❝ ဓာတ်ပြားဟောင်း တချပ် ❞
⎯⎯⎯⎯⎯⎯
ညီပုလေး
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ဒီ အချိန် လောက် ဆိုယင် ကျုပ် သမီး စာကျက် နေရော့မယ် ။ စာ သိပ် ကြိုးစားတဲ့ သမီးလေး ။ ဈေး ထဲ စက်ချုပ် ရာ က မောမောညောင်းညောင်း နဲ့ ပြန် အလာ ၊ အိမ် ရောက်လို့ ကျုပ် သမီး ရဲ့ စာကျက်သံကလေး ကြား လိုက်ရယင် ၊ မောတာ ရော ညောင်းတာ ပါ တဝက် လောက် သက်သာ သွားတယ်လို့ ထင်မိတယ် ။ ဒါပေမယ့် သမီးလေး ခမျာမယ် ၊ သူများ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်ကြီး ခုန်ပေါက် ဆော့ကစား နေကြတဲ့ အချိန် မှာ မကစား ရရှာဘူး ။ သူ့ခမျာ အခုလို လင်းလင်းချင်းချင်း ရှိတုန်း စာကျက် ထားနှင့်ရတယ် ။ ည မှောင် မှတော့ စာ မကျက်နဲ့တော့ ။ စာ ကျက်ချင် လို့ မရဘူး ။ ကျုပ်တို့ ဘက် ဓာတ်မီး မှ မရှိပဲလေ ။ အဲ ... မီးခွက် ပဲ ရှိတယ် ။ မီးခွက် နဲ့ တော့ စာ မကျက်ပါနဲ့ သမီး ရယ် ၊ မျက်စိ မှုန်လို့ မျက်မှန်ကြီး တပ် နေရ ပါ့မယ်လို့ ချော့မော့ ပြောထားရတယ် ။ တကယ်လည်း မျက်စိ မထိခိုက်ပါဘူး ဆို အုံးတော့ ရေနံဖိုး မတတ်နိုင်တာ နဲ့ကို မထွန်းဖြစ် တော့ဘူး ၊ ဒီလို မထွန်းဖြစ် လို့ သမီးလေး မဖြစ်ထွန်းဘူး ဆိုတာမျိုး မဖြစ်အောင် စောစောစီးစီး စာကျက် နေရှာတယ် ။ မထွန်း မဖြစ်တဲ့အခါ ထွန်းဖို့ ဟိုတလော တုန်းက ဝယ် ထားတဲ့ ရေနံ ပုလင်းဝက် တောင် ၊ ဖင်ကပ် မှ ကျန်သေးရဲ့လား မသိဘူး ။ ဘုရားမ လို့ မီးခွက် ထဲ တော့ ကျန်ကောင်းပါသေးရဲ့ ။ မမှောင်ခင် မှာ ချက်ပြုတ် စားသောက် ပြီးဖို့ ကလည်း လုံးပန်းရ သေးတယ် ။ တခါတလေ သမီးရို့အဖေ က သစ်စက် က အပြန် နောက်ကျ တတ်တယ် ။ နေ့တွက် ရှင်းပေးတဲ့ နေ့မျိုးပေါ့ ။ ကျုပ် က လည်း အပ်ထည် တွေ ကျနေလို့ ၊ မမ က ဒါလေး ပြီးအောင် ချုပ်သွားပါ ဆိုယင် ကျုပ် လည်း ဈေးပြန် နောက်ကျတာရော ။ ဒီလို ရက် ကျ ထမင်းဝိုင်း က မိုးချုပ်ပြီ ။ မှောင် နဲ့ မည်းမည်း စမ်းတဝါးဝါးပေါ့ ၊
စူဠာသမ္ဘဝ မဟာသမ္ဘဝ တို့ရဲ့ ထမင်းဝိုင်း ပဲ ။ ထမင်းတနပ် အတွက် တော့ ရေနံ အကုန် ခံ မနေတော့ဘူး ။ မှန်းစမ်းပြီး စား လိုက်ကြတာပါပဲ ။ ဒါလည်း ကျုပ်တို့ မိသားစု မှ မဟုတ် ပါဘူး ၊ ကျုပ်တို့ တန်းလျား တခုလုံး ၊ တရပ်ကွက်လုံး ဆိုပါတော့ ။ တော်တော် ကျင့်သား ရနေပါပြီ ။ တချို့ လည်း ဘက်ထရီ မီးချောင်း ထွန်းလား ထွန်းရဲ့ ၊ ကျုပ် မျက်လုံးဖြင့် ကြည့်နေကျ မဟုတ်လို့ ၊ ဘက်ထရီ မီးချောင်း က အလင်းရောင် တောင် မျက်စိ ကျိန်းတယ် ။ သမီး စာ ကြည့်ရအောင် အဲဒါမျိုး ဝယ်ရ ကောင်းမလား လို့ သူရို့ အဖေ နဲ့ တိုင်ပင်ကြည့်
တော့ ။ အကြွေးကလေး တွေ ကျေယင် ဝယ်တာပေါ့ တဲ့ ။ သူ ပြောတဲ့ အတိုင်း ဆိုယင် တော်တော် နဲ့ ဝယ်နိုင်မယ့် ပုံ မပေါ်ပါဘူး ။ နောင် ဘဝ တော့ဖြင့် မပြောတတ်ဘူး ။
သမီး ရဲ့ မှတ်ဉာဏ် ကောင်းပုံ ကတော့ အံ့ဩဖို့တောင် ကောင်းတယ် ။ ကျုပ် ရော
သူ ရို့ အဖေ ရော ဘယ်သူ ဉာဏ်ကောင်း လို့လဲ ။ ဖွတ်ချေးချည်းပဲ ၊ ကျုပ် ရို့
စာလည်း မတော်ပါဘူး ။ သူ့ ကျမှ ၊ ကိုယ့် သမီးလေး မို့ ကိုယ် ပြောတာ မဟုတ်ဘူး ။
ဒီ ကောင်မ ကျုပ် ထက် အပြန်တရာ သာတယ် ။
ကြည့်လေ ။ တနှစ် တတန်း အောင် လာလိုက်တာ ။ ဒီနှစ် သုံးတန်း ။ ဒီ သုံးတန်း လည်း သေချာပေါက် အောင်မှာ ။ နောင် နှစ် ဆိုယင် ကျုပ် မှီပြီ ။ ကျုပ်ရို့ ထက် သာတာ နောက် တခု က စာမေးပွဲ တခါမှ မကျဖူးဘူး ။ လစဉ် စာမေးပွဲ တွေလည်း တဘာသာ မှ မကျဖူး ဘူး ။ သမီး က အတွက်အချက် ဂဏန်း လည်း တော် ၊ ကျက်စာ မြန်မာစာ တို့ လည်း တော် ။ ဟို - အင်္ဂလိပ်စာ တောင် တော် လိုက် သေးတယ် ။ ကျုပ် ဖြင့် သမီး နဲ့ ပြောင်းပြန် ။ နှစ်တန်း တုန်းက တခါ ကျ ၊ လေးတန်း မှာ နှစ်ခါ ကျ ။ အဲဒီ လေးတန်း နဲ့ တင် ကျောင်း ထွက် ခဲ့ရတာ ။ ကျုပ် အောက် က အကောင်တွေ က ကျောင်း နေ မလို့ တန်းစီ နေကြတာ မဟုတ်လား ။
မိန်းကလေး ပဲ သေစာရှင်စာ တတ် တော်ရောပေါ့ နဲ့ ၊ ကျောင်းထွက် ခဲ့ရတာ ။ ပီးတော့ မကျဘူးတဲ့ ဘာသာ လဲ မရှိဘူး ထင် တာပဲ ။ ကျုပ် အမှတ်စာရင်း က နှင်းဆီပန်းသည် မှောက်ရက် လဲ ထားသလိုပဲ တဲ့ ဆရာမ က ခဏခဏ ဆူတယ် ။ သူရို့ အဖေ သာ ရှစ်တန်း အထိ ကျောင်း နေဘူး လို့ ၊ သားအဖ နှစ်ယောက် အင်္ဂလိပ်စကား တွေ ညှပ်ညှပ် ပြောပြီး ရီ လိုက်ကြတာ ။ ဘာမှန်းတော့ မသိပါဘူး ။ ကျုပ် လည်း နားလည်ချင်ယောင် ဆောင်ပြီး ရောယောင် ရီနေလိုက်တာပေါ့ ။
ကျုပ် ကျောင်း က ထွက်ပြီး အမေ့ ကို ဟင်းသီးဟင်းရွက် ကူ ရောင်းရတာ လည်း
ပျော်စရာ ကောင်းတယ် ။ ပိုက်ဆံ တွေ လည်း အများကြီး မြင်ရတယ် ။ ငယ် လည်း ငယ် ၊ ဖင် က လည်း ပေါ့တော့ ၊ ခိုင်းပြုကောင်းတယ် မဟုတ်လား ။ ဟို လူ စားတာ ကပ်ရပ် စား ၊ ဒီ လူ ဝယ်ကျွေး တာ စား ၊ ဟို လူ ဒီ လူ ဆင်တာ ဝတ် နဲ့ ၊ နည်းနည်း ကြီးလာ မှ အမေ က ဟောဒီ စက်ဆိုင် မှာ ပညာသင် အပ်တာ ။ ဆိုင် က မမ ကလည်း ကျုပ် ကို ချစ်ရှာ ပါတယ် ။ ချုပ်ဖော် ချုပ်ဖက် စက်နင်းဖော် စက်နင်းဖက် တွေ ကလည်း ကျုပ် ကို စကား တတ်တယ် ။ ရယ်ရတယ် တဲ့ ၊ အပြော ကောင်းတယ် တဲ့ ။ ကျုပ် ကို ခင်ကြရှာ တယ် ။ ဒီလို ခင်လို့လည်း ဘုတ်အုပ် က အစ ထမီ အလယ် ပိုက်ဆံ အဆုံး ကျုပ် ဆိုယင် ငှားကြ ချေးကြပါတယ် ။ ဒါပေမယ့် ပိုက်ဆံ ကတော့ လက်သုတ်ဖိုး ၊ ရွှေရင်အေး ဖိုး လောက် ချေးကြတာပါ ။ ဘုတ်အုပ် ငှားတာ ကိုတော့ ကျုပ် က ကျေးဇူး အတင်ဆုံး ပဲ ။ ကျုပ် တို့ က အငှားဆိုင် ကို တကူးတကန့် သွား ငှား မဖတ်နိုင်ဘူး မဟုတ်လား ။ ပီးတော့ ဖတ်ချိန် ကလည်း သိပ် ရှိတာ မဟုတ်ဘူးလေ ။ သမီးရို့ အဖေ “ ကိုစကားနည်းကြီး ” က နဂိုက မှ စကား နည်းနည်း ရယ် ။ ဘုတ်အုပ် ပါလာတဲ့ နေ့ ဆိုယင် သမီး မေ့ ၊ ဇနီး မေ့ ဆို တဲ့ အစား ထဲ ကပဲ ။ ဒါပေမယ့် ကျုပ် သူ့ ကို အပြစ် မတင်ပါဘူး ၊ သူ့ ခမျာ အပျော်အပါး ၊ အသောက်အစား ၊ အကစား လည်း မရှိ ၊ တခု ပဲ ။ ဆေးလိပ် တော့ သိပ်ကြိုက် ၊ ပါးစပ် နဲ့ ဆေးလိပ် က အိပ်ရာဝင် မှ ပြတ်တော့ တာပဲ ။ တနေရာ ထဲများ တနေ့ ထိုင် ဖွာယင် ခေါင် မှာ ကြပ်ခိုး စွဲ လောက်တယ် ။ ပြီးတော့ ပြောသေးတယ် ။ ဆေးလိပ် ကို အလကား ဖွာနေတာ မဟုတ်ဘူး ။ စိတ်ကူး နေတာ ၊ အတွေး ထုတ် နေတာတဲ့ ၊ ဘာ အကြံ တွေ လည်း တော့ မသိဘူး ၊ ကျုပ် တွေ့တာ ဖြင့် ခေါင်းတခါခါ နဲ့ လုပ်နေတာပဲ ။
အခုလည်း ခေါင်း တခါခါနဲ့ လက် ထဲ က ဘုတ်အုပ် ကြောင့် ခေါင်း တခါခါ လုပ်နေ တာ မဟုတ်ယင် ဧကန္တ “ မအေးလူ ” ဆီ စိတ် ရောက် နေလို့ပဲ ဖြစ်ရမယ် ။ ဒီလို အချိန် ဟိုဘက်ခန်း က မိန်းမ ရဲ့ ရှပ်ပျာ ... ရှပ်ပျာ ခြေသံ နဲ့ စကားသံ စာစာ... စာစာ ကြားရယင် မအေးလူ ရောက်လာလို့ပဲ ဖြစ်ရမယ် ။ ဘယ်သူ ရှိရမတုန်း ... ကျုပ်တို့ ရဲ့ ငွေကြေး အကြပ်အတည်း ကို ဒိုင်ခံ ဖြေရှင်း ပေးနေတဲ့ သူပေါ့ ။ ညနေတိုင်း သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်း လို့ ။ မိကျောင်းဘီး စီးစီး လာ နေတဲ့ ဝဝ မိန်းမ ။ ဗလာစာအုပ် တအုပ် နဲ့ ဟာလေ ။ ဟိုဘက်ခန်း ကလည်း မယူ မဖြစ်လို့ နေ့ပြန်တိုး ယူ ထားရတာ ။ ဒီလိုပါပဲ ချေးတယ် ဆို ကတည်း က မချေး မဖြစ်လို့ ချေးကြ တာ ချည်းပါပဲ ။ ဘယ်သူက အပျော် အပျက် ချေးမလဲ ။ ပြီးတော့ အတိုး ကလည်း “ ဆယ်တိုး ” ။ မလွှဲသာလို့ အောင့်နမ်း နေရတာပေါ့ ။ လူ မှန်ယင် ကြွေးရှိရမယ် လို့ လူပြက် ပြက်တာ သွား သတိရတယ် ။ ကျုပ် တို့ လည်း ဘယ် ကင်းပါ့မလဲ ။ သမီးလေး ကျောင်း ဖွင့်စက ကျောင်း အပ်ဖို့ ယူထားတဲ့ငွေ ။ ကျောင်းဝင်ကြေးတဲ့ ၊ ဘာတဲ့ ၊ မိဘဆရာ အသင်းကြေး တဲ့ ၊ ခုံဖိုး ၊ ကုလားထိုင်ဖိုး တဲ့ ၊ ပြီးတော့ စာအုပ်တွေ ကလည်း ဝယ် လိုက်ရ မဲနှိုက် လိုက်ရတာ မနည်းပေါင် ။ ဖတ်စာအုပ် က ကံကောင်းလို့ မဲ ပေါက်တာ တဲ့ ၊ ကျုပ် ဖြင့် ကံကောင်း မှာကို ကြောက်ကြောက် လာတယ် ။ အားလုံး ငွေ နှစ်ရာ့ငါးဆယ် ကျော် တယ် ။ မအေးလူ ငွေ ကို တတ်နိုင် သမျှ တော့ ဖဲ့ဆပ် နေ တာပါပဲ ။ သမီး ကျောင်းဝတ်စုံ တောင် အသစ် ချုပ် မပေးနိုင်ဘူး ။ ချုပ်ခ မကုန် ပေမယ့် အစဖိုး ကို မတတ်နိုင်တာ ။ ဒါကြောင့် အဝတ်အစား ဂုဏ် ထက် ပညာဂုဏ် က ပို ကြီးတဲ့ အကြောင်း သမီး ကို ပြောပြ ထား ရတယ် ။ ကိုယ် က မပြည့်စုံတော့ ဈေး က ပြန် လာယင် သမီး မျက်နှာ ညှိုး နေသလား ၊ ကျောင်း မှာ မျက်နှာ ငယ် နေမှာလား ၊ ဒီလို မပြည့် မစုံမို့ သမီး အကျင့်တန် လေမလား လို့ စိုးရိမ် လိုက်ရတာ ၊ သမီး အရိပ်အကဲ ကြည့် နေရတာ အမောပဲ ။ ဒါပေမယ့် သမီး က လိမ်မာရှာ စာ ကြိုးစား ရှာတယ် ။
တနှစ် တတန်း အောင် နေတော့ သမီးလေး တယောက် ဆို တယောက် ထွန်းပေါက် စေချင်တာပေါ့ ။ သူရို့အဖေ က ပို ဆိုး သေးတယ် ။ ကြွေး တင် ယင် တင်ပစေကွာ ၊ လူ ဆင်းရဲ ကြွေးတင်တာ ရှက်စရာ မဟုတ်ဘူး တဲ့ ။ ပညာ သင်ရာမှာ မျက်နှာ မငယ် စေနဲ့ တဲ့ ။ ဒါပေမယ့် ကျုပ်တို့ အထွာ နဲ့ ကျုပ်တို့ ပဲ ကြွေးတင် ခံနိုင်မယ် တော့် ။ သူရို့ အဖေ က လည်း အကြံ ကောင်းယင် တချက် ၊ ကံ ကောင်းယင် တသက်ကွ လို့ ခဏ ခဏ ကြိမ်းပြီး ဘာတွေ ကြံနေတယ်တော့ မသိဘူး ။ ကျုပ် တွေ့ တာတော့ ရှိစုမယ့်စု နဲ့ ထီထိုး နေတာပါပဲ ။
သမီး က ပထမတန်း တုန်း က အဆင့်ငါး တို့ ၊ ခြောက် တို့ ချည်းရတာ ။ ဒုတိယတန်း မှာ လည်း အဆင့်သုံး တို့ ၊ လေး တို့ ၊ ငါး တို့ က မဆင်းဘူး ။ သူများတွေ လို ကျူရှင် မယူတော့ လည်း အဆင့်လေး တို့ ၊ ငါး တို့ ရတယ် ဆိုတာ နည်းနည်းနောနော
မဟုတ်ဘူး နော် ။ ကျုပ် တုန်း က အဆင့် ၃၄ - တို့ ၊ ၃၅ - တို့ လောက် ရခဲ့တာ
မဟုတ်လား ။ အခုလည်း သမီး က အဆင့်လေး တဲ့ ။ သုံး ရတဲ့ ကောင်မလေး နဲ့
တမှတ် တည်း ကွာတာ တဲ့ ။ ဟိုကလေး က ဆရာမ ဆီ မှာ ညနေတိုင်း စာ သွား ... သွား ကျက်နေကျတဲ့ ။ ပီးတော့ လက်ရေး လည်း လှသတဲ့ ။ ကျုပ် ဖြင့် ကျုပ် သမီး လက်ရေး ကို တော်တော် လှနေ ပြီလို့ ထင်တာပဲ ။ အေးလေ ... ကိုယ် က ဖိဖိစီးစီး သင်ပေးနိုင်တာ မှ မဟုတ်ပဲ ။ အခု အဆင့်လေး ရတယ် ဆိုလည်း မဆိုးပါဘူး ။ နောင် တော့ ပထမ တို့ ဒုတိယ တို့ မရဘူးလို့ ဘယ်သူ ပြောနိုင်မလဲ ။ စိတ်ကူး တာတို့ ၊ မျှော်လင့် တာတို့ ပဲတော် ... ပိုက်ဆံ ပေးရတာ လိုက်လို့ ။ သူရို့ အဖေ ငွေ နှစ်ကျပ် နဲ့ သိန်းဆုကြီး တောင် မှန်း လိုက်သေးတာပဲ ။ ကျုပ်ရို့ သမီးလေး ဆရာဝန် မဖြစ်နိုင်ဘူး ထင်သလား ။ အနည်းဆုံး တက္ကသိုလ် က ကထိကကြီး ဖြစ်ဖြစ် ၊ ကျောင်းအုပ် ဆရာမကြီး ဖြစ်ဖြစ် လောက် တော့ မှန်းတာပေါ့ ။ ကျုပ် ရို့ ထက် သာပြီး ကျုပ် ရို့ လို ကြွေး မတင်စေချင်ဘူး ။ မပင်ပန်းစေ ချင်ဘူးလေ ။ ဘုတ်အုပ် တွေ ထဲမှာ စာ တော်တဲ့ ကျောင်းသူ ကျောင်းသားတွေ အကြောင်း ခဏ ... ခဏ ဖတ်ဖူးပါတယ် ။ ဒီနေ့ ငှား လာတဲ့ ဘုတ်အုပ် ထဲ တောင် ပါ လိုက်သေးတယ် ။ တံဆိပ်ဝိုင်း တွေ လည်ပင်း ဆွဲလို့ ။ ပြုံးစိစိ နဲ့ ။ ဘုတ်အုပ်တွေ တထပ်ကြီး စာကြည့်စားပွဲ ပေါ် တင်ပြီး စားပွဲတင်နာရီ နဲ့ စာကြည့်မီး နဲ့ ဘာ နဲ့ စာကျက် နေတဲ့ပုံ ။
ကျောင်းအုပ်ဆရာမကြီး က ဆု ပေးပြီး လက်ဖမ်းဆုပ် နေတဲ့ပုံ လည်း ပါရဲ့ ၊ ဧည့်ခန်း ထဲ မှာ သူရို့ အမေ နဲ့ အဖေ ကြား ထိုင်ပြီး တမိသားစုလုံး သွားဖြဲလေး တွေနဲ့ ရိုက်ထား တဲ့ ဓာတ်ပုံ ရော - အိုစုံလို့ပါပဲ ။ ဓာတ်ပုံ တွေ ကြည့်ရတာ ကိုက ပျော်စရာကြီး ၊
စိတ်ချမ်းသာစရာကြီး ။ ဒီလောက်တောင် တော်တဲ့ ကလေးဟာ လေ ။ ကျုပ်ရို့
သမီးလေး ဖြစ်လိုက်ပါတော့ လို့ ဆုတောင်း မိတယ် ။ ကျုပ် သမီး လည်း ငယ်သေး လို့ ။ ကြီးလာ လို့ ဒီလို သာ ၊ စာတော်ယင် ဒီလိုပဲ ဘုတ်အုပ် ထဲ ကျုပ်ရို့ မိသားစု ပါလာမှာ ထင်ပါရဲ့ ။ ကိုစကားနည်းကြီး ကတော့ ဒီလို ပုံတွေ ကြည့် ကြည့်ပြီး သူ့ ထုံးစံ အတိုင်း
ခေါင်းတခါခါ လုပ် နေတယ်လေ ။ သူ့ ကို ဘာတွေး နေတာတုန်း လို့ သွား မမေး လိုက် နဲ့ ဒီလို မေးယင် ၊ ငါရို့ လည်း သူရို့ လို မြို့တော်ကြီး မှာ နေပြီး ၊ လခ ကောင်းကောင်း ၊ ဝင်ငွေ ကောင်းကောင်း ၊ ပြည့်ပြည့်စုံစုံ နဲ့ ဘယ်နှယ် ညာ့နှယ် ဆိုတာတွေ ပြောအုံးတော့မယ် ။ ကျုပ် ဖြင့် ဒီ စကားလုံးတွေ ရိုးအီ နေပြီ ။ ကြား ... မကြားချင်ပေါင် တော် ။ ။
⎕ ညီပုလေး
📖 မိုးဝေ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၈၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment