Monday, July 8, 2024

ခူနာ

❝ ခူနာ ❞

( ၁ )

“ ဖခင် ဘုရင်ကြီးမှာ မကြားလိုပါ မကြား × × × လိုပါ × × × သားလှလေးရဲ့လက်မှာ ခူနာ ပေါက်တဲ့အခါ × × × ဘုရင်ဗိမ္ဗိသာရ ချစ်လှတဲ့ ဘုရင် ကြီးခမျာ × × × အို × × × အေး × × × အို × × × တေးဆို ညည်းကာ × × × သားငယ် ရဲ့ ဝေဒနာကိုသာ × × × ပျောက်ပါစေတော့ × × × အာခံတွင်းထဲမှာ × × × သွင်းကာ ငုံထားရာ × × × အနာပြည်မှည့်လေသောအခါ × × × အာခံ × × × တွင်းထဲမှာ x× × အာခံတွင်းထဲမှာ × × × ပေါက်ပြန်လေ တော့တာ × × × ဖခင် မှာ မျိုခါချရှာ ” 

အသံ ကဝေမ လို့ တောင် ကျော်ကြားတဲ့ အဆို ပါရမီရှင် ရဲ့ ဗိမ္ဗိသာရ ရုပ်ရှင်ဇာတ်ဝင် သီချင်းက ဟို တစ်စ ၊ ဒီ တစ်စ နဲ့ သောတအာရုံ က တစ်ဆင့် နှလုံးသား အိမ် ထဲ အထိ ပဲ့တင် ထပ် လို့ ။

မိခင်မေတ္တာဘွဲ့ တွေ ရေးကြ ၊ ဆိုကြ ၊ ဖွဲ့နွဲ့လိုက်ကြ တာ တွေ တစ်ပုံတစ်ပင် ထဲ မှာ ရှားရှားပါးပါး ဂန္ထဝင် မြောက် ဖခင်မေတ္တာဘွဲ့ ပါ ။ ဇာတ်ဆောင် တွေ က အထင် ကရ ၊ ဖခင် က မြတ်စွာဘုရား ရဲ့ ဒကာရင်း ဥပါသိကာ ဗိမ္ဗိသာရ မင်းကြီး ။ သား ဖြစ်သူ က ပဉ္စနန္တရိယ ကံကြီး ကျူးလွန် ပြီး မှ မြတ်စွာဘုရား အဆုံးအမ ခံယူ ၊ နောက် ပထမသံဃာယနာတင်ပုဂ္ဂိုလ် ဖြစ် လာတဲ့ အဇာတသတ် မင်း ။

မယ်တော် ဝေဒဟီ မိဖုရားခေါင်ကြီး နဲ့ အရှင်လတ်လတ် မြေမျို ခံရတဲ့ ဒေဝဒတ် တို့ က ဇာတ်ပို့ တွေ ။ ဒီလောက် အားကောင်း တဲ့ ဇာတ်ဆောင် ၊ ဇာတ်ပို့ တွေ နဲ့ ကြီးကျယ်ခမ်းနားလှ တဲ့ ဇာတ်တော်ကြီး ပါ ပဲ ။

မှတ်သား စရာ ၊ သင်ခန်းစာယူ စရာ ၊ ကြေကွဲ စရာ ၊ ဝမ်းနည်းတုန်လှုပ် စရာ တွေ ၊ အဲဒီ .. အဲဒီ အရာတွေ ကြား ကျွန်တော့် ရင် ထဲ အထိ တစစ်စစ် ကိုက်ခဲ ခံစားစေခဲ့တဲ့ ဇာတ်ကောင် က တော့ “ ခူနာ ”  ။

( ၂ )

အင်္ဂလိပ် လက်နှိပ်စက် လက်ကွက်ပုံစံ ကို စက္ကူ ကတ်ထူ ပေါ်ကူးဆွဲ ၊ လက် နှစ်ဖက် ကို ပုံသေလက်ကွက် တွေ ပေါ် အသာ တင်ရင်း ပါးစပ် က လည်း အသံ ထွက် ၊ လက် က လည်း အချက်ကျကျ ရိုက် လို့ ။

“ ASDFGF; LKJHJ ”

လက်ညှိုးလေး နှစ်ချောင်း က နည်းနည်း ပို ဂရုစိုက် ရတယ် ။ ကျန်တဲ့ လက်ချောင်း တွေ က တစ်လုံး စီ ပဲ ရိုက် ရတာ ။ လက်ညှိုး က နှစ်လုံး ။ အပေါ် နှစ်တန်း ကို တက် ရိုက်တော့ လည်း နှစ်လုံး ၊ အောက် ဆင်း ရိုက်တော့ လည်း နှစ်လုံး ၊ ဒီ လက်ညှိုး က စာလုံးရေ နှစ်ဆ ရိုက်ရ တယ် ။ ရိုက် တာ ပျော့ရင် စာလုံး က မှိန်ချင်သေး ။ မိတ္တူဘသုံးလေးစောင် ကာဗွန် ခံပြီး ထပ် ရိုက် ရလို့ ကတော့ နည်းနည်း ဖိ ရိုက်မှ ။ ကျွန်တော် က တော့ ကစားစရာ အသစ် ရတဲ့ ကလေး လို အတွေ့ အကြုံသစ် ၊ သင်ခန်းစာ အသစ် ထဲ အာရုံ မြုပ်လို့ ။

“ ASDFGF; LKJHJ ”

“ ASDFGF; LKJHJ ”

“ ဟေ့ကောင် ၊ အဲဒါ ဘာလုပ်နေတာလဲ ”

နောက်နား က မာမာထန်ထန် မေးလိုက်တဲ့ ဖေဖေ့ အသံကြောင့် ဆတ်ခနဲ လန့်သွားပြီး...

“ သား ... သား .. လက်နှိပ်စက် သင်နေတာ ဖေဖေ ”

“ ဘာကွ ၊ မင်း က လက်နှိပ်စက်စာရေး လုပ်ချင် လို့လား ဟင် ။ မင်းတို့ ကို ပညာ တွေ သင်ပေး နေတာ ဒီ အလုပ်မျိုး လုပ်စားရမှာ စိုးလို့ကွ နားလည်လား ။ မင်းက ... ”

ခါတိုင်း ရုံးက ပြန်နေကျ အချိန် မဟုတ် ၊ အစောကြီး ပြန် လာပြီး ပေါက်ကွဲ နေတဲ့ ဖေဖေ့ ကို ..

“ ကျောင်း က လည်း ပိတ် ထားတဲ့ အချိန်မို့ ပါ ဖေဖေ ရာ ”

ပြန် ပြောတာ မကြိုက်မှန်း ၊ ဖေဖေ ဒေါသကြီးမှန်း သိတဲ့ ကြား က နည်းနည်းလေး တော့ ပြန်ပြောလိုက်ရမှ ။ ရိုက်ခါ မှ ရိုက်ရော ၊ အဲဒီ အကျင့် က မပျောက် ။

“ ဟေ့ကောင် .. အား နေရင် မင်းအမေ ဆိုင်မှာ ဝိုင်းကူ ၊ နောက်လာမယ့် အတန်း အတွက် စာ ကြိုကြည့် ၊ လုပ်စရာတွေ အများကြီး ”

“ ဟာ ... ဒီ သားအဖ ဘာတွေ ဖြစ်ကြပြန်ပြီလဲ ။ ခင်ဗျား ရုံး ကပြန်လာတာ လည်း စောလှချည်လား ။ အိမ်ရှေ့ က ဖြတ်သွားတာတွေ့  လိုက်လို့ လိုက်လာတာ ။ ဘာတွေ ဒေါပွနေလဲ ”

တော်ပါသေးရဲ့ ၊ ဖေဖေ နဲ့ တစ်မြို့တည်းသား ရန်ကုန် တက်လာတော့လည်း အတူတူ ၊ ညီအစ်ကိုလို ချစ်ကြတာ ။ မိသားစုချင်း ကလည်း နှစ်အိမ့် တစ်အိမ် အိမ်နီးချင်း လည်း ဖြစ် နေတဲ့ ဖေဖေ့ သူငယ်ချင်း ။ အဲဒီ ဦးဦးရောက်လာတာ နဲ့ အသာလေး လစ် ထွက်လာခဲ့ ရတာ ။

ကျွန်တော့် လွတ်မြောက်နယ်မြေ က တော့ မေမေ ရှိရာ ။ မေမေ့ ဆိုင် ကို ဦးတည် လျှောက်လာရင်း လည်း စဉ်းစား နေမိတယ် ။ ကျောင်းအားရက် ကြက်ခြေနီ သင်တန်း ၊ အခြေခံ စစ်ရေးပြ ၊ လက်နက်မဲ့သိုင်း သင်တန်းတွေ တက်ခဲ့တာပဲ ။ ဖေဖေက အားတောင် ပေးသေး ။ အတတ်ပညာ ဆိုတာ ဘာပညာ ဖြစ်ဖြစ် တတ်ကောင်းတယ်ဆို ။ အခုမှ ဘယ်လို ဖြစ်ရပြန်တာတုံး ။ အင်း ... လူကြီးတွေ ဟာ ...

“ သား ဘာဖြစ်တာလဲ ။ မျက်နှာကလည်း စူပုပ်လို့ ။ ဖေဖေ နဲ့ တွေ့ခဲ့လား ”

ကျွန်တော့် ကို စူပုပ် နေတာပဲ ပြောတဲ့ မေမေ့ က လည်း မျက်နှာ မကောင်း ။

“ တွေ့တယ် ၊ ဖေဖေ အိမ်ထဲ ဝင်လာတာတောင် မသိလိုက်ဘူး ။ သား က လက်နှိပ်စက် သင်ထားတာ ပြန် ကျင့်နေတုန်း ဆူလိုက်တာ မေမေ ရာ ။ အသား လွတ်ကြီး ၊ အဲဒီတုန်း ဦးဦး ရောက်လာလို့ လစ်ထွက် လာတာ ”

မေမေ က သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ် လိုက်ပြီး...

“ သား ဖေဖေ ဒီနေ့ အလုပ် က ထွက်စာ တင်လာ ခဲ့တာ သား ရဲ့ ။ မန်နေဂျာ က ခင်ဗျား အပြင် အလုပ် ကောင်းနေရင် ဘာလို့ ရုံးအလုပ် လုပ်နေလဲ ပြောလို့ ဒေါသထွက်ပြီး တစ်ခါတည်း ထွက်တယ် ဆိုပြီး စာ တင်ခဲ့တာ ။ တော်တော်လည်း ပြောပစ်ခဲ့တယ် တဲ့ ။ သူ့ အလုပ် တာဝန် တစ်ခါမှ မပျက်ကွက်ခဲ့တဲ့ အကြောင်း ၊ လက်နှိပ်စက်စာရေး လစာ က မိသားစု မလောက်မင ၊ အမျိုးသမီး ဆိုင် ထွက်တာ ကူရလို့ တစ်ခါတလေ စော ပြန်တာရှိတဲ့ အကြောင်း ၊ လက်နှိပ်စက် စာရေး က နှစ်ယောက် ရှိလို့ နားလည်မှု နဲ့ လုပ်နေကြတာ ။ ဒီရုံး က မိသားစု လို ဖြစ်နေတဲ့ အကြောင်း ၊ ကိုယ့် လက်အောက် ငယ်သား တွေ စားဝတ်နေရေး မကူညီတဲ့ အပြင် နား လည်မှု မရှိတာကြောင့် ထွက်တယ် ဆိုပြီး ရေးတင် ခဲ့တာတဲ့ ။ ဒီ မန်နေဂျာ ရောက်လာပြီး မှ အဆင် မပြေတာ က တော့ ကြာပါပြီ ။ လုပ်ဖော်ကိုင်ဖက် တွေ က တော့ ကောင်းကြရှာပါတယ် ။ ဌာနခွဲ စာရေးကြီး က ဆို ထွက်စာ သူ့ ကို ပေးထား ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့ ဆိုပြီး ပြောရှာပါသေးတယ် ”

“ အဲဒါ သား က နည်းနည်း သတိထား ။ ဖေဖေ့ ကို စိတ်ထဲ ကလည်း မပြစ်မှားနဲ့ ။ ဖေဖေ က သားတို့ ကို သိပ် ချစ်တာ ၊ ပညာတတ်ကြီး တွေ ဖြစ်စေချင်တာ ။ သူ့ စိတ်ထဲ သား နှစ်ယောက် ကို စိတ်ကူး တွေ ယဉ်နေတာ ။ ဖြစ်စေချင် လိုက်တာတွေ မပြောပါနဲ့တော့ သားရယ် ။ ဒီရက် ထဲ သားဖေဖေ စိတ် က လည်း ထွေ နေမှာ ။ သူ ဒေါသ ဖြစ်နေတဲ့ အချိန် ပြန်ပြန် မပြောနဲ့နော် ။ သား က လိမ္မာပါတယ် ”

လူပျိုပေါက် အရွယ် သား ကို ကလေးလေး တစ်ယောက် လို ဖက်ထား ရင်း ပြောပြ နေတဲ့ မေမေ့ အသံ က ရှိုက်သံ တစ်ဝက် ပဲ ။

ကျွန်တော့် ရင် ထဲ မှာ လည်း ဆို့ဆို့နင့်နင့် ။

“ ဖေဖေ သားတွေ ကို ချစ်တော့ ချစ်မှာပါ ။ ဒါပေမဲ့ အခု မေမေ့ လို အေးအေးဆေးဆေး ရှင်းပြလည်း ရတာပဲဟာ ”

လောလောလတ်လတ် အဆူခံ ထားရလို့ မကျေနပ်တာ ကတစ်ပိုင်း ၊ ဖေဖေ့ အကြောင်း ကြားလိုက် ရတော့ စိတ်ထိခိုက်သွားတာ တစ်ပိုင်း နဲ့ အတွေး တစ်ခုက ခေါင်း ထဲ ရောက်လာ သေးတယ် ။

မေမေ က သိပ်ပြီး နူးညံ့တာ ၊ အမြဲတမ်း ပြုံးလို့ ။ ဝမ်းနည်းလို့ စိတ် ထိခိုက် ရင် တောင် ကျိတ်ငိုတာ ။ ခွန်းကြီး ခွန်းငယ် ပြန် ပြောတာ ကို မတွေ့ဖူးဘူး ။ သားနှစ်ယောက် ကိုလည်း အရမ်းချစ် ၊ အရမ်း စိတ်ရှည်တာ ။ ဖေဖေ သာ အဲဒီလို စိတ်ရှည် နူးညံ့ရင် ဘယ်လောက် ကောင်းလိုက် မလဲလို့ ။

( ၃ )

ဖေဖေ က ဇလွန်သား ၊ ခုနစ်နှစ်သား မှာ မအေ ဆုံးတယ် ။ ဖအေက တကယ့် လူရိုးလူအေး ။ ဆွေမျိုး တွေ ဝိုင်း စီစဉ်လို့ ခယ်မဖြစ်သူ နဲ့ လက်ဆက် လိုက်တော့ ဖေဖေ က အဒေါ်  မိထွေးလက်ပေါ် ကြီးရတယ် ။ ဖအေ စက်ဆရာ က ဆန်စက်တည်ဖို့ ၊ ပြင်ဖို့ လာခေါ်ရင် ညအိပ် ညနေ ထွက်ထွက် သွားရတော့ အိမ်ကပ်ရတယ် မရှိဘူး ။

ဖေဖေ ကျောင်း နေတဲ့ အရွယ်မှာ စစ်ကြီး က ဖြစ်တော့ စာသင်တာက မမှန် ၊ ရန်ကုန် ကို ဇွတ်ရွတ် တက် လာတော့ ကားစပယ်ယာ လုပ် လို လုပ် ၊ ဧရာဝတီ သင်္ဘော လိုက် လို လိုက် ။ အဲဒီ ကြား ထဲ က အလွတ်ပညာ သင်ကျောင်း တက် ၊ ခုနစ်တန်း ဖြေ ၊ နောက်အတန်း ခုန်ပြီး တော့ ကိုးတန်း ၊ ဟိုတုန်းက အခေါ် ဟိုက်စကူး ဖိုင်နယ် ဝင် ဖြေပြီး အောင် ။ သိန်းတစ်ရာ လက်နှိပ်စက် သင်တန်း တက် ။ တကယ့် ကိုယ့်ထူးကိုယ်ချွန် ခဲ့ရတာ ။ မဟုတ်မခံ မျိုးချစ်စိတ် ကလည်း ရှိတော့ အာရှလူငယ်အဖွဲ့ ဝင် ၊ လွတ်လပ်ရေး ကြိုးပမ်းတဲ့ ကာလ သူ နိုင်သလောက် တော့ ဝင်လုပ်ခဲ့သေးတာပဲ ။ ပါလီမန်ခေတ် ဒီဘက် စုမိ ဆောင်းမိ ရှိသမျှလေး နဲ့ အစုရှယ်ယာ အတော်များများ ဝင်ထားတဲ့ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ တစ်ခုမှာ အထွေထွေ စာရေးကြီးဘဝ ။ မကြာပါဘူး ။

ပြည်သူပိုင်တွေ သိမ်း လိုက်တော့ သားဦး ကျွန်တော် က လသား အရွယ်လေး ။ ဖေဖေ တစ်ယောက် မျက်ကလူး ဆန်ပျာ အလုပ် လိုက်ရှာရာ ကနေ သစ်လုပ်ငန်းဌာန မှာ လက်နှိပ်စက်စာရေး ဖြစ်တော့တာပါပဲ ။

အရာရှိ က အမျိုးမျိုး ၊ လက်ရေး က အဖုံဖုံ ။ ကြည့်လေ ကပျစ်ကညစ် ရေး ထားတာတွေလည်း ပါရဲ့ ။ ရေးပြီးသား တွေ ပြန်ဖျက် ၊ အောက်ခြေ က မြားပြ ၊ ဘေး ကို ဆွဲထုတ် ၊ စာ ကြားထဲ ဒေါက်ထောက် ၊ အောက် ခြေ က ထပ်ဖြည့် နှင့် စုံလို့ ။ အဲဒါ တစ်ခါ က နှစ်ခါ ပြန် မေးရင် ဆူလိုက် ၊ ဟောက်လိုက် လုပ်သေးဆိုပဲ ။ ဒါတောင် ဖေဖေ က ရုံးစာပုံစံတွေ ဆို အလွတ် ရပြီးသား ။ လုပ်ငန်း ကျွမ်းကျင်သူ မို့ ကိုယ့် ဘာ ကိုယ်ပဲ ပြင်စရာ ရှိ ပြင် ၊ ဖြည့်စရာ ရှိ ဖြည့် ရိုက်ပြီး လက်မှတ် ထိုးရုံ သွားပေး ရတာတဲ့ ။

ဒါက တစ်ခါတလေ ဖေဖေ စိတ်လိုလက်ရ ပြောပြ ဖူးတဲ့ လက်နှိပ်စက်စာရေး ဘဝ ။

အခုတော့ အေးရော ၊ ထွက်ပစ်လိုက်ပြီလေ ။ အင်း ... အခုမှ ခက်တော့တာ ။ ဖေဖေ့ ကြည့်ရတာ နေမထိ ၊ ထိုင်မထိ ။ အလုပ်လေး ရှိနေတုန်းက ဣန္ဒြေ ရတာတော့ အမှန် ။ အခုတော့ သားအကြီး က စကောစက အရွယ် ၊ သားအငယ် က ကလေး သာသာ ။ အိမ်ထောင်ဦးစီး တစ်ယောက် အနေနဲ့ အလုပ် မရှိ ၊ ဝင်ငွေ မရှိ ။ ဒါတောင် ဖေဖေ့ လုပ်ဖော်ကိုင်ဖက် တွေ က ဆေးပင်စင် ရအောင် ဝိုင်း လုပ်ပေးကြတာ ။ အသက်အာမခံစုငွေ ၊ လုပ်သက်ခံစား ခွင့် ဆုငွေလေး ရတာရယ်ကြောင့် တော်သေးတာပေါ့ ။ မေမေ့ ဆိုင်လေး ကို လည်း ထပ်ပြီး တိုးချဲ့ ရင်းနှီးလိုက် တယ် ။

သိပ်တော့ မကြာလိုက်ပါဘူး ။ ဖေဖေ့ မိတ်ဆွေ စာရေးကြီး တစ်ယောက် က ဖေဖေ ကုမ္ပဏီအတွေ့အကြုံ ရှိမှန်း သိလို့ နိုင်ငံခြား သစ်ကုမ္ပဏီ တစ်ခုအတွက် လာ ကမ်းလှမ်းတာ နဲ့ လုပ်ဖြစ်သွားတယ် ။ သက်ဆိုင်ရာ ဌာန အသီးသီး ဝင်ရ ၊ ထွက်ရ ၊ လုပ်ရတာ ဆိုပေမယ့် လက်နှိပ်စက် က တော့ ဖေဖေ့ အတွက် ဝဋ်နာကံနာ ပဲ ထင်ပါရဲ့ ။

( ၄ )

“ သား က လေ နားဖာကလော် ရင် အမြဲတမ်း ချောင်း ဆိုးတယ် ။ ဖအေနဲ့ တစ်ပုံစံ တည်း ”

မကြီးမငယ် နဲ့ ကျွန်တော့် ကို ပေါင် ပေါ် ခေါင်း တင် ခိုင်းပြီး နားဖာကလော် ပေးရင်း ခင်ပွန်းဖြစ်သူ အကြောင်း လွမ်းလွမ်းဆွေးဆွေး ပြော နေတဲ့ မေမေ့ မျက်နှာ ကို မော့ ကြည့်နေမိတယ် ။

ဟုတ်တယ် ၊ ငယ်ငယ်လေးကတည်း က ကျွန် တော် က ဖေဖေ နဲ့ တထေရာတည်း ။ တကယ်က ရုပ်တင် မဟုတ်ဘူး ။ တချို့ အမူအကျင့် တွေပါ တူတယ် … လို့ ပြောရမယ် ။ ဇွတ်တရွတ် လုပ်တာ ၊ မဟုတ်ရင် မခံချင်တာ ၊ တစ်ခါတစ်ခါ စိတ်တိုတတ်တာက အခု ကြီးလာ မှ နည်းနည်း ထိန်းသွားတာ ။ အဲသလို တူလို့ လားတော့ မသိပါဘူး ။ ဖေဖေ နဲ့က သိပ် မတည့်ချင် ။ အထွန့်ကလည်း ပြန် ပြန်တက်လိုက်သေး ။

“ ဟေ့ကောင် ၊ ဝါးခြမ်း မြင်ပေမယ့် ဖအေက ဝါးလုံး ဆိုရင် လုံးလိုက် ။ ငါ က အဖေ ၊ မင်း က သား ” တဲ့ ။ ဘယ် ကျေနပ်မလဲ ။ ဒါက ဝါးခြမ်း ပဲ ဥစ္စာ ။

“ အိုးထိန်းသည် က အိုး ကို တဖတ်ဖတ် ရိုက် နေတာ အိုး ကို ကောင်းသထက် ကောင်းအောင် ၊ လှသ ထက်လှအောင်ကွ ၊ နားလည်လား ။ ရိုက်ချင် လို့ ရိုက်နေ တာ မဟုတ်ဘူး ”

တင်ပါး မှာ အရှိုးရာ အထပ်ထပ် ၊ တဖျဉ်း ဖျဉ်း စပ်နေတဲ့ ကျွန်တော်က “ အိုး မှ မဟုတ်တာ ” လို့ အဲဒီတုန်းက ပြန် မပြောရဲပေမယ့် လည်ချောင်း ထဲ မတော့ ကလိကလိ ။

သားတွေ ကို ကွယ်ရာမှာ ချီးကျူးပေမယ့် “ သား သမီး ချစ်ရင် ကွယ်ရာ မှာ ချစ် ။ ရှေ့မှာ မချစ်နဲ့ ” တဲ့ ။ တစ်ည ကျွန်တော်တို့ ညီအစ်ကို အိပ် နေတုန်း အိပ်ပျော် ပြီ အထင်နဲ့ ခြင်ထောင်ကို အသာ မပြီး ခိုးနမ်းခဲ့ တုန်းက နှုတ်ခမ်းမွေး တိုစစ က အခုထိ ရှတတ လေ ။

ဆံပင်ရှည် မထားရ ၊ ဂျင်းဘောင်းဘီ မဝတ်ရ ၊ ဂီတာ မတီးရ ၊ ဝတ္ထု မဖတ်ရ ၊ ဆေးလိပ် မသောက်ရ ၊ မလုပ်ရပေါင်း များစွာ .. များစွာ ။ ဘယ်လိုနေ ၊ ဘယ်လို စား ၊ ဘယ်လိုပြော ၊ ဘယ်လိုပေါင်း များစွာ ။

အဲဒီတော့ ဘာကိစ္စ ဖြစ်ဖြစ် မေမေ့ အပူကပ် ၊ အဆူ ခံရရင် မေမေ က ကာဆီးကာဆီး ။ ဖေဖေ က သားတွေ အရွယ် ရောက်လာတော့ ညီအစ်ကို တွေလို ဆက်ဆံလာတယ် ဆိုတာတောင် ငယ်ငယ် က ရွံ့တွန့် တွန့် စိတ် က စွဲနေဆဲ ။

မေမေ က ကျွန်တော့် နဖူး ကို သပ်ပေး နေရင်း..

“ သား ဖေဖေ က လေ သိပ် သနားဖို့ ကောင်းတာ ။ အပြင်ပန်း ကြည့်ရင် တကယ့် လူကြမ်း ၊ စိတ်ကြမ်း ၊ ဘဝ က လည်း ကြမ်းခဲ့တာကိုး ။ သားတွေ ကို သူ့ ထက် သာ ရမယ် ၊ တော်ရမယ် ဆိုပြီး သိပ် ဖြစ်စေချင်တာ ။ သား က ပြောဖူးတယ် ဆို ငယ်ငယ် က အရမ်း ရိုက်ခဲ့ တာတွေ တွေး မိရင် တစ်ခါတလေ စိတ်နာတယ် လို့ ။ အဲဒါ မေမေ့ ကို ပြန်ပြောပြပြီး တော်တော် စိတ်ထိခိုက် သွားတာ ။ သား ဖေဖေ ကလေ ဘယ်လောက် ပင်ပန်း ပင်ပန်း သားတွေ ရှေ့ ဘယ်တော့မှ မညည်းဘူး ၊ ရုံး မှာ အလုပ်တွေ များတဲ့အခါ တစ်ရုံးလုံး လစာစာရင်း တွေ ရိုက်တဲ့အခါတွေများ ဆို လက်တောင် ကိုက်တယ် တဲ့ ။ သား ဖေဖေ ရဲ့ ညာဘက် လက်ညှိုးလေး သတိထား မိ လား ။ ငယ်ငယ် က ခူနာ ပေါက်ပြီး လက်ညှိုး ထိပ်လေး တစ်ခြမ်း စား ထားတာ ။ အဲဒီ လက်ညှိုးလေး က ရိုက်ပါ များ ရင် တစစ်စစ် နဲ့ ... ”

( ၅ )

ငူငူကြီး ထိုင် ၊ တွေတွေကြီး ငေးရင်း အခန်းရှေ့ ကျွန်တော့် ဖန်သားပြင် ထက် စိုက်ကြည့်နေမိ ။ မျဉ်းကောက် ၊ မျဉ်းကွေးမရှိ ။ မျဉ်းဖြောင့်တွေ အတိပြီးတဲ့ ကျွန်တော့်ရဲ့ ဖန်သားပြင်ပေါ် ။

လေးတိလေးတွဲ ဖြတ်ဝင်လာတဲ့ တိမ်စိုက် တိမ်လိပ် တစ်အုပ် ။

အမျှင်တန်းပြီး ပြတ်တောင်း ပြတ်တောင်း ကျန် ခဲ့တဲ့ တိမ်စတိမ်န တချို့ ။

တရွေ့ရွေ့ ..  တရွေ့ရွေ့ .. မျက်စိ တစ်ဆုံးပါပဲ ။

ရာဇဂြိုဟ်ပြည် အစွန် ဂိဇ္ဈကုဋ် တောင်ခြေ ၊ တောင်စောင်း တစ်ခု က ဥမင်လိုဏ် ။ အဲဒါ ဗိမ္ဗိသာရမင်းကြီး ရဲ့ အချုပ်ခန်း ၊ အကျဉ်းထောင် ။

ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာ့ ငါးဆယ်ခန့် ဗိမ္ဗိသာရမင်းကြီး တစ်ယောက် ခူနာပေါက် ခဲ့တဲ့ သူ့ သား လက်ကလေး ပြန် တွေးမိပါ့မလား ။ မသေ ချာ ။ သူ့ အကျဉ်းခန်းလေးထဲ ဘယ် လှမ်းတယ် ၊ ညာ လှမ်းတယ်နဲ့ စင်္ကြံ လျှောက်နေမှာပေါ့ ။

ကျွန်တော့် မှာ တော့ ခူနာ ပေါက်လို့ တစ်ခြမ်း စား ထားတဲ့ ဖေဖေ့ရဲ့ ညာဘက် လက်ညှိုး ထိပ်ကလေး က မျက်ဝန်း ထဲ က မထွက် ။ အဲဒီ လက်ညှိုးလေး ခူနာကြောင့် တစ်ခြမ်းစား တဲ့ လက်ညှိုးလေး ။ ဖြောက်ဖြောက် ဖြောက် ဖြောက် ဖြောက်ဖြောက် နဲ့ လက်နှိပ်စက် ပေါ်မှာ တက် လိုက် ၊ ဆင်းလိုက် ၊ ပြေးလိုက် ၊ လွှားလိုက် ။

သား နှစ်ယောက် လူလားမြောက်အောင် ရှာဖွေ ကျွေးခဲ့တဲ့ လက်ညှိုးလေး ။ သွန်သင်ဆုံးမ လမ်းညွှန် ပြခဲ့တဲ့ လက်ညှိုးလေး ။ ဪ ... အဲဒီ လက်ညှိုးလေး ကျွန်တော်တို့ ဘဝ ထဲ က ကွယ်လွန် သွားခဲ့တာ ဘာလိုလို နဲ့ ဆယ်စုနှစ် နှစ်ခု ရှိပြီ ။

ဘုရင် ဗိမ္မိသာရ ရဲ့ ဖခင် မေတ္တာ ကို ဖျတ်ခနဲ ပြခဲ့တာ က သား ဖြစ်သူ ရဲ့ လက်မှာ ပေါက်တဲ့ “ ခူနာ ” ။ ကျွန်တော် တို့ ညီအစ်ကို အတွက် တော့ ဖေဖေ့ လက်ညှိုး ထိပ်လေး မှာ ပေါက်တဲ့ “ ခူနာ ” ။

နား ထဲ မှာ လက်နှိပ်စက်သံ က တဖြောက်ဖြောက် ။ အာရုံထဲ မှာ ပုံရိပ်လွှာတွေ က တစ်ချပ် ပြီး တစ်ချပ် ထင်ဟပ်လို့ ။  ။

⎕ ကိုကိုကြီး

📖 ရနံ့သစ် မဂ္ဂဇင်း
      ၂၀၁၂ ၊ ဧပြီလ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment