Showing posts with label မင်းတင်ထွဏ်း. Show all posts
Showing posts with label မင်းတင်ထွဏ်း. Show all posts

Sunday, August 30, 2026

အို ... ဒေဝစ္ဆရာ


❝ အို ... ဒေဝစ္ဆရာ ❞
  ( မင်းတင်ထွဏ်း )

၁။

အင်း... သူနှင့် ပြန်မတွေ့ခင်က ကျွန်တော် ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရသည့် သူလေးသည် အမှန်တကယ်ပင် ဒေဝစ္ဆရာနတ်မိမယ်လို ချောမောခဲ့သူလေး ဖြစ်ပါသည်။

••••• ••••• •••••

၂။

ကျွန်တော်က ရွှေဘိုသား။ အထက်တန်းကျောင်းသားအရွယ်ထိ ဘယ်မိန်းကလေးမှ စိတ်မဝင်စားခဲ့ပါ။ ဘယ်မိန်းကလေးမှ စ,ခြင်း၊ နောက်ခြင်း၊ ပိုးပန်းခြင်း မရှိခဲ့၍လည်း သူငယ်ချင်းတွေ၏ အံ့သြမှုကို ခံခဲ့ရသည်။ ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ဆိုသည်မှာ လူပျိုဖော်ဝင်စ, အရွယ်၊ ကြီးကောင်ဝင်စ,အရွယ်၊ နှလုံးသားတုန်ခါစ, အရွယ်ဖြစ်သည်။ အထူးသဖြင့် အချစ်ဆိုသည့် သမုဒ္ဒရာထဲ စတင် ကူးခပ်ချင်စိတ်ဖြစ်ပေါ်သည့် အရွယ်ဖြစ်သည်။ သူငယ်ချင်းတွေက သူတို့ မျက်စိထဲ စွဲသည့် ကောင်မလေး၊ သူတို့ ရင်ကို ခုန်စေသည့် ကောင်မလေးများကို ချစ်သဝဏ်လွှာပါးကြသည်။ စကားလိုက်ပြော ကြသည်။ ပြေလည်သွားသူလည်း ရှိသည်။ ကျောင်းအုပ်ကြီးရုံးခန်း ရောက်သူလည်း ရှိသည်။ ငြင်းလိုက်လို့ အသည်းကွဲသူလည်း ရှိသည်။ ထိုအထဲတွင် ကျွန်တော် မပါ။ ဒီတော့ သူငယ်ချင်း ဖြစ်သူ သန်းဌေးက-

“ဟေ့ကောင် … မင်း ဘယ်ကောင်မလေးမှ စိတ်မဝင်စားဘူးလား” ဟု မေးသည်။

“အေး”

ကျွန်တော်က ခေါင်းမော့ လက်ပိုက်ပြီး ဖြေသည်။ ဒီတော့ ဒေါင်းကြည်က-

“ငါ့ဦးလေး ပြောဖူးတယ်ကွ၊ ယောက်ျားဆိုတာ ဘူးရင်ဘူး၊ မဘူးရင် ဂန်ဒူးတဲ့ကွ” လို့ ပြောသည်။ သူငယ်ချင်းတွေက ရယ်ကြသည်။

ကျွန်တော်က ပြုံးလိုက်သည်။

“ဘာပြုံးတာလဲ၊ မင်း ကျိတ်ပိုးနေတဲ့ ကောင်မလေး ရှိတယ် မဟုတ်လား”

ထွန်းမြင့်က ကျွန်တော့်ကို ကြည့်ပြီး တရားခံစစ်, စစ်သည်။ သူငယ်ချင်းများကလည်း ကျွန်တော့်ကို ဝိုင်းကြည့်နေကြသည်။

“ကျိတ်ပိုးနေတာထက် ငါ့ရင်ထဲမှာ စွဲလမ်းနေတဲ့သူ ရှိတယ်ကွ”

“ဟေ”

“ဟုတ်လား”

ကျွန်တော့် စကားကြောင့် သူငယ်ချင်းတွေ အံ့သြသွားကြသည်။

“ချောလားကွ”

ဉာဏ်ထွန်းက မေးသည်။

“ချောတာ၊ လှတာမှ ဒေဝစ္ဆရာနတ်မိမယ်လေး အတိုင်းပဲကွ”

“ဟေ.. ဟုတ်လား၊ ဘယ်လိုချောတာလဲ”

ဒေါင်းကြည်က တအံ့တသြမေးသည်။

“သူ့အသားလေးက ဖြူပြီး ဝင်းအိနေတာ၊ မျက်လုံးလေးတွေကလည်း ဝိုင်းစက် စိုရွှမ်းနေတာ။ မျက်တောင်လေးကလည်း စင်ရော်တောင်လေးလို ကော့နေတာ၊ မျက်ခုံးလေးကလည်း ခုံးမျက်စ သုံးရက်လ,လေးလိုကွ။ ဆံပင်တွေကလည်း ပိတုန်းရောင်လို နက်မှောင်နေတာ။ သူ့အသံလေးကလည်း ကြိုးကြာသံလို၊ ရေစီးသံလိုကွ”

ကျွန်တော့် စကားကြောင့် သူငယ်ချင်းတွေ နှာခေါင်းရှုံ့သွားကြသည်။ ပိုရန်ကောပေါ့။ လူရွှင်တော်ပြက်သလို “မင်းကောင်မလေးက လူမှ ဟုတ်ရဲ့လား” ဟု မမေးကြတာ ကံကောင်း။ ကျွန်တော်ကတော့ သူလေးကို ညတိုင်း အိပ်မက်ထဲမှာ အမြဲ တွေ့နေတာဟု ပြောလျှင် ကျွန်တော့်ကို ရူးပြီဟု ပြောကြမည်မှာ အမှန်ပင် ဖြစ်သည်။

“တယ်ဆိုတဲ့ စာပါလား၊ တို့ကျောင်းကလား”

ထွန်းမြင့်က မေးသည်။

“မဟုတ်ဘူး”

“ဒါဆို မင်းတို့ ရပ်ကွက်ကလား”

သန်းဌေးက ဝင်မေးသည်။

“မဟုတ်ဘူး”

“ဒါဆို ဘယ်ကလဲကွ”

ထွန်းမြင့်က စိတ်မရှည်သလို မေးသည်။

“ငါငယ်ငယ်က ကျောင်းနေခဲ့တဲ့ မကျီးကုန်းရွာ ကကွ။ သူ့အလှကို အခုချိန်ထိ ငါ့စိတ်ထဲမှာ စွဲနေတုန်းပဲ။ ဒါကြောင့် ငါ ဘယ်ကောင်မလေးမှ စိတ်မဝင်စားနိုင်တာပါ။ သူ့လောက်လှတဲ့သူ ငါ့ တစ်သက် တွေ့တော့မယ် မထင်ပါဘူးကွာ”

ကျွန်တော့် စကားကို သူငယ်ချင်းတွေ စိတ်ဝင်စားသွားသည်။ ကျွန်တော် တကယ်ပြောမှန်း၊ ခံစားနေရမှန်း ယုံသွားသည်။ အထူးသဖြင့် ဒေဝစ္ဆရာနတ်မိမယ်လို ချောသည့် သူ့အကြောင်းကို သိချင်ကြသည်။ မေးကြသည်။

ကျွန်တော်ကလည်း ပြောချင်ချင်ပါ။

ကျွန်တော် ငယ်ငယ်က အဖေ့အစ်မဖြစ်သူ ကြီးတော် ရှိရာ ဧရာဝတီမြစ်ရိုးဘေးက အထက်အညာ မကျီးကုန်းရွာ ကို လိုက်ပြီး ကျောင်းနေရသည်။ ကြီးတော်သား ကိုစိုး က မူလတန်းကျောင်းအုပ် ဖြစ်သည်။

အဲဒီမှာ သူနှင့် စ,တွေ့သည်။ ကျွန်တော်က ဒုတိယတန်းကျောင်းသား၊ သူက စတုတ္ထတန်းကျောင်းသူ ဖြစ်သည်။ စတုတ္ထတန်းတွင် ကျောင်းသားကျောင်းသူ များများစားစား မရှိ။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်ပဲရှိသည်။

မိန်းကလေး နှစ်ယောက်ထဲတွင် တစ်ယောက်က မည်းမည်းကြုတ်ကြုတ်၊ ပိန်ပိန်ရှည်ရှည် ဖြစ်သည်။ သူ့နာမည်က မနက်ကျော်၊ တစ်ယောက်ကတော့ ကျွန်တော့် မျက်စိထဲတွင် လှလွန်းချက် စက်စက်ယိုနေသူ ဖြစ်သည်။ သူ့နာမည်က မနွဲ့ကြည် တဲ့။ နာမည်နှင့် လိုက်အောင် ကိုယ်လုံးကိုယ်ပေါက်ကလည်း နွဲ့နွဲ့နောင်းနောင်း ဖြစ်သည်။ စကားပြောတော့လည်း သွယ်သွယ်ပျောင်းပျောင်းဖြစ်သည်။

သူ့ကို မြင်စ,ကပင် ခင်မင်သွားသည်။

မနွဲ့ကြည်နှင့် မနက်ကျော် က ကျောင်းပိတ်ရက်တွင် အိမ်ကို ခဏခဏ လာသည်။ ကြီးတော်ကို ကူညီ လုပ်ကိုင်ပေးသည်။ ကျွန်တော့်ကိုလည်း မနွဲ့ကြည်က-

“မြွေမင်းသား သိပ် မဆော့နဲ့၊ ကြီးတော်ကိုလည်း ကူညီလုပ်ကိုင်ပေးဦး”

ဟု ပြောပြီး ပါးလေးကို ဆွဲလိမ်တတ်သည်။

ကျွန်တော် ငယ်ငယ်က ပိန်ပိန်ရှည်ရှည်ဖြစ်သည်။ နောက်ပြီး မနွဲ့ကြည်က ကျွန်တော့်ကို စာလည်း ပြပေးသည်။ ကစားဖို့ ကြက်ပေါင်ကွင်း၊ ပေသီး ဝယ်လာပေးတတ်သည်။ မနွဲ့ကြည်လို စတုတ္ထတန်းကျောင်းသား ကိုရွှေဝင်းကလည်း အိမ်ကို လာပြီး ကူညီလုပ်ကိုင်ပေးတတ်သည်။

ကိုရွှေဝင်းက မနွဲ့ကြည်ကို တွေ့လျှင် စ,တတ်သည်။ နောက်တတ်သည်။ မနွဲ့ကြည် က မကြိုက်။ ပြန်ပြီး ရန် ထောင်သည်။ ကျွန်တော်လည်း မကြိုက်။

“ကိုရွှေဝင်း မနွဲ့ကြည်ကို မစနဲ့ဗျ”

ကျွန်တော်က ကိုရွှေဝင်း ရှေ့မှာ ခါးထောက်ပြီး ပြောသည်။ ဒီတော့ ကိုရွှေဝင်းက ရယ်ပြီး-

“ဟဲဟဲ ချစ်လို့ စ,တာပါကွ”

ဟု ပြောပြီး ကျွန်တော့် ခေါင်းကို ပုတ်သည် ။ ကျွန်တော်က အပုတ် မခံ၊ သူ့ လက် ခေါင်းပေါ်မရောက်ခင် ကျွန်တော့် လက်ဖြင့် ပုတ်ထုတ်လိုက်သည်။

“မချစ်နဲ့ဗျ”

ဟု အော်ပြောသည်။ ကျွန်တော် စိတ်တိုသွားသည်။ လက်သီးဆုပ်နှစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

“အလကား၊ မင်းကို စ,တာပါကွာ။ ငါတို့ လှေပေါ်မှာ မုန့်တွေ အများကြီး ရှိတယ်။ သွားစားရအောင်”

ကိုရွှေဝင်းက ကျွန်တော့်ကို ချော့သည်။

သူတို့နှစ်ယောက်က သူကြီးသားနှင့် သူကြီးသမီး ဖြစ်သည်။ ကျေးရွာအုပ်ချုပ်သည့် သူကြီးတော့ မဟုတ်။ ကိုရွှေဝင်းအဖေက လှေသူကြီး ဖြစ်သည်။ မနွဲ့ကြည် အဖေက အင်းသူကြီး ဖြစ်သည်။

တစ်ရက်တော့ မနွဲ့ကြည်တို့ အင်းထဲ ငါးတွေ ပေါ်၍ ကျွန်တော်နှင့် ကိုရွှေဝင်း အင်းဘေး ငါးတွေ သွားကောက်ကြသည်။

အင်းထဲကို ဘယ်သူက ဆေးခတ်သွားမှန်း မသိ။ ငါးတွေက မူးနောက်ပြီး ကမ်းစပ်ပေါ် ခုန်တက်ကြသည်။ ကျွန်တော်က ငါးအကောင် ကြီးကြီးများကို ရွေးကောက်ပြီး ပလိုင်းထဲ ထည့်သည်။ ကိုရွှေဝင်းကတော့ တွေ့သမျှ ငါးတွေကို သိမ်းကျုံးပြီးတော့ တောင်းကြီးကြီးထဲ ထည့်သည်။

“ဟေ့ ဘာလုပ်နေကြတာလဲ”

ကြိုးကြာသံလေး ကြား၍ လှမ်းကြည့်လိုက်သည်။ မနွဲ့ကြည်က လှေလှော်ရင်း ကမ်းကပ်လာသည်။ ကျွန်တော် ရင်ထိတ်သွားသည်။ ကိုရွှေဝင်းက-

“ငါးကောက်နေတာ မမြင်ဘူးလား မျက်ပြူး”

ဟု ပြောပြီး လျှာထုတ် ပြသည်။

“ဟေ့ … ဟင်းစားဖို့ဆို မပြောဘူး၊ နင်က ရောင်းစားဖို့လုပ်နေတာ မကောက်ရဘူး”

မနွဲ့ကြည်က တက်မ ထောင်ပြီး အော်ပြောသည်။

“ကောက်... ဘလောက်”

ကိုရွှေဝင်းက သူ့ဖင်ကို ကောက်ပြသည်။ လက်ညှိုး နှစ်ချောင်းကို ကွေးချည်ဆန့် ချည်လုပ်ကာ “ကလှော်... ကလှော်...” ဆိုပြီး မနွဲ့ကြည်ကို စ,သည်။ မနွဲ့ကြည်က ကမ်းပေါ်တက်လာသည်။ လှော်တက်ဖြင့် မြှောက်ပြီး ပြေးလာသည်။

“သေဖို့သာပြင်”

ကျွန်တော်လည်း အလန့်တကြားနှင့် ပလိုင်းပစ်ပြီး ပြေးသည်။

“စိမ် ပလိမ်တိမ်ဂွမ်”

ကိုရွှေဝင်းက မနွဲ့ကြည်ကို စပြီး ငါးတောင်းထမ်းကာ ပြေးသည်။ ကိုရွှေဝင်း က ကျွန်တော့်ကို ကျော်ဖြတ်ပြေးသည်။ မနွဲ့ကြည်ကလည်း ကျွန်တော့်ကို ကျော်ပြီး လိုက်သည်။

ဆံပင်တွေ လေမှာ လွင့်ဝဲပြီး သမင်ပျိုမလေးလို ပြေးလွှားနေသည့် မနွဲ့ကြည်ကို ငေးကြည့်ရင်း ကျွန်တော် ကျောက်ရုပ်လို ဖြစ်သွားသည်။

••••• ••••• •••••

၄။

ကိုရွှေဝင်းက စတုတ္ထတန်းကျတော့ ကျောင်းထွက်ပြီး လှေထိုးလိုက်သည်။ မနွဲ့ကြည် ကတော့ စတုတ္ထတန်း အောင်ပြီး သပိတ်ကျင်းမြို့က အထက်တန်းကျောင်းကို သွားတက်သည်။ ကျွန်တော်ကတော့ အစ်ကိုက ကျောင်း ပြောင်း၍ ရွှေဘို ပြန်ပြီး ကျောင်းဆက်တက်သည်။

ပေါင်တံရှည်ရှည် ရွှေဘိုမင်းကြိုက်သည့် ရွှေဘိုသူတွေကို ကျွန်တော့်စိတ်ထဲ လှသည် မထင်။ ကျွန်တော့် စိတ်ထဲတွင် ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရသည့် မနွဲ့ကြည် အလှကို မီသည်ဟု မထင်။

ဒါကြောင့် တက္ကသိုလ်ဝင်တန်းရောက်သည်ထိ ဘယ်ကောင်မလေးမှ ရင်မခုန်မိ၊ စိတ်မဝင်စားမိ၊ ရည်းစားမထားမိ။

ဒီလိုဖြင့် တက္ကသိုလ်ဝင်တန်းအောင်တော့ သပိတ်ကျင်းမြို့မှာ အလုပ်ရသည်။ အလုပ်ရတော့လည်း ဘယ်ကောင်မလေးမှ စိတ်မဝင်စားပါ။ တစ်နေ့နေ့တွင် ကျွန်တော် စွဲလမ်းနေသည့် မနွဲ့ကြည်ကို ပြန်တွေ့ရမည်ဟု မျှော်လင့်ထားသည်။

ရွှေဘိုမြို့ကနေ သပိတ်ကျင်းမြို့ကို လာပြီး အလုပ်လုပ်တာကလည်း မနွဲ့ကြည် ကျောင်းနေဖူးသည့် မြို့မို့ လာပြီး အလုပ်လုပ်ခြင်း ဖြစ် သည်။

သပိတ်ကျင်း ရောက်သည့်နေ့က စပြီး မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ကော့ကော့၊ အသားဖြူဖြူ အမျိုးသမီးတစ်ယောက်ကို ရှာနေခဲ့သည်။ မတွေ့။ သေသောသူ ကြာ လျှင်မေ့၊ ပျောက်သောသူ ရှာလျှင် တွေ့ရပေမည်။ အကြောင်းညီညွတ်သည့်နေ့တွင် မနွဲ့ကြည် နေသည့် မကျီးကုန်းရွာကို သွားရှာဖို့ ကြံထားသည်။

တစ်နေ့တော့ မထင်မှတ်ဘဲ သူ့ကို ပြန်တွေ့ရသည်။

ဒေါင်းကြည်က သပိတ်ကျင်း အထက်တန်းကျောင်းမှာ ကျောင်းစာရေး လုပ်နေသည်။ စနေနေ့မှာ ရွှေဘို ပြန်မှာမို့ လိုက်မလားဟု သွားမေးခြင်းဖြစ်သည်။ ရုံးခန်းထဲ ရောက်တော့ ဒေါင်းကြည် စားပွဲရှေ့က ကုလားထိုင်တွင် ကျောင်းဆရာမ တစ်ယောက် ထိုင်ပြီး ဒေါင်းကြည်နှင့် စကားပြောနေသည်။

ကျွန်တော်က ဧည့်သည် ရှိနေ၍ အနီးအနားက ကုလား ထိုင်ပေါ် ထိုင်ပြီး သတင်းစာ ဖတ်နေသည်။

“ဒေါ်နွဲ့ကြည်ရေ ကိုယ်ရေးရာဇဝင် ဖြည့်ရမှာမို့ ဆရာမ အဖေနဲ့ အမေ နာမည်လေး ပြောပါဦး”

မနွဲ့ကြည် ဆိုတော့ ကျွန်တော် ခေါင်းမတ်သွားသည်။

“ဦးဘဝင်းနဲ့ ဒေါ်ထားကြည်ပါ”

အသံအောအောကြီးကို ကြားရသည်။ ကျွန်တော် ထိုနေရာကို ထသွားလိုက်သည်။

“မွေးရပ်ဇာတိကရော”

ဒေါင်းကြည်က ဆက်မေးသည်။

“ဒီသပိတ်ကျင်းမြို့နယ်ထဲက မကျီးကုန်းရွာကပါ”

ဟုတ်ပြီ၊ သေချာပြီ။

“ဟို... ဟို မနွဲ့ကြည်လား”

ကျွန်တော်က တုန်ယင်စွာ မေးလိုက်သည်။ ဆရာမက ကျွန်တော့်ဘက် လှည့်ပြီး မော့ကြည့်ကာ-

“ဟုတ်တယ်လေ”

ဟု ဖြေသည်။

“မနွဲ့ကြည် အဖေက အင်းသူကြီး မဟုတ်လား” 

“အင်း”

“မနွဲ့ကြည် ကျွန်တော့် ကို မမှတ်မိဘူးလား၊ မောင်ထွန်းလေ၊ မြွေမင်းသားလေ”

ကျွန်တော်က အားရဝမ်းသာသံနှင့် မေးသည်။ မနွဲ့ကြည်က ကျွန်တော့်ကို ကြည့်ပြီး-

“မမှတ်မိဘူး” ဟု ဖြေသည်။

“ကျောင်းဆရာ ကိုစိုး ညီလေ၊ ကြီးတော်ကြည့် တူလေ”

“မေ့တေ့တေ့ ဖြစ်နေပြီ”

မနွဲ့ကြည်က ယတိပြတ်ဖြေပြီး ဒေါင်းကြည်နှင့် ဆက်စကားပြောနေသည်။ ကျွန်တော် မနွဲ့ကြည်ကို ဆက် မမေးတော့။ ဒေါင်းကြည်ကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်။

နောက်တော့ မနွဲ့ကြည်ကို မြို့ထဲမှာ ခဏခဏ တွေ့သည်။ နှုတ်မဆက်တော့။ မမေးတော့။ မကြည့်တော့ပေ။ မနွဲ့ကြည်နှင့် တွေ့ပြီးကတည်းက ညမှာ ဒေဝစ္ဆရာ နတ်သမီးလေး အိပ်မက်ထဲတွင် ပေါ်မလာတော့ပါ။ ပျောက်သွားပြီ။

မနွဲ့ကြည်၏ ရုပ်သည် ငယ်ငယ်က ရုပ်နှင့် လုံးဝ ခြားနားသွားသည်။ အရပ်က ကလန်ကလား၊ အသားက ညိုပြာပြာ၊ အသံက အောအော၊ မျက်လုံးက ပြူးပြူး၊ မျက်ခုံးက ထူထူ၊ နှာခေါင်းက ပွပွ၊ မျက်နှာပေါ်မှာ ဝက်ခြံဗရပျစ်နှင့် ဖြစ်သည်။

ကျွန်တော်သည် မနွဲ့ကြည်ကို ငယ်ငယ်က သိကျွမ်း ဖူးကြောင်း ပြောဖို့ မကြိုးစားတော့ပါ။ မနွဲ့ကြည် ပြောင်း လဲသွားသလို ကျွန်တော့်စိတ်လည်း ပြောင်းလဲသွားသည်။ ဒေါင်းကြည်က-

"ဟေ့ကောင် မနွဲ့ကြည် ဆိုတာ မင်း ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ဒေဝစ္ဆရာ လားကွ”

ဟု မေးတော့ ကျွန်တော်က ရယ်ပြီး-

“မင်းတို့ကို ငါ ပုံပြင် ပြောခဲ့တာပါကွာ” ဟု ပြောလိုက်သည်။

••••• ••••• •••••

၅။

နှစ်တွေညောင်းတော့ ကျွန်တော်လည်း မန္တလေး ပြောင်းလာသည်မှာ ကြာပြီ။ အိမ်ထောင်ကျ၍ သားသမီး နှင့် မြေးပင် ရနေပြီ။

တစ်နေ့တော့ မထင်မှတ်ဘဲ ကမ်းနားက ငါးဈေးကိုရောက်သွားသည်။ ဈေးလယ်ကောင်မှာ လူတွေ ဝိုင်းအုံနေ၍ သွားပြီး စပ်စုကြည့်လိုက်သည်။

အားလား... ထောင်ထောင်မောင်းမောင်း၊ ညိုညိုတုတ်တုတ် မိန်းမကြီးတစ်ယောက်နှင့် ပိန်ပိန်မည်းမည်း၊ အရပ်ရှည်ရှည် မိန်းမကြီးတစ်ယောက် စကားများပြီး နပန်းလုံးသ,တ်နေကြသည်။

ကျွန်တော့်စိတ်ထဲ ထိတ်သွားသည်။ မနွဲ့ကြည်နှင့် မနက်ကျော်လား ဆိုပြီး သဲသဲမဲမဲ ကြည့်နေမိသည်။

“ကိုထွန်း သွားရအောင်”

ဇနီးသည်က ပခုံးပုတ် ခေါ်မှ ကျွန်တော် လိပ်ပြာနိုးသွားသည်။ ထိုနေရာက ထွက်ခဲ့သည်။ စိတ်ထဲမှာ ရယ်ချင်သလိုလို။

“ဟွန်း…. ငါ.. ဒေဝစ္ဆရာလေးကို သတိရတုန်းလား မသိဘူး” 

စိတ်ကို အပြစ်တင်သလို မေးလိုက်မိသည်။

▢  မင်းတင်ထွဏ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၈

Saturday, August 15, 2026

တစ်ခြမ်းပဲ့ လူ


❝ တစ်ခြမ်းပဲ့ လူ ❞
  ( မင်းတင်ထွဏ်း )

၁။

တောလားရွာမှာ ဦးငွေ ဆိုတဲ့ ကြက်ခြံပိုင်ရှင် ရှိတယ်။ တောလားရွာက မြို့နဲ့  ၅ မိုင်သာသာပဲ ဝေးတယ်။ အိမ်ခြေ ၅၂ အိမ် ရှိတယ်။ ၅၁ အိမ်က ခြံလုပ်ကြတယ်။ သရက်၊ ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သင်္ဘော စိုက်ကြတယ်။ ဦးငွေခြံပဲ သစ်ပင် မစိုက်ဘဲ ကြက်မွေးတယ်။ ဦးငွေက လူပျိုကြီး။ အသက် ၅ဝ လောက် ရှိပြီ။

“ဦးငွေ မိန်းမယူပါလား၊ ရွာထဲမှာ ကျုပ် ရှာပေးမယ်လေ”

ဦးထွေးမောင်က ပြောရင် ဦးငွေက-

“နေပါစေမောင်ရာ၊ မိန်းမယူရင် ငါ့ကြက်ခြံတွေ သူ ပိုင်သွားမှာပေါ့” လို့ ခေါင်းတယမ်းယမ်းနဲ့ ပြောတယ်။

ဦးငွေကြက်ခြံက ရွာအနောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ ကြက်အကောင် ၅ဝဝ ကျော် မွေးထားတယ်။ ကြက်ခြံ ၅ ခြံ ရှိတယ်။ အလုပ်သမား မငှားဘူး။ အရင်က သူ တစ်ယောက်တည်းပဲ လုပ်တယ်။

“အလုပ်သမား ငှားပါလား” ပြောရင်- “အလုပ်သမား ငှားရင် ပိုက်ဆံ ပေးရမှာပေါ့” လို့ ဖြေတယ်။ ပြောတဲ့သူ ပါတောပိတ်ရော။ ငယ်သူငယ်ချင်း ဦးထွေးမောင်က- “ငါ့တော့ ငှားပါကွာ၊ ပိုက်ဆံ မပေးပါနဲ့ ထမင်းကျွေး၊ နေဖို့နေရာပေးပါ။ တစ်နေ့ ကြက်ဥဆယ်လုံးတော့ ပေးပါ” လို့ တောင်းတောင်းပန်ပန်နဲ့ ပြောတယ်။

ဦးထွေးမောင်က မုဆိုးဖို၊ အရက်သမား။ ဒါပေမဲ့ အလုပ်တော့ လုပ်တယ်။ ဦးငွေ ခဏစဉ်းစားပြီး- “ကြက်ဥ ဆယ်လုံးတော့ မပေးဘူး၊ ငါးလုံးပဲ ပေးမယ် လုပ်ချင်လုပ်” လို့ ခပ်မာမာ ပြောတယ်။ ဒီလိုနဲ့ ဦးထွေးမောင်က သူ့အလုပ်သမား ဖြစ်သွားတယ်။ ကြက်မွေးပေမဲ့ ရွာထဲက လူတွေကို ကြက်ဥ မရောင်းဘူး။ ခြံဝမှာ “ကြက်ဥ လုံးဝ မရောင်းပါ” ဆိုတဲ့ သစ်သားပြားပေါ် သင်္ဘောဆေးအနီနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် တင်ထားတယ်။

“ဦးငွေ ဘာလို့ ရွာထဲက လူတွေ ကြက်ဥ မရောင်းတာလဲ”

ဦးထွေးမောင်က မေးဖူး တယ်။

“ရွာထဲက လူတွေ ဝယ်ရင် လက်ငင်းထက် အကြွေး ဝယ်တာများတယ်။ နောက်ပြီး လက်လီ ရောင်းရင် ငွေ ခေါင်းကွဲတယ်။ မြို့တက်ပြီး ရောင်းတော့ ငွေတစ်လုံးတစ်ခဲတည်း ရတာပေါ့”

လို့ ဦးငွေက ဖြေတယ်။ ဒါကြောင့် ကြက်ဥ စားချင်ရင် မြို့တက်ပြီး ဈေးဝယ်ရင်းနဲ့ ဝယ်လာကြရတယ်။ ဦးထွေးမောင် လာရောင်းတဲ့ ကြက်ဥ ၅ လုံးကို အလုအယက် ဝယ် စားကြရတယ်။

ရွာဆိုတော့ နေ့စဉ် ဝင်ငွေရှိတာ မဟုတ်ဘူး။ သူတို့ ရွာက ခြံစိုက်တော့ ရာသီပေါ် မှ ဝင်ငွေရှိတာ။ ဒီလိုပဲ တစ်ဦးနဲ့ တစ်ဦး အကြွေး မကင်းကြဘူး။ သူ့ပစ္စည်း ကိုယ်ချေး၊ ကိုယ့်ပစ္စည်း သူချေးနဲ့ နေကြတာ။

ဦးငွေက ထော်လာဂျီ ရှိ တယ်။ သုံးရက်တစ်ကြိမ် လောက် မြို့တက်ပြီး ကြက်ဥ ရောင်းတယ်။ ကြက်စာဝယ် ပြန်လာတယ်။ အပြန်မှာ လမ်းကြုံလိုက်ချင်လို့ တားရင် ဦးငွေက ရပ်မပေးဘူး။ သူနဲ့ အတူ ပါလာတဲ့ ဦးထွေးမောင်က-

“ဦးငွေ ဘာလို့ ရပ်မပေးတာလဲ” မေးရင် -

“ဟ.. ငါ့ကားက ငွေနဲ့ ဝယ်ထားရတာ။ သူတို့ စီးလို့ ပျက်ရင် ငါ ငွေကုန်မှာပေါ့”

လို့ ဖြေတယ်။

ဦးထွေးမောင် စိတ်မသက်မသာ ဖြစ်မိတယ်။ ဦးငွေက ရွာနဲ့ သိပ်မပတ်သက်ဘူး။ တစ်နှစ် နေလို့ ရွာထဲ တစ်ခေါက် မရောက်ဘူး။ ရွာထဲကလည်း သူ့ခြံ ဘယ်သူမှ အဝင်အထွက် မရှိဘူး။ ဦးထွေးမောင် ကတော့ ရွာနဲ့ ပတ်သက်နေရတယ်။ ဦးငွေ ခိုင်းရင် ရွာထဲ သွားရတယ်။ နေ့စဉ် ကြက်ဥ ၅ လုံးလည်း ရွာထဲ သွားရောင်းရတယ်။ ပြီးတော့ အရက် ဝယ်ရတယ်။

••••• ••••• •••••

၂။

ဦးငွေကို ရွာထဲက ဦးငွေ လို့ မခေါ်ကြဘူး။ ဦးကြက်ဥ လို့ပဲ ခေါ်ကြတယ်။

တောလားရွာက သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးနဲ့ တစ်ရွာလုံးက အမျိုး ကင်းကြတာ မဟုတ်ဘူး။

ရွာမှာ ထုံးစံတစ်ခု ရှိတယ်။ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ်၊ မကျန်းမာတာပဲ ဖြစ်ဖြစ် ရွာဆော်ဖိုးကျော်က ရွာထဲ လှည့်ပြီး ပါးစပ်နဲ့ ကြေညာတယ်။ ကျန်တဲ့ အိမ်တွေက ဖြစ်တဲ့အိမ်ကို လာကြရတယ်။ ဖြစ်တဲ့ အိမ်နဲ့ ရန်ဖြစ် ထားရင်တောင် လာကြရတယ်။ သူ့အလှည့်၊ ကိုယ့်အလှည့် ကူညီစောင့်ရှောက်ပေးကြရတယ်။ မလာရင် ရွာကြဉ်တယ် ဆိုပြီး အဲဒီအိမ် တစ်ခုခု ဖြစ်ရင် ဘယ်သူမှ မသွားကြဘူး။

သာရေး၊ နာရေး ဆိုရင် ငွေလည်း ကူကြတယ်။ လူ လည်း ဝိုင်းကူလုပ်ပေးကြ တယ်။ နေမကောင်းဘူး ဆို ရင် စားစရာ တစ်ခုခုနဲ့ လူမမာ သွားမေးကြတယ်။ အားပေးစကား ပြောကြတယ်။ ဆွေမျိုးရင်း ဆိုရင်တော့ ဆေးဖိုးဝါးခအဖြစ် ငွေလည်း ပေးကြတယ်။

ဦးငွေ ကတော့ ဒီဓလေ့ကို မကြိုက်ဘူး။

“အလကား အပို အလုပ်တွေပါကွာ”

လို့ ပြောတယ်။

ဒါပေမဲ့ ရွာဓလေ့တော့ မလွန်ဆန်ရဲဘူး။ ရွာကြဉ်မှာ စိုးတာကိုး။

ဒါကြောင့် ဦးထွေးမောင်ကို ရွာထဲ ဝတ်ကျေတမ်းကျေ လွှတ်တယ်။

“သေချာပြောနော်၊ ဦးငွေ မအားလို့ သူ့ကိုယ်စား လာတာပါပေါ့”

“ဟုတ်ကဲ့ပါ”

ဦးထွေးမောင်က ဦးငွေ ပေးလိုက်တဲ့ ကြက်ဥ ၅ လုံးကို ယူပြီး ရွာထဲက လူမမာ မေးရမယ့် အိမ်ကို သွားပေးတယ်။ လူမမာကို ကြက်ဥပေးတာ ကိစ္စမရှိဘူး။ လူမမာ အတွက် ကြက်ဥက ဓာတ်စာပဲ။ ဒါပေမဲ့ မင်္ဂလာဆောင်မှာ ကြက်ဥ ၅ လုံး သွားပေးခိုင်းတာတော့ မကောင်းဘူး။ ကာယကံရှင်တွေက “လာ နောက်တာလား” ဆိုပြီး စိတ်ဆိုးကြတယ်။ “ပြန်ယူသွား” ဆိုပြီး ခိုင်းကြတယ်။ ကာလသားတွေက “ကျွန်တော်တို့ အသုံးလိုတယ်” ဆိုပြီး ယူ သွားလို့ ကြက်ဥ ပြန်မယူခဲ့ရတာ ဦးငွေကို ပြောပြတော့ -

“မင်္ဂလာဆောင်မှာ ငွေ လက်ဖွဲ့ရမယ်လို့ ထုံးစံ မရှိပါဘူး။ ကိုယ် တတ်နိုင်တာ လက်ဖွဲ့မှာပေါ့။ မယူချင်ရင် ပြန်ယူလာလိုက်လေ”

လို့ ခပ်အေးအေးပဲ ပြောတယ်။

ဒါထက် ဆိုးတာက နာရေးအိမ်ကို ကြက်ဥ ၅ လုံး အကူထည့်တာပါပဲ။

ဒါကြောင့် ဦးငွေကို ရွာထဲက ဦးငွေလို့ မခေါ်ကြဘူး၊ ဦးကြက်ဥလို့ ခေါ်ကြတယ်။

••••• ••••• •••••

၃။

တစ်ရက်တော့ ဦးငွေ ဖျားတယ်။ အဖျားကြီးတော့ မဟုတ်ဘူး။ ရာသီတုပ်ကွေး ဖျားပါ။

“ကိုထွေးမောင် … ကျုပ် ဖျားနေတဲ့အကြောင်း ရွာဆော် ဖိုးကျော်ကို အော်ခိုင်းပေးပါ”

လို့ ပြောတယ်။

ဦးထွေးမောင်က ရွာဆော် ဖိုးကျော်ကို သွားပြောတယ်။ ဖိုးကျော်ကလည်း မဆိုင်းမတွဘဲ ရွာထဲ သုံးပတ် လှည့်ပြီး အော်တယ်။

“ရွာအနောက်ပိုင်းနေ ကြက်ခြံ သူဌေးကြီး ဦးကြက်ဥ တုပ်ကွေး ဖြစ်ပြီး ဖျားနေပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့ သိစေအောင် ကျွန်တော်မျိုး ရွာဆော် ဖိုးကျော်က နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျား”

ရွာဆော် ဖိုးကျော်အသံကို ဦးငွေ ကြားနေရတယ်။

“ခွေးကောင် ငါ့ကိုများ ဦးကြက်ဥတဲ့။ ဒင်းအလှည့် ကျရင် ကြက်ဥ မပြောနဲ့ ကြက်ချေးတောင် မပေးခိုင်းဘူး”

ဦးငွေက ဒေါသတကြီး ပြောလိုက်တယ်။

ဦးထွေးမောင်ကို ဧည့်သည်တွေ လာရင် ထိုင်ဖို့ အိမ်ပေါ်မှာ သင်ဖြူးတွေ ခင်းခိုင်း ထားတယ်။ အိမ်က သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း ၄ ပင်၊ ၃ ခန်း ခြေတံရှည်အိမ် ဖြစ် တယ်။

ဦးငွေက အိမ်ပေါ် ပြတင်းပေါက်ကနေ အိမ်ဝင်း ဝင်ပေါက်ကို ကြည့်နေတယ်။

“ကိုထွေးမောင် ရေနွေးအိုး တည်ပြီးရင် ခြင်းတွေ တောင်းတွေ ပြင်ထားနော်”

ဦးငွေက လှမ်းအော်ပြောတယ်။

“ဘာလုပ်ဖို့လဲ ဦးငွေ”

ဦးထွေးမောင်က မီးဖိုထဲ မီးကုန်းမှုတ်နေတာ ရပ်ပြီး အော်မေးတယ်။

“အ,ပါ့...ကိုထွေးမောင်ရယ်၊ လူမမာ လာမေးရင် တစ်ခုခုနဲ့ လာမေးကြမှာလေ။ ငှက်ပျောသီးတို့၊ သရက်သီးတို့၊ သင်္ဘောသီးတို့၊ မာလကာသီးတို့၊ ပိန္နဲသီးတို့နဲ့ လာမေးကြမှာပေါ့ ။ ဒီစားစရာတွေ ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်တည်း စားလို့ ဘယ်ကုန်မလဲ။ နောက်နေ့ကျ မြို့က ဈေးကို သွား ရောင်းကြမယ်လေ”

ဦးငွေက ပြောပြီး မျက်နှာကြီး ဝင်းပနေတယ်။ မျက်စိထဲမှာ သစ်သီးဝလံတွေ မြင်ယောင်နေပုံရတယ်။

ဦးထွေးမောင် လည်း ဦးငွေ ခိုင်းသလို တောင်းကြီးကြီး ၅ လုံးကို အိမ်ပေါ်ထပ် တင်ပေးထားလိုက်တယ်။

ဦးငွေက အိမ်ပေါ်ထပ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်ရင်း ခြံဝကို ကြည့်ရတာ အမော။ ပုံမှန်ဆိုရင် ရွာဆော် ဖိုးကျော်အသံ ကြားတာနဲ့ လူမမာအိမ်ကို လူမမာ မေးတွေ တဖွဲဖွဲ ရောက်လာကြတယ်။ အခု ညနေစောင်း အထိ တစ်ကောင်တစ်မြီးမှ ပေါ်မလာသေးဘူး။ ရွာဆီကလည်း တိတ်လို့၊ ခွေးဟောင်သံတောင် မကြားရဘူး။

“ကိုထွေးမောင် ခြံဝမှာ လူသံ ကြားတယ် သွားကြည့်စမ်း”

ဦးထွေးမောင်က သွားကြည့်တယ် ဘာမှ မရှိဘူး။ ဦးငွေက ဦးထွေးမောင်ကို ခြံဝင်းပေါက် လူသွားကြည့်ခိုင်းရတာ အမော။ ခိုင်းသာ ခိုင်းတာ ဦးငွေက အိမ်ပေါ်ထပ်ကနေ ဝင်းပေါက်ကို တစ်ချိန်လုံး ကြည့်နေတာ။ ဝင်းတံခါးလည်း ခါတိုင်းလို ပိတ်မထားဘူး။ ဖွင့်ထားတာ။

“လာမှာပါ ဦးငွေရဲ့၊ သူတို့လည်း သူတို့ ခြံထွက်ပစ္စည်းတွေ ခူးနေရလို့ နေမှာပါ”

ဦးထွေးမောင်က ပြောလိုက်တယ်။

“ဒီလောက် ကြာရသလားဗျာ၊ ကျုပ်ဆိုရင် ခင်ဗျားကို ချက်ချင်း ကြက်ဥ ပို့ခိုင်းတာ”

ဦးငွေက တဖျစ် တောက်တောက် ပြောနေ တယ်။ ဦးထွေးမောင်က ကြက်ခြံထဲ အလုပ်လုပ်နေ ပေမဲ့ ဦးငွေ ကတော့ အိမ်ပေါ် ထပ်က ပြတင်းပေါက်နားမှာ ခြံဝကို လှမ်းကြည့်ရတာနဲ့ ဖျားတာတောင် သတိရပုံ မပေါ်ဘူး။

ညမိုးစုံးစုံးချုပ်မှ “အိမ်ရှင်တို့၊ အိမ်ရှင်တို့” ဆိုတဲ့ အသံကို ခြံပေါက်ဝက ကြားရတယ်။

“ဝုန်း”

ဦးငွေက ခုတင်ပေါ် လှဲနေရာကနေ ထ, ရပ်လိုက်တယ်။

“ကိုထွေးမောင် ... ကိုထွေးမောင်... လူမမာ မေးတွေ လာကြပြီ၊ သွားခေါ်လိုက်ပါ”

ဦးငွေက အိမ်အောက်ထပ်မှာ ရှိတဲ့ ဦးထွေးမောင်ကို လှမ်းအော်ပြောတယ်။ နောက် ခုတင်ပေါ်ကို ပက်လက် ပြန်အိပ်လိုက်တယ်။ ဦးထွေးမောင်က ခြံဝကို လျှောက်သွားတယ်။

ခဏနေတော့ ဦးထွေးမောင်နဲ့ အတူ ရွာဆော် ဖိုးကျော် လက်ထဲ ခြင်းကြီး ဆွဲပြီး အိမ်ပေါ် တက်လာတယ်။ ဘယ်သူမှ မပါဘူး။ ဦးငွေ ခုတင်ပေါ်က ငေါက်ခနဲ ထ, ထိုင်လိုက်တယ်။

“မင်း တစ်ယောက်တည်းလား”

ဦးငွေက ဖိုးကျော်ကို လက်ညှိုးထိုး မေးတယ်။

“ဟုတ်တယ်”

ဖိုးကျော်က ခြင်းတောင်းကို ဦးငွေ ရှေ့ ချပြီး ဖြေတယ်။

“မင်းတို့ တစ်ရွာလုံး သေကုန်ပြီလား”

ဦးငွေက စိတ်တိုတိုနဲ့ ဖိုးကျော်ကို အော်ပြီး မေးတယ်။

“ရွာထဲက လူတွေ မသေပါဘူး။ ဦးကြက်ဥ အတွက် လူမမာမေးဖို့ မြို့တက်ပြီး ကြက်ဥ ဝယ်နေကြလို့ပါ”

ဖိုးကျော်က လေအေးအေးနဲ့ ပြောတယ်။

“ဘာ”

ဦးငွေ နားမလည်သလို ဖြစ်သွားတယ်။

“ဦးကြက်ဥက ကြက်ဥကို ငွေလို တန်ဖိုးထားမှန်း သိကြလို့ မြို့တက်ပြီး တကူးတက ကြက်ဥ သွားဝယ်ကြတာပါ။ ဟောဒီ ခြင်းထဲမှာ အိမ်ခြေ ငါးဆယ့်တစ်အိမ် ဆိုတော့ ကြက်ဥ နှစ်ရာငါးဆယ့် ငါးလုံးပါ။ နောက်ပြီး သူတို့လည်း အလုပ် မအားကြလို့ ကျွန်တော့်ကို သေချာ ပို့ခိုင်းလိုက်တာပါ။ ဒီမှာ စာအိတ်လေးတွေလည်း ပါပါတယ်”

ဖိုးကျော်က သူ့လက်ထဲမှာ ကိုင်လာတဲ့ စာအိတ်တစ်ထပ်ကို ဦးငွေကို ပေးလိုက်တယ်။

ဦးငွေ ယူလိုက်တယ်။ စာအိတ်ထဲ ဘာပါလိမ့်။ ငွေ နေမှာ။ ဦးငွေ စာအိတ် တစ်အိတ်ကို ဖွင့်ဖောက်လိုက်တယ်။ ငွေ မဟုတ်ဘူး၊ စာရွက် တစ်ရွက်။ စာရွက်ပေါ် မှာ-

ဦးကြက်ဥ။ နေကောင်း ပါစေ။ ဒေါ်ငွေမှုံ။

ဦးငွေ မျက်မှောင် ကုတ်သွားတယ်။ နောက်တစ်အိတ် ဖွင့်ဖောက်ကြည့်လိုက်တယ်။

ကိုကြက်ဥ။ နေကောင်းပါစေ။ ကိုချစ်တင်။

ဘာသဘောလဲ။ ဦးငွေ စာအိတ်အားလုံး ဖွင့်ဖောက် ကြည့်တယ်။ အားလုံးအတူ တူပဲ။ ဒေါ်ငွေမှုံ၊ ကိုချစ်တင်၊ ဦးလှကောင်း၊ ဒေါ်လှဆယ် နာမည်တွေသာ လွဲတယ်။ နောက်တော့ ဦးငွေ ကြက်ဥခြင်းကို ကြည့်ပြီး တွေတွေကြီး ရပ်နေတယ်။

“ဦးငွေ…… ဦးငွေ”

ဦးထွေးမောင်က ခေါ် တာ မထူး။ ဦးငွေ မျက်နှာက နီလိုက်၊ ပြာလိုက် ဖြစ်နေ တယ်။

ဖိုးကျော် ကတော့ ဦးငွေ မျက်နှာကို ကြည့်ပြီး အားရကျေနပ်စွာနဲ့ အိမ်ပေါ်က ဆင်းသွားတယ်။

“ဦးငွေ…… ဦးငွေ”

ဦးထွေးမောင်က ဦးငွေ ကိုယ်ကို လှုပ်ပြီး ခေါ်တယ်။ ဦးငွေ မျက်နှာ တဖြည်းဖြည်း တည်ငြိမ်လာတယ်။ ပန်းရောင်သန်းလာတယ်။

“ဗျာ”

အလန့်တကြား ထူးတယ်။ ကိုယ်မတ်ပြီး ယိမ်းခါလိုက်တယ်။ သက်ပြင်းရှည်ကြီး ချလိုက်တယ်။

“ကိုထွေးမောင်”

“ဗျာ”

“ခြံရှေ့က ဆိုင်းဘုတ် ဖြုတ်ပြီး ကြက်ဥရောင်းသည် လို့ ပြင်ရေးလိုက်ပါ”

ဦးထွေးမောင်က ဦးငွေကို ငေးကြည့်နေတယ်။ ဦးငွေက စာအိတ်တွေ ကိုင်ပြီး အိမ်အောက်ထပ် ဆင်းဖို့ လုပ်တယ်။

“ဘယ်လဲ ဦးငွေ”

ဦးထွေးမောင်က လှမ်းမေးတယ်။

“ရွာထဲလေဗျာ၊ ကျုပ်ကို နေကောင်းပါစေလို့ ဆုတောင်းတဲ့ အိမ်တွေကို ကျေးဇူးတင်ကြောင်း သွားပြောမလို့လေ”

ဦးငွေက ပြောရင်း အိမ်ပေါ်က ပေါ့ပါးစွာ ဆင်းသွားလေသည်။ ဦးထွေးမောင် ကတော့ ငေးလို့။

▢ မင်းတင်ထွဏ်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာ၊ ၂၀၁၉

Sunday, January 18, 2026

မင်္ဂလာခြတောင်ပို့


 

❝ မင်္ဂလာခြတောင်ပို့ ❞
    ( မင်းတင်ထွဏ်း )

( ၁ )

မထင်မှတ်ပဲ မန္တလေး မဟာမြတ်မုနိဘုရားကြီးတွင် ဘမောင် ကို တွေ့ရသည် ။

“ ဟေ့ .. ဟေ့ ... နေပါဦး ... ဆန်းထွန်း မဟုတ်လား ”

ပုတီးစိပ်ပြီး ပြန်ရန် ရင်ပြင်တော် ဖြတ်လာစဉ် နောက်မှ ခေါ်သံကြောင့် ရပ်ပြီး နောက်လှည့်ကြည့် မိလိုက်သည် ။ အဘိုးကြီး တစ်ယောက် လွယ်အိတ်ကြီးကြီး တစ်လုံး လွယ်ပြီး လူလတ်အရွယ် အမျိုးသမီး တစ်ယောက် လက်ကို ဆွဲကာ လာနေသည် ။

ရပ်ကြည့် နေပေမယ့် မမှတ်မိ ။ ဆန်းထွန်း ... ဆန်းထွန်း ... နာမည်ကို ရင်းရင်းနှီးနှီး ခေါ်လိုက်သံ ။ အသံကိုတော့ မှတ်မိသလို ။ ဘယ်သူမို့ ‘ ဆန်းထွန်း ’ လို့ ခေါ်တာလဲ ။ ကျွန်တော့်ကို ခေါ်ကြသည်က ဆရာ ။ ဆရာကြီး ဦးဆန်းထွန်း ။ ဒီလိုပဲ ခေါ်ကြသည် ။

“ ဟေ့ကောင် ... မင်း ရွှေဘို က ဆန်းထွန်း မဟုတ်လား ... ရှီးမှပဲ ... ”

အဘိုးကြီးက အနား ရောက်တော့ အားရဝမ်းသာ ပြောသည် ။ ဆံပင်တွေက တစ်ခေါင်းလုံး ဖွေးဖွေးလှုပ် နေသည် ။ နှုတ်ခမ်းမွေးကားကားကြီး ကလည်း ဖြူသလို နီသလို ဖြစ်နေသည် ။ ထူးထူးခြားခြား မျက်ခုံးမွေးထူထူကြီးက နက်မှောင်နေသည် ။ မှတ်မိသလို ဖြစ်သွားသည် ။ စကားက လေးသည် ။ အသားက ညိုမည်းသည် ။ အရပ် ပုပေမယ့် ကျန်းမာ တုတ်ခိုင်သည် ။

“ မင်း .. မင်း .. ဘမောင် မဟုတ်လား ”

ဝမ်းသာအားရ ပြောလိုက်သည် ။ ဘမောင် ကို တွေ့တော့ ဉာဏ်ဝင်း ကို သွားသတိရသည် ။ ဘမောင် က ပြုံးပြသည် ။ ခေါင်းလည်း ညိတ်ပြသည် ။

“ အေးကွာ ... မတွေ့ရတာ ကြာတော့ ချက်ချင်း မမှတ်မိဘူး ”

“ ငါကတော့ .. မင်းရုပ် ခွေးချီသွားတောင် မှတ်မိတယ် ”

“ အခု ... အမေကြည် ကို ဘုရားဖူး လိုက်ပို့တာလား ... ဒါ မင်း တူမလေးလား ”

ကျွန်တော်က ဘမောင် ဘေးက ကောင်မလေးကို အကဲခတ် ကြည့်ပြီး မေးလိုက်သည် ။ အမျိုးသမီးက ပိန်ပိန်သေးသေး မည်းမည်းကြုတ်ကြုတ်လေး ။ အသက် ( ၃ဝ ) နားပဲ ရှိမည် ။

“ အမေ ဆုံးတာ တစ်နှစ် ရှိပြီကွ.. ”

“ ဟေ .. ဟုတ်လား ”

ဘမောင် အဖေက ဘမောင် ငယ်ငယ်ကတည်းက ဆုံးတာကိုတော့ သိသည် ။

“ ဟုတ်တယ်ကွ ... အမေ မရှိတော့ ထမင်းချက် ကျွေးမယ့်သူ မရှိဘူး ... ငါကလည်း ထမင်း ချက်ရမှာတော့ ပျင်းတယ် ... ဒါကြောင့် ငါ မနေ့က မိန်းမယူလိုက်ပြီကွ .. ဒါ ငါ့ မိန်းမပဲ ... မဗျိုင်း တဲ့ ”

“ ဟား ... ဟား ... ဟား ... ဟား ”

ဘမောင် စကားကြောင့် မဗျိုင်း ကို အားနာပေမယ့် ရယ်လိုက်မိသည် ။ ဘမောင်လည်း ပြုံးသည် ။ မဗျိုင်း ကတော့ ဘေးကို ကြည့်နေသည် ။

“ မင်းတို့ ... မန္တလေး ဘုရားဖူး လာတာ ဆိုတော့ ... ငါ လိုက်ပို့ပေးမယ်လေ ... ငါ့ မှာ ကားပါတယ် ”

“ အေး ... ကောင်းတာပေါ့ကွ ”

ကျွန်တော်တို့ ( ၃ ) ယောက် ဘုရားပုရိဝုဏ် ထဲက ထွက်ခဲ့ကြသည် ။ ဘမောင်က သူ့ မိန်းမ အသစ်စက်စက် မဗျိုင်း လက်ကို ဆွဲရင်းပေါ့ ။

•••••   •••••   •••••

( ၂ )

ကျွန်တော်သည် မန္တလေးမြို့ ပတ်ကုန်းပျော်ဘွယ်ရပ် ၊ နယူးစီဗီလိုင်းတွင် နေသည် ။ နယူးစီဗီလိုင်း သည် ဝင်းကျယ်ကျယ် အိမ်ကြီးအိမ်ကောင်းများ ဖြင့် ရှေးယခင် ကတည်းက အရာရှိကြီးများ နေခဲ့ကြသည် ။ ယခုတော့ ပင်စင်စား အရာရှိကြီးများ အများစု နေကြသည် ။

ကျွန်တော်သည် ဌာနဆိုင်ရာ တစ်ခုမှ တိုင်းအဆင့်အရာရှိကြီး ဖြစ်သည် ။ ကျွန်တော့် မိန်းမ မဆွေ က တက္ကသိုလ်က ပါမောက္ခ တစ်ဦး ဖြစ်သည် ။ ယခုတော့ နှစ်ယောက်စလုံး သက်ပြည့်ပင်စင် ယူထားသည်မှာ ( ၁ ) နှစ် ရှိပြီ ဖြစ်သည် ။

ကျွန်တော်တို့တွင် သား တစ်ယောက် ၊ သမီး တစ်ယောက် ရှိသည် ။ သားက အင်ဂျင်နီယာ ၊ နေပြည်တော်တွင် တာဝန်ကျသည် ။ အိမ်ထောင် ရှိသည် ။ ချွေးမ ကိုယ်ဝန်က နေ့စေ့လစေ့မို့ မဆွေ က သားဆီ သွားနေသည် ။

သား နဲ့ သမီး က အသက် ( ၁၀ ) နှစ် ကွာသည် ။ သမီး က တက္ကသိုလ် ဒုတိယနှစ် ဖြစ်သည် ။ သမီးက သားလောက် ဉာဏ်မကောင်း ပေမယ့် ကြိုးစားမှု ရှိသည် ။ မနှစ် က ဘာသာ အလိုက်တွင် ဒုတိယ ရ၍ စင်ကာပူ ပညာသင်ဆု လျှောက်ထားခွင့် ရသည် ။ ပထမ နဲ့ ဒုတိယ ရသူသာ လျှောက်ထားခွင့် ရှိသည် ။ မျှော်လင့်ချက်ပါ ။ ယခင်နှစ်တွေက ပထမ ရသူသာ ရွေးသည် ။ ဒုတိယကတော့ အရန်ပေါ့ ။ ယခုလည်း ကျောင်းပိတ် လို့ သမီးက သူ့ အမေနဲ့ အတူ လိုက်သွားသည် ။

အိမ်မှာက ကျွန်တော်ပဲ ကျန်ခဲ့သည် ။ ကျွန်တော့် ဝင်း က ပေ ၁၅ဝ ပတ်လည်ရှိသည် ။ အလယ်ခေါင်တွင် လေးခန်းပတ်လည် ဆင်ဝင်ပါသည့် ဗိုလ်အိမ်ပုံစံ အိမ်ကြီး ဖြစ်သည် ။ အောက်က အုတ်ကာပြီး အပေါ် က ပျဉ်ကာထားသည် ။ ဝင်း ထဲတွင် သရက် ၊ အုန်း ၊ မာလကာပင်များ ရှိသော်လည်း သိပ် မဖြစ်ပေ ။ အပင်များ ခဏခဏ သေ၍ အပင်သစ်များ ခဏခဏ စိုက်ရသည် ။

ဘမောင် က ငယ်သူငယ်ချင်း ဖြစ်သည် ။ ရွှေဘိုမြောက်ဘက် ဥယျာဉ်တော်ရွာက ဖြစ်သည် ။ ရွှေဘို တန်းလတ်ကျောင်း ( အလယ်တန်းကျောင်း ) တွင် ၅ တန်း မှ စ၍ ဆုံကြသည် ။ ဘမောင် တို့ မိဘများက ဥယျာဉ် စိုက်ကြသည် ။ ( ၅ ) ဧက လောက် ကျယ်မည် ။ သရက် ၊ မာလကာ ၊ ပိန္နဲ ၊ ငှက်ပျော နဲ့ စားပင်သောက်ပင်များ စိုက်သည် ။ ဥယျာဉ်ပတ်လည်တွင် ထန်းပင်များက ဝန်းရံထားသည် ။ ဘမောင် အဖေက ဘမောင် ငယ်ငယ် ကတည်းက ကွယ်လွန်သွားသည် ။ ဘမောင် အမေ ဒေါ်ကြည် ကပဲ ခြံကို ဦးစီး လုပ်ကိုင်သည် ။ ခြံထဲကို လေးငါးခါလောက် ရောက်ဖူးသည် ။

ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိသေးသည် ။ ဉာဏ်ဝင်း ။ သူ ကတော့ သရက်ခြံရပ် ထဲက ဖြစ်သည် ။ သူ့အဖေက ဗိန္ဓောဆရာကြီး ဖြစ်သည် ။ ဗေဒင်လည်း ဟောသည် ။ ယတြာလည်း ချေသည် ။

ကျွန်တော်တို့ ( ၃ ) ယောက်သည် တစ်တန်းတည်း တစ်ခုံတည်းတွင် ထိုင်ကြသည် ။ သို့သော် တစ်ယောက် နဲ့ တစ်ယောက် အသွင် မတူကြချေ ။

ကျွန်တော်က စာကြမ်းပိုး ဖြစ်သည် ။ ပညာတတ် ဖြစ်ချင်သည် ။ အရာရှိ ဖြစ်ချင်သည် ။ မိဘတွေ က လည်း ဝန်ထမ်းမို့ “ မင်း ကို ... ငါတို့က ပညာအမွေပဲ ပေးနိုင်တယ် စာပဲ ကြိုးစား ” ဟု အမြဲ သတိပေးသည် ။ ကျွန်တော်က စာမှ လွဲပြီး ဘာမှ စိတ်မဝင်စား ။ သူငယ်ချင်း တောင် ( ၂ ) ယောက်လောက် ပေါင်းသည် ။ မုန့်စားဆင်းချိန် လွတ်ရင်ပင် သူများတွေ လို ဈေးတန်းမှာ မုန့်ဝယ် မစား ၊ အိမ်က အမေ ထည့်ပေးလိုက်သည့် မုန့် သာ စားသည် ။ အတန်း ထဲတွင် စာကျက်နေသည် ။ အပြင် သိပ်မထွက် ။

ဉာဏ်ဝင်း ကတော့ ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်သည် ။ စာကျက်ရမှာထက် စကား ပြောရမှာကို သန်သည် ။ သူ တွေ့သမျှ ကြားသမျှတွေကို အာပေါင်အာရင်းသန်သန် ပြောတတ်သည် ။

“ ဟေ့ကောင်တွေ ... မင်းတို့ မယုံ မရှိနဲ့ကွ ... ကျောင်းဘောလုံးကွင်း အရှေ့ဘက်က ထန်းပင်ညီနောင်မှာ သရဲကြီး နေတာကွ ”

“ မင်း ... မြင်ဖူးလို့လား ”

ကျောင်းသား တစ်ယောက် က ထောက်သည် ။

“ ငါ့ အဖေ ပြောတာကွ ... အရပ်က ပေတစ်ရာ မြင့်တယ်တဲ့ ”

“ ဟ ... ထန်းပင်ကမှ ပေသုံးလေးဆယ်လောက် မြင့်တာ .. ပေတစ်ရာကျော် ဆို ဘယ်လို နေမှာလဲ ”

ကျောင်းသား တစ်ယောက် ကလည်း ဝင် ထောက်သည် ။

“ ဟ ... သရဲပဲကွ... ကိုယ်ယောင်ဖျောက် နေတာပေါ့ ... မင်းတို့ ဘာသိလို့လဲ ၊ ကဲ ... မင်းတို့ မယုံဘူးဆိုရင် ... အဲဒီ .. ထန်းပင် နှစ်ပင်ကို ဘယ်သူ သေးပန်းရဲလဲ ... လောင်းကြေး ထပ်မယ်ကွာ ”

ဉာဏ်ဝင်း စကားကြောင့် အားလုံး ငြိမ်သွားကြသည် ။ သရဲကို မယုံပေမယ့် အဲဒီလိုတော့ မလုပ်ဝံ့ကြပါ ။

“ ဟဲ .. ဟဲ ... ငါ ပြောတာ ယုံပြီ မဟုတ်လား .. မယုံတဲ့ ကလေးတွေ ဖျားလို့ နာလို့ မျက်စိကျိန်း လို့ ငါ့ အဖေဆီ ဆေး လာလာ ကုနေရတာကွ .... နောက်ပြီး ... အဲဒီ သရဲကြီးက အိပ်ရင် တောင်ဘက်အပင်ကို ခေါင်းအုံးထား ... မြောက်ဘက်အပင်ကို ခြေတင်ပြီး အိပ်တာတဲ့ကွ ”

“ ဟေ့ကောင် ... တစ်ပင် နဲ့ တစ်ပင်က ပေသုံးရာ လောက် ဝေးတာကွ ”

ကျောင်းသား တစ်ယောက် က ဝင်ပြောသည် ။

“ မင်းတို့ ကလည်း သရဲပါ ဆိုမှကွာ .. တော်တော် ဗဟုသုတ နည်းတဲ့ ကောင်တွေ ”

ဉာဏ်ဝင်းက အဲဒီလို လူမျိုး ဖြစ်သည် ။

ဘမောင် ကတော့ အတန်း နားချိန် ၊ အတန်းထဲ ဆရာ ဆရာမ မဝင်သေးတဲ့ အချိန် ဆိုရင် စားပွဲခုံ ပေါ် ခေါင်းစိုက်ပြီး တခေါခေါ အိပ်တတ်သည် ။

“ အကြံတုံး ဉာဏ်တုံး ... တော်တော် အပျင်းထူတဲ့ကောင် ”

ဉာဏ်ဝင်းက မေးငေါ့ ပြောတတ်သည် ။

“ မပြောပါနဲ့ကွာ ... ခြံထဲ လုပ်ရတော့ ပင်ပန်းလို့ နေမှာပါ ”

ကျွန်တော်က ဝင်ပြောသည် ။

“ ဒီကောင် ကြီးရင် ဗဟုသုတ ရှိမယ့်ကောင် မဟုတ်ဘူး ... ဗဟုသုတ ဆိုတာ မင်းလို စာကျက်ပြီး ရှာရင် ရှာ .. ဒါမှမဟုတ် ငါ့လို အပြင်မှာ ရှာရတာကွ ”

ဉာဏ်ဝင်းက ပြောသည် ။ ဒါပေမဲ့ ဘမောင် ကတော့ ဆရာ အတန်းထဲ မဝင်မချင်း အိပ်ကောင်းတုန်းပင် ဖြစ်သည် ။ ဆရာ အတန်းထဲ ဝင်လျှင် နှိုးရသည် ။ စာ မေးလျှင် တစ်ခါမှ မရ ။ အမြဲတမ်း ခုံပေါ် မတ်တတ်ရပ် နေရသည် ။ ဆရာတွေက အမြဲ ဆူသည် ။

ဘမောင်သည် စာကို စိတ်မဝင်စားသော်လည်း ခြံ အလုပ်တော့ စိတ်ဝင်စားသည် ။

ညနေပိုင်း ဖွံ့ဖြိုးချိန် ပါလျှင် ကျောင်းသားတိုင်း ကျောင်းဥယျာဉ်ထဲ အလုပ်လုပ်ရသည် ။ တချို့က မြက်တစ်ပင် တစ်မိနစ်နှုန်း နုတ်ပြီး ဝိုင်းဖွဲ့စကားပြောကြသည် ။ တချို့ က အမှိုက်ကလေး တစ်ပင် နှစ်ပင်ကို တောင်းကြီးကြီးထဲ ထည့်ပြီး အုပ်စုလိုက် အမှိုက် သွားပစ်ကြသည် ။ ဉာဏ်ဝင်း ကတော့ ဟိုအုပ်စုနား သွားလိုက် ၊ ဒီအုပ်စုနား သွားလိုက်နှင့် လေပစ်နေသည် ။ ကျွန်တော် ကတော့ လက်တစ်ဖက်က စာအုပ် ကိုင် စာကျက်ရင်း မြက်ကလေးတွေ နုတ်နေမိသည် ။

ဥယျာဉ်ထဲတွင် ဘမောင် နဲ့ ကျောင်းသား သုံးလေးယောက်သာ ပေါက်ပြား ၊ တူရွင်းတွေနဲ့ မြေတွေ ပေါက်လိုက် ၊ အပင်တွေ ရှင်းလိုက် လုပ်နေသည် ။

“ ဟေ့ကောင် ဘမောင် ... ဂမုန်းစေတီပင်တွေကို ဘာလို့ ခုတ်ပစ်နေရတာလဲကွ ... ဒီ အပင်တွေက ဆေးဖက်ဝင်တယ် ”

ဘမောင် နား ဉာဏ်ဝင်း ရောက်သွားပြီး ပြောသည် ။

“ ဘာ ဂမုန်းစေတီလဲ ... ငါတို့ဆီမှာ မေတ္တာတုံးပင်လို့ ခေါ်တယ်... ငါတို့ ခြံထဲ ပေါလွန်းလို့ မနည်း ရှင်းပစ်နေရတယ် ... ဆေးဖက် ဝင်မဝင်တော့ မသိဘူး ... နွားတောင် မစားဘူးကွ ... နောက်ပြီး ဒီအပင်တွေက ... မြွေအောင်းတယ် ... မင်း ဘာနားလည်လို့လဲ ... မေတ္တာတုံး အပင်တွေကို မြေလှန်ပစ်ရတယ်ကွ ”

ဘမောင်က သူ့အလုပ် သူ ဆက်လုပ်သည် ။ ဉာဏ်ဝင်းက ...

“ ဒီကောင်က တိတ္ထိ ... ဘာမှ အယူ ရှိတာမဟုတ်ဘူး ... တစ်နေ့ ခံရမယ် .. ” လို့ ပြောရင်း တခြား အုပ်စုဘက် ထွက်သွားသည် ။

( ၈ ) တန်း အောင်တော့ ကျွန်တော်က သိပ္ပံ နဲ့ အောင်သည် ၊ အထက  (၁ ) ကို ပြောင်းရသည် ။ ဉာဏ်ဝင်းက ဝိဇ္ဇာ နဲ့ အောင်သည် ။ အထက ( ၂ ) ကို ပြောင်းရသည် ။ ဘမောင်က ကျသည် ။ ကျောင်းထွက်လိုက်သည် ။

•••••   •••••   •••••

( ၃ )

ဘမောင်တို့ လင်မယားကို မန္တလေးတောင် ၊ ရန်ကင်းတောင် လိုက်ပို့ပြီးနောက် အိမ်ခေါ် လာသည် ။ ငယ်သူငယ်ချင်းတွေမို့ စကားပြောချင်တာပါသည် ။ ကားလေးကို ဆင်ဝင်အောက် မနီးမဝေးတွင် ရပ်လိုက်သည် ။ ကားပေါ် က ဆင်းပြီး ဘမောင်တို့ လင်မယားကို အိမ်ထဲ ခေါ်လာသည် ။

“ ဟာ ... ဆန်းထွန်း ... တောင်ပို့ကြီး နည်းတာကြီး မဟုတ်ဘူး ”

ဆင်ဝင်အောက်တွင် ပေါက်နေသော ခြတောင်ပို့ ကို ကြည့်ပြီး ဘမောင်က အံ့ဩစွာ ပြောသည် ။

“ အေးကွ .. ”

ကျွန်တော်က ဒါပဲ ပြောပြီး ရှေ့ဆက်ခဲ့သည် ။ ဘမောင်တို့ လင်မယားက ကျွန်တော့် နောက် ကပ်ပါလာသည် ။ ခြတောင်ပို့နား ရောက် တော့ ကျွန်တော်က ကွေ့ရှောင် လိုက်သည် ။

“ ဟာ ... ရာဇမတ်လည်း ကာလို့ .. ထုံးဖြူ လည်း သုတ်လို့ ... ဖယောင်းတိုင် အတိုအစတွေရော ... အမွှေးတိုင် အတိုအစတွေ ရော .... ဟော ... အုန်း ၊ ငှက်ပျောရော ၊ ဟ ဆန်းထွန်း ... ဒါ ဘာလုပ်ထားတာလဲ ... သဲပုံစေတီ လား ၊ မဟုတ်ပါဘူး ... ဒါ ခြတောင်ပို့ကြီးပါ ”

ဘမောင်က ခြတောင်ပို့ကို ကြည့်ပြီး အံ့ဩစွာ ပြောလိုက်သည် ။

“ ငါ့မိန်းမ လုပ်ထားတာပါကွာ ”

“ ဟုတ်လား .. မင်းတို့က ခြတောင်ပို့ကို ကိုးကွယ်တာလား ”

ဘမောင် စကားကြောင့် ကျွန်တော် စိတ်အိုက် သွားသည် ။

“ မဟုတ်ပါဘူးကွာ ... ငါတို့ အိမ်ပေါ်မှာ ဘုရားစင်က လွဲပြီး နတ်အုန်းတောင် မထားပါဘူး ”

ကျွန်တော့် လေသံက လျော့နေသည် ။

“ ဒါနဲ့များ ... ဘာလို့ ခြတောင်ပို့ကို မဖျက်ပဲ ....ကိုးကွယ်သလို လုပ်နေရတာလဲ ... ခြ ဆိုတာ ကောင်းကျိုးပေးတာ မဟုတ်ဘူး ... ဆိုးကျိုးပဲ ပေးတာ .. ခြ ဆိုတာက အစုအသင်း ဖွဲ့ပြီး မြေတွင်းအောင်း နေတယ် ဆိုပေမယ့် ... အိမ်ဆိုရင် ပျက်စီးတယ် ... ခြံ ဆိုရင် အပင် မဖြစ်ဘူးကွ ”

ဘမောင်က ရှင်းပြသည် ။ ခြရဲ့ဆိုးကျိုးကို ကျွန်တော် မသိမဟုတ် သိသည် ။ ခြ ရှိတော့ ကျွန်တော့် စာအုပ်ဗီရိုထဲက စာအုပ်တွေ အမြဲ ခြစား ခံရသည် ။ ဒါပေမဲ့ ခြတောင်ပို့ကို ထပ်မဖျက်ရဲ ။

“ ဆန်းထွန်း ... ဒီ ခြတောင်ကို ငါ ရှင်းပစ်ပေးခဲ့မယ်ကွာ ”

ဘမောင် စကားကြောင့် ကျွန်တော် ကျောတွန့် သွားသည် ။

“ ဟာ မလုပ်နဲ့ ... သူ့ဟာ သူ ရှိနေတာ .. နေပါစေကွာ ”

ကျွန်တော်က ပျာပျာသလဲ ငြင်းလိုက်သည် ။

“ ဘာဖြစ်လို့လဲကွ ... အိမ်အဝင်ပေါက်ကြီး ကြည့် မကောင်းပါဘူး ... မင်း တောင်ပို့က ရွှေထွက်မှာ ကျနေတာပဲ ... ခြပဲ ထွက်မှာပေါ့ကွ ”

“ မင်း မသိပါဘူးကွာ ... ”

“ ငါ့ စိတ်ထဲ နည်းနည်း ထူးဆန်းနေလို့ပါကွ ... မင်းတို့က ပညာတတ် ဖြစ်ပြီး ... ဘာပြုလို့ ... လူကို ဒုက္ခပေးနေတဲ့ .. မေတ္တာတုံးကောင်တွေကို မရှင်းတာလဲလို့ ... ခြံထဲ မှာလည်း ခြတောင်ပို့ အသေးလေး သုံးလေးခု တွေ့ခဲ့တယ် ... နောက်ဆို ဒါ့ထက် ပွားလာမှာကွ ”

ဘမောင်က လေးလေးနက်နက် ပြောသည် ။

“ အေး .... နောက်မှ ငါ ရှင်းပြမယ်ကွာ ... အခုတော့ ... မင်းတို့ အနားယူကြဦး ... ရေချိုးပြီးရင် ထမင်း သွားစားရအောင် ... အိမ်ရှင်မ မရှိတော့ ဆိုင်ပဲ လိုက်ကျွေးမယ် ”

ကျွန်တော်က ပြောပြီး ဘမောင်တို့ လင်မယားကို အခန်းလွတ် တစ်ခန်းထဲ ပို့လိုက်သည် ။

•••••   •••••   •••••

( ၄ )

ည ရောက်တော့ ဘမောင် တို့ လင်မယားကို လမ်း (၃၀) က စားသောက်ဆိုင်တွင် ခေါ်ကျွေးသည် ။ ဘမောင် က အရက်တိုက်ဦး ဆိုတော့ ထမင်း မစားခင် အရက် မှာ သောက်ကြသည် ။ သူငယ်ချင်း နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြသည် ။ အရာရှိဘဝ တစ်လျှောက်လုံး ဆရာ ၊ ဆရာ နဲ့ အရိုအသေ ခံခဲ့ရ သမျှ ငယ်သူငယ်ချင်း နဲ့ တွေ့မှ “ မင်း နဲ့ ငါ ” အပြော ခံနေရသည်မှာ အရသာ ရှိလှသည် ။ ပြောရင်း ဉာဏ်ဝင်း အကြောင်း ရောက်သွားသည် ။

“ ငါတို့ အိမ်က ခြတောင်ပို့ ကြောင့် ဉာဏ်ဝင်း သေရတာ အခုချိန်ထိ စိတ်မကောင်းသေးဘူးကွာ ”

“ ဘာ ... ”

ကျွန်တော့် စကားကြောင့် ဘမောင်  မျက်လုံး ပြူးသွားသည် ။ သောက်မယ့် အရက်ခွက် ကို စားပွဲပေါ် ပြန်ချလိုက်သည် ။

“ ဒီလိုကွ .. ငါ ဒုတိုင်းဦးစီးမှူး ဘဝနဲ့ မန္တလေး ပြောင်းလာတော့ ဒီ ဝင်းနဲ့ အိမ်ကို ဝယ်လိုက်တယ်ကွ ... ဈေး က ချိုတယ် ။ အဲ ... ဒါပေမဲ့ ဆင်ဝင် အောက်မှာ ခြတောင်ပို့လေးတော့ ရှိတယ် ... ဝယ်ပြီးတော့ အိမ် နဲ့ ဝင်း သန့်ရှင်းရေးလုပ်ရင်း တပည့်တွေက ခြတောင်ပို့ ကို ဖြိုပြီး မြေညှိပေးတယ်ကွ .. အိမ်ပြောင်းလာတယ် ဆိုတာ ငါ တစ်ယောက်တည်းပဲ ... အမျိုးသမီးက မော်လမြိုင်တက္ကသိုလ်မှာ ... ကလေးတွေ ကလည်း သူ နဲ့ပဲ နေတယ် ... ဒါပေမဲ့ နောက်ကျတော့ ခြတောင်ပို့က တဖြည်းဖြည်း ပြန်ပေါက်လာတယ်ကွ ... နည်းနည်း ကြီးလာရင် တပည့်တွေက မြေဖြိုပြီး အင်ဂျင်ဝိုင် အဟောင်းတွေ လောင်းကြတယ် ... ဒါပေမဲ့ ရက်ကြာတော့ ပြန်ပေါက်တာပဲကွ ... ဒီလိုနဲ့ ငါလည်း တခြားတိုင်းကို ရာထူးတူ နဲ့ ပြောင်းရတယ် ... မန္တလေးကို ရောက်ရင် တပည့်တွေ ပါတဲ့အခါ အိမ်ရှင်း ဝင်းရှင်းရင်းနဲ့ ခြတောင်ပို့ကို ဖြိုတာပဲကွ ... ဘယ်လိုဖြိုဖြို ခြတောင်ပို့က ပြန် ပေါက်တာပဲ ... တစ်ခါတော့ တပည့်တစ်ယောက် က ‘ ဟာ ... ဆရာ ... ခြတောင်ပို့ ဆိုတာ မဖြိုကောင်းဘူး .. လူခိုက်တတ်တယ် ... သူ့ကို ပူဇော်ပ,သရင် လာဘ်ရွှင်တယ် ’ လို့ ပြောတယ် .. ဒါနဲ့ အဲဒီနောက် ငါ ခြတောင်ပို့ ကို မဖြိုမိတော့ဘူး .. နောက်မကြာဘူး ငါ ရာထူးတက်ပြီး မန္တလေး ပြောင်းလာတယ် ... အမျိုးသမီးလည်း မန္တလေးတက္ကသိုလ် ရာထူးတက် ပြောင်းရတယ်ကွ ”

“ ဒါနဲ့ မင်းတို့က ပူဇော်ပ,သနေတာလား ”

“ မဟုတ်ပါဘူးကွ .. ငါတို့ စိတ်ထဲ ဒါကြောင့် ရာထူးတက်တယ် မထင်ပါဘူး ... သူ့ လုပ်သက်အရ ဖြစ်သင့်တဲ့ အချိန်မို့ ဖြစ်တာလို့ ထင်တာပါ .... မန္တလေး ရောက်တော့ ခြတောင်ပို့ က ရင်စို့လောက် ရှိနေပြီ ... ငါတို့က အရာရှိတွေ ဆိုတော့ အိမ်မှာ ဧည့် အဝင်အထွက် များတယ် အိမ်က ဆေးသုတ်ထားလို့ သစ်လွင်ပြီး ဆင်ဝင် အောက်မှာ ခြတောင်ပို့ကြီးက အရုပ်ဆိုးလှတယ် ... ခြတောင်ပို့ကြီးက ခဏခဏ ဖြိုပေမယ့် ပြန်ပြန် ပေါက်နေတယ် ... ခြတောင်ပို့ကြီး ဖြိုချင်တယ် ... ငါ ဘယ်လို လုပ်ရမှန်း မသိဘူး ... ဒီအချိန်မှာ ဘုရားကြီးမှာ ဉာဏ်ဝင်း နဲ့ သွား တွေ့တယ် ... ဉာဏ်ဝင်း က အကြားအမြင်ဆရာ ၊ ဗေဒင်လက္ခဏာဆရာ အဖြစ် ဘုရားကြီး တောင်ဘက်စောင်းတန်း မှာ ပုဏ္ဏားတွေနဲ့ အပြိုင် နာမည် ကြီးနေတာကွ ”

“ ဒီကောင်က ရွှေဘိုမှာ နာမည်ရလို့ မန္တလေး တက်သွားတာကွ .. ဒါပေမဲ့ ဒီကောင် ငါ့ ဟောတာ မမှန်ပါဘူး ... ငါ့ ဇာတာခွင် မှာရော ၊ လက္ခဏာ မှာပါ မိန်းမရကိန်း မရှိဘူးတဲ့ကွ ”

ဘမောင်က ပြောပြီး ရယ်သည် ။ ကျွန်တော် မရယ်နိုင်ပါ ။ ဆက်ပြီး ပြောသည် ။

“ ဉာဏ်ဝင်း နဲ့ တွေ့တော့ ခြတောင်ပို့ကြီး ဘယ်လို ရှင်းရမလဲ .. တိုင်ပင်တော့ ဉာဏ်ဝင်းက ဒါများ လွယ်လွယ်လေး .... ငါ လုပ်ပေးမယ် ဆိုပြီး အိမ်လိုက်လာတယ် ... ကန်တော့ပွဲ ကိုးပွဲ ပေးတယ် .. ဖယောင်းတိုင် ကိုးထုပ် ... အမွှေးတိုင် ကိုးထုပ် ထွန်းတယ် .. နောက် ဘုရားကန်တော့ မေတ္တာပို့တယ် ... နတ်တွေကို တိုင်တည်တယ် ... ဂါထာပေါင်းစုံ ရွတ်တယ် ... နောက် လူနှစ်ယောက် နဲ့ ခြတောင်ပို့ကို ဖြိုချပေးတယ် ... အခကြေးငွေ ပေးတာ မယူဘူး ... သူငယ်ချင်းမို့ လုပ်ပေးတာ ဆိုပြီး ပြန်သွားတယ် ”

ဘမောင်က အရက်ကို တစ်ကျိုက် သောက်ကာ မျက်လုံး စင်းပြီး မေးသည် ။

“ အေး ... ပြန်ပေါက်တယ် ... ဒါပေမဲ့ ပြဿနာနဲ့ ကွ ... ခြတောင်ပို့ မဖြိုခင်က ငါ့ မိန်းမ နိုင်ငံခြား လေ့လာရေးခရီး သွားဖို့ အမိန့်ရထားတယ် ... ခြတောင်ပို့ ဖြိုပြီး တစ်လလောက် ကြာတော့ နိုင်ငံခြား ထွက်ရတယ် ... ဒါပေမဲ့ နိုင်ငံခြား မရောက်ဘူး ... ရန်ကုန်မှာ လေယာဉ်ကွင်း အသွား ကားအက်ဆီးဒင့် ဖြစ်လို့ ဆေးရုံ နှစ်လလောက် တက်ရတယ်ကွ ”

ကျွန်တော်က ပြောပြီး အရက်သောက် လိုက်သည် ။

“ ဒါနဲ့ ခြတောင်ပို့ကို ကိုးကွယ်နေတာလား ”

“ ငါ့ စကား မဆုံးသေးဘူး ... လေးလလောက် နေတော့ ဉာဏ်ဝင်း ဆုံးသွားတယ် ”

“ တိုက်ဆိုင်မှုပါကွာ ”

ဘမောင်က ပုလင်းထဲက အရက်ကို ခွက်ထဲ ငှဲ့ရင်း ပြောသည် ။

“ တိုက်ဆိုင်မှု ဆိုပေမယ့် အလွန်တရာ ကြောက်စရာ ကောင်းတဲ့ တိုက်ဆိုင်မှုကွ .... ဒီနောက် ခြတောင်ပို့ကို ဖြိုဖို့ ငါ မစွန့်စားရဲတော့ဘူး ... ဝင်း ကို ရောင်းတော့လည်း ဈေးနှိမ် ပေးကြတယ် ... အခုလည်း မင်း မြင်တဲ့ အတိုင်း ခြတောင်ပို့က အပေါ်ကြမ်းပြင်ကို ထိလုနေပြီ ”

ပြောလို့ မော သွားတာကြောင့် အရက်ခွက်ကို ကိုင်ကာ စုတ်ယူ သောက်လိုက်သည် ။

“ အေး ... မင်း မိန်းမ ကားတိုက်တာကတော့ မတော်တဆ နေမှာပါ .... ဉာဏ်ဝင်း သေတာကတော့ မင်း ခြတောင်ပို့ကြောင့် မဟုတ်ပါဘူး ... ဉာဏ်ဝင်း နေမကောင်းတော့ ရွှေဘို ပြန်လာတယ် ... ဆေးရုံ တက် ဆေးကုရတယ် .... ငါ ခဏခဏ ရောက်တယ်ကွ ... ဉာဏ်ဝင်း ရောဂါက အဆုတ်ကင်ဆာတဲ့ .. ဖြစ်နေတာ ခြောက်လ ကျော်ပြီတဲ့ ... မင်း ခြတောင်ပို့ မဖြိုခင် ကတည်းက ဒီကောင် ကင်ဆာ ဖြစ်နေတာ ”

“ ဟုတ်ရဲ့လားကွ ”

ဘမောင် စကားကို မယုံချင် ။

“ သိပ်ဟုတ်ပါ့ ... ဆေးရုံမှာ သွားတွေ့တော့ သူ့ရောဂါ အကြောင်းလည်း ပြောတယ် ... မင်း ခြတောင်ပို့ကြီး သူ မန်းမှုတ်ပြီး ဖြိုပေးတဲ့ အကြောင်းလည်း ပြောပါတယ် ... ဒီကောင်က ခြအကြောင်း မသိဘူးကွ ... ခြ ဆိုတာ မန်းမှုတ်တာနဲ့ ပသတာလောက်နဲ့ မပျောက်ဘူး .. သူတို့က မြေထဲမှာ အစုအဖွဲ့လုပ်ပြီး နေကြတာ ... ခြတောင်ပို့ အညွန့် ဖြိုရုံနဲ့ ဘယ် ပြိုမလဲ ... သူတို့ မြေထဲ မှာ အုံကျင်းဖွဲ့ထားတဲ့ အစိုင်အခဲကြီးပါ အမြစ်က မကျန်အောင် တူးပစ်ရတယ်ကွ .. နောက်ပြီး သူတို့ရဲ့ ခြမင်း ကိုလည်း တွေ့အောင် ရှာပြီး သုတ်သင်ရမယ် ”

“ ခြမင်း ... ”

ကျွန်တော် အံ့သြစွာ ပြောလိုက်သည် ။

“ အေးပေါ့ကွ ... သူတို့လည်း သူတို့ သဘာဝ အလျောက် မင်း ရှိတာပဲ ... သူက အဓိကကွ ”

“ ခြမင်းကို ... မင်း မြင်ဖူးလား ”

“ ခြမင်း ဆိုတာ ခေါင်း သေးပြီး ကိုယ် ကြီးတယ်ကွ .. အရောင် ကလည်း အနက်ရောင် ... သူတို့ ထဲမှာတော့ ထင်ထင်ပေါ်ပေါ်ပါပဲ ။ ကဲ ... မင်း ခြတောင်ပို့တွေကို ငါတို့ မပြန်ခင် ရှင်းပေးခဲ့မယ် ”

“ မလုပ်ပါနဲ့ကွာ ... ဉာဏ်ဝင်း လို ထိခိုက်နေပါဦးမယ် ”

“ ငါ ထိတာ မင်းတို့ ထိတာမှ မဟုတ်ဘဲ ”

“ ငါ့ အမျိုးသမီးလည်း အက်ဆီးဒင့် ဖြစ်ဖူးတယ်ကွ ”

ကျွန်တော်က မလုပ်စေချင်၍ စောဒက တက်သည် ။

“ ဒါဆိုရင် တော်တို့ မထိအောင် တော်တို့ ခြံကြီးကို ကျုပ်တို့ကို စတိ အနေနဲ့ ရောင်းပေါ့ ”

တစ်ချိန်လုံး စားသောက်ရင်း ငြိမ်နေသည့် မဗျိုင်းက ဝင်ပြောပြီး ဆက်စားသည် ။

“ ဘာ ... ”

“ မဗျိုင်း ပြောတာ မှန်တယ် ... ရော့ ... ငါးရာ .. မင်း ခြံကို ငါ ဝယ်လိုက်ပြီ ... ငါ ပိုင်သွားပြီ ... မနက်ဖြန် ငါ လုပ်ချင်တာ လုပ်မယ် ... မင်းနဲ့ မဆိုင်တော့ဘူး ”

ဘမောင်က အိတ်ထဲက ငါးရာတန် ထုတ်ပေးသည် ။ ကျွန်တော်လည်း နည်းနည်း မူးနေပြီ ။ စိတ်တွေလည်း ထွေနေသည် ။ ဒါကြောင့် ဘမောင် ပေးသော ငါးရာတန်ကို ယူပြီး “ မင်္ဂလာ ” ပါလို့ အော်လိုက်သည် ။

•••••   •••••   •••••

( ၅ )

နောက်တော့ ချွေးမက သမီး မိန်းကလေး မွေးကြောင်း ကြားရသည် ။

နောက် သမီးလေး စင်ကာပူ ပညာသင်ခွင့် ရသည် ။ ပထမ နဲ့ ဒုတိယ နှစ်ယောက်စလုံးကို ရွေးသည်တဲ့ ။ မဆွေ နဲ့ သမီး အိမ် ပြန်လာကြသည် ။

“ ဟင် .. ခြတောင်ပို့ကြီး ရော ”

မဆွေ က အံ့ဩစွာ မေးသည် ။ ကျွန်တော်က မဗျိုင်း သင်ထားသည့် အတိုင်း ...

“ ဒီလို မဆွေရေ .. ကိုယ့်ကို ပိတ်ဖြူစင်ကြယ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က အိပ်မက်ပေးတယ်ကွ .. အဘ လည်း သိုက်နန်း ပြောင်းရတော့မယ် ... ငါ့ သားတို့ မိသားစုလည်း ဒီထက်မက ကြီးပွားတိုးတက်အောင် အဘ ဆက် မနေမယ်လို့ ပြောပြီး ပျောက်သွားတယ်ကွ ... မနက် ရောက်တော့ ခြတောင်ပို့ကြီး ပြိုနေတာနဲ့ ရှင်းထားလိုက်တာ ... သမီးလေး စင်ကာပူ ပညာသင်ဆုရတော့ အဘ စကား မှန်တာပေါ့ ”

ကျွန်တော့် စကားကြောင့် မဆွေ မျက်နှာ မယုံတစ်ဝက် ယုံတစ်ဝက် ပုံစံ ဖြစ်နေသည် ။ သမီးလေး နိုင်ငံခြား မထွက်မချင်း ကျွန်တော့် ရင်ထဲမှာ အလုံးကြီး ဆို့နေသည် ။ အမှန်တကယ် သွားရတော့ မှ အလုံးကြီး ကျသွားသည် ။

နောက်မကြာမီ သားတော်မောင်သည် နိုင်ငံခြား လေ့လာရေးခရီး သွားရသည် ။ မဆွေ သူ့ ချွေးမ နဲ့ မြေး ဆီ သွားနေပေးရသည် ။

ကျွန်တော်တို့ မိသားစု အစစ အဆင်ပြေနေသည် ။ ခြတောင်တွေလည်း ပြန်မပေါက်တော့ပေ ။ ဒါပေမဲ့ စိတ်က မပျော်တပျော် ဖြစ်နေရသည် ။ ဘမောင်  ဘာများ ဖြစ်မလဲလို့ တွေးပူနေရသည် ။ ဘာသံ မှ မကြားရ ။

( ၁ဝ ) လ လောက် ကြာတော့ တွေးပူရုံမက ဖင်ပါ ကြွလာသည် ။ ရွှေဘိုကို ကားနဲ့ ထွက်ခဲ့သည် ။ ဘမောင် ရှိရာ ဥယျာဉ်တော်ရွာကို တိုက်ရိုက်မောင်းသည် ။ ဘမောင် ခြံထဲ ရောက်တော့ လူတွေ အုံနေသည်မို့ ရင်ထဲ ထိတ်သွားသည် ။

“ ဘမောင်များ တစ်ခုခု ဖြစ်ပြီလား ... ”

စိတ်တွေ ပူသွားသည် ။ ကားပေါ်က ဆင်းပြီး လူအုပ်ဆီကို ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားသည် ။ လူအုပ်က တဲပေါက် ရှေ့တွင် ရပ်ပြီး တဲထဲကို ကြည့်နေကြသည် ။

“ ဘမောင် ဘာဖြစ်လို့လဲ ”

စိုးရိမ်သံနဲ့ မေးလိုက်သည် ။

“ ဘကြီးဘမောင် ဘာမှ မဖြစ်ဘူး ... ဘကြီးဘမောင် မိန်းမ ဒေါ်ဗျိုင်း ကလေး အမြွှာပူး မွေးလို့တော့ ... ”

အမျိုးသမီး တစ်ယောက်က နောက်လှည့် ပြောပြီး ရှေ့ ပြန်လှည့်သွားသည် ။

ကျွန်တော့် ခြေလှမ်းတွေ ရပ်သွားသည် ။ ရင်တုန်တာတွေ ပျောက်သွားသည် ။ နောက် မျက်နှာက တဖြည်းဖြည်း ပြုံးမိသည် ။ ဘမောင် မျက်နှာ ပြုံးပြုံးကြီးကို မြင်ယောင်ပြီး “ မင်္ဂလာပါ ” လို့ စိတ်ထဲက ပြောလိုက်မိသည် ။

⎕ မင်းတင်ထွဏ်း
📖ခွာပြာသင်း မန္တလေးဝတ္ထုတိုများ ( ၂ဝ၁၁ )

Thursday, December 4, 2025

စကားကို သကာ မအုပ်လေတော့


 

❝ စကားကို သကာ မအုပ်လေတော့ ❞
       ( မင်းတင်ထွဏ်း )

( ၁ )

တချို့သူတွေက သနားတတ်တယ် ။ ကိုယ်ချင်းစာတရား ရှိတယ် ။ ဒီတော့ တချို့ကိစ္စတွေမှာ ဆိုရင် ကိုယ် နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ကရုဏာဒေါသော စကား ဝင်ပြောတတ်ကြတယ် ။

ကျုပ် အကြောင်းလည်း ပြောပါ့မယ် ။

ကျုပ်က လူငယ်တွေကို တိုးတက်စေချင်တယ် ။ လိမ္မာစေချင်တယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် မပြုစေချင်ဘူး ။ လမ်းမှား လိုက်မှာ စိုးတယ် ။ လမ်းမှား ဆိုတာက ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာမသင်ဘဲ ကျောင်းလစ် ၊ ကွမ်းစား ၊ ဆေးလိပ်သောက် ၊ အရက်သောက် ၊ နောက်ဆုံး ဆေးစွဲပြီး ဘဝနိဂုံး စောစောချုပ်မှာကို စိုးတာ ။

•••••   •••••   •••••

( ၂ )

အောင်မောင်း ။ တော်တော် ဆိုးတဲ့ကောင် ။ ကျုပ် နှစ်ဝမ်းကွဲ နှမက မွေးတဲ့ သုံးဝမ်းကွဲ တူပါ ။ ၁၈ နှစ်လောက် ရှိပြီ ... ၁၀ တန်း နှစ်ခါကျ ၊ ဘာ အလုပ်မှမလုပ်ဘူး ။ ကျူရှင် တက် ၊ စာကျက် သလို နဲ့ မိဘလုပ်စာ ထိုင် စားနေတာ ။ ဒါတောင် ရည်းစား နဲ့ ကွဲလို့ ဆိုလား ၊ အခုတလော အရက်တွေ မူးမူး လာပြီး အိမ်ပြန်လာတယ် ။ အိမ်ရောက်ရင် အမေကို ဂျီကျ ပေါ့ ။ သုံးအိမ်လောက်ပဲ ခြားတော့ နားမခံသာဘူး ။

တစ်နေ့ မနက်ခင်းမှာ အိမ်ရှေ့က အောင်မောင်း ဖြတ်သွားတာ မြင်တော့ “ အောင်မောင်း ... လာဦး ” လို့ လှမ်းခေါ်လိုက်တယ် ။ အောင်မောင်း က မျက်နှာသေလေး နဲ့ ကျုပ် ရှေ့ ရောက်လာတယ် ။ “ ဦးလေး .. ဘာတုံး ” လို့ မေးတယ် ။ အောင်မောင်း မျက်နှာကို ကြည့်ပြီး ၊ ကျုပ် စိတ်ထဲ ဘာကြောင့် ဒေါသထွက်မှန်း မသိဘူး ။ အစကတော့ အောင်မောင်း ကို သုဝဏ္ဏသာမ သားလိမ္မာ အကြောင်း ပြောပြီး ဆုံးမမယ် လို့ စိတ်ကူးထားတာ ။ ဒါတွေကို မေ့ပြီး ကရုဏာဒေါသ နဲ့ .. “ မင်း ... အရက်တွေပဲ သောက်နေ ... ခွေးဖြစ်ချင်သလား ” လို့ ပြောချလိုက်တယ် ။

ဒီတော့ အောင်မောင်း က ဘာမှ မပြောဘဲ လှည့်ပြန်သွားတယ် ။  ညနေတော့ ထုံးစံအတိုင်း မူးပြီး ပြန်လာတာပဲ ။ အဲ “ ဟေ့ ... ဘယ် ခွေးမှ အရက် မသောက်ဘူးကွ ... လူ မို့ အရက်သောက်တာ ... မယုံရင် ခွေးကို အရက်တိုက်ကြည့်ပါလား ” ဆိုပြီး အော် ပြောသွားလေရဲ့ ။

ကျုပ် မှာတော့ ဒေါသ ဖြစ်ရမလို ၊ အောင်မောင်း စကားကို လိုက် ချေရမလိုနဲ့ ဖင်တကြွကြွ ဖြစ် ကျန်ခဲ့တယ် ။

ကျုပ် နှမ ကလည်း သူ့ သား ကို ကျုပ်က ခွေးလို့ ပြောပါတယ် ဆိုပြီး ကျုပ်ကို မြင်တိုင်း မျက်နှာလွှဲ နှုတ်ခမ်းထော် သွားတော့တာပဲ ။ ကျုပ်ကလည်း ကျုပ် ပဲ ။ အမှတ်ကို မရှိဘူး ။

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက် က မန္တလေး ငှက်ဖျားရုံးမှာ ကိုလှဝင်း ဆိုတဲ့ လူ နဲ့ တော်တော် ခင်ခဲ့တယ် ။ သူ က ငှက်ဖျားကြီးကြပ်သူ ။ လူအေး တစ်ယောက် ။ အလုပ် လည်း ကြိုးစားတယ် ။ ကျုပ် လိုပဲ တောရွာက နေပြီး မြို့ကို အလုပ်လာ လုပ်တာ ။ ရွာချင်း မတူပေမယ့် ရွှေဘို တစ်နယ်ထဲမို့ ပိုခင်ကြတယ် ။

တစ်နေ့တော့ ကိုလှဝင်း က အလုပ်ထွက်စာ တင်ရော ၊ အထက်အရာရှိ နဲ့ အဆင် မပြေလို့ ထွက်တာ ။ ကျုပ်က မထွက်စေချင်ဘူး ။ အဲဒီ ခေတ်က အလုပ်တစ်ခု ရဖို့ မလွယ်ဘူး ။ နောက်ပြီး သူ့ ရာထူးက တက်လမ်း ရှိတယ် ။ ငှက်ဖျားကြီးကြပ်သူ ကနေ ငှက်ဖျားအင်စပက်တော် ၊ နောက် ငှက်ဖျားရောဂါမှူး ထိ တက်နိုင်တယ် ။ ငှက်ဖျားရောဂါမှူး ဆိုရင် နိုင်ငံခြားလေ့လာရေး ဖြစ်ဖြစ် ၊ ပညာသင် ဖြစ်ဖြစ် သွားရတတ်တယ် ။ ဒါကြောင့် မထွက်ဖို့ တားတယ် ။ မရဘူး ။ ဒါကြောင့် ကျုပ်က ကရုဏာဒေါသ နဲ့ “ ခင်ဗျား ... အလုပ်က ထွက်ပြီး ရွာပြန် နွားကျောင်းချင်လို့လား ” လို့ ပြောလိုက်တယ် ။ သူ့ မျက်နှာကြီး ရဲခနဲ ဖြစ်သွားတယ် ။ ဘာစကားမှ မပြောဘဲ ထွက်သွားတယ် ။ အလုပ်ကတော့ ထွက်သွားတာပါပဲ ။

နောက် ၃ ရက်လောက် နေတော့ အိမ်ကို ရောက်လာတယ် ။ အကောင်းရောက်လာတာ မဟုတ်ဘူး ။ မူးပြီး ရောက်လာတာ ... “ မင်း နဲ့ စာရင်း ရှင်းစရာရှိတယ် ” ဆိုပြီး ဂျစ်တော့တာပါပဲ ။ “ ရွာကို ပြန်ပြီး နွားကျောင်း ဆိုတာ ငါ့ကို အစွမ်းအစ မရှိတဲ့ကောင်လို့ ဆိုတာပေါ့ ” တို့ ဘာတို့ ပေါ့ ။ “ ငါ့ အကြောင်း ... မင်း ကောင်းကောင်း သိရမယ် ” ဘာညာ ဆိုပြီး ဒေါသတကြီး ပြောတော့တာပဲ ။ ကျုပ်က သူ့ကို ဘယ်လို ရှင်းပြပြ သူ နားမဝင်ဘူး ။ နွားကျောင်းခိုင်းတာပဲ အပ်ကြောင်းထပ် နေတယ် ၊ နောက်ဆုံးတော့ ဓားကြိမ်းကြိမ်းပြီး ပြန်သွားလေရဲ့ ။

ဒီ ကတည်းက ဘကြီးနွား အငှား မကျောင်းတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ။

အခုလည်း ကိုယ့် အမျိုးမို့ ဆိုပြီး ကရုဏာဒေါသော စကား ပြောမိတာ နဲ့ အောင်မောင်း က အရက် မူးတိုင်း ၊ အိမ်ရှေ့ ဖြတ်တိုင်း ရန်လုပ်နေတော့တာပဲ ။

တန်ပြီ .. ။ နောက်ဆို ဘယ်သူ့ကို မဆို ပါတ္တောပိတ်ပဲ ။

•••••   •••••   •••••

( ၃ )

ဒီလို စိတ်ဆုံးဖြတ်ပေမယ့် အမြင်မတော်တာ တွေ့နေရပြီ ။ မိအေး က အထက်တန်းကျောင်းသူလေး ။ အိမ်မှာတော့ သိပ်ရိုး သိပ်အေးတာ ။ အပြင်လည်း အဖေ ၊ အမေ ပါမှ ထွက်တာ ။ အိမ်လည်း မလည်ဘူး ။ စာကျက်တာပဲ အမြဲ တွေ့နေရတာ ။ နေတာလည်း အေးအေး ၊ ဝတ်တာလည်း ရိုးရိုး ၊ ဆံပင်က ဖြာချရင် ဒူးခေါင်းဆစ်ထိ ရှိတယ် ။ သူ့ မိဘတွေကလည်း သူ့သမီး ကို ‘ သမီးအလိမ္မာလေး ’ လို့ ထင်ထားသလို အရပ်က လည်း ( ကျုပ် အပါအဝင်ပေါ့ ) ဒီကောင်မလေး ရိုးတယ် ။ အေးတယ် ။ ပညာ ကြိုးစားတယ် ။ ကြီးရင် ဘွဲ့ရပညာတတ် ဆရာဝန်မ အနည်းဆုံး ဖြစ်မယ်လို့ ထင်ထားကြတာ ။

အလား ... အခုတော့ မိအေး တစ်ယောက် ကျောင်းမသွားဘဲ စက်ဘီးကို လက်ဖက်ရည်ဆိုင်မှာ အပ်ပြီး ကောင်လေး တစ်ယောက် ဆိုင်ကယ် နောက် ပါသွားတာ ကျု ပ်မျက်စိ နဲ့ လေးငါးခါ လောက် တွေ့ရတယ် ။

ဒီတော့ ကောင်မလေးကို ကျောင်းမှန်မှန် တက်ဖို့ ၊ ရည်းစား မထားဖို့ ၊ ပညာကို ကြိုးစားဖို့ ပြောရ ကောင်းမလား ။ သူ့ မိဘတွေကိုပဲ အကြောင်းစုံ ပြောရ ကောင်းမလား ။ ပြောရင် ကရုဏာဒေါသော စကားတွေ ဖြစ်တော့မယ် ။ အောင်မောင်း လို ၊ ကိုလှဝင်း လို အဖြေမျိုး ထွက်ရင် ဘယ့်နှယ် လုပ်မလဲ ။

ကျုပ်မှာ ပြောသင့် ၊ မပြောသင့် စဉ်းစားလိုက်တာ မိအေး ရည်းစားနောက် ခိုးရာလိုက်ပြေးတဲ့ အထိ အဖြေက မထွက်ဘူး ။

▢ မင်းတင်ထွဏ်း
📖 မန္တလေးတိုင်း ( မ် ) ဂျာနယ်
      မေလ ၊ ၂ဝဝ၈

Wednesday, August 13, 2025

ကြွေရုပ်ကလေး


 

❝ ကြွေရုပ်ကလေး ❞
  ( မင်းတင်ထွဏ်း )

၁ ။

တောက်ထွန်း တော်တော် အ,တဲ့ကောင် ။ တန်ဖိုးရှိတဲ့ ကြွေရုပ်ကလေးလို လှတဲ့ ငွေမိ ကိုတော့ မကြိုက်ဘဲ အဖိုးမတန်တဲ့ ကော်ပတ်ရုပ် နှင်းမေကိုမှ မေတ္တာ ရှိရတယ်လို့ ဘယ်လို သတ္တဝါပါလိမ့် ။ ကျုပ် စဉ်းစားလို့ကို မရဘူး ။

၂ ။

ကျုပ်ကတော့ အလှ မကြိုက်တဲ့ ငမိုက်သား မဟုတ်ဘူး ။ ငွေမိကို အသေရရ အရှင်ရရ မေတ္တာရှိခဲ့တာ ။ ငွေမိက ကြွေရုပ်လေးလို မထိရက် ၊ မကိုင်ရက်အောင်ကို လှတယ် ။ ခန္ဓာကိုယ်က ငါးရံ့ကိုယ်လုံးလေး ။ အသားအရေက ဝါဂွမ်းလေးလို ဖွေးနုနေတာ ။ မျက်နှာလေး ကလည်း အမြဲတမ်း မိတ်ကပ် ၊ နှုတ်ခမ်းနီ ၊ ကာချယ် ခြယ်သထားတော့ ဖူးဥနေတာ ။ ကျုပ် အနှစ်သက်ဆုံးကတော့ သူမဘယ်ဘက် မေးစေ့ပေါ်က စံပယ်တင် မှဲ့လေးပဲ ။ ငွေမိဆိုတာက ကျုပ်တို့ ဆင်ခြေဖုံး ရပ်ကွက်လေးကို ရွာကနေ ပြောင်းလာတဲ့ မြေတူးခေါင်း ဦးဘမောင် ရဲ့ သမီးပါ ။ မြေတူးလုပ်ငန်းနဲ့  ကြီးပွားနေတယ် ။ ရွာက ခေါ် လာတဲ့ မြေတူးသမားတွေ ဆိုရင် သူ့ဝင်းထဲမှာ တန်းလျားနဲ့ ထားတယ် ။

ငွေမိက တစ်ဦးတည်းသော သမီး ။ အလိုလိုက်ထားပုံ ရတယ် ။ ကျောင်းသွားတာ လည်း မတွေ့ဘူး ။ ဘာအလုပ်မှ လုပ်ခိုင်းတာလည်း မမြင်ဘူး ။ အပြင်ဈေးဝယ်တာတောင် သူ့အမေနဲ့ အိမ်အကူ ကောင်မလေးပဲ ထွက်ဝယ်တာ တွေ့တယ် ။

သူ့အမေ နာမည်က ဒေါ်စိန်ခင်တဲ့ ။ ကိုယ်လုံးက ဝဝဖိုင့်ဖိုင့်ကြီး ။ လက်မောင်းအိုးတွေက ကျုပ် ပေါင်လုံး ထက် ကြီးမယ် ။ တစ်ခါတစ်ရံ သူ့အမေနဲ့ အပြင် ထွက်တတ်တယ် ။ ဝတ္ထုစာအုပ်ငှားတယ် ။ ဗီဒီယိုခွေငှားတယ် ။ နောက်ပြီးတော့ မုန့်ဟင်းခါး စားကြတယ် ။

ကျုပ်က ညနေတိုင်း ဆိုရင် သူ လာတတ်တဲ့ နေရာ နားက ဆံပင်ညှပ်ဆိုင်မှာ ထိုင်ပြီး စောင့်ကြည့် နေတတ်တယ် ။ သူ့အမေ ပါရင်တော့ အနား မကပ်ပါဘူး ။ သူ့အမေ မပါရင်တော့ အနားထိ ကပ်သွားတယ် ။ ကိုယ်ယောင်ပြတယ် ။

ငွေမိနဲ့ အတူ သူ့အမေ မပါရင် ကောင်လေး တစ်ယောက် ပါလာတတ်တယ် ။ ကောင်လေး ဆိုပေမဲ့ ကျုပ်ထက် ငယ်ရင် တစ်နှစ် ၊ နှစ်နှစ်ပါ ။ အရပ်က ကျုပ်ထက် မြင့်တယ် ။ ဗလက ကျုပ်ထက် တောင့်တယ် ။ အစက ဒီကောင်ကို သူ့မောင်လေးလို့ ကျုပ်က ထင်တာ ။ ကောင်လေးက ငွေမိ နောက်ကပဲ လိုက်တယ် ။ ငွေမိ စာအုပ်ငှားရင် ၊ ဗီဒီယိုခွေငှားရင် ဆိုင်ဝ ကပဲ ရပ်စောင့်နေတာ ။ ငွေမိ မုန့်ဟင်းခါး စားရင်လည်း အတူမစားဘူး ။ ဆိုင်နားမှာပဲ ရပ်စောင့်နေတာ ။

“ ဟဲ့ တောက်ထွန်း လာလေ ၊ နင့်အတွက်ပါ မှာထားတာ ”

ငွေမိက လှမ်းခေါ် တယ် ။ အသံလေးက ကြည်ပြီး လွင်လို့ ။ ချစ်စရာလေး ။

“ မငွေမိသာ စားပါ ၊ ကျုပ် မုန့်ဟင်းခါး မကြိုက်ဘူး ”

တောက်ထွန်းက ငြင်းတယ် ။

“ နင့် ပိုက်ဆံ မထုတ်ရပါဘူးဟဲ့ ၊ ကပ်စေးနှဲ ကိုကော်တရာရဲ့ ။ နင်မစားရင် ငါပဲ စားလိုက်တော့မယ် ”

ငွေမိက မုန့်ဟင်းခါး တော်တော် ကြိုက်ပုံရတယ် ။ မှာထားတဲ့ ၂ ပန်းကန်ကို ခဏလေးနဲ့ စားလိုက်တယ် ။ မုန့်ဟင်းခါး စားနေပုံကလည်း လှတာပဲ ။

သူတို့ မောင်နှမ မဟုတ်ဘူး ဆိုတာ ကျုပ် ရိပ်မိလိုက်ပြီ ။ ဒီတော့ ကျုပ် ခွင်ဖန်တော့တာပေါ့ ။

“ ညီလေးက မုန့်ဟင်းခါး မကြိုက်ဘူးဆိုရင် လက်ဖက်ရည် သွားသောက်ပါ လား ၊ ရော့ ... ”

ကျုပ်က တောက်ထွန်း ကို ငွေတစ်ထောင် ပေးလိုက်တယ် ။ တောက်ထွန်းက မယူသေးဘူး ။ ငွေမိကို လှမ်းကြည့်တယ် ။ ငွေမိက ကျုပ်အသံ ကြားလို့ လှည့်ကြည့်တယ် ။ ငွေမိက အကင်းပါးတယ် ။ သူအပြင်ထွက်တိုင်း သူ့နားမှာ ကျုပ် တရစ်ဝဲလည်လည် လုပ်နေတာကို သိပုံရတယ် ။

“ တောက်ထွန်း ယူလိုက်လေ ၊ လက်ဖက်ရည် သွားပြီး သောက်ပါလား ။ အ, လိုက်တာ ၊ ဒါနဲ့များတောင် အမေက သူ့ကို ချီးမွမ်း နေသေးတယ်  ”

ငွေမိ ပြောလိုက်မှ တောက်ထွန်းက ကျုပ်ဆီက တစ်ထောင်တန် ယူပြီး ထွက် သွားတယ် ။ ကျုပ်လည်း ငွေမိနား ကပ်ထိုင်ပြီး မုန့်မှာ စားတယ် ။ ငွေမိကို မိတ်ဖွဲ့တယ် ။ စကားပြောတယ် ။ သူစားတဲ့ မုန့်ဖိုးလည်း ရှင်းပေးတယ် ။

နောက်တော့ ငွေမိ အပြင် ထွက်ရင် တောက်ထွန်းကို ငွေတစ်ထောင်တန် ပေးပြီး ပ,ထုတ်တယ် ။ ဝတ္ထုစာအုပ် အတူရွေးတယ် ။ ဗီဒီယိုခွေ အတူငှားတယ် ။ မုန့်ဟင်းခါး အတူစားတယ် ။

တောက်ထွန်းက ကျုပ် ပေးတဲ့ငွေနဲ့ လက်ဖက်ရည်ဆိုင် မသွားပါဘူး ။ လမ်းဘေးမှာပဲ ရပ်နေတာပါ ။

တစ်ရက်တော့ ကျုပ်က တောက်ထွန်းကို ငါးရာတန် ပေးလိုက်တယ် ။ မယူဘူး ။

“ ခါတိုင်းလို တစ်ထောင်တန်ပဲ ပေးလေဗျာ ” လို့ ပြောတယ် ။ ကျုပ်က ...

“ ဪ ငါမေ့သွားလို့ ” လို့ ပြောပြီး အရင် ငါးရာတစ်ရွက် အပြင် နောက်ထပ် ငါးရာတန် တစ်ရွက် ထပ်ပေးတယ် ။ တစ်ထောင်ပေါ့ ။ တောက်ထွန်းက မယူဘူး ။

“ တစ်ထောင်တန် ပေးပါ ”

လို့ပြောတော့ ကျုပ် အံ့သြသွားတယ် ။ မုန့်စားနေတဲ့ ငွေမိက လှည့်ကြည့်ပြီး ...

“ ဟဲ့ တောက်ထွန် ငါးရာတန်နဲ့ ငါးရာတန် ပေါင်းရင် တစ်ထောင်ပေါ့ဟဲ့ ” လို့ပြောမှ ယူလိုက်တယ် ။

တောက်ထွန်း ထွက်သွားတော့ ကျုပ်က ငွေမိ နား ဝင်ထိုင်လိုက်တယ် ။

“ တောက်ထွန်း က ဂေါက်တောက်တောက်လား ”

ငွေမိနဲ့ ခင်နေပြီမို့ မေးလိုက်မိတယ် ။

“ ဂေါက်တာ မဟုတ်ဘူး ။ အ ... တာ ... ။ ခုရွယ်ထိ ပိုက်ဆံ မရေတတ်ဘူး ”

“ စာမတတ်လို့လား ”

“ စာမတတ်ပေမဲ့ ပိုက်ဆံတော့ လူတိုင်း ရေတတ်ပါတယ် ။ တောက်ထွန်းက အ , ကို အ , တာ ”

“ အမျိုးလား ”

“ မဟုတ်ဘူး ။ ရွာက မြေလာ တူးနေတာ ။ အဖေ က အားကိုးရတယ် ဆိုပြီး အိမ်မှာ ထားတာ ”

တောက်ထွန်းက ငွေမိတို့ ရွာက ဖြစ်တယ် ။ မိဘတွေက မရှိတော့ဘူး ။ တောက်ထွန်း ငယ်ငယ်က ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတာ ။ တောက်ထွန်းက ဟိုအိမ်ကပ်နေ ၊ ဒီအိမ်ကပ်နေနဲ့ ကြီးပြင်းခဲ့တာ ။ လူပျိုပေါက် အရွယ်မှာ ဦးဘမောင်က ရွာကနေ မန္တလေးကို ခေါ်လာတာ ။ မြေတူးတယ် ။ တောက်ထွန်း က မခိုမကပ်ဘူး ။ သူများထက် ၂ ဆ လုပ်တယ် ။ ဝီရိယ ကောင်းတယ် ။ မနက်ဆို အစောကြီး ထတယ် ။ ဦးဘမောင်တို့ အိမ်မှုကိစ္စတွေကို အောက်ခြေသိမ်းကစ လုပ် ပေးတယ် ။ ဒါကြောင့် ဦးဘ မောင်က တောက်ထွန်းကို သူ့ အိမ်မှာပဲ ထားတာ ။ အလုပ် မှာလည်း လက်ထောက် အဖြစ် ခိုင်းထားတာ ။

“ ဒီကောင် တစ်နေ့ ကြီးပွါးမှာ ငွေမိနဲ့ ပေးစားရမယ် ” ဆိုပြီး နားချတယ် ။

“ ဘာ ဒီလိုကောင်နဲ့ ငွေမိကို နားချတယ် ဟုတ်လား ။ ငွေမိက ငြင်းလိုက်တယ် မဟုတ်လား ”

အလန့်တကြားနဲ့ ကိုယ် ကြားချင်တဲ့ စကားကို မေးလိုက်တယ် ။

“ အဖေနဲ့ အမေက ကျုပ်ကို နားချတာ မဟုတ်ဘူး ။ တောက်ထွန်းကို နားချတာ ”

“ ဘာပြုလို့လဲ ”

“ တောက်ထွန်းက ကျုပ်ကို ငြင်းနေလို့ပေါ့ ”

“ ဘာ .. ”

ကျုပ်ပါးစပ် ဟ , သွား တယ် ။ မျက်လုံး ပြူးသွားတယ် ။ အဖိုးတန်တဲ့ ကြွေရုပ်ကလေးလိုလှတဲ့ သူကိုမှ သင်းလို ရုပ်ကြမ်းကြီးက ငြင်းတယ် ဆိုတော့ ရူးရင်ရူး မရူးရင် တော်တော် အ,တဲ့ကောင်ပဲ ။

၃ ။

ငွေမိကလည်း ဒီလို အ , တတကောင်ကို ကြိုက်မှာ မဟုတ်ပါဘူး ။ ကျုပ်လို လည်တဲ့ ကောင်မှ ကြိုက်မှာပါ ။ နောက်ပြီး ကျုပ် စုံစမ်းပြီးပြီ ။ ငွေမိက အပျိုစစ်စစ် ။ ၈ တန်းအထိ ပညာသင်ဖူးတယ် ။ ကောင်လေးတွေက လိုက် စကားပြောလို့ ကျောင်းဆက် မထားတော့တာ ။ ဘာအလုပ်မှ မခိုင်းဘဲ ထားတာ ။ အပြင် ပေးမထွက်တာ ။ ငွေမိက လှတာကိုး ။

ကျုပ်က ငွေမိကို ကြိုက်နေပေမဲ့ အမေက နှင်းမေနဲ့ ပေးစားချင်တာ ။ ကျုပ်ကို နားချနေတာ ။ ကျုပ်က နှင်းမေကို မယူချင်ဘူးလို့ ငြင်းထားတာ ။

နှင်းမေ ဆိုတာက ပဉ္စပါပီက အစ်မ ခေါ်လောက်တဲ့ သူ ။ အသားကမည်းမည်း ၊ အရပ်က ကလန်ကလား ၊ ရုပ်ကဆိုးဆိုးရယ် ။

“ အမေ ကလည်းဗျာ ၊ ကျုပ် ဒီလောက် အလှမက်တာ ၊ အရုပ်ဆိုးတဲ့ သူမှ ပေးစားရတယ်လို့ ရက်စက်တယ်ဗျာ ”

ကျုပ်က အမေကို အပြစ်တင်တယ် ။

“ ဟဲ့ ၊ ရှေးလူကြီးသူကြီး ဆိုရိုးစကား မကြားဖူးဘူးလား ၊ လှတာမက်ရင် ညစာ ခက်တယ်တဲ့ ။ နှင်းမေက ဒီ လောက် ရုပ်မဆိုးပါဘူး ။ ညို ချောလေးပါ ။ နောက်ပြီး ဘွဲ့ရပေမဲ့ ကြုံရာ အလုပ်ကို လုပ်ရဲတဲ့သတ္တိ ရှိတယ် ဟဲ့ ”

အမေကတော့ နှင်းမေ ကို ဟိမန္တာ ချီးမွမ်းခန်း ဖွင့်တယ် ။

ပညာတတ် ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ ။ ဒီလောက် အရုပ်ဆိုးတော့ ဘယ်ကုမ္ပဏီ မှ မခန့်လို့ ကြုံရာ အလုပ် လုပ် နေရတာကို ချီးမွမ်းနေတယ် ။ အခု မြေတူးလိုက်နေတယ် ။

နောက်ပြီး နှင်းမေအဖေ က ဝန်ထမ်းပင်စင်စား ။ အမေက ဂိလာန ။ ကျောင်းထားပေးနေရတဲ့ ညီမ ၂ ယောက်က ရှိသေးတယ် ။ နှင်းမေပဲ လုပ်ကျွေး နေရတာ ။ နှင်းမေနဲ့သာရရင် ကျုပ်ပါ သူတို့ မိသားစုကို လုပ်ကျွေးနေရမှာ ။

ကျုပ်က မုဆိုးမသား ပေမဲ့ ရပ်ကွက်ထဲမှာ မျက်နှာ မငယ်ရဘူး ။ အမေက အိမ်မှာ ကုန်စုံဆိုင် ဖွင့်ထားတယ် ။ တစ်ဦးတည်း သားမို့ ဘာမှ ပူစရာ မလိုဘူး ။

ကျုပ်က ၁၀ တန်းကို ၅ နှစ်ကျတယ် ။ စိတ်မညစ်ပါဘူး ။ ၁၀ တန်းကျတာကိုက ကျုပ်အတွက် အခွင့်အရေး ဖြစ်နေတယ် ။ အမေက ကျုပ်ကို ၁ဝ တန်း အောင်စေချင်တယ် ။ ဘွဲ့ရစေချင်တယ် ။ ဒါကြောင့် ဘာမှ မခိုင်းဘဲ ကျူရှင်ပဲ တက်ခိုင်းတယ် ။ ဒီတော့ ကျုပ်က ကျူရှင်သွားတယ်ဆိုပြီး အိမ်မကပ်ဘူး ။

ကျုပ် ငွေမိကို ပိုးတာ အမေ သိပုံရတယ် ၊ နှင်းမေနဲ့ ပေးစားမယ်လို့ ဇွတ်ပြောပြန်ရော ။ နှင်းမေအမေက ဆိုင်မှာ လာပြီး အမေ တောက်တိုမည်ရ ခိုင်းနေတာ ။ ဆိုင်က အကြွေးယူနေတာ ။ ကျုပ်ကိုလည်း သမက် ဖမ်းချင်နေတာ ။ ကျုပ်သာ ခေါင်းညိတ်ရင် နှင်းမေနဲ့ ပေးစားကြမှာ သေချာတယ် ။

ဒါကြောင့် ကျုပ်က ငွေမိကို အမြန် ချစ်ရေးဆိုရတာ ။ ငွေမိက ပါးစပ်က မဖြေဘူး ။ စာရေးပြီး ဖြေတယ် ။ အောင်မယ် ၊ ငွေမိက ရုပ်သာလှတာ မဟုတ်ဘူး ။ ရည်းစားစာလည်း အရေးကောင်းတယ် ။ သူ့စာ ဖတ်ရတာ ဝတ္ထုတစ်ပုဒ် ဖတ်နေရ သလိုပဲ ။ ရုပ်ကလေး လှသလောက် စိတ်ကူးလည်း ယဉ်နိုင်ပါပေ့ မောင့်ကြွေရုပ်လေးရယ် ၊ စံပယ်တင် မှဲ့လေးရယ် ။

၄ ။

“ ဟဲ့ ငအ ၊ နင်ကသာ အလှရှာပုံတော် ဖွင့်နေ ။ နှင်းမေက ယောက်ျား ယူတော့မှာ ”

“ ကောင်းတာပေါ့ ”

အမေ ပြောတော့ ကျုပ် ဝမ်းသာသွားတယ် ။

“ ဘယ်သူလဲ ” မေးတော့ -

“ သူနဲ့ အလုပ်အတူတူ လုပ်တဲ့ မြေတူးတဲ့ကောင် လေး ” လို့ အမေက ပြောတယ် ။

ဟုတ်တာပေါ့ ။ သူနဲ့ တူရာတန်ရာ ရမှာပေါ့ ။ မကြာပါဘူး ။ သတင်း ကြားတော့ အံ့သြသွားတယ် ။ နှင်းမေနဲ့ ယူမှာ တောက်ထွန်း တဲ့ ။

မကြာပါဘူး ။ တောက်ထွန်း နဲ့ နှင်းမေ လက်ထပ်လိုက်ကြတယ် ။ နှင်းမေ အိမ်မှာပဲ ဘုန်းကြီး ၃ ပါး ဆွမ်းကပ်တယ် ။ အိမ်နီးချင်းတွေလောက် ဖိတ်ပြီး လက်ဖက် ရည်နဲ့မုန့် ဧည့်ခံတယ် ။

“ တောက်ထွန်း မင်းက သွက်လှချည့်လားကွ ” လို့ မေးတော့ ...

“ မသွက်လို့ မရဘူးဗျ ။ အရီးစိန်က ကျုပ်နဲ့ ငွေမိကို အတင်း ပေးစားဖို့ စီစဉ်နေလို့ ဗျလို့ ” ဖြေတယ် ။

တောက်ထွန်းကို ဦးဘမောင်နဲ့ ဒေါ်စိန်ခင် က တော်တော် စိတ်ဆိုးကြတယ် ။ အိမ်က နှင်ထုတ်လိုက်သလို ၊ အိမ်ကိုလည်း အလာ မခံဘူး ။ အလုပ်လည်း မပေးတော့ဘူး ။

နောက်ပြီး ဦးဘမောင် က အရှိန်ရှိတော့ ဘယ်မြေတူး ခေါင်းကမှ တောက်ထွန်းတို့ လင်မယားကို အလုပ် မခေါ် ကြဘူး ။ ဒီတော့ တောက်ထွန်း တို့လင်မယား သဲကား ၊ ကျောက်ကား လိုက်ရတော့တယ် ။ အိမ်သာကျင်း လောက်ပဲ တူးမယ့်သူ ခေါ် တယ် ။

မကြာပါဘူး ။ တောက်ထွန်းတို့ ထော်လာဂျီကား တစ်စီး ဝယ်တယ် ။ ကျောက်တို့ ၊ မြေတို့ ၊ သဲတို့ သယ်တယ် ။ တောက်ထွန်းက မောင်းတယ် ။ နှင်းမေက နောက်က လိုက်တယ် ။ အလုပ်သမား မငှားဘူး ။ သူတို့ လင်မယားကို ကြည့်ပြီး “ ငါ နှင်းမေကို မယူမိတာ ကံကောင်းတယ် ။ ငွေမိ တောက်ထွန်းနဲ့ မရတာလည်း ကံကောင်းတယ် ” လို့ တွေးလိုက်မိတယ် ။

၅ ။

ကျုပ် ၁၀ တန်းစာမေးပွဲ ထပ်ကျတယ် ။ ဒီတော့ ငွေမိကို ခိုးပြေးတယ် ။ မိဘတွေက ကျုပ်တို့ကို ရှာခေါ် ပြီး ပေးစားရတယ် ။ ဆီဒိုးနား ဟိုတယ်မှာ မင်္ဂလာ အကြီးအကျယ် ဆောင်ပေးတယ် ။

မင်္ဂလာဆောင်ပြီး မကြာပါဘူး ၊ ဦးဘမောင်က ဦးနှောက်သွေးကြောပေါက်ပြီးရုတ်တရက် ဆုံးသွားတယ် ။ ဒေါ်ခင်စိန်က အိမ်နဲ့ ဝင်းကို ရောင်းပြီး ရွာပြန်သွားတယ် ။ ငွေမိကို အမွေတစ်ဝက် ပေးခဲ့ တယ် ။ ဒီငွေနဲ့ ငွေမိက ဆွဲ ကြိုးနဲ့ လက်ကောက် ၊ လက်စွပ်တွေ ထပ်လုပ်တယ် ။ ကျုပ်က ဘင်ကားတစ်စီး ဝယ်လိုက်တယ် ။ လင်မယားနှစ် ယောက် ငွေဆောင်တို့ ၊ ချောင်းသာတို့ ၊ ငပလီတို့ ထိ ကားနဲ့ ပျားရည်ဆမ်းခရီး ထွက်ကြတယ် ။

အမေကလည်း စစ်ကိုင်းကျောင်းမှာ သီလရှင် ဝတ်သွားတယ် ။ ငွေမိက ဈေးမရောင်းတတ်ဘူး ။ ဒါကြောင့် ဆိုင်ပဲ ထိုင်ခိုင်းပြီး အရောင်းစာရေးမ တစ်ယောက် ငှားရတယ် ။ ဈေးကို ပစ္စည်း သွားဝယ်ရင် ကျုပ် တစ်လှည့် အရောင်းစာရေးမ တစ်လှည့် ဝယ်တယ် ။

ငွေမိက ဆိုင်ထိုင်ရတာ ပင်ပန်းတယ် ဆိုတာနဲ့ ထမင်းဟင်း ချက်ဖို့နဲ့ အဝတ်လျှော်ဖို့ အိမ်အကူ တစ်ယောက် ငှားထားရတယ် ။ ငွေမိ က ကလေးကို တစ်ယောက်ပြီး တစ်ယောက် မွေးတော့ ဆိုင် မထိုင်နိုင်တော့ဘူး ။ ကျုပ်ကလည်း ဆိုင်ထိုင်ရတာ ဝါသနာ မပါဘူး ။ ဒီတော့ ဆိုင်က ပရုတ်လုံးလို တဖြည်းဖြည်း ပါးလာတယ် ။ အရောင်းစာရေးမကလည်း ငွေစာရင်း မရှင်းနိုင်ဘူး ။ ဆိုင် မလာတော့ဘူး ။ ဆိုင်ကို ပိတ်ထားရတယ် ။

အရေးထဲ ကားက လူ ဝင်တိုက်လို့ ဝင်းနဲ့အိမ် ပေါင်ပြီး လျော်လိုက်ရတယ် ။ ကားကို ပြန်ရောင်းတော့ ကားဈေး ကျတာရယ် ၊ လူတိုက်ထားတဲ့ ကားမှန်း သိတော့ ဈေးက သိပ်မရဘူး ။ သူခိုးဈေးပဲ ရတယ် ။ ရတဲ့ငွေက အကြွေးတောင် မကျေဘူး ။

အိမ်နဲ့ဝင်း ပေါင်ထားတာတွေ ရွေးဖို့ ရက်နီးနေပြီ ၊ မရွေးနိုင်ရင် ရောင်းပြီး တခြား ပြောင်းရတော့မယ် ။ ခေါင်းက တစစ်စစ် ကိုက်နေတယ် ။

ခါတိုင်း စိတ်ညစ်ရင် အရက်ဆိုင်သွားတယ် ။ စိတ်ကလည်း အမြဲတမ်း ညစ်နေတာ ။ ဒီတစ်ခါ စိတ်က ညစ်ရုံတင် မကဘူး ၊ ဇောက်ထိုး မိုးမျှော်ကျနေတာ ။ အရက် မသောက်ချင်တာနဲ့ လမ်း ၃ဝ ဘက် လမ်းလျှောက် ထွက်ခဲ့တယ် ။ ဒီနေရာက အရင်က လယ်ကွက်တွေ ၊ မြို့ကွက် သစ်ဖော်တော့ ၄ ဧကကျယ် တဲ့ ဝင်းတွေ ဖြစ်ကုန်တာ ။ တချို့က အုတ်တံတိုင်းကာပြီး မြေဖို့ထားတယ် ။ တချို့က အုတ်တံတိုင်းလည်း မကာ သေးဘူး ၊ မြေလည်း မဖို့သေးဘူး ။

လမ်းလျှောက်တယ် ဆိုပေမဲ့ လူက ပိန်ပိန်ချည့်ချည့် ၊ နဲ့တဲ့တဲ့မို့ ဝေးဝေး မလျှောက်နိုင်ဘူး ။ မောလို့ သစ်ပင်အောက်မှာ ထိုင်ပြီး နားတယ် ။

ကျုပ်နဲ့ မလှမ်းမကမ်းမှာ ဇိမ်ခံမှန်လုံကားတစ်စီး ထိုးရပ်တယ် ။ ကားထဲက လူ ၃ ယောက် ဆင်းလာတယ် ။ အသားဖြူစပ်စပ် ၊ ပုကွကွ ၊ ဘောင်းဘီ သရီးစကွဲယားတွေ ဝတ်လို့ ။ ဝင်းလွတ် တစ်ခုကို လက်ညှိုးထိုးပြီး စကား ပြောနေကြတယ် ။ သူတို့က စကားမပီဘူး ။ ဝဲတာလည်း မဟုတ်ဘူး ။ ဒါပေမဲ့ မန္တလေး မှာ ဒီလေသံတွေ ကြားနေကျ မို့ နားလည်တယ် ။ ဝင်းလွတ်ကို မြေဖို့ဖို့ ပြောနေကြတာ ။ ကုမ္ပဏီ တစ်ခုက သူတို့ ပြီးချင်တဲ့ ရက် မရတဲ့ အကြောင်း ပြောနေကြတာ ။

မြေဆိုတော့ ကျုပ်စိတ်ထဲ တောက်ထွန်းကို သွားသတိရတယ် ။ တောက်ထွန်း တို့က ကျုပ်တို့ ဆင်ခြေဖုံး ကနေ ၅၈ လမ်းပေါ် ပြောင်းသွားကြတာ ။ နှင်းမေက အုတ် ၊ ထုံး ၊ သဲ ၊ ကျောက်နဲ့ ကုန်မာဆိုင် ဖွင့်ထားတယ် ။ တောက်ထွန်းက ဆိုင်နဲ့ ကပ်ရက်မှာ “ တောက်ထွန်း ကုမ္ပဏီ ” ထောင်ထားတယ် ၊ ထော်လာဂျီက စပြီး ၁၂ ကားကြီးတွေထိ ကားတွေ ထောင်ထားတယ် ။ မြေ ၊ သဲ ၊ အုတ် ၊ ကျောက်သယ်တယ် ။

ကျုပ် သူတို့နား ရောက်သွားတယ် ။

“ ခင်ဗျားတို့ မြေဖို့ချင်လိုလား ၊ ကျုပ်သူငယ်ချင်းဆီ လိုက်ပို့မယ် ” လို့ ပြောလိုက်တယ် ။

သူတို့ကလည်း မြေလိုချင်တော့ ၊ ကျုပ်ကို သူတို့ ကားနဲ့ ခေါ်ပြီး လိုက်ခဲ့တယ် ။

ကုန်စုံဆိုင်ထဲမှာပဲ အခန့်သင့် တောက်ထွန်းနဲ့ နှင်းမေ ကို တွေ့ရတယ် ။ အလဲ့ ဝတ်စားနေထိုင်ပုံက နှစ်ယောက်စလုံး သူဌေး အတိုင်းပဲ ။ ကျုပ် ကိုတွေ့တော့ တောက်ထွန်း က -

“ ဟာ အစ်ကိုလာ မတွေ့တာ ကြာပြီ ” ဆိုပြီး ဖက်လဲတကင်း ကြိုတယ် ။

“ ကျွန်တော် ဘာကူညီပေးရမလဲ ” မေးတယ် ။

“ ငါက အကူအညီ မလိုပါဘူးကွာ ၊ သူတို့ဝင်း မြေဖို့ချင်တယ် ဆိုလို့ မင်းဆီ ခေါ်လာတာပါ ”

“ ဒါဆို ရုံးခန်းထဲ သွားရအောင် ” 

ကျုပ်တို့ ရုံးခန်းထဲ ရောက်သွားတယ် ။ ဆိုဖာဆက်တီမှာ ထိုင်ကြတယ် ။ နှင်းမေက အအေးဘူးတွေ လာချပေးတယ် ။

တောက်ထွန်းနဲ့ ဧည့်သည် ၃ ယောက် လုပ်ငန်း ကြောင်း ပြောကြတယ် ။ သူတို့ ပြီးချင်တဲ့ ရက်ကို တောက်ထွန်းက အာမခံတော့ အဆင်ပြေသွားတယ် ။

မြေကားအတွက် ဈေးစကားကိုတော့ နှင်းမေက ဝင်ပြောတယ် ။

“ မလျှော့တော့ဘူးလား ၊ ကားအများကြီး ယူမှာ လေ ” လို့ ပြောတော့ နှင်းမေက ပြုံးချိုစွာနဲ့ ...

“ စိတ်ချပါရှင် ၊ ပုံမှန်ဈေးပါ ။ ကျွန်မတို့ ကုမ္ပဏီက နာမည်ပျက် မခံပါဘူး ။ ၅၃ လမ်း ၊ ၅၄ လမ်းနဲ့ လမ်း ၃ဝ ဘက်က ဝင်း ဆယ်ဝင်းလောက်ကို ကျွန်မတို့ကုမ္ပဏီကပဲ မြေဖို့ပေးတာပါ ။ မြေက လေးကျင်းအပြည့် ပါပါတယ် ။ မပြည့်ဘူး ထင်တဲ့ကား လက်မခံပါနဲ့ ”

နှင်းမေ အပြောကြောင့် သဘောတူ သွားကြတယ် ။ စရန်ငွေပေးတော့ စာချုပ်ကြ တယ် ။ စာချုပ် ၂ စောင်ကို နှင်းမေကပဲ ရေးတယ် ။

“ ဦးစိန် လက်မှတ်ထိုးပါ ”

နှင်းမေက စာချုပ်နှစ်ခုကို ယူပြီး လက်မှတ် ထိုးခိုင်းတယ် ။ ဧည့်သည်နှစ်ယောက် ကိုလည်း သက်သေ နေရာမှာ လက်မှတ် ထိုးခိုင်တယ် ။ တောက်ထွန်း အလှည့် ကျ တော့ ..

“ ကျွန်တော်က လက်မှတ် မထိုးတတ်ဘူး ။ လက်ဗွေပဲ နှိပ်ပေးမယ် ”

ဆိုပြီး လက်ဗွေ နှိပ်ပေးလိုက်တယ် ။ ဟိုဘက်က ဘာမှ မပြောဘူး ။ နှင်းမေ ပေးတဲ့ စာချုပ် တစ်စောင်ကို ယူပြီး ကားနဲ့ ပြန်သွားကြတယ် ။

ကျုပ်လည်း နေရာက ထလိုက်တယ် ။ ဒီတော့ နှင်းမေက အနား ရောက်လာတယ် ။

“ ကိုကျောက်ဒိုး ပွဲခရယ် လို့ မဟုတ်ပါဘူး ။ ကျေးဇူးရှိလို့ ပေးတာပါ ” ဆိုပြီး ကျုပ် လက်ထဲ ငွေထုပ် ထည့်ပေးတယ် ။

ငွေကိုင်ထားတဲ့ လက်တွေ တုန်နေတယ် ။

“ ကျေး ... ဇူး ... ပါ ..  ပဲ .... ”

လို့ ပြောပြီး ကျုပ် အိမ်ထဲက အပြေးတစ်ပိုင်း ထွက်ခဲ့တယ် ။

၆ ။

လမ်းသွားရင်းနဲ့ ငွေထုပ်ကို ကြည့်မိတယ် ။ တစ်ထောင်အုပ် ၅ အုပ် ။ ကျုပ် ဝမ်းသာသွားတယ် ။ အိမ်ရွေးနိုင်ပြီ ။ အကြွေးလည်း ဖဲ့ဆပ်နိုင်ပြီ ။ ကျန်တဲ့ ငွေနဲ့ အိမ်ဆိုင် ပြန်ဖွင့်ရမယ် ။ အရောင်းစာရေးမ မငှားတော့ဘူး ။ လင်မယား နှစ်ယောက် တက်ညီလက်ညီနဲ့ စီးပွားရေးကို ဖိဖိစီးစီး လုပ်တော့မယ် ။ တောက်ထွန်းတို့လို ကြီးပွားအောင် လုပ်မယ် ။ စိတ်ကူးနဲ့ အိမ်ကို ပြန်ခဲ့တယ် ။

အိမ်ရောက်တော့ အကြီး ၂ ကောင်က လမ်းမပေါ်မှာ လုံးထွေး သ,တ်ပုတ်နေကြ တယ် ။

“ ဟေ့ကောင်တွေ တော် ကြ ၊ ငွေမိ … ငွေမိ ... ”

ကလေး တစ်ယောက်စီ ကို နားပန်တစ်ချက်စီ တီးလိုက်မှ ထွက်ပြေး သွားကြတယ် ။ ကလေးတွေ ဒီလောက် ရန်ဖြစ်နေတာကို သူ့အမေ မကြားဘူးလား မသိ ။ ဘယ်ရောက် နေတာလဲ ။

“ အီး အီး ဟီး ဟီး ”

အိမ်ထဲက သစ်ပင်ပေါ် မှာ နို့ညှာကလေးက တက်ပြီး မဆင်းနိုင်လို့ အော်ငိုနေတယ် ။ ကျုပ် ပြေးပြီး ကလေးကို သစ်ပင်ပေါ်က ချရတယ် ။

“ ငွေမိ ... ငွေမိ ... ”

ကျုပ် ငွေမိကို အော်ခေါ် ပြန်တယ် ။ ဒီမိန်းမ ဘယ်သွားနေပါလိမ့် ။

“ အူဝဲ .. အူဝဲ .. ”

အိမ်ရှေ့အဖီထဲရှိ ပုခက်ထဲက နို့စို့ကလေး အော်ငိုနေလို့ ၊ ကျုပ် ပြေးပြီး ပွေ့ချီရ ပြန်တယ် ။

“ ငွေမိ ... ငွေမိ ... ”

ကျုပ် အသံကုန် အော်ခေါ်တယ် ။ ပြန်ထူးသံ မကြားရဘူး ။ အော်မကြား ၊ ခေါ်မကြားနဲ့ ဒီမိန်းမ ဘယ်သွားနေတယ် မသိဘူး ။ အပြင်ကို ထွက်ရှာမယ် အလုပ် ကျုပ်မျက်လုံးက ပြတင်းပေါက် ကနေ အိပ်ခန်းထဲက ခုတင်ဆီ ရောက်သွားတယ် ။

အလို ကျုပ်တို့ ခုတင်ပေါ်မှာ ဝဝဖိုင့်ဖိုင့် မိန်းမကြီး တစ်ယောက် ပက်လက်လန် နေတယ် ။ ယောက္ခမကြီး ဒေါ်စိန်ခင် ရောက်နေပုံရတယ် ။ သူ့အမေ ရောက်လို့ ငွေမိက အပြင်ကို တစ်ခုခု သွားဝယ်နေပုံ ရတယ် ။

ယောက္ခမကြီးကို နှုတ်ဆက်ဖို့ အိပ်ခန်းထဲ ဝင်ခဲ့တယ် ။ ကျုပ် ဝင်လာတာ မသိဘူး ။ အိပ်နေတာလည်း မဟုတ်ဘူး ။ ပက်လက်လန်ပြီး အချစ်ဝတ္ထု တစ်အုပ်ကို ဖတ်နေတာ ။

ကျုပ် အသံပြုမယ် လုပ်ပြီးမှ စိတ်ထဲ ဇဝေဇဝါ ဖြစ်လာလို့ မပြုတော့ဘူး ။

အချစ်ဝတ္ထုကို သဲသဲမဲမဲ ဖတ်နေတဲ့ မျက်နှာကို သေချာ ကြည့်လိုက်တယ် ။

ဟင် ... ။ ဘယ်ဘက် မေးစေ့ပေါ်မှာ စံပယ်တင်မှဲ့ကြီးနဲ့ ။ ကျုပ် ရင်ဘတ်ကို ဖိလိုက်မိတယ် ။ အလို ကျုပ်ရဲ့ မပဲ့မကျိုးသေးတဲ့ ကြွေရုပ်ကြီးပါလား ။

ကျုပ် ခေါ်လိုက်ရင် စကား များရတော့မယ် ။ ရန်ဖြစ်ရတော့မယ် ။ စိတ်ညစ်ရတော့မယ် ။ ဒါကြောင့် ကျုပ် ဘာသံမှ မပေးဘဲ အိမ်ခန်းထဲက ထွက်ခဲ့တယ် ။

လမ်းပေါ်ရောက်တော့ ...

“ တောက်ထွန်းရေ ၊ မင်းက လူအ,မဟုတ်ဘူးကွ ” လို့ စိတ်ထဲက အော်လိုက်မိတယ် ။

မေတ္တာရည်၍

⎕ မင်းတင်ထွဏ်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၁၁၄ အောက်တိုဘာ

Thursday, August 7, 2025

သွားတက်ကလေးနဲ့


 

❝ သွားတက်ကလေးနဲ့ ❞
     ( မင်းတင်ထွဏ်း )

တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ... နာမည်က ကိုဘဒင် ပါ ။ ဒါပေမဲ့ .... ကိုင်းတန်းဈေး ပျံကျ ဈေးသည်တွေကတော့ ... သူ့ ကွယ်ရာမှာ ‘ ဦးစည်းကမ်း ’ လို့ ခေါ်ကြတယ် ။

သူက ကျွန်မတို့ ပျံကျဈေးသည်တွေ ထွက်တဲ့ အပိုင်းမှာ တာဝန်ကျတဲ့ စည်ပင်သာယာ ဝန်ထမ်းလေ ။ လေးငါးယောက် ရှိတဲ့ အထဲမှာ သူက အငယ်ဆုံး ၊ အစွာဆုံး ၊ အာဏာ တစ်ပဲခြောက်ပြားလေးနဲ့ ဟိုနေရာ ဈေးမထွက်ရဘူး ။ ဒီနေရာ ဈေးမခင်းရဘူး ၊ သတ်မှတ်ထားတဲ့ မျဉ်း ကို ကျော်ပြီးတော့လည်း မရောင်းရဘူးနဲ့ စည်းကမ်းကြီးနေတဲ့သူ ။

လူက ထောင်ထောင်မောင်းမောင်း ၊ အသားက ညိုညို ၊ မျက်နှာက ခပ်တည်တည်နဲ့ ။ သူ့ ယူနီဖောင်းက အပြာရောင် ၊ ဒါကြောင့် ကျွန်မက သူ့ ကို ‘ ဘီလူး ’  လို့ နာမည်ပြောင် ပေးထားတယ် ။ သူ့ မြင်ရင် ‘ ဟေ့ ... ဘီလူးလာပြီ .. စည်းမကျော်နဲ့ ’ လို့ အချင်းချင်း လှမ်းပြီး သတိပေးတတ်တယ် ။

ဈေးဗန်းတွေ နောက်ဆုတ်ကြပေါ့ ။ မဆုတ်မိတဲ့ ဈေးဗန်း ဆိုရင် အတင်းမျဉ်းထဲ ဆွဲသွင်းတာ ။ ပါးစပ်ကလည်း ‘ စည်းကမ်းမရှိကြဘူး ’ နဲ့ အော်ဟစ်နေတာ ။

ကျွန်မကတော့ သူ့အသံ ကြားရင် ကျောစိမ့်သွားပေမယ့် မကြောက်ပေါင် ။ သူ့ ကွယ်ရာဆိုရင် ဈေးတောင်းကို နည်းနည်း ရှေ့တိုးလိုက်တာပဲ ။ ဟုတ်တယ်လေ ၊ ဈေးရောင်းတယ်ဆိုတာ သူများထက် ရှေ့တိုး ရောင်းမှ ရောင်းကောင်းတာကိုး ။ လူကြီး ဘာမှသိတာ မဟုတ်ဘူး ။ မရှိတဲ့ အစွယ်ကို ထုတ်ပြချင်နေတာလောက်သာ နားလည်တာ ။ တခြားသူတွေလို အစ်ကို ခေါ်လို့လည်း မရ ။ ဦးလေး ခေါ်လို့လည်း မရ ။ လက်ဖက်ရည် သောက်မလား ဆိုတော့ မျက်နှာထားကြီးနဲ့ အချို မရ ၊ အချဉ် မရတဲ့ တကယ့် လူ့ခွစာကြီး ။

oooooooooooooo

ကျွန်မကို ပျံကျဈေးသည် ဆိုပြီးတော့ ပေါ့သေးသေး မထင်ပါနဲ့ ။ အိမ်တော်ရာ မြောက်ပေါက်မှာ မွေးတဲ့ မန္တလေးသူ စစ်စစ်ပါ ။ အိမ်တော်ရာ ၊ ဈေးချို နဲ့ ကိုင်းတန်းဈေး ဆိုတာ ကျွန်မရဲ့ ကစားကွင်းပေါ့ ။ အဘွားက ကိုင်းတန်းဈေးမှာ ကုန်စိမ်း ရောင်းတယ်လေ ။ အဘွားမှာ သမီး ( ၃ ) ယောက် ရှိတယ် ။

အဘွား ဆုံးတော့ အိမ် ကို ရောင်းပြီး အမွေခွဲကြတယ် ။ ဆိုင် ကိုတော့ အမေက အမ်း ယူလိုက်တယ် ။ အမေ က ကိုင်းတန်းဈေးမှာ ကုန်စိမ်း ဆက်ထွက်တယ် ။ အမွေ ခွဲပြီးတော့ အမေက အရှေ့ပြင်မင်္ဂလာရပ် ၊ ဒေါ်လေးသီ က မြောက်ပြင် ၊ ဒေါ်လေးကြည် က ပိုက်ကျုံးဘက်ဆီတွေမှာ မြေ နဲ့ အိမ် ဝယ်ပြီး နေကြတယ် ။

အမေက ဈေးသည်ပီပီ လက်ဖွာတယ် ။ အကောင်းစားတယ် ။ အကောင်းဝတ်တယ် ။ ဈေးရောင်းရင် ပါတိတ်ဝမ်းဆက် လောက် ဝတ်တယ် ။ လက်နှစ်ဖက်မှာလည်း ရွှေလက်ကောက် တချွင်ချွင်နဲ့ ၊ လည်ပင်းမှာလည်း ရွှေဆွဲကြိုးကြီး တစ်ယမ်းယမ်း နဲ့ ပေါ့ ။ အဘွားတို့ ခေတ်က ဆိုရင် ဈေးချိုသူတွေက ရွှေခြေကျင်း ဝတ်ပြီးတောင် ဈေး ရောင်းတာတဲ့ ။

ဒါပေမဲ့ အမေ့လက်ထက် ကျတော့ ရွှေအစစ်တွေ က တဖြည်းဖြည်း မရှိတော့ဘူး ။ အဖေ ဖြုန်းတာနဲ့ ကုန်တာ ။ အမေ အပြုံး မပျက်ခဲ့ပါဘူး ။ ရွှေရည်စိမ်တွေ ဝတ်ပြီး ဈေးရောင်းခဲ့တယ်လေ ။ ဟုတ်ပ ... ဘယ်သူသိတာ မှတ်လို့ နော့ ။ အများလည်း လုပ်နေကြတဲ့ ကိစ္စလေ ။

အဖေကတော့ အိမ် မှာ မင်းသားပဲ ။ အဲ ... တကယ်လည်း အဖေက ဇာတ်မင်းသားပါ ။ ပန်တျာဇော်ဝင်း ဇာတ် မှာ လက်ထောက်မင်းသား လေ ။ ပန်တျာဇော်ဝင်းဇာတ် က အိမ်တော်ရာဘုရား မှာ နှစ်တိုင်း ကတယ် ။ အမေက ပွဲကြိုက်ခင် ။ ပန်းကြဲစင် က ကြည့်တာ ။ အမေက ပန်းကုံး တက် စွပ်ရင်း အဖေက “ မမ လှတယ်ဗျာ ” လို့ ညုတုတု ပြောလိုက်တာနဲ့ ကြိုက်သွားကြရောတဲ့ ။ အမေ နဲ့ ညားတော့ အဖေ့ ကို ဇာတ်က မခိုင်းတော့ဘူးတဲ့ ။

“ ဈေးဝယ်ကို အဆစ်သာ ပိုပိုသာသာ ပေးနိုင်တယ် ... အချစ်ကို ဘယ်သူမှ မျက်စောင်းထိုး မခံဘူး ” တဲ့ ။ ဒါက အမေ့ရဲ့ စကားလေ ။

ကျွန်မ မှတ်မိသရွေ့တော့ အဖေက ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး ။ ဒိုဘီကျလေး ဝတ်ပြီး မနက် လက်ဖက်ရည်ဆိုင် ၊ ည အရက်ဆိုင်မှာ အချိန်ကုန်ခဲ့တာ များတယ် ။ အဖေက အမေ့ဆီ လက်ဖြန့် တောင်းစရာမ လိုဘူး ။ အမေက အဖေ ဝတ်မယ့် အင်္ကျီအိတ်ထဲမှာ ငွေအသင့် ထည့်ပေးထားတာ ။
မင်္ဂလာရပ်ကွက် ရောက်တော့ အဖေက ဦးပေသီး ဆိုတဲ့ သူနဲ့ ပေါင်းပြီး ဖဲရိုက်တတ် လာတယ် ။ ဂျင်ထိုးတတ် လာတယ် ။ ရှုံးတော့ အမေ့ဆီ ငွေခဏခဏ တောင်းတယ် ။ အမေက အစတော့ ပေးနိုင်ပေမယ့် ကြာလာတော့ မပေးနိုင်တော့ဘူး ။ ဒီတော့ စကား များရတယ် ။ အဖေက ထွက်သွားတော့ အမေ က လိုက်ချော့ခေါ်တယ် ။ ရွှေတွေ ရောင်းပြီး ပေးရပြန်တယ် ။ ဒီကြားထဲ အဖေက လေဖြတ် ပြန်ရော ၊ အဖေ့ကို ဆေးကုဖို့ ဈေးဆိုင်ခန်း ရောင်း ရပြန်တယ် ။ မသက်သာပါဘူး ။

အဖေ ဆုံးတော့ အမေ့ မှာ မျက်ရည် နဲ့ မျက်ခွက် ။ ထမင်းလည်း မှန်မှန် မစားနိုင်တော့ဘူး ။ ဈေးလည်း မရောင်းနိုင်တော့ဘူး ။ ကျွန်မ အပြင် ညီမလေး မချူး နဲ့ မောင်လေး မောင်တူး လည်း ရှိသေးတော့ ကျွန်မက ( ၉ ) တန်း နဲ့ ကျောင်းထွက်ပြီး ပျံကျဈေး ရောင်းရတာပေါ့ ။ အခုဆို ပျံကျဈေးသည် လုပ်သက် ( ၃ ) နှစ် ရှိပြီလေ ။

“ လုပ်ကြပါဦး.. ဈေးဝယ်ခြင်းထဲက ပိုက်ဆံအိတ် အလစ်သုတ်သွားလို့ ”

ခရမ်းချဉ်သီးသည် မထားမေရဲ့ အော်သံကြောင့် ကျွန်မ မော့ ကြည့်လိုက်တယ် ။ လူတစ်ယောက် လူအုပ် ကို တိုးပြီး ပြေးထွက်သွားတယ် ။ အားလုံး ကြောင်ပြီး ကြည့်နေကြတယ် ။

မကြာဘူး ။ အပြာရောင် ယူနီဖောင်းဝတ်သူ ( ၃ ) ယောက် ထိုလူ့နောက်ကို ပြေးလိုက်သွားတယ် ။ ဝေးဝေး မရောက်ခင် အလစ်သုတ်ကို မိပြီး ခေါ်လာတယ် ။ ကျွန်မ မုန်းတဲ့ ‘ ဘီလူး ’ က ထိုသူ့လက်ကို ချုပ်ထားပြီး မေးတယ် ။

“ ဒီလူလား ... ”

“ ဟုတ် ... ဟုတ်ပါတယ် ”

မထားမေ က ဖြေတယ် ။

“ ဒီပိုက်ဆံအိတ် လား ... ”

“ ဟုတ်ပါတယ်ရှင်.. ကျေးဇူးပါ ငါ့မောင်ရယ် ”

ဈေးဝယ် က တုန်တုန်ယင်ယင် ဖြေတယ် ။ ဒီတော့ ကိုရွှေဘီလူး က “ ခင်ဗျားတို့ ဈေးဝယ် တချို့က တော်တော်လေး ပေါ့တီးပေါ့ဆနိုင်ကြတယ် .... ပိုက်ဆံအိတ်က ခြင်းထဲ မှာ အလွယ်တကူ ထားတော့ အချောင်သမားတွေ အကြိုက်ပေါ့ .. နောင် ဆင်ခြင်ပါ ” လို့ ပြောတယ် ။ သူ့ အပူလား ၊ နောက် မထားမေ ဘက် လှည့်ပြီး ...

“ ခင်ဗျားတို့ ဈေးသည်တွေ ကလည်း ဈေးရောင်းဖို့ပဲ အာရုံစိုက် မနေ နဲ့ .. အလစ်သမားတို့ ၊ ခါးပိုက်နှိုက်တို့ ကို ဒီအနီးအနားမှာ တွေ့ရင် ပြောလို့ မှာထားတာ ... ဘယ်နှခါ လာ ပြောဖူးကြလဲ .. ဒီဈေးမှာ ခိုးဆိုးနှိုက် ကင်းမှ ခင်ဗျားတို့ ဈေးကောင်းကောင်း ရောင်းရတော့မှာပေါ့ ... ဝယ်တဲ့သူ ကလည်း အေးအေးချမ်းချမ်း ဝယ်နိုင်မှာပေါ့ ”

“ ဟုတ်တာပေါ့ ... ကိုဘဒင် ရယ် ”

မထားမေ က မျက်နှာချို လေသံပျော့နဲ့ ထောက်ခံတယ် ။

“ အစ်မကြီးလည်း ဈေးရုံးကို လိုက်ခဲ့ပါ ... ဟိုကျမှ လူကြီးတွေက ဆောင်ရွက်ပေးပါလိမ့်မယ် ”

ဈေးဝယ်ကိုပါ ခေါ်ပြီး အပြာရောင်ဘီလူးကြီး က အလစ်သုတ်သမားကို ခေါ်သွားတယ် ။

“ တော်တော်မုန်းစရာ ကောင်းတဲ့ လူကြီး .. သူ့ အစွယ် မန်ကျည်းစေ့ လောက်ကို တစ်တောင်လောက် မှတ်လို့ ထုတ်ပြနေတယ် ”

သူတို့ ထွက်သွားတော့ ကျွန်မက မျက်စောင်း ထိုးပြီး ပြောလိုက်တယ် ။ သူ့ လုပ်ရပ်ကို ချီးကျူးပေမယ့် ကျွန်မတို့ ပျံကျဈေးသည်တွေကို မဆီမဆိုင် ငေါက်တာကို တော့ မကျေနပ်ပေါင် ။ ဒင်းကို ကြည့်မရတာတွေ အများကြီး ။ ဆိုင်ကို ကိုယ် ထွက်ချင်သလို မထွက်ရဘူး ။

“ ဟေ့ ....မိတူး .... နင့် ဆိုင်နားမှာ အမှိုက်တွေ ရှုပ်ပွနေတာပဲ ...မရှက်ဘူးလား ... အိမ်မှာ လည်း ဒီလိုနေတာ ထင်တယ် ... သွားကောက်ပြီး အမှိုက်ကန်ထဲထည့် ” ဆိုပြီး အာဏာသံနဲ့လ ည်း ခိုင်းသေး ။ ဒါ ဒင်းလုပ်ရမှာ မဟုတ်လား ။ ကျုပ်တို့ က ဈေးကောက် ပေးထားရတာလေ ။ ကျွန်မ က ပေကတ်ကတ် လုပ်တော့ သူ စိတ်ရှည်ပုံ မပေါ်ဘူး ။ သူ့ ဘာသာ အမှိုက်တွေ ကောက်ပြီး အမှိုက်ကန်ထဲ သွားထည့်တယ် ။ ထည့်ပေါ့ ။ ကျွန်မမှာ ကျေနပ်လိုက်တာ ။

ကျွန်မတို့ ပျံကျဈေးသည်ထဲမှာ သူ့ကို အကောင်းပြောတာဆိုလို့ အပျိုကြီး မထားမေ ပဲရှိတယ် ။

“ ညည်းတို့ကလည်း အေ ... ကိုဘဒင် ကို မကောင်း မမြင်ကြပါ ... သူက စည်းကမ်းရှိတဲ့ ဝန်ထမ်းကောင်းပဲ ... သူ က စည်းကမ်းနဲ့ ပြောတာကို ငါတို့က မလိုက်နာနိုင်ကြတာပဲ ၊ ကဲ ... သူက ညည်းတို့ ၊ ငါတို့ အပေါ်ကို ညှဉ်းဖူးသလား ၊ ညစ်ဖူးသလား ၊ အခွင့်အရေး ယူဖူးသလား ... နေပူလို့ ရေပေးတာတောင် မသောက်တဲ့သူပါ အေ .. သူက ဈေးကို စနစ်တကျ ထွက်အောင် ၊ သန့်ရှင်းအောင် အာ အညောင်းခံပြီး ပြောနေတာပါ ... ကဲ ... အရင်ကဆိုရင် လမ်းလယ်ခေါင်ထိ ဈေးကို တက်ရောင်းကြတော့ ချယ်ကာလီ က ချိတ် ၊ ကား က တက်နင်းတော့ ရန်ဖြစ်နေကြရတာ မဟုတ်လား ...နောက်ပြီး ကိုယ့် ပစ္စည်းပဲ ပျက်စီးခဲ့ကြတာလေ ... အခုလို ကျယ်ကျယ်လွင့်လွင့် ရောင်းရတော့ စိတ်အေးကြရတယ် မဟုတ်လား ”

မထားမေ ကတော့ ကိုဘဒင် အကြောင်း ပြောရရင် ဟို .. ဈေးဝယ် ခဏစောင့်ဦးပဲ ... ။

ဒါကြောင့် ကျွန်မတို့ ပျံကျဈေးသည် တစ်စုက မထားမေ ကို ကိုဘဒင်နဲ့ ပေးစားကြတယ် ။ မထားမေ က စိတ်မဆိုးတဲ့ အပြင် ကျွန်မတို့ အားလုံးကို လက်ဖက်ရည် တောင် ဝယ်တိုက်သေးတယ် ။

oooooooooooo

အမေ ဆေးရုံ တင်ထားရလို့ ဈေးမထွက်နိုင်တာ ( ၂ ) ရက်ရှိပြီ ။

ငွေလိုလို့ မြောက်ပြင်မှာ နေတဲ့ ဒေါ်လေးသီ ဆီ အမေ ဆေးရုံတက်တာလည်း အကြောင်းကြားရင်း ငွေ သွားချေးတယ် ။ မချေးပါဘူး ။ ရှိသမျှ ငွေလေး ထုတ်ပေး လိုက်တာပါ ။

“ မိတူး ဘာမှ အားမငယ်နဲ့ ... ဒေါ်လေးတို့ ရှိတယ် ... ဆေးရုံ ပြန်နှင့် ၊ မကြည် ကို သွားခေါ်ပြီး ဆေးရုံ လိုက်ခဲ့မယ် ”

ဒေါ်လေးသီ က အားပေးစကား ပြောရှာတယ် ။

ဒေါ်လေးသီ ပေးတဲ့ ငွေကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အနောက်ဘက် ကျုံးဘေး ကနေ ဆေးရုံကြီးဆီကို ပြန်ခဲ့တယ် ။ အသွား တုန်းက လိုင်းကား ရှိနေပေမယ့် အပြန်ကျ မိုးချုပ်နေလို့ လိုင်းကား မရှိတော့ဘူး ။

ခပ်သွက်သွက် လျှောက်ခဲ့တယ် ။ နောက်က ခြေသံ ကြားလို့ လှည့်ကြည့် လိုက်တော့ လူနှစ်ယောက် နောက်က ကပ်ပါလာတယ် ။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ် ။ ခြေလှမ်းကို ပိုသွက်လိုက်တယ် ။ နောက်က ခြေသံပြင်းပြင်း ကြားရတယ် ။ လူတစ်ယောက်က ကျွန်မ လက်ထဲက ပိုက်ဆံအိတ်ကို ဆွဲလုတယ် ။ တစ်ယောက်က ကျွန်မ ကို ကိုယ်နဲ့ ဝင်တိုက်သွားတယ် ။ ကျွန်မ ပိုက်ဆံအိတ်ပါသွားတယ် ။ လူလဲကျ သွားတယ် ။

“ ကယ်ကြပါဦးရှင် .. ကျွန်မ ပိုက်ဆံအိတ် လုသွားလို့ပါ ”

ကျွန်မက အော်လည်း အော် ထပြီးလည်း ပြေးလိုက်သွားတယ် ။

ဒီအချိန် စက်ဘီး စီးလာသူ တစ်ယောက်က စက်ဘီးကို ရပ်ပြီး အလစ်သုတ်သူတွေ နောက် ပြေးလိုက်တယ် ။ မိတော့ တစ်ယောက် နဲ့ နှစ်ယောက် ထိုးကြိတ်ကြတယ် ။ အလစ်သုတ်သမား ဓားချက်က စက်ဘီးစီးသူ လက်မောင်းအိုးကို ထိသွားတယ် ။

“ လာကြပါဦးရှင် ... ”

ကျွန်မက ပြေးရင်း အော်တယ် ။ လမ်းလယ်ကျွန်းမှာ အလုပ် လုပ်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေ ပြေးလာကြတယ် ။ ယောက်ျားရော ၊ မိန်းမရော ၊ အလစ်သုတ်သမား နှစ်ယောက်ကို ဝိုင်းဖမ်းကြတယ် ။ ရဲစခန်း ပို့လိုက်ကြတယ် ။ စက်ဘီးသမား လက်မောင်းရင်းမှာ သွေးတွေ ရဲလို့ .. ။

“ ဟင် ... ကိုဘဒင် ... ”

ဘုရား .. ဘုရား ... ကျွန်မ ကို ဝင်ကူညီသူက ကိုဘဒင် ပါလား ။

“ ဟာ .. မိတူး ... ”

ကိုဘဒင် ကလည်း ကျွန်မကို အံ့သြစွာ ကြည့်နေတယ် ။

ကိုဘဒင်ကို  စည်ပင်ကား နဲ့ ဆေးရုံ ပို့ကြတယ် ။ ကျွန်မ လည်း ကိုဘဒင် ဘေးနားက လိုက်သွားတယ် ။ ဝေဒနာကို ကြိတ်မှိတ်ခံစားနေတဲ့ သူ့ မျက်နှာကို မြင်တော့ သနားလိုက်တာ ။

oooooooooooo

သားလေး ရက် ( ၁၀၀ ) ပြည့်တော့ မွေးနေ့ပွဲ ကျင်းပတယ် ။ အစ်ကိုကြီးက လုပ်ပေးချင်တာ မဟုတ်ဘူး ။ စည်ကမ်းသမား ၊ စားရင်းဇယားသမား ဆိုတော့ ငွေကုန်မှာ စိုးတာပေါ့ ။ ကျွန်မကတော့ သားဦးမို့ သူများ နည်းတူ မင်္ဂလာ တစ်ခုတော့ လုပ်ပေးချင်တယ်လေ ။ လုပ်မပေးရဘူး ဆိုတော့ ကျွဲမြီးတိုတာပေါ့ ။ စကား သုံးရက် လောက် သူ့ ကို မပြောဘဲနေတော့ ‘ မိတူး ’ သဘောတဲ့ ။

ကျွန်မက အရင်လောက် လက်မဖွာတော့ပါဘူး ။ ငွေတန်ဖိုး နားလည်နေပါပြီ ။ အသုံး နဲ့ အဖြုန်း ၊ ပကာသန နဲ့ သဘာဝ ၊ အတု နဲ့ အစစ် စတာတွေကို အစ်ကိုကြီး ပြောပြလို့ နားရည်ဝ နေပါပြီ ။ ဘုန်းကြီး ( ၅ ) ပါးကို ဆွမ်း နဲ့ ဝတ္ထုကပ်ပြီး ဧည့်သည်တွေကို  ကြာဆံဟင်းနဲ့ ဧည့်ခံမှာပါ ။ အစ်ကိုကြီးက သူ့ရုံးက ရင်းနှီးသူ လောက်သာ ဖိတ်တယ် ။ ကျွန်မကလည်း ရပ်ကွက် ထဲက လူကြီးတွေရယ် ၊ အိမ်နီးနားချင်းတွေရယ် ၊ ဒေါ်လေးတို့ရယ် ၊ လုပ်ဖော်ကိုင်ဖက် ပျံကျဈေးသည်တွေ လောက်သာ ဖိတ်တာပါ ။

ဟင်း .. ဟင်း .. မထားမေ တို့နဲ့ ပျံကျ ဈေးသည်မတွေ လာရင် ကျွန်မ နဲ့ အစ်ကိုကြီး ကို စကြနောက်ကြမှာ သေချာတယ် ။ အခု အစ်ကိုကြီးက ရုံးသွားပြီ ဆိုတော့ ကျွန်မကတော့ လှိမ့်ခံနေရတော့မှာပေါ့ ။

အစ်ကိုကြီး ဆိုတာက ... ၊ ဟင်း .. ဟင်း ... ကျွန်မ မုန်းတယ်လို့ ပြောပြောနေတဲ့ အပြာရောင်ဘီလူးကြီး လေ .. ၊ ကိုဘဒင် ပေါ့ ။

ရေစက်များ ဆန်းကြယ်ပုံ က ကျွန်မကြောင့် သူ ဆေးရုံ ရောက်တော့ ခွဲစိတ်ခန်း တန်း ဝင်ရတယ်လေ ။ ခွဲစိတ်မှုက အောင်မြင်ပါတယ် ။ ဆေးရုံမှာ ( ၂ ) ပတ်လောက် တက်လိုက်ရတယ် ။ သူက အမေအိုကြီးနဲ့ နေတာ ။ အမေက ကျန်းမာရေး ကောင်းတာမဟုတ်ဘူး ။ သူ့ကို မစောင့်နိုင်ဘူး ။ ဆွေမျိုးရင်းချာတွေလည်း မန္တလေးမှာ မရှိဘူး ။ ဒီတော့ သူ့ကို စောင့်မယ့်သူ မရှိဘူး ။ ညဆိုရင် အရေးမကြီးဘူး ။ သူတို့ စည်ပင်က ဝန်ထမ်းတွေ တစ်ယောက် တစ်လှည့် လာစောင့်ပေးကြတယ် ။

ကိုဘဒင် ကို ဒေါ်လေးသီ က သိတယ် ။ ဒေါ်လေးသီ တို့ အိမ်နားမှာ အိမ်ငှား နေကြတာတဲ့ ။

“ မောင်ဘဒင် တို့က စဉ့်ကူးနယ် ဘက်က ၊ မောင်ဘဒင် က ပညာတော်တယ် ၊ ဆယ်တန်းကို ( ၃ ) ဘာသာဂုဏ်ထူးနဲ့ အောင်တယ် ၊ ကွန်ပျူတာတက္ကသိုလ် တက်ခွင့် ရတော့ မိသားစုလိုက် ပြောင်းလာပြီး အိမ်ငှား နေကြတယ် ။ မိသားစုက ( ၃ ) ယောက် တည်းပါ ။ သား ပညာရေးအတွက် မြို့ တက်လာကြတာ ။ မောင်ဘဒင် အဖေ ဦးဘရင် က ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ရယ် ။ ပွဲရုံမှာ ကုန်ထမ်းတယ် ။ သူ့အမေ ဒေါ်မြအေး ကတော့ ပန်းနာရင်ကျပ်သည်ပါ ။ မိသားစုလိုက် အေးပြီး ရိုးကြပါတယ် ။ အဲ ... ဖြစ်ချင်တော့ အသောက်အစား ကင်းတဲ့ ဦးဘရင် က အသည်းကင်ဆာ နဲ့ ဆုံးသွားရှာတယ် ။ မောင်ဘဒင် ခမျာ လှေလှော်ရင်း တက်ကျိုးသွားတာပေါ့ ၊ တက္ကသိုလ်က ထွက်ပြီး စည်ပင်သာယာမှာ အလုပ် ဝင်လုပ်နေရတယ် ။ ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီး ကို လုပ်ကျွေး ပြုစုနေရှာတာပေါ့ ။ မောင်ဘဒင် က အသောက်အစား အပျော်အပါး ကင်းပြီး တကယ့် ဘဝ နာတဲ့ ကလေး ... ရပ်ရွာရေးကိစ္စလည်း တက်ကြွစွာ ဝင်ကူသလို ရည်မှန်းချက်လည်း အပျောက် မခံတဲ့သူ ၊ စာပေးစာယူနဲ့ မနှစ်က ဘွဲ့တောင် ယူပြီးပြီလေ ... ”

ဒေါ်လေးသီ စကားကြောင့် ကျွန်မ ထင်ထားတဲ့ အစွယ်ပြူးပြူး နဲ့ ဘီလူးကြီး က မင်းသားလေး ဖြစ်သွားတော့တာပေါ့ ။

“ ဟုတ်ရဲ့လား ... ဒေါ်လေး ရယ် ”

ကျွန်မက မယုံသလို မေး လိုက်တယ် ။

“ ရွှေမန်းတင်မောင် လေသံနဲ့ ပြောရရင် ဒါ့ထက်တောင် ပိုသေး ၊ ကဲ ... ကြည့်ပါလား ၊ ညည်းကို ဘုမသိဘမ သိနဲ့ ကူညီခဲ့တာ မဟုတ်လား ... မောင်ဘဒင်က ညည်းကျေးဇူးရှင် ၊ သူ့ ကို နေ့စောင့်မယ့် သူ မရှိရင် ညည်းစောင့်ပေး ”

“ အို ... ဒေါ်လေးသီ ကလည်း အမေ့ကို ဘယ်သူ စောင့်ပေးမှာလဲ ”

“ မပူနဲ့ မချူး နဲ့ အတူး လည်း ရှိတယ် ၊ ငါ နဲ့ မကြည် လည်း ရှိတယ် ”

ဒေါ်လေးသီ စကားကြောင့် ရယ် ၊ ကျွန်မ ကိုယ်တိုင်က လည်း စောင့်ပေးချင်တာရယ်ကြောင့် နေ့ပိုင်းကို သွား စောင့်ပေးမိတယ် ။

ဟွန်း ... တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ။ သူ့ကိုလည်း သနားလို့ စေတနာနဲ့ စောင့်ပေးရသေး ။ ရည်းစားစကားလည်း အပြော ခံရသေးတယ် ။ အဲဒီကျတော့ လေသံက နုလို့ ၊ မျက်နှာက ချိုလို့ ။ အဖြေ မရမချင်း နှစ်ကိုယ်ကြား တတွတ်တွတ် ရည်းစားစကားကို ဂါထာရွတ် သလို ပြောနေတာ ၊ ကြာတော့ အမြင်ကတ် လို့ “ အင်းပါ ” လို့ ပြောလိုက်ရတယ်လေ ။ ဒါကိုပဲ လူကြီးက ပျော်လို့ ။

ဆေးရုံက ဆင်းတော့ အမေ့ကို ခွင့်တောင်းပြီး လက်ထပ်ကြတယ်လေ ။ သူတို့ သားအမိ နှစ်ယောက် ကျွန်မတို့ အိမ် ရောက်လာတယ် ။ ကျွန်မကို ပျံကျဈေး မရောင်းခိုင်းတော့ဘူး ။ အိမ်မှာ အိမ်ဆိုင်လေး ဖွင့်ပေးတယ် ။ ကျွန်မက ဈေးရောင်းတယ် ။ အစ်ကိုကြီးက စာရင်းဇယား ကိုင်တယ် ။ ဈေးဝယ်ပေးတယ် ။ အခုတော့ အိမ်ဆိုင်ကြီး ဖြစ်နေပါပြီ ။

အစ်ကိုကြီးလည်း ရာထူး တက်တယ် ။ သားလေး လည်း ရတယ် ။ အမေတို့ နှစ်ယောက် ကလည်း တရားစခန်းမှာ ၊ မိချူး နဲ့ မောင်တူး ကလည်း တက္ကသိုလ်မှာ ၊ ကျွန်မတို့ မိသားစုရိပ်မြုံ က ပျော်စရာပါ ။

ထင်တဲ့ အတိုင်း မထားမေတို့ တစ်သိုက် ( ၁၂ ) နာရီ ထိုးမှ ရောက်လာကြတယ် ။ ကြာဆံဟင်း ရော ၊ ဘုန်းကြီးပွဲကျ ထမင်းရော ကျွေးလိုက်တယ် ။

သူတို့ ရောက်လာတော့ လက်ပံပင် ဆက်ရက် ကျသလို ဆူညံသွားတာပဲ ။ ကျွန်မကို စကြ ၊ ပြောင်ကြ ၊ နောက်ကြပေါ့ ။ ပြန်ခါနီးကျ မထားမေ က ..

“ မိထူး ... ကိုဘဒင် မှာ အစွယ် ရှိတယ်ဆို ... မန်ကျည်းစေ့ လောက်လား ... တစ်တောင် လောက်လား ... ”

ကျွန်မက ပြုံးပြီး ...

“ မထားမေ ကလည်း အစ်ကိုကြီးမှာ အစွယ် မရှိပါဘူး ” လို့ ပြောလိုက်တယ် ။

“ ဒါဆိုရင် ဘာရှိတာလဲ ”

တစ်ယောက်က စတယ် ။

“ အဟိ ... သွားတက်ကလေးပါ ”

“ ဟား ... ဟား ... ဟား ... ဟား ”

“ ဟီး ... ဟီး ... ဟီး ... ဟီး ... ဟီး ”

ကျွန်မ စကားကြောင့် အားလုံး ရယ်မောကြတယ် ။ အုန်းအုန်းကို ထလို့ ။

⎕ မင်းတင်ထွဏ်း

📖မန္တလေးမြို့ ၊ စည်ပင်သာယာနှစ်ပတ်လည်မဂ္ဂဇင်း
     ဒီဇင်ဘာလ ၂ဝ၁ဝ

Saturday, July 5, 2025

ပွဲစားမ မာယာငွေ


 

❝ ပွဲစားမ မာယာငွေ ❞
   ( မင်းတင်ထွဏ်း )

( ၁ )

“ အစ်ကို ဘယ်ပျောက် နေတာလဲ ... မမြင်တာ ကြာပြီနော် ... ခရီးထွက် နေတာလား ... ရွာပြန် နေတာလားဟင် ”

မာယာငွေ ရဲ့ ပြုံးယောင်ယောင် စကားကြောင့် ကျွန်တော့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်သွားတယ် ။ သူမ နဲ့ ကျွန်တော် ဘာဆိုင်လို့လဲ ။ ဘာပတ်သက်ခဲ့လို့လဲ ။ အဲ ... နှစ်ကြိမ်တော့ ပတ်သက်မိတာပေါ့လေ ။

ဒါ ... ပြီးခဲ့ပါပြီ ။ နောက် မာယာငွေ နဲ့ ဘယ်အကြောင်းနဲ့ မှ မပတ်သက်ဖို့ ၊ မဆက်ဆံဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ် ။ ပထမ မှားရင် လိမ်သူရဲ့ အမှား ။ ဒုတိယ မှားရင် အလိမ်ခံရသူရဲ့ အမှား ။ တတိယ အမှား မဖြစ်ဖို့ သတိကြီးစွာ နေရမယ် ။

ကျွန်တော် နဲ့အတူ လမ်းလျှောက် ထွက်လာတဲ့ ကိုသံခဲ က “ လုပ်ပြီ ” လို့ တိုးတိုးလေးပြောတယ် ။ မနက် အလုပ်မသွားခင် ကျွန်တော် နဲ့ ကိုသံခဲ လမ်းဆုံ က လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် သောက်ပြီး ပြန်လာကြတယ် ။

အိမ် နဲ့ အနီးမဝေး အရောက်မှာ မာယာငွေ နဲ့ မျက်နှာချင်းဆိုင် လာ ဆုံနေတယ် ။ မာယာငွေ က ပိန်ပိန်ပါးပါး ၊ အသက် ၃ဝ လောက် ရှိမယ် ။ စကားပြောရင် နှာသံလေး ပါတယ် ။ ချွဲချွဲပျစ်ပျစ် နဲ့ ပြောတတ်တယ် ။ ရဲရဲတင်းတင်း ဆက်ဆံတတ်တယ် ။

သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားပြီး မှုန်နံ့သာ ခြယ်ကာသ ထားတယ် ။ ပွဲစားတွေ ဆုံဆည်းရာ လမ်းဆုံ က လက်ဖက်ရည်ဆိုင်တွေ ဆီ သွားတာ ဖြစ်မယ် ။ ကျွန်တော် က မျက်နှာထား တင်းတင်း နဲ့ စကား မပြန်ဘဲ ရှေ့ဆက် လျှောက်ခဲ့တယ် ။

“ အစ်ကိုသံခဲ တို့ ... လက်ဖက်ရည်ဆိုင် က ပြန်လာတာလား ”

ကိုသံခဲ ကို လှမ်းမေးပြန်တယ် ။ ကိုသံခဲ က “ အေး ” ဆိုပြီး ကျွန်တော် နဲ့ အတူ ရှေ့ဆက် လျှောက်ခဲ့ကြတယ် ။

( ၂ )

နာမည်အရင်း က မခင်ငွေ ပါ ။ ဒါပေမဲ့ အရပ်က ‘ မာယာငွေ ’ လို့ပဲ ခေါ်ကြတယ် ။ သူမ ကလည်း မာယာငွေ လို့ ခေါ်တာ ကြိုက်ပုံရတယ် ။

ဒီ မင်္ဂလာရပ်ကွက်လေး ကို ကျွန်တော် ရောက်တာ မကြာသေးပါ ။ သုံးလကျော် လောက်ပဲ ရှိဦးမယ် ။

ကျွန်တော့် အလုပ်က ကုမ္ပဏီ တစ်ခု က ထရပ်ကား မောင်းသမားပါ ။ အိမ်ထောင် မရှိသေးပါဘူး ။ ဒါပေမဲ့ ရွာမှာ ချစ်သူ ရှိပါတယ် ။ သီတင်းကျွတ် မှာ လက်ထပ်ဖို့ အတွက် စေ့စပ်ထားပါတယ် ။ ဒါကြောင့် မြို့ မှာ အိမ်လေးဝင်းလေး နဲ့ နေနိုင်ဖို့ ကိုယ် စုထားတဲ့ ငွေနဲ့ မိဘတွေ ဆီက တောင်းတဲ့ ငွေနဲ့ပေါင်းပြီး အိမ်နဲ့ ဝင်းနဲ့ ဝယ်ထားပါတယ် ။

အိမ် ဝယ်တာက အစ မာယာငွေ နဲ့ စ တွေ့တာပါ ။

ကျွန်တော့် ရှိတဲ့ ငွေနဲ့ မြို့ ထဲ မကပ်နိုင်တော့ မြို့သစ်တွေ ၊ မြို့ ဆင်ခြေဖုံးရပ်ကွက်တွေ မှာ မြေဝယ် ရှာပုံတော် ဖွင့်ရတာပေါ့ ။

ခုနက သောက်ခဲ့တဲ့ လမ်းဆုံ လက်ဖက်ရည်ဆိုင်မှာ စနည်းနာဖို့ ဝင်ထိုင်ခဲ့တယ် ။ လက်ဖက်ရည် မှာ သောက်တယ် ။ ထူးထူးခြားခြား လက်ဖက်ရည်ဆိုင်ထဲမှာ အမျိုးသမီးတွေ အများကြီး ။ ကျွန်တော်တို့ ကို ဝံပုလွေမ မျက်လုံးတွေ ၊ ကျားသစ်မ မျက်လုံးတွေ နဲ့ ကြည့်နေကြတယ် ။ ကျွန်တော် က သမင်ပျိုမ မျက်လုံးမျိုး ရှိမယ့် သူကို လိုက်ရှာနေတယ် ။

အဲဒီ အချိန်မှာ အမျိုးသမီး တစ်ဦး ဆိုင်ထဲ ဝင်လာတယ် ။ ပြုံးပြရင်း ကျွန်တော့် စားပွဲနား ရောက်လာတယ် ။

“ အစ်ကို ... နေကောင်းလား ” ဆိုပြီး ကု,လားထိုင် မှာ ဝင်ထိုင်တယ် ။

“ ဗျာ ” ကျွန်တော့် မှာ သူမ ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားတယ် ။ ရင်းနှီးတဲ့ ခေါ်သံကြောင့် အသိလားပေါ့ ။

“ ကျွန်မ မာယာငွေ ပါ ... အစ်ကို့ ကို မြို့ထဲ မှာ ခဏခဏ မြင်ဖူးနေလို့ စိတ်ထဲက သိနေတာလေ ... နောက်ပြီး အစ်ကို က ရုပ်ရှင်မင်းသား ရဲအောင် နဲ့  လည်း တူတယ်နော် ”

ပြောပြီး ရယ်နေသေး ။ အသံ က နှာသံလေး နဲ့ ။ ဟုတ်မှာပေါ့ ။ ကိုယ်က ထရပ်ကား မောင်းသမား ဆိုတော့ မြို့ ထဲ မှာ သွားလာ နေရတာလေ ။

“ ဪ .. ဟုတ်လား ”

“ အစ်ကို မြေဝိုင်း ရှာနေတာ မဟုတ်လား .. ညီမ ကူရှာပေးမယ်လေ ”

“ ခင်ဗျားက မြေပွဲစားလား ”

“ ဟင်း .. ဟင်း ... ညီမ က မြေပွဲစားစစ်စစ် မဟုတ်ပါဘူး ... အစ်ကို့ လို ရင်းနှီးတဲ့သူတွေသာ ကူညီပေးတာပါ .... ဒီအရပ်မှာ က ပွဲစားတွေ အများကြီးလေ ။ ဟိုမှာ ကြည့်ပါလား ... ၊ မှန်မှန်ကန်ကန် လုပ်တဲ့ သူတွေ ရှိသလို ဖြတ်စားလျှပ်စား လုပ်တဲ့သူတွေ လည်း ရှိတာပေါ့ ... အစ်ကို က ရိုးတော့ ... အစ်ကို ခံသွားရမှာ စိုးလို့ပါ ၊ မြေကွက်တွေ လိုက် ပြမယ်လေ ... အစ်ကို ကြိုက်ရင် ပိုင်ရှင် နဲ့ တွေ့ပေးမှာပေါ့ ... အစ်ကို့ ဘာသာ ဈေးစကားပြော ၊ ညီမ ကို ပွဲခ ပေးစရာ မလိုပါဘူး .. အစ်ကို သနားရင် မုန့်ဖိုးပဲပေးပါ ”

သူမ စကားကြောင့် ကျွန်တော့် စိတ်ထဲ ကျေနပ်သွားတယ် ။ သူမ လိုက်ပြတဲ့ မြေကွက်တွေ လိုက်ကြည့်တယ် ။ နောက်တော့ ကျွန်တော် ကြိုက်တဲ့ ဝင်းနဲ့အိမ်လေး ကို တွေ့တော့ ပိုင်ရှင် ဆိုသူနဲ့ တွေ့ပေးတယ် ။ ဈေးစကား ပြောတယ် ။ သူမ က ကျွန်တော့် ဘက် က ကူပြောပေးပါတယ် ။ ဒါကြောင့် ကျွန်တော် က ပွဲခထက် မနည်းတဲ့ မုန့်ဖိုး ပေးလိုက်ပါတယ် ။

ဝါ မဝင်ခင် ကျွန်တော် ပြောင်းလာတယ် ။ ဝင်းကလေး က နိမ့်နေလို့ မာယာငွေ က မြေဖို့ ဖို့ ပြောတယ် ။ မြေကားကို လည်း သူမ ရှာပေးတယ် ။ မုန့်ဖိုးလောက်ပဲ ပေးရတယ် ။ အဲဒီအချိန်က သဘောကောင်းတဲ့ မာယာငွေ ကို ကျေးဇူးတင်မိတာ အမှန်ပါ ။

ဒါပေမဲ့ ပန်းသတင်း လေညင်းဆောင် ၊ လူသတင်း လူချင်းဆောင် ဆိုသလို မာယာငွေ ရဲ့ သတင်း ကို သိလာရတယ် ။ ကျွန်တော် နဲ့ အိမ်နီးချင်း ဖြစ်လာတဲ့ အနောက်ဘက် အိမ်က ကိုသံခဲ မိန်းမ မဝိုင်းတင် ဆီကပါ ။ ကိုသံခဲ က အငှားကား မောင်းတယ် ။ မဝိုင်းတင် က အိမ်မှုကိစ္စပဲ လုပ်တယ် ။

မာယာငွေ ခေါ် မခင်ငွေ ကို မုဆိုးမ လား ၊ တစ်ခုလပ်မ လားတော့ မသိကြပါ ။ ကလေး သုံးယောက်နဲ့ မင်္ဂလာရပ်ကွက်ကို ပြောင်းလာတာ သုံးနှစ် ရှိတာတော့ သေချာတယ် ။ အစက အိမ်ငှား ။ နောက် မြေပွဲစား ၊ အိမ်ပွဲစား ၊ အပေါင်ပွဲစား ၊ အထွေထွေပွဲစားတွေ လုပ်ရင်း အိမ်ပိုင် ဖြစ်လာတယ် ။ နှုတ်သွက် ၊ လျှာသွက်တယ် ။ တစ်ဖက်လူ ငေး နေအောင် ၊ ကျအောင် ပြောနိုင်တယ် ။ ဒါတော့ ကျွန်တော့် ကိုယ်တွေ့ပါ ။ နောက်ပြီး မာယာငွေ က အငြိမ့်မင်းသမီး ဖြစ်ခဲ့တယ် ။ ဒါတော့ ဖြစ်နိုင်တယ် ။ စကား ပြောရင် မာယာသံ ပါတယ် ။ ဒါတော့ မငြင်း ... ။ ကလေး တစ်ယောက် လင် တစ်ယောက် ဆိုတဲ့ စကားကို တော့ အလွန်အကျွံ ပြောကြတယ်ထင်တယ် ။ ထားပါ ။ ဒါက မာယာငွေ ရဲ့ သမိုင်း ။

“ တကယ်တော့ ကိုမောင်ထွန်း ရဲ့ ဝင်းနဲ့အိမ်က ဆယ့်ကိုးသိန်း ရရင် ကို ရောင်းချင်နေတာ ”

မဝိုင်းတင် စကား ကြောင့် ကျွန်တော် မျက်လုံးပြူးသွားတယ် ။

“ ဗျာ ... ဟုတ်ရဲ့လား ။ ကျွန်တော် က နှစ်ဆယ့်တစ်သိန်း ပေးရတာ ”

“ ဟုတ်မှာပေါ့ .... မာယာငွေ ပြောတာကို ကိုမောင်ထွန်း .. ယုံသွားတာကိုး ...ပိုင်ရှင် က ကျွန်မ လည်း အပ်ထားတာလေ .... သိန်းနှစ်ဆယ် ထိ ရရင် ပွဲခပေးမယ် .... ကျော်ရင် ပွဲညွန့်စား လို့ ပြောထားတာ ... မာယာငွေ ပွဲညွန့် တစ်သိန်း ရသွားတာပေါ့ ”

“ သေလိုက်ပါတော့ဗျာ ... ဆိုတာက သိန်း သုံးဆယ်ဗျာ ၊ ကျွန်တော် က နှစ်ဆယ် နဲ့ ဆစ်တာ ... ပိုင်ရှင် က နှစ်ဆယ့်ငါး တင်းခံ နေလို့ မာယာငွေ က ကြားဝင်ပြီး နှစ်ဆယ့်တစ်သိန်း နဲ့ ဝင်ပြောတာ .. ကျွန်တော့် မှာ မာယာငွေ ကြောင့် ဒီဈေးရတာ ဆိုပြီး မုန့်ဖိုး ငါးသောင်းတောင် ပေးလိုက်တာ ”

ကျွန်တော် စိတ်ပျက်ပျက် နဲ့ ပြောလိုက်တယ် ။

မဝိုင်းတင် က ပြုံးပြီး “ တစ်ဆက်တည်း ဆက် ပြောရဦးမယ် ... ကိုမောင်ထွန်း မြေချတာ တစ်စီး ခုနစ်ထောင် ပေးရတယ် မဟုတ်လား ... တကယ်တော့ ပေါက်ဈေးက ငါးထောင် ပဲ ရှိတာ ”

ကျွန်တော် ကိုယ့် နဖူး ကိုယ် ရိုက်မိတော့တယ် ။

“ ကိုမောင်ထွန်း ... မာယာငွေ နဲ့ ပေါင်းရင် ကြည့်ပေါင်းနော် ... တော်ကြာ .. ဟိုက အပြောကောင်း ... အချွဲကောင်းတာ နဲ့ စတုတ္တကလေးအဖေ ဖြစ်သွားမယ် ”

မဝိုင်းတင် က ရယ်ပြီး ပြောတယ် ။

ကျွန်တော့် မှာ ‘ ဟာဗျာ ’ ပင် မလုပ်နိုင် ၊ စိတ်ထဲ က မာယာငွေ နဲ့ မပတ်သက်တော့ ဖို့ ဆုံးဖြတ်လိုက်တယ် ။

( ၃ )

တစ်ရက် ကုမ္ပဏီဝင်းထဲမှာ မန်နေဂျာမရဲ့ နိုင်ငံခြားဖြစ် ခွေးလေးက ပြေးရင်း နဲ့ ကျွန်တော့် ကားကို ဝင်တိုက်မိတယ် ။ တော်ပါသေးရဲ့ ။ ကားဘီးကို ဘေးက ဝင်တိုက်မိပြီး ကျွန်တော် က လည်း ချက်ချင်း ဘရိတ်အုပ် လိုက်လို့သာပေါ့ ။

မန်နေဂျာမ က နိုင်ငံခြားဖြစ်ခွေးလေးတွေကို တစ်နေ့ တစ်ကောင် သူမ ရုံးခန်း ကို ခေါ်လာတတ်တယ် ။ မန်နေဂျာမ က သူမ ခွေးကို ကားတိုက်ပြီ ဆိုတော့ ရုံးထဲက ပြေးထွက်လာပြီး ကျွန်တော့် ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး နှစ်ပြားမတန် ဆိုတယ် ။

ကျွန်တော် က ပြန်ပြောချင်ပေမယ့် သူဌေးမျက်နှာကို မြင်ပြီး စကားတွေ လည်ချောင်းဝ တစ် သွားတယ် ။ သူမ ရဲ့ ခြွေရံသင်းပင်းတွေ က လည်း ပျာယာခတ်ပြီး ခွေးလေး ကို ကောက်ပွေ့ကာ ...

“ မမ ... ခွေးလေးကို ဆေးခန်းသွားပြမှ ဖြစ်မှာ ” လို့ ပြောမှ ကား နဲ့ တစ်အုပ်တစ်မကြီး ခွေးကို ဆေးခန်း သွားပြကြတယ် ။

ကျွန်တော့် မှာ ရင်မောစွာ ၊ စိုးထိတ်စွာနဲ့ ကျန်ခဲ့တယ် ။ နောက်နေ့ ရောက်တော့ မန်နေဂျာမက ကျွန်တော့် ကို သူမ ရုံးခန်းထဲ ခေါ်တွေ့တယ် ။

“ မင်း ... မဆင်မခြင် မောင်းလို့ ငါ့ ဘေဘီလေး ခြေသန်း ကျိုးသွားတယ် ... ခွဲရစိတ်ရ ၊ ဆေးထိုးရ နဲ့ ငွေသုံးသိန်း ကုန်သွားတယ် ... အဲဒါ ... မင်း လျော်ပေး ”

မန်နေဂျာမ က မျက်နှာခပ်ထန်ထန် နဲ့ ပြောတယ် ။

“ ဟာ ... ဘာလို့ လျော်ရမှာလဲ ...ကျွန်တော် မမှားဘူး..အစ်မခွေးက ကျွန်တော့် ကားဘီးကို ဘေးက ဝင်တိုက်တာလေ ”

ကျွန်တော် က မဟုတ်မခံ ဆိုတော့ ပြန်ပြောတာပေါ့ ။ ဒီတော့ မန်နေဂျာမ က ပို စိတ်ဆိုး သွားပုံရတယ် ။

“ ဘာ .. မင်း .. မမှားရမှာလဲ .. မင်း မှားလို့ ငါ့ခွေး တိုက်မိတာပေါ့ ၊ မင်းက ဗြောင် ငြင်းတယ် ... ဒါမျိုး ငါ မကြိုက်ဘူး ... ငွေသုံးသိန်း လျော်ကို လျော်ရမယ် .. ၊ အေး ... မင်းကို ငါ အချိန် သုံးရက် ပေးမယ် .. မလျော်ရင် အလုပ်ဖြုတ်ပစ်မယ် ... မင်း သွားတော့ ... ငါ့ ကို ဘာမှ ပြန်မပြောနဲ့တော့ ”

မန်နေဂျာမ ရဲ့ အမျက်တော် ကို မချေဖျက်နိုင်ဘဲ ကျွန်တော် ပြန်ခဲ့ရတယ် ။ ကျွန်တော် မမှားကြောင်း ကျွန်တော် သိပါတယ် ။ ကုမ္ပဏီဝန်ထမ်း အားလုံး သိတယ် ။ ငွေသုံးသိန်း ဆိုတာက ကျွန်တော့် လက်ထဲမှာ မရှိ ။ သီတင်းကျွတ် ရင် လက်ထပ်မှာ မို့ အခု ကတည်းက ဝယ်ခြမ်းထားဖို့ ငွေနှစ်သိန်း ကို ရွာပို့ ထားတယ် ။ အခုဆို ဝယ်ထားလောက်ပြီ ။ ကျွန်တော့် လက် ထဲ မှာ က သောင်းဂဏန်း လောက်ပဲ ရှိတယ် ။

ဖြစ်သမျှ ကို ကိုသံခဲတို့ မိသားစု ကို ရင်ဖွင့်မိတယ် ။ ကိုသံခဲ က တော့ “ ဟုတ်တာပေါ့ .. ခင်ဗျား မမှားဘူး ” ပဲ လုပ်နေတယ် ။

မဝိုင်းတင် က

“ ရှင်တို့ သူဌေး တိုင်ပါလား ” လို့ အကြံပေးတယ် ။

“ သူဌေး က ဟောင်ကောင် မှာ ... ဒီမှာ ကုမ္ပဏီခွဲ လာ ဖွင့်တာ ... တိုင်လည်း အကြောင်းထူးမှာ မဟုတ်ပါဘူး ”

“ ဘာလဲ မန်နေဂျာမက သူဌေး ရဲ့ စပါယ်ရှယ်ဝမ်းလား ”

မဝိုင်းတင် က ပြောတော့ စိတ်အိုက်ရတဲ့ အထဲ ရယ်ချင်သွားတယ် ။ ကိုယ့်သူဌေး အကြောင်း ဘာမှ မပြောချင် ။

“ ဒီလိုဆို မာယာငွေ ကို ငှားပါလား ”

မဝိုင်းတင် စကားကြောင့် လန့်သလို ၊ အံ့ဩသလို ဖြစ်သွားတယ် ။

“ ဘာဆိုင်လို့လဲ ... မာယာငွေ က ရှေ့နေမို့လား ” လို့ မေးလိုက်တယ် ။

“ ရှင် ... ငွေသုံးသိန်း မလျော်ချင်ရင် မန်နေဂျာမ ကို တောင်းပန်ရမယ်လေ ၊ ရှင် က တောင်းပန် မှာ မဟုတ်ဘူး ၊ ဒီတော့ မာယာငွေ ကို ငှားပြီး တောင်းပန်ခိုင်းရမှာပေါ့ ။ တောင်းပန်တယ် ဆိုတာ အောက်ကျို့ခံပြီး တစ်ဖက်သူ သနားလာအောင် ပြောရတာ ၊ ဒါမျိုး မာယာငွေ တတ်တယ် ”

မဝိုင်းတင် အပြော ကောင်းတာရယ် ၊ ပြဿနာ က ငယ်ထိပ် တက်နေပြီမို့ မာယာငွေ နဲ့ မပတ်သက်ချင်တော့ပေမယ့် တစ်ခါ ပြန် ပတ်သက်ရပြန်တယ် ။

( ၄ )

မဝိုင်းတင် က တစ်ဆင့် မာယာငွေ ကို သုံးသောင်း နဲ့ ငှားလိုက်တယ် ။ စရန်တစ်ဝက် အရင် ပေးရတယ် ။

ညနေပိုင်း မှာ ကိုသံခဲ လေးဘီးကား နဲ့ မန်နေဂျာမ အိမ် ထွက်ခဲ့ကြတယ် ။ ဇာတ်လမ်း က မစရသေးဘူး ၊ မာယာငွေ က ဩဇာ စ , ပေးတယ် ။ မဝိုင်းတင် ကို ကားရှေ့ခေါင်းခန်း ထိုင်ခိုင်းပြီး ကျွန်တော့် ကို သူတို့ မိသားစု နဲ့ အတူ ကားနောက်ခန်း ထိုင်ခိုင်းတယ် ။

ကလေး သုံးယောက် ။ အကြီး မိန်းကလေး က ၈ နှစ် လောက် ရှိမယ် ။ အငယ်ဆုံးနှစ်ယောက် က ယောက်ျားလေး ။ မာယာငွေ့ မျက်နှာမှာ ဘာမှ ခြယ်သ မထား ။ ဒါပေမဲ့ အင်္ကျီတွေ က သစ်သစ်လွင်လွင် ၊ နောက်ပြီး အဝတ်အိတ်ကြီး လည်း ယူလာကြတယ် ။ တကယ့် မိသားစု ပျော်ပွဲစား ထွက်တဲ့ပုံ ။

ကား သွားရင်း နဲ့ မာယာငွေ က သူမ စီမံချက်တွေ ကို ပြောပြတယ် ။ ကျွန်တော့် ကို ပြောသလို သူ့ ကလေးတွေ ကို လည်း သွန်သင် နေတယ် ။

ကျွန်တော့် မှာ မျက်လုံး ပြူးပြီး နားထောင် နေရတယ် ။ ဖြစ်မှ ဖြစ်ပါ့မလားလို့ စိတ် က ပူမိတယ် ။ နောက် ပြန်လှည့်ရ ကောင်းမလား လို့ လည်း စိတ်က ကူး မိပြန်တယ် ။

“ ကိုထွန်း စကား မမှားစေနဲ့နော် ... ငွေ ပြောတဲ့ စကားနောက်က အသာလိုက်ပြော .. အရေးအကြီးဆုံး က ဒေါသ မဖြစ်နဲ့နော် ... အတတ်နိုင်ဆုံး ခေါင်းငိုက်စိုက် ချနေနော် ... ကိုထွန်း ငွေ ပြောတာ မှတ်မိတယ်နော် ” နဲ့ မျက်နှာချင်းဆိုင် ထိုင် နေတဲ့ ကျွန်တော့် လက်ကို သူမ လက် နဲ့ ကိုင်ပြောနေတော့ ကျွန်တော့် မှာ ဘာ ပြောရမှန်းတောင် မသိဘူး ။ စိတ်တွေ ထူပူ သွားတော့တာပေါ့ ။

မန်နေဂျာမအိမ် နဲ့ မနီးမဝေး မှာ ကားရပ်သွားတယ် ။ နောက် မာယာငွေ တို့ မိသားစု က အဝတ်ဟောင်းတွေ လဲ ဝတ်ကြတယ် ။

ကျွန်တော် နဲ့ ကိုသံခဲ က တအံ့တဩ ကြည့်နေတယ် ။ မဝိုင်းတင် က ကူလုပ်ပေးနေတယ် ။ မာယာငွေ ရဲ့ ဗိုက် ကို ရေမြှုပ် တစ်ခု ကပ်နေတယ် ။ နောက် အင်္ကျီ တစ်ထည်ပွပွ ကို အပေါ် က ဝတ်လိုက်တယ် ။ ဆံပင်တွေ လည်း ဆွဲဖွနေတယ် ။

ဘုရားရေ ... မာယာငွေ မှာ ဗိုက်တုကြီး နဲ့ ပါလား ။

“ ကဲ ... ကိုထွန်း ရှေ့ က သွား ... သမီး နဲ့ သားတွေ အမေ ပြောတာ မှတ်မိတယ်နော် ”

မာယာငွေ က ကျွန်တော့် ကို အမိန့် ပေးသလို ၊ သူမ ကလေးတွေ ကိုလည်း ပြောနေတယ် ။

“ ဟုတ်ကဲ့ မေမေ ... မှတ်မိပါတယ် ”

ကလေးတွေ က ပြိုင်တူ ဖြေတယ် ။

“ ကိုထွန်း .. သားလေး ချီ လေ ”

ကျွန်တော့် မှာ အငယ်ဆုံးကောင် ကို ကောက် ချီရတယ် ။ အကြီးကောင် က လက် လာ ဆွဲတယ် ။ ကျွန်တော့် နောက်မှာ မာယာငွေ က သူ့ သမီးကြီး ပခုံး ဖက်လိုက်လာတယ် ။

“ ကိုမောင်ထွန်းတို့ မိသားစု အောင်မြင်ပါစေ ” လို့ မဝိုင်းတင် က  နောက်က လှမ်း စတယ် ။ ကျွန်တော့် မှာ သွားရင်း လာရင်း ရှိုးတိုးရှန့်တန့် ဖြစ်နေရတယ် ။ ခုလုတ် တိုက်မိချင် သလိုလို ။ မျက်နှာ က ထူအမ်း နေသလို ဖြစ်နေတယ် ။

မန်နေဂျာမ အိမ် ရောက်တော့ အစောင့် က ...

“ ဘာကိစ္စလဲ ” လို့ ဆီး မေးတယ် ။

“ ဟို ... မန်နေဂျာမမ နဲ့ တွေ့ချင်လို့ပါ အစ်ကိုကြီး ”

ကျွန်တော် မပြောခင် မာယာငွေ က ချွဲချွဲပျစ်ပျစ် ဝင်ပြောတယ် ။ တစ်ခေါင်းလုံး ဖြူ နေတဲ့ အစောင့်က “ ခဏနေဦး ” ဆိုပြီး တိုက်ဆီ ခပ်သုတ်သုတ် သွားသတင်းပို့ ပြီး ခပ်သုတ်သုတ် ပြန်လာကာ တံခါးဖွင့်ပေးတယ် ။

“ ကျေးဇူးနော် ... အစ်ကိုကြီး ”

မာယာငွေ က ပြောပြီး ကျွန်တော်တို့ ဝင်းထဲ ဝင်ခဲ့ကြတယ် ။ တိုက်အပေါက် မှာ မန်နေဂျာမက ခါးထောက် ရပ်နေတယ် ။

“ မင်း မှားတဲ့ အတွက် လျော်ကြေးငွေ သုံးသိန်း လာပေးတာလား ” လို့ ဆီးမေးတယ် ။

ကျွန်တော် က ဘာ ပြန်ပြောရမှန်း မသိ ။ မာယာငွေ မှာထားသလို ခေါင်းငုံ့နေလိုက်တယ် ။ ဒီအချိန် မှာ မာယာငွေ နဲ့ ကလေး သုံးယောက် က သမံတလင်း ပေါ် ဒူးထောက် လိုက်ကြတယ် ။

“ မမရယ် ... ကျွန်မတို့ သားအမိ ကို သနားပါရှင် ” လို့ ငိုသံလေး နဲ့ ပြောလိုက်တယ် ။

“ ဘာလဲ ... ရှင်တို့ က သူ နဲ့ ဘာတော်သလဲ ” လို့ မန်နေဂျာမက မေးတယ် ။

“ ကျွန်မ က ကိုထွန်း မိန်းမပါ ... ဒါ ကျွန်မတို့ ကလေးတွေပါ မမ ”

“ ကိုမောင်ထွန်း မှာ မိန်းမ ရှိတယ်လို့ မကြားဖူးပါဘူး ”

မန်နေဂျာမကလည်း လျင်တယ် ။

“ ဟုတ်လား မမ .. သူ က သူ့ ကိုယ်သူ လူပျို လို့ ပြောနေတာ နေမှာ မမ .. ယောက်ျားတွေ က ကွယ်ရာကျ ဒီလိုပဲ ”

မာယာငွေ က ကျွန်တော့် ကို မျက်စောင်း လှမ်းထိုးလိုက်တယ် ။ နောက် မျက်ရည်တွေ ဝိုင်း လာပြီ ...

“ စီးပွားရေး မို့  ... ကျွန်မတို့ လင်မယား ချစ်လျက် နဲ့ ခွဲနေရတာပါ မမ ရယ် ၊ ကျွန်မတို့ မိသားစု က ရွာမှာ နေရတာပါ.. ရွှေဘို အနောက်ဘက် ဇီးဖြူကုန်း ကပါ ၊ ကျွန်မ အဖေ က မျက်စိ မမြင်ရှာပါဘူး ၊ ကိုထွန်း အဖေအမေ တွေ ကလည်း အိုနေကြတော့ ကျွန်မ က ပဲ ပြုစုစောင့်ရှောက်နေရတယ် ။ ကိုထွန်း လှမ်း ပို့တဲ့ ငွေရယ် ၊ ကျွန်မ ပျိုးနုတ် ၊ ကောက်စိုက်တဲ့ ငွေလေး နဲ့ပဲ ကျွန်မတို့ မိသားစု ချွေတာစားသုံး နေရတာပါ ... အဖေ က လည်း မျက်စိ ခွဲရမှာတဲ့ ... အခုလို ပြဿနာ ဖြစ်တယ် ကြားတော့ ကျွန်မတို့ သားအမိ လိုက်လာရတာပေါ့ ... ကျွန်မတို့မှာ စားစရာ အနိုင်နိုင်မို့ လျော်စရာလည်း မရှိပါဘူး အစ်မရယ် ၊ အလုပ်ပြုတ် သွားရင်လည်း သူ တင် မကဘူး ၊ ကျွန်မတို့ မိသားစုရော ၊ ကျွန်မတို့ ကို မှီတင်းနေတဲ့ မိအိုဖအိုတွေ လည်း ဒုက္ခ ရောက်ကြရမှာပါ မမရယ် .... ဒါကြောင့် ကျွန်မတို့ အစ်မကို ရှိခိုးတောင်းပန်ပါတယ်ရှင် ... သူဌေး နဲ့ အစ်မမန်နေဂျာက သဘောကောင်းတယ် ၊ စိတ်ထား မြင့်မြတ်တယ် လို့ ကိုထွန်း က ကျွန်မတို့ ကို အမြဲတမ်း ပြောနေတာပါ မမ ရယ် ”

မာယာငွေ မှာ ပြောရင်း မျက်ရည်တွေ တပေါက်ပေါက် ကျကာ မန်နေဂျာမကို ဦးချနေတယ် ။

“ မမ ... ဖေဖေ့ကို မလုပ် မဖြုတ်ပါနဲ့နော် ... သမီးတို့ ဒုက္ခ ရောက်မှာ စိုးလို့ပါ ”

အကြီးမလေး ကလည်း ငိုပြီး ကန်တော့ရှာတယ် ။ ယောက်ျားလေး နှစ်ယောက် ကလည်း ကန်တော့ကြတယ် ။ ဒီတော့ မန်နေဂျာမက သနားသွားသလား ၊ စိတ်ရှုပ်သွားသလား မသိဘူး ။

“ ကဲ .. ကဲ ... တော်ကြပါ ... ကိုမောင်ထွန်း ရှင် မှားတယ် မဟုတ်လား ” လို့ မန်နေဂျာမက ကျွန်တော့်ကို လှမ်းမေးတယ် ။ ကျွန်တော်က ကျွန်တော် မမှားဘူး လို့ ဖြေမယ် အလုပ် ...

“ ကိုထွန်း ... ကိုထွန်း မှားတယ်လေ ... ငွေ့ ကို ချစ်ရင် ကိုထွန်း အမှားကို ဝန်ခံလိုက်လေ ... မမ က အမှန်တရား မှ ကြိုက်တာ ”

မာယာငွေ က ထ လာပြီး ကျွန်တော့် လက်မောင်း ကို လှုပ်ပြီး ပြောရှာတယ် ။ ကျွန်တော် သက်ပြင်းချပြီး ...

“ ဟုတ်ကဲ့ .. ကျွန်တော် မှားပါတယ် မမ ” လို့ ပြောလိုက်တယ် ။ ဒီတော့ မန်နေဂျာမ က ပြုံးပြီး ...

“ ရှင် မှားမှန်း သိရင် လျော်တာတော့ လျော်ရမယ် ... ဒါပေမဲ့ ရှင့် မိန်းမနဲ့ ကလေးတွေ ကို သနားလို့ တစ်သောင်းတော့ လျော်ရမယ် ” လို့ ပြောတယ် ။

မန်နေဂျာမ စကား ကြောင့် ကျွန်တော့် ရင်ထဲ က အလုံးကြီး ကျသွားတယ် ။

“ မမ ... ကိုထွန်း ကို တော့ အလုပ် မဖြုတ်ပါနဲ့နော် ”

မာယာငွေ က စိုးရိမ်သံလေး နဲ့ ဝင်ပြောတယ် ။

“ စိတ်ချပါ ... ရှင် က ရှင့်ယောက်ျားကို တော်တော် ချစ်ပုံရတယ် .. လျော်ကြေး က လည်း လစာထဲက ဖြတ်လိုက်ပါမယ် ။ နေဦး .. ကလေးတွေအတွက် မုန့်ဖိုး ပေးလိုက်ဦးမယ် ”

မန်နေဂျာမ က အိမ်ထဲဝင်ပြီး ငွေ ယူတယ် ။ နောက် ကလေး တစ်ယောက်ကို မုန့်ဖိုး တစ်သောင်း ပေးတယ် ။ မာယာငွေ ကို တော့ “ ဗိုက် ထဲ က ကလေးအတွက် ” ဆိုပြီး နှစ်သောင်း ပေးတယ် ။ ကျွန်တော့် မှာ ရယ်ချင်လိုက်တဲ့ ဖြစ်ခြင်း ။

( ၅ )

အပြန်လမ်းမှာ မာယာငွေ က ကလေးတွေ ဆာနေပြီ ဆိုတော့ စားသောက်ဆိုင်မှာ ခေါက်ဆွဲကြော် ဝင် ကျွေးရတယ် ။ အအေးတိုက်ရတယ် ။ ကလေးတွေ မရောက်ဖူးပါဘူး ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ရတယ် ။ အရေးထဲ မဝိုင်းတင် က “ ကိုမောင်ထွန်း ပျော်လား ” လို့ နောက်နေသေးတယ် ။

အိမ်ရောက်တော့ ကျန်ငွေ ၁၅ဝဝဝ ပေးရတယ် ။

“ ငါးထောင် က မဝိုင်းတင် ကို ပွဲခ ပေးရဦးမှာ ” လို့ ပြောသွားတယ် ။ ကားခလည်း မယူဘူးပြောပေမယ့် တစ်သောင်း ပေးလိုက်ရတယ် ။

နောက်တော့ စိတ်မောလူမော နဲ့ ခုတင်ပေါ်မှာ ပက်လက်လန် လှဲချလိုက်တယ် ။ ဒီတော့ ခဏတွင်း ဖြစ်ပျက်မှုတွေ ကို ရုပ်ရှင်ပြကွက်ကလေးတွေ လို မာယာငွေ ရဲ့ လှုပ်ရှားမှုကို မြင်နေမိတယ် ။ မြင်ရင်း မြင်ရင်း နဲ့ ရွာ က လက်ထပ်တော့မယ့် ချစ်သူ ကို ဘယ်လိုက နေ ဘယ်လို သတိရသွားတယ် မသိဘူး ။ အိပ်ရာထဲ ကနေ ငေါက်ခနဲ ထထိုင်မိတယ် ။

ရင်တွေ တဒိုင်းဒိုင်း ခုန်နေတယ် ။ ချွေးတွေ ပြန်နေတယ် ။

“ ဟိုက အပြောကောင်း ... အချွဲကောင်းတာ နဲ့ စတုတ္ထကလေးအဖေ ဖြစ်သွားမယ် ”

မဝိုင်းတင် ရဲ့ စကားသံကို ပဲ့တင် ကြားနေရတယ် ။

မဖြစ်ဘူး ... မဖြစ်ဘူး ။ ခွင့်ယူပြီး ရွာ ကို ပြန်မှ ။ သီတင်းကျွတ် ရင် လက်ထပ် မှ ။ ချစ်ရတဲ့သူ နဲ့ အိုးသစ် ၊ အိမ်သစ် ၊ နေရာသစ် ကို နေမှ တစ်သက်တာ စိတ်ချမ်းသာမယ် ။

ဒီဝင်း ဒီအိမ် ကို ရောင်းရမယ် ။

ဘယ်သူတွေ ဘာပြောပြော မာယာငွေ နဲ့ စတုတ္ထအကြိမ် ပတ်သက်ရပေဦးမယ် ။

⎕ မင်းတင်ထွဏ်း

📖ရွှေအမြုတေမဂ္ဂဇင်း
     မတ်လ ၊ ၂ဝ၁ဝ

📖ခံစားသူအကြိုက် ( ဥတ္တရလမင်း )
      ၂ဝ၁ဝ