Wednesday, July 3, 2024

သိန်း ၁၀၀


 

❝ သိန်း ၁၀၀ ❞

မုံရွာမြို့လယ် ဈေး အနီး က သိန်း ၁ဝဝ တိုက်သစ်ကြီး ပေါ်မှာ ဦးချစ်လှိုင် နဲ့ ကျွန်တော် နဲ့ နှစ်ဦးတည်း ။

တိုက်ကြီး က ဆောက်လက်စ ။ မြေညီထပ် မှာ ရွှေဆိုင် ဖွင့်ဖို့ ကောင်တာ တွေ ဆင်လက်စ ။ နောက် သုံးလ လောက် နေမှ တိုက်သစ် တက်ပွဲ လုပ်မှာ ။ တိုက်သစ်ကြီး မှာ စတီးတွေ ဖြူဝင်းလက် နေတယ် ။ တမလန်းသစ် တွေ ရဲရဲနီ နေတယ် ။

“ ကျွန်တော် က နေရာတကာ မှာ သူများ နဲ့ ပြောင်းပြန် ဗျ ။ တိုက်သစ် လုပ် ရင် လာတဲ့ သူ တွေ ဆီ က လက်ဆောင် ပစ္စည်း မယူဘူး ။ လာတဲ့ သူ တွေ ကို ကံစမ်းမဲ ဖောက် ပေးမှာ ”

လှေကားထစ် တွေ ကို နင်း တက်ရင်း ရှေ့က သွား တဲ့ ဦးချစ်လှိုင် ရဲ့ နောက် ကို ကျွန်တော် က စတီးလက်ရန်း ကိုင် ရင်း တစ်လှမ်း ချင်း လိုက် သွားတယ် ။

အပေါ်ထပ် ဧည့်ခန်း ပရိဘောဂ တွေ က လည်း တမလန်းသစ် တွေ နဲ့ ချည်းပါပဲ ။ ဧည့်ခန်း မှာ ထိုင်မိတာ နဲ့ ဦးချစ်လှိုင် က ဝတ်လက်စ ရှပ်လက်တို ကို ချွတ်ပစ် လိုက်ပြီး အတွင်းခံ စွပ်ကျယ် နဲ့ ပဲ နေတယ် ။

မုံရွာမြို့ မှာ အထင်ကရ ရွှေဆိုင်ကြီး တွေ ထူထောင်ခဲ့ သူ ဦးချစ်လှိုင် ရဲ့ ဘဝ ကို ကျွန်တော် က စိတ်ဝင်စားတယ် ။ သူ က ကျွန်တော့် ကို ခင်မွန်ရွာ လာခဲ့ ဖို့ ဖိတ်ခေါ်ပြီး ခင်မွန်ရွာ ဘုရားနီချောင် မှာ သူ စိုက်ပျိုးထားတဲ့ သစ်ပင် ၁ဝဝဝ လောက် ကို ဦးချစ်လှိုင် က ပြတယ် ။ ပြီးတော့ ချောင်းဦးမြို့နယ် ကျီကုန်းရွာ အလယ်တန်း ကျောင်းခွဲ ကို ခေါ် သွားပြီး ကျောင်းပိတ်ရက် မှာ စာသင် စာကျက် နေတဲ့ ကျောင်းသား လေး တွေ ကို ပြတယ် ။ သူ လုပ်နေတဲ့ ပညာရည်ချွန်ဆု တွေ အကြောင်း ရှင်း ပြတယ် ။

ညနေစောင်း မှ မုံရွာ ကို ပြန် လာခဲ့ကြပြီး သူ တာဝန်ယူ ထူထောင် ပေး နေတဲ့ ဘိုးဘွားရိပ်သာ နဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ကို လိုက်ပြတယ် ။ သူ ပြချင်တာ တွေ အားရပါးရ လိုက်ပြ ၊ ညစာ စား ပြီးကြတော့ ည ၈းဝဝ နာရီ ကျော်ပြီ ။

ဦးချစ်လှိုင် က ဘာလုပ် ပေးရဦးမှာလဲ မေးတယ် ။ ကျွန်တော် က နှစ်ယောက် တည်း စကား ပြောချင်တယ် ပြော လို့ တိုက်သစ်ကြီးပေါ် ကျွန်တော့် ကို ခေါ်လာတာပါ ။

“ ကျွန်တော့် ငယ်ဘဝ က တော့ ဆင်းဆင်းရဲရဲ ပါ ပဲ ။ အဖေ က လည်း သူကြီး သား ၊ သောက်သောက်စားစား ။ ဒီ အထဲ နေ့လယ် က ကျွန်တော် ပြောခဲ့ သလို သောက်စားကြသူ တွေ ရဲ့ ထုံးစံအတိုင်း မခံချင် အောင် အနိုင်ကျင့် တော့ ညီ တစ်ယောက် က ဓား နဲ့ ပိုင်း တာ ညာဘက် လက် ပြတ် သွားတယ် ”

သူ နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း ။ သူ လွတ်လွတ်လပ်လပ် ပြောပြ နေ တာ ကို ကျွန်တော် က ငြိမ်ပြီး နားထောင် နေတယ် ။

“ မိသားစု စီးပွားရေး ကတော့ လူးလဲ လူးလဲ နဲ့ပါပဲ ။ ကျွန်တော် တို့ မှာ ညီအစ်ကို မောင်နှမ ငါးယောက် ရှိတာ ။ ကလေး တွေ က ဥမမည် စာမမြောက် ။ ကျွန်တော် တို့ ခင်မွန်ရွာ မှာ မူလတန်းကျောင်း ရှိ တော့ မူလတန်း နေပေါ့ ”

ဦးချစ်လှိုင် က ပြောလက်စ စကား ရပ်ပြီး ရေသန့်ဘူး နဲ့ ဖန်ခွက် ထ ယူတယ် ။

“ လေးတန်း အောင် ပြီးတော့ ကျွန်တော် ချောင်းဦး မှာ အလယ်တန်း ဆက် တက် ရမယ် ။ အဲဒီ အချိန် မှာ ကျွန်တော် တို့ စက်ဘီး ဝယ် ဖို့ တောင် အခက်အခဲ ဖြစ်ခဲ့ တယ် ။ အဖေ က လည်း ဒုက္ခိတ ”

“ ခင်မွန် နဲ့ ချောင်းဦး က ဘယ်လောက် ဝေးသလဲ ”

“ သုံးမိုင် လောက် ဝေးတယ် ။ စက်ဘီး ဝယ်ဖို့ အခက်အခဲ ရှိလို့ ချောင်းဦး က ဦးလေး အိမ် မှာ ကျွန်တော့် ကို ခဏ ထားသေးတယ် ။ နောက်တော့ အဖေ က ဖြစ်သလို စက်ဘီးလေး တစ်စင်း ဆင် ပေးလို့ ခင်မွန် က ချောင်းဦး ကို စက်ဘီး နဲ့ တက်ရပါတယ် ”

ဦးချစ်လှိုင် က သူ့ စကား ကို ခဏ ရပ် ပြီး အနည်းငယ် ခပ်ငေးငေး တွေးတယ် ။

“ တန်ဖိုး မဖြတ်နိုင်တာ က တော့ အဖေ က ငါတို့ အမျိုး က ဘယ်လို ။ အဘ အထူးအာဏာရ သူကြီး က ဘယ်လို အုပ်ချုပ်ခဲ့တာ ဆိုတဲ့ ဇာတိသွေး ဇာတိမာန်ပေါ် အောင် အကြိမ်ကြိမ် ပဲ အိပ်ရာဝင် မှာ ပြောပြတယ် ။ အဲဒီတော့ ဒီ စိတ်ဓာတ် က ကျွန်တော့် မှာ ကိန်း နေတာပေါ့ ”

“ လေးတန်း ကို အလွယ်တကူ အောင် ပေမဲ့ ခုနစ်တန်း ကျ ထစ်ရော ။ တစ်နှစ် က နှစ်နှစ် နေတော့ ကျွန်တော် ကျောင်း မတက်ချင်တော့ဘူး ။ ကျွန်တော့် အိမ်နား မှာ ပန်းထိမ်ဆရာ ရှိတယ် ။ ကျွန်တော် တို့ အမျိုး ထဲ မှာ ပန်းထိမ် ရှားပါတယ် ။ ပန်းထိမ်ဆရာ လုပ်တာ ပိုက်ဆံ ဘယ်လောက် ရတယ် ။ ဘာညာ နဲ့ ပြောတယ် ။ မင်း ကျောင်း တက် မနေစမ်းပါနဲ့ကွာ ၊ ပိုက်ဆံ လည်း ရတာ မဟုတ်ဘဲနဲ့ လို့ သူ က ပြောတယ် ။ ကျွန်တော် က လည်း စာမေးပွဲ ကျတာနဲ့ အလွယ်တကူ ပဲ ကျောင်းဝတ်ကျောင်းစား လေး တွေ ကျောင်းသွား တဲ့ လွယ်အိတ် ထဲထည့် ပြီး မုံရွာ လိုက် သွားတယ် ”

ကျွန်တော့် မျက်စိ ထဲ မှာ အသားညိုညို အညာသား လူငယ်လေး တစ်ယောက် လွယ်အိတ်ကလေးလွယ် ပြီး မြို့ ကို တက်လာ ပုံ မြင်ယောင် ကြည့် မိပါတယ် ။

“ ကျောင်း ထွက်ပြီး ပန်းထိမ် သင်တာပေါ့ ။ ထမင်းစား ရေသောက် နဲ့ ငါးနှစ် ကျော် လောက် သင်ပြီးတော့ လက်ခ စ ရတယ် ”

“ ဘယ် အရွယ် မှာ လက်ခ စ ရတာလဲ ”

ဦးချစ်လှိုင် က လက်ချောင်းတွေ ချိုးပြီး အသက် တွေ ကို ပြန် တွက်တယ် ။ ၁၂ နှစ် ... ၁၃ ... နှစ် ။

“ အသက် ၁၉ နှစ် ၂ဝ လောက် မှာ လက်ခ ရတယ် ။ ဟိုတုန်း က ငွေ အား ဖြင့် ဆိုတော့ တစ်လဝင်ငွေ လေးရာ ( ကျပ် ၄ဝဝ ) ဝန်းကျင် ခန့် ရမှာပေါ့ ။ ဆရာ့ အိမ် မှာ ထမင်းလခ သုံးဆယ် ( ကျပ် ၃၀ ) ပေး စားရတယ် ။ ပိုတဲ့ ပိုက်ဆံ ကို ကျွန်တော် စုတယ် ။ စု ပြီးတော့ အိမ် ကို ပေး တယ်ပေါ့ ”

၁၉၆ဝ ခု ဝန်းကျင် က တစ်လ ဝင်ငွေ ကျပ် ၄၀၀ ဆိုတာ ကို ကျွန်တော့် စိတ် ထဲ မှာ အစိုးရလခစား လခ နဲ့ နှိုင်းယှဉ် ကြည့် လိုက်မိတယ် ။ အထက်တန်း စာရေး တစ်ယောက် ရဲ့ လခ က တစ်လ ၁၈၅ ကျပ် ။ အထက်တန်းပြ ဆရာ က တစ်လ ကျပ် ၃ဝဝ ။

“ တစ်နှစ်ကျော် လောက် လုပ်ပြီး ၁၉၆၄ ခု ပြည်သူပိုင် သိမ်းတာ နဲ့ ကြုံပြီး ကျွန်တော် တို့ ရွှေလုပ်ငန်း ပျက်ရော ။ ဒါနဲ့ အစ်ကို တစ်ဝမ်းကွဲ ရှိတဲ့ ညောင်တုန်း ကို အလည် သွားရင်း အစ်ကို့ ရွှေဆိုင်မှာ အလုပ်သမား အဖြစ် ဝင်လုပ်တယ် ”

“ လူပျိုဘဝ ဆိုတော့ စီးပွားရေး ဆန်တယ် မရှိပါဘူး ။ သူ က တစ်လ လေးရာ ဝန်းကျင် ပေး ပါတယ် ။ ညောင်တုန်း မှာ လူငယ်ရေးရာ ညကျောင်း တက်ပြီး ကျွန်တော် ခုနစ်တန်း ပြန် ဖြေတယ် ။ ညကျောင်း မှာ ကျွန်တော့် အမျိုးသမီး မစန်းစန်း နဲ့ တွေ့ တယ် ”

ဦးချစ်လှိုင် က အနီရောင် ဓာတ်ပုံ အယ်လ်ဘမ် စာအုပ်ထူကြီး ကို ထ ယူတယ် ။ အယ်လ်ဘမ် ကို တစ်ရွက်ချင်း လှန်ပြီး ဓာတ်ပုံ တွေ ကို ပြန် ကြည့်တယ် ။ လူငယ် တွေ အုပ်စု လိုက် ရိုက် ထားတဲ့ ဓာတ်ပုံ တစ်ပုံ ကို ပြတယ် ။ အမျိုးသမီး တစ်ယောက် ရဲ့ ပုံ ကို လက် နဲ့ ထောက် ပြပြီး သူ ပေါ့ လို့ ပြောတယ် ။

ဦးချစ်လှိုင်ရဲ့ဇနီး ဒေါ်စန်းစန်း ဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် ကပဲ ဆုံး သွား ပါပြီ ။ ဓာတ်ပုံ ထဲပါတဲ့ သူ သုံးလေးယောက် ကို လက် နဲ့ ထောက် ပြပြီး သူ လည်း မရှိတော့ဘူး ။ သူ လည်း မရှိတော့ဘူး လို့ ဦးချစ်လှိုင် က ပြောတယ် ။ အယ်လ်ဘမ် ကို ချပြီး ဦးချစ်လှိုင် က ဆက် ပြောတယ် ။

“ သူ နဲ့ ကိုယ် နဲ့ တစ်နှစ် တည်း ခုနစ်တန်း အောင် တာပဲ ။ ကျွန်တော် က ခုနစ်တန်း အောင်ပြီး ကျောင်း ဆက် မတက်ဘဲ ညောင်တုန်း လိုလို မုံရွာ လိုလို ခင်မွန် လိုလို ဖြစ်နေတယ် ။ မုံရွာ မှာ ကျွန်တော့် ဆရာ က ပန်းထိမ် ပြန် လုပ်တော့ ကျွန်တော့် ကို အလုပ် ကူပါဦး ခေါ်တယ် ။ ကျွန်တော့် မှာ ကြီးကြီးမားမား ရည်ရွယ်ချက် မရှိပါဘူး ”

သူ့ စကား နားထောင် ရင်း ဦးချစ်လှိုင် ရဲ့ ရိုးသားမှု ကို ကျွန်တော့်စိတ် ထဲ က အသိအမှတ် ပြုလိုက် မိတယ် ။ ယနေ့ အချိန် မှာ သူ ဟာ အောင်မြင် တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်နေပြီ ။

တစ်ဖက် မှာ လည်း ပရဟိတ လုပ်ငန်း တွေ ကို အားစိုက် လုပ်လို့ လူရိုသေ ရှင်ရိုသေ လူကြီး ဖြစ် နေပြီ ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် တွေ ချပြီး ကြိုးစား ခဲ့ တာ ဘာဘာညာညာ လျှောက် ပြော လို့လည်း တင့်တယ် ပါပြီ ။

“ အဲဒီ အချိန် မှာ ဆိုင် နေရာ တစ်ခု ပေါ်လာတယ် ။ ကျွန်တော့် အစ်ကို ဝမ်းကွဲ တစ်ယောက် က သူ ဖွင့်လက်စ ဆိုင်ဟောင်း ကို နား ပြီး အချက်အချာ ကျတဲ့ ဈေးနား မှာ ဆိုင်သစ် ပြောင်း ဖွင့်တယ် ။ သူ ငှားဖွင့် နေတဲ့ ဆိုင်ဟောင်း ကို ယူမလား ကျွန်တော့် ကို မေးတယ် ”

ဦးချစ်လှိုင် က ရေသန့်ဘူး ကို ဖွင့်ပြီး ရေ တစ်ဖန်ခွက် ထည့် သောက်တယ် ။

“ ရေး ချင် မှ ရေးပါ ။ ကျွန်တော့် စိတ် ဖြစ်ပေါ် လာပုံလေး ပြောမယ် ။ ကျွန်တော့် စိတ်တန်ခိုး တက် လာရတာ က ကျွန်တော့် ထက် ပန်းထိမ်ဂျူနီယာ ကျ တဲ့ လူ တစ်ယောက် က မုံရွာ မှာ အချိုကုန် ရောင်းတဲ့ ဆိုင် ဖွင့်တယ် ။ အချိုကုန် ရောင်း တဲ့ ဆိုင် နဲ့ တွဲပြီး ရွှေထည်လေး မတောက်တခေါက် ရောင်း ရာ က ရွှေသည် ဖြစ် လာတာ ။ သူ တောင် မှ ရွှေသည် ဖြစ်သေးတာ ငါ ဘာကြောင့် မဖြစ်ရမှာလဲ ။ ဖြစ် ကို ဖြစ်ရမယ် ဆိုပြီး ဘယ်သူ့ မှ မတိုင်ပင်ဘဲ နဲ့ အဲဒီ နေရာ ကို ယူမယ် ဖြစ်သွားတာ ”

“ အချိုကုန် ဆိုတာ ဘာလဲ ”

“ ထန်းလျက် ၊ ကြံသကာ ၊ ချိုချဉ် ၊ မုန့်လေး တွေ ဘာ တွေ ပေါ့ ”

ဦးချစ်လှိုင် က ရေ နည်းနည်း ထပ် သောက်တယ် ။

“ ကျွန်တော့် ရှိတာလေး က ဆိုင်ခန်းငှားခ စပေါ် နဲ့ ကုန် သွားတယ် ။ ညီအစ်ကို မောင်နှမ တွေ ဆီ က ရွှေတစ်ဆယ်သား လောက် ချေးပြီး စ လုပ်ဖြစ်တာ ။ ကျွန်တော့်  စိတ်ကူး က သုံးနှစ် လုပ်ရင် နာမည် ရ ရမယ် ။ နာမည် ရ လာရင် ရပ်တည် နိုင်မယ် ။ တိုးတက်ဖို့ စိတ်ကူး မရှိဘူး ”

“ တကယ် လုပ် ကြည့်တော့ လုပ်တဲ့ လ က စပြီး အခြေအနေ ကောင်းတယ် ။ သင့်တင့်လျောက်ပတ်တဲ့ ဝင်ငွေ ရတယ် ။ တပည့် တစ်ယောက် ခေါ်ပြီး ရှစ်ပေ ပတ်လည် ဆိုင်ခန်း လေး ထဲ မှာ ဖို လည်း လုပ်တယ် ၊ အိမ် လည်း လုပ်တယ် ၊ ဆိုင် လည်း ဖွင့်တယ် ”

“ ကျွန်တော် ငယ်ငယ် က ပီမိုးနင်းစာအုပ် တွေ ကြည့်ခဲ့ တာ ။ စိတ်တန်ခိုး တွေ ကိုယ့် ကိုယ် ကိုယ် ပြန်မွေးပြီး စာရင်းဇယား လည်း စနစ်တကျ ထားတယ် ။ ဆယ်နှစ် စီမံကိန်း ဆွဲပြီး အဝတ် ဗီရို မှာ ကပ် ထားတယ် ။ တစ်လ ကို ဘယ်လောက် တိုး ရမယ် ၊ ဆယ်နှစ် ပြည့် ရင် အိမ်ပိုင် ရာပိုင် ဖြစ်ရမယ် ”

“ ဆိုင် ဖွင့်ပြီး တစ်လ အကြာ မှာ ညောင်တုန်း သွားပြီး မစန်းစန်း ကို မင်္ဂလာ ဆောင် ပြီး မုံရွာ ခေါ်လာခဲ့တယ် ။ ဆိုင်ခန်းလေး ထဲ မှာပဲ နေကြတယ် ။ ဆိုင် နာမည် က ကိုချစ်လှိုင် + မစန်းစန်း ရွှေဆိုင် ဒါပဲ ။ သိန်း ၁ဝဝ ရတနာရွှေဆိုင် ဆိုတဲ့ နာမည် ကို အရေးအခင်း ပြီး မှ စ သုံးတာ ။ အဲဒီ အချိန် တုန်း က ငွေကြေးကျစ်လျစ် တော့ သိန်း ၁၀ဝ ပြည့်ရမယ် ဆိုပြီး ရည်မှန်းချက် နဲ့ ဆိုင် နာမည် ပေးခဲ့တာ ။ ဗေဒင် ဆရာ လည်း မမေးဘူး ။ ကိုယ့် ဟာ ကိုယ် ဆိုင်းဘုတ် အပ်ပြီး ချိတ် လိုက်တာ ”

“ ကျွန်တော် တို့ စီးပွား ဖြစ်လာတာ အမျိုးသမီး က နောက်ပိုင်း လုံ လို့ ။ သူ့ ကို ချီးကျူးတယ် ။ ကျွန်တော် က တစ်လ ကို နှစ်ရာ့ခုနစ်ဆယ် ( ကျပ် ၂၇၀ ) နဲ့ လောက်ငအောင် စား ဆိုတာ သူ က လောက်င အောင် ကျွေးတယ် ။ ခုနေ တွေး ကြည့် ရင် ဟုတ်မယ် တောင် မထင်ရဘူး ”

“ ကျွန်တော့် သမီး ကျူရှင် သွားရင်း မုန့်ဟင်းခါးဆိုင် မှာ ထိုင် နေတာ တွေ့ လို့ ကျွန်တော် ပစ်ရိုက်လိုက်တာ ။ ဆယ်တန်း သမီး ကို ။ ခုနေ ပြန် စဉ်းစား ကြည့်တော့ တော်တော် မဖြစ်သင့်တာ ။ ငါ ချတဲ့ ပုံစံ ရ ရမယ် ပေါ့ ။ သူ့ ဆရာမ တွေ က ဒါလောက် လိမ္မာ နေတဲ့ ကလေး ကို ရိုက်ရမလား လို့ မကျေနပ်ကြဘူး ”

“ ကျွန်တော့် မှာ ဘယ်ဟာ က ရသွားတာ လို့ တစ်ခု မှ မရှိဘူး ။ တစ်လှမ်း ချင်း မှန်မှန် step by step တက် ခဲ့တာ ။ အဓိက က တော့ ကျွန်တော် က စာရင်းဇယား နဲ့ ကိုက် ကြည့်ပြီး လုပ်ငန်း ကို ဦးစိုက်မတ်မတ် လုပ် ခဲ့တာ ၊ လုပ်ငန်း ကို ရိုသေတာ ပေါ့ ။ အဲဒါနဲ့ ဒီ အခြေအနေ ရောက် လာတယ် ပြောပါတော့ ”

“ ဘဝခရီး မှာ အတိမ်းအစောင်း တွေ ရှိခဲ့ဖူးသလား ”

“ ကျွန်တော် တို့ လုပ်ငန်း က ခြေချော် လက်ချော် သိပ် မရှိဘူး ။ ရတာ လည်း သိပ် မရဘူး ။ အများကြီး ဝင်တာ မဟုတ်ဘူး ၊ ရှုံး ရင် လည်း အများကြီး မရှုံးဘူး ”

ဦးချစ်လှိုင် က သူ့ ဘဝ အကြောင်း စိတ်လိုလက်ရ ပြောပြ နေရင်း ညဉ့် နက် လာပြီ ။ နာရီ ကို စောင်းငဲ့ ကြည့် လိုက်တော့ ည ၁၁း၀၀ နာရီ ထိုးတော့မယ် ။ သူ က ရေသန့် တစ်ဘူး ကို အကြိမ်ကြိမ် ငှဲ့ သောက်ရင်း ဆက်ကာ ဆက်ကာ ပြောပြ နေတယ် ။ ကျွန်တော် က လည်း စိတ်ဝင်တစား နားထောင် နေတယ် ။

တစ်ခါတစ်ရံ စကား အသံ တိတ် သွားတယ် ။ ပြီးမှ အရိပ်တွေး ထဲမှာ ပေါ် လာ တာ ကို ဦးချစ်လှိုင် က ဆက် ပြောပါတယ် ။

“ အိမ်ထောင်ဦး ပစ္စည်း အဖြစ် မြေကွက်လေး တစ်ကွက် မြို့ပြင်ဘက် မှာ စဝယ် တယ် ။ ပေ ၄ဝ x ပေ ၆ဝ အကွက်လေး ဝင်း ဆက် ဝယ်ပြီး သစ်ပင် စိုက်တယ် ။ ရေက လည်း မရှိဘူး ၊ တစ်နေ့ ဘုံဘိုင် အချက် ၂ဝဝဝ ဆို ၂ဝဝဝ လှုပ်ပြီး ရေ တင်တာ ။ နေပူကြီးထဲ မှာ ပူလို့ ပူရမှန်း မသိဘူး ။ မြေပုံ နဲ့ ဘယ် နေရာ ဘာပင် စိုက်မယ် ဆိုပြီး ချတာ ။ သနပ်ခါး ဘယ်နှပင် ၊ ဆီးပင် ဘယ်နှပင် စီမံကိန်း နဲ့ စိုက်တာ ။ တစ်ခါတလေ ညနေ မှောင် မှ အိမ် ပြန် လာတာ ။ ဆိုင် မဖွင့်ခင် မနက်ပိုင်း နဲ့ ဆိုင် ပိတ်ပြီး ညပိုင်းမှာ လုပ်တာ ၊ လေးငါးခုနစ်နှစ်ထက် မနည်းဘူး ”

“ နောက် တိုက် ဝယ်တယ် ၊ ဈေး ထဲ မှာ ဆိုင်ခန်း ဝယ်တယ် ။ ခု နေတဲ့ တိုက် ကို အရေးအခင်း အပြီး ၁၉၈၉ ခု မှာ ဝယ်လိုက်တယ် ။ ၁၈ သိန်း လား မသိပါဘူး ။ ပေးရတာ ။ အဲဒီတုန်း က ရွှေ က လည်း ဘာမှ ဈေး မရှိဘူး ”

“ ကျွန်တော် က ရွှေကုန်သည်အဖွဲ့ အတွင်းရေးမှူး ။ ပါတီခေတ် မှာ ဘုရားကြီး ရပ်ကွက် တရားရေးဥက္ကဋ္ဌ လုပ် သေးတယ် ။ ငါးကျပ်တန် တံဆိပ်တော်ခေါင်း တွေ ဝယ် ထားပြီး မင်္ဂလာ လာဆောင် ရင် တံဆိပ်တော်ခေါင်း အလကား ပေးတာ ။ ကျွန်တော် က စကား ပြော ရ ရင် ပြီးရော ။ စာပုံနှိပ်တိုက် ကို ဖိတ်စာ သွား အပ်ရင် ဘုရားကြီး ရပ်ကွက် သွား ၊ ဦးချစ်လှိုင် က တစ်ပြား မှ မကုန်ဘူး ညွှန်း ပေးတာ ။ ကျွန်တော် က ရပ်ရေးရပ်တာ ဆောင်ရွက် ရင်း ကိုယ် လုပ်ခဲ့တဲ့အတွက် ကိုယ့် ပတ်ဝန်းကျင် ကို အတိုင်းအတာ တစ်ခု အထိ ကူညီနိုင်တယ် ဆိုပြီး ပီတိ ဖြစ်နေတာ ”

ကျွန်တော် တို့ နှစ်ယောက် တည်း တိုက်ကြီး ရဲ့ အပေါ်ထပ် မှာ ။ ညဉ့် တော်တော် နက်ပြီ ။ မုံရွာမြို့ရဲ့ အဓိက လမ်းမတော်ကြီး ပေါ်မှာ တဖြည်းဖြည်း နဲ့ ဆိုင်ကယ်သံ တွေ နည်း လာပြီ ။

“ ကျွန်တော့် ဘဝ ကို ပြန် ကြည့် တော့ ဘဝ တစ်လျှောက် မှာ တောက်လျှောက် စာ ကြည့်တယ် ။ လက်ဝဲစာပေ တွေ လည်း ကြည့်တယ် ။ ပီမိုးနင်း တွေ လည်း ကြည့်တယ် ။ လူကြီး တွေ နဲ့ နေခဲ့ရတော့ ဗဟုသုတ လည်း ရှိခဲ့တယ် ”

“ လူ တစ်ယောက် တစ်နေ့ တစ်နာရီ အိပ်ရာ က စော ထရင် မိသားစု ငါးယောက် ရှိရင် အဲဒီ မိသားစု ဟာ သူများ ထက် ငါးနာရီ ပို အကျိုး ရှိတယ် ။ ဟိုတုန်းက မီး မှန်တယ်လေ ။ မနက် ၄းဝဝ နာရီ ထိုးတာ နဲ့ ကလေး တွေ ကို နှိုးတယ် ။ ထပြီး စာ ကျက်ကြ ။ ကျွန်တော် က လမ်းလျှောက် ထွက် သွားတယ် ။ ၆းဝဝ နာရီ အိမ်ပြန် ရောက်တယ် ။ အဲဒါ အတိအကျ လုပ်ခဲ့တာ ”

အချိန် က ည ၁၁းဝ၀ နာရီ ကျော်ပြီ ။ ဦးချစ်လှိုင် မှာ ပြောစရာ တွေ အများကြီး ရှိသေးပုံ ရတယ် ။ သူ ဥက္ကဋ္ဌ အဖြစ် ဦးစီးလုပ်ကိုင်နေတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ က နာဂ ၊ ပအိုးဝ် ၊ ပလောင် ၊ ဓနူ ၊ ရှမ်း ၊ ချင်း ၊ ဗမာ ၊ ကလေးသူငယ်လေး တွေ ပညာချွန် ပြီး မုံရွာမြို့ မှာ ထိပ်ဆုံး က ရောက် နေပုံ ၊ ဘုရားတန်ဆောင်း မှာ တောင်းရမ်း စားသောက် နေတဲ့ အဘိုးအဘွားအို တွေ ကို ဘိုးဘွားရိပ်သာ ခေါ်ဆောင် ခဲ့ ပုံ ၊ သိန်းတစ်ရာ ပညာရည်ချွန်ဆု တွေ ချီးမြှင့်ပုံ ၊ စုံစုံစေ့စေ့ သိရဖို့ ဆိုရင် အချိန် တွေ လိုတယ် ။ ဦးချစ်လှိုင် က မနက် ၄းဝဝ နာရီ အိပ်ရာ ထ တယ် တဲ့ ။ ကျွန်တော် လည်း အိပ်ရာ က စောစော ထ တတ်ပါတယ် ။

◾ကျော်ရင်မြင့်

◾ ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment