Monday, July 29, 2024

ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ


 

❝ ရေခဲ ကို ဆစ်ထုတဲ့ ပန်းပုလေးတွေ ❞
⎯⎯⎯⎯⎯⎯⎯⎯⎯⎯
ဆွန်း ( စက်မှုတက္ကသိုလ် )
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ကျွန်တော့် ကို တူးတူးခါးခါး စူးစူးဝါဝါး စိုက်ကြည့် နေသော သမီး ရဲ့မျက်ဝန်း အစုံ မှာ နာကြည်း မုန်းတီးမှုများ လျှံကျ နေသည် ။ ဒေါသမီးများ ဖြင့် ရဲရဲတောက် နေသည် ။ ချောင်ပိတ် မိနေသော တောရိုင်းသတ္တဝါ လို လွတ်ရာ လွတ်ကြောင်း အတွက် အရိုးကြေကြေ အရည်ခန်းခန်း တုံ့ပြန် တိုက်ခိုက်ရန် အသင့် ။

ဪ ..ကျွန်တော် ရင်သိမ့်တုန်အောင် ချစ်ခဲ့ရပါ သော သမီးလေး .. ။ အမြဲတမ်း အရိပ် တကြည့်ကြည့် လုပ်ကာ ပန်းလေး တစ်ပွင့်လို မြတ်နိုးယုယခဲ့ရသော သမီးကလေး … ။ အသည်းအသက် လို တန်ဖိုးထား ကာ ပြုစု စောင့်ရှောက်ခဲ့ရပါသော သမီးလေး .. ။

ယခင် က သမီး သည် ကျွန်တော့် ကို မြင်တိုင်း မျက်ဝန်း အစုံတွင် မေတ္တာရေကြည်များ လဲ့ရွှန်းတောက်ပ လာစမြဲ .. ။ မျက်နှာ ထက် မှာ လှပလန်းဆန်းသော အပြုံး ပန်းပွင့်တို့ ပွင့်အာ လာစမြဲ ... ။ စမ်းရေစီးသံ လို ညိုးညင်း သံသာ ဖြင့် ရယ်မော တတ်စမြဲ ... ။ ချစ်စဖွယ် ကယုကယင် လှုပ်ရှား ပြုမူ တတ်စမြဲ ... ။ သမီး သည် ကျွန်တော့် ကို ချစ်သော မျက်စိ ဖြင့် သာ အစဉ် ကြည့်ခဲ့ပါသည် ။ နှလုံး စိတ်ဝမ်း အေးချမ်းစေသည့် အပြုံးဖြင့် သာ အမြဲတမ်း ပြုံးခဲ့ပါသည် ။

ယခုတော့ ဆန့်ကျင်ဘက် .. ။

စစ်မြေပြင် မှာ တွေ့သည့် ရန်သူ တစ်ယောက် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့် နေသည် ။ မာရ်နတ်မိစ္ဆာ တစ်ကောင် ကို ကြည့်သည့် အကြည့်မျိုး ဖြင့် ကျွန်တော့် ကို သမီး က ကြည့်နေသည် ။ တစ်ဖက်သား ကို ပြာကျ စေနိုင်သည့် အကြည့် ။ ရန်လို သည့် အကြည့် ။ မာကျောခက်ထန်သည့် သမီး ရဲ့ … အကြည့် မှာ ကျွန်တော့် ကို မကျေနပ်ခြင်း မှ ဖြစ်ပေါ်လာ သော ဒေါသများ ၊ နာကြည်းမှုများ ၊ မုန်းတီးမှုများ ကို အထင်အရှား တွေ့နေရသည် ။ အခုချိန် မှာ သူတို့ ချစ်ခြင်း ကို ဆန့်ကျင်သူ မှန်သမျှ သူ့ ရဲ့ ရန်သူ .. ။ သူတို့ အချစ် ကို ဖြိုခွင်းရန် ကြံစည်သူ မှန်သမျှ သူ့ အတွက် နတ်ဆိုး မိစ္ဆာ ... ။

အမုန်းသည်းထန် လောင်မြိုက် နေသည့် သမီး ရဲ့ အကြည့်များ ... ။

သမီး ရင် ထဲမှ ခံစားချက်များ ကို ကျွန်တော် မသိ၍ မဟုတ်ပါ ။ သိပါသည် ။ မျက်စိ တစ်ကြည့် ၊ နှုတ်ခမ်း တစ်လှုပ် ၊ လက် တစ်ဝှေ့ကို မြင်ကာမျှဖြင့် သမီး ဘာ ဖြစ်ချင် သည် ၊ ဘာ လုပ်ချင်သည် ၊ ဘာ ပြောချင်သည် ဆိုတာ ကျွန်တော် သိပါသည် ။ သို့သော် သိသိကြီး နှင့် သမီး ရဲ့ ခံစားချက် ကို ဆန့်ကျင်ကာ ကျွန်တော် ပြောနေရသည် ။ သမီး ရဲ့ဆန္ဒ ကို မသိကျိုးကျွန် ပြုကာ ကျွန်တော် လုပ်နေရ သည် ။

“ မဖြစ်နိုင်လို့ပါ အစ်မကြီး ရယ် ။ သမီး ဟာ အရွယ် ရောက်ပြီ ဆိုပေမဲ့ ‘ ဆွံ့အ နားမကြား ’ တဲ့ ဒုက္ခသည်လေး ပါ ။ သာယာတဲ့ အိမ်ထောင် တစ်ခု ကို ရေရှည်မှာ ဘယ်လိုမှ မဖန်တီးနိုင်ဘူး ဆိုတာ ကျွန်တော် သိသလို အစ်မကြီး လည်း သိပါတယ် ။ ကြာရင် မရှူနိုင်မကယ်နိုင် နဲ့ အားလုံး ပိုပြီး စိတ်ဆင်းရဲကြမှာမို့ အနူးအညွတ် တောင်း ပန်နေရတာပါ ခင်ဗျာ ”

ကျွန်တော် က အကျိုးနွံဆုံး ဟန်ပန် ၊ အခယဆုံး လေသံ ဖြင့် ပြောလက်စ စကား ကို ဆက်ရသည် ။ မျက်နှာ အောက် ချကာ တုန်ယင်တိုးဖွစွာ ပန်ကြား နေမိသည် ။ ကျွန်တော့် ဟန်ပန် နှင့် လေသံသည် တောင်းပန်သည့် အဆင့် ကို ကျော်ပြီး အသနားခံသည့် အဆင့် သို့ ရောက် နေပြီ ဆိုတာ သိသည် ။ ရှက်သွေးများ ဖြင့် မျက်နှာ တစ် ပြင်လုံး ထူပူရှိန်းဖိန်း နေသည် ။

သူတို့ မိသားစု ကျွန်တော် တို့ အိမ် အနီးသို့ ပြောင်း လာသည် မှာ မကြာသေးပါ ။ သို့သော်လည်း အိမ်နီးချင်းကောင်း တို့၏ ဝတ္တရား နှင့် အညီ သူတို့ မိသားစု ကို ကူညီနိုင်တာ ကူညီခဲ့သည် ။ ကူညီသင့်သည် ထက် ပိုမို ကူညီခဲ့သည် ။ ပြောရမည် ဆိုလျှင် ကျွန်တော့် ကျေးဇူး များစွာ သူတို့ မိသားစု အပေါ် မှာ ရှိသည် ။ အခုတော့ ကိုယ် က အခါမလပ် ကူညီ ထောက်ပံ့ခဲ့ရသူ ထံမှ ရိုကျိုး ခယစွာ တောင်းပန် နေရသည် ။

“ တစ်ဆိတ် ကူညီပါ အစ်မကြီး ရယ် ။ လူငယ်တွေ ဆိုတော့ ရှေ့ရေးနောက်ရေး မျှော်မျှော်တွေးတွေး မရှိ ဘူးပေါ့ ။ မမှားသင့်တာ မှားပြီးခဲ့ကြပေမဲ့ ပျက်အစဉ် ပြင်ခဏပါဗျာ ။ အမှားနွံ မှာ ဆက် မနစ်ဖို့ အစ်မကြီး က လည်း ဝိုင်းဝန်းဖျောင်းဖျ နားချပေးပါ ခင်ဗျာ ”

ကျွန်တော့် စကား အဆုံးမှာ ဒေါ်အေးမူ က မဲ့ကာရွဲ့ ကာဖြင့် မျက်နှာ ကို တစ်ဖက် သို့ လှည့် လိုက်သည် ။ ပြီးမှ ဝေဟင်မှ လာသော လေသံဖြင့် စီးစီးပိုးပိုး ပြောသည် ။

“ ဒီမှာ ကိုအေးကျော် ။ ကျွန်မ က လူကြီးတွေ ကို အားနာလို့ သည်းခံ နားထောင် နေတာ ။ ဒီကိစ္စ အတွက် ကျွန်မ က သိပ် ဝမ်းသာ နေတယ် ၊ သိပ် စိတ်ချမ်းသာ နေတယ်များ ထင်နေသလား ။ မေးလိုက်စမ်းပါတော် ၊ တစ်ရပ်ကွက်လုံး ကို ။ ဒီလို အခြေအနေ မှာ ဘယ် ‘ သားရှင် ’ ပျော်နိုင်သလဲ .. လို့ ။ ပြောလို့ မရလို့သာ ကြည့် နေရတာ ။ ကျွန်မ နှမြောတာ က ရှင့် ထက် ဆယ်ဆ ။ ဒီကောင်မ က ရင်မနာဘူး ၊ ယူကျုံးမရ မဖြစ်ဘူးလို့များ ထင်နေလို့လား ”

သမီး ကို ချွေးမ တော်ရတာ သူတို့ နစ်နာပါသည် ... ဆိုလိုချင်ပုံ ရသည် ။

ဒေါ်အေးမူ ၏ အပြောအဆို အပြုအမူ မှာ ကျွန်တော့် အသည်း ကို ‘ ဓားမွှန်းပြီး ဆားဖြူး  ’ သလို ဖြစ် နေသည် ။

သမီး နှင့် အကြည့်ချင်း ဆုံအောင် အတော် ကြိုးစားပြီး မှ သမီး နားလည်သည့် ဘာသာစကား ဖြင့် ခြေလှုပ် ၊ လက်လှုပ် ၊ ပါးစပ်လှုပ် ကာ အိမ်ပြန် လိုက်ခဲ့ဖို့ ကျွန်တော်
ပြောသည် ။ သမီး က ခေါင်း ကို တွင်တွင်ခါယမ်း ငြင်းဆန်သည် ။ မျက်နှာ တစ်ပြင်လုံး ရဲရဲနီကာ ပါးစပ် မှ ဝူးဝူးဝါးဝါး အသံများ ထွက်ပေါ်နေသည် ။

အရွယ် ရောက်ပြီးသည့် အခြား ဆွံ့အနားမကြား သော မိန်းမပျိုလေးများ လိုပင် သမီး သည် လည်း သူ့ အားနည်းချက် ကို လူ မသိအောင် အတတ်နိုင်ဆုံး ကြိုးစားဖုံးဖိ တတ်သည် ။ သူစိမ်းတစ်ရံဆံ ရှေ့မှာ အသံ မထွက်အောင် အထူး သတိထားကာ နေတတ်သည် ။ သို့ရာတွင် အလွန် အကြူး စိတ်လှုပ်ရှား သည့် အခါ သမီး နှုတ်ဖျား မှ အသံ များ ပွင့်အံ လွင့်ထွက် လာတတ်သည် ။ ယခု ထွက်နေ သည့် အသံ ကတော့ ဒေါသ သည်းထန်မှ ထွက်လေ့ရှိ သည့်အသံ ။

‘ ပြစ်မျိုးမှဲ့မထင် ’ အောင် ထူးခြား ထင်ရှားသည့် အလှတရား များစွာ ကို လောကကြီး ထံမှ ‘ လျော်ကြေး ’ ပြန်ရ ထားသော ပျိုမျစ်နုနယ် လှသွေးကြွယ်လွန်းသည့် သမီး မျက်နှာလေး ကို ကျွန်တော် ကြေကွဲ ဝမ်းနည်းစွာ ငေးရင်း မျက်ရည် ဝဲ လာသည် ။ သမီး နားလည်သဘော ပေါက် အောင်လည်း လက်ဟန်ခြေဟန် မျှ သာမက စကားသံများ ဖြင့်ပါ ရှင်းပြ ခေါ်ငင် နေမိခဲ့သည် ။

“ မဖြစ်ဘူးနော် သမီး ။ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဖြစ်နိုင်မယ်ဆို ဖေဖေ ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာ လက်ထပ် ပေးမှာပေါ့ ။ တကယ် မဖြစ်နိုင်လို့ပါ သမီးရယ် ။ အိမ်ပြန် လိုက်ခဲ့ကွယ် ... နော် ”

“ ကျွန်တော်တို့ ရုံးမှာ တရားဝင် လက်ထပ် ထားကြတယ် ”

အာကာလွင် က လေသံ ခပ်မာမာဖြင့် ဝင်ပြော သည် ။ မကြားသော်လည်း နှုတ်ခမ်း လှုပ်ရှားပုံကို ကြည့် ကာ ဘာပြောသည် ဆိုတာ သမီး ကောင်းစွာ နားလည် သည် ။ သမီး က အာကာလွင် ကို အားကိုးတကြီး ကြည့် သည် ။ အာကာလွင် ထံ ပိုမို တိုးကပ်သည် ။ အာကာလွင် လက်မောင်းရင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်သည် ။ “ ဘယ်သူ ခွဲခွဲ တို့မကွဲ ” .. ဟု ဆိုသည့်နှယ် ... ။

သိလိုက်သည် ။ အရာအားလုံး ဆုံးရှုံးသွားပြီ ။ ပွဲ လည်း ပြီးသွားပြီ ။

••••• ••••• •••••

သမီး ကို လက်လွှတ် ဆုံးရှုံးပြီးသော အခါ ကျွန်တော့် ဘဝ အဓိပ္ပာယ် မဲ့သွားသည် ။

မိဘတိုင်း သားသမီး ကို ချစ်တာ ကျွန်တော် သိပါသည် ။ သို့သော် အခြားသူများ ထက် ကျွန်တော် က  ( သဘာဝကျစွာ )  နည်းနည်း ပိုသည်ဟု ထင်သည် ။ တစ်ဦးတည်း သော သမီးမို့ အသည်း နင့်အောင် ချစ်သည် ။ မိတဆိုး သမီးလေးမို့ ရင်ပွင့်အောင် ချစ်သည် ။ လူစဉ်မမီ သူလေး မို့လည်း မေတ္တာ နှင့် ကရုဏာ ပေါင်းကာ နှလုံး သည်းပွတ် ပေါက် ထွက်မတတ် ချစ်သည် ။ သမီးလေး သာ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ၊ ကျွန်တော့် အတွက် အရာရာ ... ။ မှည့်ထားသည့် မြသက်နှင်း .. ဆိုသည့် အမည် ကပင် သမီး အပေါ်ထားသည့် ကျွန်တော့် မေတ္တာ ကို ဖော်ကျူး နေသည်လေ ။

ကျွန်တော့် ဘဝ မှာ နှလုံးသွေး ပျက်လုအောင် ချောက်ချား တုန်လှုပ်ရတာ နှစ်ကြိမ် ရှိပါသည် ။

ပထမ တစ်ကြိမ် မှာ သမီး ငယ်စဉ် က ဖြစ်ပါသည် ။ သမီး နှင့် သက်တူရွယ်တူ တခြား ကောင်မလေးများ စကား ကို သွက်သွက်လက်လက် ချက်ချက်ချာချာ ပြော နေချိန် မှာ ကျွန်တော့် သမီး က “ ဝူးဝူးဝါးဝါး ” အဆင့်မှ မတက်ခဲ့ ။ စကား ကို ဘယ်လို မှ သင်လို့ မရသည့်အခါ စိုးရိမ်ပူပန်လာသည် ။ မွေးကင်းစ ကပင် သမီး သည် အသံ ကို တုံ့ပြန်မှုအား အလွန် နည်းခဲ့တာကို ပြန်လည် သတိရသည် ။ ကံကြမ္မာဆိုး တစ်ခု ကျွန်တော်တို့ ထံ လာနေပြီ ဟု ခံစားရသည် ။

စမ်းသပ်စစ်ဆေးမှု များစွာ အကြိမ်ကြိမ် အထပ်ထပ် လုပ်ပြီးသောအခါ အသည်းကွဲစရာ သတင်းဆိုး ကို နား နှင့် လည်ချောင်း အထူးကု ဆရာဝန်ကြီး ထံမှ ကြားခဲ့ရ သည် ။ ဘယ်လိုမှ ပျောက်ကင်းအောင် ကုသလို့ မရနိုင် သည့် သန္ဓေ ပါ “ ဆွံ့အနားမကြား ဝေဒနာသည် ” ဘဝ ဖြင့် သမီး တစ်သက်လုံး နေရတော့မည် .. တဲ့ ။ နှလုံးသွေးပျက် လုအောင် ချောက်ချားတုန်လှုပ်ရတဲ့ပထမစကား ... ။ ကျွန်တော့် ဘဝ ၊ ကျွန်တော့် ကမ္ဘာ ပြိုပျက် သွားပြီ ထင်မိ သည် ။

သူ့ ကိုယ်သူ မသိရှာဘဲ ၊ သိလည်း မသိနိုင်ဘဲ ပျော် ပျော်ပါးပါး ပြေးပြေးလွှားလွှား ကစားမြူးထူး နေသော သမီး ကို မြင်တိုင်း ကျွန်တော် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရသည် ။ နောင် နှစ် တော်တော်လေး ကြာမှ သာ ကြိုးစားဖြေ သိမ့်နိုင်ကာ တဖြည်းဖြည်း နေသားကျ လာခဲ့သည် ။ တမြေ့မြေ့ နာကျင်သည့် ဝေဒနာတစ်မျိုး ကိုတော့ ရင်ထဲ မှာ အခါမလပ် ခံစား နေရသည် ။

သမီး ရဲ့ ကံကြမ္မာဆိုး ကို ကြားသိပြီး နောက်ပိုင်းမှာ တော့ ကျွန်တော့် ‘ မျက်ရှု ’ ဖြစ်ခဲ့သည် ။

သမီးလေး ကို အရိပ် တကြည့်ကြည့် လုပ်၍သာ နေမိခဲ့ပါသည် ။ ကျွန်တော် ၏ ကိုယ်ပိုင် အချိန် အားလုံးကို သမီး က ပိုင်စိုးသည် ။ သမီး ဘာလိုသလဲ .. ကျွန်တော် ဖြည့်ဆည်းသည် ။ သမီး ဘာဖြစ်ချင်သလဲ .. ကျွန်တော် လုပ်ပေးသည် ။ ကျွန်တော် အသက်ရှင် ရသည့် တစ်ခု တည်းသော ရည်ရွယ်ချက် မှာ သမီး ဘဝ လိုအပ်ချက်များ ကို ဖြည့်ဆည်းရန် သက်သက် ။

ထို့ကြောင့်လား မသိပါ ။ ကျွန်တော် သည် သမီး ရဲ့ အမေ ကို ပါ မမျှော်လင့်ဘဲ ထပ်မံဆုံးရှုံးခဲ့ရသည် ။  ( ကျွန်တော်တို့ သား အဖ ကို စွန့်ပြေးသည် ... ဟု တချို့က စွပ်စွဲသည် ။ )

တော်တော်လေးတော့ ထူးဆန်းသည် ။ သမီး ရဲ့ အမေ ကို အကြောင်းမဲ့ ဆုံးရှုံးခဲ့ရသော်လည်း ကျွန်တော် ထူးထူးကဲကဲ ကြေကွဲဝမ်းနည်းခြင်း မဖြစ်မိ ။ လုံးလုံးလျားလျား ဝမ်းမနည်းတာလည်း မဟုတ် ။ ထိုက်သင့်သည့် ပမာဏ အတိုင်းအတာ အထိတော့ ကျွန်တော် ကြေကွဲ ဝမ်းနည်းခဲ့ပါသည် ။ ထို ကြေကွဲဝမ်းနည်းမှုများ ဖြစ်ရ သည့် အဓိက အကြောင်းရင်းက တစ်ခုတည်း  .. ။ လောက တွင် အခက်အခဲ များစွာဖြင့် ရင်ဆိုင်ရမည့် သမီး အတွက် အစစအရာရာ ကူညီဖေးမ,ရန် အဓိက လိုအပ် သည့် အရေးကြီးဆုံး မိခင်အရင်း ကို ဆုံးရှုံးရသော ကြောင့်သာ ဖြစ်ပါသည် ။

မတတ်သာသည့် အဆုံးမှာ ကျွန်တော် သည် မိဘ မောင်နှမများ ၏ အကူညီ ဖြင့် သမီး ကို အရွယ်ရောက် အောင် ကိုယ်တိုင် ခက်ခဲပင်ပန်းစွာ မွေးမြူ ခဲ့ရပါသည် ။

အလုပ်ချိန် မှ အပ ကျွန်တော့် အချိန် ဟူသမျှသည် သမီး ၏ ဝေယျာဝစ္စများ ဖြင့်သာ ကုန်ဆုံးခဲ့ရသည် ။ ဆွံ့အ,နားမကြားကျောင်းသို့ ကျွန်တော် ကိုယ်တိုင် အကြိုအပို့ လုပ်သည် ။ သမီး နှင့် သက်ဆိုင်သမျှ သင်တန်း များ အားလုံးသို့ ကျွန်တော် ကိုယ်တိုင် စိတ်ပါလက်ပါ လိုက်ပို့သည် ။ သမီး နှင့် ပတ်သက်သမျှ ပွဲလမ်း အခမ်းအနား အားလုံး သို့ ကျွန်တော် ကိုယ်တိုင် တက်တက် ကြွကြွ လိုက်ပို့သည် ။ ထိုမျှ မကပါ ။ သမီး သွားလိုရာ နေရာ မှန်သမျှကို မရောက် မရှိရအောင် ၊ လုပ်ချင်တာ မှန် သမျှကို မလုပ်ရ မဖြစ်ရအောင် ကျွန်တော် ကိုယ်တိုင် ပျော်ရွှင်စွာ လိုက်ပါဖြည့်ဆည်းပေးခဲ့ပါသည် ။

အရွယ် ရောက်လေ လှသွေး ကြွယ်လေ ဖြစ်သည့် သမီး ကို စိုးရိမ်စိတ် တစ်ဝက် ၊ ဂုဏ်ယူစိတ် တစ်ဝက်ဖြင့် အရိပ် တကြည့်ကြည့် လုပ်ကာ သတိကြီးစွာဖြင့် ရင်အုပ် မကွာ စောင့်ရှောက်ခဲ့ပါသည် ။

သို့သော် …

••••• ••••• •••••

“ သမီး ယောက်ျား နောက် လိုက်ပြေးသည် ” .. ဆိုသည့် သတင်း ငှက်ဆိုးထိုးသံ ကို ကြားစက ဦးခေါင်း ရှစ်စိတ် ကွဲသည့်နှယ် ခံစားရသည် ။ နှလုံးသွေးပျက်လု အောင် ချောက်ချားတုန်လှုပ်ရတဲ့ ဒုတိယစကား .. ။

ထုံးစံအတိုင်း ဘယ်သူနဲ့လဲ ... ၊ ဘယ်တုန်းကလဲ .. .. ဆိုသည့် မေးရိုးမေးစဉ် များပင် မမေးမိ ။ ရင်မီးတောက်ပြီး ဦးနှောက်ပွက်ပွက် ဆူနေသည် ။ ကျွန်တော့် ဘဝမှ နုတ် ဖယ် မေ့ဖျောက် ထားနိုင်ခဲ့တာ ကြာပြီ ဖြစ်သော သမီး ရဲ့ မိခင် ကို လည်း ထူးထူးခြားခြား သွား သတိရမိသည် ။ သူ သာ သမီး နှင့် အတူ ရှိခဲ့လျှင် ယခုလို ဖြစ်မည် မထင် ။

တကယ်တော့ ဖခင် တစ်ယောက် သည် အရွယ် ရောက်လာသည့် သမီး တစ်ယောက် ကို မျက်ရှု ရတနာ တစ်ပါး လို ချစ်သော မျက်စိဖြင့် ဘယ်လိုပဲ အရိပ် တကြည့် ကြည့် ကြည့်နေစေကာမူ မမြင်မတွေ့ နိုင်တာ များစွာရှိ ပါသည် ။ “ သမီး ကို သိနားလည်သည် ” .. ဟု ထင်မိခြင်း မှာ သမီး ကို လုံးလုံးလျားလျား နားမလည်ခြင်းသာ ဖြစ် သည် ဆိုတာ အခုတော့ သိပြီ ။

ကြိမ်မီးအုံးသော အသည်းနှလုံး ဖြင့် သမီး ကို ကျွန်တော် ရှာသည် ။ သိပ်ခက်ခက်ခဲခဲပင် မရှာလိုက်ရ ။ သတင်း အစအန ကို ချက်ချင်း ရသည် ။ ရတော့ လည်း မယုံချင်စရာ ။ သမီး လိုက်ပြေးသည့် သူငယ် မှာ ဒေါ်အေးမူ ရဲ့သား အာကာလွင် ဆိုပါလား ..။

“ ဖြစ်မှ ဖြစ်ရလေ သမီး ရယ် ”

ကျွန်တော့် ရင်မှာ နာကျင်ဆို့နင့် ရပြန်သည် ။

သမီး ဘဝ ကို တကယ် စာနာနားလည်မှု ပေးနိုင်မည့် စစ်မှန်သည့် မေတ္တာရှင်များ ဖြစ်လေမလား ...ဟု ဝိုးတဝါး မျှော်လင့်ချက်များ မှာ ‘ အာကာလွင် ’ ဆိုသည့် အမည် ကြောင့် ‘ နေလာ နှင်းပျောက် ’ ဖြစ်ရသည် ။ အာကာလွင် ဆိုတာ ပညာမတတ် ၊ လက်ကြော မတင်းသည့် ရပ်ရွာ က အော့နှလုံးနာအောင် သော့သွမ်းဟော့ရမ်းသည့် ‘ ဝေလေလေ ’ တစ်ယောက် ။ အိုကြီးအိုမ မိခင်မုဆိုးမ ကို ပင် ဒုက္ခတွင်း မှ တက် မရအောင် ပြုမူနေတဲ့သူ ။ မိန်းမ တွေ ယူခဲ့တာလည်း သောက်သောက်လဲ ။ အိမ်ထောင်ရေး ကို ထမင်းစား ရေသောက် မျှသာ သဘောထားတတ် တဲ့သူ ။ ဘယ် တစ်ယောက် ကိုမှ စွဲစွဲမြဲမြဲ ပေါင်းသင်းသည် လည်း မဟုတ် ။ ‘ စလယ်ဝင် ဖင်မမည်း ’ မီ မှာပဲ ကွဲတတ် ကွာတတ်စမြဲ ။

အာကာလွင့် အကြောင်း ကို အရပ် ထဲက အခြား မိန်းမပျိုလေးများ သိသည့် နည်းတူ သမီး လည်း သိသည် ။ အာကာလွင် ကို အရပ် ထဲ က အခြား မိန်းကလေးများ ခါးသီး မုန်းတီးသည့် နည်းတူ သမီး ကလည်း မုန်းတီး သည် ။  ( အဲ ... မုန်းတီးသည် ဟု ထင်မိခဲ့သည် ။ ) ကျွန်တော် သည် သမီး ကို အာကာလွင် နှင့် ပတ်သက်ဆက်စပ်လာ လိမ့်မည် ဟု အနည်းငယ်မျှ ပင် သံသယ မဝင်ခဲ့မိ ။ အဝေး မှ အန္တရာယ်များ ကို သာ တွေးတော ပူပန်ခဲ့သည် ။ အနီး က တကယ့် အန္တရာယ် ကို မမြင်မိခဲ့ ။

လောကကြီး သည် ကျွန်တော် တွေးထင် ထားသည် ထက်ပင် ပိုမို ဆန်းပြား နေသလား .. ။ ကျွန်တော် ကပဲ လား .. ။ လောက သဘာဝ ၊ လူ့ အလေ့အထ များကို တင်ကြို မသိ မမြင်နိုင် လောက်အောင် အသိဉာဏ် ဆွံ့ရှားနည်းပါးသူလား  ... ။

အခုတော့ သမီး ကို ကျွန်တော် လက်လွှတ်ဆုံးရှုံး ခဲ့ရပြီ ။ ဘယ်လောက်ပဲ မြတ်နိုးတွယ်တာသည် ဖြစ်စေ ၊ ဘယ်လောက်ပဲ နှမြောတသ ယူကျုံး မရသည် ဖြစ်စေ ၊ သမီး ကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရပြီ ။

ချို့ယွင်းချက် ရှိသော်လည်း ကျန်းမာသန်စွမ်းပြီး သွေးသား ဆူဖြိုးသော သမီး သည် သဘာဝ အတိုင်း သူ့ လမ်းသူ လျှောက်လှမ်း သွားပြီ .. ။ အန္တရာယ် ဒင်းကြမ်းဖြင့် ဆူးပြွမ်းသည့် လမ်းဖြစ်စေကာမူ အချစ်သွေး ဆူကာ ရဲဝံ့ တက်ကြွ နေသော သမီးက မမှုပါ ။ သူ့ လမ်း ကို သူ စိတ်ကြိုက် ရွေးချယ်ကာ ပြတ်ပြတ်သားသား လျှောက် လှမ်းသွားခဲ့ပါပြီ ... ။

••••• ••••• •••••

တွေးထင် ထားသည့် အတိုင်းပင် သမီးတို့ အိမ် ထောင်ရေး မှာ မသာယာခဲ့ပါ ။

အဦးအစ နေ့ရက်များ မှာတော့ သမီး ပျော်ခဲ့ပုံရ သည် ။ ရဲရင့်ပြတ်သားသော အချစ်သူရဲကောင်းမလေး ဟန်မျိုး ဖြင့် မြူးမြူးထူးထူး ရှိခဲ့သည် ။ လောက ကို ထီ မထင် ၊ သောက ဆို မြူ မမြင်ဘဲ တိမ်ညွန့်စားသည့် … နတ်မြင်းပျံ အလား ကြွားကြွားရွားရွား ပပလွှားလွှား ။ ပတ်ဝန်းကျင် က မေးငေါ့တာ လည်း အမှုမထား ။ အနေ အစား ဆင်းရဲတာ လည်း ဂရုမထား ။

နောက်ပိုင်း မှာ တော့ သမီး အမူအရာ ညှိုးနွမ်းလာ သည် ။ နဂိုကမှ စားဝတ်နေရေး ချို့တဲ့ ကျပ်တည်းသော မိသားစု မှာ ပါးစပ် တစ်ပေါက် ထပ် တိုးရတာ ဆိုတော့ သမီး အတွက် အစစအရာရာ ခက်ခဲပါလိမ့်မည် ။ အာကာလွင် က လည်း သမီး ကို တစ်ခဏသာ ဂရုစိုက်သည် ။ နောက်တော့ သူ့ ပင်ကို ဗီဇစရိုက် အတိုင်း သောက်သောက်စားစား ဟေးလားဝါးလား နေမြဲ နေကာ သမီး ကို ပစ်ထားသည် ။ ဆင်းရဲပင်ပန်းစွာ ရပ်တည် နေရသည့် ယောက္ခမ အိမ် ထက် မှာ ချွေးမ မျက်နှာ ငယ်ရသည် ။

အားနည်းချက် ရှိသည့် မိတဆိုးလေးမို့ တစ်ဆွေလုံး တစ်မျိုးလုံး က ‘ ရွှေလိုဥ ’ ထားခြင်း ခံခဲ့ရသော သမီး သည် ‘ ပိုးထိုးလောက်ကိုက် အချစ်သစ်သီး ’ ကို ကြိုးစား ကိုက် မြည်း ရှာသည် ။ ဆွံ့အံနားမကြားကျောင်း မှ တတ်ကျွမ်း လာခဲ့သည့် အပ်ချုပ်ပညာ ဖြင့် နေ့မအား ညမနား ပြေး ပြေးလွှားလွှား ဖွေရှာကာ ယောက္ခမ နှင့် ယောက်ျား ကို ထောက်ပံ့ရသည် ။

သမီး ဖွေရှာပေးသော ငွေ ဖြင့် အာကာလွင် က အရပ် တကာလှည့်ကာ ‘ သောက်သောက်စားစား လူမင်းသား ’ လုပ် နေသည် ။ သူ့ စိတ် အခန့်မသင့်လျှင် သမီး ကို ရိုက် မောင်းပုတ်မောင်း ပြုတတ်သည် ။ အိမ်နီးနားချင်းများ မို့ မကြည့် သော်လည်း မြင် နေရသည် ။ မစွင့် သော်လည်း … ကြား နေရသည် ။ မြင်တိုင်း ကြားတိုင်း လည်း စိတ်အဆင်းရဲကြီး ဆင်းရဲရသည် ။

ဆိုင်သာဆိုင် မပိုင်သည့် ဘဝ မို့ သမီး ရဲ့ မနိုင်ရင် ကန် လောကဓံများ ကို မြင်တိုင်း ကြားတိုင်းမှာ နှလုံး သည်းပွတ်ကို ပြုတ်တူဖြင့် ဖျစ်ညှစ် ခံရသလို ကျွန်တော့် ရင်မှာ နာကျင်ခံစား ရပါသည် ။

အမိုက်မ ကတော့ သူ့ မိုက်ကြွေးမိုက်ပြစ်ကို အံတင်း ကာ ရင်စည်း ခံသည် ။ နွမ်းနွမ်းပါးပါး ညှိုးညှိုးငယ်ငယ် ဖြစ်နေရှာသည့် သမီး ကို မကြည့်ရက်နိုင်သည့် ကျွန်တော် တို့ မိသားစုသည်  ( အဆိပ်ပင် ရေလောင်း တာမှန်း သိ သည့်တိုင် ) နည်းမျိုးစုံဖြင့် သမီး ကို ကူညီထောက်ပံ့ရန် ကြိုးစားခဲ့သည် ။ သို့သော် မာနခဲသမီး က ကျွန်တော်တို့ ၏ အကူအညီ အထောက်အပံ့ များကို လုံးဝ လက်မခံပါ ။ သိလျှင် သိချင်း ပြန်ပေး တတ်သည် ။ ကျွန်တော်တို့ ၏ အပေးအကမ်း အထောက်အပံ့ ကို သမီး ငြင်းဆန်တတ် တာကို အာကာလွင် တို့ သိသွားသောအခါ သမီး ကို အငြိုးအတေး ထားကာ ပိုမိုညှဉ်းပန်းတတ်ကြောင်းလည်း အရပ် ထဲမှ ပြန် ကြားရသည် ။

သမီး နှင့် ပတ်သက်သည့် စိတ်မချမ်းသာစရာများ ကို နေ့စဉ် မြင်နေကြားနေ ရသောအခါ ကျွန်တော် ဆက် လက် မခံစားနိုင်တော့ပါ ။ မမြင်ကွယ်ရာ ၊ မကြား ဝေးရာ အရပ် မှာ မျက်စိမှိတ် ၊ နားပိတ်ကာ နေချင်ပါသည် ။ အများနှင့် မတူသည့် သမီး မို့ နောက်ဆံတင်း နေမိသော် လည်း ‘ သတ္တဝါ တစ်ခု ၊ ကံ တစ်ခု ’ ဟု ဖြေသိမ့်ရသည် ။ ကံဆိုးလွန်းသူလေး မို့ မျက်ကွယ် မှာ စိတ်မချ သော်လည်း ‘ ကိုယ်မချိ ၊ အမိ သော်လည်း ၊ သား တော်ခဲ ’ ဟု နှလုံးသွင်း ရသည် ။

နောက်ဆုံးမှာ ကျွန်တော် တို့သည် နှစ်ပေါင်းများစွာ နေလာသည့် နေရာ ကို စွန့်ခွာ ပြောင်းရွှေ့ ခဲ့ကြပါသည် ။

အနေ ဝေး၍ မမြင်ရ မကြားရလျှင် စိတ်သက်သာ မည်ထင်ခဲ့သော်လည်း လက်တွေ့ မှာ မဟုတ်ပါ ။

အနေ ဝေး သော်လည်း သမီး ရဲ့ သတင်းများကို အဆက်မပြတ် ကြား နေသည် ။  ( မကြား - ကြားအောင် လည်း နားစွင့် ထားမိသည်လေ ။ )  ကြားသမျှ ကလည်း စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိပါ ။ အိမ်ထောင်ရေး ဟူသည် သံတိုင်အိမ် ပင် ဖြစ်စေကာမူ အခန့် မသင့်လျှင် ကျိုးတတ်သည့် သဘာဝ ရှိပေရာ သမီးတို့ လို သဲသောင်ခုံ ပေါ် မှာ တည်ဆောက် မိတဲ့ တိုက်အိမ် ကတော့ အချိန် မရွေး လဲပြို သွားနိုင်တာ ကောင်းစွာ ခန့်မှန်းတွက်ဆ နိုင် ပါသည် ။

စောစီးစွာ မလဲမပြိုခဲ့ခြင်းမှာ အံ့မခန်းအောင် သည်းခံနိုင် စွမ်းအား ကြီးမားသည့် သမီး ကြောင့်သာဖြစ် သည် ။

သို့ရာတွင် မကြာမီ လဲပြိုတော့မှာ သေချာသည် ။ စဉ်ဆက်မပြတ် ရနေသည့် သမီး တို့ရဲ့ သတင်းများ ထဲမှာ သူတို့ အိမ်ထောင်ရေး အက်ကွဲသံ ကို ကြားသည် ။ အိမ် ပြန်ရန် ပြင်ဆင် နေသည့် သမီး ရဲ့ခြေသံ ကို ကြားသည် ။

အာကာလွင် သည် သူ့ မူလ အကျင့်စရိုက် အတိုင်း နောက် ကောင်မလေး တစ်ယောက် နှင့် ရပ်သိ ရွာသိ ရှုပ် နေသည် ။ အလွန် တိုတောင်းသည့် ကာလလေး အတွင်း မှာပဲ သမီး ကို ငြီးငွေ့ သွားပုံရသည် ။ တုပြိုင်ဖက် ကင်း သည့် အလှပိုင်ရှင် ဖြစ်စေကာမူ ပီယဝါစာ စကား မဆိုနိုင် သော သမီး ကို ကြာရှည် သည်းခံနိုင်ပုံ မရ ။ ထို့ပြင် ကြွယ်ပိုးကြွယ်ဝ ကျွန်တော်တို့ မိသားစု ထံ မှ အကူအပံ့ ကို နည်းနည်းလေး မှ မယူသည့် သမီး ကို မြန်မြန်ထက်ထက် စိတ်ပျက်ခဲ့သည် ထင်သည် ။

နောက်ဆုံး မှာ တော့ သမီး ကျွန်တော့် ထံ ပြန်ရောက် ခဲ့သည် ။

••••• ••••• •••••

အိမ်ထောင် ပျက်ပြီး ပြန်လာသူ ကို မိသား တစ်စုလုံး က လှိုက်လှဲ ဝမ်းသာ ကြိုဆိုကြသည် ဆိုသည်မှာ လူ ကြားလို့တော့ မကောင်းပါ ။ သို့သော် ကျွန်တော်တို့ တစ်မိသားစုလုံး သည် သမီး ကို ထိုအတိုင်း ကြိုဆိုခဲ့ သည် ။

အပျော်ဆုံးသူ ကတော့ ကျွန်တော် ပဲပေါ့ ။

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော် ပြည့်ပြည့်ဝဝ မပျော်ရဲပါ ။ ‘ ခဲမှန်ဖူးတဲ့ စာသူငယ် ’ လို စိုးစိုးထိတ်ထိတ် ရွံ့ရွံ့ကြောက်ကြောက်နှင့် မဝံ့မရဲ ရှိလှသည် ။ အချိန်မရွေး နောက်ကြောင်း ပြန် လှည့် သွားမှာ ပူပန် နေမိသည် ။

သမီး မျက်နှာ ကို ကြည့်၍ သမီး နှလုံးသား ကို ကျွန်တော် စာဖတ်နိုင်ပါ့ မလား… ။ သမီး နေပုံထိုင်ပုံ လှုပ်ရှားပြုမူပုံ ကို အကဲခတ် ၍ သမီး ဦးနှောက် ကို ကျွန်တော် ဘာသာ ပြန်နိုင်ပါ့မလား ... ။ အရွယ် ရောက် ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည်ဖို့ မလွယ်မှန်း အလွန် ခါးသီးသည့် ဘဝ အတွေ့အကြုံ အရ သိခဲ့ပြီ ။ ချို့ယွင်းအားနည်းချက် အနည်းငယ် ရှိသည့်တိုင် အရွယ် ရောက်ပြီးသော သမီး ကို ဖခင် က အကြွင်းမဲ့ သိနားလည် ဖို့ဆိုတာ အင်မတန် ခက်ခဲပါသည် ။

ပြီးတော့ အချစ် ဆိုတာ က လည်း ‘ ရေခဲရုပ် ’ လား  ... ‘ ကျောက်ဆစ်ရုပ် ’ လား ... ။ ဝေဝါး ထွေပြားလှပါဘိ ။

••••• ••••• •••••

နှစ်ပတ်လည်အောင် အိမ်တွင်းအောင်း နေသော သမီး က ဘုရား သွားချင်သည် ဟု ပူဆာသော အခါ ကျွန်တော် ကျေနပ်ပျော်ရွှင်စွာ လိုက်ပို့ ပေးခဲ့သည် ။

တိုက်တိုက်ဆိုင်ဆိုင် ဘုရား ရင်ပြင်တော် ပေါ်မှာ အာကာလွင် ကို ကောင်မလေး တစ်ယောက် နှင့် လက်ချင်း တွဲလျက် တွေ့သည် ။ သမီး မြင် လျှင် စိတ်အနှောင့်အယှက် ဖြစ်မည် ထင်၍ မြင်ကွင်း ကွယ်ရန် သမီး ရှေ့မှာ ကျွန်တော် ပိတ် ရပ် လိုက်သည် ။

မျက်စိ လျှင် သော သမီး က မြင်ပြီး ဖြစ်နေသည် ။ ကျွန်တော် မမြင်မီ က ပင် တင်ကြို မြင်ခဲ့ပုံရသည် ။ သူစိမ်းတစ်ရံဆံ ကို ကြည့်သည့် ခံစားချက်မဲ့ အကြည့် ဖြင့် သာ အမှုမဲ့ အမှတ်မဲ့ တစ်ချက် ကြည့်သည် ။

သို့ရာတွင် စိုးရိမ်သောက ဖြင့် ဗျာများ သွားသော ကျွန်တော့် ကို ကြည့်၍ သမီး က ပြုံးသည် ။

သမီး ရဲ့ တည်ငြိမ်သော အကြည့် နှင့် အေးဆေးသော အပြုံး ကို မြင်ရသောအခါ ကျွန်တော် ရင်အေး သွား သည် ။ ကာလများစွာ ပျောက်ဆုံးခဲ့သော သမီး ရဲ့အကြည့် နှင့်အပြုံး .. ။ တစ်လောကလုံး မှာ ဖခင်မှ တစ်ပါး အခြား မရှိသည့် သမီး qရဲ့ အကြည့် နှင့် အပြုံး .. ။ လိုလားတောင့်တ စွာ ကြာရှည်ကြာမျော မျှော်လင့် စောင့်စားခဲ့ရတဲ့ သမီး ရဲ့ အကြည့် နှင့် အပြုံး …. ။

နှလုံးစိတ်ဝမ်း အေးချမ်း စေသည့် သမီး ရဲ့ အကြည့် နှင့် အပြုံး ကို ဟိုတုန်းက လိုပဲ ကျွန်တော် ပြန်ရပြီ ။

အရွှန်းမြဆုံး ၊ အတောက်ပဆုံး အပြုံး ဖြင့် သမီး ကို ကျွန်တော် ကျေနပ်စွာ တုံ့ပြန် ပြုံးပြ လိုက်ပါသည် ။

⎕ ဆွန်း ( စက်မှုတက္ကသိုလ် )

📖 ကလျာ မဂ္ဂဇင်း
     ၂၀၁၃ ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment