သူ့ထက် မမလှိုင်း က ပိုပြီး ပင်ပန်းသည် ။ ပို၍ လည်း အပင်ပန်းခံနိုင်သည် ။

ဘဝတွင် ဒုတိယအကြိမ် မွေးဖွားလာခြင်းဟု သူ ခံယူသည် ။

မမလှိုင်း သည် သူ့ အတွက် မိခင် နှင့် တူသော ဇနီးမယား ဖြစ်ပေသည် ။

•••••   •••••   •••••  

သင်္ဘောဆေး ကို ကိုင်ကာ ဆိုင်အမည် ၊ လူအမည် ရေးရုံဖြင့် ဝမ်းဝစေ သော်လည်း သူသည် ထိုမျှနှင့် တင်းတိမ် ရောင့်ရဲသည် မဟုတ်ပေ ။ သူ ဖန်တီး တင်ပြ လိုသမျှသည် သွပ်ပြားချပ် ပေါ်မှ သာ ရပ်တန့်မနေ ။

စားလို့ သောက်လို့ ပိုလျှံသည့် ငွေကြေးဖြင့် ဆီဆေးတွေ ရေဆေး တွေ သူ စုသည် ။ အချိန်အား ရတိုင်း ပန်းချီကားတွေ ရေးသည် ။ စီးပွားရေးပန်းချီ ကို စီးပွားရေး အရ လုပ်နေရသော်လည်း သူ့ ဝိညာဉ်သည် အနု ပန်းချီ တွင် ရှင်သန်လျက်ရှိ၏ ။

“ စိမ်းနန္ဒာ ” ပန်းချီပြပွဲ ကို ဝင်ရောက်ဖြစ်ခြင်းသည် သူ့ဘဝခရီး၏ တ စ်ချိုးတစ်ကွေ့ ဖြစ်ပေသည် ။ သူ၏ ပြပွဲတွင် ပန်းချီကားများ သည် သူ့ အမည်ကို အနုပညာလောက ၌ ထွန်းလင်းတောက်ပစေသည် ။

စာနယ်ဇင်းများ က စိမ်းနန္ဒာပန်းချီပြပွဲ၏ သတင်းဆောင်းပါး ကို အကျယ်တဝင့် ဖော်ပြကြသည် ။ ပန်းချီပြပွဲများ ကို အစဉ်တစိုက် လေ့လာ ရေးသားနေသော ၊ သူတို့ ကြည်ညိုလေးစား ရသော ၊ အနုပညာဝေဖန် ရေး ဆောင်းပါးဆရာကြီး ကလည်း -

“ ရဲမာန်ဝင့် က ရေဆေး ၁၀ ကား ၊ ဆီဆေး ၂ ကား တင်သွင်းပါတယ် ။ ရေဆေးကားများ အားလုံး ကောင်းတယ် ။ အညာနွေကား ကို အကြိုက် ဆုံးပဲ ။ ပြပွဲတစ်ခုလုံးမှာ ကိုပဲ အကောင်းဆုံး လို့ ထင်မိတယ် ။ ရေကွက်ခြင်းကို သုံးပြီး ရေးဆွဲထားခြင်းဟာ မိမိပညာ ကို ယုံကြည်စိတ်ချလွန်း ကြောင်း ၊ မိမိလက် ကို ထိန်းသိမ်းနိုင်စွမ်းရှိကြောင်း သိသာလှပါသည် ။ ပန်းချီကားပေါ် ပြေးလွှားနေတဲ့ စုတ်ချက်တွေ ဟာ ဆုံးဖြတ်မှု မြန်ကြောင်း ၊ ဆုံးဖြတ်မှု မှန်ကန်ကြောင်းကို ဖော်ပြနေတယ် ။ တင်ကျန်ရစ်မယ့် အရောင်ကို မှန်းဆပြီး ရေးဆွဲတာမို့ တော်ရုံတန်ရုံ ပညာဗီဇဖြင့် ကား ကောင်းတစ်ကား မရနိုင်ပါဘူး ။

“ ဆည်းဆာရယ် ၊ တိမ်ရယ် ၊ ကျွန်တော်ရယ် မှာ ဆေးကွက်ခြင်းကို လှပစွာ သုံးထားပြန်တယ် ။ ရေးချက် သွက်လက်ပြီး အရောင်အကူးအပြော င်း ရဲရင့်တယ် ။ ကားဖွဲ့စည်းမှုမှာ လည်း တမူထူးခြား တယ် ။ ကြည့်သူ တိုင်းကို လွမ်းမောဖွယ် ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ ရေဆေးကား ကော င်းတစ်ခု ဖြစ်တယ် ။ ညောင်ညိုပင်ကားမှာ ရေးချက်ကို အားပြုထားပေ မယ့် လကွယ်ည ကားမှာ အရောင်ကို အားပြုထားတာ တွေ့ရတယ် ။ အစဉ်အလာ လမ်းရိုးဟောင်းအတွင်းမှာ ပဲ ရေးဆွဲနေပေမယ့် သင်ခန်းစာ ကျေညက်သူ ၊ အလေ့အကျင့်များ သူ ၊ ရှေ့အလားအလာကောင်းသူအဖြစ် ရဲမာန်ဝင့်ကို အသိအမှတ် ပြုရပါမယ် ။ ရဲမာန်ဝင့်ရဲ့ ကားတွေမှာ အရောင်ငြိမ်တဲ့  ၊ ကြည်တဲ့ ကားတွေ ပါသလို အရောင်ရဲတဲ့  ၊ အားရှိတဲ့ ကား တွေလဲ ပါတယ် ။ သူ့ ကားတွေ အားလုံး အကြောင်းအရာ မထပ်အောင် ရေးဆွဲခြင်းကပင် လူငယ်လူသစ်တွေ ထဲမှာ နိုးကြားကြိုးစားသူအဖြစ် ထင်ပေါ်စေပါတယ် ။

“ ဆီဆေးကား နှစ်ကားအနက် ရွှေညာမြေကား မှာ ဆီမျှော ရေးချက် သုံးပြီး ကြိုးစားအားထုတ် ထားပေမယ့် သူ့ ရေဆေးကားတွေ လောက် အကြိုက်မတွေ့ဘူး ။ အရောင်တွေ ထုံနေသလိုပဲ ။ ဟုန်နေ သလိုပဲ ။ ဖုန်လုံးကြီးတွေ လိပ်တက်နေပေမယ့် နှာခေါင်းထဲ မွှန်လာသည် အထိ ခံ စားလို့ မရဘူး ။ ဂေါဝိန်ကား မှာ လည်း ဓားစွမ်းပြထားပေမယ့် ရင်ကို မစွဲငြိစေဘူး ။ အမြင် ကို မကြည်စေဘူး ။ ဆေးတွေ ထူလွန်းတယ် ။ ဖွဲ့စည်းမှု အနေနဲ့ ရှုပ်ထွေးလွန်းတယ် ။ နွားလှည်း အရေအတွက် ကို လျှော့ ချလိုက်ရင် ပုံဟာ ပိုကောင်းလာမယ်လို့ ထင်မိပါတယ် ။ ဒါပေမဲ့ ရဲမာန်ဝင့် ရဲ့ ဆီဆေးကားတွေဟာလည်း လက်ရာ မညံ့ကြောင်း ပြောလို့ ရပါတယ် ”

အဆိုးအကောင်း မျှတစွာ ဝေဖန်သွားသဖြင့် သူ သဘောကျသည် ။

ပြပွဲ အပြီးတွင် သူ့ အဘိုး အရွယ်လောက်ရှိသော ၊ ရေဆေးဘုရင်ရယ် လို့ အများက သတ်မှတ် ထားသော ၊ ဆရာကြီး ၏ နှုတ်ဖျားမှ လည်း -

“ မင့် ရေဆေးကားတွေ ကြည့်ပြီး မနာလိုစိတ်တောင် ပေါ်လာတယ် ကွယ် ”

သူသည် ထိုစကား ကို ကြားသည် နှင့် ကြက်သီးမွေးညင်းတွေ ထောင်ထလာအောင် ပီတိရွှန်းစို ရသည် ။ နေရာမှာ ပင် ဆရာကြီး ၏ ခြေအစုံ ကို ဦးခိုက်၍ ရှိခိုးကန်တော့ခဲ့သည် ။

ထိုနောက်ပိုင်းတွင် သူသည် အနုပန်းချီများ ကို ပို၍ ရေးဖြစ်လာသည် ။ သံပြား ပေါ် ၊ သစ်သားပြား ပေါ် မှာ ထက် စာရွက်ပေါ် ၊ ကင်းဗတ်စပေါ် တွင် ရေးရသည် ကို အရသာပိုတွေ့သည် ။ စူးစူးရဲရဲ အရောင်တွေ သုံး ကာ ဈေးဝယ်သူများ ကို ဆွဲဆောင်ရသော ဒီဇိုင်းများ ထက် တစိမ့်စိမ့်ခံ စားရသော ပန်းချီကားများ ဖန်တီးရခြင်း၌ မွေ့လျော်သည် ။ ဧည့်ခန်း ထဲ မှာ ၊ ပြတိုက် ထဲ မှာ ကာလနှစ်ရှည်စွာ တည်နေမည့် သူ့ ပန်းချီများ ကို မျှော်ရည်လျက်ရှိသည် ။

သူ စီးပွားရေးပန်းချီ ကို စွန့်လွှတ်ပြီး အနုပန်းချီ သာ ဆွဲတော့မည် ဟု မမလှိုင်း ကို ဖွင့်ပြောတော့ သဘောတူသည် ။

“ မမလည်း စာတမ်းတင်ပြီးပြီပဲ ။ မကြာခင် မဟာသိပ္ပံဘွဲ့ ရတော့မယ် ။ မမ ကိုယ်ပိုင်ကျူရှင် ထောင်ပြီး မောင့် ကို လုပ်ကျွေးမယ်နော် ၊ မောင် စိတ်ချမ်းချမ်းသာသာနဲ့ ပန်းချီရေးပါ ”

သမီးဦးကိုယ်ဝန် နှင့် ပိန်လှီနေသော မမလှိုင်း က ခွန်အားရှိသော စကားကို ဆိုလေသော် သူ သည် မမလှိုင်း ကို ဖက်၍ ဝမ်းနည်းဝမ်းသာ ငိုခဲ့ သေးသည် ။

•••••   •••••   •••••  

သေချာရေရာသော စီးပွားရေးပန်းချီလောက မှာ မသေချာမရေရော သော အနုပန်းချီအဆင့်သို့ လှမ်းတက်သော် ဆင်းရဲချို့တဲ့မှုသည် တစ်ကျော့တစ်ဖန် ရောက်ရှိလာသည် ။ ကိုယ်ဝန်ဆောင် မမလှိုင်း အတွက် ငွေ လိုနေချိန် ၊ ကျယ်ဝန်းသန့်ပြန့်သော ကျူရှင်ခန်းလေး ငှားရမ်းရန် ငွေ လိုနေချိန် မှာ မှ အတ္တလွန်ကဲမိသည့် မိမိ အဖြစ်ကြောင့် ကိုယ့် ကိုယ် ကို ဒေါသဖြစ်ရ၏ ။

“ ဆိုင်းဘုတ်မရေးတော့တာ မောင် မှားလားမမရယ် ” ဟု ညည်းတွားမိ သော် မမလှိုင်း က “ အနုပညာသမား ဟာ အနုပညာမာန ပဲ ထားပါ မောင် အနုပညာ နောင်တ ဆိုတာ မရှိစကောင်းပါဘူး ” ဟု ဆိုလာသဖြင့် အားမာန်သစ်တွေ ဝင်ရောက်လာပြန်သည် ။

တစ်ယောက်အိပ် စစ်ခြင်ထောင်တွင် နှစ်ယောက်အိပ် သည့် အခါ ၊ ခေါင်းအုံးတစ်လုံး မှာ ခေါင်းနှစ်လုံး ပူးတင်သည့်အခါ “ မမ နဲ့ မောင် မဝေး ရအောင်လို့ သဘာဝတရားကြီးက ဖန်တီးလိုက်တာ ” ဟု စိတ်သက်သာ ရာရအောင် မမလှိုင်းက ပြောတတ်သည် ။

မမလှိုင်း ထမင်းချက်သည့် အခါ သူ က ဝိုင်းလို့ ကူ ၊ သူ့ မျက်နှာမှာ အိုး မဲတွေ ပေနေလျှင် မမလှိုင်း က ကြည့်လို့ ရယ် ၊ ဩော် အစွန်းအထင်းတွေ ပေညစ်နေခြင်း ကိုပင် ဘဝအမော ၏ ဖြေဆေး အဖြစ် ရယ်သောနိုင်ခဲ့ကြ သေးသည် ။

မမလှိုင်း ရေချိုးဖို့ သူ ခပ်ပေးသလို ၊ သူ့ပန်းချီ ဆေးခွက်ထဲက ရေတွေ မည်းညစ်နေလျှင် မမလှိုင်း က အသစ်လဲပေးသည် ။ ကိုယ်ဝန်ဆောင် မမလှိုင်း ၏ အဝတ်များကို သူ ဖွပ်ပေးသလို ၊ သူ သိချင်သော ဗန်ဂိုး တို့ ပီကာဆို တို့ အကြောင်းတွေကို မမလှိုင်း က ဖတ်ပြသည် ။

မမလှိုင်း ၏ အသိပညာ နှင့် သူ့ အနုပညာ ကို ပေါင်းစပ်ကာ ဗန်ဂိုး၏ “ အာလူးစားသူများ ” လို ဆင်းရဲသား လူတန်းစားဘဝ သရုပ်ဖော်ကားမျိုး ရေးနိုင်ရန် ကြိုးစားခဲ့သည် ။ အက်ဒွပ်မွန်းချ်၏ “ မသာခန်း ” ပန်းချီကား ၊ ရှားဂါလ်၏ “ အဝါရောင်လက်ဝါးကပ်တိုင် ” ပန်းချီကားအကြောင်းများ ကို မမလှိုင်း က ရှာဖွေဖတ်ရှု ဘာသာပြန်ပြီး ပြောပြခဲ့သည်  ။ ဘူတာကြီး နား ရောက်တိုင်း ဝါးတူရိယာ မျိုးစုံ တီးခတ်၍ ပိုက်ဆံကောက်ခံနေ သော သူတောင်းစားများ ကို မြင်တွေ့လျှင် ပီကာဆို၏ “ သူတောင်းစားအို ကြီး ” ပန်းချီကား မှ အစချီကာ ပီကာဆို ၏ ဘဝကို မှတ်မိသိရှိသမျှ ပြောနေတတ်သည် ။

ထို့ကြောင့် သူ့မိတ်ဆွေ စာရေးဆရာတစ်ဦး က သူ့ကို “ အသံထွက်တဲ့ စာအုပ်ကြီး ရထားတာ ခင်ဗျား သိပ်ကံကောင်းတယ်ဗျာ ” ဟု ရယ်စရာ ပြောဖူးသည် ။

လူကြီးသူမ မရှိသော သူတို့ အိမ်လေးသည် သူ့မိတ်ဆွေပန်းချီဆရာ ၊ စာရေးဆရာများ ဝင်ထွက် စကားပြောရာ အေးရိပ်သာလေး ဖြစ်ဖူးသည် ။ အနုပညာ ကို ချစ်သော စိတ်ရင်း ဓာတ်ခံဖြင့် မမလှိုင်း သည် ကြည်နူးဝမ်းသာနေတတ်သည် ။ သူ နှင့် မမလှိုင်း တို့ လက်ထပ်ပြီး နောက်ပိုင်း တွင် မမလှိုင်း ၏ မိတ်ဆွေများ နှင့် အဆွေအမျိုး အားလုံးက အဆက်အ သွယ် ဖြတ်လိုက်သည် မှ စ၍ မမလှိုင်းသည် သူ့ မိတ်ဆွေများ ကိုသာ ခင် တွယ်နေရရှာ၏ ။

မမလှိုင်းသည် အစားကောင်းကြိုက်သလို အစားကောင်းလည်း လုပ် တတ်သည် ။ ထူးထူးဆန်းဆန်း ပေါက်ပေါက်ရှာရှာ လုပ်ပြီး သူ့မိတ်ဆွေ များကို ကျွေးတတ်သည် ။ တစ်လ တစ်ကြိမ် ဖြစ်စေ ၊ နှစ်ကြိမ် ဖြစ်စေ သူ့ အိမ်လေးမှာ သူ့မိတ်ဆွေများ သည် မမလှိုင်း ၏ လက်ရာကို စားသောက် ရင်း စကားဝိုင်းဖွဲ့ကြသည် ။

ဝင်ရောက် ဆွေးနွေးနိုင်သော ၊ သည်းခံ စိတ်ရှည်သော မမလှိုင်း သည် သူ့မိတ်ဆွေအားလုံး ၏ ချစ်လှစွာသော အစ်မကြီး လည်း ဖြစ်ပေသည် ။

•••••   •••••   •••••  

စိမ်းနန္ဒာ ( ၂ ) ၊ ( ၃ ) ၊ ( ၄ ) နှင့် တစ်ကိုယ်တော် ( ၁ ) ၊ ( ၂ ) တို့ ၏ အကျိုးဆ က်အရ ပန်းချီ လောကသားများ ကြားတွင် သူ့ အမည် ထင်ပေါ်လာသည် ။ သို့သော် မြန်မာပြည်ရှိ တိုင်းရင်းသား ပေါင်းစုံ ၏ နား သို့ မရောက် သေးပေ ။ မြန်မာပြည်မှ ကျော်၍ နိုင်ငံခြား သို့ မရောက်သေးပေ ။ သူ ရည်မှန်းကြိုးစားမှု ၏ ရာနှုန်းအနည်းငယ်သာ အောင်မြင်မှု ရသေးသည် ။ ထို့ကြောင့် ပို၍ ကြိုးစားသည် ။ တစ်လမ်း တည်း ကိုသာ သူ သည် ဖြောင့်ဖြောင့်မတ်မတ် လျှောက်ခဲ့သည် ။

ပန်းချီကားပေါင်များ ၏ ကာရံဝိုင်းပတ်မှု ခံစားရသော ဆီဆေးကား များ  ၊ ထင်းရှူးသေတ္တာ ထဲတွင် ပိတ်လှောင်ခံထားရသော ရေဆေးစက္ကူ ချပ်များမှာ တစ်နေ့တစ်ခြား များ ပြားလာသည် ။ နိုင်ငံခြားသားများ နှင့် မပြောပလောက်သော မြန်မာတိုင်းရင်းသား အနည်းစု လာကြည့် မှ ပန်းချီကားများ လည်း အမွန်းအကျပ်ဒဏ် မှ သက်သာခွင့်ရကြသည် ။ တစ်ကားစ နှစ်ကားစ ရောင်းရလျှင် သူတို့ လင်မယားသည် ရရှိသော ငွေကြေး ထက် သုခပီတိ က ပိုမိုများ ပြားသည် ။

ထိုအခါမျိုးတွင် မမလှိုင်း သည် သူ့ မိတ်ဆွေများကို ဖိတ်ခေါ်၍ စား ကောင်းသောက်ဖွယ်များ ချက်ပြုတ်ကျွေးမွေးတတ်သည် ။ ထို့ကြောင့် သူ့ ဝင်ငွေသည် သူ့ မိတ်ဆွေများ အတွက် ဧည့်ခံစရိတ် သာ ဖြစ်ပေသည် ။

နာမည် အသင့်အတင့် ရရှိလာသော မမလှိုင်း ၏ ကျုရှင်ဝင်ငွေကြောင့် လူတန်းစေ့ နေထိုင်နိုင်ကြသည် ။ စီးပွားရေး အဆင်ပြေကာ အိမ်ထောင်သာယာစိုပြည် နေသဖြင့် သူ၏ အိမ်ထောင်ဦးစီး တာဝန် လစ်ဟာ နေမှုကို သတိ မပြုမိပေ ။

ကျူရှင် ပိတ်ထားရသော ကာလအတွင်း ပင်မမဏ္ဍိုင်ကြီးဖြစ်သော မမလှိုင်း ၏ ဝင်ငွေများ ကွယ်ပျောက်လေသော် အိမ်ဂေဟာသည် သိသိသာသာ ခြောက်သွေ့လာသည်  ။ ဝင်ငွေ မရှိသည့်လများ တိုးဆင့် လာ သော် ရှိတာလေး ထိုင် စားရသော အခြေအနေမှ ရှိတာလေး ရောင်းစား ရသော အဆင့်သို့ လျှောကျလာသည် ။

ကျုရှင်အခန်းငှားခ သည် လည်း ဝန်ထုပ်ဝန်ပိုးကြီး လို ဖြစ်နေသည် ။ ကျူရှင်ပိတ်ထားရသော် လည်း အခန်းငှားခ လေးရာကျပ် ကို လစဉ်ပေး ရသည် ။ အခန်းပိုင်ရှင် က စပေါ်ငွေ တစ်သောင်း ပြန်ပေးသော်လည်း မ ယူရဲပေ ။ ကျူရှင်တွေ ပြန် ဖွင့်ချိန်တွင် ဤလို နေရာ ၊ ဤလို အခန်းမျိုးကို လက်ငင်း ချက်ချင်း ရှာနိုင်ဖို့ ခက်သည် ။ သည် တော့လည်း ရှိစုမဲ့စုလေး ချွတ်ရောင်း ဖြုတ်ရောင်း ပြီး ကျူရှင်အခန်းခ ပေးဆောင်ရပြန်၏ ။

အရယ်အပြုံးတို့ နားနေခိုနားရာဖြစ်သော မမလှိုင်း ၏ နှုတ်ခမ်းများ ပင် တင်းတင်းစေ့ခဲ့ပြီ ။ ပေါ်လီယာနာ ထုံး ကို နှလုံးမူတတ်သော မမလှိုင်း ၏ စိတ်ကောင်း စိတ်မြတ်များ လည်း ခရီးဝေးသို့ သွားခဲ့ပြီ ။ လေးလေးနက်နက် တွေးနေခြင်း မဟုတ်ဘဲ သုန်မှုန်နေသော အနေအထားမျိုးကို မလှိုင်း မျက်နှာပေါ်မှာ မြင်နေရသည် ။

ငွေနှစ်သောင်း လောက် ရှိလျှင် တရုတ်တန်း ဈေးထဲ ဈေးထွက်ချင် သော စကား ၊ ငွေလေးသောင်းလောက် ရှိလျှင် လားရှိုး သွားချင်သော စကားများ ကို ကယောင်ကတမ်း ပြောလား ပြောရဲ့ ။ အိမ်ပွဲစားလိုလို ၊ စိန် ပွဲစားလိုလို နှင့် ထီးဖြူ ၊ ဖိနပ်ပါးအောင် အပြင်ထွက်လား ထွက်ရဲ့ ။ ဘု ရားစင်ရှေ့မှာ အုန်းပွဲငှက်ပျောပွဲတွေ သစ်သားရုပ်မျိုးစုံတွေ ထပ်တိုး လားတိုးရဲ့ ။ မည်သည့်အခါ က မှ မပြုမူဖူးသော မမလှိုင်း ၏ အပြုအမူများကို သူ သည် ဝင်မစွက်ဘဲ ကြည့်ရုံသာ ကြည့်နေခဲ့သည် ။

ဤအခြေအနေ မှာ စီးပွားရေး တစ်ခု ကို သူ လုပ်သင့်သည် ။ ငွေ ဝင်မည့်လမ်းကို လျှောက်သင့်သည် ။ မမလှိုင်း ကို သနားသောအားဖြင့် ၊ သမီးလေး အတွက် ဖခင်တစ်ဦး အဖြစ်ဖြင့် ရှေ့မှ မားမားမတ်မတ် ဦးဆောင် လှုပ်ရှားသင့်သည် ။

သို့သော် အသိသာ ရှိ၍ အဖြစ် မရှိခဲ့ဘူး ။ တကယ် ရင်ဆိုင်ရသော် ဘာ လုပ်လို့ လုပ်ရမှန်း သူ မသိဘူး ။ မမလှိုင်း ၏ မျက်နှာ ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်ရင်း နေ့ရက်တို့ ကုန်ဆုံးရသည် ။

မမလှိုင်း က သူ့ ကို ခွင့်လွှတ်ထားသည် လား သို့တည်းမဟုတ် ဥပေက္ခာပြုထားလေသလား ။ တိုင်ပင်ပါ မမ ၊ ဆူစရာ ရှိလျှင် ဆူပါ မမ ။

“ မောင် လို  ပန်းချီ ရေးဆွဲခြင်း က လွဲပြီး ဘာမျှ စိတ်မဝင်စားတဲ့ ၊ ဘာမျှ လဲ မလုပ်တတ်တဲ့ လူ ကို အဆွေခင်ပွန်း အဖြစ် ပေါင်းဖက်မိတာ မမ မှား တယ် ၊ မောင့်အပေါ် မေတ္တာ ထားခဲ့တာ မမ ရူးလို့ ပဲ ဖြစ်မယ် ”

ဤသို့ အော်လိုက်စမ်းပါ ။ ရန်တွေ့လိုက်စမ်းပါ ။ မမ ၏ ဒေါသအမျက် ချောင်းချောင်းကို ခံယူချင်သည် ။ ဗိန်းဗောင်း တီး၍ မကြမ်းရမ်း သော်လည်း ချွတ်နင်းသံကြားမှာ မောင် ရင်မောနေရပါ သည် မမ ။

သူ့ ကိုယ် သူ အားမရခြင်း ၊ မကျေနပ်ခြင်းများ သည် သူ့ ခန္ဓာကိုယ် ကို လေးလံစေသည် ။ ခြေလှမ်းတို့ မြန်ချင်သော်လည်း မြန် လို့ မရ ။ ပြန်ချင် သော် လည်း မာန် မရှိလှ ။ အိမ် ရောက် မှာ ကို သူ ကြောက်နေသည် ။

•••••   •••••   •••••  

အတိတ် နှင့် ပစ္စုပ္ပန်ကြား သူရူးဆန်ဆန် ပြေးလွှားရင်းဖြင့် အိမ်သို့  ရောက်မှန်းမသိ ရောက်လာသည်  ။ တိုးတိတ်စွာ ဝင်ရောက်၍ ပက်လက်ကု,လားထိုင် ပေါ် အသာအယာ ဖော့ထိုင်သည် ။ အတွေးကင်းသောအ ငေးဖြင့် ကြမ်းပြင်ကို စူးစိုက်ကြည့်သည်  ။

“ လမ်းလျှောက် က ပြန် လာပြီလား ”

အသံကြားမှ အနားသို့ မမလှိုင်း ရောက်လာမှန်း သိသည် ။ မော်ကြည့်သည် ။ ကာလအတန် ကြာမျှ အခစား ပျက်ကွက်နေသာ သနပ်ခါး ပါးကွက်ကျား ကို မမလှိုင်း ၏ မျက်နှာ ပေါ်မှာ ပြန်လည် တွေ့မြင်ရသည် ။ ရယ်သောမျက်လုံးနှင့် ပြုံးသော နှုတ်ခမ်းကြောင့် ပိုမိုနုပျို နေသလို ထင်ရ သည် ။ အုံကောင်းသော ဆံပင် ကို နောက်သို့ စုသိမ်း ထားသဖြင့် မမလှိုင်း ၏ မျက်နှာဝိုင်းဝိုင်းသည် တိမ်မြူ ကင်းသည့် လပြည့်ဝန်းလို ရှင်းရှင်းသန့်သန့် ပေါ်လွင်လျက် ရှိသည် ။ ဆူဖြိုးစ ကိုယ်ခန္ဓာကြောင့် ခါးအနည်းငယ် တုတ်ဟန် ရှိသော်လည်း ကိုယ်နေဟန်ထား အလှမပျက်သေးပေ ။

“ အာပူလျှာပူ သောက်မလားမောင် ၊ မမ ကိုယ်တိုင် ချက်ထားတာ ”

“ သောက်တာပေါ့ ”

မမလှိုင်း ၏ အသံက ထူးခြားစွာ မြူးနေသလို လှုပ်ရှားဟန်ကလည်း သွက်လက်နေသဖြင့် ဘာတွေဖြစ်ခဲ့ပါလိမ့် ၊ ဘာတွေဖြစ်ဦးမှာ ပါလိမ့်ဟု မရဲတရဲ မျှော်နေရှာသည် ။

မမလှိုင်း သည် မုန့်ပန်းကန် ကို ကိုင်၍ မီးဖိုချောင် ထဲမှ ထွက်လာသည် ။ ခွေးခြေတစ်ခု ဆွဲယူပြီး သူ့ရှေ့ချသည် ။ မုန့်ပန်းကန် တင်သည် ။

“ သောက်ကြည့်စမ်းပါဦး ၊ မမ ရဲ့ တပည့် တစ်ယောက် က ဟင်းချက်နည်း ပြပေးလိုက်တာ ”

တစ်ဇွန်းနှစ်ဇွန်း မြည်းကြည့်သည် ။ ထို့နောက် လေးငါးဇွန်းမျှ ဆက် တိုက်သောက်သည် ။ ပူပူချိုချိုလေးမို့ ရှုးရှုးရှဲရှဲ နှင့် ချွေးတွေ ပြိုက်ပြိုက် ကျလာသည် ။ မမလှိုင်း က သူ သောက်နေသည် ကို နံဘေးမှ ထိုင်ကြည့် ရင်း ရယ်သည် ။

“ ကောင်းရဲ့ လား မောင် ”

“ အင်း ကောင်းလည်းကောင်းတယ် ၊ စပ်လည်း စပ်တယ် ”

“ အာပူလျှာပူ ဆိုမှ စပ်မှာ ပေါ့ မောင်ရဲ့ ။ မန္တလေး မှာ အာပူလျှာပူ ကို လူကြိုက်များ နေတာနော် ။ မမ လည်း မနက်ဖြန် မနက်က စပြီး အိမ်ရှေ့ မှာ အာပူလျှာပူ လုပ်ရောင်းမလို့ ”

မျက်လုံး ဝင့်ကြည့်သည် ။ နောက်ပြောင် နေခြင်းလား ၊ အတည်ပြော နေခြင်းလား ဟု ဝေခွဲသည် ။ မမလှိုင်း က လက်ဖဝါးနှစ်ဖက် ကို ပွတ်ရင်း -

“ မောင် မယုံဘူးလား ။ ပန်းကန်တွေ ဇွန်းတွေ တောင် ဝယ်ထားပြီးပြီ ။ သစ်သားထိုင်ခုံ လေးငါးလုံး လည်း မှာ ထားတယ် ။ ဟင်း ... ဟင်း ... ကျူရှင်ခန်း ထဲက ပန်ကာကြီး တော့ ရောင်းလိုက်ပြီ မောင် ”

စကား ကို မရယ်ချင် ရယ်ချင်သံ နှင့် နှော၍ ပြောသည် ။

မမလှိုင်း က သူ့ ကို လုပ်ခွင့် တောင်းနေခြင်းမှ မဟုတ်ဘဲ ။ လုပ်တော့မည် ဟု အသိပေးခြင်းသာ ပဲ ။ မလုပ်ပါနဲ့ မမရယ် ဟု တားလို့ ကောင်းပါ့မ လား ။ ရှိသမျှနှင့် ကြံဖန်ကြိုးစားလုပ်ဆောင် နေသော မမလှိုင်း ၏ စိတ်ကူးလေးကို မဖျက်ချင်သဖြင့် တိတ်တိတ် နေလိုက်သည် ။

“ တရုတ်တန်း မှာ ဈေးထွက်နိုင်ဖို့ ကလည်း မလွယ်ဘူး ။ မဖြစ်နိုင်တဲ့ ငွေကြေးမှန်းနေတော့ စိတ်ဆင်းရဲရတာပဲ အဖတ်တင်တယ် ။ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ကျတော့ မမ နဲ့ မောင် နှစ်ယောက်တည်း မဖြစ်ပြန်ဘူး ။ ဖျော်တဲ့ လူ နဲ့ စားပွဲထိုး နဲ့ ရှုပ်ယှက်ခတ်နေမှာ ။ ပြီးတော့ လက်ဖက်ရည် ဆိုင်တွေက တအားများ နေပြီ ။ အင်း ... ဟိုတွေး ၊ ဒီတွေး နဲ့ အချိန်ကုန် နေမယ့် အတူတူ တစ်ခုခု လုပ်မှ ဆိုပြီး မမ စီစဉ်လိုက်တာပဲ မောင် ။ သမီး အတွက် မုန့်ဖိုးရရပေါ့ မောင်ရယ် ”

သမီး ၏ မုန့်ဖိုး ကို ခုတုံး လုပ်လိုက်သော်လည်း ဝမ်းရေးအတွက် ဖြစ်ကြောင်း သူတို့ နှစ်ဦး ၏ ရင်ထဲ ၌ အသိရှိပါသည် ။ နှုတ်မှ ဖွင့်ဟမပြောသော်လည်း မျက်လုံး အကြည့်ဖြင့်သာ တစ်ဦး ကို တစ်ဦး အားပေးသမှုပြုသည် ။

မမလှိုင်း ၏ မျက်လုံးများ တွင် ကြေကွဲရိပ်များ ယှက်သမ်းနေသော် လည်း နှုတ်ခမ်းမှာ မူ အပြုံးတစ်ခုလုပ်ယူထားသည် ။ သူ့ကို မျက်နှာချို သွေးနေခြင်းလား ၊ သူ စိတ်မကောင်းမှာ စိုးလို့ နှစ်သိမ့်နေခြင်းလား အခွဲခြားရခက်သည် ။

“ မောင် လိုရင် ထပ်ထည့်နော် ။ မမ ကြက်သွန်ဆီသတ်ဦးမယ် ၊ ငါးဖယ် ကြော်စရာလည်း ရှိသေးတယ် ။ မီးလက်စ နဲ့ ကြော်စရာ လှော်စရာလေးတွေ ပြီးအောင် လုပ်လိုက်ဦးမယ် ”

မမလှိုင်း သည် သူ့ခေါင်းမှ ဆံပင်ဖရိုဖရဲ ကို လက်ဖြင့် သပ်ပေးပြီး အိမ်နောက်သို့ ထသွားသည် ။ သူ သည် မုန့်လက်ကျန် အနည်းငယ် ကို အရသာခံ၍ သောက်သည် ။ ထပ် မထည့်တော့ ဘဲ ပန်းကန် ကိုင်၍ မီးဖိုချောင်သို့ သွားသည် ။

ငါးဖယ်ကြော်ရင်း ကြက်သွန် လှီးနေသော မမလှိုင်း က သူ့ကို တစ်ချက် ငဲ့ကြည့်ပြီး ...

“ တော်ပြီလား မောင် ၊ ပန်းကန် ထားခဲ့လေ ၊ မမ ဆေးလိုက်မယ် ”

နှာသီးထိပ်ဖျား တွင် ချွေးဥလေးတွေ သီးနေသော မမလှိုင်း ၏ မျက်နှာ ကို  သူ ငေးကြည့်သည် ။

“ နေ့တိုင်း ဒီလို လုပ်ရမှာ လား မမရယ် ။ မပင်ပန်းဘူးလား ”

မမလှိုင်း က နဖူးပေါ်ဝဲကျနေသော ဆံပင် ကို သပ်တင်ရင်း -

“ အခိုက်အတန့်ပေါ့ မောင်ရယ် ”

သူ သည် သက်ပြင်း ကို မျှဉ်း၍ ချသည် ။ ကြက်သွန် လှီးပေးရမလား ၊ မောင့် ကို ဓားပေး ဟု နှမ်းဖြူးစကား ကို ဆိုသည် ။ မမလှိုင်း က ခေါင်းယမ်း ပြသည်  ။

“ မနက်စောစော ထပြီး မုန့်ဟင်းခါးဖို ကို မောင် သွားနိုင်မလား ”

“ မုန့်ဖတ် ယူဖို့ လား ၊ ရတယ်လေ ၊ မောင် သွားယူမယ် ။ အပြင်ကိစ္စမှန် သမျှ မောင့် ကို ခိုင်းပါ မမရယ် ။ မောင် ငယ်ငယ် ကတည်းက အမေ့ ကို ကူနေကျပါ ။ မောင် ဟာ ရွှေမင်းသား မဟုတ်ပါဘူး ”

“ မမ အတွက် တော့ ရွှေမင်းသား ပါ နော် ”

တစ်ဦး ကို တစ်ဦး ဤသို့ မကျီစယ်ရသည် မှာ ကြာပြီမို့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောကြသည် ။

“ မောင် ဆိုင်းဘုတ် ရေးပေးမယ်နော် ၊ ရွှေမင်းသမီး အာပူလျှာပူ လို့ နာ မည်ပေးရမလား ၊ မဟာ သိပ္ပံအာပူလျှာပူလို့ နာမည်ပေးရမလား ”

ရယ်လက်စ နှင့် မို့ အပြောင်အပြက် စကား ကို သူ ဆိုလိုက်ပါ မှ မမလှိုင်း ၏ ရယ်သံ တိခနဲ ပြတ်တောက်သည် ။ သို့သော် ပျက်သောမျက်နှာကို ချက်ချင်းပြင်၍ -

“ ဪ ... အရေးကြီးတာ တစ်ခု မမ မေ့နေတယ် ။ မောင် အားတဲ့ အ ချိန်မှာ မောင့်မိတ်ဆွေ တွေကို လိုက်ပြောပေးနော် ။ ဆိုင်ဖွင့်တဲ့ နေ့မှာ လူစည် မှ ကောင်းတာ မောင့်ရဲ့  ၊ ကိုခင်မောင်စန်း တို့ ၊ ကိုစော တို့ ၊ ကိုစိုင်းကျော်လူ တို့ အားလုံးအားလုံး ”

“ အခုပဲ မောင် သွားလိုက်မယ်လေ ။ ဒီလူတွေ ပိုက်ဆံ ထည့်ခဲ့ဖို့ အသေအချာ မှာ ရမယ် ။ ဆိုင်ဖွင့်ပွဲ ဆိုပြီး အလကား စားသွားလို့ ပန်ကာဖိုးလေး ဆုံးမှ ဖြင့် ဒုက္ခဗျား ”

သူ စားပြီးသော ပန်းကန် ကို ရေဆေးရင်း မမလှိုင်း ရယ်နေသည် ။ နေပူရှိန် ပြင်း လာပြီမို့ တိုက်ပုံအင်္ကျီ ချွတ်ထားခဲ့သည် ။ စက်ဘီး တွန်း၍ အိမ်ပြင် ထွက်စဉ် အဖော်များ နှင့် ကစားနေသော သမီး သည် သူ့ ထံ ပြေး လာသည် ။

“ ဖေဖေ ဘယ်သွားမှာ လဲ ၊ သမီးလည်း လိုက်မယ် ”

သူ့ကို တွယ်ကပ်နေသဖြင့် ' လှိုင်း ' ဟု အိမ် ထဲ အော်ခေါ်သည် ။ မမလှိုင်း သည် လက် မှာ ရေစက်လက် နှင့် ပြေးထွက်လာသည် ။ ဆယ့်ငါးကျပ်တန် အခေါက်ကို လက်ညှိုးနှင့် လက်မကြားတွင် အသာအယာညှပ်ကိုင် လာသည် ။ “ မမ မေ့သွားတယ်ကွယ် ” ဟု တိုးတိုး ပြော၍ ပြုနေကျ အတိုင်း သူ့ အိတ်ထဲသို့ ပိုက်ဆံ ထည့်ပေးသည်  ။

“ မဟုတ်ဘူး မမ ၊ သမီး ကို ခေါ်ထားစမ်းပါ ”

မမလှိုင်း က သမီး ကို ချော့မော့ ဆွဲခေါ်သည် ။ ကျပ်တည်းနေချိန်တွင် မယူလိုသဖြင့် အိတ်ထဲ မှ ပိုက်ဆံကို ပြန်ထုတ်၍ မမလှိုင်း သို့ လှမ်းပေးသည် ။

“ ယူသွားပါ ၊ ဆေးရုံကြီး ရှေ့က ဆေးဆိုင် မှာ ကတ် တစ်ကတ် ဝယ်ခဲ့ဦး နော် ။ ဒီလ လည်း ဆက်ပြီး သောက်ရဦးမယ် ”

မမလှိုင်း ၏ အသံ သည် တိုးတိမ် ပျောက်ကွယ် သွားသော်လည်း သူ့ နားစည်မြှေး ကိုမူ ပြင်းထန်စွာ ရိုက်ပုတ်လျက်ရှိသည် ။ မမလှိုင်း ကို တစ်လှည့် ၊ ငါးနှစ် အရွယ် သမီး ကို တစ်လှည့် ကြည့်ရင်း အစာအိမ် ထဲမှ အာပူလျှာပူ များ သည် အထက်သို့ ဆန်တက်လာသည် ။ ခေါင်း တွေ ပါ ပူလာ သည် ။ “ အိမ့်ဆည်းလည်း သံလေးတွေ ကြားချင်ပါသေးတယ် ” ဆိုသော မမလှိုင်း သည် မြားလေးတွေ ဆက် နေသည့် ဆေးကတ်များစွာ ကို ဘယ် လ ၊ ဘယ် ကာလ အထိ သောက်နေရဦးမည် မသိ ။

⎕ ကိုရိုးကွန့်

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
      ၁၉၈၉ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

.

Friday, August 30, 2024

မင်းသားလေး


 ❝ မင်းသားလေး ❞


[ မီးရောင် အောက် က ရွှေမင်းသားလေး ဘဝ ဟာ ပျော်ရွှင်ကြည်နူးစရာ ချည်း ဖြစ်ပါသည် ။ သူ့ ကို ချစ်သော ပရိသတ် က သောင်းသောင်းဖြဖြ အားပေး ကြသည် ။ မိန်းမပျိုကလေးတွေ က လည်း မင်းသား ကို ဝိုင်း ပိုး ကြသည် ။ အောင်မြင်သော မင်းသား တစ်ယောက် အဖို့ နတ်စည်းစိမ် ဆယ်သက် တစ်ကယ် မမက် ပေါင် ဆိုနိုင်ပါသည် ။


ဇာတ်မင်းသား ကိုလှခိုင် က အောင်မြင်ပြီး လူချစ်လူခင် ခံရသော မင်းသား ဖြစ်သည် ။ လျှမ်းလျှမ်းတောက် အောင်မြင်ချိန် အသက် ၂၃ နှစ် အရွယ် မှာ ဇာတ်မင်းသား ဘဝ ကို လုံးဝ စွန့်လိုက်သည် ။ သာမန် လူ လုပ်နိုင်ခဲသော အလုပ် ကို ကိုလှခိုင် လုပ်ခြင်း ဖြစ်ပါသည် ။


ယခုအခါ မန္တလေး ဈေးချိုတော် ဒီရုံ ပထမထပ် မှာ “ မင်းသား ” ပိုးထည် နှင့် ချည်ချော လုံချည်ဆိုင် ဖွင့်ပြီး ကိုလှခိုင် ကိုယ်တိုင် ရောင်း နေသည် ။ သူ့ ဆိုင် ကိုယ်တိုင် ရောင်း နေသည် ။ သူ့ ဆိုင် ကို သွားပြီး မင်းသား ဘဝ မှ ဈေးသမား ဘဝ ကို ဘာကြောင့် ကူးခဲ့သလဲ မေးမြန်းပါသည် ။ ]


••••• ••••• •••••


၁၆ နှစ်သား က စပြီး ကျွန်တော် ဇာတ် က ခဲ့တာ ၊ ရှစ်နှစ် ကျော် ကိုးနှစ် လောက် ကြာတယ် ။ ဇာတ်လောက မှာ အောင်မြင်မှု ရှိနေချိန် မှာ ဗြုန်းစားကြီး ရပ် ပစ် လိုက်တာ က အောင်မြင်မှု နဲ့ အနိုင် ပိုင်းချင် လို့ပါ ။


ကျွန်တော် ဇာတ် က တုန်း က သူများ လက်အောက်ခံ အဖြစ် ၂ နှစ် ပဲ ကြာတယ် ။ ခေါင်းဆောင်မင်းသား တင်ပြီး ဇာတ်ထောင် ပေးမယ့် သူ ၊ ငွေထုတ် ပေးမယ့် သူတွေ ပေါ်လာတယ် ။ ဇာတ် က ရတာ အောင်မြင်မှု အတိုင်းအတာ က ကြောက်စရာ တောင် ကောင်းတယ် ။ ကျွန်တော် ဇာတ်ပစ္စည်း တွေ ပိုင်တယ် ၊ ကုန်ကားကြီး ဝယ်နိုင်တယ် ၊ မြေ နဲ့ တိုက် ဝယ်နိုင်တယ် ။ ဈေးချို မှာ ဆိုင်ခန်း ဝယ်နိုင်တယ် ။ ငွေ ရတာ လည်း ကြောက်ခမန်း လိလိပဲ ။ ဖားကန့် ကို တစ်ည ငါးသိန်းခွဲ နဲ့ လိုက် က ရတယ် ။ စရိတ်စက နုတ်ပြီး သုံးသိန်း ကျန်တယ် ။ ဆယ်ည ၊ နည်းတာ မဟုတ်ဘူး ။


ဒါပေမယ့် ကိုယ့် ရှေ့ က အောင်မြင်ခဲ့တဲ့ မင်းသားကြီး တွေ ကြည့် ပြန် တော့ နာမည် ဖြင့် ကြီးပါ ရဲ့ အသက် ကြီး တော့ ဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် မကျန်ရစ်ဘူး ။ ဘဝ အတွက် အာမခံချက် လည်း မရှိဘူး ။ အသက်ကြီး တဲ့ မင်းသား တွေ ငယ်တုန်း ရွယ်တုန်း ငွေတွေ သောက်သောက်လဲ ဝင်တုန်း က အရက် သောက်ကြ ၊ လောင်းကစားတွေ လုပ်ကြ ၊ အမျိုးသမီး ကိစ္စ ရှုပ်ကြနဲ့ ။


ကိုယ့် လောက အကြောင်း မကောင်း ပြောရင် ကိုယ် လည်း သိက္ခာ ကျတယ် ဆိုတာ သိပါတယ် ။ ကိုယ့် ပါးစပ် က ပြော တော့ ကိုယ် လည်း သူများ အတင်း ပြောတဲ့ အဆင့် ကို လျှောကျ သွားတယ် ။ ဒါပေမယ့် ကိုယ့် လောကသားတွေ ကို ပြုပြင်စေချင်လို့ပါ ။


ကျွန်တော် ဆိုင်ခန်း ဝယ် နိုင်တယ် ဆိုတာ ကိုယ် လိမ္မာ လို့ပေါ့ ။ မိန်းမ ကိစ္စ လည်း ကင်းတယ် ။ အဲသည် ကိစ္စ လုပ်တဲ့ သူ လာဘ် တိတ်တယ် ။


အချို့ မိန်းကလေးတွေ က စမ်းတာ ရှိတယ် ။ ကျွန်တော် က နှမသားချင်း လို နေခဲ့တော့ အခုအထိ ဘယ်အိမ် ဝင်ဝင် ကျွန်တော် လိပ်ပြာသန့်သန့် ဝင်လို့ ရတယ် ။ ကျွန်တော် နဲ့ ဆို ဘယ် သွားသွား မောင်ဖွားမိဘ က စိတ်ချတယ် ။


ကျွန်တော် ဇာတ် က ရင်း ရတဲ့ ငွေ နဲ့ မန္တလေးဈေးချို ထဲ မှာ ဆိုင်ခန်း တစ်ခန်း စ ဝယ်တယ် ။ ဆိုင်ခန်း သာ ဝယ်တာ ဘာ ရောင်းမှာလဲ မဆုံးဖြတ်ရ သေးဘူး ။ ဆိုင်ခန်း က ဒီရုံ ၊ အထည်ရုံ ထဲ မှာ မို့ အထည် ရောင်းဖြစ် သွားတာပါ ။


မင်းသား ချည်ချောလုံချည် နဲ့ မင်္ဂလာမောင်နှံ အတွက် ပိုးထည် ရောင်းတယ် ။ ကျွန်တော့် မျိုးရိုး ထဲ မှာ ဈေးသည် မရှိပါဘူး ။ မိဘတွေ ကလည်း တောင်သူလယ်သမား တွေ ပါ ။ ကျွန်တော့် ဇနီး မသဉ္ဇာလတ် က လည်း ဈေးသမား မဟုတ်ဘူး ။ အခု သင်္ချာ အဓိက နဲ့ မဟာသိပ္ပံ တက် နေတယ် ။


ကျွန်တော် က ဇာတ် က နေရင်း က ပဲ တစ်နေ့ မှာ ဇာတ် က တာ နားပြီး စီးပွားရေး လောက ကို ဇောက်ချ လုပ်မယ်လို့ ဆုံးဖြတ် ထားတာပါ ။ ကိုယ့် ကို ချစ် တဲ့ သူတွေ ဝိုင်းဝိုင်းလည် နေတာ ၊ က မယ် ဆို က လို့ ရသေးတယ် ။ ဒါပေမယ့် ကိုယ် လုပ်နိုင် ကိုင်နိုင် တဲ့ အရွယ် ကောင်းတုန်း မှာ စီးပွားရေး လုပ်မယ် လို့ ဆုံးဖြတ် လိုက်တာပါ ။


ဈေးချို ထဲ ဝင် တိုးဖို့ ဆိုတာ လွယ်တာ တော့ မဟုတ်ပါဘူး ။ ကျွန်တော့် ကို တော့ အနုပညာ သံယောဇဉ် နဲ့ လိုက်လာပြီး အားပေးကြတာ လည်း ရှိတယ် ။ ကိုယ် က လည်း ကြိုးစားတယ် ။ လှေကားထစ်များ တစ်ထစ်ချင်း တက် သလိုပဲ ကျွန်တော် တက် နေပါတယ် ။


ကျွန်တော့် လုပ်ငန်း တိုးတက်တယ် ဆိုရာ မှာ ကြိုးစားမှု နဲ့ စေတနာ ကြောင့် လို့ ထင်တယ် ။ ကျွန်တော် က ပစ္စည်း ဝယ်ရာ မှာ ဈေးနှုန်း ကောင်းကောင်း ပေး ဝယ်တယ် ။ ပစ္စည်း ကောင်း ကျွန်တော် ရတယ် ။ ပြန် ရောင်းတဲ့ အခါ အမြတ် နည်းနည်း ပဲ ယူ ပြီး ဈေး သက်သက်သာသာ နဲ့ ရောင်းတယ် ။ သည် စကား ကို လူတိုင်း ပြောကြတာပါပဲ လို့ ဆိုမှာပဲ ။ ကျွန်တော် က တော့ ဥပမာ - သဲတောဝမ်းတွင်း က လုံချည် ဝယ်တယ် ဆိုပါတော့ ၊ စက်ရုံတွေ အများကြီး က လုံချည်တွေ ထွက်တယ် ။ ကျွန်တော် ဝယ်မယ့် စက်ရုံ က လုံချည် တစ်ထည် ကို ဝယ်ပြီး အိမ် မှာ ဆပ်ပြာမှုန့် နဲ့ ကျကျနန စိမ် ၊ ထုရိုက် လျှော်ဖွပ် ကြည့်တယ် ။ ဆေးရောင် ကျွတ်သလား ၊ ချည်သား ကောင်းရဲ့လား ကြည့်ပြီး မှ ဝယ်တယ် ။ ကိုယ် ပြန် ရောင်းတဲ့ အချိန် မှာ လည်း တစ်ထည် ကို တစ်ဆယ် ၊ ဆယ်ငါးကျပ်စား နဲ့ ပဲ ရောင်းတယ် ။


ပိုးထည် ရောင်းရာ မှာ လည်း အဆင်အသွေး ကို ဆန်းသစ် လှပ နေအောင် ဒီဇိုင်း လှလှလေးတွေ ဖော်တယ် ။ ကိုယ် တွေ့ တဲ့ ပန်းပွင့်ကလေး လှ ရင် ယူ ထားတယ် ။ ချိတ်ကြိုးကလေး တွေ လှရင် မှတ်ထား လိုက်တယ် ။ ဒါတွေ ကို ပေါင်းစပ်ပြီး ကျွမ်းကျင်တဲ့ ရှေးဆရာကြီးတွေ ကို ပင်စား ရေးခိုင်းတယ် ။ ပင်စားခ သုံးသောင်း လောက် ပေး ရတယ် ။ ဒီဇိုင်း လှလှ ၊ သူများ ဆီ မှာ မရှိတာ ကိုယ့် ဆိုင် မှာ ရှိတော့ ပို ရောင်းရတာပေါ့ ။


မင်းသား လုပ်ရတာ ကို ကျွန်တော် ပို ပျော်ပါတယ် ။ ကိုယ် လုပ်ချင်တာ ကို ချက်ချင်း အကောင်အထည် ဖော်လို့ ရတယ် ။ နေ့ မှာ စဉ်းစားမိတာ ကို ည မှာ ချက်ချင်း ထ က လို့ ရတယ် ။ ကိုယ် တင်ပြချင်တဲ့ စိတ်ကူးကလေး ပရိသတ် ကို ချက်ချင်း တင်ပြလို့ ရတဲ့ ပီတိ က သိပ် ကောင်းတာ ၊ ပြီးတော့ နယ်တကာ ကို လည်း ရောက် ရတယ် ။ ဘုရားစုံ လည်း ဖူးရတယ် ။ မိတ်ဆွေတွေ လည်း တိုးတယ် ။


အခု ဈေးချို ထဲ ရောက် တော့ ဇာတ်မင်းသား တုန်း က လို ပျော်ရွှင်မှုမျိုး ပီတိမျိုး တော့ မခံစားရတော့ဘူးပေါ့ ။ ဒါပေမယ့် ပိုးထည် ကို ဒီဇိုင်း လှလှ ၊ အသစ် အဆန်းလေး ဖော်ပေးလို့ ထွက်လာတဲ့ အထည် ကို ကြည့်မိတိုင်း ပီတိ တစ်မျိုး ခံစားရတယ် ။ ကိုယ် တီထွင် လိုက်တဲ့ ဒီဇိုင်းလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ထား တာ မြင်ရရင် ကျေနပ်တယ် ။


ဇာတ် က ပြီး ငွေ ရှာရင် မရဘူးလား ၊ ရနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် မလုပ်ချင်ဘူး ။ စီးပွားရေး လောက ထဲ ဝင်တာ က ဘဝ အတွက် အာမခံချက် ပို ရှိတယ် လို့ ကျွန်တော် ထင်တယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

ပါကင်ထုပ်ကြီး


 

❝ ပါကင်ထုပ်ကြီး ❞ 
━━━━━━━━━━━━
    မင်းတင်ထွဏ်း
━━━━━━━━━━━━
( ၁ )

သူ့ ကို ကျုပ်တို့ ရပ်ကွက် က “ ပါကင်ဌေး ” လို့ ကွယ်ရာမှာ ခေါ်ကြတယ် ။ “ ပါကင် ” ဆိုလို့ တလွဲ မထင် နဲ့နော် ။ သူ့ နာမည်ရင်း က ဒေါ်ငွေဌေး ပါ ။ ဒါပေမဲ့ ဘယ် မင်္ဂလာဆောင် မဆို ပစ္စည်း ကို ရောင်စုံစက္ကူ နဲ့ ပါကင် ထုပ်ပြီး လက်ဖွဲ့ လို့ နာမည်ပြောင် ခေါ် ကြတာပါ ။ ကျုပ် တို့ ရပ်ကွက် က မန္တလေးအရှေ့ဘက် ဆင်ခြေဖုံး က ရတနာစု ရပ်ကွက် ပါ ။ အိမ်ခြေ ၂ဝဝ ကျော် ရှိတယ် ။ ဝန်ထမ်း ၊ ပင်စင်စား အနည်းငယ် သာ ရှိပြီး အများစု က လက်လုပ် လက်စား အခြေခံလူတန်းစား တွေ များတယ် ။ သာရေး နာရေး ဆို တတ်အားသမျှ ကူညီကြတယ် ။ မင်္ဂလာ ဆောင် ဆိုရင် သတို့သား ဘက် က ဖိတ်ရင် ၊ ရင်းနှီးရင် ငွေ လက်ဖွဲ့ ကြတယ် ။ သတို့သား မိဘတွေ က မင်္ဂလာ စရိတ် ကုန်ကျတာကိုး ။ သတို့သမီး နဲ့ ရင်းနှီး ရင်တော့ ပစ္စည်း ကို ပါကင် ထုပ်ပြီး လက်ဖွဲ့ကြတယ် ။ ပစ္စည်း က သတို့သား နဲ့ သတို့သမီး ရတာကိုး ။ ဒါက ရပ်ကွက် ထုံးစံ လို ဖြစ်နေပြီ ။

ဒါပေမဲ့ ဒေါ်ငွေဌေး ကတော့ ဘယ်ဘက် က ဖိတ်ဖိတ် ပါကင်ထုပ် ပဲ လက်ဖွဲ့တာ ဆိုတော့ သားရှင် မိဘတွေ က သိပ် မကျေနပ်ကြဘူး ။ သူ့ သား မင်္ဂလာဆောင် လည်း “ ပါကင် ” ထုပ်ပဲ လက်ဖွဲ့မယ် လို့ ကြိမ်း ထားကြတယ် ။

တခြား မကြည့် နဲ့  ၊ ကျုပ် နဲ့ ဒေါ်ငွေဌေး က အိမ်နီးချင်း ၊ မုဆိုးမချင်း ၊ သား တစ်ယောက်ချင်း လည်း အတူတူ ။ သွား အတူတူ လာ အတူတူ ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ။ ဒါတောင် ကျုပ် သား မင်္ဂလာဆောင် မှာ တိုက်ပန်းကန်ပြား ၂ ချပ် နဲ့ ဇွန်းခက်ရင်း ၂ စုံပါတဲ့ လက်ဆောင် ပစ္စည်းကတ် ကို ရောင်စုံစက္ကူ နဲ့ ပါကင် ထုပ်ပြီး လက်ဖွဲ့တာ ။

ကျုပ် လည်း မနေနိုင်လို့ -

“ မငွေဌေး ရယ် ၊ ရှင့် မလဲ မင်္ဂလာဆောင် ဆိုရင် ပါကင်ထုပ် က လွဲပြီး လက်မဖွဲ့တတ်ဘူးလား ” 

လို့ အငေါ်တူး စကား ပြော လိုက်တယ် ။ ဒီတော့ ဒေါ်ငွေဌေး က -

“ ဘာဖြစ်လို့လဲ မအေးကြည် ရဲ့ ၊ ကျွန်မ က ကလေး တွေ အိမ်ထောင်ဦးမှာ လိုတဲ့ ပစ္စည်းတွေ လက်ဖွဲ့ တာလေ ။ ဘာလဲ ပန်းကန်ပြားတွေ များ နေလို့လား ။ ဒါဆိုရင် ထမင်းအုပ် နဲ့ လာလဲလေ ” လို့ ပြောတယ် ။ မခက်လား ။

ဒေါ်ငွေဌေး က မရှိတာလည်း မဟုတ်ဘူး ။ ရပ်ကွက် ထဲ မှာ စတိုးဆိုင် ဖွင့်ထားတယ် ။ သူ့ ဆိုင် က ပစ္စည်း လက်ဖွဲ့တာ ။

ဒါကြောင့် ကျုပ် ကလည်း သူ့ သား အေးထွန်း မင်္ဂလာဆောင် ကျရင် ပြန် လက်ဖွဲ့ဖို့ သူ လက်ဖွဲ့ ထားတဲ့ “ ပါကင်ထုပ် ” ကို သိမ်း ထားတယ် ။

•••••   •••••   •••••

( ၂ )

အေးထွန်း မင်္ဂလာဆောင်တော့မယ် ဆိုတော့ တစ်ရပ်ကွက်လုံး ပျော် သွားကြတယ် ။ သိမ်း ထားကြတဲ့ ပါကင်ထုပ် တွေ ကို ထုတ်ထားကြတယ် ။ ပြန် လက်ဖွဲ့ဖို့လေ ။

ဒါပေမဲ့ ကောင်မလေး က မန္တလေး က မဟုတ်ဘူး ၊ မတ္တရာနယ် ဧရာဝတီမြစ်ရိုး ကျွန်းထဲ က တဲ့ ။ အေးထွန်း နဲ့ ရတနာပုံတက္ကသိုလ် အတူ တက်ကြတာတဲ့ ။ ဘွဲ့ ပြီးလို့ ယူကြမှာတဲ့ ။

“ ဒါဆိုရင် စေ့စပ်ပွဲ သွားရဦးမှာပေါ့ ” 

ကျုပ် က မေးလိုက်တယ် ။

“ မနေ့ က မဟင်္သာ အဖေ ကိုကြီးညို အိမ်လာသွား တယ် ။ ကလေးတွေ ကို မင်္ဂလာဆောင် ပေးဖို့ လာပြော တာ ။ ကျွန်မ က စေ့စပ်ပွဲ လုပ်ပေးရဦးမလား ဆိုတော့ မလုပ်ပါနဲ့ ၊ ပိုက်ဆံ ကုန်ပါတယ်တဲ့ ။ လူကြီး တွေ သဘော တူ နေတာပဲ ၊ မင်္ဂလာဆောင် ပဲ တန်း ဆောင် ပေးရအောင် ဆိုပြီး မင်္ဂလာရက် သတ်မှတ် ပေးသွားတယ် ။ သူ အကုန် လုံး စီစဉ်ထားပါ့မယ် ၊ ကုန်ကျငွေ လည်း စိုက်ထားပါ့ မယ် ။ မင်္ဂလာရက် မတိုင်မီ တစ်ရက် အလိုသာ လာခဲ့ပါ လို့ ပြောသွားတယ် ”

“ ဘာကျွေးမှာလဲ ”

“ ကိုကြီးညို က သူတို့ ဆီ က ထမင်းပဲ ကျွေးတယ် တဲ့ ။ မတတ်နိုင် ရင် အသား ကို သားပြွမ်းကျွေးပါ ။ တတ် နိုင်ရင် ဒယ်ကြီးချက် ကျွေးပါ တဲ့ ”

“ ဒယ်ကြီးချက် ဆို ကုန်မှာပေါ့ ”

“ မကုန်ပါဘူး ၊ သူတို့ နတ်ရွာကုန်း က အိမ်ခြေ ငါးဆယ်ကျော် ပဲ ရှိတာတဲ့ ”

“ ဒါဆိုရင် ရပ်ကွက် ထဲ လည်း မင်္ဂလာ ထပ် ဆောင် ပေါ့ ”

ကျုပ် က သွေးတိုးစမ်း မေးလိုက်တယ် ။

“ အောင်မယ်လေး ... မအေးကြည် ရယ် ၊ ရပ်ကွက်ထဲ မင်္ဂလာ ဆောင်ရင် ပါကင်ထုပ် ပဲ များများ ရမှာပေါ့ ။ ရွာ မှာ မင်္ဂလာ ဆောင် ရင် လက်ဖွဲ့ က ပိုက်ဆံ တင် ရတာ မဟုတ်ဘူး ။ အမျိုး အရင်းတွေ က လယ်တို့ ၊ ကုန်းတို့ ၊ ယာတို့ ၊ နွားတို့ ၊ လှည်းတို့ လက်ဖွဲ့တာ ”

ဒေါ်ငွေဌေး က ကြွားသလို ပြောတော့ ကျုပ် မှာ နားကြားပြင်း ကတ်မိတယ် ။

ရပ်ကွက် ထဲ မှာ မင်္ဂလာ မဆောင်ဘူး ဆိုတော့ ပါကင်ထုပ် တေး ထားသူတွေ ငုတ်တုတ် မေ့ရောပေါ့ ။

•••••   •••••   •••••

( ၃ )

ဖိတ်စာ ကို အိမ်နီးချင်း ၁ဝ အိမ် ၊ ၁၅ အိမ် လောက် ဖိတ်တယ် ။ တစ်နေ့ လုပ်မှ တစ်နေ့စား ရသူတွေမို့ ၂ ရက် လောက် အလုပ် ပျက် မခံနိုင်လို့ မလိုက်နိုင်ကြဘူး ။

“ မလိုက်တော့ပါဘူး ဒေါ်ငွေဌေး ရယ် ၊ အပြန် ကျမှပဲ လက်ဖွဲ့ပါ့မယ် ” လို့ ပြောကြတယ် ။ အပြန် ကျရင်ပါ ကင်ထုပ်တွေ လက်ဖွဲ့ မှာ သေချာတယ် ။

ကျုပ် ကတော့ မကောင်းတတ်လို့ လိုက်တယ် ။ ပါကင်ထုပ် ပဲ လက်ဖွဲ့ ဖို့ အိတ်ထဲ ထည့် ယူသွားတယ် ။

ကား က ရပ်ကွက် ထဲက ကိုကျော်လေး ရဲ့ လိုက်ထရပ်ကား ကို ငှားတယ် ။ သွား မှာ က ဒေါ်ငွေဌေး တို့ သားအမိ ရယ် ၊ ကျုပ် ရယ် ၊ ဒေါ်ငွေဌေး က လက်ဖွဲ့ခုံ ထို င်ဖို့ ဖိတ်လာတဲ့ လူပျိုခေါင်း ချစ်ဆောင် ရယ် ပဲ ပါတယ် ။

အေးထွန်း နဲ့ ချစ်ဆောင် က ကားရှေ့ခေါင်း မှာ ထိုင်တယ် ။ ကျုပ် နဲ့ ဒေါ်ငွေဌေး က ကား နောက်ခန်း မှာ ထိုင်တယ် ။

နေ့လယ် ကျ မှ ကား ထွက် ခဲ့ကြတယ် ။

“ မငွေဌေး က လည်း လူလေး ဒီလောက် ပါတာ ခွေးဘီလူးကား လောက် ငှား ပြီးတာပဲ ”

ကျုပ် က ပြောလိုက်တယ် ။

“ မအေးကြည် ဘာသိလို့လဲ ၊ အပြန် ကျရင် သတို့သမီး လည်း ခေါ်ခဲ့ဦးမယ် ။ လက်ဖွဲ့ပစ္စည်းတွေ လည်း တင်ရဦးမယ် လေ ”

ဒေါ်ငွေဌေး က ပြုံးရယ်ပြီး ပြောတယ် ။ တစ်လမ်းလုံး ဒေါ်ငွေဌေး က စကားတွေ ဖောင်ဖွဲ့ ပြောလာတယ် ။ ရယ်မောပြီး ပျော် နေပုံရတယ် ။ မတ္တရာ ရောက် တော့ လက်ဖက်ရည် ဝင်သောက် ကြတယ် ။ စားရင်း သောက်ရင်း နဲ့ ဒေါ်ငွေဌေး က ကျုပ် ကို - “ မောင်ချစ်ဆောင် နဲ့ အတူ မအေးကြည် လည်း လက်ဖွဲ့ခုံ ထိုင်ပေးနော် ။ ကိုကြီးညို က ငွေ ရော ၊ လက်ဖွဲ့ ပစ္စည်း ရော ကျွန်မ ကို အားလုံး သိမ်းသွားပါလို့ ပြောထား တယ် ” လို့ ပြောတယ် ။

“ ရပါတယ် ၊ ဒါဆိုရင် လက်ဖက်ရည် နဲ့ မရဘူး ။ မုန့်တီ ပါ မှာစားမယ် ” လို့ ကျုပ် က ပြောပြီး မုန့် မှာတယ် ။

“ စားပါ... စားပါ ”

ဒေါ်ငွေဌေး က မချိသွားဖြဲ ပြောတယ် ။

စားသောက် ပြီးလို့ ငွေရှင်းမယ် လုပ်မှ ဒေါ်ငွေဌေး က သူ့အိတ် ထဲ ရှာရင်း -

“ ဟောတော့ ပိုက်ဆံအိတ် မေ့ကျန်ခဲ့ပြီ ” လို့ ပြောတယ် ။ ကျုပ် က -

“ ဘယ် မေ့ကျန်ခဲ့တာလဲ ” လို့ မေးလိုက်တယ် ။

“ အိမ်ပေါ့ ၊ မနေ့ည က ငွေသုံးသိန်း ပိုက်ဆံအိတ် ထဲ ထည့်ပြီး ခေါင်းအုံး အောက် ထားအိပ်ခဲ့တာ ၊ မနက် ကျ တော့ အဝတ်အိတ် ထဲ ထည့်ဖို့ မေ့သွားတယ် ။ အိမ်ပြန် ယူ မှ ဖြစ်မှာ ”

“ မင်္ဂလာပွဲ သွားတယ် ဆိုတာ နောက်ပြန် မ လှည့်ကောင်းဘူးတဲ့ မငွေဌေး ရဲ့ ”

ကျုပ် က ကြားဖူးနားဝ စကား ပြောလိုက်တယ် ။

“ မပြန်လို့ မဖြစ်ဘူး မအေးကြည် ရဲ့ ၊ မင်္ဂလာပွဲ ပြီးရင် ကုန်ကျငွေ ရှင်းပေးရဦးမှာလေ ” 

ဒေါ်ငွေဌေး က စိုးရိမ်သံ နဲ့ ပြောတယ် ။

“ ဒါတော့ မပူနဲ့ ၊ ဒေါ်ငွေဌေး ကုန်ကျငွေကို လက်ဖွဲ့ ငွေ ထဲ က ရှင်း လိုက်ရင် ရပါတယ် ”

ကိုချစ်ဆောင် က ပြော လိုက်သည် ။ ကိုချစ်ဆောင် က ရပ်ကွက် ထဲ က မင်္ဂလာဆောင် တိုင်း လက်ဖွဲ့ခုံ ထိုင် နေကျ ဖြစ်တယ် ။

“ ဒါဆို ကောင်းတာပေါ့ ၊ ကဲ သွားစို့ ”

ဒေါ်ငွေဌေး က ပျော် သွားပြီး နေရာ က ထ,လိုက်တယ် ။

“ သွားလို့ မဖြစ်သေးဘူး ၊ လက်ဖက်ရည်ဖိုး ဘယ်လို ရှင်းမှာလဲ ”

ကျုပ် က မေးလိုက်တယ် ။

“ ဟုတ်သားပဲ ၊ အေးထွန်း မင်း မှာ ပိုက်ဆံ ဘယ်လောက် ပါလဲ ”

ဒေါ်ငွေဌေး က သူ့ သား ကို မေးလိုက်တယ် ။

“ မပါဘူး အမေ ၊ မနေ့ည က သူငယ်ချင်းတွေ နဲ့ ဘက်ချလာနိုက် လုပ် လိုက်လို့ ကုန်သွားပြီ အမေ ” 

အေးထွန်း က တိုးတိုး ပြောတယ် ။

“ ဘဲသားဟင်း ချက်တာ နဲ့ ဒီလောက် ကုန်သလားဟဲ့ ”

ဒေါ်ငွေဌေး က သူ့သား ဆူတော့ အေးထွန်း က ပြုံးစိစိ ဖြစ်သွားတယ် ။

“ ကဲ အချိန် မရှိဘူး ၊ အနောက်တိုင်းစတိုင် ကိုယ် စားတာ ကိုယ် ရှင်းကြရအောင် ”

ကားသမား ကိုကျော်လေး က သူ့ အတွက် သူ ရှင်းပြီး ကား ဆီ ထွက်သွားတယ် ။

“ ကျွန်တော် ကတော့ ဒေါ်ငွေဌေး က လက်ဖွဲ့ခုံ ထိုင် ဖို့ ဖိတ်လာလို့ ပိုက်ဆံ မပါဘူး ဟဲ ”

ကိုချစ်ဆောင် က ပြောပြီး ခေါင်းပွတ် ထွက်သွား တယ် ။ အေးထွန်း က လည်း မယောင်မလည် လိုက်သွား တယ် ။ ဆိုင် ထဲ မှာ ဒေါ်ငွေဌေး နဲ့ ကျုပ် ပဲ ကျန်တယ် ။ စားပွဲထိုးလေး က ငွေ ယူဖို့ အနား မှာ စောင့်နေတယ် ။

“ မအေးကြည် ရှင့် မှာ ပိုက်ဆံ ဘယ်လောက် ပါလဲ ” 

ဒေါ်ငွေဌေး က ကျုပ် ကို ကြည့်ပြီး မေးတယ် ။

“ ငါးထောင် ပါတယ် ”

“ လက်ဖွဲ့ဖို့ မဟုတ်လား ၊ အခု ကတည်း က လက်ဖွဲ့ လိုက်လေ .... ပေး .. ”

ဒေါ်ငွေဌေး  ကလည်း လက်ဖြန့် တောင်းတယ် ။

ကျုပ် မှာ အဖြေရ ကျပ် သွားတယ် ။ လက်ဖွဲ့ မှာ က သူ လက်ဖွဲ့ထားတဲ့ ပါကင်ထုပ် ။ အဝတ်အိတ် ထဲ မှာ ပါတယ် ။ ငွေ က လိုလိုပိုပို ယူလာတာ ။

“ ကဲပါ မအေးကြည် ရယ် ခရီး ဖင့်ပါတယ် ၊ မြန်မြန် ပေးစမ်းပါ ။ ရှင် က လက်ဖွဲ့ခုံ ထိုင်မှာပဲ စာရင်း မှတ် လိုက်ပေါ့ ”

ကျုပ် က ဒေါ်ငွေဌေး ကို မပေးချင် ပေးချင် နဲ့ ငွေ ၅ဝဝဝ ထုတ်ပေး လိုက်ရတယ် ။ လက်ဖက်ရည်ဖိုး ရှင်းပြီး ခရီးဆက် ထွက်ခဲ့ကြတယ် ။ ဒါဆို ပါကင်ထုပ် လက်မဖွဲ့ ရတော့ဘူး ။ ဟူး ... ။

•••••   •••••   •••••

( ၄ )

မတ္တရာ က နေ မြောက်ဘက် ကားလမ်း အတိုင်း ဆက် ထွက်ခဲ့ကြတယ် ။ ရက်ကန်းစင်တောင် ရောက်တော့ မြေနီလမ်း အတိုင်း ကား ကို အနောက်ဘက် မောင်း ခဲ့ ကြတယ် ။

မြစ်ရိုး ရောက်တော့ ကူးတို့ဆိပ်ကမ်း တစ်ခုကို ကွေ့ တယ် ။ စိုက်ခင်းတွေ နဲ့ စိမ်းစိုနေတဲ့ မြေနုကျွန်းကြီး ကို လည်း လှမ်း မြင်နေရတယ် ။ ကျွန်း ထဲ မှာ ခြေတံရှည် အိမ်တွေ ၊ ရွာတွေ မြင်နေရတယ် ။

ကျွန်းထဲ ကို ကားနဲ့ တိုက်ရိုက်သွားလို့မရဘူး ။ တံတား မရှိဘူး ။ လူတွေ က လှေနဲ့ ကူးကြတယ် ။ ဆိုင်ကယ် ၊ လှည်း ၊ ထော်လာဂျီ နဲ့ ကား ကတော့ သမ္ဗန် ပေါ်တင် ပြီး ကူးကြတယ် ။ ကူးခ ၁ဝဝဝ ပေးရတယ် ။

“ ကိုကျော်လေး သမ္ဗန်ခ စိုက်ထားဦးနော် ” 

ဒေါ်ငွေဌေး က  မျက်နှာချိုသွေး ပြောတယ် ။

“ ဟဲ .. ဟဲ ရပါတယ် ၊ လက်ဖွဲ့စာရင်း ထဲ ထည့် လိုက်မလေ ”

ကိုကျော်လေး က ရယ်ပြီး ပြောတယ် ။

“ အောင်မယ် ဘယ်ရမလဲ ၊ ကျွန်မ က ကား ကို တစ်ရက် ငါးသောင်း အကျန်ပေး ငှားခဲ့ရတာ ။ လက်ဖွဲ့ငွေ က တစ်သောင်း လောက် တော့ ထည့်မှပေါ့ ”

ဒေါ်ငွေဌေး က ပြူးတူးပျာတာ နဲ့ ပြောတယ် ။

“ အဲဒါတော့ အိမ် က မိန်းမ နဲ့ တိုင်ပင်ရဦးမှာ ။ မိန်းမ က ပြောတယ် ၊ ဒေါ်ငွေဌေး သား မင်္ဂလာဆောင် ဖိတ် ရင် ပါကင်ထုပ် လက်ဖွဲ့ဖို့ လုပ်ထားတယ်တဲ့ ” 

ကိုကျော်လေး က ကွမ်းဝါးရင်း နဲ့ ဗလုံးဗထွေး ပြောတယ် ။ ဒေါ်ငွေဌေး က မျက်နှာ မဲ့သွားတယ် ။ ကျုပ် က ကျိတ်ပြီး ရယ်တယ် ။

ကျွန်း ထဲ ရောက်တော့ လှည်းလမ်းကြောင်း အတိုင်း ကား ကို မောင်း ခဲ့ကြတယ် ။ ကျွန်း ပေါ် မှာ လှည်း ထက် ဆိုင်ကယ် တွေ ၊ ထော်လာဂျီတွေ က သွားလာ နေ ကြတာ များတယ် ။

ရွာ ဆိုပေမဲ့ အိမ်ခြေ ၅ဝ လောက် စုဖွဲ့ နေကြတယ် ။ တစ်ရွာ နဲ့ တစ်ရွာ လည်း အလှမ်း သိပ်မဝေးဘူး ။ အသံချဲ့ စက် က ဖွင့်တဲ့ တွံတေးသိန်းတန် သီချင်း လည်း ကူးတို့ ဆိပ် ကတည်း က ကြားနေရတယ် ။ ရွာ ၃ ရွာ ကျော် တော့ နတ်ရွာကုန်း ကို ရောက်တယ် ။

ကား က ဝင်းကျယ် ထဲ ဝင်ခဲ့တယ် ။ နှစ်ဆောင်ပြိုင် အိမ်ကြီး ဘေးမှာ မင်္ဂလာမဏ္ဍပ် ထိုး ထားတယ် ။ မဏ္ဍပ် ထိပ် ကနေ အသံချဲ့စက် ဖွင့် နေတယ် ။ မဏ္ဍပ်ဘေး မှာ ထမင်းရုံ ၂ ရုံ ဆောက် ထားတယ် ။

ကား ရပ်တော့ အသားညိုညိုချောချော ကောင်မလေး တစ်ယောက် ကား နား ပြေးလာပြီး ကြိုတယ် ။

“ အဲဒါ ကျွန်မ ချွေးမ မဟင်္သာ တဲ့ ”

ဒေါ်ငွေဌေး က ကျုပ် ကို ပြောတယ် ။ ကား ပေါ်က ဆင်း လိုက်ကြတယ် ။

မဏ္ဍပ် ထဲ မှာ ဆတ်တွန့် တွေ ၊ ဘောလုံး တွေ ချိတ်ဆွဲနေကြတယ် ။ ထမင်းရုံ ဘေး မှာ ယောက်ျား ၊ မိန်းမ ထမင်းချက် နေကြတယ် ။ ထမင်းရုံ ထဲ မှာ ထမင်းစား နေ ကြတယ် ။

“ အမေ အိမ်ပေါ် ခဏ နားကြပါဦးလား ၊ နောက်မှ ထမင်း စားကြတာပေါ့ ”

မဟင်္သာ က ဒေါ်ငွေဌေး နား လာပြီး ပြောတယ် ။

“ ထမင်းကျွေး နေတာလား ”

ဒေါ်ငွေဌေး က ထမင်းရုံ ဘက် ကြည့်ပြီး မေးတယ် ။

“ ဟုတ်တယ် အမေ ၊ လာရောက် ကူညီကြတဲ့ သူတွေ ကို ကျွေးတာ ” 

မဟင်္သာ က ဖြေတယ် ။

“ ထမင်းရုံ က နှစ်ရုံတောင် နော် ”

ကျုပ် က စပ်စု လိုက်တယ် ။

“ ဟုတ်တယ် အဒေါ် ၊ တစ်ရုံ က ရွာ အတွက် ၊ တစ်ရုံ က အခြား ရွာတွေ အတွက်လေ ”

မဟင်္သာ က ဖြေတယ် ။ ကျုပ်တို့ မဟင်္သာ နောက် ကနေ အိမ်ပေါ် တက်ခဲ့ကြတယ် ။

အိမ်ပေါ် ထပ် မှာ ပြတင်းပေါက် နား သင်ဖြူး နဲ့ ခေါင်းအုံး ခင်း ထားတယ် ။ ခန်းမအလယ် မှာ ထမင်းစား ပွဲဝိုင်းကြီး ချထားတယ် ။ စားပွဲ ပေါ် မှာ လက်ဖက်ရည်ကြမ်း ၊ လက်ဖက် ၊ မုန့်ပေါက်ကြော် ၊ မုန့်ဆီကြော် ၊ မုန့်လက်ကောက်ကြော် ၊ ငှက်ပျောထုပ် ၊ ငှက်ပျောသီး ၊ ပြောင်းဖူးပြုတ် တို့ နဲ့ ပြည့်နေတယ် ။

“ အမေ ... အမောပြေ သုံးဆောင်ပါဦး ”  

မဟင်္သာ က ပြောတော့ အားလုံး စားပွဲဝိုင်း မှာ ဝိုင်း ထိုင်လိုက်ကြတယ် ။ အားရပါးရ ယူ စားကြတယ် ။ ခဏ နေတော့ အသားမည်းမည်း လူ တစ်ယောက် အိမ်ပေါ် တက်လာတယ် ။

“ ကိုကြီးညို အလုပ် များ နေတာလား ” 

ဒေါ်ငွေဌေး က မေး လိုက်တယ် ။

“ ဟုတ်သဗျာ ၊ သမီး မင်္ဂလာဆောင် ဆိုတော့ ဟာကွက် မရှိအောင်လို့ နေရာတကာ လိုက် ကွပ်ကဲ နေရတာ ။ နောက်ပြီး ကျုပ် သား အကြီးကောင် က ဖားကန့် ၊ အလတ် ကောင် က မိုးကုတ် ၊ သမီးအကြီး က  စင်ကာပူ ရောက် နေ ကြတော့ ကျုပ် မှာ ကိုယ်ခွဲ မရှိဘူးလေ ”

ဦးကြီးညို က အာလာပသလ္လာပ စကား ပြောပြီး အိမ်ပေါ် က ဆင်း သွားတယ် ။

ဗိုက် တင်းတော့ သင်ဖြူး ပေါ် မှာ ခဏ လှဲကြ တယ် ။ ကျုပ် မှေးခနဲ အိပ်ပျော် သွားတယ် ။ မဟင်္သာ က ထမင်းစား ဖို့ လာ ခေါ်မှ နိုးတယ် ။ အောက်ကို ဆင်းခဲ့ကြတယ် ။

ထမင်း က အသားသားပြွမ်း ၊ ငှက်ပျောဖူးသုပ် ၊ ငရုတ်ကြော်တောင့် နဲ့ စားရတော့ မြိန်လှတယ် ။ ထမင်း စားပြီးတော့ ဒေါ်ငွေဌေး က အိမ် ပေါ် ပြန် တက် သွားတယ် ။ ကျုပ် နဲ့ ကိုချစ်ဆောင် က ချက်ပြုတ် တဲ့ ဘက် ရောက် သွားတယ် ။ အသားဟင်း တွေ ချက်ပြီး ပြီ ။ ဒယ်အိုးကြီး ၂ဝ စာ လောက် ချက်ထားတာ ။

“ အိမ်ခြေ ငါးဆယ် လောက် ကျွေးမှာ ဟင်း က ဒီလောက် ချက်ရသလား ”

ကျုပ် က မနေနိုင်လို့ အနား က အမျိုးသားကြီး တစ်ယောက် ကို မေး လိုက်တယ် ။

“ ဖိတ်တာ က ဒီ ရွာ တစ်ရွာတည်း မဟုတ်ဘူးဗျ ။ ကိုကြီးညို က သူ့ သမီး မင်္ဂလာဆောင် စည်အောင် ဆိုပြီး ကျွန်းထဲ တစ်နယ်လုံး ဗျိုး ဟစ်ထားတယ် ။ ဒယ် နှစ်ဆယ် တောင် မလောက်လောက်ဘူး ။ ငါးဒယ် လောက် အရန် လုပ် ထားရတယ် ”

လို့ ပြောတယ် ။ ကျုပ် လည်း မစပ်စုတော့ပါဘူး ၊ အိမ် ပေါ် ပြန် တက်ခဲ့တယ် ။

“ မငွေဌေး တော့ ပွပြီ ၊ လက်ဖွဲ့ငွေ နဲ့ ပစ္စည်းတွေ အများကြီး ရမှာ ” လို့ ကျုပ် က ဒေါ်ငွေဌေး ကို အားရဝမ်းသာ ပြော လိုက်တယ် ။ ဒေါ်ငွေဌေး မျက်နှာကြီး က ပြုံးလို့ ။

•••••   •••••   •••••

( ၅ )

မင်္ဂလာဆောင် က ဝေလီဝေလင်း ကတည်း က စ တယ် ။ ထမင်းရုံ က စည်လွန်းလို့ အသံချဲ့စက် နဲ့ တား ယူရတယ် ။

လက်ဖွဲ့ ခုံ မှာ ကိုချစ်ဆောင် က ငွေစာရင်း ကိုင်တယ် ။ ကျုပ် က ပစ္စည်းစာရင်း ကိုင်တယ် ။

“ ကျုပ် က နှစ်လုံး ” 

“ ငါ က လေးလုံး ”

ပဲထုပ်လေး တွေ ကိုင်ပြီး လက်ဖွဲ့ ကြတယ် ။ ကျုပ် မှာ အံ့သြရင်း နဲ့ စာရင်းမှတ် နေရတယ် ။ လက်ဖွဲ့ခုံ နား မှာ တောင်းလေးတွေ ချ ထားတယ် ။ တောင်းတွေ ထဲ တူရာတူရာ ပဲထုပ်တွေ ထည့် သွားကြတယ် ။ ပဲ က တော့ စုံတယ် ။ မြေပဲ ၊ မတ်ပဲ ၊ ကုလားပဲ ၊ ပဲကြား ၊ ပဲကြီး ၊ ပဲစင်းငုံ ။

ဒေါ်ငွေဌေး က ကျုပ် နား ခဏ လာရပ်တယ် ။ မျက်နှာလေး က အို နေရှာတယ် ။ ကိုချစ်ဆောင် ဘက် သွား တယ် ။ အဲဒီမှာ လူ ရှင်း နေတယ် ။ ဒေါ်ငွေဌေး မျက်နှာ ဆီးရွက် လောက်ပဲ မြင်ရတော့တယ် ။

မင်္ဂလာဆောင် က မနက် လင်းတော့ လူ ရှင်းပြီ ။ စာရင်းချုပ် လိုက်တော့ ငွေ က ၁ သိန်း မပြည့်ဘူး ။ ပဲ တွေ ကတော့ တော်တော် ရတယ် ။ ဦးကြီးညို က ပဲတွေ ကို ပီနံအိတ် ထဲ ထည့် ခိုင်း နေတယ် ။

ဦးကြီးညို က ဒေါ်ငွေဌေး ကို ကုန်ကျငွေ စာရင်း လာပေးတယ် ။ ၁၅ သိန်း ကျော်တယ် ။ ဒေါ်ငွေဌေး မျက်နှာ မန်ကျည်းရွက် လောက် ရှိတော့တယ် ။

“ ဟို ပိုက်ဆံအိတ် က အိမ် မေ့ လာခဲ့လို့ နောက်မှ ရှင်း ရင် ရမလား ”

လို့ တုန်တုန်ယင်ယင် မေးရှာတယ် ။

“ ရပါတယ်ဗျာ ၊ နောက်မှ ပေးပါ ။ ကျုပ်က ကျုပ် သမီး မင်္ဂလာပွဲ ဒီလို စည်စည်ကားကား ဖြစ်သွားတာ ကို ဝမ်းသာ နေတာ ”

ဦးကြီးညို က ဝမ်းသာပေမဲ့ ဒေါ်ငွေဌေး က ဝမ်း ထဲ မှာ ငိုရှိုက် နေရပြီ ။ သူ့ ကို ကြည့်ပြီး ကျုပ် စိတ် မကောင်း ဖြစ်မိတယ် ။

“ ဟေ့ လက်ဖွဲ့ပစ္စည်းတွေ အားလုံး ကားပေါ် တင်ကြ ”

ပဲအိတ်တွေ ကို ကားပေါ် တင်ကြတယ် ။ ပြန်ဖို့ ကားပေါ် တက်ကြတယ် ။ အေးထွန်း နဲ့ မဟင်္သာ က နေခဲ့ကြတယ် ။ ကားစက် နိုးသွား မှ ဦးကြီးညို က ပျာပျာသလဲ နဲ့

“ ဟိုး .. ဟိုး ... နေဦး နေဦး မဟင်္သာ အစ်ကို နဲ့ အစ်မတွေ က လှမ်း လက်ဖွဲ့ လိုက်တဲ့ ပစ္စည်း တွေ ကျန် သေးတယ် ။ ဟဲ့ ယူခဲ့ကြပါဟဲ့ ” လို့ ပြောတယ် ။

လူငယ် ၃ ယောက် က အိမ်ပေါ် ထပ် ကနေပြီး စက္ကူအညို နဲ့ ထုပ်ထားတဲ့ ပါကင်ထုပ်ကြီး ၃ ထုပ် မ, သယ် လာကြတယ် ။ ကားပေါ်  တင် ပေးကြတယ် ။ လမ်း ရောက်တော့ ကျုပ် က -

“ မငွေဌေး ရှင် တော့ ပွပြီ ၊ ဖားကန့် က ပို့တာဆို တော့ ကျောက်စိမ်းတုံး နေမှာ ။ တစ်ထုပ် က မိုးကုတ် က ပို့တာ ဆိုတော့ ပတ္တမြား နေမှာ ။ ကျန် တစ်ထုပ် က စင်ကာပူ က ပို့တာ ဆိုတော့ စင်ကာပူဒေါ်လာ တွေ နေမှာ ”

လို့ ပြောလိုက်တယ် ။ ပါကင်ထုပ် တွေ ကြည့်ရင်း ဒေါ်ငွေဌေး မျက်နှာ တဖြည်းဖြည်း ပြန် ပြည့် လာတယ် ။

•••••   •••••   •••••

( ၆ )

ဒေါ်ငွေဌေး အိမ် ရောက် တော့ အိမ်နီးချင်းတွေ က ဝိုင်း ကြိုကြတယ် ။

“ အိတ်တွေ အများကြီး ပါလား ”

“ ဟာ ပါကင်ထုပ်ကြီး သုံးထုပ် ရော ”

တအံ့တသြ ဖြစ်နေကြတယ် ။

“ ကဲ ကူချကြပါဦး ”

ကျုပ် က ပြောမှပဲ အိတ်တွေ နဲ့ ပါကင်ထုပ်ကြီး ၃ ထုပ် ကို ကား ပေါ် ကနေ အိမ် ထဲ ကူ ချကြတယ် ။

“ ပါကင်ထုပ်ကြီး တွေ က ဘာတွေတုံး ”

သိချင် လို့ မေးကြတယ် ။ ကျုပ် လည်း သိချင် နေတယ် ။ ဒေါ်ငွေဌေး လည်း သိချင်ပုံ ရတယ် ။

ကိုချစ်ဆောင် က -

“ ပါကင်ထုပ်ကြီး တွေ ဖြေလိုက်မယ်နော် ” လို့ ပြောတော့ ဒေါ်ငွေဌေး က ခေါင်းညိတ် ပြတယ် ။

ကိုချစ်ဆောင် က ပထမ ပါကင်ထုပ်ကြီး ကို ဖွင့် လိုက်တယ် ။ ကျောက်ပျဉ် နဲ့ သနပ်ခါးတုံး ။

“ ဟာ ... ”

ဒုတိယ ပါကင်ထုပ် ကို ဆက် ဖွင့်တယ် ။ ငရုတ်ဆုံ နဲ့ ငရုတ်ကျည်ပွေ့ ။

“ ဟင် ... ”

တတိယ ပါကင်ထုပ်ကြီး ကို ဖွင့်လိုက်တယ် ။ ဓားသွေးကျောက် နဲ့ ဓားမတို ။

“ အို ... ”

အားလုံး ပါးစပ် အဟောင်းသား ၊ မျက်လုံး အပြူးသားတွေ ဖြစ် သွားကြတယ် ။

ဒီ အထဲ မှာ ‘ ပါကင်ဌေး ’ က အဆိုးဆုံး ။   ။

⎕ မင်းတင်ထွဏ်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အောက်တိုဘာလ ၊၂၀၁၅ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Thursday, August 29, 2024

အဏ္ဏဝါ မေတ္တာ


 

❝ အဏ္ဏဝါ မေတ္တာ ❞
━━━━━━━━━━━━
         ခိုင်လင်း
━━━━━━━━━━━━
ကျွန်တော် သည် ဘွဲ့ရပြီး နောက် အလုပ်အကိုင် ရှာဖွေရင်း နောက်ဆုံးတော့ နိုင်ငံခြား သင်္ဘော တစ်စီး တွင် ဆက်သွယ်ရေးအရာရှိ ဖြစ်သွားခဲ့သည် ။ ကျွန်တော်တို့ သင်္ဘော သည် စင်္ကာပူ တွင် ရုံးစိုက်ပြီး မလေးရှား ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ကိုရီးယား နှင့် ဟောင်ကောင် သို့ ခရီး ဆက်သော ကမ်းရိုးတန်းသွား သင်္ဘော ဖြစ်သည် ။ စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ စသည့် “ ဘာ ” လေးဘာ မှ လွဲလျှင် တောင်တရုတ်ပင်လယ်ပြင်သည် ချစ်စရာ ကောင်း လောက်အောင်ပင် အေးချမ်း ငြိမ်သက် နေတတ်သည် ။

ကျွန်တော်တို့ သင်္ဘော ကပ္ပတိန် မှာ မလေးတရုတ်လူမျိုး ဖြစ်ပြီး သင်္ဘော သွားရင်း ငါးမျှားကြိုး တန်း၍ ငါးဖမ်းလေ့ ရှိသည် ။ ခုနှစ်ပေ ၊ ရှစ်ပေရှိသော ငါးကြီးများ ကိုပင် မကြာခဏ ဖမ်းမိ တတ်သည် ။ ငါး တစ်ကောင် ကောင် ဖမ်း မိလျှင် ကျွန်တော် တို့ အားလုံး တပျော်တပါး ဝိုင်း၍ဆွဲကြ မတင်ကြသည် ။ ကျွန်တော်တို့ သင်္ဘောသား များ အတွက် အလွန် စိတ်တက်ကြွ၍ ပျော်ရွှင်ဖွယ် ကောင်းသော ကစားနည်း တစ်ခုလို ဖြစ်သည် ။ ငါးကြီးများ သင်္ဘော ပေါ်သို့ ရောက် လျှင် ရေချို နှင့် ဝိုင်း၍ လောင်းကြသည် ။ ထိုအခါ ငါးကြီးများ သည် အဖြူရောင် မှ အစိမ်းရောင် သို့ ပြောင်းလဲ သွားပြီး ထာဝရ ငြိမ်သက် သွားတော့သည် ။ ရေချင်း တူ ပေမင့် ရေငန် တွင်သာ ပျော်တတ်သော ငါးများ အတွက် ရေချို သည် သူတို့ ၏ သေမင်းပင် ။

ကျွန်တော် သည် ရာသီဥတု သာယာသည့် အခါများ တွင် ပဲ့စင် ထက်မှ နေ၍ ပင်လယ်ပြင်ကြီး ကို အားရုံ စူးစိုက်ရင်း တွေးမိတွေးရာ ၊ ငေးမိငေးရာများကို တွေးရင်း ငေးရင်း နှင့် အချိန် ကို ကုန်လွန် စေတတ်သည် ။ တစ်ခါတစ်ရံ သင်္ဘော စက်သံကြောင့် လန့်၍ ပြေး ကြသော ငါးပျံလေးများ ကို ရေတွက် နေမိသည် ။ တစ်ခါတစ်ရံ လည်း သင်္ဘောနှင့် ဘေးချင်း ယှဉ်၍ မြူးတူး လိုက်ပါလာတတ်ကြသော လင်းပိုင်ကလေးများ ကို ပေါင်မုန့် နှင့် ငါးစာများ ပစ်ချ ကျွေးရင်း အပျင်း ဖြေရသည် ။

ကျွန်တော်တို့ သွားနေသော သင်္ဘောလမ်းကြောင်း မှာ အီကွေတာမျဉ်း နှင့် အလွန် နီးကပ် သဖြင့် ညနေ ခြောက်နာရီခွဲ လောက် ဆိုလျှင် ပင်လယ် ပြာပြာကြီး အောက် သို့ နေမင်းကြီး ငုတ်လျှိုးရန် ဟန်ပြင်နေပုံ ကို မြင်ရလေ့ ရှိသည် ။ နေမင်းကြီး ၏ အလင်းရောင် ကြောင့် ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီး ထဲ မှ ရေလှိုင်းငယ်လေးများ သည် ရွှေရောင် ငွေရောင် များဖြင့် ပြိုးပြက် လင်းလက် နေသည် ။

ယခုလည်း ပင်လယ်ပြင်ကြီး ကို ငေးမောနေရင်း လိုက်တမ်းပြေးတမ်း ကစား နေသကဲ့သို့ လှုပ်ရှား နေသည့် ဖြူဖွေးပြောင်လက် နေသော အရာ နှစ်ခု ကို မြင်လိုက်မိသည် ။ မှန်ပြောင်း နှင့် ကြည့်လိုက်သော အခါတွင် ကလူကျီဆယ် နေကြ ဟန် ကို ငါးထီး တစ်ကောင် နှင့် ငါးမ တစ်ကောင် ဖြစ် နေသည် ။ ဤ မြင်ကွင်းသည် နေဝင်ချိန် ပန်းချီကားချပ်ကြီး ကို ပို၍ အသက်ဝင် လှပစေသည်ကား အမှန်ပင် ။

ထိုစဉ် ဟေး ! ဟူ၍ အားရပါးရ အော်ဟစ် လိုက်သော သင်္ဘောသားများ ၏
အသံကြောင့် ကျွန်တော် သည် အသံ လာရာ ဆီသို့ လှည့်ကြည့်လိုက်မိသည် ။

ငါးမောင်နှံ နှစ်ဖော် ထဲမှ တစ်ကောင် သည် ငါးမျှားချိတ် တွင် ငြိတွယ် လျှက် ။ ကံဆိုးလွန်းသော ထို ငါးကြီး သည် အင်အား ရှိသမျှဖြင့် အပြင်းအထန် ရုန်းကန် နေရှာသည် ။ ငါးမျှားကြိုး ကိုင်ထားသူ တွေ ကလည်း ငါးကြီး ကို အားရဝမ်းသာစွာ ဖြင့် ဆွဲတင် နေကြသည် ။

ပွဲ က တစ်ဖက်သတ် ဖြစ် နေပြီး အရုပ်ဆိုး အကျည်းတန် လွန်းလှသည် ။ တစ်ဖက် က အောင်သေအောင်သား စားမည့်သူများ ။ အခြား တစ်ဖက် က သေမိန့်ချမှတ် ခံရတော့မည့် အကျဉ်းသမား ။ တစ်ခဏတာ ပျော်ရွှင်ဖို့ အတွက် ရက်စက်စွာ လှုပ်ရှား နေကြသူများ ထဲ တွင် ကျွန်တော် ကိုယ်တိုင် မပါဝင်မိသည် ကို ပင် မိမိ ကိုယ် မိမိ ကျေးဇူးတင် ဂုဏ်ယူ ရမည် သို့ ခံစားရမိသည် ။ နောက်ဆုံး မှာတော့ ငါးကြီး သည် သူ မသောက်လိုသော ရေချို ကို သောက်ရင်း မရဏခံတွင်း သို့ ရောက်သွား ပါတော့သည် ။

ကျွန်တော် သည် ကြီးမားသော အကြေးခွံကြီးများနှင့် ခံ့ညား နေသော ငါး ခေါင်းကြီး ကို ညှင်သာစွာ ပွတ်သပ် ပေးရင်း မျက်လုံးကြီး နှစ်လုံးကို ပိတ်ပေးကာ ကောင်းရာ သုဂတိဘုံ သို့ ရောက်ပါစေကြောင်း ဆုတောင်း ပေးနေမိသည် ။ ဟင်းလင်း ပွင့် နေရာမှ တအိအိ ပိတ်သွားသော သူ့ မျက်လုံးကြီး တစ်စုံ က ကျွန်တော့် ကို တစ်စုံတစ်ရာ ပြောနေ သကဲ့သို့ ခံစားမိသည် ။

ထိုအချိန် မှာပင် သင်္ဘောသားများ ၏ “ ဟေး ... ဟိုမှာ ... ဟိုမှာ ... ” ဟူသော အော်ဟစ်လိုက်သံ ကို ကြားလိုက်ရ သဖြင့် သင်္ဘော ၏ နောက်ဘက်ပိုင်း ဆီသို့ လှမ်းကြည့် မိလိုက်သည် ။ မြင်လိုက်ရသည့် မြင်ကွင်းမှာ အလွန် အံ့သြတုန်လှုပ်ဖွယ် ကောင်းလှသည် ။ ပင်လယ်ပြင်ကြီး ထဲတွင် ကျန်ရစ်ခဲ့သော ငါးကြီး သည် သင်္ဘော ဆီ သို့ ဒေါသတကြီး ကူးခတ် လာနေခြင်း ဖြစ်သည် ။ ထိုအချိန်တွင် အစာ နှင့် တွဲထား သော ငါးမျှားချိတ် ကလည်း ပင်လယ် အတွင်းသို့ ရောက်ရှိနေပြီး ၊ ကူးခတ် လာနေသော ငါးကြီး ကို မြူဆွယ် နေ သကဲ့သို့ ဘယ်ညာ ယိမ်းနွဲ့ နေသည် ။ ဒေါသတကြီး နှင့် ကူးခတ် လာသော ငါးကြီး သည် မည်သို့ ခံစားမိသည် မသိ သူ့ ရှေ့ တည့်တည့်သို့ ရောက် လာသော ငါးမျှားချိတ် ကို တုံ့ဆိုင်းနေခြင်း မရှိဘဲ ပါးဟက်ကြီး ကို အလိုက် သင့်ဟ၍ မျိုချ လိုက်တော့သည် ။

“ ဟေး ! ”

သင်္ဘောသားများ ၏ ဒုတိယအကြိမ်မြောက် အားရဝမ်းသာ အော်ဟစ်လိုက် သော အသံသည် ငါးကြီး ကို သာ မက ကျွန်တော့် နှလုံးသား ကိုပင် လှုပ်ကိုင်ဆွဲခါ ဖြစ်ညှစ်ဘိ သကဲ့သို့ ခံစားမိ လိုက်ရသည် ။ ငါးကြီး သည် ငါးမျှားချိတ် တွင် အမြီး တရမ်းရမ်း ကိုယ်လွန့်လွန့်ဖြင့် ငြိတွယ် လာပါသည် ။

ဘုရား ! ဘုရား ! ...

ကျွန်တော့် နှုတ်မှ အမှတ်မထင် ရေရွတ် မိလိုက်သည် ။ အထီးမှန်း အမမှန်း မသိတတ်နိုင်သော ထို ငါးကြီး သည် မည်မျှ ရဲရင့်ပြတ်သားလိုက်ပါဘိ သနည်း ။ မည်မျှ စွန့်လွှတ်ဝံ့လိုက်ပါဘိသနည်း ။ မည်မျှ သစ္စာ ရှိပါဘိသနည်း ။ 

ဪ , အသက်ပေး၍ ချစ်ကြသည် ဆိုသည်မှာ ဒါမျိုးကို ခေါ်သည်လား ... ။

ဟိုနေ့က ကျွန်တော့် ကက်ဘင် ( Cabin ) ထဲသို့ ပြန်ရောက်သည် အထိ ကျွန်တော့် နှလုံးသား အစုံသည် ချောက်ချားဖွယ် တုန်လှုပ်နေဆဲ ဖြစ်သည် ။

ကျွန်တော် သည် စားပွဲခုံ ပေါ်မှ မှန်ဘောင် သွင်း ထားသောဓာတ်ပုံ ကလေး ကို စူးစိုက်ကြည့်ကာ ...

“ အချစ်ရေ မင်း ရှိရာ နောက်ကို လိုက်မလာ နိုင်ခဲ့တဲ့ မောင့် အပေါ် ရောက် ရာ ဘုံဘဝ ကနေပြီး ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်ကွာ ” ဟု ... တီးတိုး ရေရွတ် လိုက်မိသည် ။

ထို့နောက် လွန်ခဲ့သော တစ်နှစ် က အသက်ငယ်ငယ် နဲ့ အကြွေ စောခဲ့ရ ရှာသော ချစ်ဇနီး ၏ ဓာတ်ပုံလေး ကို လက် နှစ်ဘက် ဖြင့် တုံရီစွာ ဆုတ်ကိုင် ရင်း ရင်ဘတ် နှင့် အပ်ထားလိုက်မိသည် ။

⎕ ခိုင်လင်း

📖 အလင်္ကာရပ်ဝန်း ( ၇ )

#ကိုအောင်နိုင်ဦး

.

ကောင်းခြင်းခု သည်ချိန်ခါ



 ❝ ကောင်းခြင်းခု သည်ချိန်ခါ ❞


“ ဟင် မင်း လုပ်ငန်း မစရ သေးဘူးလား ”


“ မိုး ကုန် ပါ‌စေ ဦးတော့ လို့ကွာ ”


“ အေး ဟုတ်တာပေါ့ကွာ ။ မိုးတွင်းကြီး ဆိုတော့ တောက လူတွေ မြို့ပေါ် တက် မလာနိုင်ကြသေးဘူး ။ တော မှာ အရေး ကောင်းတုန်း ၊ ထွန်တုန်း ယက်တုန်း စိုက်တုန်း ၊ ပျိုးတုန်း ၊ ရိတ်သိမ်း တုန်းကွာ ”


၂၀၀၁ ခုနှစ် ၊ ဩဂုတ်လ က အောင်လံမြို့ တရော်ကုန်း ရပ်ကွက် မှ ကျောင်းနေဖက် သူငယ်ချင်း မောင်ပွ နဲ့ တွေ့တော့ ပြောမိတဲ့ စကား ခင်ဗျ ။


မိဘ အမွေ အိမ် ကို ရောင်းပြီး ညီအစ်ကို မောင်နှမ ၁၁ ယောက် ဝေလိုက်ကြတော့ မောင်ပွ က ကျပ် ခုနစ်သိန်း ရတယ် ခင်ဗျာ ။


သည် အရင်းကလေး နဲ့ ဈေး ကြီး ထဲမှာ ကုန်ခြောက်ဆိုင်ကလေး ဖွင့်မယ်လို့ တာစူ နေတာ ။


“ ဘယ်နေရာ မှာ ဆိုင် ဖွင့်ထားလဲဟ ၊ ငါလာခဲ့မယ် ”


“ မဖွင့် ဖြစ်သေးပါဘူးကွာ ၊ ကျောင်းပိတ်ရက် ဆိုတော့ မြို့ပေါ် လူခြောက်တယ်ကွ ၊ သိပ် ရောင်းကောင်း မှာ မဟုတ်သေးဘူးလေ ”


“ ဟေ ဟုတ်ပါ့ ၊ အဲဒါ ငါ သတိမထားမိဘူးကွာ ”


ဒုတိယအကြိမ် တွေ့တော့ နွေရာသီ ကျောင်း ပိတ်ရက်ကြီး ခင်ဗျာ့ ။


“ အိုကေ မှာ စိုပြေ နေပြီ မဟုတ်လား ”


“ ဘာမှ မလုပ်ဖြစ် သေးပါဘူးကွာ ၊ ဘိလိယက်ခုံ ထောင်ရ ကောင်းမလား စဉ်းစားတုန်း ဟ သူငယ်ချင်း ရ ”


“ အေး အဲဒါလဲ ကောင်းသားပဲ ကွ ၊ ခေတ်ကြီး နဲ့ အညီ ”


“ ဟ ဟေ့ကောင် မင်းတို့ ဆိုင်က တစ်နေ့ ထက် တစ်နေ့ စုံစုံလာပါလားဟ ၊ အစ က ကွမ်းယာဆိုင်ကလေး အခုတော့ လိုတရ အိမ်ဆိုင်ကြီး ဖြစ်နေပါလားကွာ ”


ကျွန်တော် တစ်နေ့ လမ်းထိပ် က ကွမ်းယာဆိုင် သွားပြီး ငှက်ပျောသီး ဝယ်တော့ ဆိုင်ရှင် ဟီဟီ နဲ့ တွေ့တယ် ခင်ဗျာ ၊ နာမည်ရင်း တော့ ရှိမှာပါပဲ ။ သူ က တွေ့သမျှ လူတိုင်း ကို ပါးစပ်ဖြဲ ပြပြီး ၊ တဟီဟီ ရယ်ပြီး နှုတ်ဆက်တတ် လွန်းလို့ ဟီဟီ ဖြစ်နေတာ ။


“ မလုပ်လို့ မဖြစ်ဘူး အိုကေကြီး စားအိုးကိုလဲ ကြည့်ဦး ”


သူ့ ကလေးများ ကို လက်ညှိုးထိုး ပြ၍ ဆိုလေ၏ ။ သူ့ မိန်းမ မွေးအား ကလည်း ကောင်းပါဘိ ။ တစ်နှစ် တစ်ယောက် များ မွေး နေရော့သလား ။ ပုစုခရု နည်းတဲ့ ကလေးတွေ မဟုတ်ပါဘူးဗျာ ။ သူ့ မိန်းမ မွေးအား ကြီးလွန်းလို့ ဟီဟီ က သူ့ ကို “ မွေးမ ” လို့ ခေါ်လေ့ ရှိသဗျာ ။


ဝက်မ ဆို ပို ဟန်ကျမှာ ၊ ဝက်ပေါက်ကလေးတွေ အရမ်း ဈေးကောင်းနေတာ ။


ဟီဟီ နဲ့ သူ့ မွေးမ တို့ဟာ အလွန် အလုပ် ကောင်း ကြပါတယ် ။ နံနက် ငါးနာရီ ဆိုင်ဖွင့် ပြီးနေပြီ ။ ည ၁ဝ နာရီ ၁၁ နာရီ ဈေးရောင်း ကောင်းတုန်းဗျာ ၊ အိပ်ချိန် နည်းနည်း လုပ်ချိန် များများ ။


အဲသည် ဆိုင်ကလေး ဟာ မျက်စိ အောက်တင် ဖြစ်ထွန်း လာတာ ၊ အလွန်ဆုံး ကြာ လေးငါးနှစ် ပေါ့ ၊ မွေး လာတဲ့ ပါးစပ်ပေါက် တွေ ကို ကျွေးနိုင်တဲ့ အပြင် ဆိုင် ပေါ် မှာ ပစ္စည်းတွေ တင်လိုက်သမှ စုံလို့ပါ ။


“ ဟေ့ကောင်တွေ မဟုတ်မှ လွဲရော မင်းတို့ တိတ်တိတ်ကလေး ထီပေါက် ထားကြတယ်နဲ့ တူတယ် ၊ ဘာလဲ ကျွေးရမှာ ကြောက်လို့ ဒိုင်လျှို လုပ်ထားကြတာ မဟုတ်လား ”


“ ကြံကြံဖန်ဖန် အိုကေကြီး ရာ ၊ လုပ်နိုင်လွန်းလို့ ဖြစ်လာတာပါဗျာ ၊ ဘာမှ ထီပေါက် ဘာ အမွေ မှ မရ ရှိတာလေး နဲ့ စခဲ့ပြီး ကုန်းရုန်း ရှာ နေရတာပါဗျာ ။ စီးပွား ရှာတယ် ဆိုတာ ရန်ကုန် မှာ ဘတ်စ်ကား တိုး စီး ရသလိုပဲ အိုကေကြီး ”


“ အမယ် ဆိုစမ်း ”


“ ဘတ်စ်ကား စီးဖူးလား ”


“ ငါ ရန်ကုန် မှာ ၁၅ နှစ် လောက် နေခဲ့တာကွ ၊ ဘတ်စ်ကား လဲ တိုး စီးဖူးတယ် ။ ဘတ်စ်ကား လဲ ခိုးစီးဖူးတယ် ။ ရုပ်ရှင်လက်မှတ် လဲ မှောင်ခို ရောင်းတယ် ။ တချိန်တုန်း က ရန်ကုန်ကြမ်းပိုး ကွ ။ နေစမ်းပါဦး ၊ စီးပွားရေး နဲ့ ဘတ်စ်ကား စီးတာ ဘာ ဆိုင်လို့လဲကွ ”


“ ဘတ်စ်ကား လူကြပ်တဲ့ အခါ တိုး မတက်ရဘူးလား ”


“ တိုးတက်ရတာပေါ့ မောင် ၊ တစ်တောင်ဆစ် ကြို တစ်တောင်ဆစ်ကြား ၊ ဒူးကြို ဒူးကြား အတင်း ဖြဲဝင်ရတာဟ ။ တစ်ခါတလေ ပုဆိုးတောင် ကျွတ်ကျတယ် ”


“ ပြီးတော့ နေရာ မရဘူးလား ”


“ ပထမတော့ ခြေ တစ်ချောင်း လက် တစ်ဖက်စာ နေရာရ ၊ နောက် တော့ ခြေ နှစ်ချောင်း လက် နှစ်ဖက်စာ နေရာရ ။ လူချောင် တော့ တဖြည်းဖြည်း အထဲ ရောက်သွား ။ တော်တော်လေး ကြာတော့ ထိုင်ခုံ မှာ နေရာရ ”


“ စီးပွား ရှာရာမှာလဲ ဒီ သဘောပဲ ဗျာ့ ”


“ ဟယ် ငါ နားမလည်ဘူး ”


“ ငါ့ ရှေ့မှာ လူတွေ ပြည့် နေပြီ ၊ ငါ့ဖို့ နေရာ ရှိဦးမလား ၊ အဲသလို ချီတုံ ချတုံ ဖြစ်နေပြီး နေ့ရွှေ့ ညရွှေ့ ရွှေ့မနေရဘူး ။ အကြိုအကြား က နေ အတင်းသာ ဖြဲတိုး ဝင် လိုက်ဗျာ ။ ကြာတော့ နေရာရရော ပေါ့ ”


“ တကယ်ပဲလားကွာ ”


“ ကျွန်တော် က လက်တွေ့ ဗျာ ၊ ကျွန်တော်တို့ မြို့မှာ တစ်ခါက ရုပ်ရှင် လာ ရိုက်ကြတော့ ကျွန်တော် ကလဲ ကလေး ဆိုတော့ ရုပ်ရှင်မင်းသမီး ကို မြင်ဘူးချင်တာ နဲ့ လူအုပ်ကြီး ထဲ အတင်း ဝင်တိုး ၊ ကျစ်တိုး ၊ ကုန်းရုန်းတိုး ၊ နောက် တဖြည်းဖြည်း ရှေ့ ရောက် ရောက် သွားပြီး ရုပ်ရှင်မင်းသမီး ကို အရှင်လတ်လတ်ကြီး မြင်ရတော့တာပါပဲဗျာ  ။ ကိုင်ဘူးတယ် ဟဲ့ ဆို ရအောင် မင်းသမီး လက်ကလေး ကို အသာ တို့ ကြည့် မိခဲ့သေးတယ် ” 


“ အာဂကောင်ပါလားဟ ”


ထိုအခါ ကျွန်တော့် သူငယ်ချင်း မောင်ပွ ကို သတိရမိ လေ၏ ။ မိုး ရွာလို့ နေ ပူလို့ အချိန် စောင့် နေသော မောင်ပွ ကား ရထားတဲ့ အမွေကလေး လုံး ပါးပါး လေတော့၏ ။


ကောင်းခြင်းခု သည်ချိန်ခါ ။


◾မောင်ချမ်းသာ


📖 ကုမုဒြာ ဂျာနယ်

      ၅ ဩဂုတ်လ ၊ ၂၀၀၃

      

#ကိုအောင်နိုင်ဦး


.

အရှက်ကြီးတဲ့ ည


 

❝ အရှက်ကြီးတဲ့ ည ❞
━━━━━━━━━━━━━━
သထုံ - ငယ်ငယ်
━━━━━━━━━━━━━━
မိုးက တဖွဲဖွဲ ရွာနေ၏ ။ အမေ့အိမ် လက်ဖက်ရည်ဆိုင် အတွင်း မှ ထွက်လိုက်ချိန်၌ ဦးအောင်ထွန်း ၏ မြင်ကွင်းထဲ ဝင်လာသော ပုံရိပ်ကြောင့် မိုးကာအင်္ကျီ ကို ဝတ်ရင်း ငေးကြည့် နေမိသည် ။ ဦးအောင်ထွန်း တို့ နိုင်ငံမှာ ဒီလို မြင်ကွင်းမျိုး က အဆန်းတော့ မဟုတ်ပေ ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် စာသင်ကျောင်း ပြင်ပ တွင် ချို့တဲ့လှသည့် ဘဝ မနိုင်ဝန် ကို ထမ်းနေရသူ ကလေးငယ် တွေ မြို့တိုင်း မှာ ရှိနေတတ်သည် ။ ကောင်မလေး က အသက် ၁ဝ နှစ် ၊ ကောင်လေး က အလွန်ဆုံး ရှိလှမှ ၇ နှစ်ကျော် ။ သံချေးတွေ တက်နေသည့် သုံးချောင်းထောက် သံမီးဖို အဟောင်းကြီး ကို တစ်ယောက် တစ်ဖက် ဆွဲလာကြသည် ။ ကောင်မလေး ၏ ပခုံးထက် မှာ တော့ စားသောက်ဆိုင် တွေ မှာ သုံးလေ့ ရှိသော ထီးအဟောင်းကြီး တစ်လက် ကို ထမ်းထား၏ ။ ထီးကြီး က အရွက် မရှိတော့ အရိုးတံတွေ ထိုးထိုးထောင်ထောင် နှင့် ။ ကောင်လေး ၏ ပခုံး ထက် မှာလည်း အထုပ်ကြီး တစ်ထုပ် ။ အထုပ် ထဲ တွင် ရေသန့်ဘူးဟောင်း ၊ အချိုရည်ဘူးဟောင်း ၊ ပလတ်စတစ်စ တွေ ရှိနေမည် ဆိုတာ မပြောဘဲ သိနိုင်သည် ။

“ ဝေါ ”

“ ပွမ် ... ပွမ် ”

ရုတ်တရက် ထွက်ပေါ်လာသော ကားဟွန်းသံ ကြောင့် ကောင်လေး က ကြောက်လန့်တကြား လမ်းဘေး သို့ ပြေးဆင်း လိုက်သော်လည်း ပခုံးပေါ် ထမ်းထားသော အထုပ်ကြီး ၏ အလေးချိန်ကြောင့် ကောင်လေး ၏ ခန္ဓာကိုယ် က လမ်းပေါ်သို့ ပြိုဆင်း သွား၏ ။

“ လမ်းဘေး က လျှောက်ကွ ၊ ဒါက ကားကွ ကား ၊ သေသွားမယ် ဘာမှတ် နေလဲ ”

အမှန်တော့ ကောင်လေး နှင့် ကောင်မလေး က လမ်းဘေး တွင် လျှောက်နေခြင်းသာ ဖြစ်သည် ။ ကား က ခရီးသည် တင်ရန် လမ်းဘေးသို့ ကပ် ရပ်လိုက်ခြင်း ဖြစ်၏ ။ လဲပြိုကျ သွားသော ကောင်လေး ဆီမှ ငိုရှိုက်သံသဲ့သဲ့ ထွက်လာသည် ။ လဲကျ နေရာမှ ငိုရှိုက် ရင်း ထ,ရပ် လိုက်သော ကောင်လေး မျက်နှာ ကို မြင်လိုက်ရချိန် တွင် ဦးအောင်ထွန်း နှုတ်ဖျား မှ အာမေဍိတ်သံ တစ်ခု မထင် မှတ်ဘဲ ထွက်သွားရသည် ။

“ ဟင် ဆင်ပိုင်ပါလား ”

အထုပ်ကြီးတွေ ထမ်း ထားတုန်းက မျက်နှာ မမြင်ရ ။ အခုတော့ နီညိုညို ဆံနွယ်လေးတွေ နှင့် အနားသတ်ထားသော ဆင်ပိုင့် မျက်နှာလေး က အထင်းသား ။ ဦးအောင်ထွန်း က ဆင်ပိုင်တို့ မောင်နှမ ရှိရာ သို့ ပြေးသွား လိုက်သည် ။

“ ဆင်ပိုင် ၊ ဝိုင်းစု နင်တို့ မောင်နှမ ဘာလုပ်နေတာလဲ ”

“ ဟင် ဦးဦးတောအုပ်ကြီး သမီးတို့ ဟို အမေ လေ အမေ နေမကောင်းလို့ အဲဒါ သမီးတို့ အမေ့ ဆေးဖိုးရ အောင် ... ”

ဦးအောင်ထွန်း ကို တွေ့တော့ ပွန်းပဲ့ သွားသော ဆင်ပိုင် ၏ ဒူးခေါင်းလေး ကို ပွတ်သတ် ပေးနေသော ဝိုင်းစု မျက်နှာ က ဝင်းပ သွားသည် ။ ပြီးတော့မှ ခေါင်းလေး ကို  ငုံ့ လိုက်ပြီး မျက်နှာငယ်လေး ဖြင့် ဦးအောင်ထွန်း ၏ အမေး ကို မဝံ့မရဲ ဖြေရှာသည် ။ 

“ ကဲ တော်ပြီ ဦး သိပြီ ၊ ဦး နဲ့ ပြန်လိုက်ခဲ့တော့ ”

“ ဟင် ဦး ကလည်း သမီးတို့ ဒါတွေ သွား ရောင်း လိုက်ဦးမယ်လေ ၊ သ မီးတို့ ပင်ပင်ပန်းပန်း ကောက် ထားရတာ ”

“ ဟုတ်တယ် ဦး ရ ၊ ဆိုင် က ရှေ့နားမှာပဲ ဟာ သွား ရောင်းလိုက်ဦးမယ်နော် ၊ ဦး လည်း လိုက်ခဲ့ပေါ့ ”

ဆင်ပိုင်လေး စကား ကြောင့် ဦးအောင်ထွန်း မျက်နှာက ရှက်အမ်းအမ်း ဖြစ်သွားရသည် ။ ပတ်ဝန်းကျင် ကို လှည့် ကြည့် မိတော့ ဦးအောင်ထွန်း နှင့် ဆင်ပိုင်လေး တို့ မောင်နှမ ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေသော အမျိုးသမီး နှစ်ယောက် ကို တွေ့ရသည် ။

“ ဟို ဦး မလိုက်တော့ ပါဘူး ၊ ဦး ဒီက စောင့်နေ မယ် ။ ပစ္စည်းတွေ ရောင်းပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့နော် ”

ဦးအောင်ထွန်းက စွန့်ပစ်ပစ္စည်းတွေ မနိုင်မနင်း ထမ်းပြီး ထွက် သွားသော ဆင်ပိုင်လေးတို့ မောင်နှမ ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည် ။ သူ့ မောင်လေး ဆင်ပိုင် ကို တတွတ်တွတ် ပြော သွားသော ဝိုင်းစု ထံ မှ စကားသံ တချို့က ဦးအောင်ထွန်း ဆီ သို့ တိုင်အောင် ပျံ့လွင့် ရောက် ရှိလာ၏ ။

“ နင် ကလည်း ဦးဦး တောအုပ်ကြီး က အရာရှိကြီး ပါ ဆိုမှပဲဟာ ငါတို့နဲ့  စွန့်ပစ်ပစ္စည်းတွေ လိုက် ရောင်းပါ့မလား ၊ ဦးဦးတောအုပ်ကြီး ရှက်မှာပေါ့ ”

“ ဟွန့် အစ်မ ကလည်း သူများ ပစ္စည်း ခိုးတာမှ မဟုတ်တာ ရှက်စရာ မှတ်လို့ ”

•••••   •••••   •••••  

ဦးအောင်ထွန်း က သစ်တောဦးစီးဌာနမှ ဝန်ထမ်း တစ်ဦးဖြစ်သည် ။ အုတ်တွင်း ၊ ပေါက်ခေါင်း ၊ ပဲခူးရိုးမ ဖြတ်ကျော် လမ်းဘေးရှိ ဌာနစိုက်ခင်း သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့ရာမှာ ဆင်ပိုင်လေးတို့ မောင်နှမ နှင့် ရင်းနှီး ခဲ့ခြင်း ဖြစ်သည် ။

ဆင်ပိုင်လေး တို့ မောင်နှမ က ပဲခူးရိုးမ ဖြတ်ကျော်လမ်းဘေး ရှိ ရွာကလေး တစ်ရွာ တွင် နေသည် ။ ရွာ ဟု ဆို သော်လည်း ဆောက်လုပ်ရေး အဆောက်အဦ တစ်ခု နှင့် ဦးအောင်ထွန်း တို့ ၏ သစ်တောစခန်း တစ်ခု အပါအဝင် အိမ်ခြေ ၈ လုံး ပင် မကျော် ။ ဆင်ပိုင်တို့ မောင်နှမ တွင် အဖေ မရှိတော့ ။ အမေ ဖြစ်သူက ဦးအောင်ထွန်း တို့ စိုက်ခင်းတွင် နေ့စား အလုပ်လေး ဝင်လုပ်သည့် အခါ လုပ်သည် ။ နိုင်သလောက် ခွန်အားလေး ဖြင့် မီးသွေး ဖုတ်သည့် အခါ ဖုတ် နှင့် သား နှင့် သမီး ကို ရှာဖွေ ကျွေးမွေးနေရသူ ။ ကြမ်းတမ်းလွန်းသော လောက ၏ ဒဏ်ရာ ဒဏ်ချက် တွေကြောင့် မကြာခဏ နေ မကောင်း ဖြစ်ကာ အိပ်ရာထဲ လဲ နေတတ်သူ ဖြစ်သည် ။

ဦးအောင်ထွန်း တို့ သစ်တောဝန်ထမ်းတွေ ဒီရွာကလေး မှာ တောစခန်း ချ တော့ ဆင်ပိုင်တို့ မောင်နှမ က ဦးအောင်ထွန်း တို့ သစ်တော စခန်း မှာ လက်တိုလက်တောင်း ၊ ဆယ်နှစ်သမီး ဝိုင်းစု က ထမင်းဟင်း ကောင်းကောင်း ချက်တတ်သည် ။ ဦးအောင်ထွန်း တို့ တောလုပ်ငန်း မှ ပြန် လာလျှင် ထမင်းဝိုင်း အဆင်သင့် ။ ဦးအောင်ထွန်း တို့ ထံမှ ရသမျှ မုန့်ဖိုးလေး ကို မုန့်ဝယ် မစား ဘဲ အမေ့ ဆီ ပြေး အပ်တတ် သည် ။ မိဘ အပေါ် သိတတ် ရှာသော မောင်နှမ နှစ်ယောက် ကို ဦးအောင်ထွန်း တို့ တစ်ဖွဲ့ လုံး အချစ် ပိုကြသည်မှာ မဆန်းပေ ။ ဆင်ပိုင် တို့ မောင်နှမ က လည်း ရိုးသားသည် ။ သမ္မာအာဇီဝ ကျသော လုပ်အားတန်ဖိုး ကို သာ ချစ်မြတ် နိုးသူလေးများ ဖြစ်သည် ။

ဆင်ပိုင် ၏ နာမည် အရင်း ကို ဦးအောင်ထွန်း မသိ သလို ၊ ဝိုင်းစု ၏ နာမည် အရင်း ကိုလည်း ဦးအောင်ထွန်း မသိ ။ ကြီးလာရင် အဆိုတော် ဖြစ်ချင်တယ် ဆိုသော အစ်မ ဖြစ်သူ ကို မောင် ဖြစ်သူ ဝိုင်းစု ဟု ခေါ်သလို ၊ နောင် တစ်ချိန်တွင် ဆင်ပိုင်သူဌေး ကြီး အဖြစ် ရည်မှန်းထာ သော မောင် ဖြစ်သူကို အစ်မ ဖြစ်သူ က ဆင်ပိုင် ဟု ခေါ် မှ ဆင်ပိုင် နှင့် ဝိုင်းစု ဖြစ်လာကြသည် ။

ဆင်ပိုင် တို့ အဖေ ရှိစဉ် ကတော့ ဆင်ပိုင် တို့ မောင်နှမ ၏ ဘဝ က အခုလို မဟုတ် ဆင်ပိုင် တို့ က အရင် က ခပေါင်းရွာဟောင်း မှာ နေကြ ခြင်းဖြစ်သည် ။ ဆင်ပိုင် တို့ အဖေ က ခပေါင်းချောင်း ဘေး ရှိ ယာကွက် တစ်ကွက် ကို ပိုင်ဆိုင်ပြီး အေးချမ်းသာ ယာလှပသော မိသားစု ဘဝ ကို ပေးစွမ်းနိုင်သူ ဖြစ်သည် ။ ဝိုင်းစု က ကျောင်းဝတ်စုံလှ လှလေး နှင့် ကျောင်းတက် နိုင် သလို ဆင်ပိုင် က လည်း နွေးထွေးလှသော အမေ့ ရင်ခွင် ထဲ မှာ အချိန်ပြည့် ခိုဝင်အိပ်စက် ခွင့် ရခဲ့သည် ။

ခပေါင်းချောင်းဖျား ကို ဆည် ဆောက်ပြီး ရေအား လျှပ်စစ်စက်ရုံ ဆောက် လိုက် ချိန်မှာတော့ ဆင်ပိုင်တို့ ခပေါင်းရွာကလေး က အောက်သို့ နစ်မြုပ် သွားတော့ သည် ။ ဆင်ပိုင်တို့ အဖေ ၏ ယာခင်းလေး လည်း ရေအောက် ရောက်ခဲ့ရသည် ။ ဆင်ပိုင်တို့ မှီခို အားထားရာ ဧက သောင်းချီ သော သစ်တောကြီး လည်း ပျက်စီး ပျောက်ကွယ် ခဲ့ပြန်သည် ။ ရေအားလျှပ်စစ်တွေ က ဘယ် ဘဝ တွေ ကို အလင်းရောင် ပေးသည် ဆင်ပိုင် တို့ မသိ ၊ ဆင်ပိုင်တို့ မိသားစု ၏ ဘဝ က တော့ အမှောင် ကျခဲ့ရသည် ။ စိတ်ဓာတ် အကြီးအကျယ် ကျပြီး အသက် ယဲ့ယဲ့သာ ကျန်တော့သည့် ဆင်ပိုင် တို့ အဖေ ကို ထမ်းပိုးရင်း ပဲခူး ရိုးမ ဖြတ်ကျော်လမ်း ပေါ်ရှိ ကျေးရွာလေး သို့ ပြောင်းရွှေ့ ရောက် ရှိခဲ့ရသည် ။ ယခု ဆင်ပိုင် တို့ မိသားစု နေထိုင်လျက် ရှိသော တစ်ဖက်ရပ် တဲလေး ဆောက် လို့ မပြီးခင် မှာ ဘဲ ဆင်ပိုင်တို့ အဖေ က ဆင်ပိုင် တို့ ကို ခွဲခွာ သွားတော့သည် ။

“ ဦးဦးတောအုပ်ကြီး ဘာတွေ တွေးနေတာလဲ ၊ သား တို့ ခေါ်နေတာ ကြာပြီ ”

“ ဩော် အေး အေး သွားရအောင် ၊ ဆိုင်ကယ် ပေါ် တက် ၊ သေချာ ကိုင်ထားကြ ဦးနော် ”

“ နေဦး ဦးဦးတောအုပ်ကြီး ရ အမေ့ အတွက် စားစရာ တွေ ဝယ် သွားချင်လို့ ဈေး ဘက် လိုက်ပို့ ပေးပါလားနော် ”

“ အဲဒီ အတွက်တော့ မပူနဲ့ဟေ့ ၊ ဆင်ပိုင်တို့ ပစ္စည်း တွေ သွား ရောင်းနေတုန်း ဆင်ပိုင်တို့ အမေ အတွက် ဦး ဝယ်ထားပြီးပါပြီကွ ၊ ဒီမှာ မတွေ့ဘူးလား ”

ဦးအောင်ထွန်း ၏ ဆိုင်ကယ် ရှေ့ခြင်း ထဲမှ စားစရာ များ ကို တွေ့တော့ ဆင်ပိုင် မျက်နှာ က ပြုံးချို သွားသည် ။

“ မမ ဝိုင်းစု နင် သီချင်းခွေ တစ်ခွေ လောက် ဝယ်ချင် တယ်ဆို ”

“ တော်ပါပြီဟယ် ခွေ ဝယ်ရအောင် ငါတို့ အိမ် မှာ သီချင်း ဖွင့်စရာ ဘာ ရှိတာ မှတ်လို့ ”

“ လုပ်ပြီ ၊ မမ ကတော့ နင် ပဲ ဆောက်လုပ်ရေးစခန်း မှာ သွား ဖွင့်ခိုင်းပြီး နား ထောင်မယ်ဆို ”

ဆင်ပိုင် ၏ စကားကြောင့် ဝိုင်းစု က မချိပြုံးလေး ပြုံး လိုက်ပြီးတော့ ဆင်ပိုင် ၏ ခေါင်းကို ယုယုယယ ပွတ် သပ်လိုက်၏ ။

“ အောင်မယ်လေး ဆင်ပိုင် ရယ် အမေ က နေ မကောင်းပါဘူး ဆိုမှ ငါ က သူများ အိမ်မှာ သီချင်းသွား နားထောင် နေရမှာလား ၊ ငါတို့ ရလာတဲ့ ပိုက်ဆံ ကို အမေ့ အတွက် ထား လိုက်တာ ပို မကောင်းဘူးလား ”

အရွယ် နှင့် မလိုက် အောင် သိတတ်လွန်းသော မောင်နှမ နှစ်ယောက် ကို ကြည့်ရင်း ဦးအောင်ထွန်း ကြေကွဲစွာ ပြုံး လိုက်မိသည် ။ ဆင်ပိုင်တို့ မောင်နှမ နှစ်ယောက် ပခုံးပေါ် က မိသားစု တာဝန် ဆိုသော ဝန်ထုပ် ၊ ဝန်ပိုးကြီး ကို ဦးအောင်ထွန်း မမြင်ချင်ဘဲ မြင်နေရသည် မဟုတ်ပါလား ။

•••••   •••••   ••••• 

ညက အေးချမ်းတိတ် ဆိတ်နေ၏ ။ အရှေ့ဘက်ရှိ ဆောက်လုပ်ရေးစခန်း မှ မီး စက်မောင်းသံ သဲ့သဲ့ ကြား နေရသည် ။ ဆယ်နာရီ မထိုး သေးတာတော့ သေချာသည် ။ ဆယ်နာရီ ထိုးလျှင် ဆောက်လုပ်ရေးစခန်း က မီးစက် ပိတ် ပေလိမ့်မည် ။ တစ်နေကုန် တောနင်း ထားခြင်းကြောင့် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ နေသဖြင့် ထမင်းစား ပြီးသည် နှင့် အိပ်ရာ ဝင်ခဲ့ခြင်း ဖြစ်သည် ။

“ ဆင်ပိုင် ဟေ့ ဆင်ပိုင် တားလိုက်လေကွာ ”

“ ဟာ မတားချင်ပါဘူး ရှက်စရာကြီး ၊ ဦးသောင်းရွှေ ဟာနေ ဦးသောင်းရွှေ လာ တား ”

“ ထင်းကား တားတာ ရှက်စရာ မှတ်လို့ ၊ မင်းလို ကောင်သာ ယာဉ်ထိန်းရဲ ဖြစ်လို့ကတော့ ထမင်းငတ် သေမှာပဲ ”

တဲစခန်း ရှေ့ဆီမှ ကြား နေရသော အသံများ ကြောင့် ဦးအောင်ထွန်း အသာ နားစွင့်နေမိသည် ။ တောခေါင်း သောင်းရွှေ က ဆင်ပိုင့် ကို ထင်းကား တားခိုင်း နေဟန်တူသည် ။

ဒီလို တောနယ်လေး မှာ တာဝန်ထမ်းဆောင် ရသော တောခေါင်း သောင်းရွှေ အတွက် ထင်းပေါက်ခြမ်း တင် လာသော ကားတွေ က ထမင်းအိုး ဖြစ်သည် ။ တရားဝင် ထင်းထုတ်လုပ်ခွင့် လိုင်စင် ရှိသော်လည်း ထင်းကုန် သည်တို့ တင်လာသော အချို့ ထင်းပေါက်ခြင်းတွေ က ကြီး လွန်းလှသည် ။ မြို့ပေါ် ရောက် သွားရင် ကြမ်းခင်း အဖြစ် သုံးသော ပါကေး ပင် ခွဲလို့ ရနိုင်သည့် အနေအထား ဖြစ်သောကြောင့် တောခေါင်း သောင်းရွှေ ကို မုန့်ဖိုးပဲဖိုး ပေးရသည် မှာ ထုံးစံပင် ဖြစ်သည် ။

ထင်းကုန်သည်များ ၏ အထာ ကို ကောင်းကောင်း ကျေညက် ထားသော သောင်းရွှေ က လည်း ထင်းကား တစ်စီး လာတိုင်း ရပိုင်ခွင့်ကြီး တစ်ခု လို တောင်း တတ်သည် ။ ဆင်ပိုင် က တော့ ရှက်တယ် တဲ့ ။ ဦးအောင်ထွန်းက  သက် ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အနားရှိ စောင် ကို ယူကာ ခေါင်းမြီးခြုံ ထား လိုက်မိသည် ။

“ နင် က လည်း ဦးဦး တောအုပ်ကြီး က အရာရှိကြီး ပါ ဆိုမှပဲဟာ ငါတို့ နဲ့ စွန့်ပစ်ပစ္စည်းတွေ လိုက် ရောင်းပါ့မလား ဦးဦးတောအုပ်ကြီး ရှက်မှာပေါ့ ”

“ ဟွန့် အစ်မ ကလည်း သူများ ပစ္စည်း ခိုးတာမှ မဟုတ်တာ ရှက်စရာ မှတ်လို့ ”

မနေ့ နေ့လယ် က ဆင်ပိုင်တို့ မောင်နှမ ပြောခဲ့သော စကားတွေ ကို ဦးအောင်ထွန်း နားထဲ တွင် ပဲ့တင်ထပ် အောင် ပြန် ကြားယောင် နေမိသည် ။ စွန့်ပစ်ပစ္စည်း တွေ သွား ရောင်းဖို့ ဆင်ပိုင် ခေါ် တုန်းက ဦးအောင်ထွန်း ရှက်နေခဲ့သည် ။ အခုတော့ ဆင်ပိုင် က ရှက်တယ် တဲ့ ။

ဆင်ပိုင် ကို အပြစ် မတင် ရက် ၊ တောခေါင်း သောင်းရွှေကို လည်း နားလည်မိပြန် သည် ။ ဘဝ ရပ်တည်ချက် တွေ ၊ အမြင်တွေ ကွဲလွဲခွင့် ရှိ သော လောကကြီး မှာ ...။  အရွယ် မရောက်သေး သည့် ကလေး တစ်ယောက် က ရှက်တယ် တဲ့ ။

⎕ သထုံ - ငယ်ငယ်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၆ ဖေဖော်ဝါရီ

#ကိုအောင်နိုင်ဦး

.

ဆယ်ပြား မလို ဆယ်ပြား ပို


 

❝ ဆယ်ပြား မလို ဆယ်ပြား ပို ❞
   ━━━━━━━━━━━━━━
         ကိုလှိုင်ကြည်ဝင်း
   ━━━━━━━━━━━━━━
သူ့ ကို ဒီလို ပုံစံ နဲ့ တွေ့လိုက်ရ တော့ အနှောင်း စိတ် ထဲ မှာ  ၊ ရင် ထဲ မှာ  ၊ အသည်းနှလုံး ထဲ မှာ တင်း ခံနိုင်ရိုးလား ။

သူ့ ခင်ပွန်းလောင်း ကို တောင် ဂရု မစိုက်နိုင်ဘူး ။ သူ ရှိရာ ကို အပြေး လာ မိတယ် ။ ပြီးတော့ ... သူ့ ကို အော် ခေါ်မိတယ် ။

“ ပေတူး ”

ပဲ့တင်သံတောင် ပြန် လာလေရဲ့  ။

“ ပေတူး ... ”

“ ပေတူး ...” 

“ ပေတူး ...”

•••••   •••••   •••••

“ လူသား အားလုံး ချေး ( ဂျီး ) မများကြပါနဲ့ ဗျာ ။ ကျွန်တော် ရာဇာပေတူး တောင်းပန်ပါတယ် ။ ပြီးတော့ ကိုယ်ပိုင်ကား စီးတာ မဟုတ်လို့ ကိုယ် ထိုင် ပြီး ကား တာ မလုပ်ကြပါနဲ့ ။ အားလုံး မျှမျှတတ ပေါ့ ”

သူ့ အသံ ၊ သူ့ အမူအရာ ၊ သူ့ ဒီဇိုင်း ကြောင့် အားလုံး ပြုံး မိကြတယ် ။ “ ဤ ပုံ ကို ကြည့်ပါ ၊ အဝေး က ပင် မြင်နိုင်ပါသည်” ပေါ့ ။ အပေါ် က အင်္ကျီအနီရောင် အကျပ် လက်တို မှာ လက်မောင်း တစ်ဝက် သာသာ ၊ ခါး မှာ ဖျာပုံထည် ထဲ က ဘောင်းဘီ အပွ ၊ ဘောင်းဘီအိတ် က လည်း ရေ လို့ တောင် မရ ဘူး ။ ခါးပတ် မှာ စတီးကြိုး တွေ ရော ၊ သော့ချိတ် တွေ ရော စုံလို့ ။ ခြေထောက် မှာ တော့ ရွာ က အရန်မီးသတ် တွေ စီး တဲ့ သားရေဖိနပ် အနက်ကြီး စီး လို့ ။ ခေါင်း မှာ လျှာထိုးဦးထုပ် ကို ပြောင်းပြန် ဆောင်း ထားတယ် ။ လည်ပင်း မှာ စတီးနန်းကြိုး အသေး တစ်ကုံး ၊ ခပ်တုတ်တုတ် အရှည် က တစ်ကုံး အပြင် သူ့ ကိုယ်ပိုင် အမှတ်တံဆိပ် ဝီစီ ချိတ်လို့ ။

ဆွဲကြိုး မှာ နေကာမျက်မှန် တစ်လက် ပါ ချိတ် ထားတယ် ။ ဘိုလို မှုတ် ရ ရင် တော့ ရာဇာနေဝင်း Crazy ပေါ့ ။ အဘိဓာန် ထဲ မှာ တော့ Crazy ကို ရူးသွပ်သော ၊ စိတ်မနှံ့သော လို့ ဖွင့် ထားတာပဲ ။ သူ့ နာမည် အရင်း က ပေတူး ။ ဒါပေမဲ့ သူ့ ဘာသာ သူ ကင်ပွန်းတပ် ထားတဲ့ ရာဇာပေတူး လို့ ခေါ် မှ သဘော ကျတယ် ။ အသက် က ဆယ့် ခြောက်နှစ် ပတ်ဝန်းကျင် လူပျိုပေါက် ဆိုပါတော့ ။ ဒါပေမဲ့ ဆယ်ပြား လို ပြောပါ တော့ ။ စကား တောင် ခုနစ်နှစ် ၊ ရှစ်နှစ်သား လောက် မှ ပြော တတ်တာ ။ ကျပ် မပြည့် ရှာဘူး ။ လူကြီး ဦးနှောက် နဲ့ ကလေး သာသာ ပဲ တွေးတတ် သေးတယ် ။

“ ရာဇာ ရေ ထွက် ရအောင် ၊ လူ က ပြည့် နေပြီ ”

“ ဟုတ်ပါ့ ၊ ဒီ ထက် သာ နင် တို့ ကား ဆက် တင် ရင် ဖျာ ချ တင် မှ ဆံ့တော့ မှာ ”

“ ဟေ့ကောင် ... နေ ပူလှပြီ ကွ ။ ထွက်မယ် ... ထွက်တော့မယ် ဆိုပြီး ခု ထိ မထွက်သေးဘူး ။ နောက် ဘုရား ပွင့်တဲ့ အထိ စောင့်ရမှာ လား ” 

ကားဝမ်း ထဲ က ရော ၊ ကားခေါင်းမိုး က သူ တွေ ရော ပွစိ ပွစိ ဖြစ်ကုန်ပြီ ။ နေ ကလည်း အတော် ပူလာတာ ကိုး ။

ပေတူး ခမျာ ခရီးသည် တွေ ပွစိပွစိ ဖြစ်နေတာ ကို တောင်းပန်လိုက် ၊ အဝေး လှမ်းကြည့် လိုက် ၊ နောက် ဈေး ထဲ ဝင် သွားလိုက် နဲ့ မျောက် ငပိ ကိုင်မိ သလို ဖြစ်နေ တယ် ။

“ ဟာ .. မမနှောင်း ကြာလိုက်တာ ဗျာ ။ ပေး ခြင်းကြီး ကျွန်တော့် ပေး ” 

“ ပွဲရုံ က နှမ်းဈေး မပြတ်လို့ ဟ ။ ဒီနေ့ ဈေး မကြိုက်တာ နဲ့ အသုံးပဲ တောင်း လာခဲ့တယ် ။ နောက် လေးငါးရက် ဆို တက်ကောင်း ရဲ့ ” 

ပေတူး က ပြောပြောဆိုဆို အနှောင်း ရဲ့ လက် ထဲ က ခြင်း ကို ယူပြီး ကား ပေါ် တင်တယ် ။ ပြီးတော့ နေရာ ရ အောင် လုပ် ပေးတယ် ။

“ မအေးသာကြီး က ဒူးကြီး မကား နဲ့ လေ ။ ဟို ခင်ဝင်း က နင့် ခြင်းပေး ။ အမိုး ပေါ် တင် ၊ မယ်စိန်ချောကြီး က ခင်ဗျား လင် ကား မဟုတ်ဘူး  ။ ခြေထောက် ကျုံ့ ဗျာ ”

မကြာပါဘူး အနှောင်း နေရာကောင်း ရ သွားတယ် ။

“ ပေတူး က နင့် ဟာလေး ကျ သိတတ် လိုက်တာ ”

ကား ပေါ် ရှိ မိန်းမ တစ်ယောက် အသံ ကြောင့် ပေတူး မျက်စောင်း ထိုး ကြည့် တယ် ။

“ ဟာ ဒီလို တော့ မပြောနဲ့ ဗျာ ။ ရာဇာပေတူး အများကြီး အများကြီး စိတ်ဆိုးတယ် ”

ပေတူး က ရာဇာနေဝင်း အမူအရာ လေသံ နှင့် ပြောလိုက်သော ကြော င့် ကား ပေါ် ရှိ ခရီးသည် များ ဟာသ တစ်ခု ဖြစ်သွားသည် ။ ဖြစ်ကို ဖြစ်ရ မယ်လေ ။ လေ သာ မဟုတ် ၊ ကေ က လည်း တကယ့် ကို အပီ အပြင် ။

“ ပေတူး ဟဲ့ ဟဲ့ ပြော သာ ပြော ၊ နင့် လက်ကြီး က ငါ့ မျက်လုံး လာ ထိုး မိဦးမယ် ”

အနား ရှိ ဒေါ်စိန်ချော စကား ကြောင့် ထပ်ဆင့် ပွဲကျ သွားပြန်သည် ။

“ ဗျို့ ကိုထွေး ၊ လက်ဖက်ရည် ကို ဇိမ်ခံ သောက်မနေနဲ့ ။ ခရီးသည် တွေ အားနာ ဖို့ ကောင်းပြီ ”

ပေတူး စကား ကြောင့် ကိုထွေး လက်ဖက်ရည် ကို ကမန်းကတန်း မော့ ချတယ် ။ သူ က အုံနာဒရိုင်ဘာ ပေမဲ့ ပေတူး ကို မလွန်ဆန်ရဲဘူး ။ ကား ရှေ့ခန်း ကို အပြေး ပဲ တက် ရတယ် ။

“ ဟဲ့ ဟဲ့ ငါ့ ယောက်ျား ကိုဘိုတင့် မလာသေး လို့ စိန်တောင်ကြီး သွား သောက် နေပြီ ထင်တယ် ။ ရာဇာ ခဏ စောင့်ပါဦး ။ ခဏလေး ပါ ။ မသာကောင် က လည်း ရွာကျ မှ အေးအေးဆေးဆေး သောက် တာ မဟုတ်ဘူး  ။ စောင့်ပါဦး ဟဲ့ ”

မစိန်ချော စကား ကြောင့် ကိုထွေး စက်နှိုး ထား ပေမယ့် ကလပ် ကို မလွှတ် သေးဘူး ။

“ ဟာဗျာ ၊ ခင်ဗျား ယောက်ျား ကြွက်တွင်း သာ စောင့် ရရင် ရာဇာ တို့ သန်းခေါင် ထမင်းချက် စား ရ လိမ့်မယ် ။ ကား ပေါ် ပါတဲ့ ခရီးသည် တွေ အားနာ မှ ပေါ့ ။ နောက် မှာ ထွေလာ တစ်စီး ရယ် ၊ ၄၅ဝ၂ ရယ် ရှိ သေးတယ် ။ လိုက် လာ လိမ့်မယ် ”

ပြောပြောဆိုဆို သူ့ လည်ပင်း မှာ ဆွဲကြိုး နဲ့ ဆွဲ ထားတဲ့ ဝီစီ ကို မှုတ်လိုက်တယ် ။
ကိုထွေး မနေရဲတော့ဘူး ။ ကလပ် ကို လွှတ် ပြီး လီဗာ ကို နင်း လိုက်တယ် ။ ဒေါ်စိန်ချောကြီး က တော့ တစ်လမ်းလုံး တဗျစ်တောက်တောက် နဲ့ မျက်စောင်း ထိုး ရင်း ပေတူး ကို မေတ္တာ ပို့ရ င်း လိုက်ပါ လာတယ် ။

•••••   •••••   •••••

ပေတူး တို့ ရွာ က ချောင်းရိုးတန်းရွာ ပါ ။ နာမည် နဲ့ လိုက်အောင်ပဲ ချောင်း တွေ ရိုး တွေ က ရစ်ပတ် နေတယ် ။ မြို့ က နေ ဆယ့်လေးမိုင် လောက်ပဲ ကတ္တရာလမ်းပေါ် မှာ ဇိမ် နဲ့ လိုက်လို့ ရတယ် ။ ဆယ့်လေးမိုင် ပြီး လို့ ညာဘက် မြေနီလမ်း အတိုင်း ရွာဘက် ကို ချိုးကွေ့ လိုက်တာ နဲ့ ကား ပေါ် ပါလာသူ တွေ အားလုံး သူတော်ကောင်း  ဖြစ်သွားတယ် ။

ဗုဒ္ဓေါ ၊ ဘုရား ၊ ဘုရား ၊ ဘုရား ၊ သမ္ဗုဒ္ဓေ စုံလို့  ။ မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက် ဆိုတာ ထက် ။ ချောင်းရိုး ကားစီး တစ်ခေါက် ၊ နိဗ္ဗာန် ရောက် လို့ တောင် ကမ္ပည်း တင် လိုက်ချင်သေးတယ် ။ နွေ နဲ့ ဆောင်း ဆိုရ င် မသိသာပေ မဲ့ မိုးတွင်း ဆို ဒုက္ခ ရောက်ပြီ ။ အချို့ ချောင်း တွေ က ရေ ကျ လွန်း ရင် တန်း ကူး မရဘူး ။ ရေ အကျ စောင့် ပြီး ကူးရတယ် ။ ချောင်း တွေ ထဲ မှာ ကျော်လှချောင်း က အဆိုးဆုံး ပဲ ။ နဂိုက ချောင်း မှာ နာမည်မ ရှိဘူး  ။ ကိုကျော်လှ ဆိုတဲ့ သူ ဒူးဆစ် လောက် ရှိတဲ့ ရေ ကို မူးမူးနဲ့ ရတယ် ဆိုပြီး ကူး တာ ။ ချောင်း တစ်ဝက် လောက် မှာ နောက်ထပ် ရေ ကျလာတာ နဲ့ ချောင်း နဲ့ မျောပြီး သေရှာပါရော့ လား ။

ချောင်းရိုးတန်း မှာ ကား နှစ်စီး နဲ့ ထွေလာ တစ်စီး ရှိတယ် ။ ကား က တော့ ၅၂၈ နဲ့ ၄၅ဝ၂ ပေါ့ ။ ဒီဘက် မှာ တော့ အုံနာနာမည် ထက် ရှေ့အက္ခရာ မတပ်ဘဲ ကား နံပါတ် သုံးတာ များ တယ် ။ အုံနာတိုင်း က ပေတူး ကို သဘောကျ တယ် ။ လိုချင်တယ် ။ သူ လိုက်တဲ့ ၅၂၈ က ကုန် မရတဲ့ အခါ မရှိဘူး ။ ပေတူး က ဖင် ပေါ့တယ် ။ နှုတ်သွက် တယ် ။ လူ က ကျပ် မပြည့်တော့ သူ ဘာပြော ပြော ဒေါက်တာအုန်းမောင် က သူ့လူနာ ဘာ ပြောပြော ခွင့်လွှတ် ထား သလို ခွင့်လွှတ် ထားတာပါပဲ ။ အားလုံး  ချစ်လည်း ချစ် ၊ သနား လည်း သနား ကြတယ် ။ လူက ကျပ် မပြည့်ပေမဲ့ မုဆိုးမ မျက်စိမမြင် တဲ့ သူ့ အမေကြီး ကို သူ ပဲ လုပ်ကျွေး နေ တာ ကိုး ။ နောက် မြို့ မှာ မော်တော်ပီကယ် က အစ ပေတူး ကို ချစ်ကြတယ် ။ သူတို့ က တောင် ပေတူး ကို ပြန်ပြီး ကျွေးသွား တတ်ကြတယ် ။ သူ့ အမူအရာ ဒီဇိုင်း တွေ က တစ်ခါ မြင်ဖူးရင် ဒိုင်းခနဲ မှတ်မိ လွယ်တယ် ။ နောက် ရွာ မှာ သာရေး ၊ နာရေး ရှိရင် အောက်ခြေသိမ်း ဒိုင်ခံ လုပ်တယ် ။ သူများ တွေ မနေလို ၊ မလုပ်လို တဲ့ ပန်းကန်ဆေး ၊ ထင်းခွဲ ၊ ရေခပ် နေရာ မှာ ပျော်ပျော်ပဲ ။

အဲ ... တစ်ခု တော့ ရှိတယ် ။ သာရေး ၊ အလှူ ၊ မင်္ဂလာဆောင် တွေ မှာ ဆိုင်း ၊ တီးဝိုင်း ပါရင် တော့ မိုက် ကိုင်ရမှ ။ ဆိုင်းဆရာ သူ ပြောတဲ့ ရာဇာနေဝင်းသီချင်း ဘယ်တီးတတ်ပါ့ မလဲ ။ ကြား တောင် ကြားဖူးဟန် မတူဘူး ။ အလှူရှင် က ဆိုင်း ဆရာ ကို မျက်စိ တစ်ဖက် မှိတ်ပြ မှ သဘော အပီ အစစ်အမှန် ပေါက်သွားတယ် ။ ခုတလော အလှူတိုင်း မှာ ဖွင့်နေ ၊ တီးနေ ၊ ဆိုနေ တဲ့ သီချင်း ကို ဟာသ သဘောမျိုး လုပ်တယ် ။ မန္တလေးသိန်းဇော် ရဲ့ မြတ်ဆုမွန် ကို ခပ်တည်တည် ကောက် တီးပစ်တာ ။

ဆိုင်းဆရာ က တီးချင် တာ တီး ၊ ပေတူး က ရာဇာနေဝင်း ဒီဇိုင်းနဲ့ ဆိုချင် တာ ဆို နဲ့ လာသမျှ ပရိသတ် ပတ်တုတ် မရဘူး ။ အချို့ အရယ်သန် သူ မယ်ချဲ တွေ ဆို သေး တောင် ထွက်ကျတယ် ။ မယ်ချဲ ဆို တာ ဒီ နယ်ဘက် မှာ တော့ အသက်ခြောက်ဆယ် ကျော် ၊ ခုနှစ်ဆယ်ကျော် အဘွားကြီး တွေကို  ပြောတာပါ ။ ယောက်ျားကြီး တွေ ဆိုရင် တော့ ဖိုးချဲ ပေါ့ ။

အဲ ... တစ်ခု တော့ ရှိတယ် ။ ပေတူး က ဘယ် အလှူ ၊ ဘယ် မင်္ဂလာဆောင် ဖြစ်ဖြစ် တီးဝိုင်း ပါ ရင် သီချင်း နှစ်ပုဒ် ပဲ ဆိုတယ် ။ ရာဇာနေဝင်း သီချင်း ဆိုပြီး နောက် တစ်ပုဒ် ကို တော့ ဆိုင်းဆရာ လာ မနောက် နဲ့ မရဘူး ။ တစ်ခါတုန်း က ဆို သူ ဆိုမယ့် သီချင်း အတော ကို မတီး ဘဲ စတဲ့ အနေ နဲ့ မဟုတ်တာ သွား တီး မိတယ် ။ အမှန် က စ တာပါ ။

“ ဒီမှာ ဆိုင်းဆရာ ၊ ခင်ဗျား ရာဇာပေတူး ကို စော်ကားတယ် ။ ရာဇာ့ အနုပညာ ကို မလေးမစား လုပ်တယ် ။ ရာဇာ အများကြီး ဝမ်းနည်းတယ် ။ ခင်ဗျား ကျုပ် ကို ကျပ်မပြည့်တဲ့ ကောင် မှတ်နေလား ”

တကယ့် ကို ရာဇာနေဝင်း စတိုင် နဲ့ အပီ ဟောက်တာ ။ ဆိုင်းဆရာ တော့ မှတ်ကရော့ ပဲ ။

အမယ် ဆိုင်းဆရာ က အပီ တီးရုံတင် မကဘူး ၊ အော်ဂင် ပါ တွဲ ထား တော့ ဝိုင်း က ပို မြိုင်သွားတယ် ။

“ မွေးဌာနေ .. အညာမြေဆီ က ချစ်ရတဲ့ ရှင်နှောင်း ရေ ”

အခုလို ဟဲပြန် တော့ လည်း သူ မဟုတ်တော့ တဲ့ အတိုင်းပဲ ။ မထင်ကြ တာ ကိုး ။ လက်ခုပ်သံ တွေ ၊ လေချွန်သံ တွေ နဲ့ သဘော ကို ကျ လို့ ။ အလှူရှင် ရော ၊ ကောင်မလေး တွေ ရော ၊ ဆု တွေ ထ ထ ပြီး ချ ကြတာ မနည်းဘူး ။ ဝိုင်းသိမ်း ရင် အောက်ခံ တစ်ထောင် တော့ အနည်းဆုံး အဆင့် ပဲ ။ တစ်ခု တော့ ရှိတယ် ။ နောက် တစ်ခါ ပွဲ မတောင်း နဲ့ မရတော့ဘူး ။ ဆု ချမယ် ၊ ပိုက်ဆံ ပေးမယ် ပြောလည်း မဆိုဘူး ။

အဲ ... ပြောလိုက်သေးတယ် ။

“ ရာဇာပေတူး ကို ခွင့်လွှတ်ပါ ” တဲ့ ။ ဒါကြောင့် နောက်ပိုင်း အလှူ ၊ မင်္ဂလာဆောင် တီးဝိုင်း ၊ ဆိုင်းဝိုင်း ပါ လို့ ရာဇာနေဝင်း မပါ ရင် တစ်ခု ခု လို နေသလိုပဲ ။

•••••   •••••   •••••

“ ရာဇာ မနက်ဖြန် မြို့ ကို မမနှောင်း တို့ အိမ် က နှမ်း နဲ့ ထန်းလျက် တင်မှာ နော် ”

အဲဒီလို ပြောလိုက်ရ င်ပဲ ပေတူး ပျော် သွားပြီ ။ အနှောင်း ကား ပေါ်ပါ လာ ရင် ရာဇာပေတူး မြူး နေတာပဲ ။ ရွာ မှာ ဘယ် ကားသမား မှ အနှောင်း ကုန် ကို မတင်ရဲ ။ ပေတူး က လည်း အနှောင်း ကား ပေါ် ပါ လာလျှင် နှုတ် က သွက်ပါပေ့ ။

တစ်လမ်း လုံး အနှောင်း မျက်နှာလေး ကို မြင် နေရ ရင် သူ ပျော် နေပြီ ။ ကိုထွေး က ပြောဖူးတယ် ။

“ ရာဇာ မင်း ကို အနှောင်း က သံယောဇဉ် တွယ် နေတယ် ထင်တယ် ။ အနှောင်း က တို့ ကား မှ တို့ ကား ။ အဲဒါ  ...  မင်းကြောင့် မင်း သံယောဇဉ် ကြောင့်  ”

အဲဒီလို ပြောတော့ ပေတူးခ မျာ မျက်နှာ က စပ်ဖြီးဖြီး ပီတိ ကို ဖြစ်လို့  ။ ဟို ...  မြန်မာ့ရိုးရာ ဟာသပုံပြင် ထဲ က လို “ ဟုတ်တော့ လည်း ဖုံးမရဘူး ” ဆို တဲ့ ဒီဇိုင်း နဲ့ ပေါ့ ။ ရွာ ထဲ က ကာလသား ၊ ကာလသမီး တွေ ရော ဝိုင်း စကြ တာ ။ ကြာ တော့ ပေတူး မသိစိတ် ထဲ မှာ အနှောင်း နဲ့ သူ ဟာ ချစ်သူ ပေါ့ ။

အနှောင်း က တော့ ပေတူး ကို တကယ့် ကျပ် မပြည့်တဲ့ ကောင်လေး လို သဘောထား ပြီး စတာ ။ ပေတူး အမေ ကို “ အမေ ” တဲ့  ။ “ ယောက္ခမကြီး ” တဲ့ ။ ကြာလေ ပို ဆိုးကုန်ပြီ ။ နေ မြင့်လေ အရူး ရင့် လေ ပေါ့ ။ ပေတူး ဆိုတာ အနှောင်း လက်ပေါ် မှာ ကြီး လာတာပါ ။ ကျပ် မပြည့်တဲ့ အရူးအပေါလေး ဆိုပြီး ပျော်စေ ပျက်စေ ခဏ ပေါ့ ။ ဒါကို အဟုတ် ထင် နေတာက ပေတူး ။

“ ပေတူး အနှောင်း က မင်း ကို တကယ် ယူ မှာ လား ”

ဘေး က လူတွေ က အဲဒီလို စ ရင် ပေတူး မကြည်တော့ဘူး ။ သူ့ မှာ အ နှောင်း နဲ့ ပတ်သက် လာ ရင် တကယ့် ကို အရူး ။ နဂို ကတည်း က မှ ကျပ် မပြည့် တာ အချစ်ရူး ထပ် စွက် တော့ ပို ရှုပ် ကုန်တာပေါ့ ။

“ ရာဇာ မင်း မမနှောင်း ကို တကယ် လက်ထပ် မှာ ဆိုရင် ပိုက်ဆံ စု နော် ။ မမနှောင်း အိမ် က တင့်တောင့်တင့်တယ် တောင်း မှ လက်ခံ မှာ နော် ”

အဲဒီလို စ တာ ကို အဟုတ် ထင် လို့ ။ နောက် တစ်နေ့ မြေအိုးစုဘူးလေး တွေ ဝယ်ပြီး စု ပါ လေ ရော ။ ကား တစ်ခေါက် ပြန် လာတိုင်း ဆယ်တန် ၊ ငါးဆယ်တန် ၊ တစ်ရာကျပ်တန် ကို အဆင်ပြေ ပြေ သလို ထည့်တယ် ။ မ ထည့် တဲ့ အခါ တော့ မရှိဘူး ။ မနက် လင်း ရင် ရွာ ထဲ က အိမ် တွေ မှာ ဘက်ထရီအိုး လိုက် စုတယ် ။ ထမ်းပိုးလေး နဲ့ ပေါ့ ။ ရှေ့နောက် ဘက်ထရီအိုး ဆယ့်လေးငါးလုံး အပြည့် ။ ရွာ မှာ အားသွင်းစက် မှ မရှိတာ ။ မြို့ မှာ အား သွင်း ရတာ ကိုး ။ ဘက်ထရီအိုး က တစ်လုံး ဆို သူ့ အတွက် နှစ်ဆယ် ကျန် တယ် ။ တစ်အိုး ကို သူ က ငါးဆယ် နဲ့ ယူတယ် ။ ကိုထွေး ကို တစ် ဆယ် ၊ ကားခ ပေါ့ ။ ကိုထွေး က မယူတဲ့ အခါ များ ပါတယ် ။

“ အမေ သီတင်းကျွတ် ရင် မမနှောင်း ကို တောင်းပေးရ မှာ နော် ။ မမနှောင်း က သူ့ ကို ယူဖို့ ပိုက်ဆံ စု တဲ့ ။ အခုဆို ကျွန်တော် လေ စု ထားတာ စုဘူးလေး တွေ ဆယ်လုံး ရှိပြီ ”

သူ့ အမေ က တော့ သူ့ သား မျက်နှာ မမြင်ရပေမဲ့ ပြုံး နေတယ် ။ ကျပ် မပြည့် တဲ့ သူ့ သား အကြောင်း သိပြီးသား ကိုး ။

“ အေးပါ သားရယ် ” ပေါ့ ။

အနှောင်း က လည်း ဘာရယ် မဟုတ်ပါဘူး ။ ပေတူး ရာဇာနေဝင်း ကို ကြိုက် တတ်မှန်း သိလို့ ရာဇာနေဝင်း ပြက္ခဒိန် နဲ့ ဓာတ်ပုံ တွေ ဝယ်ပေးတတ်တယ် ။ ခိုင်းစရာ ရှိရင် ဖင် ပေါ့တာကိုး ။ ဒါကို “ မမနှောင်း က ငါ့ အတွက် ဝယ်ပေးတာ ” ဆိုပြီး ကြွား ရတာ အမော ။ အင်း အချစ် ရူး ထက် အရူး ချစ် က ပိုမယ် ထင်တယ် နော့ ။

•••••   •••••   •••••

ရွာ ထဲ မှာ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ် ။ ဟုတ်တယ်လေ .. ဘယ်သူမှ ထင်မထားတာကိုး ။ အနှောင်း က လည်း သိုသိပ်လွန်းလှတယ် ။ ဒီနေ့ ချောင်းရိုးတန်း ရွာကလေး သိမ့်သိမ့်တုန် သွားတာပဲ ။ မြို့ ပေါ် ဧရာဝတီပွဲရုံ က သူဌေးသား က အနှောင်း ကို လာ နားဖောက်တာ တဲ့ ။

ရွာ ထဲ မှာ ကား တွေ ၊ ဆိုင်ကယ် တွေ ဆိုတာ ဝီခတ် နေတာပဲ ။

အနှောင်း က ချောင်းရိုးတန်းရွာ အချောအလှ စာရင်း မှာ ဝမ်းတူးတန်း ( န် ) ပေါ့ ။ အသက် က သုံးဆယ် ဝန်းကျင် ဆိုတော့ အလှ မှာ ဣန္ဒြေ က ဆင့်ထားသေး သကိုး ။ အနှောင်း တို့ အိမ်ရှေ့ မှာ ရပ်မိရပ်ဖတွေ စုံ လို့ ဟိုဘက် က မိသားဖသား ပီပီ လာ တောင်းတော့ ဒီဘက် က လည်း မနေ သာပြီ ကိုး ။

မြို့သား ၊ ဘွဲ့ရ ၊ သူဌေးသား ၊ ရုပ် က လည်း ဖြောင့်တယ် ။ ဘာ ငြင်းစရာ ရှိတုန်း ။ နောက် မင်္ဂလာဆောင်ကြေး အကြို တစ်သောင်း ။ ရွာ က ကာလသား တွေ ပျော်ပွဲစားဖို့ သုံးထောင် ။ ဘာ လိုသေးလဲ ပေါ့ ။ ကိုယ့် ရွာသူ လင်ကောင်း သားကောင်း ရသွားတာပဲ ။ ကျေနပ်ကြ ပြီလေ ။

“ ကိုင်း ... ရက် ရွေးပေါ့ ”

မြို့ မှာ မင်္ဂလာ ဆောင်မယ် ။ ရွာ ကို အုပ် လာ တင်မယ် ။ ရွာ အုပ်တင်ဧည့်ခံ အတွက်လည်း သတို့သား ဘက် က ပဲ အကုန်ကျ ခံမှာ ပါ ။ ဝက်သား မစား အမဲ ။ အမဲ မစား ငါး ပေါ့ ။ ဒါမှ မရသေး ရင် ကြက် လေ ။ တစ်ခါ မှ ကြုံဖူးဘူး ။ အားလုံး က အနှောင်း အတွက် မုဒိတာ ပွားကြပါတယ် ။

ဧရာဝတီပွဲရုံ ဆိုတာ က ရွာ နဲ့ မကင်းဘဲ ကိုး ။ အနှောင်း ရှိ နေရင် ကိုယ့် ရွာခံ ပဲ ။ ပိုအဆင်ပြေ တာပေါ့ ။ မဟုတ်ဘူး လား ။ ပြဿနာ တစ်ခု တော့ ရှိ တယ် ။

အဲဒါက ပေတူး ပဲ ။ သူ က နောက်တာ ကို အတည် ပေါက် မှတ် နေတာ ကိုး ။ သူ့ အမေ ကို ငို တိုင်တယ် ။ တကယ့် ကလေး အတိုင်း ပဲ ငိုကြီးချက်မ နဲ့ ပေါ့ ။

“ အမေ ဟီး ... ဟီး ... ဟီး .. မမနှောင်း ရာဇာပေတူး ကို အသည်းခွဲ သွားတယ် ။ အခု ရာဇာ စုဘူး တွေ ဘာ လုပ်ရမှာ လဲ ၊ ဟေ့ စုဘူးလေး တွေ မင်း တို့ ရဲ့ သခင်မ ငါ့ ကို သစ္စာ ဖောက် သွားပြီ ။ ရာဇာ အချစ်စုဘူး တွေ ကွဲ ကုန်ပြီ ”

ပြောပြောဆိုဆို စုဘူး တွေ ကို ရိုက်ခွဲ တော့ တာပဲ ။ ပေတူး တစ်ယောက် ဆူညံဆူညံ လုပ်တာနဲ့ ပတ်ဝန်းကျင် က အုံ လာကြတယ် ။ လူကြီး ကလေး ၊ ဘုစုခရုစု စုံလို့  ။ ပေတူး အိမ်နား မှာ မျက်လှည့်ပြ ၊ ဆေးရောင်း နေတဲ့ တိုင်းပဲ ။

“ ရာဇာ ရယ် စိတ် လျှော့ပါကွာ ။ မင်း က ယောက်ျား ပဲ ။ သူ ကြင် မှ ကိုယ် ကြင် ပေါ့ ။ မိန်းမ မရှားပါဘူး ။ ရွာ ထဲ မှာ မင်း ကို သဘောကျ တဲ့ ကောင်မလေး တွေ ပေါ မှ ပေါ ”

ပေတူး ကို သူ့ အုံနာ ကိုထွေး က တရား ချတယ် ။

“ ကိုထွေး ရာဇာ ကို လာ တရား မချနဲ့ ။ ကျွန်တော့် ဘဝ မှာ မမနှောင်း တစ်ယောက် ပဲ ရှိတယ် ။ မမနှောင်း ကို သေ သည့် အထိ ချစ် သွားမယ် ။ ဒါ ဟာ ဘယ်တော့မှ မဖောက်ပြန် တဲ့ ရာဇာ ရဲ့ ပရမတ္တသစ္စာ ပဲ ”

“ ဗုဒ္ဓေါ ” ပြောကာမှ ပိုရှုပ်ကုန်ရော ။ လူတွေ က လည်း များ သထက် များ လာရော ။

“ ကဲ ... လူသား အားလုံး ရာဇာပေတူး လွန် သလား ။ မမနှောင်း သိပ်ရက်စက်တယ်ဗျာ ။ အစ က တော့ ရာဇာ ကို ယူမယ် ။ ပိုက်ဆံ စု တဲ့ ။ ရာဇာပေတူး မှာ တော့ အဟုတ် မှတ် လို့ .. အဟီး ... ဟီး ... အခု ဒါတွေ ဘာ လုပ်ရ မှာ တုန်း ”

ကြည့် နေတဲ့ သူတွေ ခမျာ ငို ရ မလို ၊ ရယ် ရ မလို ၊ ထိုင် ရ မလို ၊ ထ ရ မလို ဖြစ်လို့  ။ ပေတူး က တော့ အစွမ်းကုန် ပေါက်ကွဲ နေလေရဲ့ ။ သနား လည်း သနား ၊ အူ လည်း တက်ချင် ပေါ့ ။ မန်ကျည်းသီး တစ်ဝက် ၊ ထန်းလျက် တစ်ဝက် မျက်နှာ ဆိုတာ ဒါမျိုး မျက်နှာ တွေ ကို ခေါ်မလားပဲ ။

“ ငါ့ ဘဝ မှာ ဒါတွေ မလိုအပ်တော့ဘူး ။ ရာဇာပေတူး ဘဝမှာ ဒါတွေ မလိုအပ်တော့ဘူး ။ အလကား ပဲ ၊ ဖွဲ ပဲ ၊ အမှိုက် ပဲ ရှုပ်တယ် ။ ရာဇာပေတူး ရင်ထဲ မှာ မီးမုန်တို င်း တိုက် နေပြီ ”

ပြောပြောဆိုဆို စုဘူး တွေ ကို မြေ မှာ ပေါက်ခွဲတယ် ။ ကလေး တွေ က  ပြန့်ကြဲ ထွက် လာတဲ့ ပိုက်ဆံ တွေ ကို အလုအယက် ကောက် လို့ တိုးကြ ဝှေ့ကြ နဲ့ တကယ့် ကို ပျော်ပွဲကြီး ဖြစ်လို့ ။

•••••   •••••   •••••

“ မေတ္တာ ဆိုတာ ပေးဆပ်ခြင်း ပါ မမနှောင်း ။ ရပါတယ် ၊ ရပါတယ် ။ ရာဇာ သဘောထား မနုပါဘူး ။ အခု မမနှောင်း လုပ်ပုံ က ရာဇာ့ ကို အထင်သေး တာပဲ ။ မမနှောင်း မှာ အပြစ် မရှိ ၊ ချစ် မိတဲ့ ရာဇာ သာ အပြစ် အပြစ် ”

မမနှောင်း က မျက်နှာ ပူ လို့ သူတို့ ကား နဲ့ မြို့ မလိုက်ဘဲ ၄၅ဝ၂ ကိုမြင့်ဆွေ ကား နဲ့ လိုက်ဖို့ လုပ်တယ် ။ ပေတူး က ၄၅၀၂ ကား ပေါ် က အနှောင်း ရဲ့ ကုန် တွေ ကို ပြန်ဆွဲ ချ ပြီး သူတို့ ကား ပေါ် တင်တယ် ။ ၄၅ဝ၂ ကားပိုင် ရှင် ကိုမြင့်ဆွေ က တော့ ရယ် ပဲ နေတယ် ။ ငါ့ ကော င်တော့ လုပ်ချလိုက် ပြီ ပေါ့ ။ ဘယ် ကားသမား ချင်း ကိုယ့် ကုန် လုတာ ဘယ်သူ ခံမှာ တုန်း ။ အခု လို ပုံစံ လုပ်ကြည့် မဏိကွမ်းစား သွား ပြီပေါ့ ။ ခေါင်းကွဲ သွားမယ် လို့ ဆို လိုတာပါ ။ အခု ဟာ က ပေတူး လေ ။ ကျပ် မပြည့် တဲ့ ကောင် ဆိုပြီး ဒီလိုပဲ ခွင့်လွှတ် ထားရတာ ။ ဟို က ကျပ် သာ မပြည့်တာ ။ သူ့ သွား မေး ကြည့် တစ်ကျပ် ဟိုဘက် ကို ကျော် သေးတယ် ပြော မှာ  ။

ည က ပဲ ရွာ ထဲ က ငထွန်း ရဲ့ ဗီဒီယို နဲ့ ကာရာအိုကေရုံ မှာ ပေတူး ကဲ နေ တယ် ။
လွမ်းရတဲ့ ရှင်နှောင်း ၊ ဂုဏ်မြင့်သူ လှည့်စားရက်တယ် ၊ သူများ နဲ့ ညားတဲ့ ငါ့ရည်းစား ကို ထပ်ခါ တလဲလဲ ဟစ် နေလို့ ။ အတော် တောင်းပန် ယူ ရတယ် ဆိုပဲ ။ ဘယ်သူ က ဘယ်လို မြှောက် ပေးလဲ မသိဘူး ။ မသောက်စဖူး သောက်ထား သေးရဲ့ ။ နောက်ဆုံး သီချင်း ဆိုခ တောင် မယူဘဲ အတင်း ချော့မော့ ပြန် လွှတ် လိုက် ရတယ် ။

တကယ်ဆို ဒီနေ့ အနှောင်း မြို့ သွားမှာ ကိစ္စ ရှိတယ် ။ မင်္ဂလာဆောင် ကိစ္စ က အဓိက ပေါ့ ။ သတို့သားလောင်း က ဟို မှာ ကိုး ။ မြို့ ရောက်တော့ ဧရာဝတီပွဲရုံ မှာ အနှောင်း ကုန် ချတယ် ။ ပေတူး က သတို့သားလောင်း လက် ကို ဆွဲပြီး ဘိုလို ပါ မှုတ် နေလေရဲ့ ။

“ ကွန်ဂရက်ကျူလေးရှင်း ကိုမောင်မောင် ၊ ခင်ဗျား အတွက် ရာဇာပေတူး ဂုဏ်ယူပါတယ် ။ အရမ်း အရမ်း ကို ပါပဲ ”

လူ က အမဲခြောက် ဖုတ်ထား သလို ပြော တော့ သဘော ကျ ကုန်ရော ။ ပြီးတော့ ဆက် လိုက်သေးတယ် ။

“ ခင်ဗျား တို့ မင်္ဂလာပွဲ ကျ ရင် ရာဇာပေတူး အကောင်းဆုံး လက်ဖွဲ့ မှာ ပါ ။ မမနှောင်း ဟာ ခင်ဗျား နဲ့ အထိုက်တန်ဆုံး ပါ ။ ရာဇာပေတူး ရင် ထဲ မှာ ငို နေပေမဲ့ ဝမ်းသာတယ်ဗျာ ။ တကယ် ... တကယ် ”

ကိုမောင်မောင် က ပေတူး အကြောင်း သိပြီးသား ပဲ ။ အလိုက်သင့် ပေါ့ ။ ပေတူး က မျက်ရည် တွေ တောင် ဝဲ လို့ ။ ကိုမောင်မောင် တောင် စိတ် မကောင်း ဖြစ် သွားရတယ် ။

အပြန် ကား ထွက်တော့ နောက်ကျ တယ် ။ မိုးနံ့လေး လေ ထဲ မှာ သင်းပျံ့ လာတယ် ။ မကြာပါဘူး မြို့ အထွက် မှာ တဖွဲဖွဲ ဖြစ် လာတယ် ။ ဆယ့်လေးမိုင် ကျော်လို့ ရွာဘက် ချိုးတယ် ဆိုရင်ပဲ မိုး က ပုဆိန်ပေါက် ရွာ ချ လာတယ် ။ လေက လည်း တဟူးဟူး နဲ့ ပေါ့ ။ ကျော်လှချောင်း ရောက် တော့ ရေ က ကျ နေတယ် ။ အထက်ဘက် ဆီ က မိုး ပိုသည်း နေတာကိုး ။ စောင့်ပေတော့ပဲ ။ မစောင့် လို့ လည်း မဖြစ်ဘူးလေ ။ ရေ က ဝါးလုံးထိုး ကျ နေတာကိုး ။ ကား ပေါ် မှာ တော့ ရေ အကျစောင့် ရင်း စကား ဝိုင်း ဖွဲ့ကြ တာပေါ့ ။ အဆိုးဆုံး က ထုံးစံ အတိုင်း မိန်းကလေးဝို င်း ပေါ့ ။

“ ဟဲ့ မိနှောင်း နင့် မင်္ဂလာဆောင် မှာ ဝတ်ဖို့ အဝတ်အစား ဝယ်လာတယ် ဆို ။ မှန်း ... ကြည့်ရအောင် ။ ဟယ် ... ချိတ်အဆင်လေး က အပျံစားပဲ ။ ဂွတ်ရှယ် ပဲ ”

“ ဟယ် ..လှတယ်နော် ။ အရောင် ရော ၊ အဆင် ရော ”

“ ခြုံမယ့် ပဝါ က လည်း လှ လိုက်တာ ။ နင် ရွေး တာလား ။ ကိုမောင်မောင် ရွေး တာလား ”

ဟို က ယူ ကြည့် ၊ ဒီ က ယူ ကြည့် နဲ့ ရှုပ်ရှက်ခတ် နေတာပဲ ။

လေ တစ်ချက် အသုတ် မှာ နောက် တစ်ယောက် ဆီ လက် ကူးတဲ့ ဇာပဝါပြာလေး က လေ နဲ့ အတူ လိုက် သွားပြီး ချောင်း ထဲ ကျ သွားတယ် ။ ကား က ချောင်း အစပ် မှာ ရပ် ထားတာ ကိုး ။

“ ဟယ် ... သွားပါပြီ ဟာ ။ မင်္ဂလာဆောင် အတွက်ဟာ လေး ”

အနှောင်း က မချိတင်ကဲ လေသံလေး နဲ့ ပေါ့ ။ ပဝါလေး က တော့ ဝါးလုံးထိုး စီး နေတဲ့ ရေ နဲ့ အတူ အရှိန် ပြင်းစွာ မျော လို့ လိုက်ပါ သွားတယ် ။ အဲဒီလို အချိန် မှာ ဘယ်သူ မှ မထင်မှတ် ဘဲ ဝုန်း ဆို ချောင်း ထဲ ကို ဒိုင်ဗင် ထိုး ချ လိုက်တယ် ။

“ ဟဲ့ .. ပေတူး ၊ မလုပ် နဲ့ ရေစီး သန်တယ် ။ ပြန်လာ ပြန်လာ ”

ရေ ထဲ မျော နေတဲ့ ဇာပဝါလေး နောက် ကို လိုက် ဆယ်ဖို့ သူ ကြိုးစား ကူးခတ် နေတယ် ။ ရေစီး က တဝုန်းဝုန်း နဲ့ ပေါ့ ။ အထက်ဘက် ဆီ က မိုးသား တွေ ဟာ ပို ညိုမည်း လာတယ် ။ ချောင်း ရေ က ကျ သ ထက် ကျ လာတယ် ။

နောက် တစ်နေ့ ရေ အကျ ချောင်းရိုး အကွေ့ တစ်ခု မှာ ပေတူး ကို တွေ့ ရတယ် ။
သူ့ လက် ထဲ မှာ တော့ သူ့ ရဲ့ အရူး ချစ် ရော ၊ အချစ် ရူး ရော ပေါင်း ပြီး ချစ်သက်သေ ပြသွားလေရဲ့ ။

သူ့ လက် ထဲ မှာ ဇာပဝါ အပြာလေး ကို ကျစ်ကျစ်ပါ အောင် ဆုပ် လို့ ဘေးနား က လူ တွေ ဆိုတာ စုတ် တသပ်သပ် နဲ့ ပေါ့ ။

ပိုပြီး စိတ် မကောင်း ဖြစ်ရတာက ပေတူး အမေ ပါ ။ မျက်စိ က မမြင် ရှာ ဘဲ ကိုး ။
အဖော် သုံးလေး ယောက် ဖေးကူ လို့ ၊ သူ့ သား နား ရောက် တော့ လက်ကလေး နဲ့ စမ်း တဝါးဝါး ။

“ ပေတူး လူလေး ၊ သားလေး ရယ် ။ မင်း မမနှောင်း ကို အဲဒီလောက် တောင်  ချစ်ရသလား ။ ကျော်လှချောင်း အကြောင်း မင်း အသိသား နဲ့  ။ မိနှောင်း ... မိနှောင်း နင့် ကို လေ ကျပ် မပြည့် တဲ့ ငါ့ သား က အရူးအမူး ချစ် တာပါ တော့ ။ ပေတူး အမေ ဘယ်လို ဖြေရ မှာ တုန်း ။ အစ်မနှောင်း ကို လက်ထပ်ဖို့ စုဘူးလေး တွေ စု ထားတာ ။ ဘယ်နှလုံး ရှိပြီ တုံး ။ ပေတူး ၊ သား လေး ၊ ရာဇာပေတူး လေး ။ တကယ့် ကို ပေ တဲ့ တူး တဲ့ ပေတူးလေး ”

အသည်း ခိုင်ပါတယ် ဆိုတဲ့ ယောက်ျားသားကြီး တွေ တောင် တင်း မခံနိုင်ဘူး ။ တစ်ဖက်ကို မျက်နှာ လွှဲ ကုန်ကြတယ် ။

ပေတူး က တော့ ဘယ်သူတွေ ပြော နေ ၊ ငို နေ ၊ ဆို နေ စေ ။

လက် ထဲ မှာ ဖြေ မရအောင် ဘဲ ဇာပဝါပြာလေး ကို ကျစ်ကျစ် ပါ အောင် ဆုပ် ထားရင်း ပြုံးပြုံးလေး နဲ့ ပေါ့ ။

•••••   •••••   •••••

သူ့ ကို ဒီလို ပုံစံနဲ့ တွေ့ လိုက်ရတော့ အနှောင်း စိတ် ထဲ မှာ  ၊ ရင် ထဲ မှာ  ၊ အသည်းနှလုံး ထဲ မှာ တင်း ခံနိုင်ရိုးလား ။

သူ့ ခင်ပွန်းလောင်း ကို တောင် ဂရု မစိုက်နိုင်ဘူး ။

သူ ရှိရာ အပြေး လာ မိတယ် ။

ပြီးတော့ သူ့ ကို အော် ခေါ်မိတယ် ။

“ ပေတူး ”

ပဲ့တင်သံ တောင် ပြန် လာလေရဲ့ ။

“ ပေတူး ”  

“ ပေတူး ” 

“ ပေတူး .. ”

◾ကိုလှိုင်ကြည်ဝင်း

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၆၅
      သြဂုတ်လ ၊ ၂ဝဝ၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.