Monday, July 22, 2024

တစ်ကွက်ကျန် ကျား


 

❝ တစ်ကွက်ကျန် ကျား ❞
  ──────────────
           အဏ္ဏဝါစိုးမိုး
  ──────────────
ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ ရွာ ကို ဇာတ်တစ်ဖွဲ့ ရောက်လာသည် ။ မြို့ကြီး ပြကြီး မဟုတ်သည့် ကျွန်တော်တို့ အရပ်ကို ရောက်လာသည့် ဇာတ်တွေသည် တော်ရိလျော်ရိ ဇာတ်မည်ကာမတ္တတွေ သာ များပါသည် ။ ရောင်စုံသူပုန် ကြီးစိုးရာ အရပ် သို့ လာပြီး ကကြသည့် ဇာတ်တွေ ဖြစ်လို့ ချောက်ချီးချောက်ချက် ဇာတ်တွေ သာ ဖြစ်နေကြသည် ။ ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ကဲ့သို့ နာမည်ကြီးသည့် ရွှေမန်းတင်မောင် ၊ စိန်အောင်မင်း ၊ ကက်နက်စိန်တို့လို ဇာတ်ကြီးတွေ ဘယ်တော့ မှ မလာသောအရပ် ဖြစ်သည် ။

လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်လောက် က ကျွန်တော်တို့ ရွာမှာ လာ က သော ဇာတ်သည် ဇာတ်ကြီးလည်း မဟုတ် ၊ တော်ရိလျော်ရိ ၊ ချောက်ချီးချောက်ချက် ဇာတ်သေး လည်း မဟုတ်သော ဇာတ်လတ်ဖြစ်သည် ။ ရှေးခေတ်ဇာတ်တို့၏ သမ္မစဉ် အတိုင်း ရှေ့ပိုင်းအော်ပရာ ၊ အလယ်ပိုင်းပြဇာတ် ၊ နောက်ပိုင်းဇာတ်ကြီး တို့ဖြင့် အားရပါးရ ကပြကြသည် ။

မင်းသား နှင့် မင်းသမီးတွေ ၏ သစ္စာထား နှစ်ပါးသွား ကိုလည်း ပွဲကြည့် ပရိသတ် က ကျေနပ်ကြသည် ။ မင်းသား ကြိုးစားတာ ကို ပွဲကြည့်ပရိသတ် က သိပြီး အားပေး ချီးကျူးသည် ။ မင်းသား နှင့် မင်းသမီးတွေ ကလည်း အားပေး ကြသည့် ပရိသတ် ၏ လက်ခုပ်သံအားဆေးတွေကို စားရလို့ အားတွေတက်လာ ပြီး အားရပါးရ ကကြသည် ။

ယခု ဇာတ်မှာ ပွဲကြည့်ပရိသတ် မျှော်လင့်တောင့်တ ကြည့်ချင်နေကြတာ တစ်ခု ရှိသည် ။ နောက်ပိုင်းဇာတ်ကြီး မှ ဇာတ်ဝင်ခန်း တစ်ခု မှာ ကျား အဖြစ် သရုပ် ဆောင်သူ ၏ စွမ်းရည်တွေ ကို ကြည့်ချင်၍ ရုံ ပြည့်အောင် လာကြည့်ခြင်း ဖြစ်သည် ။

နောက်ပိုင်းဇာတ်ကြီး ကို ကပြရာတွင် ရွှေဖျဉ်းညီနောင် က မရွှေဥ ကို ကျား ဖြင့် တိုက်ပြီး ကိုက်သ,တ်ခိုင်းသည့် အခန်း နှင့် ကျား အဖြစ် သရုပ်ဆောင်သူ ၏ စွမ်းဆောင်မှုများသည် ဒီဇာတ်အဖွဲ့၏ အားသာချက်ဖြစ်သည် ။ ဇာတ်ခုံ နှင့် ခြောက်ပေလောက်ဝေးသော နေရာမှ ပွဲခင်း အလယ်ကောင် နေရာသို့ ရောက်အောင် သွယ်တန်း၍ တင်းနေအောင် ဆွဲထားသော သံမဏိကြိုး နှစ်ချောင်း သည် ပွဲကြည့် ပရိသတ်ကို ဆွဲဆောင်နေသည် ။ လက်မ အရွယ်ခန့် ကြီးသော သံမဏိကြိုးနှစ်ချောင်း သည် ပွဲကြည့်ပရိသတ် ၏ ခေါင်းပေါ်မှာ စောင်းကြိုး နှစ်ပင် ကဲ့သို့ မျဉ်းပြိုင် အနေ အထားဖြင့် တင်းနေသည် ။ သံမဏိကြိုးနှစ်ပင် ၏ ဟိုဘက်ထိပ် ဖြစ်သည့် ပွဲ လယ်ကောင် မှာ မရွှေဥ ရက်မည့် ရက်ကန်းစင်ကို သံမဏိကြိုး နှစ်ပင်ပေါ်မှာ ခွတင် ထားသည် ။ ရက်ကန်းစင် ပေါ် မှာ မရွှေဥရက်ကန်းရက် နေဟန် တကယ့်လူ အရွယ် အမျိုးသမီးအရုပ် တစ်ခု ကို တင်ထားသည် ။

ပြဇာတ် ပြီး၍ ဇာတ်ကြီးကတော့မည် ဆိုသောအခါ ကျားပြကွက် အတွက် အထူးပြင်ဆင်တာ တွေ့ ရသည် ။ တကယ့် သစ်ပင် ၊ သစ်ကိုင်းတွေ ဖြင့် စိုက်ထူ ကာရံထားသော တောကားတောင်ကားကို ကန့်လန့်ကာ ဖွင့်ပြလိုက်သည် ။ ကျားထိန်း ၏ အသံ ထွက်လာသည် ။

“ ပွဲကြည့်ပရိသတ်ကြီး ခင်ဗျား ၊ ကျား ထွက်ပါတော့မယ် ၊ လှုပ်လှုပ်ရွရွ မလုပ်ကြဘဲ ငြိမ်သက်စွာကြည့်ပါရန် မေတ္တာရပ်ခံပါတယ် ။ တကယ့် ကျားစိတ် ဝင်နေသည့် ကျား ဖြစ်သည့် အတွက် စိတ်မထင်ပါက လှုပ်လှုပ်ရွရွ လုပ်သူကို ခုန်အုပ်ပြီး ကိုက်သ,တ်တတ်ပါတယ်ခင်ဗျား ”

ကျွန်တော်တို့ ကလေးတွေ နှင့် ကြောက်လန့်တတ်သူ လူကြီးတချို့ ကြောက် ပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည် ။ ကြောက်လည်းကြောက်ကြသည် ။ ကြည့်လည်း ကြည့်ချင်ကြသည် ။ ပရိသတ်တွေ ကြောက်ကုန်ပြီ ဆိုတာ ကန်တော့ပွဲကို ပင့် မြှောက်ပြီး အမှားအယွင်း တစ်စုံတစ်ရာ မဖြစ်အောင် ကူညီစောင့်ရှောက်ပါဟု ဆိုင်ရာပိုင်ရာတွေ ကို မေတ္တာရပ်ခံသည် ။ လူသားစား ကျားအစစ် ကဲ့သို့ ကျားစိတ် ဝင် နေသော ကျား ထွက်လာတော့မည် ဖြစ်၍ အမှားအယွင်း မဖြစ်ရလေအောင် သပြေခက်ဖြင့် ရေပက်ပြီး သတိပေးရန် အသင့်ပြင်ထားသည် ။

“ ဟေ ... လေ .. လေ ... ဟား ... လား ... လား ... ကျား ဟေ့ ကျား ကျား ၊ တကယ့် လူသားစားတဲ့ ကျား လာပြီနော် ၊ ဝုန်း ... ဝုန်း ... ဝေါင်း ဝေါင်း ”

ကြောက်စရာ အသံနက်ကြီး နှင့် လိုက်ဖက်အောင် ဆိုင်း ကလည်း တဗျမ်း ဗျမ်း တဂွမ်းဂွမ်း ကြောက်စရာကြီး တီးလုံးကို တီးပေးသည် ။ ကျားထွက် လာလျှင် သပြေခက်နှင့် ရေပက်ပြီး သတိပေးရမည့် သူ ကိုယ်တိုင်က ကြောက်လို့ သတိ ကြီးစွာ ထားနေရလေဟန် ဇာတ်ခုံ ပေါ်မှာ လှုပ်လှုပ်ရွရွ တုန်တုန်ယင်ယင် လုပ်ပြနေသည် ။ ပွဲကြည့်ပရိသတ် ထဲ က ကလေးတွေ လန့်ပြီး အော်ငို ကုန်ကြ သည် ။ အမျိုးသမီးတွေ ကြောက်ပြီး တစ်ယောက် ကို တစ်ယောက် လှမ်းကိုင် ၊ ဖမ်းဆွဲ လုပ်ကုန်ကြသည် ။

အား ... ဝုန်း ... ။ အား .. ဝုန်း... ။

အသံနက်ကြီးနှင့် အတူ ဇာတ်သေတ္တာကြီး ပေါ်ကို ကျားအတုကြီး တစ်ကောင် ခုန်တက်လာသည် ။ အာခေါင်နီရဲရဲ ဖြင့် ပါးစပ်ကြီး ဖြဲထားသည့် ကျား ခေါင်း ကို စွပ်ထားသည့် လူကျား ဆိုတာ သိသိကြီးဖြင့် ပွဲကြည့်ပရိသတ် က ကြောက် နေကြခြင်းဖြစ်သည် ။ အနက်စင်း အဝါကျား ဆေးခြယ်ထားသည့် ကျားဝတ်စုံကို ဝတ်ထားသော်လည်း ခြေထောက်နှစ်ချောင်း က လူခြေထောက်တွေဖြစ်နေသည် ။ ကျားအတုကြီး ဆိုတာ သိသိကြီးနှင့် ကြောက် နေကြခြင်းဖြစ်သည် ။ ကျားအတု ကို ပြပြီး ခြောက်သူ ကလည်း ပွဲကြည့်ပရိသတ် ကြောက်အောင် ခြောက်တတ်၍ ကြောက်နေကြတာ ဖြစ်သည် ။

ကျား သည် ဇာတ်သေတ္တာ ပေါ်မှ နောက်ကျွမ်း ပစ်ပြီး ဆင်းလိုက်သည် ။ ဇာတ်စင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်ပြီး ပွဲကြည့်ပရိသတ် ကို ကြည့်နေသည် ။ ပွဲကြည့် ပရိသတ်တွေ ကြက်သီးထ သွားကြသည် ။ ဆောင့်ကြောင့်ထိုင် နေရာမှ ကျားတစ်ကောင် ဝပ်ပြီး သားကောင် ချောင်းသလို ချောင်းနေသည် ။ ချောင်းနေရာ မှ အသာလေး ထပြီး ပွဲခင်းထဲကို ခုန်ဆင်းတော့မလိုလုပ်လိုက်ရာ ပွဲကြည့်နေသူတွေ လန့်ပြီး ထပြေး မလိုလုပ်ကြသည် ။ ကျားထိန်း က ပြေးလာပြီး သပြေခက်ဖြင့် ကျား ကို ရေပက်၍ သတိပေးသည် ။ အဲဒီလိုလုပ်လေ ပရိသတ်က ပိုကြောက်လေ ဖြစ်နေတော့သည် ။ ဇာတ်ခုံပေါ်က အသံ ထွက်လာသည် ။

“ ပွဲကြည့် ပရိသတ်များ လှုပ်လှုပ်ရွရွ မလုပ်ကြပါနဲ့ ၊ ထိုင်ကြပါ ၊ ထိုင်ကြ ပါ ။ ကျားထိန်း က နံ့သာရေ ပက်ပြီး သတိပေး နေပါပြီ ”

ပရိသတ်တွေ ပြန် ထိုင်ကြသော်လည်း စိတ်မချနိုင်ဖြစ်နေသည့် အမူအရာ တွေ ပြနေကြသည် ။ ကျားအတု သည် ဇာတ်ခုံပေါ် မှာ တကယ့် ကျားကဲ့သို့ လှုပ်ရှားဟန်တွေ လုပ်ပြသည် ။ သဘာဝ ကျအောင် စိုက်ထူထားသည့် သစ်ပင် ၊ သစ်ခက်တွေကြားထဲ ဝင်ထွက်သွားလာ လုပ်ပြသည် ။

ဇာတ်စင် ၏ တစ်ဖက် ကန့်လန့်ကာ ကြားမှ ဓားရှည်ကိုယ်စီ ကိုင်ထားသည့် ရွှေဖျဉ်းညီနောင် သည် မင်းကြီးမင်းလေး နတ်ဝတ်စုံ အပြည့်ဖြင့် ထွက်လာသည် ။ ရွှေဖျဉ်းကြီး က သူ ၏ စီးတော်ကျား ကို ခေါ်သည် ။

“ စီးတော်ကျား ”

“ ဘုရား ”

ဘုရားလို့ ထူး လိုက်သည့် အသံ က ကန့်လန့်ကာ ကြားမှ ထွက်လာခြင်း ဖြစ်သည် ။ ကျားအတု ကတော့ ဆောင့်ကြောင့်ထိုင် နေရာမှ ခေါင်းညိတ် ပြသည် ။

“ ရက်ကန်းသည်မ မရွှေဥ ကို ရက်ကန်းစင် ပေါ်က ဆွဲချခဲ့ရမည် မောင်မင်း ”

“ အမိန့်တော် အတိုင်း ဆောင်ရွက်ပါမည် ဘုရား ”

ကျား သည် ဆောင့်ကြောင့်ထိုင် နေရာမှ ထ လှမ်းသွားသည် ။ သံမဏိကြိုး နှစ်ပင် နဲ့ တည့်တည့်မှာ နေရာ ယူလိုက်သည် ။ ဆိုင်းဝိုင်း က ယောက်ျားဘသား ညာသံပေးပြီး ဗိန်းမောင်းတိုက် ပေးလိုက်သောအခါ ဇာတ်ခုံ ပေါ်မှ လွှားခနဲ ခုန်ပြီး သံကြိုးနှစ်ပင်ပေါ်ကို ခုန်တက် လိုက်သည် ။ သံကြိုး နှစ်ပင် ပေါ်မှာ လေးဘက် ထောက် ခွသွားပြီး ပွဲခင်းအလယ်ကောင် က ရက်ကန်းစင်ကို လျှောက်သွားသည် ။ ရက်ကန်းရက် နေသည့် သဏ္ဌာန် မရွှေဥအရုပ် ကို ခါးလယ် မှ ကိုက်ပြီး ဆွဲယူ လာသည် ။

မရွှေဥ ကို ကိုက်ပြီး လာလမ်းအတိုင်း ပြန်လာသည် ။ သံကြိုး အဆုံးသို့ ရောက်သောအခါ အလောင်း ကို ကိုက်လျက်ပင် သံကြိုးပေါ် မှ လွှားခနဲ ထိုးခုန် ပြီး ဇာတ်စင် ပေါ်ကို တက်လိုက်သည် ။ မရွှေဥအလောင်း ကို နတ်မင်းနှစ်ပါး ရှေ့မှာ ချထားလိုက်သည် ။ မင်းနှစ်ပါး က စီးတော်ကျား ကို ကျောသပ်ပြီး ချီးကျူးသည် ။ ပွဲကြည့်ပရိသတ် က လက်ခုပ် တီးပြီး သြဘာ ပေးကြရမည့် အစား ကြောက်လွန်း လို့ တုတ်တုတ်တောင် မလှုပ်ရဲ ဖြစ်နေကြသည် ။

ပရိသတ်တွေ အရမ်း ကြောက်နေကြတယ် ဆိုတာ သိသည့် ကျား ကလည်း ကျားအမူအရာတွေ အမျိုးမျိုး လုပ်ပြပြီး ပရိသတ် ကို ဖြဲခြောက် နေသည် ။ ရွှေဖျဉ်း
ညီနောင် က သူတို့ ၏ စီးတော်ကျား ကို ချော့သည် ။ ကျားထိန်း က သပြေခက် ဖြင့် နံ့သာရေ ပက်ပြီး သတိပေး နေသည် ။

ပွဲခင်း ထဲ တစ်နေရာ တလှုပ်လှုပ်တရွရွ ဖြစ်သွားသည် ။ လှုပ်လှုပ်ရွရွ မလုပ် ကြပါရန် မေတ္တာရပ်ခံထားသည့် ကြားက လှုပ်လှုပ်ရွရွ ဖြစ်သွားခြင်းဖြစ်သည် ။ မြထွန်းဖြူ နှင့် သာထွန်းအောင် တို့ နှစ်ယောက် ထိုင်နေရာမှ ထ ရပ်လိုက်ကြခြင်း ဖြစ်သည် ။ လုံချည်တို့ ကို ပြင်ဆီး လိုက်ကြသည် ။ ပွဲကြည့်ပရိသတ် ကြားမှ ဖြတ် ကျော်လာပြီး ဇာတ်စင်နား ကို ကပ်သွားသည် ။

မြထွန်းဖြူ နှင့် သာထွန်းအောင် တို့သည် ရပ်ကျော်ရွာကျော် အမူးသမား နှစ်ယောက် ဖြစ်သည် ။ သရဲ မွေးထားသည် ဆိုသည့် ပယောဂဆရာကြီး ခြံဝင်း ထဲ ကို ဝင်ပြီး ကြက်တွေ ခိုး သ,တ်စားလို့ ကွန်မြူနစ် အချုပ်ခန်း ထဲ ရောက်ဖူးသည် ။ စုန်းပညာတတ်သည် ဆိုသည့် မိန်းမကြီး ၏ သမီး ကို လက်ဆွဲမှု ဖြင့် ကွန်မြူနစ် ခေါင်းဆောင် ၏ ကြိမ်ဒဏ် ခံဖူးသည် ။

ဇာတ်စင်နား ကို ရောက်သွားသည့် ငမူး နှစ်ယောက် သည် ကျား ရှေ့မှ ဇာတ်စင် ကို လက်ထောက်ပြီး ရပ်လိုက်ကြသည် ။ ကျား ရဲ့ မျက်နှာ ကို အနီးကပ် ကြည့်ကြသည် ။ ကျား က နောက် ဆုတ်ပြီး သူတို့ နှစ်ယောက် ကို ခုန်အုပ်မလို လုပ်၍ ခြောက်သည် ။ မြထွန်းဖြူ နှင့် သာထွန်းအောင် တို့ က ဘာမှ မဖြစ်သော် လည်း ဆိုင်းဝိုင်း နား က ပွဲကြည့်ပရိသတ်တွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။ မြထွန်းဖြူ နှင့် သာထွန်းအောင် တို့ က ရွှေဖျဉ်းညီနောင် ကို လက်အုပ်ချီ ပြီး လျောက် သည် ။

“ ကိုယ်တော်ကြီး နဲ့ ကိုယ်တော်လေးဘုရား ၊ အရှင်နှစ်ပါး ရဲ့ စီးတော်ကျား ဟာ တကယ့် ကျားအစစ်လား ဘုရား ”

“ တကယ့် ကျားအစစ် မဟုတ်သော်လည်း ကျားစိတ် ဝင်နေတဲ့အတွက် မောင်မင်းတို့ နှစ်ယောက် ကို ကိုက်သ,တ်မှာ စိုးရိမ်ရတယ် ”

ဒီလို ပြောလိုက်တော့မှ ကျား ကလည်း ခုန်အုပ်တော့ မလို ကိုက်သ,တ်တော့ မလို လုပ်ပြသည် ။ ကျွန်တော်တို့ ကလေးတွေ နှင့် ကြောက်သူတချို့ ပြေးပေါက် ရှာကြသည် ။

“ ကျွန်တော်တို့ ကို ကိုက်သ,တ်မစားပါနဲ့ဘုရား ၊ ရွာ ထဲ မှာ စားတန်ကောင်း နွားပေါက်ကလေးတွေ ရှိပါတယ် ၊ လိုက်ပြပါ့မယ် ၊ ရွာ ထဲ လိုက်ခဲ့ပါ ဘုရား ”

အမူးသမား နှစ်ယောက် က ခပ်တည်တည်ဖြင့် လက်အုပ်ချီ ပြီး လျှောက် တင်လေသည် ။ မင်းကြီးမင်းလေး သရုပ်ဆောင် နေသူတို့ မှာ လိုက်လျောညီထွေ ဖြစ်အောင် အရှက်ပြေ ဆက်လက်ပြီး သရုပ်ဆောင် နေရတော့သည် ။

“ ဟဲ့ ... စီးတော်ကျား ”

“ ဘုရား ”

“ နွားပျိုပေါက်အသား စားချင်သလား ”

“ စားချင်ပါတယ် ဘုရား ”

“ စားချင်ရင် ရွာထဲ ကို လိုက်မလား ”

“ ရွာ ထဲ ကိုတော့ မလိုက်ရဲဘူးဘုရား ”

“ ဘာဖြစ်လို့လဲ ”

“ ခွေးကိုက်ခံရမှာ ကြောက်တယ်ဘုရား ”

“ ဟေ ... ကောင်းရောကွာ ”

ပွဲကြည့်ပရိသတ်တွေ ခွက်ထိုးခွက်လန် ရယ်ကြတာ အုန်းအုန်းထ သွား သည် ။ ပတ်မတီးဆရာ က လည်း ပတ်တုတ်ရန် တောင် သတိမရ နိုင်လောက်အောင် အံ့သြသွား သဖြင့် ပွဲကြည့်ပရိသတ် ရယ်သံတွေ သောသောညံ နေလေတော့သည် ။

⎕ အဏ္ဏဝါစိုးမိုး

📖 မြင်သာ မဂ္ဂဇင်း
      မတ်လ ၊ ၂ဝဝ၄ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment