❝ မယား နှစ်ယောက်ဒဏ် ❞
ကိုစိုး သည် မယား နှစ်ယောက် နှင့် ဖြစ် လေသည် ။ သူ သည် မည်မည်ရရ အလုပ်အကိုင် မရှိဘဲ မယား နှစ်ယောက်လုံး ကို လှအောင် လည်း ဆင်၍ ဝအောင် လည်း ကျွေးနိုင်သူ ဖြစ်သည် ။ ထိုမျှသာ မကသေး ၊ အဆိုပါ မယား နှစ်ယောက်လုံး ကို ရပ်ကွက် တစ်ခု စီ တွင် အိမ် တစ်ဆောင် စီ နှင့် ထားပေး နိုင်သူ လည်း ဖြစ်သည် ။
ထို့ထက် အံ့သြဖွယ် ကောင်းသည် ကား ဘတ်စ်ကား နှင့် သွား လျှင် အတော် ခပ်ကြာကြာ ရပ်စောင့် ရ လျက် ၃၅ ပြား ပေး မှ ရောက်နိုင်သော ...
ရပ်ကွက် တစ်ခု စီ တွင် ရှိသည့် မယား နှစ်ယောက် ၏ အိမ် တစ်လုံး စီ သို့ ကိုစိုး တစ်ယောက် တည်း ကိုယ် မခွဲဘဲ နေ့တိုင်း ပြန် ၍ အိပ် နိုင်ခြင်းပင် ဖြစ်သည် ။
ထို့ကြောင့် မယား နှစ်ယောက် လုံး သည် ကိုစိုး ကို ကျေနပ် ကြသည် ။ ခွင့်လွှတ် ကြသည် ။ ယောက်ျား ဆိုတာ မိန်းမ က အတင်း လိုက်တော့လည်း ကြိုက်မိကြတာ ပေါ့ ။ တကယ်တော့ ငါ့ ယောက်ျား က ငါ့ ကို သာ ချစ်တာပါ ။ ဒါလောက် အလုပ်တွေ များပြီး မအား အောင် ရှိ နေရတဲ့ ကြားထဲ က ငါ့ ဆီ ကို နေ့တိုင်း ပြန်ပြီး အိပ်တယ် မဟုတ်လား ။ ဟို မိန်းမ ဆီ ဆိုရင် တစ်ခါတလေ တောင် အနိုင်နိုင် ရောက်ရရှာမှာပါ ဟု မိန်းမ နှစ်ယောက်လုံး က တွေးကြသည် ။
သို့သော် ကိုစိုး ၏ မယား နှစ်ယောက် သည် ကိုစိုး အပေါ် တွင် ကျေနပ်ကြ သော်လည်း မိန်းမ ပီပီ ကိုစိုး ကို ထိန်းထားဖို့ လိုကြ သဖြင့် မယုံသင်္ကာစိတ်တွေ ရှိဟန် နှင့် မေးကြ ရသေးသည် ။ အစ်ကြ အောက်ကြ ရသေးသည် ။
မည်မျှပင် အစ်ကြ အောက်ကြ စေကာ မူ “ အလုပ်တွေ များရတဲ့ အထဲ မှာ အမာ ရာ ၊ သို့မဟုတ် အလုပ်တွေ များရတဲ့ အထဲမှာ ကွာ အညှာ ရာ .. ဟိုကို သွားရင် ငါ ဒီကို ပြန်လာ နိုင်ပါ့မလားကွ ” ဟု စိတ် ရှုပ်ဟန် နှင့် ညည်းညူ လိုက်သောအခါ …
အမာ သို့မဟုတ် အညှာ သည် အစ်မိ အောက်မိ လိုက်သည်ကို ပင် နောင်တ ရစွာ ဖြင့် သနား လာ လျက် ပိုမို အလို လိုက်ရ ပြန်တော့သည် ။
ဤသို့ဖြင့် ကိုစိုး သည် အမာ ၏ အိမ် တွင် လည်းကောင်း ၊ အညှာ ၏ အိမ် တွင် လည်းကောင်း မင်းမူ နိုင် ခဲ့သည် ။
ဤတွင် ကိုစိုး ၌ ထူးဆန်းသော အချက်တွေ ရှိနေသည် ။ ထို အချက်များ ကား ကိုစိုး သည် အလုပ် မရှိ ဟု ဆို၏ ။ သို့ ဖြစ်လျှင် ဘယ်ကဲ့သို့ မယား နှစ်ယောက် ကို အိမ် တစ်ဆောင် စီ နှင့် မပူမပင် ထား နိုင်ပါသနည်း ။
ကိုစိုး ၏ မိဘများ က ချမ်းသာ ၍ လော ၊ ထီ ပေါက် ၍ လော ၊ သူငယ်ချင်းများ က ပေးကမ်း ထောက်ပံ့ ၍ လော ။
မဟုတ်ပါ ၊ တစ်ခု မျှ မဟုတ်ပါ ။ ကိုစိုး တွင် အလုပ် မရှိ ဟု ဆိုသော် လည်း အလုပ် လုပ်ရသည် နှင့် မတူသော အလုပ်တစ်ခု ရှိပါသည် ။ ထို အလုပ်ကား အခြား မဟုတ် ၊ ခေါင်းဆောင်တွေ ကို မွေးရသော အလုပ် ဖြစ်၏ ။
ကိုစိုး ပြောသလို ပြောရမည် ဆိုသော် ခေါင်းဆောင် မွေး ရသော အလုပ် သည် အလျင် မရမီ အနည်းငယ် ခက်သယောင်ယောင် ရှိသော်လည်း အလျင် ရ၍ အကျင့် ရလာသော အခါတွင် ခွေး ကြောင်ကလေးများ ကို မွေးရသည် ထက် လွယ်ကူသည် ဟု ဆိုသည် ။
ကြားရသူများ သည် ကိုစိုး ပြောသည့် စကား ကို ဟုတ်သည် မဟုတ်သည် စသဖြင့် ထောက်ခံချက် မပေးနိုင် သော်လည်း ကိုစိုး အဖို့တွင် မူ အကယ်ပင် လက်တွေ့ မြင်နေရ သောကြောင့် ယုံကြည်ရ မလို ဖြစ်နေသည် ။
ကိုစိုး ၏ စကား အရ ခေါင်းဆောင် မွေးလိုသူများ အတွက် ပညာတတ် ခေါင်းဆောင်များ သည် ပို၍ မွေးရန် လွယ်ကူသည် ဟု ပြောသည် ။
ကိုစိုး ၏ အကြောင်းပြချက် တွင် ခေါင်းဆောင် အမည် ခံသူတို့ သည် ပညာတတ်လေ ၊ အဝေဖန် မခံနိုင်လေ ၊ မွေးရန် လွယ်ကူလေ ဖြစ်သည် ဟု ဆို၏ ။
ပညာ မတတ် သော ခေါင်းဆောင်များ သည် ၎င်းတို့ အား တော်ရုံတန်ရုံ ပြစ်တင် ပြောဆို သည် ကို ကြားရသော် လည်း အေးကွာ ပြောကြပေစေပေါ့ ။ တစ်နေ့ ကျ ရင် အကြောင်း ပြလိုက်ကြ တာပေါ့ ။ နောက် အပြစ် မတင်နိုင် အောင် ကြည့် ရှင်းလိုက်ကြတာပေါ့ ဟု ပြောတတ်ကြသည် ဟု ဆိုသည် ။
ထို့ထက် အေးကွာ .. နောက် ဘယ်တော့မှ မပြောနိုင် အောင် မင်း ပဲ ကြည့် ရှင်းလိုက် ၊ ငါ မင်း ကို တာဝန် ပေးတယ် ဟု ပြောလိုက် လျှင် ကား အဆိုပါ ခေါင်းဆောင်မျိုး မွေးရသူတို့ ၌ ချောက်ကျပြီ ဟူ၍ သာ မှတ်တော့ ဟု ကိုစိုး က ပြော၏ ။
ပညာတတ် ခေါင်းဆောင်များ ကား ထိုသို့ မဟုတ် ၊ အလွန် အညှာ လွယ်ကြသည် ဟု ဆိုသည် ။
အစ်ကိုကြီး ဘယ်တုန်းက ပြောတဲ့ စကား ကို ဘယ် အစည်းအဝေး မှာ ဘယ်သူတွေ က ဝေဖန် နေကြတယ် ။ သူတို့ ဝေဖန်တာ က ဘယ်လိုတဲ့ ။ အဲဒါ ကျွန်တော် က လည်း ဘာမှ နားမလည် တော့ ဒီလိုပဲ နားထောင် နေရတယ် ။ ပြန် ချေတတ် ရင် တော့ ချေမှာ ။ နောက် ဆိုရင် ကျွန်တော်တို့ ဘယ်လို ပြန် ပြောရမလဲ ဟူ၍ လည်းကောင်း ...
ကျွန်တော်တို့ အထဲ က ဘယ်သူ က ၊ ဘယ်နေ့တုန်း က ၊ ဘယ်မှာ ဘယ်သူ နဲ့ သွားစကား ပြောတယ်ဗျ ၊ အဲဒီ လူ က ဘယ်တုန်းက ဘာလုပ်တာပေါ့ ၊ ကျွန်တော် မသိမသာ သတိထား လာ ခဲ့တယ် စသည်ဖြင့် လည်းကောင်း …
မေမေကြီးတို့ ဆိုင် ကို အစ်ကိုကြီး တို့ ဆိုင် ၊ အစ်ကိုကြီး တို့ ကုမ္ပဏီ လို့ ပြော နေလို့ ၊ ကျွန်တော် မင်းတို့ ဒီလို မဟုတ်မတရား မပြောကြပါနဲ့ကွာ ။ ဒါ မေမေကြီး တို့ ကုမ္ပဏီပါ လို့ ဝင် ဟန့် လာခဲ့ရသေးတယ် ဟူ၍ လည်းကောင်း ...
ဘယ် ခေါင်းဆောင်ကြီး က ၊ ဘယ် ဆွေးနွေးပွဲ မှာ အစ်ကိုကြီး ကို ဘာတွေ လာဘ်စားတယ် ဆိုပြီး စွပ်စွဲ သတဲ့ ။ အဲဒီ ကိစ္စ က တော့ ဖြေရှင်းပစ် မှ ဖြစ်မယ် ။ ဒါဟာ သက်သက် အစ်ကိုကြီး က ဓားစာခံ ဖြစ် နေရတာ ဟူ၍ လည်းကောင်း ...
ဤသို့ ပြောဆို သတင်းပေး နိုင် လျှင် ပညာတတ် ခေါင်းဆောင်ကြီးများ သည် အင်မတန် လှုပ်လွယ်ကြသည် ဟု အဆို ရှိသည် ။ ကိုစိုး ပြောနည်း ပြောရမည် ဆိုလျှင် ကိုယ့် လူ မယုံမရှိ နဲ့ လက်တွေ့ ငါတွေ့ တဲ့ ... ။
အထင်အရှားဆုံး ဥပမာ ပြ ရလျှင် ခွေးသိ ၊ ဝက်သိ ၊ လူသိ ၊ ရှင်သိ ဖြစ်သော ထိပ်ဆုံး ခေါင်းဆောင်ကြီးတွေ တောင် သတင်းစာတွေ ထဲ က နေပြီး သူ စင်ကြယ်တယ် ၊ ငါ ဖြူစင်တယ် ၊ သတ္တိ ရှိ လျှင် ပြိုင်ပြီး အစစ် ခံကြရအောင် တစ်ယောက်ချင်း ယှဉ် စစ်ပါ ၊ တစ်ဖွဲ့လုံး ပြုံ မစစ်ပါနဲ့ ပြိုင် နေကြသေးတယ် မဟုတ်လား ။ ဘယ့်လောက် ပေါကြောင်ကြောင် နိုင်သလဲ ။ အဲဒီတော့ လွယ်တာပေါ့ ဟု ဆိုသည် ။
ကိုစိုး သည် ရယ်ရွှန်းဖတ်ရွှန်း နှင့် အပြော ကောင်းသူ ဖြစ်ရ ကား ၎င်း ပြောသည် ကို ယုံရ မည် လည်း ခက်၏ ။ မယုံရမည် ကို လည်း ၎င်း ကို မြင်ရ တွေ့ရသည် မှာ တကယ် အဟုတ် ဖြစ်နေ၏ ။
တစ်ခုသော ရပ်ကွက် တွင် ကိုစိုး သည် နိုင်ငံရေး ဘော့စ် တစ်ယောက် ၏ လူယုံတော် ဖြစ်၍ အခြား ရပ်ကွက် တစ်ခု တွင် အခြား နိုင်ငံရေး ဘော့စ် တစ်ယောက် ၏ တွဲဘက်ဌာနမှူး ဖြစ်သည် ။
ကိုစိုး ၏ နိုင်ငံရေး ဘော့စ် နှစ်ယောက်လုံး သည် တိုင်းပြည် တွင် အား အကြီးဆုံးသော သော အဖွဲ့ကြီး တစ်ခု တည်း မှ ခေါင်းဆောင်လတ်များ ဖြစ်ကြ၍ နှစ်ယောက်လုံး ၏ လက်အောက် တွင် ကိုစိုး လုပ်ကိုင် လျက် ရှိနေသည် ကို ထို နှစ်ယောက်လုံး က သိကြသည် ။
သို့ရာတွင် အဆိုပါ နိုင်ငံရေး ဘော့စ် နှစ်ယောက်လုံး ၏ စိတ် ထဲ ၌ ကိုစိုး သည် မိမိ ၏ လူယုံ သာ ဖြစ်သည် ။ ကောင်းစွာ စိတ် မချရသော တစ်ဖက် မှ အကောင် ကို မိမိ အား စုံစမ်း ပေးနေသည် ဟု သာ မှတ်ထင် နေကြသည် ။
ဤလို မှတ်ထင် အောင် လည်း ကိုစိုး က ပါးရည်နပ်ရည် ရှိသည် ။ ကိုစိုး သည် အမှတ် ၁ ဘော့စ် က အမှတ် ၂ ဘော့စ် အတွက် မိမိ အား မကောင်း ပြောလိုက်သည် ကို အမှတ် ၂ ဘော့စ် သို့ မည်သည့် အခါ မျှ ပြန် မပြောတတ်ပေ ။
ထို့အတူ အမှတ် ၂ ဘော့စ် က မိမိ အား ပြော လိုက်သည့် အမှတ် ၁ ဘော့စ် ၏ မကောင်း သတင်း ကို လည်း မည်သည့် အခါမျှ အမှတ် ၁ ဘော့စ် သို့ ပြန် မပြောပေ ။
ထို့ကြောင့် အဆိုပါ နိုင်ငံရေး ဘော့စ်တို့ သည် ကိုစိုး အား မိမိ တို့ က စည်းလွတ် ကမ်းလွတ် ပက်ပက်စက်စက် မည်မျှလောက် ပြောလိုက် စေကာမူ ထို စကား သည် သမုဒ္ဒရာ အပြင် တွင် ကျဆင်း ပျောက်ကွယ် သွားသည့် ကျောက်သံပတ္တမြား ကဲ့သို့ မည်သည့် အခါမျှ ပြန်လာခြင်း မရှိကြလေကုန် ။ ထို့ကြောင့် အဆိုပါ နိုင်ငံရေး ဘော့စ် တို့ သည် ကိုစိုး ၏ အပေါ် တွင် အယုံကြီး ယုံကြ လေ ကုန်သည် ။ သို့ရာတွင် ကိုစိုး ကား အကယ် သစ္စာ စောင့်သိသလော ၊ မဟုတ်ပါ ။
အဆိုပါ နိုင်ငံရေး ဘော့စ် နှစ်ယောက် သည် တစ်ယောက် နှင့် တစ်ယောက် စွပ်စွဲပုတ်ခတ် ပြောဆို နေကြသည် ကို မိမိ မပါဝင်သော ပြောကြားချက် အားလုံးတို့ ကို စုံစမ်း၍ အမြဲတစေ နှစ်ယောက်လုံး ကို ပြန်ကြား ပြောဆို လေ့ ရှိခဲ့သည် ။
ဤနည်းဖြင့် ကိုစိုး သည် ထို နှစ်ယောက်လုံး ၏ လူယုံတော် ဖြစ်လာသည် ။ ထို နှစ်ယောက် လုံး ၏ အားကိုးရာ လက်ရုံး ဖြစ် လာသည် ။ ထို နှစ်ယောက်လုံး ၏ ခိုင်းဖတ်စေဖတ် ဖြစ် လာသည် ။
ထိုအချိန် က နိုင်ငံရေးသမား ဘော့စ် တို့ ၏ ခိုင်းဖတ်စေဖတ် ဖြစ်ရသည် မှာ နှယ်နှယ်ရရ မဟုတ် ၊ အလွန် မျက်နှာ ပွင့် သော အလုပ် ဖြစ်သည် ။
မျက်နှာ ပွင့် သလောက် လည်း အလုပ် က များလှသည် ။ ထို့ကြောင့် ကိုစိုး သည် အမြဲတမ်း ဘယ်တော့မှ မနားရ ၊ ခေတ်ပေါ် ကားကြီး နှစ်စီး ကို မနက် တစ်စီး ည တစ်စီး လဲ လျက် အမြဲ သွားလာ နေရသည် ။
ကိုစိုး ၏ အလုပ်များ ကား ၎င်း ၏ နိုင်ငံရေးဘော့စ် အိမ် သို့ နိုင်လွန်အုပ် သွား ပို့ရခြင်း ၊ ကလေး ကျောင်း ပို့ ရာ တွင် လိုက်ရခြင်း ၊ ဆေးတိုက် သို့ ပို့ပေးရခြင်း ၊ အချို့ ကုန်သည်ကြီးများ ထံ ငွေ သွား တောင်းရခြင်း ၊ ဟိုတယ်များ တွင် အရက် လိုက် သောက်ရခြင်း စသော အလုပ်မျိုးတွေ ဖြစ်သည် ။
ထို့ပြင် ရပ်ကွက် နှစ်ခု လုံး ရှိ အခြေခံ နိုင်ငံရေး အဖွဲ့များ တွင် လည်း ပါရှိနေသေးရာ ဖြစ်ပေါ် လာသည့် ကိစ္စ အမျိုးမျိုး တို့ ကို လည်း ပြီးပြတ် အောင် ဆောင်ရွက် ပေးလျက် ဆောင်ရွက်ခ ပေးသော လက်ဆောင် ပဏ္ဏာများ ကို မိမိ ၏ နိုင်ငံရေး ဘော့စ် နှစ်ယောက် အား ပေး ပေးရသေးသည် ။ သို့မဟုတ် လာဘ်စား ပေး ရ သေးသည် ။
ဤလို နှင့် ကိုစိုး သည် ရပ်ကွက် နှစ်ခု စလုံး တွင် အိမ် တစ်ဆောင် စီ ဆောက် လျက် ထို ရပ်ကွက် နှစ်ခု တွင် ရှိသော နိုင်ငံတော် စီးပွားရေးလုပ်ငန်း နှစ်ခု လုံး တွင် နေရာကောင်း မှ နေ၍ ကိုစိုး ပါဝင်လျက် ရှိ နေရသည် ။
ကိုစိုး သည် အကယ်၍ နောက်ထပ် အချိန် ခွဲဝေ ပေးနိုင်ဦးမည် ဆိုလျှင် အခြား ရပ်ကွက် တစ်ခု တိုးချဲ့၍ မိန်းမ အသစ် တစ်ယောက် ထပ် ယူကာ အခြေအနေ နောက်ထပ် စိုက်ထူရန် မခဲယဉ်းလှချေ ။ သို့ရာတွင် ကိုစိုး ခဲယဉ်း နေသည် မှာ အချိန် ဖြစ်သည် ။
ကိုစိုး သည် အချိန် ကို ၃ မျိုး ခွဲ စေရသည် ။ နိုင်ငံရေး ဘော့စ် နှစ်ဦး ၏ ထံ တွင် တစ်ချိန် တည်း ရောလျက် နှစ်ဦးလုံးအတွက် ပြီးစီးစေ ပြီးနောက် အမာ ရှိသော ရပ်ကွက် တွင် ညဉ့်ဦးပိုင်း မှ နေ၍ အညှာ ရှိသော ရပ်ကွက် တွင် သန်းလွဲ မှ နံနက် လင်း အထိ နေရ ရှာသည် ။
ဤတွင် အမာ့ ကို သန်းခေါင်ကျော် လျှင် ၎င်း ၏ ဆရာ မှာ ကား ဖြင့် လာရောက် ခေါ်ယူလိမ့် မည် ဖြစ်ကြောင်း မှာကြား အိပ်စက် ၍ တစ်ခါတစ်ရံ အိပ် မျှ မအိပ်လိုက်ရဘဲ အကယ် ကား လာခေါ် သော အခါ ထို ကား ဖြင့် အညှာ ၏ အိမ် သို့ သွားရောက် အိပ်ရ ရှာသည် ။
အညှာ သည် အလုပ်များ လှ သဖြင့် အိမ်ပြန် နောက်ကျ သော ကိုစိုး ကို တယုတယ စောင့်မျှော် ဆီးကြိုလေ့ ရှိသည် ။ ထိုသို့ ကြိုဆိုရင်း ပို၍ နောက်ကျ လျှင် မိမိ ၏ ယောက်ျား ပို၍ အလုပ်များ ခဲ့ပြီး ဖြစ်သည် ကို အညှာ က သိသည် ။
ဟုတ်လည်း ဟုတ်သည် ။ ပို၍ နောက်ကျသော အခါ၌ ကိုစိုး သည် ပျော့ခွေ ညှိုးနွမ်းစွာ ဖြင့် ခြေပစ်လက်ပစ် အိပ်ပျော် သွားသည် သာ များခဲ့သည် ။
ဤသို့ဖြင့် ကိုစိုး သည် ရပ်ကွက် နှစ်ခုလုံး တွင် နေ့စဉ် မှန်မှန် သွားရောက် အိပ် လျက် မယားသည် တို့ ၏ ပြုစု ယုယမှု ကို ခံယူ နေသည် ။
မိမိ ဆရာ တို့ ၏ ကား ကို မရသော အခါ၌ လည်း မရောက်သေးသော မိန်းမ အိမ် သို့ နေ့ဘက် အရောက် သွား၏ ။ ကျေနပ်အောင် လည်း အကြောင်း ပြ၏ ။
တစ်ခါတစ်ရံ တွင် တစ်မနက် တည်း ၌ ပင် ဘတ်စ်ကား စီး လျက် နှစ်အိမ်လုံး ကို နံနက်စာ သွားရောက် စားတတ် သေးသည် ။
မကြာမီ တိုင်းပြည် ၏ အင်အား အကြီးဆုံးသော နိုင်ငံရေး အဖွဲ့ကြီး ကွဲ သွား၏ ။ ကိုစိုး ၏ နိုင်ငံရေး ဘော့စ် နှစ်ဦး သည် တစ်ဦး က ညစ်ပတ် ၊ တစ်ဦး က စုတ်ပဲ့ ဖြစ် သွားသည် ။
ကိုစိုး သည် ရပ်ကွက် တစ်ကွက် တွင် ညစ်ပတ် ဖွဲ့ ၍ ရပ်ကွက် တစ်ကွက် တွင် စုတ်ပဲ့ ဖွဲ့ လိုက်သည် ။ သို့ရာတွင် ကိုစိုး ကိုယ်တိုင် မူ ထို အဖွဲ့အစည်းများ ၌ မပါဝင်ဘဲ အမည် မဖော်သော အဖွဲ့ ၏ ကြိုးကိုင် အဖြစ် နှင့် သာ ဆောင်ရွက်သည် ။
ဤတွင် လည်း ကိုစိုး အဖို့ စီးပွားရေး ဖြူးဖြောင့်တုန်း ပင် ရှိသေးသည် ။ စီးပွားရေး သာ မဟုတ်သေး ၊ ကိုစိုး နေထိုင်သော ရပ်ကွက် တို့ တွင် ကိုစိုး ၏ ဂုဏ်သတင်း သည် ပိုမို ပျံ့မွှေး လာ သည် ။ ကိုစိုး ၏ အာဏာ သည် ပိုမို ကြီးမြင့် လာသည် ။
ကိုစိုး ၏ နိုင်ငံရေး ဘော့စ် နှစ်ဦး က လည်း တစ်ဦး ထက် တစ်ဦး ကိုစိုး အပေါ် တွင် ပိုမို ၍ ကြည့်ရှု လာကြသည် ။
ထိုအချိန် က အချို့သော သူတို့ သည် ကိုစိုး အား နှစ်ဖက် ခွ နေသည် ၊ စိတ် မချရပါ စသဖြင့် တွန်းကြ တိုက်ကြသူများ ပေါ်ပေါက် ခဲ့ဖူးသည် ။
ဤကိစ္စ နှင့် ပတ်သက်၍ သက်ဆိုင်ရာ တို့ မှ ကိုစိုး ကို ခေါ် မေး လျှင် ကိုစိုး သည် ဘယ်အခါမျှ မဟုတ်ပါ ဟူ၍ မငြင်း ။ ဟုတ်ပါသည် ဟု သာ အမြဲ ဝန်ခံသည် ။
ထိုသို့ တစ်ဖက် နှင့် ဆက်သွယ် နေသည် မှာ မိမိ ဆရာ မည်သူ သိပါသည် ၊ မေးကြည့်ပါ ဟု အမြဲ ပြောတတ်သည် ။
မေး ကြည့်သော အခါ၌ လည်း ကိုစိုး ပြောသည့် အတိုင်း ဟုတ်သည် ။ ထို့ကြောင့် ကိုစိုး သည် မည်သည့် အခါမျှ အပြစ် မရဘဲ နာမည်ကောင်းများ သာ လျှင် တစ်ဆင့် ပြီး တစ်ဆင့် ရရှိ လာ တတ်သည် ။
ဤသို့ နာမည် ကောင်း လာသည် နှင့် အမျှ ကိုစိုး သည် သြဇာ လည်း ပို ညောင်း လာလေ့ ရှိသည် ။ ကိုစိုး တို့ ရပ်ကွက်ပိုင် ရဲအဖွဲ့များ သည် ကိုစိုး ၏ ပြောစကားများ ကို လေးစား လာကြရသည် ။ ကိုစိုး သည် တစ်ဖက် ရပ်ကွက် တွင် မိမိ ၏ နိုင်ငံရေး ဘော့စ် အတွက် စိတ်တိုင်း အကျဆုံး ဖြစ်အောင် လုပ်ပေး လေ သကဲ့သို့ အခြား အတိုက်အခံ ရပ်ကွက် တွင် လည်း စိတ်တိုင်း အကျဆုံး ဖြစ်အောင် လုပ်ပေး လေ့ ရှိသည် ။
ဤသို့ လုပ်ပေးခြင်း အားဖြင့် အဆိုပါ နိုင်ငံရေး ဘော့စ်တို့ သည် ကိုစိုး အား တစ်ဖက် ဖက် သို့ ရောက်သွားမည် ကို အလွန် စိုးရိမ် နေကြရသည် ။
ကိုစိုး တစ်ဖက် ဖက် သို့ ရောက်သွားခြင်း သည် မိမိ အတွက် လာဘ်တိတ် သွားလိမ့်မည် ဖြစ်ရုံသာ မက မိမိ ၏ အတွင်းရေး ကိစ္စ အဝဝ တို့ ကို လည်း တစ်ဖက် အဖွဲ့ မှ ခရေစေ့တွင်းကျ သိကုန် ကြလိမ့်မည် ပင် ဖြစ်သည် ။
ထို့ကြောင့် ကိုစိုး ၏ နိုင်ငံရေး ဘော့စ် တို့ သည် ကိုစိုး ကို ထိမည် ဆိုလျှင် အဖေ ကို ထိသည် ထက် နာကြည်း ကြရသည် ။ ကိုစိုး ကို တိုက်သူ ပေါ် လာ လျှင် အသက် နှင့် လဲ၍ ကာကွယ် ပေးကြရန် အဆင်သင့် ရှိ နေကြသည် ။
နိုင်ငံရေး အဖွဲ့အစည်း တို့ သည် တစ်ဖက် ရန်သူ တို့ နှင့် အကြိတ်အနယ် တိုက်ခိုက် လာကြ ရသော အခါ မိမိတို့ အဖွဲ့အစည်း အတွင်း မှ အားနည်းချက်များ ဖြစ်သော နာမည်ပျက် အဖွဲ့ဝင် တို့ ကို ထုတ်ပယ်လိုခြင်း ၊ တိုက်ခိုက် နေကြရသော တစ်ဖက် အဖွဲ့အစည်း နှင့် မိမိတို့ အဖွဲ့ ကို ပါ နှစ်ဖက်လုံး ကို ကူးလူး ဆက်ဆံ နေကြသည့် စိတ်မချရသူ တို့ ကို ပယ်ရှား ပစ်လိုခြင်း ၊ အလုပ် မကျွမ်းကျင် သူတို့ ကို ခေတ္တ နေရာ မှ ဖယ်စေခြင်း စသော မိမိတို့ အဖွဲ့အစည်း ကို ခိုင်မြဲ တောင့်တင်း လာအောင် ပြုလုပ် လိုသော ဆန္ဒ တို့ သည် အဖွဲ့အစည်းတိုင်း လိုလို အနည်းအများ ပေါ် လာတတ် သော ဓမ္မတာ ရှိကြသည် ။
ထို ဓမ္မတာ အရ အဖွဲ့ဝင် ရဲဘော်တို့ သည် တစ်ဖက် ရန်သူ အဖွဲ့ နှင့် နေ့ရှိ သရွေ့ ပေါင်းသင်း ဆက်ဆံလျက် ရှိသော ကိုစိုး ကို စိတ် မချနိုင်သော ကြောင့် ...
အဖွဲ့ အတွင်း ၌ အပြင်းအထန် ပုတ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွား လာကြသည် ။ ထိုအခါ ကိုစိုး ၏ နိုင်ငံရေး ဘော့စ် သည် ကိုစိုး အတွက် မိမိ ပါ ထွက်မည် ဟု ခိုင်မာသော အကာအကွယ် မျိုး ကို ဝင်၍ ပေးသည် ။
နောက်ဆုံး တွင် အထွတ်အထိပ် ခေါင်းဆောင်ကြီးတွေ အထိ တက်ရောက် ၍ ကိုစိုး အတွက် မိမိ တာဝန် ယူကြောင်း ၊ ကိုစိုး နှင့် မိမိ ဆက်ဆံခြင်း သည် ခေါင်းဆောင်ကြီး နှင့် မိမိ ဆက်ဆံ သကဲ့သို့ ပင် ဖြစ်ကြောင်း ၊ ခေါင်းဆောင်ကြီး သည် မိမိ ထွက်သွားလိမ့်မည် ကို ဘယ်နည်းနှင့် မျှ မခံနိုင် သည့် နည်းတူ ...
ကိုစိုး ကို ဤ အဖွဲ့ မှ ထုတ်ပယ်ခြင်း ကို လည်း မိမိ သည် မည်သည့်နည်း နှင့် မျှ ခံနိုင်လိမ့်မည် မဟုတ်ကြောင်း စသဖြင့် ပြောဆို လာကြသည် ။
ဤသို့ ပြောဆို လိုက် လျှင် အထွတ်အထိပ် ခေါင်းဆောင်ကြီးတို့ က လည်း သိလာကြ သည် ။ သို့ဖြင့် ကိုစိုး သည် ရပ်ကွက် တစ်ခု တွင် ညစ်ပတ် ခေါင်းဆောင် အဖြစ် နှင့် ခိုင်မာ နေ သကဲ့သို့ အခြား ရပ်ကွက် တစ်ခု တွင် စုတ်ပဲ့ ခေါင်းဆောင် အဖြစ် နှင့် စွဲမြဲ လျက် ရှိသည် ။
ကိုစိုး ကား ခေါင်းဆောင်တို့ ကို မွေးနိုင်ခဲ့ လေပြီ ။ ရပ်ကွက် နှစ်ခုလုံး တွင် ရှိသော အိမ် နှစ်ဆောင် အတွင်း ရှိ မယား တစ်ယောက် စီ သို့ အဆက်မပြတ် နေ့ည ကူးလျက် ကြည်နူးသာယာ နေနိုင်ခဲ့ပြီ ။
မယား နှစ်ယောက် ၏ အမည် ဖြင့် အလုပ် တစ်ခုစီ ကို တည်ထောင် စေလျက် ဝင်ငွေကောင်း သော လူလတ်တန်းလွှာ အထက် နား ဆီ သို့ သိုးကာသီကာ ရောက်ရှိ နေပါပြီ ။
ထိုမှ အစပြု ၍ ကိုစိုး သည် မိမိတို့ အဖော်ချင်း တွေ့ လျှင် “ မိန်းမ နှစ်ယောက် ယူရတာ ကောင်းတယ်ဗျ ” ဟူသော ပဋိသန္ဓာရ ဖြင့် မိန့်ခွန်းတွေ ကို စတင် ချွေလေ့ ရှိ၏ ။
ကိုစိုး ပြောသော စကားများ သည် ကိုစိုး အတွက် အမှန်ပင် ဖြစ်လေသည် ။ အကြောင်းမူ လုပ်ငန်းကိုင်ငန်း အားလုံးတို့ သည် မိန်းမ နှစ်ယောက် ကို အမည်ခံ ထားစေ သော်လည်း ...
ထို အမည်များ သည် အမည် သက်သက် မျှ သာ ဖြစ်ကြလျက် စာချုပ်စာတမ်းများ ကို လက်မှတ် ထိုးသော အခါတွင် ပိုင်ရှင် ၏ လက်မှတ် သည် ကိုစိုး သာ လျှင် ဖြစ်ခဲ့သည် ။ အမာ နှင့် အညှာ တို့ သည် ဤလို ဖြစ်ရပါမို့လား ဟု ကိုစိုး ကို ရန် မလုပ်ဝံ့ကြ ။ အကယ်၍ ရန်လုပ် မှားခဲ့ လျှင် ကိုစိုး သည် တစ်ယောက် ယောက် အိမ် သို့ အပိုင် ရောက် သွားမည်ကို စိုးရိမ် လာ ကြသည် ။
ထို့ကြောင့် အမာ နှင့် အညှာ တို့ သည် ကိုစိုး ကို အမြဲတမ်း ချော့ နေကြရ ရှာသည် ။ မိမိ ကို နှစ်လို စွဲမက် ပါစေတော့ ဟူသော စိတ် နှင့် အမြဲတမ်း ဖြီးလိမ်း ဝတ်စား လျက် ဆွဲဆောင် နေရ ရှာသည် ။ အမှန်အား ဖြင့် ကိုစိုး သည် အစ က ဤမျှ သတ္တိ ကောင်းသူ မဟုတ် ၊ သို့ရာတွင် မယား နှစ်ယောက် ကို မည်သို့ ထိန်းရမည် ဟူသော သင်ခန်းစာ သည် နိုင်ငံရေး ဘော့စ် နှစ်ယောက် ကို မွေးမြူ ကြည့်ရာ မှ အလိုလို ရရှိ လာခြင်း ဖြစ်သည် ။
ဤသို့ သင်ခန်းစာ ရရှိလာသည် နှင့် တစ်ပြိုင်နက် ကိုစိုး သည် မိမိ တွင် မလွှဲမရှောင်သာ ဘဲ မိန်းမ နှစ်ယောက် ရှိ နေရသည် ကို မိကောင်းဖခင် သားသမီး ပီပီ နှစ်ယောက်လုံး အပေါ် တွင် တာဝန် ကျေ မှ သင့်တော်လိမ့်မည် ဖြစ်ကြောင်း ပြောဆို လာသည် ။ တစ်အိမ် စီ အတိအလင်း ဗြောင် သွားလာ အိပ်စက်သည် ။
အမာ က နှုတ်ခမ်း စူ လျှင် အညှာ ၏ ဤ အိမ် ၌ စိတ်ချမ်းသာစွာ သွား နေသည် ။ နောက် တစ်ကြိမ် သွား ၍ အမာ က ထပ်ဆင့် နှုတ်ခမ်း စူ လျှင် စိတ်ပျော်မွေ့ မှု မရ ဆိုကာ ချက်ချင်း ပြန် သွား ပြီးလျှင် အညှာ ၏ အိမ် တွင် ပိုမို ကြာညောင်းစွာ နေသည် ။
ဤတွင် အမာ သည် နောက် တစ်ခါ ထပ်၍ နှုတ်ခမ်း မစူဝံ့တော့ချေ ။ အကြောင်းကား အမာ သည် လည်း ကိုစိုး ၏ မယား ဖြစ်၏ ။ အညှာ သည် လည်း ကိုစိုး ၏ မယား ဖြစ်သည် ။ နှစ်ယောက်လုံး လည်း တရားဝင် မယားများ ဖြစ်ကြ၏ ။ မယားငယ် ခံခြင်းသည် လည်း မဟုတ် ။ နောက် ယူသော မိန်းမ နှင့် အလျင် ယူသော မိန်းမ သာ လျှင် ဖြစ်၏ ။
နောက် ယူသော မိန်းမ က လည်း လူပျို ဟု ယုံကြည် သဖြင့် တရားဝင် မင်္ဂလာ ဆောင် လိုက် ခြင်း မျှ ဖြစ်၏ ။ ယူပြီး ပြန် တော့လည်း မိကောင်းဖခင် သားသမီးများ ပီပီ မစွန့်ပစ် နိုင်ကြတော့ချေ ။
ထို့ကြောင့် ယောက်ျား ကို မနိုင်တိုင်း တစ်ဖက် မှ ဘဝတူ အမျိုးသမီး ချင်း သွားရောက် ရန် လုပ်ရမည် လည်း အခက် ဖြစ် နေ၏ ။ ဤ အခက် ကြောင့် ပင် မိန်းမ နှစ်ယောက်လုံး တို့ သည် မိမိ တို့အိမ် သို့ ကိုစိုး ရောက်ရှိ လာတိုင်း လောက ကို မေ့နေသည် အထိ မွေ့လျော် ပျော်ပိုက်အောင် နည်း အမျိုးမျိုး ဖြင့် ဆွဲဆောင် ယုယ ပြုစု ကြတော့သည် ။
ဤသို့ဖြင့် ကိုစိုး သည် လောကကြီး တစ်ခုလုံး ကို သာယာလျက် ရှိသည် ။ အဖော်များ နှင့် ဆုံနေကြ ဘား တွင် အရက် သောက်ကြတိုင်း ..
“ ဒီမှာ ကိုယ့် လူတို့ ၊ ခင်ဗျားတို့ အိမ်ထောင်ရေး အဆင် မပြေလို့ မိန်းမ နဲ့ ရန် ဖြစ်ရင် နောက် တစ်ယောက် ထပ် ယူလိုက် ” ဟု ဆိုလေ့ ရှိသည် ။
မိန်းမ နှစ်ယောက် ယူထားရခြင်း ၏ အကျိုး ကြီးမားပုံ ၊ သုတိမင်္ဂလာ အဖြာဖြာ နှင့် ပြည့်စုံပုံ တွေ ကို ပေတစ်ဖွဲ့ စာတစ်အုပ် ဖြစ်လောက်အောင် အာဝဇ္ဇန်းရွှင်ရွှင် နှင့် လေ ဖောလေ့ ရှိသည် ။
“ မယား နှစ်ယောက် ကြား ဗျာများ သေတဲ့ တစ္ဆေ လို့ ရှေးတုန်း က ပြောထားခဲ့ ကြတာတွေ ဟာ ကောင်းတာတွေ လူ သိပြီး လူတိုင်း လူတိုင်း မယား နှစ်ယောက် စီ ၊ နှစ်ယောက် စီ နဲ့ ဖြစ်ကုန် ကြမှာ စိုးလို့ဗျ ” ဟု လည်း ပြောလိုက် သေးသည် ။
အဖော်များ သည် ကိုစိုး နှင့် တွေ့ တိုင်း မယား နှစ်ယောက် ၏ ကောင်းခြင်း တရားတော်ကြီး ကို ကြားနာ ကြရသည် ။
ကြားနာ ရ လိုက်တိုင်း လည်း လက်ငင်း ထ ယူပစ် လိုက်ချင်သော စိတ်တွေ ပေါ် လာအောင် ပြော တတ်သည် ။
သို့ဖြင့် အမြဲတမ်း ပြုံးရွှင် နေသော ကိုစိုး ကို အရက်ဆိုင် ထဲ တွင် တွေ့လိုက်ကြ ရ တိုင်း “ ကိုစိုးကြီး တို့ များ အတော် စိတ်ချမ်းသာ နေ မှတ်တယ် ” ဟု တမင် မေး ကြသော အခါ …
“ စိတ် ချမ်းသာတာပေါ့ဗျ ၊ မိန်းမ နှစ်ယောက် ယူထားတာ ကို .. ” ဟု ပြန် ဖြေလေ့ ရှိသည် ။
“ လုပ်စမ်းပါဦးဗျ ... ၊ မိန်းမ နှစ်ယောက် ယူတာ နဲ့ ဘယ်လို စိတ် ချမ်းသာ ရတာလဲ ” ဟု ဆက် လိုက်သော အခါ မယား နှစ်ယောက် ယူထားရခြင်း ၏ ကောင်းလွန်းလှပုံ သုတ္တန် တရားတော်ကြီး သည် ကိုစိုး ၏ နှုတ်ခပတ် မှ အဆက်မပြတ် တရစပ် ထွက်လာ သဖြင့် တဟားဟား တဝါးဝါး နှင့် နားထောင်ကြရသည် ။
ခေတ်ကြီး ပြောင်း သွားလေပြီ ။
နိုင်ငံရေး ဘော့စ်ကြီး ၊ ဘော့စ်လတ် ၊ ဘော့စ်အငယ် တို့ လည်း မတွင်ကျယ် နိုင်သော အခြေ သို့ ရောက် လာ၏ ။
အမာ နှင့် အညှာ ရှိသော ရပ်ကွက် တွင် ကိုစိုး ၏ သြဇာအာဏာများ လည်း နိမ့်ပါး လျှောကျ သွား၏ ။
ထုံးစံအတိုင်း အဖော်များ သည် လာနေကျ အရက်ဆိုင် တွင် ဝင် လာသော ကိုစိုးကို တွေ့ လိုက်ရသည် ။
သို့ရာတွင် ကိုစိုး ၏ မျက်နှာ သည် အခါတိုင်း ကဲ့သို့ ရွှင်လန်းမှု မရှိဘဲ ခပ်မှိုင်မှိုင် ဖြစ် နေတော့၏ ။
အဖော်များ သည် ယခု တစ်ခေတ် ၌ နိုင်ငံရေးသမားများ အထိ နာ လှသည် မှာ မယား နှစ်ယောက် ၏ ဖျော်ဖြေ ယုယမှု ကို အမြဲတမ်း ခံယူ နေရသော ကိုစိုး လို လူ ပင် လျှင် ခပ်ငိုင်ငိုင် ဖြစ်နေ ရပါပကော ဟု တွေး လာကြ၏ ။
ထို့ကြောင့် အဖော် တစ်ယောက် က “ အခု တစ်ပတ် တော့ နိုင်ငံရေးသမားတွေ တော်တော် အထိ နာ တယ်ဗျ နော် ” ဟု ပြော လိုက်ရာ ကိုစိုး သည် အင်း မလှုပ် အဲ မလှုပ် ပြုလုပ် နေရာမှ လာချ ပေးသော အရက်ခွက် ကို မော့ လိုက်၏ ။
အဖော် တစ်ယောက် သည် ငြိမ် လွန်းသော ကိုစိုး ကို ကြည့် လျက် တမင် စကား စ ပေး လိုက် သည့် သဘောဖြင့် ...
“ ကိုစိုး မိန်းမ နှစ်ယောက် ကလဲ ကိုစိုး ကို စိတ် ပျော်အောင် လုပ် မပေး နိုင်ကြတော့ဘူး ထင်တယ် ”
“ အို … ဗျာ … ဒီ မယား နှစ်ယောက် ယူမိလို့ ပေါ့ ... ”
ကိုစိုး သည် အလွန် စိတ် ညစ်ညူးဟန် နှင့် ရှုံ့ရှုံ့မဲ့မဲ့ ပြောရင်း ဖန်ခွက် ထဲ မှ အရက် ကို တစ်ကျိုက် တည်း မော့ လိုက်ပြန်သည် ။
ဤတွင် အဖော် အားလုံး တအံ့တသြ ဖြစ် သွားကြ၏ ။
ကိုစိုး သည် ဤ စကားမျိုး မည်သည့် အခါမျှ မပြောဘူးပေ ။ ထို့ကြောင့် ကြားရသူအဖို့ အဆန်း ဖြစ် နေကြ၏ ။ မယား နှစ်ယောက် ယူ ရတာ အင်မတန် ကောင်းပါသည် ဟု ပြောနေသူ က ဘာ့ကြောင့် မကောင်းဘူး ဖြစ် ပြန်ရတာလဲ ဟု သိချင် လာကြ၏ ။ ထို့ကြောင့် တစ်ယောက် က ကိုစိုး ၏ အရက်ခွက် ထဲ သို့ အရက် ထပ် ဖြည့်ရင်း မေး လိုက်သည် ။
“ ဘာပြုလို့လဲဗျ …”
“ ဟာဗျာ … ကင်း နှစ်ခါ စောင့် နေရတာ ဘယ် နိပ် တော့မလဲ ၊ ဟို ရပ်ကွက် သွား ကင်းစောင့် ပေးလိုက်ရ ၊ ဒီ ရပ်ကွက် သွား ကင်းစောင့် ပေးလိုက်ရ နဲ့ ဒီ အတိုင်း သာ ဆိုရင် အိပ်ရေး ပျက်တာ နဲ့ သေမှာပဲ ”
ဝါးဟားဟား ... ဟူသော ဝိုင်းဝန်း ရယ်မောကြသံများ သည် ကိုစိုး တို့ ၏ ဝိုင်း မှ ခါတိုင်း ကဲ့သို့ စည်စည်ကားကား ပေါ်ထွက် လာပါ သတည်း ။
◾ရန်ကုန်ဘဆွေ
📖 မြဝတီ မဂ္ဂဇင်း ၊ ၈ / ၁
နိုဝင်ဘာ ၊ ၁၉၅၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment